သခင်မ : ကျိုစစ် ဒါက အဝီစိငရဲများလား_၅
Vol. 23 Ch. 318
ကျားဖြူခန်းမအတွင်း၌
ဖန့်ဖူသည် ဖန်းရှစ်ကျုံးကို ကြည့်လျက် ပြောသည်။
“ခန်းမအရှင်သခင် ဒီနေ့အဖြစ်အပျက်တွေက အရမ်းအလျင်လိုလွန်းတယ်။ သခင်ကြီးကို ဒီလိုဆက်ဆံလိုက်တာ.. သခင်ကြီးရဲ့စိတ်ထဲမှာ အငြိုးအတေးထားမှာကို ကျွန်တော်စိုးရိမ်မိပါတယ်”
“အဟွတ် အဟွတ် အဟွတ်… သူ သူက အငြိုးအတေးထားမယ်? ငါဘာလို့ သားငယ်၂ရဲ့ အခြေခံအုတ်မြစ်ကို သူတို့ကို ခွဲဝေမပေးလဲ သူမသိဘူးလား။ သားငယ်၂က ဘယ်လိုသေသွားခဲ့ရတာမို့လို့လဲ။ အဲဒီကိစ္စက သူနဲ့ ဘာမှမဆိုင်ပါဘူး သူပြောရဲသလား အဟွတ် အဟွတ်…”
“ငါသူ့ကို တစ်ခုတစ်လေလေးတောင် ပေးမှာမဟုတ်ဘူး။ ငါ သူလုပ်သမျှ အရာအားလုံးကို သိနေတယ်လို့ ငါသူ့ကို ပြောချင်တာပဲ။ ငါသာ စုံစမ်းစစ်ဆေးချင်ခဲ့ရင် သူ ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်ဘူး အဟွတ် အဟွတ် အဟွတ်…”
“အခု သူက သားငယ်၂ရဲ့ အခြေခံအုတ်မြစ်ကိုတောင် တပ်မက်ချင်နေသေးတယ်ပေါ့လေ? မရဘူး သေးသေးလေးတောင် မရစေရဘူး!”
ထိုအခါ ဖန့်ဖူမှ ပြောသည်။
“ခန်းမအရှင်သခင် သခင်၂ရဲ့ကိစ္စမှာ သခင်ကြီးရဲ့ ပါဝင်ပတ်သက်မှုက ထင်မြင်ချက်လောက်ပဲ ရှိပါတယ်”
ဖန်းရှစ်ကျုံးသည် အဆက်မပြတ် ချောင်းဆိုးနေ၏။
“အဟွတ် အဟွတ်… ထင်မြင်ချက် အဟွတ် အဟွတ်… ငါသူ့ကို အရမ်းကိုမှ ကောင်းကောင်းသိတယ်။ သူက ငယ်ငယ်လေးကတည်းက လျှို့ဝှက်ကြံစည်ရတာကို ကြိုက်တယ်။ သူ အသက်ကြီးလာရင် ပြောင်းလဲသွားလိမ့်မယ်လို့ ထင်ခဲ့ပေမဲ့ သူက သူ့ရဲ့ညီအစ်ကိုတွေကိုတောင် မကောင်းကြံစည်ခဲ့တယ်။ ငါသူ့ကို သင်ခန်းစာပေးချင်တာ အဟွတ် အဟွတ်…”
“ဟုတ်ကဲ့ မှန်ပါတယ် ခန်းမအရှင်သခင်၊ ဂျင်ဆင်းစွပ်ပြုတ်ရည်လေး နည်းနည်းလောက် သောက်လိုက်ပါ။ ဒီလိုကျန်းမာရေးအခြေအနေနဲ့ ဒေါသထွက်လို့ မဖြစ်ပါဘူး”
ဖန်းရှစ်ကျုံးမှ ပြောသည်။
“ငါလည်း ဒေါသမထွက်ချင်ပါဘူး။ ဒါပေမဲ့ သူတို့ ငါ့ကို ဘယ်တုန်းကများ စိတ်အေးချမ်းအောင် နေခွင့်ပြုခဲ့ဖူးသလဲ”
ဖန်းရှစ်ကျုံးသည် ထိုသို့ပြောလျက် ခါးသီးစွာ ခပ်ဖျော့ေဖျာ့ရယ်မောလိုက်၏။ ထို့နောက် ဂျင်ဆင်းစွပ်ပြုတ်ရည်တစ်ငုံကို သောက်သည်။ ထို့နောက် ဖန့်ဖူကို လှည့်ကြည့်၍ ပြောသည်။
“တစ်ခါတလေကျ ငါတကယ် အရာအားလုံးကို ဂရုစိုက်နေတာကို ရပ်တန့်ပြီး အနားယူချင်တယ်။ သိုင်းလောကရဲ့ အရေးကိစ္စတွေကို မျိုးဆက်သစ်လူငယ်တွေ ကိုင်တွယ်ဖို့အတွက်ပဲ ထားပစ်လိုက်ချင်တယ်”
ဖန့်ဖူမှ ပြန်ပြောသည်။
“အဲဒီအကြံလည်း မဆိုးလှပါဘူး”
ဖန်းရှစ်ကျုံးမှ မေးသည်။
“ဒါပေမဲ့ ဘယ်သူက ဒီလိုကြီးလေးတဲ့တာဝန်ကို ယူနိုင်မှာပါလဲ။ ခန်းမအရှင်သခင်က သခင်၅ကို တာဝန်ယူနိုင်မယ်လို့ မျှော်မှန်းထားတာပါလား”
ဖန့်ဖူမှ ပြန်ပြောသည်။
“သခင်၅က ရည်မှန်းချက်နဲ့ အရည်အချင်းရှိပါတယ်။ ဒါပေမဲ့ သူ့ရဲ့အခြေခံအုတ်မြစ်က လုံလောက်တဲ့ခိုင်မာမှု မရှိသေးဘူး။ သူ့ကို အချိန်ယူပြီး အရောင်တင်ပေးဖို့ လိုအပ်သေးတယ်”
“ဒါပေမဲ့ ဒါက သခင်၅ရဲ့စွမ်းဆောင်ရည်ကို ကြည့်ခွင့်ရမယ့် အခွင့်အရေးကောင်းလည်း ဖြစ်ပါတယ်။ ဒီရက်ပိုင်းတော့ သခင်၅တစ်ယောက်တည်း လွှတ်ထားပေးပြီး ခန်းမအရှင်သခင်က ကောင်းကောင်းအနားယူလိုက်ပါ။ ဪ ပြီးတော့ လာမည့်၇ရက်မှာ မိန်းကလေးဟွားသျဲ့က နွေဦးပြဇာတ်ရုံမှာ ခန်းမပြဇာတ်တစ်ပုဒ်ကို ဖျော်ဖြေပါမယ်။ အဲဒါက ခန်းမအရှင်သခင်ရဲ့ စိတ်အခြေအနေကို သက်သာကောင်း သက်သာစေနိုင်ပါလိမ့်မယ်”
“ဟွားသျဲ့လား။ အင်း အဲဒါကောင်းတယ်။ ငါ သူ့ကို မတွေ့ရတာ အတော်ကြာနေပြီ”
ထိုစကားတွင် ဖန်းရှစ်ကျုံး၏ မျက်နှာထက်တွင် အပြုံးတစ်ခု ထင်ဟပ်လာခဲ့သည်။
ဖန်းရှစ်ကျုံးသည် ပြဇာတ်နားထောင်ရခြင်းကို မနှစ်ခြိုက်ပါ။ သို့သော် ဟွားသျဲ့၏ ဖျော်ဖြေမှုအား ကြည့်ရှုရခြင်းကိုမူ နှစ်ခြိုက်သည်။ သူမ၏ ဖျော်ဖြေမှုတိုင်းတွင် ဖန်းရှစ်ကျုံးသည် သူမအတွက် ဆုလာဘ်ချီးမြှင့်ရန် ဘယ်သောအခါမျှ မတုံ့ဆိုင်းခဲ့ဖူးပါချေ။
အကြောင်းအရင်းမှာ ရိုးရှင်း၏။ ဟွားသျဲ့သည် သူ၏အတိတ်က လူတစ်ယောက်နှင့် အလွန်တရာ ဆင်တူသောကြောင့် ဖြစ်သည်။
သူ၏ ဆရာတူညီမလေး…
သူ နန်ပါးထျန်းကို တိုင်ကြားခဲ့သည့် ထိုအဖြစ်အပျက်ကြောင့် နန်ပါးထျန်းသည် ကုန်သည်အဖွဲ့၏ စည်းမျဉ်းများကို ချိုးဖောက်မှုဖြင့် ကုန်သည်အဖွဲ့ခေါင်းဆောင်ဟောင်း၏ ဓားသုံးချက်အပေါက်၆ပေါက်အပြစ်ဒဏ်ဖြင့် အပြစ်ပေးခြင်းကို ခံခဲ့ရသည်။
ထိုအချိန်က ၎င်းဖြစ်ရပ်သည် သူမကြောင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်သောကြောင့် ဆရာတူညီမလေးအတွက် လက်ခံရန် အလွန်ခက်ခဲခဲ့သည်။
နန်ပါးထျန်းသည် သူမအတွက် ထိုသို့ကပ်ဘေးကြီးကို ဖြစ်ပွားစေခဲ့၏။ သို့ဖြင့် ဆရာတူညီမလေးသည် သူမ၏ ငယ်ရွယ်နုပျိုလွန်းသည့် အသက်အရွယ်လေးတွင် သူမကိုယ်ကိုယ် သတ်သေသွားခဲ့သည်။
ဆရာတူညီမလေး၏ ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းကြောင့် သူတို့၏ဆရာ(ကုန်သည်အဖွဲ့ခေါင်းဆောင်ဟောင်း)သည် နန်ပါးထျန်းအား ဓားသုံးချက်အပေါက်၆ပေါက်ပြစ်ဒဏ်ကို စီရင်ခဲ့ချိန်တွင် ကိုယ်ရေးကိုယ်တာ ခံစားချက်များ ရောထွေးနေခဲ့သည်။ ထို့ကြောင့် နန်ပါးထျန်းသည် ၎င်းအပြစ်ဒဏ်မှ အသက်ရှင်နိုင်ခဲ့သည်။
ဤအဖြစ်အပျက်ကြောင့် ဖန်းရှစ်ကျုံးနှင့် နန်ပါးထျန်း၏ ဆက်ဆံရေးသည် လုံးဝ ပျက်စီးသွားခဲ့ကာ ထိုအချိန်မှ စတင်၍ သူတို့နှစ်ဦးသည် ရန်သူများ ဖြစ်လာခဲ့ကြသည်။
သူတို့သုံးဦးသည် မောင်နှမများအလား ရင်းနှီးချစ်ခင်ခဲ့ကြသည်။
ထို့ပြင် ဖန်းရှစ်ကျုံးသည် ဆရာတူညီမလေးကို တိတ်တခိုး မေတ္တာသက်ဝင်နေခဲ့သည်။
သို့ဖြင့် ဖန်းရှစ်ကျုံးသည် သူ၏တစ်ဘဝလုံးကို ကိုယ်ကိုယ့်ကိုယ် အပြစ်တင်စိတ်ဖြင့် ဖြတ်သန်းခဲ့ကာ အိမ်ထောင်မပြု၊ မျိုးဆက်မယူခဲ့ပေ။ ဤသည်မှာ မိမိကိုယ်ကိုယ် အပြစ်ပေးသည့် ပုံစံတစ်မျိုးဖြစ်သည်။
ထို့နောက် လွန်ခဲ့သည့်၆လက ဖန်းရှစ်ကျုံးသည် လူမှုရေးပွဲတစ်ခုသို့ တက်ရောက်ရင်း နွေဦးပြဇာတ်ရုံသို့ အမှတ်မထင် ရောက်ရှိခဲ့သည်။ ထိုစဉ် ဟွားသျဲ့သည် စင်နောက်ဘက်တွင် အဓိကသရုပ်ဆောင်များ၏ အဆူခံနေရသည်။
ဖန်းရှစ်ကျုံး နောက်တစ်ကြိမ်လှည့်ကြည့်လိုက်ရာ အံ့ဩသွားရ၏။ သူ၏ ဆရာတူညီမလေးကို တွေ့လိုက်ရသည်ဟုပင် ထင်မှတ်မိရသည်။ အရင်က ဆရာမှ သူမကို ဆူသည့်အခါတွင်လည်း သူမသည် ထိုကဲ့သို့ပုံစံမျိုးလေး ဖြစ်သည်။
ဤဟွားသျဲ့ဟူသည့် မိန်းကလေးသည် သူ၏ ဆရာတူညီမလေးနှင့် ဆန်းကြယ်ဖွယ်သော အတိုင်းအတာအထိ ဆင်တူနေပေသည်။
ထိုအချိန်မှ စတင်၍ ပြဇာတ်များကို စိတ်မဝင်စားသည့် ဖန်းရှစ်ကျုံးသည် ပြဇာတ်ဖျော်ဖြေမှုကို လိုက်လံကြည့်ရှုခဲ့ကာ မိန်းကလေးဟွားသျဲ့ကို ရက်ရက်ရောရော ထောက်ပံ့ပေးခဲ့သည်။
အမည်မသိသော အရန်သရုပ်ဆောင်လေးမှသည် ဖန်းရှစ်ကျုံး၏ တစ်ဦးတည်း ပံ့ပိုးထောက်ပံ့မှုဖြင့် ဟွားသျဲ့သည် နွေဦးပြဇာတ်ရုံတွင် ထိပ်တန်းအဆင့် အမျိုးသမီးသရုပ်ဆောင်အဖြစ် တိုးတက်သွားခဲ့သည်။
စစ်မှန်သော ကြယ်တစ်ပွင့်ဖြစ်လာခဲ့၏။
“အင်း မင်းပဲ စီစဉ်ထားလိုက်ပါ။ ငါသူ့ကို သွားတွေ့ရင် ယူသွားဖို့ ရွှေပဲစေ့တချို့လည်း ပြင်ဆင်ထားပေးပါ”
ဖန့်ဖူမှ ပြောသည်။
“ဟုတ်”
ဤခေတ်အခါ၌ အနုပညာရှင်များကို ပရိသတ်မှ အားပေးထောက်ပံ့သည့် နည်းလမ်းသည် တည့်တိုးဆန်သည်။ လူအုပ်လိုက်ကြီး စုဝေးနေခြင်းထက် ရက်ရက်ရောရော သဒ္ဒါကြေးပေးကြသည်။ သို့သော် ဤခေတ်၌ သဒ္ဒါကြေးပေးခြင်းဟူသည် ဒုံးကျည်တင်ပေးခြင်း (live ထုတ်လွှင့်မှုတွင် emoji ပေးပြီး ပိုက်ဆံရစေခြင်း) မဟုတ်ပါဘဲ ရွှေ၊ငွေများ ပစ်ပေးရခြင်း ဖြစ်ပေသည်။
ဖန်းရှစ်ကျုံးသည် မိန်းကလေးဟွားသျဲ့ကို အားပေးသည့်အနေဖြင့် ရွှေပဲစေ့လေးများကို အမြဲ ဖြန့်ကျဲပေးလေ့ရှိသည်။
…
ဖြန်း!
ဖုန်းရွှမ်အိမ်တော်၏ လျှို့ဝှက်ခန်းထဲ၌ ဖုန်းရွှမ်သည် လက်ဝါးဖြင့် ကျောက်ခုံတစ်ခုံကို ရိုက်ခွဲလိုက်သည်။
“လူအိုကြီး ခင်ဗျား ကျွန်တော့်ကို အဆုံးစွန်အထိ တွန်းအားပေးလိုက်တာပဲ!”
နောက်ဘက်တွင် ရပ်နေသည့် ဖချိုက်မှ ပြောသည်။
“သခင် ကျေးဇူးပြုပြီး စိတ်လျှော့ပါ”.
ဖုန်းရွှမ်မှ ငြင်းဆန်သည်။
“ငါ့ရဲ့ နှစ်၂၀ကြာ သစ္စာတရားက လနည်းနည်းပဲရှိသေးတဲ့ ချန်ကျိုစစ်ကို ရှုံးသွားတာကို ငါဘယ်လိုများ စိတ်လျှော့နိုင်မှာလဲ။ ဒီအဓိပ္ပာယ်က ဘာဖြစ်မလဲ ဘာဖြစ်မလဲ! ငါက သူ့အတွက် ဘာလဲ!”
“ညီငယ်၂ရှိစဉ်တုန်းက သူ ညီငယ်၂ကို ပိုအလေးပေးခဲ့တယ်။ အခု ချန်ကျိုစစ်ရောက်လာတော့ သူ ချန်ကျိုစစ်ကို အလေးပေးပြန်ပြီ။ သူ ငါ့ကို ဘယ်တုန်းကမှ မွေးစားသားတစ်ယောက်လို့ မမြင်ခဲ့ဘူး!”
“သခင် အပြောအဆိုဆင်ခြင်ပါဦး”
ဖချိုက်သည် သတိကပ်ထား၏
“အပြောအဆိုဆင်ခြင်ရမယ်? ငါက အမှန်တရားကို ပြောနေတာ မဟုတ်လို့လား”
ဖုန်းရွှမ်၏ ဒေါသမှာ လှိုက်တက်လာပြန်သဖြင့် နောက်တစ်ကြိမ် ကျောက်ခုံတစ်ခုံကို ရိုက်ခွဲလိုက်ပြန်သည်။
ဤလျှို့ဝှက်ခန်းအတွင်း ချန်ကျဲ့ရှိနေခဲ့ပါက ဖုန်းရွှမ်သည် အမည်ကျော်ကြားသည် သံမဏိလက်ဝါးသိုင်းကို အသုံးပြုနေသောကြောင့် အံ့ဩမိရပေလိမ့်မည်။
ဖန်းရှစ်ကျုံးသည် သံမဏိလက်ဝါးသိုင်းကို ဖုန်းရွှမ်ထံ ဘယ်သောအခါမျှ လက်ဆင့်ကမ်းသင်ကြားခြင်း မပြုခဲ့ဖူးကြောင်း လူတိုင်းသိထားပေသည်။ ဒါဖြင့် သူဘယ်လို ဒီသိုင်းကို တတ်မြောက်နေရတာလဲ..
“ဟား ဟား… သူပြောတာ မှန်နေခဲ့တာပဲ။ ဒီဖခင်နဲ့သားသမီးကြား သံယောဇဉ်အကြောင်း ပြောကြတာတွေအားလုံးက အကုန်အလိမ်အညာတွေပဲ။ သူက သံမဏိလက်ဝါးသိုင်းကို ငါ့ကို လက်ဆင့်ကမ်းပေးမယ့်အစား ချန်ကျိုစစ်ကို လက်ဆင့်ကမ်းဖို့ ဆန္ဒရှိတယ်။ သူ ငါ့ကို ဘယ်တုန်းကမှ သားတစ်ယောက်လို သဘောမထားခဲ့ဖူးဘူး။ ငါက သူ့ရဲ့ အသုံးချခံပစ္စည်းတစ်ခုပဲ!”
“ငါက သူ့ရဲ့ အသုံးချခံပစ္စည်းတစ်ခုပဲ!”
ဖုန်းရွှမ်သည် ဒေါသပေါက်ကွဲပြီးနောက် ရူးသွပ်စွာဖြင့် အော်ဟစ်သောင်းကျန်းသည်။
ထို့နောက် ဖုန်းရွှမ်သည် ကောင်းကင်ကို မျက်နှာမူ၍ ကျောလှဲချလိုက်သည်။ မျက်နှာထက်တွင် ရူးသွပ်မှုတစ်စ ကိန်းအောင်းနေလျက်ဖြင့် ရယ်မော၏။
“ငါ့ကို မပေးဘူး ဟက် ဟားဟား… သူ မပေးရင် ငါဒီတိုင်း သိမ်းယူပစ်လိုက်မယ်။ သူက သံမဏိလက်ဝါးသိုင်းကို ငါ့ကိုတော့ သင်မပေးပေမဲ့ တခြားသူကိုတော့ သင်ပေးလိမ့်မယ်။ အကယ်၍ ကျားဖြူခန်းမကို ငါ့ကို မပေးဘူးဆိုရင် တခြားသူတွေက ငါ့ကို ကူညီရယူပေးရလိမ့်မယ်။ ဖန်းရှစ်ကျုံး ဒီနေ့က စပြီးတော့ ခင်ဗျားနဲ့ ကျွန်တော် အဆုံးသတ်ပြီပဲ! သေခြင်းတရားက ကျွန်တော်တို့ကို ခွဲသွားတဲ့အချိန်အထိ.. သေခြင်းတရားက ကျွန်တော်တို့ကို ခွဲသွားတဲ့အချိန်အထိ အဆုံးသတ်ပြီပဲ!”
“သခင် သခင်”
ဖချိုက်သည် ထိုစကားများကြောင့် ထိတ်လန့်ချောက်ချားလာခဲ့သည်။
ဖုန်းရွှမ်မှ ဆက်ပြော၏။
“ဒီနေ့ည ငါ့ကို လော့ကူလမ်းကြားကို သွားပေးပါ။ အဲဒီမှာ ဖိနပ်ချုပ်သမားတစ်ယောက် ရှိလိမ့်မယ်။ သူ့ကိုပြောလိုက် : ဆွေ့ယန်က ထီးနန်းကို သိမ်းယူခဲ့တယ်။ အဲဒါကြောင့် သူက ၉-၅အဆင့်ကို တက်သွားခဲ့တယ်။ ငါ သူ့ရဲ့လမ်းအတိုင်း လိုက်လိုတယ်လို့”