ကြယ်တစ်စင်း လက်ဆောင်ပေးခြင်း၊ ကြယ်တာရာတံခါးပေါက် ပြီးစီးခြင်း (၂)...
Vol. 47 Ch. 693
~လုရီ၏ နှလုံးသားထဲတွင် ရုတ်ချည်းဆိုသလို အသိဉာဏ်အလင်းတစ်ခု ဝင်ရောက်လာခဲ့၏။ ဤလူ အဘယ့်ကြောင့် သူ့နောက်လိုက်ရန် ဤမျှ အသည်းအသန် ဖြစ်နေရသနည်းဟု သူတွေးမိသွားသည်။
အကြောင်းရင်းမှာ သူ၏ တာအို တရားတော်များကို နာကြားပြီးနောက် အကျိုးကျေးဇူးများ ခံစားခဲ့ရသောကြောင့် ဖြစ်နေသည်တကား။
သူသည် ခပ်ဟဟ ရယ်မောလိုက်ပြီး
"ဒီလိုဆိုမှတော့ ခင်ဗျားပဲ စီမံခန့်ခွဲလိုက်ပါ။ ဒါပေမဲ့၊ ကျွန်တော့်ကို လူအများကြီး
လာနှောင့်ယှက်တာမျိုးတော့ မကြိုက်ဘူး။ နားလည်တယ် မဟုတ်လား" ဟု ဆိုလိုက်သည်။
နုခ်က ရယ်မောလျက် ခေါင်းညိတ်ကာ
အာမခံလိုက်သည်။
"သဘောပေါက်ပါတယ်၊ စိတ်ချပါ သခင်လေးလု"
ထို့နောက်တွင် နုခ်သည် လုရီကို နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။
နုခ် ထွက်ခွာသွားပြီးနောက်မှာပင် အနီးအနားမှ ကျန့်ဖန်နှင့် အခြားသူများသည် အဖြစ်အပျက်ကို လိုက်မမီနိုင်ဘဲ အနည်းငယ် ကြောင်ငေးနေကြဆဲ ဖြစ်၏။
နန်းကုန်းမိုယွီသည် မှင်သက်စွာ စိုက်ကြည့်နေပြီး အနည်းငယ် ထိတ်လန့်နေဟန်ဖြင့်…
"…ဂျူနီယာ ညီလေးလု၊ ဒါ… ဒါကလည်း ယုံနိုင်စရာမရှိအောင် အံ့ဩဖို့ ကောင်းလွန်းနေပြီ မဟုတ်လား။ မင်း ဘာမှ မလုပ်ရဘဲနဲ့ တစ်ယောက်ယောက်က မင်းကို ကုန်သွယ်ရေးဂြိုဟ်တစ်ခု လာပေးသွားတယ်တဲ့လား။"
ကျန့်ဖန်နှင့် အခြားသူများလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းတညိတ်ညိတ် ဖြစ်နေကြသည်။
သူတို့၏ လောကအမြင်မှာ ချဲ့ထွင်ခံလိုက်ရသကဲ့သို့ပင်။ မည်သို့ပင်ဖြစ်စေ၊ ဂြိုဟ်တစ်စင်းလုံးကို တိုက်ရိုက်လက်ဆောင်ပေးသည်ဟူသော အဖြစ်မျိုးကို သူတို့ တစ်ခါမျှ မကြားဖူးခဲ့ကြပေ။
ယွီယွမ်ဝူမှာမူ တည်ငြိမ်နေဆဲဖြစ်ပြီး
"အဲဒီ နုခ်က တော်တော် ဉာဏ်ပြေးတယ်။ ယောက်ဖသာ သူ့ရဲ့ ဂုဏ်ပုဒ်ကို ထုတ်ဖော်လိုက်မယ်ဆိုရင် မျက်လုံးသုံးလုံး ကြယ်တာရာနယ်မြေမှာ ဘယ်သူကများ ကုန်သွယ်ရေးဂြိုဟ်တစ်စင်းကို မပေးဘဲ နေရဲမှာလဲ။ ယောက်ဖရဲ့ စေတနာက အဲဒီအရာထက် အဆပေါင်းများစွာ ပိုတန်ဖိုးရှိတယ်" ဟု မှတ်ချက်ပြုလိုက်သည်။
လုရီက ပြုံး၍...
"ဒါပေမဲ့ နုခ် ပြောတာလည်း မမှားပါဘူး။ ကြယ်တာရာတံခါးပေါက်သာ ပွင့်သွားရင် ကုန်သွယ်ရေးဂြိုဟ်တစ်ခု ရှိနေတာက ထျန်းမင်ကျင့်ကြံသူတွေအတွက် တကယ်ပဲ ကောင်းတဲ့အရာတစ်ခုပါပဲ" ဟု ဆိုလိုက်၏။
ထိုအဖွဲ့သည် စကားစမြည်ပြောဆိုရင်း ရှေ့ဆက်ထွက်ခွာလာခဲ့ကြသည်။
မကြာမီပင် သူတို့သည် တိမ်ဖြူအင်မော်တယ်ဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာကြသည်။
လုရီနှင့် ယွီယွမ်ဝူတို့သည် လင်းလောင်တောင်ထိပ်သို့ ပြန်သွားကြပြီး၊ အခြားသူများမှာမူ မိမိတို့၏ ကျင့်ကြံရာနေရာများသို့ ပြန်သွားကြတော့သည်။
……
အချိန်သည် တရွေ့ရွေ့ ကုန်လွန်သွားခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် နှစ်သုံးရာသည် လေပြေတစ်ချက်အလား တိုက်ခတ်ပျောက်ကွယ်သွားခဲ့လေသည်။
လုရီ၏ ကျင့်ကြံမှုအခြေခံသည် တည်ငြိမ်စွာ တိုးတက်နေခဲ့ပြီး၊ ဖရိုဖရဲ နတ်ဘုရားကျောက်သလင်းကို စုပ်ယူပြီးနောက် သူ၏ ကျင့်ကြံနှုန်းသည် ပို၍ပင် အရှိန်မြင့်တက်လာခဲ့သည်။
လွန်ခဲ့သော ငါးနှစ်ကပင် သူ၏ ကျင့်ကြံမှုအခြေခံသည် အစစ်အမှန် အင်မော်တယ် နဝမအလွှာသို့ အောင်မြင်စွာ ချိုးဖြတ်နိုင်ခဲ့ပြီး ဖြစ်၏။ သူသည် အစစ်အမှန် အင်မော်တယ် အထွတ်အထိပ်အဆင့်နှင့် တစ်လှမ်းသာ ကွာတော့သည်။
တစ်နေ့သ၌ လုရီ ကျင့်ကြံနေစဉ် ရုတ်တရက် အပြင်ဘက်မှ လင်းလောင်တောင်ထိပ်သခင်မ၏ အသံထွက်ပေါ်လာသည်မှာ…
"ဟဲ့ ကောင်စုတ်လေး၊ ထွက်ခဲ့စမ်း။"
လုရီသည် သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ရာ သူ၏ မျက်ဝန်းထဲတွင် ဖရိုဖရဲ စွမ်းအင်မျှင်တစ်စ လည်ပတ်နေလေ၏။
သူသည် ဂူစံအိမ်မှ ထွက်ခွာပြီး အပြင်ဘက်သို့ ရောက်ရှိသွားရာ၊ ဥမင်ဂူအပြင်ဘက်တွင် လင်းလောင်တောင်ထိပ်သခင်မသည် အဖြူရောင်ဝတ်ရုံဖြင့် လက်ပိုက်ကာ ရပ်နေသည်ကို တွေ့လိုက်ရသည်။
"ဆရာ၊ ဘာကိစ္စ ရှိလို့လဲ။"
လင်းလောင်တောင်ထိပ်သခင်မက ညင်သာစွာ ရယ်မောလိုက်ပြီး ပြောလိုက်၏။
"ကြယ်တာရာတံခါးပေါက် တည်ဆောက်ပြီးသွားပြီ။ ဆရာယွီမင်က နင့်ကို လာကြည့်ဖို့ ဖိတ်ခိုင်းလိုက်တယ်။ နင်က နေရာလပ် နိယာမကို အကောင်းဆုံး နားလည်တာဆိုတော့ ဒီကြယ်တာရာတံခါးပေါက်ရဲ့ နေရာလပ်လမ်းကြောင်းက တည်ငြိမ်မှု ရှိ၊ မရှိ သွားကြည့်ပေးပါဦးတဲ့"
ထိုစကားကို ကြားသောအခါ လုရီ၏ မျက်လုံးများ လင်းလက်သွားပြီး
"ဒီလောက်မြန်သလား။ ဒါဆို သွားကြစို့လေဗျ" ဟု ဆိုလိုက်သည်။
လုရီနှင့် လင်းလောင်တောင်ထိပ်သခင်မတို့သည် အလင်းတန်းများအဖြစ် ပြောင်းလဲကာ တိမ်ဖြူအင်မော်တယ်ဂိုဏ်းမှ ထွက်ခွာသွားပြီး၊ ထျန်းမင်ကြယ်ကို ဖြတ်ကျော်ကာ ဟင်းလင်းပြင်ထဲသို့ အရှိန်ပြင်းစွာ ဝင်ရောက်သွားကြတော့သည်။
ထို့နောက်တွင် လုရီသည် ကြီးမားလှသော အနက်ရောင် ကွင်းကြီး တစ်ခုကို လှမ်းမြင်လိုက်ရသည်။
ကွင်းကြီး၏ အပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အခင်းအကျင်းအင်းကွက်များစွာက
တဖျပ်ဖျပ် တောက်ပကာ တုန်ခါနေ၏။ ကွင်းကြီးတစ်ခုလုံး၏ ပတ်ပတ်လည်မှ နေရာလပ်သည် အတွင်းဘက်သို့ ကွေးညွတ်ကာ ပုံပျက်နေလေသည်။
ကွင်းကြီးတစ်ခုလုံးကို မဖွင့်လှစ်ရသေးသောကြောင့် ကြယ်တာရာတံခါးပေါက်သည် ယခုအချိန်တွင် တရားဝင် လည်ပတ်နေခြင်း မရှိသေးပေ။
သို့တိုင်အောင် လုရီသည် ကြယ်တာရာတံခါးပေါက်၏ အပြင်ဘက်တွင် နေရာလပ်မျဉ်းကြောင်းများက အခြားနေရာများနှင့် လုံးဝကွဲပြားနေသည်ကို မြင်နိုင်သေးသည်။
ကြယ်တာရာတံခါးပေါက်၏ အစွန်းတွင် ကျင့်ကြံသူအုပ်စုတစ်စုသည် လေထဲ၌ ပျံဝဲနေကြပြီး ဤကြယ်တာရာတံခါးပေါက်ကို စိုက်ကြည့်နေကြသည်။
လုရီနှင့် လင်းလောင်တောင်ထိပ်သခင်မတို့ ချဉ်းကပ်လာသည်ကို သတိပြုမိသောအခါ သူတို့သည် ခေါင်းလှည့်ကြည့်လိုက်ကြသည်။
"သခင်လေးလုကို နှုတ်ခွန်းဆက်ပါတယ်၊ ဒုတိယသခင်မလေးကို နှုတ်ခွန်းဆက်ပါတယ်" ဟု သူတို့က လေးစားစွာ ဆိုကြသည်။
လင်းလောင်တောင်ထိပ်သခင်မက အသိအမှတ်ပြု၍ ခေါင်းညိတ်ပြပြီး ကြယ်တာရာတံခါးပေါက်ကို အကဲခတ်လိုက်ပြီးနောက် လုရီဘက်သို့ လှည့်ကြည့်ကာ "ဘယ်လိုထင်လဲ" ဟု မေးလိုက်သည်။
လုရီက ခေါင်းညိတ်လျက်
"နေရာလပ်ရေတွင်းကတော့ အရမ်းတည်ငြိမ်ပုံပါပဲ… ဒါပေမဲ့ ဖွင့်လှစ်ပြီးမှပဲ ကြည့်ရမှာပေါ့။
ဆရာ ယွီမင်၊ လည်ပတ်ဖို့ အဆင်သင့်ဖြစ်ပြီလား"
ဤလက်နက်သန့်စင်သူများနှင့် အခင်းအကျင်းပညာရှင်များအဖွဲ့၏ ခေါင်းဆောင်ဖြစ်သော
ယွီမင်က ခေါင်းညိတ်ကာ "ဟုတ်ကဲ့၊ အချိန်မရွေး ဖွင့်လှစ်ဖို့ အဆင်သင့်ပါပဲ" ဟု တုံ့ပြန်လာသည်။
"ဒါဆို ဖွင့်လိုက်ကြစို့။"
လူအုပ်က ခေါင်းညိတ်လိုက်ကြပြီးနောက်
ယွီမင်သည် အခင်းအကျင်း ဖွဲ့စည်းပုံကို ထိတွေ့လိုက်ရာ သူ၏ ကိုယ်တွင် ဝိညာဉ်စွမ်းအင်များ လှည့်ပတ်စီးဆင်းသွားပြီး အခြား ကျင့်ကြံသူများလည်း သူတို့၏ အခင်းအကျင်း ဖွဲ့စည်းပုံများကို ချိုးလိုက်ကြသည်။
ကြီးမားသော ကျင့်ကြံခြင်း ရတနာ တစ်ခု
ဖြစ်သည့်အလျောက် ကြယ်တာရာ တံခါးပေါက်ကို ဖွင့်လှစ်ရန်မှာ နက်ရှိုင်းခြင်း အင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ဦးတည်း၏ စွမ်းအားဖြင့် မလုံလောက်ပေ။
ကြယ်တာရာ တံခါးပေါက်ကို အပြည့်အဝ
ဖွင့်လှစ်ရန်အတွက် ကျင့်ကြံသူ အများအပြားကို လိုအပ်လေသည်။
မကြာမီပင် ကြယ်တာရာ တံခါးပေါက်ပေါ်မှ အခင်းအကျင်း အင်းကွက်များသည် အဆက်မပြတ် လင်းလက်လာပြီး ခဏအကြာတွင် နက်ရှိုင်းသော အပြာရောင် အလင်းတန်း
တစ်ခုသည် ကွင်းကြီး တစ်ခုလုံးအတွင်း၌ ပေါ်ထွက်လာခဲ့တော့သည်။
လုရီ၏ အမြင်တွင် နေရာလပ်မျဉ်းကြောင်းများသည် ကြယ်တာရာတံခါးပေါက်၏ အတွင်းဘက်သို့ လုံးဝ ဆုတ်ခွာသွားပြီး တည်ငြိမ်သော လမ်းကြောင်းတစ်ခုကို ဖွဲ့စည်းလာသည်။ လမ်းကြောင်း၏ အဆုံးသည် မည်သည့်နေရာသို့ ဦးတည်နေသည်ကိုမူ မသိနိုင်ပေ။
မည်သည့်နေရာသို့ ဦးတည်နေသည်ဖြစ်စေ၊ ၎င်း၏ တစ်ဖက်တွင် အခြားကြယ်တာရာတံခါးပေါက်တစ်ခု ရှိရမည်မှာ သေချာသော်လည်း၊ အရေးကြီးသည်မှာ ဤနေရာလပ်လမ်းကြောင်းသည် အလွန်တည်ငြိမ်နေပြီး ကြယ်တာရာတံခါးပေါက်တွင် ပြဿနာမရှိကြောင်း ညွှန်ပြနေခြင်းပင် ဖြစ်သည်။
"စစ်တပ်ခေါင်းဆောင်ရဲ့ အမိန့်အရ ဒီကြယ်တာရာတံခါးပေါက်နဲ့ ချိတ်ဆက်ထားတဲ့ ဒေသက ဆဋ္ဌမတပ်မတော်ရဲ့ စခန်းဖြစ်တယ်။ စစ်တပ်ခေါင်းဆောင်နဲ့ သူ့လူတွေ မကြာခင် ရောက်လာကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်"
မျှော်လင့်ထားသည့်အတိုင်းပင် ယွီမင် စကားဆုံးပြီး မကြာမီမှာပင် ဆဋ္ဌမတပ်မတော်မှ ကောင်းကင်ယာဉ်ပျံတစ်စင်းသည် ကြယ်တာရာတံခါးပေါက်ကို ဖြတ်သန်းလာပြီး သူတို့၏ရှေ့တွင် ရပ်တန့်သွားသည်။
ထို့နောက်တွင် ယွီထျန်းဖုန်းသည် ကောင်းကင်ယာဉ်ပျံထဲမှ ပျံထွက်လာပြီး သူ၏ မျက်နှာသည် အပြုံးများဖြင့် ပြည့်နှက်နေကာ "ကြယ်တာရာတံခါးပေါက် တည်ဆောက်ရေးက အဆင်ပြေချောမွေ့နေပုံပဲ" ဟု ပြောဆိုလိုက်၏။
ယွီမင်က ရယ်မောလျက် ရှင်းပြလိုက်သည်။
"ဒါတွေအားလုံးက သခင်လေးလုရဲ့ ကျေးဇူးတွေပါ။ သခင်လေးလု ယခင်က ဖွင့်လှစ်ပေးခဲ့တဲ့ နေရာလပ်အမှတ်အချို့က ကျွန်တော်တို့ ရှာဖွေတွေ့ရှိခဲ့ဖူးသမျှထဲမှာ ဘယ်ဟာထက်မဆို ပိုတည်ငြိမ်ပါတယ်။ အဲဒါတွေကို အခြေခံပြီး ကျွန်တော်တို့ တည်ဆောက်ခဲ့တဲ့ ကြယ်တာရာတံခါးပေါက်တွေက အရမ်းတည်ငြိမ်တဲ့ လမ်းကြောင်းတွေကို ဖွဲ့စည်းနိုင်ခဲ့တာပါ"
"ဦးလေးထျန်းဖုန်း" လုရီနှင့် လင်းလောင်တောင်ထိပ်သခင်မ နှစ်ဦးစလုံးက ပြုံးလျက် နှုတ်ဆက်ကြသည်။
ယွီထျန်းဖုန်းက ခေါင်းညိတ်ကာ ပြောသည်။
"ဒီကြယ်တာရာတံခါးပေါက်နဲ့ဆိုရင် တစ်ယောက်ယောက်က မင်းတို့ကို တိုက်ခိုက်ဖို့ သတ္တိရှိခဲ့ရင်တောင် ငါတို့ ဆဋ္ဌမ တပ်မတော်က အလျင်အမြန် ရောက်လာနိုင်ပြီ။ ဒါက ပြဿနာရှာချင်တဲ့ ကောင်တွေကို ခြိမ်းခြောက်ဟန့်တားဖို့ လုံလောက်တာထက်တောင် ပိုသေးတယ်"
လုရီသည် အနည်းငယ် စိတ်ထိခိုက်သွား၏။
ယွီထျန်းဖုန်းသည် သူ၏ လုံခြုံရေးအတွက် အမှန်တကယ်ပင် များစွာ လုပ်ဆောင်ပေးခဲ့သည်ဖြစ်ရာ "ဦးလေးထျန်းဖုန်းရဲ့ စိုးရိမ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်" ဟု သူက ဆိုလိုက်သည်။
"မင်းနဲ့ လင်းလောင် နှစ်ယောက်လုံးက ယွီမိသားစုဝင်တွေပဲ။ ဒါတွေအားလုံးက ငါတို့ရဲ့ တာဝန်တွေထဲက တစ်စိတ်တစ်ပိုင်းပါပဲ"
ယွီထျန်းဖုန်းက လက်ဝှေ့ယမ်းပြလိုက်သည်။
ထို့နောက် သူသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ရယ်မောကာ ပြောလာသည်။
"ဟုတ်သားပဲ၊ ငါ ဒီဘက်ကို ရောက်လာတာ ရှားတယ်၊ ရီအာ၊ မင်းရဲ့ နောက်တာအို တရားပွဲက ဘယ်တော့လဲ။ မကြာခင်ဆိုရင် ငါနေပြီး နားထောင်သွားမယ်"
ထိုစကားကို ကြားသောအခါ လုရီသည် ချက်ချင်းပင် ရယ်မောလိုက်ပြီး "ကျွန်တော်လည်း တာအို တရားပွဲ တစ်ခု ဟောဖို့ စီစဉ်နေတာ၊ ဦးလေးထျန်းဖုန်း လာတဲ့ အချိန်နဲ့ ကွက်တိပဲ" ဟု ဆိုလိုက်သည်။
အမှန်စင်စစ်၊ လုရီ၏ နောက်ဆုံး တရားပွဲမှ
စလျှင် ဆယ်စုနှစ် ကျော်ကျော်လေးသာ ရှိသေးသည်။ သို့သော် ယွီထျန်းဖုန်းက ဤမျှ စဉ်းစားပေးသည့်အတွက် သူသည် ကျေးဇူးပြန်ဆပ်ရန် တာဝန်ရှိသည်ဟု ခံစားလိုက်ရသည်။ သူ့အတွက်မူ တာအို တရားဟောကြားခြင်းသည် လုံးဝ ဆုံးရှုံးမှု မရှိသည့်အပြင်၊ တရားဟောကြားသည့် အလုပ်တိုင်းမှ သူသည် အမြဲတမ်း တစ်စုံတစ်ခုကို ပြန်လည် ရရှိစမြဲ ဖြစ်သည်။
သူသည် ယခင်က အချိန်ကို မလိုအပ်ဘဲ
မဖြုန်းတီးချင်ခဲ့ခြင်းသာ ဖြစ်၏။
"ဟားဟားဟား၊ စောစောရောက်တာထက် အချိန်ကိုက်ရောက်လာတာက ပိုကောင်းတာပေါ့" ယွီထျန်းဖုန်းသည် အလွန်ပျော်ရွှင်နေတော့သည်။
ထို့နောက်တွင် ထိုအဖွဲ့သည် ထျန်းမင်သို့ ပြန်လည် ရောက်ရှိလာကြ၏။
လုရီသည် နောက်ထပ် တရားပွဲ တစ်ခုကို စတင်ဟောကြားလေတော့သည်။
လုရီအတွက်မူ သူ၏ နောက်ဆုံးတရားပွဲမှ
ဆယ်စုနှစ်ကျော်သာ ကြာသေးသော်လည်း၊
လူတိုင်းမှာမူ သဘာဝအတိုင်းပင် အလွန်အမင်း စိတ်လှုပ်ရှားနေကြတော့သည်။
မည်သို့ပင်ဖြစ်စေ၊ တရားပွဲများကို ဤမျှ အချိန်တိုအတွင်း ဆက်တိုက် ကျင်းပပေးသည့်အတွက် သူတို့၏ အကျိုးအမြတ်များမှာလည်း သဘာဝအတိုင်း ပို၍ ကြီးမားလာသည် မဟုတ်လော။
……
လုရီ၏ တရားပွဲသည် တစ်ရက်တိတိ ကြာမြင့်ခဲ့ပြီး၊ ယခင်ကထက် ပို၍ ကြာမြင့်ခဲ့ကာ၊ ထို့နောက်တွင် သူ လင်းလောင်တောင်ထိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ယွီထျန်းဖုန်းသည် ယွီယွမ်ဝူ၏ နေအိမ်တွင် တံခါးပိတ် ကျင့်ကြံနေပြီး၊ ယွီယွမ်ဝူကိုမူ အပြင်သို့ ကန်ထုတ်ထားရာ သူသည် မျက်ရည်ကျလုမတတ် အံ့အားသင့်ကြောင်ငေးနေဆဲ ဖြစ်သည်။
ထိုမြင်ကွင်းကို မြင်သောအခါ လုရီ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသော်လည်း သူသည် ဘာမှ ထပ်မပြောတော့ပေ။
သို့သော် ထိုအခိုက်အတန့်၌ပင် လုရီသည်
အားပြင်းသော လှိုင်းခတ်မှု တစ်ခု ဖြတ်သန်းသွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
နောက်တစ်ခဏတွင် အနည်းငယ် ရင်းနှီးနေသော အရှိန်အဝါတစ်ခုသည် ဟင်းလင်းပြင်ထဲသို့
တဟုန်ထိုး တက်သွားခဲ့သည်။
လုရီက မျက်ခုံးပင့်လိုက်ပြီး ခဏပြန်စဉ်းစားလိုက်ရာ ထိုအရှိန်အဝါ၏ ပိုင်ရှင်ကို လျင်မြန်စွာ မှတ်မိသွားသည်။
ထိုသူမှာ နုခ် ဖြစ်သည်။
ဤလှိုင်းခတ်မှု… နုခ်က အဆင့်ချိုးဖြတ်သွားခဲ့သည်လော။
လုရီသည် နောက်ဆုံးတက်လှမ်းခြင်း အခမ်းအနားတွင် နုခ် ပြောခဲ့သော စကားကို သတိရလိုက်မိသည်။ နုခ်၏ အဆင့်ချိုးဖြတ်ရန် အချိန်တန်နေပြီ ဖြစ်သည်။ ဤဆက်တိုက် တာအို တရားပွဲ နှစ်ခု၏ အချိန်သည် နုခ်၏ အောင်မြင်မှုနှင့် တိုက်ဆိုင်သွားခဲ့ခြင်း ဖြစ်သည်။
လင်းလောင်တောင်ထိပ်သခင်မနှင့် ယွီယွမ်ဝူတို့လည်း ထိုအရှိန်အဝါ၏ လှိုင်းခတ်မှုကို သတိပြုမိကြသည်။
လင်းလောင်တောင်ထိပ်သခင်မက မျက်ခုံးပင့်လိုက်ပြီး "တစ်ယောက်ယောက် အဆင့်ချိုးဖြတ်နေတာလား။ ဒီလူက ဘယ်သူလဲ" ဟု မေးလိုက်သည်။
လင်းလောင်တောင်ထိပ်သခင်မသည် နောက်ဆုံးတက်လှမ်းခြင်း အခမ်းအနားကို မတက်ရောက်ခဲ့သောကြောင့် သူမသည် နုခ်ကို သဘာဝအတိုင်း မမှတ်မိပါပေ။
ယွီယွမ်ဝူမှာမူ အသိဉာဏ်ပွင့်သွားဟန်ဖြင့် သူသိနေကြောင်း ပြသလိုက်သည်။
သူက ပြုံးဖြီးဖြီးဖြင့်
"အဲဒါ ယောက်ဖရဲ့ နောက်လိုက်တွေထဲက
တစ်ယောက်လေ၊ နောက်ဆုံး တက်လှမ်းခြင်း အခမ်းအနားတုန်းက ကောင်းကင်နဂါး မြင့်မြတ်နယ်မြေက ကောင်လေး၊ ယောက်ဖနောက်ကို အတင်းလိုက်မယ်ဆိုပြီး လုပ်နေတာလေ" ဟု ရှင်းပြလိုက်သည်။
ယခုအချိန်တွင် လင်းလောင်တောင်ထိပ်သခင်မသည် ယွီယွမ်ဝူ၏ 'ယောက်ဖ' ဟု အဆက်မပြတ် ရည်ညွှန်းနေခြင်းကို အသားကျနေပြီ ဖြစ်ရာ သူမ မကြားသကဲ့သို့ပင် ဟန်ဆောင်နေလိုက်သည်။
သူမသည် လုရီကို အနည်းငယ် အံ့အားသင့်စွာ ကြည့်လိုက်ပြီး "…နင့်ရဲ့ နောက်လိုက်က နက်ရှိုင်းခြင်း အင်မော်တယ်အဆင့်တောင် ရောက်နေပြီ ဟုတ်လား" ဟု မေးလိုက်သည်။
သူမကိုယ်တိုင်ပင် နက်ရှိုင်းခြင်း အင်မော်တယ်အဆင့်တွင်သာ ရှိသေးသည်။
ဒီကောင်လေး… ငါတို့ မသိလိုက်မသိဘာသာနဲ့ ဒီလောက်တောင်မြင့်သွားပြီလား။
လုရီက ကျိုးနွံစွာ ပြုံးလျက် ပြန်ဖြေလိုက်၏။
"သူက ကျွန်တော့်နောက်လိုက် ဖြစ်ခွင့်တောင်းမယ်လို့ ဒီလောက် အသည်းအသန် ဖြစ်နေလိမ့်မယ်လို့ ကျွန်တော်လည်း မထင်ထားခဲ့ပါဘူး"
လင်းလောင်တောင်ထိပ်သခင်မ: "…"
သူမ၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး ဆက်လက်တိတ်ဆိတ်နေရန်သာ ရွေးချယ်လိုက်တော့သည်။
လုရီက မျက်ခုံးပင့်လိုက်ပြီး မေးလိုက်သည်။
"တစ်ယောက်ယောက် တက်လှမ်းတာကို မြင်ရတာ ရှားတယ်၊ သွားကြည့်ချင်လားဗျ"
ထိုအခါ လင်းလောင်တောင်ထိပ်သခင်မက ခေါင်းခါကာ
"ငါလည်း ထိုးထွင်းအမြင်အသစ်တွေ ရထားတယ်၊ အရင်ဆုံး တံခါးပိတ်ကျင့်ကြံလိုက်ဦးမယ်" ဟု ဆိုလိုက်၏။
ယွီယွမ်ဝူသည် သူ၏ နေအိမ်ကို တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်ကို မဲ့လိုက်ကာ
"…ယောက်ဖ၊ ငါ မင်းနဲ့ လိုက်ခဲ့မယ်" ဟု ဆိုလိုက်သည်။
သူသည် တံခါးပိတ်ကျင့်ကြံလိုသော်လည်း သူ၏ နေအိမ်ကို ဦးလေးထျန်းဖုန်းက သိမ်းပိုက်ထားလေပြီ။
တံခါးပိတ်ကျင့်ကြံဖို့ကတော့ ဒီတစ်သက် မဖြစ်နိုင်တော့ပါ…။
*****