အခန်း (၁၀၄၁-၁၀၄၄)
Vol. 53 Ch. 1041-1044
အပိုင်း ( ၁၀၄၁ )
နှလုံးသား ........ နာကျင်တယ်
" ငါ အခုမှ သတိရတယ်။ ငါ့မှာ ရှင်းစရာကိစ္စလေးတွေ ရှိသေးတာပဲ။ ငါအရင် သွားမှဖြစ်မယ် "
သူတို့သည် ကားရပ်နားရာ နေရာသို့ ရောက်သောအခါ ကျောင်းဖုလင်သည် တစ်စုံတစ်ခုကို တွေးမိသွားပုံရကာ ယဲ့ဖန်ကို လှည့်၍ ပြောလိုက်သည်။
" တဏှာရာဂမှာ ပျော်မွေ့နေတာကလွဲရင် ခင်ဗျားက ဘာလုပ်နိုင်မှာလဲ "
ယဲ့ဖန်သည် ကျောင်းဖုလင်ကို စနောက်လိုက်သည်။
" အဓိပ္ပာယ်မရှိတာ။ ငါက ကျောင်းမိသားစုရဲ့ အရေးကိစ္စတွေကို စပြီး ကိုင်တွယ်နေရပြီ။ ငါက အခု အရမ်းအလုပ်များနေတယ်။ အိုကေလား။ မင်းကို လေဆိပ်လာကြိုဖို့အတွက် လာလိုက်တာ သန်းဆယ်နဲ့ချီပြီး ဆုံးရှုံးနေပြီ "
သူသည် ယဲ့ဖန်၏ လက်ထဲသို့ တစ်ခုခုကို ထည့်ပေးရင်း ပြောလိုက်သည်။
ယဲ့ဖန်သည် သူ့လက်ကို ဖွင့်ကြည့်လိုက်သည်။
ထိုအရာသည် ကွန်ဒုံးတစ်ဘူး ဖြစ်သည်။
သူသည် မှင်သက်သွားသည်။
ကျောင်းဖုလင်သည် ပြုံးလိုက်ကာ သူ့နားထဲသို့ တီးတိုးပြောလိုက်သည်။
" နဂါးတစ်ကောင်နဲ့ ဇာမဏီမလေး နှစ်ကောင်တောင်လား။ ဖြည်းဖြည်းလုပ်ပါ၊ ငါ့ညီရေ။ မင်းကိုယ်မင်း မပင်ပန်းစေနဲ့ "
ယဲ့ဖန်သည် မျက်လုံးလှန်လိုက်ကာ ကွန်ဒုံးဘူးကို သူ့ဆီသို့ ပြန်ပေးလိုက်သည်။
" ခင်ဗျားအတွက်ပဲ ခင်ဗျား သိမ်းထားသင့်တယ်။ ကျွန်တော်က အဲ့တာကို မလိုအပ်ပါဘူး "
ကျောင်းဖုလင်သည် သူ့လက်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။
" ယူထားစမ်းပါ။ မင်း လိုလာလိမ့်မယ် "
ယဲ့ဖန်သည် ပြန်ပေးလိုက်သည်။
" ကျွန်တော် တကယ်ကို မလိုဘူး။ မင်းရဲ့ အရွယ်အစားက သေးလွန်းတယ် "
ကျောင်းဖုလင်သည် ခဏတာ ကြက်သေ သေသွားသည်။
သူသည် ယဲ့ဖန်၏ လည်ပင်းကို ဆွဲကာ ခါရမ်းလိုက်သည်။
" ခွေးသူတောင်းစား၊ မင်းက ငါ့ကိုသေးတယ်လို့ ပြောရဲရတယ်လား။ မင်း ဘောင်းဘီကို ချွတ်ပြီး ပြိုင်ရဲလား "
ယဲ့ဖန်သည် သူ့ကို စိတ်ကြိုက်လုပ်ခွင့် ပေးထားကာ မခုခံပေ။
သို့သော် ယဲ့ဖန်သည် အရှုံးကို ဝန်မခံပေ။
" ကောင်းပြီလေ၊ ပြိုင်ကြရအောင်။ ခင်ဗျားဘောင်းဘီကို ချွတ်လိုက် "
သူသည် စကားပြောနေရင်းဖြင့် သူ့ခါးပတ်ကို ချွတ်ဟန်ဆောင်လိုက်သည်။
ကျောင်းဖုလင်းသည် သူ့ကို လျင်မြန်စွာ လွှတ်ပေးလိုက်သည်။
" ငါ လက်ခံတယ်။ ငါ စောက်ရမ်း လက်ခံတယ်။ ဘိုင်းဘိုင်ပဲ "
ထိုသို့ ပြောပြီးသည်နှင့် ကျောင်းဖုလင်သည် ကားထဲသို့ စိတ်ပျက်လက်ပျက် ဝင်လိုက်ကာ ကားသမားကို မောင်းရန် ပြောလိုက်သည်။
ကျောင်းဖုလင်သည် ထိုကဲ့သို့ သနားစရာအခြေအနေနှင့် ထွက်ပြေးသွားသည်ကို ကြည့်ရင်း ယဲ့ဖန်သည် ဘဝင်ခိုက်စွာ ပြုံးနေသည်။
ချန်းရွှမ်နှင့် ချန်းဖေးအယ်သည် တစ်ယောက်နှင့်တစ်ယောက် ဆွံ့အစွာ ကြည့်နေကြသည်။
ယောက်ျားတစ်ယောက်၏ ကြံဖန်၍ စိတ်ကျေနပ်ခြင်းသည် တကယ်ပင် သေးငယ်လှသည်။
" ချန်းမိန်းကလေး၊ ကျွန်မတို့နဲ့အတူ ထမင်းစားမလား "
ချန်းရွှမ်သည် လက်ဦးမှုယူကာ သူမကို ဖိတ်ခေါ်လိုက်သည်။
သို့သော် သူမ စကားလုံးများထဲတွင် ဖုံးကွယ်ထားသော အဓိပ္ပာယ်တစ်ခု ပါနေသည်။
အကယ်၍ ချန်းရွှမ်သည် ချန်းဖေးအယ်ကို အမှန်တကယ် ဖိတ်ခေါ်ချင်ပါက ထိုကဲ့သို့မေးခွန်းထုတ်လိုက်သော လေသံမျိုးကို သုံးမည် မဟုတ်ပေ။
" မဟုတ်ဘူး၊ ကျွန်မမှာ လုပ်စရာလေးတွေ ရှိသေးတယ်။ အဲ့တာကြောင့် ရှင်တို့ကို မနှောင့်ယှက်တော့ပါဘူး "
ချန်းဖေးအယ်သည် ချန်းရွှမ်၏ ကာကွယ်ခုခံခြင်းကို ရှင်းလင်းစွာ မြင်လိုက်ရပြီး သဘောထားကြီးစွာဖြင့် သူမ၏လက်ကို ဝှေ့ယမ်းပြလိုက်သည်။
" ဘယ်လောက်တောင် အားနာစရာ ကောင်းလိုက်လဲ။ ဒီရက်တွေအတွင်း ရှောင်ဖန်ကို ဂရုစိုက်ပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်မတို့က ရှင့်ကို ထမင်းဖိတ်ကျွေးသင့်တာပါ "
ချန်းရွှမ်သည် 'ကျွန်မတို့'ဟူသော စကားလုံးကို ထည့်သွင်းပြောသည်။
'ရှောင်ဖန်နဲ့ ငါက တစ်သားတည်း၊ နင်ကမှ အပြင်လူ'ဟု ဆိုလိုနေသည်။
ချန်းဖေးအယ်သည် နှုတ်ခမ်းကို ခပ်ဖွဖွဟကာ ပြုံးလိုက်သည်။
" ကျွန်မက လူတွေကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာ မသိပါဘူး။ သူကသာ ဒီရက်တွေမှာ ကျွန်မကို ပြုစုစောင့်ရှောက်ပေးခဲ့တာပါ။ သူက အားတဲ့အချိန်တိုင်း ကျွန်မကို နှိပ်ပေးတယ်။ သူ … သူက လူတွေကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာ တကယ် သိတာပဲ "
ဘေးမှာ ရှိနေသော ယဲ့ဖန်သည် သောက ရောက်လာသည်။
" မင်း ဘာအဓိပ္ပာယ် မရှိတာတွေ လျှောက်ပြောနေတာလဲ။ ကိုယ် မင်းကို ဘယ်တုန်းက နှိပ်ပေးဖူးလို့လဲ "
ချန်းဖေးအယ်သည် သူ့ကို လှည့်ကြည့်လိုက်သည်။
" ရှင် နှိပ်ပေးတယ်လေ။ ဟိုနေ့ညက ကျွန်မ အိပ်ရာပေါ်မှာ လှဲနေတုန်း ....... "
ယဲ့ဖန်သည် သူမစကားမှာ လွန်လာပြီ ဆိုသည်ကို သိသောကြောင့် ကြားဖြတ်ပြောလိုက်သည်။
" အဲ့တာ မင်းအတွက်လေ။ အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့ "
သူသည် ချန်းရွှမ်၏ အမူအရာကို ကြည့်နေသည်။
မျှော်လင့်ထားသလိုပင် သူမ၏ မျက်နှာမှာ သိပ်မကောင်းသည်ကို သူ မြင်လိုက်ရသည်။
သို့သော် သူမသည် အားတင်းပြုံးလိုက်သည်။
" အဲ့တာက ဆေးထည့်ပေးတာပါပဲ။ ဘာမှမဟုတ်ပါဘူး "
" တကယ်တော့ ရှင်တို့က ဘေးချင်းကပ် တိုက်ခိုက်နေရတဲ့ ရဲဘော်ရဲဘက်တွေလေ။ တစ်ယောက်နဲ့တစ်ယောက် ကူညီသင့်တာပေါ့ "
ချန်းရွှမ်သည် ရဲဘော်ရဲဘက်ဆိုသော စကားလုံးကို အသားပေး ပြောလိုက်သည်။
ထို့ကြောင့် ချန်းရွှမ်သည် တစ်ဖက်လူ၏ အကွက်ထဲသို့ ဝင်သွားသည်။
ချန်းဖေးအယ်သည် ခေါင်းညိတ်လိုက်သည်။
" ဟုတ်တာပေါ့၊ အဲ့အချိန်က ကျွန်မ ဘာမှမဝတ်ထားခဲ့ဘူးလေ။ သူ … သူ အကုန်မြင်သွားတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့က ရဲဘော်ရဲဘက်တွေလေ။ အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရှက်စရာ မလိုပါဘူး "
ထိုသို့ ပြောပြီးသည်နှင့် သူမသည် ယဲ့ဖန်၏ သုန်မှုန်နေသော မျက်နှာကိုပင် မကြည့်ဘဲ ထွက်သွားတော့သည်။
ယဲ့ဖန်သည် ကိုးရိုးကားယားနိုင်စွာ ချောင်းဟန့်လိုက်သည်။
သူသည် ချန်းရွှမ်ကို ကြည့်လိုက်သည်။
" အဲ့တာက တကယ် ဆေးထည့်ပေးရုံပါပဲ "
ချန်းရွှမ်သည် မျက်နှာသေဖြင့် ခေါင်းညိတ်လိုက်သည်။
" ကျွန်မ သိတယ် "
ထိုသို့ ပြောပြီးတာနှင့် သူမသည် ယာဥ်မောင်းထိုင်ခုံသို့ ဝင်သွားသည်။
ယဲ့ဖန်သည် အလိုက်တသင့်လေး လိုက်သွားသည်။
ကားသည် သွားနေသော်လည်း သူမသည် တိတ်ဆိတ်နေစဲ ဖြစ်နေသည်။
" ဟားဟား၊ ဒီနေ့ ရာသီဥတုက သိပ်မကောင်းဘူးနော် "
ယဲ့ဖန်သည် တိမ်ထူနေသော ကောင်းကင်သို့ ကြည့်လိုက်ကာ စကားပြောရန် လမ်းစရှာနေသည်။
ထိုအချိန်မှာပင် ချန်းရွှမ် မျက်ရည်ကျလာသည်ကို သူ ရုတ်တရက် တွေ့လိုက်ရသည်။
ယဲ့ဖန်သည် အလွန်တုန်လှုပ်သွားပြီး မျက်ရည်သုတ်ပေးရန် သူမ မျက်နှာဆီသို့ သူ့လက်ကို ဆန့်တန်းလိုက်သည်။
" မင်း အဆင်ပြေရဲ့လား "
ချန်းရွှမ်သည် သူ့လက်ကို ပုတ်ထုတ်လိုက်ကာ ခေါင်းမာစွာဖြင့် သူမပါးများကို ပွတ်လိုက်သည်။
" ငါအဆင်ပြေတယ် "
ယဲ့ဖန်သည် ကူရာကယ်ရာ မဲ့နေသည်။
" သူမ လျှောက်ပြောနေတာတွေ နားမထောင်နဲ့။ ကိုယ်တို့ ကြားထဲမှာ တကယ် ဘာမှ မဖြစ်ခဲ့ဘူး "
" ကျွန်မရှင့်ကို ယုံတယ် "
သူမသည် ခေါင်းညိတ်လိုက်သည်။
" ဒါဆို ဘာလို့ ငိုနေတာလဲ "
ယဲ့ဖန်သည် စိတ်ရှုပ်ထွေးသွားသည်။
" ကျွန်မလည်း မသိဘူး။ ကျွန်မ အဲ့လို မဖြစ်ချင်ပါဘူး။ ဒါပေမဲ့ ငိုချင်နေတယ် "
သူမသည် သနားစရာကောင်းစွာ ပြောလိုက်သည်။
" ကားကို အရင်ရပ်လိုက် "
ယဲ့ဖန်သည် အမိန့်ပေးသော အသံနေအသံထားမျိုးသုံးကာ ကားကို လမ်းဘေးသို့ ချရပ်ခိုင်းလိုက်ပြီး သူမကို ဖက်ထားလိုက်သည်။
" တကယ်လို့ မင်း မကျေနပ်တာ တစ်ခုခုရှိနေရင် ကိုယ့်ကို ပြောသာပြောလိုက်။ မင်းရင်ထဲမှာ မသိမ်းထားပါနဲ့ "
သူသည် ထိုစကားကို မပြောလိုက်ရင် ပိုကောင်းမည် ဖြစ်သည်။
ယဲ့ဖန် ပြောပြီးသွားသည်နှင့် ကွဲကြေနေသော ပုလဲလုံးများကဲ့သို့ သူမ၏ မျက်ရည်များသည် အဆက်မပြတ် ကျဆင်းလာသည်။
" အခု ယန်းချန်မြို့မှာ ရှိနေတဲ့ လူတွေက ငါ့အကြောင်း ဘာတွေပြောနေကြလဲ နင်သိလား။ ငါ ဒီနေ့ ဒီလိုနေရာမှာ ရှိနေတာက နင့်အိပ်ရာပေါ် တက်သွားလို့လို့ သူတို့က ပြောနေကြတယ်။ အဲ့ထက် ပိုဆိုးတာတွေတောင် ပြောနေကြသေးတယ် … "
ယဲ့ဖန်သည် သူမ၏ မျက်ရည်များကို သုတ်ပေးလိုက်ကာ သူမကို အပြုံးဖြင့် နှစ်သိမ့်ပေးလိုက်သည်။
" သူတို့ပြောချင်တာ ပြောကြပါစေ "
" မင်းရဲ့ ကိုယ်ပိုင်အရည်အချင်းကြောင့် ဒီနေ့ဒီလိုအနေအထားမျိုး နေနိုင်တယ်ဆိုတာ ကိုယ် သိတယ်လေ "
ချန်းရွှမ်သည် သူ့ကို မျက်နှာငယ်လေးဖြင့် ကြည့်လိုက်သည်။
" ငါ အဲ့လိုဆိုလိုတာ မဟုတ်ပါဘူး။ ငါ ကျုံးဟိုင်ကနေ ယန်းချန်ကို အေးအေးဆေးဆေး ထွက်လာနိုင်တဲ့ အကြောင်းပြချက်က နင်နဲ့ လုံးဝကို သက်ဆိုင်နေတယ်ဆိုတာ ငါလည်း သိပါတယ် "
" နင်သာမရှိရင် လင်းယွမ်အိမ်ခြံမြေလုပ်ငန်းက ဟိုအရင်တည်းက ဒေဝါလီခံသွားရပြီးပြီ။ ဒါပေမဲ့ သူတို့ ငါ့အကြောင်း ပြောနေကြတာကို ငါ မလိုချင်ဘူး။ ငါ အရမ်း ဒေါသထွက်တယ် "
ယဲ့ဖန်သည် သူမ၏ နူးညံ့သော မျက်နှာလေးကို ညှစ်လိုက်သည်။
" ကောင်းပြီ၊ မင်း ဒီနေ့ဒီလို အနေအထား ဖြစ်နေတာက မင်းကိုယ်မင်း ကိုယ့်ဆီပေးလိုက်လို့လို့ တစ်ယောက်ယောက်က ပြောလာရင် အဲ့လူကို သတ်ဖို့ ကိုယ် မင်းကို ကူညီပေးမယ် "
" အကယ်၍ တစ်ယောက်ယောက်ကသာ ပြောရဲရင် အဲ့တစ်ယောက်ကို သတ်မယ်။ လူတစ်ရာက ပြောရဲရင် အဲ့တစ်ရာလုံးကို သတ်မယ်။ သူတို့ ထပ်ပြီး မပြောရဲတော့တဲ့အထိ "
" နင် ဘာအဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ "
ချန်းရွှမ်သည် မျက်ရည်များဖြင့် ရယ်လိုက်ကာ ယဲ့ဖန်ကို အပြစ်တင်လိုက်သည်။
" သူတို့က အတင်းအဖျင်း ပြောနေရုံပဲလေ။ လူတွေကို တွေဝေမနေဘဲ သတ်ဖို့ လိုလို့လား "
ယဲ့ဖန်သည် ဒေါသတကြီး နှာမှုတ်လိုက်သည်။
" သူတို့က ကိုယ့်အမျိုးသမီးအကြောင်း ပြောရဲရင် သူတို့က ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ။ ကိုယ် သူတို့ကို ခွင့်မလွှတ်ဘူး "
ချန်းရွှမ်သည် သူမ၏ မျက်လုံးများကို လှန်လိုက်သည်။
" ငါ နင်နဲ့ ထပ်ပြီး မပြောချင်တော့ဘူး။ နွားကို စောင်းတီးပြနေသလိုပဲ "
သူမသည် ပြောပြီးသည်နှင့် ယဲ့ဖန် ဖက်ထားခြင်းမှ ရုန်းကန်နေသည်။
သို့သော် ယဲ့ဖန်သည် သူမကို ဆွဲထားကာ ယုတ်မာချင်နေသော အပြုံးဖြင့် ပြောသည်။
" မင်းက နွားကို စောင်းတီး မပြချင်ဘူးဆိုတော့ နွားကို ကိုယ်ရည်သွေးပေးလို့ ရတယ်လေ "
သူမသည် ယဲ့ဖန်နှင့် အချိန်အတော်ကြာ ရှိနေသောလူ ဖြစ်သည်။
သူ၏ မကောင်းဆိုးဝါးဆန်သော အပြုံးကို မြင်သည်နှင့် သူ ဘာဖြစ်ချင်သည်ဆိုတာကို သူမ သိလိုက်သည်။
သူမ၏ မျက်နှာသည် ချက်ချင်းပင် နီရဲသွားသည်။
" မကောင်းတဲ့ကောင်ကြီး၊ ငါနင့်ကို လျစ်လျူရှုတော့မယ် "
" အဓိပ္ပာယ်မရှိတာတွေ တော်တော့။ တကယ်လို့ ကိုယ်တို့ ရေစီးကြောင်းကို လွှတ်မပေးဘူးဆိုရင် ရေကာတာက ပေါက်ကွဲသွားလိမ့်မယ် "
" ချန်းမိန်းကလေးက နင့်ကို ရေစီးကြောင်းတွေ လွှတ်ဖို့ ကူညီပေးတယ် မဟုတ်ဘူးလား "
" ကိုယ် ပြောပြီးပြီလေ။ သူနဲ့ ကိုယ်ကြား ဘာမှ မရှိဘူးဆိုတာ။ မင်းက ကိုယ့်ကို သံသယဝင်ရဲသေးတယ်လား။ ဒီနေ့ မင်းကို သေချာပေါက် အပြစ်ပေးရမယ် "
" ကျွန်မတို့ ဒီမှာ လုပ်လို့မရဘူး။ တစ်ယောက်ယောက် မြင်သွားလိမ့်မယ် ...... "
" ဘယ်သူ မြင်မြင်ပေါ့။ ကိုယ် သူတို့မျက်လုံးကို ဖောက်ထုတ်ပစ်မယ် "
" နင်ကအရမ်း ဗိုလ်ကျတာပဲ "
" ဗိုလ်ကျတာထက် ပိုတဲ့အရာ ရှိသေးတယ် "
" ဒါပေမဲ့ … "
.......................................
ယဲ့ဖန်သည် ဤရက်များထဲတွင် မျိုသိပ်ထားရသည်။
ချန်းဖေးအယ်ကဲ့သို့ အလှလေးနှင့် တစ်ခန်းတည်း အတူတူနေရသည့် ဒုက္ခကို စိတ်ကူးကြည့်နိုင်သည်။
ဒါပေမဲ့ သူမကို ကြည့်ရုံသာ ကြည့်နေနိုင်ကာ မထိရပေ။
ထို့ကြောင့် သူသည် ကားထဲတွင် နာရီဝက်ကျော်ကျော် ကြာသွားသော်လည်း မလုံလောက်သေးဘူးဟု ခံစားရကာ ချန်းရွှမ်ကို ဟိုတယ်သို့ ခေါ်သွားသည်။
သူတို့သည် အခန်းထဲမှ ထွက်မလာခင် နှစ်နာရီကျော်ကျော်ထိ နေခဲ့ကြသည်။
ချန်းရွှန်သည် သူမဘာသာ မတ်တပ် မရပ်နိုင်တော့ပေ။
သူမသည် ယဲ့ဖန်ကို မှီထားကာ သူမ၏ ကိုယ်အလေးချိန်ကို ဖော့၍ လမ်းလျှောက်နေရသည်။
သူတို့နှစ်ယောက် အခန်းအပ်သောအခါ ကောင်တာမှ ကောင်မလေးသည် ယဲ့ဖန်ကို ခိုးကြည့်နေသည်။
သူမသည်လည်း တစ်စုံတစ်ခုကို မျှော်လင့်နေပုံရသည်။
အဆုံးတွင် သူမသည် ငွေဖြတ်ပိုင်း၌ မှတ်ချက်အသေးလေး ရေးလိုက်သည်။
ထိုအရာမှာ ဖုန်းနံပါတ်တစ်ခု ဖြစ်သည်။
ယဲ့ဖန်သည် ထိုသည်ကို မြင်သောအခါ လုံးချေလိုက်ပြီး လမ်းဘေးမှ မြောင်းထဲသို့ ပစ်လိုက်သည်။
သူသည် ပရိုတင်း တစ်စက်ချင်းစီတိုင်းကို တွန့်တိုသူ ဖြစ်သည်။
ထိုကဲ့သို့ အမှိုက်မျိုးအတွက် ဘယ်လိုမှ အလဟဿ အဖြစ်ခံမည်မဟုတ်ပေ။
သူတို့ စားသောက်ဆိုင်တစ်ခုတွင် စားနေကြကာ သူတို့၏ အချစ်အသိုက်အမြုံသို့ ပြန်၍ သူတို့၏ ကိစ္စကို ဆက်ရန် ပြင်ဆင်နေကြသည်။
ထိုအချိန်တွင် စနစ်သည် ယဲ့ဖန်နားထဲသို့ သတင်းပေးပို့ပေးချက်တစ်ခု ပေးပို့လာသည်။
[ စနစ်မှ ရတနာရှာဖွေသော လမ်းညွှန်မှုအသစ်ကို ရှာဖွေတွေ့ရှိထားပါသည်။ ရှေ့သို့ မီတာ၂၀ တည့်တည့်သွား၍ ပြန်လှည့်ပါ ]
အပိုင်း ( ၁၀၄၂ )
ကျောက်စိမ်းမီးအိမ်ရှည်
ယဲ့ဖန် မှင်သက်သွားသည်။
ငါ အခုမှ ယန်းချန်မြို့ကို ရောက်ရုံ ရှိသေးတာလေ။
ရတနာရှာလမ်းကြောင်းကို ရှာမိနေပြီလား။
ကြည့်ရတာ ယန်းချန်မြို့က ငါ့ရဲ့ ကောင်းချီးမြေနဲ့ တူတယ်။
ယဲ့ဖန်သည် တုံ့ဆိုင်းမနေရဲဘဲ ရှေ့မှ လမ်းကြောကနေ ချက်ချင်း ပြန်လှည့်လိုက်သည်။
ခရီးသည်ထိုင်ခုံတွင် မှီကာ အားပြန်မွေးနေသော ချန်းရွှမ်သည် မှင်သက်သွားသည်။
" ငါတို့ ပြန်တော့မှာ မဟုတ်ဘူးလား "
ယဲ့ဖန်သည် ဘယ်လို ရှင်းပြရမလဲ မသိချေ။
သူသည် ဖြစ်သလိုသာ ပြန်ပြောလိုက်သည်။
" ကိုယ် အခုမှ တစ်ခုခုကို သတိရမိသွားလို့။ ကိုယ် အဲ့တာကို ချက်ချင်း ရှင်းဖို့ လိုတယ် "
ချန်းဖေးအယ်သည် " အိုး "ဟုသာ အသံထွက်သွားပြီး ဘာမှ ထပ်မမေးတော့ပေ။
သူမသည် ထိုကောင်လေး၏ နှိပ်စက်ခြင်းကို လဲကျလုနီးပါး ခံခဲ့ရသည်။
ယခုတွင် သူမသည် လက်တစ်ချောင်းကိုပင် မြှောက်ဖို့ အင်အားမရှိချေ။
သူမသည် ထိုကိစ္စကို သိပ်အာရုံစိုက်မနေပေ။
စနစ်၏ လမ်းညွှန်မှုကို လိုက်၍ ၁၀မိနစ်ခန့် မောင်းပြီးသည့်နောက်တွင် ယဲ့ဖန်သည် ကောင်းကင်လမ်းဟု ခေါ်သော ဇိမ်ခံကုန်တိုက်တစ်ခုသို့ ရောက်လာခဲ့သည်။
ထိုကုန်တိုက်၏ အဆင့်အတန်းအရ မြင့်မားသော ပုံရိပ်ရှိသူနှင့် ဝင်ငွေကောင်းသော လူများသာ အထဲသို့ ဝင်နိုင်ကြသည်။
သူတို့၏ အဆင့်အတန်းကို အနည်းနှင့်အများ အာရုံစိုက်နေကြမည် ဖြစ်သည်။
သို့သော် ထိုအချိန်တွင် လူအုပ်ကြီးတစ်အုပ်သည် ကုန်တိုက်၏ ဝင်ပေါက်တွင် စုနေကြသည်။
သူတို့ ဘာကြည့်နေသည်ဆိုတာကို မမြင်ရပေ။
ယဲ့ဖန်သည် ချန်းရွှမ်ကို ခေါ်ကာ လူအုပ်ထဲ တိုးဝင်သွားသည်။
နောက်ဆုံးတွင် သူသည် မြင်ကွင်းတစ်ခုကို ရှင်းရှင်းလင်းလင်း တွေ့လိုက်ရသည်။
ထိုအချိန်တွင် လူအုပ်၏ အလယ်တွင် စားပွဲခုံတစ်ခုံ ရှိနေသည်။
ထိုပေါ်တွင်လည်း ပစ္စည်းတစ်ခု ရှိနေသည်။
ထိုအရာသည် အဝါရောင် ဖျော့ဖျော့သမ်းနေသော ကျောက်စိမ်းတုံးကြီး ဖြစ်ကာ ကျောက်စိမ်းအပိုင်းအစ၃ခုဖြင့် ပြုလုပ်ထားသည်။
ကျောက်စိမ်းသည် ၁၂မှ ၁၃ စင်တင်မီတာလောက်ထိ ရှည်ကာ အပေါ်ပိုင်းသည် ပွင့်ချပ်၅ခုပါ ပန်းပွင့်ပုံသဏ္ဍာန် ဖြစ်နေသည်။
ထိုအရာ၏ ပုံသဏ္ဍာန်တစ်ခုလုံးသည် အလွန်လှပသည်။
သူသည် နက်နဲသော စစ်ဆေးခြင်းကို အသက်သွင်းလိုက်ကာ စစ်ဆေးနေသည်။
[ ကျောက်စိမ်းမီးအိမ်ရှည်၊ စစ်ပွဲကာလမှ ကျောက်စိမ်းအစစ် ဖြစ်ကြောင်း ခွဲခြားသိရှိရသည်။ ၁၂.၈စင်တီမီတာ ရှည်ပြီး အချင်း ၁၀.၂ ....... သန်း၅၇၀တန်သည်ဟု ခန့်မှန်းတွက်ချက်ရသည် ]
ထိုအချက်အလက်ကို မြင်ပြီးသည့်နောက်တွင် ယဲ့ဖန်သည် ချက်ချင်းပင် လေအေးများ ရှူရှိုက်မိသွားသည်။
ဒါက စစ်ပွဲကာလက အပိုင်းအစတစ်ခု ဖြစ်ပြီးတော့ သန်း ၅၇၀တန်တာလား။
ဒါကြီးက နိုင်ငံ့ရတနာလို့တောင် သတ်မှတ်နိုင်တယ် မဟုတ်ဘူးလား။
ယဲ့ဖန်သည် သူ့အကြည့်ကို တည်တည်ငြိမ်ငြိမ် ရုတ်သိမ်းလိုက်ပြီး ကုန်တိုက် အရှေ့တွင် ထိုင်နေသော လူကိုကြည့်လိုက်သည်။
သူသည် အသက်၅၀လောက် ရှိကာ သူ့ဆံပင်များသည် ရှုပ်ပွနေသည်။
သူ၏မျက်နှာသည် အပြောင်းအလဲများစွာဖြင့် ပြည့်နှက်နေသည်။
သို့သော် သူ ဖော်ပြနေသော ရည်မွန်သည့်သဘောထားအရ သူသည် အမြင့်တစ်နေရာတွင် အချိန်အတော်ကြာ ရှိနေခဲ့သည်ဆိုတာကို သိသာစေသည်။
သူသည် ဟန်ဆောင်နေခြင်း လုံးဝမဟုတ်ပေ။
" လူတိုင်းပဲ မင်္ဂလာပါ။ ကျွန်တော်က လဲ့ရှန်စီးပွားရေးလုပ်ငန်းစုက ဥက္ကဌ ကျားထိုက်ဇန်ပါ "
" ကုမ္ပဏီက ဆိုးရွားတဲ့ စီမံခန့်ခွဲမှုတွေကြောင့် ဒေဝါလီခံရမဲ့ အရေးနဲ့ ရင်ဆိုင်နေရပါတယ်။ ပြီးတော့ ကျွန်တော်လည်း အကြွေးတွေ တင်နေပါတယ် "
" ကျွန်တော်က ဒေဝါလီခံနိုင်ပင်မဲ့ အကြွေးအများကြီးကိုတော့ မဖြေရှင်းနိုင်ပါဘူး … "
ထိုအချိန်တွင် သူ့အသံသည် ပို၍ ပြင်းပြလာသည်။
" ကျွန်တော်က လူသားတစ်ယောက် ဖြစ်တာကြောင့် ရိုးရိုးသားသားပဲ ပြောပါမယ်။ အငှားတင်ထားတဲ့ လူတွေနဲ့ ဝန်ထမ်းတွေရဲ့ ကျွန်တော့်အပေါ်မှာ ထားတဲ့ ယုံကြည်မှုကို အပျက်အစီး မခံနိုင်ပါဘူး။ ကျွန်တော်က ဒေဝါလီခံသွားရရင်တောင်မှ အငှားတင်ထားတဲ့လူတွေနဲ့ ဝန်ထမ်းတွေကို ပေးဖို့ ကျန်နေတဲ့လစာငွေတွေကို ပြန်ပေးမှာပါ "
" ကောင်းတယ်ဟေ့ "
သူ ပြောပြီးသည်နှင့် လူအုပ်သည် နွေးထွေးစွာ လက်ခုပ်တီးကြသည်။
ယနေ့ကဲ့သို့ ခေတ်အခါတွင် ကုမ္ပဏီများစွာသည် ဒေဝါလီခံရကာ သူဌေးများသည် အထုပ်အပိုးပြင်၍ ထွက်ပြေးသွားကြသည်။
ဤကဲ့သို့ အသိစိတ်ရှိသော သူဌေးသည် သူ့ပိုင်ဆိုင်မှုများကို ရောင်းချကာ အကြွေးဆပ်ချင်နေသည်။
သူသည် စစ်မှန်သော အရင်းရှင်တစ်ယောက်၏ အသိစိတ်ရှိသူဖြစ်သည်။
သူသည် လူအုပ်ကို လက်သီးဆုပ်အရိုအသေပြုပြလိုက်သည်။
" ကျွန်တော် ဒီနေ့ရှိနေတာက ခင်ဗျားတို့ကို တောင်းပန်ဖို့ မဟုတ်ပါဘူး။ ကျွန်တော့် မိသားစုရဲ့ ရှေးဟောင်းပစ္စည်း ကျောက်စိမ်းမီးအိမ်ရှည်ကို ထုတ်ယူလာခဲ့ပါတယ်။ ဒီဟာက စစ်ပွဲကာလမှာ အကောင်းဆုံးထုတ်ကုန်ဖြစ်ပြီး တန်ဖိုးမဖြတ်နိုင်ပါဘူး။ ကျွန်တော် အတော်လေးကို ဝန်လေးနေပင်မဲ့ အကြွေးဆပ်ဖို့ ဒီဟာကိုရောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ် "
သူ့ရှင်းပြချက်ကို ကြားပြီးနောက် လူတိုင်းသည် ကျောက်စိမ်းမီးအိမ်ဆီသို့ အကြည့်ရောက်သွားကြသည်။
ထိုမီးအိမ်သည် အတော်ပင် လှပကာ ကျက်သရေရှိသည်ဟု သူတို့ မြင်နိုင်ကြသည်။
" ဒါဆိုလည်း သူဌေးကျားက ဒီဟာကို ဘယ်လောက်နဲ့ ရောင်းချင်တာလဲ။ ဒီလို ရတနာမျိုးကတော့ ဈေးမပေါလောက်ဘူးလေ၊ ဟုတ်တယ်မလား "
လူအုပ်ထဲမှ တစ်ယောက်သည် ချက်ချင်းပင် ဈေးကို မေးလိုက်သည်။
ကျားထိုက်ဇန်သည် သက်ပြင်းချကာ လူအုပ်ကို ရှင်းပြလိုက်သည်။
" ရှေးဟောင်းပစ္စည်းလောကက ကျွမ်းကျင်တဲ့ ပညာရှင်တွေကို အကဲဖြတ်ပေးဖို့ ကျွန်တော် တောင်းဆိုခဲ့ပါတယ်။ သူတို့ထဲမှာ ယန်းချန်မြို့မှာ ကျော်ကြားတဲ့ မေပယ်စံအိမ်နဲ့ ကုဇီရွှမ်းတို့လို ပုဂ္ဂိုလ်တွေပါ ပါပါတယ်။ သူတို့အားလုံးက အကဲဖြတ်တဲ့ မှတ်ချက်တွေပေးခဲ့ပါတယ် "
ပြောရင်းဖြင့် သူသည် သေတ္တာတစ်လုံးကို ယူကာ အထဲမှ စာဖြင့် ရေးထားသော မှတ်ချက်များကို ထုတ်ပြလိုက်သည်။
ယဲ့ဖန်သည် အတော်ဝေးနေသော်လည်း သူ၏ အမြင်အာရုံသည် အံ့ဩစရာကောင်းလောက်အောင် ကောင်းလေသည်။
ထိုအခါ သူတို့၏ မေပယ်စံအိမ်မှ အကဲဖြတ်မှတ်ချက်ကို တွေ့လိုက်ရသည်။
သို့သော် ထိုသည်မှာ ကိစ္စကြီးမဟုတ်ပေ။
ယဲ့ဖန်သည် နက်ရှိုင်းသော စစ်ဆေးမှု ပြီးသည့်နောက်တွင် ထိုကျောက်စိမ်းမီးအိမ်ရှည်သည် အစစ်အမှန်ဖြစ်ကြောင်း သိသွားသည်။
ကျားထိုက်ဇန်သည် မှတ်ချက်များကို လူတိုင်း စစ်ဆေးနိုင်ရန် ပေးပြီးနောက် ဆက်လက်၍ ပြောလိုက်သည်။
" သူတို့က ကျွန်တော့်ကို သန်း၆၀၀ထက် ပိုတဲ့ ခန့်မှန်းတန်ဖိုးတစ်ခုကို ပေးခဲ့ပါတယ် "
ဟာ
သူ့ဈေးကို ကြားသောအခါ လူတိုင်းသည် ရင်လေးသွားကြသည်။
ကောင်းကင်လမ်းသို့ ဝင်နိုင်သော လူတိုင်းသည် အတော်ချမ်းသာသည်ဟု ယူဆနိုင်သော်လည်း ယွမ်သန်း၆၀၀သည် သူတို့အတွက် အသက်ရှူမှားလောက်သော ပမာဏဖြစ်သည်။
မူလက ထိုကျောက်စိမ်းပစ္စည်းကို စိတ်ဝင်စားနေသော လူများစွာသည် စတင်၍ လက်လျှော့သွားကြသည်။
လူတိုင်း၏ အမူအရာကို မြင်သောအခါ ကျားထိုက်ဇန်သည် ချက်ချင်းပင် ခါးသီးစွာ ပြုံးလိုက်သည်။
" ဒါပေါ့၊ ဒီဟာကို သန်း၆၀၀နဲ့ ရောင်းတာ လက်တွေ့မကျဘူးဆိုတာ ကျွန်တော် သိပါတယ် "
" ကျွန်တော့်ရဲ့ ကိုယ်ပိုင်ခံစားချက်အရ ဒီဟာက ကျွန်တော်တို့ မိသားစုရဲ့ အမွေအနှစ်ဖြစ်တဲ့အတွက် ငွေ ဘယ်လောက်ပဲ ပေးပေး ရောင်းမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခု ငွေလိုတာကြောင့် ဈေးနည်းနည်း နှိမ့်ပြီး ရောင်းမယ်လို့ ကျွန်တော် စဥ်းစားထားပါတယ် "
" ဒါဆိုလည်း ကျုပ်တို့ကို ဂဏန်းတိတိကျကျပြောပေးပါ။ ခင်ဗျား ဈေးနှိမ့်ထားတယ် ဆိုရင် ကျုပ်တို့ ဝယ်နိုင်လောက်တယ် "
လူအုပ်ထဲမှ တစ်ယောက်သည် ချက်ချင်းအဆိုပြုလိုက်ပြီး လူတိုင်းသည်လည်း သဘောတူကြသည်။
ကျားထိုက်ဇန်သည် ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် တွေးလိုက်သည်။
" ကျွန်တော်ရဲ့အောက်ဆုံးဈေးကတော့ သန်း၄၀၀ပဲ။ အဲ့ထပ်တော့ ထပ်မလျှော့နိုင်တော့ပါဘူး "
သူပြောပြီးသည်နှင့် လူတိုင်းသည် စတင်၍ ဆွေးနွေးနေကြသည်။
သန်း၆၀၀တန်တဲ့ ကျောက်စိမ်းတုံးကို သန်း၄၀၀ထဲနဲ့ ရောင်းတာလား။
ထိုအချင်းအရာကို ကြည့်ခြင်းအားဖြင့် သူဌေးကျားသည် လမ်းဆုံးသို့ ရောက်နေပုံ ပေါ်သည်။
ထိုကဲ့သို့သာ မဟုတ်ပါက သူသည် ဤမျှပမာဏအထိ စတေးလိမ့်မည် မဟုတ်ချေ။
အပိုင်း ( ၁၀၄၃ )
ဒီအရူးနှစ်ယောက်က ပိုက်ဆံကို မယူကြဘူး
ဈေးကို ကြားပြီးသည့်နောက် ယဲ့ဖန်သည်လည်း ဆွဲဆောင်ခံလိုက်ရသည်။
ထိုကျောက်စိမ်း၏ ဈေးသည် အလွန် သင့်တော်သည် ဆိုကြောင်းကို သူသိသည်။
အကယ်၍ သူသည် သန်း၄၀၀ဖြင့် ဝယ်လိုက်ပြီးနောက် ပြန်ရောင်းပါက သန်း၂၀၀နီးပါးမြတ်မည် ဖြစ်သည်။
ထို့အပြင် ထိုသူဌေးကျားသည် အလွန်လူကြီးလူကောင်းဆန်သည်။
ယဲ့ဖန်သည် ထိုလူကို အနည်းငယ် သနားနေကာ ကူညီချင်နေသည်။
ယဲ့ဖန်သည် ကျောက်စိမ်းမီးအိမ်ရှည်ကို ဝယ်ရန် ဆုံးဖြတ်လိုက်ချိန်မှာပင် လူအုပ်ထဲမှ တစ်စုံတစ်ယောက်က ရုတ်တရက် အော်ပြောလိုက်သည်။
" သူဌေးကျား၊ ဈေးကို နည်းနည်းလောက်ထပ်နှိမ့်ပေးလို့ ရမလား။ သန်း၄၀၀က နည်းနည်းများနေသေးတယ် "
ယဲ့ဖန်သည် ထိုသူဌေးကျားမှ တုံ့ဆိုင်းမနေပဲ ချက်ချင်း ငြင်းလိုက်မည်ဟု သူ ထင်ခဲ့သည်။
မည်သို့ပင်ဖြစ်စေ ထိုကျောက်စိမ်းကို သန်း၄၀၀နှင့် ရောင်းလိုက်ခြင်းသည် အတော်ကိုပင် အံ့ဩစရာကောင်းသော ပမာဏဟု ယူဆနိုင်သည်။
ထပ်ပြီး လျှော့နိုင်သေးလို့လား။
သို့သော် ယဲ့ဖန် အံ့ဩသွားရသည်။
အကြောင်းမှာ ကျားထိုက်ဇန်သည် ခဏလောက် တုံ့ဆိုင်းသွားပြီး မေးလိုက်သောကြောင့် ဖြစ်သည်။
" ဘယ်လောက် ပေးနိုင်တာလဲ "
စကားပြောလိုက်သော လူသည် လူအုပ်ကြားထဲမှ ထွက်လာသည်။
သူသည် အသက်၄၀ကျော် ခပ်ဝဝ ယောကျာ်းတစ်ယောက် ဖြစ်သည်။
သူ၏ လည်ပင်းတွင် ဆုတောင်းစိပ်ပုတီးကို စွပ်ထားကာ သူ့လက်ကောက်ဝတ်တွင်လည်း ဟန်းချိန်းတစ်ခုရှိပြီး သူ့လက်ထဲတွင် သစ်ကြားသီးနှစ်လုံးကို ကိုင်ထားသည်။
ဤပုံစံအရ သူသည် ရှေးဟောင်းပစ္စည်းပစ္စည်းနှင့် ပတ်သက်၍ အတော် ဗဟုသုတရှိမည်ဆိုတာ သိသာလှသည်။
သူသည် ချက်ချင်း ပြန်မဖြေခဲ့ပေ။
သူသည် စားပွဲခုံရှေ့တွင် ကျောက်စိမ်းမီးအိမ်ကို အချိန်အတော်ကြာ စိုက်ကြည့်နေသည်။
ကျားထိုက်ဇန်ကို မော့မကြည့်ခင် သူ၏ မျက်နှာတွင် ပျော်ရွှင်မှု အရိပ်အယောင်များ ဖြတ်သန်းသွားသည်။
" ကျွန်တော် တစ်ယောက်တည်း အဲ့လောက်ပမာဏကို တတ်နိုင်မှာ မဟုတ်ဘူး။ ဒီဟာကို ဝယ်ဖို့အတွက် လူတိုင်းနဲ့ ပိုက်ဆံစုဖို့ စီစဥ်ထားတယ်။ ကျွန်တော်တို့ သုံးနိုင်တဲ့ အကောင်းဆုံးပမာဏက သန်း၃၀၀ပဲ "
ထိုသို့ ပြောပြီးသည်နှင့် သူသည် ကျားထိုက်ဇန်ကို မျှော်လင့်ခြင်းများစွာနှင့် ကြည့်လိုက်သည်။
" သန်း၃၀၀လား။ အဲ့လိုမရဘူး။ ကျွန်တော့်ရတနာက အနည်းဆုံး သန်း ၅၀၀ကနေ ၆၀၀ကြား တန်တယ်။ သန်း၃၀၀က ဘယ်လိုလုပ် လုံလောက်မှာလဲ။ မရဘူး၊ မရဘူး ... "
ကျားထိုက်ဇန်သည် ဖက်တီး၏ စျေးကို ကြားရသောအခါ ချက်ချင်းပင် ခေါင်းကို ခါရမ်းလိုက်သည်။
ဖက်တီး၏ မျက်နှာအမူအရာသည် သေချာပေါက် သူအနိုင်ရမည်ကို ပြောနိုင်နေသော အမူအရာမျိုး ဖြစ်နေသည်။
သူသည် ပြုံး၍ ကြည့်လိုက်သည်။
" အဲ့တာက သူဌေးကျားပြောခဲ့တဲ့ စျေးပဲ မဟုတ်ဘူးလား။ ဒါပေမဲ့ အခုက အရေးတကြီးငွေ လိုနေတာလေ။ စျေးကို မနှိမ့်ပဲ ဘယ်လိုလုပ် ရောင်းနိုင်မှာလဲ။ တကယ်လို့ သူဌေးသာ အလျင်မလိုဘူးဆိုရင်တော့ အဲ့ဈေးနဲ့ အေးအေးဆေးဆေး ရောင်းလို့ ရပါတယ် "
လူတိုင်းသည်လည်း သဘောတူသွားကြသည်။
" အဲ့တာ မှန်တယ်။ ခင်ဗျားက ငွေကို သုံးဖို့ အလျင်လိုနေတော့ အောက်စျေးနဲ့ပဲ ရောင်းလို့ရမယ်။ သန်း၃၀၀ထက် ပိုမပေးနိုင်ဘူး "
" သန်း၃၀၀ ဆိုကတာလည်း နည်းတဲ့ပမာဏ မဟုတ်ပါဘူး။ အနည်းဆုံးတော့ အဲ့တာက ခင်ဗျားရဲ့ အရေးပေါ်ပြဿနာကို ဖြေရှင်းပေးနိုင်တယ်လေ "
" သန်း၃၀၀ပဲဆို တကယ်လို့ ငါတို့အားလုံး အတူတူ စုပေါင်းလိုက်ရင် အဲ့တာကို တတ်နိုင်သေးတယ်။ အဲ့ထက် ပိုသွားရင် ငါတို့ မတတ်နိုင်တော့ဘူး "
" တွေဝေမနေနဲ့။ တကယ်လို့ ခင်ဗျား ကြာကြာ တွေဝေနေမယ်ဆိုရင် ငါတို့ဝယ်မှာ မဟုတ်တော့ဘူး "
လူတိုင်းသည် ကျားထိုက်ဇန်ကို ဖိအားစပေးလာကြသည်။
ကျားထိုက်ဇန်သည် လူတိုင်းကို ကူရာကယ်ရာမဲ့စွာဖြင့် ကြည့်နေသည်။
" သန်း၃၀၀ကတော့ တော်တော်လေး နည်းနေတယ်။ မင်းတို့ ထပ်ပြီး တိုးပေးနိုင်ဦးမလား "
သို့သော် လူတိုင်းသည် တညီတညာတည်း ခေါင်းခါလိုက်ကြသည်။
ကျားထိုက်ဇန်သည် အံကြိတ်ပြီး နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။
" ကောင်းပြီလေ၊ သန်း၃၀၀ပဲပေါ့။ ဒါပေမဲ့ ပိုက်ဆံက မြန်မြန် လိုပါတယ် "
သူဌေးကျားမှ သဘောတူသည်ကို ကြားသောအခါ လူတိုင်းသည် အပျော်လွန်သွားကြသည်။
ဖက်တီးသည် ချက်ချင်းပင် လူတိုင်းကို ခေါ်လိုက်သည်။
" အားလုံးပဲ၊ လာပြီး ပိုက်ဆံအတူတူ ထည့်ကြပါ။ အချိန်ရောက်လာတဲ့အခါ ငါတို့ အဲ့တာကို ပြန်ရောင်းပြီး ရင်းနှီးမြှုပ်နှံထားတဲ့ အချိုးအစားအရ ငွေပြန်ခွဲကြမယ် "
ထိုအလုပ်တွင် ရင်းနှီးမြှုပ်နှံချင်သော လူအများအပြားရှိနေသည်။
ဤသည်မှာ သေချာပေါက် မြတ်မည့်စီးပွားရေးဖြစ်သည်။
သန်း၆၀၀ တန်သော ရတနာကို တစ်ဝက်စျေးဖြင့် ဝယ်နိုင်ခဲ့ကြပြီး ရင်းနှီးမြှုပ်နှံမှုသည် ချက်ချင်းပင် နှစ်ဆဖြစ်လာမည် ဖြစ်သည်။
လူတိုင်းသည် သူတို့နှင့်အတူ ငွေများများ မယူလာကြပေ။
ထို့ကြောင့် သူတို့သည် ဆွေမျိုးနှင့် သူငယ်ချင်းများကို ဖုန်းခေါ်ကာ ငွေကို ချေးယူနေကြသည်။
ထိုအချိန်မှာပင် ထိုစီးပွားရေး၌ ပါဝင်ချင်သော ဘက်ပေါင်းစုံမှ လာသော လူတိုင်းသည် အပြေးအလွှားလာကြကာ လူတန်းရှည်ကြီး ဖြစ်သွားခဲ့သည်။
ဖက်တီးသည် လက်ဦးမှုယူကာ တည်ထောင်သူအခန်းကဏ္ဍကို ယူလိုက်သည်။
လူတိုင်းငွေစုနေစဥ်တွင် သူသည် အနီးအနားရှိ မိတ္တူဆိုင်သို့ သွားကာ စာချုပ်များ အထပ်လိုက် ရိုက်နှိပ်နေသည်။
" အငြင်းပွားမှုတွေကို ကာကွယ်ဖို့ အားလုံးပဲ စာချုပ်မှာ လက်မှတ်ထိုးကြပါ။ ကိုယ်ဘယ်လောက် ထည့်ဝင်ထားတာလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း ရေးကြပါ "
သူ့စကားကို ကြားသောအခါ တွေဝေနေသောလူအချို့သည် ဘာသံသယမှ မရှိတော့ဘဲ ချက်ချင်း ပူးပေါင်းလာကြသည်။
ချန်းရွှမ်သည် ထိုလူများ၏ ရူးသွပ်မှုကို ကြည့်ကာ ထိတ်လန့်နေသည်။
သူမသည် ယဲ့ဖန်၏ ရင်ခွင်ထဲတွင် သူမကိုယ်သူမ အကောင်းဆုံးဖုံးထားရန် ကြိုးစားနေသည်။
ဖက်တီးသည် လူတိုင်းကို စာချုပ်များ ဖြန့်ဝေနေပြီး ယဲ့ဖန်ကိုလည်း အလျင်အမြန် လာပေးသည်။
" ညီငယ်လေး၊ မင်း ဘယ်လောက် ရင်းနှီးမြှုပ်နှံမှာလဲ "
ယဲ့ဖန်သည် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
" ကျွန်တော့်မှာ ရှိတဲ့ငွေက စာချုပ်တစ်ခုကို ဖြုန်းတီးဖို့ မလောက်ပါဘူး။ မပါတော့ဘူး "
ဖက်တီးသည် တခဏ မှင်သက်သွားသည်။
လူတိုင်းသည် ဤဝေစုမှ ရှယ်ယာကို မရနိုင်မှာ ကြောက်နေသည့်အလား အလုအယက် လက်မှတ်ထိုးနေကြသည်။
အဲ့ဒါကို ဒီလူငယ်က တကယ်ကြီး ငြင်းနေတာလား။
သို့သော်လည်း သူသည် မှင်သက်သွားရုံသာဖြစ်ပြီး တွန်းအားမပေးခဲ့ချေ။
ဒီမှာ လူအများကြီး ရှိသေးတာပဲ။
စာချုပ် ဘယ်သူမှ မလိုချင်မှာကို ငါ ဘာလို့ကြောက်နေရမှာလဲ။
သူသည် ချက်ချင်းပင် ချန်းရွှမ်ကို ကြည့်လိုက်သည်။
သူသည် ရိုးသားပြီး သာမန်ဆန်သော အပြုံးကို မထုတ်ဖော်ခင် သူ့မျက်လုံးထဲတွင် အံ့သြမှု အရိပ်အယောင်များ ဖြတ်သန်းသွားသည်။
" မိန်းကလေး၊ မင်းရော ဘယ်လောက် ရင်းနှီးမြှုပ်နှံဖို့ စီစဥ်ထားလဲ "
ချန်းရွှမ်သည် ယဲ့ဖန်ကို ကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။
" ကျွန်မမှာ ငွေမရှိဘူး။ ကျွန်မ ပါမှာ မဟုတ်ဘူး "
ဖက်တီး၏ မျက်နှာသည် ရှုံ့တွသွားပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။
" ဒီအရူးနှစ်ယောက်ကတော့ အလကားရမယ့် ပိုက်ဆံတောင် မယူဘူးဘဲ "
သူသည် ချက်ချင်းပင် သူတို့နှစ်ယောက်ကို လျစ်လျူရှုကာ တခြားလူများဆီ စာချုပ်ကို ဖြန့်ဝေပေးနေသည်။
လူအားလုံးထဲတွင် ယဲ့ဖန်နှင့် ချန်းရွှမ်သာလျှင် ချွင်းချက်ဖြစ်သည်။
လူတိုင်းသည် စာချုပ်အတွက် တက်တက်ကြွကြွ တိုက်ခိုက်နေကြသည်။
ချန်းရွှမ်သည် ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။
" ဘာလို့ မပါကြတာလဲ။ ဒါအကျိုးအမြတ်ရှိတဲ့ စီးပွားရေးလေ "
သူမသည် အစတွင် အနည်းငယ် ချင့်ချိန်နေခဲ့သည်။
အဆုံးတွင် ဤအခြေအနေမှာ သေချာပေါက်မြတ်မည့် စီးပွားရေး ဖြစ်သည်။
သူမသည် သန်းအနည်းငယ်လောက် ရရှိနိုင်သည်။
သို့သော် ယဲ့ဖန်မှ မပါဝင်ချင်သည်ကို သူမမြင်သောအခါ ထိုလူကို ငြင်းသာ ငြင်းလိုက်သည်။
ယဲ့ဖန်သည် ညင်သာစွာ ပြုံးလိုက်သည်။
" မင်းမှာ ငွေမရှားပါဘူး။ ဘာလို့ မျက်စိစုံမှိတ်ပြီး ပူးပေါင်းချင်နေတာလဲ "
ယဲ့ဖန်သည် ထိုကဲ့သို့ ပြောလိုက်သော်လည်း သူ့အပေါ် သူမ၏ နားလည်ထားမှုအရ သူသည် ငွေမလိုချင်သော အရူးမျိုး မဟုတ်ပေ။
တစ်ခုခု လှည့်စားထားတာများ ရှိနေတာလား။
သူမသည် ယဲ့ဖန်ကို မှီ၍ အနားကို ကပ်ကာ နူးညံ့စွာမေးလိုက်သည်
" အဲ့ရှေးဟောင်းပစ္စည်းက အတုကြီးမလို့လား "
" အဲ့တာက အစစ် "
ယဲ့ဖန်သည် ပြုံးနေစဲ ဖြစ်သည်။
" ဒါဆို ဘာလို့လဲ "
ယခုအခါ ချန်းရွှမ်သည် ပို၍ ရှုပ်ထွေးသွားရသည်။
ပစ္စည်းက အစစ်ဆိုရင် သူက ဘာလို့ ဝင်မပါတာလဲ။
ယဲ့ဖန်သည် ထပ်မရှင်းပြတော့ပေ။
သူသည် သူဌေးကျားကိုသာ တစ်ချက်ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်ရှိ ဆော့ကစားလိုသော အပြုံးသည် ပိုမိုပီပြင်လာသည်။
အချိန်တိုအတွင်းမှာပင် ငွေသည် အားလုံးနီးပါး စုမိနေပြီ ဖြစ်သည်။
အကြီးဆုံးရင်းနှီးမြှုပ်နှံမှုမှာ ၁၀သန်း ဖြစ်ပြီး အသေးဆုံးမှာ သန်းအနည်းငယ်သာ ဖြစ်သည်။
ပါဝင်ချင်သော်လည်း နောက်ကျသွားသော လူအချို့လည်း ရှိသည်။
သို့သော် ဖက်တီးသည် ခေါင်းခါလိုက်သည်။
" သန်း၃၀၀က လုံလောက်နေပြီ။ နေရာ မရှိတော့ဘူး "
ထိုလူအနည်းငယ်သည် သူတို့၏ ရင်ဘတ်ကိုထုကာ ခြေကိုဆောင့်၍ ထိုသိုါ အခွင့်အရေးကောင်းကို လက်လွတ်ရသည့်အတွက် နောင်တရနေကြသည်။
ထိုလူများ၏ အမူအရာကို မြင်သောအခါ ရင်းနှီးမြှုပ်နှံမှုတွင် ပါဝင်ခဲ့သော လူတိုင်းသည် ပို၍ပင် ဂုဏ်ယူဝင့်ကြွားသလို ဖြစ်သွားကြသည်။
ကံကောင်းစွာဖြင့် သူတို့သည် စောစော ဝင်ရောက်နိုင်ခဲ့သည်။
မဟုတ်ပါက သူတို့သည်လည်း ငွေရမည့် ဤကဲ့သို့ အခွင့်အရေးကို လွတ်သွားမည်ဖြစ်သည်။
အဆုံးတွင် အားလုံးသည် ဖက်တီး၏ အကောင့်ထဲသို့ ငွေလွှဲပေးလိုက်ကြပြီး သူသည် လူတိုင်းအတွက် ကိုယ်စားပြု၍ လဲလှယ်မည်ဖြစ်သည်။
ဖက်တီးသည် ဘဏ်ကတ်ကို ကျားထိုက်ဇန်ဆီသို့ လက်လွှဲပေးလိုက်သည်။
" သူဌေးကျား၊ ငါတို့မှာ ငွေလုံလောက်သွားပြီ။ ငါတို့ကို ပစ္စည်းပေးလို့ရမလား "
အပိုင်း ( ၁၀၄၄ )
မျောက်ပြပွဲကို တိတ်တိတ်ဆိတ်ဆိတ် ကြည့်လို့ မရဘူးလား။
ကျားထိုက်ဇန်သည် ဘဏ်ကတ်ကို ကြည့်ပြီးနောက် သူ၏ ကျောက်စိမ်းမီးအိမ်ကို ကြည့်နေသည်။
သူသည် အနည်းငယ် တုံ့ဆိုင်းနေသည်။
" ငါ မရောင်းတာ ပိုကောင်းမယ် ထင်တယ်။ သန်း၃၀၀က အရမ်းအရှုံးပေါ်တယ် "
ထိုသို့ ပြောပြီးနောက် သူသည် ကျောက်စိမ်းမီးအိမ်ကို သစ်သားသေတ္တာထဲ ထည့်ကာ ထွက်သွားရန် ပြင်ဆင်လိုက်သည်။
သို့သော် ဖက်တီးသည် သူ့လက်ကောက်ဝတ်ကို ဆွဲ၍ သူ့ကို စိုက်ကြည့်လိုက်သည်။
" မင်းငါတို့ကို ကစားနေတာလား "
" ငါတို့က ငွေတောင် စုပြီးနေပြီ။ အခု မင်းက မရောင်းတော့ဘူးလို့ ငါတို့ကို လာပြောနေတာလား။ လူတိုင်းကို သဘောတူမတူ မေးကြည့်လိုက် "
" ငါတို့ သဘောမတူဘူး။ ငါ့အမျိုးတွေဆီကတောင် ငွေ ချေးပြီးသွားပြီ။ မင်းက မရောင်းတော့ဘူးလို့ ငါ့ကို လာပြောနေတာလား။ မင်း ငါ့ကို လာနောက်နေတာလား "
" မှန်တယ်။ ငါလည်း ငါ့အဘိုးရဲ့ ပင်စင်အာမခံကို ထုတ်လိုက်ပြီ။ မင်း ငါတို့ကို လာကစားနေတာလား "
" ငါလည်း ငွေတိုးချေးစားတဲ့ လူဆီကနေ ၅သန်းတောင် ချေးပြီးသွားပြီ။ တကယ်လို့ မင်းက အခု မရောင်းတော့ဘူးဆိုရင် ငါကအတိုးတွေကို ဘယ်လို ပေးရမှာလဲ "
" မင်း ဒီနေ့ရောင်းရမယ်။ အားလုံးပဲ သူ့ကို ဝိုင်းလိုက်ကြ။ သူ ထွက်မပြေးစေနဲ့ "
လူတိုင်းသည် ဒေါသထွက်လာပြီး ကျားထိုက်ဇန်ကို ဝိုင်းလိုက်ကြသည်။
ယဲ့ဖန်နှင့် ချန်းရွှမ်သည် ဒေါသထွက်နေသော လူအုပ်ကြားမှ တိုးထွက်လာသည်။
ကျားထိုက်ဇန်သည် ကြောက်ရွံ့သွားကာ ဖြူဖျော့သွားသည်။
သူသည် သစ်သားသေတ္တာကို တင်းကြပ်စွာဖက်ထားလိုက်ပြီး သနားစရာကောင်းစွာ ကြည့်နေသည်။
ချန်းရွှမ်သည် သနားစိတ် အနည်းငယ်ဖြင့် ယဲ့ဖန်ကို ကြည့်လိုက်သည်။
" ဒီသူဌေးကျားက အတော် သနားစရာကောင်းနေပြီ။ သူ့ကုမ္ပဏီက ဒေဝါလီခံလိုက်ရပြီးတော့ သူ့အမွေပစ္စည်းကိုပါ ရောင်းဖို့ တွန်းအားပေးခံနေရတယ် "
" ကျွန်မတို့ သူ့ကို ကူညီသင့်လား "
သို့သော် ယဲ့ဖန်သည် ဖျော်ဖြေပွဲတစ်ခုကို စောင့်ကြည့်နေသော အမူအရာမျိုး ဖြစ်နေသည်။
" ကိုယ်မင်းကို အလုပ်ရှုပ်မခံဖို့ အကြံပေးလိုက်မယ်။ မျောက်ပြပွဲကို ဒီတိုင်း တိတ်တိတ်ဆိတ်ဆိတ် ကြည့်လို့မရဘူးလား *
" မျောက်ပြပွဲလား "
ချန်းရွှမ်သည် မျက်မှောင်ကြုတ်မိသွားသည်။
ယဲ့ဖန်သည် အလွန်သွေးအေးသည်ဟု သူမ ခံစားနေရသည်။
သူသည် မကူညီရုံသာမက ထေ့ငေါ့ကာ ဝေဖန်နေသေးသည်။
ကျားထိုက်ဇန်သည် လူအုပ်ကို ကြောက်ကြောက်လန့်လန့်ဖြင့် ကြည့်လိုက်ပြီး ကူရာကယ်ရာမဲ့စွာ ပုခုံးလှုပ်ပြလိုက်သည်။
" ငါ အားလုံးကို ရိုးရိုးသားသား ပြောပါ့မယ်။ ငါ့ကျောက်စိမ်းမီးအိမ်က အတုကြီးပါ။ အဲ့တာက လူတွေကို လှည့်စားဖို့အတွက် သုံးတာ။ မင်းတို့ ငါ့ကို လွှတ်ပေးလိုက်တာ ပိုကောင်းမယ် "
သူ့စကားကို ကြားသောအခါ လူတိုင်းသည် မှင်သက်သွားသည်။
" ဘာလဲ။ ဒီရှေးဟောင်းပစ္စည်းက တကယါ အတုကြီးလား။ ကျွမ်းကျင်ပညာရှင်တွေနဲ့ အဖွဲ့အစည်းတွေရဲ့ အကဲဖြတ်မှတ်ချက်တွေ ရှိတယ် မဟုတ်ဘူးလား "
" သူ လျှောက်ပြောတာတွေ နားထောင်မနေနဲ့။ ငါက ရှေးဟောင်းပစ္စည်း ဆိုင်တစ်ဆိုင် ပိုင်တယ်။ ငါ အဲ့တာကို အခုလေးတင်ပဲ မြင်ပြီးသွားပြီ။ အဲ့တာက အစစ်ပဲ။ အတု မဖြစ်နိုင်ဘူး "
" ကောင်းပြီ၊ ဒါဆို မင်းက ငါတို့ကို လိမ်နေတာပေါ့။ ငါတို့ကို အရူးတွေလို့ မင်းကထင်နေတာလား။ ဒီနေ့ ငါတို့ကို ဒီကျောက်စိမ်းမီးအိမ် မင်းရောင်းရမယ် "
" အဲ့တာမှန်တယ်။ တကယ်လို့ အဲ့တာက အတုဆိုရင်တောင် ငါတို့ မကြောက်ဘူး။ ငါတို့က ကုန်ပစ္စည်းအတုကို ဝယ်ရတာ ကြိုက်တယ်၊ ဟားဟားဟား "
လူအုပ်ထဲတွင် ရှေးဟောင်းပစ္စည်းကို လေ့လာနေသူ များစွာရှိသည်။
သူတို့သည် ထိုအရာကို အနီးကပ်ကြည့်ကာ အစစ်ဖြစ်ကြောင်း အတည်ပြုပြီးသား ဖြစ်သည်။
သူတို့က သူ့ကြောင့် ဘယ်လိုလုပ် အရူးလုပ်ခံမှာလဲ၊
ဖက်တီးသည် ကျားထိုက်ဇန်၏ လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆွဲကိုင်လိုက်သည်။
" တကယ်လို့ မင်းဒီနေ့ ဒီကျောက်စိမ်းမီးအိမ်ကို လက်မလွှတ်ဘူးဆိုရင် ထွက်သွားနိုင်မယ်လို့ မထင်နဲ့ "
ကျားထိုက်ဇန်သည် လူအုပ်ကြီးဖြင့် အဝိုင်းခံထားရကာ လုံးဝ မလွတ်မြောက်နိုင်ပေ။
သူသည် လူတိုင်း၏ ရက်စက်ကြမ်းကြုတ်သော အသွင်အပြင်များကို ကြည့်လိုက်သည်။
အကယ်၍ သူသာ ခုခံလိုက်ပါက မလွဲဧကန် အရိုက်နှက်ခံရမည် ဖြစ်သည်။
ကျားထိုက်ဇန်သည် ကူရာကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
" ဒါဆိုလည်း ငါ့ကို အရင်ရှင်းအောင် လုပ်ခွင့်ပေး။ ငွေလွှဲပြီးသွားတာနဲ့ ငွေနဲ့ ပစ္စည်းက ရှင်းသွားပြီ "
" မင်းတို့ဘာသာ ၁၀ဘီလီယံနဲ့ ရောင်းရောင်း၊ ၁၀ယွမ်နဲ့ပဲ ရောင်းရောင်း ငါနဲ့ မဆိုင်တော့ဘူး "
" ဒါပေါ့။ ရှေးဟောင်းပစ္စည်းဆိုင်ရဲ့ စည်းမျဥ်းတွေကို ငါတို့သိတယ်။ ငါတို့ မင်းနဲ့ ဇယားမကပ်တော့ဘူးဆိုတာ ငါ ကတိပေးတယ် "
" ဟုတ်တယ်၊ ဟုတ်တယ်။ မြန်မြန် အရောင်းအဝယ်လုပ်ကြ။ အကျိုးဆက်တွေ အားလုံးကို ငါတို့ ကိုယ်တိုင်ခံမယ် "
" ငွေလွှဲပြီးသွားပြီ။ ငါတို့ ဒါကို ၁ဘီလီယံနဲ့ရောင်းလိုက်ရင်တောင် မင်း နောင်တမရနိုင်တော့ဘူး "
လူတိုင်းသည် သဘောတူလိုက်ကြသည်။
ကျားထိုက်ဇန်သည် ရွေးချယ်စရာ မရှိဘဲ သစ်သားသေတ္တာကို ဖက်တီးဆီသို့ လက်လွှဲပေးလိုက်သည်။
ဖက်တီးသည် လူတိုင်းရှေ့တွင် သေတ္တာကို ဖွင့်လိုက်သည်။
ကျောက်စိမ်းမီးအိမ်သည် အကောင်းပကတိရှိနေသည်။
သူသည် သေတ္တာကို စိတ်ကျေနပ်စွာ ပိတ်လိုက်သည်။
" အဲ့တာအမှန်ပဲ။ မင်းရဲ့ ဘဏ်ကဒ်ကို သေချာသိမ်းထား။ မင်းကုမ္ပဏီရဲ့ ကပ်ဘေးကို အလျင်အမြန် ဖြေရှင်းနိုင်ဖို့ ငါဘဆုတောင်းပေးတယ် "
ကျားထိုက်ဇန်သည် ဘဏ်ကဒ်ကို ယူ၍ ခါးသက်သက် ပြုံးလိုက်သည်။
" ဒီတစ်ကြိမ်တော့ ငါအရာအားလုံး ဆုံးရှုံးသွားပြီ "
ငွေလွှဲပြီးသွားကြောင်း တွေ့သောအခါ လူတိုင်းသည် ပျော်ရွှင်သွားကြသည်။
" အဓိပ္ပာယ် မရှိတာတွေ လျှောက်ပြောမနေနဲ့။ ဒီကျောက်စိမ်းမီးအိမ်ကို ရောင်းဖို့နေရာ မြန်မြန် ရှာကြရအောင် "
" ဟုတ်တယ်၊ မြန်မြန် ရောင်းရအောင်။ ငါ ငွေတိုးသမားဆီ ပေးစရာတွေ ရှိသေးတယ် "
" ဟားဟားဟား၊ ဒါက ငါ့ဘဝမှာ အလွယ်ကူဆုံး ပိုက်ဆံရခြင်းပဲ။ လက်ကလေး နည်းနည်း လှုပ်လိုက်တာနဲ့ နှစ်ဆရတယ် "
" ဒီလို ကောင်းတဲ့အရာတွေ ဖြစ်မယ်ဆိုတာ သိခဲ့ရင် ငါ့အိမ်ကိုပါ ရောင်းခဲ့ပါတယ်ကွာ "
လူတိုင်းသည် စိတ်ပါလက်ပါဖြင့် စကားပြောနေကြပြီး ဖက်တီး၏ ဦးဆောင်မှုအောက်တွင် အဆိုပါ ကျောက်စိမ်းမီးအိမ်ကို ဖြေရှင်းရန် ထွက်သွားကြသည်။
လူတိုင်း ထွက်သွားသည်နှင့် ထိုနေရာသည် ချက်ချင်းပင် ကွက်လပ်ကြီး ဖြစ်သွားသည်။
ကျားထိုက်ဇန်သည် လူတိုင်း ထွက်သွားသည်ကို ကြည့်ပြီး စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက် ချလိုက်သည်။
သူသည် သူ့အိတ်ကို ထုတ်ပိုးကာ ထွက်သွားရန် ပြင်ဆင်လိုက်သည်။
ထိုအချိန်တွင် ပုံရိပ်တစ်ခုသည် သူ့လမ်းကြောင်းကို ပိတ်ထားလေသည်။
သူ မော့ကြည့်လိုက်ရာ အခုလေးတင် လူအုပ်ကြားထဲတွင် ရှိနေခဲ့ပုံရသော လူငယ်လေးတစ်ယောက်ကို မြင်လိုက်ရသည်။
" ညီငယ်လေး၊ မင်း ငွေတွေ ခွဲယူဖို့ သူတို့နောက်ကို လိုက်မသွားဘူးလား "
သူသည် ယဲ့ဖန်ကို အပြုံးဖြင့် ပြောလိုက်သည်။
သူ့အပြုံးသည် လူများမှ ယူံကြည်မှုကို ခံစားရအောင် ဖမ်းစားနိုင်သည်ဟု ပြောရမည်ဖြစ်သည်။
" ကျွန်တော် အဲ့ထဲမှာ မပါဘူး "
ယဲ့ဖန်သည်လည်း ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။
" မင်းက ရှယ်ယာ မပါလိုက်ဘူးလား။ ဘာဖြစ်လို့လဲ "
ကျားထိုက်ဇန်သည် ခဏတာ မှင်သက်သွားသည်။
ဤသည်မှာ ငွေရမည့် စီးပွားရေးဖြစ်သည်။
သူသည် ဤကဲ့သို့ ဆွဲဆောင်မှုကို ခုခံနိုင်သည့် လူရှိမည်ဟု မယုံကြည်ခဲ့ပေ။
" ဘာလို့လဲဆိုတော့ အလိမ်ခံရမှာ ကြောက်လို့လေ "
ယဲ့ဖန်၏ အပြုံးသည် ပိုမိုတောက်ပလာသည်။
" လိမ်တာလား "
ထိုစကားကို ကြားသောအခါ ကျားထိုက်ဇန်သည် ချက်ချင်းပင် ရယ်မောလိုက်သည်။
" မင်းက အထင်မှားနေတာပဲ။ ငါ့ကျောက်စိမ်းမီးအိမ်က ကျွမ်းကျင်ပညာရှင်အများကြီးရဲ့ အကဲဖြတ် မှတ်ချက်တွေ ရထားတာလေ။ အဲ့တာက အနည်းဆုံး သန်း၅၀၀ကနေ သန်း၆၀၀ထိ တန်တယ်။ မင်းက ဘယ်လိုလုပ် အလိမ်ခံရမှာလဲ "
ယဲ့ဖန်သည် သူ့နှာခေါင်းကို ထိလိုက်သည်။
" အဲ့တာက အတုလို့ ခင်ဗျား ပြောခဲ့တယ်မဟုတ်ဘူးလား "
ကျားတိုင်ဇန်သည် ခေါင်းခါလိုက်ပြီး ခါးသက်သက် ပြောလိုက်သည်။
" ငါ အဲ့အချိန်က တကယ် နောင်တရနေခဲ့တာ။ အဲ့တာကြောင့် ငါသူတို့ကို လိမ်လိုက်တာ "
" ဒါပေမဲ့ မင်းတွေ့တဲ့ အတိုင်းပဲလေ။ ဒီလိုအခြေအနေတွေအောက်မှာ ရောင်းဖို့က လွဲပြီး ငါ့မှာ ဘာရွေးချယ်စရာမှ မရှိဘူး "
" ဟူး ငါ မင်းနဲ့ ထပ်ပြီး စကားမပြောတော့ဘူး။ ငါ အရင် သွားတော့မယ် "
ထိုသို့ ပြောပြီးသည်နှင့် သူသည် လှည့်ကာ ထွက်သွားတော့သည်။
" ထွက်သွားဖို့ အလျင်မလိုပါနဲ့ "
ယဲ့ဖန် သူ့လမ်းကို ထပ်ပိတ်လိုက်သည်။
" ပြောစရာတစ်ခုခု ရှိသေးလို့လား "
ကျားထိုက်ဇန်သည် မျက်မှောင်ကြုတ်ပြီး မပျော်မရွှင်ဖြစ်နေသည်မှာ သိသာလှသည်။
ချန်းရွှမ်သည်လည်း ယဲ့ဖန်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။
သူမသည် သူ ဘာလုပ်ချင်နေသည် ဆိုတာကို မသိပေ။
သူသည် ထိုလူ၏ လမ်းကို ပိတ်နေသည်။
ယဲ့ဖန် အရမ်းရိုင်းသလို မဖြစ်သွားဘူးလား။
ယဲ့ဖန်သည် ကျားထိုက်ဇန်၏ မျက်လုံးထဲသို့ စိုက်ကြည့်လိုက်သည်။
" ကျွန်တော် ခင်ဗျားရဲ့ ကျောက်စိမ်းမီးအိမ်ရှည်ကို လိုချင်တယ် "
ကျားထိုက်ဇန်သည် ခဏလောက် မှင်သက်သွားသည်။
" ကျောက်စိမ်းမီးအိမ်ရှည်လား။ ငါ အခုပဲရောင်းလိုက်ပြီလေ။ မင်းလည်း မြင်လိုက်တယ်မဟုတ်လား "
ယဲ့ဖန်၏ အပြုံးသည် ပျောက်ကွယ်သွားသည်။
" ကျွန်တော်က အစစ်ကို လိုချင်တာ "