တစ်ယောက်ကိုတစ်ယောက် လှည့်စားခြင်း
Vol. 88 Ch. 1218
ဝုန်း
အင်မော်တယ်အပျက်အစီးများနယ်၏ မီတာ ၃၀၀၀၀ အစိတ်အပိုင်းက ဝိညာဉ်နက်အဖွဲ့အစည်းဂိုဏ်းသားများအား ပြားကပ်ကာ သေဆုံးသွားစေသည်။
တစ်ဆက်တည်းမှာပင် ပြင်းထန်သောတုန်ခါလှိုင်းတစ်လုံးက ၎င်းကျရောက်သွားခဲ့သော နေရာမှအစပြု၍ တစ်ဂြိုဟ်လုံးအပြည့် နေရာယူသွားသည်။ ခပ်ကြမ်းကြမ်း လေပြင်းတစ်ချက်က ကောင်းကင်နှင့်မြေကြီးကို လွှမ်းမိုးရင်း တိုက်ခတ်လာသည်။
မရေမတွက်နိုင်သော တောင်များ အမြစ်မှကျွတ်၍ မြစ်ချောင်းများလည်း မိုးရေစက်များ ဖြစ်သွားသည်။ တစ်ဂြိုဟ်လုံး ဖျက်စီးခြေမွခံနေရသည့်အလားပင်။
ပတ်ဝန်းကျင်ရှိ ဂိုဏ်းသားများမှာ တုန်ခါလှိုင်း၏ဝင်တိုက်ခြင်း ခံလိုက်ရ၍ ပါးစပ်မှ သွေးများ ပန်းထွက်လျက် ဒလိမ့်ခေါက်ခွေး လွင့်ထွက်ကုန်ကြသည်။
တစ်ဂြိုဟ်လုံးအပေါ်ရှိ မြေကြီးများ တုန်ခါလာပြီး ကျွံကျသွားသည်။ အလွန်ကြီးမားသောအက်ကွဲကြောင်းများ ဖြာထွက်လာခဲ့ကာ အက်ကွဲသံများ ဆူညံလာသည်။ ဂြိုဟ်မှာ .... အစကတည်းက တည်ငြိမ်မှုမရှိခဲ့ရာ ယခုတော့ ပြိုကွဲတော့မည့်အရိပ်အယောင်များ ပြလာခဲ့လေပြီ။ ၎င်းသည် ဆက်လက်တောင့်မခံနိုင်တော့သော အမှတ်အထိ တွန်းပို့ခံလိုက်ရ၍ ... အချိန်မရွေး ပြိုကျပျက်စီးပေတော့မည်။
မြေမျက်နှာပြင်ထက်ရှိ ဝိညာဉ်နက်အဖွဲ့အစည်းဂိုဏ်းသားများမှာ နားကွဲလုမတတ် ကျယ်လောင်သော ထစ်ချုန်းသံကြီးကြောင့် သွေးအန်၍ ပွဲချင်းပြီး သေဆုံးကုန်ကြသည်။ အသက်ရှင်ကျခဲ့သူများမှာလည်း ကြောက်စိတ်မွှန်ကုန်ကြသည်။ သူတို့သည် ကတုန်ကယင်ဖြင့် ကူပါကယ်ပါ တစာစာအော်ဟစ်ရင်း ထွက်ပြေးကြ၏။
သူတို့အတွက် ကံဆိုးစွာသည်ကား နေရာရွှေ့ပြောင်းခြင်းမုခ်ဝအားလုံး အပိတ်ခံထားရခြင်းပင်။ သို့သော် သူတို့က ထွက်ပြေးဖို့ ကြိုးစားနေကြဆဲဖြစ်သည်။ သေမင်း၏အရိပ်က သူတို့အားလုံး၏နှလုံးသားတွင် စိုးမိုးနေခဲ့ပြီမဟုတ်လော။
ဝိညာဉ်နက်ခေါင်းဆောင်ကြီးမှာ မျက်နှာပျက်သွားသည်။ ဤနေရာ၊ အဋ္ဌမတောင်ပင်လယ်တွင် ရှားမှရှားသော အင်မော်တယ်အပျက်အစီးနယ်၏ အစိတ်အပိုင်းတစ်ခုက မန်ဟို့လက်ဝယ်၌ ရှိနေလိမ့်မည်ဟု သူ၏အဆိုးဆုံးအိပ်မက်ထဲတွင်ပင် သူ စိတ်ကူးခဲ့မိမည်မဟုတ်ပေ။
ဂြိုဟ် ပြိုကျတော့မည့် အရိပ်အယောင်များ ပြလာပြီး ဝိညာဉ်နက်အဖွဲ့အစည်းဂိုဏ်းသားများ ကြောက်လန့်တကြား ခြေဦးတည့်ရာ ပြေးနေကြစဉ် အသတ်အဖြတ်စိတ်ဆန္ဒသည် မန်ဟို့မျက်ဝန်းထဲ၌ တောင်လောင်နေ၏။
“ကျောက်စစ်သည်တော်ကြီး” သူက ဆင့်ခေါ်လိုက်သည်။ “မင်းရဲ့တည်ရှိမှုကို တောင်းဆိုတယ်” ချက်ချင်းပင် ကျောက်စစ်သည်တော်ကြီးသည် ဂြိုဟ်ပေါ် ဖိချထားသော မီတာ ၃၀၀၀၀ မြေထုအတွင်းထဲမှ ထွက်လာ၏။ ၎င်းက လေပေါ်ခုန်တက်၍ အပျက်အစီးများမှ ထွက်သွားကာ ဝိညာဉ်နက်အဖွဲ့အစည်း၏ ဂိုဏ်းသားတစ်ယောက်အရှေ့တွင် ပေါ်လာသည်။ ၎င်းသည် ၎င်း၏ဓားကြီးကို ဖျတ်ခနဲ ပိုင်းဖြတ်ချလိုက်၏။
ဓားအလင်းတစ်ပြက်၊ ရန်သူတစ်ယောက် အသက်ထွက်သည်။
ကျောက်စစ်သည်တော်ကြီး၏မျက်လုံးများက လင်းလက်သွားပြီး ၎င်းက တိုက်ခိုက်ပြန်သည်။
“တစ်ဝက်တစ်ပျက်တာအို ရုပ်သေးရုပ်” ဝိညာဉ်နက်ခေါင်းဆောင်ကြီး၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး ကျောက်စစ်သည်တော်ကြီးအား ဖျက်စီးရန် ထွက်သွားသည်။ သို့သော် ဤတစ်ခေါက်တွင် မန်ဟိုသည် နောက်မဆုတ်ဘဲ တိုက်ခိုက်လိုက်၏။
သူက ရှေ့တစ်လှမ်းတက်ကာ မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ဝိညာဉ်နက်ခေါင်းဆောင်ကြီးထံ ထွက်သွားသော မိုးပြာရောင်သိမ်းငှက်တစ်ကောင် အသွင်ပြောင်းသွားသည်။
ဝိညာဉ်နက်ခေါင်းဆောင်ကြီး၏မျက်လုံးများမှာ သတ်ဖြတ်လိုစိတ်တို့ကြောင့် မီးဝင်းဝင်းတောက်လာသည်။ သူသည် သူ၏ဂိုဏ်းသားများကို သတ်နေသော ကျောက်စစ်သည်တော်ကြီးအား မုန်းသော်လည်း မန်ဟို့ကို ပို၍ပင် မုန်း၏။
“ငါ မင်းကို သတ်လိုက်ရင် တစ်ဝက်တစ်ပျက်တာအို ရုပ်သေးရုပ်က ငါ့အပိုင် ဖြစ်လာလိမ့်မယ်” သူက ချာခနဲ လှည့်ရင်း ပြောလိုက်သည်။ သူ၏အင်္ကျီလက်စ ဝှေ့ယမ်းမှုက မီးတောက်အနှစ်သာရစွမ်းအားကို ဖြန့်ကျက်ကာ သူ၏ပတ်ဝန်းကျင်ကို မီးပင်လယ်တစ်စင်းအသွင် ပြောင်းသွားစေသည်။ လေတစ်ချက် တိုက်ခတ်သွားပြီး မြေဆီလွှာတစ်လွှာ ဖြစ်တည်လာသည်။ အနှစ်သာရသုံးခုစွမ်းအားသည် မန်ဟို့ထံ ပြေးဝင်သွားသည့် မြင်နေရသောအသတ်အဖြတ်စိတ်ဆန္ဒ အသွင်ပြောင်းသွား၏။
မန်ဟို၏မျက်လုံးများက မသိမသာ လင်းလက်သွားသည်။ သူသည် ယခုထက်ထိ သူ၏ပါရာဂွန်တံတားကိုသော်လည်းကောင်း၊ သူ၏စစ်လက်နက်ကိုသော်လည်းကောင်း မသုံးရသေးပေ။ ထိုအစား သူသည် မုဒြာလက်ကွက်တစ်ကွက် ဖော်ကာ နတ်မီးတောက်အနှစ်သာရအား လောကပါလအင်မော်တယ်စိတ်ဆန္ဒဖြင့် ထောက်ပံပေးလျက် စေလွှတ်လိုက်သည်။
သူသည် ဝိညာဉ်နက်ခေါင်းဆောင်ကြီး၏ အနှစ်သာရသုံးခုကို ပြန်တိုက်ခိုက်ဖို့ သူ၏ကိုယ်ပိုင်စွမ်းအားကိုသာ အမှီပြုနေ၏။ မန်ဟိုမှာ သွေးအန်ရင်း ဒယိမ်းဒယိုင်သွားသည်။ ဝိညာဉ်နက်ခေါင်းဆောင်ကြီးက ယုတ်မာစွာ ပြုံးရင်း ရှေ့ဆက်တက်လာသည်။
ထိုလူ အနားရောက်လာသည့်အခါ မန်ဟိုက ညာလက်ခလယ်ကို ဝှေ့ယမ်းကာ အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်အား ပေါ်လာစေသည်။ ထို့နောက် သတ္တမမန္တန်၊ ဆဋ္ဌမမန္တန်နှင့် ပဉ္စမမန္တန် အကုန်လုံးတစ်ဆက်တည်း။
ဝိညာဉ်နက်ခေါင်းဆောင်ကြီးမှာ တုံ့ခနဲ ရပ်သွားသည်။ ကံကြွေးမျှင်များက သူ၏ပတ်ပတ်လည်တွင် ပေါ်လာပြီး ဝိညာဉ်သွေးသည် သူ့နဖူးမှ ပျံထွက်သွား၏။ သူ့အရှေ့တွင်လည်း သူ့အား ဝါးမြိုဖို့ ကြိုးစားနေသည့် အတွင်းအပြင်မန္တန်စွမ်းအားကို ထုတ်လွှတ်နေသော အကွဲကြောင်းကြီးတစ်ကြောင်း ပေါ်လာသည်။
ဤအရာအားလုံးသည် တခဏအတွင်း ဖြစ်ပျက်သွားခဲ့၏။ မန်ဟိုက ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်ရာ သူ့စွမ်းအင်တို့ မြင့်တက်တိုးများလာလေသည်။ သူ့မျက်လုံးထဲရှိ ကြယ်ကျောက်ခဲသည် အရည်ပျော်သွားပြီး ခြစ်ခြစ်တောက်ပူသော နတ်မီးတောက်များ၊ တဝဲဝဲလည်နေသော အင်မော်တယ်တောင်များအပြင် နေနှင့်လ၏ ကြီးမားသော စွမ်းအားများဖြင့် ခြံရံလျက် ကြယ်တံခွန်ကြီးတစ်ခုအသွင် ပြောင်းသွား၏။
တောင်ကိုးလုံး၏ မှိန်ပျပျပုံရိပ်ကိုပင် မြင်ရနိုင်သည်။ ကြည့်ရသရွေ့ မန်ဟိုကား ဝိညာဉ်နက်ခေါင်းဆောင်ကြီးကို တိုက်ခိုက်ဖို့ သူ၏အစွမ်းထက်ဆုံးနတ်ဘုရားစွမ်းရည်များအား အသုံးပြုနေသယောင်ပင်။
၎င်းတို့ လျင်မြန်သောအမြန်နှုန်းဖြင့် ချဉ်းကပ်လာနေစဉ် ဝိညာဉ်နက်ခေါင်းဆောင်ကြီးက ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်သည်။ သူသည် သူ၏လက်မောင်းကို လွှဲရမ်းရင်း မိစ္ဆာချုပ်နှောင်မန္တန်အလုံးစုံကို ဖယ်ရှားပြီးနောက် သူ၏ညာလက်ခလယ်က မန်ဟို၏ ကြယ်တံခွန်အသွင်ကို တောက်လိုက်သည်။
“အဲဒီတစ်ဝက်တစ်ပျက်တာအို ရုပ်သေးရုပ်နဲ့ ဒီမှော်အတတ်တွေက မင်းရဲ့ဝှက်ဖဲတွေပေါ့လေ” ဝိညာဉ်နက်ခေါင်းဆောင်ကြီးက အေးစက်စွာ ဆိုသည်။ “ငါ ဒါတွေကို အခုချက်ချင်း ဖျက်စီးပစ်နိုင်တယ်” သူ၏လက်ချောင်းက ကြယ်တံခွန်အား တောက်လိုက်လျှင် မန်ဟို၏ကြယ်ကျောက်ခဲမှ ဖြစ်ပေါ်လာသော အတွေးတစ်ချက် ကြယ်တာရာအသွင်ပြောင်းခြင်းမှာ အစိတ်စိတ်အမြွှာမြွှာ ကြေသွား၏။
သို့သော် ထိုသို့ဖြစ်ပျက်သောအခါ မန်ဟိုက ပေါ်လာခဲ့ပြီး သူ့ညာလက်မှာလည်း စစ်လက်နက်အဖြစ် ပြောင်းလဲခဲ့ပြီးလေပြီ။
အံ့ဩဖွယ်ကောင်းစွာနှင့် သူက ကြေးမုံကို ဖုံးကွယ်ဖို့ ကြယ်ကျောက်ခဲကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ ကြယ်ကျောက်ခဲ၏အစွမ်း ပျက်ပြယ်သွားလျှင်ချင်း မန်ဟို၏အသတ်အဖြတ်စိတ်ဆန္ဒမှာ ချုပ်တည်းစုဆောင်းခံခဲ့ရသည့်အလား တဟုန်ထိုးမြင့်တက်လာသည်။ ရုတ်တရက်ဆိုသလို သူ့စစ်လက်နက်ဓားကား လျှပ်စီးသဖွယ် ဝိညာဉ်နက်ခေါင်းဆောင်ကြီးထံ ရွေ့လျားသွားလေသည်။
တိုက်ကွက်မှာ မထင်မှတ်ထားခဲ့သလို သဘာဝနိယာမအမြောက်အမြား၏ ကြောက်မက်ဖွယ်စွမ်းအားဖြင့် အားဖြည့်ခံထားရသည်။ ဝိညာဉ်နက်ခေါင်းဆောင်ကြီးကား မကြောက်လန့်မိဘဲ မနေတော့ပေ။
သူက ကပျာကယာနောက်ဆုတ်ရင်း သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို အပြည့်အဝ ထုတ်ဖော်လိုက်သည်။ သူသည် ဓားကို ကာဖို့ သူ၏အနှစ်သာရစွမ်းအားအလုံးစုံကိုလည်း ဆင့်ခေါ်လိုက်၏။ ကြီးမားသောပေါက်ကွဲမှုက ရိုက်ညောင်းသွားပြီး မိုးကောင်းကင်နှစ်ခြမ်းကွဲသွားသကဲ့သို့ တောက်ပသောအလင်းရောင်များ ဖြာထွက်သွားသည်။ ဝိညာဉ်နက်ခေါင်းဆောင်ကြီး၏ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ သို့သော် သူ့မျက်လုံးထဲ၌ လှောင်ပြောင်နေသောအရိပ်အယောင်အား မြင်ရနိုင်ပေ၏။
ဓားချက်က ကုစားမရသော်လည်း ... ခပ်ပါးပါးဒဏ်ရာတစ်ခုသာ ဖြစ်သည်။ ဝိညာဉ်နက်ခေါင်းဆောင်ကြီးသည် အင်မတန်သတိကြီးမဟုတ်ပါလော။ ယခုထက်ထိ သူ လုပ်ခဲ့သမျှအရာအားလုံးမှာ မန်ဟို၏ဝှက်ဖဲများ ထွက်လာအောင် အားထုတ်မှုဖြစ်ခဲ့သည်။ မန်ဟိုက ဝိညာဉ်နက်အဖွဲ့အစည်းအား သူ့တစ်ယောက်တည်းနှင့် ဖျက်စီးပစ်နိုင်သည်ဟု ဘာကြောင့်ယုံကြည်ချက်ရှိနေသည်ကိုလည်း သူ သိချင်သည်။
နလပိန်းတုံးများသည် မန်ဟို့လို ကျင့်ကြံအဆင့်ရောက်သည်အထိ အားထုတ်နိုင်မည်မဟုတ်ပေ။ သူ့ရန်သူ၏ ဝှက်ဖဲများကို မသိရခြင်းက သူ့အား စိတ်လေးစေခဲ့သည်....
“ဒါက မင်းရဲ့ဝှက်ဖဲပေါ့လေ” ဝိညာဉ်နက်ခေါင်းဆောင်ကြီးက အေးစက်စက် ပြောလိုက်သည်။ “မဆိုးဘူး။ ကံဆိုးတာက မင်းအကွက်တွေက လှပေမယ့်လို့ သုံးတဲ့အချိန် မှားသွားတယ်။ ဒါမှမဟုတ် မင်း ဘယ်လိုသုံးသုံး ငါက ကြိုတင်ပြင်ဆင်ထားပြီးသားလို့တောင် ပြောနိုင်တယ်။ မင်းတော့ သေပြီသာမှတ်”
ယခုတွင် သူသည် ချောက်ကမ်းပါး၌ လျှောက်နေရသလို မခံစားရတော့၍ ရက်စက်ကြမ်းကြုတ်စွာ ပြုံးပြီးနောက် သူ့လက်ချောင်းကို ဝှေ့ယမ်းလိုက်သည်။ ဧရာမနံ့သာအိုးကြီးတစ်အိုး သူ့ခေါင်းပေါ်တွင် ပေါ်လာသဖြင့် ထစ်ချုန်းသံများ ကြားရပြီး လေထုသည် ပုံပျက်သွား၏။
“ကဲ အခု ... မင်းဝိညာဉ်ကို နုတ်ယူဖို့ အချိန်ကျပြီ”
နံ့သာအိုးပေါ်လာသောအခိုက်အတန့်တွင် မန်ဟိုက ၎င်းကို သေချာအကဲခတ်လိုက်သည်။ သူ ရှာနေသောအရာဖြစ်ကြောင်း အတည်ပြုပြီးနောက် သက်ပြင်းချသံနှင့်အတူ သူ့မျက်နှာပေါ်တွင် မထီမဲ့မြင်အပြုံးတစ်စ ပေါ်လာသည်။
“အချိန်တော်တော်ယူလိုက်ရတာပဲ” သူက ပြောသည်။ “စစ်လက်နက်ကိုတောင် ထုတ်သုံးခဲ့ရတယ်။ အခုတော့ ခင်ဗျား ထုတ်ပြရပြီပေါ့...”
သူ့စကားလုံးများ ထွက်လာသည်နှင့်တစ်ပြိုင်နက် ဝိညာဉ်နက်ခေါင်းဆောင်ကြီးမှာ တုန်လှုပ်သွားတော့သည်။