ချန်ကျဲ့ : သခင်မက မီးနဲ့ ကစားနေတာပဲ
Vol. 23 Ch. 320
ဂျစ် ဂျစ် ဂျစ်~
ချန်ကျဲ့သည် ဝါးကျည်တောက်ကို ဆုပ်ကိုင်၍ အားဖြင့် သစ်သားထဲမှ ဖြည်းဖြည်းချင်း ဆွဲထုတ်သည်။
ရက်မသစ်ထဲသို့ ဤဝါးကျည်တောက် အဘယ်သို့ရောက်ရှိနေသည်ကို မည်သူမျှ မသိကြပေ။
“နွားရိုင်း၉ကောင်၊ ကျားနှစ်ကောင်”၏ အင်အားကို ထုတ်သုံးပြီး နောက်ဆုံးတွင်မှ ချန်ကျဲ့သည် ၎င်းဝါးကျည်တောက်ကို ထုတ်ယူနိုင်ခဲ့သည်။
ဒေါက်~
ဝါးကျည်တောက် လက်ထဲသို့ရောက်သော် ၎င်းသည် လှည့်ဖွင့်ရမည်ဖြစ်ကြောင်း ချန်ကျဲ့ သိလိုက်သည်။ လှည့်လိုက်သောအခါ ဝါးကျည်တောက်သည် အလယ်တွင် ကျိုးသွားခဲ့ပြီး အထဲမှ စာတစ်လိပ်ထွက်ပေါ်လာသည်။
၎င်းသည် ဝါဖန့်ဖန့်အရောင်ရှိကာ သေးငယ်သော စာလိပ်တစ်လိပ်ဖြစ်၏။ ပုံမှန်စာရွက်တစ်ရွက်မျှ အရွယ်အစားပင် မရှိချေ။ ၎င်းကို ကျစ်လိပ်၍ ဝါးကျည်တောက်ထဲ ထည့်သွင်းထားခြင်းဖြစ်သည်။ စာလိပ်ကို ဖြန့်လိုက်သောအခါ စာလုံးလေးလုံးကို မြင်တွေ့ရသည်။
“လယ်ပြင်မှာ နဂါးတွေ့”
“လယ်ပြင်မှာ နဂါးတွေ့”သည် “နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်”၏ ၄ကွက်မြောက်သိုင်းကွက် ဖြစ်သည်။ ဟုတ်ပါ၏၊ ဤသည်မှာ သူဖုန်းစားအိုကြီး ဖွက်ထားခဲ့သည့် သိုင်းကျမ်းဖြစ်ပြီး မျန့်ရွှေစီရင်စုတစ်ခုလုံး အင်တိုက်အားတိုက် ရှာဖွေနေသည့် လျှို့ဝှက်သိုင်းကျမ်း ဖြစ်ပေသည်။
သိုင်းကွက်တစ်ကွက်တည်းဖြင့် မျန့်ရွှေစီရင်စုတစ်ခုလုံးရှိ သိုင်းပညာရပ်အားလုံးကို တုန်လှုပ်နိုင်စွမ်းသည်။
“နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်”သည် သူဖုန်းစားဂိုဏ်း၏ ဂိုဏ်းအစဉ်အဆက် လက်ဆင့်ကမ်းထိန်းသိမ်းဆက်ခံလာသည့် သိုင်းပညာဟု သတ်မှတ်နိုင်ပေသည်။ စုန့်မင်းဆက်ခေတ် အစောပိုင်း၌ အောင်မြင်ကျော်ကြားခဲ့သော ဂိုဏ်းခေါင်းဆောင်ကြီးများသည် ဤသိုင်းပညာဖြင့် လောကကြီးကို လွှမ်းမိုးကြီးစိုးခဲ့ကြသည်။ သူဖုန်းစားဂိုဏ်းကိုလည်း လောကနံပါတ်တစ်ဂိုဏ်းအဖြစ် ထင်ရှားကျော်ကြားစေခဲ့သည်။
နောက်ပိုင်းတွင် မြက်ခင်းပြင်ဒေသမှ မုလန်လူမျိုးများသည် အလယ်ပိုင်းလွင်ပြင်ဒေသသို့ ကျူးကျော်ဝင်ရောက်လာခဲ့ပြီး သူဖုန်းစားဂိုဏ်းသည် မုလန်လူမျိုးများ၏ သံမဏိမြင်းတပ်နှင့် မယှဉ်နိုင်ခဲ့ဘဲ ရှုံးနိမ့်ခဲ့ရသည်။ ထို့နောက်တွင်မူ မုလန်လူမျိုးများသည် သာ့ချန်တိုင်းပြည်ကြီးကို တည်ထောင်ခဲ့သည်။
သာ့ချန်ပြည်ကြီးတည်ထောင်ပြီးနောက်၌ မုလန်လူမျိုးများသည် သူတို့၏ စည်းမျဉ်းဥပဒေများ တည်မြဲခိုင်မာစေရန် ရည်မှန်းချက်ဖြင့် ၆နှစ်ရှည်ကြာသော သိုင်းလောကကို ဖိနှိပ်မည့် ကာလရှည်ကြာတိုက်ပွဲစဉ်ကြီးကို စီမံလုပ်ဆောင်ခဲ့သည်။ ၎င်းတိုက်ပွဲစဉ်ကြီးသည် မုလန်လူမျိုးစုအရှင်သခင်မှ ဦးဆောင်သည့် “မြင်းတပ်မှ သိုင်းလောကကို နင်းခြေခြင်း”တိုက်ပွဲကြီးအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားသည်။
၎င်းတိုက်ပွဲအတွင်း၌ မုလန်လူမျိုးများသည် ဦးစွာ မုလန်လူမျိုးဘက်သို့ ကူးပြောင်းရန် ဆန္ဒရှိသည့် သိုင်းလောကသားများကို ခေါ်ယူခန့်အပ်သည်။ ထို့နောက်တွင် ၎င်းသိုင်းလောကသားများသည် အရန်တပ်အဖြစ်၊ မုလန်သံမဏိမြင်းတပ်၏ မီးခိုးရောင်ဝံပုလွေတပ်သည် အဓိကအင်အားအဖြစ်၊ လောကအင်အားအကြီးမားဆုံး မူလန်လူမျိုးစုအရှင်သခင် သက်ရှိဗုဒ္ဓ ပီအားစီးပါးသည် စစ်သူကြီးချုပ်အဖြစ် အသီးသီးတာဝန်ယူ၍ သိုင်းလောကအတွင်း သမိုင်းတစ်လျှောက် အကြီးမားဆုံးသော သွေးချောင်းစီးသည့် သတ်ဖြတ်ပွဲကြီးကို စတင်ခဲ့ကြသည်။
တိုတောင်းသည့် အချိန်ကာလအတွင်း၌ သိုင်းလောက သိုင်းပညာရှင်ကြီးများ အားလုံးနီးပါးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကာ မြောက်များစွာသော သိုင်းကျမ်းများသည်လည်း မုလန်လူမျိုးများ၏ သိမ်းယူခြင်း ခံခဲ့ရသည်။ ကျန်သိုင်းပညာရှင်ကြီးများတွင် အချို့သည် မုလန်လူမျိုးများထံ အညံ့ခံခဲ့ကြပြီး အချို့သည်တော့ ပုန်းအောင်းနေထိုင်ကြကုန်သည်။
သူဖုန်းစားဂိုဏ်း၏ ဂိုဏ်းအမွေဖြစ်သော “နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်”သည်လည်း ၎င်းကာလအတွင်း၌ သူဖုန်းစားဂိုဏ်းခေါင်းဆောင်ကြီး၏ သေဆုံးမှုနှင့်အတူ တိုက်ပွဲအတွင်း ကွယ်ပျောက်သွားခဲ့သည်။
သို့ဖြင့် သူဖုန်းစားဂိုဏ်းအတွင်း၌ သိုင်းကွက်၁၂ကွက်သာလျှင် လက်ဆင့်ကမ်းအမွေဆက်ခံစေနိုင်ခဲ့ပြီး နောက်ဆုံးသော အင်အားအကြီးမားဆုံးဖြစ်သည့် သိုင်းကွက်၆ကွက်မှာ ကွယ်ပျောက်သွားခဲ့သည်။
(*သိုင်းနာမည်ကိုသာ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်လို့ ပြောင်းလဲလိုက်တာဖြစ်ပြီး သိုင်းကွက်ကတော့ ၁၈ကွက် ပါဝင်တာပါ*)
မုလန်လူမျိုးစုအရှင်သခင်၏ “မြင်းတပ်မှ သိုင်းလောကကို နင်းခြေခြင်း”ကဲ့သို့ အဖြစ်အပျက်မျိုး ပြန်လည်ဖြစ်ပွားခြင်းမှ ကာကွယ်ရန်အတွက် သူဖုန်းစားဂိုဏ်းသည် ကျန်ရှိသည့် နဂါးနိုင်လက်ဝါးသိုင်း၁၂ကွက်ကို သစ္စာစောင့်သိယုံကြည်ရသော ဂိုဏ်းသားများကို အားပေးခြင်းငှာ ခွဲဝေပေးခဲ့သည်။
ထို့ပြင် “မြင်းတပ်မှ သိုင်းလောကကို နင်းခြေခြင်း”တိုက်ပွဲကြီးအတွင်း ဂိုဏ်းအမွေသိုင်းကျင့်စဉ်များ ကွယ်ပျောက်သွားရခြင်းကဲ့သို့ ဖြစ်ရပ်များမှ ကာကွယ်ရန်အတွက် ဂိုဏ်းအမွေသိုင်းကျင့်စဉ်ကို ဂိုဏ်းသားများစွာအား လေ့ကျင့်စေသည်။ ဆိုလိုသည်မှာ ၎င်းသိုင်းကျင့်စဉ်ကို တတ်မြောက်သိရှိထားသူ တစ်ဦးဦး ထွက်ပြေးလွတ်မြောက်နိုင်သ၍ ထိုဂိုဏ်းသားများသည် တစ်နေ့တွင် အတူတကွ ပြန်လည်ပေါင်းစည်း၍ သိုင်းကွက်၁၂ကွက်ကို ပြန်လည်ပြည့်စုံစေနိုင်လိမ့်မည်။ သို့ဖြင့် ဂိုဏ်း၏ လက်ဆင့်ကမ်းအမွေဆက်ခံအပ်သော အထူးသိုင်းကျင့်စဉ်သည် ဘယ်သောအခါမှ ကွယ်ပျောက်သွားတော့မည် မဟုတ်ပေ။ အမြဲထာဝရ လက်ဆင့်ကမ်းပေးသွားနိုင်ပေလိမ့်မည်။
ထိုကြောင့်ပင် သူဖုန်းစားအိုကြီးသည် နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ကို သင်ယူခွင့်ရရှိခဲ့ကာ ဂိုဏ်းအမွေကို ထိန်းသိမ်းနိုင်ရန်အတွက် သိုင်းကျမ်းကို မဖျက်ဆီးနိုင်ခဲ့ပေ။ သို့ဖြင့် နေရာတစ်နေရာရှာ၍ ဖွက်ထားခဲ့သည်။ ၎င်းသည် ချန်ကျဲ့ကို အကျိုးဖြစ်ထွန်းစေခဲ့သည်။
နဂါးနိုင်လက်ဝါးသိုင်းကို ခွဲဝေပြီးနောက်၌ သိုင်းကွက်များအကြား သိသာထင်ရှားသည့် အင်အားကွာခြားမှုလည်း မရှိပေ။ သိုင်းကွက်တစ်ကွက်ချင်းစီတိုင်းသည် အင်အားအရာ၌ အကြမ်းဖျင်းအားဖြင့် ညီတူညီမျှဖြစ်ကြသည်။ သိုင်း၏ အင်အားကို တိုးတက်ရန်အတွက်မူ သိုင်းကွက်များကို အတူတကွ စုစည်းရမည်ဖြစ်၏။
ဆိုလိုသည်မှာ သိုင်းကွက်နှစ်ကွက်ကို သင်ယူထားပါက ၎င်းသိုင်းကွက်နှစ်ကွက်၏ ပေါင်းစည်းမှုသည် သိုင်းကွက်တစ်ကွက်တည်း၏ အင်အားထက် ပို၍အင်အားကြီးမားလိမ့်မည်။ သိုင်းကွက်သုံးကွက်၏ ပေါင်းစည်းမှုသည် သိုင်းကွက်နှစ်ကွက်၏ ပေါင်းစည်းအင်အားထက် ပို၍အင်အားကြီးမားလိမ့်မည်ဟူ၍ ဖြစ်သည်။
“နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်”၏ နောက်ဆုံးသိုင်းကွက်ဖြစ်သော “မာနနဂါးရဲ့နောင်တ”သည် စူးစိုက်ထက်သန်မှု တည်ရှိသော်ငြား နည်းစနစ် မတည်ရှိသည့် သိုင်းကွက်ဖြစ်သည်။ ရှေ့မှ သိုင်းကွက်၁၇ကွက်ကို သိုင်းကွက်တစ်ကွက်တည်းအဖြစ် ပေါင်းစည်းခြင်းဖြင့် ကောင်းကင်ကို ဖီဆန်နိုင်စွမ်းသည့် “မာနနဂါးရဲ့နောင်တ”သိုင်းကွက်ကို ဖြစ်တည်စေသည်။
သူဖုန်းစားအိုကြီး သင်ယူခဲ့သည့် သိုင်းကွက်သည် ၄ကွက်မြောက်သိုင်းကွက် “လယ်ပြင်မှာနဂါးတွေ့”သိုင်းကွက် ဖြစ်သည်။
သိုင်းကွက်သည် အလွန်တရာ အင်အားကြီးမားပြင်းထန်လှသည်မှာ တိတ်ဆိတ်မှုထဲ ပုန်းအောင်းနေသည့် မိုးကြိုးသွားအလား၊ လယ်ကွင်းပြင်ထဲ ကွယ်လျှိုးနေသည့် နဂါးတစ်ကောင်အလားပင်.. မလှုပ်ရှားမီအထိ တိတ်ဆိတ်ငြိမ်သက်နေကာ လှုပ်ရှားချိန်တွင်မူ ကမ္ဘာတုန်ဟီးသည်အထိ အင်အားကြီးမားပေသည်။
ကြမ်းကြုတ်မှုသည် “သံမဏိလက်ဝါးသိုင်း”ထက် ပို၍ပြင်းထန်၏။
“သံမဏိလက်ဝါးသိုင်း”သည်လည်း အင်အားကြီးမားသည့် သိုင်းကျင့်စဉ်များကြား အင်အားပြင်းထန်ပြီး ရဲရင့်ကာ အရှိန်အဝါကြီးမားသော သိုင်းကျင့်စဉ်တစ်ခုဖြစ်သည်။ သို့သော် “နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်”၏ ရှေ့မှောက်တွင်မူ ကလေးကစားစရာအလား ဖြစ်သွားရသည်။
ကွာခြားမှုမှာ တိမ်စိုင်နှင့် ရွှံ့မြေအလား ကြီးမားလှ၏။
ချန်ကျဲ့သည် လက်ဝါးသိုင်းကျမ်းကို လေ့လာကြည့်ရင်းဖြင့် လောကကြီး၏ လျှို့ဝှက်ချက်ကို ရိပ်ဖမ်းမိလိုက်သည့်အလား ဝမ်းမြောက်ပီတိတစ်မျိုးကို ခံစားလိုက်ရသည်။
အတိအကျဆိုရသော် ချန်ကျဲ့ လေ့ကျင့်နေခဲ့သည့် “ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်”သည် “နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်” သိုင်းကွက်အားလုံး အပြည့်အဝပေါင်းစည်းခြင်း၏ အင်အားထက် မနိမ့်ပါးပါချေ။ “နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်”ထက်ပင် ပို၍ အင်အားကြီးမားသေး၏။ သို့သော် “ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်”၏ အင်အားခွဲဝေထားသည့် အစီအစဉ်မှာ ပထမသိုင်းကွက် ၁၇ကွက်၏ သိုင်းကွက်တစ်ကွက်ချင်းစီ၏ အင်အားများအကြား သိသိသာသာ အင်အားကွာခြားချက်မရှိအောင် ခွဲဝေပေးထားသည့် “နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်”ကဲ့သို့ မညီမျှပေ။
“ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်”သည် လီချွမ်း၊ လီရှ၊ လီချိုး၊ လီသုန်းဟူ၍ အဆင့်ဆင့် အင်အားကြီးမားလာခြင်း ဖြစ်သည်။
၎င်းရာသီလေးပါးကျင့်စဉ်လေးခုအတွင်း အင်အားအကြီးမားဆုံးမှာ လီသုန်းဖြစ်သည်။
လီချွမ်း(နွေဦး)သည် ပျိုးကြဲရန် ဖြစ်သည်၊ လီရှ(နွေ)သည် ပွင့်လန်းရန် ဖြစ်သည်၊ လီချိုး(ဆောင်းဦး)သည် အောင်မြင်မှုကြီးကို ရရှိရန် ဖြစ်သည်။ လီသုန်း(ဆောင်း)သည် သတ်ဖြတ်ရန် ဖြစ်သည်။
ဤသည်မှာ သိုင်းပညာ၏ အဆင့်ဆင့်တိုးတက်မှုသဘာဝနှင့် ပြီးပြည့်စုံစွာ ကိုက်ညီသည်။
ချန်ကျဲ့၏ ယန်ချွမ်ကျင့်စဉ်ကဲ့သို့ ဖြစ်၏။ ယန်ချွန်ကျင့်စဉ်သည် ခန္ဓာကိုယ်ကို အာဟာရပြုအားအင်ဖြစ်ထွန်းစေပြီး အခြေခံအုတ်မြစ်ကို ခိုင်မာစေသည်။
အင်အားအရ နှိုင်းယှဉ်သော် ၎င်းသည် အခြားသော အတွင်းအားကျင့်စဉ်များထက် ကျိန်းသေပေါက် အင်အားကြီးမားနေခြင်းမျိုး မဟုတ်ပေ။ ယန်ချွမ်ကျင့်စဉ်၏ ထူးခြားချက်မှာ ၎င်း၏ အပ်စပ်မှုဖြစ်သည်။ ယန်ချွမ်ကျင့်စဉ်သည် ရေထိန်းချုပ်လက်ဝါးသိုင်းနှင့်လည်း ပေါင်းစည်းအသုံးပြုနိုင်သည်၊ သံမဏိလက်ဝါးသိုင်းနှင့်လည်း ပေါင်းစည်းအသုံးပြုနိုင်သည်၊ ယခု သူ၏လက်ထဲတွင် အသစ်ရရှိထားသော နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ဖြင့်ပင် ပေါင်းစည်းအသုံးပြုနိုင်ပေသည်။
ဤသည်မှာ ယန်ချွမ်ကျင့်စဉ်၏ ထူးခြားချက်ဖြစ်၏။ လိုက်လျောညီထွေရှိကာ စွယ်စုံအသုံးပြုနိုင်သည်။
ယန်ချွမ်ကျင့်စဉ်သည် အခြားသော စိတ်ကျင့်စဉ်များ၊ သိုင်းကျင့်စဉ်များနှင့် ပဋိပက္ခဖြစ်ပွားခြင်းမရှိဘဲ ကျင့်စဉ်အားလုံးနှင့် ပေါင်းစည်းအသုံးပြုနိုင်၏။ ဤသည်မှာ လေလွင့်ဂိုဏ်း (ရှောင်းယောင်ဂိုဏ်း)၏ မျက်နှာမဲ့သိုင်းနှင့် အနည်းငယ် ဆင်တူပေသည်။
သို့သော် မျက်နှာမဲ့သိုင်းသည် အတွင်းအားအမျိုးအစား ရာထောင်ချီကို တုပခြင်းဖြစ်ပြီး ယန်ချွမ်ကျင့်စဉ်သည် အသင်္ချေသော ကျင့်စဉ်များအတွက် သင့်တော်သည်။
ထို့ကြောင့် အစောပိုင်းအဆင့်များ၌ “နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်”သည် တကယ့်ကို ပို၍ အင်အားကြီးမား၏။
ချန်ကျဲ့ “နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်”အား လေ့လာခြင်းတွင် အာရုံစူးစိုက်နေစဉ် အောက်ဘက်ရှိ ဟွမ်ဝမ်အာသည်လည်း ရေအပူချိန်ကို စစ်ဆေးဟန်ဆောင်နေခဲ့သည်။ သူမ၏ မျက်လုံးများသည် ရက်မထက်ရှိ အမျိုးသား၏ပုံရိပ် ထင်ဟပ်နေရာ ရေပြင်ထက်မှ အကြည့်မလွှဲပေ။ သူမ၏ နှုတ်ခမ်းလွှာများသည်တော့ ရူးနှမ်းနှမ်းအပြုံးတစ်ခုကို ဖော်ဆောင်နေခဲ့သည်။
သခင်မသည် ရေမချိုးသေးဘဲ ကန်ရေကို ထိကိုင်နေသည်ကိုသာ မြင်သောအခါ အစေခံမိန်းကလေး သုကျွမ်းမှ မေးမြန်းလာသည်။
“သခင်မ ရေမချိုးဘူးလားဟင်”
ထိုအခါမှ ဟွမ်ဝမ်အာသည် အသိပြန်ကပ်သွားပြီး ပြောသည်။
“မင်းတို့အားလုံး အပြင်ထွက်စောင့်နေကြ။ ရေနွေးတစ်အိုးတည်စာ အချိန်ကုန်လွန်ပြီးတဲ့အထိ ငါ မင်းတို့ကို လှမ်းမခေါ်ခဲ့ရင် အဲဒီအချိန်ကျမှ ဝင်လာခဲ့ပါ။ ငါမင်းတို့ကို လှမ်းခေါ်ခဲ့ရင်တော့ ဝင်လာဖို့မလိုဘူး”