သဘာဝအလှဆွဲ ခြင်း၊ စဉ်းစား ခြင်း၊ ပြပွဲ
Vol. 7 Ch. 103
ကျန်းကျဲ့က ဧည့်ခန်း ဆိုဖာပေါ်တွင် ထိုင်နေကာ လက်ထဲတွင် ကြော်ငြာ လက်ကမ်းစာစောင် အချို့ကို ကိုင်ထားပြီး မိဘများကို စည်းရုံးနေသည်။
“ စုကျိုး ၊ ဟန်ကျိုး ၊ ရှန်ဟိုင်း ဟွမ်ရှန်း လို နေရာတွေက အကုန် ကောင်းတယ်။ ကျွန်တော်တို့ အတူတူ ခရီးသွားကြမလား”
ချန်းယန်က သူမ၏ မိဘများနှင့်အတူ အပြင်ထွက် ခရီးသွားနေသောကြောင့် ကျန်းကျဲ့လည်း ခရီးသွားရင်း ပုံကြမ်း ဆွဲရန် စိတ်ကူး ပေါ်လာသည်။
ကျန်းယီနှင့် ဇနီးတို့က မတွန့်ဆုတ်ဘဲ ငြင်းလိုက်သည်။ “ဒီလို ပူတဲ့ ရာသီဥတုမှာ မင်းက နေရာအနှံ့ ခရီးသွား ရဦးမယ်လား။ ဘယ်နေရာ သွားသွား အိမ်မှာ နေရတာလောက် သက်တောင့်သက်သာ မရှိဘူး။ အပြင်ထွက် ခရီးသွားရင် ပိုက်ဆံ အများကြီး ကုန်တယ်။
ငါတို့ အိမ်မှာလည်း အကြွေးတွေ ရှိသေးတယ် ။ မင်းလည်း တက္ကသိုလ် တက်ရတော့မှာ။ လက်ထဲမှာ ပိုက်ဆံ နည်းနည်းရှိနေ တယ်ဆိုရင်တောင် အလဟဿ မဖြုန်းနဲ့။ တကယ်လို့ မင်း အပြင်ထွက်ချင်တယ်ဆိုရင် အတန်းဖော်တွေကို ချိန်းပြီး သွားလို့ရတယ်။ နောက်ပြီး မင်းမှာ ခွေးလေးလည်း ရှိသေးတယ်။ ခရီးသွားရင် သူ့ကို ဘယ်လို လုပ်မလဲ”
ကျန်းကျဲ့က အကြိမ်အနည်းငယ် စည်းရုံးပေမယ့် မိဘများ၏ သဘောထား ခိုင်မာနေသည်ကို မြင်သောအခါ လက်လျှော့လိုက်ရသည်။
ဤကိစ္စ ပြီးသည်နှင့် ဝမ်ကျန်း ဖုန်းဆက်လာသည်။
“မန်နေဂျာ ဝမ်၊ ပြိုင်ပွဲ ကိစ္စလား”
“မဟုတ်ပါဘူး။ ငါတို့ ပင်းဟိုင် ပန်းချီအသင်းက အလှ ဆွဲ ခြင်း ခရီး တစ်ခုကို စီစဉ်ထားတယ်။ လန်ရှန်းရွာကို သွားမှာ။ နင် လိုက်ခဲ့ချင်လား”
“ကျွန်တော်က အသင်းဝင် မဟုတ်ဘူးလေ။ သွားလို့ ရပါ့မလား” ကျန်းကျဲ့က မေးသည်။
“ငါတို့ ပန်းချီပြခန်းကလည်း စီစဉ်သူတွေထဲက တစ်ဦးပဲ နင် အချိန်ရရင် ပန်းချီပြခန်းကို လာခဲ့။ ဖောက်သည် တစ်ဦးက ပန်းချီကားတစ်ချပ် ဝယ်ချင်နေတယ်”
“ကောင်းပြီ၊ကျွန်တော် အခု ချက်ချင်း ထွက်လာခဲ့မယ်”
ကျန်းကျဲ့က ထလိုက်ပြီး မိဘများကို “အဖေ၊ အမေ၊ ကျွန်တော် ပန်းချီပြခန်းကို ခဏ သွားလိုက်ဦးမယ်” ဟု ပြောသည်။
“ကိစ္စတစ်ခုခု ရှိလို့လား”
“ပန်းချီအသင်းက သဘာဝအလှ ဆွဲ ခြင်းကို စီစဉ်ထားလို့ပါ။ နောက်ပြီး ပန်းချီကားလည်း ရောင်းရဦးမှာ”
.......
ကျန်းကျဲ့က ပန်းချီပြခန်းသို့ ရောက်ရှိလာသည်။
ဝမ်ကျန်းက အရင်ဆုံး ပန်းချီကား ရောင်းခြင်း ကိစ္စကို ပြောပြ သည်။
ကျန်းကျဲ့၏ ရှစ်ခေါက်ချိုး သက်မဲ့ ပန်းချီကားတစ်ချပ်ကို လူတစ်ဦးက သဘောကျနေ သည်။
ဝမ်ကျန်းက ပန်းချီကားကို ရောင်းရန် အကြံပြုသည်။ “ဒီစျေးနှုန်းက တကယ်ကို မနည်းဘူး။ အရွယ်အစားနဲ့ တွက်ရင် စျေးနှုန်းက နင့်ရဲ့ အရင် လက်ရာတွေထက် ပိုမြင့်တယ်”
ကျန်းကျဲ့က ဤပန်းချီကားကို ရောင်းရန် သဘောတူသည်။ စနစ်မှတစ်ဆင့် မဟုတ်ဘဲ ပန်းချီကား ရောင်းနိုင်ခြင်းက သူ့၏ တိုးတက်မှုကိုလည်း သက်သေပြနေလေ သည်။
ဝမ်ကျန်းက အရင်ဆုံး ပန်းချီကား ရောင်းခြင်း ကိစ္စကို ပြီးမြောက်စေပြီး နောက် သဘာဝအလှ ဆွဲ ခြင်း အစီအစဉ်ကို ရှင်းပြသည်။
“သဘာဝအလှ ဆွဲမယ့် နေရာရဲ့ ရှုခင်းက လှပပြီး မူလ ရိုးရာ အိမ်တွေကို ထိန်းသိမ်းထားတယ်။ ခရီးက သုံးရက် ကြာပြီးတော့ ပြန်ရောက်ရင် ပြပွဲတစ်ခု ရှိမယ်။ အခွင့်အရေး ကောင်းရှိတယ်၊ နင် စဉ်းစားကြည့်ပါလား”
ကျန်းကျဲ့လည်း အခွင့်အရေးကောင်း ဟု ခံစားရကာ လမ်းကြောင်းနှင့် တည်းခိုခန်း စီစဉ်ခြင်း၏ ဒုက္ခကို သက်သာစေသည်။ “ပြဿနာက ရှိနေတုန်းပဲ။ ကျွန်တော်က အသင်းဝင် မဟုတ်ဘူးလေ”
ဝမ်ကျန်းက “စိတ်မပူပါနဲ့။ ပန်းချီပြခန်းက စီစဉ်သူတွေထဲက တစ်ဦးအနေနဲ့ အကြံပြု နိုင်ပါတယ်။
နင်က ဆုရဖူးပြီးတော့ ပန်းချီကား ရောင်းဖူးတယ်လေ။ ဒီအခွင့်အရေးကို ယူပြီး ဒေသတွင်း အသိုင်းအဝိုင်းနဲ့ ထိတွေ့သင့် တယ်။ငါ ကြားတာတော့ ကျောင်းတွေက ဆရာတွေလည်း ပါမှာ။ နင် သိတဲ့ လူတွေလည်း ပါနိုင်တယ်”
ကျန်းကျဲ့က ခဏ စဉ်းစားပြီး ပါရန် ဆုံးဖြတ်လိုက်သည်။
“နင် ပြင်ဆင်ထားလိုက် မနက်ဖြန် ထွက်မယ်။ ပန်းချီပြခန်းက စီစဉ်ထားတဲ့ ကားကို စီးပေါ့” ဝမ်ကျန်းက ကျန်းကျဲ့ လုပ်ဆောင်ရမည့် ပြင်ဆင်မှုများကို အသေးစိတ် ပြောပြသည်။
“ကျေးဇူးတင်ပါတယ်”
........
ကျန်းကျဲ့က အိမ်သို့ ပြန်လာပြီး သတင်းကို မိဘများအား ပြောပြသည်။
ကျန်းယီနှင့် ဇနီးတို့က ဤအခွင့်အရေးကောင်းဟု ခံစားရပြီး ကျန်းကျဲ့၏ ခရီး တွင် ပါခြင်းကို သဘောတူသည်။
အချိန် အကန့်အသတ် ရှိသောကြောင့် ကျန်းကျဲ့က အပြင်ထွက်ကာ ပုံကြမ်း ဆွဲရန် ပြင်လိုက်သည်။
အပြင်ထွက်ကာ ပုံကြမ်း ဆွဲခြင်း၏ အခြေအနေ အကန့်အသတ် ရှိသောကြောင့် ပန်းချီပစ္စည်း အများကြီး မယူသွားနိုင်ပေ။ သူက အကြိမ်ကြိမ် အခါခါ စဉ်းစားပြီး ဤအလှ ဆွဲခြင်း ခရီး အတွင်း အဓိက ရေဆေးပန်းချီများကိုသာ ဖန်တီးရန် ဆုံးဖြတ်လိုက်သည်။
နောက်တစ်နေ့ နံနက်ခင်းတွင် ကျန်းကျဲ့က ပန်းချီပစ္စည်းနှင့် နေ့စဉ် အသုံးအဆောင်များကို သယ် ပိုးပြီး တက္ကစီ ဖြင့် ပန်းချီပြခန်းသို့ အမြန် သွားလေ သည်။
ဝမ်ကျန်းက မီနီဘတ်စ် ကား၏ ရှေ့တွင် ရပ်ပြီး ကျန်းကျဲ့ကို လက်ပြသည်။ “ဒီမှာ”
ကျန်းကျဲ့က ဝမ်ကျန်း အနား လျှောက် လာသည်။ “မန်နေဂျာ ဝမ် ကျွန်တော် နောက်ကျသွားလား”
“နောက်မကျပါဘူး ။ ကားပေါ် တက်။ နင့်ကို မိတ်ဆက်ပေးမယ်”
ကျန်းကျဲ့က ဝမ်ကျန်းနှင့်အတူ ကားပေါ်သို့ တက်လာခဲလသည်။
ကားပေါ်တွင် လူငါးဦး ထိုင်နေ သည်။
ဝမ်ကျန်းက ကျန်းကျဲ့ကို မိတ်ဆက်ပေးသည်။ ထိုလူငါးဦးထဲမှ သုံးဦးက ကျောင်းမှ ပန်းချီဆရာများဖြစ်သည်။ တစ်ဦးက ယဉ်ကျေးမှုစင်တာ၏ ဆရာဖြစ်ပြီး နောက်တစ်ဦးက ပညာရေး ကျောင်း၏ ပညာရှင် ဆရာဖြစ်သည်။
ကျန်းကျဲ့က အရင် ရောက်ရှိနေသော လူအနည်းငယ်နှင့် တစ်ဦးချင်းစီ လိုက် နှုတ်ဆက်သည်။
ဤလူငါးဦးထဲမှ အသက်အကြီးဆုံးမှာ အသက် ၆၀ နီးပါးရှိပြီဖြစ်ပြီး အသက် အငယ်ဆုံးမှာလည်း အသက် သုံးဆယ် ကျော်နေပြီဖြစ်သည်။
သူတို့က ဝမ်ကျန်း၏ မျက်နှာ ထောက်ပြီး ကျန်းကျဲ့ကို စိတ်အားထက်သန်စွာ ပြန်နှုတ်ဆက်ကြ သည်။
ကျန်းကျဲ့က နေရာလွတ်တစ်ခုကို ရှာပြီး ထိုင်ကာ Mp3 ဖြင့် သီချင်း နားထောင်နေ သည်။
အသင်းဝင်များနှင့် ပန်းချီဆရာများ တဖြည်းဖြည်း ကားပေါ်သို့ တက်လာကြသည်။
မကြာမီ ဆရာ ယင်လည်း ဤလှုပ်ရှားမှုတွင် ပါသည်ကို သူ မြင်လိုက်သည်။
ဆရာ ယင်လည်း ကျန်းကျဲ့ကို မြင်သည်။
ကျန်းကျဲ့က ထလိုက်ပြီး ဆရာ ယင်ကို နှုတ်ဆက်သည်။ သူ၏ ပန်းချီပစ္စည်းများကို နေရာချရန် ကူညီပေး သည်။
ဆရာ ယင်က သူ့သူငယ်ချင်းများနှင့် နှုတ်ဆက်ပြီးနောက် ကျန်းကျဲ့ကို “ဒီ အလှပန်းချီ ဆွဲခြင်း ခရီး က အခွင့်အရေးကောင်း တစ်ခုပဲ။
အရင်တုန်းက မင်း အလှပန်းချီ ဆွဲတာက အနုပညာ စာမေးပွဲအတွက်ပဲ။ အခုက မတူတော့ဘူး။ အလှတရားကို ခံစားတတ်အောင် သင်ယူရမယ် ပြီးတော့ သင့်တော်သော ဖော်ပြနိုင်တယ့် ဘာသာစကားကို ရှာဖွေရမယ်။ ဟေး၊ ဒါနဲ့ မင်း အရက် သောက်နိုင်လား”
သူက ရုတ်တရက် အကြောင်းအရာကို ပြောင်းလိုက်သည်။
“အရက် သိပ် မသောက်နိုင်ဘူး” ကျန်းကျဲ့က အမှန်အတိုင်း ပြောသည်။
ဆရာ ယင်က “ညစာ စားချိန်ကျရင် မင်း အရက် မသောက်တတ်ဘူးလို့ ပြောလိုက်။ ဒီလူအုပ်ထဲမှာ အရက်သမားတွေ အများကြီး ပါတယ်” ဟု အကြံပေး သည်။
လူများ အားလုံး ရောက်ရှိလာသောအခါ ကား စထွက်လေ သည်။
နှစ်နာရီ ကြာပြီးနောက် လန်ရှန်းရွာသို့ ရောက်ရှိလာသည်။
ရွာက တောင်ကို နောက်ခံပြုပြီး ပင်လယ်ကို မျက်နှာမူထားသည်။ အရွယ်အစားအမျိုးမျိုးရှိ သော ရိုးရာ အိမ်များက တောင်ခြေ တောင်စောင်းပေါ်တွင် ရှုပ်ထွေးစွာ ပြန့်ကျဲနေသည်။
ရွာရှိ အိမ်အချို့ကို အုတ်နှင့် အုတ်ကြွပ် အိမ်များအဖြစ် ပြောင်းလဲထားသော်လည်း မြေအိမ် အမိုးပါသော မြေအိမ်များ များစွာ ကျန်ရှိနေသေးသည်။
ကားက ရွာဘေးရှိ ဟိုတယ် ခြံဝင်းထဲသို့ ဝင်လာသည်။
လူများ အားလုံး ဆင်းပြီး အခန်းများကို ခွဲဝေကြသည်။
ဆရာ ယင်က ရွာ ပတ်ဝန်းကျင်ရှိ ရှုခင်းများထဲတွင် အထူးခြားဆုံးမှာ မြေအနေအထားနှင့် ပေါင်းစပ်ထားသော ရိုးရာ အိမ်များဖြစ်သည်ဟု ကျန်းကျဲ့ကို ပြောပြသည်။ အိမ်အများစုက ဒေသ ပစ္စည်းများကို အသုံးပြုထားသောကြောင့် ထူးထူးခြားခြား စိတ်ဝင်စားစရာကောင်း နေသည်။
ခရီး ကို စီစဉ်သူများက လူများအတွက် တည်းခိုရန် အခြေအနေ ကောင်းမွန်စွာ စီစဉ်ပေးထားသည်။ ဤနေရာတွင် စံနှုန်းမီ အခန်းများ မရှိသော်လည်း လူတိုင်း တစ်ကိုယ်ရေ အခန်းတစ်ခန်းစီ ရရှိသဖြင့် အနားယူရန် အာမခံနိုင်သည်။
ပန်းချီဆရာ များစွာက နေထိုင်ရန် စီစဉ်ပြီးသည်နှင့် သူငယ်ချင်းများကို ပုံဆွဲရန် အပြင်ထွက်ရန် ဖိတ်ခေါ်ကြသည်။
ပန်းချီဆရာများတွင်လည်း အသိုင်းအဝိုင်းငယ်လေးများ အမျိုးမျိုး ရှိသည်။ အချို့က ပင်လယ်ဘေးရှိ ဆိပ်ခံတံတားငယ်လေးသို့ သွားရန် ရွေးချယ်ကြသည်။ အချို့က ရွာသို့ သွားကြသည်။ အချို့မှာ အရင်ဆုံး တောင်တက်ခြင်း သို့မဟုတ် ဘုရားကျောင်းသို့ သွားကြသည်။
ကျန်းကျဲ့က ပန်းချီသေတ္တာ ကို သယ် ပိုးပြီး ဆရာ ယင်နှင့် လူအချို့နှင့်အတူ ရွာထဲသို့ ဝင်လာသည်။
ရွာ ရှေ့တွင် ကားလမ်း ရှိသည်။
ရွာ အတွင်းတွင် ကျောက်တုံး လမ်း အချို့က မတူညီသော လမ်းများသို့ သွားနိုင်သည်။
ကျန်းကျဲ့နှင့် လူအချို့က လမ်းလေးများ အတိုင်း ရွာထဲတွင် လျှောက်လာ သည်။
မြေအနေအထား၏ အတက်အကျနှင့် သစ်ပင်များ၏ ဖုံးအုပ်မှုကြောင့် လမ်းလျှောက်လိုက်သည်နှင့် မတူညီသော ရိုးရာ အိမ်များနှင့် ရှုခင်းများကို မြင်ရသည်။ မြေအနေအထားအရ စီစဉ်ထားသော ခြံဝင်းများက တူညီသော ပုံစံ မရှိပေ။
ရွာရှိ အိမ်ဟောင်းများတွင် ကျောက်တုံးများဖြင့် တည်ဆောက်ထားသော နံရံများလည်း ရှိပြီး မြေနံရံများလည်း ရှိသည်။ အိမ်ဟောင်းတိုင်းတွင် အချိန်၏ ခြေရာများ ကျန်ရှိနေ သည်။
ကျန်းကျဲ့နှင့် လူအချို့က လမ်းဆုံ တစ်ခုသို့ လျှောက် လာသည်။
ဤနေရာတွင် ရပ်နေခြင်းဖြင့် ရွာကို မတူညီသော လမ်းမှ ကြည့်နိုင်သည်။
လူအချို့က ဤနေရာတွင် လူ ခွဲပြီး သူတို့ နှစ်သက်သော ရှုခင်းများကို ရှာဖွေကြသည်။
ကျန်းကျဲ့က လမ်းလေးကို ဆက်လျှောက်ရင်း လေ့လာနေ သည်။
ပန်းချီပညာကို သင်ယူပြီး ပန်းချီဆရာ ဖြစ်ချင်ပါက ဘဝမှ အလှတရားကို ခံစားတတ်အောင် သင်ယူရမည်။
လူတိုင်း၏ အလှတရားကို ခံစားမှုက မတူညီပေ။ အချို့မှာ မွေးရာပါ အာရုံခံစားမှု ရှိသည်။ ပြောမပြတတ်သော်လည်း လေ့ကျင့်မှုဖြင့် ဆွဲနိုင်သည်။ အချို့မှာ ခံစားမှုကို မြှင့်တင်ရန် တန်ဖိုးထားခြင်းနှင့် လေ့ကျင့်ခြင်းမှတစ်ဆင့် သင်ယူရသည်။
စနစ်၏ အကူအညီဖြင့် စွမ်းရည် ကို ကျွမ်းကျင်လာသည်နှင့်အမျှ ကျန်းကျဲ့က ပန်းချီဆရာများ၏ ခံစားမှုကို နားလည်ခြင်းမှတစ်ဆင့် အလှတရားကို တိတ်တဆိတ် စတင် ကျင့်ကြံ နေပြီး သူ ပိုမို တန်ဖိုးထားသော အလှတရားကို ရှာဖွေနေသည်။
သူက ကွေးကောက်သော လမ်းငယ် တစ်ခု၏ ရှေ့တွင် ရပ်လိုက်သည်။
လမ်းငယ်က မြင့်မားသော နေရာသို့ တိုးချဲ့ထားကာ ခြံဝင်းနှင့် သစ်ပင်များဖြင့် ဖုံးအုပ်ထားသောကြောင့် ခုနစ်ပိုင်း ရှစ်ပိုင်းအဖြစ် ခွဲခြားထားပုံ ရသည်။
ကျန်းကျဲ့က လမ်းငယ်နှင့် အနီးအနားရှိ ရိုးရာ အိမ်များ၏ ဆက်နွယ်မှု မှ ထူးခြားသော စည်းချက်တစ်ခုကို တွေ့ရှိလေ သည်။
သူက ပုံကြမ်း စာအုပ်ကို ယူပြီး ပုံကြမ်း အချို့ကို ဆွဲလေ သည်။ ဤအလှ စည်းချက်ကို နားလည်ပြီဟု သေချာသောအခါ ပန်းချီပစ္စည်းများကို ဖြန့်ခင်းပြီး လေးခေါက်ချိုး ရေဆေးစက္ကူတစ်ရွက်ပေါ်တွင် ပုံကြမ်းကို အမြန် ဆွဲလေ သည်။
ရိုးရာ အိမ်နှင့် လမ်း၏ မူလ အရောင်က အလွန် ရိုးရှင်းသည်။ အလင်းရောင် ပြောင်းလဲမှုကို အသုံးပြုပြီး အလွှာနှင့် နေရာလွတ်ကို ဖော်ပြရန် လိုအပ်သည်။ ဒုတိယအနေဖြင့် ထင်ရှားသော ဝိသေသလက္ခဏာများပါသော ပုံသဏ္ဍာန်အချို့ကိုလည်း ကောင်းကောင်း အသုံးပြုနိုင်မှသာ မြင်ကွင်းကောင်းများ ဖြစ်လာနိုင်သည်။
ကျန်းကျဲ့က တစ်ပုံကို ဆွဲပြီးနောက် သိပ် ကျေနပ်ခြင်း မရှိပေ။ စနစ်ဖြင့် ပြန်လည် သုံးသပ်ရာ သာမန်ဟုသာ သတ်မှတ်နိုင်သည်။
သူ စိတ်မပျက်ပေ။ အကြိမ်အနည်းငယ် ထပ်ဆွဲပြီးနောက် နောက်ဆုံးတွင် အထူး လက်ရာ တစ်ချပ်ကို ဆွဲနိုင်ခဲ့သည်။
ညနေ ၅နာရီတွင် ကျန်းကျဲ့နှင့် ဆရာ ယင်တို့က တည်းခိုခန်းသို့ ပြန်လာခဲ့သည်။
နေ့လယ်ခင်းတွင် အသင်းဝင် နောက်တစ်သုတ် ရောက်ရှိလာသောကြောင့် ဟိုတယ် ပြည့်နေပြီဖြစ်သည်။
စီစဉ်သူ ဝန်ထမ်း တစ်ဦးက ခရီး တွင် ပါဝင်သူများကို ညနေ ၆နာရီတွင် စားသောက်ဆိုင်သို့ သွားပြီး ညစာ စားရန် အကြောင်းကြားလေ သည်။
ကျန်းကျဲ့က စားသောက်ဆိုင်သို့ ရောက်ရှိလာသည်။ အချို့မှာ အရက် ယူလာပြီး သူငယ်ချင်းအချို့ကို ဖိတ်ခေါ်ကာ အဝ သောက်နေကြသည်ကို တွေ့ရသည်။
ဆရာ ယင်လည်း အရက်သောက်ရန် ဖိတ်ခေါ်ခံရသည်။
ကျန်းကျဲ့က လူအုပ်ထဲသို့ မပါဝင်လိုသောကြောင့် ထောင့်တစ်နေရာတွင် ညစာ စားနေ သည်။
“မင်းက ဘယ်သူ့ ကျောင်းသားလဲ” အသံကို ကြားသောအခါ ကျန်းကျဲ့ လှည့်ကြည့်လိုက်ပြီး လူတစ်ဦးက သူ့ကို မေးနေသည်ကို တွေ့ရသည်။
ဤလူ၏ နဖူးက ကျဉ်းမြောင်းပြီး မေးစေ့သည် ကျယ်ပြန့်သည်။ အလွန် ဝပြီး အသားအရေ ကြမ်းတမ်းသည်။
ထိုလူက “မင်းက ဘယ်သူ့နောက် လိုက်ပြီး ဒီခရီး မှာ ပါဝင်တာလဲ” ဟု ဆက်မေးသည်။
ကျန်းကျဲ့က သူ့ကိုယ်သူ ငယ်လွန်းသောကြောင့် ဤလူများ၏ မျက်လုံးတွင် ထူးခြားနေသည်ကို နားလည်သည်။
“မန်နေဂျာ ဝမ်ကျန်းရဲ့ ပန်းချီပြခန်းက ကျွန်တော့်ကို ဒီခရီး မှာ ပါဝင်ဖို့ အကြံပြုခဲ့တာပါ”
“ဪ၊ မင်းက ငါတို့ အသင်းဝင် မဟုတ်သေးဘူးပေါ့” ထိုလူက ကျန်းကျဲ့၏ အခြေအနေသည် သူ့အတွေးနှင့် မတူသည်ကို ကြားသောအခါ တီးတိုး ပြောပြီး လှည့်ထွက်သွား၏။
ကျန်းကျဲ့လည်း ဂရုမစိုက်ပေ။
ညစာ စားချိန်တွင် မည်သူက အရင် အကြံပြုသည်ကို မသိပေ။ ယနေ့ ဆွဲ ပြီးသော လက်ရာများရှိသူများ အားလုံး ခန်းမကြီးတွင် ချိတ်ဆွဲထားရန် အကြံပြုကာ အားလုံး အတူတကွ ကြည့်ပြီး သင်ယူနိုင်လေ သည်။
ချက်ချင်းပင် လူတစ်ဦးက ဦးဆောင်ပြီး သူ့လက်ရာကို ခန်းမကြီးသို့ ယူလာသည်။
ကျန်းကျဲ့က မလှုပ်ရှားပေ။ ဤနေရာတွင် သူ၏ အသက်က အငယ်ဆုံးဖြစ်သောကြောင့်ဖြစ်သည်။
အရင်က မေးမြန်းခဲ့သော လူက လူအုပ်ထဲတွင် သွားလာရင်း လူအများကြီးနှင့် စိတ်အားထက်သန်စွာ စကားပြောနေ သည်။
သူ တစ်ပတ် လှည့်ပတ်ပြီးနောက် ကျန်းကျဲ့ မလှုပ်ရှားသည်ကို မြင်သောအခါ “သူငယ်ချင်း၊ မင်းရဲ့ ပန်းချီကားကိုလည်း ချိတ်ဆွဲလိုက်ဦး” ဟု ပြောသည်။
ကျန်းကျဲ့က “ကျွန်တော် မချိတ်တော့ပါဘူး” ဟု ပြောသည်။
“လူတိုင်း မင်းကို ပြစ်ချက် ကူ ရှာပေးရင် ပိုပြီး မြန်မြန် တိုးတက်လာမှာ”
ထိုအချိန်တွင် ဆရာ ယင်ကလည်း သူ့ပန်းချီကားကို ယူလာသည်။
သူက ဤမြင်ကွင်းကို မြင်သောအခါ ကျန်းကျဲ့ကို “မင်းရဲ့ ပန်းချီကားကို ချိတ်ဆွဲလိုက်ပါ၊ ပြဿနာ မရှိပါဘူး” ဟု ပြောသည်။
သူက ကျန်းကျဲဘ ၏ ပန်းချီကားကို မြင်ဖူးသောကြောင့် စိတ်ချသည်။
ကျန်းကျဲလည်း မကြောက်ပေ။ အခန်းသို့ သွားပြီး ပန်းချီကားတစ်ချပ်ကို ယူလာသည်။
ခန်းမကြီးတွင် ပန်းချီကား ဆယ်ချပ်ကျော် ချိတ်ဆွဲထားပြီဖြစ်သည်။
သူက သူ့လက်ရာကို ဘေးဘက် နေရာတွင် ချိတ်ဆွဲလိုက်သည်။
လူများက စိတ်ဝင်စားစရာ လက်ရာများကို ဝန်းရံပြီး တန်ဖိုးထားကာ ဝေဖန်သုံးသပ်ကြ သည်။
ကျန်းကျဲ့က ဆရာ ယင်၏ လက်ရာကို တွေ့သည်။
ဆရာ ယင်၏ ပန်းချီကားက အရောင် ဆက်နွယ်မှု ကို အာရုံစိုက်ထားသည်။ ကျောင်းသားများကို ဥပမာ ပြရန် မလိုအပ်သောကြောင့် ပို လွတ်လွတ်လပ်လပ် ဆွဲထားသည်။
ကျန်းကျဲ့နှင့် စကားပြောခဲ့သော လူက ကျန်းကျဲ့၏ လက်ရာ ချိတ်ဆွဲထားသည်ကို မြင်သောအခါ ကြည့်ရန် လမ်းလျှောက် သွားလေ သည်။
သူက ကျန်းကျဲ့၏ လက်ရာကို ရှင်းရှင်းလင်းလင်း မြင်လိုက်သောအခါ ခဏ စကားမပြောနိုင်ဖြစ်သွားသည်။
ကျန်းကျဲ့ ယူလာသော ဤပန်းချီကားက ဆာဂျန်၏ နည်းစနစ် ကို အသုံးပြုထားကာ စုတ်တံ ဖြင့် ပြတ်ပြတ်သားသား ဆွဲထားသော်လည်း မြင်ကွင်း အကျိုးသက်ရောက်မှုက ဆာဂျန်နှင့် မတူပေ။ သူက တစ်ဝက်ကြည်လင်သော အရောင်များကို အသုံးပြုထားကာ ပုံသဏ္ဍာန်အချို့ကို မှုန်ဝါးစေပြီး လက်တွေ့နှင့် ပုံရိပ်ယောင် ခြားနားမှုကို အလေးပေးထားသည်။ ထို့ကြောင့် ပန်းချီကား၏ အမြင် အလွှာက ထင်ရှားလာသည်။
ဆရာ ယင်ကလည်း ကျန်းကျဲ့၏ လက်ရာကို တွေ့သည်။
“ကျန်းကျဲ့၊ မင်းရဲ့ ရေဆေးပန်းချီက အရင်ကနဲ့ အများကြီး မတူတော့ဘူး။ ဒီလိုပဲ ဆွဲရမှာ။ ပြစ်ချက် ရှာချင်ရင်တော့ အချို့ နေရာတွေက အရမ်း တူလွန်းနေတယ်။ ပိုပြီး လွတ်လွတ်လပ်လပ် ဆွဲနိုင်ရင် ပိုကောင်းမယ်”
ကျန်းကျဲ့က ဆရာ ယင်ကို ကျေးဇူးတင်ကြောင်း ပြောသည်။
သူက ဆရာ ယင်၏ အနုပညာ အယူအဆကို သိပြီး သူ့ကို တကယ် လမ်းညွှန်ပေးချင်ကြောင်း နားလည်သည်။
မကြာမီ စီစဉ်သူ တာဝန်ခံ အချို့နှင့် ဆံပင် ဖြူနေသော အဖိုးကြီးတစ်ဦး ခန်းမကြီးထဲသို့ ဝင်လာသည်။
ဆရာ ယင်က ကျန်းကျဲ့ကို အဖိုးကြီးသည် အသင်း၏ ဥက္ကဋ္ဌဖြစ်ပြီး ချွေ့ယိကျူးဟု ခေါ်ကြောင်း ပြောပြသည်။
ထိုအချိန်တွင် ကျန်းကျဲ့က စနစ်၏ အသံ သတိပေးချက်ကို ကြားလိုက်ရသည်။ “ပိုင်ရှင်က ကျပန်း တာဝန်ကို စတင်လိုက်ပါပြီ”။