သခင်မ : ကျိုစစ် ဒါက အဝီစိငရဲများလား_၄
Vol. 23 Ch. 317
ချန်ကျဲ့တို့အားလုံးသည် ရိုသေလေးစားမှုဖြင့် အရိုအသေပြုကြသည်။
ချီမုကောမှ ပြောသည်။
“အလုပ်ရှုပ်ခံဖို့ မလိုအပ်ဘူး။ ဒီနေရာမှာ ကျုပ်လုပ်ရမယ့်အလုပ်က ပြီးသွားပြီ။ အဲဒီတော့ ကျုပ်ပြန်လိုက်ပါဦးမယ်”
ဖန်းရှစ်ကျုံးမှ ပြောသည်။
“စားသောက်ပွဲ ပြင်ဆင်ထားပြီးပါပြီ”
ချီမုကောမှ ပြောသည်။
“မလိုတော့ပါဘူး။ သခင်ကြီးက ကျုပ်ပြန်လာပြီး တင်ပြတာကို စောင့်ဆိုင်းနေတယ်။ ကျုပ် အခုပြန်သွားမှဖြစ်မှာ”
စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်မှလူများ ထွက်ခွာသွားမှသာ ဖန်းရှစ်ကျုံးမှာ စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်တော့သည်။ ကျန်းချွမ်၏ မိသားစုများသည်လည်း အတူတူပင်။ သူတို့၏အသက်များမှာလည်း ချမ်းသာပေးခံလိုက်ရလေပြီ။
ထို့နောက် ပုံမှန်အတိုင်း ဈာပနအခမ်းအနားကို ဆက်လက်ကျင်းပသည်။
လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ပြီးနောက်တွင် စားသောက်ပွဲတော်ကို စတင်သည်။
ဟင်းပွဲများအားလုံးကို တည်ခင်းပြီးနောက် ဖန်းရှစ်ကျုံးမှ မတ်တပ်ရပ်ပြီး ပြောသည်။
“လူကြီးမင်းအပေါင်းတို့ ကျုပ်မှာ ကြေညာစရာရှိပါတယ်။ ကျန်းချွမ် ဆုံးသွားပြီဆိုတော့ ယုံချွမ်လမ်းမကြီးကို တာဝန်ယူဖို့ လူလိုအပ်တယ်။ ကျိုစစ်!”
“ရှိပါတယ်!”
“ကျန်းချွမ်ကို ဖမ်းဆီးရာမှာ မင်းက အဓိကစွမ်းဆောင်ပေးခဲ့တဲ့သူပဲ။ အခုက စပြီးတော့ ယုံချွမ်လမ်းမကြီးကို မင်းကို ထိန်းချုပ်စီမံခွင့်ပေးလိုက်ပြီ။ ယုံချွမ်လမ်းမရဲ့ လုပ်ငန်းကိစ္စအားလုံးကို ခန်းမက စုံစမ်းမေးမြန်းခြင်း ပြုလုပ်လိမ့်မှာမဟုတ်ဘူး။ မင်းအနေနဲ့ တစ်လကို ငွေတုံးတစ်သောင်း အခွန်ပေးဆောင်ဖို့ပဲ လိုအပ်တယ်”
“ပြီးတော့ အရင်က ယုံချွမ်လမ်းမနဲ့ မဟာမိတ်ဖွဲ့ထားသူတွေနဲ့ ယုံချွမ်လမ်းမရဲ့ လက်အောက်ခံလူတွေ အားလုံးက မင်းရဲ့အမိန့်ကို နာခံကြရလိမ့်မယ်”
ဘုန်း!
ဖန်းရှစ်ကျုံး၏စကားတွင် အားလုံးနီးပါး ထိတ်လန့်သွားကြသည်။ ထိုအခိုက်အတန့်၌ သူတို့အားလုံးသည် ချန်ကျဲ့ကို လှည့်ကြည့်ကုန်ကြသည်။
ဖန်းရှစ်ကျုံး၏ ရည်ရွယ်ချက်မှာ ချန်ကျဲ့အား ကျန်းချွမ်၏ အခြေခံအုတ်မြစ်ကို အပြည့်အဝ သိမ်းပိုက်ယူ၍ ကျန်းချွမ်၏နေရာကို အစားထိုးရန် ဖြစ်သည်။
မနေ့က ဖန်းရှစ်ကျုံးမှ ချန်ကျဲ့ကို ကျားဖြူခန်းမ၏ စီမံခန့်ခွဲရေးအား အပြည့်အဝ တာဝန်ယူရန်အတွက် တာဝန်ပေးအပ်ခဲ့ပြီးသည်ကို မကြည့်လေနှင့်။ ၎င်းသည် ဂုဏ်ပုဒ်တစ်ခုမျှသာ ဖြစ်ပြီး တကယ်တမ်းတွင် ချန်ကျဲ့၏ လုပ်ပိုင်ခွင့်မှာ အနည်းငယ်မျှသာ ရှိသည်။
အဘယ်ကြောင့်ဆိုသော် ဖန်းရှစ်ကျုံးသည် ချန်ကျဲ့အား အစ်ကိုကြီးနှင့် အစ်ကို၂တို့၏ အာဏာကို စိုးစဉ်းသော်မျှ ခွဲဝေမပေးသည့်အပြင် အထူးသဖြင့် သူတို့၏လက်အောက်ငယ်သားများကိုလည်း ချန်ကျဲ့အတွက် ခွဲဝေမပေးခဲ့ပေ။
တစ်နည်းဆိုရသော် ချန်ကျဲ့ အမှန်တကယ် အသုံးပြုနိုင်သည့် လူအရေအတွက်မှာ အနည်းအကျဉ်းသာ ရှိခဲ့သည်။
အပေါ်ယံတွင်သာ ခမ်းနာထည်ဝါပြီး တကယ်တမ်းတွင်တော့ အခွံလွတ်ကြီးတစ်ခုသာ ဖြစ်နေခဲ့သည်။ သို့သော် ယခုတွင်တော့ မတူတော့ပေ။ ချန်ကျဲ့သည် ကျန်းချွမ်၏ အခွင့်အာဏာအားလုံးကို တရားဝင် သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
ဆိုလိုသည်မှာ ချန်ကျဲ့သည် ယခုတွင် ယုံချန်လမ်းမကြီး၏ စီးပွားရေးလုပ်ငန်းအားလုံးကို စီမံခန့်ခွဲနိုင်ပြီဟူ၍ ဖြစ်သည်။ သူမည်မျှ ရှာဖွေနိုင်သည်ကိုမူ ကျားဖြူခန်းမသည် ဂရုစိုက်လိမ့်မည် မဟုတ်ပေ။ အခွန်ငွေကို အချိန်မှန်ပေးဆောင်နိုင်ရန်သာ လိုအပ်၏။
ဒါက ဘာဖြစ်မလဲ။ ဒါက ဘဏ္ဍာရေးအင်အားပဲ။
ထို့ပြင် ကျန်းချွမ်၏လက်အောက်၌ လက်အောက်ငယ်သား၂၀၀ကျော် ရှိသည်။
၎င်းလူများကိုလည်း ချန်ကျဲ့သို့ ပေးအပ်လိုက်ပြီ ဖြစ်၏။ သေချာပေါက်ပင် ချန်ကျဲ့အနေဖြင့် ၎င်းတို့ကို ထိုအတိုင်း လက်မခံနိုင်ပါချေ။ သို့သော် အနည်းငယ်မျှ ခြယ်လှယ်ထိန်းကျောင်းပြီးနောက်၌ သစ္စာရှိနောက်လိုက် ၅၀၊၆၀ခန့် ရရှိရန်မှာ အခက်အခဲမရှိနိုင်တော့ပေ။
ဤသည်မှာ ဝိုးတဝါးနှင့် ရုပ်ဒြပ်မရှိသောအရာ မဟုတ်ပါဘဲ တရားဝင် အင်အားအာဏာဖြစ်၏။
ယခင်က ချန်ကျဲ့ရရှိသည့် အင်အားအာဏာကို အပေါ်ယံမျှဟု သတ်မှတ်နိုင်သည်။
သို့သော် ဒီနေ့ဆုံးဖြတ်ချက်ပြီးနောက်တွင်မူ ချန်ကျဲ့သည် ဤကျားကစားပွဲ၏ အမှန်စင်စစ်သော ကစားသမားတစ်ဦး ဖြစ်လာခဲ့လေပြီ။
ချန်ကျဲ့သည် ဖုန်းရွှမ်နှင့် တိုက်ရိုက် ယှဉ်ပြိုင်နိုင်ပြီဖြစ်၏။
ထိုအခိုက်အတန့်တွင် ဖုန်းရွှမ်၏ မျက်နှာအမူအရာမှာ ဖြူဖပ်ဖြူရော်ဖြစ်နေခဲ့၏။ ဖုန်းရွှမ်သည် သူ၏မွေးစားအဖေမှာ ကျန်းချွမ်၏အင်အားအာဏာအားလုံးကို ချန်ကျဲ့သို့ လွှဲပြောင်းပေးလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
သူ၏မွေးစားအဖေသည် အနည်းဆုံးတော့ ညီတူမျှတူ ခွဲဝေကာ သူ့ကိုလည်း ကျန်းချွမ်၏ လုပ်ငန်းတချို့နှင့် လူတချို့ကို လွှဲပြောင်းပေးလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။
သို့သော် ယခုတွင် ချန်ကျဲ့သည် ကျန်းချွမ်၏ စီးပွားရေးလုပ်ငန်းအားလုံးကို ဆက်ခံယူရသည့်အပြင် ကျားဖြူခန်းမတစ်ခုလုံးကိုလည်း အမည်ခံ စီမံခန့်ခွဲနေသည် ဖြစ်၏။ ဤသည်မှာ ဖုန်းရွှမ်အတွက် ခေါင်းပေါ်တက်ဖိခံရခြင်းကဲ့သို့ ခံစားရစေသည်။
တကယ့်ကိုပဲ ကျန်းချွမ်တစ်ယောက် သွားလိုက်တော့ ချန်ကျိုစစ်တစ်ယောက် ရောက်လာပြန်ပြီ။
ရက်စက်ကြမ်းကြုတ်တဲ့ ဝံပုလွေထွက်သွားတော့ ကြမ်းကြုတ်တဲ့ ကျားတစ်ကောင်က အစားထိုးဝင်ရောက်လာတာပဲ။
ဖုန်းရွှမ်သည် မိမိမှာ အဘယ်ကြောင့်များ ဤသို့ဘက်လိုက်တတ်သည့် မွေးစားအဖေမျိုး ရထားရသနည်းဟု မေးခွန်းထုတ်နေမိလျက် မတရားခံစားနေရပေသည်။
ကြေညာချက်ထုတ်ပြန်ပြီးနောက် ဖန်းရှစ်ကျုံးသည် ချန်ကျဲ့ဘက်သို့ လှည့်ပြောသည်။
“ကျိုစစ်၊ မင်းရဲ့လက်ရှိအဆင့်အတန်းနဲ့ အသီးအရွက်ဈေးလမ်းမကြီးမှာ နေထိုင်ရင် သိပ်ပြီး မသင့်တော်လှဘူး။ အခု သခင်၂ရဲ့အိမ်တော်က လွတ်နေတယ်။ မင်း အဲဒီမှာ ပြောင်းနေလိုက်ပါ။ ပြီးတော့ ဖန့်ဖူက ကျွန်ဈေးတန်းကို သွားပြီးတော့ မင်းအတွက် မိန်းကလေးအစေခံနဲ့ အစေခံတစ်သုတ် ရွေးပေးထားတယ်”
“ပြောင်းရွှေ့ပြီးရင် မင်းရဲ့အိမ်တော်က အဲဒီအစေခံတွေကို သေချာလေ့ကျင့်သင်ကြားပေးလိုက်ဦး။ ပြီးတော့ မင်းရဲ့အိမ်တော်မှာ တစ်ခုခုလိုအပ်တာရှိခဲ့ရင် ဖန့်ဖူကိုသာ အကြောင်းကြားလိုက်။ ကျသင့်ငွေကို ကျားဖြူခန်းမက ထောက်ပံ့ပေးလိမ့်မယ်”
“အာ မွေးစားအဖေ ဒါက တန်ဖိုးကြီးလွန်းပါတယ်”
ချန်ကျဲ့၏စကားကို ဖန်းရှစ်ကျုံးမှ ပြန်ပြောသည်။
“လက်ခံလိုက်ပါ။ မင်းရဲ့ လက်ရှိအဆင့်အတန်းက အရင်လို မဟုတ်တော့ဘူး။ ကျားဖြူခန်းမရဲ့ ကြီးကြပ်ရေးမှူးတစ်ယောက်က ကျဉ်းကျဉ်းကျုတ်ကျုတ် ခြံဝင်းလေးထဲမှာ နေထိုင်တာ မဖြစ်သင့်ဘူး။ မဟုတ်ရင် ကုန်သည်အဖွဲ့စားတွေက ဘယ်လိုမြင်ကြမလဲ”
ချန်ကျဲ့ ဖန်းရှစ်ကျုံး၏ ရည်ရွယ်ချက်ကို နားလည်ပါသည်။
တစ်ခါတရံ၌ အဆင့်အတန်းမြင့်မားသူများ၏ နေထိုင်မှုပုံစံသည် လက်အောက်ငယ်သားများ ကြည့်ရှုရန်အတွက် ဥပမာထားပြသခြင်း ဖြစ်ပေသည်။
ချန်ကျဲ့ကို ဥပမာထားကြည့်ပါလေ။
ချန်ကျဲ့သည် ယခုတွင် ကျားဖြူခန်းမ၌ ဖန်းရှစ်ကျုံးပြီးလျှင် ဒုတိယအင်အားအကြီးမားဆုံးသူ ဖြစ်နေလေပြီ။ သူ၏လက်အောက်တွင် လူပေါင်းရာချီရှိ၏။ သို့ဖြစ်ရာ အိမ်ငယ်လေးတွင် ဆက်လက်မနေထိုင်သင့်တော့ပေ။
သို့မဟုတ်ပါက ကုန်သည်အဖွဲ့သားများသည် အဘယ်သို့ ထင်မြင်ကြလိမ့်မည်နည်း။
ကြည့်လေ။ ကုန်သည်အဖွဲ့အတွက် အသက်ကို ရင်းပေးနိုင်ရင်တောင်မှ ရာထူးအဆင့်အတန်းတိုးတက်ဖို့အတွက် ဘာမှအသုံးမဝင်ဘူး။ ဘဝကို ဆင်းဆင်းရဲရဲနဲ့ ဖြတ်သန်းနေရတုန်းပဲ။ ငါတို့နဲ့ ဘာများကွာခြားနေလို့လဲ။
ထိုသို့ အထင်အမြင်မျိုး မဖြစ်ပေါ်သင့်ပေ။
သင်၏ ရာထူးအဆင့်အတန်း တိုးတက်သွားသည်နှင့်တစ်ပြိုင်နက် ကုန်သည်အဖွဲ့သားများအား သင်၏ မတူခြားနားသွားသည့် နေထိုင်မှုအဆင့်အတန်းကို ပြသပေးရန်မှာ အလွန်အရေးကြီး၏။ အိမ်ကြီးအိမ်ကောင်းတွင် နေထိုင်ရပြီး မြောက်များစွာသော မိန်းကလေးအစေခံများနှင့် အစေခံများမှာ ခစားခြင်းကို ခံယူရလိမ့်မည်။ ချမ်းသာကြွယ်ဝပြီး ဇိမ်ခံကျနသည့် ဘဝကို ရှင်သန်ရလိမ့်မည်… ကုန်သည်အဖွဲ့သားများသည် ၎င်းတို့ကို ရည်မှန်းချက်ထားရှိ၍ ကုန်သည်အဖွဲ့အတွက် အသက်နှင့်ရင်းပြီး ကြိုးစားလုပ်ဆောင်ကြလိမ့်မည်။
ချန်ကျဲ့သည် ဖန်းရှစ်ကျုံး၏ ဆိုလိုရင်းကို နားလည်သောကြောင့် မငြင်းဆန်တော့ဘဲ ပြောခဲ့သည်။
“ဟုတ်ကဲ့ပါ မွေးစားအဖေ ကျွန်တော်နားလည်ပါပြီ”
ဖန်းရှစ်ကျုံးမှ ဆက်ပြောသည်။
“အားလုံးပဲ ဆက်ပြီး စားသောက်သုံးဆောင်ကြပါ။ ကျုပ် နည်းနည်း နေထိုင်မကောင်းတာမို့ အနားယူလိုက်ပါဦးမယ်”
ဖန်းရှစ်ကျုံး ထွက်ခွာသွားသောအခါ ဖန့်ဖူလည်း လိုက်သွားသည်။ လူတစ်အုပ်ကြီးသည် ချက်ချင်း ချန်ကျဲ့အနီးသို့ ရောက်လာပြီး သေရည်ဖြင့် ဂုဏ်ပြုကြသည်။ ယခုတွင် ချန်ကျဲ့သည် ကျားဖြူခန်းမ၏ နာမည်အကြီးဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်သွားခဲ့လေပြီ။ သခင်၂ကျန်းချွမ်ပင်လျှင် ဤသို့ဆက်ဆံမှုများကို မခံစားခဲ့ရဖူးချေ။
ရလဒ်အနေဖြင့် ကုန်သည်အဖွဲ့သားများသည် ချန်ကျဲ့ထံ အဆက်မပြတ် ရောက်လာကာ သေရည်ဖြင့် ဂုဏ်ပြုဂါရဝပြုကြသည်။ ထိုအဖွဲ့သားများထဲတွင် ကျန်းချွမ်၏ လက်အောက်ငယ်သားဟောင်းများလည်း ပါဝင်၏။ သူတို့သည် သူတို့၏ သစ္စာတရားကို သက်သေကတိပြုရန် ကြိုးပမ်းနေပေသည်။
ထိုမြင်ကွင်းကို စောင့်ကြည့်နေသည့် ဖုန်းရွှမ်သည် ပြုံးနေခဲ့၏။ သူ၏မျက်နှာထက်တွင် မကျေနပ်သည့် အရိပ်အယောင်ဟူ၍ စိုးစဉ်းမျှ မရှိနေပေ။ ထို့ပြင် ချန်ကျဲ့အား ဂုဏ်ပြုရန် သေရည်တစ်ခွက်ကိုင်၍ ထရပ်လာကာ ဟန်ဆောင်ပြောလိုက်သေး၏။
“ညီလေး လာ အစ်ကိုကြီး မင်းကို တစ်ခွက်ဂုဏ်ပြုမယ်”
“အာ အစ်ကိုကြီး အရမ်းယဉ်ကျေးလွန်းနေပါပြီ။ ကျွန်တော်ကသာ အစ်ကိုကြီးကို တစ်ခွက်ဂါရဝပြုသင့်တာပါ”
ချန်ကျဲ့လည်း ဟန်ဆောင်ပန်ဆောင်ဖြင့် တုံ့ပြန်လိုက်သည်။ သူတို့နှစ်ဦးသည် ရယ်ရယ်မောမောဖြင့် ခွက်ချင်းတိုက်ကာ သေရည်ကို တစ်ကျိုက်တည်း ကုန်စင်အောင် မော့သောက်လိုက်ကြသည်။
အဟွတ် အဟွတ်…
သေရည်ကို သောက်သုံးပြီးနောက် ဖုန်းရွှမ်သည် နှစ်ကြိမ်မျှ ဟန်ဆောင်ချောင်းဆိုးလိုက်ရင်း ပြောသည်။
“ညီလေး အစ်ကိုကြီးရဲ့ဒဏ်ရာတွေက မပျောက်ကင်းသေးဘူး။ အဲဒါကြောင့် အစ်ကိုကြီး ကြာကြာမနေတော့ဘူး။ မင်းတို့ဆက်သောက်နေကြပါ၊ အစ်ကိုကြီးတော့ ပြန်နှင့်လိုက်ပါဦးမယ်”