သခင်မ : ကျိုစစ် ဒါက အဝီစိငရဲများလား_၆
Vol. 23 Ch. 319
“အာ! ဘယ်လို– သခင်!”
“သွား သွားစမ်း…”
ဖုန်းရွှမ်မှ လက်ဝှေ့ယမ်းကာ ဒေါသူပုန်ထလျက် ပြောသည်။ ဖုန်းရွှမ်၏ထိုစကားကို ကြားလိုက်ရသည်တွင် ဖချိုက်သည် အချိန်ခဏမျှ တွန့်ဆုတ်သွားပြီးနောက်မှ အရိုအသေပြု၍ ပြောသည်။
“ဟုတ်ကဲ့ပါ”
ဖချိုက် လှည့်ထွက်သွားခဲ့သည်။
ဖချိုက် ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ဖုန်းရွှမ်သည် ကောင်းကင်ကိုကြည့်၍ ပြောသည်။
“ဟက် မင်း ငါ့ရဲ့အထက်မှာ ထွန်းတောက်နေမယ့် နေ့ဆိုတာ ဘယ်တော့မှ ရောက်လာမှာမဟုတ်ဘူး။ အဲဒီလိုနေ့ ဘယ်တော့မှ ရောက်မလာစေရဘူး!”
ဖုန်းရွှမ်မှ ဒေါသတကြီး ကြိမ်းမောင်းသည်။
၎င်းကြိမ်းမောင်းသံသည် လျှို့ဝှက်ခန်းအတွင်း ပဲ့တင်ထပ်သွား၏။
…
ချန်ကျဲ့သည် နေ့လယ်ခင်းအထိ လူအုပ်ကြီးနှင့်အတူ အဖော်ပြုသောက်စားပေးခဲ့သည်။ ညနေခင်းအချိန် ရောက်ရှိလာသည်ကို မြင်သောအခါ ချန်ကျဲ့သည် စားသောက်ပွဲမှ ထွက်ခွာရန် ထရပ်လိုက်သည်။
ချန်ကျဲ့သည် အားလုံးကို အိမ်ပြန်တော့မည်ဟု ပြောခဲ့၏။ သို့သော် တကယ်တမ်းတွင် မြို့ထဲမှ ခိုးထွက်ကာ တောဘက်သို့ ဒုန်ဆိုင်းသွားခဲ့သည်။
သူ မြို့ပြင်ထွက်သွားသည့် မြင်ကွင်းကို လူမမြင်စေလိုပေ။ ထို့ကြောင့် စောစောထွက်လာခဲ့ခြင်းဖြင့် သံသယအဝင်ခံရမည့် အခွင့်အရေးကို လျော့နည်းသွားစေသည်။
မြို့ပြင်ထွက်ခွာပြီးနောက်၌ ချန်ကျဲ့သည် ချောင်ကျသည့်နေရာတစ်ခုကို ရှာဖွေ၍ တင်ပျဉ်ခွေထိုင်ကာ ညအမှောင်ကျချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
တစ်နာရီခန့်ကြာမြင့်ပြီးနောက် ကောင်းကင်ကြီး မည်းမှောင်လာသည်နှင့် ကျီရှန်းဘုရားကျောင်းသို့ ဦးတည်ထွက်လာခဲ့သည်။
ကျီရှန်းဘုရားကျောင်းအနီးသို့ ရောက်သောအခါ ချန်ကျဲ့သည် မြင်းကို အဝေးတစ်နေရာတွင် ချည်ထားခဲ့သည်။ ထို့နောက် လရောင်အောက်တွင် ကျီရှန်းဘုရားကျောင်းထဲသို့ ခုန်ဝင်သွားခဲ့သည်။
ထိုအချိန်သည် ဘုရားကျောင်းမှာ အစားအသောက်များ ဝေမျှပေးနေချိန်ဖြစ်သည်။
ကြီးကြီးငယ်ငယ်သော သီလရှင်များသည် အစားအသောက်ရယူရန်အတွက် ပန်းကန်လုံးကိုယ်စီကိုင်ကာ တန်းစီနေကြသည်။ သို့သော် မနီးမဝေး၌ လှပပြီးဆွဲဆောင်မှုရှိသည့် အမျိုးသမီးတစ်ဦးအတွက် သီးသန့်နေရာ စီစဉ်ပေးထားသည်။ ထိုသီးသန့်နေရာတွင် အပြာရောင်သီလရှင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ထိုင်နေသည်။
သူမ၏ မည်းနက်သောဆံနွယ်များသည် ကျောထက် ဖြာကျနေကာ အလွန်အကျွံ ပြင်ဆင်ထားခြင်းမရှိဘဲ သက်သောင့်သက်သာရှိသော အငွေ့အသက်ကို ပေးနေသည်။
သူမ၏လက်ထဲတွင် ကျမ်းစာလိပ်တစ်ခုကို ကိုင်ထား၏။ သူမ၏ရှေ့တွင် ဖြူလျော်သည့် အရောင်အဆင်းရှိသော ဂေါ်ဖီနှင့် တို့ဟူး၊ သခွားသီးအေး တစ်ပန်းကန်နှင့် ထမင်းပန်းကန်တစ်ဝက်တို့ကို တည်ခင်းထားသည်။
အစေခံမိန်းကလေးတစ်ဦးသည် သူမ၏ဘေးတွင် တိတ်တဆိတ်ရပ်နေသည်။
အမျိုးသမီးသည် ထမင်းသုံးဆောင်ရင်း ကျမ်းစာလိပ်ကို ဖတ်နေသည်မှာ သူမ၏ရှေ့ရှိ ဟင်းပွဲများကို မထိကိုင်လုနီးပါးပင်။
သူမ၏မျက်လုံးများသည် ကျမ်းစာလိပ်ထံမှ အကြည့်မလွှဲဘဲ လက်များသည်လည်း စာလိပ်ကို မချပေ။
“သခင်မဟွမ်က လေ့လာသင်ယူဖို့ကို အဲဒီလောက်တောင် စိတ်ဝင်စားတာလား”
ချန်ကျဲ့ စိတ်ရှုပ်ထွေးသွား၏။
အစေခံမိန်းကလေးသည် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ဒီနေ့ည၏ လရောင်မှာ သိပ်မတောက်ပကြောင်း သတိထားမိသောအခါ ပြော၏။
“မီးအိမ်တွေထွန်းလိုက်တော့!”
ထိုအခါ သီလရှင်တစ်ဦးသည် မီးအိမ်ထွန်းညှိရန် ချက်ချင်းသွားခဲ့သည်။ ဘုရားကျောင်း၏ အသုံးစရိတ်အားလုံးကို နန်ပါးထျန်းမှ ကျခံခြင်းဖြစ်သည်။ ထို့ကြောင့် အစေခံမိန်းကလေးမှ မီးအိမ်ထွန်းရန် ပြောသောအခါ ချက်ချင်း ထွန်းညှိကြသည်။
ချန်ကျဲ့သည် ခေါင်မိုးထက်တွင် ပုန်းအောင်းနေပြီး မီးအိမ်ထွန်းတော့မည်ကို မြင်သောအခါ ထိတ်လန့်သွား၏။
မီးရောင် အရမ်းလင်းလွန်းပြီး ငါ့ကိုမြင်သွားကြမှာတော့ မဟုတ်ပါဘူးနော်။
သို့သော် အောက်ငုံ့ကြည့်လိုက်သောအခါ အခန်းများ အများကြီးရှိနေခဲ့သည်။
အခန်း၁က ဘယ်မှာလဲ။
ချန်ကျဲ့ဝေ့ဝဲကြည့်လိုက်ရာ အခန်းတစ်ခုထဲမှ ထွက်လာသည့် ဆရာတော်ကျီရှန်းကို မြင်လိုက်ရသည်။
အဲဒီဆရာတော်ရဲ့အခန်းများ ဖြစ်လောက်မလား။
ထိုသို့တွေးလျက် ချန်ကျဲ့သည် ခေါင်မိုးတစ်လျှောက် အမြန်ရွှေ့သွားလိုက်ပြီး ဆရာတော်ကျီရှန်း၏ အခန်းထဲသို့ လူသတိမထားမိအောင် လျှောဝင်သွားလိုက်သည်။
အခန်းထဲရောက်သည်နှင့် ချန်ကျဲ့သည် နေရာအနှံ့ထရှာသည်။
အခန်းထဲတွင် ကျမ်းစာလိပ်များ အပြည့်ရှိနေပြီး အဝတ်ဗီရိုနှစ်လုံးနှင့် ကုတင်တစ်လုံးရှိသည်။
ချန်ကျဲ့သည် ကျမ်းစာလိပ်များကို မွှေနှောက်လှန်လှောကြည့်ပြီးနောက် အရာအားလုံးကို မူလအခြေအနေအတိုင်း အမြန်ပြန်ထားလိုက်သည်။
ထို့နောက် အဝတ်ဗီရိုကို ဖွင့်ကြည့်သည်။ အဝတ်ဗီရိုထဲတွင် အဝတ်များသာ ရှိ၏။
ဘာမှမရှိဘူး၊ မရှိဘူး။
ထို့နောက် ချန်ကျဲ့သည် ကောက်ရိုးခေါင်းအုံးတစ်လုံးရှိရာ ကုတင်အနီးသို့ ချဉ်းကပ်သွားလိုက်သည်။ ချန်ကျဲ့သည် ခေါင်းအုံးကို ပင့်မြှောက်၍ အောက်တွင် တစ်စုံတစ်ရာရှိ၊မရှိ စစ်ဆေးကြည့်သည်။
ဒီမှာလည်း ဘာမှမရှိဘူး။
ဘယ်မှာဖွက်ထားတာ ဖြစ်မလဲ။
ချန်ကျဲ့သည် အာရုံစူးစိုက်တွေးတောနေရင်း ခေါင်းအုံးအောက်ရှိ အိပ်ရာနေရာမှာ တစ်ခုခုမူမမှန်ကြောင်း သတိထားမိလိုက်သည်။ ချန်ကျဲ့ ခေါက်ကြည့်လိုက်ရာ အခေါင်းပေါက်သံ ထွက်ပေါ်လာပေသည်။
လျှို့ဝှက်အကန့်လား?
ချန်ကျဲ့၏မျက်လုံးများ တောက်ပသွားကာ ကြိုးစားဖွင့်ကြည့်လိုက်သည်။ သူသည် တွန်းဖွင့်ရသည့် လျှို့ဝှက်အကန့်တစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့၏။
ချန်ကျဲ့ ရုတ်ချည်း ကြောင်အသွားခဲ့သည်။
“သောက်ကျိုးနဲ!”
ချန်ကျဲ့သည် လျှို့ဝှက်အကန့်ကို အံ့အားသင့်စွာ ကြည့်နေခဲ့သည်။ အထဲတွင် ထူးထူးဆန်းဆန်း ပုံပန်းသဏ္ဍာန်ရှိကာ အလွန်ချောမွေ့ပြီး အသက်ဝင်သော တုတ်ချောင်းများရှိနေသည်။ ၎င်းတို့ကို ဂရုတစိုက် ထိန်းသိမ်းထားပြီး အသုံးပြုထားကြောင်းလည်း သိသာထင်ရှား၏။
ချန်ကျဲ့ ၎င်းတို့ကို မထိရဲပေ။ ချန်ကျဲ့ တွေးလိုက်၏…
အနှောင့်အယှက်ပြုမိလို့ တောင်းပန်ပါတယ် ဆရာတော်။ ကျွန်တော် ဆရာတော့်ရဲ့ ထိတ်လန့်ဖွယ်လျှို့ဝှက်ချက်ကို မြင်မိသွားခဲ့ပြီ။
ချန်ကျဲ့ လျှို့ဝှက်အကန့်ကို အမြန်ပိတ်လိုက်သည်။ ထို့နောက် ခေါင်းအုံးကို နေရာတကျ ပြန်ထားပေးလိုက်သည်။
ဆရာတော် အော်မေဂိုဏ်းကနေ ထုတ်ပယ်ခံလိုက်ရတာ မထူးဆန်းတော့ပါဘူး။ ဆရာတော်ရဲ့ စင်ကြယ်မှုက ထိခိုက်ထားခဲ့ပြီပဲ။
သို့သော် ချန်ကျဲ့သည် ဆရာတော်၏ ကိုယ်ရေးကိုယ်တာဘဝအကြောင်း ဂရုစိုက်လိုသည့် စိတ်အခြေအနေ ရှိမနေပါချေ။ သူတကယ် စိတ်ဝင်စားသည့်အရာမှာ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်သိုင်းကျမ်းသာ ဖြစ်သည်။
ရှပ် ရှပ်…
ချန်ကျဲ့ အတွေးထဲ နစ်မြောနေစဉ် တံခါးအနီး ချဉ်းကပ်လာနေသည့် ခြေသံများကို ကြားလိုက်ရသည်။ ချန်ကျဲ့ အထိတ်တလန့်ဖြင့် ခေါင်မိုးရက်မပေါ်သို့ ခုန်တက်ပုန်းအောင်းလိုက်သည်။
ထိုအချိန်တွင် တံခါးသည် တကျွီကျွီအသံမြည်၍ ပွင့်သွားသည်။ ဆရာတော်ကျီရှန်း၏ ကိုယ်တစ်ဝက် တံခါးမှ ထွက်ပေါ်လာ၏။
ထိုစဉ် ရုတ်တရက် သီလရှင်ငယ်တစ်ပါး အခန်းထဲဝင်လာပြီး ပြောသည်။
“ဆရာတော် အခန်း၁မှာ ရေချိုးဖို့အတွက် ရေပူလိုအပ်နေပါတယ်။ ဆရာတော်ရော တစ်လက်စတည်း ယူဦးမလား”
ဆရာတော်ကျီရှန်းမှ ပြောသည်။
“အို ကောင်းသားပဲ။ ဒါပေမဲ့ ရေအပူချိန်ကို အသင့်အတင့်ဖြစ်အောင် သေချာဂရုစိုက်ပါ။ ထားလိုက်တော့ ငါကိုယ်တိုင်ပဲ စစ်ဆေးလိုက်တော့မယ်။ သခင်မဟွမ်ရဲ့အရေးကိစ္စကို ပေါ့ပေါ့ဆဆ သဘောမထားသင့်ဘူး”
သို့ဆိုလျက် ဆရာတော်ကျီရှန်းသည် အခန်းထဲမှ ထွက်ခွာသွားတော့သည်။
ချန်ကျဲ့ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
“အခန်း၁? ဒီအခန်းက အခန်း၁ဖြစ်သင့်တာ မဟုတ်ဘူးလား။ သခင်မဟွမ်နေတဲ့ အခန်းကမှ အခန်း၁လား”
အချက်အလက်ကို သိရှိလိုက်ရသည်နှင့်တစ်ပြိုင်နက် ချန်ကျဲ့သည် အချိန်ဖြုန်းတီးမနေပါချေ။
ချန်ကျဲ့ ဤနေရာတွက် ဆက်နေလိုသည့်ဆန္ဒ မရှိပါချေ။ ခဏကြာလျှင် ဆရာတော်ကျီရှန်း ပြန်ရောက်လာပြီး ရေချိုးအဝတ်လဲမည်ဖြစ်၏။ သူ့အနေဖြင့် ထိုမြင်ကွင်းကို မျက်မြင်တွေ့ရရန် မတတ်နိုင်ပါချေ။
မဖြစ်ချေဘူး ၊ ဒုက္ခရောက်ကုန်လိမ့်မယ်!
ချန်ကျဲ့သည် သွားရမည့်တည်နေရာကို အတည်ပြုပြီးသည်နှင့် အခန်းထဲမှ ထွက်ခဲ့သည်။
သခင်မဟွမ်ရဲ့အခန်း အာ.. ဒီလမ်းဖြစ်လိမ့်မယ်။ ငါအရင်တစ်ခေါက်က အဲဒီအခန်းကို သတိထားမိလိုက်သလိုပဲ။
ချန်ကျဲ့တွေးလိုက်ပြီး သခင်မဟွမ်၏ အခန်းထဲသို့ ခိုးဝင်သွားလိုက်သည်။ သခင်မဟွမ်၏ အခန်းသည် ပရိဘောဂဟူသည် လုံးဝ မရှိလုနီးပါး ရှင်းလင်းပေသည်။
ချန်ကျဲ့သည် အခန်းနေရာအနှံ့ကို ရှာဖွေခဲ့သော်ငြား ဘာမျှရှာမတွေ့ခဲ့ပေ။
ထိုစဉ် တံခါးသည် ရုတ်တရက် လှုပ်ရှားသွား၏။ ချန်ကျဲ့လည်း တွန့်ဆုတ်သွားပြီး ခေါင်မိုးရက်မသို့ အမြန်ခုန်တက်လိုက်သည်။
“လာ ရေချိုးကန်ကို ဒီနေရာမှာ ချထားလိုက်။ ရပြီ အခု မင်းတို့အားလုံး ထွက်သွားလို့ရပြီ”
အစေခံမိန်းကလေးသည် ရေချိုးကန်ထဲသို့ ပန်းပွင့်ဖတ်များ ဖြန့်ကျဲထည့်ပြီး လက်ဖြင့် ရေကို မွှေနှောက်ပေးသည်။ ရေအပူချိန်လည်း အသင့်အတင့်ဖြစ်ကြောင်း စစ်ဆေးပြီးသောအခါ အော်ပြော၏။
“သခင်မ အဆင်သင့်ဖြစ်ပါပြီ”
ထိုအခါ ဟွမ်ဝမ်အာသည် တင့်တယ်လှပစွာ အခန်းထဲသို့ ဝင်လာသည်။
ခေါင်မိုးရက်မထက်ရှိ ချန်ကျဲ့သည်လည်း အနီးရှိ တိုင်ဘက်သို့ ခေါင်းလှည့်ကြည့်လိုက်သည်။
“အာ အဲဒါက ဘာလဲ”
ချန်ကျဲ့သည် ကိုယ်နေဟန်ထားကို ပြောင်းလဲ၍ ရေချိုးကန်၏ အပေါ်တည့်တည့်သို့ လျှောက်လာသည်။ ထိုစဉ် ဟွမ်ဝမ်အာသည် ရေချိုးကန်အနီးသို့ ရောက်လာပြီး ကန်ထဲမှ ရေများကို လက်ဖြင့် အသာအယာ မွှေရန်ပြင်သည်။ သို့သော် သူမ၏လက်ဖြင့် ကန်ထဲရှိ ရေကို ထိလုနီးတွင် သူမ ရပ်တန့်သွားခဲ့သည်။ အကြောင်းမှာ ကန်ရေတွင် ရက်မထက်ရှိ အမျိုးသားတစ်ဦး၏ပုံရိပ် ထင်ဟပ်နေသောကြောင့် ဖြစ်၏။
ဟွမ်ဝမ်အာ အော်ဟစ်မိလုနီးပါး ဖြစ်သွားရ၏။ သို့သော် သေချာကြည့်ရှုလိုက်သောအခါ ထိုအမျိုးသားမှာ ချန်ကျိုစစ်ဖြစ်နေကြောင်း သိလိုက်၏။ မနေ့ညက သူမအား အဝီစိငရဲအကြောင်း စိတ်ကူးယဉ်တွေးတောစေခဲ့သည့် အမျိုးသားဖြစ်ပေသည်။
ဘာလို့ သူဖြစ်နေတာလဲ!
ဟွမ်ဝမ်အာသည် ကြောက်လန့်တုန်လှုပ်ခြင်း မရှိပေ။
ထိုအချိန်၌ ချန်ကျဲ့၏အာရုံသည် အောက်ဘက်တွင် လုံးဝ ရှိမနေပေ။ အဘယ်ကြောင့်ဆိုသော် ချန်ကျဲ့သည် ခေါင်မိုးရက်မ၏ သစ်သားထဲသို့ အတွင်းအားဖြင့် ဖိသွင်းထည့်ထားသည့် ဝါးကျည်တောက်တစ်ခုကို ရှာတွေ့လိုက်သောကြောင့် ဖြစ်သည်။
“ဒါက ဘာလဲ”
ချန်ကျဲ့ ဝါးကျည်တောက်ကို လက်လှမ်းယူလိုက်သည်။