ချန်ကျဲ့ : သခင်မက မီးနဲ့ ကစားနေတာပဲ_၂
Vol. 23 Ch. 321
ဟွမ်ဝမ်အာသည် တွေးတောနေရင်း စားပွဲပေါ်မှ စာရွက်နှင့် စုတ်တံတို့ကို အမြန်ယူကာ ခပ်ဖျော့ဖျော့ချောင်းဆိုးသည်။
“အဟွတ် အဟွတ်…”
၎င်းချောင်းဆိုးသံသည် ချန်ကျဲ့ကို ထိတ်လန့်သွားစေသဖြင့် ဟွမ်ဝမ်အာကို လှည့်ကြည့်လိုက်သည်။ သူမသည် စာရွက်တစ်ရွက်ထက်တွင် တစ်စုံတစ်ရာကို လျင်မြန်၍ တင့်တယ်စွာသော စုတ်ချက်များဖြင့် ရေးသားနေသည်။ ထို့နောက် ၎င်းစာရွက်ကို သပ်သပ်ရပ်ရပ် ခေါက်သိမ်းကာ ဘေးရှိ စာအိတ်တစ်အိတ်ထဲသို့ ထည့်သည်။ ထို့နောက် ဖယောင်းဖြင့် ဖိနှိပ်ပိတ်လိုက်သည်။
သူမသည် စာကို ဘေးတွင်စောင့်ဆိုင်းနေသည့် သုကျွမ်းကို ပေးလိုက်ပြီး ပြောသည်။
“ဒီစာကို ယူထား။ ၁၅မိနစ်လောက်ကြာပြီးလို့မှ ငါ ထွက်မလာတာ၊ ဒါမှမဟုတ် အသံပြုမလာခဲ့ရင် ဒီစာကို ဆရာတော်ကျီရှန်းကို ပေးလိုက်ပါ။ ဒါပေမဲ့ ဒီအချိန်အတွင်းမှာတော့ ဒီစာကို လုံးဝ ဖွင့်မကြည့်ရဘူး နားလည်လား”
သုကျွမ်းမှ ပြန်ပြောသည်။
“ဟုတ်ကဲ့”
ထို့နောက် ဟွမ်ဝမ်အာသည် သုကျွမ်းကို နားနားကပ်၍ တီးတိုးပြောသည်။
“ဒါက ခေါင်းဆောင်နန်ရဲ့ လျှို့ဝှက်ချက်နဲ့ သက်ဆိုင်တယ်။ မင်း ဒီစာကို ဖွင့်ကြည့်ခဲ့ရင် သူမင်းကို ဘယ်လိုဖြေရှင်းမယ်ဆိုတာ မင်းကောင်းကောင်းသိမှာပါ ဟုတ်တယ်မလား”
“ကျွန်မ လုံးဝ ဖွင့်မကြည့်ပါဘူး။ သခင်မ စိတ်ချနိုင်ပါတယ်”
သုကျွမ်းမှ အာမခံသည်။ ခေါင်းဆောင်နန်ကို ထည့်ပြောလိုက်သည်တွင် သူမသည် သူမ၏နာခံတတ်မှုကို ထပ်ခါတလဲလဲ ဖော်ပြနေတော့သည်။
“ကောင်းပြီ၊ အခု သွားတော့”
ဟွမ်ဝမ်အာသည် သုကျွမ်းကို ညွှန်ကြားပြီးနောက် သုကျွမ်းနှင့်အတူ အခန်းထဲ လိုက်ဝင်လာသည့် သီလရှင်ကို လှည့်ကြည့်၍ ပြောသည်။
“ဆရာတော်တို့လည်း သွားလို့ရပါပြီ။ ဒီနေ့တော့ ဆရာတော်တို့ ကျွန်မကို ခစားပေးဖို့ မလိုပါဘူး”
“ကောင်းပါပြီ သခင်မဟွမ်”
အားလုံး အပြင်ထွက်သွားပြီး တံခါးပိတ်သွားသောအခါ ဟွမ်ဝမ်အာသည် အနီးရှိ ပန်းပွင့်ဖတ်တချို့ကို ယူလိုက်ပြီး ရေထဲသို့ ပက်ကျဲသည်။
သို့သော် သူမ၏ မျက်လုံးများသည်တော့ ရက်မထက်တွင် ပုန်းေအာင်းနေသည့် ချန်ကျဲ့ကို ကြည့်နေခဲ့သည်။
ချန်ကျဲ့လည်း ဟွမ်ဝမ်အာကြောင့် အာရုံထွေပြားနေခဲ့၏။ ချန်ကျဲ့သည် သိုင်းကျမ်းကို အင်္ကျီထဲ ထည့်သိမ်းလိုက်ပြီး အခန်းထဲမှ ခိုးထွက်နိုင်မည့် အခွင့်အရေးကို စဉ်းစားနေသည်။ အလှလေးတစ်ယောက် ရေချိုးနေသည့်မြင်ကွင်းကို စောင့်ကြည့်ရန်အတွက်မူ… ချန်ကျဲ့သည် ထိုသို့ သည်းထိတ်ရင်ဖိုဖွယ်များကို စိတ်မဝင်စားပါချေ။ အထူးသဖြင့် သူကိုယ်တိုင် ပါဝင်နိုင်သည်လည်း မဟုတ်နေသောကြောင့်ပင်။ ကြည့်ရုံမျှသာ ကြည့်ရခြင်းမှာ စိတ်ဝင်စားဖို့မကောင်းပေ။
ချန်ကျဲ့ အတွေးထဲ နစ်မြောနေစဉ် ဟွမ်ဝမ်အာသည် သူမ၏ အပြင်ဝတ်ရုံကို စတင်ချွတ်နေလေပြီ။ သို့ဖြင့် သူမ၏ လှပစင်ကြယ်သော ပခုံးသားများ ပေါ်ထွက်လာသည်။
သူမ၏ ပခုံးသားတို့သည် ကျောက်စိမ်းအလား ဖြူစင်ကြယ်ကာ လက်မှုအတတ်ပညာတစ်ခု၏ သိမ်မွေ့သော လက်ရာတစ်ခုအလားပင်… လှပစင်ကြယ်ကာ လက်ရာမြောက်သည်။
ချန်ကျဲ့သည် တစ်ချက်ကြည့်ပြီးနောက် အကြည့်လွှဲပြီး အခန်းထဲမှ ထွက်ခွာရန် အကြံထုတ်သည်။ သို့သော် တစ်ချက်ကြည့်ပြီးနောက်တွင် အကြည့်မလွှဲနိုင်တော့ပေ။
ရေချိုးကန်မှတစ်ဆင့် ဟွမ်ဝမ်အာသည် ချန်ကျဲ့၏ မျက်နှာအမူအရာကို မြင်နေရ၏။
ဟွမ်ဝမ်အာ၏ နှုတ်ခမ်းထောင့်စွန်းများ သိသိသာသာ ကွေးညွှတ်သွားလျက် သူမသည် အတွင်းဝတ်တစ်ထပ်ကို ထပ်ချွတ်လိုက်သည်။ ထိုအခါ သူမ၏ကိုယ်ပေါ်တွင် ရင်သားစည်းအဝတ်သာလျှင် ကျန်ရှိတော့သည်။
ယခုတွင် ချန်ကျဲ့သည် သူမ၏နောက်ကျောတစ်ခုလုံးကို မြင်နေရပြီဖြစ်၏။
မူလက ကျင့်ဝတ်ချိုးဖောက်သော အတွေးများကို တွေးနေမိခဲ့သည့် ချန်ကျဲ့သည် ဒဏ်ရာအနာရွတ်များ ပြည့်နှက်နေသည့် ဟွမ်ဝမ်အာ၏ ကျောပြင်ကို မြင်တွေ့လိုက်ရသည်တွင် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူမ၏ အပြစ်အနာအဆာကင်းမဲ့သော ကျောပြင်လေးသည် ကြိမ်ဒဏ်ရာများနှင့် ပြည့်နှက်နေသည်။ ၎င်းမြင်ကွင်းသည် အလှတရားခံစားမှုကို ဖျက်ဆီးသွားပြီး မြင်ရသူအား စိတ်နှလုံးနာကျင်စေသည်။
ဤသည်မှာ ဆိုးဆိုးရွားရွား ကွဲကြေသွားပြီးနောက် ဖြစ်ကတတ်ဆန်း ပြန်ဆက်ခံထားရသည့် ကြွေအိုးလှလှလေးကို ကြည့်နေရသည့်အလားပင်။
ပြိုင်ဘက်ကင်းအလှလေး၏ ကျောပြင်သည် အပိုင်းပိုင်းကွဲကြေကာ ရှုမြင်ဖို့ရာ ကိုယ်ရောစိတ်ပါနာကျင်စေသည့် အခြေအနေအထိ ပြောင်းလဲခံထားရလေသည်။
ချန်ကျဲ့မှ အမျိုးသမီး၏ လှပသည့်တိုင် အနာရွတ်ပြည့်နှက်နေသည့် ကျောပြင်ကြောင့် အတွေးများ ရှုပ်ထွေးနေစဉ် ဟွမ်ဝမ်အာသည် ရင်သားစည်းအဝတ်ကိုလည်း ချွတ်လိုက်ပြီဖြစ်သည်။
သူမသည် ရေချိုးကန်ဘေးတွင် အဝတ်ဗလာဖြင့် ရပ်နေသည်။
ထို့နောက် ခုံပုလေးထက်သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ရေချိုးကန်ထဲသို့ ဝင်ရောက်ကာ ရေထဲသို့ ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။
သူမသည် ကျောက်စိမ်းကဲ့သို့ ဖြူစင်သည့် လက်များဖြင့် ပန်းပွင့်ဖတ်ရေတို့ကို ခပ်ယူကာ ပခုံးထက်သို့ ပက်ဖျန်းသည်။ သို့ဖြင့် သူမ၏ ချောမွေ့သည့် အသားကြည်ကြည်ထက်တွင် ပန်းပွင့်ဖတ်လေးများ ကပ်ကျန်ရစ်စေသည်။
ချန်ကျဲ့ အနည်းငယ် မှင်တက်မိသွား၏။
ချန်ကျဲ့သည် မိမိမှာ မိမိ၏စိတ်ဆန္ဒအပေါ် အထင်ကြီးလွန်းခဲ့ကြောင်း ဝန်ခံရပေမည်။ သူသည် အလှလေးတစ်ဦး ရေချိုးသည့်မြင်ကွင်းကို စောင့်ကြည့်ခြင်းအား အမြဲ အထင်သေးခဲ့သည်။ သို့သော် ယခုတွင်တော့ သူကိုယ်တိုင်လည်း ညှို့ဓာတ်ကို မလွန်ဆန်နိုင်ဘဲ ဤမြင်ကွင်းအတွင်း နစ်မျောနေခဲ့လေပြီ။
အမျိုးသမီးသည် ဘာကိုမျှ အရေးမထားဟန် ရေချိုးသန့်စင်နေသည်။ သူမသည် ရေပြင်သို့ စူးစိုက်ကြည့်ရင်း တီးတိုးရေရွတ်၏။
“လှလား”
အမျိုးသမီးသည် သူ့ကို ရည်ရွယ်ပြောလိုက်သည့်အလား ချန်ကျဲ့ ခံစားလိုက်ရသည်။ သို့သော် ချန်ကျဲ့ ဘာမျှမတုံ့ပြန်ပေ။
သို့သော် အမျိုးသမီးမှ မော့ကြည့်လာသည်တွင် ချန်ကျဲ့ အံ့ဩသွားရ၏။ သူမ၏ အကြည့်များသည် သူ၏ကိုယ်ကို ထိုးဖောက်သွားတော့မည့်အလားဖြင့် ချန်ကျဲ့ကို ပြောလာသည်။
“လူကြီးမင်းချန် ရှင် ဒီလိုပဲ ဆက်ကြည့်နေဖို့ ရည်ရွယ်ထားတာလား”
ဘုန်း!
သူတို့နှစ်ဦး အကြည့်ချင်းဆုံသွား၏။
ချန်ကျဲ့ မင်သက်နေခဲ့သည်။ လူမိခံလိုက်ရသောကြောင့် သူ၏စိတ်အစဉ်မှာ ဖရိုဖရဲဖြစ်သွားရသည်။ သို့သော် အမြန်ပြန်၍ တည်ငြိမ်စေလိုက်သည်။
ချန်ကျဲ့သည် ဟွမ်ဝမ်အာကို စူးစိုက်ကြည့်နေလျက် မေးခွန်းထုတ်သည်။
“ကျွန်တော် ရှိနေတာကို သခင်မ ဘယ်လိုသိတာလဲ”
ဟွမ်ဝမ်အာမှ ပြုံးလိုက်သည်။
“ပုံရိပ်ယောင်ထင်နေလို့လေ”
ချန်ကျဲ့ ရေချိုးကန်ကို ကြည့်ရင်း တွေဝေသွားရသည်။
ငါအများကြီး ဆင်ခြင်တွက်ချက်ခဲ့ပြီး နောက်ဆုံးကျ ဂျူနီယာအထက်တန်းကျောင်းသားအဆင့် နိယာမလေးတစ်ခုနဲ့ လူမိခံလိုက်ရမယ်လို့ မတွက်ချက်ခဲ့မိဘူးပဲ။
နဂါးနိုင်လက်ဝါးသိုင်းအကြောင်း အာရုံစူးစိုက်နေခဲ့ရင်း သူ၏တည်နေရာ အနေအထားအကြောင်းကို မေ့လျော့သွားခဲ့သည်။ သို့ဖြင့် ကွက်တိကြီး ရေချိုးကန်အတွင်း ပုံရိပ်ထင်ဟပ်သွားခဲ့လေသည်။
ဟွမ်ဝမ်အာမှ ရယ်မောသည်။
“ရှင် ကြည့်လည်း ကြည့်ပြီးပြီ၊ မြင်လည်း မြင်ပြီးပြီ။ ဆိုတော့ ဆင်းလာခဲ့ပါတော့၊ ကျွန်မတို့ စကားပြောကြမယ်လေ”
ချန်ကျဲ့၏ မျက်လုံးအကြည့်များ ခက်ထန်သွားပြီးနောက် ရက်မပေါ်မှ ဆင်းလိုက်သည်။
ဟွမ်ဝမ်အာသည် ရေချိုးကန်ထဲတွင် ကလူ၏မြှူ၏ဖြင့် ကိုယ်ပေါ်သို့ ရေများ ဆက်လက်ပက်ဖျန်းနေသည်။ ရေကို လက်တစ်ခုပ်အပြည့် ခပ်ယူပြီး ခေါင်းအထိတိုင် ပက်ဖျန်းနေပေသည်။
သူမ တစ်ချက်လှုပ်ရှားလိုက်တိုင်းတွင် သူမ၏ အံ့ချီးဖွယ်သော ကိုယ်ခန္ဓာသည် ချန်ကျဲ့၏ရှေ့တွင် အပြည့်အဝ ထွက်ပေါ်လာနေသည်။ သို့သော် ဟွမ်ဝမ်အာသည် လုံးဝ ဂရုမစိုက်ပုံပင်။
သူမသည် ရေကစားနေရင်း ပြောသည်။
“လူကြီးမင်းချန် ရှင်က တကယ့်ကို ရိုးသားဖြောင့်မတ်တဲ့ အမျိုးသားပဲနော်”
သို့သော် ဟွမ်ဝမ်အာသည် ဆက်ပြော၏။
“ရှင် အရင်တစ်ခေါက်က ကျွန်မကို ကျေးဇူးတင်ဖို့ အလည်တစ်ခေါက်လာပါမယ်လို့ ကတိပေးခဲ့တာ၊ တကယ့်ကို ပြီးပြည့်စုံတဲ့အချိန်ကို ရွေးချယ်လာခဲ့တာပဲ– ကျွန်မ ရေချိုးနေတဲ့အချိန်ကိုလေ။ ရှင်က အရေးထားတွေးတောတတ်လိုက်တာနော်”
ချန်ကျဲ့မှ ပြောသည်။
“ကျွန်တော်…”
ချန်ကျဲ့သည် မိမိမှာ သိုင်းကျမ်းရှာရန်အတွက် လာခဲ့ခြင်းဖြစ်ကြောင်း ပြောလိုသော်ငြား ၎င်းသည် ပိုလို့ပင် ထုတ်ပြောရန် မသင့်တော်နေခဲ့ချေ။
ဟွမ်ဝမ်အာမှ ဆက်၍ ဖိပြောသည်။
“ ရှင်က အရမ်းရဲတင်းတာပဲ။ ကုန်သည်အဖွဲ့ခေါင်းဆောင်ရဲ့ဇနီး ရေချိုးတာကို ချောင်းမြောင်းကြည့်ရှုတာရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို ရှင်သိရဲ့လား”
ချန်ကျဲ့၏မျက်နှာ မည်းမှောင်သွား၏။ နောက်ဆက်တွဲအကျိုးဆက်များသည် အလွန်ပြင်းထန်လိမ့်မည်။ ဤအကြောင်းကို နန်ပါးထျန်းသာ သိသွားခဲ့ပါက သူ၏ အလွန် ပိုင်စိုးပိုင်းနင်းဆန်ပြီး ပိုကဲတတ်လွန်းသည့် အကျင့်စရိုက်အရ နန်ပါးထျန်းသည် သိုင်းလောကတစ်ခွင် သတ်ဖြတ်ခြင်းအမိန့်ပင် ထုတ်ပြန်၍ သူ့အား အဆုံးစွန်အထိ လိုက်လံသတ်ဖြတ်လောက်ပေသည်။
ထိုအခါ ဖန်းရှစ်ကျုံးပင်လျှင် သူ့ကို ကာကွယ်ပေးနိုင်လိမ့်မည် မဟုတ်ပေ။
အကောင်းဆုံးရလဒ်အနေဖြင့် တစ်သက်လုံး ဝရမ်းပြေးဖြစ်သွားလိမ့်မည် ဖြစ်ပြီး အဆိုးဆုံးရလဒ်မှာ နန်ပါးထျန်းကိုယ်တိုင် သူ၏အရိုးများကို အမှုန့်ကြိတ်ပြီး အဆုံးသတ်ပေးလိုက်ခြင်း ဖြစ်ပေမည်။
ချန်ကျဲ့ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူ၏အကြည့်များသည် အေးစက်လာနေ၏။
ကြည့်ရတာ လွတ်လမ်းမရှိတော့ဘူးပဲ။ ငါ ဒီတိုင်း သခင်မဟွမ်ကို သတ်ပစ်လိုက်ရမလား။
ဒါပေမဲ့ သူ့ကို သတ်လိုက်ရင်ရော ဘာများ ပြောင်းလဲသွားမှာလဲ။