အခန်း (၁၁၀၁-၁၁၀၄)
Vol. 56 Ch. 1101-1104
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၀၁ )
အမြင်ကျယ်သွားအောင် ကူညီပေးမယ်
ဖန်းရှောင်ကွန်းသည် ပို၍ပို၍ စိတ်ဓာတ်ကျလာတော့သည်။
သူတို့နှစ်ဦး တိုက်ခိုက်နေသည်မှာ ၄မိနစ်မှ ၅မိနစ်အထိ ကြာမြင့်လာပြီ ဖြစ်လေသည်။
သူသည် စတိုက်သည်မှ စ၍ တရစပ် တိုက်စစ်ဖြင့် အရူးအမူးတိုက်ခိုက်နေသော်လည်း တစ်ဖက်သူမှာဖြင့် သူ၏ တိုက်ကွက်မှာကို ရှောင်တိမ်းရုံသာ ရှောင်နေသည်။
ယခု လက်ရှိအချိန်အထိ သူသည် တစ်ဖက်လူ၏ အဝတ်တစ်စကို ထိပင် မထိနိုင်သေးချေ။
" မင်း ချရော ချမှာ သေချာရဲ့လား။ ဘာစောက်ကြောင်းနဲ့ ပုန်းလျှိုးနေတာလဲ "
သူသည် တိုက်ခိုက်နေသည်ကို ရပ်လိုက်ပြီး ယဲ့ဖန်ကို စိတ်ဆိုးတကြီးဖြင့် စိုက်ကြည့်လေသည်။
ယဲ့ဖန်သည် သူ၏ လက်တစ်ဖက်ကို နောက်ပစ်လျက် ရှိနေသေးသည်။
" ကျွန်တော်က ခင်ဗျားကို ပညာပြလို့ရအောင် အခွင့်အရေးပေးနေတာလေ။ ကျွန်တော် စပြီး တိုက်တာနဲ့ ခင်ဗျား တိုက်ဖို့ အခွင့်အရေးရှိလာမှာ မဟုတ်ဘူး "
ဖန်းရှောင်ကွန်းသည် တမဟုတ်ချင်း အမုန်းအာဃာတ ထွက်လာသည်။
" သောက်ကြွားထူမနေနဲ့။ မင်းမှာ သတ္တိရှိရင် ပြန်တိုက်လိုက်။ မင်းက ငါ့ကို ဘယ်လိုများ တိုက်ခွင့်မရှိအောင် လုပ်မလဲဆိုတာ မြင်ဖူးလိုက်ချင်သေးတယ်၊ ဟက် "
သူသည် ထိုကဲ့သို့ ပြောပြီးနောက် ယဲ့ဖန်ဆီသို့ တစ်ဖန်ပြန်ခုန်တက်လာသည်။
ယဲ့ဖန် ဤတစ်ကြိမ်တွင်တော့ နောက်ဆုတ်မသွားတော့ပေ။
ယဲ့ဖန်သည် ဖျော့တော့စွာ ပြုံးရုံသာ ပြုံးလိုက်သည်။
" ဒါဆို ခင်ဗျားရဲ့ အမြင်တွေကို ဖွင့်ပေးမယ် "
ထိုအချိန်တွင် ဖန်းရှောင်ကွန်းသည် ယဲ့ဖန်၏ ဘယ်ဘက်ပါးစောင်ဆီသို့ အားပြင်းပြင်းဖြင့် ကန်လိုက်သည်။
ယဲ့ဖန်၏ ဘယ်ဘက်လက်မှာ သူ၏ ကျောနောက်သို့ ပစ်ထားဆဲသာ ဖြစ်သည်။
ထို့ကြောင့် သူ၏ ညာဘက်လက်သည် ရှေ့သို့ လျင်မြန်စွာ ရောက်လာပြီး ဖန်းရှောင်ကွန်း၏ ခြေချင်းဝတ်ကို ဆွဲလိုက်သည်။
ဖန်းရှောင်ကွန်းသည် ထိုမြင်ကွင်းကို မြင်သည့်အခါ လှောင်ပြုံးတစ်ခု သူ့မျက်နှာပေါ်တွင် ပြေးဖြတ်သွားသည်။
သူ့ရဲ့ ကန်ချက်က ဘယ်လောက်တောင် အားပြင်းလိုက်လဲ။
ကီလို၁၀၀နီးပါး ပြင်းအားရှိပြီး လက်မောင်းတစ်ခုစာ ထုရှိသော သစ်ပင် ပင်စည်ပင် ကျိုးနိုင်လေသည်။
ဒီကောင်က ငါ့ကန်ချက်ကို တကယ် လက်ဗလာနဲ့ ဖမ်းရဲမယ်တဲ့လား။ ဟက်
ဒါက သေတွင်းတူးနေတာပဲ။
သို့သော် နောက်ဆက်ဖြစ်လာသော မြင်ကွင်းမှာ သူ့ကို ကြောင်အ တုန်လှုပ်သွားစေခဲ့သည်။
သူ၏ အင်အားပြင်းလှသော ကန်ချက်မှာ ယဲ့ဖန်၏ လက်ဖြင့် ထိမိလိုက်သည့်အခါ သံမဏိပြားကြီးအား ကန်မိလိုက်သလို ခံစားလိုက်ရပြီး တိုက်ခိုက်မှုမှာ ရုတ်တရက် ရပ်တန့်သွားရသည်။
သူသည် အံ့အားသင့် ထိတ်လန့်သွားပြီးနောက် ခြေထောက်ကို ချက်ချင်း ပြန်၍ ဆွဲထုတ်ချင်သည်။
သို့သော် ယဲ့ဖန်မှ ထိုကဲ့သို့သော အခွင့်အရေးမျိုး မပေးချေ။
ယဲ့ဖန်သည် ကန်ချက်ကို လှမ်းတားလိုက်သည့် လက်ဖဝါးပြင်အား ဆွဲကုတ်ကာ ခြေချင်းဝတ်ကို ဖမ်းကိုက်လိုက်ပြီး အောက်သို့ ဖိချလိုက်သည်။
ဖန်းရှောင်ကွန်းသည် အဖိခံလိုက်ရသော ပြင်းအားမှာ ပေါင်ချိန်တစ်ထောင်မကသည်ကို ခံစားလိုက်ရပြီး သူ၏ နောက်ခြေထောက်တစ်ဖက်မှာ မြေကြီးပေါ်သို့ အလိုလျောက် ထောက်မိသွားသည်။
ဖန်းရှောင်ကွန်း၏ တုန့်ပြန်မှုမှာ လျင်မြန်ပြီး ထိုနေရာမှာပင် ခုန်တက်ရန် ပြန်လည် အရှိန်ယူလိုက်သည်။
သို့သော် တစ်ချိန်တည်းမှာပင် ယဲ့ဖန်၏ ခွန်အားကို တစ်ဖန် ပြန်ခံစားလိုက်ရပြန်သည်။
သူ့အား ပင့်မြှောက်ခံလိုက်ရသည်။
ဖန်းရှောင်ကွန်းမှာ တစ်ဖက်သူ၏ ခွန်အားကြောင့် အတော်လေး ထိတ်လန့်သွားရသည်။
ထိုကဲ့သို့ အားနည်းပုံရသည့် ခန္ဓာကိုယ်မှ ဤမျှ ကြောက်စရာကောင်းလှသော ခွန်အားမျိုး ပေါ်ထွက်လာမည်ဟု သူ မထင်ထားချေ။
သို့သော် သူသည် တခဏမျှသာ တုန်လှုပ်နိုင်သည်။
ထို့နောက် ချက်ချင်း လျင်မြန်စွာ စိတ်ပြန်လည်တည်ငြိမ်သွားသည်။
သူ၏ နောက်ခြေတစ်ဖက်မှာ ယဲ့ဖန်ကို ကန်လျက် အခြေအနေကို ပြောင်းပြန်လှန်ပစ်ချင်နေသည်။
ယဲ့ဖန်သည် ဖန်းရှောင်ကွန်း၏ ထိုအကွက်ကို မြင်ကာ လေးစားသည့်အကြည့်တစ်ချက် မျက်နှာပေါ်တွင် ပေါ်လာသည်။
ဖန်းရှောင်ကွန်း၏ တိုက်ခိုက်ရေး စွမ်းရည်များမှာ ဟန်ပြမဟုတ်သည်ကို အတိုင်းသား မြင်နိုင်သည်။
သူသည် ထိုကဲ့သို့ကိစ္စရပ်၌ အမှန်တကယ်ပင် အားထုတ် လေ့ကျင့်ထားသည်။
ထို့အပြင် အကွက်ကျကျ တိုက်ခိုက်နိုင်သည့် အတွေ့အကြုံလည်း များပုံရသည်။
သူသည် အခြားသူများဖြင့် မကြာခဏ တိုက်ခိုက်ရေးစွမ်းရည် လေ့ကျင့်သည်မှာ သိသာလှသည်။
သူသည် 'ဆရာသခင်'ဟူသည့် မထိုက်တန်သော အမည်ခံ ကိုယ်ခံပညာရှင်များထက် အဆပေါင်းတစ်ရာမက များစွာသာလွန်လေသည်။
သို့သော် ထိုသည်မှာ ယဲ့ဖန်အနေဖြင့် အထင်ကြီးပေးနိုင်သည့် အမြင့်ဆုံး သတ်မှတ်ချက်ဖြစ်သည်။
ဖန်းရှောင်ကွန်း၏ ခြေထောက်သည် ယဲ့ဖန်နားသို့ ရောက်ခါနီး၌ ယဲ့ဖန်မှ ခြေချင်းဝတ်ကို ဆုပ်ကိုင်ထားသည်အား ဖယ်ကာ လက်သီးဆုပ်အဖြစ်ပြောင်းပြီး ခြေဖဝါးကို ထိုးချလိုက်သည်။
ယဲ့ဖန်၏ ထိုးချက်မှာ အားပြင်းပုံမရပေ။
သို့သော် ဖန်းရှောင်ကွန်း၏ ခန္ဓာကိုယ်သည် လေလျော့သွားသော ဘောလုံးတစ်လုံးကဲ့သို့ လွင့်ထွက်သွားလေသည်။
ဘန်း
ဖန်းရှောင်ကွန်းသည် သုံးမီတာ၊ လေးမီတာလောက် လွင့်ထွက်သွားပြီးနောက် မြေကြီးပေါ်သို့ ပြန်ကျလာကာ ဖုန်ထသွားသည်အထိ အကျနာသွားလေသည်။
ပွဲကြည့်နေသူများမှာ အံ့ဩတကြီး ဖြစ်ကုန်ကြသည်။
" ဘုရားရေ၊ ဒါ ..... ဒါက ဘာတွေဖြစ်နေတာလဲ။ မင်းတို့ သေချာမြင်လိုက်ကြလား "
" မသိဘူး၊ ခုနထိကတော့ ကွန်းသခင်လေးက သေချာပေါက် တိုက်စစ် လုပ်နေတာပါ။ ပြီးတော့ ယဲ့ဖန်က ပြန်ဆုတ်စရာ မရှိတော့တဲ့အခြေအနေတောင် ရောက်နေတာလေ။ ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန်နဲ့ သခင်လေးက ခံလိုက်ရတာလဲ "
" ငါလည်း သေချာ မမြင်လိုက်ရဘူး။ သူတို့ တိုက်ခိုက်တာ အရမ်းမြန်လွန်းတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ယဲ့လူကြီးမင်းက အစကနေ အဆုံးထိ လက်တစ်ဖက်တည်းကိုပဲ သုံးသွားတာ "
" သူက သခင်လေးကွန်းကို လက်တစ်ဖက်တည်းနဲ့ အနိုင်ယူသွားတာတဲ့လား။ ဒီလောက်ထိတောင် ချဲ့ကားဖို့ လိုလို့လား "
" ယဲ့လူကြီးမင်း၊ ခင်ဗျားရဲ့ ကားမောင်းပြိုင်တဲ့ပညာက အံ့မခန်းဖြစ်သလို အတိုက်အခိုက်စွမ်းရည်ကလည်း ဒီလောက်ထိ ကြောက်စရာကောင်းတာလား "
" ဒါကို ဉာဏ်ကြီးတဲ့ ပညာရှင်လို့တောင် ခေါ်လို့ မရတော့ဘူး။ သူက မကောင်းဆိုးဝါးကြီးပဲ .... "
လူတိုင်းမှာ ထိုရုတ်တရက်ဆန်သော ရလဒ်ကြောင့် အလွန်တုန်လှုပ်နေကြသည်။
ဤအဖြစ်မတိုင်မီက ဖန်းရှောင်ကွန်းသည်သာ တိုက်စစ်တွင် မားမတ်စွာ ရပ်တည်နေပြီး ယဲ့ဖန်မှ နောက်ဆုတ်ရန် အတင်းတွန်းအားပေးခံနေရသည်။
မျက်စိတစ်မှိတ်အတွင်းမှာ အခြေအနေတွေက ပြောင်းပြန်ဖြစ်သွားမယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ။
ယဲ့ဖန်၏ ကာကွယ်မှု၊ ဖမ်းဆုပ်၊ ဖိချ၊ ပစ်ပေါက်မှုနှင့် အဆုံးသတ် ထိုးချက်တို့မှာ တစ်ဆက်တည်း ဖြစ်ပေါ်ခဲ့သည်။
ထို့အပြင် တိုက်ကွက်တို့မှာ အင်မတန် မြန်ဆန်လှသည်။
ယဲ့ဖန်ကိုယ်တိုင်နှင့် ဖန်းရှောင်ကွန်းမှ လွဲ၍ ဘယ်သူမှ အသေအချာ မမြင်လိုက်ကြပေ။
ယဲ့ဖန်မှ ဖန်းရှောင်ကွန်းအား လက်တစ်ဖက်တည်းဖြင့် အနိုင်ယူလိုက်သည်ကိုသာ တွေ့လိုက်ကြသည်။
ထိုသက်ရောက်မှုမှာ အမှန်ပင် ပြိုင်ဘက်မရှိသည်ဟု ဆိုနိုင်သည်။
ဖန်းရှောင်ကွန်းသည် မြေပြင်ပေါ်မှ ထလာကာ မျက်နှာတစ်ပြင်လုံးတွင်လည်း ဖုန်မှုန့်များ၊ အညစ်အကြေးများဖြင့် ကပ်နေသည်။
သူသည် ယဲ့ဖန်ကို တအံ့တဩကြည့်နေသည်။
သူသည် ခြေထောက်ပိုင်းတွင်သာ အနည်းငယ် နာကျင်ရုံမှလွဲ၍ အခြားနာကျင်မှု ဒဏ်ရာ မခံစားလိုက်ရပေ။
တစ်ဖက်လူမှ သူ့အား ငဲ့ညှာပေးထားသည်ကို ကောင်းစွာသိလေသည်။
မဟုတ်ပါက သူ၏ ခြေထောက်မှာ ခွေခေါက်ကျိုးနေလောက်ပြီ ဖြစ်သည်။
ထိုအချက်က သူ့ကို ပို၍ အံ့ဩစေသည်။
သူ၏ တိုက်ခိုက်စွမ်းရည်မှာ အထူးတပ်ဖွဲ့ရှိ အကြီးပိုင်းနည်းပြများမှ လေ့ကျင့်ပေးခဲ့ခြင်းဖြစ်သည်။
ထို့အပြင် သူသည် ထိုအထူးတပ်ဖွဲ့များနှင့်အတူ တိုက်ပွဲအစစ်များသို့ လိုက်ပါဖူးသည်။
ထို့ကြောင့် သူသည် သာမန်အကွက်ပြတိုက်ခိုက်သူ မဟုတ်ချေ။
သို့သော် ယခုအခါ တစ်ဖက်သူမှ သူ့အား သစ်သားတစ်ပိုင်းအား ချိုးလိုက်သကဲ့သို့ လွယ်ကူအေးဆေးစွာ အနိုင်ယူသွားခဲ့သည်။
ထိုပုံစံမှာ လူကြီးတစ်ယောက်မှ ကလေးငယ်တစ်ယောက်အား စနောက်နေပုံနှင့်တူသည်။
ကားပြိုင်မောင်းခြင်းနှင့် တိုက်ခိုက်ခြင်းမှာ သူ့အတွက် ဂုဏ်အယူရဆုံး အရည်အချင်းနှစ်ခု ဖြစ်သည်။
သို့သော် ယခုအခါ သူသည် တစ်ဖက်လူ၏ အနိုင်ပိုင်းခြင်းကို ခံရပြီး အင်အားကွာခြားချက်မှာလည်း အလွန်ပင် ကြီးမားလွန်းလှသည်။
တစ်ခါမှ မခံစားဖူးသည့် အရှုံးဟူသော ခံစားချက်က နှလုံးသားထဲ၌ ပြည့်နှက်လာသည်။
" ငါ ...... ငါ အရှုံးကို လက်ခံတယ် "
သူသည် အံကိုကြိတ်လျက် ထိုစကားလုံးများကို ခက်ခဲစွာ ထုတ်ပြောလိုက်ရသည်။
သူသည် အပြင်းအထန်ဒဏ်ရာမရဘဲ ဆက်၍ တိုက်ခိုက်နိုင်သေးသော်ငြား တစ်ဖက်မှ ပြိုင်ဘက်နှင့် သူ၏ ကြားမှ ကြီးမားလှသော ကွာခြားချက်ကို သူ အသေအချာ သိလိုက်လေသည်။
သူသည် တစ်ဖက်ပြိုင်ဘက်အား ဆက်၌ တွယ်ကပ် တိုက်ခိုက်နေပါက အဓိပ္ပာယ်မဲ့သာ ဖြစ်နေမည်။
ထိုစကားလုံးများကို ပြောလိုက်သည့်အခါ သူ့တစ်ကိုယ်လုံး ဝိဉာဉ်လွင့်သလို ဖြစ်လာသည်။
သူ နှစ်ပေါင်းများစွာ ထိန်းသိမ်းလာခဲ့သော ဂုဏ်သက္ခာနှင့် မာနတရားမှာ ယနေ့တွင် သူ့ထက်ငယ်သော လူငယ်လေးတစ်ယောက်ထံ၌ ခြေမွဖျက်ဆီးခံလိုက်ရသည်။
သူ၏ ယုံကြည်ချက်များမှာလည်း စတင် ပြိုလဲလာရတော့သည်။
ကျူးရှောင်ကျောင်းသည် ထိုအခွင့်အရေးကိုယူပြီး သူမအရှေ့၌ မောက်မာလေ့ရှိသော ဖန်းရှောင်ကွန်းအား အဖိနှိပ်ခံရခြင်း၏ အရသာကို မြည်းစမ်းခံရစေရန် လှောင်ပြောင်လိုက်ချင်သည်။
သို့သော် သူမသည် သူ၏ စိတ်ဓာတ်ကျနေသည့် ပုံစံကို မြင်ပြီးနောက် ထိုအတွေးကို ချက်ချင်း စွန့်လွှတ်လိုက်လေသည်။
" အစ်ကိုရှောင်ကွန်း၊ အဆင်ပြေရဲ့လား "
ဖန်းရှောင်ကွန်း ခါးသီးစွာ ရယ်လိုက်သည်။
" အဆင်ပြေပါတယ်။ အနိုင်နဲ့ အရှုံးဆိုတာ တိုက်ပွဲတွေမှာ သာမန်ပါပဲ "
" အရှုံးက အရှုံးပဲ။ ငါ သေချာ ကြိုးစားပြီး ခွန်အားကို မြှင့်တက်နိုင်ရင် အနှေးနဲ့အမြန် ပြန်အနိုင်ရနိုင်လိမ့်မယ် "
ထိုအချိန်တွင် ကျူးရှောင်ကျောင်းမှ နူးညံ့စွာ ပြောလိုက်သည်။
" အစ်ကို အဲ့လိုလုပ်ဖို့ အခွင့်အရေးမရှိမှာကိုတောင် စိုးရိမ်ရတယ်။ သူ့ကို ချောင်ရှင်းဂိုဏ်းကလူတွေ အယောက်၂၀၀လောက် အဝိုင်းခံရတာတောင် အန္တရာယ်ကင်းကင်းနဲ့ ထွက်လာနိုင်တာ "
ဖန်းရှောင်ကွန်း မယုံကြည်နိုင်စွာ မျက်လုံးများ ပြူးကျယ်သွားရသည်။
" ဘာပြောလိုက်တယ် "
ကျူးရှောင်ကျောင်းသည် ရတနာတစ်ခုအား ထုတ်ပြနေသကဲ့သို့ ယဲ့ဖန်၏ အောင်မြင်မှုများကို စတင်ချပြတော့သည်။
" ပြီးတော့ သူက ကိုယ်ခံပညာမှာတင် သန်မာတာမဟုတ်ဘူး။ သူက ကျောက်လောကမှာလည်း တော်တော်လေး ကျွမ်းတယ်။ ဟိုတလောကတောင် ကျောက်စိမ်းလောင်းကစားဝိုင်းမှာ သန်းရာချီ ရခဲ့သေးတာ "
" အဲ့တာတင်မကဘူး။ သူ့ရဲ့ ဆေးဝါးပညာကလည်း အရမ်းကောင်းတယ်။ အစ်ကို ညီမရဲ့ ရောဂါကို သိမှာပါ။ ပြည်မကြီးထဲကရော နိုင်ငံခြားက အကျော်ကြားဆုံး ဆရာဝန်တွေတောင် လက်လျော့ထားရတာ။ အခု သူ့ကြောင့် ညီမရောဂါက ပျောက်မတတ်ဖြစ်နေပြီ "
" ကျန်သေးတယ်။ သူက လောင်းကစားလည်း အရမ်းတော်တာ။ လောင်းကစားနယ်မြေ(မကာအို)ကိုတောင် သွားပြီးတော့ လောင်းဘုရင်ပွဲရဲ့ နောက်ဆုံးပွဲစဉ်ကိုတောင် ရောက်ခဲ့တာ။ သူ ပွဲကနေ မထွက်ခဲ့ရင် လောင်းကစားဘုရင်ဘွဲ့ကို သူ ရမှာ "
" ပြီးတော့ ...... "
" ဖူး ......... "
သူမ၏စကား အဆုံးမသတ်ခင်မှာပင် ဖန်းရှောင်ကွန်း သွေးတစ်ပွက် အန်ထွက်လာသည်။
ကျူးရှောင်ကျောင်း အံ့ဩသွားသည်။
သူမ အပြေးလျှောက်လာပြီး သူ့ကို စစ်ဆေးပေးလေသည်။
" အစ်ကိုရှောင်ကွန်း၊ အဆင်ပြေရဲ့လား "
သူမ၏ မူလ ရည်ရွယ်ချက်မှာ ယဲ့ဖန်နှင့် သူ့ကြားမှ ကွာခြားချက်ကို သိစေရန် ဖြစ်သည်။
သို့သော် အစ်ကိုရှောင်ကွန်း၏ စိတ်ခံနိုင်ရည်မှာ ဤမျှ အားနည်းလိမ့်မည်ဟု ထင်မထားပေ။
သူသည် ထိုထိမှန်ချက်ကြောင့် နေရာမှာတင် သွေးအန်ထွက်သွားသည်။
ဘေးပတ်ဝန်းကျင်ရှိ လူများမှာလည်း အကုန်ထိတ်လန့်သွားကြသည်။
တစ်ဖက်တွင် ယဲ့ဖန်၏ သူတမူထူးလှသော တိုက်ပွဲရလဒ်ကြောင့် မှင်သက်နေရပြီး တစ်ဖက်တွင်တော့ ဖန်းရှောင်ကွန်းမှာ ဒေါသအထွက်လွန်၍ သွေးပင် အန်ထွက်ရသည့်အဖြစ် ကြုံနေသည်ကို မြင်ရသောကြောင့် အံ့ဩနေကြသည်။
ဒါက မထူးဆန်းလွန်းဘူးလား။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၀၂ )
ကျွန်တော့်ကို တကယ် ခင်ဗျားရဲ့ ဆရာအဖြစ် အသိအမှတ်ပြုချင်တာလား
ဖန်းရှောင်ကွန်းသည် ကျူးရှောင်ကျောင်းကို လက်ယမ်းပြလိုက်သည်။
" ငါ အဆင်ပြေပါတယ်၊ ရှောင်ကျောင်း။ ကျေးဇူးပဲ "
ကျူးရှောင်ကျောင်း ကြောင်အသွားသည်။
" ဟင် "
သူသည် ဒေါသထွက်လွန်း၍ သွေးပင်အန်ထွက်လာလေခြင်း ဖြစ်သည်။
ဒါတောင် ကျေးဇူးတင်နေသေးတာလား။
ဒေါသအထွက်လွန်ပြီး ဦးနှောက်ကိုပါ ထိသွားတာလား။
အမှန်တွင် ကျူးရှောင်ကျောင်းမှ ယဲ့ဖန်၏ တောက်ပသော အောင်မြင်မှုများအကြောင်း မပြောမီကတည်းက ဖန်းရှောင်ကွန်းမှာ အတော်ပင် အန္တရာယ်ရှိသော အခြေအနေထဲ ကျရောက်နေခဲ့ခြင်းဖြစ်သည်။
ယဲ့ဖန်သည် သူ့အား ပြင်းထန်သည့် ထိုးနှက်ချက်ဖြင့် တိုက်ခိုက်မှုကြောင့် သူ၏ ရင်ဘတ်ထဲ၌ လေးလံသော ခံစားချက်ကြီးတစ်ခု ခံစားနေခဲ့ရသည်။
သူသည် တစ်ချက်တည်းဖြင့် အသက်ကို ဝလင်စွာ မရှူနိုင်ဘဲ ရင်ဘတ်ထဲ ပြည့်ကြပ်နေသည်။
ထိုပြည့်ကြပ်မှုကြီးမှာ အချိန်မီ မကုသလျှင် အန္တရာယ်ပိုများနိုင်သည်။
သို့သော် ယဲ့ဖန်၏ မှတ်တမ်းများအကြောင်း ကျူးရှောင်ကျောင်းမှ ပြောလာသောအခါ ဖန်းရှောင်ကွန်း၏ နှလုံးသားထဲမှ ပြည့်ကြပ်မှုကြီးမှာ ရှင်းလင်းပြီး အန်ထွက်ကျလာသည်။
အကြောင်းမှာ သူနှင့် ရင်ဆိုင်ခဲ့သူမှာ လူ မဟုတ်ကြောင်း သိလိုက်ရသောကြောင့်ဖြစ်သည်။
ယဲ့ဖန်၏ မယုံကြည်နိုင်စရာကောင်းသော အောင်မြင်မှုများမှာ သာမန်လူတစ်ယောက်၏ အမြင်ဖြင့် လက်ခံနိုင်ခြင်းမျိုး မရှိတော့ချေ။
ဤသည်မှာ နတ်ဘုရားတစ်ပါး၏ 'စစ်အောင်နိုင်မှုများ'ဟုပင် တင်စားခေါ်ဝေါ်နိုင်ချေသည်။
ဒါပေမဲ့ ဒီလို 'နတ်ဘုရား'ဆီက အနိုင်ယူခံရမှတော့ ဘာလို့ စိတ်ဓာတ်ကျနေရမှာလဲ။
အဲ့အစား ဂုဏ်ယူရမှာပဲ မဟုတ်ဘူးလား။
ထိုအတွေးဖြင့် ရင်ဘတ်ထဲမှ စို့တစ်နေသော သွေးတစ်ပွက်မှာ အန်ထွက်ကျလာခြင်း ဖြစ်နိုင်သည်။
ယခုအခါတွင်တော့ သူ၏ တစ်ကိုယ်လုံးမှာ ပြေလျော့သက်သာနေပြီး အလွန်သက်တောင့်သက်သာ ဖြစ်နေသည်။
သူသည် ရုတ်တရက် ယဲ့ဖန်အရှေ့သို့ ခြေလှမ်းကြီးများဖြင့် လျှောက်သွားပြီး သူ့ကို စိုက်ကြည့်နေသည်။
ကျူးရှောင်ကျောင်း အံ့ဩနေသည်။
ဖန်းရှောင်ကွန်းသည် ယဲ့ဖန်အား ပြဿနာရှာမည်ဟု ထင်၍ တားဆီးရန် ပြင်လိုက်သည်။
ထိုအချိန်မှာပင် ဖန်းရှောင်ကွန်းမှ ရုတ်တရက် မြေပေါ်သို့ ဒူးထောက်ချလိုက်သည်။
" ယဲ့လူကြီးမင်း၊ လူကြီးမင်းက ကျွန်တော်ရှာနေတဲ့ ဆရာသခင်ပါပဲ။ ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါ "
" ဟမ် ...... "
လူတိုင်း သွေးအန်ထွက်မတတ် ဖြစ်ကုန်ကြသည်။
" ဒါက ...... ဘာတွေဖြစ်ကုန်တာလဲ။ ကွန်းသခင်လေးက ယဲ့ဖန်ကို ဆရာတင်နေတာလား။ ဘာတွေလဲဟ "
" မြင်တာနဲ့ မသိဘူးလား။ ကွန်းသခင်လေးက ယဲ့လူကြီးမင်းရဲ့ ခွန်အားကို လက်ခံသွားတာ "
" အမှန်ပဲ။ ယဲ့လူကြီးမင်း ဒီနေ့ပြသသွားတဲ့ ခွန်အားက တကယ် မြင်ယောင်ကြည့်လို့တောင် မရဘူး "
" အဲ့အလှလေးပြောတာ မကြားဘူးလား။ ယဲ့လူကြီးမင်းမှာ မပြသရသေးတဲ့ ပြောင်မြောက်တဲ့ အရည်အချင်းတွေ အများကြီးရှိသေးတယ်။ သူ့ကို ဆရာတင်ရတာက တကယ် အမြတ်အကြီးစားပဲ "
" ယဲ့လူကြီးမင်းက နတ်ဘုရားလို့ ထင်လား။ သေမျိုးက ဘယ်လိုလုပ် ဒီလောက်များတဲ့ အရည်အချင်းတွေ ရှိနိုင်မှာလဲ "
" သူက မသေမျိုးမဟုတ်ရင်တောင် ဒါကြီးက လွန်လွန်းနေပြီ။ အနည်းဆုံးတော့ သူက နှစ်တစ်ထောင်မှာတောင် မရှိတဲ့ ဉာဏ်ကြီးရှင်မျိုးပဲ "
" သခင်လေးကွန်းက ယဲ့လူကြီးမင်းကို တပည့်အဖြစ် လက်ခံပေးမယ်လို့ ပြောရာကနေ သူက တပြန်ကြီး ယဲ့လူကြီးမင်းကို ဆရာတင်ရမယ်လို့ မထင်ထားဘူး "
လူတိုင်းမှာလည်း တူညီသည့် တုန်လှုပ်မှုကို ခံစားလိုက်ကြရသည်။
ဖန်းရှောင်ကွန်းမှာ ယဲ့ဖန်အား တပည့်ခံနေသည်ကို မြင်သော်လည်း မအံ့ဩမိကြပေ။
ထိုအစား ဤသည်မှာ ဖြစ်သင့်သည်ဟုပင် တွေးမိကြသည်။
သူတို့သည် မထိုက်တန်ဘူးဟု တွေးမိနေ၍သာ မမေးကြခြင်းဖြစ်သည်။
မဟုတ်ပါက သူတို့သည်လည်း တပည့်ခံရန် မေးမိကြပေမည်။
ကျူးရှောင်ကျောင်းသည် ဖန်းရှောင်ကွန်းအား ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်လျက် ထို့နောက် ယဲ့ဖန်ကို ကြည့်လိုက်သည်။
ဒါက မထင်မှတ်ထားတာကြီး မဟုတ်ဘူးလား။
အစ်ကိုရှောင်ကွန်းက သူ့ကို ဆရာတင်ချင်တာတဲ့လား။
ဟားဟားဟား၊ ဒါကြီးက ရယ်ချင်စရာကောင်းလိုက်တာ။
ယဲ့ဖန်သည် ဖန်းရှောင်ကွန်းကို သုန်မှုန်စွာ ကြည့်လိုက်သည်။
" နေမကောင်းဘူးလား။ ခင်ဗျား ဦးနှောက်ကိုများ ထိသွားတာလား "
ဖန်းရှောင်ကွန်း ခေါင်းကို လျင်မြန်စွာ ခါယမ်းလိုက်သည်။
" မဟုတ်ပါဘူး။ ကျွန်တော် အခု ခေါင်းက အရမ်းကို ကြည်လင်နေပါတယ်။ လူကြီးမင်းရဲ့တပည့် တကယ်ပဲ ဖြစ်ချင်လို့ပါ "
ယဲ့ဖန် မျက်လုံးကို ဝေ့လိုက်သည်။
" ဒါပေမဲ့ ကျွန်တော့်မှာ ခင်ဗျားကို သင်ပေးစရာ ဘာမှမရှိဘူး "
ဖန်းရှောင်ကွန်း သူ့ခေါင်းကို ခါယမ်းလိုက်သည်။
" လူကြီးမင်းက လိမ်နေတာပဲ။ ကားပြိုင်တာရော၊ တိုက်ခိုက်တာမှာပါ အရမ်းကျွမ်းတယ် မဟုတ်လား "
" နောက်ထပ် အရည်အချင်းတွေလည်း အများကြီး ရှိသေးတယ်လို့ ရှောင်ကျောင်းဆီက ကြားထားပါသေးတယ်။ နည်းနည်းလောက်လေး သင်ပေးရင်ကို အဲ့တာ အကြာကြီး လေ့ကျင့်သွားမှာပါ "
" ဒါပေမဲ့ ကျွန်တော် ဘယ်တုန်းကမှ တပည့် လက်မခံဘူး "
" အဲ့တာဆိုကောင်းတာပဲ။ ကျွန်တော်က ပထမဆုံးတပည့် ဖြစ်လာပေးပါ့မယ်။ ဒါဆို အနာဂတ်မှာ ညစ်ထေးပြီး ပင်ပန်းတဲ့ကိစ္စရှိရင် ကျွန်တော်နဲ့ လွှဲထားလိုက်ပါ။ စိတ်ထဲမထားပါဘူး "
" ဒါပေမဲ့ ခင်ဗျားက ကျွန်တော့်ထက် အသက်ကြီးတယ်လေ "
" သင်ကြားရေးမှာ ကြီးစဉ်ငယ်လိုက် မရှိပါဘူး။ လူကြီးမင်းက ကျွန်တော့်ထက် အရာရာမှာ ပိုသန်မာပြီး ထက်မြက်ပါတယ်။ အဲ့တာက အသက်အရွယ်နဲ့ မဆိုင်ပါဘူး "
" ဒါပေမဲ့ ...... "
" ဆရာသခင်၊ ကျေးဇူးပြုပြီး အရိုအသေပေးတာကို လက်ခံပေးပါ ....... "
ဖန်းရှောင်ကွန်းသည် သူ့ကို ငြင်းဆန်ခွင့်မပေးဘဲ မြေပြင်ပေါ်သို့ တန်း၍ ဒူးထောက်ချလိုက်တော့သည်။
ယဲ့ဖန် အလျင်အမြန် ရှောင်လိုက်သည်။
" ကျွန်တော် ခင်ဗျားကို လက်ခံမယ်လို့ မပြောလိုက်ဘူး။ မြန်မြန်ထပါ "
ဖန်းရှောင်ကွန်းသည် အလွန်ခေါင်းမာလေသည်။
" တပည့်အဖြစ် လက်မခံဘူးဆိုရင် သေတဲ့အထိ ရိုက်ရင်တောင် ထမှာ မဟုတ်ပါဘူး "
ယဲ့ဖန် သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။
" ခင်ဗျားက ဒူးထောက်ချင်နေမှတော့ ထောက်နေလိုက်။ ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး "
ထို့နောက် လှည့်ပြီး အဝေးသို့ လျှောက်ထွက်သွားသည်။
ဖန်းရှောင်ကွန်းသည် ယဲ့ဖန်၏ ခြေထောက်ကို ရုတ်တရက် လှမ်းဖက်လိုက်ပြီး မျက်ရည်ရွှဲလျက် နှပ်တွေပါထွက်ပြီး ငိုယိုပြောလေသည်။
" ဆရာသခင်၊ မသွားပါနဲ့။ ကျေးဇူးပြုပြီး လက်ခံပေးပါ ....... "
လူတိုင်းမှာ အံ့အားသင့်ကုန်ရသည်။
သူတို့အရှေ့၌ အမြဲတစ္ဆေ ဟိတ်ဟန်ကြီးသည့် ပုံရိပ်ရှိသော သခင်လေးကွန်းသည် ဤသို့ အမှန်တကယ် အရှက်မဲ့စွာ ပြုမူလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မထင်ခဲ့ကြပေ။
ထိုသည်က သူတို့၏ အမြင်ကို ပြောင်းပြန်လှန်ပစ်လိုက်လေသည်။
ယဲ့ဖန် ပို၍ပင် မျက်မှောင်ကြုတ်လိုက်သည်။
ထို့နောက် ငြင်းဆန်ဖို့ ပြင်လေသည်။
ထိုအချိန် ကျူးရှောင်ကျောင်းမှ ရုတ်တရက် သူ့နားသို့ လျှောက်လာပြီး နားနားသို့ ကပ်လျက် တီးတိုးပြောသည်။
" ငါ့အထင် နင် သူ့ကို လက်ခံသင့်တယ်။ အဲ့တာက နင့်အတွက် အများကြီး အကျိုးဖြစ်စေမှာ။ ဘာလို့လဲဆိုတော့ ...... သူတို့မိသားစုရဲ့ အင်အားက ငါတို့ မိသားစုထက် သိပ်မလျော့ဘူး "
ယဲ့ဖန် ထိုစကားကို ကြားပြီး အံ့ဩသွားသည်။
သူ၏ နားလည်ပုံအရ ကျူးရှောင်ကျောင်း၏ မိသားစုနောက်ခံသည် တရုတ်ပြည်၏ ထိပ်ဆုံးအနေအထားတွင် ရှိလေသည်။
ဖန်းရှောင်ကွန်းရဲ့ မိသားစုက ကျူးမိသားစုထက် မနိမ့်ကျဘူးတဲ့လား။
သူနဲ့ မိတ်ဆွေမဖြစ်ချင်ရင်တောင် ဒီလိုလူကို ပြဿနာ မပေးသင့်ဘူး မဟုတ်လား။
ယဲ့ဖန် ခဏကြာ စဉ်းစားပြီးနောက် ဖန်းရှောင်ကွန်းကို လှည့်ကြည့်လိုက်သည်။
" ခင်ဗျား တကယ် ကျွန်တော့်တပည့် ဖြစ်ချင်တာလား "
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၀၃ )
ဆရာသခင်၊ အရိုအသေပေးတာကို လက်ခံပေးပါ
ယဲ့ဖန်၏ မေးခွန်းကို ကြားသည့်အခါ ဖန်းရှောင်ကွန်း အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
" ဖြစ်ချင်ပါတယ် "
ယဲ့ဖန် သူ့ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
" ခင်ဗျား သေချာစဉ်းစားသင့်တယ်။ ခင်ဗျား ကျွန်တော့်ကို ဆရာတင်ပြီးရင် အခြား ဘယ်သူ့ကိုမှ ဆရာထပ်တင်လို့ မဖြစ်နိုင်ဘူး "
" ပြီးတော့ ကျွန်တော့်ဂိုဏ်းရဲ့ စည်းမျဉ်းတွေကို လိုက်နာနိုင်ရမယ်။ ချိုးဖောက်တာနဲ့ အပြင်းအထန် အပြစ်ပေးခံရမှာ "
ဖန်းရှောင်ကွန်း အမှန်တကယ်ပင် ပျော်ရွှင်သွားရသည်။
" ဆရာ၊ မပူပါနဲ့။ တစ်ရက်ဆရာဖြစ်တာက တစ်သက် ဖခင်ဖြစ်သလိုပါပဲ။ အခုကစပြီး ကျွန်တော်ရဲ့ ခေါင်းကိုင်ဖခင်ဖြစ်ပေးပါ "
ယဲ့ဖန်၏ မျက်နှာမှာ တွန့်သွားရသည်။
ဒီလူက အသက်၃၀လောက်တော့ ရှိတယ်မလား။
သူက အခုမှ ၂၁လေ။ ဘယ်ကနေ ဒီလောက် အသက်ကြီးတဲ့သား ရလာတာလဲ။
ဖန်းရှောင်ကွန်းသည် ယဲ့ဖန်မှ စကားပြန်ပြောင်းမည်ကို စိုးရိမ်၍ အမြန်ပြောလိုက်သည်။
" ဆရာသခင်၊ ကျေးဇူးပြုပြီး အရိုအသေပေးတာ လက်ခံပေးပါ "
ထိုသို့ပြောပြီးနောက် ခေါင်းကို မြေကြီးပေါ်ထိသည်အထိ ဦးညွတ်လိုက်သည်။
ဘေးပတ်လည်မှ လူများသည် ထိုမြင်ကွင်းကို မျက်လုံးဖြင့် တပ်အပ်မြင်လိုက်ရပြီး အလွန်ကို အံ့ဩသွားသည်။
" ဘုရားရေ၊ သခင်လေးကွန်းက တကယ်ကြီး သူ့ကို ဆရာတင်လိုက်တာလား "
" သခင်လေးကွန်းရဲ့ မိသားစုနောက်ခံက အရမ်းအင်အားကြီးတယ်လို့ ကြားဖူးတယ်။ ဒီလိုတပည့်မျိုး လက်ခံလိုက်ရင် ယဲ့ဖန်ရဲ့ ခွန်အားက အကြီးအကျယ်ကို တိုးလာမှာပဲ "
" သူက အခုတောင် သေအောင်အင်အားကြီးနေပြီးသား၊ ဟုတ်ပြီလား။ အနည်းဆုံး ယန်းချန်မြို့မှာတော့ သူ့ကို ထိရဲတဲ့သူ တစ်ယောက်မှ မရှိဘူး "
" အဲ့လိုပြောတာကတော့ မမှန်ဘူး။ သူတို့က စီးပွားရေးလုပ်ငန်းကဆိုမှတော့ ဘယ်သူကမှဘပြဿနာရှာရဲမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဆက်ခံသူတွေနဲ့ယှဉ်ရင်တော့ သူ့အင်အားက မလုံလောက်သေးဘူး "
" အဲ့တာအမှန်ပဲ။ ဖန်းရှောင်ကွန်းကို သူ့တပည့်အဖြစ်သာ ထားမယ်ဆိုရင် ဒုတိယမျိုးဆက် ဆက်ခံသူတွေတောင် ပြဿနာရှာရဲမှာ မဟုတ်ဘူး "
" ဟုတ်တယ်၊ ဖန်းရှောင်ကွန်းက အဲ့လူတွေကြားထဲမှာတောင် အထင်ရှားဆုံးပဲ ..... "
ကားပြိုင်ခြင်းကို ကြိုက်နှစ်သက်သူများမှာတော့ ထိုကဲ့သို့ ရှုပ်ထွေးသော စဉ်းစားမှုများ မရှိကြပေ။
ဖန်းရှောင်ကွန်းကိုသာ အားကျမိကြသည်။
" ငါတော့ သူ့ကို အားကျတာပဲ။ နတ်ဘုရားဖန်က သူ့ဆရာဖြစ်သွားပြီ။ ငါလည်း နတ်ဘုရားဖန်ကို ဆရာတင်ချင်တယ် "
" နတ်ဘုရားဖန်က တပည့်လက်မခံချင်တာ မမြင်ဖူးလား။ မင်းရဲ့ အရည်အချင်းနဲ့ သူ့ရဲ့အိမ်သာကို ရှင်းပေးဖို့တောင် မထိုက်တန်ဘူး "
" ငါကတော့ နတ်ဘုရားဖန်ရဲ့ သင်ပြချက်တွေကို အနားကပ် နားထောင်ရမယ်ဆိုလို့ကတော့ အိမ်သာကို ဆေးရရင်တောင် လုပ်မယ်ကွာ "
" မင်း အရှက်မရှိဘူးလား။ နတ်ဘုရားဖန်က ငယ်ငယ်လေး ရှိသေးတာကွ "
" ဘာဖြစ်လဲ။ လေးစားတာက အသက်ကြောင့်မှ မဟုတ်ဘဲ။ ဒါက နတ်ဘုရားဖန်ပေါ်ထားတဲ့ ငါ့ရဲ့ ရင်ထဲကလာတဲ့ ယုံကြည်လေးစားမှု မြစ်ဖျားပဲ ..... "
ဖန်းရှောင်ကွန်းသည် အောင်မြင်စွာဖြင့် ယဲ့ဖန်၏ တပည့် ဖြစ်လာသည်။
သူသာ် အလွန်ပျော်ရွှင်နေ၍ ပါးစပ်မှာ နားရွက်သို့ တက်ချိတ်မတတ်ပင် ဖြစ်နေသည်။
" ဆရာ၊ ကျွန်တော့်ကို ပထမဆုံး ဘာသင်ပေးမှာလဲ "
ယဲ့ဖန် သူ့ကို အထင်သေးစွာ ကြည့်လိုက်သည်။
" ခင်ဗျားကို အခု သင်ပေးဖို့ အရည်အချင်း ပြည့်မီပြီလို့ ထင်လို့လား "
ဖန်းရှောင်ကွန်း ကြောင်အသွားသည်။
" ဒါဆို ဆရာဆိုလိုတာက ...... "
ယဲ့ဖန် တခဏ စဉ်းစားလိုက်ပြီးနောက် လက်ဖျောက်တီးလိုက်သည်။
သူ ဘာတွေးနေသည်ကို ဖန်းရှောင်ကွန်း လိုက်၍ စဉ်းစားနေချိန် အမှောင်ထဲမှ ပုံရိပ်အချို့ကို မြင်လိုက်ရသည်။
ထိုလူများမှာ သွေးရောင်ကဲ့သို့သော ကိုယ်ရောင်ဝါများ ရှိနေကြသည်။
တစ်ချက်ကြည့်ရုံဖြင့် သူတို့မှာ ဓားပေါ်မှ သွေးကို လျက်သူများ ဖြစ်ကြသည်ကို ပြောနိုင်သည်။
သူတို့သည် ယခင်က လူသတ်ဖူးသူများဖြစ်နိုင်သည်မှာ သေချာသလောက်ဖြစ်သည်။
ထိုလူများမှာ စီးရီးယပ်လူသတ်အဖွဲ့အစည်းမှ အဖွဲ့ဝင်ဟောင်းများဖြစ်ကြသည်။
သူတို့သည် ယဲ့ဖန်ထက် စော၍ ယန်းချန်မြို့သို့ ရောက်နေခြင်းဖြစ်သည်။
သူတို့သည် ဤအချိန်တစ်လျှောက်လုံး အမှောင်ထဲ၌ ပုန်းနေခဲ့ခြင်းဖြစ်သည်။
ပရိတ်သတ်များမှာ ထိုလူအုပ်စုကို မြင်ပြီး ကြောက်လန့်၍ နောက်ဆုတ်သွားကြရသည်။
" သခင်ကြီး "
အာသာ၏ ဦးဆောင်မှုဖြင့် စီးရီးယပ်လူသတ်အဖွဲ့အစည်းမှ အဖွဲ့ဝင်များက ယဲ့ဖန်ကို ဦးညွတ် နှုတ်ဆက်ကြသည်။
ယဲ့ဖန်အပေါ် သူတို့၏ သစ္စာခံမှု စတင်လိုက်ကတည်းက ထိုရက်စက်ကြမ်းတမ်းသူများမှ ယဲ့ဖန်အား 'သခင်ကြီး'ဟု စတင်ခေါ်ကြသည်။
ယဲ့ဖန်သည် အစတွင်တော့ ငြင်းဆန်ခဲ့သည်။
ထိုကဲ့သို့ ခေါ်ဆိုပုံမှာ အလွန်ထူးဆန်းပြီး ကြောင်သည်ဟု ခံစားမိသည်။
သို့သော် သူတို့မှ ထပ်ခါတလဲလဲ တိုက်တွန်းနေသဖြင့် သူလည်း ဘာမှထပ်မပြောတော့ပေ။
" အာသာ၊ ကျွန်တော် ဒီတစ်ယောက်ကို ခင်ဗျားနဲ့ အပ်ထားလိုက်တော့မယ်။ သူ ဒီတစ်လအတွင်း အရေခွံ ၃ခါ မလဲသရွေ့ ခင်ဗျားမှာ တာဝန်ရှိတယ် "
ယဲ့ဖန်သည် ဖန်းရှောင်ကွန်းကို ညွှန်ပြပြီး အာသာကို ပြောလိုက်သည်။
" ဟုတ်ကဲ့ပါ၊ သခင်ကြီး "
အာသာ ရိုသေစွာဖြင့် ယဲ့ဖန်ကို ပြောဖြေပြီး ဖန်းရှောင်ကွန်းကို ရက်စက်သော အကြည့်များဖြင့် ကြည့်လိုက်သည်။
ဖန်းရှောင်ကွန်း ချက်ချင်းပင် တုန်လှုပ်သွားရသည်။
ထို့နောက် ယဲ့ဖန်၏ လက်မောင်းကို အမြန်ဆွဲလိုက်သည်။
" သခင်ကြီး၊ ကျွန်တော် ..... ကျွန်တော်လည်း သခင်ကြီးနဲ့ လိုက်လို့ မရဘူးလား။ သူတို့က ...... "
ယဲ့ဖန် သူ့ပုခုံးကို ပုတ်လိုက်သည်။
" အာသာရဲ့ စစ်ဆေးတာတွေကို ကျော်နိုင်တာနဲ့ ခင်ဗျား ကျွန်တော့်ဆီက သင်ဖို့ မဆင်သင့်ဖြစ်ပြီ။ မပူပါနဲ့၊ သူက တော်တော်လေး နူးညံ့ပါတယ် "
ဖန်းရှောင်ကွန်း တခြားထပ်၍ ပြောချင်သေးသည်။
သို့သော် အာသာက သူ့ဆီလျှောက်လာပြီး လည်ပင်းကော်လံကို ဆွဲလိုက်သည်။
" မပူပါနဲ့၊ ငါက တော်တော်လေး ညင်သာပေးမှာပါ "
ထိုသို့ပြောပြီးနောက် အာသာသည် ဖန်းရှောင်ကွန်း ရုန်းကန်နေသည်ကို ဂရုမစိုက်တော့ဘဲ သူ့ကို ဆွဲခေါ်ကာ အမှောင်ထဲသို့ ပြန်ဝင်သွားတော့သည်။
" သခင်ကြီး၊ ကယ်ပါဦး "
ဖန်းရှောင်ကွန်း၏ ငိုကြွေးသံကို အဝေးမှ ကြားနိုင်ပြီး ထိုအသံမှာ အတော်ပင် ကြေကွဲနာကျင်စရာကောင်းနေသည်။
ရှိနေသည့်လူတိုင်းမှာ ကြောက်လွန်း၌ မျက်နှာများ ဖြူဖျော့ကုန်ကြသည်။
သူတို့သည် အမှောင်ထုထဲသို့ ကြောင်အတုန်လှုပ်စွာ ကြည့်နေကြသည်။
" ဒီတစ်ယောက်က ..... သူ့မှာ ထူးဆန်းတဲ့ အကြိုက်တွေများ ရှိလို့လား ...… သခင်လေးကွန်းက အခု ဒုက္ခရောက်တော့မှာပဲ "
" အိုး .... သခင်လေးကွန်းက ဂေး ဖြစ်သွားမှာလား၊ မဟုတ်သေးပါဘူး။ သူက ငါ့အိပ်မက်ထဲက ချစ်သူလေးလေ "
" ဒါပေမဲ့ ရပါတယ်။ သခင်လေးကွန်းက ဂေးဖြစ်သွားရင်တောင် မင်းမှာ ငါ့မှာ ရှိနေတုန်းပဲ မဟုတ်လား "
" နင် ခွေးသွားရှာလိုက်တာ ပိုကောင်းမယ် "
" လခွမ်း "
" အဲ့တာကို ပြောရရင် အဲ့ဒီလူတွေက အရမ်းကြောက်စရာကောင်းတာပဲ။ သူတို့ ကျွန်တော့်ကို စိုက်ကြည့်နေတုန်းက ဆီးထွက်ကျသွားသလို ခံစားလိုက်ရတယ် "
" ဟုတ်တယ်၊ အဲ့ဒီလူတွေ အရင်က လူသတ်ဖူးတာ ဖြစ်ရမယ်။ သူတို့ရဲ့ ခန္ဓာကိုယ်က ထုတ်လွှတ်နေတဲ့ လူသတ်အငွေ့အသက်က ပြင်းထန်လွန်းတယ် "
" ယဲ့လူကြီးမင်းက ဒီလိုလူတွေကို ဘယ်ကနေ ရလာတာလဲ။ ဒါက အရမ်းကြောက်စရာကောင်းတယ် "
" ယဲ့လူကြီးမင်းက ဘယ်သူလဲ။ သက်တော်စောင့် ရှာရတာ ခက်နေလို့လား "
" သူတို့က ယဲ့လူကြီးမင်းကို 'သခင်ကြီး'လို့ခေါ်တာ မကြားဘူးလား။ သူတို့တွေက သာမန်သက်တော်စောင့်တွေ မဟုတ်ဘူး "
" ဘာပဲဖြစ်ဖြစ်၊ ငါတို့ တစ်ခု သေချာ မှတ်ထားရမယ်။ ငါတို့ ယဲ့လူကြီးမင်းကို ဘယ်နည်းနဲ့မှ မနှောင့်ယှက်သင့်ဘူး။ ငါတို့ မိသားစု ပြန်ခံရလိမ့်မယ် "
" ဟုတ်တယ်။ ယဲ့လူကြီးမင်းကို စော်ကားတာက သေတွင်းထဲ ခုန်ချပြီး သတ်သေတာနဲ့ အတူတူပဲ "
ယဲ့ဖန်သည် ထိုလူများ ပြောနေသည်ကို ဂရုမစိုက်ဘဲ ကျူးရှောင်ကျောင်းဆီသို့ ထွက်လာခဲ့သည်။
[ လမ်းညွှန်မှုစနစ်ကို ပြီးမြောက်သည့်အတွက် လက်ခံသူအား ဂုဏ်ပြုပါသည်။ စနစ်မှ ဆုကြေးအဖြစ် ၇.၅ဘီလီယံတန်ဖိုးရှိသော ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီ၏ ပိုင်ဆိုင်မှုအား ပေးအပ်ပါသည် ]
စနစ်၏ ဆုကို ကြားသည့်အခါ ယဲ့ဖန် အလွန်ကျေနပ်သွားသည်။
သူ့လက်အောက်၌ ကုန်သွယ်ရေးကုမ္ပဏီ မရှိသေးချေ။
ထိုချို့ယွင်းချက်အတွက် သူ ပြင်ဆင်နိုင်သည်။
အခုလက်ရှိတွင် သူ၏ စီးပွားရေးအင်ပါယာမှာ ပို၍ ကြီးမားလာသည်။
ကျုံးဟိုင်မြို့ စက်မှုလုပ်ငန်းအများစုသည် ယန်းချန်မြို့သို့ စတင် တိုးချဲ့လာကြပြီဖြစ်သည်။
ယခု ယန်းချန်မြို့သည် သူ့နယ်မြေ ဖြစ်လာသဖြင့် ထိုစက်မှုလုပ်ငန်းများသည် အလွန်လျင်မြန်စွာ တိုးချဲ့သင့်ပြီဖြစ်သည်။
ထို့နောက် ယန်းချန်မြို့သည် ရှေ့တန်းစစ်တုရင်တစ်ခုအနေဖြင့် အစပြု၍ တောင်ပိုင်းကွမ်တုန်းပြည်နယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားပေမည်။
ကြီးမားသည့် ပြဿနာကြီးများ မရှိသရွေ့ နှစ်အနည်းငယ်အတွင်းတွင် တောင်ပိုင်းကွမ်တုန်းပြည်နယ်တစ်ခုလုံးသည် ယဲ့မိသားစု၏ ထိန်းချုပ်မှုအောက်တွင် ရှိလာမည်ဖြစ်သည်။
သူသည် ထိုအကြောင်း ပိုတွေးလေလေ စိတ်လှုပ်ရှားလေလေ ဖြစ်နေသည်။
အဆုံးတွင် သူပင် သတိမထားမိလိုက်ဘဲ တေးသွားကိုပင် ညည်းမိနေတော့သည်။
ရှေ့ခရီးသည်ထိုင်ခုံ၌ ထိုင်နေသည့် ကျူးရှောင်ကျောင်းသည့် သူ့ကို စူးစိုက်ကြည့်နေသည်။
" ရှင် ဒီလောက် ပြုံးဖြီးနေတာ။ အလှလေးတွေအကြောင်း စဉ်းစားနေတာလား "
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၀၄ )
အဲ့ဒီပန်းက အဲ့ဒီပန်း မဟုတ်ဘူး။
ထိုမှသာ ယဲ့ဖန် အာရုံပြန်ကပ်လာတော့သည်။
သူသည် ချက်ချင်းပင် လျှို့ဝှက်သော အပြုံးကို ထုတ်ဖော်လိုက်သည်။
" ဟုတ်တယ်၊ ကိုယ် မင်းအကြောင်းကို တွေးနေတာ "
ကျူးရှောင်ကျောင်း၏ လှပသော မျက်နှာလေးသည် အနည်းငယ် ပူသွားရသည်။
သူမ သူ့ကို စိုက်ကြည့်နေသည်။
" သရဲပဲ မင်းကိုယုံမှာ "
သူမ၏ ညုတုတုလုပ်ရပ်မှာ တကယ်ကိုပင် ပရောပရည် ဆန်လွန်းလှသည်။
ယဲ့ဖန်၏ နှလုံးသားမှာ နွေးထွေးသွားသည်။
" ရှောင်ကျောင်း "
ကျူးရှောင်ကျောင်း လှည့်ကြည့်လိုက်သည်။
" ဟင် "
" မင်း ကိုယ့်ကို မင်းရဲ့ဆရာသခင်အဖြစ် ဘာလို့ မသတ်မှတ်သေးတာလဲ "
ယဲ့ဖန်သည် မျက်နှာပေါ်တွင် မကောင်းသည့် နတ်ဆိုးဆန်သော အပြုံးတစ်ခု ရှိနေသည်။
" နင့်ကို ဘာလို့ ငါ့ဆရာအဖြစ် အသိအမှတ်ပြုရမှာလဲ။ နင့်ဆီက ကွန်ဖူးရော ကားပြိုင်တာ သင်ဖို့ရော အစီအစဉ် မရှိဘူး "
ကျူးရှောင်ကျောင်း ရွံရှာစွာ နှုတ်ခမ်းစူလိုက်သည်။
" အဲ့တာအပြင် ကိုယ် တခြားဟာတွေကို သိသေးတယ် "
ယဲ့ဖန် သူမကို စိတ်ရှည်စွာဖြင့် လမ်းပြပြောဆိုပေးခဲ့သည်။
" ငါ့ကို ပြောပြလေ။ စိတ်ဝင်စားရင် စဉ်းစားပေးမယ် "
ကျူးရှောင်ကျောင်းသည် သူမ၏ ခြေနှစ်ချောင်းကို သူ့ရှေ့တွင် ချထားပြီး လှုပ်ယမ်းလိုက်သည်။
" ကိုယ် ...... အမြစ်တွယ်နေတဲ့ အပင်တွေကိုလည်း ရှင်းပေးတတ်တယ် "
" အမြစ်တွယ်နေတဲ့ အပင်ဆိုတာ ဘာလဲ။ ပျော်စရာကောင်းလား "
" အမြစ်တွယ်နေတဲ့ အပင်တွေက .... တကယ်တော့ ပန်းတွေပဲ၊ ပန်းနည်းစနစ်လို့ခေါ်တယ်။ အရမ်းပျော်စရာကောင်းတယ် "
" ပန်းနည်းစနစ်လား။ ဘာထူးခြားတာလဲ "
" အဲ့ဒီပန်းက အဲ့ဒီပန်းမဟုတ်ဘူး။ ဒီပန်းပွင့်က ပွင့်လာတာနဲ့ ထပ်ပြီး အဖူးမဖူးတော့ဘူး။ ပွင့်ပြီးတာနဲ့ တန်းသေသွားမှာ။ အဲ့ပန်းက တစ်ချို့လူတွေကို စွဲလမ်းပြီး သေပါ သေစေနိုင်တယ် ..... "
" အဲ့လောက်တောင် အစွမ်းထက်တာလား။ ဒါဆို ငါ့ကို အခုပဲ သင်ပေး "
" အဟမ်း၊ ဒီမှာက အဆင်မပြေဘူး။ ဘေးနားက ဘယ်သူမှမရှိတဲ့ တိတ်ဆိတ်တဲ့နေရာကို ရှာရမယ် "
ယဲ့ဖန်၏ မျက်လုံးများမှာ သူမ၏ ခြေထောက်များကို ကြည့်နေပြီး သူ၏ ညစ်ကျယ်ကျယ်ဖြစ်နေသော အမူအရာမှာ ပေါ်လွင်လာသည်။
ကျူးရှောင်ကျောင်းသည် ချက်ချင်း သတိပြန်ဝင်လာသည်။
" ခဏနေပါဦး "
သူမသည် ပြောလိုက်ရင်းဖြင့် ဖုန်းကို အမြန်ထုတ်ကာ Googleထဲသို့ 'အမြစ်တွယ်နေသောအပင်များ' ဟူသော စကားလုံးကို ထည့်ရှာလိုက်သည်။
ထို့နောက် သူမ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
" ယဲ့ဖန် နင့်ကိုငါ သတ်ပစ်မယ် ..... "
ယဲ့ဖန်သည် ကျူးရှောင်ကျောင်းကို တစ်ခုခုစားရန် ခေါ်သွားပြီး သူမ၏ နေအိမ်သို့ ပြန်လိုက်ပို့သည်။
သူမ တွန့်ဆုတ်စွာဖြင့် ထွက်ခွာသွားသည်ကို မြင်ပြီးနောက်မှ ကားပြန်မောင်းထွက်သွားခဲ့သည်။
ညစာစားနေစဉ်အတွင်း ထပ်တလဲလဲမေးပြီးနောက် ကျူးရှောင်ကျောင်းသည် ဖန်းရှောင်ကွန်း၏ သရုပ်မှန်ကို ထုတ်ပြလာခဲ့သည်။
ထိုတစ်ယောက်သည် ကျန်းကျိုးပြည်နယ်စစ်တက္ကသိုလ်မှဖြစ်သည်။
သူ့အဖေ၏ အဆင့်အတန်းနှင့် ရာထူးကိုတော့ လျှို့ဝှက်ထားလေသည်။
ယဲ့ဖန်သည် မည်သို့ပင် မေးပါစေ ကျူးရှောင်ကျောင်းမှ ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုခဲ့သည်။
သူသည် ခြေတစ်ချက်ဆောင့်လိုက်ရုံဖြင့် ကျန်းကျိုးပြည်နယ်တစ်ခုလုံးကို သုံးကြိမ်တိုင်တိုင် လှုပ်ခတ်သွားစေနိုင်သည့် တည်ရှိမှုမျိုးဖြစ်သည်ဟုသာ ယောင်ဝါးစွာ ပြောခဲ့သည်။
ဖန်းရှောင်ကွန်းသည် ဒုက္ခပေးသူ ဖြစ်သည်။
သူသည် ဒုတိယမျိုးဆက်နှင့် တတိယမျိုးဆက် အမွေဆက်ခံသူအုပ်စုကို ဦးဆောင်ပြီး နေရာတိုင်းတွင် ပြဿနာဖြစ်လေ့ရှိသည်။
သူ့ဖခင်ဖြစ်သူသည် သူ့ကို စိတ်ကုန်လွန်း၍ တောင်ပိုင်းကွမ်တုန်းပြည်နယ်သို့ ပို့လိုက်တာဖြစ်မည်။
အမှန်တွင် ယဲ့ဖန်သည် 'ကျန်းကျိုးပြည်နယ်'ဆိုသည့် စကားလုံးကို ပိုပြီး အလေးထားလေသည်။
အဘယ်ကြောင့်ဆိုသော် သူ၏ ရှန်းဘုရင်လျှို့ဝှက်ရတနာမြေပုံမှ ဖော်ပြထားသော ရတနာ၏တည်နေရာသည် ကျန်းကျိုးပြည်နယ်တွင် ဖြစ်သည်။
နောင်အခါ သူ ရှန်းဘုရင်၏ လျှို့ဝှက်ရတနာကို ရှာသောအခါ သူ၏ ဤတပည့်ကျော်ကို အသုံးချနိုင်လေသည်။
သူ တွေးနေစဉ်မှာပင် ဖက်တီးချူးထံမှ ရုတ်တရက် ဖုန်းဝင်လာသည်။
ဖုန်းခေါ်ဆိုသူနာမည်ကိုတွေ့သောအခါ ခဏတာ အံ့အားသင့်သွားသည်။
ယန်းချန်မြို့သို့ ယဲ့ဖန် ရောက်ပြီးကတည်းက ဖက်တီးချူးနှင့် မဆက်သွယ်ဖြစ်သည်မှာ ကြာပြီဖြစ်သည်။
သူ ဘာကြောင့် ခေါ်သည်လဲဆိုတာကို မသိချေ။
" ဟေး ဖက်တီးချူး၊ ဘာကိစ္စရှိလို့လဲ "
ယဲ့ဖန်သည် တက္ကသိုလ်ရှိ သူ၏ တစ်ဦးတည်းသော သူငယ်ချင်းကောင်းကို အထင်ကြီးလေးစားသည်။
စနစ်မှ ပေးသည့်အရာများ မရှိခဲ့ချိန်၌ သူ့မိသားစု နောက်ခံညံ့ဖျင်းမှုကြောင့် ကျောင်းတွင် ဘယ်သူကမှ သူ့ကို အာရုံစိုက်ရန် ဆန္ဒမရှိကြချေ။
သို့သော် ဖက်တီးချူးသည် ခြွင်းချက်ဖြစ်သည်။
စားဖို့ ပိုက်ဆံမရှိသည့်အခါတိုင်း သူ့ကို ကူညီတတ်လေသည်။
ဖက်တီးချူးသည် ယဲ့ဖန်၏မာန ထိခိုက်စေမည်ကို စိုးရိမ်သောကြောင့် သူသည် မုန့်ကို မကြာခဏ အနည်းသာ စားလေ့ရှိသည်။
အရသာမရှိဘူးဟု အကြောင်းပြချက်ပေးပြီး ယဲ့ဖန်အား ကျန်သည်ကို စားလိုက်ရန် ချန်ထားပေးလေ့ရှိသည်။
ထိုအရာအားလုံးသည် အသေးအမွှားကိစ္စလေးများ ဖြစ်သော်လည်း သူတို့တက္ကသိုလ်မှ အကြောင်းများကို တွေးမိသည့်အခါ သူ့ကို နွေးထွေးစေသည်။
" ယဲ့ဖန်၊ ငါတို့ နောက်ဆုံးတွေ့ခဲ့တာတောင် ကြာပြီ။ ငါ့ကို မလွမ်းဘူးလား "
ဖက်တီးချူး၏ အသံသည် ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသည်။
" ကျစ်၊ ငါ့မှာ အဖော်ပြုပေးမယ့် အရမ်းချောတဲ့ ကောင်မလေး ရှိတယ်ကွ။ မင်းကို ဘာကိစ္စနဲ့ ဘယ်သူက လွမ်းနေရမှာလဲ "
ယဲ့ဖန် ကားကို လမ်းဘေးတွင် ထိုးရပ်လိုက်သည်။
သူသည် ဖက်တီးချူးကို နောက်ပြောင်လေသည်။
" ကျစ်၊ နှလုံးသားမဲ့တဲ့ကောင်ပဲ "
" ဘာဖြစ်တုန်း၊ မင်းက အထီးကြီးလေ။ အမကြီးမှ မဟုတ်တာ "
" ငရဲကြီး၈ထပ်မြောက်ကို ဆင်းသွားလိုက်တော့။ တော်ပြီ၊ နောက်နေတာ ရပ်လိုက်တော့။ ငါ မင်းကို အရေးကြီးတဲ့ ကိစ္စကြောင့် ရှာတာ "
" အင်း၊ ပြော။ ငါနားထောင်နေတယ် "
" ဒီလိုလေ၊ မင်း လင်းကျယ်ကို မှတ်မိသေးလား "
" လင်းကျယ်တဲ့လား "
ယဲ့ဖန်သည် ထိုလင်းကျယ်ဆိုသူကို မှတ်မိရန် အချိန်အတော်ကြာ စဉ်းစားခဲ့ရသည်။
" အိုး၊ ငါတို့နဲ့ အဆောင်တူတဲ့ တစ်ယောက်မလား။ ဘာဖြစ်လို့လဲ "
" ဟုတ်တယ်၊ ဒီကောင်က အခု ချမ်းသာနေပြီ။ သူက ငါတို့ အဆောင်က လူတွေကို ယန်းချန်မြို့ကို လာပြီးကစားဖို့ ဖိတ်ချင်နေတာ။ သူက မင်းကို ဖိတ်ဖို့တောင် ငါ့ကို အထူးတလည် ခေါ်ခိုင်းသေးတယ်။ မင်း ယန်းချန်မြို့မှာ မဟုတ်ဘူးလား "
ဖက်တီးချူးမှ မေးသည်။
" ငါ မသွားဘူး၊ ဟုတ်ပြီလား။ ငါ သူနဲ့ ဆက်ဆံရေးက သိပ်မကောင်းဘူးဆိုတာ မင်းလည်း သိတာပဲ "
ယဲ့ဖန် ချက်ချင်း ငြင်းလိုက်သည်။
သူ၏ လက်ရှိအနေအထားဖြင့် လင်းကျယ်ကဲ့သို့ အသေးအမွှားကိစ္စလေးကြောင့် ပြဿနာရှာမှာ မဟုတ်ချေ။
လင်းကျယ်နှင့် သူ၏ကြားမှ မုန်းတီးမှုများအားလုံးကို ပြုံးလျက် မေ့ပစ်ရန်မှာလည်း မဖြစ်နိုင်ချေ။
ဖက်တီးချူးသည် သူ၏ ငြင်းဆိုချက်ကို ကြားပြီး အမြန်ပြောလိုက်သည်။
" လင်းကျယ်က မင်းကို အမြဲတမ်း တောင်းပန်ချင်နေတာ။ ဒါပေမယ့် သူကိုယ်တိုင် လုပ်ဖို့ အခွင့်အရေးမရခဲ့လို့တဲ့။ မင်းနဲ့ စကားပြောဖို့ ဒီအခွင့်အရေးကို အသုံးချချင်နေတာ။ ငါ့ကို မျက်နှာသာပေးပြီး လိုက်လို့ရမလား "
ယဲ့ဖန် ဆက်၍ ငြင်းချင်သော်လည်း ဖက်တီးချူး၏ နောက်ဆုံးစကားများကို ကြားပြီးနောက် သူ့စကားများကို မျိုချလိုက်သည်။
" ဒါဆိုလည်း .... ကောင်းပြီလေ။ ဘယ်တော့လဲ "
ဖက်တီးချူးသည် ချက်ချင်းပင် ပျော်ရွှင်လာသည်။
" မနက်ဖြန် ည ၇ နာရီ၊ Holy Clanရဲ့ ကလပ်မှာ ........ "
ယဲ့ဖန်သည် လိပ်စာကို မှတ်လိုက်ပြီးနောက် ဖက်တီးချူးနှင့် ခဏတာ စကားစမြည်ပြောပြီး ဖုန်းချလိုက်သည်။
ထို့နောက် ကိစ္စတစ်ခုကို စဉ်းစားပြီးသည့်အခါ သူသည် ချန်းရွှမ်ကို ဖုန်းခေါ်ပြီး အိမ်ပြန်မည်လားဟု မေးလေသည်။
သို့သော် သူရခဲ့သော အဖြေမှာ 'ဒီည ငါ အချိန်ပိုလုပ်မယ်' ဟူ၍သာ ဖြစ်သည်။
စီမံကိန်းတစ်ခုတွင် ချက်ချင်းပြင်ရန် လိုအပ်သည့် အမှားတစ်ခုရှိနေသည်ဟု ဆိုလေသည်။
ယဲ့ဖန်သည် ဖုန်းမချမီ စိုးရိမ်ပူပန်ကြောင်း စကားအနည်းငယ်ကိုသာ ပြောနိုင်ခဲ့သည်။
ချန်းရွှမ် ပြန်မလာကြောင်းကို သိလိုက်ရပြီးနောက် ပြန်ရန် စိတ်မလောတော့ပေ။
သူ ပျင်းလာ၍ အပန်းဖြေရန် နေရာရှာဖို့ တွေးနေစဉ် သူ့ဖုန်းမှ ရုတ်တရက် မြည်လာပြန်သည်။
ဖုန်းခေါ်ဆိုသူ၏ အမည်ကို တွေ့လိုက်သောအခါ သူ့နှလုံးသည် ချက်ချင်းပင် နှစ်ချက်ခုန်သွားသည်။
ဖုန်းကျင်းရီဖြစ်လေသည်။
သူ သိမ်းထားသည့် ကိန္နရီလေးအား အမြဲလွမ်းနေခဲ့တာဖြစ်သည်။
" ဘာကိစ္စလဲ "
ယဲ့ဖန် စိတ်လှုပ်ရှားနေသော်လည်း ဟန်ဆောင်သည့်ပုံစံဖြင့် မေးလိုက်သည်။
" ဧကရာဇ်လေပြည်ဟိုတယ်ရဲ့ အခန်း ၁၆၀၆ကို လာခဲ့ပါ။ ရှင်ရောက်လာတာကို စောင့်နေပါ့မယ် သခင် ..... "
ဖုန်းကျင်းရီ၏ ဆွဲဆောင်မှုရှိသော အသံသည် ဖုန်းအခြားတစ်ဖက်မှ ထွက်ပေါ်လာသည်။
'ဖက်ခ်'
ယဲ့ဖန် သူ့စိတ်ထဲမှ နိုးကြွလာမှုကို ထိန်းရန် ဆဲလိုက်သည်။
ဖုန်းကိုဆွဲချလိုက်ပြီး ကားလီဗာကို နင်းလိုက်သည်။
Blue Charm Nightသည် လူစည်ကားသော ယာဉ်ကြောကို ဖြတ်လျက် သွားလာနေတော့သည်။