← Chapters

လက်ရည်တူချင်း တွေ့သည့်အခါ ရဲစွမ်းသတ္တိရှိသူက အနိုင်ရသည်

Vol. 88 Ch. 1220

လက်ရည်တူချင်း တွေ့သည့်အခါ ရဲစွမ်းသတ္တိရှိသူက အနိုင်ရသည်

Vol. 88 Ch. 1220

ဝိညာဉ်နက်ခေါင်းဆောင်ကြီး၏ ခန္ဓာကိုယ်မှ ဖြစ်ပေါ်လာခဲ့သော သွေးမြူတိမ်သည် သူ၏အနှစ်သာရသွေးကို အသုံးပြုကာ နှစ်ပေါင်းမရေမတွက်နိုင်အောင် သူ သန့်စင်ထားခဲ့သော ဝိညာဉ်များအား လွှတ်ပေးခဲ့၏။ အဆုံးမရှိလုအောင် များပြားလှသည့် ဝိညာဉ်များသည် ကြယ်တာရာကောင်းကင်၌ ပြုံတိုးစုဝေးကာ ဧရာမမျက်နှာဖုံးကြီးတစ်ခုအသွင် ပြောင်းလဲသွားသည်။ ဝိညာဉ်များသည် သူတို့၏နာကျင်မှုကို ဖြေဖျောက်ဖို့ မည်သည့်အရာကိုမဆို စားချင်နေသည့်အလား ဝိညာဉ်မျက်နှာဖုံးကြီးမှာ လူးလွန့်နေပြီး စူးစူးဝါးဝါးအော်သံများကို ကြားနေရသည်။

သူတို့၏အော်သံများအား သက်ရှိသတ္တဝါများ မကြားရနိုင်ပေ။ ၎င်းတို့သည် သေခြင်းတရားမှ မွေးဖွားလာသော အော်သံများဖြစ်၍ ပုံသဏ္ဌာန်မဲ့လှိုင်းများအဖြစ်သာ ထွက်ပေါ်လာ၏။

လှိုင်းများက ရေမျက်နှာထက်တွင် ဖြာထွက်တတ်သော ပုံစံအတိုင်း ကြယ်တာရာကောင်းကင်တစ်လျှောက် ပျံ့နှံ့သွားသည်။ လှိုင်းစက်ကွင်းများ ကျယ်ပြန့်လာသည်နှင့်အမျှ သဘာဝနိယာများမှာ တုန်ရီသွားပြီး နောက်ဆုတ်ကုန်ကြသည်။ တောင်ပင်လယ်လောက၏ စိတ်ဆန္ဒပင်လျှင် ထိုစက်ကွင်းဧရိယာမှ ထွက်ပြေးသွားသယောင် ထင်ရသည်။

တဖြေးဖြေး မြေအောက်ကမ္ဘာ၏ပုံရိပ်တစ်ခု ပေါ်လာသည်။ မြစ်ဝါမြစ်၊ ဘဝပြန်ဝင်စားခြင်းသံသရာစက်ဝန်းနှင့်အတူ မကောင်းဆိုးဝါးသရဲများအား မြင်ရနိုင်သည်။

ထို့ထက်ပို၍ ထိတ်လန့်ဖွယ်ကောင်းသည်ကား ... သရဲများ၏အနောက်တွင် ဧရာမအုတ်ဂူကြီးများအား မြင်နေရခြင်းပင်။

အုတ်ဂူများသည် ပုံရိပ်ယောင်ဖြစ်ပြီး ပတ်ဝန်းကျင်ရှိ လွန်ကျူးလှသော ဝိညာဉ်အရေအတွက်က ၎င်းတို့ကို သက်ဆင်းလာစေခဲ့ပုံပေါ်၏။ အုတ်ဂူများပေါ်လာသည့်အခါ ၎င်းတို့က မျက်နှာဖုံးကြီး၏အရွယ်အစားကို ထင်းသွားစေသည့် နောက်ခံပိတ်ကားပမာ ဖြစ်လာသည်။

ဖြစ်ပျက်နေသောအရာအားလုံးက ဝိညာဉ်မျက်နှာဖုံး၏ ထူးဆန်းမှုနှင့် ၎င်း၏ရှိန်စရာကောင်းမှုအား ပို၍ပင် နက်ရှိုင်းသွားစေသည်... ထိုမျှသာမက မန်ဟို့သူငယ်အိမ်များကို ကျဉ်းမြောင်းသွားစေသည့် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုကိုလည်း ပိုင်ဆိုင်ထား၏။

ဤသည်မှာ မိုးနှင့်မြေကို ကိုင်လှုပ်နိုင်သော အနှစ်သာရ ၃ ခု တာအိုသခင်၏ ကြောက်မက်ဖွယ်စွမ်းအား ဖြစ်သည်။ မန်ဟိုသည် ဝိညာဉ်နက်အဖွဲ့အစည်းကို ရောက်ခဲ့သည့်အခိုက်အတန့်ကတည်းက အသက်အန္တရာယ်ရှိခဲ့သော်လည်း ယခုမူ ထိုအန္တရာယ်ရှိမှုအဆင့်မှာ ကြောက်ခမန်းလိလိ မြင့်တက်သွားခဲ့လေပြီ။

သူ ခံစားနေရသော အသက်အန္တရာယ်က .... ဤတိုက်ပွဲ၊ အထူးသဖြင့် ဤတိုက်ကွက်က သူ့အသက်ကို နုတ်ယူနိုင်သည်ဟု သူ့အား သတိပေးနေ၏။

"ဒါပေမဲ့ အန္တရာယ်က နှစ်ယောက်လုံးမှာ ရှိနေတာ" သူက မျက်လုံးများ ရက်စက်ကြမ်းကြုတ်စွာ တောက်ပနေလျက် ပြောသည်။ သူသည် သူ့ကိုယ်သူရော အခြားသူများအပေါ်တွင်ပါ အမြဲတမ်း ရက်စက်တတ်၏။ ဤတိုက်ပွဲတွင် တခဏလေးမျှ အရေးနိမ့်သွားခဲ့လျှင် သူ မုချ သေရလိမ့်မည်။

တစ်ခုတည်းသော ရွေးချယ်စရာမှာတော့ .... နောက်မဆုတ်ဘဲ ဆက်လက်တိုက်ခိုက်နေရုံသာ။ လက်ရည်တူချင်း တွေ့သည့်အခါ ရဲစွမ်းသတ္တိရှိသူက အနိုင်ရစမြဲ မဟုတ်ပါလော။

မန်ဟို၏မျက်လုံးများက ထူးဆန်းစွာ တောက်ပနေပြီး သူသည် နည်းနည်းလေးမှ နောက်မဆုတ်ပေ။ သူက သူ့ကိုယ်ထဲရှိ အထွတ်အထိပ်‌စွမ်းအားအကုန်လုံး စုဝေးနေသည့် စစ်လက်နက်ကို ပိုင်းချလိုက်သည့်အခါ ကြယ်တာရာကောင်းကင်တွင် ပြိုးပြိုးပျက်ပျက်အလင်းရောင်များ လက်သွား၏။

ဝိညာဉ်နက်မျက်နှာဖုံးကြီးက ကြိမ်းဝါးဟိန်းဟောက်ရင်း မန်ဟို၏အစွမ်းထက်ဆုံး တိုက်ကွက်ဖြစ်သည့် စစ်လက်နက်၏ဓားချက်ကို ၀င်တိုက်လိုက်သည်။

အုန်းးးးးးးးးးး

ကြီးမားသော ပေါက်ကွဲမှုကြီးက အရပ်လေးမျက်နှာတွင် ကီလိုမီတာ ငါးသောင်းအကွာအဝေးရောက်သည်အထိ လိမ့်ထွက်သွား၏။ ထို့နောက် ကီလိုမီတာ ငါးသိန်း။ ထို့နောက် ကီလိုမီတာ သိန်းငါးဆယ်....

ယခုတွင် ကောင်းကင်နတ်ဘုရားမဟာမိတ်၏ ပိုင်နက်တစ်၀က်ကျော်မှာ လှိုင်းများကို ခံစားနေရလေပြီ။

ပတ်၀န်းကျင်တွင် စုဝေးလာခဲ့သော နတ်ဘုရားအာရုံစီးကြောင်းများမှာ ပေါက်ကွဲလှိုင်းကြောင့် ပုံပျက်သွားကြပြီးနောက် ကြေမွသွားကြတော့၏။

ပတ်၀န်းကျင်ရှိ ဖုန်၊ သဲ၊ ကျောက်ခဲများလည်း တုန်ခါပြီးနောက် ပြာကျကာ တဖြည်းဖြည်း ပျောက်ကွယ်သွားကြသည်။ မန်ဟိုနှင့် ဝိညာဉ်နက်ခေါင်းဆောင်ကြီး၏ တိုက်ပွဲမှ အလွန်များပြားသော စွမ်းအားတို့ကို ထုတ်လွှတ်နေခြင်းဖြစ်သည်။ ကြယ်တာရာကောင်းကင်မှာ တုန်ခါနေပြီး ကွဲအက်စပြုလာ၏။ ရုတ်တရက် မန်ဟိုနှင့် ဝိညာဉ်နက်ခေါင်းဆောင်ကြီး၏အကြား၌ တွင်းနက်ကြီးတစ်တွင်း ပေါ်လာသည်။

အရာအားလုံး ပြင်းပြင်းထန်ထန် တုန်ခါနေလေသည်။

ဝိညာဥ်နက်ခေါင်းဆောင်ကြီး၏ စူးစူးဝါးဝါး အော်ဟစ်နေသော ဝိညာဉ်အုပ်ထဲမှ အတော်များများ သုတ်သင်ခံလိုက်ရသည်။ သို့သော် သူက အန္တရာယ်အားလုံးကို လျစ်လျူရှု၍ မန်ဟို့ထံ ပြေး၀င်သွားရန် ကျန်ရှိနေသော ဝိညာဉ်များကို အသုံးပြုလိုက်၏။

ဝိညာဉ်အုပ်ကြီး ဝင်တိုက်လိုက်သည့်အခါ မန်ဟိုမှာ တဆတ်ဆတ် တုန်ရီသွားသည်။ ခြုံထည်က သူ့ကျောမှ ‌ကွာသွားပြီး သွေးတစ်ပွက်အန်လိုက်ရသော သွေးခွေးကြီးအသွင် ပြောင်းသွား၏။ ယခုတွင် မန်ဟိုမှာ အသက်အန္တရာယ်ပိုရှိနေလေပြီ။

သူ့ကိုယ်ထဲရှိ အသံတစ်သံက သူ့ကို ထွက်ပြေးဖို့၊ အသတ်မခံရအောင် တိုက်ပွဲကို ရပ်ဖို့ အော်ဟစ်နေသည်။

သို့သော် သူက အံတင်းတင်းကြိတ်ရင်း အတွင်းထဲရှိ အသံကို လျစ်လျူရှုကာ ဆက်လက်တိုက်ခိုက်လိုက်လေသည်။

ဤတိုက်ပွဲတွင် နောက်ဆုတ်၍မဖြစ်ကြောင်း သူ သိသည်။ သူ့အနေဖြင့် တိုက်ကိုတိုက်ခိုက်ရလိမ့်မည်။ အဆုံးသတ်ထိ တိုက်ခိုက်နေရလိမ့်မည်။ သေခြင်းနှင့်ရှင်ခြင်းအကြားရှိ ပါးလျသော မျဉ်းကြောင်းလေးအပေါ်၌ လျှောက်လမ်းရဲသော မည်သူမဆို အနိုင်ရရှိသူ ဖြစ်လာလိမ့်မည်။

ဝိညာဉ်နက်ခေါင်းဆောင်ကြီး၏ ဝိညာဉ်မျက်နှာဖုံးထဲရှိ ဝိညာဉ်များ တဖြည်းဖြည်း ပြိုကွဲကုန်သဖြင့် တဝုန်းဝုန်း မြည်သံများအား ကြားရနိုင်သည်။ ပြိုကွဲသွားသော ဝိညာဉ်တစ်ကောင်စီတိုင်းက ဝိညာဉ်နက်ခေါင်းဆောင်ကြီး၏ စိတ်အား နာကျင်စေသည့်တိုင် သူလည်း တောင့်ခံထား၏။ သူ့တွင် မန်ဟို့အား သတ်ပစ်လိုစိတ်သာ ရှိလေသည်။

"သေစမ်း" ဝိညာဉ်မျက်နှာဖုံးထဲရှိ ဝိညာဉ်အားလုံးက တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။

ဝုန်းးးးးးးးးးး

မန်ဟို၏ အသားဂျယ်လီချပ်၀တ်တန်ဆာမှာ သူ့ကိုယ်မှ ကွာသွား၏။ မရေမတွက်နိုင်သော အလင်းမျှင်များက မန်ဟို့အနောက်တွင် လှည့်ပတ်စုဝေးရင်း ခြေကုန်လက်ပန်းကျနေသော အသားဂျယ်လီအသွင် ဖြစ်လာသည်။

မန်ဟိုမှာလည်း သွေးတစ်ချို့ ထပ်အန်လိုက်ရသည်။ ယခုတွင် သူ၏ခန္ဓာကိုယ်မှာ အသားများလန်ထွက်၍ စုတ်ပြတ်သပ်နေလေပြီ။

သို့ထိတိုင် သူက တောင့်ခံထား၏။ ဝိညာဉ်နက်ခေါင်းဆောင်ကြီးလည်း တုန်ရီနေသည်။ ဝိညာဉ်များစွာ ဆုံးရှုံးခဲ့ရသည့်တိုင် သူက ကျန်ရှိခဲ့သော ဝိညာဉ်များကို အသုံးပြုကာ မန်ဟို့ထံသို့ အရူးကြီးလို ပြေးဝင်လာနေသည်။ အဝေးမှကြည့်လျှင် မန်ဟိုမှာ အဆုံးမဲ့ဝိညာဉ်ပင်လယ်ကြီးဖြင့် ၀န်းရံခံထားရသည့် အထီးကျန်လူသားပမာ ဖြစ်နေ၏။

သူက တောင့်ခံထားသလို ဝိညာဉ်ပင်လယ်ကလည်း အလျှော့မပေးပေ။

သို့သော် ဤအခိုက်အတန့်တွင် မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ၏စတုတ္ထနိဗ္ဗာနသစ်သီးမှာ သူ့နဖူးမှ အတင်းအကြပ် ထုတ်ခံလိုက်ရသည်။

ထိုသို့ ဖြစ်ပျက်‌သောအခါ မန်ဟိုမှာ အလွန်တရာအားနည်းသွား၏။ သွေးများ သူ့ပါးစပ်မှ ပန်းထွက်သွားသည့်တိုင် သူ၏အရှိန်အဟုန်က နည်းနည်းလေးမှ ယိမ်းယိုင်မသွားခဲ့ပေ။ သူက မျက်လုံးများ နီရဲနေလျက် ယခင်ထက်ပို၍ အားနည်းနေသည့်တိုင် ညာခြေမြှောက်၍ ရှေ့တစ်လှမ်း လှမ်းလိုက်သည်။

ထိုခြေလှမ်းက သူ၏ခိုင်မာပြတ်သားမှု၊ သူ၏ ရက်စက်ကြမ်းကြုတ်မှုကို ကိုယ်စားပြု၏။

သူ ထိုခြေလှမ်းအား လှမ်းလိုက်သည့်အခါ ဝိညာဉ်နက်ခေါင်းဆောင်ကြီး၏ အသိစိတ်မှာ ဝေဝါးသွားသော်လည်း ဝိညာဉ်ပင်လယ်မှ အဆုံးမဲ့လှိုင်းများ လိမ့်ထွက်လာသည်။

ယခုတွင် သူတို့နှစ်ယောက်လုံးမှာ ခြေကုန်လက်ပန်းကျနေပြီဖြစ်၍ မည်သူက ပိုတောင့်ခံနိုင်မည်လဲ မြင်ရဖို့ .... စောင့်နေကြလေသည်။

"သေစမ်းးးးးးးးးးးးးးးးးး" ဝိညာဉ်နက်ခေါင်းဆောင်ကြီး၏ ဝိညာဉ်များက အော်ဟစ်ကြိမ်းဝါးသည်။ ဟိန်းဟောက်လိုက်စဉ် ၎င်းတို့သည် မီးတဟုန်းဟုန်း တောက်လာပြီး အတိုက်အခိုက်စွမ်းအားကို မြှင့်တင်လိုက်၏။ တချို့က မန်ဟို့အပေါ်ပင် ကျလာပြီး သူ့ကို ရက်ရက်စက်စက် ကိုက်ကြတော့သည်။

ဝိညာဥ်နက်ခေါင်းဆောင်ကြီး ဆက်လက်တိုက်ခိုက်နေသည်နှင့်အမျှ သေဆုံးသွားသော သူ၏ဝိညာဉ်တိုင်းက သူ့စိတ်ကို ထိုးကျင့်စူးအောင့်နေစေ၏။ သို့သော် သူက ထာဝရမီးတောက်ပမာ သတ်ဖြတ်လိုစိတ်တို့ တောက်လောင်နေလျက် ဆက်လက် တောင့်ခံထားသည်။

ဝိညာဉ်များက အရိုးများပေါ်လာသည့်တိုင်အောင် သူ့အသားများကို ကိုက်စားနေသဖြင့် မန်ဟိုမှာ နာကျင်မှုဝေဒနာကို ပြင်းထန်စွာ ခံစားနေရသည်။ ထို့နောက် ဝိညာဉ်များသည် အရိုးများကို ကိုက်ဖြတ်၍ သူ၏အတွင်းကလီစာများကို စားဖို့ ခန္ဓာကိုယ်ထဲသို့ပင် ထိုးဖောက်ဝင်လာကြသည်။

အဆိုပါမြင်ကွင်းမှာ အလွန်တရာချောက်ချားဖွယ်ကောင်း၏။ ထိုကဲ့သို့ အရှင်လတ်လတ် အစားခံနေရခြင်းအား သာမန်လူများ ဘယ်လိုမှ တောင့်ခံနိုင်မည်မဟုတ်‌ပေ။

သို့သော် မန်ဟိုက မျက်မှောင်သာကြုတ်နေပြီး ဝိညာဉ်များကို အဖက်မလုပ်။ သူသည် ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်ရင်း ချီနှင့်သွေးတို့ကို ဆူပွက်နေစေကာ မကောင်းဆိုးဝါးဝိညာဉ်များကို ချေမှုန်းနေ၏။

မကြာမီတွင် သူ့တစ်ကိုယ်လုံးမှာ သွေးသံရဲရဲ အသားစိုင်ကြီးပမာ ဖြစ်လာတော့သည်။ ယခုတွင် မန်ဟို၏စွမ်းအားမှာ ဆိုးဆိုးရွားရွား ကုန်ခမ်းနေပြီဖြစ်၍ ဝိညာဉ်နက်ခေါင်းဆောင်ကြီး၏ ဝိညာဉ်များ၏ အသေခံတိုက်ခိုက်ခြင်းခံနေရသော သူ၏ပါရာဂွန်တံတားမှာလည်း သူ့ခန္ဓာကိုယ်ထဲသို့ ပြန်၀င်လာသည်။

ပါရာဂွန်တံတား ပျောက်ကွယ်သွားသောအခါ ဝိညာဉ်များက စူးစူးဝါးဝါးအော်ရင်း မန်ဟို့အပေါ် ခုန်အုပ်ကြသည်။ ယခုတော့ သူ့မှာ ငတ်မွတ်နေသော ဝိညာဉ်များဖြင့် ဖုံးလွှမ်းခံထားရလေပြီ။

စစ်လက်နက်မှာ ပြိုကွဲစပြုလာသော်လည်း မန်ဟိုက သွေးတစ်ပွက်‌အန်ကာ‌ ၎င်းပျောက်ကွယ်မသွားခင် နောက်ဆုံးအကြိမ် ပိုင်းချလိုက်သည်။

"ဝိညာဉ်နက်ခေါင်းဆောင်ကြီး .... ခင်ဗျား ကျုပ်နဲ့ အတူ‌ သေရဲတဲ့ သတ္တိရှိလား"

ဓားချက်ကြောင့် ဝိညာဉ်နက်ခေါင်းဆောင်ကြီးဖြစ်သော ဝိညာဉ်များမှာ လျင်မြန်စွာ ပျောက်ကွယ်သွား၏။ ဆယ်သန်းမှ ဆယ်သိန်း။ ဆယ်သိန်းမှ တစ်သိန်းအထိ နည်းပါးသွားခဲ့လေပြီ။ မန်ဟိုကို ဖုံးအုပ်ထားသော ဝိညာဉ်များမှာလည်း ပျက်စီးသွားသည့်ဝိညာဉ်က ပျက်စီး၊ လွင့်ထွက်သွားသည့် ဝိညာဉ်က လွင့်ထွက်သွားကြသည်။

ဝိညာဉ်နက်ခေါင်းဆောင်ကြီးက ပြန်ပေါ်လာသော်လည်း သူ့တွင် ခန္ဓာကိုယ်မရှိတော့ဘဲ အော်ဟစ်နေသော အနုသုခုမနတ်ခန္ဓာသာ ရှိတော့၏။ သူ့မှာ ယခုတွင် မန်ဟို့အား အင်မတန် ကြောက်လန့်နေလေပြီ။ ယခုလို ရက်စက်ကြမ်းကြုတ်သည့် လူတစ်ယောက်နှင့် ကြုံတွေ့ရလိမ့်မည်ဟု သူ တစ်ခါမှ ထင်မထားခဲ့ပေ။ စောစောက မန်ဟိုသည် သူ၏အရိုးများနှင့် ကလီစာတို့အား အငမ်းမရ စားနေခဲ့သော ဝိညာဉ်များဖြင့် ဖုံးလွှမ်းခံခဲ့ရ၏။

ထိုကဲ့သို့ နာကျင်မှုအား တောင့်ခံနိုင်သူ မရှိသလောက် ရှားသည်။ သို့ထိတိုင် ထိုအခြေအနေမှာပင် မန်ဟိုက တိုက်ခိုက်နိုင်ခဲ့သေးသည်။ ယင်းက မြင်ရခဲသော အရာပင်။

"သေစမ်း။ ဒီလောက်ရက်စက်တဲ့လူတစ်‌ယောက်က အဋ္ဌမတောင်ပင်လယ်မှာ ဘယ်တုန်းက ပေါ်လာခဲ့တာတုန်း။ သူက ‌ဒေသခံကျင့်ကြံသူမဟုတ်လောက်ဘူး။ တခြားတောင်ပင်လယ်ကပဲ ဖြစ်ရမယ်" ဝိညာဉ်နက်ခေါင်းဆောင်ကြီးမှာ တုန်လှုပ်နေပြီး သူ့ဂိုဏ်းပျက်စီးသွားခဲ့ခြင်းကြောင်း ပူဆွေးနေရာမှ စိတ်နှင့်ကိုယ်ပြန်ကပ်သွား၏။ နောက်ဆုံးတော့ သူသည် အကျိုးသင့်အကြောင်းသင့် တွေးနိုင်သွားပြီဖြစ်၍ ထပ်မံတုံ့ဆိုင်းမနေတော့ဘဲ မန်ဟို့ကို တိုက်ခိုက်မည့် အတွေးအားလုံးကို စွန့်လွှတ်ကာ ထွက်ပြေးတော့သည်။

လက်ရည်တူချင်း တွေ့သည့်အခါ ရဲစွမ်းသတ္တိရှိသူက အနိုင်ရစမြဲဖြစ်သည်.... ဤသို့ဆိုမှတော့ ဝိညာဉ်နက်ခေါင်းဆောင်ကြီးက ထွက်ပြေးသွားသည့်လူဖြစ်၏။

မပြေးချင်သော်လည်း သူ့အတွက် ရွေးချယ်စရာမရှိပေ။ သူ့နှလုံးသားမှာ အကြောက်တရားတို့ဖြင့် တဒိန်းဒိန်း ခုန်နေပြီး သူ့စိတ်ထဲတွင် ထိတ်လန့်မှုတို့ ပြည့်နှက်နေသည်။ သူသည် အနှစ်သာရ ၃ ခု တာအိုသခင်တစ်ဦးဖြစ်သော်လည်း ယခုတော့ ကြောက်ဒူးတုန်နေရလေပြီ။

မန်ဟို၏ ရက်စက်မှုက သူ၏စိတ်ကို တုန်လှုပ်စေခဲ့ပြီး ခိုင်မာပြတ်သားမှုတို့ကို ဖယ်ရှားပစ်လိုက်သည်။ မန်ဟို၏ ရူးသွပ်မှုက ဝိညာဉ်နက်ခေါင်းဆောင်ကြီးအား ယခုလေးတင် တစ်ဂိုဏ်းလုံးအမြစ်ဖြုတ်ခံလိုက်ရသူက သူမဟုတ်ဘဲ မန်ဟိုဖြစ်နေသကဲ့သို့ ထွက်ပြေးမိစေသည်။

"ရူးနေပြီ" သူက အော်သည်။ "မင်းက အရူးပဲ။ သေစမ်း။ ငါ မင်းနဲ့အတူ သေဖို့မလိုဘူး။ ဒါပေမဲ့ ဒီနေ့သွေးကြွေးကို မင်းအဆတစ်ရာ ပြန်ဆပ်စေရမယ်လို့ ငါ ကျိန်တယ်"

မခံချင်စိတ်ဖြင့် ကြိမ်းဝါးရင်း ဝိညာဉ်နက်ခေါင်းဆောင်ကြီး၏ အနုသုခုမနတ်ခန္ဓာက အမြန်ဆုံး ထွက်ပြေးသွားသည်။ သူ့မှာ ဆက်မတိုက်ရဲခြင်းမဟုတ်၊ သေရမှာ ကြောက်၍ဖြစ်သည်။ သူ့အနေဖြင့် ရန်သူကို အသက်မနုတ်ရသရွေ့ မသေချင်သေးပေ။

ဝိညာဉ်နက်ခေါင်းဆောင်ကြီး ထွက်ပြေးနေသည်ကို မြင်လျှင် မန်ဟိုက လိုက်ဖမ်းဖို့ ပြင်သည်။ သို့သော် ခြေတစ်လှမ်းလှမ်းပြီးနောက် သူ့မှာ တုန်ရီသွားပြီး တုံ့ခနဲ ရပ်လိုက်သည်။ သူ့ခန္ဓာကိုယ်၏ ခုနစ်ဆယ်ရာခိုင်နှုန်းမှာ အရိုးများပေါ်နေပြီး ထိုအရိုးများအနက် သုံးဆယ်ရာခိုင်နှုန်းမှာ ကျိုးပဲ့ကြေမွနေလေပြီ။

သူ့တစ်ကိုယ်လုံး ကိုက်ရာများပြည့်နေပြီး သူ့မျက်လုံးတစ်ဖက်ပင် ကျွတ်ထွက်နေခဲ့သည်။ သူ၏ကလီစာများလည်း အပိုင်းပိုင်းပြတ်နေသည်။

ရုပ်ပိုင်းဆိုင်ရာအရ သူ့ပုံစံမှာ အလွန်တရာချောက်ချားစရာကောင်းနေ၏။

ထာဝရအလွှာသာ အသက်စွမ်းအားများ အဆက်မပြတ် ဖြည့်တင်းနေ၍သာမဟုတ်လျှင် မန်ဟို သေသွားခဲ့သည်မှာ ကြာခဲ့လေပြီ.....

စစ်လက်နက် မှေးမှိန်လာပြီး သူ့ခန္ဓာကိုယ်မှာ ရုတ်တရက် အသက်ကြီးလာ၏။ သူ့မှာ သွေးတစ်ပွက်အန်လိုက်သည့်အခါ သူ၏စုတ်ပြတ်နေသောအူများ၊ ကလီစာများ တုန်သွားသည်။ မန်ဟိုမှာ ဒယိမ်းဒယိုင်ဖြစ်သွားပြီး အရှိန်အဝါကျဆင်းလာ၏။

သူ၏လက်ရှိအတိုက်အခိုက်စွမ်းရည်အရ သူသည် ပါရာဂွန်တံတားမရှိလျှင် အနှစ်သာရ ၃ ခု တာအိုသခင်အတွက် ပြိုင်ဘက်မဟုတ်ပေ။ သို့ထိတိုင် ပါရာဂွန်တံတားနှင့် လက်ရှိအစွမ်းထက်နတ်ဘုရားစွမ်းရည်အမျိုးမျိုးဖြင့်ပင် သူ့မှာ အနှစ်သာရ ၃ ခု တာအိုသခင်ကို မသတ်နိုင်သေးပေ။ အဆုံးသတ်တွင် ... သရေကျခဲ့၏။

သူ့အနေဖြင့် လိုက်ဖမ်းချင်သော်လည်း မဖြစ်နိုင်။ ပို၍ပင်အရေးကြီးသည်ကား ပတ်ဝန်းကျင်ရှိ နတ်ဘုရားအာရုံစီးကြောင်းများစွာက သူရှိရာသို့ ကောင်းကင်နတ်ဘုရားမဟာမိတ်မှ အဆင့်မြင့်ပညာရှင်များ လာနေပြီဖြစ်ကြောင်း သက်သေပြနေသည်။

သူ၏အပြုအမူများက ကောင်းကင်နတ်ဘုရားမဟာမိတ်၏အမျက်ဒေါသကို လှုံ့ဆော်ခဲ့မည်ဖြစ်ကြောင်း သူ သိထားခဲ့ပြီးဖြစ်၍ မကြာမီ... တစ်နေရာလုံးကို အဝင်အထွက်ပိတ်ပစ်တော့မည့် ကျင့်ကြံသူများစွာ ရောက်လာပေတော့မည်။

သူက သွေးအေးသောမျက်ဝန်းများဖြင့် ဝိညာဉ်နက်ခေါင်းဆောင်ကြီး ထွက်ပြေးနေသောဘက်သို့ လှမ်းကြည့်လိုက်သည်။ နောက်ဆုံးတော့ သူလည်း လှည့်ထွက်လာခဲ့၏။

အချိန်အနည်းငယ်ကြာသော် ရောင်စုံအလင်းတန်းများ ပတ်ဝန်းကျင်တွင် ပြည့်နှက်သွားသည်။ ခေါင်းဆောင်နေရာရှိလူမှာ တာအိုနယ်ပယ်အရှိန်အဝါအား ပိုင်ဆိုင်ထားသည့် ခရမ်းဝတ်ရုံနှင့်လူတစ်ယောက် ဖြစ်သည်။

“ကောင်းကင်နတ်ဘုရားမဟာမိတ်တစ်ဖွဲ့လုံးကို အမိန့်ကြေညာလိုက်။ မဟာမိတ်ပိုက်နက်အတွင်းမှာ ရှိတဲ့ ထွက်လမ်းမှန်သမျှ အကုန်ပိတ်။ ရှေးဟောင်းနယ်ပယ်နဲ့ အဲဒီထက်မြင့်တဲ့ မဟာမိတ်ကျင့်ကြံသူတိုင်း တိုင်းတစ်ပါးကျင့်ကြံသူကို သတ်ဖို့ အင်အားစုစည်းကြတော့” အဘိုးကြီးက အင်္ကျီလက်စကို ခါလိုက်ကာ အထူးနည်းလမ်းတစ်ခုဖြင့် ကောင်းကင်နတ်ဘုရားမဟာမိတ်ဒေသအားလုံးသို့ သတင်းဖြန့်လိုက်သည်။

All Chapters