← Chapters

ဝိညာဉ်နက်ဂြိုဟ် ပျက်သုဉ်းခြင်း

Vol. 88 Ch. 1219

ဝိညာဉ်နက်ဂြိုဟ် ပျက်သုဉ်းခြင်း

Vol. 88 Ch. 1219

ဝိညာဉ်နက်ခေါင်းဆောင်ကြီး မျက်နှာပျက်သွားသည့်အခိုက်အတန့်မှာပင် မန်ဟိုက ညာလက်ကို မြှောက်လိုက်သည်။ သူက မျက်လုံးများ ထူးဆန်းစွာ တောက်ပနေလျက် ကောင်းကင်ထက်သို့ လက်ညှိုးထိုးလိုက်၏။

"ပါရာဂွန်တံတား...." သူ၏အသံက တိုးညင်းပျော့ပျောင်းစွာ ထွက်လာသည်။ မန်ဟို၏ကိုယ်ထဲမှ တဝုန်းဝုန်း မြည်သံများကို ကြားလာရပြီး ရုတ်တရက် သူ့ကိုယ်အတွင်း၌ တစ်စုံတစ်ခုကို လူတိုင်း မြင်လိုက်ကြရသည်။ သူ၏ငယ်ထိပ်မှ ဒန်တျန်အထိတောက်လျှောက် သွယ်တန်းရင်း .... တံတားတစ်စင်းပုံစံအား ဖော်ဆောင်နေသော အလင်းလမ်းကြောင်းများကို သူ့အဝတ်အစားများပင်လျှင် မဖုံးကွယ်နိုင်ပေ။

ကြီးကျယ်ခမ်းနားသော တံတားတစ်စင်းသည် ချီအကြောတစ်ကြောပမာ သူ၏ကိုယ်အတွင်း၌ ပုန်းအောင်းနေခဲ့၏။ ထို့နောက် ... တံတားက ကောင်းကင်ထက်တွင် ဖြစ်တည်လာသည်...

ပါရာဂွန်တံတား

ဝုန်းးးးးးးးးးးးးးးးးး

ကောင်းကင်ပြိုကျသွားပြီး ၎င်း တည်ရှိခဲ့သောနေရာမှာ ပါရာဂွန်တံတားဖြင့် အစားထိုးခြင်းခံလိုက်ရတော့သည်။ ပါရာဂွန်တံတားသည် ရင်သပ်ရှုမောဖွယ် အင်အားနှင့် လင်းလက်တောက်ပနေသော အရောင်အဝါတို့ကို ထုတ်လွှတ်နေ၏။ ၎င်း၏ မျက်နှာပြင်ကို ဖုံးလွှမ်းနေသည့် မ‌ရေမတွက်နိုင်သော မှော်သင်္ကေတများသည် တဖျပ်ဖျပ် လက်နေပြီး တံတားမှာ အလွန်တရာကြီးမားလွန်းသဖြင့် ၎င်းအား မြင်လိုက်ရသူတိုင်းမှာ မျက်လုံးများပြူးလျက် မကြည့်မိဘဲ မနေကြတော့ပေ။

"ဒါက ဘာမှော်အစွမ်းလဲ...." ဝိညာဉ်နက်အဖွဲ့အစည်း၏ ထွက်ပြေးနေကြသော ဂိုဏ်းသားများမှာ ပင့်သက်ရှိုက်၍ မယုံနိုင်ဖြစ်ကုန်ကြသည်။ ဝိညာဉ်နက်ခေါင်းဆောင်ကြီးမှာလည်း  ပါးစပ်အဟောင်းသားဖြစ်နေ၏။ သူသည် သူ၏လက်ရှိကျင့်ကြံခြင်းအဆင့်အရ သူကြည့်နေရသော အရာက မည်သည့်အရာမှန်း သိလိုက်သဖြင့် အထိတ်တလန့် အော်လိုက်မိတော့သည်။

"ပါရာဂွန်မှော်သိုင်း။ မင်း...မင်းက အက်ရှလွန်စာရင်းဝင်ပဲ" သူ့အသံ ဟိန်းထွက်သွားသည်နှင့် တစ်ချိန်တည်းမှာပင် ပါရာဂွန်တံတားမှ ဖိအားက မြေပြင်များကို ဖိနှိပ်၍ တစ်ကမ္ဘာလုံးအား တုန်ခါနေစေရင်း လိမ့်ထွက်လာသည်။ ချက်ချင်းပင် ဝိညာဉ်နက်ခေါင်းဆောင်ကြီးမှာ ဧရာမဖိအားကြီး၏ လွှမ်းခြုံခြင်းခံလိုက်ရသည်။

သူ့မှာ တဆတ်ဆတ် တုန်ရီနေပြီး သူ၏မျက်နှာပေါ်တွင် အံ့အားသင့်နေသောဟန်ပန်အား မြင်ရနိုင်သည်။ သူသည် သူ့အပေါ် ဖိနှိပ်နေသော ဖိအားကြောင့် ကြောက်ရွံ့နေရသလို .... သူ့ခန္ဓာကိုယ်မှာလည်း ပြင်းပြင်းထန်ထန် တုန်ခါနေလေ၏။

သူ့နှလုံးသားထဲတွင် မဖော်ပြနိုင်လောက်အောင် ပြင်းထန်သော သေခြင်းအန္တရာယ်အား ခံစားလိုက်ရ၏။ ခံစားချက်က ဤပါရာဂွန်တံတားကို သူ တိုက်ခိုက်ဖို့ ကြိုးစားလျှင် အသက်ဆုံးရှုံးရနိုင်ခြေ များလိမ့်မည်ဟု ပြောနေသည်။

"မဖြစ်နိုင်ဘူး။ အက်ရှလွန်ရဲ့ ပါရာဂွန်မှော်သိုင်းက ဒီလောက်ထိ အစွမ်းမထက်နိုင်ဘူး။ ဒါက မဖြစ်နိုင်ဘူး"

ဝိညာဉ်နက်ခေါင်းဆောင်ကြီး လုံးလုံးလျားလျား တုန်‌လှုပ်နေသည့်အချိန်မှာပင် ပါရာဂွန်တံတားမှ ပါရာဂွန်စွမ်းအားပြည့်နှက်နေသည့် အလင်းတန်းတစ်တန်းက ထိုးဆင်းလာသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် ဝိညာဉ်နက်ခေါင်းဆောင်ကြီး၏ ခေါင်းပေါ်တွင် ပျံဝဲနေသော နံ့သာအိုးကို ရစ်ပတ်လွှမ်းမိုးလိုက်၏။

နံ့သာအိုးမှာ တုန်ခါစပြုလာပြီးနောက် ပါရာဂွန်တံတားထံသို့ ဖြည်းဖြည်းချင်း ဆွဲခေါ်ခံလိုက်ရသည်။

"ဒီကို ပြန်လာခဲ့စမ်း" ဝိညာဉ်နက်ခေါင်းဆောင်ကြီးက ဟိန်းဟောက်လိုက်သည်။ သူ့အနေဖြင့် အသက်ဘေးအန္တရာယ်ကို ခံစားရကောင်း ခံစားနေရလိမ့်မည်။ ပါရာဂွန်တံတားကြောင့် တုန်လှုပ်ကောင်း တုန်လှုပ်နေရလိမ့်မည်။ သို့သော် သူကား အနှစ်သာရ ၃ ခု တာအိုသခင် ဖြစ်နေသေး၏။ သူက လက်ရှိကမ္ဘာ၏အရှင်သခင်၊ ဘ၀တစ်လျှောက်လုံးတွင် မရေမတွက်နိုင်သော တိုက်ပွဲများကို တိုက်ခိုက်ခဲ့ဖူးသူ ဖြစ်သည်။ အံ့အားသင့်နေသည့်တိုင် သူသည် မာန်သွင်းဟိန်းဟောက်လိုက်ကာ သူ၏နတ်ဘုရားအာရုံအား စီးမျောထွက်သွားစေပြီး နံ့သာအိုးအား ယူဆောင်သွားခြင်းမခံရအောင် ဟန့်တားလိုက်သည်။

သူ၏ရန်သူက နံ့သာအိုးကြောင့် လာခဲ့ကြောင်း သဘောပေါက်ခဲ့၍ မည်သို့ပင်ဖြစ်စေကာမူ သူ့ရန်သူကို နံ့သာအိုးအား မည်သည့်နည်းနှင့်မှ သူ ယူသွားခွင့်ပေးမည်မဟုတ်ပေ။

ဝိညာဉ်နက်ခေါင်းဆောင်ကြီး ဟိန်းဟောက်လိုက်သော အခိုက်အတန့်တွင် မန်ဟိုက လက်ကို ဆန့်၍ နံ့သာအိုးထံ ဖမ်းဆုပ်သည့်ဟန် လုပ်လိုက်သည်။ ပါရာဂွန်‌တံတားစွမ်းအားဖြင့် ပေါင်းစည်းထားသော ကြယ်ခူးသိုင်းက ထုတ်လွှတ်ခံလိုက်ရရာ နံ့သာအိုးသည် မန်ဟို့ဆီ လျင်မြန်စွာ ဆွဲခေါ်ခံလိုက်ရ၏။

"အဲ့ဒါက ငါ့ရတနာ။ ဝိညာဥ်နက်အဖွဲ့အစည်းရဲ့ အမွေအနှစ် မင်း ဒီတိုင်းယူသွားလို့ရမယ် ထင်နေသလား" ဝိညာဉ်နက်ခေါင်းဆောင်ကြီးက လျှာထိပ်ကို ကိုက်၍ သွေးတစ်ချို့ ထွေးထုတ်လိုက်သည်။ ထို့နောက် သူက ဟိန်းဟောက်လိုက်ကာ နံ့သာအိုးအား တုံ့ခနဲ ရပ်သွားစေ၏။ ပါရာဂွန်မှော်သိုင်း၏စွမ်းအားရှိနေသည့်တိုင် ၎င်းမှာ ရုတ်ခြည်းဆိုသလို ဝိညာဉ််ခေါင်း‌ဆောင်ကြီးထံ ပြန်လည်ရွေ့လျားသွားသည်။

မန်ဟိုက မျက်မှောင်ကြုတ်သွားပြီး သူ၏မျက်လုံးများက အေးစက်စက် တောက်ပသွားသည်။ သူသည် အေးတိအေးစက် နှာတစ်ချက်မှုတ်၍ ရှေ့တစ်လှမ်းတက်ကာ ပါရာဂွန်တံတား၏အပေါ် ရောက်သွားခဲ့ပြီး ညာခြေကို ခပ်ပြင်းပြင်း ဆောင့်နင်းချလိုက်၏။

ပါရာဂွန်တံတားမှာ ဝုန်းခနဲ တုန်ခါသွားပြီး ၎င်းကို ၀န်းရံထားသော  အလင်းရောင်သည် အရပ်လေးမျက်နှာသို့ ဖြာထွက်သွား၏။ ထို့နောက် တံတားမှ ဖိအားသည် မန်ဟို ထုတ်လွှတ်နိုင်သည့် အမြင့်ဆုံးပမာဏသို့ ရောက်ရှိသွားခဲ့၏။

ထိုဖိအားပမာဏက ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်သွားစေနိုင်လေသည်။

ဂြိုဟ်မှာ အချိန်မရွေး ပြိုကျသွားနိုင်သည့်အခြေအနေသို့ ရောက်နှင့်နေခဲ့ပြီးဖြစ်ခဲ့လေရာ ယခုတော့ တောင့်မခံနိုင်တော့ပေ။ ဝုန်း ဝုန်း အုန်း....... ဂြိုဟ်၏မျက်နှာပြင်မှာ ရစရာမရှိအောင် ကြေမွသွားတော့သည်။

မြေခဲကြီးများ မြောက်တက်လာပြီး တဂျုန်းဂျုန်းမြည်သံများနှင့်အတူ အက်ကွဲကြောင်းများသည် မြွေလိမ်မြွေကောက် ဖြာထွက်ပျံ့နှံ့ကုန်၏။ တောင်များ ပိပြားပြီး မြစ်တွေ အငွေ့ပျံကုန်သည်။ ဂြိုဟ်ပေါ်၌ ဆောက်တည်ရာမဲ့စွာ ထွက်ပြေးနေသော ဝိညာဉ်နက်အဖွဲ့အစည်းဂိုဏ်းသားများမှာ ကမ္ဘာပျက်ကပ်ဘေးကို ကြုံတွေ့နေရသည့်အပြင် မည်သူမှလည်း လွတ်လွတ်ကျွတ်ကျွတ် ထွက်ပြေးနိုင်စွမ်း မရှိကြပေ။

မျက်စိတစ်မှိတ်အတွင်း ဂြိုဟ်ပျက်သုဉ်းခြင်း၏အားလှိုင်းများက သူတို့ကို မုန့်မုန့်ညက်ညက် ကြိတ်ခြေနေသဖြင့် ကျင့်ကြံသူများမှာ နာကျင်စွာ အော်ဟစ်ညည်းကြတော့သည်။ ပက်ကြားအက်ပြိုကျနေသော ချောက်နက်ကြီးများကလည်း သူတို့ကို ဝါးမြိုနေသည်သာမက တချို့ဆိုလျှင် ပါရာဂွန်တံတားမှ ဖိအားကြောင့် အပိုင်းပိုင်းအစစ ပေါက်ကွဲကုန်ကြ၏။

သေခြင်းအား တစ်နည်းနည်းဖြင့် ရှောင်တိမ်းနိုင်ခဲ့သူများမှာမူ ကျောက်စစ်သည်တော်ကြီးအား ရင်ဆိုင်နေရကြောင်း တွေ့လိုက်ရပြီး ၎င်း၏ဓားချက်ကြောင့် အသက်ထွက်ကုန်ကြသည်။

ဝိညာဉ်နက်အဖွဲ့အစည်းနေထိုင်ရာ ဂြိုဟ်တစ်ဂြိုဟ်လုံးမှာ ပျက်သုန်းခြင်းကပ်ဘေးအား ကြုံတွေ့နေရလေပြီ။

မြေပြင်များ၏ပျက်စီးပြိုကျမှုက လျင်မြန်လာခဲ့သလို ၊ မိုးကောင်းကင်ပင် ပြိုကွဲလာသည်။ တစ်ဂြိုဟ်လုံးကား .... ဆုပ်ထားသောလက်သီးအား ဖြန့်လိုက်သကဲ့သို့ အပိုင်းပိုင်းကွဲစပြုလာတော့သည်။

“ပျက်သုဉ်းစမ်း” မန်ဟိုက သူ့လက်ကို အောက်သို့ ဖိချရင်း အမိန့်ပေးလိုက်သည်။

ထိုသို့ဖိချလိုက်မှုက ပါရာဂွန်တံတားမှ ဖိအားကို နောက်ဆုံးအတိုင်းအတာအထိ မြင့်တက်သွားစေခဲ့ကာ တစ်ဂြိုဟ်လုံးအား အစိတ်စိတ်အမြွှာမြွှာ ပြိုကျသွားစေလေသည်။

ဝုန်းးးးးးးးးးးးးးး

တစ်ဂြိုဟ်လုံး တစစီ ပြိုကျနေ၏။

ဂြိုဟ်အတွင်းမှ အလွန်ကြီးမားသောအားကြီး ပေါက်ကွဲထွက်လာသဖြင့် မရေမတွက်နိုင်သောအစအနများမှာ ကြယ်တာရာကောင်းကင်ထဲသို့ လွင့်စင်ထွက်ကုန်သည်။ အားကြီးက အရပ်လေးမျက်နှာတွင် လိမ့်ထွက်ရိုက်ခတ်သွားသော ဧရာမတုန်ခါလှိုင်းတစ်လှိုင်းကို ထုတ်လွှတ်ပေးလိုက်၏။ ဝိညာဉ်နက်အဖွဲ့အစည်းဂိုဏ်းသားတစ်ယောက်မကျန် လှိုင်းပုတ်ခံလိုက်ရ၍ ခန္ဓာကိုယ်များ စုတ်ပြတ်သပ်ကုန်သဖြင့် သွေးများ ဖွားခနဲ လွင့်စင်သွားကြသည်။

တစ်ဂြိုဟ်လုံးကား ယခုတော့ ကြယ်တာရာကောင်းကင်တွင် ရောက်တက်ရာရာ လွင့်မျောနေသော အစအနများဘဝ ရောက်သွား၏။

အပျက်အစီးများ၊ အလောင်းများ၊ အသားတုံးများ၊ အရိုးစများသာ ... လွင့်မျောကျန်ရစ်ခဲ့သည် ....

သွေးညှီနံက ပတ်ဝန်းကျင်တွင် သိပ်သည်းလှိုင်ထနေပြီး ဘယ်တော့မှ မပျောက်ကွယ်သွားတော့မည့်အလား ထင်ရသည်။

ဝိညာဉ်နက်ခေါင်းဆောင်ကြီးမှာ ငိုင်တွေနေပြီး သွေးတစ်လုပ် အန်လိုက်ရသည်။ သူ့ခန္ဓာကိုယ်သည် အတန်ငယ်ပိန်ချုံးသွားခဲ့ကာ တုန်ရီလာ၏။ သူ့ပါးစပ်က ဟလာသော်လည်း ပြောချင်သမျှစကားလုံး လည်ချောင်းဝတွင် တစ်ဆို့သွားခဲ့သည့်အလား ထူးဆန်းသောအသံတစ်သံသာ ထွက်လာသည်။

ဂြိုဟ်ပြိုကျ၍ သွေးအန်လိုက်ရသောအခိုက်အတန့်တွင် သူ ထိန်းချုပ်ဖို့ ကြိုးစားနေသော နံ့သာအိုးမှာ မန်ဟိုနှင့်ပါရာဂွန်တံတား၏ ဖမ်းယူခြင်းခံလိုက်ရသည်။

ရောင်စုံအလင်းတန်းတစ်တန်းထဲတွင် နံ့သာအိုးသည် ... မန်ဟို့ဆီ ပျံသန်းသွားပြီး အရွယ်အစားကျုံ့ကာ သူ့လက်ဝါးပေါ် သက်ဆင်းလိုက်၏။

ထိုအခိုက်အတန့်တွင် မန်ဟိုမှာ အလင်းထဲမှ လာနေသော ရင်းနှီးသည့်အငွေ့အသက်တချို့ကို ခံစားလိုက်ရသဖြင့် တုန်ရီသွားသည်။

သို့သော် နံ့သာအိုးထဲတွင် ရှိနေခြင်းကြောင့်လား၊ အခြားအကြောင်းရင်းများကြောင့်လားမသိ... ထိုအငွေ့အသက်များမှာ လွန်စွာနည်းပါးနေ၏။ နည်းပါးလွန်းသဖြင့် တစ်စက်မကျန် ပျောက်ကွယ်သွားတော့မည့်အလား ထင်ရသည်။ အကြောင်းတစ်စုံတစ်ရာကြောင့် မန်ဟိုမှာ ... စိတ်မသက်မသာဖြစ်လာလေသည်။

သို့သော် ယခုတွင် ထိုကိစ္စကို စစ်ဆေးရန် အချိန်မရှိ။ ဂြိုဟ်အစအနများသည် အရပ်မျက်နှာတစ်ခွင် ပြန့်ကြဲနေပြီး ၎င်းတို့အားလုံး၏အလယ်တွင်တော့ မန်ဟို တက်ရပ်နေသော တံတားတစ်စင်း ရှိနေ၏။ ထိုတံတား၏အောက်တွင် ဝိညာဉ်နက်ခေါင်းဆောင်ကြီးမှာ ရဲတွတ်နေသောမျက်လုံးများဖြင့် တဆတ်ဆတ် တုန်ရီနေလျက် အရူးတစ်ပိုင်းဖြစ်နေသည်။

သူက တစ်ခါက ဝိညာဉ်နက်အဖွဲ့အစည်းတည်ရှိခဲ့သော ဂြိုဟ်အစအနများနှင့် သေဆုံးနေသောဂိုဏ်းသားများကို ကြည့်နေသည်။ သူ့လက်နှင့် တည်ဆောက်ခဲ့သော ဂိုဏ်းကား ယခုတော့ ကြယ်တာရာကောင်းကင်ထဲတွင် လွင့်မျောပျောက်ကွယ်နေလေပြီ။

ထိုမြင်ကွင်းက သူ့အား ခေါင်းနောက်လှန်၍ အပူဆွေးဆုံးအော်သံကြီးအား အော်လိုက်မိစေသည်။

“ကောင်လေး မင်း မသေမချင်း ငါ အနားမယူဘူး” သူ၏ဟစ်ကြွေးသံ အရပ်လေးမျက်နှာတွင် ပဲ့တင်ရိုက်နေစဉ် သူ၏စွမ်းအားသည် တဟုန်ထိုးမြင့်တက်လာ၏။ သူကား စိတ်မထိန်းနိုင်တော့ဘဲ ရူးသွပ်သွားသဖြင့် ဆံပင်များဖွာလန်ကြဲသွားသည်။ ထို့နောက် မန်ဟို့ကို မမှိတ်မသုန်ကြည့်ရင်း ရှေ့တက်လာသည်။

သူ့ပတ်ပတ်လည်တွင် အနှစ်သာရစွမ်းအားများ ပေါ်ထွက်လာရာ မန်ဟို့မျက်လုံးများ ပြူးကျယ်သွားတော့သည်။ မှန်သည်၊ ဤဂြိုဟ်ကို ဖျက်စီးလိုက်သည့် သူ၏အပြုအမူက ကောင်းကင်နတ်ဘုရားမဟာမိတ်၏အာရုံကို ဆွဲဆောင်မိလိမ့်မည်ဖြစ်ကြောင်း မန်ဟို ကောင်းကောင်းသိသည်။

မဟာမိတ်အဖွဲ့၏ အစွမ်းထက်ပညာရှင်များ ရောက်မလာခင် သူ့တွင် အချိန်များများစားစား မကျန်လောက်တော့ပေ။

မန်ဟိုက သက်ပြင်းချလိုက်သည်။ သူ့မှာ ရွေးချယ်စရာမရှိ၍သာ ဤဂြိုဟ်ကို ဖျက်စီးခဲ့ခြင်း ဖြစ်သည်။ ထိုမှသာ ဝိညာဉ်နက်ခေါင်းဆောင်ကြီး၏အရှိုက်တည့်တည့်ကို ထိနိုင်ခဲ့မည်။ ထိုအခါမှ နံ့သာအိုးကို သူ ယူနိုင်မည်။

“ငါ ဒါကို မြန်မြန် အဆုံးသတ်မှဖြစ်မယ်” မန်ဟို့မျက်လုံးများက အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် တောက်ပသွားသည်။ သူသည် နံ့သာအိုးအပေါ်တွင် ချိတ်ပိတ်အမှတ်အသားတစ်ခု ကပျာကယာစီရင်ပြီးနောက် ၎င်းကို သိမ်း၍ သူ့ညာလက်ကို လေပေါ်မြှောက်လိုက်ရာ စစ်လက်နက်သည် အံဖွယ်ဓားသွားအသွင်ဖြင့် ပြန်ပေါ်လာ၏။

ဂျိန်း

မန်ဟို့စွမ်းအင်က တဖွေးဖွေးလှုပ်လာပြီး ဖြာထွက်လာရာ မိုးပြိုမြေပြိုစေနိုင်သည့် အသတ်အဖြတ်အရှိန်အဝါသည် သူ့အား နတ်စစ်သည်တော်ကြီးပမာ ဖြစ်သွားစေသည်။

ထို့နောက် အသားဂျယ်လီက ချပ်ဝတ်တန်ဆာပုံစံပြောင်းရင် သူ၏သိုလှောင်အိတ်ထဲမှ ပျံထွက်လာခဲ့သည်။ မန်ဟို့စွမ်းအင်သည် လေမုန်တိုင်းတစ်လုံးကို ဖန်တီးရင်း ထပ်မံမြင့်တက်သွားခဲ့ကာ သူ့ပတ်ဝန်းကျင်ရှိ ဖုန်သဲကျောက်ခဲများအား တွန်းထုတ်လိုက်၏။

သွေးခွေးကြီးလည်း အနီရောင်အလင်းတန်းထဲမှ ထွက်လာကာ မန်ဟို့ပခုံးကို လွှားခြုံလိုက်သော ခြုံထည်ဖြစ်လာသည်။ မန်ဟိုက ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်သည့်အခါ သွေးနီအလင်းသည် ဖြာထွက်တောက်ပလာ၏။

ထို့နောက် သူက စတုတ္ထနိဗ္ဗာနသစ်သီးအား ကိုင်ထားသော ဘယ်လက်ကို မြှောက်ပြီး နဖူးအပေါ် ဖိချလိုက်သည်။

နိဗ္ဗာနသစ်သီး သူနှင့် ပေါင်းစည်းသွားလျှင် ထစ်ချုန်းသံကြီး သူ့စိတ်ထဲတွင် ပြည့်နှက်သွားပြီး သူ့ပတ်ပတ်လည်ရှိ ကမ္ဘာသည် ပြောင်းလဲသွားသည်။ ဂြိုဟ်အစအနများ၊ ကြယ်တာရာကောင်းကင် ... အကုန်လုံး မိုးပြာရောင်ပြောင်းသွားခဲ့ချေပြီ။

မန်ဟိုက ပါရာဂွန်တံတားအပေါ်၌ ရပ်နေစဉ် အသက်ဆတ်ဆတ်ရှူလိုက်ရာ ပါရာဂွန်တံတားသည် ချက်ချင်း အဆုံးမဲ့အလင်းဖြင့် တောက်ပလာ၏။ ၎င်းထံမှ ထွက်လာသည့် ပြိုင်ဘက်ကင်းသော မြင့်မြတ်ကြီးကျယ်မှုအငွေ့အသက်မှာ မန်ဟို၏ရှူသွင်းစုပ်ယူခြင်းခံလိုက်ရသဖြင့် .... သူကား ......

သက်ရှိထင်ရှားပါရာဂွန်တစ်ဦးပမာ ဖြစ်လာတော့သည်။

ဝိညာဉ်နက်ခေါင်းဆောင်ကြီး အနားရောက်လာသည့်အခါ မန်ဟိုက စစ်လက်နက်ဖြင့် ထိုလူ့ထံသို့ ပိုင်းချလိုက်သည်။

ဤသည်မှာ သူ၏အင်အားအကြီးမားဆုံးအခြေအနေ၊ သူ၏အစွမ်းထက်ဆုံးဓားချက်ဖြစ်သည်။ သူကား ထိပ်ဆုံးအဆင့်တွင် ဖြစ်နေလေသည်။

ကြယ်တာရာကောင်းကင်မှာ ရပ်သွားသကဲ့သို့ ထင်ရသည်။ သဘာဝနိယာမများ ကြေမွသွားသည်။ အချိန်ကား အဋ္ဌမတောင်ပင်လယ်တွင် စီးဆင်းမှု မရှိတော့သယောင်ပင်....

ကြယ်တာရာကောင်းကင်အတွင်း ကျန်ခဲ့သည့် တစ်ခုတည်းသောအရာမှာ ... ဝိညာဉ်နက်ခေါင်းဆောင်ကြီးထံ ပိုင်းချနေသည့် အရောင်အဝါတောက်ပနေသော ဓားရှည်တစ်လက်သာ ဖြစ်သည်။

ဝိညာဉ်နက်ခေါင်းဆောင်ကြီးက လက်နှစ်ဖက်လုံးကို ဝှေ့ယမ်းရင်း ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်သည်။ ရုတ်တရက် သူ၏အသွေးအသားများ ပေါက်ကွဲပြီး သွေးမြူတိမ်အဖြစ် ပြောင်းလဲသွားသည်။ ထိုမြူတိမ်ထဲမှ ... အဆုံးမရှိသော ဝိညာဉ်များ တိုးထွက်လာလေသည်။

“ဝိညာဉ်နက်ကောင်းကင်ချေမှုန်းကွက်” မရေမတွက်နိုင်သော ဝိညာဉ်များက ကောင်းကင်နတ်ဘုရားမဟာမိတ်အပေါ်ရှိ ကြယ်တာရာကောင်းကင်၏ တစ်ဝက်နီးပါးတွင် နေရာယူပြည့်ကြပ်သွားသည်။ ထိုကြောက်မက်ဖွယ်မြင်ကွင်းက ထိုရပ်ဝန်းထဲရှိ ဂြိုဟ်အားလုံးကို တုန်ရီလာစေသည်။ တရားထိုင်နေကြသော ကောင်းကင်နတ်ဘုရားမဟာမိတ်ကျင့်ကြံသူများမှာ မျက်လုံးများဖွင့်၍ တအံ့တဩ မော့ကြည့်မိလိုက်ကြလေသည်။

ထိုအခိုက်အတန့်တွင် မန်ဟိုနှင့် ဝိညာဉ်နက်ခေါင်းဆောင်ကြီး တိုက်ခိုက်နေသောဧရိယာထံသို့ နတ်ဘုရားအာရုံစီးကြောင်းအမြောက်အမြား တဟုန်ထိုးလာနေကြသည်။

ကောင်းကင်နတ်ဘုရားမဟာမိတ်ကား အကြီးအကျယ်ပွက်လောရိုက်သွားလေပြီ။

All Chapters