အခန်း (၁၀၇၃-၁၀၇၆)
Vol. 54 Ch. 1073-1076
အပိုင်း ( ၁၀၇၃ )
အမျိုးသမီး၊ ခင်ဗျား တစ်ခုခုကို နားလည်မှုလွဲနေတာလား
ချန်းရွှမ်သည် ချက်ချင်းပင် သူမ၏ မျက်လုံးများကို ဝေ့လိုက်သည်။
" ကျွန်မပြောတာက ရှင်က ယောက်ျားပီသနေတာလို့။ ဒါပေမဲ့ အတည်ပြောရရင် ရှင်က အရမ်းကို ကြည့်ကောင်းနေတာ။ ကျွန်မတောင် နည်းနည်း ပိုချစ်မိလာတယ်။ တကယ်လို့ တခြားမိန်းမတွေသာမြင်ရင် ဒါကို တောင့်ခံနိုင်မှာ မဟုတ်ဘူး "
ပြောနေရင်းဖြင့် သူမသည် သက်ပြင်းချလိုက်သည်။
ယဲ့ဖန်သည် သူမကို ကြည့်လိုက်ပြီး ရယ်ချင်နေသည်။
" မင်းရဲ့ကောင်လေးက အရမ်းချောမောနေတာ မကောင်းဘူးလား။ ဘာလို့ မင်းက သက်ပြင်းချနေတာလဲ "
ချန်းရွှမ်သည် သူ့ကို ကူရာကယ်ရာမဲ့စွာ ကြည့်လိုက်သည်။
" အခု နင်က ပိုပိုပြီး ဆွဲဆောင်မှု ရှိလာနေတယ်လေ။ အဲ့တာက သေချာပေါက် မိန်းမတွေ အများကြီးက နင့်ကို မျက်စိကျလာစေလိမ့်မယ်။ တစ်နေ့ကျ နင်ငါ့ကို လျစ်လျူရှုသွားမှာ ငါကြောက်တယ် "
ယဲ့ဖန်သည် သူမ၏ လက်သေးသေးလေးကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။
" စိတ်မပူပါနဲ့၊ ကိုယ့်ရဲ့ရမ္မက်တွေက မင်းကြောင့် ပျက်စီးနေပြီ။ သာမန်မိန်းမတွေက ကိုယ့်အာရုံစိုက်မှုနဲ့ မထိုက်တန်ဘူး "
ထိုအချိန်မှာပင် လင်းကျွင်းကျွင်းသည် ထပ်၍ ဖုန်းခေါ်လာခဲ့သည်။
" ဟယ်လို၊ ကျွင်းကျွင်း။ ကိုယ် အလုပ်ပြီးသွားပြီ။ အိုကေ၊ ပြီးရင် တွေ့ကြတာပေါ့ "
ချန်းရွှမ်သည် သူဖုန်းပြောပြီးသည့်အထိ စောင့်နေခဲ့သည်။
ထို့နောက် ခဏစဉ်းစားကာ မေးလိုက်သည်။
" နင့်အမြင်မှာ မန်နေဂျာလင်းက သာမန်မိန်းကလေးလား "
ယဲ့ဖန်သည် ချက်ချင်းပင် ရှက်ရွံ့စွာ ပြုံးလိုက်သည်။
" ကိုယ့်မျက်လုံးထဲမှာ မင်းနဲ့ ယှဥ်ရင် တခြားမိန်းမတွေ အကုန်လုံးက သာမန်ပဲ "
" ဟား၊ တစ္ဆေတစ်ကောင်ပဲ နင့်ကို ယုံလိမ့်မယ် "
ချန်းရွှမ်သည် ထိုစကားကို မကျေမနပ်ဖြင့် ပြောလိုက်သော်လည်း သူမ၏ နှုတ်ခမ်းသည် ပြုံးနေကာ အခု သူမ အလွန်ပျော်ရွှင်နေသည်ဆိုတာကို ပြနေခဲ့သည်။
ယဲ့ဖန်သည် သူမကို ပျော်ရွှင်လာအောင် ကြိုးစားပေးနေသည် ဆိုတာ သူမ သိသော်လည်း သူမသည် ထိုသည်ကို နှစ်သက်နေသေးသည်။
ယဲ့ဖန်သည် ချန်းရွှမ်ကို လင်းယွမ်အိမ်ခြံမြေဆီသို့ ပို့ပေးပြီးသည့်နောက် သူသည် လင်းကျွင်းကျွင်းနှင့် ချိန်းဆိုထားသော နေရာသို့ မောင်းထွက်သွားတော့သည်။
အဝေးမှ လင်းကျွင်းကျွင်းသည် ဘတ်စ်ကားမှတ်တိုင်တွင် ထိုင်၍ စာအုပ်ဖတ်နေသည်ကို ယဲ့ဖန် မြင်လိုက်ရသည်။
သူမသည် ဒီနေ့တွင် အဖြူရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး သူမ၏ ခေါင်းပေါ်တွင် အဖြူရောင် ခေါင်းစည်းကြိုးစီးထားသည်။
သူမ၏ ပုံစံသည် ခေတ်ဟောင်း အလှရသတစ်မျိုးကို ပေးစွမ်းနေသည်။
ထိုနေရာတွင် ထိုင်ပြီး သူမသည် စာအုပ်ဖတ်နေသည်ဆိုသည့် အချက်ကို ထပ်ဖြည့်ပြောရလျှင် သူမသည် အနုပညာဆန်သော ငယ်ရွယ်သည့် မိန်းမပျိုလေးတစ်ဦး၏ အငွေ့အသက်များကို ထုတ်လွှတ်နေသည်။
ထိုနေရာတွင် ကားစောင့်နေသော လူများသည် ခေါင်းများလှည့်ကာ ခိုးကြည့်နေကြသည်။
ဖြတ်သွားဖြတ်လာ ယောကျာ်းတစ်ယောက်ဆိုလျှင် လမ်းမီးတိုင်နှင့်ပင် တိုက်မိလုနီးပါးဖြစ်သွားသည်။
" ဒါက အရမ်း ကြေကွဲဖို့ကောင်းတယ် မဟုတ်ဘူးလား "
ယဲ့ဖန်သည် သက်ပြင်းချလိုက်ပြီး ကားကို လမ်းဘေးတွင် ချရပ်ကာ ဟွန်းတီးလိုက်သည်။
လင်းကျွင်းကျွင်းသည် သူမ၏ နဖူးပေါ်ရှိ ဆံပင်တစ်ချို့ကို လက်ဖြင့် သပ်လိုက်ပြီး မော့ကြည့်လာခဲ့သည်။
အဆိုပါမြင်ကွင်းသည် အလွန်လှပလွန်းလှသည်။
ယဲ့ဖန်သည် ချက်ချင်းပင် ဖုန်းကို ထုတ်ကာ ဓာတ်ပုံရိုက်လိုက်သည်။
" နောက်ဆုံးတော့ ရှင်ဒီကို ရောက်လာပြီပဲ။ ကျွန်မ ရှင့်ကို စောင့်နေတာ ကြာလှပြီ "
လင်းကျွင်းကျွင်းသည် သူမ၏ စာအုပ်လေးကို ကိုင်ကာ ပြေးလာပြီး ရှေ့ခရီးသည်ထိုင်ခုံတွင် ထိုင်လိုက်သည်။
" မင်းက စာဖတ်နေတာ အရမ်းနစ်မြုပ်နေတာကို မြင်တော့ ကိုယ့်မှာမင်းကို နှောင့်ယှက်နိုင်တဲ့ နှလုံးသားမရှိဘူး။ မင်း ဘာစာအုပ်ကို ဖတ်နေတာလဲ "
ပြောနေရင်းဖြင့် ယဲ့ဖန်သည် သူမ၏ စာအုပ်ကို ယူပြီး ကြည့်လိုက်သည်။
သူသည် အံ့ဩသွားရသည်။
" ဂျပန်စာအခြေခံအဆင့်လား။ မင်း ဘာလို့ ဂျပန်စာသင်နေတာလဲ "
လင်းကျွင်းကျွင်းသည် သူမ၏ ဆံပင်လေးများကို သပ်လိုက်သည်။
" ကျွန်မ အဲ့တာကို အလုပ်အတွက် လိုအပ်တယ်လေ "
ယဲ့ဖန်၏ မျက်နှာပေါ်တွင် ထူးဆန်းသောအပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
" အလုပ်အတွက်လား။ မင်းရဲ့အသံထွက်ကရော တိကျရဲ့လား "
လင်းကျွင်းကျွင်းသည် မှင်သက်သွားသည်။
" အသံထွက် တိကျတာလား။ အဲ့လိုတော့ ထင်တာပဲ "
ယဲ့ဖန်သည် ခြောက်ကပ်စွာ ရယ်မောလိုက်သည်။
" မင်းက အတည်ဖြစ်နေမှတော့ ကိုယ် မင်းကို စမ်းသပ်မယ်။ ဂျပန်လို ‘အဲ့လိုမလုပ်ပါနဲ့’ ဆိုတာကို ဘယ်လိုပြောလဲ "
" ယာမဲတဲ "
လင်းကျွင်းကျွင်းသည် ကျောင်းသားကောင်းတစ်ယောက်လို လေးနက်စွာ ဖြေလိုက်သည်။
ယဲ့ဖန် ခေါင်းခါလိုက်သည်။
" မဟုတ်ဘူး၊ အသံက ဒီထက် ပိုပြီး ညင်သာသင့်တယ်။ မင်းက အခုမှ လေ့ကျင့်ခန်းလုပ်ထားပြီး အသက်ရှူကြပ်နေသလိုမျိုးပေါ့ "
လင်းကျွင်းကျွင်းသည် သူမ ပြေးပြီးသည့်နောက်တွင် ဖြစ်တတ်သော ခံစားချက်ကို ပြန်သွင်းလိုက်သည်။
သူမသည် သစ်ခွပန်းလေးကဲ့သို့ အသက်ရှူသွင်းလိုက်ပြီး ပြောလိုက်သည်။
" ယာမဲ့တဲ ~~~~ "
ယဲ့ဖန်သည် အသံထွက် သိပ်မကောင်းဘူးဟု ခံစားလိုက်ရသည်။
" တစ်ခါတည်းနဲ့ နှစ်ကြိမ်ပြောကြည့်ပါလား "
" ဟာမဲတဲ ယာမဲတဲ ~~~~~ "
" သုံးကြိမ် "
" ဟာမဲတဲ ယာမဲတဲ ယာမဲတဲ့ ~~~~~ "
" အဟမ်း၊ ဟုတ်တယ်၊ အရမ်းတော်တယ် "
" ဒါဆိုလည်း သွားစားကြရအောင် "
" ကောင်းပြီ "
" ဒါဆိုလည်း ရှင် မောင်းတော့ "
" ခဏလောက်စောင့်ဦး "
" ဘာလုပ်ဖို့ ခဏစောင့်ရမှာလဲ "
" အယောင်ကျအောင် စောင့်ရမယ် "
" ရှင် ဒဏ်ရာရထားတာလား။ ကျွန်မ ရှင့်ကို ကူပြီးပွတ်ပေးရမလား "
" အဲ့လိုလုပ်ဖို့ မလိုပါဘူး၊ ဟုတ်တယ်မလား "
.................
လင်းကျွင်းကျွင်းသည် အလယ်အလတ်တန်းစား အနောက်တိုင်း စားသောက်ဆိုင်တစ်ဆိုင်ကို ကြိုတင်အမှာလုပ်ခဲ့ပြီး သူမသည် မည်မျှ ချွေတာတတ်သည်ဆိုတာ ပြသခဲ့သည်။
မည်သို့ပင်ဖြစ်စေ မေပယ်စံအိမ်ရှိ သူမ၏ လက်ရှိဝင်ငွေအရ သူမသည် လစဥ်လစာသည် အနည်းဆုံး ယွမ်၁သိန်းခန့် ဖြစ်သည်။
သူမသည် အထက်တန်းစား အနောက်တိုင်းစားသောက်ဆိုင်ကို တတ်နိုင်လေသည်။
" မင်းက ဒီလိုဇနီးမယားဆန်တဲ့ မိခင်ကောင်းတစ်ယောက် ဆိုတာကို မသိခဲ့ဘူးပဲ "
ယဲ့ဖန်သည် သူမရှေ့တွင် ထိုင်လိုက်ပြီး စိတ်ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်။
လင်းကျွင်းကျွင်းသည် တစ်ခုခုကို တွေးမိသွားပုံရပြီး သူမ၏ မျက်နှာသည် ချက်ချင်းပင် နီရဲသွားသည်။
" ပေါက်ကရတွေ လျှောက်မပြောနဲ့။ ဘယ်သူက ရှင့်ကို လက်ထပ်ချင်နေလို့လဲ "
ထိုအချိန်တွင် ယဲ့ဖန်သည် တစ်ဖန်ပြန်ပြီး ကြောင်တောင်တောင် ဖြစ်သွားရသည်။
" အမျိုးသမီးလေး၊ မင်း တစ်ခုခုကို နားလည်မှု လွဲနေတာလား "
သူသည် သူမက အလွန်ချွေတာပြီး ကောင်းမွန်သည့်ဘဝဖြင့် နေထိုင်နိုင်သည်ဟုသာ တွေးနေရုံ ဖြစ်သည်။
ဘာလို့ ငါ့ကိုလက်ထပ်တာက ပါလာတာလဲ။
လင်းကျွင်းကျွင်းသည် သူမ၏ ပါးစပ်ကို ဖုံးလိုက်ပြီး ရယ်မောလိုက်သည်။
" ရှင် ဘယ်လောက် ကြောက်နေလဲဆိုတာ ကြည့်ပါဦး။ စိတ်မပူပါနဲ့၊ ကျွန်မနေရာကို ကျွန်မ သိပါတယ် "
" အခု ရှင်က ယန်းချန်မြို့မှာ ထိပ်တန်းသူဌေးကြီးတစ်ယောက်လေ။ ဒီက မိန်းကလေးက တကယ်ပဲ ရှင်နဲ့ မတန်ပါဘူး "
ယဲ့ဖန်သည် သူ့လက်ကို နှိမ့်ချစွာ ဝေ့ယမ်းလိုက်သည်။
" ပေါက်ကရတွေ မပြောပါနဲ့။ ဘာသူဌေးကြီးလဲ။ လူတွေက ကိုယ့်ကို ကြည့်ကောင်းတယ်လို့ ပြောတာကို ပိုကြိုက်တယ် "
" ဟား … အရှက်မရှိတာဘဲ "
လင်းကျွင်းကျွင်းသည် သူကြောင့် ချက်ချင်းပင် ကျေနပ်သွားသည်။
ပြီးတော့ ယဲ့ဖန်၏ မျက်လုံးများသည် သူမအပေါ်တွင်သာ ရှိနေသည်။
ဒီလောက်လှတဲ့ မိန်းကလေး။
ယာမဲတဲ၊ မဖြစ်ဘူး။ စိတ်ထိန်း
" အာ၊ ဟုတ်ပါပြီ။ မင်း ကိုယ့်ကို ဖုန်းထဲမှာပြောတာ ကိုယ်နဲ့ ဆွေးနွေးစရာ တစ်ခုခု ရှိတယ်ဆို။ ပြောလေ၊ ဘာကိစ္စလဲ "
ယဲ့ဖန်သည် သူ့အကြည့်ကို ခက်ခဲစွာ လွှဲလိုက်ရပြီး လိုရင်းကို တိုက်ရိုက် သွားလိုက်သည်။
" အဲ့တာက မေပယ်စံအိမ် အကြောင်းပါ "
လင်းကျွင်းကျွင်း စကားပြောရန် ပြင်လိုက်ချိန်မှာပင် သူမ၏ အနောက်မှ အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
" လင်းကျွင်းကျွင်းလား။ နင်က ဘာလို့ ဒီမှာရှိနေရတာလဲ။ ဒါက နင့်ကောင်လေးလား "
သူမသည် ချက်ချင်းပင် လှည့်ကြည့်လိုက်သည့်အခါ အနီရောင်ဂါဝန်ကို ဝတ်ထားသောအမျိုးသမီးတစ်ယောက်သည် ထိုနေရာတွင် မတ်တပ်ရပ်နေသည်ကို မြင်လိုက်ရသည်။
ထိုအမျိုးသမီးသည် မိတ်ကပ်ပါးပါး လိမ်းထားပြီး သူမ၏ နှုတ်ခမ်းတွင် အနီရောင်နှုတ်ခမ်းနီကို ဆိုးထားသည်။
သူမသည် အတော်လှပနေပုံပေါ်ပြီး သူ မဝတ်ထားသောအရာများသည် နာမည်ကြီးအမှတ်တံဆိပ်များ ဖြစ်သည်။
သို့သော် အကြောင်းပြချက်တချို့ကြောင့် သူမသည် ယဲ့ဖန်ကို အဆင်မပြေသော ခံစားချက်မျိုး ပေးနေသည်။
" ရှောင်လုလား "
ထိုအမျိုးသမီးကို မြင်သောအခါ လင်းကျွင်းကျွင်းသည် အံ့ဩမှုကြောင့် မတ်တပ်ထရပ်လိုက်သည်။
အပိုင်း ( ၁၀၇၄ )
ရှင် ကျွင်းကျွင်းကို ထောက်ပံ့ပေးနိုင်လား
" ရှောင်လု၊ ငါနင်နဲ့ ဒီမှာတွေ့ရမယ်လို့ မထင်ထားခဲ့ဘူး။ ဒါက အရမ်း မတိုက်ဆိုင်လွန်းဘူးလား "
လင်းကျွင်းကျွင်းသည် ထိုအမျိုးသမီးကို အံ့ဩမှုဖြင့် ကြည့်လိုက်ပြီး သူမ၏ မျက်နှာတွင် ရိုးသားသော အပြုံးတစ်ခု ဖြစ်လာသည်။
" ငါက ဒီကဖြတ်သွားတာပါ။ ပြီးတော့ နည်းနည်းဗိုက်ဆာနေတာနဲ့။ အဲ့တာကြောင့်လေ၊ မဟုတ်ရင် ငါ ဒီလို အလတ်တန်းစား စားသောက်ဆိုင်မျိုးကို လာလေ့မရှိဘူးလေ "
ထိုအမျိုးသမီး၏ အပြုံးသည် အတုအယောင်ဖြစ်နေပြီး သူမသည် ချက်ချင်းပင် အကြောင်းအရာကို ပြောင်းလိုက်သည်။
" ဒါက နင့်ရဲ့ကောင်လေးလား "
လင်းကျွင်းကျွင်းသည် ခေါင်းခါပြလိုက်သည်။
" မဟုတ်ဘူး၊ သူ … သူက ငါ့ရဲ့သူဌေး "
ထိုအမျိုးသမီး၏ မျက်ခုံးများသည် ပင့်တက်သွားသည်။
" နင့်ရဲ့ သူဌေးလား။ အရမ်း မငယ်လွန်းဘူးလား။ နင်က အိမ်ခြံမြေစီမံခန့်ခွဲမှုမှာ လုပ်တာကို ငါ မှတ်မိပါသေးတယ်၊ ဟုတ်တယ်မလား။ သူက နင့်ရဲ့အိမ်ခြံမြေကုမ္ပဏီကသူဌေးလား "
လင်းကျွင်းကျွင်းသည် ပြုံးပြလိုက်ပြီး ခေါင်းခါလိုက်သည်။
" မဟုတ်ဘူး၊ ငါက အခု ရှေးဟောင်းပစ္စည်းဆိုင်မှာ အလုပ်လုပ်နေတာ "
ထိုအမျိုးသမီး၏ မျက်နှာပေါ်မှ အပြုံးသည် ချက်ချင်းပင် ဖျော့တော့သွားသည်။
" ရှေးဟောင်းပစ္စည်းဆိုင်လား။ ကျွင်းကျွင်း၊ ငါနင့်ကို ဝေဖန်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ နင်က ဘာလို့ ပိုပိုပြီး ဆိုးလာနေတာလဲ "
" အနည်းဆုံးတော့ အိမ်ခြံမြေစီမံခန့်ခွဲမှုက တက်လမ်း ရှိသေးတယ်။ ရှေးဟောင်းပစ္စည်းဆိုင်က ဘာအနာဂတ်ရှိလို့လဲ "
သူမ၏ အမြင်တွင် ရှေးဟောင်းပစ္စည်းဆိုင်သည် အခန်းငယ်လေးကို ငှားထားသော စီးပွားရေးအသေးစားမျိုး ဖြစ်ပြီး အထဲတွင် အိုဟောင်းနေသော ပစ္စည်းများ ထားခြင်းသာ ဖြစ်သည်။
သူမ၏ လေသံသည် မကျေမနပ် ဖြစ်နေသည်။
လင်းကျွင်းကျွင်းသည် အနည်းငယ် ရှက်ရွံ့သွားသည်။
သို့သော် သူမသည် အထူးတလည် မရှင်းပြလိုက်ပေ။
" အို ဟုတ်ပါပြီ၊ ရှောင်လုရယ်။ အခု နင် ဘာတွေလုပ်နေလဲ။ နင်က ကောင်းကောင်း ဝတ်စားထားတာကို တွေ့ရတော့ နင့်ရဲ့အလုပ်က အတော်ကို ကောင်းရမယ်၊ ဟုတ်တယ်မလား "
ထိုအမျိုးသမီးသည် ချက်ချင်းပင် ဂုဏ်ယူစွာပြုံးလိုက်သည်။
" ငါ … ငါက အခု အလွတ်တမ်း အလုပ်သမားလေ "
လင်းကျွင်းကျွင်းသည် ခေါင်းညိတ်လိုက်သည်။
" အလွတ်တမ်းအလုပ်က ကောင်းတာပေါ့။ နင် လွတ်လပ်ပြီး အထိန်းအချုပ် မရှိဘဲ နေနိုင်တယ်လေ "
ပြောနေရင်းဖြင့် သူမသည် ယဲ့ဖန်ကို ကြည့်လိုက်သည်။
" အာ ဟုတ်သားပဲ၊ ကျွန်မ ရှင့်ကို မိတ်မဆက်ပေးရသေးဘူး။ ဒါက ကျွန်မရဲ့ တက္ကသိုလ်အခန်းဖော် လုရှောင်လု။ ဒါက ငါ့ရဲ့ သူဌေး ယဲ့ဖန် "
ယဲ့ဖန်သည် ပုံမှန်အားဖြင့် သာမန်မိန်းကလေးများကို ကြည့်ရန် စိတ်ဝင်စားလိမ့်မည် မဟုတ်ပေ။
သို့သော် ထိုအမျိုးသမီးသည် လင်းကျွင်းကျွင်း၏ အခန်းဖော် ဖြစ်နေခဲ့သည်။
ထို့ကြောင့် သူသည် သူမကို မျက်နှာသာ ပေးရမည် ဖြစ်သည်။
ယဲ့ဖန်သည် ချက်ချင်းပင် မတ်တပ်ရပ်လိုက်ပြီး သူ့လက်ကို ဆန့်တန်းလိုက်သည်။
" မင်္ဂလာပါ၊ မိန်းကလေးလု "
လုရှောင်လုသည် သူ့လက်ကို စိုက်ကြည့်လိုက်သည်။
သို့သော် သူမသည် လက်ဆွဲမနှုတ်ဆက်ခဲ့ပေ။
သူမသည် ဂုဏ်မောက်နေသော ဒေါင်းတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး သူ့ရှေ့တွင် ထိုင်လိုက်သည်။
အဆိုပါ မြင်ကွင်းကို မြင်သောအခါ လင်းကျွင်းကျွင်းသည် အမြန်ပင် ယဲ့ဖန်ကို တောင်းပန်စွာနှင့် ကြည့်လိုက်သည်။
ယဲ့ဖန်သည် စိတ်ထဲမထားပေ။
သူ့နေရာတွင်သာ ပြန်ထိုင်လိုက်သည်။
" ကျွင်းကျွင်း၊ နင့်သူဌေးက ကပ်စေး မနည်းလွန်းဘူးလား။ သူက နင့်ကို ထမင်းကျွေးပြီး ဒီဟင်းလေးတွေပဲ မှာပေးတာလား။ ဒါကအားလုံးပေါင်းမှ ယွမ်၂၀၀လောက်ပဲ ရှိမှာကို။ ကျွင်းကျွင်းလို အလှလေးကို ဆွဲဆောင်တဲ့ တန်ဖိုးက အရမ်းနည်းမနေဘူးလား "
လုရှောင်လုသည် ထိုင်လိုက်ပြီးနောက် စားပွဲပေါ်ရှိဟင်းပွဲများကို အထင်သေးစွာဖြင့် ကြည့်လိုက်သည်။
လင်းကျွင်းကျွင်းသည် သူမဘေးတွင် ထိုင်လိုက်ပြီး အမြန်ရှင်းပြလိုက်သည်။
" မဟုတ်ပါဘူး၊ ဒီနေ့က ငါ ကျွေးတာပါ။ ငါက အမြဲ ကပ်စေးနည်းတဲ့လူလေ။ နင်သိသလိုမျိုး မဟုတ်ဘူး "
လင်းကျွင်းကျွင်းသည် ယဲ့ဖန်ဘက်မှ ကူ၍ ပြောပေးချင်သည်။
ထိုစကားကို ကြားပြီးသည့်နောက်တွင် လုရှောင်လုသည် ပို၍ အထင်တသေး ဖြစ်သွားလိမ့်မည်ဟု မမျှော်လင့်ထားပေ။
" ဘာလဲ သူက နင်နဲ့ ဒိတ်ချင်နေပြီး နင်က သူ့ကို ကျွေးရတယ်လား "
" ကျွင်းကျွင်း၊ နင်က ငတုံးလား။ တကယ်လို့ ယောက်ျားတစ်ယောက်က နင့်ကို လိုက်နေတဲ့အချိန်မှာ ငွေသုံးဖို့ သတ္တိမရှိဘူးဆိုရင် အဲ့လိုလူမျိုးက နင့်ရဲ့အချိန်တွေနဲ့ တန်ရဲ့လား "
လင်းကျွင်းကျွင်းသည် ရှောင်လုက ပိုပိုပြီး အကျိုးအကြောင်း မညီမညွတ် ဖြစ်လာသည်ကို ကြားပြီးနောက် ချက်ချင်းပင် ကြားဖြတ်ပြောလိုက်သည်။
" ရှောင်လု၊ နင်ထင်နေသလို မဟုတ်ဘူး။ သူက ငါ့ကို လိုက်နေတာ မဟုတ်ဘူး။ ငါတို့က ဒီနေ့ အလုပ်ကိစ္စ ပြောနေကြတာ "
လုရှောင်လုသည် လှောင်ပြောင်လိုက်သည်။
" ဘာအလုပ်ကိစ္စလဲ။ ယောကျ်ားတွေအကုန်လုံးက အလုပ်ယောင်ယောင် ဘာယောင်ယောင်နဲ့ မိန်းကလေးတွေကို ပရောပရည် လုပ်ကြတာပဲ မဟုတ်ဘူးလား။ နင်က အရမ်းနုံအလွန်းနေတာ မဟုတ်ဘူးလား "
လင်းကျွင်းကျွင်းသည် ထပ်ပြီး ပြောချင်နေသည်။
သို့သော် လုရှောင်လုသည် ယဲ့ဖန်ကို ကြည့်လိုက်သည်။
" ရှင့်ရှေးဟောင်းပစ္စည်းဆိုင်က တစ်လကို ဘယ်လောက်ရလဲ။ ရှင် ကျွင်းကျွင်းကို ထောက်ပံ့ပေးနိုင်လား "
ယဲ့ဖန်သည် ကူရာကယ်ရာမဲ့စွာဖြင့် သူ့နှုတ်ခမ်းကို သပ်လိုက်သည်။
" ရိုးရိုးသားသားပြောရရင် ငါ့ရှေးဟောင်းပစ္စည်းဆိုင်က တစ်လဘယ်လောက် ရတယ်ဆိုတာကို ငါ မသိဘူး "
" ပြီးတော့ ငါ သူမကို လိုက်နေတာ မဟုတ်ဘူး။ မင်း နားလည်မှုလွဲနေတာလား "
ယဲ့ဖန်သည် အမှန်ကို ပြောလိုက်သည်။
သူသည် သူ့ရှေးဟောင်းပစ္စည်းဆိုင်၏ ဝင်ငွေကို တကယ်ပင် မသိပေ။
သူ့၌ စီးပွားရေးပေါင်း များစွာရှိပြီး ရှေးဟောင်းပစ္စည်းဆိုင်သည် အကျိုးအမြတ်အနည်းဆုံးတစ်ခု ဖြစ်သည်။
ထို့ကြောင့် ထိုစီးပွားရေးသည် သူ၏ စိတ်ပူပန်မှုနှင့် မထိုက်တန်ပေ။
သို့သော် လုရှောင်လု၏ နားထဲတွင် ထိုစကားလုံးများသည် သူမကို ဝေ့လည်ကြောင်ပတ် လုပ်နေသလို ဖြစ်နေသည်။
" ဟက်၊ ရှင်က ရှင့်ငွေ ဘယ်လောက်ရတယ် ဆိုတာကိုတောင် မပြောရဲဘူးလား။ ဘာလို့ ရှင်က သူဌေးကြီးတစ်ယောက်လို ဟန်ဆောင်နေရတာလဲ "
" ရှင့်ရဲ့ အင်အားနဲ့ဆိုရင် ရှင်က ကျွင်းကျွင်းလိုအလှလေးမျိုးနဲ့ တန်မယ်လို့ ထင်နေတာလား "
လင်းကျွင်းကျွင်းသည် သူမကို ဆက်ပြီးဆွဲထားသည်။
သို့သော် ရှောင်လုသည် လင်းကျွင်းကျွင်းကို လျစ်လျူရှုထားပြီး ယဲ့ဖန်ကို စစ်ဆေးမေးမြန်းနေသော ရာဇဝတ်သား တစ်ယောက်လို စိုက်ကြည့်လိုက်သည်။
ယဲ့ဖန် သက်ပြင်းချလိုက်သည်။
" မိန်းကလေးလု၊ ခင်ဗျား တစ်ခုခုကို နားလည်မှုလွဲနေတာပဲ ဖြစ်ရမယ်။ ကျွင်းကျွင်းနဲ့ ကျွန်တော်က သူငယ်ချင်းတွေ။ ခင်ဗျား ထင်နေသလို မရှုပ်ထွေးဘူး။ ကျွန်တော့်မှာ ကောင်မလေးရှိတယ် "
ယဲ့ဖန် မရှင်းပြလိုက်လျှင် ပိုကောင်းလိမ့်မည်ဖြစ်သည်။
သို့သော် သူ့ရှင်းပြချက်ကို ကြားပြီးသည့်နောက်တွင် လုရှောင်လုသည် ပို၍ပင် မထီမဲ့မြင် ဖြစ်လာသည်။
" ကောင်းပြီလေ၊ ဒါဆို ရှင်က ကျွန်မတို့ ကျွင်းကျွင်းကို အပိုပစ္စည်းတစ်ခုလို အသုံးချနေတာလား "
" သူမနဲ့ ကစားပြီးတဲ့နောက် သူမကို စွန့်ပစ်ဖို့ စီစဥ်နေတာလား။ ရှင်က တာဝန်မယူချင်ဘူးလား "
လင်းကျွင်းကျွင်းသည် ရှောင်လုက ပိုပိုပြီး အဓိပ္ပာယ်မဲ့လာသည်ကို ကြားသောအခါ ချက်ချင်းပင် ကြားဖြတ်ပြောလိုက်သည်။
" ရှောင်လု၊ ငါတို့ တစ်ယောက်နဲ့တစ်ယောက်မတွေ့ရတာ ၂ နှစ်ကြာနေပြီလေ၊ ဟုတ်တယ်မလား "
" ဒီ ၂ နှစ်အတွင်းမှာ ဘယ်တွေ ရောက်နေတာလဲ။ ငါနင်နဲ့ ဒီမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး "
သူမ၏ မေးခွန်းကို ကြားသောအခါ လုရှောင်လုသည် ယဲ့ဖန်ကို အလွတ်ပေးလိုက်သည်။
လုရှောင်လုသည် သူမ၏ လက်ကောက်ဝတ်ကို ကြွားဝါလိုသော အမူအရာဖြင့် မြှောက်ပြလိုက်ပြီး Breguet Queen of Napoli နာရီတစ်လုံးကို ထုတ်ဖော်ပြသလိုက်သည်။
" ဒါပေါ့၊ ငါ ကောင်းကောင်း နေနေတယ်လေ။ ဒီနာရီကို မြင်လား။ ဒါက မနေ့က ငါ့ကောင်လေးအသစ်က ငါ့ကို ပေးခဲ့တာ။ ဒါက ယွမ်၂သိန်းကျော် တန်တယ် "
လင်းကျွင်းကျွင်းသည် သူမကို အံ့ဩစွာ ကြည့်လိုက်သည်။
" နင့်ကောင်လေးအသစ်က နင့်ကို ဒီလောက်ဈေးကြီးတဲ့ လက်ဆောင်ကို ပေးတယ်လား။ ဒါက … ကောင်းလွန်းမနေဘူးလား။ တကယ်လို့ ငါသာဆိုရင် လက်ခံရဲမှာ မဟုတ်ဘူး "
လုရှောင်လုသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
" နင်က ရှေးဟောင်းပစ္စည်းဆိုင်မှာ ရှိနေတာအရမ်းကြာနေလို့ ထင်တယ်။ နင့်အတွေးအခေါ်တွေက အရမ်းခေတ်နောက်ကျနေပြီ "
" ယောကျာ်းတစ်ယောက်က နင့်အတွက် ငွေဒီလောက် ပမာဏသုံးဖို့ ဆန္ဒရှိနေတယ်ဆိုရင် အဲ့တာက သူ့နှလုံးသားထဲက နင့်ရဲ့ တန်ဖိုးကို သက်သေပြနေတာ။ တကယ်လို့ သူက နင့်ကိုတစ်ပြားမှ မပေးချင်ဘူးဆိုရင် အဲ့တာက သူ့မျက်လုံးထဲမှာ နင်က တန်ဖိုးမရှိဘူးဆိုတာ သက်သေပြနေတယ် "
နောက်ဆုံးစာသားကို ပြောလိုက်သောအခါ သူမ၏ မျက်လုံးထောင့်မှ ယဲ့ဖန်ကို စိုက်ကြည့်လိုက်သည်။
သူမသည် ယဲ့ဖန်ကို ထိုစကား ကြားစေချင်နေသည်မှာ သိသာလှသည်။
ယဲ့ဖန်သည် ဝိုင်တစ်ငုံသာ သောက်လိုက်သည်။
သူ့မျက်နှာတွင် ထူးဆန်းသော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
တစ်ချက်ကြည့်လိုက်ရုံနှင့် ထိုအမျိုးသမီးဝတ်ထားသောနာရီသည် Aအဆင့် နာရီအတု ဖြစ်သည် ဆိုတာကို သူ ပြောနိုင်သည်။
ထိုနာရီသည် အများဆုံးမှ ယွမ်ရာဂဏန်းအနည်းငယ်သာ တန်သည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် သူ့ကောင်လေး၏ မျက်လုံးများထဲတွင် သူမသည် လမ်းဘေးမှ ကြက်သားဆိုင်တစ်ဆိုင်သာ ဖြစ်နေသည်။
" နင့်ကောင်လေးကရော ငါ ဘာလို့ သူ့ကို မတွေ့တာလဲ "
လင်းကျွင်းကျွင်းသည် ရှောင်လု ကြွားနေသည်ဆိုတာကို သိနိုင်လောက်အောင် ဉာဏ်ပြေးသည်။
ထို့ကြောင့် သူမသည် အမြန်ပင် အကြောင်းအရာကို ပြောင်းပြောလိုက်သည်။
လုရှောင်လုသည် ပြောနေရင်း သူမအနောက်သို့ လှည့်ကြည့်လိုက်ပြီး အပြင်မှ လမ်းလျှောက်ဝင်လာသော ယောကျာ်းတစ်ယောက်ကို တွေ့လိုက်ရသည်။
" တဝမ်၊ ကျွန်မဒီမှာ "
ယဲ့ဖန်နှင့် လင်းချန်ချန်သည် လှည့်ကြည့်လိုက်ပြီး တစ်ချိန်တည်းမှာပင် သူတို့နှစ်ယောက်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးများ ဖြစ်ပေါ်လာကြသည်။
လုရှောင်လု၏ ကောင်လေးသည် အသက်၃၀ခန့်ဖြစ်သည်။
သို့သော် သူသည် ထင်ရှားသော ခေါင်းတုံးနေသောကြောင့် သူသည် အသက်၅၀ အရွယ်လူတစ်ယောက်နှင့် တူနေသည်။
သူသည် ဈေးကြီးသော အဝတ်အစားများကို ဝတ်ထားသော်လည်း သူ၏ တောဆန်သော အမူအကျင့်များကြောင့် မလိုက်မဖက် ဖြစ်နေသည်။
တစ်ယောက်ယောက်မှ တစ်ချက်ကြည့်ရုံဖြင့် သူသည် သူဌေးလက်သစ် ဖြစ်သည်ဆိုတာကို ပြောနိုင်သည်။
စားသောက်ဆိုင်ထဲသို့ ဝင်လာသောအခါ သူသည် ဤသို့ နေရာမျိုးကို ပထမဦးဆုံး ဝင်လာရသလိုမျိုး အနည်းငယ် ပုံမှန်မဟုတ်သလို ဖြစ်နေသည်။
သို့သော် လုရှောင်လုကို မြင်သောအခါ သူသည် သူ့ပုခုံးကို ထပ်၍ မော့လိုက်ပြီး အလွန်မိမိုက်ချင်ယောင် ဆောင်လိုက်သည်။
" တဝမ်၊ ရှင့်ကို မိတ်ဆက်ပေးပါရစေ။ ဒါက ကျွန်မရဲ့ တက္ကသိုလ်တုန်းက အခန်းဖော်၊ လင်းကျွင်းကျွင်း "
လုရှောင်လုသည် လက်ဦးမှု ယူလိုက်ကာ သူမ၏ လက်မောင်းကို သူ၏ လက်မောင်းနှင့် ချိတ်လိုက်ပြီး လင်းကျွင်းကျွင်းကို မိတ်ဆက်ပေးလိုက်သည်။
" ကျွင်းကျွင်း၊ ဒါက ငါ့ရဲ့ကောင်လေး ရှုတဝမ် "
အပိုင်း ( ၁၀၇၅ )
ရှေးဟောင်းပစ္စည်းဆိုင်တင်လား။
လင်းကျွင်းကျွင်းသည် သူမလက်ကို ရက်ရက်ရောရော ကမ်းပေးလိုက်သည်။
" မင်္ဂလာပါ၊ ရှုလူကြီးမင်း "
သို့သော် သူသည် သူမကို ဘာတုံ့ပြန်မှုမှ မပေးပေ။
သူသည် လင်းကျွင်းကျွင်းကို မလှုပ်မယှက် သာ စိုက်ကြည့်နေသည်။
ရှုတဝမ်၏ အကြည့်ကြောင့် လင်းကျွင်းကျွင်းသည် မသက်မသာ ခံစားလိုက်ရပြီး ဖြည်းညှင်းစွာဖြင့် သူမ၏ လက်ကို ပြန်ရုတ်လိုက်သည်။
လုရှောင်လုသည် ရှုတဝမ်ကို အမြန်တွန်းလိုက်သည်။
" သူမက ရှင့်ကို လက်ဆွဲနှုတ်ဆက်နေတယ်လေ။ ရှင်က ဘာလို့ သူမကို စိုက်ကြည့်နေတာလဲ "
ထိုအခါမှသာ ရှုတဝမ်သည် သတိပြန်ဝင်လာပြီး အနည်းငယ် ရှက်ရွံ့သွားသည်။
" ငါ … မင်းမှာ ဒီလောက် လှတဲ့ အတန်းဖော်ရှိတယ်ဆိုတာ မင်းငါ့ကို မပြောဖူးဘူးဘဲ။ မိန်းကလေးလင်းက … အရမ်းလှတာပဲ "
ပုံမှန်အားဖြင့် ယောကျာ်းလေးတစ်ယောက်သည် သူ့ကောင်မလေး အရှေ့တွင် အခြားမိန်းကလေးတစ်ယောက်ကို ချီးကျူးသောအခါ သူမသည် အလွန် ဒေါသထွက်သွားသင့်သည်။
သို့သော် လုရှောင်လုသည် လုံးဝ မကျေမနပ် ဖြစ်မသွားချေ။
ထို့အစား သူမသည် ခေါင်းညိတ်၍ပင် သဘောတူညီစွာ ပြောလိုက်သည်။
" ဒါပေါ့၊ ကျွန်မတို့ ကျွင်းကျွင်းက အဲ့အချိန်တွေတုန်းက ကျောင်းရဲ့ အချောအလှလေးလေ။ ကောင်လေးတွေ အများကြီးက သူမကိုလိုက်ဖို့ တန်းစီထားရတာ။ နေ့တိုင်း သူမက ရည်းစားစာတွေ အများကြီးရခဲ့သေးတယ် "
လင်းကျွင်းကျွင်းသည် သူမကို အလျင်အမြန် ဆွဲဆိတ်လိုက်သည်။
" ရှောင်လု၊ နင် ဘာအဓိပ္ပာယ်မရှိတာတွေလျှောက်ပြောနေတာလဲ "
ပြောရင်းဖြင့် သူမသည် ယဲ့ဖန်ကို လှမ်းကြည့်လိုက်သည်။
ယဲ့ဖန်သည် သူမကို မျက်နှာများသော မိန်းမဟု ထင်သွားမည်ကို သူမ ကြောက်နေမိသည်။
" အဲ့တာနဲ့ ပတ်သက်ပြီး ဘာရှက်စရာရှိလို့လဲ။ ငါက ကျွင်းကျွင်းကို လိုက်ဖို့ဆိုရင် စွမ်းဆောင်ရည် လိုတယ်ဆိုတာ တချို့လူတွေကို သိစေချင်ရုံပဲ "
လုရှောင်လုသည် သူမ၏ နှုတ်ခမ်းကို သပ်လိုက်ပြီး လင်းကျွင်းကျွင်းကို ဆွဲ၍ ထိုင်လိုက်သည်။
အဆိုပါ စားပွဲတွင် ခုံလေးယောက်စာသာ ရှိသောကြောင့် လုရှောင်လုနှင့် လင်းကျွင်းကျွင်းသည် တစ်ဖက်တည်းတွင် ဖြစ်နေပြီး ရှုတဝမ်နှင့် ယဲ့ဖန်သည် တစ်ဖက်တွင် ရှိနေသည်။
" မင်္ဂလာပါ "
ယဲ့ဖန်သည် ပထမဦးဆုံး စ၍ နှုတ်ဆက်လိုက်သည်။
သို့သော် ရှုတဝမ်သည် မတုံ့ပြန်ခဲ့ပေ။
ထို့အစားသူသည် ယဲ့ဖန်ကို ရန်လိုစိတ်ဖြင့် ကြည့်လိုက်သည်။
" မင်းက … မိန်းကလေးလင်းရဲ့ ကောင်လေးလား "
ယဲ့ဖန် ပြန်မဖြေခင်မှာပင် လုရှောင်းလုသည် အရင် ပြောလိုက်သည်။
" သူက ကျွင်းကျွင်းရဲ့သူဌေး။ သူက ကျွင်းကျွင်းကို လိုက်နေတာ "
ရှုတဝမ်သည် ယဲ့ဖန်ကို အံ့ဩစွာ ကြည့်လိုက်သည်။
" သူဌေးလား၊ မင်းက ဘယ်လိုစီးပွားရေးကို လုပ်တာလဲ "
" ရှေးဟောင်းပစ္စည်းဆိုင်လေ "
လုရှောင်းလုသည် ထပ်မံ၍ ဖြေလိုက်သည်။
" ရှေးဟောင်းပစ္စည်းဆိုင်တင်လား။ ငါက ကြီးကြီးမားမားလို့ ထင်နေတာ "
အဖြေကို ကြားလိုက်ရသောအခါ ရှုတဝမ်သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
သူသည် လင်းကျွင်းကျွင်းကို ထပ်မံ၍ အကဲခတ်နေပြန်သည်။
ရှုတဝမ်သည် သူ၏ ကောင်မလေးကို အလွန်လှသည်ဟု ထင်နေခဲ့သည်။
သို့သော် သူ့အရှေ့မှ မိန်းကလေးနှင့် နှိုင်းယှဥ်ကြည့်လိုက်သောအခါ ရစ်ငှက်နှင့် ဇာမဏီငှက်တစ်ကောင်ကို နှိုင်းယှဥ်နေသလိုပင် ဖြစ်နေသည်။
ဤသည်ကား အဖိုးမဖြတ်နိုင်သော အလှတရားဖြစ်သည်။
အဝေးမှ ကြည့်နေရုံဖြင့် ကြည်နူးစရာ ဖြစ်လေသည်။
ထို့အပြင် သူ့ပြိုင်ဘက်၏ စွမ်းရည်သည် သိပ်ကောင်းမည့်ပုံ မပေါ်ပေ။
ထိုသည်က သူ့ကို ပို၍ စိတ်လှုပ်ရှားစေသည်။
" ရှောင်လု၊ ဒီခန်းမက နည်းနည်းဆူတယ်။ ဒီမှာ သီးသန့်ခန်းတွေ မရှိဘူးလား "
ပြောနေရင်းဖြင့် ရှုတဝမ်သည် သူ့အကျ်ီလက်များကို တမင်သက်သက် ခေါက်တင်လိုက်ပြီး ယွမ်၂သိန်းကျော်တန်သော Vacheron Constantinနာရီကို ထုတ်ဖော် ပြသလိုက်သည်။
ယဲ့ဖန်သည် ဖျက်ခနဲ တစ်ချက်သာ ကြည့်လိုက်သည်။
ထိုနာရီသည်လည်း အတုဖြစ်သည်။
ဒီလူ နာရီအတုတွေ ရောင်းတာများ ဖြစ်နေမလား။
လုရှောင်လုသည် ရှုတဝမ်၏ မကျေနပ်ချက်ကို ကြားလိုက်သောအခါ စားပွဲထိုး ကောင်လေးကို အမြန် ခေါ်လိုက်သည်။
" ငါတို့အတွက် သီးသန့်အခန်းပြောင်းပေး "
ဝိတ်တာကောင်လေးသည် ခဏလောက် မှင်သက်သွားသည်။
" မိန်းကလေး၊ သာမန်သီးသန့်အခန်းအကုန်လုံးက အမှာတွေ ပြည့်သွားပါပြီ။ အခု ပထမတန်း သီးသန့်အခန်း တစ်ခန်းပဲ ကျန်ပါတော့ … "
လုရှောင်လုသည် သူ့စကားကို ဆုံးအောင် နားမထောင်ဘဲ ချက်ချင်း ကြားဖြတ်ပြောလိုက်သည်။
" ဒါဆိုလည်း ငါတို့ကို အဆင့်မြင့်သီးသန့်ခန်းဆီ ပြောင်းပေး "
စားပွဲထိုးကောင်လေးသည် ခဏလောက် တုံ့ဆိုင်းနေသည်။
" မိန်းကလေး၊ ပထမတန်း သီးသန့်အခန်းကို ပြောင်းချင်တာ သေချာပါရဲ့လား "
လုရှောင်လုသည် အနည်းငယ် မပျော်မရွှင် ဖြစ်သွားသည်။
" သေချာပါရဲ့လား ဆိုတာက ဘာကို ဆိုလိုတာလဲ။ ငါတို့ မတတ်နိုင်မှာကို နင်က ကြောက်နေတာလား "
စားပွဲထိုးသည် ခြောက်ကပ်စွာ ချောင်းဟန့်လိုက်ပြီး ပြောလေသည်။
" ပထမတန်းသီးသန့်ခန်းက ယွမ် ၁၈၀၀၀ပါ "
သူ ပြောပြီးပြီးချင်းမှာပင် ရှုတဝမ်၏ မျက်နှာသည် ရှုံ့တွသွားသည်။
လင်းကျွင်းကျွင်းသည် လုရှောင်လု၏ လက်ကို အမြန်ဆွဲလိုက်သည်။
" ရှောင်လု၊ ငါတို့ ဒီမှာစားလို့ အဆင်ပြေပါတယ်။ နင် အဲ့လောက် ငွေသုံးဖို့ မလိုပါဘူး "
သို့သော် သူမသည် လင်းကျွင်းကျွင်းကို လျစ်လျူရှုထားပြီး စားပွဲထိုးလေးကိုပင် ဒေါသတကြီး စိုက်ကြည့်နေသည်။
" ၁၈၀၀၀ထဲ မဟုတ်လား။ နင် ဘာလို့ စကားကြော ရှည်နေတာလဲ "
စားပွဲထိုးလေးသည် ချက်ချင်းပင် ပြုံးလိုက်ပြီး သီးသန့်ခန်းကို ပို့ပေးဖို့ စီစဥ်ရန် အလောတကြီး ထွက်သွားတော့သည်။
လုရှောင်လုသည် လမ်းလျှောက်လာပြီး ရှုတဝမ်၏ လက်မောင်းကို ကိုင်လိုက်သည်။
" တဝမ်၊ ကိစ္စကို ကျွန်မဘာသာ ပြောပြီး ရှင်းလိုက်တဲ့အတွက် ကျွန်မကို အပြစ်မတင်ဘူးမလား၊ ဟုတ်တယ်မလား "
ရှုတဝမ်သည် တောင့်တင်းစွာ ပြုံးလိုက်သည်။
" ဘယ်လိုလုပ် အဲ့လိုဖြစ်နိုင်မှာလဲ။ ၁၈၀၀၀ထဲမလား။ မင်းသာပျော်နေသရွေ့ ၁၈၀,၀၀၀ ဆိုရင်တောင် အဆင်ပြေတယ် "
သူသည် ပြောနေသောအခါ လင်းကျွင်းကျွင်းကို ဆက်၍ ဝေ့ကြည့်နေသည်။
ထိုစကားသည် သူမကို ပြောလိုက်သည်ဆိုတာ သိသာလှသည်။
လင်းကျွင်းကျွင်းသည် ယခင်က အိမ်ခြံမြေ စီမံခန့်ခွဲမှုမန်နေဂျာ ဖြစ်ခဲ့ဖူးသည်။
ထို့ကြောင့် သူမသည် လူချမ်းသာ အမျိုးမျိုးကို တွေ့ခဲ့ဖူးသည်။
အထူးသဖြင့် သူမသည် တကယ့် ဘီလီယံနာတစ်ဦး၏ အရှေ့တွင် ထိုင်နေချိန် ရှုတဝမ်သည် သူ၏ ကြွယ်ဝမှုများကို ကြွားနေခြင်းသည် သူမအတွက် အလွန်ပင် ကလေးဆန်ကာ ရယ်စရာကောင်းနေသည်။
သို့သော် လုရှောင်လု၏ မျက်နှာကြောင့် သူမသည် ဘာမှ မပြောခဲ့ပေ။
ထိုအချိန်တွင် စားပွဲထိုးသည် သူတို့အတွက် သီးသန့်အခန်းကို ပြင်ဆင်ပေးပြီးပြီ ဖြစ်သည်။
သူတို့လေးယောက်လုံးသည် ချက်ချင်းပင် ဒုတိယအထပ်သို့ တက်သွားကြသည်။
အဆိုပါ သီးသန့်အခန်းသည် အလွန်ပင် တန်ဖိုးကြီးလှသည်။
အခန်းသည် လူအယောက်၂၀ကျော်ပင် ဝင်ဆံ့လောက်အောင် ကျယ်သည်။
ယဲ့ဖန်နှင့် လင်းကျွင်းကျွင်းသည် အတော်ပင် အေးအေးဆေးဆေး ဖြစ်နေဆဲ ဖြစ်သည်။
သို့သော် ရှုတဝမ်နှင့် လုရှောင်လုတို့သည် ထိုအခန်း၏ ဇိမ်ကျမှုကြောင့် အတော်ပင် မှင်သက်နေကြသည်။
သူတို့သည် အတော်ကြာသည်အထိ သတိပြန်မဝင်လာသေးပေ။
" တဝမ်၊ ဟိုထိုင်ခုံကို ကြည့်ပါဦး။ တော်တော်လေး ဈေးကြီးမယ်ထင်တယ် "
" စားပွဲတင်သုံး ပစ္စည်းတွေကိုလည်း ကြည့်ပါဦး။ သူတို့က နန်းတော်မှာ သုံးကြတာလေ၊ ဟုတ်တယ်မလား။ ဟိုမှာ ထပ်ပြီး … "
ရှုတဝမ်သည် အစက အတော်ပင် မှင်သက်နေခဲ့သည်။
သို့သော် ယဲ့ဖန်နှင့် လင်းကျွင်းကျွင်းတို့ အေးဆေးနေသည်ကို မြင်သောအခါ သူသည် စိတ်တည်ငြိမ်ချင်ယောင် ဆောင်လိုက်သည်။
" ဟက်၊ အဲ့တာက ကိစ္စကြီးလား။ တကယ်လို့ မင်းကြိုက်တယ်ဆိုရင် ကိုယ်တို့ အိမ်တစ်အိမ်ဝယ်ပြီးသွားရင် မင်းအတွက် ကိုယ်တို့ ဒီလို ပရိဘောဂတွေ ပြောင်းကြမယ် "
" တဝမ်၊ ရှင်က ကျွန်မအပေါ် အရမ်းကောင်းတာပဲ။ ရင်ထဲ အရမ်းထိသွားပြီ "
လုရှောင်လုသည် သူ့ကို ဖက်ပြီး သူ့ပါးကို နမ်းလိုက်သည်။
ရှုတဝမ်သည် အပျော်လွန်သွားသည်။
" ဒါပေါ့၊ ကိုယ့်အမျိုးသမီး ဖြစ်လာရတာက ကောင်းချီးတွေ ပြည့်နေမှာ။ ကိုယါက မင်းကို သေချာပေါက် ကမ္ဘာပေါ်မှာ အပျော်ရွှင်ရဆုံးလူဖြစ်အောင် လုပ်ပေးမယ် "
လုရှောင်လုသည် ချက်ချင်းပင် သူမ၏ မျက်ရည်များကို သုတ်လိုက်သည်။
" တဝမ်၊ ရှင့်လို ယောကျာ်းတစ်ယောက်ကို ရှာတွေ့ခဲ့တာ အရမ်းပျော်တာပဲ "
ယဲ့ဖန်နှင့် လင်းချန်ချန်တို့သည် မျက်လုံးများ ပြူးသွားကြသည်။
သူတို့၏ ဆိုးဝါးသော သရုပ်ဆောင်စွမ်းရည်များသည် မှတ်ချက်ကောင်းမရသော ကိုရီးယားထက်ပင် ပို၍ မနှစ်မြို့စရာ ကောင်းနေသည်။
အပိုင်း ( ၁၀၇၆ )
သူမကို ဘယ်လိုလိုက်သင့်လဲ။ သင်ပေးပါဦး။
" ငါးကြီးဥဆားနယ်တစ်ပွဲ၊ နွားမြှီး ဟင်းချိုတစ်ပွဲ၊ အမဲသားကွင်း လေးပွဲ … "
သူမ၏ ကြွယ်ဝမှုကို ယဲ့ဖန်အား ပြရန်အလို့ငှာ ဟင်းပွဲမှာသောအခါ လုရှောင်လုသည် ဈေးကြီးသော ဟင်းလျာများကိုသာ ရွေး၍ မှာလိုက်သည်။
ဈေးနှုန်းများသည် ယွမ်၁ထောင်ကျော်ခေသည်။
သူမ မှာလိုက်သည့် အကြိမ်တိုင်းသည် ရှုတဝမ်၏ မျက်ခုံးများကို နှစ်ကြိမ်စီ ဂနာမငြိမ် ဖြစ်သွားစေသည်။
သူမသည် ခုနစ်ပွဲ၊ ရှစ်ပွဲကို တပြိုင်နက်တည်း မှာလိုက်သည်။
အားလုံးပေါင်းလိုက်ပါက ယွမ်၁သောင်း ကျော်မည် ဖြစ်သည်။
လင်းကျွင်းကျွင်းသည် ထပ်ပြီး ရပ်ကြည့်မနေနိုင်တော့ပေ။
" ရှောင်လု၊ အဲ့တာတွေပဲ မှာလိုက်ပါ။ ယဲ့ဖန်နဲ့ ငါက စားလို့ပဲ ပြီးတော့မှာလေ "
ရှုတဝမ်သည် သူမကို လေးစားမှုဖြင့် ကြည့်လိုက်သည်။
သူမသည် အလွန်လှပပြီး စဥ်းစားချင့်ချိန်တတ်သည်။
ဤသို့ အမျိုးသမီးမျိုးသည် အလွန်ပင် ရှားလှသည်။
နှိုင်းယှဥ်ကြည့်ပါက လုရှောင်လုသည် အတော်ပင် ဆိုးရွားနေသည်။
လုရှောင်လုသည် ခဏလောက် တွေးလိုက်သည်။
" ဒါဆိုလည်း ကောင်းပြီလေ။ အခုတော့ အဲ့တာတွေပဲပေါ့။ တကယ်လို့ မလုံလောက်ဘူးဆိုရင် ငါတို့ ထပ်မှာကြမယ်လေ "
ရှုတဝမ်သည် စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက် ချလိုက်သည်။
" မိန်းကလေးလင်း မှန်တယ်။ ဒီမှာရှိတဲ့ ဟင်းတွေက တော်တော်ကြီး ဈေးပေါပါတယ်။ နောက်တစ်ခါကြရင် ကျွန်တော် ခင်ဗျားတို့ကို အဆင့်မြင့် အနောက်တိုင်းစားသောက်ဆိုင်ကို ခေါ်သွားမယ်။ တကယ့်အနောက်တိုင်းအစားအစာပေါ့ "
လင်းကျွင်းကျွင်းသည် ထိုလူကြောင့် အတော်ပင် စိတ်ရှုပ်နေသည်။
သူသည် အတော်ပင် ကပ်စေးနည်း တွန့်တိုပုံပေါ်သည်။
သို့သော် သူသည် လူချမ်းသာယောင်ဆောင်နေတုန်းပင် ဖြစ်သည်။
သူမသည် ချက်ချင်းပင် မေးလိုက်သည်။
" ကျွန်မ ရှင့်ကို မမေးရသေးဘူး။ ရှုလူကြီးမင်းက ဘာအလုပ်လုပ်တာလဲ "
ရှုတဝမ်သည် သူ့ခေါင်းကို ဂုဏ်ယူစွာ မော့လိုက်သည်။
" အလုပ်လား။ ဒီရက်တွေမှာ ဘယ်သူက အလုပ်လုပ်သေးလို့လဲ။ အဲ့တာက ငွေဘယ်လောက်ရလို့လဲ "
လုရှောင်လုသည် ချက်ချင်းပင် ရှင်းပြလိုက်သည်။
" တဝမ်ရဲ့အိမ်က ဖြိုထားတာ မကြာသေးဘူး။ နင်တို့ ဝါးကျွန်းရွာကို ကြားဖူးလား။ သူတို့က အိမ်ဖျက်ဖို့ ငွေတော်တော်များများ ပေးခဲ့တယ် "
ထိုကိစ္စတွင် မဆိုင်သလို နေခဲ့သော ယဲ့ဖန်သည် ဝါးကျွန်းရွာဆိုသော စကားကို ကြားသောအခါ ချက်ချင်းပင် သူ့အမူအရာမှာ ထူးဆန်းသွားသည်။
" ရှုလူကြီးမင်းက ဝါးကျွန်းရွာကလား "
ရှုတဝမ်သည် သူ့ကို ဘဝင်ခိုက်စွာဖြင့် ကြည့်လိုက်သည်။
" ဒါပေါ့၊ မင်းလည်း ဝါးကျွန်းရွာကို ကြားဖူးနေတာလား "
ယဲ့ဖန်သည် အတော်လေးကို ရယ်ချင်နေသည်။
သို့သော် အဆုံးတွင် သူ ထိန်းထားလိုက်သည်။
" ဒါပေါ့၊ မကြာသေးခင်ကမှ အဲ့မှာ ဘူတာရုံဆောက်မယ်ဆိုတဲ့ သတင်းထွက်လာတယ်။ အဲ့ကအိမ်တွေရဲ့ ဈေးက မိုးထိထိုးတင်နေတယ်လို့ ကြားလိုက်ရတယ် "
ရှုတဝမ်သည် ခေါင်းညိတ်လိုက်သည်။
" အဲ့တာဟုတ်တယ်၊ ငါ့အဖေက ဝါးကျွန်းရွာရဲ့ အတွင်းရေးမှုးလေ။ ငါတို့မိသားစုက ရွာမှာ အိမ်ဆယ်လုံးကျော်ကျော် ပိုင်တယ် "
လင်းကျွင်းကျွင်းသည်လည်း အံ့ဩသွားသည်။
" အဲ့တာဆို ရတဲ့ ငွေပမာဏက တော်တော်များလောက်တယ်၊ ဟုတ်တယ်မလား "
ခါးသီးသော ခံစားချက် လက္ခဏာတစ်စွန်းတစ်စသည် ရှုတဝမ်၏ မျက်နှာတွင် ဖြတ်သန်းသွားသည်။
သို့သော် သူသည် ထိုအမူအရာကို လျင်မြန်စွာ ဖုံးထားလိုက်သည်။
" တစ်အိမ်ကို ယွမ်၁သန်းလေ "
ထိုဂဏန်းကို ပြောလိုက်သောအခါ သူသည် စိတ်ထဲတွင်တော့ ကျိန်ဆဲနေခဲ့သည်။
သူသည် မြို့ပြင်တွင် အလုပ်လုပ်နေခဲ့ခြင်းဖြစ်သည်။
သူ့မိသားစုသည် အိမ်ဖြိုချတော့မည်ဟု ဆိုလာသောအခါ သူသည် ချက်ချင်းပင် ပြန်သွားခဲ့သည်။
သို့သော် သူသည် ခြေတစ်လှမ်းနောက်ကျသွားသည်။
သူ ရောက်သွားသော အချိန်တွင် ရွာရှိ အိမ်အားလုံးသည် ရောင်းချပြီးသွားပြီ ဖြစ်သည်။
သူတို့မိသားစုသည် စုစုပေါင်း အိမ်၁၀လုံးကျော်ကို ရောင်းလိုက်ပြီး ယွမ်၁သန်းကျော်ကို အိမ်ဖြိုခအဖြစ် ရရှိခဲ့သည်။
မူလက သူတို့မိသားစုသည် အတော်လေးပျော်နေကြပြီး ကံကောင်းသည်ဟု ခံစားနေခဲ့ရသည်။
သို့သော် မကြာခင်မှာပင် သူတို့၏ ရွာတွင် ဘူတာရုံ ဆောက်မည်ဆိုသည်ကို သိသွားခဲ့သည်။
ထိုညတွင် သူဌေးကြီးများစွာ ရောက်လာခဲ့ကြပြီး တစ်အိမ်ကို ယွမ်၁သန်းဟုပင် မိုးထိမြင့်သောဈေးများဖြင့် ဝယ်ဈေးခေါ်ခဲ့ကြသည်။
သူတို့သည် အလွန်ပင် နောင်တရနေသောကြောင့် အူပုတ်မတတ် ဖြစ်နေကြသည်။
သူတို့သည် နှလုံးသား အမှောင်ဖုံးနေသော အမြတ်ကြီးစားသမားကို ကျိန်ဆဲနေကြသည်။
သို့သော် ကိစ္စက ပြီးသွားပြီ ဖြစ်သောကြောင့် သူတို့စိတ်ထဲတွင် ပူဆွေးနေရုံသာ တတ်နိုင်ကြသည်။
လင်းကျွင်းကျွင်းသည် တုန်လှုပ်သွားသည်။
" တစ်အိမ်ကို ၁သန်းလား။ ဖြိုချမှုအတွက် ရှင့်မိသားစုက ယွမ်၁၀သန်းကျော် ရခဲ့တယ်လို့ ဆိုလိုမနေဘူးလား "
ရှုတဝမ်သည် ပူဆွေးနောင်တရနေမှုကို သူ့နှလုံးသားထဲတွင် ဖိနှိပ်ထားလိုက်ပြီး ထပ်မံ၍ ကြွားဝါလိုက်ပြန်သည်။
" အဲ့တာက ၁၀သန်းကျော်လေးတည်းပါ။ ပမာဏသေးသေးလေးပါပဲ။ ကျွန်တော်က သူဌေးကြီး တချို့နဲ့ စကားပြောဆိုပြီးနေပြီး စီမံကိန်းကြီးတွေမှာ စတင် ရင်းနှီးမြှုပ်နှံဖို့ ပြင်ဆင်နေပြီ။ အနာဂတ်မှာ လှဲနေရင်းနဲ့တောင် ငွေတွေဝင်နေတော့မှာ "
လုရှောင်လုသည် ချက်ချင်းပင် သူ့လက်မောင်းကို ဆွဲဆောင်စွာဖြင့် ပွေ့ဖက်လိုက်သည်။
" တဝမ်၊ ရှင် အရမ်းချမ်းသာသွားရင် ကျွန်မကို မမေ့လိုက်ပါနဲ့ "
ရှုတဝမ်သည် ချက်ချင်းပင် သူမ၏ မျက်နှာကို ပွတ်သပ်လိုက်သည်။
" ကိုယ်က ဘယ်လိုလုပ် အဲ့လိုလုပ်နိုင်မှာလဲ။ တကယ်လို့ ကိုယ်က တောင်ပိုင်းကွမ်တုန်းပြည်နယ်မှာ အချမ်းသာဆုံးလူ ဖြစ်လာရင်တောင်မှ မင်းကို မေ့သွားမှာ မဟုတ်ဘူး "
" တဝမ်၊ ရှင်က အရမ်းကောင်းတာပဲ။ ရှင့်ကို ချစ်တယ် … "
ယဲ့ဖန်သည် ထပ်ပြီး သည်းမခံနိုင်တော့ပေ။
သူသည် ချက်ချင်းပင် မတ်တပ်ရပ်လိုက်သည်။
" အာ၊ အရင် သန့်စင်ခန်း သွားလိုက်ဦးမယ် "
လင်းကျွင်းကျွင်းသည် ယဲ့ဖန်၏ မျက်နှာပေါ်မှ ထူးဆန်းသော အမူအရာကို သတိပြုလိုက်မိပြီး သူမသည်လည်း မတ်တပ်ရပ်လိုက်သည်။
" ငါလည်း သွားလိုက်ဦးမယ် "
ထိုသို့ ပြောပြီးသည့်နောက်တွင် သူမသည် ယဲ့ဖန်နောက် လိုက်သွားတော့သည်။
အခန်းအပြင်သို့ ရောက်လာသောအခလ ယဲ့ဖန်သည် ကျယ်လောင်စွာ ရယ်လိုက်တော့သည်။
လင်းကျွင်းကျွင်းသည် စိတ်ရှုပ်သွားသည်။
" ရှင်ဘာတွေ ရယ်နေတာလဲ "
ယဲ့ဖန်သည် သူ၏ ရယ်မောခြင်းကို ထိန်းကာ ပြောလိုက်သည်။
" ကိုယ် မနေ့က မတိုင်ခင်ထိ အိမ်ခြံမြေစီမံကိန်းတစ်ခုကို လုပ်နေခဲ့တာ "
လင်းကျွင်းကျွင်းသည် ပို၍ပင် စိတ်ရှုပ်ထွေးသွားသည်။
" အဲ့တာဆို ဘာက အရမ်းရယ်စရာကောင်းနေတာလဲ "
ယဲ့ဖန်သည် သီးသန့်ခန်းကို ကြည့်လိုက်သည်။
" သူပြောခဲ့တဲ့ ဝါးကျွန်းရွာစီမံကိန်းက ကိုယ်တို့ ကုမ္ပဏီက ဝယ်ခဲ့တာလေ "
လင်းကျွင်းကျွင်းသည် အံ့ဩမှုကြောင့် မေးရိုးများ ပွင့်ဟသွားသည်။
" ရှင်တို့ကုမ္ပဏီက လုပ်ခဲ့တာလား "
ယဲ့ဖန်သည် ခေါင်းညိတ်ပြလိုက်သည်။
" ပြီးတော့ လျော်ကြေးငွေကလည်း သိပ်မများပါဘူး။ တစ်အိမ်ကို ယွမ်၁သိန်းပဲ "
လင်းကျွင်းကျွင်းသည် အံ့ဩလွန်းသောကြောင့် ပါးစပ်ပင် မပိတ်နိုင်တော့ချေ။
" ဒါဆို စုစုပေါင်း ယွမ်၁သန်းပဲ သူတို့ ရလိုက်တယ်လို့ ဆိုလိုနေတာလား။ ဒါပေမဲ့ သူက ရှောင်လုကို ယွမ်၂သိန်းကျော်တန် နာရီပေးထားပြီး နာမည်ကြီး အမှတ်တံဆိပ်တွေ အများကြီးလည်း ပေးထားသေးတယ်လေ။ အဲ့တာကို ဘယ်လိုရှင်းပြမှာလဲ "
ယဲ့ဖန်သည် သူမ၏ နဖူးသေးသေးလေးကို တောက်လိုက်သည်။
" မေးဖို့လိုသေးလို့လား။ အဲ့တာတွေ အားလုံးက Aအဆင့် ကုန်ပစ္စည်းအတုတွေပဲ။ သူတို့က ယွမ်၁ထောင်တောင် မကုန်လောက်ဘူးလို့ ကိုယ် ထင်တယ်၊ ဟုတ်တယ်မလား "
လင်းကျွင်းကျွင်း၏ အမူအရာသည် ချက်ချင်းပင် မှုန်မှိုင်းသွားသည်။
အချိန်အတော်ကြာမှ သူမသည် ပြန်လည် သတိဝင်လာခဲ့သည်။
" ဒီရှုတဝမ်က သူ့ကိုယ်သူ မြှောက်ပင့်ခံရအောင် ကြိုးစားနေတယ်လို့ ဆိုလိုချင်တာလား "
" ဒါဆို ရှောင်လုက သူ့ကြောင့် လှည့်စားခံနေရတယ်လို့ ဆိုလိုမနေဘူးလား။ မဖြစ်ဘူး၊ ပြန်သွားပြီး သူမကို ပြောပြာရမယ် … "
ပြောရင်းဖြင့် သူမသည် လမ်းပြန်လှည့်လျှောက်သွားတော့သည်။
ယဲ့ဖန်သည် သူမကို အမြန်ဆွဲထားလိုက်သည်။
" တခြားသူတွေရဲ့ကိစ္စကို ဝင်မရှုပ်ဖို့ အကြံပေးလိုက်မယ်။ သူတို့နှစ်ယောက်လုံးက ကြွားဝါချင်ပြီး အထင်ကြီးခံချင်နေမှတော့ ကိုယ်တို့က ပူးပေါင်းပေးလို့ ရတာပဲလေ "
" ဒါပေမဲ့ … "
" ဘာဒါပေမဲ့မှ မရှိဘူး။ တကယ်လို့ မင်းက ဘာတွေဖြစ်နေလဲဆိုတာကို ပြောပြလိုက်ပြီး သကြားဖေဖေအိမ်မက်ကို ဖျက်ဆီးလိုက်မယ်ဆိုရင် သူမက မင်းကို ကျေးဇူးတင်နေမှာ မဟုတ်ဘူး။ သူမက မင်းကို မုန်းတောင်မုန်းသွားနိုင်တယ် "
" ကြည့်ရတာ အဲ့တာက အဓိပ္ပာယ်ရှိတဲ့ပုံပဲ "
" … "
လင်းကျွင်းကျွင်း လမ်းလျှောက်ထွက်သွားသောအခါ ရှုတဝမ်၏ မျက်လုံးများသည် သူမအနောက်သို့ တစ်ချိန်လုံး လိုက်ကြည့်နေခဲ့သည်။
" ကြည့်နေတာကို ရပ်လိုက်။ တကယ်လို့ ဆက်ပြီး ကြည့်နေဦးမယ်ဆိုရင် ရှင့်မျက်လုံးတွေ ပေါက်ထွက်သွားနေဦးမယ် "
လုရှောင်လုသည် ရုတ်တရက် ပြောလိုက်သည်။
ရှုတဝမ်သည် ချက်ချင်းပင် သတိပြန်ဝင်လာသည်။
" ရှောင်လု၊ အထင်မလွဲပါနဲ့။ ကိုယ်က … "
လုရှောင်လုသည် ချက်ချင်းပင် ကြားဖြတ်ပြောလိုက်သည်။
" မရှင်းပြနဲ့။ ရှင်တို့ ယောကျာ်းတွေက ကျွန်မဆီကနေ ဖုံးကွယ်ထားနိုင်လို့လား "
" ကျွင်းကျွင်းက ကျွန်မထက် ပိုလှတယ်။ သူမရဲ့သွင်ပြင်နဲ့ အမူအရာတွေက ကျွန်မထက် ပိုပြီးတော့ဘကောင်းတယ်။ တကယ်လို့ ကျွန်မသာ ယောကျာ်းတစ်ယောက်သာဆိုရင် ကျွန်မလည်း သူမကို ကြိုက်မိမှာပဲ "
ရှုတဝမ်သည် ချက်ချင်းပင် သူမကို ဆွံ့အစွာဖြင့် ကြည့်လိုက်သည်။
" ရှောင်လု၊ မင်း စိတ်ဆိုးနေတာလား "
လုရှောင်လုသည် ခေါင်းခါပြလိုက်သည်။
" မဟုတ်ပါဘူး၊ ကျွန်မက ဘာလို့ စိတ်ဆိုးရမှာလဲ။ ယောကျာ်းတစ်ယောက်မှာ မိန်းမ၃ယောက်နဲ့ ကိုယ်လုပ်တော်၄ယောက်ရှိတာက ပုံမှန်ပါပဲ။ သစ္စာတရားဆိုတာက ခေါ်ပဲခေါ်နိုင်တာ။ ရှင်တို့မှာ မရှိကြဘူးမလား "
ရှုတဝမ်သည် ချက်ချင်းပင် သူမ၏ အယူအဆကို သဘောတူ ဝန်ခံလိုက်သည်။
" ဒါဆိုလည်း … တကယ်လို့ ကိုယ်က သူမကို လိုက်မယ်ဆိုရင် မင်း စိတ်ဆိုးသွားမလား "
လုရှောင်လုသည် သူ၏ လက်မောင်းကို ဖက်ထားလိုက်ပြီး ပွတ်သပ်လိုက်သည်။
" တကယ်လို့ ရှင် သူမကို အရယူနိုင်ရင် အဲ့တာက ရှင့်ရဲ့ အရည်အချင်းပဲ။ အဲ့တာက ကျွန်မမှာ အမြင်ကောင်း ရှိနေတယ်ဆိုတာ သက်သေပြနေတယ် "
ရှုတဝမ်၏ နှလုံးသားသည် လောင်ကျွမ်းလာသည်။
" သူမကို ဘယ်လိုလိုက်သင့်လဲ။ ကိုယ့်ကို သင်ပေးပါဦး "