← Chapters

အောင်မြင်မှု

Vol. 150 Ch. 2136

အောင်မြင်မှု

Vol. 150 Ch. 2136

ဆရာသခင်ထျန်းပေါင်က ရီဖူရှင်းနှင့် ပတ်သတ်ပြီး အချိန်မဖြုန်းလိုတော့သည့်အတွက်ကြောင့် ချက်ချင်း စတင်ရန် ပြင်ဆင်လိုက်သည်။ လူတိုင်းသည် ဆရာသခင်ထျန်းပေါင်က ရီဖူရှင်းကို သူနှင့် ညီမျှသော ပြိုင်ဘက်တစ်ဦးဖြစ်လိမ့်မည်ဟု ယုံကြည်ခြင်း မရှိကြောင်း သိရှိပေသည်။ သူက ပြိုင်ပွဲကို တတ်နိုင်သမျှ စောစီးစွာ အဆုံးသတ်ရန် စိတ်အားထက်သန်နေသည်။ ထိုမှသာ သူသည် ရီဖူရှင်းကို တတ်နိုင်သမျှ မြန်ဆန်စွာ သတ်ဖြတ်နိုင်မည်ဖြစ်သည်။

ရီဖူရှင်းက မည်သည့်ဆေးလုံးအမျိုးအစားကို ဖော်စပ်နိုင်သည်ဖြစ်စေ၊ သူ့အား ဆရာသခင်ထျန်းပေါင်က အသက်ရှင်ခွင့်ပေးမည် မဟုတ်ပေ။ ရီဖူရှင်းသည် သူ့အား ဖိတ်ခေါ်ရန်ကြိုးစားခဲ့သော သူ့တပည့်အား သတ်ဖြတ်ခဲ့သည်။ သူက ဤနေရာမှ မည်သည့် အထိအခိုက်မှမရှိဘဲ လွတ်မြောက်သွားခဲ့လျှင် ဆရာသခင်ထျန်းပေါင်သည် ကိုးလမ်း၌ ကျော်ကြားမှုအားလုံးဆုံးရှုံးရပေလိမ့်မည်။

ရီဖူရှင်းက မျက်နှာဖုံး၏ နောက်ကွယ်မှနေ၍ ဆရာသခင်ထျန်းပေါင်အား အထင်သေးသော အကြည့်တစ်ခုနှင့် ကြည့်လိုက်သည်။ ထို့နောက် သူက ဆန့်ကျင်ဘက်နေရာ၌ ရပ်လိုက်ကာ သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။ ဆေးပေါင်းဖိုတစ်ခုက လေထဲတွင် မျောလွင့်ကာ ထွက်ပေါ်လာသည်။

"ဟမ့်..."

ဆရာသခင်ထျန်းပေါင်က သရော်လိုက်သည်။ နောက်ထပ် ဆေးပေါင်းဖိုတစ်ခုက ချက်ချင်း ထွက်ပေါ်လာခဲ့၏။ ရီဖူရှင်းနှင့် ဆရာသခင်ထျန်းပေါင်တို့က မျက်နှာချင်းဆိုင် ရပ်နေကြသည်။ သူတို့၏ ဆေးပေါင်းဖိုများက ဆန့်ကျင်ဘက်တွင် ရှိနေခဲ့ကြသည်။

ဘုန်း...

အလွန် ပူပြင်းလှသော မီးလျှံစီးကြောင်းတစ်ခုက ထိုးထွက်လာပြီး ဆေးပေါင်းဖို၏ အနီးတွင် စီးဆင်းနေသည်။ စင်မြင့်၏ ဘေးတစ်ဖက်တစ်ချက်တွင် ရှိနေသော ကြည့်ရှုနေသူများပင် ပြင်းထန်သည့် အပူချိန်ကို ခံစားမိကြပေသည်။ အချို့သော သူများက သူတို့၏ လက်များကို မြှောက်ကာ မျက်နှာကို အပူမဟပ်စေရန် ကာကွယ်လိုက်ကြရသည်။ ထို့နောက်တွင် သူတို့သည်  ဆေးပေါင်းဖိုနှစ်ခုလုံး၌ လမ်းစဥ်မီးလျှံများ တစ်ချိန်တည်း တောက်ပလာသည်ကို မြင်တွေ့လိုက်ရပေသည်။

"တျန့်ခြောက်မျိုးစစ်မှန်မီးတောက်"

လူအုပ်ကြီးက ဆရာသခင်ထျန်းပေါင်၏ လမ်းစဥ်မီးလျှံက မည်သည့် မီးလျှံ ဖြစ်ကြောင်း မှန်းဆ နေကြသည်။ ရွှေရောင်မီးလျှံများက ဆေးပေါင်းဖို၏ အောက်တွင် တောက်ပနေပြီး အလွန် လင်းလက်သော သင်္ကေတများ ဖြစ်တည်လာသည်။ ဆရာသခင်ထျန်းပေါင်သည် ဤအဆင့်ကိုး အင်ပါယာအဆင့် လမ်းစဥ်မီးလျှံကို သူ၏ အစောပိုင်းနှစ်များတွင် အခွင့်အလမ်းတစ်ခုကြောင့် ရရှိခဲ့ခြင်းဖြစ်သည်။ ထိုသည်မှာ သူက အဆင့်ရှစ် အထွတ်အထိပ် ရန်ဟောင်တစ်ပါးသာ ဖြစ်သေးသော်လည်း မည်သည့်အတွက်ကြောင့် အဆင့်ကိုး မဟာလမ်းစဥ်ဆေးလုံးများကို အောင်မြင်စွာဖော်စပ်နိုင်မှုနှုန်း မြင့်မားနေရသနည်းဟူသည့် အကြောင်းရင်းပင် ဖြစ်လေသည်။

ဆေးပညာ အသိုင်းအဝိုင်းအတွင်း၌ ဆရာသခင်အဆင့်မှာ လက်တစ်ဆုပ်စာမျှသာ ရှိသည်။ ထို့အပြင် ထိုအာခီမီဆရာသခင်များသည်ပင် သူတို့၏ ကျင့်ကြံဆင့်ပေါ် မူတည်ပြီး မဟာလမ်းစဥ် ဆေးလုံးများ ပြုလုပ်ရာ၌ အောင်မြင်မှုနှုန်းက အမြဲတမ်း မြင့်မားနေခြင်း မဖြစ်နိုင်ပေ။ သို့သော် ဆရာသခင်ထျန်းပေါင်သည် အဆင့်ရှစ်မဟာလမ်းစဥ် ဆေးလုံးများ ဖော်စပ်ရာ၌ အောင်မြင်မှုနှုန်းက ကိုးဆယ်ရာခိုင်နှုန်းထက် မြင့်မားပေသည်။ သူသည် အဆင့်ကိုးဆေးလုံးများကိုပင် ဆယ်ကြိမ်၌ သုံးကြိမ်ကို အောင်မြင်စွာ ​​ ​ဖော်စပ်နိုင်ပေသည်။ ထိုသို့ လုပ်နိုင်စွမ်းကအလွန် အံ့အားသင့်ဖွယ်ကောင်းလှသည်။ သူ၏ ထူးခြားသော လမ်းစဥ်မီးလျှံအပြင် ၎င်းမှာ ဆရာသခင်ထျန်းပေါင်၌ ထူးချွန်သော ဆေးဖော်စပ်ခြင်းစွမ်းရည် ရှိခြင်းကြောင့်လည်း ဖြစ်ပေသည်။

လူအများက ရီဖူရှင်း၏ ဘက်သို့ ကြည့်လိုက်ကြပြီး သူ၏ လမ်းစဥ်မီးလျှံမှာလည်း ပြိုင်ဘက်ကင်းသလို ခံစားရပေသည်။ ၎င်းက  အားကောင်းကာ ပြင်းထန်လှပြီး  မည်သည့်အခါမှ ငြိမ်းသက်သွားခြင်းမရှိဘဲ လောင်ကျွမ်းနေမလို ခံစားရပေသည်။

ထို့အပြင် ဘေးပတ်ဝန်းကျင်မှ လောကဝိညာဉ်စွမ်းအားများသည် သူ၏လမ်းစဉ်မီးတောက်ဆီသို့ စီးဆင်းနေပြီး လောင်စာအဖြစ် အားဖြည့်ပေးနေသည်။

"အဆင့်ငါး ပြီးပြည့်စုံတဲ့ အဆင့်။" လူအုပ်ကြီးက ရေရွတ်လိုက်သည်။ ၎င်းသည် ပျံ့နှံ့နေသော ကောလဟာလများကို အတည်ပြုပေးခဲ့၏။ ဆရာသခင်ထျန်းပေါင်သည်လည်း ရီဖူရှင်း၏ လမ်းစဥ်မီးလျှံကို သတိပြုမိကာ စတင်၍​ လေးနက်လာခဲ့သည်။ သူ၏ မျက်လုံးများထဲ၌ လောဘကြီးသော အကြည့်တို့ ထင်ဟပ်လာခဲ့၏။ ကြည့်ရသည်မှာ သူ ထင်မှတ်ထားသကဲ့သို့ ရီဖူရှင်းအား ရိုးရှင်းစွာ သတ်ဖြတ်နိုင်မည့်ပုံ မပေါ်ပေ။ သူက အရင်ဆုံး ရီဖူရှင်း၏ လမ်းစဥ်မီးလျှံကို ခိုးယူရန် နည်းလမ်းရှာဖို့ရာ လိုအပ်ပေသည်။

လမ်းစဥ်မီးလျှံက လောင်ကျွမ်းနေစဥ် ရီဖူရှင်းနှင့် ဆရာသခင်ထျန်းပေါင်တို့က ဆေးဖက်ဝင်အပင်များနှင့် အခြားပါဝင်ပစ္စည်းများအား ဆေးပေါင်းဖိုအတွင်းသို့ လောင်းထည့်နေကြပြီး သူတို့၏ အင်္ကျီလက်များက တဖျတ်ဖျတ်လွင့်နေခဲ့သည်။ သူတို့၏ မျက်လုံးများကို မှိတ်ကာ ဆေးလုံးဖန်တီးသည့်အပေါ်တွင် အာရုံစူးစိုက်ထားသည်။ စင်မြင့်ပေါ်တွင် တိတ်ဆိတ်ခြင်းကသာ ကြီးစိုးနေသလို ကြည့်ရှုနေသူများကလည်း တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။ ဆရာသခင်ထျန်းပေါင်နှင့် ရီဖူရှင်းအား အနှောက်အယှက်ဖြစ်စေမည်ကို စိုးရိမ်သည့်အတွက် မည်သူကမှ စကားတစ်ခွန်းပင် မပြောရဲကြပေ။ သူတို့သည် လမ်းစဥ်မီးလျှံများ၏ တဖျစ်ဖျစ်မြည်နေသံများကိုပင် ကြားနေရပေသည်။

ဆေးလုံးများကို ချက်ချင်းပြုလုပ်၍ မရနိုင်ပေ။ ရီဖူရှင်းနှင့် ဆရာသခင်ထျန်းပေါင်က စင်မြင့်ပေါ်၌ တိတ်ဆိတ်စွာ ရှိနေပြီး ကြည့်ရှုနေသူများက အချင်းချင်းစတင်၍ တီးတိုးပြောဆိုလာကြသည်။

ထိုစဥ် ဆေးပေါင်းဖိုနှစ်ခုလုံးမှ ဆူပွက်အက်ကွဲသံများ ထွက်ပေါ်လာသည်။

"ဒါက..." ရီဖူရှင်း၏ လမ်းစဥ်မီးလျှံသည် ဆေးပေါင်းဖိုအနီး၌ တောက်ပသော ဖီးနစ်တစ်ကောင်ပုံစံ ဖြစ်ပေါ်လာသည်ကို တစ်စုံတစ်ယောက်က သတိပြုမိလိုက်သည်။

"သူ့ရဲ့ လမ်းစဥ်မီးလျှံက အရမ်းထူးကဲတာပဲ။" လူတစ်ယောက်က ရေရွတ်လိုက်သည်။ ထို့အပြင် ရီဖူရှင်း၏ လမ်းစဥ်မီးလျှံသည် သူတို့ကို ထာ၀ရလောင်ကျွမ်းနေလိမ့်မည်ဟူသော ရှင်းပြနိုင်စွမ်းမရှိသည့် ခံစားချက်မျိုး ဖြစ်ပေါ်စေပေသည်။

ကြည့်ရသည်မှာ လျှို့ဝှက်ဆန်းကြယ်သော အာခီမီဆရာသခင်က အမှန်တကယ်ပင် သာမန်လူ ဟုတ်ပုံ မရပေ။  သူက ဆရာသခင်ထျန်းပေါင်အား တိုက်ရိုက်ရန်စရဲပြီး ဆေးဖော်စပ်ခြင်းကိုပင် ယှဥ်ပြိုင်၍ ကိစ္စများအား တိုက်ရိုက်ဖြေရှင်းလိုသည်မှာ အံ့သြစရာမရှိတော့ပေ။

"ဒါက စိတ်၀င်စားစရာပဲ။" လင်ရှန်းသည်လည်း လူအုပ်ကြားထဲ၌ ရှိနေခဲ့သည်။ သူက ပို၍ မြင့်မားသော ထိုင်ခုံနေရာသို့ သွားရန် အရည်အချင်း ပြည့်မီသော်လည်း မနေ့က ရီဖူရှင်း၏ ကိစ္စဖြင့် သူနှင့် ထျန်းယိအိမ်တော်သခင်ကြား ပဋိပက္ခဖြစ်ပွားခဲ့သောကြောင့် သူက ထိုအမြင့်ပိုင်းသို့ မသွားတော့ရန် ရွေးချယ်ခဲ့သည်။ သူသည် အောက်ဘက်မှနေ၍ ပြိုင်ပွဲကို ကြည့်သည်က ပို ကောင်းပေလိမ့်မည်။

လင်ရှန်းက ရီဖူရှင်းအား အလွန် စိတ်၀င်စားသွားခဲ့သည်။ ဤ လျှို့ဝှက်ဆန်းကြယ်သော အာခီမီဆရာသခင်က မောက်မာကာ လွှမ်းမိုးနိုင်စွမ်းရှိလှပြီး တမှုထူးခြားပေသည်။ သူက မည်သည့်အတွက် ထိုသို့ပြုမူနေရသနည်း။ သူ၏ ရည်ရွယ်ချက်က မည်သို့ ဖြစ်သနည်း။

သူက ကျော်ကြားလာရန် လိုချင်နေသည်လား။

ဤသည်မှာ ကျော်ကြားမှု ရရှိနိုင်ရန် အန္တရာယ်များသော နည်းလမ်းဖြစ်မည်ဟု ထင်ရပေသည်။

"ဘယ်သူနိုင်မယ်လို့ ထင်လဲ။" တစ်စုံတစ်ယောက်က တီးတိုးပြောလိုက်သည်။

"ဆရာသခင်ထျန်းပေါင်က ဒီတစ်ကြိမ််မှာ သူအမြင့်ဆုံး လုပ်ဆောင်နိုင်တဲ့ အဆင့်ကိုးဆေးလုံးကို ဖော်စပ်မှာ သေချာတယ်။ သူ့ရဲ့ ထူးခြားပြောင်မြောက်လှတဲ့ စွမ်းရည်နဲ့ဆိုရင် ဒါက အောင်မြင်နိုင်ချေ အရမ်းများတယ်။ ဒီလူက ဆရာသခင်ထျန်းပေါင်ထက် ကျင့်ကြံဆင့် ပိုပြီး နိမ့်တယ်။ ကျုပ်တို့က သူဘယ်လို ဆေးအမျိုးအစား ဖော်စပ်တယ်ဆိုတာကို စောင့်ကြည့်နေရုံပဲ ရှိတယ်။" လူတစ်ယောက်က ပြန်ဖြေလိုက်သည်။ ကြည့်ရသည်မှာ လူအများသည် ဆရာသခင်ထျန်းပေါင်က ကျိန်းသေအနိုင်ရလိမ့်မည်ဟု ယုံကြည်နေပုံရပေသည်။

လူတိုင်းသည် ဆရာသခင်ထျန်းပေါင်၏ ဆေးလုံးအရည်အသွေးက ရီဖူရှင်းထက်ပို၍ မြင့်မားသည်ဟု ယုံကြည်ချက်ရှိသည်။ သူတို့က ထိုကိစ္စနှင့် ပတ်သတ်ပြီး သံသယမရှိခဲ့ပေ။

လမ်းစဥ်မီးလျှံများက ပြင်းထန်စွာဖြင့် ပိုမိုတောက်လောင်လာခဲ့သည်။ ရီဖူရှင်းနှင့် ဆရာသခင်ထျန်းပေါင်သည် ဆေးဖက်ဝင် ပစ္စည်းအသစ်များကို ဆေးပေါင်းဖိုအတွင်းသို့ အဆက်မပြတ် ပေါင်းထည့်နေခဲ့သည်။

"ကြည့်ရတာ တကယ်ပဲ ဆရာသခင်ထျန်းပေါင်က အဆင့်ကိုး ဆေးလုံးကို လုပ်ဖို့ ကြိုးစားနေပုံပဲ။" လူအများသည် ဆရာသခင်ထျန်းပေါင်က ဆေးပေါင်းဖိုအတွင်း ထည့်ခဲ့သည့် ပါ၀င်ပစ္စည်းများကို အခြေခံ၍ မည်သို့သော ဆေးလုံးမျိုး ဖော်စပ်နေသည်ကို ပြောနိုင်ကြပေသည်။

ထိုကဲ့သို့ပင် ရီဖူရှင်းအသုံးပြုသော ပါဝင်ပစ္စည်းများမှာလည်း အလွန်ရှားပါးကာ အဖိုးတန်လှသည်။ သူသည် ၎င်းတို့ကို ကိုးလမ်းအတွင်း၌ အလဲအလှယ် လုပ်ခြင်းမှ တဆင့်ရရှိခဲ့ခြင်း ဖြစ်သည်။

လမ်းစဥ်မီးလျှံက တောက်ပနေခဲ့ပြီး အချိန်ကြာလာသည့်အခါ ကြွယ်၀လှသည့် အရှိန်အဝါတစ်ခုက ဆေးပေါင်းဖိုအတွင်းမှ ထိုးထွက်လာခဲ့သည်။ ဆေးလုံးများက ဖော်စပ်၍ မပြီးသေးသော်လည်း ထွက်ပေါ်လာသည့် ရနံ့များက သွားရည်ကျချင်စရာကောင်းလှပြီး ယစ်မူးစေနိုင်သည်။

ဆေးပေါင်းဖိုများသည် လေထဲတွင် တုန်ခါနေကြပြီး ဆူညံသော အသံများကို ပြုလုပ်နေခဲ့သည်။

ဆရာသခင်ထျန်းပေါင်က သူ၏ လက်ကို ဆန့်ထုတ်ကာ ဆေးပေါင်းဖိုကို ရိုက်လိုက်သည်။ ဆေးပေါင်းဖိုက ချက်ချင်းပင် သူ့ အရှေ့၌ စတင်၍ လည်ပတ်လာခဲ့သည်။ သူတို့၏ လက်နှစ်ဖက်ကို စည်းတံဆိပ်သဏ္ဌာန် ပုံဖော်လိုက်သည်နှင့် မဟာလမ်းစဥ်စွမ်းအင်လှိုင်းများက အထက်မှ တရှိန်ထိုး ကျဆင်းလာခဲ့ကာ လူတိုင်းကို အံ့သြသွားစေခဲ့သည်။ ဆေးပေါင်းဖိုက လောက၏ မဟာလမ်းစဥ်စွမ်းအားများကို စုပ်ယူဝါးမြိုနေပေသည်။

ကြောက်မက်ဖွယ် လမ်းစဥ်မီးလျှံများက ဆေးပေါင်းဖိုကို မီးနှင့် မြှိုက်နေခဲ့ပြီး လောင်ကျွမ်းနေသော မီးလျှံအလင်းက တိမ်တိုက်များကိုပင် အရောင်ပြောင်းလာစေခဲ့သည်။ ကောင်းကင်တစ်ခွင်လုံးက နီစွေးစွေးအရောင်များ ပြောင်းလဲသွားခဲ့သည်။

မီးလျှံများက စုစည်းလာပြီး မီးနဂါးများကဲ့သို့ပင် ဆေးပေါင်းဖိုအတွင်းသို့ တိုးဝင်လာခဲ့သည်။

"ဆရာသခင်ထျန်းပေါင်က မဟာလမ်းစဥ် မီးဓာတ်ဆေးလုံးကို ပြုလုပ်နေကြ။ ဒါက သူ့ရဲ့ အသန်မာဆုံးနဲ့ အားအကောင်းဆုံး ဖော်စပ်မှုပဲ။" အချို့လူများက ဆရာသခင်ထျန်းပေါင်၏ ရည်ရွယ်ချက်ကို ချက်ချင်းနားလည်သွားကြသည်။

အခြားတစ်ဖက်တွင် ရီဖူရှင်း၏ ဆေးပေါင်းဖိုမှ ဖီးနစ်အော်မြည်သံ ခပ်တိုးတိုး ထွက်ပေါ်လာခဲ့သည်။ ထို့နောက် အလင်းဖောက်နိုင်သော နတ်ဖီးနစ်တစ်ကောင်၏ အသွင် ဖြစ်ပေါ်လာပြီး ဆေးပေါင်းဖိုကို ရစ်ပတ်ထားသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်မှ တောက်ပသော နတ်အလင်းများ ထုတ်လွှတ်နေခဲ့သည်။ သူ့ထံမှ သန့်စင်သော စွမ်းအင်လှိုင်းများက ဆေးပေါင်းဖိုသို့ စီးဆင်းသွားခဲ့ပြီး သူက ကောင်းကင်နတ်ဘုရားတစ်ပါးနှင့်အသွင် တူညီပေသည်။

မဟာလမ်းစဥ်၏ နတ်အလင်းများက တိမ်တိုက်များဆီသို့ တိုး၀င်သွားကာ ထူးခြားဆန်းကြယ်လှသော သဘာ၀ ဖြစ်စဥ်များ ဖြစ်ပေါ်လာစေသည်။ ကြီးမားသည့် ဖီးနစ်အရိပ်ကြီးက ကောင်းကင်ထက်တွင် ထွက်ပေါ်လာပြီး ဆေးပေါင်းဖိုမှ လွှမ်းမိုးနိုင်စွမ်းရှိလှသည့် အရှိန်အဝါများ မြင့်တက်လာသည်။ ဆေးပေါင်းဖိုအတွင်းမှ အော်မြည်သံများက ကျယ်လောင်သထက် ကျယ်လောင်လာပေသည်။

"ထူးခြားတဲ့ သဘာ၀ဖြစ်စဥ်နဲ့ ဆုံးဖြတ်ရမယ်ဆိုရင် သူက ဆရာသခင်ထျန်းပေါင်လိုမျိုး တော်တဲ့သူတစ်ယောက်ပဲ။" လူအများကြီးသည် ရီဖူရှင်း၏ စွမ်းရည်ကြောင့် အံ့သြထိတ်လန့်သွားခဲ့ကြသည်။ ရီဖူရှင်းက သတ္ထုမျက်နှာဖုံးနောက်မှ သူ၏ မျက်လုံးကို ပိတ်ထားဆဲ ဖြစ်ပေသည်။ သူက ရှိသမျှ ခွန်အားအားလုံးကို အသုံးပြုနေပြီး ဗလာစိတ်အခြေအနေသို့ ၀င်ရောက်သွားခဲ့သည်။ ကိုးလမ်းမှ လူတိုင်းမှတ်မိနေသော စိတ်ကြီး၀င်နေသည့် လူနှင့် မတူညီစွာ ယခုအချိန်၌ ရီဖူရှင်းသည် ခမ်းနားထည်ဝါ၍ ဂုဏ်သရေရှိသော ဆရာသခင်အစစ်အမှန်နှင့် တူနေပေသည်။

"သူ ဖော်စပ်နေတာ ဘယ်လို ဆေးအမျိုးအစားလဲ။" တစ်စုံတစ်ယောက်က မေးလိုက်သည်။

"ကျုပ်မှတ်မိတာသာမှန်မယ်ဆိုရင် သူက ကိုးလမ်းကို ဆေးအချို့ဖော်စပ်ရာမှာ အဓိက ပါဝင်ပစ္စည်းဖြစ်တဲ့ နှစ်တစ်သောင်း ဖီးနစ်ခြင်ဆီကို ရှာဖွေဖို့အတွက် ဒီနေရာကို ကံစမ်းဖို့ ရောက်လာတာလို့ ပြောခဲ့ဖူးတယ်။"

"ဘယ်လို ဆေးအမျိုးအစားလဲ။" လူအများက သိချင်နေကြသည်။

"သေနေတဲ့ သူကိုတောင် ပြန်ရှင်လာအောင် လုပ်နိုင်စွမ်းရှိတဲ့ အမတဆေးလုံး။ အဲဒါက ဘယ်တော့မှ ပျက်စီးသွားမှာ မဟုတ်တဲ့ အသွေးအသားနဲ့ အရိုးတွေကို ပြုလုပ်နိုင်တယ်။ ဒါကြောင့် တစ်ကိုယ်လုံး ကျိုးကြေပြီး သေလုဆဲဆဲ ဖြစ်နေတဲ့ သူတောင်မှပဲ အသက်ပြန်ရှင်လာနိုင်တယ်။" တစ်စုံတစ်ယောက်က ပြောလိုက်သည်။ "ဒီလူက တစ်ချိန်လုံး မျက်နှာဖုံးကို ၀တ်ဆင်ထားခဲ့တယ်။ ကြည့်ရတာ သူ့ရဲ့မျက်နှာမှာ ဆိုးဆိုးဝါးဝါးထိခိုက်ဒဏ်ရာ ရထားတာကြောင့် ကုသဖို့အတွက် အဲဒီဆေးလုံးကို လိုချင်တာ ဖြစ်နိုင်တယ်။"

"ကြည့်ရတာ မကြာခင် ပြီးတော့မယ်နဲ့တူတယ်။" လူအုပ်ကြီးက ဆေးပေါင်းဖိုကို မျက်တောင်မခတ်ပဲ စိုက်ကြည့်နေကြသည်။ ဆရာသခင်ထျန်းပေါင်၏ စွမ်းဆောင်ရည်က မျှော်လင့်ထားသလိုပင် ဖြစ်သော်လည်း ရီဖူရှင်းက သူတို့အား အကြီးအကျယ် အံ့အားသင့်စေခဲ့သည်။ လျှို့ဝှက်ဆန်းကြယ်သော အာခီမီဆရာသခင်က သာမန်ထက် ပိုမိုသာလွန်သည်မှာ သေချာပေသည်။

အချိန်တခဏ ကြာပြီးနောက် နောက်ဆုံးတွင် ဆေးလုံး၏ အရှိန်အဝါများက ဆေးပေါင်းဖိုအတွင်းမှ ထွက်ပေါ်လာခဲ့သည်။ နတ်အလင်းတန်းတစ်ခုက တိမ်တိုက်များဆီသို့ ထိုးဖောက်သွားကာ မီးလျှံကဲ့သို့ တောက်ပနေခဲ့၏။ ၎င်းသည် ကိုးလမ်းအထက်မှ ကောင်းကင်တစ်ခွင်လုံးကို ရဲရဲနီသွားစေပြီး အနီး၀န်းကျင်မှ နေရာများကိုပင် အလင်းဖြန့်ဝေပေးခဲ့သည်။ မဟာနတ်ဘုရားများမြို့မှ မရေတွက်နိုင်သော သူများသည် သူတို့၏ မျက်လုံးများကို အလင်းလာရာ ရင်းမြစ်ဆီသို့ ပို့ဆောင်လိုက်ကြသည်။

"ဆေးလုံးက ဖော်စပ်လို့ပြီးသွားပြီပဲ။" ကြည့်ရှုနေသူတစ်ယောက်က ဆရာသခင်ထျန်းပေါင်၏ ရှေ့တွင် နေရာယူထားသော ကြီးမားလှသည့် သွေးနီရောင်ဆေးလုံးကို စိုက်ကြည့်နေခဲ့သည်။ မီးလျှံများက ထိုတောက်ပသော ဆေးလုံးအတွင်းသို့ အရူးအမူးတိုးဝင်နေကြသည်။

ထိုနေရာတစ်ခွင်လုံးက ရဲရဲနီသွားခဲ့သည်။

"နတ်မီးလျှံဆေးလုံးအဆင့်ကိုး။" ကျွမ်းကျင်သူ၏ ကြေညာချက် ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် ဆရာသခင်ထျန်းပေါင် ပြုလုပ်သော ပထမဆုံးနတ်မီးလျှံဆေးလုံး မဟုတ်ပေ။ ထိုဆေးလုံးက မီးလျှံလမ်းစဥ် ကျင့်ကြံနေသည့် သူများအတွက် အလွန် အကျိုးဖြစ်ထွန်းစေလှသည်။ ၎င်းကို စုပ်ယူနိုင်လျှင်ပင် ကျင့်ကြံသူ၏ မီးလျှံလမ်းစဥ်က ချက်ချင်းတိုးတက်သွားပြီး သူ၏ မီးဓာတ်စွမ်းအားကို တိုးမြှင့်ပေးနိုင်သည်။ ထို့အပြင် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်စေပြီး သူ့ စိတ်ဝိညာဥ်ကိုပင် သန့်စင်ပေးနိုင်သည်။

ဆရာသခင်ထျန်းပေါင်က နတ်မီးလျှံဆေးလုံးကို တစ်ချက်မျှသာ ကြည့်လိုက်ပြီး အဝေးသို့ထားလိုက်သည်။ သူ၏ မျက်နှာထက်တွင် ကျေနပ်နေသော အကြည့်သို့ ရှိနေပြီး သူက ဆန့်ကျင်ဘက်၌ ရှိနေသော ရီဖူရှင်းအား တစ်ချက်လှမ်းကြည့်လိုက်သည်။ သူသည် ရီဖူရှင်းက ဝါ​​ကြွားခြင်းနှင့် ရန်လိုခြင်းအပြင် မည်သည့်အရာတို့ကို စွမ်းဆောင်နိုင်မည်အား မြင်တွေ့လိုပေသည်။

ထိုအချိန်၌ မျက်စိကျိန်းလောက်သော နတ်အလင်းတန်းများက ရီဖူရှင်း၏ ဆေးပေါင်းဖိုမှ တောက်ပလာသည်။ ထို့နောက်တွင် ဆေးလုံးတစ်လုံးက ချက်ချင်း ခုန်ထွက်လာခဲ့၏။ ထို့အပြင် ဆေးလုံးကို လာရောက်နှုတ်ဆက်သလိုမျိုး လေဟာနယ်အတွင်း၌ ကြီးမားသော ဖီးနစ်အရိပ်ကြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

ဆေးလုံးက ကောင်းကင်ထက်သို့ ထိုးတက်သွားခဲ့ပြီး ဖီးနစ်၏ ဖမ်းယူခြင်းကို ခံလိုက်ရသည်။ ချက်ချင်းပင် မဟာလမ်းစဥ်အသက်စွမ်းအင်များက လေဟာနယ်အတွင်းတွင် ပြည့်နှက်သွားခဲ့သည်။ ကိုးလမ်းမှ လူတိုင်းသည် အားအင်ပြည့်ဝလန်းဆန်းသွားသည်ကို ခံစားလိုက်ကြရသည်။ သူတို့သည် ချက်ချင်းပင် အားပြည့်လာသကဲ့သို့ ထင်မှတ်ရပေသည်။

"ဟမ်..."

"ဒီလောက်အစွမ်းထက်တဲ့ ဆေးလုံး။"

ရီဖူရှင်း၏ ဆေးလုံးက ဆရာသခင်ထျန်းပေါင်ထက် မသာလွန်လျှင်ပင် ထိုကဲ့သို့ နီးနီးကောင်းမွန်ပေသည်။

"အဆင့်ခြောက် ပြီးပြည့်စုံတဲ့ မဟာလမ်းစဥ် ဆေးလုံး။ အထင်ကြီးစရာပဲ။" လင်ရှန်းက သူ၏ အတည်ပြုချက်ကို ဖော်ပြလာသည်။ "ဒီဆေးလုံးက အဆင့်ကိုးဆေးလုံးထက် ပိုပြီး အကျိုးသက်ရောက်မှုရှိတယ်။ ပြီးတော့ ဒါက အဆင့်ကိုးအောက်က တန်ခိုးရှင်တွေအားလုံးကို ပိုပြီး အကူအညီ ဖြစ်စေနိုင်တယ်။"

ထိုအချိန်၌ လင်ရှန်းသည် ရီဖူရှင်းက မည်သည့်အတွက်ကြောင့် ယုံကြည်ချက်ရှိနေသည်ကို နောက်ဆုံး နားလည်သွားပေသည်။ ဤ ဆေးတစ်လုံးထဲကပင် ယနေ့ ရီဖူရှင်းကို ကယ်တင်နိုင်စွမ်းရှိရန် လုံလောက်ပေသည်။ လင်ရှန်းအပါအဝင် လူများစွာတို့သည် ရီဖူရှင်းအား ဤနေရာ၌ သေခွင့်ပြုလိမ့်မည် မဟုတ်ပေ။

ဤကဲ့သို့ အာခီမီဆရာသခင်သည် ဆရာသခင်ထျန်းပေါင်ထက်ပို၍ အဖိုးထိုက်တန်လှသည်။ လင်ရှန်းသည် သူတို့နှစ်ယောက်က လုံးဝ တူညီနေသည့်အဆင့်၌ ရှိမနေကြောင်း သိရှိလိုက်ပေသည်။

***

All Chapters