သခင်မ : ကျိုစစ် ဒါက အဝီစိငရဲများလား
Vol. 23 Ch. 314
“အမ်း!”
ဒီနေ့၏ သတင်းအချက်အလက်များကို ကြည့်လျက် ချန်ကျဲ့၏မျက်လုံးများ ရုတ်ချည်း တောက်ပသွား၏။
အကြောင်းအရင်းမှာ ဒီနေ့၏အချက်အလက်များထဲတွင် သူ အရမ်းတောင့်တနေခဲ့သည့် နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက် ပါဝင်သောကြောင့် ဖြစ်သည်။
နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်သိုင်းကျမ်းသည် သူ ဒီနေ့သွားခဲ့သည့် ကျီရှန်းဘုရားကျောင်းတွင် ရှိနေသည်ဟု စနစ်မှ ဖော်ပြထား၏။
“အခန်း၁ဆိုတာက ကျီရှန်းဘုရားကျောင်းရဲ့ အဆင့်အတန်းမြင့်မားသူ တစ်ယောက်ယောက် နေထိုင်တဲ့အခန်းလို ထင်ရသလားလို့?”
“ဆရာတော်ကျီရှန်းရဲ့ အခန်းများလား”
နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်သိုင်းကျမ်းက ဘာလို့ ကျီရှန်းဘုရားကျောင်းမှာ ရှိနေရတာလဲ။ သူဖုန်းစားအိုကြီးနဲ့ ဆရာတော်ကျီရှန်းကြားမှာ စည်းဖောက်တဲ့ဆက်ဆံရေးမျိုး ရှိနေတာများလား။
ချန်ကျဲ့သည် ဖြစ်နိုင်ခြေများစွာကို စဉ်းစားကြည့်နေခဲ့သည်။ သို့သော် ၎င်းတို့မှာ တိကျခိုင်လုံသည့် သက်သေအထောက်အထားမရှိသော ခန့်မှန်းချက်များသာ ဖြစ်ပေသည်။
သို့မဟုတ် သူဖုန်းစားအိုကြီးသည် သိုင်းကျမ်းကို သူနှင့် လုံးဝသက်ဆိုင်မှုမရှိသည့် နေရာတွင် တမင်ရွေးချယ်၍ ဖွက်ထားခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ မည်သူမျှ ကျီရှန်းဘုရားကျောင်းတွင် သိုင်းကျမ်းရှိနေလိမ့်မည်ဟု ခြေရာခံမိလိမ့်မည် မဟုတ်ပေ။
ငါ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်အကြောင်းကို အမြဲတွေးနေပြီး ကျီရှန်းဘုရားကျောင်းဆီ မတော်တဆ ရောက်သွားခဲ့တာကြောင့်သာ မဟုတ်ခဲ့ရင် စနစ်ကလည်း ငါ့ကို နေရာအတိအကျ ဖော်ပြပေးနိုင်ခဲ့မှာ မဟုတ်ဘူး။
ချန်ကျဲ့သည် ကြိမ်ဖန်များစွာ လေ့လာစစ်ဆေးမှုများအရ စနစ်၏ သတင်းအချက်အလက်ဖော်ပြခြင်း လုပ်ငန်းစဉ်သည် အကြိုထိတွေ့မှုလိုအပ်ကြောင်း သိရှိခဲ့ရသည်။
ယခုတွင် စနစ်သည် ပိုင်ရှင်၏အတွေးဖြင့် သတင်းအချက်အလက်ကို ရှာဖွေနိုင်သည့် လုပ်ေဆာင်ချက်ကို အဆင့်မြှင့်တင်ပေးခဲ့ရာ ကြည့်ရသည်မှာ ဤလုပ်ဆောင်ချက်သည်လည်း အကြိုထိတွေ့မှု လိုအပ်ပုံရ၏။
ဥပမာဆိုရသော် ချန်ကျဲ့သည် ဤလတ်တလောအချိန်အတွင်း၌ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်သိုင်းကျမ်းအကြောင်းကိုသာ စဉ်းစားနေခဲ့သည်။ သို့သော် အရေးမပါလှသော အသေးအဖွဲ အချက်အလက်အချို့ကိုသာ ရရှိခဲ့သည်။ ကျီရှန်းဘုရားကျောင်းသို့ သွားရောက်ခဲ့ပြီးနောက်မှသာ စနစ်သည် နေရာအတိအကျကို ရုတ်ချည်း ဖော်ပြခဲ့သည်။
သူဒီနေ့ ကျီရှန်းဘုရားကျောင်းသို့ မရောက်ရှိခဲ့ပါက ဒီနေ့ရရှိသည့် အချက်အလက်သည် နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်သိုင်းကျမ်းဟာ မျန့်ရွှေစီရင်စုမြို့တောင်ပိုင်း မိုင်သုံးဆယ်အတွင်းမှာ ရှိနေပါတယ်ကဲ့သို့ ဝေဝါးဝါး အချက်အလက်ကိုသာ ရရှိနိုင်လိမ့်မည်ပင်။
အခန်းအတိအကျကို ဖော်ပြသည်အထိ တိကျလိမ့်မည် မဟုတ်ပေ။
ယခု၌ ချန်ကျဲ့သည် လိုအပ်သည့်အချက်အလက်အားလုံးကို ရရှိခဲ့ပြီးလေပြီ။ သို့သော် ကျီရှန်းကျောင်းသို့ ဒီနေ့ချက်ချင်း သွားရောက်ခြင်းငှာ မသင့်တော်ဟု ခံစားလိုက်ရသည်။ မြို့တံခါးလည်း ပိတ်ထားပြီဖြစ်ပြီး ငါးဖမ်းကုန်သည်အဖွဲ့လည်း တပ်ရုတ်သိမ်းပြီးလေပြီ။ ယခုအချိန်တွင် မြို့ပြင်ထွက်ခြင်းသည် မိမိကို လူအများ အာရုံစိုက်စေနိုင်ရာ ၎င်းမှာ ကောင်းမွန်သည့်အကြံဉာဏ် လုံးဝ မဟုတ်ပေ။
အထူးသဖြင့် နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်သိုင်းကျမ်းကဲ့သို့ နတ်ဘုရားသိုင်းကျမ်းမျိုးကို ရှာဖွေခြင်းဖြစ်ပါက ပို၍သတိထားရန် လိုအပ်သည်။
“အဲဒီတော့လည်း မနက်ဖြန်ပေါ့။ မနက်ဖြန်ညကျမှ ငါ ကျီးရှန်းဘုရားကျောင်းကို ပြန်သွားပြီး စုံစမ်းကြည့်မယ်”
စိတ်ထဲတွင် အစီအစဉ်ချမှတ်ပြီးနောက် ချန်ကျဲ့ အခြားအချက်အလက်များကို ကြည့်လိုက်သည်။
နံပါတ်တစ်အချက်သည် ချန်ကျဲ့ စိတ်ရှုပ်ထွေးနေခဲ့သည့် မေးခွန်း၏အဖြေကို ဖော်ပြထား၏။
သံထည်မှောင်ခိုရောင်းတာက စောပြီးလည်း ရှာမတွေ့၊ နောက်ကျပြီးလည်း ရှာမတွေ့ဘဲ ဘာလို့ ဒီအချိန်ကျမှ ကွက်တိလူမိခံလိုက်ရတာလဲလို့ ငါအမြဲ တွေးနေခဲ့တာ။ လတ်စသတ်တော့ ဖုန်းရွှမ်က နောက်ကွယ်ကနေ ခိုးကြောင်ခိုးဝှက်နဲ့ ကြိုးဆွဲနေခဲ့တာပဲ။
ဝမ်သာ့ဖာ၏နေအိမ်တွင် စစ်ရှီးအပါအဝင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်အားလုံးကိုလည်း ချန်ကျဲ့ ပြန်တွေးကြည့်လိုက်သည်။
ချန်ကျဲ့ အဖြေတစ်ခုရလိုက်သည်။
ကျန်းချွမ်သည် မိန်ဂိုဏ်းနှင့် မှောင်ခိုရောင်းဝယ်ရေးအတွက် ပူးပေါင်းခြင်းကဲ့သို့သော ရူးမိုက်သည့်လုပ်ရပ်ကို အမှန်တကယ် ကျူးလွန်ခဲ့သူဖြစ်ပြီး အစ်ကို၄ကို သတ်ခဲ့သည့် လူသတ်တရားခံလည်း ဖြစ်သည်။
သို့သော် ဤအရာအားလုံး၏ နောက်ကွယ်တွင် ကြိုးကိုင်ခြယ်လှယ်သူ ရှိနေခဲ့သည်။ ထိုသူမှာ ဖုန်းရွှမ်းဖြစ်သည်။
ဖုန်းရွှမ်သည် ကျန်းချွမ်ကို ပစ်မှတ်ထား၍ ဤအကြံအစည်တစ်ခုလုံးကို ဇာတ်တိုက်ထားသည်။
ချန်ကျဲ့သည် အစကတည်းက သံသယဝင်ခဲ့သည်။ ဖုန်းရွှမ်သည် ကျန်းချွမ်၏ သံထည်ရောင်းချခြင်းအကြောင်းကို သိထားပြီး ကျန်းချွမ် ကျဆင်းသွားဖို့ရာ ထောင်ချောက်ဆင်ထားလိုက်သေးသည်။ ကျန်းချွမ်သည်လည်း ထိုထောင်ချောက်ထဲ ကျဆင်းသွားဖို့ရာ လုံလုံလောက်လောက် ရူးမိုက်ခဲ့သည်။
ထို့နောက် သူသည် ကျန်းချွမ်ကို ဤအခြေအနေအထိ တစ်ဆင့်ပြီးတစ်ဆင့် တွန်းပေးလာခဲ့ပြီး နောက်ဆုံးတွင်တော့ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ဆီ တိုင်ကြားခြင်းဖြင့် မီးညှိသည်။
စီရင်စုအုပ်ချုပ်ရေးမှူး၏ ရာထူးဖြင့် ဖန်းရှစ်ကျုံးကို ဖိအားပေးခြင်းဖြင့် ကျန်းချွမ်အား ပြင်းပြင်းထန်ထန် အရေးယူဖြေရှင်းစေသည်။
ဖန်းရှစ်ကျုံး၏ အကျင့်စရိုက်ကိုလည်း ချန်ကျဲ့ ကောင်းကောင်းနားလည်သည်။
ကလေးများအပေါ် အနည်းငယ် အလိုလိုက်မှုနှင့် ပုံမှန်မိဘများ၏ စိတ်နေသဘောထားမျိုး ဖြစ်သည်။ စီရင်စုအုပ်ချုပ်ရေးမှူးမှ ကြားဝင်ခြင်းမရှိခဲ့ပါက ဖန်းရှစ်ကျုံးသည် ဤသို့အရေးယူသည်အထိ ပြုလုပ်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
ဖုန်းရွှမ်သည်လည်း သူ၏မွေးစားအဖေကို ကောင်းကောင်းနားလည်၏။
ဖုန်းရွှမ်သည် မကြာခဏ လှုပ်ရှားလေ့မရှိပေ။ သို့သော် သူလှုပ်ရှားချိန်တွင်မူ သေစေလောက်၏။
ငါ့ရဲ့အစ်ကိုကြီးက တကယ့်ကို မြွေလို အဆိပ်ပြင်းတာပဲ။
ချန်ကျဲ့သည် ဖုန်းရွှမ်အပေါ် သတိကပ်လိုက်၏။ အန္တရာယ်နှင့် ရင်ဆိုင်ရပါက ဖုန်းရွှမ်ကဲ့သို့လူများကို စိုးရိမ်ရပေမည်။
နံပါတ်၂အချက်အလက်တွင် ကျန်းချွမ်၏အိမ် ကြာကန်အောက်ခြေ၌ ငွေတုံးတစ်သောင်း မြှုပ်နှံထားသည်ဟု ဖော်ပြထားသည်။
ငွေတုံးတစ်သောင်းသည် ပမာဏနည်းနည်းလေး မဟုတ်ပေ။ အင်း လေအဝှေ့မှာ ရောက်လာတဲ့ အခွင့်အရေးပဲ… အခွင့်အရေးရတာနဲ့ ဒီငွေတွေကို သွားယူရမယ်။
နံပါတ်၃နှင့် ၄အချက်အလက်များသည် ဆရာတော်ကျီရှန်းနှင့် သက်ဆိုင်သည်။ သူမသည် ထုတ်ပယ်ခံထားရသည့် တပည့်တစ်ဦးဖြစ်သည့်တိုင် အော်မေ့ဂိုဏ်းမှ ဆင်းသက်လာသူ ဖြစ်သည်။
ထုတ်ပယ်ခံရတဲ့တပည့်ဆိုတာ ဘာအဓိပ္ပာယ်လဲ။
ဂိုဏ်းမှ ထုတ်ပယ်ခြင်းခံရသူဖြစ်ပြီး ဂိုဏ်းတပည့်တစ်ဦးအဖြစ် သတ်မှတ်မခံရတော့ပေ။ ထိုအချိန်မှ စတင်၍ သူ၏ကံကြမ္မာသည် အောင်မြင်ထွန်းတောက်သည်ဖြစ်စေ ချွတ်ခြုံကျသည်ဖြစ်စေ အော်မေ့ဂိုဏ်းနှင့် ပတ်သက်ဆက်နွယ်မှုမရှိတော့ဟု ဆိုလိုသည်။
ထုတ်ပယ်ခံရသည့်တပည့်ဟူသည် ထိုသို့ဖြစ်သည်။
သူမက ထုတ်ပယ်ခံရတဲ့ တပည့်တစ်ယောက်ဖြစ်ပေမဲ့ အမြင်တော့ စူးရှတုန်းပဲ။ သိုင်းလောကရဲ့ အင်အားကြီးမားတဲ့ ကုန်သည်အဖွဲ့တစ်ခုနဲ့ ပူးပေါင်းနိုင်ခဲ့တယ်။
ကြည့်ရတာ ကျီရှန်းဘုရားကျောင်းကို ညဘက် သွားပြီး စုံစမ်းစစ်ဆေးရင် ပိုပြီး သတိထားမှပဲ။
အချက်အလက်အားလုံးကို ကြည့်ရှုစစ်ဆေးပြီးနောက် ချန်ကျဲ့ ထရပ်လိုက်ရာ မမျှော်လင့်ဘဲ စူးယွင်ကျင်းကို နှောင့်ယှက်မိသွားသည်။
ထိုအခါ စူးယွင်ကျင်းသည် ချန်ကျဲ့ကို ပွေ့ဖက်ထားလျက် ပြောသည်။
“ဒီနေ့ သိုင်းမလေ့ကျင့်နဲ့တော့။ ကျွန်မနဲ့ အတူနေပါ”
“မင်း အိပ်မပျော်ဘူးလား”
ထို့နောက် ချန်ကျဲ့သည် သူ့ကိုကြည့်နေသည့် စူးယွင်ကျင်းကို လှည့်ကြည့်လိုက်သည်။ စူးယွင်ကျင်းမှ ပြောသည်။
“ကျွန်မ ခဏအိပ်ပျော်သွားသေးတယ်။ ရှင်လှုပ်လိုက်တော့မှ နိုးလာတာ”
ထိုအခါ ချန်ကျဲ့သည် လက်ဆန့်ထုတ်၍ စူးယွင်ကျင်း၏ ခါးသွယ်သွယ်ထက်တွင် ရစ်ပတ်လိုက်သည်။
“သိုင်းမလေ့ကျင့်လို့ မဖြစ်ဘူး။ လာ ရှင်မ၊ မင်းလည်း ကိုယ်နဲ့အတူ လေ့ကျင့်ပေါ့”
“အင်း… အင်း…”
အဆုံးမရှိသော စိတ်အားထက်သန်မှုဖြင့် ညတာသည် ချစ်ခြင်းမေတ္တာဖြင့် လူနှစ်ဦးကို ရစ်ပတ်နှောင်တွယ်ထားသည်။
ညတာမှ မနက်အရုဏ်တက်ချိန်အထိ သူတို့သည် စကားမဆိုကြတော့ပေ။
ချန်ကျဲ့သည် လန်းဆန်းသွားသလို ခံစားရ၏။ သို့သော် စူးယွင်ကျင်းသည် အိပ်ရာမှ ထရန် ခက်ခဲနေသည်။ စိတ်အားထက်သန်သည့် တစ်ညတာသည် မြောက်များစွာသော လောကအတွေ့အကြုံများထက် သာလွန်သည်။ သို့တိုင် သူမ၏ခန္ဓာကိုယ်ကို ထုံကျင်စေပြီး အရိုးနှင့်အရွတ်များကို နာကျင်စေသည်။
ချန်ကျဲ့သည် သိုင်းပညာလေ့ကျင့်မှုကြောင့် ခန္ဓာကိုယ်သည် အလွန်အမင်း ကြံ့ခိုင်လာခဲ့ရာ သက်ရောက်မှုကို မခံစားရပေ။
သူမသည် သူ၏တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်နှင့် ယှဉ်နိုင်ဖို့ရာ အလွန် လှပတင့်တယ်လွန်းလှသည်။
“ဝါး~ အစ်ကိုကြီး မမရော?”
ရွေ့ရွေ့သည် သမ်းဝေလျက် အခန်းပြင်ထွက်လာ၏။ ချန်ကျဲ့ ပြောလိုက်သည်။
“အိပ်ရာထဲမှာ အပျင်းထူနေတယ်”
ထိုအချိန်၌ အခန်းထဲရှိ စူးယွင်ကျင်းသည် အိပ်ရာထရန် ကြိုးစားနေသည်။ သို့သော် သူမ၏ ခါးနှင့်ဒူးများသည် အလွန်နာကျင်နေသောကြောင့် သူမအား စောင်ထဲတွင်သာ ကွေးနေမိစေသည်။