အခန်း (၁၀၉၇-၁၁၀၀)
Vol. 55 Ch. 1097-1100
အပိုင်း ( ၁၀၉၇ )
ငါ့စွမ်းရည်ကို မင်းက နားမလည်သေးတဲ့ပုံပဲ
ဖန်းရှောင်ကွန်း၏ မျက်လုံးများသည် အေးစက်သွားသည်။
" မင်းက အရမ်းသန်မာတယ်ဆိုတာ ငါဝန်ခံပါတယ်။ ဒါပေမဲ့ ငါက ကြိုးစားကြည့်ချင်နေတုန်းပဲ။ ဒီတစ်ကြိမ် ငါရှုံးသွားမယ်ဆိုရင် ဒီကားကို ဆုကြေးအဖြစ်ပေးမယ် "
လူတိုင်းသည် Ferrari 812ကို အံ့ဩစွာဖြင့် ကြည့်လိုက်ကြသည်။
ထိုကား၏ ဈေးသည် ယွမ်၃သန်းကျော်ကျော်သာ တန်သော်လည်း ကျွမ်းကျင်သူတစ်ယောက်မှ အဆင့်မြှင့် မွမ်းမံထားပေးသေးသည်။ မွမ်းမံခသည်ပင် သန်းအနည်းငယ် ကုန်ကျမည်ဖြစ်သည်။
ထို့အပြင် ကားမောင်းသမားတစ်ယောက်အတွက် ကားသည် သူ၏ ရဲဘော်ရဲဘက်ဖြစ်သည်။
ထို့ကြောင့် ငွေကြေးနှင့် တိုင်းတာနိုင်လိမ့်မည်မဟုတ်ပေ။
ဖန်းရှောင်ကွန်းသည် သူ့ကားကို လောင်းကြေးအဖြစ် တကယ် ပြုလုပ်ခဲ့သည်။
သူသည် အရာအားလုံးကို ထုတ်တော့မည့်ပုံပင်ဖြစ်သည်။
ယဲ့ဖန်သည် သူ့ကို အချိန်အတော်ကြာ စိုက်ကြည့်နေလိုက်သည်။
" တကယ်ပဲ ဒီလောက်ကြီးကြီးမားမား ကစားကြမှာလား "
ဖန်းရှောင်ကွန်းသည် ခိုင်မာစွာ ခေါင်းညိတ်ပြလိုက်သည်။
" တကယ်လို့ ငါတို့ ဒီတစ်ကျော့ မပြိုင်ရဘူးဆိုရင် ငါ စိတ်ကျေနပ်မှာ မဟုတ်ဘူး "
ယဲ့ဖန်သည် သက်ပြင်းချလိုက်သည်။
" ကောင်းပြီလေ၊ သဘောတူတယ်။ စည်းမျဥ်းတွေကိုသာ ပြောလိုက် "
ကျူးရှောင်ကျောင်းသည် ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး သူ့လက်မောင်းကို ဆွဲလိုက်သည်။
" သူနဲ့ သဘောမတူလိုက်နဲ့ "
ယဲ့ဖန်သည် သူမ၏ နှာခေါင်းလေးကို ညှစ်လိုက်သည်။
" စိတ်မပူပါနဲ့၊ ဘာမှဖြစ်မှာ မဟုတ်ဘူး "
နောက်ဆုံးတွင် ဖန်းရှောင်ကွန်းသည် ပြုံးလိုက်သည်။
" စည်းမျဥ်းတွေက ရိုးရှင်းပါတယ်။ ဒီတစ်ကြိမ်လည်း မီးမဖွင့်ဘူး။ ငါတို့ ပြောင်းပြန်မောင်းကြမယ် "
လူတိုင်းသည် ကျယ်ကျယ်လောင်လောင် အာမေဋိတ်သံများ ထွက်ပေါ်မလာကြခင် ခဏလောက် မှင်သက်နေကြသည်။
" ရူးနေပြီ၊ သူတကယ်ကို ရူးနေပြီ။ မီးမဖွင့်ပဲ ကားကို နောက်ပြန်မောင်းမှာလား။ အဲ့တာက သေခြင်းတရားကို ဖိတ်ခေါ်နေတာ မဟုတ်ဘူးလား "
" ဒီဖန်းရှောင်ကွန်းက မရက်စက်လွန်းဘူးလား။ တစ်ဖက်လူကို မသတ်နိုင်မချင်း သူက ရပ်မဲ့ပုံ မပေါ်ဘူး "
" လမ်းပေါ်မှာ ပုံမှန်အတိုင်း ကားမောင်းနေရင်တောင် အတော်ကို သတိထားနေရတာလေ။ ငါ့ကို လာနောက်နေတာလား "
" အရူးတစ်ယောက်ပဲ ဒီလိုတောင်းဆိုမှုမျိုးကို သဘောတူလိမ့်မယ် "
လူတိုင်းသည် ဖန်းရှောင်ကွန်း၏ ညစ်ပတ်သော ကစားပုံကြောင့် အလွန်ပင် ကြောက်လန့်နေကြပြီ ဖြစ်သည်။
ညဘက်၊ မီးမရှိ၊ နောက်ပြန်မောင်း၊ ဟိုင်ထန်ပင်လယ်အော်
ထိုအချက်များသည် အလွန်ပင် ကြောက်ရွံ့ထိတ်လန့်စရာကောင်းလှသည်။
ဤသည်တို့ကို အတူတူသာ ပေါင်းလိုက်ပါက သေခြင်းတရားကို ဖိတ်ခေါ်နေခြင်းပင် ဖြစ်သည်။
ဖန်းရှောင်ကွန်း၏ မျက်နှာပေါ်တွင် ရူးသွပ်နေသော အမူအရာရှိနေခဲ့သည်။
" တကယ်လို့ မင်းက ကစားချင်တယ်ဆိုရင် စိတ်လှုပ်ရှားဖို့ ကောင်းတာမျိုး ကစားရတယ်။ အဲ့တာမှ မင်းကိုယ်မင်း စိတ်ကျေနပ်စေနိုင်မှာ။ ငါ့ကိုပြော၊ မင်း ကစားရဲလား "
ယဲ့ဖန်သည် မှောင်မည်းနေသော ကောင်းကင်ပြင်ကို ကြည့်လိုက်ပြီး ပြုံးလိုက်သည်။
" ခင်ဗျားကို အဆုံးအထိ အဖော်ပြုပေးမယ် "
" ဝိုး "
သူ့စကားသည် လူတိုင်းကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။
သူသည် ထိုသို့ ကောက်ကျစ်စဥ်းလဲသော တောင်းဆိုမှုမျိုးကို သဘောတူလိုက်မည်ဟု သူတို့သည် မထင်ထားကြပေ။
ဒါက အတော်လေးကို ရူးသွပ်စရာကောင်းတာပဲ။
ကျူးရှောင်ကျောင်းသည် သူတို့နှစ်ယောက်ကြားတွင် လျင်မြန်စွာ ရပ်လိုက်သည်။
" မဟုတ်ဘူး၊ ရှင်တို့ ဒီတစ်ကျော့ကို မပြိုင်နိုင်ဘူး။ ရှင်တို့တစ်ယောက်ကိုမှ ပြိုင်ခွင့်မပြုဘူး "
စည်းမျဥ်းများကို ကြားသောအခါ သူမသည် အလွန်ပင် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
ဒါက သူတို့ အသက်တွေကို စွန့်စားနေတာမဟုတ်ဘူးလား။
ဖန်းရှောင်ကွန်းသည် သူမကို ပြုံးပြီး ကြည့်လိုက်သည်။
" ဒါက ယောကျာ်းနှစ်ယောက်ကြားက ရန်ပွဲပဲ။ ဝင်မပါနဲ့ "
ကျူးရှောင်ကျောင်းသည် သူ့ကို ဒေါသတကြီး လက်ညှိုးထိုးလိုက်သည်။
" ဖန်းရှောင်ကွန်း၊ တကယ်လို့ ရှင်ထပ်ပြီး ရှုပ်နေမယ်ဆိုရင် ဦးလေးဖန်းကို ခေါ်လိုက်ပြီး ရှင့်ကို သင်ခန်းစာတစ်ခု ပေးခိုင်းမယ်ဆိုတာ ယုံလား "
ဖန်းရှောင်ကွန်း၏ အမူအရာသည် တောင့်တင်းသွားပြီး ဘာမှ မပြောရဲတော့ပေ။
ထိုအချိန်မှာပင် ယဲ့ဖန်သည် လမ်းလျှောက်လာခဲ့ပြီး သူမကို သူ့ဘက်သို့ ဆွဲယူလိုက်သည်။
" ရှောင်ကျောင်း၊ အရူးလုပ်နေတာ ရပ်လိုက်တော့ "
ကျူးရှောင်ကျောင်းသည် သူ့ကို ခေါင်းမာစွာဖြင့် စိုက်ကြည့်လိုက်သည်။
" မဟုတ်ဘူး၊ ငါနင့်ကို အဲ့လောက် စွန့်စားဖို့ ခွင့်မပြုဘူး "
ယဲ့ဖန်သည် သူမ၏ မျက်နှာသေးသေးလေးကို ညှစ်လိုက်သည်။
" ဒါက စွန့်စားတယ်လို့ ခေါ်တာလား။ မင်းက ငါ့ရဲ့ စွမ်းရည်ကို နားမလည်သေးတဲ့ပုံပဲ "
ကျူးရှောင်ကျောင်းသည် သူမ၏ ခေါင်းကို ပလုတ်တုပ်တုပ်လို လှုပ်ခါ နေဆဲဖြစ်သည်။
" နင်ဘယ်လောက်ပဲ သန်မာနေနေ၊ အခွင့်အရေးဆိုတာ ရှိနေဆဲပဲ။ တကယ်လို့ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ ငါ …. ငါ …. "
" မင်းဘာလုပ်မှာလဲ "
ယဲ့ဖန်သည် လူယုတ်မာဆန်ဆန် ပြုံးကာ မေးလိုက်သည်။
" တကယ်လို့ နင်သာ တစ်ခုခုဖြစ်သွားမယ်ဆိုရင် အနာဂတ်မှာ ဘယ်သူကမှ ငါ့ကို ကစားဖို့ခေါ်သွားပေးမှာ မဟုတ်ဘူး "
ကျူးရှောင်ကျောင်း၏မျက်လုံးလေးများသည် ကြောက်စိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။
" အိုး၊ ငါက ငါနဲ့ပတ်သက်ပြီး မင်းက စိတ်ပူနေတယ်လို့ ထင်ခဲ့တာ။ မင်းက အဲ့ဒါကို ပူနေမယ်လို့ မထင်ထားခဲ့မိဘူး "
ယဲ့ဖန်သည် စိတ်ပျက်သွားသော အမူအရာဖြင့် ပြောလိုက်သည်။
" မဟုတ်ဘူး … မဟုတ်ဘူး … ငါ … ငါ နင့်ကိုလည်း စိတ်ပူတယ် "
ထိုစကားကို ပြောလိုက်သောအခါ ကျူးရှောင်ကျောင်းသည် ရှက်သွေးဖြာသွားခဲ့သည်။
" စိတ်မပူပါနဲ့၊ ငါ ဘေးကင်းကင်းနဲ့ ကောင်းကောင်း ပြန်လာခဲ့မယ်ဆိုတာ ကတိပေးတယ် "
ယဲ့ဖန်သည် သူမ၏ ခေါင်းသေးသေးလေးကို ပွတ်သပ်လိုက်ပြီး အပြုံးဖြင့် ပြောလိုက်သည်။
" ဒါပေမဲ့ … "
" ဘာဒါပေမဲ့မှ မရှိဘူး။ ငါတို့မှာ စကားပြောဖို့ အချိန်မရှိဘူး။ ငါတို့ ပြန်ရတော့မယ် "
ယဲ့ဖန်သည် သူမကို လွှမ်းမိုး ချုပ်ကိုင်စွာဖြင့် ကြားဖြတ်ပြောလိုက်ပြီး လှည့်ကာ ဖန်းရှောင်ကွန်းဆီသို့ လမ်းလျှောက်သွားလိုက်သည်။
" ငါတို့ အခု စလို့ရပြီ "
ဖန်းရှောင်ကွန်းသည် ကျူးရှောင်ကျောင်းကို အံ့ဩစွာဖြင့် ကြည့်လိုက်သည်။
သူမသည် ယဲ့ဖန်၏ အနောက်တွင် နာခံမှုရှိသော မိန်းကလေးတစ်ယောက်ကဲ့သို့ ရှိနေသည်ကို မြင်လိုက်ရသောအခါ သူသည် မှင်သက်သွားသည်။
ကျူးရှောင်ကျောင်းအပေါ် သူ၏နားလည်မှုများအရ ထိုကောင်မလေးသည် အမြဲလိုလိုပင် မလေးစား မလိုက်နာတတ်ပေ။
သခင်ကြီးကျူးမှလွဲ၍ သူမ၏ မိဘများသည်ပင် သူမကို မထိန်းချုပ်နိုင်ကြပေ။
ယခုတွင်တော့ သူမသည် ယဲ့ဖန်ကြောင့် တကယ်ပင် နှိမ့်နှိမ့်ချချ ဖြစ်နေခဲ့သည်။
ဤသည်ကား လုံးဝကိုပင် အံ့အားသင့်ဖွယ်ကောင်းလှသည်။
" ပြိုင်ကြဦးမှာလား "
ယဲ့ဖန်သည် ကားထဲပင် ရောက်နေခဲ့ပြီဖြစ်သည်။
ဖန်းရှောင်ကွန်းသည် တွေဝေ ငေးမောနေစဲဖြစ်သည် ဆိုတာကို မြင်သောအခါ သူသည် ချက်ချင်းပင် မပျော်ရွှင်စွာဖြင့် မေးခွန်းထုတ်လိုက်သည်။
ထိုအခါမှသာ ဖန်းရှောင်ကွန်းသည် သတိပြန်ဝင်လာပြီး ကားဆီ ပြန်မသွားခင် သူ့ကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်သည်။
ကားနှစ်စီးသည် စမှတ်သို့ ထပ်မံ၍ ရောက်ရှိလာကြပြန်သည်။
သို့သော် ဤတစ်ကြိမ်တွင် ကားများသည် နောက်ပြန် ဖြစ်နေခဲ့သည်။
လူအုပ်ကြီးသည် သူတို့နှစ်ယောက်ကို ဆွံ့အစွာဖြင့် ကြည့်နေကြသည်။
သူတို့သည် ထိုသို့ပြိုင်ပွဲမျိုးကို အရင် လုံးဝကို မမြင်ဖူး မကြားဖူးခဲ့ကြချေ။
ဘရွမ်း ဘရွမ်း
ကားနှစ်စီးသည် ချက်ချင်းပင် လီဗာများဖိနင်းခံလိုက်ရပြီး တိုက်ခိုက်ရန် အသင့်ပြင်နေသော တောကောင်ကြီးနှစ်ကောင်နှင့် တူနေခဲ့သည်။
ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ယောက်ထံမှ ညွှန်ကြားသော အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီးနောက်တွင် ကားနှစ်စီးလုံးသည် တစ်ချိန်တည်းလိုလိုပင် ထွက်သွားကာ ညအမှောင်ထဲသို့ တိုးဝင် ပျောက်ကွယ်သွားကြသည်။
လူတိုင်းသည် သူတို့ရှေ့မှ ဖန်သားပြင်ရှေ့တွင် ထပ်မံ၍ စုနေလိုက်ပြီး ဗီဒီယိုကို ရင်တထိတ်ထိတ်နှင့် ကြည့်ရှုနေကြသည်။
ကောင်းကင်ပြင်သည် အရင်ကထက် ပိုမိုမှောင်မည်းနေပြီဖြစ်သည်။
ကားနှစ်စီးလုံးသည် ညအမှောင်ကြောင့် လုံးဝကိုပင် မမြင်ရလုနီးပါးဖြစ်နေသည်။
အခါအားလျော်စွာ ဖြစ်ပေါ်လာသော လ၏ ရောင်ပြန်ဟပ်မှုကြောင့်သာ သူတို့၏ ဖြစ်နိုင်ချေတည်နေရာကို လူတိုင်းသည် ဆုံးဖြတ်နိုင်ကြသည်။
ထိုအချိန်တွင် ကားနှစ်စီးလုံးသည် ပထမအကွေ့ကို ရောက်ရှိနေပြီ ဖြစ်သည်။
လူတိုင်းသည် ထိုမြင်ကွင်းကို ငေးကြည့်နေကြပြီး သူတို့၏ အသက်ရှုသံများပင် ရပ်တန့်သွားကြသည်။
အပိုင်း ( ၁၀၉၈ )
ဘယ်လို ငကြောင်မျိုးကို ငါရင်ဆိုင်ခဲ့မိတာလဲ။
ကျွီ
ကားတာယာများသည် လမ်းနှင့် ကျွီခနဲအော်မြည်နေအောင် ရင်ဆိုင်နေသည်။
Ferrariနှင့် Blue Charm Nightသည် ပထမအကွေ့ထဲသို့ တစ်ချိန်တည်းနီးပါးပင် ဝင်ရောက်လာခဲ့ကြသည်။
အရှိန်ကို တစ်နာရီ မိုင်၅၀ကနေ ၆၀ကြားတွင် ထိန်းသိမ်းထားကြသည်။
တကယ်တမ်းတွင် ထိုအကွေ့သည် ကွေ့နိုင်ရန် သိပ်မခက်ခဲပေ။
သို့သော် ဤသည်မှာ ပုံမှန်ကားမောင်းခြင်းအတွက်သာ ဖြစ်သည်။
ယခုတွင် သူတို့နှစ်ယောက်လုံးသည် နောက်ပြန်မောင်းနေကြသည်။
ဤသည်ကား သူတို့၏ ဦးတည်ချက်များအပေါ် ထိန်းချုပ်မှုအတွက် စမ်းသပ်ချက်တစ်ခု ဖြစ်နေခဲ့သည်။
ဖန်းရှောင်ကွန်းသည် သူ၏ နောက်ပြန်မောင်းစွမ်းရည်ကို အတော်လေး ယုံကြည်ချက်ရှိနေခဲ့သည်။
အရင်က သူသည် သူ့အဘိုးကြောင့် အိမ်တွင် အပိတ်ခံထားခဲ့ရပြီး ပြိုင်ပွဲသို့ သွားမပြိုင်နိုင်ခဲ့ပေ။
ထို့ကြောင့် သူသည် ခြံဝင်းထဲတွင်သာ တစ်လကျော်ကျော် ကစားနေခဲ့ရသည်။
သူ့ကားမောင်းစွမ်းရည်သည် များစွာ မတိုးတက်လာခဲ့သော်လည်း သူ၏ နောက်ပြန်မောင်းစွမ်းရည်သည် အဆင့်တစ်ခုအထိ ထိုးဖောက်နိုင်ခဲ့သည်။
ထို့ကြောင့် သူ နောက်ပြန်မောင်းပြိုင်ပွဲကို လုပ်ရန် အဆိုပြုရဲခဲ့သည့် အကြောင်းပြချက်ဖြစ်သည်။
ဤတစ်ကြိမ်တွင် သူ့ပြိုင်ဘက်ကို ခါချခဲ့နိုင်မည်ဟု သူယုံကြည်နေခဲ့သည်။
" အခုပဲ "
သူသည် စတီယာရင်ကို ရုတ်တရက် လှည့်လိုက်သည်။
Ferrariသည် အရှိန်မနှေးသွားရုံတင်မကပဲ ပို၍ပင် အရှိန်မြန်သွားကာ အကွေ့ကို တိုက်ရိုက်ဖြတ်ကျော်သွားခဲ့သည်။
သို့သော် သူပြန်လှည့်ကြည့်လိုက်သောအခါတွင် သူ၏ အမူအရာသည် တောင့်တင်းသွားခဲ့ရသည်။
Blue Charm Nightသည် သူ့နောက်တွင် ပြတ်ကျန်မနေခဲ့ပဲ သူနှင့် တူညီသောအရှိန်တွင် ရှိနေခဲ့သည်။
" ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "
ဖန်းရှောင်ကွန်းသည် အံ့ဩသွားသည်။
အဲ့ကောင်က ငါ့လိုမျိုး နောက်ပြန်မောင်းစွမ်းရည်ကို လေ့ကျင့်ဖို့ အားထုတ်မှုများစွာ သုံးထားခဲ့တာများ ဖြစ်နိုင်မလား။
ဘယ်လို ငကြောင်မျိုးကို ငါရင်ဆိုင်ခဲ့မိတာလဲ။
ထိုအချိန်မှာပင် ကြည့်ရှုနေသော ပရိသတ်များသည် အုံ့အောသောင်းနင်းဖြစ်နေခဲ့သည်။
" သေစမ်း၊ အဲ့နှစ်ယောက်က တကယ်ကို နတ်ဘုရားနှစ်ပါးပဲ။ နောက်ပြန်မောင်းပြီး အကွေ့ကို ကျော်ပြီးတဲ့အချိန်မှာတောင် သူတို့က ချောချောမွေ့မွေ့ မောင်းနေနိုင်သေးတာလား "
" ဝိုး၊ သူတို့နောက်ပြန်မောင်းနေတာက ငါ ပုံမှန်အတိုင်း ကားမောင်းတာထက်တောင် ပိုပြီးတော့ ကောင်းနေတယ်။ နှိုင်းယှဥ်မှုကတော့ ဒေါသထွက်စရာပဲ"
" ဖန်းရှောင်ကွန်းက အိမ်မှာ ပျင်းနေပြီး နောက်ပြန်မောင်းစွမ်းရည်ကို အထူးလေ့ကျင့်ခဲ့တယ်လို့ ငါ ကြားခဲ့ရဖူးတယ်။ သူက ဒီလို ဖျော်ဖြေမှုကို လုပ်ဆောင်နိုင်တာက အံ့ဩစရာ မရှိဘူး။ ဒါပေမဲ့ ဟိုနတ်ဘုရားရဲ့ အခြေအနေကရော ဘာတုန်း "
" ဟုတ်တယ်၊ တကယ်လို့ သူသာ နောက်ပြန်မောင်းခြင်းကို ပြင်းပြင်းထန်ထန် မလေ့ကျင့်ခဲ့ဘူးဆိုရင် ဒီလိုမျိုး မောင်းနိုင်နေလိမ့်မှာမဟုတ်ဘူး "
" ဘယ်လောက်တောင် ထူးဆန်းလိုက်တဲ့နှစ်ယောက်လဲ။ သူတို့နှစ်ယောက် မလုပ်နိုင်တာရော ရှိသေးလား "
" ဒီနေ့ ဒီလိုကြီးမြတ်တဲ့ နတ်ဘုရားနှစ်ပါးကြားက စိတ်လှုပ်ရှားဖို့ကောင်းတဲ့ တိုက်ပွဲကိုမြင်နေနိုင်တာက ငါတော်တော် ကံကောင်းတာပဲ "
" ငါ့ရဲ့ကျန်နေတဲ့ ဘဝတစ်လျှောက်လုံးမှာ ဒီအကြောင်းကို ငါကြွားနေနိုင်ပြီ "
လူတိုင်းသည် ဤလူနှစ်ယောက်၏ အံ့အားသင့်ဖွယ် လှုပ်ရှားမှုများကြောင့် စိတ်ကျေနပ်နေကြသည်။
သူတို့သည် ဒူးတောင် ထောက်ခဲ့ကြပြီးပြီပင် ဖြစ်သည်။
ကျူးရှောင်ကျောင်းသည်လည်း အံ့ဩနေခဲ့သည်။
အကယ်၍ တစ်ယောက်ယောက်ကသာ ယဲ့ဖန်မှ ပထမပြိုင်ပွဲနှစ်ခုကို အနိုင်ရသည်မှာ ရဲတင်းလွန်းသောကြောင့် ဖြစ်သည်ဟု ပြောမည်ဆိုပါက ဒီတစ်ကျော့သည်ကား လုံးဝကို စွမ်းရည်ကို စမ်းသပ်နေခြင်းဖြစ်သည်။
ဤပွဲတွင် လှည့်စားနိုင်ရန် အခွင့်အရေးတစ်ခုမှ မရှိပေ။
ထို့နောက် ယဲ့ဖန်ပြသခဲ့သော ကားမောင်းစွမ်းရည်များသည် သူမကို ဆွံ့အသွားစေခဲ့သည်။
သူမသည် ဖန်းရှောင်ကွန်း၏ ခွန်အားစွမ်းရည်အကြောင်းကို ရှင်းရှင်းလင်းလင်း သိထားခဲ့သည်။
သူသည် ဖော်မြူလာဝမ်းသို့ပင် ဝင်ရောက်နိုင်လုနီးပါး ဖြစ်ခဲ့သော ပညာရှင်တစ်ယောက်ဖြစ်သည်။
အကယ်၍ သူ့မိသားစုကသာ မကန့်ကွက်ခဲ့ပါက ကားမောင်းပြိုင်ပွဲတွင် သူ၏ အောင်မြင်မှုများသည် လုံးဝကို အံ့အားသင့်ဖွယ်များ ဖြစ်နေလိမ့်မည် ဖြစ်သည်။
ဖန်းရှောင်ကွန်းသည် သူမ သိသမျှထဲတွင် အတော်ဆုံး ကားမောင်းသမားဟု သူမ ထင်နေခဲ့သည်။
သို့သော် ယဲ့ဖန် ယနေ့ပြသခဲ့သော စွမ်းရည်များသည် သူမ၏ စိတ်ကူးစိတ်သန်းများထက် ကျော်လွန်နေခဲ့သည်။
သူက လုံးဝကို အနန္တတန်ခိုးရှင်များလား။
ဤသို့ ငယ်ရွယ်သော အသက်ချိန်ခါမှာပင် သူသည် အသားတင်ပိုင်ဆိုင်မှုသည် သန်းရာနှင့်ချီ ရှိနေခြင်းကပင် အတော်ကို အံ့ဩတုန်လှုပ်စရာကောင်းနေခဲ့ပြီး ပိုင်ဆိုင်မှု အားလုံးသည်လည်း တရားဝင် ရရှိထားခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် သူ၏ စွမ်းအားသည် သူ့ကို လူအယောက်၂၀၀ကျော် ဝိုင်းရံထားခြင်းကနေပင် မထိမခိုက်၊ လုံလုံခြုံခြုံ ရှိနေစေသည်။
လောင်းကစားမြို့ကို လွှမ်းမိုးနိုင်ခဲ့သော လောင်းကစားစွမ်းရည်များလည်း ရှိနေခဲ့သည်။
ပုံမှန်မဟုတ်သော ကျောက်ရိုင်းတုံးများကို ခွဲခြားသတ်မှတ်နိုင်သော စွမ်းရည်နှင့် ဆေးပညာဆိုင်ရာစွမ်းရည်များ …..
ယခုတွင် သူသည် ဖန်းရှောင်ကွန်းလို ကျွမ်းကျင်သော ပြိုင်ကားမောင်းသမားတစ်ယောက်ကိုပင် ဖိနှိပ်နေနိုင်သော စွမ်းရည်ကို ပြသနေခဲ့သည်။
သူမသည် ထိုသူမှာ ဂြိုဟ်သားတစ်ကောင်ဟုပင် စတင်၍ သံသယရှိလာနေပြီ ဖြစ်သည်။
သာမန်လူတစ်ယောက်သည် ထိုစွမ်းရည်များထဲမှ တစ်ခုခုကို ရှိနေပါက လူများသည် သူ့ကို ပါရမီရှင်ဟု သတ်မှတ်ကြလိမ့်မည်ဖြစ်သည်။
သို့သော် သူသည်ကား ထိုစွမ်းရည်အားလုံးကိုပင် ပိုင်ဆိုင်နေခဲ့သည်။
ဤသည်ကား မကောင်းဆိုးဝါးဆန်လွန်းသည်ဟုပင် ယူဆနိုင်လိမ့်မည် ဖြစ်သည်။
အကယ်၍ အနာဂတ်တွင် သူမကို ကစားပေးရန် ခေါ်သွားမည့် လူမရှိမည်ကို မကြောက်ဘူးဆိုသော အချက်သာမရှိပါက သူသည် ထိုတစ်ယောက်ကို သုတေသနအဖွဲ့အစည်းသို့ ပို့ပြီး သူ၏ ဦးနှောက်သည် တခြားလူများနှင့် ဘာကွာသည်လဲဆိုတာကို ကြည့်လိမ့်မည်ဖြစ်သည်။
ထိုလေ့လာချက်သည် ဆေးပညာလောကကို အထောက်အကူပြုသည်ဟု ယူဆနိုင်သည်။
" ဟတ်ချိုး "
Blue charm Nightထဲတွင် ရှိနေသော ယဲ့ဖန်သည် နှာချေနေခဲ့သည်။
" ဘယ်သူက ငါ့ကို အပုတ်ချ အတင်းပြောနေတာလဲ "
သူသည် သူ့နှာခေါင်းကို ညင်သာစွာ ပွတ်လိုက်ပြီး သူ့ဘယ်ဖက်တွင်ရှိနေသော ဖန်းရှောင်ကွန်းကို ကြည့်လိုက်သည်။
" ခင်ဗျားက အရမ်းနှေးတာပဲ။ တကယ်လို့ အရှိန်မတင်ဘူးဆိုရင် အရင် သွားတော့မယ် "
ထိုစကားကို ကြားသောအခါ ဖန်းရှောင်ကွန်းသည် သွေးအန်လုနီနီး ဖြစ်သွားသည်။
သူသည် အခုချိန်တွင် တစ်နာရီမိုင်၆၀နှုန်းဖြင့် နောက်ပြန်မောင်းနေခဲ့သည်။
ဤသည်ကား သူ၏ အကန့်အသတ်ပင် ဖြစ်သည်။
အကယ်၍ သူသာ အရှိန်ထပ်တင်လိုက်ပါက ကားကို အလွယ်တကူ ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ။
ထိုကောင်လေးသည် သူနှင့် စကားပြောရန် အားလပ်နေမည်ဟု သူ မထင်ထားခဲ့မိချေ။
ထိုသည်က သူ့ကို ကူရာကယ်ရာမဲ့စေသော ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။
ဒီကောင်က ဘယ်လို မကောင်းဆိုးဝါးမျိုးလဲ။
ယဲ့ဖန်သည် ခေါင်းခါလိုက်သည်။
" ဒါဆိုလည်း အရင် လှုပ်ရှားတော့မယ်။ တကယ်ကို ဗိုက်ဆာနေပြီ "
ဝှီး
အင်ဂျင်သံသည် ဟိန်းထွက်လာပြီး Blue Charm Night၏ အရှိန်သည် ရုတ်တရက် ထိုးတက်သွားကာ တစ်နာရီမိုင်၇၀နှုန်းထိ ရောက်ရှိသွားတော့သည်။
မကြာခင်မှာပင် ကားသည် ဖန်းရှောင်ကွန်း၏ အမြင်အာရုံကနေ ပျောက်ကွယ်သွားပြီး သူ့ကို ဆွံ့အသွားစေခဲ့သည်။
အကယ်၍ တစ်ယောက်ယောက်မှသာ ဤတောင်ကြားလမ်းများတွင် အရှိန်ရှိန်ပြင်းပြင်းဖြင့် နောက်ပြန်မောင်းနေပါက သူသည် ဦးတည်ချက်ကို အလွယ်တကူ ဆုံးရှုံးသွားလိမ့်မည်ဖြစ်သည်။
အဲ့ကောင် တကယ်ကြီး သေချင်နေတာလားဟ။
ထိုအချိန်တွင် ပရိသတ်များသည် တုန်လှုပ်နေကြသည်။
သူတို့သည် ဖန်သားပြင်ကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြသည်။
ယဲ့ဖန်၏ အရှိန်သည် ပို၍ မြန်လာနေခဲ့သည်။
နောက်ဆုံးတွင် သူသည် တစ်နာရီမိုင်၈၀ထိပင် ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ထိုအရှိန်ဖြင့် နောက်ပြန်မောင်းနေခြင်းသည် သေခြင်းတရားကို ဖိတ်ခေါ်နေခြင်းပင်ဖြစ်သည်။
သို့သော် သူတို့ကို ကြောင်တောင်တောင် ဖြစ်သွားစေသောအရာကား ယဲ့ဖန်သည် တစ်ကွေ့ပြီးတစ်ကွေ့ကို မထိမခိုက်ပဲ ဖြတ်ကျော်သွားခဲ့ခြင်းပင် ဖြစ်သည်။
နောက်ဆုံး Wပုံသဏ္ဍာန်အကွေ့ကိုပင် လွယ်လွယ်ကူကူနှင့် ဖြတ်ကျော်သွားခဲ့သည်။
ဝူး
ထို့နောက် သူတို့သည် အင်ဂျင်သံက တဖြည်းဖြည်း နီးကပ်လာနေတာကို ကြားလိုက်ကြရသည်။
Blue Charm Nightသည် ပန်းဝင်မှတ်သို့ အောင်အောင်မြင်မြင် ရောက်ရှိလာခဲ့သည်။
မြင်ကွင်းသည် လုံးဝကို တိတ်ဆိတ်နေခဲ့သည်။
လူများသည် စူပါကားကို ညအမှောင်ထဲက တစ္ဆေတစ်ကောင်ကို ငေးကြည့်နေကြသည်။
ကျူးရှောင်ကျောင်း၏ မျက်နှာမှာပင် ကြောက်လန့်မှုအရိပ်အယောင်များ ရှိနေပြီး ယဲ့ဖန်ကို ထိတ်ထိတ်လန့်လန့်ဖြင့် ကြည့်နေခဲ့သည်။
ယဲဖန်သည် တံခါးကိုဖွင့်ပြီး ကားထဲမှ ဖြည်းညှင်းစွာ လမ်းလျှောက်ထွက်လာခဲ့ကာ သူမ၏ မျက်နှာသေးသေးလေးကို ညှစ်လိုက်သည်။
" ဘာလဲ။ မင်းက ငါ့ကို မမှတ်မိတော့ဘူးလား "
ကျူးရှောင်ကျောင်းသည် နာကျင်စွာဖြင့် ငိုလိုက်ပြီး သူမ၏ မျက်လုံးကြီးကြီးများဖြင့် သူ့ကို စိုက်ကြည့်လိုက်သည်။
" နင်က လူလား၊ သရဲလား "
ယဲ့ဖန်သည် ပါးစပ်အပြည့် သွေးအန်လုနီးပါးဖြစ်သွားသည်။
" ဘာလို့ မင်းကထင်လဲ "
ကျူးရှောင်ကျောင်းသည် တံတွေးမြိုချလိုက်သည်။
" ငါတော့ နင်က လူလို့မထင်ဘူး။ နင်ကသရဲပဲ "
အပိုင်း ( ၁၀၉၉ )
ဒီလောက် ငယ်ရွယ်နေတဲ့အချိန်မှာ သူက ဘယ်လောက်တောင် ကျော်ကြားနိုင်မှာမို့လို့လဲ။
အကယ်၍ ကျူးရှောင်ကျောင်းသည်ပင် ထိုသို့ဖြစ်နေပါက တခြားလူများဆိုလျှင် ပြောနေစရာကို မလိုတော့ပေ။
ဤတစ်ကြိမ်တွင် သူတို့သည် သူ့ကို မချီးကျူးကြပေ။
ထို့အစား သူ့ကို ကြောက်လန့်တကြားသာ ကြည့်နေကြသည်။
အကယ်၍ တစ်ဖက်လူသာ စံပြပုဂ္ဂိုဟ်တစ်ယောက်လိုဆိုပါက သူတို့သည် သူ့ကို လေးစားအားကျကြပြီး အနားသို့ ကပ်သွားကြမည်ဖြစ်သည်။
သို့သော် တစ်ဖက်လူသည် တစ္ဆေတစ်ကောင်လို တည်ရှိမှုဖြစ်လာသောအခါ သူတို့သည် အကွာအဝေးတစ်ခု ခြားထားကြသည်။
အစောပိုင်းက ယဲ့ဖန်ပြသခဲ့သော စွမ်းရည်သည် သိပ္ပံပညာ၏ နယ်ပယ်ကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။
သူတို့သည် သူ့ကို ဂြိုဟ်သားတစ်ယောက်လို ဆက်ဆံနေကြပြီဖြစ်သည်။
ဤသည်ကား ယဲ့ဖန်ကို စိတ်ဓာတ်ကျသွားစေသည်။
ငါသရုပ်ဆောင်တာ အရမ်းများသွားလို့လား။
အကယ်၍ ကားကသာ Blue Charm Nightသာမဟုတ်ပါက သူသည် မိုင်၈၀ထက် ပိုမြန်မြန်ပင် သွားနိုင်ခဲ့လိမ့်မည် ဖြစ်သည်။
အဆုံးတွင် စနစ်ကပေးသော ကားမောင်းခြင်းစွမ်းရည်သည် အကောင်းဆုံး ကားမောင်းစွမ်းရည်ဖြစ်သည်။
ဤသည်ကား ကိတ်မုန့်တစ်ခု၏ အပိုင်းအစတစ်ခုလေးပင် ဖြစ်သည်။
သို့သော် ဤလူများ၏ အကြည့်ကို ကြည့်ခြင်းအားဖြင့် အကယ်၍ သူသည် ကားမောင်းစွမ်းရည်ကို ပြသလိုက်ပါက ထိုလူများသည် ကြောက်ရွံ့မှုကြောင့် သေးထွက်ကျလိမ့်မည်ဖြစ်သည်။
မိနစ်အနည်းငယ်ကြာသောအခါ ဖန်းရှောင်ကွန်းသည် သူ့ကားကို ပြန်မောင်းလာခဲ့သည်။
ကားထဲမှ ထွက်လာသောအခါ သူ့အမူအရာသည် ကို့ရို့ကားရား ဖြစ်နေခဲ့သည်။
ပရိသတ်များသည် သူ့အတွက် ကို့ရို့ကားရားဖြစ်သလို ခံစားနေကြရသည်။
သူသည် ပြိုင်ဘက်တစ်ယောက်တည်းကို တစ်နေ့တည်းတွင် သုံးကြိမ်ဆက်တိုက် ရှုံးနိမ့်ခဲ့သည်။
အထူးသဖြင့် နောက်ဆုံးနှစ်ကြိမ်တွင် သူ့ဘက်ကသာ လက်ဦးမှုယူ၍ စိတ်ခေါ်ခဲ့ပြီး နှစ်ကြိမ်တိုင်တိုင် အနိုင်ကျင့်ခဲ့သေးသည်။
ယခုတွင်တော့ သူသည် သူ့ကိုယ်သူ အထင်ကြီးမနေနိုင်တော့ပေ။
" အဟွတ် … အဟွတ် "
ဖန်းရှောင်ကွန်းသည် ခြောက်ကပ်စွာ ချောင်းဟန့်လိုက်သည်။
သူသည် ယဲ့ဖန်ဆီ လမ်းလျှောက်လာခဲ့ပြီး ကားသော့များကို လက်လွှဲပေးလိုက်သည်။
" ဒီကားက မင်းအပိုင်ပဲ "
ပြောရင်းနှင့် သူသည် သူ့ကောင်မလေးကို တခြားလူ၏ အိပ်ရာပေါ်သို့ ပို့ပေးလိုက်ရသကဲ့သို့ သူ့ကားကို အင်တင်တင်ဖြင့် ကြည့်နေခဲ့သည်။
ယဲ့ဖန်သည် ကားသော့ကို ယူပြီး ကိုင်ကြည့်လိုက်ကာ သူ့ဆီကို ပြန်ပစ်ပေးလိုက်သည်။
" မေ့လိုက်တော့။ ဒီလို ကားအစုတ်ကို စိတ်မဝင်စားဘူး "
" ဖူး ...... "
လူတိုင်းသည် သွေးအန်လုနီးပါးပါး ဖြစ်သွားကြသည်။
ပြုပြင်မွမ်းမံခများအပါအဝင် ဖန်းရှောင်ကွန်း၏ ကားသည် ခန့်မှန်းခြေ သန်းဆယ်နဲ့ချီ တန်လိမ့်မည်ဖြစ်သည်။
အဲ့လိုကားကို ဘယ်လိုလုပ်ပြီး ကားအစုတ်လို့ ခေါ်နိုင်တာလဲ။
သို့သော် ယဲ့ဖန်၏ Blue Charm Nightကို မြင်သောအခါတွင် သူတို့၏ ဒေါသများသည် ပျောက်ကွယ်သွားကြသည်။
ဖန်းရှောင်ကွန်းသည် စိုးရိမ်သွားသည်။
" ဘယ်လိုလုပ်ပြီး အဲ့လိုဖြစ်နိုင်မှာလဲ။ ငါက ပြောခဲ့ပြီးသွားပြီဖြစ်တာကြောင့် ဘယ်လိုလုပ်ပြီး ငါ့စကားတွေကို ပြန်ရုတ်သိမ်းရမှာလဲ "
" ဘာပဲဖြစ်ဖြစ်၊ အဲ့တာက မင်းရဲ့ကားပဲ။ တကယ်လို့ မင်းမကြိုက်ဘူးဆိုရင် ထုပဲခြေခြေ လွှင့်ပဲပစ်ပစ် ကြိုက်တာသာလုပ် "
ယဲ့ဖန်သည် ဒီလူကို လေးစားမှုတချို့ရှိသည်။
သူသည် ပေးလိုက်ဖို့ တုံ့ဆိုင်းနေခဲ့သည်။
သို့သော် သူသည် အရှုံးကို ဝန်ခံရဲနေသည်။
သူက ယုံကြည်ထိုက်တဲ့လူပဲ။
" ဒါဆိုလည်း ဒါကို ခင်ဗျားနဲ့ အရင်ထားခဲ့မယ်။ ကောင်းကောင်း ဂရုစိုက်ထားလိုက်။ လိုတဲ့ အချိန်ရောက်လာရင် အဲ့တာကို ပို့လိုက်နိုင်တယ် "
သူသည် ပြုံးပြီး ပြောလိုက်သည်။
" မင်းက ငါ့ကို ငကြောက်တစ်ကောင်လို ဆက်ဆံနေတာလား။ မင်းအတွက် ငါ့ကို မြင်းတစ်ကောင်ကို ပျိုးထောင်ပေးစေချင်နေတာလား "
ဖန်းရှောင်ကွန်းသည် မပျော်ရွှင်စွာဖြင့် စောဒကတက်လိုက်သည်။
" မြင်းတစ်ကောင်ဖြစ်ရတာက မမျှတလို့လား။ တကယ်လို့ ခင်ဗျားက ဆန္ဒမရှိဘူးဆိုရင်လည်း တစ်ယောက်ယောက်ကို ရှာပြီး ကူညီပျိုးထောင်ခိုင်းလိုက်မယ် "
ယဲ့ဖန်သည် ပြောလိုက်ပြီး သူ့လက်ထဲမှ ကားသော့ကို ဆွဲယူရန် ပြင်လိုက်သည်။
" မဟုတ်ဘူး၊ မဟုတ်ဘူး။ ငါမင်းအတွက် မြင်းတစ်ကောင်ကို ပျိုးထောင်ပေးမယ်။ သူက ပိုင်ရှင်တော့ရှိနေပါသေးတယ် "
သူနှင့် ဤကားသည် နက်ရှိုင်းသောဆက်ဆံရေးရှိသည်။
သူသည် ၎င်းကို ယဲ့ဖန်ဆီ ပေးလိုက်ရမှာ တွန့်ဆုတ်နေသည်။
ယခုတွင် တစ်ဖက်ကလူသည် ၎င်းကို သူနှင့်အတူ ဆက်၍ ထားထားရန် ဆန္ဒရှိနေသောကြောင့် သဘာဝအားဖြင့် သူက ပို၍ပင် သဘောကျနေခဲ့သည်။
သူတို့နှစ်ယောက်သည် ခဏလောက် စကားပြောနေပြီး ရယ်မောနေခဲ့ကြသည်။
အရင်က ရန်လိုနေသော လေထုသည် တဖြည်းဖြည်းဖြင့် ပျောက်ကွယ်သွားပြီး မြင်ကွင်းသည် ပြန်လည်၍ အသက်ဝင်လာခဲ့သည်။
တစ်စုံတစ်ယောက်သည် သူတို့အတွက် ဘီယာနှစ်ပုလင်းယူလာခဲ့သည်။
ဖန်းရှောင်ကွန်းသည် ၎င်းတို့ကို ယူလိုက်ပြီး ယဲ့ဖန်ကို ချက်ချင်းပင် တစ်ပုလင်းပေးလိုက်သည်။
" ညီအစ်ကို၊ မင်းရဲ့စွမ်းရည်တွေက အံ့အားသင့်စရာပဲ။ ငါ၊ ဖန်းရှောင်ကွန်းက အရှုံးကို ဝန်ခံတယ်။ ဒါပေမဲ့ ငါမင်းရဲ့ နာမည်ကို မသိရသေးဘူး "
ယဲ့ဖန်သည် ဟိတ်ကြီးဟန်ကြီးဖြင့် ရပ်မနေခဲ့ပေ။
သူသည် ဘီယာပုလင်းကို ယူလိုက်ပြီး ပါးစပ်အပြည့်မော့ချလိုက်သည်။
" ယဲ့ဖန် "
" ဖူးးးးး "
ဖန်းရှောင်ကွန်းသည် ပါးစပ်အပြည့်ဘီယာများကို ထွေးထုတ်လိုက်ပြီး သူ့ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။
" ယဲ့ဖန်လား "
လူတိုင်းသည် သူတို့ နားကြား မှားလိုက်ရသည်ဟုတင်နေကြပြီး သူ့ကို တုန်လှုပ်စွာဖြင့် ကြည့်နေကြသည်။
ယဲ့ဖန်သည် ခေါင်းညိတ်လိုက်သည်။
" ဟုတ်တယ်လေ၊ ဘာပြဿနာရှိလို့လဲ "
ဖန်းရှောင်ကွန်းသည် သူ့ကို ကြည့်လိုက်ပြီး Blue Charm Nightကို ကြည့်လိုက်သည်။
" မင်းက ယန်းချန်မြို့မှာ တောက်ပလာတဲ့ ယဲ့လူကြီးမင်းလား "
ယဲ့ဖန်သည် Blue Charm Nightပေါ်တွင် ထိုင်ချလိုက်သည်။
" ဘာလဲ။ ကျွန်တော်က အဲ့လိုပုံစံမပေါက်နေဘူးလား "
ဟား
လူအုပ်ကြီးသည် ချက်ချင်းပင် လေသံတိုးတိုးဖြင့် ဆွေးနွေးနေကြသည်။
သူတို့သည် အံ့ဩတုန်လှုပ်နေကြသည်ဆိုတာ သိသာလှသည်။
" သေစမ်း၊ သူက ဒဏ္ဍာရီလာ ယဲ့လူကြီးမင်းလား။ ဒါကြီးက ရယ်စရာမကောင်းလွန်းနေဘူးလား "
" ဟုတ်တယ်၊ ယဲ့လူကြီးမင်းက အတော်လေးကို ချမ်းသာတယ်လို့ ငါကြားခဲ့ဖူးတယ်။ သူ့ရဲ့ကားမောင်းစွမ်းရည်ကလည်း ဒီလောက်တောင် အံ့အားသင့်ဖွယ်ကောင်းနေမယ်လို့ ငါမထင်ထားခဲ့ဘူး "
" ငါကတော့ ဘယ်က ပရော်ဖက်ရှင်နယ် ပြိုင်းကားမောင်းသမား ရောက်လာခဲ့တာလဲလို့ သိချင်နေခဲ့တာ။ ယဲ့လူကြီးမင်း ဖြစ်နေမယ်လို့ မထင်ထားခဲ့ဘူး "
" ယဲ့လူကြီးမင်းက ဒီလောက်ငယ်နေမယ်လို့ ငါမထင်ထားခဲ့မိဘူး။ ပြီးတော့ သူက အရမ်းချောတာပဲ "
ယဲ့ဖန်၏ နာမည်ကို မကြားဖူးသော လူများစွာလည်းရှိနေခဲ့သည်။
သူတို့သည် ပတ်ဝန်းကျင်က လူများကို လိုက်မေးလိုက်ကြသည်။
" ယဲ့လူကြီးမင်းကဘာလဲ။ အရမ်းဩဇာအာဏာရှိတာလား "
" မဖြစ်နိုင်ဘူး။ မင်းက ယဲ့လူကြီးမင်းကို မကြားဖူးဘူးလား။ မင်းက အသိဉာဏ်ကင်းမဲ့နေတာလား။ "
" ယဲ့လူကြီးမင်းက ယန်းချန်မြို့မှာ အသစ်ထွက်ပေါ်လာခဲ့တဲ့ အကောင်ကြီးတစ်ယောက်လေ။ သူက ဒဏ္ဍာရီလာပုံရိပ်တစ်ခုလေ "
" ဒဏ္ဍာရီလာပုံရိပ်လား။ ဒီလောက် ငယ်ရွယ်တဲ့အချိန်အခါမှာက သူက ဘယ်လောက်ကျော်ကြားနိုင်မှာမလို့လဲ "
" မင်း ကောင်းကျူမင်းကိုတော့ သိသင့်တယ်၊ ဟုတ်တယ်မလား "
" ငါ မသိဘူး "
" ဒါဆိုလည်း မင်း ချောင်ရှင်းဂိုဏ်းအကြောင်းတော့ ကြားဖူးသင့်တယ်၊ ဟုတ်တယ်မလား "
" ငါ မသိဘူး "
" ဒါဆိုလည်း မင်းဘာသောက်ကြောင်းကို သိလဲ "
" ငါက ဘယ်လိုကားပြိုင်မောင်းရမလဲဆိုတာပဲ သိတာ "
" မင်းမေ...... "
ယဲ့ဖန်၏ သရုပ်မှန်ကို သိပြီးသည့်နောက်တွင် သူတို့သည် တစ်ဖန်ပြန်ပြီး ရုတ်တရုတ်သဲသဲ ဖြစ်လာကြသည်။
တစ်ဖက်လူ၏ သရုပ်မှန်နှင့် ကားအကြား ခြားနားချက်သည် ကြီးမားလှသည်။
စီးပွားရေးလောကမှ အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်သည် ဖန်းရှောင်ကွန်းလို ကျွမ်းကျင်သူတစ်ယောက်ကို ကားပြိုင်မောင်းပြီး တကယ်ပင် အနိုင်ယူနိုင်ခဲ့သည်။
ဤသည်ကား လုံးဝကို မယုံကြည်နိုင်စရာကောင်းလှသည်။
ယဲ့ဖန်၏ နာမည်သည် ယန်းချန်မြို့ မြေအောက်ပြိုင်ကားလောကတွင် ပျံ့နှံ့သွားတော့မည်ဆိုတာ သိသာလှသည်။
တစ်ဖက်တွင် သူ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်များနှင့် တစ်ဖက်တွင် သူ၏ အောင်မြင်ကျော်ကြားသော ပုံရိပ်ရှိနေသည်။
ယခုတွင် သူ့ဒဏ္ဍာရီထဲတွင် နောက်ထပ်တစ်ရောင် ထပ်တိုးလာခဲ့ပြီ ဖြစ်သည်။
ဖန်းရှောင်ကွန်းသည် သူတို့ထက်စာလျှင် အနည်းငယ်ပိုကောင်းသည်။
သူသည် အစက နည်းနည်းအံ့ဩသွားခဲ့ရုံသာဖြစ်သည်။
သို့သော် သူသည် လျင်လျင်မြန်မြန်ပင် ပြန်လည်တည်ငြိမ်သွားခဲ့သည်။
ယဲ့ဖန်၏ အောင်မြင်ကျော်ကြားသောပုံရိပ်သည် သူ့အတွက် ကားပြိုင်မောင်းခြင်းလောက် အရေးမကြီးပေ။
" ဒါနဲ့ မင်းရဲ့ စွမ်းရည်တွေကို ဘယ်လိုလေ့ကျင့်ခဲ့တာလဲ "
သူသည် ယဲ့ဖန်ကို သိချင်စိတ်ဖြင့် ကြည့်ပြီး မေးလိုက်သည်။
ဖန်းရှောင်ကွန်း၏ ကားမောင်းစွမ်းရည်သည် အတော်လေးကို အားကောင်းလှပြီး သူသည် ၎င်းအတွက် များစွာ ကြိုးစားအားထုတ်ခဲ့ရသည်။
သို့သော် သူသည် အရည်အချင်းနှင့် ဝီရိယကောင်းချီး နှစ်ခုအောက်မှာပင် တစ်ဖက်ကလူကို လုံးဝ အရှုံးပေးခဲ့ရသည်။
၎င်းက သူ့အား သိချင်စိတ်ကို ဖြစ်စေခဲ့သည်။
သူက ဒီလိုမယုံကြည်နိုင်ဖွယ်ကောင်းတဲ့ အဆင့်ရောက်အောင် ဘယ်လိုလေ့ကျင့်နိုင်တာလဲ။
လူတိုင်းသည်လည်း ဒီကားဘုရင်အသစ်၏ အတွေ့အကြုံများကို ကြားချင်တာကြောင့် နားများစွင့်နေကြသည်။
သူ့မေးခွန်းကို ကြားသောအခါ ယဲ့ဖန်သည် မျက်မှောင်ကြုတ်လိုက်သည်။
သူသည် တကယ်ကို ဘယ်လိုဖြေရမလဲမသိပေ။
သူ၏ ကားမောင်းကျွမ်းကျင်မှု စွမ်းရည်များသည် စနစ်က ပေးသည်ဟု ပြော၍မရပေ။
ဟုတ်တယ်မလား။
ဖန်းရှောင်ကွန်းသည် သူ၏ ဒုက္ခရောက်နေသော အမူအရာကို ကြည့်ပြီး နားလည်မှုလွဲသွားသည်။
" ဟားဟား၊ ငါနားလည်ပြီ။ ဒီနည်းပညာက သေချာပေါက်ကို လျှို့ဝှက်ထားရမယ် "
ယဲ့ဖန်သည် သူနားလည်မှုလွဲသွားခြင်းကို မြင်သောအခါ ကို့ရို့ကားရား ပြုံးလိုက်သည်။
" တကယ်တော့ လျှို့ဝှက်ထားစရာမလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က သိုင်းပညာအခြေခံကို သေချာတတ် မြောက်ထားတယ်လေ။ အဲ့တာကြောင့် ကျွန်တော်ရဲ့အာရုံငါးပါးက သာမန်လူတွေထပ် ပိုကောင်းနေပြီး တုံ့ပြန်နိုင်တဲ့အရှိန်က ပိုမြန်နေတာ "
အပိုင်း ( ၁၁၀၀ )
သူ့ကို မတိုက်ခိုက်ဖို့ ကျွန်မ ရှင့်ကိုအကြံပေးလိုက်မယ်
ဖန်းရှောင်ကွန်းသည် မှင်သက်သွားသည်။
" အဲ့တာပဲလား "
ယဲ့ဖန်သည် ခေါင်းညိတ်ပြလိုက်သည်။
" ဟုတ်တယ်လေ၊ အဲ့တာပဲ "
ဖန်းရှောင်ကွန်းသည် ပို၍ပင် ရှုပ်ထွေးသွားသည်။
" အဲ့တာ မမှန်ပါဘူး။ ငါလည်း ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာ သိတယ်။ ဒါပေမဲ့ အဲ့တာက ကားမောင်းတာမှာ အထောက်အကူဖြစ်မယ်လို့ ငါ မထင်ဘူး "
ယဲ့ဖန်သည် သူ့နှာခေါင်းကို ထိလိုက်သည်။
" အဲ့တာတော့ သိပ်မသေချာပါဘူး "
ဖန်းရှောင်ကွန်းသည် သူ့ကို ခဏလောက် စိုက်ကြည့်လိုက်ပြီး ရုတ်တရက်ပင် သူ့လက်များကို ဆွဲလိုက်သည်။
" မင်းက သိုင်းပညာတတ်တာကြောင့် ငါတို့ လက်ရည်ယှဥ်လိုက်ကြရအောင်။ မင်းရဲ့ သိုင်းပညာနဲ့ ငါ့ရဲ့သိုင်းပညာက ဘယ်လောက်ကွာခြားလဲဆိုတာ ကြည့်လိုက်ကြရအောင် "
ယဲ့ဖန်သည် သူ့ကို ထူးဆန်းစွာဖြင့် ကြည့်လိုက်သည်။
" မင်းက ငါနဲ့ တိုက်ခိုက်ချင်တာ သေချာရဲ့လား "
ဖန်းရှောင်ကွန်းသည် ကြိုးစားကြည့်ရန် စိတ်အားထက်သန်နေသည်။
" ငါ့ဘဝမှာ ဝါသနာပါတာနှစ်ခုရှိတယ်။ တစ်ခုက ကားပြိုင်တာ၊ နောက်တစ်ခုက တိုက်ခိုက်တာပဲ "
" ငါမင်းကို ကားပြိုင်တာမှာ အနိုင်မယူနိုင်ဘူး။ ဒါပေမဲ့ မင်းက ငါနဲ့ တိုက်ခိုက်တာမှာတော့ လက်ရည်ညီမှာမဟုတ်ဘူး "
ကျူးရှောင်ကျောင်းသည် လူယုတ်မာပြုံး ပြုံးလိုက်သည်။
" အစ်ကိုရှောင်ကွန်း၊ သူနဲ့ မတိုက်ခိုက်ဖို့ ကျွန်မ ရှင့်ကို အကြံပေးလိုက်မယ်။ မဟုတ်ရင် ရှင်က ပိုပြီး ဆိုးဆိုးဝါးဝါး ရှုံးနိမ့်သွားလိမ့်မယ် "
အစက ဖန်းရှောင်ကွန်းသည် စိတ်လှုပ်ရှားနေခဲ့သည်။
သို့သော် သူသည် သူမ၏ စကားကြောင့် နှိုးဆော်ခံလိုက်ရသောအခါ သူသည် ရုတ်တရက်ပင် တက်ကြွလာခဲ့သည်။
" တကယ်လား။ ဒါဆိုလည်း ငါက အဲ့တာတွေကို ပိုပြီးတော့တောင် အတွေ့အကြုံယူရမှာပေါ့ "
သူသည် ပြောနေရင်းပင် သူ့လက်သီးများကို ယဲ့ဖန်ကိုဆုပ်ပြလိုက်သည်။
" ဖန်းရှောင်ကွန်းက မင်းရဲ့ စွမ်းအားကို အတွေ့အကြုံ ယူချင်နေတယ်။ ကျေးဇူးပြုပြီး ငါ့ကို သင်ပြပေးပါဦး "
ယဲ့ဖန်သည် သူ၏ ထပ်ခါတလဲလဲ ရန်စမှုများကြောင့် ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။
" ကောင်းပြီ၊ ကျွန်တော် ခင်ဗျားရဲ့စိန်ခေါ်မှုကို လက်ခံတယ် "
ပတ်ဝန်းကျင်မှလူများသည်လည်း သူတို့နှစ်ယောက်က လက်ရည်ယှဥ်တော့မည် ဆိုတာကို ကြားသောအခါ သွေးပူလာကြသည်။
" ဒီနေ့ခရီးက တကယ်ကိုတန်တယ်ဟေ့။ ကြောက်မက်ဖွယ်ကောင်းတဲ့ ကားမောင်းပြိုင်ပွဲကို မြင်ရရုံတင်မကဘူး။ သိုင်းပညာပြိုင်ပွဲကိုပါ မြင်ရတော့မှာလား "
" သေစမ်း၊ ဒီနေ့ကတော့ လုံးဝကို မျက်စိအစာကျွေးခဲ့ရတယ်။ သောက်ရမ်းမိုက်တယ် "
" ယဲ့လူကြီးမင်းက ကွန်ဖူးတတ်တာလား။ သူက စာပေနဲ့ သိုင်းပညာနှစ်ခုလုံးမှာ ဉာဏ်ကြီးရှင်ပဲ "
" သူက ကျန်းမာရေးထိန်းသိမ်းမှု နည်းနည်းပဲ သိတာလို့ ငါတော့ထင်တယ်။ အဲ့သိုင်းပညာမျိုးက အတိုက်အခိုက်မှာ လုံးဝသုံးလို့ မရဘူးမလား "
" ဟုတ်တယ်၊ ဖန်းရှောင်ကွန်းရဲ့ အတိုက်အခိုက်စွမ်းရည်က တော်တော်လေးကို အားကောင်းတယ်လို့ ငါ ကြားခဲ့ရတယ်။ ဟန်ပြလုပ်နေတဲ့သူတွေက သူနဲ့ယှဥ်နိုင်မှာမဟုတ်ဘူး "
" သခင်လေးကွန်းက တခြားသူတွေနဲ့ တိုက်ခိုက်ခဲ့တာကို ငါ့မျက်လုံးတွေနဲ့ကိုယ်တိုင် မြင်ခဲ့ဖူးတယ်။ သူက တစ်ကွက်တည်းနဲ့ လူ၆ယောက်၇ယောက်ကို မှောက်သိပ်ခဲ့တာ "
" လူကြားထဲမှာ စိန်ခေါ်ခံလိုက်ရတာကြောင့် ယဲ့လူကြီးမင်းက မျက်နှာ အပျက်မခံချင်လို့ သူစိန်ခေါ်မှုကို လက်ခံလိုက်တာလို့ ငါထင်တယ်၊ ဟုတ်တယ်မလား "
" ပြီးသွားပြီ။ နောက်ပြီးကျရင် သူသေချာပေါက်ကို သနားစရာကောင်းစွာ ရှုံးနိမ့်သွားလိမ့်မယ် "
လူတိုင်းသည် ယဲ့ဖန်ကို အကောင်းမမြင်ကြပေ။
စီးပွားရေးလောကတွင် ကျင်လည်နေသူတစ်ယောက်အတွက် သူ၏ ကားမောင်းစွမ်းရည် အလွန်သန်မာနေခြင်းကပင် သူတို့၏ စိတ်ကူးစိတ်သန်းများကို ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
အတိုက်အခိုက်သည်ကား အချိန်ပေါင်းများစွာ၊ စွမ်းအင်များစွာနှင့် လေ့ကျင့်မှုများစွာ လိုအပ်သည်။
ယဲ့ဖန်က ဒီနှစ်ဆို အသက်ဘယ်လောက်လဲ။
သူ့ကြည့်ရတာ နှစ်ဆယ်အစောပိုင်းပဲ ရှိသေးတဲ့ပုံပဲ။
ဘယ်လိုလုပ်ပြီး မတူညီတဲ့နယ်ပယ်အများကြီးကို တစ်ချိန်တည်းမှာ ထိပ်ဆုံးထိ ရောက်နိုင်မှာလဲ။
တကယ်လို့ သူကသာ လူသားတစ်ယောက်မဟုတ်ဘူးဆိုရင်ပေါ့။
" သခင်လေးကွန်း၊ နောက်ပြီးကျရင် ခင်ဗျား ညှာတာပေးရမယ်။ နတ်ဘုရားဖန်ကို မထိခိုက်ပါစေနဲ့ "
" အဲ့တာဟုတ်တယ်။ တကယ်လို့ တစ်ခုခုသာ ထိခိုက်သွားမယ်ဆိုရင် နတ်ဘုရားဖန်ရဲ့ အနာဂတ်အစီအစဥ်တွေကို အကျိုးသက်ရောက်သွားနိုင်တယ် "
" ဒီလိုမျိုး ပြိုင်ကားနတ်ဘုရားဆိုတာ ပေါ်လာဖို့မလွယ်ဘူးဗျ။ သူ့ကို ခြေတွေလက်တွေ မချိုးလိုက်ပါနဲ့ "
" ကျွန်မအမြင်မှာတော့ ရှင်တို့တွေ ပြိုင်နေတာကို ရပ်လိုက်ပြီး နတ်ဘုရားဖန်ကို ကျွန်မတို့ဆီမှာ ထားခဲ့သင့်တယ် "
ယဲ့ဖန်ကြောင့် အစွဲဆောင်ခံလိုက်ရသော ပရိသတ်များစွာရှိနေခဲ့သည်။
သူတို့သည် ယဲ့ဖန်အတွက် စ၍အသနားခံနေကြသည်။
ဖန်းရှောင်ကွန်းသည် ပြုံးလိုက်သည်။
" စိတ်မပူပါနဲ့၊ ငါ့ခွန်အားရဲ့ ၃၀ရာခိုင်နှုန်းကိုပဲ သုံးမှာ။ သူ သူခြေတွေလက်တွေကို မချိုးပါဘူး "
ယဲ့ဖန်သည် ပြုံးရုံသာပြုံးလိုက်ပြီး ဘာမှမပြောပေ။
လူတိုင်းသည် ချက်ချင်းပင် လူစုခွဲသွားကြပြီး သူတို့နှစ်ယောက် အသုံးပြုရန် နေရာအကျယ်ကြီး ချန်ထားခဲ့လိုက်ကြသည်။
ယဲ့ဖန်နှင့် ဖန်းရှောင်ကွန်းသည် ၃၊ ၄မီတာလောက်ဝေးနေသည်။
သူတို့သည် တစ်ယောက်နှင့် တစ်ယောက်ကြည့်နေကြသည်။
" မင်းအကာအကွယ် ဝတ်စုံဝတ်ချင်လား။ မင်းကို တကယ်ရိုက်ချိုးမိမှာ ငါစိုးရိမ်မိတယ် "
ဖန်းရှောင်ကွန်းသည် သွေးပူအောင်လုပ်နေစဥ်တွင် ယဲ့ဖန်ကို ရန်စလိုက်သည်။
" မလိုဘူး၊ ခင်ဗျားကို ကျေးဇူးတင်တယ် "
ယဲ့ဖန်သည် သူ့စကားများထဲမှ အထင်သေးမှုများကို ကြားပုံမပေါ်ပေ။
သူသည် မတူညီစွာဖြင့် ပြန်ဖြေလိုက်သည်။
သွေးပူအောင်လုပ်ပြီးသောအခါ ဖန်းရှောင်ကွန်းသည် သူ့လက်မောင်းများကို သူ့ရင်ဘတ်ပေါ်တွင် ယှက်တင်ထားလိုက်သည်။
" စလိုက်ကြရအောင် "
ယဲ့ဖန်သည် သူ့လက်တစ်ဖက်ကို နောက်ပစ်ထားလိုက်ပြီး ကျန်သော လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
" ကျေးဇူးပြုပြီး "
သူ့မောက်မာမှုကို မြင်သောအခါ ဖန်းရှောင်ကွန်းသည် ဒေါသနည်းနည်း ထွက်သွားသည်။
" ဒါဆိုလည်း ငါဟိတ်ဟန်တွေများမနေ … "
သူ့စကားမဆုံးခင်မှာပင် သူ့ခန္ဓာကိုယ်သည် ချွန်ထက်နေသော ဓားတစ်စင်းကဲ့သို့ပင် ယဲ့ဖန်ဆီသို့ တစ်ဟုန်ထိုး ပြေးတက်သွားသည်။
သူတို့နှစ်ယောက်ကြား အကွာအဝေးသည် သေးငယ်လှသည်။
ထို့အပြင် သူ၏ အရှိန်သည် အလွန်မြန်နေသောကြောင့် သူသည် မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ရောက်လုနီးပါး ဖြစ်သွားသည်။
ဖူး
ယဲ့ဖန်နှင့် တစ်မီတာလောက်သာ ဝေးသော နေရာကိုရောက်သောအခါ သူသည် လေပြင်းများကို ဖန်တီးလိုက်သမျိုး ရုတ်တရက်ပင် အားပြင်းထန်စွာဖြင့် ကန်လိုက်သည်။
ယဲ့ဖန်သည် အေးအေးဆေးဆေး ပြုံးလိုက်ပြီး ခြေတစ်လှမ်းဆုတ်ကာ သူ့တိုက်ခိုက်မှုကို ရှောင်လိုက်သည်။
သို့သော် ဖန်းရှောင်ကွန်းသည် စတင်တိုက်ခိုက်လိုက်တာနဲ့ မုန်တိုင်းတစ်ခုလိုပင် ဖြစ်နေခဲ့သည်။
ဝှီး ဝှီး ဝှီး
သူ၏ ခြေထောက်များသည် ပန်ကာတစ်ခုကဲ့သို့ ဖြစ်နေသည်။
၎င်းတို့သည် အလွန်ပင် အားပါပြင်းထန်လှသည်။
သူ၏ အတိုက်အခိုက်စွမ်းရည်သည် မဆိုးဘူးဆိုတာကို ယဲ့ဖန်သည် မြင်နိုင်နေသည်။
သူဒီလောက် မောက်မာနေရဲတာ အံ့ဩစရာမဟုတ်တော့ဘူးဘဲ။
သူ့မှာ အရည်အချင်းတချို့ရှိနေတယ်။
သို့သော် အဆိုပါ မဆိုးဘူးဟူသော စကားသည် သာမန်သိုင်းပညာနှင့်သာ သက်ဆိုင်သည်။
ယဲ့ဖန်သည် သာမန်သိုင်းပညာရှင်တစ်ယောက် မဟုတ်ပေ။
သူသည် တစ်ဖက်ကလူက ဘယ်လောက်သန်မာလဲဆိုတာကို မြင်ချင်နေသည်။
ထို့ကြောင့် သူသည် အလျင်စလို ပြန်လည်တိုက်စစ်မဆင်ပေ။
ထို့အစား သူသည် ထပ်ခါတလဲလဲ နောက်ဆုတ်နေခဲ့သည်။
တစ်ယောက်က တိုက်ခိုက်လိုက်၊ တစ်ယောက် နောက်ဆုတ်လိုက်နှင့် သူတို့သည် ချက်ချင်းပင် ၁၀မီတာ အကွာအဝေးသို့ ရောက်သွားကြသည်။
မြင်ကွင်းသည် မြည်တွန်တောက်တီးသံများ အူသံများဖြင့် ပြည့်နှက်နေခဲ့သည်။
တစ်ချိန်တည်းမှာပင် သူတို့သည် များစွာ စောဒကတက်နေကြသည်။
" ဘာလို့ ယဲ့ဖန်က မတုံ့ပြန်တာလဲ။ သူက အလိုက်ခံပြီး အရိုက်အနှက်ခံချင်နေတာလား "
" သူက ပြန်တိုက်ချင်နေတာ။ ဒါပေမဲ့ သခင်လေးကွန်းရဲ့ တိုက်ခိုက်မှုတွေက အတော် မြန်ပြီး ပြင်းထန်နေတယ်။ သူက လုံးဝကို အခွင့်အရေးမရတာ "
" ငါက အဲ့တာကို စောင့်မျှော်နေခဲ့တာ။ သူက ကားပြိုင်ပွဲတုန်းကလို ငါတို့ကို အံ့အားသင့်စရာတွေ ပေးလိမ့်မယ်လို့ ငါထင်နေခဲ့တာ။ သူက ဒီလောက်တောင် အသုံးမကျဖြစ်နေမယ်လို့ မထင်ထားခဲ့မိဘူး "
" သူ့ရဲ့ ကားမောင်းစွမ်းရည်က အတော်လေးကိုကောင်းတယ်။ တကယ်လို့ အတိုက်အခိုက်မှာလည်း သူက သခင်လေးကွန်းကို အနိုင်ယူလိုက်မယ်ဆိုရင် ကမ္ဘာကြီးမှာ တရားမျှတမှုဆိုတာ ရှိဦးပါ့မလား "
" သခင်လေးကွန်းရဲ့ အရှေ့မှာ သူက ပြုသမျှ နုခံရမှာပဲ "
" သူက တစ်မိနစ်ထက် နည်းသည့်အချိန်မှာပင် အရှုံးကို ဝန်ခံလာလိမ့်မယ်ဆိုတာ ငါလောင်းရဲတယ်။ တကယ်လို့ မင်းတို့ ငါ့ကို မယုံဘူးဆိုရင် စောင့်ပြီး ကြည့် …. "