← Chapters

ချန်ကျဲ့ : သခင်မက မီးနဲ့ ကစားနေတာပဲ_၃

Vol. 23 Ch. 322

ချန်ကျဲ့ : သခင်မက မီးနဲ့ ကစားနေတာပဲ_၃

Vol. 23 Ch. 322

သူ့ကို သတ်လိုက်လို့ရော ငါဒီနေရာကို ရောက်လာခဲ့တယ်ဆိုတဲ့ အချက်ကို ဖုံးကွယ်‌နိုင်မှာလား။

ချန်ကျဲ့ အတွေးထဲနစ်မြောနေစဉ် ဟွမ်ဝမ်အာသည် ရယ်မောလာ၏။

“လာ ကျွန်မ ရှင့်အတွေးတွေကို ခန့်မှန်းကြည့်ပါရစေ။ ကျွန်မသာ ရှင့်နေရာမှာဆိုရင် သေချာပေါက် လူသတ်နှုတ်ပိတ်ရမယ်လို့ တွေးနေမိမှာပဲ”

“အဲဒီတော့ ကျွန်မကို သတ်လိုက်လို့ ရလဒ်က ပြောင်းလဲသွားပါ့မလား”

ချန်ကျဲ့ ဟွမ်ဝမ်အာကို မျက်မှောင်ကြုတ်ကြည့်နေခဲ့သည်။

သူတကယ်ကြီး င့ါအတွေးတွေကို မှန်အောင် ခန့်မှန်းနိုင်တာပဲ။

ဟွမ်ဝမ်အာမှ ပြုံးလိုက်ပြီး ဆက်ပြောသည်။

“ကျွန်မအထင်တော့ ကျွန်မကို သတ်တာက သေချာပေါက် ကောင်းမွန်တဲ့ရွေးချယ်မှု မဟုတ်နိုင်ဘူးပဲ။ ကျွန်မက ခုခံနိုင်စွမ်း မရှိပါဘူး။ ဒါပေမဲ့ ရှင် ကျွန်မကို သတ်ဖို့ရွေးချယ်မယ်ဆိုရင် ဆူညံသံမထွက်စေဖို့ သေချာနေရမယ်၊ ဒါမှမဟုတ် ရှင် ကျွန်မကို မသတ်နိုင်ခင်မှာ ကျွန်မ အော်လိုက်နိုင်မလားဆိုတာကို လောင်းကြည့်ချင်လား”

“ကျွန်မ တစ်ခွန်းလောက်လေးပဲ အော်လိုက်နိုင်ရင်တောင် ရှင် လွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး။ ဪ ကျီရှန်းဘုရားကျောင်းတစ်ခုလုံးကို တစ်ယောက်မကျန် သတ်ပစ်လိုက်တာက လွဲလို့ပေါ့။ ဒါပေမဲ့ ဆရာတော်ကျီရှန်းကလည်း အားမနည်းလှဘူး။ သူက ရှင့်ကို မသတ်နိုင်ရင်တောင်မှ ရှင့်လက်ထဲက လွတ်အောင် ထွက်ပြေးဖို့လောက်ကတော့ သူ့အတွက် ပြဿနာမရှိနိုင်ဘူး”

“ပြီးတော့ သူ ထွက်ပြေးလွတ်မြောက်သွားရင် နန်ပါးထျန်း သိသွားလိမ့်မယ်။ ရှင် ကျွန်မကို သတ်လိုက်တဲ့အကြောင်း နန်ပါးထျန်းသိသွားလို့ကတော့ အရမ်းတုန်လှုပ်ချောက်ချားဖို့ကောင်းလိမ့်မှာပဲ”

“ရှင်တော့ အသက်ရှင်ဖို့ ထွက်ပြေးတိမ်းရှောင်ရင်းနဲ့ပဲ ဘဝအဆုံးသတ်သွားလောက်မယ်”

ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်သည်။

ဟွမ်ဝမ်အာမှ ဆက်ပြောသည်။

“ရှင်က ကျွန်မကို သတ်ပြီး တံခါးအပြင်ဘက်က လူတွေအကုန်လုံးကို တစ်ပြိုင်နက်တည်း သတ်ပစ်ဖို့ စဉ်းစားနေတာလား၊ ဒါမှမဟုတ် ရှင့်ကိုယ်ရှင် အလောင်းအစားလုပ်ကြည့်နိုင်တယ်လို့ တွေးနေတာလား။ ဒီအလောင်းအစားမှာ ရှင် အနိုင်ရခဲ့ရင် ကျွန်မ ခြိမ်းခြောက်တာကို ခံရမှာ မဟုတ်တော့ဘူး”

“ဒါပေမဲ့ ကျွန်မ တကယ်ကြီး မအော်နိုင်ခဲ့ဘဲ ရှင် နိုင်သွားခဲ့မယ်ဆိုရင်တောင်မှ ရှင်စဉ်းစားကြည့်– ကျွန်မ ခုနက အစေခံမလေးကို စာတစ်စောင်ပေးလိုက်တယ် မဟုတ်လား”

“အဲဒီစာထဲမှာ ဘာရေးထားမလဲ ရှင်ခန့်မှန်းကြည့်လေ”

ချန်ကျဲ့သည် အကြမ်းဖျင်း ခန့်မှန်းမိခဲ့ပြီးရာ မျက်ခုံးများ တွန့်ချိုးသွားတော့သည်။

ဟွမ်ဝမ်အာသည် အားရပါးရ ရယ်မော၏။

“ဟားဟား ရှင်ထင်တာမှန်တယ်။ ဟုတ်တယ် ‘ချန်ကျိုစစ်က လူသတ်သမား'လို့ ရေးခဲ့တာ”

“အဲဒီစာသာ နန်ပါးထျန်းလက်ထဲကို ရောက်သွားရင် ဘာဖြစ်မယ်ထင်လဲ”

ချန်ကျဲ့ တင်းမာစွာပြောသည်။

“ကျွန်တော့်ရဲ့ အရိုးတွေကို အမှုန့်ကြိတ်ပြီး ပြာချပစ်ချင်လောက်မှာပေါ့! သခင်မဟွမ် ပြောသလိုပါပဲ၊ ကျွန်တော် အဆုံးသတ်သွားလိမ့်မှာပါ”

“ဒါပေမဲ့ သခင်မဟွမ်၊ သခင်မက ဒီလိုရှင်းရှင်းလင်းလင်း ပြောထားပြီ‌ဆိုတော့ သခင်မမှာ ကျွန်တော့်ကို သေစေချင်တဲ့ဆန္ဒမရှိပါဘူး။ ကျွန်တော်ပြောတာ မှန်ရဲ့လား”

ထိုအခါ ဟွမ်ဝမ်အာမှ ရယ်မောသည်။

“လူကြီးမင်းချန် ရှင်က တကယ်ဉာဏ်ကောင်းတာပဲ”

ဟွမ်ဝမ်အာသည် ကိုယ်နေဟန်ထားကို ပြင်လိုက်ပြီး ရေချိုးကန်ကို မှီထိုင်လိုက်ရင်း ပြောသည်။

“ကျွန်မမှာ ကောင်းမွန်တဲ့ အကြံပြုချက်တစ်ခုရှိတယ်။ လူကြီးမင်းချန် နားထောင်ချင်မလား မသိဘူး”

ထိုအခါ ချန်ကျဲ့သည် ခုံတစ်ခုံရှာယူ၍ ထိုင်လိုက်သည်။

“ကျွန်တော့်မှာ တခြားရွေးချယ်စရာ ရှိသေးလို့လား”

ဟွမ်ဝမ်အာ ပြုံးလိုက်သည်။

“ဒါပေါ့၊ လူတိုင်းမှာ ရွေးချယ်ခွင့်ရှိပါတယ်။ လူတိုင်းက နေရာတိုင်း အချိန်တိုင်းမှာ ရွေးချယ်ခွင့်ရှိကြတယ်။ ကိုယ့်ရဲ့ရွေးချယ်မှုအတွက် တန်ကြေးကို တတိနိုင်၊မတတ်နိုင်ဆိုတာကပဲ အရေးကြီးတာပါ”

ချန်ကျဲ့မှ ပြောသည်။

“နားထောင်ကြည့်တာပေါ့။ အပေးအယူအကြောင်း ပြောကြရအောင်”

ဟွမ်ဝမ်အာမှ မေးသည်။

“ရှင် စိန်သုတ္တန်ကို ဖတ်ဖူးလား”

ချန်ကျဲ့ စားပွဲပေါ်ရှိ ကျမ်းစာကို လှည့်ကြည့်လိုက်၏။ ၎င်းတွင် ‘စိန်သုတ္တန်’ဟု ရေးသားထားပေသည်။

“ဒီဟာလား”

ဟွမ်ဝမ်အာမှ ပြောသည်။

“ကျွန်မ အဲဒီကျမ်းထဲက စာတစ်ပိုဒ်ကို အရမ်းကြိုက်တာလေ : အမျိုးသားနှင့် အမျိုးသမီးကြား ချစ်ခြင်းမေတ္တာတွင် မွေ့ချော်ခြင်းသည် အဝီစိငရဲသို့ လားရာဖြစ်သည်တဲ့”

ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်သည်။

ဒီကျမ်းစာက လူတွေကို တပ်မက်ခြင်းတဏှာကို စွန့်ပယ်ပြီး ကာမရမ္မက်ကို ထာဝရရှောင်ကြဉ်ဖို့ အကြံ‌ပြုတဲ့ကျမ်းစာပဲ။ အဲဒါက ဘာဖြစ်‌လို့လဲ။

ချန်ကျဲ့ မျက်မှောင်ကြုတ်‌ေနသည်ကို မြင်သောအခါ ဟွမ်ဝမ်အာမှ ပြုံးလိုက်ပြီး ပြောသည်။

“ရှင့်ရဲ့ မျက်မှောင်ကြုတ်နေတဲ့မျက်နှာက အတော်လေး ချစ်ဖို့ကောင်းတာပဲ”

ချန်ကျဲ့ ကူကယ်ရာမဲ့စွာဖြင့် ဟွမ်ဝမ်အာကို ကြည့်လျက် မေးမြန်းလိုက်သည်။

“သခင်မဟွမ်က ကျွန်တော့်ကို ဘာပြောချင်နေတာပါလဲ”

ဟွမ်ဝမ်အာမှ ပြောသည်။

“ကျွန်မ လိုချင်တာက… ရှင်က အရမ်းဝေးလွန်းနေတယ်။ ကျွန်မ စကားပြောရတာ အဆင်မပြေဘူး၊ လာ အနားကပ်လာခဲ့”

ချန်ကျဲ့ မတ်တပ်ရပ်လိုက်သောအခါ ဟွမ်ဝမ်အာမှ ပြောသည်။

“ကောင်းတယ်၊ ရှင် ကျွန်မရဲ့နောက်ကျောကို ကူညီပြီး ရေချိုးသန့်စင်ပေးနိုင်မလား”

“ဒါက…”

ချန်ကျဲ့ တွန့်ဆုတ်သွား၏။ ဟွမ်ဝမ်အာမှ ပြောသည်။

“ရှင် ကျွန်မနဲ့ မဆွေးနွေးချင်တော့ဘူးလား”

ချန်ကျဲ့သည် မျက်နှာအမူအရာကင်းမဲ့စွာဖြင့် အနားကပ်သွားလိုက်ပြီး ဘေးမှ ပုဝါတစ်စကို ယူလိုက်သည်။ ထို့နောက် ဟွမ်ဝမ်အာ၏ အနောက်တွင်ရပ်၍ ပုဝါဖြင့် ကျောကို ပွတ်တိုက်ပေးသည်။ ထိုအခါ သူမ‌၏ကျောပြင်ရှိ ဒဏ်ရာအနာရွတ်များကို ပို၍ သတိထားမိလာရသည်။

သို့သော် ချန်ကျဲ့သည် စပ်စုလိုစိတ် မရှိသောကြောင့် ဘာမျှမမေးခဲ့ပေ။

သို့သော် ဟွမ်ဝမ်အာမှ ပြောလာသည်။

“ကျွန်မရဲ့နောက်ကျောက ဒီကြိမ်ဒဏ်ရာတွေ ဘယ်လိုရလာခဲ့တာလဲလို့ ရှင် မေးမကြည့်ချင်ဘူးလား”

ချန်ကျဲ့ ဘာမျှမပြောပေ။ ဟွမ်ဝမ်အာမှ ပြောသည်။

“နန်ပါးထျန်းလုပ်ခဲ့တာ။ သူက ငါ့ကို ခွေးတစ်ကောင်လို ကြိုးချည်ပြီး စပါးအုံးမြွေသားရေကြာပွတ်နဲ့ ရိုက်ခဲ့တာ”

ချန်ကျဲ့ တိတ်ဆိတ်နေဆဲပင်။ သို့သော် ဤပြဇာတ်၏ ရက်စက်ကြမ်းကြုတ်မှုသည် အလွန်ပြင်းထန်၏။ ဟွမ်ဝမ်အာ၏ ကျောပြင်ထက်ရှိ ဤကြိမ်ဒဏ်ရာများသည် သူ၏အတိတ်ဘဝက ကစားပွဲငယ်တစ်ခုအတွင်း သာယာမှုတိုးပွားစေရန်အတွက်

အသုံးပြုသည့် ကြာပွတ်ကဲ့သို့ အမျိုးအစားမျိုး မဟုတ်ပေ။ ဤသည်မှာ ညှဉ်းပန်းနှိပ်စက်ရန်အတွက် အသုံးပြုသည့် ကြာပွတ်ဖြစ်သည်။

အနာရွတ်များကို ကြည့်လိုက်ပါက စပါးအုံးမြွေသားရေကြာပွတ်ဖြင့် ရိုက်နှက်ထားခြင်းဖြစ်ကြောင်း သိနိုင်ပေသည်။ ဤသည်မှာ တကယ်တမ်းတွင် လက်နက်တစ်မျိုးဖြစ်၏။

ရိုက်ချက်တစ်ချက်သည် အရေပြားနှင့် အသွေးအသားများကို စုတ်ပြဲစေနိုင်ပြီး သွေးသွင်သွင်စီးကျကာ အနာရွတ်ကျန်ရစ်စေနိုင်သည်– ဤသို့ရိုက်နှက်ခြင်းမျိုးသည် ပုံမှန်အားဖြင့် ရာဇဝတ်သားများကို အပြစ်ပေးရာတွင် အသုံးပြုခြင်းဖြစ်သည်။

ဤသည်မှာ တွဲဖက်နှင့် အပျော်ကစားခြင်းမျိုး မဟုတ်ပါဘဲ ဘွင်းဘွင်းရှင်းရှင်း ညှဉ်းပန်းနှိပ်စက်ခြင်း ဖြစ်ပေသည်။

နန်ပါးထျန်းက တကယ် သားရဲလိုပြုမူတာပဲ!

သို့သော် ချန်ကျဲ့သည် များများစားစား မပြောလိုပါချေ။ သူလည်း သခင်မဟွမ် နှစ်ခြိုက်သည့်အရာများကို မသိထားပေ။

အကယ်၍များ သခင်မဟွမ်က အသွေးအသားတွေ စုတ်ပြဲကုန်တဲ့ခံစားချက်ကို နှစ်ခြိုက်နေရင်ရော?

သေချာပေါက် မကြိုက်လောက်ဘူးပေါ့။ ဘယ်သူက အဲဒီလို လွန်ကဲတဲ့နာကျင်မှုမျိုးကို ကြိုက်ပါ့မလဲ။

ကြာပွတ်ဖြင့် ရိုက်နှက်ခြင်းသည် ပြင်းထန်သည့် ပြစ်ဒဏ်တစ်ခုအဖြစ် ကျော်ကြားသည်။ ဥပမာဆိုရသော် စင်္ကာပူနိုင်ငံ၌ ကြီးလေးသည့် ပြစ်မှုများကို ကျူးလွန်ခဲ့သည့် ရာဇဝတ်သားများသာလျှင် ကြိမ်ဒဏ်ပေးခံရခြင်းဖြစ်၏။

ကြိမ်ဒဏ်ပေးခံရသူသည် အချိန်အကြာကြီးအထိ နာကျင်မှုကို ခံစားရသည်ဟု ဆိုကြသည်။ အိပ်သည့်အခါတွင်လည်း ဝမ်းလျားမှောက်၍သာ အိပ်စက်နိုင်ကြသည်။ ကျောနှင့် အိပ်ရာခင်းကို အထိမခံနိုင်ပေ။ တစ်ခါတရံ၌ အနည်းငယ်မျှသော လှုပ်ရှားမှုလေးသည်ပင် ဒဏ်ရာကို လှုံ့ဆော်မိသဖြင့် လူကို ထိုင်မရ၊ ထမရဖြစ်စေသည်ဟု ကြားဖူး၏။

တစ်ညတာလုံး အိပ်မပျော်နိုင်ဘဲ နာကျင်မှုကို ခံစားရလိမ့်မည်။

ဤသို့ပြစ်ဒဏ်မှာ ကြောက်မက်ဖွယ်ဖြစ်ပေသည်။

ထို့ပြင် ဤသို့ကြိမ်ဒဏ်မျိုးအား ငယ်ရွယ်လှပသည့် မိန်းမငယ်လေးတစ်ဦးအပေါ် ကျင့်သုံးခြင်းငှာ စိတ်ကူးတွေးဆ၍တောင် မရနိုင်ပေ။

ချန်ကျဲ့သည် သူမ၏ ပခုံးများကို ခပ်ဖွဖွသာ ပွတ်တိုက်နေခဲ့သည်။ ဟွမ်ဝမ်အာမှ ပြောသည်။

“ရှေ့ဘက်ကိုလည်း တိုက်ပေးလို့ရတယ်”

ချန်ကျဲ့ မလှုပ်ပေ။ သို့သော် ဟွမ်ဝမ်အာ လိုချင်သည့်အရာကို စတင်၍ အရိပ်အမြွက် ဖမ်းမိလာခဲ့သည်။

ချန်ကျဲ့တွေးနေစဉ် ဟွမ်ဝမ်အာမှ ဆက်ပြောသည်။

“အမျိုးသားနှင့် အမျိုးသမီးကြား ချစ်ခြင်းမေတ္တာတွင် မွေ့ချော်ခြင်းသည် အဝီစိငရဲသို့ လားရာဖြစ်သည်.. လူကြီးမင်းချန် ရှင် အဝီစိငရဲကို ကြုံတွေ့ဖူးသလား”

ချန်ကျဲ့ တုန်လှုပ်သွား၏။

“ကျွန်တော် ကြုံတွေ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒါက အဝီစိငရဲ မဟုတ်ခဲ့ပါဘူး။ ဒီကမ္ဘာလောကရဲ့ ကောင်းကင်ဘုံလို သာယာကြည်နူးမှုဖြစ်ပြီးတော့ ထူးကဲအံ့ဩဖွယ်ကောင်းပါတယ်”

ချန်ကျဲ့ သူ၏ဇနီးလေးကို တွေးလိုက်သည်။

ဟွမ်ဝမ်အာမှ ပြောသည်။

“ဟုတ်လား။ ကျွန်မလည်း အဲဒါကို ကြုံတွေ့ချင်တယ်။ လူကြီးမင်းချန် ကျွန်မကို ကူညီပေး‌နိုင်မလား”

ဟမ်??

ချန်ကျဲ့ လန့်ဖျပ်သွားရပြန်သည်။ ထို့နောက် ပြောလိုက်သည်။

“သခင်မဟွမ်ကတော့ နောက်နေပါပြီ။ ခေါင်းဆောင်နန်က အားမာန်ကြီးမားသန်မာပါတယ်။ ဘယ်လိုလုပ်ပြီး သခင်မအတွက် ကျွန်တော့်ရဲ့အကူအညီကို လိုအပ်နိုင်မှာပါလဲ”

ထိုအခါ ဟွမ်ဝမ်အာသည် ချန်ကျဲ့သို့ နောက်ပြန်လှည့်ကြည့်လာ၏။ ထို့နောက် ပြောသည်။

“ကျွန်မ ရှင့်ကို လျှို့ဝှက်ချက်တစ်ခု ပြောပြရမလား”

စာစဉ်ပြီး၏

All Chapters