အခန်း (၁၀၄၅-၁၀၄၈)
Vol. 53 Ch. 1045-1048
အပိုင်း ( ၁၀၄၅ )
လောဘ အရမ်းမကြီးနဲ့
ယဲ့ဖန် ထိုစကား ပြောလိုက်ချိန်တွင် ကျားထိုက်ဇန်ဆီမှ သတ်ဖြတ်လိုစိတ်တစ်ခု ထွက်ပေါ်လာသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
ထိုသတ်ဖြတ်လိုစိတ်သည် ဖြစ်ပေါ်လာပြီးပြီးချင်း ပြန်လည် ပျောက်ကွယ်သွားသော်လည်း ယဲ့ဖန်သည် ထိုအရာကို သေချာပေါက် မြင်လိုက်ရသည်။
" ဟားဟား၊ ညီငယ်လေး၊ မင်းက ဘယ်လို စနောက်ရမလဲဆိုတာ တကယ်ကို သိတာပဲ။ တကယ်လို့ မင်း အဲ့တာကို လိုချင်တယ်ဆိုရင် ဟိုလူတွေနဲ့ သွားဆွေးနွေးနိုင်တယ်။ ဈေးနှုန်းက မှန်နေသရွေ့ သူတို့က မင်းကိုရောင်းနိုင်မှာပါ "
ကျားထိုက်ဇန်သည် ပြုံးလိုက်ပြီး ထွက်သွားရန် ထပ်မံ ပြင်ဆင်လိုက်သည်။
" ကျွန်တော် သူတို့ပစ္စည်းကို မလိုချင်ဘူး။ ခင်ဗျား အိတ်ထဲကဟာကို လိုချင်တာ "
ယဲ့ဖန်သည် အေးစက်နေသော အသံဖြင့် ပြောလိုက်သည်။
ကျားထိုက်ဇန်သည် ချက်ချင်းပင် ရပ်တန့်သွားသည်။
သူ၏ ရည်မွန်သော အမူအရာသည် ပျောက်ကွယ်သွားကာ ကြမ်းကြုတ်သော အမူအရာမှယ အစားထိုး ဝင်ရောက်လာသည်။
" မင်း ဘာကိုဆိုတာလဲဆိုတာ ငါ နားမလည်ဘူး "
ချန်းရွှမ်သည်လည်း စိတ်ရှုပ်ထွေးနေသည်။
ဘာတွေဖြစ်နေတာလဲ။
ယဲ့ဖန်ရဲ့ စကားအရ သူ ဟိုလူတွေကို ရောင်းလိုက်တဲ့ ကျောက်စိမ်းမီးအိမ်က အတုကြီးလား။
မဖြစ်နိုင်ပါဘူး၊ ဟုတ်တယ်မလား။
ယဲ့ဖန်ရဲ့ မေပယ်စံအိမ်အပါအဝင် ကျွမ်းကျင်ပညာရှင်တွေဆီက အကဲဖြတ်ချက်တွေအများကြီး ကျားထိုက်ဇန်ဆီမှာ ရှိနေတယ်လေ။
အဲ့တာက ဘယ်လိုလုပ်ပြီး အတုဖြစ်နိုင်မှာလဲ။
ယဲ့ဖန်သည် ထပ်မံ၍ ပြုံးလိုက်သည်။
" ခင်ဗျားရဲ့ သရုပ်ဆောင်စွမ်းရည်က တကယ် ကောင်းတယ်ဆိုတာ ပြောရမယ်။ ခင်ဗျားရဲ့ လှည့်ကွက်ထဲ ကျွန်တော်တောင် ကျမိလုနီးပါးပဲ "
" အရမ်းစိတ်ပူသွားတာက သနားစရာပဲ။ လူတွေက စိုးရိမ်သွားတဲ့အခါ သူတို့ကိုယ်သူတို့ မထိန်းနိုင်တော့ဘူး "
ကျားထိုက်ဇန်သည် သူ့ကို အေးစက်စွာ ကြည့်နေသည်။
" ငါ ဘာလုပ်မိလို့လဲ "
ယဲ့ဖန်သည် သူ၏ အေးစက်သော အကြည့်အောက်တွင် အေးအေးဆေးဆေးသာ ဖြစ်နေသည်။
" ပုံမှန်ဆို ခင်ဗျားရဲ့ကျောက်စိမ်းမီးအိမ်ရှည်က သန်း၆၀၀ ဝန်းကျင်တန်သင့်တယ်။ ဒါပေမဲ့ ခင်ဗျားက သန်း၄၀၀လို့ တိုက်ရိုက် အဆိုပြုလိုက်ပြီးတော့ တစ်ဖက်လူက သန်း၃၀၀ ကမ်းလှမ်းတာကို ခင်ဗျားက လက်ခံလိုက်တယ်။ အဲ့တာက အတော်ကို လက်တွေ့မကျတာဘဲ "
" ငါပြောပြီးပြီလေ ငါက ငွေကို အရေးတကြီးလိုနေတယ် ဆိုကြောင်း။ အဲ့တာကြောင့် ငါက အောက်ဈေးနဲ့ပဲ ရောင်းနိုင်တာ "
ကျားထိုက်ဇန်သည် သူ့အတွက်သူ ကာကွယ်ပြောဆိုနေသည်။
" ဘယ်လောက်ပဲငွေကို အရေးတကြီး လိုနေပါစေ၊ အဲ့လောက်ကြီး လိုက်လျောနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ခင်ဗျား ဒီကျောက်စိမ်းမီးအိမ်ရှည်ကို လေလံအိမ်ဆီ ယူသွားလို့ ရတယ်။ ဘယ်လောက်ပဲ ဈေးနိမ့်နိမ့် သန်း၄၀၀အောက်တော့ မရောက်ဘူး၊ ဟုတ်တယ်မလား "
ယဲ့ဖန်သည် ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
" တကယ်လို့ အဲ့တာက လေလံပွဲဆိုရင်တောင်မှ အနည်းဆုံး တစ်ပတ်လောက်တော့ ကြာမှာ။ ငါက အဲ့လောက်အကြာကြီး မစောင့်နိုင်ဘူး "
" တကယ်လို့ ခင်ဗျားက လေလံပွဲကို မသွားချင်ဘူးဆိုရင်တောင်မှ ရှေးဟောင်းပစ္စည်းလမ်းလို နေရာမျိုးတော့ သွားသင့်တယ်။ အဲ့မှာ ဘာကကောင်းတယ်ဆိုတာ သိတဲ့လူတွေအများကြီးရှိပြီး ဈေးကလည်း ဒီကထက် နည်းနေမှာ မဟုတ်ဘူး။ ဒါပေမဲ့ ခင်ဗျားက ဘာလို့ ကုန်တိုက်တစ်ခုရဲ့ ဝင်ပေါက်ကို ရွေးခဲ့တာလဲ "
" ဘာလို့လဲဆိုတော့ ဒီနေရာမှာ ချမ်းသာတဲ့လူတွေ အများကြီးရှိတယ်လေ "
" မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ဒီမှာက အခြေအနေကို သေချာသိတဲ့လူတွေ အများကြီးမရှိလို့ပဲ။ အဲ့တော့ ခင်ဗျား စိတ်ပူစရာမလိုပဲ လုပ်ချင်တာ လုပ်လို့ရတယ်လေ "
" ဟား၊ မင်း လျှောက်မပြောနဲ့ "
ကျားထိုက်ဇန်သည် လက်ဖျောက်တီးလိုက်သည်။
" ငါတစ်ခုခု လုပ်လိုက်တယ်လို့ မင်းပြောခဲ့တယ်မလား။ ငါ ဘာလုပ်လို့လဲ "
ယဲ့ဖန်သည် အေးစက်သော အပြုံးကိုထုတ်ဖော်လိုက်သည်။
" အဲ့ဖက်တီးက ငွေကို စုပြီး ပစ္စည်းလဲလှယ်ဖို့ ပြင်ဆင်နေတုန်း ခင်ဗျား စကားတွေကို ပြန်ရုတ်သိမ်းချင်ယောင်ဆောင်ပြီး ကျောက်စိမ်းမီးအိမ်ရှည်ကို သေတ္တာထဲ ထည့်လိုက်တယ်လေ "
" အဲ့သေတ္တာထဲမှာ စက်ယန္တရားတစ်ခုခု ရှိနေတယ်မလား။ တကယ့်ကျောက်စိမ်းမီးအိမ်က ခင်ဗျားရဲ့ အိတ်ထဲကို ထည့်ပြီးသွားပြီလေ။ ခင်ဗျားရဲ့ အိတ်ကို ဖွင့်ပြပြီး ကျွန်တော်ါကို စစ်ဆေးခိုင်းရဲလား "
ကျားထိုက်ဇန်သည် မသိစိတ်အရ အိတ်ကိုသူ့လက်ဖြင့် ဆွဲကိုင်လိုက်ကာ ယဲ့ဖန်ကို အေးစက်စွာ စိုက်ကြည့်နေသည်။
" ကောင်စုတ်လေး၊ ငါမင်းကို ကိုယ့်ကိစ္စကိုယ် စိတ်ဝင်စားဖို့ အကြံပေးလိုက်မယ်။ ထွက်သွားစမ်း "
ဘေးတွင် ရှိနေသော ချန်းရွှမ်သည် မှင်သက်နေကာ ကျားထိုက်ဇန်ကို မယုံကြည်နိုင်စွာ ကြည့်နေသည်။
အစောက သူမသည် ထိုလူကို ကိုယ်ချင်းစာနေခဲ့သည်။
ယဲ့ဖန်၏ ထေ့ငေါ့သော စကားလုံးများကိုပင် ပြန်၍ အထွန့်တက်ခဲ့သည်။
ဤလူသည် လူများကို လိမ်နေသည်ဆိုတာကို သူမ မမျှော်လင့်ခဲ့မိချေ။
သူ၏ ခြိမ်းခြောက်မှုကို ကြားသော်လည်း ယဲ့ဖန်သည် နောက်ဆုတ်ရန် ရည်ရွယ်ချက်မရှိပေ။
" အထင်မလွဲလိုက်ပါနဲ့။ ကျွန်တော်က မတရားမှုကို တွေ့တဲ့အခါ လူတွေကို ကူညီဖို့ ရည်ရွယ်ချက် မရှိဘူး။ ကျွန်တော်က ကျောက်စိမ်းမီးအိမ်ရှည်ကို ကြိုက်ပြီး ငွေနဲ့ဝယ်ချင်ရုံပဲ "
" ခင်ဗျား အရင်က ပြောခဲ့တဲ့ သန်း၄၀၀ဆိုရင်ရော ဘယ်လိုလဲ "
ကျားထိုက်ဇန်သည် ယဲ့ဖန်ကို မလှောင်ပြောင်လိုက်ခင်အထိ အချိန်အတော်ကြာ စိုက်ကြည့်နေသည်။
" ငါ့ကျောက်စိမ်းမီးအိမ်ရှည်က အနည်းဆုံးသန်း၆၀၀တန်တယ်။ မင်းက အဲ့တာကို သန်း၄၀၀နဲ့ ဝယ်ချင်နေတာလား။ မင်းအိမ်မက်မက်နေတာလား "
ယဲ့ဖန် သက်ပြင်းချလိုက်သည်။
" လောဘ အရမ်းမကြီးနဲ့။ ခင်ဗျား အဲ့မီးအိမ်နဲ့ သန်း၃၀၀ လိမ်ခဲ့ပြီးပြီ "
" ကျွန်တော်က အခု ခင်ဗျားကို နောက်ထပ် သန်း၄၀၀ပေးမှာ။ အားလုံးပေါင်းရင် သန်း၇၀၀ဖြစ်နေပြီ။ ကျေနပ်သင့်တယ် "
သို့သော် ကျားထိုက်ဇန်သည် လှောင်ပြုံးပြုံးလိုက်သည်။
" ဒီမီးအိမ်နဲ့ဆိုရင် ငါက သန်း၃၀၀ကို အခါခါရနိုင်တယ်။ တကယ်လို့ မင်းကို ရောင်းလိုက်ရင် ငါက တစ်ခါတည်းပဲ ရတော့မှာလေ "
" တစ်ခါစားတာနဲ့ အကြိမ်များများ စားရတာရဲ့ ကြားက ကွားခြားချက်ကို ငါသိသေးတယ် "
ယဲ့ဖန်သည် သူ့လက်ကို ဖြန့်လိုက်သည်။
" ဒါဆိုလည်း၊ ဘာမှပြောစရာ မရှိတော့ဘူးပေါ့ "
ကျားထိုက်ဇန်သည် အေးစက်စွာ နှာမှုတ်လိုက်သည်။
" ဟုတ်တယ် "
ယဲ့ဖန်သည် ချက်ချင်းပင် အေးစက်စက်ရယ်မောလိုက်သည်။
" ဒါဆိုလည်း ခင်ဗျား ဒီနေ့ထွက်သွားဖို့ မစဥ်းစားနဲ့တော့။ ဟိုလူတွေကို ဒီနေရာမှာ စောင့်နေမယ်။ သူတို့ လှည့်စားခံလိုက်ရတာ သိလိုက်တဲ့အချိန် သေချာပေါက် ခင်ဗျားကို ပြန်လာရှာကြမှာပဲ "
" အဲ့အချိန် ရောက်လာရင် ဘာတွေ ဖြစ်လာမလဲ ခန့်မှန်းကြည့်ပေါ့ "
ကျားတိုင်ဇန်၏ မျက်လုံးများသည် သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။
" ကောင်စုတ်လေး၊ မင်းက သေခြင်းတရားကို ဖိတ်ခေါ်နေတာပဲ "
ချန်းရွှမ်သည် ထိုလူ လုံးဝ မျက်နှာဖုံးခွာချလိုက်သည်ကို တွေ့လိုက်ရသည်။
သူမသည် ချက်ချင်းပင် ယဲ့ဖန်ဘေးတွင် မတ်တပ်ရပ်လိုက်ကာ ထိုလူကို စိုက်ကြည့်လိုက်သည်။
ထိုအချိန်မှာပင် လူ၇ယောက်၊ ၈ယောက်လောက် အလောတကြီး ပြေးလာသည်ကို သူတို့ တွေ့လိုက်ရသည်။
ရှေ့ဆုံးမှ လူသည် လူတိုင်း ငွေစုရန် အားပေးအားမြှောက် လုပ်ခဲ့သော ဖက်တီးဖြစ်သည်။
တခြားလူများသည် အဆိုပါ စီးပွားရေးတွင် မပါဝင်လိုက်ရသည့်အတွက် ရင်ဘတ်ကို ထုကာ ခြေဆောင့်ခဲ့သော လူများ ဖြစ်သည်။
" အစ်ကိုကြီး၊ ငါ သူတို့ကို ရှေးဟောင်းပစ္စည်းဆိုင်သွားဖို့ လှည့်စားခဲ့ပြီးပြီ။ အခု သူတို့က သူဌေးနဲ့ ငြင်းခုန်နေကြတယ်။ မြန်မြန်သွားကြစို့ "
ဖက်တီးသည် ကျားထိုက်ဇန်ဆီသို့ အမြန်လမ်းလျှောက်လာစဉ် ရုတ်တရက် လေထုမှ တစ်ခုခု မူမမှန်သည်ကို သိသွားသည်။
သူသည် ယဲ့ဖန်၏ မျက်နှာကို ရှင်းရှင်လင်းလင်း မြင်လိုက်ရသောအခါ သူသည် အံ့ဩသွားသည်။
" မင်းလား။ မင်း … မင်း ဘာလို့ ဒီမှာရှိနေတာလဲ "
ကျားထိုက်ဇန်သည် ယဲ့ဖန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
" ဒီကောင်လေးက အကုန်လုံးကို သိနေတယ် "
သူ ထိုသို့ ပြောလိုက်သည်နှင့် ထိုလူ၇ယောက် ၊ ၈ယောက်လောက်သည် ယဲ့ဖန်နှင့် ချန်းရွှမ်ကို ဝိုင်းလိုက်ကြသည်။
ထိုလူတစ်ယောက်ချင်းစီတိုင်းသည် သူတို့အိတ်ကပ်ထဲမှ ခေါက်ဓားများကို ထုတ်ကာ ယဲ့ဖန်တို့ကို ရန်လိုစွာ စိုက်ကြည့်နေကြသည်။
" ဟား၊ ဒါက တကယ်ကို ဂိုဏ်းတစ်ခုပဲ "
ယဲ့ဖန်သည် သူတို့ကို စိုက်ကြည့်လိုက်သည်။
သူသည် တည်တည်ငြိမ်ငြိမ်နှင့် ဣန္ဒြေရှိနေစဲဖြစ်သည်။
" သန်း၃၀၀ လိမ်လည်တာတာက ခင်ဗျားတို့တွေ ထောင်ထဲကို အချိန်အတော်ကြာ သွားရနိုင်တယ်၊ ဟုတ်တယ်မလား "
ပြောရင်းဖြင့် သူသည် ဖက်တီးနှင့် တခြားလူများကို တစ်ချက်ကြည့်လိုက်သည်။
" ကောင်စုတ်လေး၊ ငရဲကို သွားလိုက်စမ်း "
ဖက်တီးသည် သစ်သီးလှီးဓားကို ပထမဆုံးဝှေ့ယမ်းလိုက်ပြီး ယဲ့ဖန်၏ နောက်ကျောကို ထိုးလိုက်သည်။
ထိုအချိန်မှာပင် အခြားလူများသည်လည်း လျင်လျင်မြန်မြန်ဖြင့် ရှေ့သို့ တက်လာကြသည်။
သူတို့၏ အမြင်တွင် သန်မာထွားကျိုင်းသောလူ၇ယောက်၊ ၈ယောက်သည် ယဥ်ကျေးသိမ်မွေ့သော လူငယ်လေးတစ်ယောက်ကို အလွယ်တကူ ကိုင်တွယ်နိုင်မည် ဖြစ်သည်။
သို့သော် ဆက်ဖြစ်လာသော အရာများသည် သူတို့၏ စိတ်ကူးစိတ်သန်းများထက် ကျော်လွန်သွားသည်။
ယဲ့ဖန်၏ ညာခြေထောက်သည် ဒရာမာဆန်ဆန် လွှဲယမ်းလိုက်ကာ နောက်မှ တိုက်ခိုက်လာသော ဖက်တီးကို ပြင်းထန်စွာ ကန်ချလိုက်သည်။
ဖက်တီးသည် ပါးစပ်အပြည့် သွေးများ အန်ထုတ်လာသည်။
သူသည် ပေါင်၂၀၀ကျော် အလေးချိန် ရှိသော်လည်း ၂မီတာကျော်သည်အထိ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ကြမ်းတမ်းစွာကျသွားသည်။
ယဲ့ဖန်၏ လှုပ်ရှားမှုသည် အလွန်ပင် လျင်မြန်သည်။
သူသည် ထိုးလိုက် ကန်လိုက်ဖြင့် ထပ်ခါထပ်ခါ လုပ်နေသည်။
ထိုလူ ၇ယောက်၊ ၈ယောက်လုံးသည် တစ်ချိန်တည်းတွင် မြောက်တက်လုနီးပါး ဖြစ်သွားကြသည်။
သုံးစက္ကန့် မပြည့်ခင်မှာတွင် ထိုလူ အကုန်လုံးသည် မြေပြင်ပေါ်တွင် လဲကျနေပြီး ညည်းညူနေကြပြီ ဖြစ်သည်။
ကျားထိုက်ဇန်သည် ကြောင်တောင်တောင် ဖြစ်သွားသည်။
သူသည် အတော်ပင် စိတ်ဖိစီးသွားသည်။
မူလ၌ အရာအားလုံးမှာ ချောချောမွေ့မွေ့ ဖြစ်နေခဲ့သည်။
ဒါပေမဲ့ ဒီလို ပြဿနာရှာမဲ့ တစ်စုံတစ်ယောက်က ဘယ်နေရာမှန်းမသိ ရုတ်တရက် ထွက်ပေါ်လာမယ်ဆိုတာကို ဘယ်သူက သိမှာလဲ။
သူသည် ဤသို့သော အလုပ်မျိုးက အန္တရာယ်ကြောင်းကို သိသည်။
ထို့ကြောင့် သူသည် သန်မာသော အကူအညီအနည်းငယ်ကို ရှာခဲ့သည်။
သို့သော် သူတို့သည် တစ်ဖက်နှင့် တစ်ဖက်ဆုံသောအခါ အားလုံး အမှောက်သိပ်ခံလိုက်ရမည်ကို မည်သူက သိခဲ့မည်နည်း။
သူတို့အားလုံးသည် စက္ကူလိပ်များကဲ့သို့ ဖြစ်နေကြသည်။
အပိုင်း ( ၁၀၄၆ )
ယန်းချန်မြို့ရဲ့ ယဲ့လူကြီးမင်း၊ သူ့ကိုကြားဖူးလား။
ယဲ့ဖန်သည် ထိုလူများကို အေးအေးဆေးဆေး ကိုင်တွယ်လိုက်ပြီး ကျားထိုက်ဇန်ကို ကြည့်လိုက်သည်။
" ခင်ဗျားမှာ ထပ်ကူညီပေးမဲ့သူ ရှိသေးလား။ ဘာလို့ သူတို့အားလုံးကို အတူတူ မလာခိုင်းတာလဲ "
အေးစက်သော အလင်းတန်းတစ်ခုသည် ကျားထိုက်ဇန်၏ မျက်လုံးထဲတွင် ဖြတ်သန်းသွားပြီး သူသည် ယဲ့ဖန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
" ကောင်လေး၊ သိုင်းပညာ နည်းနည်း တတ်တာနဲ့ မင်းကိုယ်မင်း သိပ်တော်နေပြီလို့ မထင်နဲ့။ တကယ်လို့ တခြားလူတွေရဲ့ ကိစ္စကို ထပ်ပြီးရှုပ်နေဦးမယ်ဆိုရင် မင်းမနက်ဖြန်ထိ အသက်မရှည်ဘူးဆိုတာ ငါအာမခံတယ် "
ယဲ့ဖန်သည် ဤအချိန်မှာပင် သူ့ကို ခြိမ်းခြောက်ရဲသေးသော ထိုတစ်ယောက်ကို ကြည့်ကာ ရယ်ရမလား၊ ငိုရမလားပင် မသိတော့ချေ။
" ခင်ဗျားမှာ ဘာနည်းလမ်းပဲ ရှိရှိ သုံးလိုက်။ အဲ့တာတွေကို တကယ် မြင်ချင်မိတယ် "
ကျားထိုက်ဇန်၏ မူလက သိမ်မွေ့နေသောမျက်နှာသည် အနည်းငယ် ကြမ်းကြုတ်လာသည်။
" ငါ အခုချိန်မှာ ကျဆုံးနေပေမဲ့ တစ်ချိန်တုန်းက ကြီးကျယ်ခမ်းနားခဲ့ဖူးတယ်။ ငါမြေအောက်လောကက လူတော်တော်များများကို သိတယ် "
" ယန်းချန်မြို့ရဲ့ ယဲ့လူကြီးမင်း။ မင်း သူ့ကိုကြားဖူးလား "
ယဲ့ဖန်သည် အံ့ဩသွားသည်။
" ဘယ်က ယဲ့လူကြီးမင်းလဲ "
ကျားထိုက်ဇန်သည် လှောင်ပြောင်လိုက်သည်။
" ယန်းချန်မြို့မှာ မကြာသေးခင်ကမှ ထွက်ပေါ်လာတဲ့ ယဲ့လူကြီးမင်းလို အကောင်ကြီးတစ်ယောက်ကို မင်းက မသိဘူးလား။ အဲ့တာတောင် မင်းက တခြားလူရဲ့ ကိစ္စကို ထွက်လာပြီး ရှုပ်ရဲသေးတာလား "
" အခု ယဲ့လူကြီးမင်းက ယန်းချန်မြို့မှာ ထိပ်ဆုံးပဲ။ ယဲ့လူကြီးမင်းကို တွေ့တဲ့အခါ ချောင်ရှင်းဂိုဏ်းရဲ့ သူဌေးကတောင် သူ့ကို ဦးညွတ်အရိုအသေပြုရတယ်။ မင်း နားလည်လား "
ယဲ့ဖန်သည် ကူရာကယ်ရာမဲ့စွာဖြင့် သူ့နှာခေါင်းကို ထိလိုက်သည်။
" ခင်ဗျား ပြောနေတဲ့ ယဲ့လူကြီးမင်းက ယဲ့ဖန်လို့ ခေါ်တာလား "
သူ့ဘေးတွင် ရှိနေသာ ချန်းရွှမ်သည် ရယနေသည်။
သူမသည် ပို၍မ ရယ်မိအောင် အတော်အားစိုက်ထုတ်နေရသည်။
ကျားထိုက်ဇန်သည် ကျေနပ်စွာ ပြုံးလိုက်သည်။
" မင်းမှာ ဗဟုသုတနည်းနည်း ရှိသေးတာပဲ။ ယဲ့လူကြီးမင်းရဲ့ နာမည်ကို မင်းက တကယ်ပဲ သိနေတာဆိုတော့ "
ယဲ့ဖန် သူ့ခေါင်းကို ကုတ်လိုက်သည်။
" ခင်ဗျားပြောတဲ့ ဒီယဲ့လူကြီးမင်းက တော်တော် အထင်ကြီးဖို့ ကောင်းမဲ့ပုံပဲ။ ဒါပေမဲ့ အဲ့တာက ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ "
ကျားထိုက်ဇန်သည် ချက်ချင်းပင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
" ငါက မင်းကို သေလောက်အောင် ခြောက်လန့်တာတော့ မဟုတ်ဘူး။ ယဲ့ဖန်နဲ့ ငါက သွေးသောက်ညီအစ်ကိုတွေ။ သူ ဒီလိုဖြစ်အောင် စတင်နိုင်ခဲ့ဖို့ ငါ့ကို မှီခိုခဲ့ရတာ။ သူက ငါ့ညီငယ်လေးလို့ ယူဆလို့ရတယ် "
" အခုတော့၊ မင်းငါ့ကို ဆန့်ကျင်တာရဲ့အကျိုးဆက်တွေကို သိသင့်ပြီ၊ ဟုတ်တယ်မလား "
ယဲ့ဖန်သည် ချန်းရွှမ်ကို စိတ်ရှုပ်ထွေးစွာကြည့်လိုက်သည်။
" ဆိုတော့ ဒီသူဌေးကျားက ယဲ့လူကြီးမင်းရဲ့ ကျေးဇူးရှင်လား။ ဒါဆို ငါတို့တွေ သူတို့ကို ဆန့်ကျင်ဖို့ မတတ်နိုင်ဘူးပဲ "
ချန်းရွှမ်သည် သူမခေါင်းကို အဆက်မပြတ်ညိတ်လိုက်သည်။
" ဟုတ်တယ်၊ဟုတ်တယ်။ ကျွန်မ ကြားဖူးတာတော့ ယဲ့လူကြီးမင်းက အရပ်၉ပေ ရှည်ပြီး ခေါင်းသုံးလုံး ရှိတယ်တဲ့။ သူက ကလေးတွေ အများကြီးကို တစ်ထိုင်တည်း စားနိုင်တယ်တဲ့ "
ယဲ့ဖန်၏ ပါးစပ်သည် တွန့်သွားရသည်။
ဒီမိန်းမဆိုးလေးက ငါ့ကို ဒီလိုနည်းနဲ့ စော်ကားနေတာပဲ။
အိမ်ပြန်ရောက်မှ သူမကို သင်ခန်းစာတစ်ခုခုပေးရမယ်။
ကျားထိုက်ဇန်သည် သူ့ခြိမ်းခြောက်မှူက အကျိုးသက်ရောက်သည်ကို မြင်သောအခါ ချက်ချင်းပင် ပြုံးလိုက်သည်။
" ကောင်လေး၊ မင်း ကြောက်နေတယ် မဟုတ်လား။ ဒါဆိုလည်း ထွက်သွားတော့ "
" တကယ်လို့ တခြားတစ်ယောက်ရဲ့ ကိစ္စထဲကို ထပ်ပြီးတော့ ရှုပ်နေသေးရင် ဒီကမ္ဘာမှာ မွေးဖွားလာမိတဲ့အတွက် မင်းကို နောင်တရသွားအောင် ငါလုပ်ပြမယ် "
သူသည် ပြောနေရင်းဖြင့် တခြားလူများပြန်လာမည်ကို ကြောက်သောကြောင့် အနီးအနားကို ပတ်ကြည့်နေသည်။
ယဲ့ဖန်သည် ကျီစယ်လိုသော အပြုံးကို ထုတ်ဖော်လိုက်သည်။
" ခင်ဗျားက အရမ်းကို အသက်ဝင်လာအောင် လုပ်တတ်တာပဲ။ ခင်ဗျား အမှန်ကို ပြောနေတာလားဆိုတာ ဘယ်သူက သိမှာလဲ "
" တကယ်လို့ ခင်ဗျားမှာ အရည်အချင်း ရှိတယ်ဆိုရင် ယဲ့လူကြီးမင်းကို အခုခေါ်ပြ။ ခင်ဗျား သူ့ကိုသိတာ သေချာနေရင် ခင်ဗျားကို ထပ်ပြီး မနှောင့်ယှက်တော့ဘူးလို့ ကတိပေးတယ် "
ကျားထိုက်ဇန်သည် ဒေါသထွက်သွားသည်။
" မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ။ မင်းက ယဲ့လူကြီးမင်းရဲ့ အာရုံစိုက်မှုနဲ့ ထိုက်တန်လို့လား။ တကယ်လို့ မင်း မထွက်သွားသေးဘူးဆိုရင် ငါမင်းကို တစ်စစီလုပ်ပစ်မယ်ဆိုတာ မင်းယုံလား "
ယဲ့ဖန်သည် ထပ်ပြောချင်နေသော်လည်း ထိုအချိန်တွင် သူသည် မိန်းမတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။
" ကုန်သည်အဘိုးကြီး၊ ရှင် ဘာလို့ ဒီမှာရှိနေသေးတာလဲ။ ဟိုလူတွေက မကြာခင်ပြန်လာတော့မှာ။ မြန်မြန်ထွက်သွားတော့ "
ထိုမိန်းမသည် စိုးရိမ်နေပုံပေါ်သည်။
" ဟိုလူတွေက သူတို့ အလိမ်ခံရတယ် ဆိုတာကို သိသွားကြပြီ။ သူတို့ ဒီကို ဒေါသတကြီးနဲ့ အပြေးလာနေကြပြီ။ တကယ်လို့ ရှင်အခု မထွက်သွားဘူးဆိုရင် ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး။ ရှင် ဘာကိုစောင့်နေသေးတာလဲ "
ကျားထိုက်ဇန်သည် အံကြိတ်လိုက်ကာ ယဲ့ဖန်ကို ညွှန်ပြလိုက်သည်။
" ဒီခွေးသူတောင်းစားလေးက ငါတို့ လမ်းကိုပိတ်ထားတယ်လေ။ ယဲ့ဖန်ကို ချက်ချင်း ခေါ်ပြီး ဒီကောင်စုတ်လေးကို သတ်ဖို့ တစ်ယောက်ယောက်ကို လွှတ်ခိုင်းလိုက် "
သူသည် ယဲ့ဖန်ကို ခြောက်လန့်ရန် မမေ့ချေ။
သူမသည် သူ လက်ညှိုးညွှန်ရာ အနောက်သို့ ကြည့်လိုက်သည်။
ထို့နောက် သူမသည် ထုံထိုင်းသွားသည်။
" ယဲ့လူကြီးမင်းလား "
ကျားထိုက်ဇန်သည် မူမမှန်သည်ကို သတိမထားမိသေးဘဲ ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။
" ဟုတ်တယ်၊ ငါရဲ့ ညီအစ်ကိုက ယဲ့ဖန်လေ။ ခင်ဗျားမှာ သူ့ဖုန်းနံပါတ် မရှိဘူးလား "
" သူ့ကို လူများများ ပို့ပေးဖို့ ပြောလိုက်။ ငါ၊ သူ့ရဲ့ညီအစ်ကိုက ဒုက္ခရောက်နေတယ်လို့သာ ပြော ... "
သူ့စကားမဆုံးခင်မှာပင် ထိုအမျိုးသမီးသည် အံအားသင့်စွာ ပြောလိုက်သည်။
" ယဲ့လူကြီးမင်း၊ ရှင် ဘာလို့ ဒီမှာ ရှိနေရတာလဲ "
ကျားထိုက်ဇန်သည် ချက်ချင်းပင် ကြောင်တောင်တောင် ဖြစ်သွားသည်။
သူသည် ပတ်ပတ်လည်ကို ကြည့်လိုက်သည်။
" ဘယ်မှာလဲ၊ ငါရဲ့ ညီအစ်ကို ယဲ့ဖန်က ဘယ်မှာလဲ "
အခုထိပင် ထိုလူသည် သူ့ဇာတ်ကို သူ ကနေသေးသည်။
သူ၏ ယုံကြည်ချက်သည် အလွန်ပြင်းထန်လှသည်။
ထိုအမျိုးသမီးသည် ယဲ့ဖန်ကို တုန်ရီနေသောလက်ဖြင့် ညွှန်ပြလိုက်သည်။
" ဒီ ... ဒီလူ ယဲ့ ... ယဲ့လူကြီးမင်း မဟုတ်ဘူးလား "
ကျားထိုက်ဇန်သည် ယဲ့ဖန်ကို မှုန်မှိုင်းနေသောအကြည့်ဖြင့် ကြည့်လိုက်သည်။
" မင်း ... ဘာအဓိပ္ပါယ်မရှိတာတွေ စကားကြော ရှည်နေတာလဲ။ သူ ... သူက ဘယ်လိုလုပ် ယဲ့ ... ယဲ့လူကြီးမင်း ဖြစ်နိုင်မှာလဲ "
ထိုအမျိုးသမီးသည် သူ့ကို လှည့်ကြည့်လာသည်။
" ကျွန်မ ... ကျွန်မ သူငယ်ချင်းတစ်ယောက်နဲ့ ဂုဏ်ပြုညစာစားပွဲတစ်ခု တက်ခဲ့တုန်းက ယဲ့လူကြီးမင်းကို အဝေးကနေ တစ်ခါ မြင်ခဲ့ဖူးတယ်။ ကျွန်မက ဘယ်လိုလုပ်မှားနိုင်မှာလဲ "
" သူက ယဲ့လူကြီးမင်းပဲ "
ကျားထိုက်ဇန်သည် ခြေမခိုင်တော့ဘဲ မြေပြင်ပေါ်သို့ ထိုင်ချလိုက်ပြီး သူ၏ မျက်လုံးများလည်း ပြူးကျယ်သွားသည်။
" ယဲ့ ... ယဲ့လူကြီးမင်းလား "
သူပြောခဲ့သော သွေးသောက်ညီအစ်ကိုသည် သူ့ရှေ့မှ လူငယ်လေး ဖြစ််နေမည်ဟု သူ မမျှော်လင့်ထားပေ။
ယဲ့ဖန်သည် ဆော့ကစားလိုသော အပြုံးဖြင့် သူ့ကို စိုက်ကြည့်လေသည်။
" ဒါဆို ခင်ဗျားက ကျွန်တော့်ရဲ့ သွေးသောက်ညီအစ်ကိုပေါ့။ ကျွန်တော့်ဦးနှောက်ကို ကြည့်ကြစမ်းပါဦး။ ဒီလောက်အရေးကြီးတဲ့အရာကို ဘယ်လိုလုပ် မေ့နေနိုင်ရတာလဲ "
ကျားထိုက်ဇန်သည် ငိုနေသည်ထက် ပိုရုပ်ဆိုးသောမျက်နှာဖြင့် ပြောသည်။
" ယဲ့ ... ယဲ့လူကြီးမင်း၊ ကျွန်တော်က ဟာသလုပ်လိုက်တာပါ။ လူကြီးမင်းက ... အတည်မမှတ်လိုက်ပါနဲ့ "
ထိုအခါမှသာ အမျိုးသမီးသည် သူ့အနားမှ ဖက်တီးနှင့် တခြားလူများကို သေချာသတိထားမိသွားသည်။
သူတို့သည် နှာခေါင်းများ ကျိုးနေကြကာ မျက်နှာများလည်း ဖူးယောင်နေကြသည်။
သူတို့သည် အခုလေးတင် တိုက်ခိုက်ထားသည်ဆိုတာ သိသာလှသည်။
သူမသည် ကြက်သေ သေသွားသည်။
" နင် ... နင်တို့တွေ ယဲ့လူကြီးမင်းနဲ့ တိုက်ခိုက်ထားတာလား "
ထိုလူငယ်လေးသည် ယဲ့လူကြီးမင်း ဖြစ်ကြောင်း သူတို့ ကြားသွားသောအခါ လူတိုင်းသည် ကြောက်ရွံမှုကြောင့် ခြေလက်များ အေးစက်သွားကြသည်။
ထိုအချိန်မှာသည် သူတို့သည် ထိုအမျိုးသမီး၏ တုန်ယင်နေကာ မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်သော အပြုအမူကြောင့် သွေးပျက်သွားကြသည်။
" ယဲ့လူကြီးမင်း၊ ကျေးဇူးပြုပြီး ကျွန်မ အသက်ကို သက်ညှာပေးပါ "
အပိုင်း ( ၁၀၄၇ )
တကယ် မဖမ်းဆုပ်နိုင်တဲ့ တချို့အရာတွေ ရှိသေးတယ်
ချန်းရွှမ်သည်လည်း သူမရှေ့မှ မြင်ကွင်းကြောင့် မှင်သက်သွားသည်။
ယဲ့ဖန်သည် ယန်းချန်မြို့မှ အကောင်ကြီး ဖြစ်လာသည် ဆိုတာကို သူမ သိသော်လည်း သူမသည် သူနှင့် အလွန်နီးကပ်သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ကာ သူ၏ သြဇာအာဏာလွှမ်းမိုးမှုကို မခံစားခဲ့ဖူးပေ။
အခုမှသာ သူမသည် ယဲ့ဖန်၏ နာမည်မှာ လူများကို သေလောက်အောင် ခြောက်လန့်နိုင်သည်ဆိုကြောင်း မျက်မြင်ကြုံတွေ့လိုက်ရသည်။
ထိုအကျိုးဆက်သည် ပြင်းထန်သောကြောင့် သူမ၏ နှလုံးသားထဲတွင် ပြင်းထန်စွာတုန်လှုပ်သွားသည်။
ဒီတစ်ယောက်က အဲ့လောက်တောင် ကြောက်ဖို့ ကောင်းတာလား။
လူတိုင်းက သူ့နာမည်ကို ကြားတဲ့အခါတိုင်း ဘာလို့ အရမ်းသွေးပျက်သွားကြတာလဲ။
ယဲ့ဖန်သည် ကူရာကယ်ရာမဲ့နေသော အမူအရာဖြင့် ကျားထိုက်ဇန်ရှေ့သို့ လမ်းလျှောက်သွားသည်။
" ကျွန်တော်က ခင်ဗျားရဲ့ကျောက်စိမ်းမီးအိမ်ရှည်ကို ဝယ်ချင်ရုံပဲ။ ဒီလောက်တောင် ရေးကြီးခွင်ကျယ်လုပ်ဖို့ လိုလို့လား "
ထိုစကားကို ကျားထိုက်ဇန် ကြားသောအခါ သူ၏ တုန်ယင်နေသော လက်များဖြင့် အိတ်ကို လက်လွှဲပေးလိုက်သည်။
" ယဲ့လူကြီးမင်းက ဒီကျောက်စိမ်းမီးအိမ်ကို ဝယ်ချင်နေတာက ကျွန်တော့်ရဲ့ ကံကောင်းမှုပါပဲ။ အခုအဲ့တာက လူကြီးမင်းရဲ့အပိုင် ဖြစ်သွားပါပြီ "
ထိုသို့ ပြောလိုက်သော်လည်း သူ၏ မျက်လုံးများသည် မလိုလားခြင်းများဖြင့် ပြည့်နှက်နေသည်။
ယဲ့ဖန်သည် သားရေအိတ်ကို ယူလိုက်ပြီး ကျောက်စိမ်းမီးအိမ်ရှည်ကို ထုတ်လိုက်သည်။
ထိုမီးအိမ်သည် အစစ်ဖြစ်ကြောင်း စစ်ဆေးပြီးသည့်နောက် သူသည် ကျားထိုက်ဇန်ကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။
" ဒါက တကယ်ပဲ ခင်ဗျားတို့ မိသားစုရဲ့ဘိုးဘွားပိုင် အမွေအနှစ်လား "
ကျားထိုက်ဇန်သည် ချက်ချင်းပင် ခေါင်းငြိမ့်လိုက်သည်။
" ဟုတ်ပါတယ်၊ အဲ့တာက ကျွန်တော်တို့မိသားစုရဲ့ဘိုးဘွားပိုင် အမွေအနှစ်ပါ။ အဲ့တာကို ကျွန်တော်တို့ ဘိုးဘေးတွေစီကနေ လက်ဆင့်ကမ်း ဆက်ခံရရှိခဲ့တာပါ "
" ကုမ္ပဏီကလည်း ဒေဝါလီခံရလုနီးနီး ဖြစ်နေတယ်ဆိုတာ အမှန်ပါ။ အစက ကျွန်တောိ အဲ့မီးအိမ်ကို မှီခိုပြီး ငွေတချို့ကို လိမ်ပြီးတော့ နိုင်ငံခြားသွားပြီး ဘယ်တော့မှ ပြန်မလာချင်ခဲ့တာပါ။ ကျွန်တော် မမျှော်လင့်ခဲ့မိဘူး ... "
" ခင်ဗျား ကျွန်တော်နဲ့ တွေ့မယ်လို့ မထင်ထားခဲ့တာမလား။ ကျွန်တော်က ခင်ဗျားရဲ့အစီအစဥ်တွေကို ဖျက်ဆီးလိုက်တာမလား "
ယဲ့ဖန်သည် ကျားထိုက်ဇန်၏ စကားကို အဆုံးသတ်ပေးလိုက်သည်။
ကျားထိုက်ဇန်သည် ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်သည်။
" ဟုတ်ပါတယ် "
ယဲ့ဖန်သည် အေးစက်စွာ နှာမှုတ်လိုက်သည်။
" ဒါဆိုလည်း ခင်ဗျား လိမ်လိုက်တဲ့လူတွေလည်း ဒေဝါလီခံသွားရနိုင်တယ်လို့ တွေးဖူးလား။ သူတို့က အတိုးသမားတွေဆီကနေတောင် ငွေတွေ ချေးခဲ့ကြတာ။ ပြီးတော့ အဲ့တာက သူတို့ကို တိုက်ပေါ်ကနေ ခုန်ချအောင်ထိ တွန်းအားဖြစ်သွားစေနိုင်တယ် "
ကျားထိုက်ဇန်သည် ငိုတော့မည့် အသံဖြင့် ပြောသည်။
" ကျွန်တော့်မှာ ရွေးချယ်စရာမရှိပါဘူး။ ကုမ္ပဏီရဲ့အဓိက ငွေစီးလမ်းက ပျက်စီးသွားပြီ။ အကြွေးရှင်တွေကလည်း နေ့တိုင်း တံခါးရှေ့မှာ လာပိတ်နေကြတာ။ ကျွန်တော် အိမ်တောင်မပြန်နိုင်တော့ဘူး "
" ကျွန်တော်က ပညာတတ် မိသားစုတစ်ခုမှာ မွေးဖွားလာခဲ့တာပါ။ တကယ်လို့ တခြားနည်းလမ်းတွေသာ စဥ်းစားမိရင် ဒီအဆင့်အထိ ရောက်လာမှာ မဟုတ်ပါဘူး "
ယဲ့ဖန်သည် ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။
" သဘောတူထားတဲ့အတိုင်းပဲ။ ကျွန်တော် ခင်ဗျားရဲ့ ကျောက်စိမ်းမီးအိမ်ကို သန်း၄၀၀နဲ့ဝယ်မယ်။ သန်း၃၀၀ကို ခင်ဗျား လိမ်ခဲ့တဲ့လူတွေကို ပြန်ပေးလိုက် "
ကျားတိုင်ဇန်သည် လျင်မြန်စွာ သူ့လက်ကိုဝှေ့ယမ်းလိုက်သည်။
" မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။ ကျွန်တော် လိမ်ခံလိုက်ရတဲ့ လူတွေကို သန်း၃၀၀ ပြန်ပေးမှာပါ။ ဒါပေမဲ့ လူကြီးမင်းရဲ့ ငွေကိုတော့ တကယ် လက်မခံနိုင်ပါဘူး "
ယဲ့ဖန်သည် ပြုံးလိုက်သည်။
" ဒါဆိုလည်း ကျွန်တော်က ခင်ဗျားရဲ့ မိသားစုအမွေအနှစ်ကို အလကားမယူနိုင်ဘူး။ ခင်ဗျားက ကျွန်တော့်ကို လုယက်တဲ့ကောင်လို့ ထင်နေတာလား "
ကျားထိုက်ဇန်၏ ခေါင်းသည် ခါယမ်းနေစဲဖြစ်သည်။
" လူကြီးမင်းရဲ့ ငွေတွေကို လက်မခံနိုင်ပါဘူး။ တကယ်လို့ ပေးချင်တယ်ဆိုရင် ကျွန်တော့်ကို သတ်မှရမယ် "
ယဲ့ဖန်၏ မျက်လုံးများသည် ကျဥ်းမြောင်းသွားသည်။
" ဒါဆို ခင်ဗျားက ဘာလိုချင်တာလဲ "
ကျားထိုကိဇန်သည် အံကြိတ်ကာ ပြောလိုက်သည်။
" ကျွန်တော် ပြန်လာဖို့ အခွင့်အရေးတစ်ခုလောက်လိုချင်တယ်။ လူကြီးမင်းက ဒီစကားကို ဖြန့်ပေးပြီး အကြွေးရှင်တွေကို တစ်နှစ်လောက် အချိန်ပေးဖို့ လုပ်ပေးနိုင်မလား။ ကျွန်တော် သေချာပေါက် ပြန်လာမှာပါ "
ယဲ့ဖန်သည် ဆော့ကစားလိုသော အမူအရာဖြစ်သွားသည်။
" ကျွန်တော့်စကားတွေက အဲ့လောက် အကျိုးသက်ရောက်မှု ရှိလို့လား "
ကျားထိုက်ဇန်သည် ချက်ချင်း ခေါင်းညိတ်လိုက်သည်။
" လူကြီးမင်းရဲ့ စကားတွေက ငွေ ၁ဘီလီယံထက် ပိုပြီး အကျိုးသက်ရောက်မှု ရှိပါတယ်။ သူတို့ လူကြီးမင်းစကားကို သေချာပေါက် နားထောင်ပါလိမ့်မယ် "
ယဲ့ဖန်သည် ခဏလောက် တွေးဆလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
" သေချာတာပေါ့၊ တကယ်လို့ ခင်ဗျား တစ်နှစ်အတွင်း ပြန်လာမယ်ဆိုရင် အဲ့အကြွေးတွေကို အတိုးနဲ့အတူ ရှင်းပေးနိုင်တယ်။ တကယ်လို့ မလုပ်နိုင်ဘူးဆိုရင်တော့ သေတဲ့အထိ ခုတ်ထစ်ခံရသင့်တယ် "
ကျားထိုက်ဇန်သည် အဆက်မပြတ် ခေါင်းညိတ်လိုက်သည်။
" နားလည်ပါတယ်။ ကျွန်တော် နားလည်ပါတယ်။ လူကြီးမင်းရဲ့ ကြီးမားတဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ ယဲ့လူကြီးမင်း "
သူသည် စိတ်လှုပ်ရှားလွန်းနေသောကြောင့် ဗလုံးဗထွေး ပြောလိုက်သည်။
အကယ်၍ သူသည် တွန်းအားမပေးခံရပါက နိုင်ငံခြားသို့ သွားလိမ့်မည် မဟုတ်ပေ။
သူသည် သူ့၌ အရည်အချင်း ရှိနေစဲဟု ယုံကြည်နေသည်။
သူသာ တစ်နှစ်အချိန်ရပါက သေချာပေါက်ကို ပြန်လည်ထူထောင်လာနိုင်မည် ဖြစ်သည်။
လူတိုင်းသည် ကယ်တင်ရှင်တစ်ယောက်ကို တွေ့လိုက်ရသကဲ့သို့ ယဲ့ဖန်ကို ကျေးဇူးတင်စွာဖြင့် ကြည့်နေကြသည်။
" အဲ့ခွေးသူတောင်းစား မထွက်သွားသေးဘူး။ မြန်မြန်ဖမ်းကြ။ သူ့ကို မလွတ်စေနဲ့ ... "
ထိုအချိန်တွင် အလိမ်ခံထားရသော လူစုသည် ပြန်ပြေးလာကြသည်။
ကျားထိုက်ဇန်နှင့် အခြားလူများက ထိုနေရာတွင် ရှိနေသေးကြောင်း တွေ့သောအခါ သူတို့သည် တစ်ယောက်ပြီးတစ်ယောက် အလောသုံးဆယ် ပြေးလာကြသည်။
" ဒါ ခင်ဗျားလုပ်ထားတဲ့ အရှုပ်ထုပ်ပဲ။ ခင်ဗျားကိုယ်တိုင် ရှင်းလိုက်တော့ "
ယဲ့ဖန်သည် ထိုစကား ပြောလိုက်ပြီး ချက်ချင်းပင် ချန်းရွှမ်နှင့် ထွက်သွားတော့သည်။
ထိုလူများသည် ယခုအခါ ဒေါသဖြစ်နေသော အခြေအနေတွင် ရှိနေကြသည်။
သူတို့သာ ဆက်နေပါက ထိုလူများသည် ချန်းရွှမ်ကို မတော်တဆ ထိခိုက်မိအောင် လုပ်နိုင်သည်။
" ငါတောင်းပန်ပါတယ်၊ ငါတောင်းပန်ပါတယ်။ အားလုံးပဲ စိတ်မပူကြပါနဲ့။ ငါ ... မင်းတို့ငွေတွေကို ပြန်ပေးမှာပါ "
ကျားထိုက်ဇန်၏ အသံသည် အဝေးမှ ထွက်ပေါ်လာသည်။
သို့သော် ထိုကိစ္စသည် ယဲ့ဖန်တို့နှင့် ဘာမှ မဆိုင်တော့ပေ။
သူသည် တစ်ဖက်လူ၏ ကျောက်စိမ်းမီးအိမ်ရှည်ကို ယူပြီး အချိန်တစ်နှစ်ဝယ်ရန် ကူညီပေးခဲ့သည်။
သူသည် ထိုအလဲအလှယ်ကို ဖြည့်ဆည်းပေးပြီး ဖြစ်သည်။
ထိုလူသည် ဒေါသထွက်နေသော လူများကြောင့် အရှင်လတ်လတ် အစားခံလိုက်ရသည်ဖြစ်စေ၊ တစ်နှစ်အတွင်း ပြန်လာသည်ဖြစ်စေ ယဲ့ဖန်နှင့် မသက်ဆိုင်ပေ။
[ ရတနာရှာခြင်း လမ်းညွှန်မှုကို ပြီးဆုံးသွားသည့်အတွက် လက်ခံသူကို ဂုဏ်ပြုပါသည်။ စနစ်မှ ဆုကြေး - ယွမ်သန်း၆၀၀တန်သော ရင်းနှီးမြှုပ်နှံမှု သတင်းအချက်အလက် အပိုင်းအစတစ်ခု ပေးပါသည် ]
ယဲ့ဖန်သည် ချန်းရွှမ်ကို ကားဆီသို့ ပြန်လိုက်ပို့နေချိန် စနစ်၏ သတိပေးချက်သည် သူ့နားထဲတွင် အသံမြည်လာခဲ့သည်။
ဤတစ်ကြိမ်တွင် သူသည် ပစ္စည်းဆုကြေး မရခဲ့ပေ။
သို့သော် ရင်းနှီးမြှုပ်နှံမှု သတင်းစကားတစ်ခုရရှိခဲ့သည်။
သူသည် စာကိုဖွင့်ကာ ဖတ်လိုက်သည်။
ယေဘုယျအဓိပ္ပါယ်မှာ ဝါးကျွန်းရွာဟု ခေါ်သော နေရာသည် မီးရထားလမ်း ဆောက်လုပ်ရန် ပြင်ဆင်နေသော နေရာတစ်ခုဖြစ်သည်။
ထိုအခါ ပတ်လည်ရှိ အိမ်ခြံမြေစျေးများသည် ချက်ချင်းပင် တစ်ဟုန်ထိုး မြင့်တက်လာမည် ဖြစ်သည်။
လက်ရှိတွင် ထိုသတင်းသည် လျှို့ဝှက်ချက်ဖြစ်နေစဲဖြစ်ပြီး လူအတော်အများသည် ထိုအကြောင်းကို မသိကြပေ။
ယဲ့ဖန်၏ နှုတ်ခမ်းထောင့်များသည် တွန့်ကွေးသွားကာ ချန်းရွှမ်ကို လှည့်ကြည့်လိုက်သည်။
" ဝါးကျွန်းရွာကို မင်းသိလား "
ချန်းရွှမ်သည် ပဟေဠိ ဖြစ်သွားသည်။
" ငါတစ်ခါမှ မကြားဖူးဘူး။ ရုတ်တရက်ကြီး အဲ့တာကို ဘာလို့ မေးတာလဲ "
မည်သို့ပင်ဖြစ်စေ လင်းယွမ်အိမ်ခြံမြေလုပ်ငန်းသည် ယန်းချန်မြို့သို့ ဝင်ရောက်လာသည်မှာ မကြာသေးပေ။
ထို့ကြောင့် သူမသည် ယန်းချန်မြို့ရှိ နေရာတော်တော်များများနှင့် မရင်းနှီးသေးချေ။
ထို့အပြင် ဝါးကျွန်းရွာသည် ဆင်းရဲပြီး ခေတ်နောက်ကျနေသောရွာ ဖြစ်သည်။
ထိုဒေသရှိ စီးပွားရေးသည် အလွန်ပင် ခေတ်နောက်ကျနေသည်။
ဤနယ်မြေတွင် နှစ်ပေါင်းများစွာ ရှိခဲ့သော ကုမ္ပဏီများပင် ထိုဒေသအကြောင်း မကြားဖူးကြပေ။
ယဲ့ဖန်သည် ခဏလောက် တွေးဆနေပြီး လျှို့ဝှက်ဆန်းကျယ်စွာ ပြောလိုက်သည်။
" ကိုယ် အတွင်းသတင်းအချို့ ရထားတယ်။ အဲ့နေရာမှာ ရထားဘူတာရုံ ဆောက်တော့မှာ "
" အဲ့အချိန် အိမ်ခြံမြေစျေးတွေက သေချာပေါက် မိုးထိထိုးတက်သွားလိမ့်မယ်။ ကိုယ် အဲ့က လယ်သမားတွေရဲ့အိမ်ကို ဝယ်ချင်တယ် "
ချန်းရွှမ်သည် အံ့သြသွားသည်။
" အဲ့သတင်းကို ဘယ်ကရတာလဲ "
ပုံမှန်အားဖြင့် အထက်အရာရှိများသည် ဤသို့ သတင်းအချက်အလက်ကို အလွယ်တကူ ပေါက်ကြားခံလိမ့်မည် မဟုတ်ပေ။
လင်းယွမ်အိမ်ခြံမြေကဲ့သို့ ကုမ္ပဏီကြီးပင် ဤသို့ အတွင်းသတင်းမျိုးကို ရှာဖွေရန် ခက်ခဲလိမ့်မည်ဖြစ်သည်။
ယဲ့ဖန်သည် ဘဝင်ခိုက်စွာ ပြုံးလိုက်သည်၊
" မင်းရဲ့လူက အရမ်း အင်အားတောင့်တာလေ။ ယန်းချန်မြို့က လှုပ်ရှားမှုတိုင်းက ကိုယ့်လက်အတွင်းမှာ ရှိတယ် "
ချန်းရွှမ်သည် စလိုက်သည်။
" နင့်လက်ထဲမှာ မရှိတာဘာလဲ "
ယဲ့ဖန်၏ နှုတ်ခမ်းမှာ သနားစရာကောင်းဟန် တွန့်ကွေးသွားသည်။
" ကိုယ် တကယ် မဖမ်းဆုပ်နိုင်တဲ့ တချို့အရာတွေတော့ ရှိနေသေးတယ် "
ပြောနေရင်းဖြင့် သူသည် သူ၏ မိစ္ဆာဆန်သော လက်သည်းများကို ဖြည်းညှင်းစွာ ဆန့်ထုတ်နေသည်။
" အ၊ မကောင်းတဲ့ ယဲ့ဖန်၊ ငါ့ကိုလွှတ် .... "
အပိုင်း ( ၁၀၄၈ )
လူငယ်လေး၊ မင်းအတည်ပြောတာလား
ကားသည် ဝါးကျွန်းရွာသို့ မဝင်ရသေးပေ။
သို့သော် လမ်းသည် အတော်ပင် ခလုတ်ကန်သင်းများနေသည်။
ထိုနေရာရှိ လမ်းများသည် မူလအတိုင်း ရွှံ့ထူသောလမ်းအဖြစ် ရှိနေစဲ ဖြစ်သည်။
အချိန်အတော်ကြာ မပြင်ဆင်ထားသောကြောင့် လမ်းများသည် ကျင်းများ၊ ချိုင့်များဖြင့် ပြည့်နေသည်။
ထို့အပြင် လွန်ခဲ့သော ရက်အနည်းငယ်၌ Yang Chengတွင် မိုးသည်းထန်စွာ ရွာထား၍ လမ်းမှာ ပိုပြီး ရွှံ့ထူသွားကာ သွားရလာရခက်ခဲစေသည်။
သူတို့နှစ်ယောက်သည် ရွာထဲသို့ ဝင်လာချိန်တွင် အတော်ပင် မူးနောက်နေသည်။
ချန်းရွှမ်၏ BMW miniသည် အတော်လေးကိုရွှံ့များပေရေနေပြီ ဖြစ်ပြီး သူမ၏ နှလုံးသားသည်လည်း နာကျင်ရကာ မျက်ရည်များကျလုမတတ် ဖြစ်နေသည်။
လမ်းသည် လမ်းလျှောက်ရန် မလွယ်ကူသော်လည်း ရွာထဲရှိ အိမ်များသည် သွားလို့လာလို့ ရနေစဲဖြစ်သည်။
အခြေခံအားဖြင့် သူတို့အားလုံးသည် လယ်သမားများ ကိုယ်တိုင်ဆောက်လုပ်ထားသော အဆောက်အဦးများ ဖြစ်သည်။
အမြင့်ဆုံး အဆောက်အဦးသည် သုံးထပ်မြင့်ပြီး အနီရောင်အုတ်နှင့် အဖြူရောင်နံရံသည် သေသပ်နေကြသည်။
သို့သော် ဤရွာသည် သူတို့နှစ်ယောက်ကို အသက်မဲ့သောလေထုကို ပေးနေသည်။
အမျိုးသားနှင့် အမျိုးသမီးပါသော လူကြီးတစ်စုသည် သူတို့နှစ်ယောက်ကို မှုန်မှိုင်းသော အကြည့်များဖြင့် ထိုင်ကာ ကြည့်နေကြသည်။
သူတို့သည် စကားမပြောဘဲ သေခြင်းတရားရောက်ရှိလာရန်ကို စောင့်နေသလိုသာ ထိုနေရာတွင် ထိုင်နေကြသည်။
ဤရွာတွင် လူငယ် မရှိသလောက်နီးပါး ဖြစ်နေသည်။
သူတို့ထဲမှ အများစုသည် အပြင်ထွက် အလုပ်သွားလုပ်နေခြင်း ဖြစ်နိုင်သည်။
ယဲ့ဖန်သည် ထိုအခြေအနေနှင့် သိပ်မစိမ်းပေ။
ဤသည်ကား သူ၏ ဇာတိမြေမှ အခြေအနေနှင့် အတူတူပင် ဖြစ်သည်။
လူငယ်အားလုံးသည် အပြင်ထွက် အလုပ်လုပ်နေကြပြီး ငွေများရပြီးနောက် သူတို့သည် ဇာတိမြေတွင် အိမ်များ ဆောက်ထားလိမ့်မည်ဖြစ်သည်။
သို့သော် ပုံမှန်အားဖြင့် ဘယ်သူမှ ပြန်မလာကြပေ။
အထီးကျန်နေသော လူကြီးပိုင်းများနှင့် ကလေးအချို့သာ ရွာထဲတွင် ကျန်နေခဲ့မည်ဖြစ်သည်။
" ဒီနေရာက အရမ်း စိတ်ဓာတ်ကျစရာကောင်းတာပဲ "
ချန်းရွှမ်သည် ထိုမြင်ကွင်းကို မြင်သာအခါ သူမသည် နစ်မွန်းသွားသည်။
" မြို့ကြီးတွေရဲ့ အောင်မြင်မှု နောက်ကွယ်မှာ တန်ဖိုးတစ်ခု ပေးချေလိုက်ရတဲ့ မရေမတွက်နိုင်တဲ့လူတွေ အများကြီးရှိတယ်။ စက်ရုံတွေက သူတို့ရဲ့သားတွေ၊ ယောကျာ်းတွေနဲ့ အဖေတွေကို အဝေးကို ခေါ်သွားကြတယ်။ ဒါပေမဲ့ လူကြီးတွေ၊ အားနည်းတဲ့လူတွေနဲ့ ဖျားနာနေတဲ့လူတွေပဲ ဒီမှာ ကျန်နေခဲ့တာ "
ယဲ့ဖန်၏အသံသည် အကူအညီမဲ့မှုများနှင့်ပြည့်နှက်နေသည်။
သို့သော် အရှိတရားသည် ရက်စက်လွန်းလှသည်။
သူတို့နှစ်ယောက်၏ ရောက်ရှိလာမှုသည် ထိုအသက်မဲ့နေသော ရွာကို သေချာပေါက် ဘဝသစ်တစ်ခု ပေးစွမ်းနိုင်မည် ဖြစ်သည်။
ကလေးအနည်းငယ်သည် ပြေးလာကာ BMW miniအနားတွင် ခုန်ပေါက်နေကြသည်။
နေပူစာလှုံနေသော လူကြီးများသည် သူတို့ကို သိချင်စိတ်ဖြင့် ကြည့်နေကြသည်။
သူတို့၏ ဝေးလံသော ရွာသို့ တစ်စုံတစ်ယောက်သည် ရောက်လာသောကြောင့် သူတို့သည် အံ့အားသင့်နေကြသည်။
" လူကြီးမင်း၊ ဒီနေရာမှာ မိသားစုဘယ်လောက်ရှိတာလဲ "
ယဲ့ဖန်သည် လူကြီးများရှေ့သို့ လမ်းလျှောက်လာပြီး စမတ်ကျသော အဘိုးအိုတစ်ယောက်ကို တွေ့လိုက်သည်။
သူသည် ပျော့ပြောင်းသော ဆေးလိပ်ထုပ်ကို ထုတ်ပြီး ထိုအဘိုးအိုကို တစ်လိပ်ပေးလိုက်သည်။
အဘိုးအို၏ မျက်လုံးသည် ချက်ချင်းပင် မြင့်တက်လာသည်။
သူသည် ဆေးလိပ်ကို လျင်မြန်စွာ ယူလိုက်ပြီး သူ့နှာခေါင်းအောက်တွင် ထားကာ အနံ့ခံကြည့်နေသည်။
သူသည် စိတ်ကျေနပ်သွားသော အမူအရာ ထုတ်ဖော်လာသည်။
သူ့အနားတွင် ရှိနေသာ အဘိုးအိုအနည်းငယ်သည်လည်း မျှော်လင့်ချက်များဖြင့် ဆေးလိပ်ဘူးကို စိုက်ကြည့်နေကြသည်။
ယဲ့ဖန်သည် သူတို့ကို တစ်လိပ်စီ ပေးလိုက်သည်။
သူတို့သည် ဝမ်းပန်းတသာဖြင့် လက်ခံကြသည်။
သို့သော် သူတို့သည် မီးမညှိရဲပေ။
သူတို့၏ နားများပေါ်တွင် တင်ထားလိုက်ကြသည်။
သူ ပထမဦးဆုံးပေးလိုက်သော အဘိုးအိုသည် ထိုသူများကဲ့သို့ မဟုတ်ပေ။
သူသည် မီးညှိလိုက်ပြီး သူ့မေးခွန်းကို ပြန်မဖြေခင် နှစ်ဖွာလောက် ရှိုက်လိုက်သည်။
" ဒီရွာမှာ အိမ်ထောင်စုပေါင်း ၁၈၂စု ရှိတယ်။ အရွယ်ရောက်အမျိုးသား ၂၄၈ယောက်နဲ့ အရွယ်ရောက်အမျိုးသမီး၂၂၉ယောက်ရှိတယ်။ အသက်မပြည့်သေးတဲ့ကလေးတွေ … "
ယဲ့ဖန်၏ မျက်ခုံးများသည် မြင့်တက်သွားသည်။
" အဘိုး ဘာလို့ ဒီလောက်များများ သိတာလဲ "
ထိုအဘိုးအို ပြန်မဖြေနိုင်ခင်မှာတင် သူ့ဘေးနားတွင် ရှိနေသော တစ်ယောက်မှ အလျင်အမြန် ရှင်းပြသည်။
" သူက ငါတို့ရွာရဲ့ အတွင်းရေးမှုးဟောင်းလေ။ သူက ငါတို့ရွာနဲ့ ပတ်သက်တာ အကုန်သိတယ် "
ယဲ့ဖန် သဘောပေါက်သွားသည်။
" ဒါဆို သူက ခေါင်းဆောင်ဖြစ်နေတုန်းပဲလား။ ရိုင်းပြသွားတဲ့အတွက် တောင်းပန်ပါတယ် "
ဂုဏ်ယူဝင့်ကြွားမှု အရိပ်အယောင်တစ်ခုသည် အဘိုးအို၏ မျက်လုံးထဲတွင် ဖြတ်သန်းသွားသည်။
သို့သော် သူသည် နှိမ့်ချချင်ယောင်ဆောင် လိုက်သည်။
" ပညာရှိတစ်ယောက်က သူ့ရဲ့အတိတ်က ရဲရင့်မှုအကြောင်းကို ထုတ်မပြောဘူး။ တစ်ယောက်ယောက်က အသက်ကြီးသွားရင် အဲ့တာတွေက အသုံးမဝင်တော့ဘူး "
ယဲ့ဖန်သည် မျက်လုံးများ ပြူးသွားသည်။
" အဘိုး အဲ့လိုပြောလို့ မရဘူး။ ကျွန်တော် ဒီကို ရောက်လာတဲ့အချိန် အဘိုးက သာမန်မဟုတ်ဘူးဆိုတာ ကျွန်တော် ပြောနိုင်တယ်။ ကျွန်တော် အဘိုးကို ဖောက်မြင်နိုင်မယ်လို့ မထင်ထားခဲ့ဘူး "
အဘိုးအိုသည် သူ၏ မြှောက်ပင့်ပေးမှုကြောင့် ပို၍ စိတ်ကျေနပ်သွားသည်။
" လူငယ်လေး၊ တကယ်လို့ မင်းမှာ မေးစရာ မေးခွန်းတွေ ရှိနေရင် လွတ်လွတ်လပ်လပ် မေးလို့ရတယ်။ ငါတို့ ရွာအကြောင်းဖြစ်နေသရွေ့ ငါ အကုန်သိတယ် "
ယဲ့ဖန်သည် ဘေးနားတွင် ရှိသော လယ်သမားတစ်ယောက်၏ အဆောက်အဦးသို့ လက်ညှိုးထိုးပြလိုက်သည်။
" လူကြီးမင်း၊ ခင်ဗျားတို့ရွာမှာ ရောင်းဖို့အတွက် အဲ့လိုအိမ် ဘယ်လောက်များများ ရှိလဲ "
အဘိုးအိုသည် ချက်ချင်း ပြန်မဖြေပေ။
သူသည် မေးခွန်းတစ်ခုအတွက် ဆေးလိပ်တစ်လိပ်ဟု ပြောနေသလိုပင် ဆေးလိပ်ဘူးကို ဆက်၍ ငေးကြည့်နေသည်။
ယဲ့ဖန်သည် ခါးခါးသီးသီး ပြုံးလိုက်ပြီး သူကို ဆေးလိပ်ဘူး ပေးလိုက်သည်။
ထိုအခါမှသာ အဘိုးအိုသည် ပြုံးသွားသည်။
" မင်းက လူကောင်းလေးပဲ။ ငါ သဘောကျတယ် "
" မင်းက အဲ့အိမ်ကို ပြောတာလား။ တကယ်လို့ ငါတို့က ရောင်းချင်ရင်တောင်မှ တစ်ယောက်ယောက်က ဝယ်မှရမယ် "
ယဲ့ဖန်သည် သူက အမှန်ကို ပြောနေသည်ဆိုတာကို သိသည်။
ဤကဲ့သို့ နေရာမျိုးတွင် အိမ်ကောင်းကောင်းမည်မျှ ရှိပါစေ အရေးမကြီးပေ။
ဘယ်သူက ဒီလိုနေရာမှာ အိမ်ဝယ်မှာလဲ။
" ကျွန်တော်ဆိုလိုတာက တကယ်လို့ တစ်ယောက်ယောက်က ဝယ်မယ်ဆိုရင် ဘယ်လောက်နဲ့ရောင်းဖို့ စီစဥ်ထားလဲ "
" ဘယ်လောက်လဲတဲ့လား "
အဘိုးအိုသည် သူ့အဖြူရောင်မုတ်ဆိတ်ကိုထိကာ ယဲ့ဖန်ကို စိုက်ကြည့်နေသည်
" ၁သိန်းလောက် "
သူ ပြောလိုက်သည်နှင့် ဘေးနားတွင် ရှိနေသော အဘိုး၊ အဘွားများသည် သူ့ကို မယုံကြည်နိုင်စွာ ကြည့်နေကြသည်။
သူသည် ဈေးများများ တောင်းလိုက်သလို သူတို့ ခံစားနေရကြောင်း သိသာလှသည်။
သူတို့ နေရာကဲ့သို့သော ဝေးလံသော နေရာမျိုးတွင် အိမ်များသည် ကိုယ်တိုင်ဆောက်လုပ်ထားသော အဆောက်အဦးများဖြစ်သည်။
အလုပ်သမားနှင့် ပစ္စည်းများ ပေါင်းလိုက်မည် ဆိုလျှင်တောင် ယွမ် ၅၀,၀၀၀အောက် ထက်ပင် နည်းနေမည်ဖြစ်သည်။
ဒီအဘိုးကြီးက တကယ်ကြီး ၁သိန်းလို့ ဈေးခေါ်လိုက်တာလား။
သူ့နှလုံးသားက အမှောင်ဖုံးနေတာပဲ။
သို့သော် အဆုံးတွင် ထိုအဘိုးအိုသည် အတွင်းရေးမှုးဟောင်း ဖြစ်သည်။
သူသည် ရွာတွင် ဂုဏ်ကျက်သရေ လုံလုံလောက်လောက်ရှိသည်။
ထို့ကြောင့် သူတို့သည် ဘာမှမပြော ရဲကြပေ။
သို့သော် ထိုပမာဏကို ကြားသောအခါ ယဲ့ဖန်သည် တိတ်တိတ်လေး ကျေနပ်နေသည်ဆိုတာကို သူတို့ မသိကြပေ။
ဘူတာရုံဆောက်ပြီသည်နှင့် ဈေးသည် ဆယ်ဆလောက် တိုးလာမည် ဖြစ်သည်။
သို့သော် သူသည် ပျော်ရွှင်မှုများကို သူ့နှလုံးသားထဲတွင်သာ ဖိနှိပ်ထားလိုက်ပြီး မပျော်ရွှင်ဟန်ဆောင်လိုက်သည်။
" ၁သိန်းလား "
ထိုအမူအရာကို အဘိုးအိုက မြင်သောအခါ သူသည် ထပ်၍ ဖြည့်စွက် ပြောလိုက်သည်။
" ဒါပေါ့၊ ဈေးကို ဆွေးနွေးလို့ မရဘူးဆိုတာ မရှိဘူး။ ဈေးကို လမ်းဖွင့်ထားရုံပါ … "
သို့သော် သူ့စကား မဆုံးခင်မှာပင် ယဲ့ဖန်သည် ရုတ်တရက် ကြားဖြတ်ပြောလိုက်သည်။
" တကယ်လို့ ကျွန်တော်က အိမ်တွေကို ၁သိန်းနဲ့ ဝယ်ရင် လူ ဘယ်လောက်များများက သူတို့အိမ်တွေကို ရောင်းဖို့ ဆန္ဒရှိလာလိမ့်မယ်လို့ အဘိုးထင်လဲ "
အဘိုးအဘွား လူစုသည် မှင်သက်သွားကြသည်။
ဒီလူငယ်လေးက ခေါင်းကို မြည်းအကန်ခံလိုက်ရတာလား။
သူက တကယ်ကြီး ယွမ်၁သိန်းနဲ့ ဝယ်ချင်နေတာလား။
ထိုအဘိုးအိုပင် တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပဲ မြန်မြန် ပြန်ဖြေလိုက်သည်။
" တကယ်လို့ မင်းကသာ ၁သိန်းပေးနိုင်မယ်ဆိုရင် ရွာထဲက လူတိုင်းက ရောင်းဖို့ ဆန္ဒရှိနေမယ်ဆိုတာ ငါ အာမခံတယ် "
သူသည် ထိုလူချမ်းသာလေး အဝေးကို ပြေးသွားမည်ကို ကြောက်နေသည်။
ထို့ကြာင့် သူသည် လက်မောင်းကိုပင် ဆွဲထားသေးသည်။
ယဲ့ဖန်သည် ထိုအသေးစိတ်လေးများကို သတိထားမိပြိး ရယ်မောလိုက်သည်။
" ကောင်းပါပြီ၊ လူကြီးမင်း။ ဒါဆိုလည်း သူတို့နဲ့ စကားပြောဖို့ ခင်ဗျားကို ဒုက္ခပေးရတော့မယ် "
" တစ်အိမ်ကို ယွမ်၁သိန်း ပေးမယ်။ အဘိုးရဲ့ အားထုတ်ပေးမှုအတွက် ကျွန်တော် အဘိုးကို ယွမ်၁၀၀၀ ပိုပေးမယ် "