← Chapters

အခန်း (၁၁၂၁-၁၁၂၄)

Vol. 57 Ch. 1121-1124

အခန်း (၁၁၂၁-၁၁၂၄)

Vol. 57 Ch. 1121-1124

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၁၂၁ )

အကွက်တွေက သေးလွန်းတယ်

ယဲ့ဖန်သည် လင်းကျယ်သဲ့ကို မျက်တောင်မခတ်ပဲ ကြည့်လိုက်သည်။

" ဦးလေးလင်း၊ ကုမ္ပဏီရဲ့ ဟာကွက်တွေကနေ ဘယ်လို နှိုက်ထုတ်မလဲဆိုတာ ပြောပြနိုင်လား "

လင်းကျယ်သဲ့သည် ချက်ချင်း နိုးနိုးကြားကြား ဖြစ်သွားသည်။

" ဘာလို့ ဒီလိုမေးတာလဲ "

ယဲ့ဖန်မှ အပြစ်ကင်းစွာ ပြုံးလိုက်သည်။

" ဘယ်လိုပဲဖြစ်ဖြစ် ဒါက ၁ ဘီလီယံတောင် တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်တဲ့အပြင် ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုတွေကို ပုံအောရမှာဆိုတော့ ဘာမှ အမှားအယွင်းမရှိအောင် သေချာ ရှင်းရှင်းလင်းလင်း သိရဖို့ လိုတယ် "

" ပြီးတော့ ဒီကိစ္စတွေကို ဦးလေးလင်းပဲ အစအဆုံး ကိုင်တွယ်ဖြေရှင်းရမှာပဲ ဆိုတော့ ကျွန်တော့်ကို ပြောရင်တောင် ဘာမှ မထိခိုက်နိုင်ဘူးလေ၊ ဟုတ်တယ်မလား "

လင်းကျယ်သဲ့ တခဏ ချင့်ချိန် စဉ်းစားလိုက်သည်။

ပြီးနောက် ယဲ့ဖန်ပြောသည့်စကားမှာ အဓိပ္ပာယ်ရှိသည်ဟု ခံစားရသည်။

သူသည် အဝယ်ဌာန၏ ခေါင်းဆောင်ဖြစ်သည်။

ဤကိစ္စကြီးအား ဆောင်ရွက်လိုလျှင် မည်သို့ပင်ဖြစ်စေ သူကိုယ်တိုင် ပါဝင်ရမည်ဖြစ်သည်။

တစ်ဖက်သူမှ အကွက်ပြောင်းမည်ကို မကြောက်ပေ။

အချင်အလက်များကို တွေးကြည့်ပြီးနောက် ချက်ချင်း သူ့သားဖြစ်သူ လင်းကျယ်ကို လှည့်ကြည့်လိုက်သည်။

" လင်းကျယ်၊ မင်းရဲ့ အတန်းဖော်တွေကို အညောင်းပြေ လမ်းလျှောက်ဖို့ ခေါ်သွားလိုက် "

လင်းကျယ်သည် သူ့အဖေ နားရွက်နားသို့ လျင်မြန်စွာ ကပ်ပြောလိုက်သည်။

" အဖေ၊ ဒီကောင်က အရမ်းဉာဏ်များတာ။ သေချာပေါက် ဂရုစိုက်ရမယ် "

လင်းကျယ်သဲ့ ယုံကြည်ချက်ရှိစွာ ပြုံးလိုက်သည်။

" ငါ ဘာလုပ်ရမလဲဆိုတာ သိပါတယ် "

သူ၏ အမြင်အရ ယဲ့ဖန်သည် သူ၏ ထိန်းချုပ်ခြင်းကို ခံနေရသည်။

သူ မရှိပါက တစ်ဖက်သူသည် တစ်ပြားတစ်ချပ်ပင် ရနိုင်မည် မဟုတ်ချေ။

ထို့ကြောင့် စိတ်ပူရန် မလိုသည်မှာ သေချာသလောက် ဖြစ်သည်။

ထို့အပြင် ယဲ့ဖန်ဆိုသည့် ကောင်လေးသည် ချက်ပင်မခြောက်သေးသော လူသစ်ကလေးသာ ဖြစ်သည်။

ဤကဲ့သို့ အပြောင်းအလဲများလှသည့် စီးပွားရေးလောကထဲတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော သူ့ကဲ့သို့ မြေခွေးအိုကြီးအား ယှဉ်နိုင်မည် မဟုတ်ပေ။

သူ မရှိပါက တစ်ဖက်ကောင်လေးသည် တစ်ပြားတစ်ချပ်မှ ရနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် အထူးတလည် ပူပန်နေရန် မလိုပေ။

ထို့အပြင် ထိုကောင်လေးသည် ချက်ပင် မကြွေသေးသော ကောင်လေးဖြစ်သည်။

သို့သော် သူ့အခြေအနေသည် ဤစီးပွားရေးလောကတွင် နှစ်ဆယ်ချီ ကျင်လည်ခဲ့သော မြေခွေးအိုကြီး ဖြစ်သည်။

ဒီကောင်လေးက သူ့ကို လှည့်စားနိုင်မှာတဲ့လား။

သူ့အဖေသည် အလွန်ယုံကြည်ချက် ရှိနေသည်ကို လင်းကျယ်သည် စိတ်ချသွားပြီး ဖက်တီး၊ ကောင်းရှုဖိန်းနှင့် အခြားသူများကို အပြင်သို့ ခေါ်သွားတော့သည်။

လင်းကျယ်သဲ့သည် အားလုံး ထွက်သွားသည်ကို စောင့်ပြီးနောက် သူ၏ ပိုက်ဆံရှာမည့် အစီအစဉ်ကို ပြောပြလေသည်။

" ဒီလိုပါ။ ငါတို့ ကုမ္ပဏီက ဂျပန်က ကုမ္ပဏီတစ်ခုနဲ့ အချိတ်အဆက်ရှိထားတယ် .......... "

ယဲ့ဖန်သည် သူပြောသည်အား နားထောင်ကြည့်သည့်အခါ ဘာဖြစ်နေသည်ဆိုတာကို နားလည်သွားတော့သည်။

ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီသည် ဂျပန်မှ ကုမ္ပဏီတစ်ခုနှင့် ပါတနာဆက်ဆံရေးရှိသည်။

လတ်တလောတွင် ထိုကုမ္ပဏီမှ အလောတကြီး အမှာစာအဖြစ် များစွာသော ထောက်ပံ့ရေးပစ္စည်းများကို ဝယ်ယူထားပြီး ဈေးနှုန်းမှာလည်း အတော်ပင် မြင့်လေသည်။

လင်းကျယ်သဲ့သည် ဝယ်ချေရေးဌာန ကြီးကြပ်ရေးမှူးကို လာဘ်ထိုးထားပြီး စာချုပ်တစ်ခု ချုပ်ထားသည်။

ဂျပန်နိုင်ငံရှိ ကုမ္ပဏီအတွက် စျေးနှုန်းသည် အလွန်မြင့်မားသော်လည်း ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီ အတွက် စျေးနှုန်းမှာ အလွန်နိမ့်ပါသည်။

ထိုကဲ့သို့ပင် နှစ်ဦးနှစ်ဖက်သည် အတွင်းပိုင်းမှ ပူးပေါင်းကာ အနိမ့်ဈေးနှင့် အရောင်းအ၀ယ်လုပ်ကာ စျေးနှုန်းကွာခြားမှုကို ရယူပြီး ကုမ္ပဏီနှစ်ခုအား လက်ဝါးချင်းရိုက်ပြီး လှည့်စားခဲ့ကြသည်။

သို့သော်လည်း လင်းကျယ်သဲ့၏ ရန်ပုံငွေမှာ အကန့်အသတ်ထားပြီး သူသည် သေးငယ်သော အတိုင်းအတာဖြင့်သာ ကစားနေဆဲ ဖြစ်သည်။

ချမ်းသာရန် ငွေအမြောက်အမြား လိုလေသည်။

ဤအချက်အလက်ကို နားလည်ပြီးနောက် ယဲ့ဖန်၏ မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ပင် ကျယ်လာသည်။

" ဦးလေးလင်းက ကုမ္ပဏီရဲ့ စစ်ဆေးရေးတွေကို ဖြတ်ကျော်ဖို့ အများကြီး အားထုတ်ရမှာ ဟုတ်တယ်မလား။ ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီမှာ ဘယ်သူ့ကိုများ လာဘ်ထိုးခဲ့ရတာလဲ သိချင်မိတယ် "

" ဟားဟား၊ ဒါကတော့ … "

လင်းကျယ်သဲ့သည် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် စိတ်ရှုပ်ဟန်ဆောင်သွားခဲ့သည်။

ယဲ့ဖန်သည် သူ စကားမပြောချင်သည်ကို မြင်လိုက်ရသည်။

သူ ဆက်မမေးတော့ချေ။

ယဲ့ဖန် ဖြည်းညှင်းစွာ ထရပ်လိုက်သည်။

" ကောင်းပြီလေ၊ ဒါဆိုလည်း ပြေလည်သွားပြီ။ အရင်ပြန်သွားပြီး ရန်ပုံငွေ ရှာလိုက်မယ်။ သတင်းကောင်းကို စောင့်ကြည့်တာပေါ့ "

လင်းကျယ်သဲ့သည် အနည်းငယ် စိုးရိမ်နေသေးသည်။

" ဒါဆို မင်းရဲ့အချိန်တွေကို ကောင်းကောင်း အသုံးချရမယ်။ ဒီအခွင့်အရေးကို မင်း လက်လွတ်သွားရင် နောက်တစ်ကြိမ် ထပ်တွေ့ဖို့က အရမ်းခက်ခဲလိမ့်မယ် "

" ဟားဟား၊ သေချာပေါက်ပေါ့ "

ယဲ့ဖန်မှ ချက်ချင်း ရယ်မောလိုက်သည်။

" ဟားဟား၊ လင်းကျယ်က မင်းကို သူ့ရဲ့ အတန်းဖော်တွေထဲမှာ အရဲရင့်ဆုံးလို့ ပြောပြီး မင်းကို ချီးကျူးနေတာ။ အခု ငါ မင်းကို ကြည့်လိုက်တော့ မင်းက ငယ်ငယ်ကတည်းက သူရဲကောင်းတစ်ယောက်ပဲ "

" ရှောင်ကျယ်က ရွယ်တူတွေကြားထဲမှာ အထူးချွန်ဆုံးပဲ။ ကျွန်တော်က သူနဲ့ သိရတာ ကံကောင်းတာပါ "

နှစ်ယောက်သား ရုံးခန်းထဲမှ ထွက်လာရင်း တစ်ယောက်ကို တစ်ယောက် ကြောင်အစွာ ချီးမွမ်းနေကြသည်။

" ဦးလေးလင်း၊ စောင့်နေပါ။ သံသယ ၀င်မနေပါနဲ့ "

ယဲ့ဖန်သည် သူ့ကို ဆက်လိုက်မပို့ခိုင်းပေ။

လင်းကျယ်သဲ့သည် ရပ်ပြီး ထွက်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။

လင်းကျယ်သည် ထိုအချိန်တွင် ပြန်လာခဲ့တော့သည်။

" အဖေ၊ ဒီခွေးသားလေးနဲ့ တကယ် ပူးပေါင်းမှာလား "

လင်းကျယ်သဲ့သည် လှည့်၍ သူ့ရုံးခန်းသို့ ပြန်သွားခဲ့သည်။

" သူ့မှာက ပိုက်ဆံရှိတယ်။ ငါ့မှာ အရင်းအမြစ်တွေ ရှိတယ်။ ငါတို့ အချင်းချင်း ဖြည့်ဆည်းပေးလို့ ရတာပဲ။ ပူးပေါင်းဆောင်ရွက်ဖို့ ဘာအကြောင်းအရင်း မရှိရမှာလဲ "

လင်းကျယ်က စိုးရိမ်နေမိသည်။

" အဲ့ကလေးက ဘာမှမဟုတ်ဘဲ အခု ခေါင်းပေါ်တက်နေပြီ။ သူ့ကို ပိုက်ဆံရအောင် လုပ်ပေးလိုက်ရင် ကျွန်တော်က ဘာအရေးပါတော့မှာလဲ "

" မင်းက အမြင်ကျဉ်းလိုက်တာ "

လင်းကျယ်သဲ့သည် မောက်မာစွာ ဖြင့် ထိုင်ခုံဆီ သွားထိုင်တော့သည်။

" မယူခင် ပေးရတယ်ဆိုတဲ့ အကြောင်းကို မကြားဖူးဘူးလား "

လင်းကျယ်သည် အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

" ဘာကို ဆိုလိုတာလဲ "

လင်းကျယ်သဲ့သည် ရေနွေးကို ငှဲ့ကာ တစ်ကြိုက်မော့လိုက်သည်။

" ဒီလောက် အကျိုးအမြတ်ရတဲ့ လုပ်ငန်းကနေ အဲ့ကလေးကို ဘာလို့ဝေစု ခွဲပေးရမှာလဲ။ သူ့ကို အရင်ငွေပေးခိုင်းလိုက်မယ်။ ပိုက်ဆံခွဲရမယ့်အချိန်ကျ သူ့ကို ဘယ်လို သေအောင် ကစားမလဲဆိုတာ စောင့်ကြည့်နေလိုက် "

လင်းကျယ် ပျော်သွားသည်။

" ဒါဆို အဖေက သူ့ကို ပိုက်ဆံပေးဖို့ မစီစဉ်ထားဘူးပေါ့၊ ဟုတ်လား "

လင်းကျယ်သဲ့ နှာမှုတ်လိုက်သည်။

" ငါ့ပါးစပ်ထဲ ဝင်လာခါနီးအသားကို သူများဆီက အလုခံပါ့မလား။ မင်းက မင်းအဖေကို အထင်သေးတာပဲ "

လင်းကျယ်သည် အားရသည့် မျက်နှာပေးဖြင့် မျက်မှောင်ကြုတ်လျက် ပုခုံးကို ပွတ်လိုက်သည်။

" အဖေက လူလိမ်မှန်း သိသားပဲ "

" အင်း "

" အဆက်အသွယ်တွေ မရှိမှတော့ အဲ့ခွေးကောင်က အဖေ့ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ "

" ဟားဟား၊ မင်းအဖေက အဲ့ကလေးကို တစ်ဆင့်ချင်း သေအောင် ဘယ်လိုကစားမလဲဆိုတာကို စောင့်ကြည့်နေလိုက် "

" ကောင်းပြီ၊ အဲ့တာဆို အဲ့ကောင်ကို နင်းခြေပြီး ဘယ်သူက တကယ့်သူဌေးအစစ်လဲဆိုတာ ပြပေးလိုက် "

" ရေရှည်အတွက်လည်း စဉ်းစားရမယ် "

" နားလည်ပြီ၊ နားလည်ပြီ "

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၁၂၂ )

ဘယ်လို မုန်တိုင်းမျိုးကို မမြင်ဖူးတာ ရှိလို့လဲ

လင်းကျယ်သဲ့နှင့် လင်းကျယ်တို့ သားအဖချင်း ချီးမြှောက်နေကြချိန် ရုံးခန်းတံခါး ခေါက်သံကို ကြားလိုက်ရသည်။

လင်းကျယ်သဲ့သည် ခြေထောက်ကို စားပွဲပေါ်မှ ချလိုက်ပြီး တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။

" ဝင်ခဲ့ပါ "

ထို့နောက် တရားဝင်ရေးရာဌာနမှ လူတစ်ယောက် လမ်းလျှောက်လာသည်ကို မြင်လိုက်ရသည်။

" ကြီးကြပ်ရေးမှူးလင်း၊ သူဌေးက အလယ်တန်းအဆင့်နဲ့ အကြီးတန်းအဆင့် အရာရှိတွေ အားလုံးကို အစည်းအဝေးခန်းမကြီးထဲလာဖို့ အကြောင်းကြားထားပါတယ် "

လင်းကျယ်သဲ့ အနည်းငယ် အံ့ဩသွားသည်။

" လူတိုင်း သွားရမှာလား။ တစ်ခုခု ဖြစ်တာလား "

" ကုမ္ပဏီကို တစ်ယောက်ယောက်က ဝယ်သွားပါပြီ။ အဲ့တာကြောင့် သူဌေးအသစ်က လူတိုင်းကို မိတ်ဆက်ချင်တာမလို့ပါ "

တရားရေးရာဌာနမှ လူက ချက်ချင်း ဖြေလိုက်သည်။

" ဘာ၊ ဝယ်သွားတာလား။ ဘယ်တုန်းကဖြစ်သွားတာလဲ။ ငါ ဘာလို့ မသိရတာလဲ "

လင်းကျယ်သဲ့မှာ အတော်အတန် ကြောင်အသွားရသည်။

ဒီလောက်ကြီးတဲ့ ကိစ္စက ဘယ်လိုလုပ်ပြီး ဒီလောက် တိတ်တဆိတ် ဖြစ်သွားရတာလဲ။

" အဲ့တာက ရုတ်တရက်ကြီး ဖြစ်သွားလို့ပါ။ သူဌေးက နောက်ကျ လူတိုင်းကို ရှင်းပြပါလိမ့်မယ် "

" အို၊ ငါ ချက်ချင်း လာခဲ့မယ် "

လင်းကျယ်သဲ့သည် ထိုလူထွက်သွားသည်ကို စောင့်ပြီးနောက် ချက်ချင်း မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။

လင်းကျယ်သည် သူ့ကို စိတ်ပူပန်စွာ ကြည့်လိုက်သည်။

" အဖေ၊ တစ်ခုခု ဖြစ်လို့လား "

လင်းကျယ်သဲ့ ချက်ချင်း လက်ကို ဝှေ့ယမ်းပြီး ပြုံးလိုက်သည်။

" ဘာဖြစ်နိုင်မှာမလို့လဲ။ ငါက ဘယ်လိုမုန်တိုင်းမျိုးကို မမြင်ဖူးတာ ရှိလို့လဲ။ ဒါက အသေးအမွှားကိစ္စပါ "

လင်းကျယ် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

" ဒါဆိုလည်း အဖေသွားလိုက်ဦး။ အလုပ်ပြီးရင် ကောင်မလေးတွေဆီ ခေါ်သွားပေးမယ် "

" လျန်ချန်းပိဆီမှာ ရုရှားက ကောင်မလေးတွေ ရောက်နေတယ်လို့ ကျွန်တော် ကြားထားတယ်။ သူတို့က အသားက ဖြူဖွေးပြီး ခြေတံရှည်လှလှလေးတွေ ရှိတယ်တဲ့ "

" ကောင်စုတ်လေး၊ မင်းက မင်းအဖေနဲ့တောင် စကားကို အတည်အတံ့မပြောတော့ဘူး "

လင်းကျယ်သဲ့သည် သူ့သားကို အသာထိုးပြီး လှည့်ထွက်သွားသည်။

ထို့နောက် အဝေးမှ သူ၏အသံကို ကြားလိုက်ရသည်။

" ငါ နှစ်ယောက်လိုချင်တယ် "

.........................................

" ကုမ္ပဏီ ဘယ်တုန်းက ဝယ်သွားတာလဲ။ ငါ အမှုဆောင်အထွေထွေမန်နေဂျာတောင် ဘာမှ မကြားလိုက်ရဘူး "

" ဟုတ်တယ်၊ ငါလည်း အဲ့သတင်းကို အရင်က မကြားထားဘူး။ ဘာလို့ သူဌေးက ရုတ်တရက်ကြီး ပြောင်းသွားတာလဲ "

" ငါက အိမ်တောင်ရောက်ပြီး မိန်းမနဲ့ အချိန်လေး အတူတူကုန်မလို့ လုပ်နေတာ။ ဘာလို့ ရုတ်တရက်ကြီး ပြန်ခေါ်တာလဲ "

" ဘယ်သူက ငါတို့ကုမ္ပဏီကို ဝယ်သွားတာလဲ။ ငါ နည်းနည်း နားမလည်ဖြစ်နေပြီ ..... "

ဖုန်းရှန်းကုန်သွယ်ရေး၏ စုံညီခန်းမကြီးထဲတွင် အကြီးအကဲအရာရှိများမှာ နားမလည် ဖြစ်နေကြသည်။

သူတို့သည် ကုမ္ပဏီအား ရောင်းချလိုက်ခြင်းနှင့် ပတ်သက်သည့် သတင်းအကြောင်း တစ်စုံတစ်ရာမျှ သိမထားကြပေ။

ထို့ကြောင့် သတင်းမှာ သူတို့အတွက် ရုတ်ချည်းဆန်လွန်းနေသည်။

လင်းကျယ်သဲ့သည် အလယ်တွင် ထိုင်နေသည်။

ဘာမှန်းမသိသော အကြောင်းပြချက်ကြောင့် သူ ရုတ်တရက် မကောင်းသော ခံစားချက်ကို ရလိုက်သည်။

ဘာလို့ ဒီနေ့ ဖြစ်ပျက်သမျှက ထူးဆန်းနေရတာလဲ။

ပထမတုန်းက သူ့သား အရိုက်ခံရလေသည်။

ထို့နောက် ရုတ်တရက် သကြားဖေဖေပေါ်လာပြီး ပိုက်ဆံများစွာ ပုံပေးသည်။

အခု ကုမ္ပဏီအပြောင်းအလဲမှာ ပို၍ပင် ထူးဆန်းလှသည်။

ဒါနဲ့ပတ်သက်ပြီး ထူးဆန်းတာတစ်ခုခု ရှိကိုရှိရမယ်။

သူ၏ အတွေးများ နယ်ချဲ့နေချိန်တွင် တစ်စုံတစ်ယောက်မှ ပြောလိုက်သံကို ကြားလိုက်ရသည်။

" သူဌေးရောက်လာပြီ "

လူတိုင်းသည် ရုတ်တရက် တိတ်ဆိတ်သွားပြီး တံခါးကို ချက်ချင်း လှမ်းကြည့်လိုက်ကြသည်။

ထိုအခါ လူလတ်ပိုင်း ယောက်ျားတစ်ဦးမှ ဦးစွာ လမ်းလျှောက်လာသည်။

ထိုလူမှာ ဖုန်းရှန်းကုန်သွယ်ရေး၏ သူဌေးဖြစ်သူ လီယွမ်ဖြစ်သည်။

သူ့အနောက်မှ လိုက်လာသူမှာ အသက်နှစ်ဆယ်ဝန်းကျင်သာ ရှိသည့် လူငယ်လေးတစ်ဦး ဖြစ်လေသည်။

ထိုကောင်လေး၏ မျက်နှာမှာ လူငယ်ဆန်ပြီး မရင့်ကျက်သော မျက်နှာထားရှိသည်။

ထို့ကြောင့် လူတိုင်းမှာ ကြောင်အကုန်ရသည်။

ဒီလူငယ်လေးက ဘယ်သူများလဲ။

သူဌေးအသစ်ရဲ့ လက်ထောက်လား။

လက်ထောက်တွေက သူဌေးအရှေ့က ဝင်လာပေးရတာ မဟုတ်ဘူးလား။

ဒါဆို စည်းမျဉ်းတွေ မှားနေပြီလေ။

သို့သော် လင်းကျယ်သဲ့မှာတော့ ထိုလူငယ်လေးကို မြင်သည့်အခါ လန့်လွန်း၍ ထိုင်ခုံမှ ထခုန်မိမတတ် ဖြစ်သွားသည်။

သူဌေးလီယွမ်အနောက်မှ လိုက်လာသူမှာ ယဲ့ဖန်ဖြစ်နေသည်။

သူ့အနေဖြင့် အကောက်ကြံ၍ အခွင့်ကောင်းယူရန် ကြံစည်ထားသော လူငယ်လေးမှာ သူဌေးဖြစ်သူနှင့် အတူလျှောက်လာနေသည်။

သူ ........ သူက ဘယ်သူလဲ။

သူက ဘာလုပ်ချင်နေတာလဲ။

လင်းကျယ်သဲ့၏ နှလုံးသားမှာ ထိတ်လန့်မှုများနှင့်သာ ပြည့်နှက်နေပြီး အနေခက်မှုမှာ ပို၍ ပို၍ တိုးပွားလာသည်။

ဖုန်းကျင်းရီသည် ယဲ့ဖန်၏ အနောက်မှ လျှောက်ကာ လိုက်လာသည်။

သူမ၏ တည်ငြိမ်၍ ကျက်သရေရှိသော ကိုယ်နေဟန်ထားမှာ ဦးဆောင်သူတစ်ဦး၏ ကိုယ်ရှိန်ဝါကို ပေးစွမ်းနေသည်။

ထို့ကြောင့် အကြီးအကဲများမှ သူမကို အကဲခတ် ခန့်မှန်းနေကြသည်။

ဒီမိန်းမပျိုက ကုမ္ပဏီကို ဝယ်လိုက်တာ ဖြစ်နေမလား။

ဒီလို ထူးချွန်တဲ့ အမျိုးသမီးသူဌေးရှိတာလည်း ကောင်းတဲ့ ရွေးချယ်မှုပဲ။

ဖုန်းကျင်းရီသည် မျက်နှာပြင်တွင်သာ တည်ငြိမ်နေသော်လည်း သူမ၏ ရင်ထဲ၌ ဗလောင်ဆူနေသည်။

ယဲ့ဖန်သည် လင်းကျယ်သဲ့၏ ရုံးခန်းထဲမှ ထွက်လာပြီးသည့်နောက် သူမနှင့် အခြားသူများကို ခေါ်ကာ သူဌေး၏ ရုံးခန်းထဲသို့ ဝင်သွားပြီး သူ့ကိုယ်သူ ဖုန်းရှန်းကုန်သွယ်ရေးအား ဝယ်ခဲ့သူအဖြစ် မိတ်ဆက်လေသည်။

သူ ထိုစကားကို ပြောသောအခါ သူမ လဲကျမတတ်ပင် ထိတ်လန့်သွားရသည်။

ဖုန်းရှန်းကုန်သွယ်ရေးသည် အတော်ပင် ကြီးကျယ်လှသည့် ကုမ္ပဏီဟု ဆိုနိုင်သည်။

အနည်းဆုံး ဘီလီယံချီပြီး တန်ကြေးရှိသည်။

အဲ့တာကို ယဲ့ဖန်က ဒီလိုလွယ်လွယ်ကူကူနဲ့ ဝယ်နိုင်တာလား။

သူမသည် ယဲ့ဖန်၏ အင်အားနှင့် ပတ်သက်ပြီး အသေအချာ သိထားသော်လည်း ဘီလီယံနှင့်ချီတန်သော ကုမ္ပဏီအား ချက်ချင်းပင် ပေါ့ပါးစွာ ဝယ်ယူနိုင်ခြင်းသည် ထိတ်လန့်စရာဖြစ်လေသည်။

ဖက်တီးချူး၊ ကောင်းရှုဖေးနှင့် အခြားသူများမှာလည်း တစ်လျှောက်လုံး ပါးစပ်မပိတ်နိုင် ဖြစ်ကုန်ကြသည်။

ယဲ့ဖန်သည် ယွမ်သန်း၁၀၀တန်ကား စီးနိုင်ပြီး တစ်ပုလင်းလျှင် ၂သိန်းတန်သော ဝိုင်နီအား သောက်နိုင်၍ အလွန်အထင်ကြီးစရာကောင်းမှန်း သိထားသော်လည်း ကုမ္ပဏီတစ်ခုအား ဤမျှ အေးဆေးစွာဖြင့် သိမ်းပိုက်ဝယ်ယူနိုင်သည်အထိ အင်အားကြီးမည်ဟု မထင်ထားကြပေ။

ယဲ့ဖန်က ဖုန်းရှန်းကုမ္ပဏီကို ဝယ်ပြီး ဒီကုမ္ပဏီရဲ့ သူဌေးဖြစ်လာမှာဆို ဘာလို့ လင်းကျယ်ရဲ့အဖေနဲ့ စီးပွားရေးကိစ္စ ဆွေးနွေးနေရသေးတာလဲ။

သူတို့သည် နောက်ဆုံးတွင် ပြဿနာကို အဖြေရှာတွေ့သွားသည်။

ရုပ်ဖျက်စုံစမ်းတာပဲ။

ခေါင်းဆောင်တွေ အများစုက နေရာသစ်ကို ဝင်တော့မယ်ဆို အခြေအနေကို သိရဖို့ မြေပြင်ကို ရုပ်ဖျက်စစ်ဆေးကြတယ်လို့ ဆိုကြတယ်မလား။

အခြေအနေတွေသိရတာနဲ့ အဲ့အရာရှိက တာဝန်ယူစစ်ဆေး အမိန့်ချတယ်လေ။

သူတို့သည် ထိုကဲ့သို့ ဇာတ်လမ်းမျိုးကို တီဗီထဲမှာသာ မြင်ဖူးကြသည်။

သို့သော် သူတို့၏ အတန်းဖော်မှ ထိုကဲ့သို့ ပညာရှိနည်းပညာကို ဩဇာရှိရှိ သုံးပြမည်ဟု မထင်ထားကြပေ။

အတိအကျဆိုရလျှင် သူတို့သည် ယဲ့ဖန်၏ ကျွမ်းကျင်မှု၊ ကြီးစိုးနိုင်မှုတို့ကို မြင်ပြီး သူ့ကို အကြောက်တရားဖြင့် ကြည့်လိုက်မိကြသည်။

ထိုယောက်ျားပျိုသည် သူတို့နှင့် အသက်ရွယ်တူဖြစ်သော်လည်း တူညီသော အနေအထား မရှိတော့ပေ။

သူတို့သည် ယခုအခါ သူ့ကို မော့ကြည့်ရုံသာတတ်နိုင်တော့သည်။

" လူတိုင်း ဒီကိစ္စကို ကြားပြီးပြီလို့ ထင်ပါတယ်။ အမှန်ပါပဲ။ ငါတို့ရဲ့ ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီကို ရောင်းလိုက်ရပါတယ် "

ဖုန်းရှန်းကုန်သွယ်ရေးမှ သူဌေးဖြစ်သူ လီယွမ်သည် စုံညီခန်းမစားပွဲသို့ လျှောက်လာပြီး လူတိုင်းကို သတင်းကြေညာလိုက်သည်။

သူတို့သည် ကြိုတင် သတင်းပေးခံထားရသော်လည်း သတင်းအကြောင်းအရာအား သူဌေး၏ နှုတ်မှ ထွက်လာသောအခါ လူတိုင်းအတွက် အတော်အံ့အားသင့်စရာ ဖြစ်သွားသည်။

သူတို့သည် ကုမ္ပဏီ၏ ဦးစီးပိုင်းမှာ ဤမျှ တိုးတိတ်စွာဖြင့် ပြောင်းလဲသွားမည်ဟု ထင်မထားကြပေ။

သို့သော် လီသူဌေး ဆက်ပြောလိုက်သော စကားမှာ သူတို့ကို ပို၍ပင် တုန်လှုပ်သွားစေသည်။

" ဒါက လူကြီးမင်းယဲ့ဖန်ပါ။ ဖုန်းရှန်းကုမ္ပဏီရဲ့ သူဌေးအသစ်ဖြစ်တယ်။ သူ့ကို ကြိုဆိုပေးကြပါဦး "

လီယွမ်သည် ယဲ့ဖန်ကို ညွှန်ပြပြီး စတင်လက်ခုပ်တီးသည်။

လူတိုင်း၏ အကြည့်သည် ယဲ့ဖန်ဆီသို့ ရောက်သောအခါ တုန်လှုပ်၊ တွေဝေ၊ သံသယ၊ အကြောက်တရား စသည်တို့ဖြင့် ပြည့်နှက်သွားသည်။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၁၂၃ )

တကယ်က အရမ်းကြင်နာတတ်တဲ့သူပါ

ထိုစကား မကြားခင်အထိ လူတိုင်းသည် ထိုအနှီကောင်ငယ်လေးမှာ ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီ၏ သူဌေးဖြစ်မည်ဟု ဘယ်သူမှ မတွေးမိကြပေ။

စုံညီခန်းမသည် စက္ကန့်အတော်ကြာသည်အထိ တိတ်ဆိတ်နေပြီးနောက်မှ လက်ခုပ်သံများ ထွက်လာသည်။

လက်ခုပ်သံသည် ကျယ်သည်ထက် ကျယ်လာလေသည်။

ထိုလူများသည် သူဌေးအသစ်မှ အကောင်းမြင်ခြင်းကို ခံလိုကြသည်။

သို့သော် ခြွင်းချက်အနေဖြင့် လင်းကျယ်သဲ့ရှိနေသည်။

သူသည် လူအုပ်ကြီးနှင့်အတူ လက်ခုပ်လိုက်မတီးပေ။

သူသည် မိုးကြိုးပစ်ထားခံရသကဲ့သို့ မျက်လုံးများထဲတွင် ထိတ်လန့်တုန်လှုပ်နေပြီး စိတ်လွတ်နေသလို ဖြစ်နေသည်။

ယဲ့ဖန်က သူဌေးအသစ်လား။

သူက ဖုန်းရှန်းရဲ့ သူဌေးအသစ်တဲ့လား။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

သူက ပိုက်ဆံကို ငွေညစ်ပြီးရှာဖို့ ငါနဲ့ ခုနကတင် တိုင်ပင်နေတာ မဟုတ်ဘူးလား။

အဲ့တာတွေ အားလုံးက အလိမ်အညာတွေလား။

ဒါဆို တစ်လျှောက်လုံး ကျားရှေ့ အစာချမိခဲ့တာလား။

သွားပြီ။

အခု အားလုံးသွားပြီ။

သူသည် အဆုံးမရှိသော ချောက်နက်ကြီးထဲ ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။

အကူအညီတောင်းရန် အားကုန် အော်ဟစ်နေပါသော်လည်း အသံထွက်မလာပေ။

သူ၏ စိတ်တစ်ခုလုံးမှာ ဗလာဖြစ်နေပြီး မည်သို့ တုံ့ပြန်ရမည်ကို မသိဖြစ်နေသည်။

ယဲ့ဖန်သည် သူ့ကို အဓိပ္ပာယ်အပြည့်ဖြင့် ကြည့်နေသည်။

ထို့နောက် လူတိုင်းကို ပြုံးပြကာ လက်ယမ်းပြသည်။

" မင်္ဂလာပါ၊ အားလုံးပဲ။ ကျွန်တော်က ယဲ့ဖန်ပါ "

ယဲ့ဖန်သည် စကားအနည်းငယ်သာ ပြောရသေးသော်လည်း လူအုပ်က အကြီးအကျယ် လက်ခုပ်ထတီးကြပြန်သည်။

ထို့ကြောင့် သူလည်း ရွေးစရာမရှိတော့ဘဲ သူတို့ပြီးသည်ကို စောင့်ရတော့သည်။

လက်ခုပ်သံမှာ တစ်မိနစ်ကျော်လောက် ကြာခဲ့ပြီး တဖြည်းဖြည်း အသံစဲသွားတော့သည်။

ယဲ့ဖန် ဆက်၍ ပြောသည်။

" ဖုန်းရှန်းကုမ္ပဏီက အဆင့်မြင့်ကုမ္ပဏီတစ်ခုပါ။ အဲ့တာကြောင့် ဖုန်းရှန်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ရတဲ့အတွက် အလွန်ပဲ ဂုဏ်ယူရပါတယ် ...... "

လက်ခုပ်သံများမှာ ယခင်ကထက် ပို၍ အားပါလှသည်။

အကြီးအကဲများ၏ လက်များမှာ လက်ခုပ်တီးရာမှ နီရဲနေပြီ ဖြစ်သည်။

လက်ခုပ်သံရပ်သွားသည့်အခါ ယဲ့ဖန်မှ တတိယစကားကို ဆက်ပြောသည်။

" ဒါပေမဲ့ ကုမ္ပဏီတစ်ခုက ဘယ်လောက်ပဲ ကောင်းနေပါစေ ကပ်ပါးကောင်တွေ ရှိတာကို ရှောင်လွှဲလို့မရပါဘူး။ ကျွန်တော့်အနေနဲ့က အကျိုးပြုမယ့်သူတွေကို ဆုလာဘ်တွေ ပေးနိုင်ပေမဲ့ သွေးစုပ်မယ့် ကပ်ပါးကောင်တွေကိုတော့ အညှာအတာမရှိ အမြစ်ဖြတ်မှာပါ "

" ဟာ ...... "

ထိုအချိန်တွင် လက်ခုပ်သံမထွက်လာတော့ဘဲ လေရှိုက်သံသာ ထွက်လာတော့သည်။

ဒီသူဌေးအသစ်က .... တကယ်ကို ပေါ့ပါးပြီး တိကျတာပဲ။

သူထိုင်တာ ဖင်တောင် မပူသေး ..... အယ် ထိုင်တောင် မထိုင်ရသေးဘဲနဲ့ စကားသုံးခွန်းလောက် ပြောပြီးတော့ ဓားကိုင် ခြိမ်းခြောက်နိုင်နေပြီ။

ထိုတခဏတွင် လူတိုင်းသည် ကြောက်ရွံ့မှုကြောင့် တုန်လှုပ်နေပြီး သူဌေးအသစ်၏ ပထမပြစ်မှတ်မှာ မည်သူဖြစ်မည်ကို မသိကြပေ။

ဘုတ်

ထိုအချိန်တွင် လင်းကျယ်သဲ့သည် ထိုင်ခုံပေါ်မှ မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီး သူ့မျက်နှာမှာ ပြာမှုန်လို ဖြူဖျော့နေတော့သည်။

သူ့ဘေးတွင် ထိုင်နေသော အကြီးအကဲနှစ်ဦးသည် သူ့ကို ထူပေးရန် ကူညီလိုက်ကြသည်။

" လင်းလူအိုကြီး၊ အဆင်ပြေရဲ့လား။ ယဲ့လူကြီးမင်းက မင်းအကြောင်းပြောနေတာ မဟုတ်ပါဘူး။ မင်းက ဘာလို့ ကြောက်နေတာလဲ "

" လင်းလူအိုကြီးက မကောင်းမှုတွေ ရှောင်တယ်လေ။ ယဲ့လူကြီးမင်းပြောတဲ့စကားအရ မကောင်းတဲ့သူတွေ ရှိတယ်ဆိုတော့ သူ လန့်ပြီး ခဏ စိတ်လှုပ်ရှားသွားတာ ဖြစ်မယ် "

" ဟုတ်တယ်၊ ဟုတ်တယ်။ လင်းလူအိုကြီးက ဝယ်ယူပေးချေရေးက တာဝန်ရှိတဲ့သူပဲ။ သူက အမြဲတမ်း ရိုးသားပြီး ကြိုးစားတဲ့သူလေ။ ငါတို့မျိုးဆက်ထဲက တကယ် အားကျစံထားရတဲ့သူပဲ "

" လင်းလူအိုကြီးက ငါ့စံပြပဲ ..... "

လင်းကျယ်သဲ့၏ တင်ပါးသည် ပြုတ်ကျ၍ နာနေသည်။

ထို့အပြင် ထိုနှစ်ယောက်၏ စကားများကြောင့် သူသည် အပ်များပေါ်ထိုင်နေရသလို ခံစားလာရသည်။

ယဲ့ဖန်သည် ကြည့်လိုက်ပြီး မဲ့ရွဲ့ကာ ပြုံးလိုက်သော်လည်း ချက်ချင်း ပြဿနာမရှာသေးပေ။

ယဲ့ဖန်၏ စကားလုံး အနည်းငယ်ကပင် ပညာရှင်အကြီးအကဲများအား ထိတ်လန့်သွားစေသည်ကို မြင်ပြီး ဖက်တီးချူးတို့မျိာ အတော်ပင် ထိတ်လန့်ကုန်ကြသည်။

ဒါက တကယ့် အကောင်ကြီးပဲ။

သူတို့ရော ဒီလို ကြီးစိုးနိုင်တဲ့ခွန်အားရဖို့ ဘယ်လောက်စောင့်ရမှာလဲ၊

ဝမ်ယွီထုန်နှင့် အခြားမိန်းကလေးများမှာလည်း ယဲ့ဖန်ကို တောက်ပသော အကြည့်များဖြင့် ကြည့်နေကြသည်။

မိန်းကလေးများသည် အင်အားကြီးသော လူများနှင့် ပတ်သတ်၍ ခုခံနိုင်အား မရှိကြချေ။

ကိန်းခမ်းကြီးသော အရာများကို မြင်ဖူးသည့်ဖုန်းကျင်းရီကဲ့သို့လူပင်လျှင် သူမ၏ နှလုံးသားမှာ ခုန်ပေါက်နေသည်။

ဒါ သူမယောက်ျားပဲ။

အရမ်းကို ကြီးစိုးနိုင်တာပဲ။

ယဲ့ဖန်သည် ခုံတစ်ခုံကို ဆွဲယူပြီး ထိုင်လိုက်သည်။

သူသည် ရှိနေသည့် လူတိုင်းကို ဖြည်းညှင်းစွာ ကြည့်လိုက်သည်။

ထိုအခါ အကြည့်ဆုံမိသည့်လူတိုင်း နဖူးမှခြေဖျားအထိ စိမ့်တက်သွားသလို ခံစားကြရသည်။

" ကျွန်တော်က တကယ်တော့ အရမ်းကို ကြင်နာတတ်တဲ့သူပါ။ လူမျိုးတုန်း အမြစ်ဖြတ်တာတွေ မလုပ်ချင်ပါဘူး "

" ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ခင်ဗျားတို့ကို အခွင့်အရေးတစ်ခုပေးမယ်။ ကိုယ့်ကိစ္စကိုယ် စပြီး ဝန်ခံရင် ဖြစ်ပြီးခဲ့တာတွေကို ဗွေမယူတော့ဘူး "

လူတိုင်းသည် သူ့စကားကို ကြားပြီးနောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ယဲ့ဖန်သည် အမှန်တိုင်းပြောနေသည်လား၊ သူတို့ကို ထောင်ချောက်ဆင်နေသည်လားဆိုတာ မသိနိုင် ဖြစ်နေလေသည်။

မည်သူမှ ထမရပ်သည်ကို ယဲ့ဖန် မြင်သည့်အခါ ပြုံးလိုက်သည်။

" ဘာလဲ။ အကုန်လုံးက သန့်ရှင်းကြတယ်လား။ လူကြီးလူကောင်းတွေကို ဒီလူဆိုးကောင်ကပဲ မှားပြီး စွပ်စွဲမိတာလား "

ယဲ့ဖန်၏ လှောင်ပြောင်မှုကို လူတိုင်းကြားပြီး ခေါင်းကို ငုံ့ထားကြဆဲဖြစ်သည်။

မည်သူကမှ ရှေ့မထွက်လာရဲပေ။

ယဲ့ဖန်၏ အမူအရာမှာ မည်းသည်ထက် မည်းနက်လာသည်။

" ၃မိနစ် အချိန်ပေးမယ်။ ဘယ်သူမှ အမှားကို ဝန်မခံဘူးဆိုရင် ငဲ့ညှာမပေးဘူးဆိုပြီး အပြစ်မတင်ကြနဲ့ "

သူ၏ အသံသည် အမဲဖြတ်တော့မလို ဖြစ်နေ၍ ရှိနေသမျှလူတိုင်း တုန်ရီကုန်ကြသည်။

ထိုအခါ အမှုဆောင်အကြီးကဲတစ်ဦးသည် ချက်ချင်းပင် ဖြည်းညှင်းစွာ ထရပ်လာသည်။

" ကျွန် ..... ကျွန်တော့် တူအတွက် ကုမ္ပဏီထဲမှာ အလုပ်နေရာ စီစဉ်ပေးဖူးပါတယ်။ ယဲ့လူကြီးမင်း အပြစ်ပေးနိုင်ပါတယ် "

ယဲ့ဖန် ထပ်ပြုံးလိုက်သည်။

" ခုနကတည်းက ပြောပြီးသားပါ အပြစ်ကို ဝန်ခံတဲ့သူတိုင်း လွှတ်ပေးမယ်ဆိုတာ "

" ခင်ဗျား စီစဉ်ပေးလိုက်တဲ့သူက အမှားလုပ်မထားရင် သူ့ကို အလုပ်ဖြုတ်စရာ မလိုပါဘူး။ ထပ်ပြီးသာ မလုပ်နဲ့ "

ထိုလူသည် ကျေးဇူးတင်စွာဖြင့် မျက်ရည်များ ကျလာတော့သည်။

" ယဲ့လူကြီးမင်းရဲ့ ကြီးမြတ်တဲ့ စိတ်ထားအတွက် အထူးပဲ ကျေးဇူးတင်ပါတယ် "

ထိုသို့ပြောပြီးနောက် သူသည် ပျော်ရွှင်စွာ ပြန်ထိုင်သွားသည်။

ယဲ့ဖန်မှ ဖြစ်ပြီးသည်များအား လွှတ်ပေးသည်ကို မြင်သောအခါ အခြားသူများမှာလည်း သူတို့ မှားခဲ့သည်များကို စတင် ဝန်ခံကြတော့သည်။

အချို့မှာ သူတို့၏ ဂုဏ်ပုဒ်ကို သုံး၍ သူတို့၏ ဆွေမျိုးများအား မျက်နှာသာပေးကြသည်။

အချို့မှာ သူတို့၏ ဂရုမဲ့မှုကြောင့် ကုမ္ပဏီအတွက် များစွာထိခိုက်စေခဲ့သည်။

အချို့သည် ကုမ္ပဏီမှ ပစ္စည်းများကို အိမ်သို့ ခိုးထုတ်ကြသည်။

ယခင် သူဌေးဖြစ်သူ လီယွမ်မှာ ကြောင်အနေရသည်။

သူသည် ကုမ္ပဏီတွင် ဤမျှများသော ပြဿနာများ ရှိခဲ့သည်ကို ဘယ်တုန်းကမှ မသိခဲ့ပေ။

ယဲ့ဖန်မှ ၃မိနစ်သာ အချိန်ပေးလိုက်သော်လည်း လူများစွာသည် သူတို့၏ အပြစ်ကို ဝန်ခံကြရင်းဖြင့် ၁၀မိနစ်လောက် ကြာသွားရသည်။

သို့သော် လင်းကျယ်သဲ့နှင့် အကြီးအကဲအချို့သည် သေချင်ယောင်ဆောင်ပြီး ထ မရပ်ကြပေ။

အစည်းအဝေးခန်းမသည် တိတ်ဆိတ်နေတော့သည်။

ယဲ့ဖန်မှ စားပွဲခုံအား ခေါက်နေသံကိုသာ ကြားနေရသည်။

ထိုသည်က လူတိုင်းကို ပို၍ ထိတ်လန့်ခြောက်ခြားစေသည်။

" ဘယ်သူကမှ မဝန်ခံတော့ဘူးလား "

ယဲ့ဖန်သည် ဘာမှမဖြစ်သလိုဖြင့် လင်းကျယ်သဲ့ကို ကြည့်လိုက်သည်။

သို့သော် သူ၏ အပြုံးမှာ လူသတ်ငွေ့များ ပြည့်နေသည်။

လင်းကျယ်သဲ့၏ မျက်လုံးများသည် တရစပ် ရွေ့လျားနေသည်။

သူသည် ထရပ်ရန် ကြိုးစားသော်လည်း သတ္တိမရှိပေ။

အကြောင်းမှာ သူ၏ အပြစ်သည် ကြီးမားလွန်းသောကြောင့် ဖြစ်သည်။

သူသည် ငွေသန်းဆယ်ချီ လိမ်လည်ထားရုံမက သူဌေးအသစ်ဖြင့် ကုမ္ပဏီမှ ဝန်ထမ်းများအား မည်သို့ ငွေကစားရမည်ကို ဆွေးနွေးထားသေးသည်။

ထိုကိစ္စသည် အခြားသူများ၏ အမှားထက် များစွာ ပိုဆိုးလေသည်။

ယဲ့ဖန် အေးစက်စွာ ရယ်လိုက်သည်။

" ဘယ်သူကမှ ဝန်ခံဖို့ မရှိတော့ဘူး ဆိုမှတော့ နာမည်တွေ ခေါ်ထုတ်ရတာပေါ့။ ခေါ်ခံလိုက်ရတဲ့သူတွေက ကျွန်တော့်ကို ရက်စက်တယ်လို့ အပြစ်မတင်ဖို့တော့ မျှော်လင့်ပါတယ် "

'ရက်စက်တယ်'ဟူသော စကားထွက်လာသည့်အခါ လင်းကျယ်သဲ့ ချက်ချင်း တုန်သွားကာ အမြန်ထရပ်လိုက်သည်။

" ဝန် .... ဝန်ခံပါ့မယ် "

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၁၂၄ )

ဘယ်လို အပြစ်ပေးရမလဲ၊ ပြောကြည့်။

ကံကောင်းပြီး ကျန်နေခဲ့ဖို့ မျှော်နေကြသူများက လင်းကျယ်သဲ့ကို စိုက်ကြည့်လိုက်ကြသည်။

သို့သော် လင်းကျယ်သဲ့သည် မမြင်သလို ဟန်ဆောင်ပြီး ဆက်၍ အော်ပြောသည်။

" သေ .... သေသင့်တာကို လုပ်မိပါတယ်။ အားလုံးကို ဝန် .... ဝန်ခံပါ့မယ် "

ယဲ့ဖန်သည် သူ့ကို အန္တရာယ်ကင်းသော အပြုံးဖြင့် ပြုံးပြလျက် လှည့်ကြည့်လိုက်သည်။

" အဲ့လိုမှပေါ့။ ပြောပါဦး၊ ဘယ်လိုပြစ်မှုတွေ ကျူးလွန်ထားတာလဲ "

လင်းကျယ်သဲ့ တံတွေးမြိုချလိုက်သည်။

" ကျွန်တည် .... ကျွန်တော် စာချုပ်ကို လိမ်ပြီး ကုမ္ပဏီရဲ့ ငွေချေတာကို သားဖြစ်သူကို ခိုင်းစေပြီး ကုမ္ပဏီအတွက် ငွေသန်းဆယ်ချီ ဆုံးရှုံးစေခဲ့ပါတယ် ...... "

သူသည် သူ ဂျပန်ဘက်ရှိ ငွေချေးရေးဌာနမှ အရာရှိအား မည်သို့ လာဘ်ထိုးကာ ငွေနည်းနည်းဖြင့် ဝယ်ပြီး ဈေးအမြင့်ဖြင့် ပြန်ရောင်းပုံကို ထစ်ငေါ့စွာဖြင့် ရှင်းပြသည်။

သူ အရာအားလုံးကို အသေးစိတ် ပြောပြလေသည်။

အစောပိုင်းက အပြစ်ဝန်ခံခဲ့သော အကြီးတန်းအရာရှိများမှာ ကြောင်အကုန်သည်။

သူတို့၏ အပြစ်များမှာ ကြီးမားလွန်းသည်ဟု ထင်ခဲ့ကြသော်လည်း လင်းကျယ်သဲ့နှင့် ယှဉ်သည့်အခါ သူတို့မှာ ကြာပန်းဖြူလေးများကဲ့သို့ အပြစ်ကင်းစင်နေကြသည်။

ငွေချေးရေးဌာန၏ ခေါင်းဆောင်လေးသည် ငွေသန်းဆယ်ချီကို လိမ်လည်နိုင်သည်။

ယခင်သူဌေးဖြစ်သူ လီယွမ်မှာ မေ့လဲလုနီးပါး ဖြစ်သွားရသည်။

သူသည် ကုမ္ပဏီအား အခြားသူထံ ရောင်းချလိုက်ရသည်မှာ ကမ္ဘာ့ဈေးကွက် ကမောက်ကမ ဖြစ်မှုကြောင့်ဟု မူလက တွေးထင်ခဲ့သည်။

သူသည် ကိုင်တွယ်နိုင်သည်ဟုသာ ခံယူခဲ့သည်။

သို့သော် ယခုအခါ အဓိက အကြောင်းမှာ သူ၏ ညံ့ဖျင်းမှုကြောင့် ဖြစ်နိုင်သည်။

ထို့အပြင် သူဌေးအသစ်၏ ဖော်ထုတ်မှုမှာ သူ၏ မပြည့်စုံမှုကို ဖော်ပြရာ ရောက်နေသည်။

ဖြောင်း၊ ဖြောင်း၊ ဖြောင်း

ထိုအချိန်တွင် ယဲ့ဖန်သည် ရုတ်တရက် လက်ခုပ်စတီးတော့သည်။

ကြည့်လိုက်သည်ဖြင့် ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီကြီးမှာ ဖရိုဖရဲဖြစ်နေတော့သည်။

" အကြီးအကဲလင်းက ဒီလိုတွေ ဝန်ခံမှတော့ သူ့ကို ကယ်နိုင်မယ့် ဆေးရှိလို့ဖြစ်မယ် "

" ဒါပေမဲ့ ခံစားမိသလောက် ခင်ဗျားတစ်ယောက်တည်း မလုပ်နိုင်လောက်ဘူး။ ခင်ဗျားနဲ့ အတူပူးပေါင်းနေတဲ့သူတွေ အများကြီး ရှိလောက်တယ်၊ ဟုတ်တယ်မလား "

" အဲ့လူတွေက ရှေ့ထွက်မလာသေးတော့ ဒီကောင်ကို အရူးလုပ်လို့ရမယ် ထင်နေတာလား "

ယဲ့ဖန်၏ အကြည့်များမှာ ဓားသွားတစ်လက်လို စူးရှနေပြီး သေချင်ယောင်ဆောင်နေသည့် အရာရှိတစ်ချို့ကို ကြည့်လိုက်သည်။

ထိုလူများသည် အချင်းချင်း ကြည့်လိုက်ကြပြီးနောက် တစ်ညီတစ်ညာတည်း ထရပ်လိုက်ကြသည်။

" ကျွန်တော်က တရားရေးရာဌာနက အကြီးအကဲဒါရိုက်တာ ထုံကျန်းပါ။ လင်းကျယ်သဲ့ဆီက အကျိုးအမြတ်ရပြီး စာချုပ်လုပ်ဖို့ ကူညီပေးခဲ့ပါတယ် "

" ငွေပေးချေရေးဌာန လက်ထောက်ဒါရိုက်တာ ရှောင်ဖေးပါ။ ကျွန်တော်က ဂျပန်က ဒါရိုက်တာကို လာဘ်ထိုးဖို့ ကူခဲ့တာပါ "

" ငွေကြေးဌာနက လက်ထောက်အမှုဆောင်ဖြစ်တဲ့ နုဝမ်ချိုက်ပါ။ ကျွန်တော်က သူ့ကို ငွေအကောင့်တုတွေ လုပ်ဖို့ ကူညီခဲ့ ...... "

ထိုလူများသည် သူတို့လုပ်ခဲ့သည်များကို ဝန်ခံနေသော်လည်း သူတို့၏ မျက်နှာပေါ်တွင် အရှက်အကြောက်တရား မရှိကြပေ။

သူတို့လုပ်ခဲ့သည်မှာ ဂုဏ်ယူစရာကိစ္စတစ်ခုကဲ့သို့ပင် မော်ကြွားနေသယောင် ရှိနေသည်။

အခြားအကြီးအကဲများမှာတော့ ယဲ့ဖန်ကို ကြောက်ရွံ့စွာ ကြည့်နေကြသည်။

သူတို့၏ သူဌေးအသစ်သည် ထိုလူများကို မည်သို့ ကိုင်တွယ်မည်အား သူတို့ မသိကြပေ။

" ဝန်ခံတာ ကောင်းပါတယ်။ ပြောပါဦး၊ ဘယ်လို အပြစ်ပေးသင့်လဲဆိုတာကို "

ယဲ့ဖန် မျက်အိမ်ကိုကျဉ်းလျက် ထိုလူများကို ကြည့်လိုက်သည်။

ထိုလူများမှာ ချက်ချင်း ပြုံးလျက် အဆိုပြုသည်။

" ဒါတွေအားလုံးက အတိတ်မှာဆိုတော့ ဒီအတိုင်း မေ့လိုက်တာ ပိုကောင်းမယ်ထင်တယ် "

" ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်။ အခုကစပြီး ပြောင်းလဲဖို့ ဆုံးဖြတ်ထားတယ်။ ပြီးတာတွေ ပြီးပါစေတော့ "

" မင်းပြောတော့ အမှားကို ဝန်ခံသရွေ့ အတိတ်ကို လွှတ်ထားလိုက်မှာဆို။ မင်းက သူဌေးကြီးပဲ။ မင်းစကားကို ပြန်မပြောင်းသင့်ဘူးမလား "

" ဒီနေ့က ပျော်စရာကောင်းတဲ့နေ့ပါ။ ပြဿနာရှာစရာ မလိုပါဘူး။ အားလုံးကို ထမင်းကျွေးရမှာ ဟားဟား ...... "

ထိုလူများသည် ရယ်မောပြီး စကားစမြည်ပင် ပြောနေကြသည်။

သူတို့သည် သူဌေးအသစ် ယဲ့ဖန်ကို သူတို့၏ မျက်လုံးထဲတွင်ပင် ထည့်မထားကြပေ။

အုန်း

ယဲ့ဖန် စားပွဲကို ဆောင့်ရိုက်ချလိုက်သည်။

အထက်တန်းလွှာအားလုံးမှာ ထိုအသံကြောင့် ထိတ်လန့်သွားကြသည်။

" ခင်ဗျားတို့က နောက်နေတာလို့ ထင်နေတာလား "

သူ၏ အမူအရာမှာ အနည်းငယ် အေးစက်နေသဖြင့် လူအားလုံးကို ထိတ်လန့်သွားစေသည်။

အစည်းအဝေးခန်းသည် တိတ်ဆိတ်သွားသည်။

ထိုအချိန်၌ တစ်စုံတစ်ယောက်မှ ရုတ်တရက် ရယ်မောလိုက်သည်။

ငြိမ်သက်နေသော ရေကန်ထဲသို့ ကျောက်တုံးတစ်တုံး ပစ်ချခံလိုက်ရသလို ဖြစ်လေသည်။

ယဲ့ဖန် ခေါင်းကို မော့ပြီး ကြည့်လိုက်သည့်အခါ ရယ်နေတဲ့သူသည် အသက်လေးဆယ်ကျော် အမျိုးသားတစ်ယောက်ဖြစ်သည်ကို မြင်လိုက်ရသည်။

ထိုလူ၏ အမည်မှာ နုဝမ်ချိုက်ဖြစ်ပြီး ဘဏ္ဍာရေးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်ကြောင်း သူ့ကိုယ်သူ မိတ်ဆက်ခဲ့သည်။

" ဘာရယ်တာလဲ "

နုဝမ်ချိုက်သည် သူ့မျက်နှာတွင် ကြောက်ရွံ့မှု တစ်စုံတစ်ရာ မပြခဲ့ပေ။

သူ့မျက်နှာမှာ အပြုံးရှိနေသေးသည်။

" ရယ်ချင်စရာကောင်းလို့ ရယ်တာ "

ယဲ့ဖန် သူ့ကို စိုက်ကြည့်နေသည်။

" ဘာက ရယ်စရာကောင်းနေလို့လဲ "

နုဝမ်ချိုက်သည် ပေါ့ပါးစွာ ပြန်ထိုင်လိုက်သည်။

" ယဲ့လူကြီးမင်း၊ မင်းရဲ့ အခွင့်အာဏာကို အခု ပြသချင်နေတာ ငါ သိပါတယ်။ ဒါပေမယ့် ဒီလောက်ဆို လုံလောက်ပြီ။ အဝေးကြီးသွားနေစရာ မလိုဘူး။ ဒါမှမဟုတ်ရင် မင်းအပူနဲ့မင်း မီးဟပ်သွားလိမ့်မယ် "

ယဲ့ဖန် ရယ်မောလိုက်သည်။

" ခင်ဗျားက ခြိမ်းခြောက်နေတာလား "

နုဝမ်ချိုက် သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။

" ငါတို့က မလုပ်ရဲပါဘူး၊ မလုပ်ရဲပါဘူး။ မင်းက ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီရဲ့ သူဌေးပဲ။ ငါတို့က မင်းကို ဘယ်လိုလုပ် ခြိမ်းခြောက်ရဲမှာလဲ။ ငါက မင်းကို အကြံတစ်ခု ပေးနေတာပါ "

ယဲ့ဖန်သည် ရှေ့သို့ အနည်းငယ် စောင်းလိုက်သည်။

" အိုး၊ ဟုတ်လား။ ဒါဆို ခင်ဗျားမှာ ဘာအကြံဉာဏ်တွေ ရှိလဲ "

နုဝမ်ချိုက်သည် ယဲ့ဖန်၏ ဖိအားကို မခံစားရဘဲ ပွင့်လင်းစွာ ပြောဆိုနေခဲ့သည်။

" ဒီကိစ္စရဲ့ သဘောသဘာဝက အရမ်းဆိုးနေပေမယ့် ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီမှာ ဖြစ်နေတာတွေက မင်း မ၀ယ်ခင်ကတည်းကပဲ။ အဲ့တော့ လူတိုင်းကို ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းခိုင်းပြီး တားမြစ်ရင် လုံလောက်တယ်လို့ ငါ ထင်တယ်။ အဲ့တာကို ဆက်ပြီး ပြဿနာရှာနေစရာ မလိုဘူး။ ငါပြောတာမှန်တယ်၊ ဟုတ်တယ်မလား "

အမှုဆောင်များသည်လည်း ခေါင်းညိတ် သဘောတူကြသည်။

" မှန်တယ်၊ မှန်တယ်၊ အစ်ကိုနု မှန်တယ်။ အဲ့တာတွေက အရင်တုန်းက ဖြစ်ခဲ့တာတွေဆိုတော့ ထည့်တွက်နေစရာ မလိုဘူး "

" ဘယ်ကုမ္ပဏီကမှ အကျင့်ပျက်ခြစားတာ မရှိလို့လဲ။ အဲ့ဒီလစာတစ်ခုတည်းနဲ့ စားဖို့တောင် မလုံလောက်ဘူး "

" ရေက အရမ်းကြည်ရင် ငါး မရှိတော့ဘူး။ ဒီလိုမျိုးက ရှောင်မရဘူးဆိုတော့ မမြင်ချင်ယောင်ဘဲ ဆောင်ရမယ် "

" လူငယ်တွေက စိတ်ကူးယဉ်ဆန်လွန်းတယ်။ လက်တွေ့ကျ ထိန်းမနိုင်သိမ်းမရ ဖြစ်တာပဲလေ "

ထိုလူများ အားလုံးသည် မျက်နှာသာရပြီး လွတ်အောင် ဆင်ခြေပေးနေကြသည်။

ထိုလူများ၏ ထူးဆန်းသော မှတ်ချက်များကို ယဲ့ဖန် ကြားသည့်အခါ ချက်ချင်းပင် ရယ်မောလိုက်သည်။

" အခြားကုမ္ပဏီတွေက ဘယ်လိုမျိုးလဲဆိုတာကို ဂရုမစိုက်ဘူး။ ဒါပေမယ့် ကျုပ်ပိုင်တဲ့ မျက်လုံးထဲကို သဲတွေဝင်အောင်တော့ မလုပ်နိုင်ဘူး။ ကုမ္ပဏီမှာ ပိုးလောက်တွေ ဘာမှ မလိုဘူး "

" ခင်ဗျားတို့လို လူတွေကို လွှတ်ပေးလိုက်ဖို့ ရွေးချယ်ရင် အသိစိတ်ရှိတဲ့ သူတွေအတွက်တော့ မတရားဘူး မဟုတ်လား "

နုဝမ်ချိုက် သူ့မျက်နှာကို တည့်တည့် စိုက်ကြည့်ရင်း လှောင်ရယ်နေခဲ့သည်။

" ဒါဆို ငါ မေးချင်တာက ယဲ့လူကြီးမင်း ဒီကိစ္စကို ဘယ်လိုဖြေရှင်းဖို့ စီစဉ်ထားလဲ "

ယဲ့ဖန် ထိုလူများကို စိုက်ကြည့်ပြီး စကားတစ်ခွန်းမှ မပြောချေ။

" အားလုံးကို သတ်ပစ်ရမှာပေါ့ "

" ဟာ ...... "

လူတိုင်း ရင်ထိတ်သွားကြသည်။

ဒါဆို သူတို့အားလုံးကို ထုတ်ပစ်မှာလား။

ထိုလူများ အားလုံးသည် စစ်မှန်သော စွမ်းအားရှိသည့် အဆင့်မြင့် အရာရှိများ ဖြစ်ကြသည်။

အကယ်၍ သူတို့အားလုံးကို တစ်ကြိမ်တည်းဖြင့် ထုတ်ပယ်လိုက်ပါက ကုမ္ပဏီ၏ လုပ်ငန်းအပေါ် ကြီးမားသော အကျိုးသက်ရောက်မှုရှိမည်မှာ သေချာသည်။

ဒီသူဌေးအသစ်က ရုန်းရင်းဆန်ခတ် ဖြစ်အောင် လုပ်နေတာ မဟုတ်လား။

နုဝမ်ချိုက်သည် ယဲ့ဖန်၏ စကားကြောင့် ထိတ်လန့်ခြင်း မရှိခဲ့ပေ။

ထိုအစား သူ့ကို လှောင်ပြောင်လိုက်သည်။

" မင်းက ငါတို့အားလုံးကို ထုတ်ပစ်ချင်တာ သေချာလား "

ဥက္ကဌဟောင်း လီယွမ်သည် ယဲ့ဖန် ၏ အဝတ်အစားများကို အမြန်ဆွဲလိုက်သည်။

" လူကြီးမင်း၊ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ "

ယဲ့ဖန် သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။

" ခင်ဗျားက သူတို့အတွက် အသနားခံချင်တာလား "

လီယွမ်သည် သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။

" ကျွန်တော်က အသနားခံပေးတာ မဟုတ်ပါဘူး။ ဒါပေမယ့် ... ဒီလူတွေက ကုမ္ပဏီရဲ့ ဝါရင့်တွေပါ။ သူတို့က ကုမ္ပဏီမှာ သြဇာကြီးမားရုံတင်မဟုတ်ဘဲ နောက်ခံတွေလည်း ရှိပါတယ် "

" တကယ် ထုတ်လိုက်ရင် အရှုပ်တွေ အကြီးကြီး ဖြစ်စေမှာပါ "

အထက်လူကြီးများအားလုံးက ခေါင်းညိတ်ကြသည်။

" ဟုတ်တယ်၊ ဒီကိစ္စမှာ ပါတဲ့လူတွေက များလွန်းတယ်။ ယဲ့လူကြီးမင်း၊ မလုပ်ခင် နှစ်ခါလစဉ်းစားရမယ် "

" တကယ်လို့ ရာထူးကြီးတဲ့ အမှုဆောင်တွေ အများကြီးကို တစ်ခါတည်း အလုပ်ထုတ်လိုက်မယ်ဆိုရင် ကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်မှုကို သိသိသာသာ ထိခိုက်စေမှာ သေချာတယ် "

" ဒီလူတွေ အားလုံးက ကုမ္ပဏီရဲ့ အရေးကြီးတဲ့ အရင်းအမြစ်တွေကို ကိုင်ထားကြတာ။ သူတို့ ထွက်သွားရင် ကျွန်တော်တို့ ကုမ္ပဏီက အကြီးအကျယ် ဆုံးရှုံးလိမ့်မယ် "

" နုလူကြီးမင်းက အကောက်ခွန်ဌာနခေါင်းဆောင်တွေနဲ့ ဆက်ဆံရေးကောင်းတယ်လို့ ကြားတယ်။ နုလူကြီးမင်းကို စော်ကားရင် ကျွန်တော်တို့ကုမ္ပဏီက အနာဂတ်မှာ သေချာပေါက် အခက်တွေ့လိမ့်မယ် "

" ကျောက်လူကြီးမင်းရဲ့ ချစ်သူကလည်း သယ်ယူပို့ဆောင်ရေးဌာနရဲ့ ခေါင်းဆောင်ဖြစ်တယ်လို့ ကြားတယ်။ ကျွန်တော်တို့က ကုန်သွယ်ရေးလုပ်ငန်းမှာ ရှိနေတာဆိုတော့ ဒီလိုလူကို စော်ကားလို့မရဘူး ...... "

All Chapters