သခင်မ : ကျိုစစ် ဒါက အဝီစိငရဲများလား_၃
Vol. 23 Ch. 316
သခင်မကျောင်းသည် အလွန်လာဘ်မြင်တတ်သူဖြစ်၏။ ကျောထောက်နောက်ခံမရှိသော ကျေးလက်သူလေးတစ်ယောက်အဖြစ်မှ သူမ၏ ကိုယ်ပိုင်နည်းလမ်းဖြင့် တစ်လှမ်းပြီးတစ်လှမ်း အထက်သို့ တက်လှမ်းလာခဲ့ကာ ကျန်းချွမ်အိမ်တော်၏ အာဏာရှိသူတစ်ဦး ဖြစ်လာခဲ့သည်။ ကြွယ်ဝချမ်းသာသော ကုန်သည်မိသားစုမှ ပထမသခင်မလေးကိုပင် အစားထိုးနိုင်ခဲ့သည်။
တရားဝင်ဇနီးမယားထက် သာလွန်နိုင်သည့် ကြင်ယာတော်တစ်ယောက်ဖြစ်ရန်မှာ သာမန်လူတစ်ဦး လုပ်ဆောင်နိုင်သည့်အရာ မဟုတ်ပေ။ သိသာထင်ရှားသော အရည်အချင်းများ လိုအပ်သည်။
ထို့သို့အခြင်းအရာမျိုးကို သခင်မကျောင်းသည် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ရာ သူမသည် သေချာပေါက် သာမန်လူတစ်ဦး မဟုတ်ပါချေ။
သူမသည် အမြင်စူးရှစွာဖြင့် ဖုန်းရွှမ်၏မျက်လုံးများထဲမှ ပုံမှန်မဟုတ်သော အရောင်များကို ရိပ်မိခဲ့သည်။
ယောက်ျားများသည် ထူးဆန်းသည့်သတ္တဝါတစ်မျိုးဖြစ်၏။ သူတို့သည် တိုက်ခိုက်လိုစိတ် အလွန်တရာကြီးမားကြပြီး တိုက်ပွဲတစ်ခုကို အောင်နိုင်ပြီးပါကလည်း အနည်းငယ် ကြွားဝါလိုကြသည်။
အခြားသူများအနေဖြင့် ဖုန်းရွှမ်နှင့် ကျန်းချွမ်တို့ကြားရှိ ဆက်ဆံရေးကို မသိကောင်းမသိနိုင်သည့်တိုင် သခင်မကျောင်းသည်တော့ သိသည်။ ကျန်းချွမ်၏ သေဆုံးမှုသည် သေချာပေါက် ဤသခင်ကြီးနှင့် ပတ်သက်ဆက်နွယ်မှု ရှိလိမ့်မည်ဖြစ်ကြောင်း သူမ,သိနေသည်။
သခင်ကြီးဖုန်းရွှမ်သည် ဤအရာအားလုံးကို နောက်ကွယ်မှ တွန်းအားပေးနေသူ ဖြစ်နိုင်ခြေများ၏။
အမျိုးသားတစ်ဦးသည် ပြိုင်ဘက်အမျိုးသားတစ်ဦးကို အနိုင်ယူပြီးနောက်တွင် ၎င်းပြိုင်ဘက်အမျိုးသား၏ ပိုင်ဆိုင်မှုဟူသမျှကို သိမ်းယူချင်လိမ့်မည်။ ထိုနည်းဖြင့် စိတ်ပိုင်းဆိုင်ရာအရ သာလွန်ထူးကဲသည့် ခံစားချက်ကို ခံစားရစေသည်။
ထို့ပြင် ၎င်းအချက်သည် အမျိုးသမီးနှင့်ပတ်သက်လျှင် ပို၍မှန်ကန်၏။
သင်၏ မပြေနိုင်သောပြိုင်ဘက်၏ အမျိုးသမီးသည် သင်၏လက်အောက်တွင် ရှိနေပြီး နာကျင်မှုများကြား သနားညှာတာပေးပါရန် တောင်းပန်နေသည့်မြင်ကွင်းကို စဉ်းစားကြည့်ပါလေ။ ထို့ပြင် ၎င်းရှုံးနိမ့်သွားသော ပြိုင်ဘက်အနေဖြင့် ထိုသို့မြင်ကွင်းမျိုးကို မျက်မြင်တွေ့ခဲ့ရပါက မည်မျှအထိ နာကျင်စိတ်ပျက်ဖွယ်ကောင်းလိမ့်မည်နည်း…
ထိုသို့ စိတ်တုန်လှုပ်ချောက်ချားမှုမျိုးသည် ဝိဉာဉ်အထိတိုင် ရိုက်ခတ်လိမ့်မည်။
သို့သော် အမျိုးသမီးအတွက်မူ ၎င်းသည် ကျိန်းသေပေါက် ဆိုးရွားသည့်ကိစ္စကြီးလည်း မဟုတ်နိုင်ပါချေ။
ဤသည်မှာ အမျိုးသားကြီးစိုးသော လူမှုအဖွဲ့အစည်းဖြစ်သည်။ အမျိုးသမီးများသည် အမျိုးသားများအပေါ် မှီခိုရ၏။ အမျိုးသမီးများမှာ မှီခိုရသူများဖြစ်ကြရာ အခွင့်အရေးတိုင်းကို အရယူရပေမည်။ တစ်ဖက်လူမှ သူတို့၏နာကျင်မှုတွင် သာယာမှုရှာဖွေပါက ၎င်းသည်လည်း သူတို့အတွက် အခွင့်အရေးတစ်ခုပင် မဟုတ်ပါလော။
သခင်မကျောင်း၏ မျက်ရည်များသည် သူမကို တင့်တယ်လှပပြီး သနားချင့်စဖွယ် အလှလေးကဲ့သို့ပုံစံမျိုး ထင်ဟပ်စေသည်။ သူမ ဖုန်းရွှမ်ကို ကြည့်လိုက်သည်။ သူတို့နှစ်ဦး အကြည့်ချင်းစုံလိုက်သော် သူမ၏အကြည့်သည် အမျိုးသားကို ညှို့ယူဆွဲဆောင်သည့် အကြည့်နက်နက်တို့အဖြစ် ပြောင်းလဲနေသည်။
ကျန်းရွှမ်၏နှလုံးသား လှုပ်ခတ်သွား၏…
“အစ်ကိုကြီးကို ကျေးဇူးတင်ပါတယ်”
“ဒီကို ဒီကို ညီမလေး။ အခု ညီငယ်၂ ဆုံးသွားပြီဆိုတော့ အိမ်မှာ အခက်အခဲတချို့ရှိခဲ့ရင် အစ်ကိုကြီးကို ဘယ်အချိန်ဖြစ်ဖြစ် လာရှာလို့ရတယ်။ အစ်ကိုကြီးက သေချာပေါက် ညီမလေးနဲ့ ညီမလေးရဲ့မိသားစုကို သေချာပေါက် ဂရုစိုက်ပေးမှာပါ”
“အစ်ကိုကြီးကို ကျေးဇူးတင်ပါတယ်”
သခင်မကျောင်းသည် ဖုန်းရွှမ်ကို ထပ်ခါထပ်ခါကျေးဇူးတင်ခဲ့သည်။ ထို့နောက် ဖုန်းရွှမ်သည် သူမကို လက်လွှတ်၍ ဖန်းရှစ်ကျုံးဘက်သို့ လှည့်သွား၏။ ဖုန်းရွှမ်၏ ပြဇာတ်မှာ မပြီးသေးပေ။
ယခုတွင် ဖုန်းရွှမ်သည် မျက်ရည်စီးကျလျက်သားဖြင့် ဖန်းရှစ်ကျုံးအနီးသို့ ချဉ်းကပ်သွားသည်။
“မွေးစားအဖေ ကျေးဇူးပြုပြီး ဝမ်းနည်းမှုကို ဖြေသိမ့်ပါ။ ညီငယ်၂က ခြေတစ်လှမ်း မှားယွင်းသွားရုံပါပဲ။ သူ့ရဲ့ စိတ်နှလုံးက ပြောင်းလဲနေခဲ့ပြီလို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒီတိုင်း အချိန်နောက်ကျသွားရုံပဲ ဖြစ်မှာပါ”
ဖန်းရှစ်ကျုံးသည် ဖုန်းရွှမ်ကို ပြန်လှည့်ကြည့်သည်။
“တော်လောက်ပြီ သားကြီး၊ မငိုနဲ့တော့”
“ဟုတ်ကဲ့ပါ၊ ဒါပေမဲ့ မွေးစားအဖေ ကျွန်တော် မထိန်းချုပ်နိုင်ဘူး။ အရင်တုန်းက မွေးစားအဖေကိုယ်တိုင် ကျွန်တော်နဲ့ ညီငယ်၂တို့ကို ပျိုးထောင်ပေးခဲ့တာ။ အဲဒီတုန်းက ကျွန်တော်တို့ ဘယ်လောက်တောင် ပျော်ရွှင်ခဲ့ရသလဲ။ အခုတော့ သူက ကျွန်တော်တို့ကို သေခြင်းနဲ့ ခွဲခွာသွားခဲ့ပြီ။ ကျွန်တော့်ရင်ထဲ နာကျင်ရတယ်”
ဖန်းရှစ်ကျုံး၏ မျက်လုံးများတွင်လည်း မျက်ရည်များ ဝဲတက်လာ၏။ သို့သော် ဖန်းရှစ်ကျုံးမှ ပြောသည်။
“ဒီလိုဖြစ်အောင် သူကိုယ်တိုင်ပဲ လုပ်ခဲ့တာ။ သူ့ရဲ့ ဒီပြစ်မှုတွေနဲ့ သူ အသက်ရှင်လို့ မရနိုင်ဘူး”
“မွေးစားအဖေ ညီငယ်၂က အချိန်ခဏလောက် စိတ်ရှုပ်ထွေးသွားခဲ့ရုံပါ။ သူက နောက်တစ်ကြိမ်လောက် အခွင့်အရေးပေးခံရဖို့ ထိုက်တန်ပါတယ်”
ဖုန်းရွှမ်မှ မျက်ရည်များဖြင့် ဖိပြောသည်။
ချန်ကျဲ့သည် ဖုန်းရွှမ်၏စကားများကို ဘေးတွင်ရပ်၍ မျက်လုံးမှေးကျဉ်းလျက် နားထောင်နေသည်။
ဒီဖုန်းရွှမ်က တကယ်လှည့်ဖြားတတ်တဲ့သူပဲ။ တခြားသူကို ပြဿနာဖြစ်အောင်လုပ်ပြီးတော့ သူကတော့ ကြင်နာတတ်တဲ့သူလို ပြဇာတ်ကနေတယ်။
ချန်ကျဲ့ တွေးနေစဉ် ဖုန်းရွှမ်သည် ချန်ကျဲ့ဘက်သို့ ရုတ်တရက် လှည့်လာ၏။
“အာ ညီငယ်၅၊ မင်း အတွေးမလွန်နဲ့နော်။ ငါ မင်းကိုပြောနေတာ မဟုတ်ပါဘူး။ ငါ အခြေအနေတွေကို ဦးလေးဖူဆီကနေ ကြားခဲ့ပြီးပြီ။ အခြေအနေတွေက ဘေးကျပ်နံကျပ်ဖြစ်နေခဲ့တာ၊ မင်းလည်း မတတ်သာလို့ လုပ်ခဲ့ရတာပါ။ ဒါပေမဲ့ ဒီအစ်ကိုက ညီငယ်၂အတွက် ရင်နာလွန်းလို့ပါ”
ဖုန်းရွှမ်သည် ချန်ကျဲ့ဘက်သို့ လှည့်လာပြန်သည်။
ချန်ကျဲ့မှ ပြုံးလိုက်ပြီး ပြောသည်။
“အစ်ကိုကြီးနဲ့ အစ်ကို၂တို့ရဲ့ သံယောဇဉ်က နက်ရှိုင်းပါတယ်။ ကျွန်တော် အဲဒါကို သေချာပေါက် နားလည်ပါတယ်။ ဒါပေမဲ့ အစ်ကို၂က သေဆုံးခဲ့ပြီးပါပြီ။ အဲဒါကြောင့် အစ်ကိုကြီး ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ဝမ်းနည်းပူဆွေးမှုကို လက်ခံပေးပါ”
“အာ ဟုတ်တာပေါ့။ ညီငယ်၅ပြောတာ မှန်တယ်။ အစ်ကိုက ညီငယ်၂အတွက် အရမ်း စိတ်နာကျင်နေလို့ပါ။ ညီငယ်၅က မသိလို့၊ ညီငယ်၂အတွက် တကယ် မလွယ်ကူခဲ့ဘူး…”
ချန်ကျဲ့ အပြုံးကို ဆက်လက်ထိန်းထားခဲ့သည်။ ဖုန်းရွှမ်သည် သရုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိသည့်တိုင် တစ်လျှောက်လုံး လိုက်လျောညီထွေနေပေးခဲ့သည်။ သိုင်းလောကဟူသည် ဤသို့နေရာမျိုးပင် ဖြစ်၏။ သူတော်ကောင်းယောင်ဆောင်ခြင်းသည်လည်း မရှိမဖြစ်လိုအပ်သည့် လူမှုဆက်ဆံရေးစွမ်းရည်တစ်မျိုး ဖြစ်ပေသည်။
လုရုံမှ ငိုကြွေးနေရင်း ပြောသည်။
“အစ်ကို၂က အပြစ်ရှိပါတယ် ဒါပေမဲ့ အဆုံးသတ်ကျတော့ ငါတို့က ညီအစ်ကိုတွေပဲလေ။ အစ်ကိုကြီးက တကယ့်ကို စိတ်ခံစားချက်ပြင်းထန်နေလို့ပါ။ ပြီးတော့ ညီငယ်၅ကလည်း တကယ့်ကို မဖြစ်မနေ အခြေအနေမို့လို့ လုပ်ခဲ့ရတာပါပဲ။ အခုတော့ ဒီအကြောင်းတွေကို ပြောမနေကြပါနဲ့ဦး။ ဈာပနအခမ်းအနားကိစ္စတွေကိုသာ သေချာလေး လုပ်ဆောင်ကြရအောင်ပါ”
“မွေးစားအဖေ အစ်ကို၂ကို ညီငယ်၄နဲ့အတူ မြှုပ်နှံမှာလား”
ထိုအခါ ဖန်းရှစ်ကျုံးမှ ပြောသည်။
“အင်း သူတို့ကို အတူတူမြှုပ်နှံမယ်”
“ပြီးတော့ ခေါင်းတလားကို ဘယ်တော့ပိတ်မှာပါလဲ”
“အလျင်မလိုဘူး။ ငါတို့ လူတစ်ယောက်ကို စောင့်နေတာ”
“ဘယ်သူရှိသေးလို့လဲဗျ”
လုရုံ၏အမေးကို ဖန်းရှစ်ကျုံးမှ ပြန်ပြောသည်။
“သားငယ်၂ကို ငြိမ်းငြိမ်းချမ်းချမ်း မြှုပ်နှံနိုင်မလား၊ သားငယ်၂ရဲ့မိသားစုတွေ ဆက်ရှင်သန်နိုင်မလားဆိုတာတွေကို ဆုံးဖြတ်ပေးမယ့်လူကို စောင့်နေတာ”
ထိုစကားတွင် အားလုံးသည် ကျန်းချွမ်၏ မိသားစုများကို လှည့်ကြည့်လိုက်ကြသည်။
ထိုအခါ ကျန်းချွမ်၏ ကျန်ရစ်သူမိသားစုအားလုံးသည် ကြောက်လန့်လျက် အချင်းချင်း ပွေ့ဖက်ထားကြသည်။ သခင်မကျန်း တစ်ဦးတည်းသာလျှင် တည်ငြိမ်နေပေသည်။
ထို့နောက် အပြင်ဘက်မှ ကျိုးချူ၏အော်ပြောသံကို သူတို့အားလုံး ကြားလိုက်ရသည်။
“တပ်မှူးချီမုကော ရောက်ရှိပါတယ်!”
ထိုအသံအဆုံး၌ ကျိုးချူ၏ ကြိုဆိုလမ်းပြမှုနောက်မှ သံနက်တပ်သား၁၀ဦးကို ဦးဆောင်ခေါ်လာသည့် ချီမုကောကို မြင်တွေ့လိုက်ကြရသည်။
ဖန်းရှစ်ကျုံးသည် ချီမုကောကို နှုတ်ဆက်ရန် ထွက်သွား၏။ ချန်ကျဲ့၊ ဖုန်းရွှမ်နှင့် လုရုံတို့လည်း ဖန်းရှစ်ကျုံးနောက်မှ လိုက်ပါခဲ့ကြသည်။ ချီမုကောသည် ရှေ့တိုးလာပြီး ဖန်းရှစ်ကျုံးနှင့် အပြန်အလှန် အရိုအသေပြုနှုတ်ဆက်သည်။
“ခန်းမအရှင်သခင်ဖန်း”
“တပ်မှူး”
ချီမုကောမှ မေးသည်။
“အပြစ်သားက ဘယ်မှာပါလဲ”
“ခေါင်းတလားထဲမှာပါ”
ဖန်းရှစ်ကျုံးမှ ပြန်ပြောသည်။
ချီမုကောသည် ခေါင်းတလားအနီးသို့ လျှောက်သွားပြီး ခေါင်းတလားအတွင်းသို့ ကြည့်သည်။ ထို့နောက် သံနက်တပ်သားတစ်ဦးကို မှတ်တမ်းတင်ရန် လက်ဟန်ပြခိုင်းစေသည်။
“ဒါကို မှတ်တမ်းတင်ထား။ သရုပ်မှန်ကိုလည်း အတည်ပြုမယ်”
ထို့နောက် ချီမုကောမှ စုံစမ်းမေးမြန်းသည်။
“သက်သေက ဘယ်မှာလဲ”
ဖန့်ဖူသည် ကုန်သွယ်မှုမှတ်တမ်းများနှင့် ဝမ်သာ့ဖာ၏ဝန်ခံမှုများ ပါဝင်သည့် လက်တွန်းလှည်းတစ်စီးကို အမြန်တွန်းယူလာသည်။
ထိုအခါ ချီမုကောမှ မေးသည်။
“မိန်ဂိုဏ်းသားသူပုန်တွေကိုရော ဖမ်းမိခဲ့သေးလား”
ဖန်းရှစ်ကျုံးမှ ပြန်ပြောသည်။
“သူတို့က အရင်ကတည်းက ခြေရာဖျောက်သွားနှင့်ပြီ။ ကြည့်ရတာ မိန်ဂိုဏ်းက အပေးအယူတစ်ကြိမ်လုပ်တိုင်းမှာ တည်နေရာကို ပြောင်းလဲတယ်လို့ ထင်ရပါတယ်”
ထိုအခါ ချီမုကောမှ မေးသည်။
“ငွေတွေကရော?”
ဖန်းရှစ်ကျုံးမှ ပြန်ပြောသည်။
“ကျန်းချွမ်အိမ်တော်ကနေ ငွေတုံးတစ်သောင်း သိမ်းဆည်းရခဲ့ပါတယ်။ အဲဒီငွေတွေအားလုံးကို ချိတ်ပိတ်ထားပါပြီ။ ကျန်တဲ့ စားရင်းပျောက်ငွေတွေအတွက်ကိုတော့ ကျုပ်ကပဲ ပေးချေပါ့မယ်”
ချီမုကောမှ လက်ဝှေ့ယမ်းသည်။
“မလိုဘူး။ သခင်ကြီးက ပြောလိုက်တယ်။ ခန်းမအရှင်သခင်ဖန်းက ကြိုးစားလုပ်ဆောင်ခဲ့ပြီး တော်ဝင်တရားရုံးတော်အတွက် အများကြီး အကူအညီဖြစ်စေခဲ့တယ်။ အဲဒါကြောင့် ဒိကိစ္စကို ဆက်မလိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်တဲ့”
“ကျေးဇူးတင်ပါတယ် တပ်မှူး။ အို ကျုပ်မှာ နောက်ထပ် တောင်းဆိုစရာလေးတစ်ခု ရှိပါတယ်။ ကျုပ်ရဲ့ အသုံးမကျတဲ့ သားငယ်၂ရဲ့ မိသားစုကိုရော ဘယ်လိုလုပ်ရပါမလဲ”
ချီမုကောမှ ကြေညာသည်။
“သခင်ကြီးက ပြစ်မှုကျူးလွန်တဲ့ အဓိကတရားခံကို ကွပ်မျက်ပြီး ငွေကို သိမ်းယူဖို့ပဲ အမိန့်ချမှတ်ခဲ့တာဖြစ်တယ်။ အဲဒါကြောင့် ရာဇဝတ်သားရဲ့ ဇနီးနဲ့သားသမီးတွေကို ဆက်လက် ဖိစီးနှိပ်စက်ခြင်းမရှိဘဲ မြှုပ်နှံခွင့်ပြုတယ်”
“စီရင်စုအုပ်ချုပ်ရေးမှူးကို ကျေးဇူးတင်ပါတယ်!”
ထိုအမိန့်ကြေညာချက်တွင် ဖန်းရှစ်ကျုံးသည် အနူးအညွတ် ဦးညွှတ်အရိုအသေပြုခဲ့သည်။