← Chapters

မောက်မောက်မာမာဆရာသခင်

Vol. 150 Ch. 2134

မောက်မောက်မာမာဆရာသခင်

Vol. 150 Ch. 2134

သားမွေးဝတ်ရုံ ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းလူကြီးတစ်ယောက်က တည်းခိုဆောင်မှ လမ်းလျှောက်ထွက်လာသည်။ သူက ကောင်းကင်ထက်ရှိ မျက်နှာအား ကြည့်ကာ ပြောလိုက်သည်။ "ကျုပ် သိသလောက်တော့ မင်းလူတွေက အရင်တိုက်ခဲ့တာ။ ပြီးတော့ ကျုပ်ရဲ့ တည်းခိုဆောင် နယ်နိမိတ်အတွင်းမှာ ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မဆို တိုက်ခိုက်ခွင့်မရှိဘူး။ မင်းက အခု အဲဒီစည်းမျဥ်းကို စိန်ခေါ်ချင်နေတာလား။"

စကားပြောနေစဥ်၌ သူက အကြည့်များကို ကောင်းကင်၌ မျောလွင့်နေသော မျက်နှာအား ကြည့်ကာ ပြောလိုက်သည်။

နဝမတည်းခိုဆောင်၏ ပိုင်ရှင်က သက်လတ်ပိုင်းလူကြီးတစ်ယောက် ဖြစ်သည်။ သူသည်လည်း အဆင့်ကိုး ရန်ဟောင်တစ်ပါးဖြစ်ပြီး မဟာနတ်ဘုရားများမြို့အတွင်း၌ ကြောက်မက်ဖွယ်စွမ်းအားကို ပိုင်ဆိုင်ထားသည့် အကောင်းဆုံး တန်ခိုးရှင်များထဲမှ တစ်ယောက် ဖြစ်သည်။ သူက အသက်လေးဆယ်ခန့် ရှိသည်ဟု ထင်မှတ်ရသော်လည်း ကိုးလမ်းအတွင်း၌ နဝမတည်းခိုဆောင် တည်ရှိနေသည်မှာ နှစ်ရာချီနေပြီဟု ပြောကြပေသည်။ နဝမတည်းခိုဆောင် စဖွင့်ကတည်းက သူ၏ ကျင့်ကြံဆင့်နှင့် အသွင်အပြင်က ​ပြောင်းလဲခြင်း မရှိခဲ့ပေ။

ကိုးလမ်းရှိ ထိပ်သီးကျင့်ကြံသူများမှာ အချင်းချင်း ကောင်းစွာ သိရှိကြသည်။ ပြောရန်မလိုအောင်ပင် ထျန်းယိအိမ်တော်၏ အကြီးအကဲချုပ်သည်လည်း နဝမတည်းခိုဆောင် ပိုင်ရှင်၏ စွမ်းရည်နှင့် အဆင့်အတန်းကို သတိပြုမိပေသည်။ သို့ဆိုလျှင်ပင် သူက ဤနေရာ၌ သူ့ကိုယ်သူ ထျန်းယိအိမ်တော်အား ကိုယ်စားမပြုနိုင်ပေ။

"ထန်ချန်းက သူ သတ်လိုက်တဲ့ လူတွေထဲက တစ်ယောက်ပဲ။ သူက ဆရာသခင်ထျန်းပေါင်ရဲ့ တပည့်ဆိုတာ မင်း သိမယ်လို့ ကျုပ် သေချာတယ်။ နောက်ထပ်နှစ်ယောက်ကတော့ ဝမ်မိသားစုက လူတွေ။ နဝမတည်းခိုဆောင် မှာ ကိုယ်ပိုင်စည်းမျဥ်းတွေ ရှိပေမယ့် ကိုးလမ်းရဲ့ စည်းမျဥ်းတွေကိုလည်း လေးစားပေးတာ ပိုကောင်းလိမ့်မယ်။ သူ့ကို ကျုပ်ဆီ လက်လွှဲပေးလိုက်ရင် ဘယ်လိုလဲ။" ထိုမျက်နှာက ပြန်တုံ့ပြန်လိုက်သည်။

"ကိုးလမ်းမှာ ဘယ်တုန်းက စည်းမျဥ်းရှိသွားတာလဲ။ သူ့ကို လက်လွှဲပေးလိုက်ရင် ကျုပ် တည်းခိုဆောင်ရဲ့ ဂုဏ်သတင်းက ပျက်စီးသွားမှာပေါ့ မဟုတ်ဘူးလား။" သားမွေးဝတ်ရုံနှင့် သက်လတ်ပိုင်းလူကြီးက ပေါ့ပါးကာ ဂရုမစိုက်သော အမူအရာနှင့် ပြောလိုက်သည်။ သိသာစွာပင် သူက အကြီးအကဲချုပ်ထံ ရီဖူရှင်းအား မည်သည့်အခါမှ လက်လွှဲပေးလိမ့်မည် မဟုတ်ပေ။

"လင်ရှန်း မင်း ဒီတစ်ကြိမ်လောက် ကျုပ်ကို မျက်နှာသာမပေးချင်ဘူးလား။" အိုမင်းနေသည့် အသံတစ်ခုက အဝေးမှ ထွက်ပေါ်လာသည်။ လူအများက ထိတ်လန့်တုန်လှုပ်သွားကြ၏။ ထိုစဥ်တွင် သူတို့က ကိုးလမ်းပေါ်သို့ အစွမ်းထက်လှသော စွမ်းအင်လှိုင်းများ တိုးဝင်လာသည်ကို ခံစားလိုက်ကြရသည်။ လူတိုင်းသည် မည်သူက ပြောလိုက်သည်ကို သိသလိုမျိုး အဝေးသို့ ကြည့်နေကြသည်။

ထိုသည်မှာ ဆရာသခင်ထျန်းပေါင် ​ဖြစ်လေ၏။

ကိုးလမ်းမှ မရေတွက်နိုင်သော လူများသည် ယခင်က ဆရာသခင်ထျန်းပေါင်၏ အသံကို ကြားဖူးကြသည်။

ဆရာသခင်ထျန်းပေါင်က နဝမတည်းခိုဆောင်ပိုင်ရှင် လင်ရှန်းအား သူ့တပည့်ထန်ချန်းကို သတ်သွားသည့် လျှို့ဝှက်ဆန်းကြယ်သောသူအား အညံ့ခံစေလိုသည်။

"ဆရာသခင် တခြားကိစ္စဆိုရင် ဝမ်းပန်းတသာ ကူညီပေးမှာပါ။ ဒါပေမယ့် ဒီကိစ္စက ကျုပ် တည်းခိုဆောင်ရဲ့ အခြေခံကျတဲ့ စည်းမျဥ်းနဲ့ သက်ဆိုင်နေတယ်။ အခု ကျုပ်က စည်းမျဥ်းကို ချိုးဖောက်လိုက်ရင် နောက်ပိုင်း ကိုးလမ်းမှာ ကျုပ်ရဲ့ တည်းခိုဆောင်က ဘယ်လို စိတ်ချလက်ချနေလို့ရတဲ့ နေရာ ဖြစ်တော့မှာလဲ။ ဒါကြောင့် ကျုပ်မှာ ရွေးချယ်စရာမရှိဘဲ နားလည်ခွင့်လွှတ်ပေးဖို့ တောင်းဆိုရတော့မယ်။" လင်ရှန်းက ပြန်ဖြေလိုက်သည်။ သူက ကိုယ်ပိုင်စည်းမျဥ်းကို မချိုးဖောက်နိုင်ပေ။

ထိုစည်းမျဥ်းမှာ နဝမတည်းခိုဆောင်၏ အုတ်မြစ်ဖြစ်ပြီး ထိုသည်ကပင် လင်ရှန်းက ကိုးလမ်း၌ မည်သို့ ဂုဏ်သတင်း တည်ဆောက်ခဲ့ခြင်းဟူသည်ပင် ဖြစ်သည်။ သူက ယခု ခြွင်းချက်ပြုလုပ်လိုက်ပါလျှင် နဝမတည်းခိုဆောင်က တန်ဖိုးမရှိတော့ဘဲ သိက္ခာကျရပေလိမ့်မည်။

"လင်ရှန်း ဒီတစ်ကြိမ်တည်းပါ။ ဆရာသခင်ထျန်းပေါင်အတွက် တစ်ကြိမ်ပဲ ခြွင်းချက်ထားပေးပါ။ ကိုးလမ်းက လူတိုင်းပဲ ဒါကို နားလည်မယ်လို့ သေချာပါတယ်။ နောက်ရက်ကျရင် ကျုပ်တို့ရဲ့ ကျေးဇူးတင်မှုကို ပြသဖို့ အရက်ဝယ်တိုက်ပါ့မယ်။" နောက်ထပ် အသံတစ်ခု ထပ်ထွက်လာသည်။ ဤတစ်ကြိမ်၌ ရောက်လာသူမှာ ထျန်းယိအိမ်တော်သခင် ဖြစ်သည်။

"လင်ရှန်း ဒီလူက နေ့ခင်းကြောင်တောင်မှာ ကျုပ်တို့ ဝမ်မိသားစုရဲ့ မျိုးဆက်ကို သတ်ဖြတ်ခဲ့တယ်။ မင်း သူ့ကို ကာကွယ်ဖို့ ဆုံးဖြတ်လိုက်ပြီလား။" နောက်အသံတစ်ခုက ထွက်ပေါ်လာသည်။ နဝမတည်းခိုဆောင်ရှေ့မှ ထိပ်တိုက်တွေ့ဆုံမှုက နဝမလမ်းမှ လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားသည်။

ထိပ်သီးတန်ခိုးရှင်များက ကိုးလမ်းတွင် တက်ကြွစွာဖြင့် ရီဖူရှင်းအား အညံ့ခံစေရန် နဝမတည်းခိုဆောင်ကို အမိန့်ပေးနေသည်။

ပဋိပက္ခများက ကိုးလမ်းတွင် မကြာခဏ ဖြစ်ပွားတတ်သော်လည်း ဤတစ်ကြိမ်၌ ကွာခြားပေသည်။ လူတိုင်းကို အံ့အားသင့်စေသည်မှာ မဟာနတ်ဘုရားများမြို့အတွင်း အခြေအမြစ်မရှိသည့် လျှို့ဝှက်ဆန်းကြယ်သော အပြင်လူက ထန်ချန်းနှင့် အခြားနှစ်ယောက်ကို လူမြင်ကွင်းတွင် သတ်ဖြတ်ခဲ့ပြီး မုန်တိုင်းထန်စေခဲ့သည်။ ရီ​ဖူရှင်းအား သတ်ဖြတ်၍ လက်စားချေပြီးလျှင် ထိုအုတ်အော်​သောင်းနင်းဖြစ်မှုက တည်ငြိမ်သွားပေလိမ့်မည်။ အဆုံးမှာတော့ ရီဖူရှင်းထံ၌ ကိုးလမ်းတွင် မှီခိုအားကိုးစရာ မည်သူမှ ရှိမနေပေ။

"မဟာနတ်ဘုရားများမြို့မှာ ကျော်ကြားတဲ့ ကိုးလမ်းက ဒီလောက် အထင်ကြီးစရာလည်း မရှိဘူးပဲ။"

ထိုအခိုက်အတန့်တွင် ခြံဝန်း၏ အလယ်၌ ထိုင်နေသော ရီဖူရှင်းက ရုတ်တရက် ပြောလိုက်သည်။ မရေတွက်နိုင်သော မျက်လုံးများက ချက်ချင်း သူ့ထံ ရောက်ရှိလာခဲ့သည်။ သတ္ထုမျက်နှာဖုံးကို ဝတ်ဆင်ထားသည့် ရီဖူရှင်းသည် ခေါင်းကို ငုံ့ကာ ပိုင်ကျယ်၏ အဖြူရောင် အမွေးများကို သက်သောင့်သက်သာ အမူအရာနှင့် ပွတ်သပ်ပေးနေသည်။ သူက ပြောလိုက်၏။ "ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့ အရူးတစ်သိုက်က ကျုပ်ကို တစ်စုံတစ်​ယောက်နဲ့ တွေ့ဆုံဖို့အတွက် အတင်းအကျပ် အင်အားသုံးပြီးတောင် ဖိအားပေးဖို့ ကြိုးစားခဲ့တယ်။ သူတို့က တော်တော်လေးကို ကျိုးကြောင်းမဆီလျော်ဘဲ မျက်ကန်းတွေလိုမျိုး ဆရာသခင်ထျန်းပေါင်ဆီကို ကျုပ်ကို သွားလည်ဖို့ သင့်တော်တယ်တောင် တွေးနေတယ်။"

လူအုပ်ကြီးက ရီ​ဖူရှင်းရဲ့ စကားလုံးများကြောင့် ထိတ်လန့်အံ့သြနေကြသည်။ ဆရာသခင်ထျန်းပေါင်က အကောင်းဆုံး အာခီမီဆရာသခင်ဖြစ်ပြီး ကိုးလမ်းမှ မျက်နှာဖုံးလည်း ဖြစ်သည်။ သို့တိုင် ဆရာသခင်ထျန်းပေါင်က သူ၏ သွားရောက်လည်ပတ်မှုနှင့် ထိုက်တန်ခြင်း မရှိသည်လား။

ရီဖူရှင်းက ဖြေးညင်းစွာ မတ်တပ်ရပ်လိုက်သည်။ ပြင်းထန်လှသည့် အသက်စွမ်းအားများက သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာကာ တိမ်တိုက်များဆီ ထိုးထွက်သွားခဲ့သည်။ အစိမ်းရောင်နတ်အလင်းက ကောင်းကင်တွင် ရောင်ပြန်ဟပ်နေပြီး တန်ခိုးရှင်၏ နှလုံးသားတိုင်းကို တုန်ယင်လာအောင် ပြုလုပ်နေသည်။

မဟာလမ်းစဥ် အသက်စွမ်းအားက ကြောက်မက်ဖွယ် ကောင်းလောက်အောင် သန့်စင်လွန်းလှပေသည်။

"ကျုပ်က မသွားချင်တော့ သူတို့က စပြီး တိုက်ခိုက်လာတယ်။ သူတို့က အသတ်ခံရဖို့ မထိုက်တန်ဘူးလား။" ရီဖူရှင်းက မော့ကြည့်ကာ ပြောလိုက်သည်။ "သူတို့က ဆရာသခင်ထျန်းပေါင်ဆိုတာနဲ့ ကျုပ်ကို ဆင့်ခေါ်နိုင်မယ်လို့ ထင်နေကြတယ်။ ကျုပ် ပြောပြမယ်။ ကိုးလမ်းမှာ ရှိတဲ့ ဘယ်ဆရာသခင်မှ ကျုပ်ရဲ့ အာရုံကို ဖမ်းစားဖို့ မထိုက်တန်ဘူး။"

ရီဖူရှင်း၏ အထင်မြင်သေးသော မှတ်ချက်က လူတိုင်း၏ ပါးစပ်ကို ဟောင်းလောင်းဖြစ်သွားစေသည်။ လူအုပ်ထဲမှ လူအများက ရီဖူရှင်းအား တစ်ဖန် ဂရုတစိုက် စတင် စစ်ဆေးလိုက်ကြသည်။

ဆရာသခင်ထျန်းပေါင်က သူ၏ ထူးချွန်လှသော ဆေးလုံးဖော်စပ်ခြင်း စွမ်းရည်ကြောင့် ကိုးလမ်းတွင် အများလေးစားခံရသော ဂုဏ်ပုဒ်ကို ကိုင်စွဲထားသည်။ အာခီမီဆရာသခင် တစ်ယောက်က တန်ခိုးရှင်များကြားတွင် မြင့်မားစွာ လေးစား၍ တန်ဖိုးထားခံကြရသည်။ ဆရာသခင်ထျန်းပေါင်က ထျန်းယိအိမ်တော်အတွက် မရေတွက်နိုင်သော တန်ဖိုးရှိ ဆေးလုံးများ ဖန်တီးနိုင်သည်။

မည်သို့ပင်ဖြစ်စေ ဤလျှို့ဝှက်ဆန်းကြယ်သော လူက ဆရာသခင်ထျန်းပေါင်ထက် ပို၍ အလားအလာ ကောင်းမွန်သူ ဖြစ်နိုင်ပေသည်။

သူက သန်မာအားကောင်းလှသော စွမ်းအားနှင့် ပြီးပြည့်စုံသည့် မဟာလမ်းစဥ် အသက်စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ရလဒ်အနေနှင့် သူက ပြီးပြည့်စုံသော မဟာလမ်းစဥ် အသက်စွမ်းအား ဆေးလုံးကို လုပ်ဆောင်နိုင်စွမ်းရှိရပေမည်။ သူ ဖော်စပ်ခဲ့သော ဆေးလုံးများက မှန်းဆနိုင်သည်ထက် သာလွန်ခြင်းရှိခဲ့ပါလျှင် အနာဂတ်၌ သူ၏ ကျင့်ကြံခြင်းက ပိုမိုမြင့်မားစွာ တိုးတက်လာနိုင်ပေသည်။

ဆရာသခင်ထျန်းပေါင်ကို ဂရုမစိုက်သည်မှာ အံ့သြစရာမဟုတ်ပေ။

လင်ရှန်းသည်လည်း ရီဖူရှင်း မည်မျှ အစွမ်းထက်သည်ကို သိချင်နေမိသည်။ သူက လေဟာနယ်ထဲမှ လူများကို မော့ကြည့်ကာ ပြောလိုက်သည်။ "ခင်ဗျားတို့အားလုံး ကိုယ်တိုင် မြင်ခဲ့ကြတယ်။ ခင်ဗျားတို့ကို တစ်ယောက်​ယောက်က တွေ့ချင်တယ်ဆိုပြီး လူလွှတ် ဖိအားပေးရင် ဘယ်လိုတုံ့ပြန်မလဲ။"

လင်ရှန်း၏ စကားအရ သူသည် ရီဖူရှင်းက ဆရာသခင်ထျန်းပေါင်နှင့် အဆင့်ချင်းတူသည်ဟု ယုံကြည်နေပြီး ဖြစ်ပုံပေါ်သည်။ သူသည် ဆရာသခင်ထျန်းပေါင်က ရီဖူရှင်းကို ထျန်းယိအိမ်တော်သို့ ဆင့်ခေါ်ရန် အခွင့်အရေးမရှိဟု ထင်မြင်ထားပေသည်။

ဆရာသခင်ထျန်းပေါင်သည် ရီဖူရှင်းက သူ၏ ဖိတ်ကြားချက်အား သဘောမကျ ဖြစ်လိမ့်မည်ဟု မည်သည့်အခါကမှ ထင်မှတ်မထားခဲ့ပေ။ သူ့လူများက ရီဖူရှင်းအပေါ် အင်အားသုံးခဲ့သည့်အတွက် ရီဖူရှင်းက ပြန်လည်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

"အရှက်မရှိလိုက်တာ။" ဆရာသခင်ထျန်းပေါင်၏ အသံက အဝေးမှ ထွက်ပေါ်လာသည်။ "မင်းက ထူးချွန်ထက်မြက်တဲ့ မဟာလမ်းစဥ်နဲ့ အစွမ်းထက်တဲ့ ဆေးလုံးတွေ ဖော်စပ်နိုင်ရင်တောင် ကျုပ်ကို စီနီယာအဖြစ် လေးစားသင့်တယ်။ ကျုပ်က မင်းကို ဖိတ်ခေါ်ဖို့ လေးစားသမှုနဲ့ လူတွေ ပို့လိုက်တာ။ မင်းက ဒီလောက် မောက်မာတဲ့လူလို့ ဘယ်သူက ထင်မိမှာလဲ။"

"ယဥ်ကျေးမှုမရှိတာလား။" ရီဖူရှင်းက အဝေးသို့ ကြည့်ကာ ပြောလိုက်သည်။ "ကျုပ်က အခု တည်းခိုဆောင်ကို ပြန်ရောက်နေပြီး ဒီနေ့ အပြင်ပြန်ထွက်ဖို့ စိတ်မဝင်စားတော့ဘူး။ ဒါပေမယ့် မနက်ဖြန် ထျန်းယိအိမ်တော်ကို လာလည်ပြီး ခင်ဗျားရဲ့ ဆေးဖော်စပ်ခြင်းစွမ်းရည်က ဘယ်လောက်ကောင်းလဲ လာကြည့်မယ်။"

ဒါက... စိန်ခေါ်တာလား။

ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အာခီမီဆရာသခင်က ဆရာသခင်ထျန်းပေါင်ကို ဆေးဖော်စပ်ခြင်းမှာ စိန်ခေါ်ရန် ရည်ရွယ်နေသည်လား။

မည်မျှ မောက်မာလိုက်သနည်း။

ကြည့်ရတာ အစကတည်းက ဆရာသခင်ထျန်းပေါင်သည် သူ၏ အောက်ခြေ၌သာ ရှိနေသည်ဟု ဆုံးဖြတ်ထားသလို ထင်မှတ်ရပေသည်။ မည်မျှ မောက်မာလိုက်သည့်လူနည်း။

ခြံဝန်းထဲမှာ ရပ်နေရင်း သူသည် သူ့ကို ဖမ်းရန်လာသည့် ထိပ်သီးတန်ခိုးရှင်များစွာကို မျက်နှာချင်းဆိုင်လိုက်သော်လည်း သူက သူတို့ကို လေးနက်စွာ မှတ်ယူထားခြင်း မရှိပေ။ ထိုသည်မှာ အာခီမီဆရာသခင် တစ်ယောက်၏ မောက်မာမှုပေလား။

"ဘယ်လောက် စိတ်ဝင်စားစရာကောင်းလိုက်သလဲ။" လင်ရှန်းက အပြုံးနှင့် ပြောလိုက်သည်။ "ခင်ဗျားတို့အားလုံး ကြားကြတယ်မလား။ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ဆရာသခင်က မနက်ဖြန် ထျန်းယိအိမ်တော်ကို စိန်ခေါ်ဖို့ သွားလိမ့်မယ်။ ကျုပ်တို့တွေ ဒီကိစ္စကို ကိုယ်တိုင် သွားကြည့်နိုင်တယ်။"

ကိုးလမ်းမှ လူတိုင်းသည် နဝမတည်းခိုဆောင်မှ အဖြစ်အပျက်များကို အနီးကပ်စောင့်ကြည့်နေခဲ့သည်။ သူတို့အားလုံးသည် လျှို့ဝှက်ဆန်းကြယ်သော ဆရာသခင်က ဆရာသခင်ထျန်းပေါင်အား စိန်ခေါ်ရဲသည့်အတွက် အံ့သြထိတ်လန့်သွားကြသည်။ သူ၏ မောက်မာမှုက လူအများ ခန့်မှန်းထားသည်ထက် သာလွန်နေသည်။

သူက အမှန်တကယ် စွမ်းဆောင်ရည်ရှိလျှင် ဆရာသခင်ထျန်းပေါင်က သူ့ကို ထျန်းယိအိမ်တော်သို့ လာရောက်ရန် သူ့တပည့်အား လွှတ်ကာ ခေါ်ခိုင်းလိုက်ခြင်းက သူ့ကို ကျိန်ဆဲခြင်းပင် ဖြစ်လေသည်။

ထျန်းယိအိမ်တော်၏ အိမ်တော်သခင်ပင်လျှင် ထိုအခိုက်၌ ပြောစရာစကား ပျောက်ဆုံးသွားပေသည်။ ရီ​ဖူရှင်းက သူ မနက်ဖြန် ထျန်းယိအိမ်တော်သို့ သွားမည်ဟု သူတို့အား သတင်းပေးနေသည်။ ဤအ​ခြေအနေမှာ သူတို့ မည်သည်အား လုပ်နိုင်မည်နည်း။

အိမ်တော်သခင်က ထိုကိစ္စနှင့် ပတ်သတ်၍ ချင့်ချိန်နေဆဲ ဖြစ်သော်လည်း ဆရာသခင်ထျန်းပေါင်က ချက်ချင်း ပြန်ဖြေလိုက်သည်။ "ဒီလိုဆိုမှတော့ ကျုပ် မနက်ဖြန် မင်းကို ထျန်းယိအိမ်တော်မှာ စောင့်နေမယ်။"

"ဒါဆိုလည်း တစ်ရက်လောက် စောင့်လိုက်ကြတာပေါ့။" လွှမ်းမိုးနိုင်သော အရှိန်အဝါက ပြန်လည်ရုတ်သိမ်းသွားခဲ့သည်။ ထျန်းယိအိမ်တော်၏ အိမ်တော်သခင်က ထွက်ခွာသွားပြီး လေဟာနယ်ထဲမှ မျက်နှာသည်လည်း ပျောက်ကွယ်သွားခဲ့သည်။ လူအုပ်ကြီးက အချိန်တိုအတွင်း ပြန့်ကျဲသွားလေသည်။ သို့သော် ရီဖူရှင်း ထွက်ပြေးမည်ကို ကြောက်ရွံ့သောကြောင့် ရန်ဟောင်အနည်းငယ်က သူတို့၏ နတ်အာရုံကို ဖြန့်ကျက်ထားသည်။

ထိပ်သီးတန်ခိုးရှင်များက ထွက်ခွာသွားသော်လည်း ကိုးလမ်းတွင် ပွက်လောရိုက်နေဆဲ ဖြစ်ပေသည်။ လူတိုင်းသည် ဆေးဖော်စပ်ရာ၌ ကျွမ်းကျင်သော ကိုးလမ်း၌ ပြိုင်ဘက်ကင်း ဆရာသခင်ထျန်းပေါင်အား စိန်ခေါ်သည့် လျှို့ဝှက်ဆန်းကြယ်သော အပြင်လူအကြောင်း ဆွေးနွေးနေကြသည်။ ဆရာသခင်ထျန်းပေါင်က အလွန် အဆင့်မြင့်မားသော ဆေးလုံးကို ဖော်စပ်နိုင်စွမ်းရှိပြီး ထျန်းယိအိမ်တော်၏ လေးစားခံ ဧည့်သည်တော် ဖြစ်ပေသည်။

ကိုးလမ်းမှ အစွမ်းထက်ပုဂ္ဂိုလ်များ အားလုံးက ဆရာသခင်ထျန်းပေါင်နှင့် ရင်းနှီးလိုကြသည်။ ရှေးဟောင်းတော်ဝင် သွမ့်မိသားစုပင်လျှင် သူနှင့် ဆက်သွယ်ရန် လူများ စေလွှတ်ကြသည်။ သူတို့ သွမ့်မိသားစုအတွင်းရှိ ဆရာသခင်လောက် မကောင်းမွန်သော်လည်း သူတို့သည် ဆရာသခင်ထျန်းပေါင်ကို သူတို့နှင့် ပူးပေါင်းစေလိုသည်မှာ သံသယဖြစ်စရာ မလိုပေ။

မည်သို့ပင်ဖြစ်စေ လူအများက အပြည့်အဝ ယုံကြည်ခြင်းမရှိသေးချေ။ ထိုလျှို့ဝှက်ဆန်းကြယ်သောသူက ပြီးပြည့်စုံသော မဟာလမ်းစဥ်ကို ပိုင်ဆိုင်ထားသော်လည်း ဆရာသခင်ထျန်းပေါင်ထက် ကျင့်ကြံဆင့် ပိုနိမ့်ပေသည်။ ဆရာသခင်ထျန်းပေါင်နှင့် ဆေးပညာ၌ ယှဥ်ပြိုင်ရန် သူ့အတွက် လွယ်ကူလိမ့်မည် မဟုတ်ပေ။

သို့သော် သူက ထူးချွန်သော ဆေးဖော်စပ်ခြင်းစွမ်းရည်ကို ပြသနိုင်သရွေ့ အချို့လူများသည် သူ့ကို သူတို့လက်အောက်သို့ သိမ်းသွင်းကာ ကာကွယ်ပေးချင်သူများ ရှိပေလိမ့်မည်။

မကြာခင်၌ ကိုးလမ်းမှ ထိုသတင်းက မဟာနတ်ဘုရားများမြို့၏ အခြားနေရာများသို့ ပျံ့နှံ့သွားပေသည်။ မောက်မာပြီး လျှို့ဝှက်ဆန်းကြယ်သော ကိုးလမ်းမှ ဆရာသခင်၏ ကျော်​ကြားမှုက တဖြေးဖြေး မြင့်တက်လာပေသည်။

***

All Chapters