← Chapters

ချန်ကျဲ့ : သခင်မ၊ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် လေးစားပါဦး_၆

Vol. 23 Ch. 313

ချန်ကျဲ့ : သခင်မ၊ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် လေးစားပါဦး_၆

Vol. 23 Ch. 313

“နောက်ပိုင်းတော့ သူက သူ့ကိုယ်သူ ကုန်သည်အဖွဲ့အတွက် မြှုပ်နှံခဲ့တယ်။ ပြီးတော့ ကျားဖြူခန်းမအတွက် ပြတ်ရှဒဏ်ရာ၁၂ခုလည်း ရခဲ့သေးတယ်။ အဲဒီထဲက ဒဏ်ရာသုံးခုဆို အသက်အန္တရာယ်ရှိနိုင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ တစ်လက်မပဲ ဝေးတယ်”

ဖန့်ဖူမှ ပြောသည်။

“သခင်၂က ကျားဖြူခန်းမအတွက် တကယ် သွေးတွေချွေးတွေ ရင်းပေးခဲ့တာပါ”

“ဒါပေမဲ့ ဘာလို့လဲ။ ဘာလို့ သူ့စိတ်က အရမ်းနောက်ကျိသွားရတာလဲ။ ဘာလို့ မိန်ဂိုဏ်းနဲ့ ပူးပေါင်းရတာလဲ။ အဲဒီလိုပြစ်မှုမျိုးရဲ့ ပြစ်ဒဏ်ကို ဘယ်သူက ခံယူနိုင်မှာတဲ့လဲ။ သံထည်တွေကို မှောင်ခိုရောင်းချတယ်တဲ့လား။ သူဘာလို့ အဲဒီလိုလုပ်ရတာလဲ”

ဖန်းရှစ်ကျုံးသည် ယူကြုံးမရဖြစ်နေခဲ့သည်။ ဖန့်ဖူသည် ဘေးတွင်ရပ်နေကာ ဘာမှမပြောပေ။

ဖန်းရှစ်ကျုံးမှ မေးသည်။

“ကျိုစစ် တင်ပြထားတဲ့ သက်သေတွေကို အားလုံးကြည့်ပြီးပြီလား”

ဖန့်ဖူမှ ပြန်ပြောသည်။

“ကျွန်တော် အားလုံးကြည့်ပြီးပါပြီ။ ဒီပြစ်မှုတွေကို သခင်၂ ကျူးလွန်ခဲ့တာ မှန်ကန်ပါတယ်။ သံသယဖြစ်စရာ မရှိပါဘူး။ ဒါပေမဲ့… ဒီကိစ္စတွေနောက်ကွယ်မှာ တစ်ယောက်ယောက်ရှိနေသလို ခံစားရပါတယ်။ နောက်ကွယ်ကနေ တွန်းပို့နေတဲ့သူလိုမျိုး… သခင်၅က ပြောတယ်၊ နောက်ကွယ်ကနေ တမင်ရည်ရွယ်ပြီး အရာအားလုံးကို ချုပ်ကိုင်ပြီး တွန်းပို့ပေးနေတဲ့ အဲဒီလူကြောင့်သာ မဟုတ်ရင် သခင်၂ကို ကျွန်တော်တို့ ဒီလောက်မြန်မြန် ဖမ်းမိနိုင်မှာ မဟုတ်ဘူးတဲ့”

ထိုအခါ ဖန်းရှစ်ကျုံးသည် သေရည်တစ်ကျိုက်မော့လိုက်ပြီး ရယ်မောသည်။

“နောက်ကွယ်က ကြိုးကိုင်သူ ဟား… အဟွတ် အဟွတ် အဟွတ်”

“သခင်ကြီး ထပ်မသောက်ပါနဲ့တော့။ မဟုတ်ရင် ဒဏ်ရာတွေသက်သာဖို့ ခက်ခဲကုန်ပါတော့မယ်”

ဖန်းရှစ်ကျုံးမှ လက်ဝှေ့ယမ်းလျက် ပြောသည်။

“ငါအဆင်ပြေပါတယ်။ ဒီလောက်ဆို လုံလောက်ပြီ။ ဒီကိစ္စကို ဒီမှာပဲရပ်လိုက်ကြတာပေါ့။ အဲဒီနောက်ကွယ်က ကြိုးကိုင်သူ‌ဆိုတာကိုတော့ မရှိဘူးလို့ဘဲ သဘောထားပြီး စုံစမ်းစစ်ဆေးမှုကို ရပ်လိုက်တော့”

“ဟုတ်ကဲ့ပါ ကျွန်တော်နားလည်ပါပြီ”

ဖန်းရှစ်ကျုံးမှ ပြောသည်။

“ဖန့်ဖူ ဈာပနအသုံးအဆောင်ခန်းမကို သွားပြီး ကောင်းမွန်တဲ့ ခေါင်းတလားတစ်လုံး မှာလိုက်ပါ။ သားငယ်၂က သူ့အပြစ်ကို ပြန်ပေးဆပ်ပြီးပြီ။ မနက်ဖြန်ကျ သူ့အတွက် ပူဆွေးခြင်းခန်းမ ပြင်ဆင်ထားလိုက်ပါ။ သဘက်ခါကျရင် သူ့ကို သားငယ်၄နဲ့အတူ မြှပ်နှံမယ်”

ဖန်းရှစ်ကျုံးမှ ပြန်ပြောသည်။

“ဟုတ်ကဲ့ပါ”

“ဒါနဲ့ ခန်းမအရှင်သခင် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ကို ဘယ်လိုလုပ်မလဲ”

ဖန်းရှစ်ကျုံးမှ ရယ်သည်။

“သူတို့ရဲ့သတင်းပေးစနစ်က အမြဲ မြန်ဆန်တယ်။ အခုလောက်ဆို သူတို့ သိပြီးနေလောက်ပြီ”

ဖန့်ဖူမှ ပြောသည်…

…

စီရင်စုအုပ်ချုပ်ရေးမှူး‌အိမ်တော်၌

ချီမုကောသည် စာရွက်အပိုင်းတစ်ခုကို ကြည့်ရှုပြီးနောက် ပြောသည်။

“သေပြီလား”

သူ၏ဘေးရှိ လူမှ မေးသည်။

“သေပြီဆိုတာ ဘာအဓိပ္ပာယ်လဲ”

“မိန်ဂိုဏ်းနဲ့ ပူးပေါင်းပြီး သံထည်တွေကို မှောင်ခိုရောင်းချခဲ့တဲ့ ကျားဖြူခန်းမရဲ့လူ”

“ငါတို့သိထားတဲ့သူနဲ့ တစ်ယောက်တည်းလား”

ချီမုကောမှ ပြောသည်။

“အင်း ဟုတ်တယ်။ ဖုန်းရွှမ် ငါတို့ကို ပြောပြခဲ့တဲ့ ကျန်းချွမ်ဆိုတဲ့သူပါပဲ။ ကြည့်ရတာ ဖန်းရှစ်ကျုံးက ဖြောင့်မတ်မှန်ကန်မှုအတွက် မိသားစုကို သတ်လိုက်ပုံပဲ”

“ကောင်းပြီ။ ငါ သခင်ကြီးကို သွားပြောလိုက်မယ်။ ဒီကိစ္စကို သူ ဘယ်လိုကိုင်တွယ်ချင်လဲ ကြည့်ကြတာပေါ့”

သို့ဖြင့် ချီမုကောသည် စီရင်စုအုပ်ချုပ်ရေးမှူးကို တင်ပြရန် ပြေးထွက်သွားခဲ့သည်။

“အင်း ဖန်းရှစ်ကျုံးက ဒီလိုဖြောင့်မတ်မှန်ကန်စွာနဲ့ ပြုမူခဲ့မှတော့ ထားလိုက်ပါတော့”

“သခင်ကြီး တကယ်ကြီး သူတို့ကို ဒီလိုလွယ်လွယ်ကူကူ လွှတ်ပေးလိုက်တော့မလို့လား”

“ချီမုကော ဒါက သူတို့ကို အလွယ်တကူ လွှတ်ပေးလိုက်တာ မဟုတ်ဘဲ ဖန်းရှစ်ကျုံးရဲ့ အရေးပါမှုကြောင့်ပဲ။ သူ့ရဲ့တည်ရှိမှုက ငါးဖမ်းကုန်သည်အဖွဲ့နဲ့ ချောင်ကုန်သည်အဖွဲ့ကို ဟန်ချက်ညီနေစေတယ်။ သူ တစ်ဖက်ဖက်ကို ကူးသွားလိုက်ရင် ဟန်ချက်ညီမှုက ကျိုးပျက်သွားပြီး ငါလည်း ပြန်တည်‌ဆောက်နေရလိမ့်မယ်။ အဲဒါက အတော်လေး ဒုက္ခများလွန်းတယ်”

စီရင်စုအုပ်ချုပ်ရေးမှူး၏အသံသည် အခန်းတွင်း လွင့်ပါးသွားသည်။

ချီမုကောမှ ပြန်ပြောသည်။

“နားလည်ပါပြီ သခင်ကြီး။ အသင့်ရဲ့ငယ်သားက‌ အပြည့်အဝနားလည်ပါတယ်”

“ဒါနဲ့ သူဖုန်းစားဂိုဏ်းရဲ့ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်နဲ့ပတ်သက်ပြီး သဲလွန်စတစ်ခုခုရပြီလား”

“သခင်ကြီး ကျန်တဲ့ သူဖုန်းစားဂိုဏ်းသားတွေက နဂါးနိုင်လက်ဝါးသိုင်းကျမ်း ဖွက်ထားတဲ့နေရာကို တကယ်မသိကြဘူး ထင်ပါတယ်။ ကျွန်တော် သူတို့ကို ညှဉ်းပန်းနှိပ်စက်နည်းမျိုးစုံ သုံးပြီးမေးမြန်းခံ့ပြီးပြီ။ ဒါပေမဲ့ ငြင်းဆန်နေကြတုန်းပဲ”

“ခွဲရခက်တဲ့ အခွံမာသီးတစ်သိုက်ပဲ”

“မဟုတ်ပါဘူး သခင်ကြီး။ ကျွန်တော့်ရဲ့ နှစ်ပေါင်းများစွာအတွေ့အကြုံအရ သူတို့ တကယ်မသိတာ ဖြစ်ပါလိမ့်မယ်”

“အို ဒါဆိုရင်တော့ နှမြောစရာပဲ။ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်က ကောင်းမွန်တဲ့ သိုင်းကျင့်စဉ်တစ်ခုပဲကို”

“မစိုးရိမ်ပါနဲ့ သခင်ကြီး။ ကျွန်တော် သခင်ကြီးအတွက် လျှို့ဝှက်သိုင်းကျမ်းရနိုင်မယ့် နည်းလမ်းကောင်းတစ်ခုကို စဉ်းစားမိထားပါတယ်”

“ဘာနည်းလမ်းလဲ”

ချီမုကောမှ ပြောသည်။

“ဖမ်းမိထားတဲ့သူတွေထဲမှာ ကျိုးဖုန်းလို့ခေါ်တဲ့သူတစ်ယောက်ရှိတယ်။ သူက ညှဉ်းပန်းနှိပ်စက်မှုနည်းနည်းလေးကိုတောင် ခံနိုင်ရည်မရှိဘဲ ကျွန်တော်တို့ကို အညံ့ခံဖို့ ဆန္ဒရှိနေတယ်။ ကျွန်တော်တော့ သူ့ကို အဆိုပြုချင်တယ်။ သူ့ကို သူဖုန်းစားအိုကြီးရဲ့နေရာမှာ အစားထိုးနိုင်မလား ကြည့်ကြတာပေါ့။ အဲဒီလိုဆို သူက မြောက်ပိုင်းကို သွားပြီး သူဖုန်းစားဂိုဏ်းရဲ့ဌာနချုပ်ဆီက နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ကို နောက်ထပ် မိတ္တူတစ်စောင် ယူလာပေးလိမ့်မယ်။ အမှိုက်ကို ပြန်လည်အသုံးပြုတဲ့နည်းလမ်းပေါ့”

“အင်း အဲဒီနည်းလမ်း အလုပ်ဖြစ်နိုင်တယ်”

စီရင်စုအုပ်ချုပ်ရေးမှူးသည် ထိုသို့ပြန်ပြောပြီးသည်နှင့် တိတ်ဆိတ်သွားသည်။

ချီမုကောမှ အရိုအသေပြုလိုက်ပြီး ပြောသည်။

“ဒါဆို ဒီငယ်သား သွားလိုက်ပါဦးမယ်”

…

ချန်မိသားစု၏ ခြံဝင်းငယ်လေးထဲ၌

ဝူကျုံးသည် သေရည်မူးနေပြီဖြစ်ရာ ဝူဟုန်သည် အဖေဖြစ်သူကို သယ်ပိုးလျက် ချန်ကျဲ့တို့ကို နှုတ်ဆက်ခဲ့သည်။

ဝူဟုန်လည်း မြို့တွင် ‌သူ၏ ကိုယ်ပိုင်နေအိမ်ရှိသည်။ သူတို့ မသွားမီက ချန်ကျဲ့သည် ဝူကျုံး၏ ရင်ဘတ်ထဲသို့ စာတစ်စောင်နှင့် ငွေတုံးတစ်ရာတန်ကြေးရှိသည့် ငွေလက်မှတ်ကို မသိအောင် ထည့်ပေးလိုက်သည်။ ချန်ကျဲ့ မြို့သို့ ပထမဆုံးအကြိမ် ရောက်ရှိစဉ်က ဝူကျုံးသည် သူ့ကို ငွေကြေးအချို့ ပေးခဲ့သည်။ ထို့ကြောင့် ဤသည်မှာ မိမိ၏ ကျေးဇူးတင်စိတ်ကို ဖော်ပြခြင်းဖြစ်သည့်အပြင် စာရင်းရှင်းရန်အတွက်လည်း ဖြစ်သည်။

ဝူကျုံးတို့ ပြန်သွားပြီးနောက် တတိယသခင်မလေးဟွားတို့လည်း နှုတ်ဆက်ပြန်သွားကြသည်။

ဗိုက်ပြည့်သွားပြီဖြစ်သော ရွေ့ရွေ့သည် အိပ်ပျော်နေလေပြီ။ သူမသည် ကျောက်ထိုင်ခုံတစ်လုံးဘေးတွင် မှီ၍ နှစ်ခြိုက်စွာ အိပ်မောကျနေသည်။

ချန်ကျဲ့ သူမကို ကောက်ချီလိုက်သောအခါ ပါးပြင်ထက်တွင် ကျောက်ထိုင်ခုံအရာများ ထင်နေ‌လေသည်။ ချန်ကျဲ့ သူမ၏အခန်းလေးထဲသို့ ချီပို့ပေးလိုက်သည်။

ထို့နောက် ချန်ကျဲ့နှင့် စူးယွင်ကျင်းတို့လည်း အခန်းထဲဝင်ခဲ့ကြသည်။

စူးယွင်ကျင်းမှ ပြောသည်။

“ယောက်ျား ရှင်… ရှင် လူထပ်သတ်ခဲ့တာလား”

ချန်ကျဲ့ တွန့်ဆုတ်သွား၏။ စူးယွင်ကျင်းသည် အနံ့ခံအာရုံစူးရှကြောင်း ချန်ကျဲ့ သိသည်။ ချန်ကျဲ့ ခဏတန့်သွားပြီးနောက် ပြောသည်။

“သိုင်းလောကမှာ ကိုယ့်ကံကြမ္မာကိုယ် မထိန်းချုပ်နိုင်ဘူး”

စူးယွင်ကျင်းမှ ပြန်ပြောသည်။

“အင်း ကျွန်မ ထပ်မမေးတော့ဘူး။ ရှင်ပင်ပန်းနေပြီလား။ ကျွန်မ ရှင့်ကို ခြေထောက်ဆေးပေးမယ်လေ”

စူးယွင်ကျင်းသည် ရေနွေးတစ်ဇလုံယူလာကာ ချန်ကျဲ့၏ခြေထောက်ကို ဇလုံထဲ စိမ်စေသည်။ ထို့နောက် သူမ၏ လက်လေးများဖြင့် နူးညံ့ညင်သာစွာ နှိပ်နယ်ပေးသည်။

ချန်ကျဲ့သည် အိပ်ရာ၏ သစ်သားလက်တန်းပေါ်တွင် မှီ၍ သတိလက်လွတ် မှေးခနဲ အိပ်ပျော်သွားခဲ့သည်။

ထိုသို့အိပ်ပျော်သွားသည့် ချန်ကျဲ့ကို မြင်သောအခါ စူးယွင်ကျင်းသည် ချန်ကျဲ့၏ခြေထောက်ကို သန့်စင်အောင် ဆေးကြောပေး၍ ခြောက်သွေ့အောင် သုတ်ပေးသည်။ ထို့နောက် ချန်ကျဲ့အား အိပ်စက်ရန် သက်သောင့်သက်သာရှိနိုင်မည့် အနေအထားသို့ ပြောင်းပေးလိုက်ကာ သူမကိုယ်တိုင်မှာ ချန်ကျဲ့၏နောက်တွင် ဝင်လှဲလိုက်ပြီး အသာအယာ ပွေ့ဖက်သည်။

ယောက်ျား ရှင်ပင်ပန်းလာတယ်မလား။ ရှင့်ရဲ့ဇနီးက အမြဲ ဒီမှာရှိနေပါတယ်။ ကျွန်မ ရှင့်ဘေးမှာ အမြဲရှိနေပါတယ်။

ချန်ကျဲ့သည် တစ်စုံတစ်ရာကို ခံစားမိသည့်အလား စူးယွင်ကျင်း၏လက်ကို ဆုပ်ကိုင်လိုက်သည်။

ရှည်လျားသည့် ညတာသည် ဆက်လက်ဖြစ်တည်နေဆဲဖြစ်ပြီး ချန်ကျဲ့သည်တော့ စနစ်၏ အချက်ပေးသံကြောင့် နိုးသွားခဲ့သည်။

[ဒီနေ့အတွက် အချက်အလက်များ မြှင့်တင်ပြီးပါပြီ (အဆင့်၂)]

[၁၊ သင်ဒီနေ့ ကျန်းချွမ်နဲ့ သူပုန်‌မိန်ဂိုဏ်းတို့ ပူးပေါင်းတဲ့အမှုကို စုံစမ်းစစ်ဆေးရင်း ရရှိခဲ့တဲ့ အချက်အလက်ဖြစ်ပါတယ်။ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်က လူတစ်ယောက်က မိန်ဂိုဏ်းနဲ့ ပူးပေါင်းပြီး သံထည်တွေ မှောင်ခိုရောင်းချနေတဲ့အကြောင်းကို ဖုန်းရွှမ်ပြောပြတဲ့အတွက်ကြောင့် သိသွားခဲ့တာ ဖြစ်ပါတယ်]

[၂၊ သင်ဒီနေ့ ကျန်းချွမ်‌အိမ်တော်ကို သွားရောက်ခဲ့ပြီး ရရှိခဲ့တဲ့အချက်အလက် ဖြစ်ပါတယ်။ ကျန်းချွမ် ထွက်ပြေးစဉ်က အလျင်လိုနေခဲ့တာကြောင့် အိမ်တော်ထဲက ကြာရေကန်အောက်ခြေမှာ ငွေတုံးတစ်သောင်းကို မြှုပ်နှံခဲ့ပါတယ်]

[၃၊ သင်ဒီနေ့ ကျီရှန်းဘုရားကျောင်းကို သွားခဲ့ပြီး ရရှိခဲ့တဲ့အချက်အလက် ဖြစ်ပါတယ်။ ကျီရှန်းဘုရားကျောင်းက မူလက ယိုယွင်းပျက်စီးနေတဲ့ ဘုရားကျောင်းတစ်ကျောင်းပါ။ နောက်ပိုင်းမှာ နန်ပါးထျန်းက ရက်ရက်ရောရော ငွေမ,တည်ပေးခဲ့ပြီး အော်မေ့ဂိုဏ်းကနေ ဖယ်ထုတ်ခံခဲ့ရတဲ့ ဆရာတော်တစ်ပါးဖြစ်တဲ့ ဆရာတော်ကျီရှန်းက ဘုရားကျောင်းကို ဦးစီးခဲ့တယ်]

[၄၊ သင်ဒီနေ့ ဆရာတော်ကျီရှန်းနဲ့ တွေ့ဆုံခဲ့ပြီး ရရှိခဲ့တဲ့အချက်အလက် ဖြစ်ပါတယ်။ ဆရာတော်ကျီရှန်းက အော်မေ့ဂိုဏ်းရဲ့ အပြင်စည်းတပည့်တစ်ဦးဖြစ်ပြီး အမှားတစ်ခုကြောင့် ဂိုဏ်းမှ ဖယ်ထုတ်ခံခဲ့ရကာ နန်ပါးထျန်း၏ ခေါ်ယူပေးထားခြင်း ခံရသူဖြစ်ပါတယ်]

[၅၊ သင့်ရဲ့သိလိုစိတ်က နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ပေါ်တွင်သာ ပိတ်မိနေသည့်အတွက်ကြောင့် ရရှိခဲ့တဲ့အချက်အလက် ဖြစ်ပါတယ်။ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်က တစ်ကွက်ကို ကျီရှန်းဘုရားကျောင်း အခန်း၁အတွင်းမှာ ဖွက်ထားပါတယ်။ သိုင်းကွက်အမည်က “ရွှေနဂါးမင်းလက်ကွင်းဆင်း” ဖြစ်ပြီးတော့ ရန်သူတစ်ဦးကို အဓိကဦးတည်ပြီး အစွမ်းကုန်တိုက်ခိုက်ရင်းနဲ့ မိမိရဲ့အင်အားကို ပြန်လည်ရယူဖို့ သင့်တော်တဲ့ တိုက်ကွက်ဖြစ်ပါတယ်]

အရေးအကြီးဆုံး ဖြည့်ပြောချင်တာလေး တခုရှိပါတယ်

ဒီ ဝတ္ထုထဲမှာ "လယ်ပြင်မှာ နဂါးတွေ့" လက်ဝါးသိုင်းကွက်ကို ဘာလို့ တိုက်ခိုက်ရေး ပုံစံမျိုးနဲ့ပုံဖော်ထားလဲဆိုတာကို မသေချာပါဘူး

ကျွန်တော်ရှာကြည့်ပြီး စာဖတ်ထားကြည့်ရသလောက်ကတော့ "လယ်ပြင်မှာ နဂါးတွေ့" သိုင်းကွက်က တိုက်ခိုက်မှုထက် ခုခံမှုကို ဦးစားပေးတဲ့အကွက်ပါ

ကိုယ်နဲ့ ကိုယ်လူတွေက ကျဉ်းမြောင်းတဲ့ တောင်ကြားမှာ ပိတ်မိနေတယ်၊ ရန်သူတွေကလည်း အရှေ့ကနေ တိုက်ခိုက်နေတယ်ဆိုရင် အတွင်းအားကို လက်ဖဝါးနှစ်ဖက်ကနေ ထုတ်လွှတ်ပြီး မျက်စိနဲ့မမြင်နိုင်တဲ့ ချီအကာအရံတခုကို မိမိနဲ့တကွ အနောက်က လူတွေကိုပါ ကာကွယ်ပေးတဲ့ပုံမျိုးပါ။

လယ်ကွင်းထဲမှာ နဂါးတစ်ကောင်က ရစ်ခွေနေပြီး တိုက်ခိုက်မှုတွေကို တင်းခံနေတဲ့‌သဘောပါ

တိုက်ခိုက်မှုတွေကို စုပ်ယူပြီးတော့မှာ အားတွေကို စုပြီး နောက်သိုင်းကွက်အနေနဲ့ တန်ပြန်တုန့်ပြန်ရတာပါ

တိုက်ခိုက်မှုကို ခံ၊ ပြီးတော့မှ "မာနနဂါးရဲ့နောင်တလို အကွာအဝေးအနည်းငယ်လှန်းပြီး ရန်သူတွေကို အနည်းငယ် အဝေးရောက်မယ့် တိုက်ကွက်ကိုသုံးတာဖြစ်ဖြစ်၊ ရှိရှိသမျှ အားအင်တွေအကုန်သုံးပြီး ရန်သူတွေအားလုံးကို ဇီဝိန်ခြွေနိုင်ရင်ခြေ၊ မသေရင်တောင် အပြင်းအထန် ဒဏ်ရာရသွားမယ့် "မိုင်တစ်ရာတိုင် ဖိန့်ဖိန့်တုန်" အကွက်မျိုးကို ဖြစ်ဖြစ် အသုံးပြုရမှာပါ။

ဒီဝတ္ထုထဲမှာတော့ တိုက်ကွက်လို့ ပုံဖော်ထားလို့ ဒီထဲကအတိုင်းပဲ သုံးသွားပါမယ်။ ဒါလေးကို သိစေချင်လို့ပါ။

All Chapters