မိတ်ဆွေသစ်များ
Vol. 150 Ch. 2138
ဆရာသခင်ထျန်းပေါင်က ထိုစင်မြင့်ထက်၌ ဆက်နေရန် အလွန်ရှက်ရွံ့သွားခဲ့သ ည်။ သူက အင်္ကျီလက်ကို ယမ်းလိုက်ကာ ပြန်လှည့်ထွက်သွားလေသည်။
"ဆရာသခင်ထျန်းပေါင် ခင်ဗျားက မတောင်းပန်ဘဲနဲ့ ထွက်သွားမလို့လား။" လင်ရှန်းက လှောင်ပြောင်ရင်း ပြောလိုက်သည်။ သူသည် ထျန်းယိအိမ်တော်အတွက် အလုပ်လုပ်နေသော ဆရာသခင်ထျန်းပေါင်ကို ဆန့်ကျင်မိရန် ကြောက်ရွံ့နေခြင်း မရှိပေ။ ထိုအိမ်တော်က သူနှင့် မည်သည့်အကျိုးစီးပွားမှ ဆက်စပ်နေခြင်းမရှိပေ။
"အဲဒါဟုတ်တယ်။ ထန်ချန်းက ဆရာသခင်ထျန်းပေါင်ရဲ့ တပည့်တစ်ယောက် ဖြစ်ပေမယ့် သူက လျှို့ဝှက်ဆန်းကြယ်တဲ့ ဆရာသခင်ကို ထျန်းယိအိမ်တော်ဆီ ခေါ်ဖို့အတွက် အင်အားသုံး အကြမ်းဖက်ရဲတယ်။ သူက စည်းကျော်သွားခဲ့ပြီ။ အဲဒါအပြင် ဆရာသခင်ထျန်းပေါင်က အခု ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ဆရာသခင်ကို သတ်ဖို့ ကြိုးစားခဲ့တယ်။ အဲဒါကို ဒီအတိုင်း ချေဖျက်လိုက်လို့ မရဘူးလေ။" တစ်စုံတစ်ယောက်က ပြောလိုက်သည်။ သူက ထျန်းယိအိမ်တော်နှင့် ရန်ငြိုးရန်စအချို့ ရှိနေသည့်အတွက် ထိုသို့ လှောင်ပြောင်သရော်သော လေသံနှင့် ပြောဆိုခြင်း ဖြစ်ပေသည်။
"ဒါက လုံလောက်ပြီ။ နှစ်ဖက်လုံးက မစဥ်းစား မဆင်ခြင်ဘဲနဲ့ လုပ်လို့ မှားခဲ့ကြတာချည်းပဲ။ အရာအားလုံးက အထင်လွဲမှားမှုကြောင့် ဖြစ်ခဲ့ရတာပါ။ ဒီကိစ္စအတွက် အဲဒါက အကုန်ပါပဲ။" ထျန်းယိအိမ်တော်၏ အိမ်တော်သခင်က ကြေညာလိုက်သည်။ သူက ဆရာသခင်ထျန်းပေါင်နှင့် တစ်ဖက်တည်းတွင် ဖြစ်သော်လည်း ယခုအချိန်၌ သူက ရီဖူရှင်းအား အတိအလင်း ဒုက္ခမပေးရဲပေ။
သူသည် လူတိုင်း၏ ရှေ့၌ သူ့ခွန်အားကို သက်သေပြခဲ့သော ရီဖူရှင်းအား ဂရုမစိုက်ဘဲ ရင်ဆိုင်တိုက်ခိုက်ခြင်း မပြုရဲချေ။ ယခုချိန်၌ ရှေးဟောင်းတော်ဝင်ယန်မိသားစု တန်ခိုးရှင်များလည်း ရောက်ရှိနေခဲ့သည့်အတွက်ကြောင့် သူစိတ်ထင်တိုင်းကြဲ၍ မရပေ။ သူတို့သည် အရာအားလုံးကို မျက်မြင်တွေ့ခဲ့ရပြီး ရီဖူရှင်းအား ခေါ်ဆောင်သွားချင်နေကြသည်။ အဆုံးမှာတော့ ရီဖူရှင်းက အကန့်အသတ်မဲ့သော အလားအလာများနှင့် အာခီမီဆရာသခင်တစ်ယောက် ဖြစ်ပေသည်။
ထိုအချိန်တွင် သူက ဆရာသခင်ထျန်းပေါင်၏ ဂုဏ်သိက္ခာကို ဆယ်ပေးရန်လိုသည့်အတွက် ထိုကိစ္စကို တတ်နိုင်သမျှ မြန်မြန်အဆုံးသတ် သွားစေချင်နေသည်။
"အထင်လွဲတာလား။" ရီဖူရှင်းက လှောင်ပြောင်သရော်သော အသံနှင့် ပြောလိုက်သည်။ "ခင်ဗျားတို့ မနေ့က ကျုပ်ကို ဖမ်းဖို့ လုပ်တဲ့ အချိန်တုန်းက ဘယ်လို လေးစားမှုယဥ်ကျေးမှုမှ မပြသခဲ့ဘူး။ ကျုပ်ကိုယ်ကျုပ် ကာကွယ်နိုင်ခြင်းမရှိခဲ့ရင် ချက်ချင်း မင်းတို့ဆီမှာ အသတ်ခံရမှာကိုတောင် စိုးမ်ိတယ်။ အခုချိန်မှာ ကျုပ်လုပ်နိုင်တဲ့အရာ များများစားစား မရှိပေမယ့် ဒီအကြောင်းကို ဘယ်တော့မှ မေ့ပစ်မှာမဟုတ်ဘူးဆိုတာ သေချာတယ်။ ခင်ဗျားရဲ့ အပြုအမူတွေကို မထိန်းချုပ်နိုင်ဘူးဆိုရင် ကျုပ်တို့ ဒီစာရင်းကို နောက်ကျ ရှင်းနိုင်တယ်။"
ရီဖူရှင်း၏ ရန်လိုနေသော ဆူပူမှုက ထျန်းယိအိမ်တော်သခင်၏ မျက်နှာထက်တွင် သက်သောင့်သက်သာ မဖြစ်စေသော အကြည့်တို့ ဖြစ်ပေါ်လာစေသည်။ သို့သော်လည်း အခြားလူများသည် ထိုအဖြစ်ကို ပျော်ရွှင်စွာကြည့်ရှုနေကြသည်။ ထျန်းယိအိမ်တော်က ဤတစ်ကြိမ်၌ ကြီးကြီးမားမား ဆုံးရှုံးသွားခဲ့ရပေသည်။ ထိုသို့သော ထူးချွန်ထက်မြက်လှသည့် အာခီမီဆရာသခင်တစ်ယောက်နှင့် ရန်ငြိုးရန်စဖြစ်ခဲ့ခြင်းမှာ သေးသေးမွှားမွှားကိစ္စမဟုတ်ပေ။ ရီဖူရှင်း၏ ထူးခြားလှသော ဆေးဖော်စပ်ခြင်း စွမ်းရည်အပြင် သာလွန်သော တိုက်ခိုက်ရေးစွမ်းအားများက ထျန်းယ်ိအိမ်တော်သခင်ထက် ပို၍ ထူးချွန်သော တန်ခိုးရှင်တစ်ယောက် အနှေးနှင့်အမြန် ဖြစ်လာပေလိမ့်မည်။
ထိုမောက်မာလှသော အာခီမီဆရာသခင်က ပုံမှန်ကဲ့သို့ပင် လွှမ်းမိုးနိုင်စွမ်း ရှိနေဆဲဖြစ်သည်။ သူက ထျန်းယိအိမ်တော်၏ အပြုအမူများအတွက် ဖြေရှင်းချက်တောင်းရန် အခိုင်အမာ ပြောဆိုနေသည်။
အိမ်တော်သခင်က ရီဖူရှင်းအား မည်းမှောင်နေသော မျက်နှာနှင့်ကြည့်လိုက်သည်။ သူက ပြောလိုက်၏။ "ကျုပ်ကို ဘာလုပ်စေချင်နေတာလဲ။"
"အဲဒါ ကျုပ်ကို မေးဖို့ လိုလို့လား။" ရီဖူရှင်းက မျက်နှာဖုံးကို ဝတ်ဆင်ထားလျှင်ပင် သူ၏ စူးရှလှသော အကြည့်တို့က အိမ်တော်သခင်အား အလွန် မသက်မသာ ခံစားရစေသည်။
အိမ်တော်သခင်က အာစေးမိနေသကဲ့သို့ ဖြစ်နေခဲ့သည်။ ထို ကို့ယို့ကားယားနိုင်လှသည့် တိတ်ဆိတ်မှုက အချိန်အတော်ကြာ ဖြစ်ပေါ်နေခဲ့၏။
လူတိုင်းသည် ထျန်းယိအိမ်တော်သခင်က ဤခက်ခဲလှသော အခြေအနေမှ ကိုယ့်ကိုကိုယ် ကယ်တင်ရန် မစွမ်းသာသည်ကို နားလည်ကြပေသည်။ သူက ရီဖူရှင်းအား ဆန့်ကျင်ကာ ရပ်တည်ခဲ့လျှင် သူတို့ကြားမှ မကောင်းသော ခံစားချက်များက ပို၍ ဆိုးဝါးလာပေလိမ့်မည်။ သို့သော် သူက အလျော့ပေးလိုက် ပြန်လျှင်လည်း အခြားသူများထံမှ လေးစားမှုကို ဆုံးရှုံးရပေလိမ့်မည်။ ထို့အပြင် သူက ဆရာသခင်ထျန်းပေါင်ကို မည်သို့ လုပ်သင့်သနည်း။
သူက ဆရာသခင်ထျန်းပေါင်ကို ထျန်းယ်ိ အိမ်တော်မှ ထွက်ခွာသွားရန် ပြောနိုင်မည်လား။
အာခီမီဆရာသခင်တစ်ယောက်ကို အဆုံးရှုံးခံရန်မှာ သူ့အတွက် ဆုံးဖြတ်ရခက်ခဲစေသော အရာတစ်ခုဖြစ်ပေသည်။
ရီဖူရှင်းသည် သူတို့အား လွှတ်ပေးရန် စိတ်ဝင်စားခြင်း မရှိပေ။ မည်သို့ပင် ဖြစ်စေ သူသည် ထျန်းယိအိမ်တော်အတွက် အခက်အခဲဖြစ်စေမည့်အရာများကို တမင်သက်သက်လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပေ။ အမှန်တွင် သူက ထျန်းယိအိမ်တော်သခင်ဖြစ်စေ ဆရာသခင်ထျန်းပေါင်ကိုဖြစ်စေ အနည်းအငယ်မျှပင် ဂရုစိုက်ခဲ့ခြင်း မရှိပေ။
ရီဖူရှင်းက ဆေးဖော်စပ်ခြင်းပညာတွင် ဆရာသခင်ထျန်းပေါင်ကို အလွယ်တကူအနိုင်ယူနိုင်ရုံမျှမက သူသည် အနည်းငယ် အားစိုက်ထုတ်ရုံနှင့်ပင် ဆရာသခင်ထျန်းပေါင်ကို သတ်နိုင်စွမ်းလည်း ရှိသည်။ ကိုးလမ်းမှ အတော်ဆုံးဟု ကျော်ကြားသည့် အာခီမီဆရာသခင်က ရီဖူရှင်းက သတိထားမိရန်ပင် ထိုက်တန်ခြင်း မရှိပေ။
ရီဖူရှင်းသည် ထျန်းယိအိမ်တော်နှင့် ပြသာနာအကြီးအကျယ် ဖန်တီးခြင်းက ရှေးဟောင်းတော်ဝင် မိသားစု၏ အာရုံကို ဆွဲဆောင်ရန်သာ ဖြစ်ပေသည်။
သူသည် ယခင်က စကားပြောခဲ့သော ထိုလူငယ်လေးက သာမန်လူမဟုတ်ကြောင်း ခန့်မှန်းမိပေသည်။ ထို့ကြောင့် သူက အမှန်တကယ် ရှင်းပြချက်ကို လိုချင်နေခြင်းထက် ရည်ရွယ်ချက်ရှိရှိ ပြဇာတ်ဖန်တီးခဲ့ခြင်း ဖြစ်ပေသည်။
ထိုသို့သော ခက်ခဲနေသည့် အခြေအနေ၌ အသံတစ်ခု ထွက်ပေါ်လာသည်။ "ဒါက ထျန်းယိအိမ်တော်ရဲ့ အမှားဖြစ်တယ်ဆိုတော့ အိမ်တော်သခင် ခင်ဗျားဘာလို့ မတောင်းပန်ရတာလဲ။"
လူအများသည် ထျန်းယိအိမ်တော်၏ အိမ်တော်သခင်က တောင်းပန်သင့်သည်ဟူသော အကြံပေးချက်ကြောင့် အံ့သြမှင်တက်သွားခဲ့ကြသည်။
အဲဒါက ဘယ်သူလဲ။
သူတို့က လှည့်ကြည့်လိုက်လျှင် ရန်ဟောင်လူငယ်လေးတစ်ယောက်ကို မြင်လိုက်ရသည်။ သူ၏ ဘေး၌ သက်တူရွယ်တူ လူများစွာ ဝန်းရံထားပြီး တူညီစွာပင် ထူးချွန်လှသော အရှိန်အဝါတို့ကို ပိုင်ဆိုင်ထားကြသည်။ သူ၏ အနောက်တွင် လူအနည်းငယ်ရပ်နေခဲ့ပြီး သူ့ကို ဝန်းရံထားကာ လူအုပ်ကြီးထံမှ ကာကွယ်ပေးထားသည်။
ထိုသူက မည်သူ ဖြစ်သနည်း။
ထျန်းယိအိမ်တော်မှ အိမ်တော်သခင်က လူငယ်လေးကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက အနည်းငယ် မှေးကျဥ်းသွားခဲ့၏။ ထို့နောက် သူက နားလည်ရခက်ခဲသော အမူအရာနှင့် ရီဖူရှင်းဘက်သို့ လှည့်လိုက်သည်။
သူက ပြောလိုက်၏။ "ထျန်းယိအိမ်တော်က တကယ့်ကို မှားသွားခဲ့ပါတယ်။ အိမ်တော်သခင်တစ်ယောက်အနေနဲ့ ကျုပ်က ဒီအရှုပ်အထွေးတွေကို တာဝန်ယူပါ့မယ်။ ကျုပ် ဒီလိုမျိုး လေးစားမှုမရှိနှင့် အလျင်စလို ပြုမူခဲ့တဲ့ အပေါ် တောင်းပန်ပါတယ်။ ဒါကြောင့် ခွင့်လွှတ်ပေးပါလို့ နှိမ့်ချစွာနဲ့ တောင်းဆိုချင်ပါတယ်။"
"ဟင်..." အိမ်တော်သခင်၏ တောင်းပန်မှုက လူအုပ်ထဲတွင် ရှိနေသော လူအများကို အံ့သြမှင်တက်သွားစေခဲ့သည်။ သူတို့သည် ထိုလူငယ်လေးက သာမန်လူ မဟုတ်သည်ကို သတိပြုမိလိုက်ကြပြီး သူ့အား အမြင်သစ်တစ်မျိုးနှင့် စတင် ကြည့်ရှုလာကြသည်။
ရီဖူရှင်းသည်လည်း အံ့အားသင့်သွားသည်။ သူသည် အောင်မြင်မှုကို ရရှိတော့မည်ဟု ခပ်ဝါးဝါး ခံစားမိပေသည်။ သူတို့က ငါးစာကို လာဟပ်ပြီ ဖြစ်၏။
"ဒီလို ရိုးရိုးရှင်းရှင်း တောင်းပန်ရုံလောက်နဲ့ လုံလောက်ပြီလို့ ထင်နေလား။" ရီဖူရှင်းက လွှတ်ပေးရန် ဆန္ဒမရှိသလို အေးစက်စွာ ပြောလိုက်သည်။ သူက သူ၏ အာရုံကို လူငယ်လေးထံသို့ ရွေ့ပြောင်းကာ မျက်လုံးများထဲ တိုက်ရိုက်ကြည့်လိုက်သည်။ ထို လူငယ်လေးက အပြုံးတစ်ခု ဖော်ပြလာပြီး ပြောလိုက်၏။ "ဆရာသခင် ခင်ဗျားရဲ့ ဆေးဖော်စပ်ခြင်း စွမ်းရည်က တကယ်ကို ထူးချွန်လှတယ်။ ခင်ဗျားရဲ့ နာမည်ကိုများ သ်ိခွင့်ရမလား။"
လူငယ်လေးက ဟန်ဆောင်ခြင်းကင်းမဲ့ပြီး ဖော်ရွေကာ အလွန် ယဥ်ကျေးသိမ်မွေ့စွာ မေးလိုက်သည်။
"ကျုပ်ရဲ့ မျိုးနွယ်နာမည်ကချီ။" ရီဖူရှင်းက ပြန်ဖြေလိုက်သည်။
"ဆရာသခင်ချီ။" လူငယ်လေးက လက်သီးတစ်ဖက်ကို အခြားလက်ဖဝါးထဲသို့ ထည့်ကာ ဆုပ်၍ အရိုအသေပြုကာ မေးလိုက်သည်။ "ဒါဆိုရင် ဆရာသခင်ရဲ့ အမြင်အရ ဒီကိစ္စကို ဘယ်လို ကိုင်တွယ်သင့်လဲ။"
"ဆုံးဖြတ်ချက်ချဖို့အတွက် မင်းမှာ အာဏာရှိလား။" ရီဖူရှင်းက သူ့ကို အကဲစမ်းသည့်သဘောနှင့် မေးလိုက်သည်။
"ရှိတယ်။" လူငယ်လေးက တွေဝေခြင်းမရှိ ခေါင်းညိတ်လိုက်သည်။ လူအုပ်ကြီးက ပို၍ပင် စိတ်ဝင်စားလာပေသည်။ သူတို့က သူတို့၏ မျက်လုံးများကို အိမ်တော်သခင်ထံသို့ ကြည့်ကာ တုံ့ပြန်မှုကို ကြည့်လိုက်ကြသည်။ လူတိုင်းကို အံ့အားသင့်စေသည်မှာ အိမ်တော်သခင်က အမှုအရာမဲ့စွာ ကျန်ရှိနေပြီး လူငယ်လေး၏ ပြောကြားချက်ကို လိုက်လျော သဘောတူနေပုံရသည်။
လူငယ်လေးသည် ဆုံးဖြတ်ချက်များ အမှန်တကယ် ပြုလုပ်နိုင်ပြီး အိမ်တော်သခင်ကို မည်သို့ လုပ်ဆောင်ပါဟု ပြောနိုင်စွမ်းရှိပေသည်။
ကိုးလမ်းအတွင်း၌ ဤသို့သော စွမ်းအား မည်သူ ရှိမည်နည်း။
မည်သူမှ မရှိပေ။
ထျန်းယိအိမ်တော်၏ အိမ်တော်သခင်သည် အရာအားလုံး၏ ထိပ်ဆုံးတွင် ရှိနေခဲ့ပြီး ဖြစ်သည်။ သူ့အား မည်သူကမှ အမိန့်ပေးနိုင်လိမ့်မည် မဟုတ်ပေ။ သို့မဟုတ်ပါလျှင်...
လူအများ၏ ခေါင်းထဲတွင် အတွေးတစ်ခုထွက်ပေါ်လာပြီး သူတို့အား ထိတ်လန့်အံ့အားသင့် သွားစေခဲ့သည်။ ထိုနေရာမှ လူများက ကိုးလမ်းသို့ ရောက်ရှိလာသည်လား။
"ကြည့်ရတာ မင်းက သာမန်လူမဟုတ်ဘူးထင်တယ်။ ဒီလိုဆိုရင်..." ရီဖူရှင်းက လူငယ်လေးက ကြည့်ကာပြောလိုက်သည်။ "ကျုပ် နှစ်တစ်သောင်းဖီးနစ်ခြင်ဆီကို လိုချင်တယ်။ မင်းသာ အဲဒါကို ကျုပ်ဆီ ယူလာပေးနိုင်ရင် ဒီနေ့ ဖြစ်ပျက်သမျှအားလုံးကို မေ့ပစ်ပေးပြီး အလဲအလှယ်အတွက် အခြားအရာတွေကိုတောင်မှ ပြန်ပေးဦးမယ်။"
လူငယ်လေးသည် ရီဖူရှင်း၏ တောင်းဆိုချက်အား ကြားသည့်အခါ တခဏမျှ မှင်တက်သွားခဲ့သည်။ ထို့နောက် သူက ရယ်မောလိုက်၏။ "ဆရာသခင်ချီ ခင်ဗျားက တကယ့်ကို လက်မလျှော့ဘူးပဲ။ ဒါပေမယ့် ကျုပ်အပေါ် အရမ်းကြီး မျှော်လင့်ထားမှာ စိုးမိတယ်။"
သူသည် ရီဖူရှင်းက သူ၏ သရုပ်မှန်ကို ဖော်ထုတ်မိသွားပြီး သူ့ထံမှ အကျိုးအမြတ်ရယူရန် ကြိုးစားနေကြောင်း သတ်ိပြုမိပေသည်။
သို့ရာတွင် နှစ်တစ်သောင်းဖီးနစ် ခြင်ဆီဟူသည်မှာ သာမန် ပါဝင်ပစ္စည်းမျိုးမဟုတ်ပေ။ သူသည်ပင်လျှင် ၎င်းကိုရရှိရန် အားထုတ်မှုအချို့ ပြုလုပ်ရပေလိမ့်မည်။ ၎င်းက ပြောသလောက် လွယ်ကူရိုးရှင်းသော အရာမဟုတ်ပေ။
"အဲဒီတော့ မင်းရနိုင်လား။" ရီဖူရှင်းက မေးလိုက်သည်။
"ကျွန်မတို့ ကြိုးစားကြည့်လို့ ရတယ်။" လူငယ်လေး၏ ဘေးမှ အမျိုးသမီးရန်ဟောင်က ပြန်ဖြေလိုက်သည်။ သူမသည် အခြေအနေကို တိတ်ဆိတ်စွာစောင့်ကြည့်နေပြီး ယခုမှသာ ဝင်ရောက်ပြောဆိုခြင်း ဖြစ်ပေသည်။ အသက်ရှုမှားလောက်အောင် လှပပြီး ကျက်သရေရှိသော အမူအရာနှင့် သူမ၏ အရှေ့တွင် မည်သူကမှ ကရော်ကမည် ပြုမူရဲလိမ့်မည် မဟုတ်ပေ။
"မင်း ဘယ်လောက်ယုံကြည်ချက်ရှိလဲ။" ရီဖူရှင်းက သူမကို ကြည့်ကာ မေးလိုက်သည်။
"ကျွန်မတို့ ကြိုးစားကြည့်ပေးလို့ရတယ်။ ဒါပေမယ့် ဘာကတိမှ မပေးနိုင်ဘူး။" သူမက ပြန်ဖြေလိုက်သည်။ လူငယ်လေးက အပြုံးနှင့် ခေါင်းညိတ်ကာ ဆက်ပြောလိုက်၏။ "အဲဒါမှန်တယ်။ ကျုပ်တို့ အကောင်းဆုံး ကြိုးစားပေးနိုင်တယ်။ ဒါပေမယ့် နှစ်တစ်သောင်းဖီးနစ်ခြင်ဆီဆိုတာက သာမန်ပစ္စည်းမျိုးမဟုတ်ဘူး။ ဒါကြောင့် အချိန်တချို့တော့ လိုလိမ့်မယ်။"
"ကောင်းပြီ။ မင်းက အဲဒီလို ပြောမှတော့ ကျုပ်သူတို့ကို လွှတ်ပေးလိုက်မယ်။" ရီဖူရှင်းက ပြောလိုက်သည်။ လူအုပ်ကြီးက သူ့ကို ကြည့်လိုက်ကြ၏။ သူသည် နှစ်တစ်သောင်းဖီးနစ်ခြင်ဆီကို ရရှိရန် ကိုးလမ်းသို့ လာရောက်ခြင်းဖြစ်သည်မှာ ရှင်းလင်းပေသည်။
"ဟုတ်ပြီ။ ကျုပ်တို့ ရှာတွေ့ ရင် ဆရာသခင်ဘာမှ ပြန်ပေးစရာမလိုပါဘူး။ ဒါပေမယ့် ကျုပ်တို့က ခင်ဗျားရဲ့ မိတ်ဆွေတွေ ဖြစ်လာချင်တယ်။" လူငယ်လေးက လွတ်လပ်ပေါ့ပါးသော အပြုံးနှင့် ပြောလိုက်သည်။ သူက နှစ်တစ်သောင်းဖီးနစ်ခြင်ဆီကဲ့သို့ အဖိုးတန်သော တစ်စုံတစ်ရာကိုပင် မိတ်ဖြစ်ဆွေဖြစ် လက်ဆောင်ပစ္စည်းအဖြစ် အသုံးပြုနိုင်ပေသည်။
"ကိစ္စမရှိဘူး။" ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ "လမ်းမှာ ပြောကြရအောင်။"
"ကောင်းပြီ။ ကျေးဇူးပြုပြီးကြွပါ။" လူငယ်လေးက လက်ကို ဆန့်ထုတ်ပြီး လမ်းပြလိုက်သည်။ ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီး စင်မြင့်ထက်မှ ဆင်းကာ ပိုင်ကျယ်နတ်ဆိုးသားရဲပေါ်သို့ တက်လိုက်သည်။ ပိုင်ကျယ်က ရီဖူရှင်းအား သယ်ဆောင်၍ အဝေးသို့ တဖြည်းဖြည်းထွက်ခွာသွားသည်။ လူအုပ်ကြီးသည် လျင်မြန်စွာပင် သူ့အတွက် လမ်း
ဖယ်ပေးလိုက်ကြသည်။
ရီဖူရှင်း၏ ထွက်ခွာသွားသော ပုံရိပ်ကိုကြည့်ရင်း လူတိုင်းတို့က ကိုးလမ်း၌ ထူးချွန်သော နောက်ထပ် ပုဂ္ဂိုလ်တစ်ယောက် ပေါ်ပေါက်လာပြီဟု နားလည်လိုက်ကြပေသည်။ ယခုရှေးဟောင်းတော်ဝင်မိသားစုက ဤကိစ္စတွင် ပါဝင်လာခဲ့ပြီး သူတို့က သူ့ကို သေချာပေါက် စည်းရုံးသိမ်းသွင်းလိမ့်မည် ဖြစ်သည်။
လူအများသည် ရီဖူရှင်း ဤနေရာသို့ လာခဲ့သည့် အကြောင်းပြချက်အမှန်မှာ ရှေးဟောင်းတော်ဝင်မိသားစုကြောင့် ဖြစ်သည်ဟု မည်သည့်အခါမှ တွေးထင်မိလိမ့်ကြမည် မဟုတ်ပေ။
***