ထင်ရှားသည့်အနိုင်ရမှု
Vol. 150 Ch. 2137
ဆရာသခင်ထျန်းပေါင်က ရှက်ရွံ့နေသော အကြည့်တို့နှင့် ရီဖူရှင်း၏ ဆေးလုံးကို ငေးကြည့်နေခဲ့သည်။
ရီဖူရှင်း၏ ဆေးပေါင်းဖိုအတွင်းမှ ဆေးလုံး ထွက်ပေါ်လာသည့် အခိုက်အတန့်၌ သူက ပြိုင်ပွဲတွင် ရှုံးနိမ့်သွားလေသည်။ သူတို့က ဆေးလုံး၏ အမှန်တကယ် သက်ရောက်မှုအား နှိုင်းယဥ်ရန် မလိုအပ်ပေ။ အဆင့်ငါးရန်ဟောင်တစ်ပါးအနေနှင့် ရီဖူရှင်းက ပြီးပြည့်စုံသော မဟာလမ်းစဥ် အဆင့်ခြောက်ဆေးလုံးကို ဖန်တီးနိုင်သည်။ သူက ဆရာသခင်ထျန်းပေါင်ထက် ပို၍ လုပ်နိုင်စွမ်း ရှိကြောင်း သက်သေပြနေသည်။ ပြိုင်ပွဲအား ဆက်လက်လုပ်ဆောင်ရန် အကြောင်းပြချက် မရှိတော့ပေ။
၎င်းသည် အနိုင်ရမည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိနေသော ဆရာသခင်ထျန်းပေါင်အား ရီဖူရှင်းက ဤယှဥ်ပြိုင်မှုနှင့် လှလှပပ အနိုင်ပိုင်းလိုက်သည်ဟု ပြောနိုင်ပေသည်။
ရီဖူရှင်းက သူ့ကို ရှုံးနိမ့်စေခဲ့သည်။
ဆရာသခင်ထျန်းပေါင်သည် တစ်ချိန်က ကိုးလမ်း၏ အကောင်းဆုံး အာခီမီဆရာသခင် ဖြစ်ခဲ့ဖူးသည်။ ယခု သူက ထိုဂုဏ်ထူးဖြင့် ထိုက်တန်ခြင်း မရှိတော့ပေ။
ကြည့်ရှုနေသူများသည် အံ့အားသင့်ထိတ်လန့်ပြီး စိတ်လှုပ်ရှားစွာ ဆူညံလာတော့သည်။ သူတို့က ဆေးလုံးကို စိုက်ကြည့်နေကြပြီး ၎င်းက အမှန်တကယ် အစွမ်းထက်လိမ့်မလား သိချင်နေကြသည်။
"ဒါက ဘယ်လိုဆေးမျိုးလဲ။" တစ်စုံတစ်ယောက်က မေးလိုက်သည်။
"နျဲ့ယွမ်ဆေးလုံး။" အသံတစ်ခုက ဖြေလိုက်သည်။ ထိုသူက ယဥ်ကျေးသိမ်မွေ့ဟန်ရှိသည့် လူငယ်လေးတစ်ယောက် ဖြစ်သည်။ အိမ်တော်သခင်က ထိတ်လန့်တုန်လှုပ်စွာနှင့် သူ၏ မျက်လုံးများကို ကျဥ်းမြောင်းကာ ရှေးဟောင်းတော်ဝင် မိသားစုမှ လူငယ်လေးကို ကြည့်လိုက်သည်။
"ပြီးပြည့်စုံတဲ့ အဆင့်ခြောက် နျဲ့ယွမ်ဆေးလုံး။ အဲဒါက ကျင့်ကြံသူတစ်ယောက်ရဲ့ ဖွဲ့စည်းပုံကို ပြောင်းလဲစေပြီး အရမ်း အားကောင်းတဲ့ မဟာလမ်းစဥ် အခြေခံအုတ်မြစ်ကို တည်ဆောက်ပေးတယ်။ ဒီဆေးက ရောင်းဖို့အတွက်လား။" လူငယ်လေးက မေးလိုက်သည်။ ရီဖူရှင်းက သူ့အား အကဲခတ်သလို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူက လူငယ်လေး၏ ယဥ်ကျေးသော အမူအရာကို သတိပြုမိကာ သာမန် ကြည့်ရှုသူတစ်ယောက်သာ မဟုတ်သည်ကို သတိပြုမိလိုက်သည်
ထို့အပြင် သူက ထျန်းယိအိမ်တော်သခင်က ထိုလူငယ်လေးအား ထူးခြားစွာ ကြည့်သည်ကို သတိပြုမိလိုက်သည်။
ဖြစ်နိုင်သည်က...
ထိုသို့တွေးလိုက်မိသည်နှင့် ရီဖူရှင်းက လက်ကို မြှောက်ကာ လက်ဝါးဖြန့်လိုက်သည်။ ဆေးလုံးက သူ၏ လက်ထဲသို့ ပျံသန်းလာ၏။ ရီဖူရှင်းက ဆေးကို ပါးစပ်ထဲထည့်ကာ မြိုချလိုက်သည်။ ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်မှ တောက်ပသော မဟာလမ်းစဥ် အလင်းများ ထွက်ပေါ်လာပြီး ပြင်းထန်သည့် အသက်စွမ်းအားတို့ ပေါက်ကွဲထွက်လာသည်။
လူတိုင်း၏ အံ့အားသင့်မှုအောက်မှာပင် သူက ဆေးအား ကိုယ်တိုင် စားပစ်လိုက်သည်။
"ကျုပ် ဒီနေ့ ဒီနေရာကို ဆေးလုံး အရောင်းအဝယ် လာလုပ်တာ မဟုတ်ဘူး။" ရီဖူရှင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ သူက ဆရာသခင်ထျန်းပေါင်ကို ကြည့်ကာ မေးလိုက်သည်။ "အခုရော ခင်ဗျားက ကျုပ်ကို စိတ်ရှိတိုင်း ခေါ်လို့ရမယ်လို့ ထင်နေတုန်းလား။"
လူအများသည် ရီဖူရှင်း၏ စကားကြောင့် ယိမ်းယိုင်သွားလေသည်။ ရီဖူရှင်းက ဆေးဖော်စပ်ခြင်း၌ အံ့သြဖွယ်ကောင်းလှသော စွမ်းရည်ကို ပြသခဲ့သည်။ သူက ထိုမျှ မောက်မာနေသည်မှာ အံ့သြဖွယ် မရှိတော့ပေ။ အမှန်တကယ်ပင် ဆရာသခင်ထျန်းပေါင်၌ ရီဖူရှင်းအား ဆင့်ခေါ်နိုင်သည့် အခွင့်မရှိချေ။ သူက ရီဖူရှင်းအား ဂရုမစိုက်ဘဲ နေ၍ရသည့် ကလေးတစ်ယောက်ကဲ့သို့ ထန်ချန်းအား စေလွှတ်ကာ ဖိတ်ခေါ်ခိုင်းခဲ့သည်။ ရီဖူရှင်းက သွားရန်ငြင်းဆန်ခဲ့သည့်အခါ ထန်ချန်းက အင်အားသုံးရန် ကြိုးပမ်းခဲ့၏။ ထိုသည်ကပင် သူ အသတ်ခံခဲ့ရသော အကြောင်းရင်း ဖြစ်ပေသည်။
ယခု ကြည့်ရသည်မှာ ထန်ချန်း၏ သေခြင်းက မမျှတခြင်း မဟုတ်ပေ။
ဆရာသခင်ထျန်းပေါင်က ရီဖူရှင်းထံမှ ထိုကဲ့သို့ ဖိတ်ကြားချက်မျိုးရရှိလျှင် မည်သို့ တုံ့ပြန်မည်ကို လူတိုင်း ခန့်မှန်းနိုင်ပေသည်။
"ခင်ဗျားက ဆေးဖော်စပ်တာထက် စကားကြီး စကားကျယ်ပြောတာမှာ ပိုတော်တာပဲ။" ရီဖူရှင်းက သရော်လိုက်သည်။ သူက ခုံများတွင် ထိုင်နေကြသည့် လူများအား ဝေ့ကြည့်လိုက်သည်မှာ ထျန်းယိအိမ်တော်သခင် အပါအဝင် သူတို့အားလုံးကို ရည်ညွှန်းပြောနေသလိုပင် ဖြစ်သည်။
ဆရာသခင်ထျန်းပေါင်က ရီဖူရှင်းအား စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးများက မည်းမှောင်ကာ ခြိမ်းခြောက်နေဟန် ရှိသည်။ ရုတ်ချည်းပင် ဆရာသခင်ထျန်းပေါင်၏ ခန္ဓာကိုယ်ဝန်းကျင်၌ မီးလျှံများ ဝန်းရံလာပြီး သူက လျှပ်စီးကဲ့သို့ လျင်မြန်သော အရှိန်နှင့် ရှေ့ကို တက်လာခဲ့ကာ အနောက်တွင် မီးလျှံစီးကြောင်းတစ်ခု ချန်ရစ်ခဲ့သည်။ ဆရာသခင်ထျန်းပေါင်က ရီဖူရှင်းထံသို့ လက်ကို ဆန့်ထုတ်ကာ ခေါင်းအား ရိုက်ချလိုက်သည်။ သူ၏ လက်ဝါးက အရာအားလုံးကို ဖျက်ဆီးနိုင်သော လောင်ကျွမ်းနေသည့် နေမင်းတစ်ခုသဖွယ် ထင်မှတ်ရသည်။
"သတိထား။" လင်ရှန်းက အော်ဟစ်လိုက်သည်။ ဆရာသခင်ထျန်းပေါင်က ရီဖူရှင်းကို တိုက်ခိုက်လိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ကြပေ။
ကြည့်နေသူများက ကြက်သေသေသွားပြီး သူတို့၏ မျက်လုံးများက စင်မြင့်ထက်တွင် ကပ်ငြိနေခဲ့သည်။ ဆရာသခင်ထျန်းပေါင်က ဆေးဖော်စပ်ခြင်းပြိုင်ပွဲအတွင်း အနိုင်ယူခံလိုက်ရသည်။ သူက စော်ကားခံရမှုအား သည်းမခံနိုင်တော့ဘဲ ရီဖူရှင်းကို ချက်ချင်း သတ်ဖြတ်ရန် ရွေးချယ်ခဲ့သည်။
သိသာစွာပင် ဆရာသခင်ထျန်းပေါင်က အကြင်နာမရှိဘဲ ဆုံးဖြတ်ချက်ပြတ်သားသူ ဖြစ်ပေသည်။ ရီဖူရှင်းက မဟာနတ်ဘုရားများမြို့၌ မည်သူနှင့်မှ အဆက်အသွယ်မရှိသည့် အပြင်လူ ဖြစ်သည်။ သူ သေသွားသည်နှင့် ဆရာသခင်ထျန်းပေါင်က ကိုးလမ်းမှ အကောင်းဆုံး အာခီမီဆရာသခင် ဖြစ်နေဆဲပင် ဖြစ်လိမ့်မည်။ သေလူတစ်ယောက်က သူ့ကို မည်သို့ ဆန့်ကျင်နိုင်ပါမည်နည်း။
အားလုံးသော ပြဿနာများမှာ ဆရာသခင်ထျန်းပေါင်က ရီဖူရှင်းအား သတ်လိုက်သည်နှင့် ဖြေရှင်းပြီးသား ဖြစ်သွားပေလိမ့်မည်။
ရီဖူရှင်းသည် ဆရာသခင်ထျန်းပေါင် လာနေသည်ကို မြင်လျှင်ပင် အမူအရာမဲ့စွာ ကျန်ရှိနေဆဲ ဖြစ်ပေသည်။ ဆရာသခင်ထျန်းပေါင်က အဆင့်ရှစ်ရန်ဟောင်တစ်ပါး ဖြစ်သောကြောင့် သူ့ကိုယ်သူ ယုံကြည်ချက် လွန်ကဲပေသည်။
ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ သူက ခေါင်းကို မော့ကာ လက် မြှောက်၍ ဆရာသခင်ထျန်းပေါင်အား ဆန့်ကျင်တိုက်ခိုက်လိုက်သည်။ မတူကွဲပြားသော စွမ်းအား နှစ်မျိုးက ထိပ်တိုက်တွေ့ဆုံခဲ့သည်။
ဘန်း...
နားအူလောက်သည့် ဆူညံသံနှင့် ကြောက်မက်ဖွယ် လှိုင်းက အပြင်ဘက်သို့ ထိုးထွက်လာပြီး စင်မြင့်အောက်မှ ကြည့်ရှုသူများထံ ရောက်ရှိသွားလေသည်။ လူအများသည် သူတို့ကိုယ်သူတို့ ကာကွယ်ရန် စွမ်းအားများကို ထုတ်လွှတ်လိုက်ရသည်။ မည်သို့ပင်ဖြစ်စေ ထိုစွမ်းအင်လှိုင်းကြောင့် နောက်သို့ လွင့်စင်သွားကာ အပြင်းအထန် ဒဏ်ရာရသွားသူများလည်း အများအပြား ရှိပေသည်။ မြင်ကွင်းက အတော်ပင် ရှုပ်ထွေးနေခဲ့သည်။
သန်မာသော တန်ခိုးရှင်များက ထိုစွမ်းအင်လှိုင်းကို ကြံ့ကြံ့ခံကာ စင်မြင့်ထက်မှ တိုက်ပွဲကို စောင့်ကြည့်နေကြသည်။ လူအများ ထင်ထားသလိုပင် ရီဖူရှင်းက ဆရာသခင်ထျန်းပေါင်၏ တိုက်ခိုက်မှုကြောင့် ပြာကျသွားရမည့်အစား ခိုင်မာစွာ ရပ်တည်နေခဲ့သည်။ သူတို့၏ လက်များက ထိမိသွားသောအခါ ဆရာသခင်ထျန်းပေါင်သည် ဆန့်ကျင်ဘက်စွမ်းအားနှစ်ခု၏ အသန့်စင်ဆုံး ဖျက်ဆီးခြင်းစွမ်းအားများက သူ့လက်မောင်းထဲ တိုးဝင်လာသလို ခံစားလိုက်ရပေသည်။
ထိုသည်က မည်သို့သော စွမ်းအားမျိုး ဖြစ်သနည်း။
ဆရာသခင်ထျန်းပေါင်က အံ့သြတုန်လှုပ်သွားခဲ့သည်။ သူက အဝေးသို့ ပျံသန်းသွားခဲ့ပြီး လက်မောင်းက ပြတ်ကျတော့မလို ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားခဲ့ပေသည်။ ကြောက်မက်ဖွယ်စွမ်းအားက သူ့ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်လာပြီး စိတ်ဝိညာဥ်က တိုက်ခိုက်ခံလိုက်ရသည်။ သူသည် မတူကွဲပြားသော စွမ်းအင်နှစ်ခု၏ ဝါးမြိုခြင်းကို ခံနေရသလို ခံစားရပေသည်။
ဆရာသခင်ထျန်းပေါင်က ခပ်တိုးတိုး ညည်းညူလိုက်ပြီး သူ့မျက်နှာက စက္ကူတစ်ခုကဲ့သို့ ဖြူရော်သွားပေသည်။ သူ၏ ပါးစပ်မှ မေးတလျှောက် သွေးများ တစက်စက် စီးကျလာသည်။ သူက ခေါင်းကို မော့ကာ ရီဖူရှင်းအား စိုက်ကြည့်လိုက်သည်။ သူက ရီဖူရှင်းအား တိုက်ခိုက်စဥ်အတွင်း တစ်နည်းနည်းဖြင့် ဒဏ်ရာရခဲ့ခြင်း ဖြစ်နိုင်သည်။
ရီဖူရှင်းသည်လည်း နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်သွားခဲ့သည်။ သူက ခေါင်းကို မော့ကာ ဆရာသခင်ထျန်းပေါင်အား အထင်အမြင်သေးစွာ ကြည့်ပြီး ရယ်သွမ်းသွေးလိုက်သည်။ "ခင်ဗျားလို ဘာမဟုတ်တဲ့လူက ကျုပ်ကို ချောင်းပြီး တိုက်ခိုက်ရဲတယ်လား။ ဘယ်လောက် ရယ်စရာ ကောင်းလိုက်သလဲ။ ခင်ဗျားက မျှတတဲ့ တိုက်ခိုက်မှုနဲ့တောင် ကျုပ်ကို အနိုင်ရနိုင်မှာ မဟုတ်ဘူး။ ခင်ဗျားက ကျင့်ကြံခြင်းမှာရော ဆေးပညာမှာရော ကျုပ်ရဲ့ ပြိုင်ဘက်မဖြစ်နိုင်ဘူး။ ခင်ဗျားက ကျုပ်နဲ့ ယှဥ်ဖို့ တန်တောင် မတန်ဘူး။"
ကြည့်ရှုနေသူများက ပို၍ပင် အံ့သြထိတ်လန့်သွားကြသည်။ ရီဖူရှင်းက ထိုမျှ အထင်ကြီးဖွယ်ကောင်းသည့် ခွန်အားနှင့် တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။
ထိုမျှ မောက်မာသော လျှို့ဝှက်ဆန်းကြယ်သည့် အာခီမီဆရာသခင်က ထိုကဲ့သို့ အန္တရာယ်များပြီး ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု မည်သူမှ ထင်မှတ်ထားခြင်း မရှိပေ။
ထျန်းယိအိမ်တော်၏ အိမ်တော်သခင်သည်ပင် ယခုအချိန်၌ စတင် ယိမ်းယိုင်လာပြီ ဖြစ်သည်။ ဆရာသခင်ထျန်းပေါင် ယခု လုပ်လိုက်သော အပြုအမူက သူ့ဂုဏ်သိက္ခာကို သူ ဆွဲချလိုက်ခြင်း ဖြစ်သည်။ အခြားတစ်ဖက်၌ ရီဖူရှင်းက ဆေးဖော်စပ်ခြင်းနှင့် ကျင့်ကြံခြင်း နှစ်ခုလုံး၌ ကောင်းမွန်သော အလားအလာရှိကြောင်း ပြသခဲ့သည်။ သူက ဆရာသခင်ထျန်းပေါင်ထက် ပို၍ အများကြီး တန်ဖိုးရှိနေပြီ ဖြစ်သည်။ သူက အနာဂတ်၌ အကျိုးအမြတ် မည်မျှများများ သယ်ဆောင်လာနိုင်မည်မှာ ခန့်မှန်းထားနိုင်သည်ထက် ကျော်လွန်နေပေသည်။
ထျန်းယိအိမ်တော်ကသာ သူ့အား သိမ်းသွင်းနိုင်ခဲ့လျှင်...
ထို့အပြင် အိမ်တော်သခင်အနေနှင့် ယခု ရီဖူရှင်းအား သတ်ဖြတ်ရန် မဖြစ်နိုင်တော့ပေ။ သူက ယခု တိုက်ခိုက်မှုပြုခဲ့ပါလျှင် ရီဖူရှင်းနှင့် မိတ်ဆွေဖွဲ့နိုင်ဖို့ရာ တစ်စုံတစ်ယောက်က ရှေ့ထွက်လာပြီး သူ့အား ကာကွယ်ပေးမှာ သေချာပေသည်။ သူက လူတိုင်းထံမှ မျက်နှာသာပေးမှုကို ရရှိပေလိမ့်မည်။
ထျန်းယိအိမ်တော်သခင် တစ်ယောက်အနေနှင့် သူက အခြေအနေကို အကဲဖြတ်နိုင်စွမ်း ရှိပေသည်။
သို့သော် သူက ယခု စကားဝင်ပြောရန် အခြေအနေရှိမနေပေ။ မဟုတ်ပါက ဆရာသခင်ထျန်းပေါင်အား ဆန့်ကျင်မိပေလိမ့်မည်။
"အံ့သြစရာပဲ။" လင်ရှန်းက ပြောလိုက်သည်။ "ဘယ်လောက် အံ့သြစရာ ကောင်းလိုက်တဲ့ အာခီမီဆရာသခင်လဲ။ အဲဒီတော့ အရင်တုန်းက ဆရာသခင်ထျန်းပေါင်အနေနဲ့ ဂရုတစိုက်မတွေးတောဘဲ မှားယွင်းခဲ့တယ်ဆိုတာ အားလုံး သဘောတူနိုင်ကြမယ် ထင်တယ်။"
ဆရာသခင်ထျန်းပေါင်သည် ယဥ်ကျေးမှုမရှိစွာနှင့် ရီဖူရှင်းအား ထျန်းယိအိမ်တော်သို့ ခေါ်လာရန် သူ့တပည့်ကို စေခိုင်းခဲ့သည်။ ထိုသည်မှာ ဂရုတစိုက် မတွေးတောဘဲ အရမ်းကာရော ပြုမူခဲ့သည်မှာ ထင်ရှားပေသည်။
သို့သော် ထိုအချိန်က ရီဖူရှင်းသည် ထိုမျှ အစွမ်းထက်သူဖြစ်ကြောင်း မည်သူမှ မသိခဲ့ကြပေ။
ဤပြိုင်ပွဲမစတင်ခင်၌ လူတိုင်းသည် ရီဖူရှင်းက စင်မြင့်ထက်၌ ဆရာသခင်ထျန်းပေါင်အား ရှုံးနိမ့်ပြီး သူ့အသက်ကိုပင် ဆုံးရှုံးရလိမ့်မည်ဟု အခိုင်အမာ ယုံကြည်ထားပေသည်။
ယခု မည်သို့ ဖြစ်သွားသနည်း။
လူတိုင်းသည် ယခု ရီဖူရှင်းထံ၌ မည်သို့မှ ဖြစ်ပျက်သွားလိမ့်မည် မဟုတ်သည်ကို ရှင်းရှင်းလင်းလင်း သိရှိသွားပေသည်။ ထို့အစား ကိုးလမ်းမှ လူများက အလျင်အမြန်ပင် ရီဖူရှင်းနှင့် ရင်းနှီးကာ မိတ်ဆွေဖြစ်လာရန် ကြိုးစားချင်နေတော့သည်။
***