← Chapters

အခန်း (၁၀၆၁-၁၀၆၄)

Vol. 54 Ch. 1061-1064

အခန်း (၁၀၆၁-၁၀၆၄)

Vol. 54 Ch. 1061-1064

အပိုင်း ( ၁၀၆၁ )

ငြင်းခုန်မနေကြနဲ့၊ တကယ်ပဲ ဘာတွေဖြစ်ခဲ့ကြတာလဲ

ကောင်းဟူသည် သူနှင့် တွဲနေသာ နာမည်ကြီး ကောင်မလေးတစ်ယောက်ကို ဖက်ထားပြီး လေ့ကျင့်ခန်းလုပ်နေသည်။

ထိုကဲ့သို့ အရေးကြီးသောအချိန်တွင် ဖုန်းမြည်သံကို ကြားလိုက်ရသောကြောင့် သူ အံ့အားသင့်သွားသည်။

" ငါကွာ "

သူ ဒေါသထွက်လာသည်။

သူ ဖုန်းကို ဆွဲယူလိုက်သောအခါ သူ့လက်အောက်ငယ်သား တစ်ယောက်မှ ခေါ်ခြင်း ဖြစ်ကြောင်းကို မြင်လိုက်ရသည်။

ဖုန်းကိုင်လိုက်ပြီးနောက် သူသည် ချက်ချင်းပင် အော်ငေါက်လိုက်သည်။

" ညလယ်ခေါင်ကြီးကို ဖုန်းခေါ်ရသလား။ မင်း အရမ်းကို သေချင်နေတာလား "

တစ်ဖက်ကလူသည် ဖုန်းပြောသည်ကို ရပ်ထားပြီး အဆူခံလိုက်သည်။

ထို့နောက် စိုးရိမ်ကြောင့်ကြနေသော အသံတစ်သံသည် တစ်ဖက်မှ ထွက်ပေါ်လာခဲ့သည်။

" သူဌေး၊ အပြင်မှာ လူတွေအများကြီး ရောက်နေကြတယ် "

ကောင်းဟူသည် အံ့ဩသွားပြီး သူ၏ အမူအရာသည်လည်း လေးနက်သွားသည်။

" ဘယ်သူလဲ။ ရွှမ်းယိလား၊ ဒါမှမဟုတ် ကျုန်းရိ ခန်းမကလား "

ကောင်းကျူမင်း၏ ရုတ်တရက် သေဆုံးမှုကြောင့် ယန်းချန်မြို့မှ တခြားအဓိကအင်အားစုကြီးနှစ်ခုဖြစ်သော ရွှမ်းယိခန်းမနှင့် ကျုန်းရိခန်းမတို့သည် အနည်းငယ် မရိုးမသားဖြင့် မငြိမ်မသက် ဖြစ်လာကြသည်။

သူတို့သည် ချောင်ရှင်းဂိုဏ်းနှင့် အသေးစား ရန်ပွဲအနည်းငယ် ဖြစ်ပြီးသွားကြပြီ ဖြစ်သည်။

အဲ့မိသားစုနှစ်ခုက ညလယ်‌ခေါင်ကြီးမှာ လာတိုက်ခိုက်တာများ ဖြစ်နေမလား။

သူတို့က အဲ့လောက်တောင် သတ္တိရှိနေတာလား။

" အဲ့တာတွေ တစ်ခုမှ မဟုတ်ပါဘူး။ သူတို့က အိမ်ခြံမြေလုပ်ငန်းက လူတွေပါ။ သူတို့က စီးပွားရေးကိစ္စတချို့ကို ခေါင်းဆောင်နဲ့ ပြောချင်နေကြတယ်လို့ ပြောပါတယ် "

လက်အောက်ငယ်သားသည် အလျင်အမြန် ရှင်းပြလိုက်သည်။

" ချီးပဲ၊ အဲ့တာကို မင်းက စကားကို တစ်ခါတည်း ပြီးအောင် မပြောတတ်ဘူးလား။ မင်းက ငါ့ကို လာခြောက်နေတာပဲ "

ကောင်းဟူသည် သူ့ရန်သူ မဟုတ်ကြောင်း ကြားသောအခါမှ စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်သည်။

သို့သော် ချက်ချင်းပင် သူ၏ သိချင်စိတ်မှာ တိုးပွားလာရသည်။

ဘာလို့ အိမ်ခြံမြေလုပ်ငန်းက လူတွေက ငါ့ကို ညလယ်ခေါင်ကြီး လာရှာရတာလဲ။

ဤကာလများတွင် သူသည် ချောင်ရှင်းဂိုဏ်း၏ အသွင်ပြောင်းလဲမှုအတွက် အိမ်ခြံမြေလုပ်ငန်းများထံသို့ ဝင်ရောက်ရန် ကြိုးစားခဲ့သည်။

သူသည် အိမ်ခြံမြေလုပ်ငန်း အများအပြားဆီသို့ သွားခဲ့ပြီး သူတို့နှင့် အတူတူ အလုပ်လုပ်နိုင်ရန် ဆန္ဒရှိကြောင်း ကမ်းလှမ်းခဲ့သည်။

သို့သော် ထိုသူများသည် သူ့ကို တွေ့သောအခါ အပြင်ပိုင်းတွင်သာ ယဥ်ကျေးနေခဲ့ကြသည်။

သို့သော် သူတို့အားလုံးသည် အနုနည်းဖြင့် သူဖြင့် အလုပ်လုပ်ရန် ငြင်းပယ်ခဲ့ကြသည်။

သူတို့သည် မည်သို့ပင်ဖြစ်စေ ချောင်ရှင်းဂိုဏ်းကဲ့သို့ အဖွဲ့အစည်းတစ်ခုနှင့် မပတ်သက်ချင်ကြပေ။

ယနေ့တွင် ထိုလူများသည် သူပင် မဖိတ်ခေါ်လိုက်ရဘဲ အမှန်တကယ် ရောက်လာခဲ့ကြသည်။

" သူတို့ကို ဧည့်ခန်းထဲ အရင်ခေါ်သွားလိုက်။ ငါ အဲ့ဒီကို လာခဲ့မယ် "

ကောင်းဟူသည် ဖုန်းချလိုက်ပြီး အဝတ်အစားကို အမြန်ဝတ်လိုက်ကာ ခပ်သုတ်သုတ် လမ်းလျှောက်ထွက်သွားသည်။

ယခု သူ နေလျက်ရှိသောအိမ်သည် ကောင်းကျူမင်း၏ စံအိမ်ဟောင်းဖြစ်သည်။

ယခုတွင် ကောင်းကျူမင်းသည် မရှိတော့သောကြောင့် အရာအားလုံးသည် သူနှင့် သက်ဆိုင်လာခဲ့သည်။

ဧည့်ခန်းထဲသို့ ရောက်သွားသောအခါ ကောင်းဟူသည် အထဲတွင် ထိုင်နေသော ယန်းချန်မြို့မှ အိမ်ခြံမြေသူဌေးကြီး အနည်းဆုံး တစ်ဒါဇင်ခန့်ကို တွေ့လိုက်ရသည်။

သူတို့၏ လက်ထောက်များနှင့် ကိုယ်ရံတော်များအပါအဝင် စုစုပေါင်း လူ၅၀မှ ၆၀ခန့်လောက် ရှိနေသည်။

ထို့ကြောင့် ဧည့်ခန်းသည် ပြည့်ကြပ်နေတော့သည်။

ကောင်းဟူ မှင်သက်သွားရသည်။

လူ အနည်းငယ်သာ ရှိနေမည်ဟု သူ ထင်ခဲ့တာဖြစ်ပြီး ဤမျှလောက် များမည်ဟု မမျှော်လင့်ထားခဲ့ချေ။

ထိုလူများသည် အရင်က သူ့ကို အလုပ်အတူလုပ်ရန် ငြင်းခဲ့ဖူးကြသည်။

ဘယ်လို အရေးတကြီးကိစ္စကြောင့်များ သူတို့က ငါ့ကို လာရှာရတာလဲ။

" မင်္ဂလာညခင်းပါ၊ အားလုံးပဲ "

သူသည် အဖြေမထုတ်နိုင်သော်လည်း အမြန်လမ်းလျှောက်သွားပြီး လူတိုင်းကို နှုတ်ဆက်လိုက်သည်။

အိမ်ခြံမြေလောက၏ အကောင်ကြီးများသည် တစ်ယောက်ပြီးတစ်ယောက် ချက်ချင်း မတ်တပ်ရပ်လာပြီး ပြန်နှုတ်ဆက်ကြသည်။

" မင်္ဂလာပါ၊ ကောင်းလူကြီးမင်း "

ကောင်းဟူသည် သူ့အပေါ်ထားသော ထိုလူများ၏ သဘောထားသည် သိသာစွာ ပြောင်းလဲနေသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။

အရင်က သူသည် ထိုလူစုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးရန် သွားတွေ့သောအခါတွင် သူတို့အားလုံးသည် ယဥ်ကျေးပြခဲ့ကြသော်လည်း သူတို့သည် စိတ်မပါလှစွာ လုပ်ခဲ့ကြသည်မှာ သိသာလှသည်။

သို့သော် ယခုတွင် သူတို့အားလုံးသည် တလေးတစားပုံစံ ဖြစ်နေကြပြီး မျက်နှာလိုမျက်နှာရလုပ်ရန်ပင် ရည်ရွယ်နေကြသည်။

ဤအခြေအနေသည်ကား သူ့ကို ပဟေဠိဖြစ်သွားစေသည်။

ကောင်းဟူသည် လူတိုင်းကို ထိုင်ရန်ပြောလိုက်ပြီး လက်ဖက်ရည်ဖြင့် ဧည့်ခံရန် သူ့လက်အောက်ငယ်သားများကို လက်ဟန်ခြေဟန် ပြလိုက်သည်။

ထို့နောက် မေးလိုက်သည်။

" အားလုံးက ဒီလောက်ညနက်မှ ကျွန်တော့်ကို ဘာလို့ လာရှာကြလဲဆိုတာ ကျွန်တော် သိချင်မိပါတယ် "

လူတိုင်းသည် တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြသည်။

လူအများလေးစားရသော အကြီးအကဲထဲမှ တစ်ယောက်သည် မတ်တပ်ရပ်လိုက်သည်။

" ညကလည်း တော်တော်လေး နက်နေပါပြီ။ ကျွန်တော်တို့ ဝေ့ဝိုက်မနေကြရအောင်။ ကောင်းလူကြီးမင်းက ဝါးကျွန်းရွာမှာ အိမ်အများကြီးဝယ်ခဲ့တယ်လို့ ကျွန်တော်တို့ ကြားခဲ့ရပါတယ် "

ကောင်းဟူသည် အံ့ဩသွားသည်။

သူတို့ ဘာကြောင့် မေးနေလဲဆိုသည်ကို သူ မသိပေ။

" ဟုတ်ပါတယ်၊ ဘာပြဿနာများ ဖြစ်လို့လဲ "

အဘိုးအိုသည် ခြောက်ကပ်စွာ ချောင်းဟန့်လိုက်သည်။

" ကျွန်တော် သိချင်တာက ကောင်းလူကြီးမင်းကများ အဲ့အိမ်တွေကို ရောင်းဖို့ ဆန္ဒရှိလားဆိုတာပါပဲ။ ကျွန်တော်တို့ တစ်အိမ်ကို ယွမ်၅သိန်းနဲ့ ဝယ်ဖို့ ဆန္ဒရှိပါတယ် "

" ဘယ်လောက်လို့ပြောလိုက်တာလဲ "

ကောင်းဟူသည် ကျယ်လောင်စွာ အော်လိုက်သည်။

" ၅သိန်းဟုတ်လား "

အဘိုးကြီးသည် ကောင်းဟူ သဘောမတူဘူးဟု ထင်သွားကာ အလျင်အမြန် ထပ်ဖြည့်ပြောလိုက်သည်။

" တကယ်လို့ ဈေးက နည်းနည်း နည်းနေတယ်လို့ ကောင်းလူကြီးမင်းက ထင်နေရင် ကျွန်တော်တို့ ဈေးကိုညှိလို့ ရပါတယ်။ ၆သိန်းက မဖြစ်နိုင်တာတော့ မဟုတ် … "

သူပြောလို့ မပြီးခင်မှာပင် အခြားတစ်ယောက်မှ ဖြတ်ပြောလိုက်သည်။

" ချင်သူဌေး၊ ခင်ဗျားက ကပ်စီးမနည်းလွန်းဘူးလား။ ဝါးကျွန်းရွာရဲ့ တစ်လက်မစီတိုင်းက အခုဆို ရွှေလက်မစီလောက်နီးပါး တန်နေတာကို ခင်ဗျားက ၆သိန်းပဲ ကမ်းလှမ်းတာလား။ ကျွန်တော် ၇သိန်းပေးမယ် "

" အဲ့မှာ ဘူတာရုံက ဆောက်တော့မှာ။ အနာဂတ်အလားအလာက အကန့်အသတ်မရှိတဲ့အထိကို ကောင်းနေတာ။ မင်းက ၇သိန်းနဲ့ ဝယ်ချင်နေတာလား။ ငါက ၈သိန်းနဲ့ ဈေးခေါ်တယ် "

" ကျုပ်က ၉သိန်းပေးဖို့ ဆန္ဒရှိတယ်။ လူကြီးမင်းမှာ ရှိသလောက် ကျုပ်ကိုရောင်းပေးပါ။ အကုန်ယူမယ် "

" ကျုပ် ၁သန်းပေးမယ် "

ရည်မွန်သော ထိုအိမ်ခြံမြေသူဌေးကြီးများသည် လက်ရှိအချိန်တွင် ဈေးထဲမှအဒေါ်ကြီးများလို အလုအယက် ဖြစ်နေကြသည်။

ပြင်းထန်သော တိုက်ပွဲကြောင့် သူတို့၏ မျက်လုံးများမှာလည်း နီရဲလာကြသည်။

ကောင်းဟူသည် ဆက်ပြီး ထိုင်မနေနိုင်တော့ပေ။

သူသည် လူတိုင်းကို မှင်သက်စွာ ကြည့်လိုက်သည်။

" ငြင်းခုန်နေတာတွေ ခဏ ရပ်ကြပါဦး။ တကယ်ပဲ ဘာတွေဖြစ်နေကြတာလဲ "

သူသည် စီးပွားရေးလောက၏ သတင်းကို စောင့်ကြည့်သော အလေ့အထ မရှိပေ။

ထို့ကြောင့် သူသည် သယ်ယူပို့ဆောင်ရေးဌာန၏ အစီအစဥ်များကို မသိပေ။

သူဝယ်ခဲ့သည့် ယိုယွင်းပျက်စီးနေသော လယ်သမားအိမ်များကြောင့် လူတိုင်းသည် ငြင်းခုန်နေကြတာကို မြင်သောအခါ သူသည် အနည်းငယ် ဇဝေဇဝါဖြစ်နေသည်။

ထိုအချိန်၌ လူတိုင်းသည် သူ့ကို ပဟေဠိဖြစ်စွာ ကြည့်လိုက်ကြသည်။

" လူကြီးမင်း၊ ဘာသတင်းမှ မရသေးဘူးလား "

ကောင်းဟူသည် သူ့ခေါင်းကို ကုတ်လိုက်သည်။

" ဘာသတင်းလဲ "

ဤစကားကို ကြားသောအခါ လူတိုင်းသည် လဲကျလုနီးပါး ဖြစ်သွားကြသည်။

အစောပိုင်းက စပြောခဲ့သော အဘိုးအိုသည် နောက်ဆုံးတွင် စိတ်တည်ငြိမ်သွားသည်။

" လူကြီးမင်းက ဘာသတင်းမှ မရဘဲ ဝါးကျွန်းရွာက အိမ်တွေကို ဘာလို့ အများကြီး ဝယ်ခဲ့တာလဲ "

ကောင်းဟူသည် ရှက်ရွံ့စွာ ပြုံးလိုက်သည်။

" အဲ့အချိန်တုန်းက ယဲ့လူကြီးမင်းက အိမ်တွေကို စုဝယ်နေတာ တွေ့လိုက်ပြီးတော့ ကျွန်တော်ကလည်း ကိစ္စသေးသေးလေးတစ်ခုကို ကူညီဖို့ ဖြစ်သွားတာနဲ့ ယဲ့လူကြီးမင်းက ညွှန်ကြားပြီး အဲ့တာတွေကို အတူတူ စုဝယ်ခိုင်းခဲ့တာ "

" အဲ့တာ ဝယ်တုန်းကလည်း သိပ်ဈေးမကြီးဘူး။ အဲ့တာကြောင့် အပျော်လိုက်ဝယ်ခဲ့တာ "

ထိုရှင်းပြချက်ကို ကြားသောအခါ သူတို့သည် အားကျပြီး မှင်သက်သွားကြသည်။

ကောင်းဟူသည် ယဲ့လူကြီးမင်း၏ ပေါင်ကို ဖက်တွယ်ထားနိုင်သောကြောင့် သူတို့သည် အားကျနေကြသည်။

ဤသည်ကား နတ်ဘုရားတစ်ပါး၏ ကြွယ်ဝမှုကို ဖက်ထားခြင်းနှင့် မကွာခြားပေ။

သူတို့ကို မှင်သက်စေသောအရာသည် ယဲ့ဖန်၏ စွမ်းရည်ပင် ဖြစ်သည်။

အကြံပေးစကား အနည်းငယ်နှင့် သူသည် အခြားလူများကို ကံကောင်းမှု အကြီးကြီး ပေးစွမ်းနိုင်သည်။

သိရမည်မှာ ကောင်းဟူသည် တစ်အိမ်ကို ၁သိန်းဖြင့် မဟုတ်ဘဲ ယွမ်၉သောင်းဖြင့်သာ အိမ်အလုံး၄၀ကျော် ဝယ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ အိမ်ဈေးသည် ၁သန်းကျော်အထိ တိုးမြင့်သွားသည်။

တစ်ညအတွင်းမှာပင် ဆယ်ဆကျော် တက်သွားခြင်း ဖြစ်သည်။

ဤသည်ကား ကျောက်တုံးကနေ ရွှေဖြစ်သွားခြင်း ဖြစ်သည်။

သူတို့၏ နှလုံးသားများထဲတွင် အားကျမှု၊ မနာလိုမှုများနှင့် ပြည့်နှက်နေသည်။

ဘာလို့ ငါတို့က ယဲ့လူကြီးမင်းရဲ့ပေါင်ကို မတွယ်ကပ်ထားနိုင်ရတာလဲ။

အပိုင်း ( ၁၀၆၂ )

ယဲ့လူကြီးမင်းရဲ့ ခွေးဖြစ်ရတာ ဘာများမှားနေလို့လဲ။

" ကောင်းလူကြီးမင်း သိအောင် ပြောရမယ်ဆို ဝါးကျွန်းရွာမှာ ဘူတာရုံဖွင့်မယ့်သတင်းက ဒီနေ့ပဲ တက်လာခဲ့တာပါ။ နောက်နှစ် မေလမတိုင်ခင် ဖွင့်ပါမယ်တဲ့ … "

ချက်ချင်းဆိုသလိုပင် တစ်စုံတစ်ယောက်သည် ကိစ္စ၏ အကြောင်းနှင့် အကျိုးကို ကောင်းဟူကို ရှင်းပြလိုက်သည်။

ကောင်းဟူသည် မှင်သက်သွားရသည်။

အမှန်တကယ်တွင် ထိုအိမ်များကို ဝယ်ခဲ့သောအခါ၌ သူသည် မျှော်လင့်ချက်ကြီးကြီးမားမား မထားခဲ့ချေ။

ထိုမျှ အကုန်အကျ မသင့်ဘူးဟုသာ သူ့နှလုံးသားထဲတွင် တွက်ချက်နေခဲ့သည်။

သို့သော် ထိုသည်မှာ ယဲ့လူကြီးမင်းနှင့် ပိုနီးကပ်သော အခွင့်အရေးရခဲ့လျှင် သူ့အတွက် ကောင်းလိမ့်မည် ဖြစ်သောကြောင့်ဖြစ်သည်။

ထိုမရည်ရွယ်ထားသော လှုပ်ရှားမှုသည် ဤမျှထိ အကျိုးအမြတ်ကြီးကို ယူဆောင်လာပေးလိမ့်မည်ဟု သူသည် လုံးဝ မထင်မှတ်ထားချေ။

ထိုတစ်ကြိမ်တွင် သူသည် အိမ်၄၂လုံး ဝယ်ခဲ့ပြီး ယွမ်၄သန်းအောက်သာ သုံးခဲ့ရသည်။

သို့သော် တစ်စုံတစ်ယောက်သည် ယခုတွင် အိမ်တစ်လုံးကို ၁သန်းကျော်နှင့်ပင် လေလံဆွဲနေသည်။

ဤသည်ကား သူ ဝယ်ခဲ့သောဈေးထက် ၁၀ဆကျော်သွားခြင်း ဖြစ်သည်။

တစ်နည်းဆိုရသော် သူသာ ဆန္ဒရှိပါက ယွမ်သန်း၄၀ကျော် ရနိုင်သည်။

လက်ရှိအဖြစ်သည် ငွေများ ကောင်းကင်ဘုံမှ ကျလာခြင်းဖြစ်ပြီး အိမ်မက်တစ်ခုလိုပင် သူ့ကို ခံစားရစေသည်။

အတိတ်တုန်းက ချောင်ရှင်းဂိုဏ်းသည် အမြဲလိုလိုပင် သွေးစွန်းသော ကိစ္စများတွင်သာ ပါဝင်ခဲ့ကြရသည်။

အန္တရာယ်ရှိရုံသာမက အဆုံးတွင် ငွေ များများစားစား ရခြင်း မရရှိခဲ့ပေ။

ငွေပမာဏ ဤမျှလောက်ကို လွယ်လွယ်နှင့် ရမည်ဟု သူဘယ်တုန်းကမှ မထင်ထားခဲ့ချေ။

" ကောင်းလူကြီးမင်း ကောင်းလူကြီးမင်း "

သူ မတ်တပ်ရပ်ကာ ငေးနေသည်ကို မြင်သောအခါ အိမ်ခြံမြေသူဌေးကြီးများသည် ချက်ချင်းပင် သူ့ကို သတိပေးကြသည်။

ထိုအခါမှသာ သူ သတိပြန်ဝင်လာခဲ့သည်။

" အိုး၊ ဒါဆို ခင်ဗျားတို့က အိမ်တွေကို ဝယ်ဖို့လာခဲ့ကြတာပေါ့၊ ဟုတ်တယ်မလား "

" ဟုတ်ပါတယ်။ ကျွန်တော်တို့က ဒီမှာ ရိုးရိုးသားသားရှိနေကြတာပါ။ တကယ်လို့ ဈေးကနည်းတယ်လို့ ကောင်းလူကြီးမင်းက ထင်နေရင် ဈေးကို ကိုယ့်ဘာသာ အဆိုပြုနိုင်ပါတယ် "

" ဈေးက ညှိလို့ရပါတယ်။ ခင်ဗျားသာ ရောင်းဖို့ ဆန္ဒရှိတာနဲ့ ငွေကို ချက်ချင်းလွှဲပေးမယ်လို့ ကျွန်တော်တို့က အာမခံပါတယ် "

" ခေါင်းညိတ်တာနဲ့ ငွေကို ကြိုလွှဲပေးမှာပါ "

" အခုပဲ ငွေလွှဲပေးတော့မယ် … "

လူတိုင်းသည် စိတ်မရှည်ဖြစ်နေကြသည်။

တချို့သည် စာချုပ်ပင် မချုပ်ရသေးဘဲ ငွေကို ကြိုလွှဲပေးချင်နေကြသည်။

ထိုလူများ၏ မျက်နှာများမှာ နီလာသည့်တိုင်တောင် ငြင်းခုန်နေကြသည်ကို မြင်သောအခါ ကောင်းဟူသည် ဖြည်းဖြည်းချင်း စိတ်တည်ငြိမ်လာသည်။

သူသည် ချောင်ရှင်းဂိုဏ်းကို ဘယ်လိုပုံစံ ပြောင်းလဲရမည်လဲဆိုတာကို စဥ်းစားနေသည်။

ဤသည်ကား အခွင့်အရေးကောင်းတစ်ခု ဖြစ်လာနိုင်သည်။

" ခင်ဗျားတို့ ရန်ဖြစ်နေစရာမလိုဘူး။ ကျွန်တော် အိမ်တွေကို မရောင်းဘူး "

သူသည် ရုတ်တရက်ပင် ငြင်းခုန်နေမှုကို ကြားဖြတ်လိုက်ပြီး အကြောင်းအရာကို ပြောင်းပြောလိုက်သည်။

" ဒါပေမဲ့ ကျုပ်တို့ အဲ့တာကို အတူတူ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်တယ် "

" ခင်ဗျားတို့ထဲက တစ်ချို့နဲ့ အတူတူ ပူးပေါင်းဆောင်ရွက်မယ်။ အဲ့ကနေ ငွေတူတူရှာနိုင်တယ် "

အဆိုပါစကားကို ကြားသောအခါ လူတိုင်း၏ စိတ်အားထက်သန်မှုများမှာ ကျဆင်းသွားကြသည်။

ပူးပေါင်းဆောင်ရွက်ခြင်းသည် တစ်ယောက်တည်း အမြတ်စားခြင်းထက် ဘယ်လိုမှ ပိုမမြတ်နိုင်ပေ။

သို့သော် ကောင်းဟူ၏ ရည်ရွယ်ချက်များအရ သူသည် အိမ်များကို လွယ်လွယ်နှင့် ရောင်းမည် မဟုတ်သည်မှာ သိသာလှသည်။

ဤသည်ကား သူတို့၏ ခန့်မှန်းချက်များအတွင်းတွင် ရှိနေဆဲ ဖြစ်သည်။

ဝါးကျွန်းရွာ၏ အလားအလာသည် အလွန်ပင်ကောင်းမွန်လွန်းလှသည်။

ယခုအချိန် ထိုနေရာတွင် အိမ်ပိုင်သော မည်သူပင်ဖြစ်စေ ရတနာအိုးကို ကိုင်ထားခြင်းဖြစ်သည်။

ဘယ်သူက အဲ့တာကို လွယ်လွယ်ကူကူနဲ့ ပေးချင်မှာလဲ။

ရှိပါစေတော့။

ယင်ကောင်တစ်ကောင်က ဘယ်လောက်ပဲသေးသေး အသားပဲလေ။

အိမ်ခြံမြေ ကုမ္ပဏီအားလုံးနီးပါးသည် ချောင်ရှင်းဂိုဏ်းနှင့် ဝါးကျွန်းရွာရှိ စီမံကိန်းများကို ဖွံ့ဖြိုးတိုးတက်အောင် အကျိုးတူပူးပေါင်းရန် သူတို့၏ဆန္ဒများကို ထုတ်ဖော်လာကြသည်။

ကောင်းဟူသည် ငြင်းခုန်ရာတွင် မတော်ပေ။

ထို့ကြောင့် ညှိနှိုင်းဆွေးနွေးရန် ကိစ္စများအတွက် ကိုင်တွယ်မည့် အခြားလူများကို လွှဲပေးလိုက်သည်။

သူ့နှလုံးသားထဲတွင် အချိန်အတော်ကြာလေးလံနေခဲ့သော ကိစ္စသည် နောက်ဆုံးတွင် ဖြေရှင်းနိုင်ခဲ့ပြီဖြစ်သည်။

ထို့ကြောင့် သူ့စိတ်ထဲတွင် ယဲ့ဖန်ကို ကျေးဇူးတင်စိတ်များနှင့် ပြည့်နှက်နေသည်။

ယဲ့လူကြီးမင်း၏ လှေပေါ်တက်ရန် ဉာဏ်ရှိသောရွေးချယ်မှုကို သူ ပြုလုပ်နိုင်ခဲ့ပုံရသည်။

ယဲ့ဖန်ကဲ့သို့ အကောင်ကြီးတစ်ယောက်မှ တစ်စုံတစ်ခုကို ထုတ်ဖော်လိုက်ပါက သူတို့အနေဖြင့် ပါးစပ်အပြည့် အဆီများ ဝေ့သွားလိမ့်မည် ဖြစ်သည်။

ယဲ့ဖန်အကြောင်းတွေးမိသောအခါ သူသည် ချက်ချင်းပင် တစ်စုံတစ်ခုကို တွေးမိသွားသည်။

သူသည် အိမ်ခြံမြေသူဌေးများကို ကြည့်လိုက်သည်။

" အားလုံးပဲ၊ ယဲ့လူကြီးမင်းက ကျွန်တော့်ထပ် အိမ်တွေ အများကြီး ပိုဝယ်ထားပြီးတော့ သူ့နေရာတွေက ကျွန်တော့်ဟာတွေထက် ပိုကောင်းတယ်။ ဘာလို့ သူ့ဆီကို သွားမရှာကြတာလဲ "

ထိုစကားကို ကြားသောအခါ အိမ်ခြံမြေသူဌေးများသည် အနည်းငယ် ရှက်ရွံ့သွားကြသည်။

အဆုံးတွင် ရိုးသားသော အိမ်ခြံမြေရောင်းဝယ် ကိုယ်စားလှယ်တစ်ယောက်သည် အမှန်ကို ပြောပြလာခဲ့သည်။

" ယဲ့လူကြီးမင်းဘက်ကို သွားတဲ့လူတွေက ပိုများတယ်။ ကျွန်တော်တို့ရဲ့ စွမ်းအားက … ဟားဟားဟား "

သူစကားဆုံးအောင် မပြောလိုက်သော်လည်း သူ ဘာဆိုလိုသည်ဆိုတာကို ကောင်းဟူ နားလည်လေသည်။

အတိအကျ ပြောရမည်ဆိုလျှင် ယဲ့ဖန်နှင့် ညှိနှိုင်းနိုင်သော လူများသည် အနည်းဆုံးဖြင့် အိမ်ခြံမြေလောက၏ ထိပ်သီးပုဂ္ဂိုလ်များသာ ဖြစ်သည်။

ဤသို့လာသောလူများသည် အဆင့်မမှီကြပေ။

ထို့ကြောင့် သူတို့သည် နောက်တစ်လှမ်းဆုတ်ကာ ကောင်းဟူဆီကို လာခဲ့ကြခြင်းဖြစ်သည်။

သို့သော် ခွဲခြားဆက်ဆံခံရခြင်းကြောင့် သူသည် ဒေါသမထွက်သွားပေ။

ကောင်းဟူသည် လက်ရှိအခြေအနေကိုပင် ကျေနပ်နေပြီ ဖြစ်သည်။

သူသည် အနာဂတ်တွင် ယဲ့လူကြီးမင်းကို ဆက်၍ တွယ်ကပ်ထားရလိမ့်မည် ထင်သည်။

ယဲ့ဖန်၏ ဦးဆောင်မှုအောက်တွင် ချောင်ရှင်းဂိုဏ်းသည် ကောင်းကျူမင်း ဘယ်တုန်းကမှ မရောက်ဖူးသော အမြင့်တစ်နေရာသို့ ရောက်သွားနိုင်လိမ့်မည်ဟု ကောင်းဟူ ယုံကြည်နေသည်။

ယန်းချန်မြို့၏ နံပါတ်(၁) မြေအောက်အင်အားစုတစ်ခုသည် လူငယ်လေးတစ်ယောက်၏ ခွေးဖြစ်လာခြင်းသည် ရှက်စရာကောင်းလွန်းလှသည်ဟု မေးလာမည့်လူများ ရှိလိမ့်မည် ဖြစ်သော်လည်း မည်သူ့အပေါ် ခွေးဖြစ်ရသလဲဆိုသည့်အပေါ် မူတည်လေသည်။

တချို့လူတွေရဲ့ ခွေးတွေက လူတွေထက်တောင် ပိုပြီးတန်ဖိုးကြီးသေးတယ်။

ယဲ့လူကြီးမင်းရဲ့ ခွေးတစ်ကောင်ဖြစ်ရတာ ဘာမှားနေလို့လဲ။

...............................................

နောက်တစ်နေ့မနက် ကုမ္ပဏီသို့ ရောက်သောအခါ ချန်းရွှမ်သည် အောက်ထပ်၌ ဇိမ်ခံကား အများအပြား ပါကင်ထိုးထားသည်ကို တွေ့လိုက်ရသည်။

ကျန်းယုံထင်းသည် အောက်ထပ်တွင် အချိန်အတော်ကြာစောင့်နေခဲ့သည်။

ချန်းရွှမ်ရောက်လာသည်ကို မြင်သောအခါ သူမသည် ချန်းရွှမ်ဆီသို့ အမြန်လမ်းလျှောက်လာခဲ့သည်။

" အစ်မရွှမ်၊ အိမ်ခြံမြေလောကက အကောင်ကြီးတွေ အများကြီးရောက်နေကြတယ်။ သူတို့ မနေ့ညထဲက ရောက်နေကြတာ။ ကျွန်မ သူတို့ကို ဖြောင်းဖြဖို့ ခဏခဏ ကြိုးစားခဲ့ပြီးပြီ။ ဒါပေမဲ့ သူတို့က ထွက်သွားဖို့ ငြင်းနေကြတာ "

ချန်းရွှမ်သည် ထိုသည်ကြောင့် မအံ့ဩသွားဘဲ ပြုံးသာပြုံးလိုက်သည်။

အမှန်တကယ်တွင် ထိုလူများသည် မနေ့ကတည်းက သူမ၏ နေထိုင်ရာ ပတ်ဝန်းကျင်သို့ပင် ရောက်လာခဲ့ကြသည်။

သို့သော် သူမပတ်ဝန်းကျင်မှ လုံခြုံရေးသည် တင်းကြပ်သောကြောင့် ထိုလူများသည် မဝင်နိုင်ခဲ့ကြပေ။

သူမကို ဖုန်းခေါ်ခဲ့သော လူများစွာလည်း ရှိလေသည်။

သို့သော် ယဲ့ဖန်သည် သူမကို မကိုင်ခိုင်းခဲ့ပေ။

ထိုလူများကို ခွေးသူတောင်းစားများဟုပင် ယဲ့ဖန်မှ ပြောခဲ့သည်။

အရင်က ယဲ့ဖန်သည် ထိုလူများကို ဤအခွင့်အရေးကောင်းကြီးကို ပေးခဲ့သည်။

သို့သော် သူတို့သည် မလိုချင်ခဲ့ကြပေ။

ယခုအခါမှ သူတို့သည် ယဲ့ဖန်ကို လာတောင်းပန်နေကြသည်။

သူမသည် ထိုလူများကို အချိန်တစ်ခုလောက်အထိ လွှတ်ထားလိုက်မည်ဖြစ်သည်။

ထိုသို့လုပ်ခြင်းသည် မသင့်တော်ဘူးဟု သူမ ထင်‌နေသော်လည်း ယဲ့ဖန်ပြောသလိုသာ လုပ်နိုင်ပြီး ထိုလူများကို လျစ်လျူရှုလိုက်သည်။

သူမနှင့် ကျန်းယုံထင်းတို့ ရုံးထဲသို့ ဝင်သွားသောအခါ ကြမ်းပြင်နှင့် အစည်းအဝေးစားပွဲပေါ်တွင် လှဲလျောင်းနေသော လူများကို တွေ့လိုက်ရသည်။

သူတို့အားလုံးသည် ယန်းချန်မြို့မှ အိမ်ခြံမြေလောကရှိ ထိပ်သီးအကောင်ကြီးများဖြစ်ကြသည်။

ထိုလူစုကြီးသည် ဘုရင်တစ်ပါးလို နေထိုင်ကြသောလူများ ဖြစ်ကြသည်။

သို့သော် ယခုအခါ အဆိုပါလူများသည် လင်းယွမ်အိမ်ခြံမြေလုပ်ငန်း၏ ကြမ်းပြင်ပေါ်တွင် အိပ်နေကြသည်။

ဤသည်ကား အတွေ့အကြုံအသစ်တစ်ခု ဖြစ်သည်။

ကျန်းယုံထင်းသည် ခြောက်ကပ်စွာ ချောင်းဟန့်လိုက်သည်။

" ကျွန်မတို့ ဥက္ကဌချန်း၊ ဒီကို ရောက်နေပါပြီ "

သူမ၏ အသံသည် မကျယ်ပေ။

သို့သော် ထိုလူများ၏ တုံ့ပြန်မှုများသည် အလွန်ပင် ပြတ်သားလှသည်။

သူတို့သည် လှစ်ခနဲ ထရပ်လာကြသည်။

သူတို့သည် ကောင်းမွန်စွာ မအိပ်ရသေးပုံ ပေါ်နေကြသည်။

" ဥက္ကဌချန်း၊ နောက်ဆုံးတော့ ခင်ဗျားရောက်လာပြီပေါ့။ ကျွန်တော်တို့က ခင်ဗျားကို စောင့်နေကြတာ "

" အဲ့တာဟုတ်တယ်။ ငါ၊ လုအဘိုးကြီးက ဒီလိုနာကျင်မှုမျိုးကို မခံစားခဲ့ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ဒါ တကယ်ကို မလွယ်တာပဲ "

" ဥက္ကဌချန်း၊ ကျုပ်တို့ ဘုတ်အဖွဲ့က ခင်ဗျား မနေ့က ဖုန်းဆက်ပြောတဲ့ ဝါးကျွန်းရွာ စီမံကိန်းကို သဘောတူလိုက်ကြပြီ "

" ဥက္ကဌချန်း၊ ကျုပ်တို့ရဲ့ တခြားစီမံကိန်းတွေကို ဆိုင်းငံ့ထားလိုက်ပြီ။ အခု ကျုပ်တို့က ဝါးကျွန်းရွာ စီမံကိန်း ကို ရင်းနှီးမြှုပ်နှံဖို့ အဆင်သင့်ဖြစ်နေကြပြီ "

" ဥက္ကဌချန်း၊ ကျုပ်တို့မှာ ငွေအရင်းအမြစ် လုံလုံလောက်လောက် ရှိတယ်။ အခု ကျုပ်တို့ ဒီစီမံကိန်းကို ဝယ်နိုင်တယ် "

ချန်းရွှမ်သည် လူတိုင်း၏ ပြောစကားများကို ကြားလေသည်။

သို့သော် သူမသည် ခပ်ဖျော့ဖျော့သာ ပြုံးနေဆဲ ဖြစ်သည်။

သို့သော် သူမနှလုံးသားထဲတွင် လှောင်ပြောင်နေလေသည်။

ယဲ့ဖန်သည် ထိုလူများနှင့် ပတ်သက်ပြီး ပြောလေသည်မှာ မှန်ခဲ့သည်။

ထိုလူအားလုံးသည် ခွေးသူတောင်းစားများ ဖြစ်ကြသည်။

မနေ့က သူမသည် လက်ဦးမှုယူပြီး သူတို့ကို ဆက်သွယ်ခဲ့သည်။

သို့သော် သူတို့သည် သူမကို အကြောင်းအမျိုးမျိုးပြကာ ငြင်းပယ်ခဲ့ကြသည်။

အဆုံးတွင်တော့ ထိုညမှာပင် မီးရထားသတင်း ထွက်လာပြီး ယခုအခါ သူတို့သည် သူမဆီ လာပြီး တောင်းပန်နေရသည်။

" အားလုံးပဲ၊ ထိုင်ကြပါဦး "

သူမသည် လူတိုင်းကို ပထမဦးဆုံး နှုတ်ဆက်လိုက်သည်။

ထို့နောက် ကျန်းယုံထင်းကို ကြည့်လိုက်ပြီး ညွှန်ကြားလိုက်သည်။

" ယုံထင်း၊ ဒီ CEOတွေအတွက် မနက်စာလေး သွားဝယ်လာခဲ့ပေးပါဦး "

ကျန်းယုံထင်းသည် ချက်ချင်းပင် ထွက်သွားသည်။

" ဥက္ကဌချန်း၊ ဝါးကျွန်းရွာစီမံကိန်းအကြောင်းကို အရင်ပြောကြရအောင် "

" ဟုတ်တယ်၊ ကျုပ်တို့ မနေ့က ဝါးကျွန်းရွာကို ရောက်ခဲ့ကြတယ်။ ပြီးတော့ အဲ့က အိမ်အားလုံးကို လင်းယွမ်အိမ်ခြံမြေက ဝယ်သွားတယ်ဆိုတာ သိလိုက်ရတယ် "

" ဥက္ကဌချန်းက တကယ်ကို ဉာဏ်ကြီးရှင်ပဲ။ အဲ့နေရာမှာ ဘူတာရုံ ရှိလာလိမ့်မယ်လို့ တကယ်ကြီး ခန့်မှန်းနိုင်ခဲ့တာဆိုတော့ ကျုပ်တို့လို လူအိုကြီးတွေက အထင်ကြီးမိပါတယ် "

" အဲ့တာက ဥက္ကဌချန်းရဲ့ သတင်းအဆက်အသွယ်လေ … ငါတို့က ဘယ်လိုလုပ် ယှဥ်နိုင်မှာလဲ "

လူတိုင်းသည် ချန်းရွှမ်ကို မျက်နှာချိုသွေးနေကြသည်။

အပိုင်း ( ၁၀၆၃ )

ရူးသွပ်သောလေလံပွဲ

သို့သော် ချန်းရွှမ်သည် မပြောင်းမလဲ ဖြစ်နေလျက် ဖြစ်သည်။

သူမသည် ယဉ်ကျေးစွာသာ ပြုံးပြလျက် ပြောလိုက်သည်။

" အားလုံးက ဒီမှာ တစ်ညတောင် စောင့်နေပေးခဲ့တဲ့အတွက် ကျွန်မတကယ်ပဲ ခံစားလိုက်ရပါတယ် "

" လင်းယွမ် အိမ်ခြံမြေက နောက်နှစ်အနည်းငယ်ကြာတဲ့ထိ စီမံကိန်းတွေ ပြည့်နေတာပါ။ အဲ့တာကြောင့် ကျွန်မတို့က တကယ်ပဲ ဝါးကျွန်းရွာက စီမံကိန်းကို ရောင်းဖို့စိတ်ဝင်စားပါတယ် "

ချန်းရွှမ်၏ ထိုစကားများကို ကြားသောအခါ လူတိုင်းသည် စိတ်လှုပ်ရှားလာကြသည်။

သတင်းကို မြင်ပြီးသည့်နောက် ချန်းရွှမ်မှ စီမံကိန်းအား မရောင်းတော့မည်ကို သူတို့ ကြောက်နေခဲ့ကြသည်။

ကြည့်ရသည်မှာ သူတို့၏ စိုးရိမ်ပူပန်မှုများသည် လိုအပ်သည်ထက် ပိုသွားပုံရသည်။

" ဒါပေမဲ့ ဒီမှာ ရှင်တို့က အများကြီး ရှိနေကြတော့ ဘယ်ကုမ္ပဏီကို ရောင်းလိုက်ရောင်းလိုက် ကျွန်မတို့က တခြားသူတွေကို မျက်နှာသာ မပေးဘဲ ဆန့်ကျင်နေသလိုဖြစ်မိပြီ "

ချန်းရွှမ်သည် ဆက်ပြောလိုက်သည်။

" ဒါဆိုရင် ရှင်တို့က ဈေးကို အဆိုပြုကြည့်နိုင်ပါတယ်။ အမြင့်ဆုံး လေလံဆွဲတဲ့သူက နိုင်မယ် "

သူမ ပြောပြီးသွားသည်နှင့် တစ်စုံတစ်ယောက်မှ ချက်ချင်းပင် လက်မြှောက်လာခဲ့သည်။

" စန်းကျန်အိမ်ခြံမြေက ခင်ဗျားတို့ လက်ထဲမှာရှိတဲ့ အိမ်တွေကို ယွမ် ၁သန်းနဲ့ ဝယ်ဖို့ ဆန္ဒရှိပါတယ် "

ထိုလူသည် စကားပြောပြီးသည့်နောက်တွင် ယုံကြည်ချက်ရှိစွာ ပြုံးလိုက်သည်။

ထိုဈေးသည် အလွန် သင့်တော်သည်ဟု သူ ခံစားနေရသည်။

မည်သို့ပင်ဖြစ်စေ တစ်ဖက်မှလူသည် ဝယ်ယူရာ၌ ယွမ်၁သိန်းကဲ့သို့ သာမန်ဈေးပမာဏသာ သုံးခဲ့သည်။

တွက်ချက်ကြည့်ပါက ညတွင်းချင်း ၁၀ဆ မြင့်တက်လာခြင်း ဖြစ်သည်။

ဤကဲ့သို့ စီးပွားရေးမျိုးသည် အလွန်ပင်ရှားလှသည်။

သို့သော် ထိုစီမံကိန်း၏ အရေးပါမှုကို သူ လျှော့တွက်ခဲ့မိသည်။

" ဟား၊ တစ်အိမ်ကို ၁သန်းတဲ့လား။ မင်း အိမ်မက်များ မက်နေတာလား။ စိမ်းမြရေ အိမ်ခြံမြေက ၁.၅ သန်းနဲ့ ဝယ်ဖို့ ဆန္ဒရှိပါတယ် "

" မင်းက နားမလည်ဘဲ ဈေးကို လျှောက်ကစားနေတာပဲ "

" အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့။ တကယ်လို့ မင်းမှာ ငွေရှိတယ်ဆိုရင်တော့ ပြောပေါ့။ ငွေမရှိရင် လစ်လိုက်တော့။ မင်း ဘာလို့ စကားကြော လာရှည်နေတာလဲ "

" ငါ့မှာ ငွေမရှိဘူးလို့ ဘယ်သူပြောတာလဲ။ ကျုပ် တစ်အိမ်ကို ၁.၆သန်း ပေးမယ်။ ခင်ဗျားတို့ဆီမှာ ရှိသလောက်ကို ကျုပ်ယူမယ် "

“ ၁.၆သန်းလား တော်တော် သနားစရာကောင်းတာပဲ။ ဟုန်းဟွာအိမ်ခြံမြေက တစ်အိမ်ကို ၂သန်း ပေးမယ် "

" ဟန်ရှန်းအိမ်ခြံမြေက ၂.၂သန်းပေးဖို့ ဆန္ဒရှိတယ် "

လူတိုင်းသည် ချက်ချင်းပင် စ၍ ငြင်းခုန်နေကြပြီး သူတို့ အဆိုပြုနေသော ဈေးမှာလည်း မြင့်တက်လာနေသည်။

မကြာခင်မှာပင် တစ်စုံတစ်ယောက်သည် ၃သန်း ဈေးခေါ်လာခဲ့သည်။

ထိုအခိုက်အတန့်သို့ ရောက်သောအခါ လေလံဆွဲနေသော လူအရေအတွက်သည် အတော်အတန် လျော့ကျသွားသည်။

လင်းယွမ်အိမ်ခြံမြေသည် ဤတစ်ကြိမ်တွင် အိမ်ပေါင်း ၁၄၀ကျော် ဝယ်ယူခဲ့သည်။

အကယ်၍ တစ်အိမ်ကို ၃သန်းနှင့်သာ ရောင်းလိုက်ပါက သန်း၄၀၀ကျော် ရသွားလိမ့်မည် ဖြစ်သည်။

ဝါးကျွန်းရွာစီမံကိန်းသည် တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ထို့ကြောင့် သဘောထားကွဲလွဲမှုများသည် ရှိနေသေးဆဲ ဖြစ်သည်။

အကယ်၍ သယ်ယူပို့ဆောင်‌ရေးဌာနမှ ရုတ်တရက် စိတ်ပြောင်းသွားပါက သူတို့ ပြဿနာတက်သွားလိမ့်မည် ဖြစ်သည်။

ဈေးပိုပိုမြင့်လာလေလေ၊ ဝမ်းနည်းစွာဖြင့် လူများမှာ ပို၍ ထွက်သွားလေလေ ဖြစ်သည်။

နောက်ဆုံးအချိန်တွင် အပြိုင်အဆိုင် ကုမ္ပဏီနှစ်ခုသာ ကျန်တော့သည်။

အဆိုပါကုမ္ပဏီနှစ်ခုသည် မနေ့ညက ချန်းရွှမ် ဖုန်းဆက်အသိပေးခဲ့သော ကုမ္ပဏီများဖြစ်သည်။

သူတို့ထဲမှ တစ်ခုသည် ဟုန်းဟွာအိမ်ခြံမြေဖြစ်ပြီး သူဌေးသည် ကောခိုင်ရှန်ဖြစ်သည်။

သူသည် အိမ်ခြံမြေလောကထဲတွင် အသန်မာဆုံးဟု သတ်မှတ်၍ရသည်။

အခြားတစ်ခုသည် လေပျံလွှားအိမ်ခြံမြေဖြစ်ပြီး သူဌေးသည် ဤနှစ်တွင် အသက်၅၀ပြည့်တော့မည့် ချီလိဟုခေါ်သော အမျိုးသမီးတစ်ယောက် ဖြစ်သည်။

" ဟုန်းဟွာအိမ်ခြံမြေက တစ်အိမ်ကို ၄သန်းနဲ့ဝယ်ဖို့ ဆန္ဒရှိတယ်။ ချီသူဌေး ခင်ဗျား ဆက်ပြီးတော့ လေလံဆွဲချင်တာ သေချာရဲ့လား "

ကောခိုင်ရှန်သည် ချီလိကို ခြိမ်းခြောက်သောအကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

ယွမ်၄သန်းဟူသော ဈေးအရ အိမ်၁၄၀ကျော်ကို ဝယ်ရန် အနည်းဆုံး ယွမ်သန်း၅၆၀ ကုန်ကျလိမ့်မည် ဖြစ်သည်။

ဤသည်မှာ အိမ်ချည်းသပ်သပ်ကို ဝယ်ရန် သုံးသောငွေသာ ဖြစ်သည်။

အကယ်၍ နောက်ဆက်တွဲ ပြင်ဆင်မှုများနှင့် တိုးချဲ့ခြင်းများသာ ပေါင်းလိုက်ပါက အနည်းဆုံး ယွမ်၁ဘီလီယံ ဖြစ်သွားလိမ့်မည် ဖြစ်သည်။

ဟုန်းဟွာအိမ်ခြံမြေသည် မည်မျှပင် အင်အားတောင့်နေပါစေ၊ စီမံကိန်းတစ်ခုထဲတွင် ရင်းနှီးမြှုပ်နှံရန်အတွက် ဤမျှ အများကြီးသုံးနေသည်မှာ အလွန်များလှသည်။

သို့သော် ချီလိသည် သူနှင့် ရင်ဆိုင်ရန် စိတ်ပိုင်းဖြတ်ထားပုံပေါ်သည်။

" ဥက္ကဌကော၊ လေပျံလွှားအိမ်ခြံမြေက ဒီလို အရည်အသွေးမြင့် စီမံကိန်းတစ်ခုကို လက်လွတ်မခံချင်ဘူး။ အဲ့တော့ ကျွန်မတို့က တစ်အိမ်ကို ၄.၂သန်းပေးမယ် "

" ဟာာ ........ "

ရှိနေသော လူတိုင်းသည် သူမ၏ ရက်ရောမှုကြောင့် မှင်သက်သွားကြသည်။

သူမသည် ဈေးကို ယွမ်၂သိန်းပင် တိုက်ရိုက် တိုးမြှင့်လိုက်သည်။

ဤသည်ကား အလွန်ချမ်းသာပြီး ရဲတင်းလွန်းလှသည်။

ထိုတစ်ကြိမ်တွင် ကောခိုင်ရှန်ဆီသို့ ဖိအားက ပြန်ရောက်လာခဲ့သည်။

" ချီသူဌေး၊ ခင်ဗျားက တကယ်ပဲ ကျုပ်နဲ့ အဆုံးထိ တိုက်ခိုက်သွားချင်တာလား "

ချီလိသည် ခပ်ဖျော့ဖျော့သာ ပြုံးလိုက်သည်။

" ဥက္ကဌကော၊ အကယ်၍ ဒါက တခြားတစ်ခုခုသာဆို ကျွန်မ ရှင့်ကို ပေးလိုက်မှာပါ။ ဒါပေမဲ့ စီးပွားရေးကိစ္စတွေမှာတော့ ကျွန်မတို့ရဲ့ ကိုယ်ပိုင် စွမ်းရည်တွေအပေါ်မှာပဲ မူတည်နေတယ် "

ရက်စက်သော အရိပ်အမြွက်တစ်ခုသည် ကောခိုင်ရှန်၏ မျက်နှာတွင် ဖြတ်သန်းသွားသည်။

" ကောင်းပြီလေ၊ အဆုံးထိ ဘယ်သူက ရပ်တည်နိုင်မလဲဆိုတာ ကြည့်လိုက်ကြရအောင်။ ဟုန်းဟွာအိမ်ခြံမြေက ၄.၃သန်းပေးမယ် "

ထိုအခါ လင်းယွမ်အိမ်ခြံမြေမှ ဝယ်ယူခဲ့သောအိမ်များသည် သန်း၆၀၀အထိ မြင့်တက်လာခဲ့သည်။

ချန်းရွှမ်သည် တိတ်တဆိတ် အံ့ဩနေမိသည်။

မနေ့က ယဲ့ဖန်သည် ဤစီမံကိန်းမှာ အနည်းဆုံး သန်း၆၀၀နှင့် ရောင်းထွက်လိမ့်မည်ဟု ပြောခဲ့သည်။

ထိုအချိန်က သူမသည် ယဲ့ဖန် အိမ်မက်မက်နေသည်ဟုသာ ထင်နေခဲ့သည်။

အဆိုပါ လက်တွေ့မဆန်သောဆုတောင်းသည် အလျင်အမြန် ရရှိလာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ချေ။

သို့သော် လေလံပွဲသည် မပြီးဆုံးသေးပေ။

ချီလိ၏ အမူအရာသည် စတင်၍ လေးနက်လာသည်။

" ဥက္ကဌကော၊ ကျွန်မတို့ နှစ်ဖက်လုံး ခြေတစ်လှမ်းဆီ ဆုတ်ကြရင်ရော ဘယ်လိုလဲ "

ကောခိုင်ရှန်သည် သူမကို စိုက်ကြည့်လိုက်သည်။

" ဘယ်လိုလဲ "

ချီလိသည် ခဏလောက် ချင့်ချိန်နေခဲ့သည်။

" ဒီလိုဆိုရင်ကော ဘယ်လိုလဲ။ ကျွန်မတို့ ၄.၃သန်းနဲ့ ဝယ်လိုက်ကြမယ်။ ကျွန်မနဲ့ ရှင်က တစ်ယောက်တစ်ဝက်စီ ဝယ်ကြမယ် "

ကောခိုင်ရှန်သည် ချက်ချင်းပင် လှောင်ပြောင်လိုက်သည်။

" ကျုုပ် စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ဟုန်းဟွာအိမ်ခြံမြေက ဒီစီမံကိန်းကို ရဖို့ ဆုံးဖြတ်ထားတယ်။ ကျုပ်တို့က ဘယ်သူနဲ့မှ ဒီဟာကို မျှဝေပေးမှာ မဟုတ်ဘူး "

ချီလိ၏ အမူအရာသည် မည်းမှောင်သွားသည်။

" အဲ့လိုဆိုတော့လည်း လေပျံလွှားအိမ်ခြံမြေက ထပ်ပြောစရာမရှိတော့ဘူး။ ၄.၄သန်း "

သူမသည် ဈေးကို ပြောလိုက်သောအခါ ကောခိုင်ရှန်၏ မျက်နှာအိုကြီးသည် ရှုံ့တွသွားသည်။

ချီလိ အဆိုပြု‌သောဈေးအရ ထိုအိမ်များ၏ စုစုပေါင်းတန်ဖိုးသည် သန်း၆၀၀ ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

မနေ့ညက ချန်းရွှမ်မှ သူ့ကို ဖုန်းဆက်ပြီး သန်း၆၀၀နှင့် ကမ်းလှမ်းသောအခါ သူသည် သူမက ဟာသလုပ်နေသည်ဟု ထင်နေခဲ့သည်။

ယခုတွင်‌တော့ သူကသာ ဟာသလုပ်ခဲ့နေရခြင်း ဖြစ်ပုံရသည်။

အကယ်၍ သူသည် ထိုအချိန်တည်းမှ သဘောတူလိုက်ခဲ့ပါက ……………

အပိုင်း ( ၁၀၆၄ )

သန်း၇၀၀နဲ့ လေလံဆွဲတယ်။ ပိုပေးမယ့်လူ ရှိလား

ဤတစ်ကြိမ်တွင်တော့ ကောခိုင်ရှန်သည် အချိန်အတော်ကြာ တွေးနေခဲ့ပြီး အတော်ကြာသည်အထိ စကားမပြောပေ။

ချီလိသည် ပိုင်နိုင်စွာ ပြုံးလိုက်ပြီး ချန်းရွှမ်ကို လှည့်ကြည့်လိုက်သည်။

" ဥက္ကဌချန်း၊ ဥက္ကဌကောက ထပ်ပြီး လေလံဆွဲဖို့ မရှိတော့တာကြောင့် ဝါးကျွန်းရွာစီမံကိန်းကို ကျွန်မတို့ လေပျံလွှားအိမ်ခြံမြေက ရပြီထင်ပါတယ် "

ချန်းရွှမ် ပြုံးလိုက်ပြီး စကားပြောရန် ပြင်လိုက်သည်။

ထိုအချိန်မှာပင် ကောခိုင်ရှန်သည် စားပွဲခုံကို ရိုက်ချလိုက်သည်။

" ငါ လေလံမဆွဲတော့ဘူးလို့ ဘယ်သူက ပြောလိုက်တာလဲ။ ငါ ၄.၆သန်းပေးမယ်။ တကယ်လို့ မင်းမှာ သတ္တိရှိရင် ဆက်လိုက်လိုက်။ ဘယ်သူက အရှုံးကို အရင် ဝန်ခံရမလဲဆိုတာ ကြည့်လိုက်ရအောင် "

သူ စားပွဲခုံပေါ်သို့ ရိုက်ချလိုက်ခြင်းသည် လူတိုင်းကို မှင်သက်သွားစေသည်။

သူသည် အနည်းငယ် ဒေါသထွက်နေပြီး သူမကို ဝါးစားချင်နေပုံ ပေါ်နေသည်။

ချီလိသည် အံ့ဩသွားရသည်။

တစ်ဖက်လူ၏ လေလံခေါ်ဈေးမှာ ကြမ်းတမ်းလွန်းလှသည်။

တိုက်ရိုက်ပင် ယွမ်၂သိန်း တိုးမြင့်လာခဲ့သည်။

ထိုယွမ်၂သိန်းကို အထင်မသေးသင့်ပေ။

အိမ်၁၄၀အတွက် ဆိုပါက ယွမ်သန်း၃၀နီးပါး ဖြစ်သွားမည်ဖြစ်သည်။

သူမ ချက်ချင်းပင် နောက်ဆုတ်သွားခဲ့သည်။

သူမတို့ကုမ္ပဏီသည် မနေ့ညက တစ်ညလုံး ခန့်မှန်းတွက်ချက်မှုများ လုပ်ခဲ့ကြသည်။

ထိုအိမ်များကို ဝယ်ယူရန်အတွက် အမြင့်ဆုံးဈေးသည် သန်း၆၀၀ ဖြစ်သင့်သည်။

ဤထက် ပြီး၍ပေးပြီး ဝယ်လိုက်ရပါက အမြတ်ရတော့မည် မဟုတ်ပေ။

၄.၄သန်းသည် သူမ၏ အောက်ဆုံးဈေးဖြစ်သည်။

အကယ်၍ သူမသာ ဈေးကို ထပ်မြှင့်ပြီးပေးလိုက်ပါက အမြတ်သည် ဆုံးရှုံးမှုများကို ကာနိုင်တော့မည် မဟုတ်ပေ။

" ဥက္ကဌချီ၊ ခင်ဗျား ဆက်ပြီးလိုက်ချင်သေးလား "

ကောခိုင်ရှန်သည် ပိုင်နိုင်စွာ ပြုံးလိုက်ပြီး ချီလိကို ကြည့်လိုက်သည်။

" ဥက္ကဌကောက ဒီစီမံကိန်းကို ရဖို့ ဆုံးဖြတ်ထားမှတော့ ကျွန်မတို့ လေပျံလွှားကလည် ရှင့်ဆန္ဒကို ဖြည့်ဆည်းပြီး ရှင့်ကိုပေးလိုက်မယ် "

ချီလိသည် ကူရာကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။

ကောခိုင်ရှန်သည် ချက်ချင်းပင် အားပါးတရပြုံးပြီး သူ့လက်ကို ဆန့်တန်းလိုက်သည်။

" ဒီပြိုင်ပွဲက ကျုပ်တို့ရဲ့ ဆက်ဆံရေးကို မထိခိုက်ဘူးလို့ မျှော်လင့်ပါတယ် "

သို့သော် သူ့နှလုံးသားထဲတွင်တော့ မုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။

သူသည် ထိုအမျိုးသမီးကြောင့် ငွေပိုသုံးလိုက်ရသည်။

ထိုသည်ကို တွေးမိသည်နှင့် သူ့နှလုံးသားမှာ နာကျင်ကိုက်ခဲလာသည်။

ချီလိ ပြုံးလိုက်ပြီး သူ့ကို ပြန်၍လက်ဆွဲနှုတ်ဆက်လိုက်သည်။

" ဂုဏ်ယူပါတယ်၊ ဥက္ကဌကော “

သို့သော် သူမ၏ စိတ်ထဲတွင်တော့ ကျိန်ဆဲနေခဲ့သည်။

ဒီစီမံကိန်ကို ငွေတွေ ဒီလောက်အများကြီး သုံးနေတာက အရူးပဲ။

ဒီအရူး ငွေတွေအားလုံး ဆုံးရှုံးသွားပါစေ။

သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် စကားအနည်းငယ် ဖလှယ်ခဲ့ကြသည်။

သို့သော် ပတ်ဝန်းကျင်ရှိ လေထုသည် အလွန်ပင် အေးစက်သလို ဖြစ်နေသည်။

" ဥက္ကဌချန်း၊ ဥက္ကဌချီက နောက်ဆုတ်သွားပြီ။ အဲ့တော့ ဒီစီမံကိန်းက ကျုပ်ဟာဖြစ်လာပြီပဲ "

ကောခိုင်ရှန်သည် သူ အနှစ်သက်ဆုံး စီမံကိန်းကို ရသွား၍ ပြုံးနေသည်။

ချန်းရွှမ်သည်လည်း ပြုံးလိုက်ပြီး သူ့ကို ဂုဏ်ပြုလိုက်သည်။

" ဂုဏ်ယူပါတယ်၊ ဥက္ကဌကော။ ကျွန်မက ဟုန်းဟွာအိမ်ခြံမြေရဲ့ အင်အားကို အတော်ယုံကြည်ပါတယ်။ ဒီစီမံကိန်းက ရှင့်လက်ထဲကနေ ယန်းချန်အိမ်ခြံမြေလောကရဲ့ စံနှုန်းတစ်ခု ဖြစ်လာလိမ့်မယ်လို့ ကျွန်မ သေချာပေါက် ယုံကြည်တယ် "

ကောခိုင်ရှန်သည် အပြင်ပိုင်းတွင် ပြုံးနေသော်လည်း သူ့နှလုံးသားထဲတွင်တော့ ငိုနေခဲ့သည်။

ချန်းရွှမ်သည် မနေ့ညက သူ့ကို ဖုန်းဆက်ခဲ့ပြီး ယွမ်သန်း၆၀၀သာ တောင်းဆိုခဲ့သည်။

သို့သော် ယခုတွင် သူသည် နောက်ထပ် ယွမ်သန်း၄၀ သုံးလိုက်ရသည်။

" ဒါဆိုလည်း ဥက္ကဌချန်း၊ အခု ကျုပ်တို့ စာချုပ်ချုပ်ကြတော့မလား "

လမ်းလယ်ရောက်မှ တစ်ခုခု မှားသွားမည်ကို ကြောက်သောကြောင့် သူသည် စိတ်မရှည်စွာ တိုက်တွန်းနေလိုက်သည်။

" ဟုတ်ပါပြီ "

သူမသည် ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ လက်ထောက်ဘက်သို့ လှည့်လိုက်သည်။

" စာချုပ်ကို မိတ္တူနှစ်ခု ထုတ်လိုက် "

" ဟုတ်ကဲ့ပါ၊ ဥက္ကဌ "

လက်ထောက်သည် နာခံကြောင်း ပြန်ပြောလိုက်ပြီး ထွက်သွားတော့မလို လုပ်နေသည်။

ထိုအချိန်မှာပင် လူအုပ်၏ အနောက်မှ ယောကျာ်းတစ်ယောက်၏ အသံသည် ရုတ်တရက် ထွက်ပေါ်လာသည်။

" ခဏလောက် စောင့်ပါဦး "

ထိုအသံကို ကြားသောအခါ လူတိုင်းသည် လှည့်ကြည့်လိုက်သည်။

ထိုအခါ ထောင့်တွင် ထိုင်နေပြီး နူးညံ့ညင်သာပုံပေါက်သည့် အသက်၃၀ခန့် အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရသည်။

သူသည် ဝတ်ထားသော အနက်ရောင်ဝတ်ဆုံနှင့် တွဲပြီး အလွန်ပင် ကြည့်ကောင်းနေသည်။

သူသည် တစ်ချိန်လုံးထိုင်နေခဲ့ပြီး လေလံပွဲတွင် ဝင်မပါခဲ့ပေ။

ဘာကြောင့် ဤအချိန်မှ သူ ပါးစပ်ဖွင့်လာလဲဆိုသည်ကို သူတို့ မသိကြပေ။

" မင်္ဂလာပါ၊ ဥက္ကဌချန်း။ ကျွန်တော်က တောက်ပရောင်ခြည်အိမ်ခြံမြေက ဥက္ကဌပါ။ နာမည်က ဝေ့ကွမ်းဟွေ့ပါ "

သူသည် ချန်းရွှမ်ရှေ့သို့ လမ်းလျှောက်လာပြီး သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

ချန်းရွှမ်သည်လည်း သူ့လက်ကို ယဥ်ကျေးစွာ ပြန်၍ လက်ဆွဲနှုတ်ဆက်လိုက်သည်။

" မင်္ဂလာပါ ဝေ့လူကြီးမင်း၊ ဘာကိစ္စရှိလို့ပါလဲ "

ဝေ့ကွမ်းဟွေ့သည် ပြုံးလိုက်သည်။

" ကျွန်တော်က ဝါးကျွန်းရွာစီမံကိန်းကို အရမ်းစိတ်ဝင်စားပါတယ်။ အဲ့တာကြောင့် ကျွန်တော်က လေလံဆွဲတာမှာ ဝင်ပါချင်လို့ပါ "

ကောခိုင်ရှန်သည် မျက်မှောင်ကြုတ်လိုက်သည်။

" လူငယ်လေး၊ ငါက တစ်အိမ်ကို ၄.၆သန်းနဲ့ လေလံဆွဲထားပြီးသွားပြီ။ မင်း လေလံဆွဲတာမှာ ပါချင်နေတာ သေချာရဲ့လား "

ဝေ့ကွမ်းဟွေ့၏ နှုတ်ခမ်းများသည် တွန့်ကွေ့သွားပြီး ပြုံးလိုက်သည်။

" ၄.၆သန်းထဲလား။ ကျွန်တော်ကတော့ ဒီစီမံကိန်းက အနည်းဆုံး တစ်အိမ်ကို ၅သန်းလောက် တန်တယ်လို့ ထင်တယ် "

သူ ထိုသို့ ပြောလိုက်သည်နှင့် လူတိုင်း၏ မျက်လုံးများသည် ပြူးကျယ်သွားကြသည်။

" လူငယ်လေး၊ မင်း လာနောက်နေတာလား။ တစ်အိမ်ကို ၅သန်းတဲ့လား။ ဒါဆိုရင် သန်း၇၀၀ပေါ့ "

" ငါတို့ ကုမ္ပဏီက ထပ်ခါထပ်ခါ တွက်ချက်ပြီးသွားပြီ။ သန်း၆၀၀က တော်တော်ကို မြင့်တဲ့ဈေးပဲ။ သန်း၇၀၀ကတော့ အရှုံးပေါ်နိုင်တယ် "

" ဒီလူ ဘယ်ကလာတာလဲ။ သူ ဒီမှာ ပြဿနာလာရှာနေတာလား။ တောက်ပရောင်ခြည်အိမ်ခြံမြေကို မင်းတို့ ကြားဖူးကြလား "

" ငါတော့ တစ်ခါမှ မကြားဖူးဘူး။ တည်ထောင်ထားတာ မကြာသေးတဲ့ ကုမ္ပဏီသေးသေးလေးပဲ ဖြစ်ရမယ်၊ ဟုတ်တယ်မလား "

" အသစ်ထောင်ထားတဲ့ ကုမ္ပဏီက ယွမ်သန်း၇၀၀ ထုတ်နိုင်တာတဲ့လား။ မင်း ငါတို့ကို လာပြောင်နေတာလား "

လူတိုင်းသည် စတင်ဆွေးနွေးနေကြတော့သည်။

ရှင်းလင်းစွာပင် သူတို့သည် ထိုလူငယ်လေးကို မယုံကြည်ကြပေ။

ဝေ့ကွမ်းဟွေ့သည် သူ့ခေါင်းကို လှည့်လိုက်ပြီး သူတို့ကို ကြည့်လိုက်သည်။

" တောက်ပရောင်ခြည်အိမ်ခြံမြေက အခုမှ တည်ထောင်ထားတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ယွမ်သန်း၇၀၀လေးကို ထုတ်ဖို့ဆိုတာက ပြဿနာမဟုတ်ပါဘူး "

လူအနည်းငယ်သည် သူ့ကို စတင်၍ လှောင်ပြောင်လာကြသည်။

" ဆက်ပြီး ကြွားနေလိုက်။ အသစ်တည်ထောင်ထားတဲ့ ကုမ္ပဏီသေးသေးလေးတစ်ခုက ယွမ်သန်း၇၀ ထုတ်လာနိုင်တာပဲ အတော်လေးကို ကောင်းနေပြီ။ သန်း၇၀၀လေး ဟုတ်လား "

" ဟုတ်တယ်။ ငါတို့အိမ်ခြံမြေက တည်ထောင်လာခဲ့တာ ၁၀နှစ်ကျော်နေပြီ။ ဒါပေမဲ့ အဲ့လို ပမာဏအကြီးကြီးကို တစ်ခါတည်းထုတ်ဖို့ ငါတို့ မပြောရဲဘူး "

" ဒီကလေးက ဘာတစ်ခုမှ မရဖို့ကြိုးစားနေတာလား "

" ငါလည်း အဲ့လိုထင်တယ်။ ဥက္ကဌချန်း၊ သူ့ရဲ့ အဓိပ္ပာယ်မရှိတာတွေကို မယုံနဲ့ "

ချန်းရွှမ် ပြန်မပြောနိုင်ခင်မှာပင် ဝေ့ကွမ်းဟွေ့သည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

" ခင်ဗျားတို့ ကျွန်တော့်ကို မယုံဖို့ ရွေးချယ်နိုင်ပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ ဝေ့ချန်းဖန်းကိုတော့ ယုံသင့်တယ်၊ ဟုတ်တယ်မလား "

" ဝေ့ချန်းဖန်းလား "

လူတိုင်းသည် ဝေ့ချန်းဖန်း၏ နာမည်ကို ကြားသောအခါ မှင်သက်သွားပြီး ချန်းရွှမ်ကို ကြည့်လိုက်ကြသည်။

ယဲ့ဖန်သည် ယန်းချန်မြို့သို့ ရောက်မလာခင်၌ ဝေ့ချန်းဖန်းသည် အိမ်ခြံမြေလောကတွင် အကောင်းဆုံးတစ်ယောက် ဖြစ်ခဲ့သည်။

သူ့အား ယန်းချန်မြို့မှ ရီမိသားစုက အပြည့်အဝ ကျောထောက်နောက်ခံပေးထားပြီး လူတိုင်းက သူ့ကို မျက်နှာသာပေးရသည်။

သို့သော် ယဲ့ဖန်မှ သူ့ကို သင်ခန်းစာတစ်ခုပေးလိုက်သောကြောင့် သူသည် လူတိုင်း၏ အမြင်အာရုံမှ ပျောက်ကွယ်သွားလုနီးပါးဖြစ်ခဲ့သည်။

သူသည် အချိန်အတော်ကြာ ပေါ်မလာခဲ့ပေ။

ထိုသို့ ဖြစ်နေသည်တောင်မှ သူသည် အိမ်ခြံမြေလောက၌ အကောင်ကြီးတစ်ယောက်ဖြစ်နေဆဲ ဆိုသည်ကို ဘယ်သူမှ ငြင်းမရပေ။

" မင်းနဲ့ ဝေ့ချန်းဖန်းကြား ဆက်ဆံရေးက ဘာလဲ "

ကောခိုင်ရှန်သည် ဝေ့ကွမ်းဟွေ့ကို ကြောက်ရွံ့မှုတချို့နှင့် ကြည့်လိုက်သည်။

" ဝေ့ချန်းဖန်းက ကျွန်တော်ရဲ့ဝမ်းကွဲပဲ "

ဝေ့ကွမ်းဟွေ့သည် ဂုဏ်ယူစွာ ကြည့်၍ ပြောလိုက်သည်။

သူ ထိုသို့ ပြောလိုက်သည်နှင့် ချက်ချင်းပင် ထောင်သောင်းမက ဂယက်ထသွားစေသည်။

ထိုလူငယ်လေးကို သရော်ခဲ့သော လူတိုင်းသည် စတင်၍ လေးနက်လာကြသည်။

အကယ်၍ သူသည် ဝေ့ချန်းဖန်း၏ ဝမ်းကွဲ ဖြစ်ပါက ဤသည်ကား မတူညီသော အကြောင်းအရာတစ်ခု ဖြစ်သွားပြီ ဖြစ်သည်။

" သူက ဒီကို ဝေ့ချန်းဖန်းရဲ့အမိန့်ကြောင့် ရှိနေတာ ဖြစ်နိုင်တယ်၊ ဟုတ်တယ်မလား။ ဝေ့ချန်းဖန်းက လင်းယွမ်အိမ်ခြံမြေကို လာဖို့ ရှက်နေတာကြောင့် သူ့ဝမ်းကွဲကို ပြောရေးဆိုခွင့်ရှိသူအဖြစ် လွှတ်လိုက်တာပဲ "

လူတိုင်း၏ အမူအရာကို မြင်သောအခါ ဝေ့ကွမ်းဟွေ့၏ အပြုံးသည် ပို၍ ပီပြင်လာသည်။

" ကျွန်တော် သန်း၇၀၀နဲ့ လေလံဆွဲတယ်။ ကျွန်တော့်ထက် ပိုပေးမယ့်လူရှိလား "

All Chapters