← Chapters

အခန်း (၁၁၃၇-၁၁၄၀)

Vol. 57 Ch. 1137-1140

အခန်း (၁၁၃၇-၁၁၄၀)

Vol. 57 Ch. 1137-1140

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၁၃၇ )

ဒီဂိမ်းကြီးက ကြောင်နေတာပဲ

ကြီးမြတ်သော ယဲ့လူကြီးမင်းမှာ အောက်ခြေမှစကာ ယွမ်ဘီလီချီတန်သည့် စီးပွားရေးဧကရာဇ်ဖြစ်လာခဲ့တာဖြစ်သည်။

သူ၏ကိုယ်ခံပညာအရည်အချင်းမှာ ကမ္ဘာလုပ်ကြံသတ်ဖြတ်ရေးအဖွဲ့ဖြစ်သည့် စီးရီးယပ် လုပ်ကြံရေးအဖွဲ့ကိုပင် ဖိနှိပ်နိုင်ခဲ့တာဖြစ်သည်။

သူ ရတနာရှာနိုင်ပြီး ဖျားနာမှုတွေကိုကုသနိုင်သည်။

ကားပြိုင်မောင်းနိုင်သလို အသက်ကို စွန့်စားရဲသည်…

သူ့ကို ပြိုင်ပွဲတိုင်းတွင်ဝင်ပြိုင်နိုင်သော ကစားသမားဟုပင် သတ်မှတ်နိုင်သော်လည်း အလားအလာက အလွန်မြင့်နေတယ်တဲ့လား။

ဒါကြီးက ဂိမ်းကိုချို့ယွင်းစေမှာ မဟုတ်ဘူးလား။

မတရားခွန်အားကြီးသည့်လူတစ်ယောက်က သူ့ခွန်အားကိုဖုံးကွယ်ပြီး သူ့ကိုယ်သူ လောင်းကြေးထည့်ထားရင် အဲ့လူက ပိုက်ဆံအများကြီးမရှာနိုင်လောက်ဘူးလား။

သို့သော် ယဲ့ဖန်ဒေါသမှပျော်ရွှင်မှုအဖြစ်သို့ ကူးပြောင်းသွားသည်။

ဒါကဂိမ်းရဲ့ချွတ်ယွင်းမှုဆိုမှတော့ သူ အဲ့တာနဲ့အမြတ်ထုတ်လို့ရသည်။

ထိုသို့တွေးမိသွားပြီး ချက်ချင်းပင် ကောင်တာမှဝန်ထမ်းအား လက်ဝေ့ယမ်း ပြလိုက်သည်။

“ပြိုင်ပွဲဝင် 521 ကို သန်းတစ်ရာလောင်းမယ်”

1 အချိုး 10 ဆိုတော့ သူသာနိုင်သွားရင် လောင်းကြေး တစ်ဘီလီယံရမှာဖြစ်သည်။

ဒီနည်းနဲ့ပိုက်ဆံရှာရတာ အတော်လေးလွယ်ကူသည်။

သို့သော် သူပျော်လို့မဆုံးခင်မှာပဲ ဝန်ထမ်းမှ ရေခဲရေတစ်ပုံးကဲ့သို့ စကားဖြင့်လောင်းချလိုက်လေသည်။

“တောင်းပန်ပါတယ်၊ အများဆုံးလောင်းကြေးက ဆယ်သန်းပါ”

ယဲ့ဖန် မပျော်မရွှင်ဖြစ်သွားရသည်။

“ဘာလို့လဲ”

ဝန်ထမ်းလေးက ရိုးသားစွာ ပြန်ဖြေလာ၏။

“ကျွန်မတို့မတတ်နိုင်လို့ပါ”

သူမပြောသည်မှာလည်း အဓိပ္ပာယ်ရှိသည်ဖြစ်ရာ ယဲ့ဖန် ဆွံ့အသွားရသည်။

“ကောင်းပြီ၊ ဒါဆို ကျွန်တော့်ကို ဆယ်သန်းထည့်ပေးပါ”

ယဲ့ဖန်မှာရွေးချယ်စရာမရှိတော့ပဲ သူ့ကိုယ်သူ ဆယ်သန်းသာလောင်းလိုက်ရတော့သည်။

ငွေပေးချေပြီးသည့်နောက် ဝန်ထမ်းမှ သူ့အား ထီလက်မှတ်လိုအရာတစ်ခုကို ပေးလာ၏။

ယဲ့ဖန် ထိုအရာကိုအိတ်ကပ်ထဲ သာမန်ကာ လျှံကာထိုးထည့်လိုက်ကာ ကျူးရှောင်ကျောင်း၏ အချက်အလက်များကိုကြည့်လိုက်သည်။ သူမ၏အချက်အလက်များကိုမြင်တော့ သူအော်ရယ်မိလုနီးပါးဖြစ်သွားရသည်။

ပြိုင်ပွဲဝင် နံပါတ် : 520

[အရပ် : 172 cm]

[ ကိုယ်အလေးချိန် : 49 kg]

[ အသက် : 22 နှစ်]

[ဆေးမှတ်တမ်း : မွေးရာပါနှလုံးရောဂါ]

[တွက်ချက်မှု : အားနည်းကာ ကျန်းမာရေးမကောင်း၊ ဉာဏ်ရည်နိမ့်ပါး… ]

1 အချိုး 20

မိန်းကလေးများအတွက် အလားအလာမှာ ယောကျာ်းလေးများထက်မြင့်သည်ဖြစ်ရာ ကျူးရှောင်ကျောင်း၏ အလားအလာမှာ အဆနှစ်ဆယ်တောင်မြင့်လေသည်။

ထို့ကြောင့်သူတုံ့ဆိုင်းမနေပဲ သူမအား ဆယ်သန်းလောင်းလိုက်သည်။

ဂိမ်းစည်းမျဉ်းများအရ ကစားသမားများဟာ နှစ်ယောက်တွဲ၍ဆော့နိုင်သည်။ ယဲ့ဖန်သာ ရှိနေလျှင် သူမပြုတ်သွားမှာကို စိုးရိမ်နေစရာ မလိုပေ။

ယဲ့ဖန် လဲလှယ်နိုင်သည့်ကူပွန်နှစ်စောင်ကို ယူလာကာ ကျူးရှောင်ကျောင်းဆီ လာလိုက်သည်။

ကျူးရှောင်ကျောင်းမှာ အရသာရှိသည့် အစားအစာများထံမှ ဆွဲဆောင်မှုများကို တောင့်မခံနိုင်ပေ။ သူမ တစ်နေရာမှ ရေခဲမုန့်တစ်ခုဝယ်လာကာ ဖြေးဖြေးချင်း စားနေလေသည်။

ယဲ့ဖန် သူမထံလျှောက်သွားကာ ရေခဲမုန့်ကို လုယူလိုက်သည်။

ကျူးရှောင်ကျောင်းမှာ ကြက်ပေါက်လေးကို ကာကွယ်နေသည့် ကြက်အမေကြီးလိုပင် ရေခဲမုန့်ကိုကိုင်ကာ အဝေးသို့ခုန်သွားသည်။

“ညစ်ပတ်လိုက်တဲ့ယဲ့ဖန်၊ နင်စားချင်ရင် ကိုယ့်ဘာသာသွားဝယ်လေ။ ဘာလို့ ငါ့ဟာလာလုနေတာလဲ…”

ယဲ့ဖန်ကတော့ ရေခဲမုန့်ကိုပါးစပ်ထဲ ကောက်ထည့်ကာ ဗလုံးဗထွေးပြောလာ၏။

“မင်းကိုယ့်အခြေအနေကိုမသိဘူးလား။ ငါက မင်းအတွက်လုပ်ပေးနေတာ၊ နားလည်လား”

ကျူးရှောင်ကျောင်းမှာ ယဲ့ဖန်ကိုနိုင်အောင် ပြန်မပြောနိုင်တာကြောင့် စကားတစ်ခွန်းမှ မပြောတော့ပဲ နှုတ်ခမ်းစူကာ ဘေး၌ငုတ်တုပ်ထိုင်နေတော့သည်။

ယဲ့ဖန်လည်း သူမကိုအလိုမလိုက်ပေ။ ရေခဲမုန့်စားပြီးနောက် လက်ခုပ်ပင် တီးလိုက်သေးသည်။

“အထဲဝင်ကြည့်ပြီး ပွဲနေရာနဲ့ ရင်းနှီးအောင် လုပ်ကြမယ်လေ”

ကျူးရှောင်ကျောင်းမှာ အင်တင်တင်ဖြစ်နေပါသော်လည်း ယဲ့ဖန်နောက်လိုက်ကာ ရုံထဲသို့ ဝင်လာလိုက်သည်။

ဤနေရာကို ရုံဟုခေါ်ခြင်းမှာ ချီးမွမ်းပြီး ပြောထားတာသာဖြစ်သည်။

အမှန်တော့ အလယ်၌နေရာလွတ် အကျယ်ကြီးရှိနေသည့် ကွင်းပြင်တစ်ခုသာ ဖြစ်သည်။ အထဲ၌ခုံများနေရာအနှံ့ပြန့်ကျဲနေပြီး ကြည့်ရသည်မှာ လောင်းကစားသမား ထိုင်ရန်ဖြစ်လိမ့်မည်။

သို့သော် ဤကဲ့သို့ဂိမ်းမျိုး၌ လောင်းကစား ပါနေသည်မှာ တရားမဝင်ဖြစ်မည်မှာ သိသာသည်။

ထို့ကြောင့် ပေါ်တင်ဖွင့်ထားရန် မဖြစ်နိုင်တာကြောင့် မြို့ဆင်ခြေဖုံး၌ လာလုပ်ရခြင်းဖြစ်မည်။ ကြည့်ရသည်မှာ တစ်ဖြတ်ပြီးလျှင် တစ်နေရာပြောင်းမည့်ပုံ ဖြစ်သည်။

လက်ရှိ၌ ရုံထဲတွင် ပြိုင်ပွဲဝင်အတော်များများ ရောက်နေလေပြီ။

အထူးတပ်ဖွဲ့မှတစ်ယောက်ကဲ့သို့ နာမည်ကျော်ပြိုင်ပွဲဝင်မှာ ပြိုင်ပွဲဝင်များထံမှ ဝန်းရံခံထားရပြီး လူတိုင်းမှာ သူနှင့် အဖွဲ့ဖွဲ့ချင်နေကြသည်။

ဒီလိုအောင်မြင်သည့်ကစားသမားမျိုးနှင့် အဖွဲ့ဖွဲ့နိုင်ခဲ့လျှင် နိုင်နိုင်မည့်အခွင့်အလမ်း ပိုများနိုင်လေသည်။

ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းကဲ့သို့ ‘အားနည်းသူ’ များအနေနှင့်တော့ ဘယ်သူမှ သူတို့ကိုစိတ်မဝင်စားပေ။

အင်၊ တိတိကျကျပြောရလျှင်တော့ ယဲ့ဖန်ပေါ့။

ကျူးရှောင်ကျောင်းဟာတော့ အတော်လေး နာမည်ကြီးလေသည်။

သူမကပိုအားနည်းပုံပေါ်သော်လည်း ရုပ်ရည်ကြည့်ကောင်းသေးသည်။

သူတို့ပြိုင်ပွဲနေရာသို့ဝင်လာသည်နှင့် ယောကျာ်းလေးကစားသမားအများစုမှာ သူတို့ထံဝိုင်းလာကြသည်။

“အလှလေး၊ ကိုယ်နဲ့အဖွဲ့ဖွဲ့မလား။ ဒီအစ်ကိုကြီးက မင်းကို ဖိုင်နယ်ထိ ခေါ်သွားပေးမယ်”

“အလှလေး၊ ကိုယ်နဲ့အဖွဲ့ဖွဲ့မလား။ ကိုယ်က အားကစားနည်းပြနော်။ အားကစားက ကိုယ့်–”

“မင်းကိုယ်နဲ့ဖွဲ့သင့်တာ။ ကိုယ်က အတန်းထဲမှာ ထိပ်တန်းကျောင်းသားနော်။ ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် စာစီစာကုံးမှာ အမှတ်ပြည့်ရခဲ့တာ။”

ကျူးရှောင်ကျောင်းကဲ့သို့ အားနည်းသည့် အလှလေးမှာ သန်မာသည့်အမျိုးသမီးများထက်ပင် နာမည်ကြီးနေတော့သည်။

ယဲ့ဖန်မှာ ဘေးသို့တွန်းပို့ခံလိုက်ရသည်။

သူ့အဘွားက သူ့ကိုမချစ်သလို သူ့ဦးလေးကလည်း သူ့ကိုမချစ်တော့ပေ။

ထိုအချိန်မှာပဲ အငြိမ်းစားယူထားသည့် အထူးတပ်ဖွဲ့ဝင်မှာ သူ့ဘေးရှိလူအုပ်ကို တွန်းကာ လျှောက်လာလေသည်။

ထိုလူမှာ 1.7 မီတာလောက်သာရှိကာ အရပ်သိပ်မရှည်သော်လည်း သူ၏ ကြွက်သားတောင့်ခိုင်သည့်ခန္ဓာကိုယ်ကြောင့် သူ့ဘေး၌ မိန်းကလေးအများစု မရပ်နိုင်အောင် ဖြစ်ရသည်။

လူတိုင်းသူ့အတွက်လမ်းဖယ်ပေးလိုက်ကာ ကျူးရှောင်ကျောင်းထံသွားသည့်လမ်း၌ မပိတ်ဆို့ကြပေ။

“ဟယ်လို၊ အလှလေး။ ကိုယ်က ပြိုင်ပွဲဝင် နံပါတ် 13၊ ကျန်းရှောင်ယန်းပါ။ ကိုယ်နဲ့ အဖွဲ့ဖွဲ့ဖို့ ဖိတ်ခေါ်ပါရစေ”

ထို့နောက် တောက်ပသည့်အပြုံးတစ်ပွင့်ကို ဖော်ပြလာသည်။

ဘေးရှိလူများမှာ အံ့အားသင့်စွာ ပြောကုန်ကြတော့သည်။

“မင်းကလှတယ်ဆိုတိုင်း ဘာမဆိုလုပ်လို့ရရိုးလား။ အဆင့်မြင့်သွားတဲ့ လူတစ်ယောက်တော့ရှိနေပြီဟေ့”

“ဟူး၊ ဒီနတ်ဘုရားက အဲ့လောက်ကြည့်ကောင်းနေမယ်လို့ မထင်ထားဘူး။ ငါက အဲ့မိန်းကလေးထက် ပိုသာတယ်မဟုတ်ဘူးလား။ ဘာလို့ သူက အဲ့တစ်ယောက်ကိုရွေးသွားရတာလဲ”

“ငါတို့လည်းရွေးချယ်စရာမရှိဘူးလေ။ ခွန်အားအရဆိုရင်တော့ သူကအတော်သာတယ်။ သူကအရမ်း သန်မာတဲ့အပြင် အဖြုတ်ခံရမှာကိုလည်း မကြောက်ဘူး။ အဲ့လိုအလှပန်းအိုးကို သူ့အဖွဲ့သားအဖြစ်ရွေးတာ အံ့ဩစရာတော့ မရှိပါဘူးလေ”

“အဲ့အလှလေးက သဘောတူမယ်ထင်လား”

“အဲ့တာကြီးက အဓိပ္ပာယ်မရှိဘူးလေ၊ ဘယ်သူက ဒီလိုအခွင့်ကောင်းမျိုးကို ငြင်းမှာလဲ”

“ဒီမိန်းကလေးရဲ့အလားအလာက အတော်လေးမြင့်လောက်တယ်။ ဂိမ်းမစခင် အမြန်သွားလောင်းရအောင်…”

လူတိုင်း ကျူးရှောင်ကျောင်းအား မနာလိုဖြစ်စွာကြည့်လိုက်သည်။ သူမရဲ့ အင်အားနဲ့သာဆို ပထမအချီမှာထဲက ပြုတ်မှာသေချာသည်။

သို့သော် ယခုဤတစ်ယောက်နှင့် အဖွဲ့ဖွဲ့လိုက်ပြီဆိုမှတော့ အခြေအနေတွေက မတူတော့ပေ။ ဖိုင်နယ်ထိရောက်ပြီး ချန်ပီယံဖြစ်နိုင်ချေရှိသည်။

သူမ သူ့ကိုငြင်းလိမ့်မည်ဟု ဘယ်သူမှထင်မထားပေ။ ငြင်းလိုက်ရင် အရူးနဲ့မတူပေဘူးလား။

သို့သော် ကျူးရှောင်ကျောင်းကတော့ ခေါင်းယမ်းပြလိုက်၏။

“တောင်းပန်ပါတယ်၊ ကျွန်မမှာလူရှိပြီးသားပါ”

ထိုသို့ပြောကာ သူမဘေးရှိယဲ့ဖန်ကို ညွှန်ပြလိုက်သည်။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၁၃၈ )

သူနဲ့သာဆို မင်းချန်ပီယံဖြစ်မှာမဟုတ်ဘူး

ကျူးရှောင်ကျောင်း၏ ငြင်းဆိုမှုကိုကြားတော့ လူတိုင်းကြောင်သွားကာ သူမညွှန်ပြသည့် နေရာကိုကြည့်လိုက်မိကြသည်။

ယဲ့ဖန်လည်းနှုတ်ဆက်လိုက်သည်။

“မင်္ဂလာပါ”

ထိုအဖွဲ့သားဆိုသူကိုမြင်တော့ လူတိုင်း၏ မျက်နှာမှာရှုံ့တွသွားတော့သည်။

“သူ… နောက်နေတာလား။ နတ်ဘုရားရဲ့ တောင်းဆိုချက်ကိုငြင်းပြီး ဒီလို ငနူကောင်ကို ရွေးလိုက်တာလား”

“ဒီကလေးက နတ်ဘုရားနဲ့ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ တစ်ချက်နဲ့တင် ပြားသွားမှာ”

“နည်းနည်းလေးကြည့်ကောင်းတာကလွဲရင် ဘာတွေများထူးခြားနေလို့လဲ။ ငါတော့ ဘာမှမမြင်မိဘူး”

“ဟူး၊ မိန်းမငယ်လေးတွေက အရမ်း ဉာဏ်တိမ်ကြတာပဲ။ ဒီလိုအချိန်မျိုးမှာ ကြည့်ကောင်းတာက ဘာအသုံးဝင်လို့လဲ”

ကျူးရှောင်ကျောင်းဤကဲ့သို့ရူးမိုက်သည့် ဆုံးဖြတ်ချက်ချလိုက်တာကို သူတို့ နားလည်နိုင်သည်။

အငြိမ်းစားစစ်သားဖြစ်သည့် ကျန်းရှောင်ယန်းမှာ အဖြေမရှာနိုင်ခဲ့ပေ။ သူမျက်မှောင်ကြုတ်ကာ ကျူးရှောင်ကျောင်းအား ကြည့်လိုက်သည်။

“အလှလေး၊ မင်းပြန်မစဉ်းစားတော့ဘူးဆိုတာ သေချာလား။ မင်းငါနဲ့အဖွဲ့ဖွဲ့ရင် ချန်ပီယံရနိုင်တယ်နော်”

ကျူးရှောင်ကျောင်းဟာတော့ ခေါင်းမာစွာပင် ခေါင်းယမ်းပြလိုက်သည်။

“မဟုတ်ဘူး၊ သူရှိရင် ရှင်ချန်ပီယံမရနိုင်ဘူး”

ကျန်းရှောင်ယန်းယဲ့ဖန်အား မထီမဲ့မြင်ကြည့်လိုက်သည်။

“သူကလား။ ပထမအချီမှာတင် မပြုတ်ရင်တောင်ကံကောင်း”

ဘေးကလူများလည်း သူ့လိုသာတွေးမိကာ ခေါင်းညိတ်ပြလိုက်ကြသည်။

ကျူးရှောင်ကျောင်းကတော့ မတုန်မလှုပ်ဖြစ်သည်။

“ကျွန်မပြုတ်သွားရင်တောင် သူနဲ့ပဲ အတူပြုတ်ချင်တယ်”

ကျန်းရှောင်ယန်းကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်မိသည်။

“မင်းနောင်တရလိမ့်မယ်”

ထိုသို့ပြောပြီးနောက် လူအုပ်ထဲမှ တွေ့ကရာမိန်းကလေးတစ်ယောက်နှင့် အဖွဲ့ဖွဲ့လိုက်သည်။

ထိုမိန်းကလေးမှာ သူမထံဤသို့ကံကောင်းမှုမျိုးရောက်လာမည်ဟု မထင်ထားတာကြောင့် အလွန်စိတ်လှုပ်ရှားပြီးငိုလေတော့သည်။

ဘေးရှိလူများမှာလည်း ကျူးရှောင်ကျောင်းကို ရန်စရင်း ထိုမိန်းကလေးအား မနာလိုစွာ ကြည့်နေကြသည်။ သူတို့အားလုံး ပွဲကြည့်ဖို့ စောင့်နေကြတာဖြစ်သည်။

တစ်ဖက်တွင်တော့ ကျူးရှောင်ကျောင်းဟာ ဘာမှမပြောပဲပြုံးရုံသာပြုံးနေသည်။ သူမစိတ်ထဲတွင်တော့ ဘယ်အရာက ကောင်းသည်ဆိုတာကိုမသိသော ထိုလူများအတွက်သနားနေမိသည်။ တကယ့်ဘုရင်အစစ်က ဒီမှာဟဲ့။

သိပ်မကြာခင်ပဲ မနက်ဆယ်နာရီထိုးသွားကာ ပြိုင်ပွဲဝင် ထောင်ချီဖြစ်လာလေသည်။

စာရင်းသွင်းကြေးမှာ ယွမ်တစ်ထောင်သာရှိကာ ယွမ်သန်းတစ်ရာတန်ဆုကြေးရ‌နိုင်ချေလည်း ရှိသေးသည်။ ထိုအရာကပင် လူများကို ရူးသွပ်စေနိုင်သည်။

တစ်ချိန်ထဲမှာပဲ လူအများကြီး ထပ်လာနေကြသေးသည်။

သို့သော် ပွဲစီစဉ်သူမှာ ထပ်မစောင့်တော့ပေ။ တစ်ခနကြာတော့ အစီအစဉ်တင်ဆက်သူ တစ်ယောက် ရုံထဲသို့ဝင်လာလေသည်။

“ကောင်းပါပြီဗျာ၊ စာရင်းသွင်းတာကတော့ ပိတ်သွားပါပြီ။ မကြာခင်မှာ ဂိမ်းစ‌ပါတော့မယ်။ ပြိုင်ပွဲဝင်များအားလုံး ကျေးဇူးပြုပြီး အသင့်ပြင်ထားပေးပါ”

ပြိုင်ပွဲဝင်များမှာ အလွန်စိတ်လှုပ်ရှားနေကာ လက်ချင်းပွတ်သပ်လျက် စိန်ခေါ်မှုအတွက် အသင့်ပြင်နေကြသည်။

ပွဲကြည့်ပရိသတ်ထိုင်ခုံ၌လည်း လောင်းထားသည့် လောင်းကစားသမားများနှင့် ပြည့်နေလေသည်။ သူတို့အားလုံး မှန်ပြောင်းလေးတွေကိုင်ထားကာ မြင်းပြိုင်ပွဲကြည့်သကဲ့သို့ကြည့်နေကြသည်။

ပရိသတ်ထိုင်ခုံများဘေး၌ အဆောင်ငယ်လေးတစ်ခု‌ရှိလေသည်။ အနည်းငယ်စုတ်ချာနေသော်လည်း ၎င်းဟာ VIP ခုံတွေဖြစ်သည်။ အနည်းဆုံးတော့ သူတို့အားနေမထိုးတော့ပေ။

ထိုတဲလေးအောက်၌ အသက်ငါးဆယ်ဝန်းကျင်ရှိ လူတစ်ဦးထိုင်နေလေသည်။ ထိုလူဟာ ခြေချိတ်ထိုင်နေရင်း ပတ်ဝန်းကျင်ကို စူးစမ်းနေ၏။

ထိုလူ၏နာမည်မှာ ရှင်းကျီဖင်းဖြစ်ပြီး ပွဲစီစဉ်သူဖြစ်သည်။

“သူဌေး ရှင်း ဒီပြိုင်ပွဲအတွက် လောင်းကစားကြေးက သန်းသုံးရာကျော်နေပါပြီ။ အများဆုံးလောင်းကြတာကတော့ ကျန်းရှောင်ယန်းပါ၊ ယွမ်သန်း 120 ရှိပါတယ်။ နောက်တစ်ယောက်က…”

ထိုလူ့ဘေးရှိအမျိုးသမီးအတွင်းရေးမှူးမှာ သူ့အားပြိုင်ပွဲအခြေအနေကို အသံတိုးတိုးဖြင့်ရှင်းပြနေသည်။

ရှင်းကျီဖင်းလည်း နားထောင်နေရင်း ကျန်းရှောင်ယန်းအား သူ၏မှန်ပြောင်းဖြင့် ကြည့်လိုက်သည်။

သူ့မျက်နှာထက်၌ လှောင်ပြုံးတစ်ခုပေါ်ပေါက်လာ၏။

“သူက နာမည်အကြီးဆုံးဆိုမှတော့ သူ မတော်တဲ့ ဂိမ်းကနေစကြတာပေါ့”

အတွင်းရေးမှူးလည်း အမြန်ပင်ချမှတ်လိုက်သည်။ ထို့နောက် ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့ကို ညွှန်ပြလိုက်သည်။

“အဲ့နှစ်ယောက်ကလည်း နည်းနည်းထူးခြားပါတယ်။ သူတို့ကို လောင်းထားတဲ့လောင်းကြေးက သိပ်မများပေမဲ့ အလားအလာကတော့ တော်တော်မြင့်တယ်။ သူတို့သာနိုင်သွားရင် ကျွန်မတို့ ယွမ်သန်းလေးရာကျော် ပေးရမှာပါ…”

ရှင်းကျီဖင်းသူမအား စိုက်ကြည့်လိုက်သည်။

“ဒါတို သူတို့နှစ်ယောက်မနိုင်မည့်နည်းကို စဉ်းစားလေ။ ငါကအဲ့တာတွေထိ လိုက်သင်ပေးနေရမှာလား”

အတွင်းရေးမှူးလည်း အမြန်ပင် ခေါင်းညိတ်ပြလိုက်ရသည်။

“ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ…”

ရှင်းကျီဖင်းပြိုင်ပွဲနေရာထံ အကြည့်ပြန်လွှဲလိုက်သည်။

“ချန်ပီယံဆုကို ငါတို့လူတွေပဲရမှဖြစ်မယ်။ တခြားသူလက်ထဲရောက်သွားလို့ မဖြစ်ဘူး”

အမှန်တော့ ပြိုင်ပွဲဝင်အများစုမှာ သူစီစဉ်ထားတာဖြစ်သည်။

အဆုံးမှာ ချန်ပီယံဆုက သူ့လက်ထဲကိုသာ ရောက်လာရမည်။ ကျန်တဲ့သူတွေက သူ့ကို အဖော်ပြုပေးဖို့သက်သက်သာ ဒီကိုရောက်နေကြတာဖြစ်သည်။

ပြိုင်ပွဲတစ်ခုနဲ့တင် သန်းသုံးရာကနေ လေးရာလောက်ထိ အသာလေးရှာနိုင်သည်။ အဲ့တာအပြင် ဤအရာမှာ ရင်းနှီးငွေမလိုသည့်စီးပွားရေးဖြစ်သည်။ ဒါထက် အမြတ်ရနိုင်တာရှိပါဦးမလား။

“သူဌေး ရှင်း ကတကယ် စီးပွားရေးလုပ်တာတော်တာပဲ။ ကျွန်မတော့ တကယ်လေးစားမိပါတယ်”

အတွင်းရေးမှူးလေးလည်း သူ့ကို ချက်ချင်းမြှောက်ပင့်လိုက်သည်။

ရှင်းကျီဖင်းမှာပိုလို့ပင် ကျေနပ်သွားရသည်။

“ကောင်းပြီ၊ သွားစီစဉ်လိုက်တော့။ သေချာပြီးပြည့်စုံအောင်လုပ်နော်”

အတွင်းရေးမှူးလည်း ချက်ချင်း ထွက်လာလိုက်သည်။

နေလုံးမှာ ကောင်းကင်ယံ၌အတော်လေး မြင့်နေပြီဖြစ်ကာ မြေပြင်ရှိအပူချိန်ဟာလည်း အ‌မြန်ပင်မြင့်တက်လာလေသည်။ ရုံထဲရှိ ပြိုင်ပွဲဝင်များနှင့် ပရိသတ်များမှာ ညည်းတွားလာကြတော့သည်။

ကံကောင်းစွာနှင့် နောက်ဆုံး၌ အစီစဉ်တင်ဆက်သူဟာ ပွဲစတင်ပြီဖြစ်ကြောင်း ကြေညာလာလေသည်။

“ကျွန်တော်တို့ရဲ့ပြိုင်ပွဲကို အဆင့်ငါးဆင့် ခွဲထားပါတယ်။ တစ်ဆင့်စီတိုင်းမှာ ပြိုင်ပွဲဝင်တွေအဖြုတ်ခံရပါလိမ့်မယ်။ ဂိမ်းငါးခုလုံးကိုအောင်မြင်ပြီး နောက်ဆုံးထိ ရောက်တဲ့သူသာ ဒီနေ့ရဲ့ အထူးဆုကြီးကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်…”

ထို့နောက် ပြိုင်ပွဲစည်းမျဉ်းများကို ပထမဆုံး ကြေညာလာ၏။

“ပြိုင်ပွဲရဲ့ပထမအချီကတော့ … လက်ကိုင်ပုဝါပစ်ခြင်းပါ”

“လူတစ်ရာစီကို အဖွဲ့တွေခွဲလိုက်ပါမယ်။ အချိန်ကတော့နှစ်နာရီကြာပါမယ်။ ဂိမ်းဆုံးတဲ့ထိ ပြိုင်ပွဲဧရိယာမှာ ကျန်တဲ့သူက အနိုင်ရပြီး နောက်တစ်ချီကို သွားခွင့်ရပါမယ်…”

ကစားသမားများမှာ ဤဂိမ်းက အလွန်ကလေးဆန်သည်ဟု ခံစားမိသော်လည်း သူတို့အနေနှင့် အသေးစိတ်အချက်အလက်များကို လွတ်သွားမည်စိုး၍ ဂရုတစိုက်နားထောင်နေကြသည်။

အကျဉ်းချုပ်ဆိုရလျှင် ဂိမ်း၏စည်းမျဉ်းများမှာ သူတို့ငယ်ငယ်က ဆော့ခဲ့ဖူးသည့် လက်ကိုင်ပုဝါပစ်သည့် ကစားနည်းနှင့်ဆင်တူသည်။ သို့သော် လူအရေအတွက်တော့ ပိုများသည်။

လူတစ်ရာဟာ စက်ဝိုင်းထဲ၌ ထိုင်နေရမည်ဖြစ်ပြီး ဘယ်သူအရင် လက်ကိုင်ပုဝါကို ပစ်ရမလဲဆိုသည်ကို မဲနှိုက်ရမည်ဖြစ်သည်။ လက်ကိုင်ပုဝါကို ကောက်ရသည့်လူက စက်ဝိုင်းအတွင်းရှိ အခြားတစ်ယောက်ထံ လက်ကိုင်ပုဝါကို ပြန်ပစ်ပေးရမည်ဖြစ်သည်။

မဖမ်းမိလျှင် အထုတ်ခံရမည်ဖြစ်သည်။

၎င်းမှာရိုးရှင်းဟန်ပေါ်သော်လည်း လူတစ်ရာကျော်ထိုင်နေသည့် စက်ဝိုင်းထဲ၌ အကျယ်အဝန်းဟာ မီတာတစ်ရာခန့်ရှိသည်။

လေ့ကျင့်ခန်းလုပ်လေ့မရှိသည့်လူဆိုလျှင် မီတာတစ်ရာပြေးရတာဟာ အတော်လေး ခက်ခဲသည်။

အထူးသဖြင့် ဂိမ်းစည်းမျဉ်းကို နားထောင်လိုက်သည့် အမျိုးသမီး အတော်များများမှာ မျက်နှာအမူအရာများ ပြောင်းလဲကုန်ကြသည်။

ဤဂိမ်းက အမျိုးသမီးများအတွက်တော့ အနည်းငယ်မတရားပေ။ သူတို့တွေဟာ ‘သားကောင်’ တွေဖြစ်လာနိုင်သည်။

သို့သော် တင်ဆက်သူဟာ ဆန္ဒပြခွင့်မပေးပေ။ စည်းမျဉ်းများကို ကြေညာပြီးသည်နှင့် ကြေညာလာ‌လေသည်။

“ဒါဆို အခုကစပြီး ဂိမ်းစတင်ပါပြီ”

ထို့နောက်ချက်ချင်းဆိုသလို ဝန်ထမ်းတစ်ယောက်ရောက်လာကာ ပြိုင်ပွဲဝင်များကို အဖွဲ့ခွဲပေးလာသည်။

ကျူးရှောင်ကျောင်းမှာ ကြောက်လွန်း၍ မျက်နှာပင်ဖြူဖျော့လာသည်။ သူမ ယဲ့ဖန်ကိုကြည့်လိုက်သည်။

“ငါတို့အခုဘယ်လိုလုပ်ကြမလဲ”

မိန်းကလေးတစ်ယောက်အနေနှင့် ကျူးရှောင်ကျောင်း၏ကိုယ်ခံအားမှာ ယောကျာ်းလေးများလောက် မကောင်းပေ။ ထပ်ပေါင်းပြောရလျှင် သူမငယ်ငယ်ကတည်းက အားနည်းကာ ဖျားနာလွယ်သည်။ မိန်းကလေးများကြား၌ သူမကအားနည်းသည်ဟု ပြောရမည်။

သူမအတွက် ဤဂိမ်းဟာ ငရဲနှင့်မခြားပေ။

ယဲ့ဖန်မှာသူမစကားကြောင့် ရယ်မိသွားသည်။

“မင်းကဘာတုန်း၊ ဒီကိုမင်းပဲ ကစားဖို့ခေါ်လာတာမဟုတ်ဘူးလား။ အခုမှကြောက်နေပြီလား”

ကျူးရှောင်ကျောင်းမှာ မျက်ရည်ကျလုနီးပါးဖြစ်နေသည်။

“ငါဘာလုပ်ရမလဲ။ အမြန်တစ်ခုခုကြံပါဦး။ ပထမအချီမှာတင် မပြုတ်ချင်ဘူး”

ယဲ့ဖန် သူမကို ဆက်မစနိုင်တော့ပေ။

“စိတ်မပူပါနဲ့၊ ငါရှိနေသရွေ့ မင်းအဖြုတ်မခံရပါဘူး”

ကျူးရှောင်ကျောင်းမှာ ချက်ချင်း သိချင်စိတ်ပြင်းပြသွားရသည်။

“ရှင်ဘာတွေတွေးနေတာလဲ”

“အခုတော့မသိချင်သေးနဲ့ဦး”

ယဲ့ဖန် လျှို့ဝှက်စွာပြောလိုက်သည်။

“ကျစ်၊ ထားလိုက်တော့”

ကျူးရှောင်ကျောင်းချက်ချင်းမျက်လုံးလှိမ့်လိုက်မိသည်။ သို့သော် သူ့ကတိကြောင့် သူမစိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၁၃၉ )

မင်းကတကယ် ငနုလေးပဲ

ဤတစ်ကြိမ်၌ ဝန်ထမ်းတစ်ယောက်ဟာ ယဲ့ဖန်နှင့်ကျန်သူများကို အဖွဲ့ခွဲပေးဖို့ရောက်လာသည်။

ယဲ့ဖန်၏အဖွဲ့ထဲ၌ ယောကျာ်းလေးရော မိန်းကလေးကစားသမားများပါ ရောနှောနေသည်။ မိန်းကလေးကစားသမားများ ပိုနည်း၏။

လူတိုင်းက အရင်မဲနှိုက်ချင်ကြသည်။ အဆုံး၌ မိန်းကလေးတစ်ယောက်ဟာ လက်ကိုင်ပုဝါကိုအရင်ပစ်ရန် မဲနှိုက်လိုက်မိသည်။ သူမမျက်နှာ၌ ပျော်ရွှင်မှုရှိမနေပေ။

မဲနှိုက်ပြီးသည့်နောက် လူတစ်ရာဟာ လက်တွဲလိုက်ကြရင်း စက်ဝိုင်းပုံဝိုင်းကာ မြေပြင်ပေါ်၌ထိုင်လိုက်ကြသည်။

ကျူးရှောင်ကျောင်းစက်ဝိုင်းကိုစူးစမ်းလိုက်သည်။ ထိုစက်ဝိုင်းဟာ အနည်းဆုံးမီတာနှစ်ရာခန့် ရှည်လျားပြီး သူမ တစ်ပတ်လောက်ပတ်ပြေးလျှင်ပင် အသက်တစ်ဝက်တိုသွားနိုင်သည်။

ဒီဂိမ်းကိုဝင်ဆော့မိတာကိုပင် သူမနောင်တရချင်လာပြီဖြစ်၏။

“အသင့်ပြင်၊ စတော့”

လူတိုင်းအဆင်သင့်ဖြစ်သွားချိန်၌ အစီစဉ်တင်ဆက်သူဟာ ဝီစီမှုတ်၍ ပြိုင်ပွဲစတင်ကြောင်းကြေညာလိုက်သည်။

ယဲ့ဖန်၏အဖွဲ့ထဲမှမိန်းကလေးဟာ အဖွဲ့၏အနောက်ဘက်သို့လျှောက်လာလေသည်။ သူမလူတစ်ယောက်ကိုကျော်သွားတိုင်း ထိုလူ၏အမူအရာမှာ စိတ်လှုပ်ရှားဟန် ဖြစ်သွားသည်။

သို့သော် ထိုမိန်းကလေးဟာလည်း တုံ့ဆိုင်းမနေပေ။ သူမလက်ကိုင်ပုဝါကိုပစ်ဖို့ အကြိမ်အနည်းငယ်ကြိုးစားခဲ့ပေမဲ့ အဆုံး၌ သူမလက်ထဲပဲပြန်ရောက်လာလေသည်။

သုံးမိနစ် လေးမိနစ်ခန့်ကြာတော့ ဒိုင်လူကြီးတစ်ယောက်ပြေးလာကာ သတိပေးလာ၏။

“ငါးမိနစ်အတွင်း လက်ကိုင်ပုဝါကိုမပစ်ဘူးဆိုရင် မင်းအလိုလျောက်အဖြုတ်ခံရလိမ့်မယ်”

ဤအချိန်ကန့်သတ်ခြင်းဟာ ကစားသမားများ အချိန်ဆွဲနေမည်ကို ကန့်သတ်ရန်ဆိုသည်မှာထင်ရှားလေသည်။

လက်ကိုင်ပုဝါပစ်ဖို့အချိန်ကန့်သတ်ချက် မထားထားပါက လူတစ်ယောက်က လက်ကိုင်ပုဝါကို နှစ်နာရီလောက်ကိုင်ထားပြီး ဘယ်သူမှအဖြုတ်ခံရမှာမဟုတ်တော့ပေ။

ထိုမိန်းကလေးမှာ သတိပေးခံရပြီးနောက် ပိုလို့ပင်စိတ်လှုပ်ရှားလာလေသည်။ နောက်ဆုံးအချိန်ကျမှ လက်ကိုင်ပုဝါကို အပြာရောင်လက်ပြတ်အင်္ကျီဝတ်ထားသည့် မိန်းကလေးတစ်ဦးထံပစ်ပေးလိုက်သည်။

ထိုမိန်းကလေး ချက်ချင်းမတုံ့ပြန်နိုင်သည်မှာ သိသာနေသည်။ လက်ကိုင်ပုဝါပစ်လိုက်သည့် ကောင်မလေး အကွာအဝေးတစ်ခုသို့ ရောက်သွားမှသာ သူမနောက်မှာ လက်ကိုင်ပုဝါရှိနေမှန်းသိတော့သည်။ ထို့ကြောင့် သူမအမြန်လက်ကိုင်ပုဝါကိုကောက်ကာ ပြေးလိုက်တော့သည်။

အပြာရောင်လက်ပြတ်အင်္ကျီနှင့် မိန်းကလေးမှာ လေ့ကျင့်ခန်းလုပ်မှန်း သိသာလေသည်။ သူမ၏အမြန်နှုန်းမှာ သူမရှေ့မှမိန်းကလေးထက် ပိုမြန်လေသည်။ သူတို့နှစ်ဦးကြားရှိအကွာအဝေးမှာ ပိုလို့ပင် နီးကပ်လာသည်။

“အား၊ ကယ်ကြပါဦး…”

ရှေ့မှပြေးနေသောမိန်းကလေးမှာ ရုတ်တရက်အော်ဟစ်လာ၏။

နဂိုကမှသူမပြေးသည်မှာ နှေးသည်ဖြစ်ရာ ယခုပါးစပ်ဟလိုက်တာကြောင့် အသက်မရှူနိုင်ဖြစ်သွားရပြီး အမြန်နှုန်းသည်လည်း သိသိသာသာလျော့ကျသွားလေသည်။

အပြာရောင်အင်္ကျီနှင့်မိန်းကလေးမှာ အရှိန်ပိုမြှင့်လိုက်ကာ ခြေလှမ်းကြီးကြီး နှစ်လှမ်းလှမ်းပြီးနောက် ထိုမိန်းကလေး၏ အင်္ကျီကိုဖမ်းမိသွားသည်။

“အား…”

ထိုမိန်းကလေးမှာအဖမ်းခံလိုက်ရသည်နှင့် မြေပြင်ပေါ်ထိုင်ချကာငိုလေတော့သည်။

ထို့နောက်ချက်ချင်းဆိုသလို ဒိုင်လူကြီးတစ်ယောက်ရောက်လာကာ အနီကတ်ပြပြီး သူမကိုဆွဲထုတ်သွားတော့သည်။

အဖြုတ်ခံရသူများမှာ သဘာဝအလျောက် ယွမ်သန်းတစ်ရာဆုကြေးကို ဆုံးရှုံးရပြီဖြစ်တာကြောင့် ငိုကြသည်။

အနိုင်ရသွားသည့်မိန်းကလေးမှာလည်း မပျော်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ပြိုင်ပွဲမှာအခုထိမပြီးသေးတာကြောင့်ဖြစ်သည်။

ဤတစ်ကြိမ်တွင် သူမလက်ကိုင်ပုဝါပစ်ရမည့်အလှည့်ဖြစ်သည်။

သူမရှေ့မှမိန်းကလေးကဲ့သို့ပင် အချိန်အတော်ကြာပတ်လျှောက်နေပြီးနောက် အနီရောင်နှင့်မိန်းကလေးနောက်၌ လက်ကိုင်ပုဝါကိုချလိုက်သည်။

နောက်ပိုင်းပြိုင်ပွဲတွေမှာ အမျိုးသမီးကစားသမားများကြားမှ ပြိုင်ပွဲဟုပင်ဆိုရပေမည်။

ယောကျာ်းလေးကစားသမားများနောက်၌ လက်ကိုင်ပုဝါချတာဟာ သူတို့ကိုယ်သူတို့ သေကြောင်းကြံသလိုဖြစ်မယ်မှန်း သိကြတာကြောင့်ပင်ဖြစ်သည်။

မိန်းကလေးကစားသမားများနောက်၌ ချလျှင်တော့ အနိုင်ရနိုင်ချေရှိသေးသည်။

ထိုအချက်ကြောင့်ပင် ပြိုင်ပွဲ၏နာရီဝက်ခန့်အကြာ၌ မိန်းကလေးကစားသမား ဆယ်ယောက်နှင့်အထက် အဖြုတ်ခံလိုက်ရပြီဖြစ်ပြီး ယောကျာ်းလေး ကစားသမားများထဲမှ အဖြုတ်ခံရသူမရှိသေးပေ။

အခြားအသင်း၏အခြေအနေမှာလည်း ထိုကဲ့သို့ပင်ဖြစ်သည်။

ဤပြိုင်ပွဲမျိုးက ရိုးရှင်းပေမယ့် Law of Jungleအား အနည်းငယ်သတိရစေသည်။

သန်မာတဲ့သူတွေဟာတော့ ရှင်သန်နိုင်မည်ဖြစ်ပြီး အားနည်းသူများကတော့ အမဲလိုက်ခံရလိမ့်မည်။

တစ်နာရီ‌ကြာပြီးနောက် ပြိုင်ပွဲကွင်းထဲရှိ အမျိုးသမီးကစားသမားအတော်များများ မရှိတော့ပေ။ အနည်းငယ်သာ ကျန်ရှိတော့သည်။

ယဲ့ဖန်၏အသင့်၌ ကျူးရှောင်ကျောင်းနှင့် ပိုနီတေးစည်းထားသည့် မိန်းကလေးတို့သာ ကျန်တော့သည်။

ထိုအချိန်၌ ပိုနီတေးနှင့်မိန်းကလေး လက်ကိုင်ပုဝါပစ်ရမည့်အလှည့်ဖြစ်ရာ သူမဘယ်သူ့ကိုပစ်မည်ဆိုသည်မှာ သိသာနေသည်။

ကျူးရှောင်ကျောင်းချက်ချင်း စိတ်လှုပ်ရှားလာရသည်။

သို့သော် လူတိုင်းအံ့ဩသွားရသည်မှာ ထိုမိန်းကလေးဟာ သူမကိုလက်ကိုင်ပုဝါ မပစ်ပဲ ယောကျာ်းလေးကစားသမားတစ်ဦးကို ပစ်လိုက်ခြင်းဖြစ်သည်။

ထိုယောကျာ်းလေးကစားသမားမှာ အနှီမိန်းကလေးသူ့ထံ လက်ကိုင်ပုဝါပစ်လာမည်ဟု စဉ်းပင်မစဉ်းစားဖူးချေ။

ထိုမိန်းကလေးစက်ဝိုင်းတစ်ဝက်လောက်ထိ ပြေးပြီးကာမှ သူ့ဘေးနားရှိလူများ ကျိတ်ရယ်နေသည်ကို သတိထားမိသွားသည်။ ထိုအခါမှ လက်ကိုင်ပုဝါကိုအမြန်ကောက်ကာ သူမနောက်ပြေးလိုက်တော့သည်။

ဤအခိုက်အတန့်တွင် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကွာခြားချက်ကို ဖော်ပြနေသည်။ ထိုမိန်းကလေးမှာ စက်ဝိုင်းတစ်ဝက်လောက်ပြေးထားပါသော်လည်း ယောကျာ်းလေးကစားသမားထံမှ အဖမ်းခံလိုက်ရသည်။

ထိုမိန်းကလေးပြုတ်သွားချိန်၌ ကျူးရှောင်ကျောင်းကို အော်ခဲ့ဖို့မမေ့ချေ။

“နင်ဆက်ရှင်သန်ရမယ်နော်။ နင်က မိန်းကလေးပြိုင်ပွဲဝင်တွေရဲ့ မျှော်လင့်ချက်ပဲ”

ကျူးရှောင်ကျောင်းမှာ အလွန်ထိရှသွားကာ ငိုမိလုနီးပါးဖြစ်သွားရသည်။ ထို့ကြောင့် သူမ ယောကျာ်းလေးကစားသမားထံ လက်ကိုင်ပုဝါပစ်ခဲ့တာဖြစ်ရမည်။

ဘေး၌ထိုင်နေသောယဲ့ဖန်မှာ မထိန်းနိုင်ပဲ ခေါင်းကုတ်မိသွားသည်။ ဒါကဂိမ်းလေးတစ်ခုပဲမဟုတ်ဘူးလား။ ဘာတွေအဲ့လောက်သူရဲကောင်းဆန်နေရတာလဲ။

ဤတစ်ကြိမ်တွင်တော့ ယောကျာ်းလေးဖြစ်သူ၏ လက်ကိုင်ပုဝါပစ်ရမည့်အလှည့်ဖြစ်သည်။ သူပတ်ကြည့်နေပြီးနောက် တစ်ဦးတည်းသောမိန်းကလေးဖြစ်သူ ကျူးရှောင်ကျောင်းထံမျက်စိကျသွားသည်။ ကျူးရှောင်ကျောင်းမှာ သက်ပြင်းသာချလိုက်မိသည်။ ဖြစ်ရမယ့်အရာက နောက်ဆုံးမှာ ဖြစ်လာတာပါပဲ။

ဤတစ်ကြိမ်တွင်တော့ သံသယမရှိစွာပဲ လက်ကိုင်ပုဝါကိုသူမနောက်သို့ပစ်လိုက်လေသည်။

ထိုမြင်ကွင်းကြောင့် ချက်ချင်းဆိုသလို လူတိုင်းသူ၏သူရဲဘောကြောင်သော လုပ်ရပ်ကို ပြစ်တင်ဝေဖန်ကြတော့သည်။

သို့သော်ယဲ့ဖန်ဟာတော့ အကယ်၍ သူရွေးချယ်ရမယ်ဆိုလျှင်လည်း ထိုသို့သော ရွေးချယ်မှုမျိုးကိုပဲ လုပ်ကြမှာဖြစ်သည်။

မိန်းကလေးကစားသမားကိုရွေးတာက အလုံခြုံဆုံးနည်းပဲလေ။

ကျူးရှောင်ကျောင်းမှာ ပြင်ဆင်ထားပြီးဖြစ်လေသည်။ ယောကျာ်းလေးကစားသမား သူမနောက်သို့ လက်ကိုင်ပုဝါပစ်လိုက်သည်နှင့် သူမချက်ချင်းဖမ်းလိုက်ကာ သူ့နောက်ပြေးလိုက်တော့သည်။

သူမ အမြန်တုံ့ပြန်လိုက်တာဖြစ်သော်လည်း ခွန်အားကွာခြားမှုမှာ အလွန်ကြီးလေသည်။ သူမရှေ့က ကစားသမားနှင့် တဖြည်းဖြည်း ပိုလို့ပင်ဝေးသွားရကာ သိပ်မကြာခင်မှာပဲ ထိုလူနှင့် ပြေးလမ်းတစ်ပတ်စာလောက် ဝေးသွားပြီး လိုက်မှီရန်မဖြစ်နိုင်တော့ပေ။

လူတိုင်းထိုမြင်ကွင်းကိုမြင်တော့ ခေါင်းယမ်းကာ သက်ပြင်ချလိုက်မိသည်။

သံသယမရှိစွာပင် ထိုအမျိုးသမီးပြိုင်ပွဲဝင်မှာ အဖြုတ်ခံလိုက်ရတော့သည်။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၁၄၀ )

ဒီကလေးက ပန်းထိုးထားတဲ့ခေါင်းအုံးလေးပါကွာ

လူတိုင်းဖုန်မှုန့်တွေ အတည်တကျဖြစ်သွားပြီဟု တွေးကာ ကျူးရှောင်ကျောင်းပင် မျှော်လင့်ချက်မဲ့သွားရသည်။

ထိုအချိန်တွင် ရုတ်တရက်ဆိုသလို ပြိုင်ကွင်းထဲ၌ ထူးဆန်းသောမြင်ကွင်းတစ်ခု ပေါ်လာ၏။

ထိုယောကျာ်းလေးကစားသမားမှာ ကျူးရှောင်ကျောင်း၏ ယခင်နေရာသို့ ပြန်ရောက်ခါနီးဖြစ်နေလေပြီ ဖြစ်သည်။

သူသာ ထိုနေရာ၌ ထိုင်ချလိုက်လျှင် ကျူးရှောင်ကျောင်းပြုတ်မှာအသေအချာပင်ဖြစ်သည်။

အသိအသာကိုပင် အနိုင်ပွဲမှာ သူ့အတွက်ဖြစ်နေလေပြီ။ ထို့ကြောင့် သူရပ်ကာ ကျူးရှောင်ကျောင်းအား လက်ခေါက်မှုတ်လိုက်သည်။

“အလှလေး၊ မင်းလုပ်နိုင်ပါတယ်…”

အခြားပြိုင်ပွဲဝင်များလည်း စတင်ကာ အော်ဟစ်အားပေးကြတော့သည်။

သူတို့အားလုံးမှာ ထိုအလှလေး သူမကိုယ်သူမ အရှက်ခွဲတာကိုကြည့်ရန် အလွန်စိတ်လှုပ်ရှားနေကြပုံဖြစ်သည်။

ကျူးရှောင်ကျောင်း၏ခြေလှမ်းများမှာ ပိုမိုလေးလံလာပါသော်လည်း သူမ အရှုံးမပေးပေ။

ယောကျာ်းလေးကစားသမားမှာ သူမက နောက်တွင်ငါးမီတာလောက် နောက်ကျကျန်ခဲ့တာကြောင့် ဖြေးဖြေးသာသွားနေလေသည်။

သူတို့နောက်ဆုံးလိုင်းသို့ရောက်ခါနီးနေပြီ ဖြစ်သည်။

၎င်းမှာ ယောကျာ်းလေးကစားသမားဟာ ဓားပေါ်၌လျှောက်နေရသလိုပင်၊ ရုတ်တရက်ဆိုသလို သူအော်ဟစ်ကာ မြေပေါ်လဲကျသွားလေသည်။ ထို့နောက် သူ၏ညာဘက်ခြေထောက်ကိုကိုင်ကာ အော်ဟစ်နေလေသည်။

ပရိသတ်များမှာလည်း အံ့အားသင့်သွားရသည်။ နောက်ဆုံးအချိန်ကျမှ အရာရာပြောင်းလဲသွားလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။

ကျူးရှောင်ကျောင်းမှာ လက်လျှော့ထားပြီးသားဖြစ်သော်လည်း ထိုအဖြစ်ကိုမြင်တော့ သူမအလွန်ပျော်ကာ အရှိန်မြှင့်လိုက်သည်။

ယောကျာ်းလေးကစားသမားမှာ ပြန်ထရန် ကြိုးပမ်းနေခဲ့ပေမယ့် သူ၏ညာခြေထောက်မှာ ဆုတ်ဖြဲခံနေရသလို နာကျင်နေ၏။

သူလုံးဝပြန်မထနိုင်ပေ။

အဆုံး၌ ကျူးရှောင်ကျောင်းသူ့ကို အောင်မြင်စွာဖမ်းလိုက်နိုင်သည်။

ထို့နောက် ဒိုင်လူကြီးတစ်ယောက်ရောက်လာကာ အနီကတ်ပြလိုက်သည်။

ယောကျာ်းလေး ကစားသမားအဖြုတ်ခံလိုက်ရပြီဖြစ်သည်။

ဤတစ်ကြိမ်တွင်တော့ မြင်ကွင်းမှာ ချက်ချင်းဆိုသလို အုတ်အော်သောင်းနင်း ဖြစ်သွားလေသည်။

“လခွမ်း! အဲ့ကောင် တကယ်ပဲ မိန်းကလေးတစ်ယောက်ဖြုတ်တာကို ခံလိုက်ရတာလား။ အဲ့တာကြီးက ရှက်စရာမကောင်းလွန်းဘူးလား”

“တခြားအသင်းတွေကိုတော့မသိပေမဲ့ ဒါက ပထမဆုံးအကြိမ်ပဲ။ မိန်းကလေးတစ်ယောက်က တကယ်ကြီး ယောကျာ်းလေးတစ်ယောက်ကို ဖြုတ်လိုက်နိုင်တယ်”

“ငါ့အထင်တော့ ပြိုင်ပွဲအားလုံးမှာ ဒီလိုအဖြစ်က ပထမဆုံးပဲထင်တယ်၊ ဟုတ်တယ်မလား။ မင်းအပြစ်တင်ချင်ရင်တောင် အဲ့ကလေး စောက်ရမ်းထောင်လွှားနေတာကိုပဲ အပြစ်တင်လိုက်”

“ဟီးဟီး၊ ဒါကြီးက ယုန်နဲ့လိပ် တကယ့်ဖြစ်ရပ်မှန်နဲ့တူမနေဘူးလား။ ဒီလိုဆိုမှတော့ သန်မာချင်ယောင်ဆောင်နေတာက မိုးကြိုးပစ်ခံလိုက်ရသလိုပဲ”

“ငါကတော့ အဲ့တာကသဘောထားနဲ့ မဆိုင်ဘူးထင်တယ်။ သူနောက်ဆုံးလိုင်းကိုတောင် ရောက်တော့မှာပဲလေ။ ဘာကိုခလုတ်တိုက်သွားလို့လဲတော့မသိဘူး။ မဟုတ်ရင် သူရှုံးမှာမဟုတ်ဘူး”

“အဲ့တာက သူသန်မာချင်ယောင်ဆောင်နေလို့ပဲမဟုတ်ဘား။ သူသာအဲ့လိုဟန်ဆောင်မနေရင် အစောထဲကနိုင်နေလောက်ပြီ”

လူတိုင်းရလဒ်နှင့်ပက်သက်၍ ဆွေးနွေးနေခဲ့ကြသည်။ မိန်းကလေးတစ်ယောက်ထံမှ အဖြုတ်ခံလိုက်ရတာက ယောကျာ်းလေး ကစားသမားတစ်ယောက်အတွက်တော့ အလွန်ရှက်စရာဖြစ်သည်။

“ကျွန်တော်ဆန္ဒပြချင်တယ်။ ကျွန်တော် အကွက်ဆင်ခံလိုက်ရတာ”

ထိုအချိန်တွင် ပြုတ်သွားသူမှာ အော်ဟစ်‌လာ၏။

လူတိုင်းပထမကြောင်သွားကြသော်လည်း နောက်တော့ တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ရပ်ကာ အခြေအနေကို စူးစမ်းချင်ကြသည်။

“အားလုံးပြန်ထိုင်ကြပါ။ ထိုင်ခုံကနေ ခွင့်ပြုချက်မရှိပဲထရင် အလိုလျောက် အဖြုတ်ခံရမှာပါ”

ဒိုင်လူကြီးဟာ ချက်ချင်းဆိုသလို လူအုပ်ကြီးအားအော်လိုက်သည်။

လူတိုင်း ဒီဒိုင်လူကြီးက သိပ်ကျိုးကြောင်း မဆီလျော်ဘူးဟုတွေးလိုက်ကြသော်လည်း သူတို့ဒီအဆင့်ထိတောင် ရောက်နေကြပြီဖြစ်သည်။ ဘယ်သူမှ အဖြုတ်မခံချင်တာကြောင့် ပြန်ထိုင်လိုက်ကြသည်။

ထို့နောက် ဒိုင်လူကြီးဟာ ယောကျာ်းလေး ကစားသမား၏အခြေအနေကိုကြည့်လိုက်သည်။ သူ၏ညာဘက်ခြေထောက်မှာ တစ်ခုခုနှင့်အရိုက်ခံထားရသလို ဖူးယောင်နေ၏။

သူဘေးပတ်လည်ကိုကြည့်လိုက်တော့လည်း မြေကြီးပေါ်၌ ဘာအတားအဆီးမှမရှိပေ။

“ဖြစ်သွားတာကို အသေးစိတ်ရှင်းပြပေးနိုင်မလား”

ထို့ကြောင့် ယောကျာ်းလေးကစားသမားကို ပြန်မေးရုံသာရှိတော့သည်။

ယောကျာ်းလေးကစားသမားလည်း ချက်ချင်းပြန်ဖြေလာ၏။

“ကျွန်တော်အစောနက ပြေးနေရင်းနဲ့ ဘာနဲ့တိုက်မိသွားလဲတော့မသိဘူး ချက်ချင်းလဲကျသွားတာပဲ”

“တစ်ယောက်ယောက် ကျွန်တော့်ကို အကွက်ဆင်တာပဲဖြစ်ရမယ်။ ခင်ဗျားတို့ ဒီကိစ္စကိုသေချာစစ်ဆေးသင့်တယ်”

ကျူးရှောင်ကျောင်းသူ့စကားကိုကြားတော့ ယဲ့ဖန်ကိုချက်ချင်းကြည့်လိုက်မိသည်။

သူမမျက်နှာထက်၌ အပြုံးခပ်ဖျော့ဖျော့ပေါ်လာကာ သူမနှလုံးသားလေးလည်း နွေးထွေးသွားရသည်။ ထင်တဲ့အတိုင်း ဒီလူလုပ်လိုက်တာပဲ။

ယဲ့ဖန်သူမကို အပြုတ်ခံမှာမဟုတ်ဘူးဆိုတာ သူမသိသည်။

ဒိုင်လူကြီးလည်းမျက်မှောင်ကြုတ်သွားကာ ခနစဉ်းစားကြည့်လိုက်သည်။ နောက်ဆုံး၌ ဝေါ်ကီတော်ကီကိုထုတ်ကာ ဆက်သွယ်လိုက်သည်။

သူတို့အနေနဲ့ ဤပြိုင်ပွဲဧရိယာ၌ အခြေအနေကိုစောင့်ကြည့်ရန် ကင်မရာများတပ်ဆင်ထားသည်။

သိပ်မကြာခင်မှာပဲ စောင့်ကြည့်ရန်တာဝန်ရှိသည့်ဝန်ထမ်းက ပြန်ဖြေလာ၏။

“ဘာသံသယဖြစ်စရာမှရှာမတွေ့ပါဘူး။ ယောကျာ်းလေးကစားသမား မတော်တဆလဲကျသွားတာ သေချာပါတယ်”

နောက်ဆုံး၌ ဒိုင်လူကြီးဟာ ယောကျာ်းလေး ကစားသမားကိုဖြုတ်လိုက်သည်။ ထိုလူမှာ ဆက်ပြီးအထွန့်တက်နေပေမယ့် ကွင်းထဲမှ နှင်ထုတ်ခံလိုက်ရသည်။

ကျူးရှောင်ကျောင်းမှာ ယောကျာ်းလေး ကစားသမားကိုဖြုတ်ပစ်နိုင်သည့် ပထမဆုံး အမျိုးသမီးကစားသမားဖြစ်လာခဲ့သည်။

သူမ ဒေါင်းတစ်ကောင်လို ဂုဏ်ယူဝင့်ကြွားစွာဖြင့် နေရာမှာပြန်ထိုင်လိုက်သည်။

ပြိုင်ပွဲဝင်များ၏ရုပ်ပိုင်းဆိုင်ရာခွန်အားကို ထည့်တွက်ခြင်းအားဖြင့် ပြိုင်ပွဲဝင်တစ်ဦး တစ်ချီပြီးသွားလျှင် နောက်ထပ် သုံးချီ ပြန်မရွေးရဆိုပြီး စည်းကမ်းသတ်မှတ်ထားလေသည်။

မဟုတ်ပါက ဘယ်လိုသန်မာသည့်လူ ဖြစ်နေပါစေ ဆက်တိုက် တိုက်ပွဲဝင်ရလျှင် မောပန်း၍သေနိုင်သည်။

တစ်ဦးတည်းသော မိန်းကလေးကစားသမားဖြစ်သူ ကျူးရှောင်ကျောင်းကို ရွေးမရ‌တာကြောင့် အားနည်းသောကစားသမားများမှာ အလိုလိုပင် ပစ်မှတ်ဖြစ်လာလေသည်။

ယဲ့ဖန်၏ပုံစံမှာ လိမ္မာပြီးသန့်စင်သည့် စာကြမ်းပိုးရုပ်လေးဖြစ်နေလေသည်။

ထို့အပြင် သူ့ခန္ဓာကိုယ်မှာ ပိန်ပါးကာအားနည်းပုံပေါ်ပြီး သူ့အား ပိုလို့ပင်အန္တရာယ်များပုံပေါ်စေသည်။

နောက်ထပ်နှစ်ချီပြီးသည့်နောက် တတိယမြောက်အချီ၌ တစ်စုံတစ်ယောက်ဟာ ယဲ့ဖန်နောက်သို့ လက်ကိုင်ပုဝါပစ်လိုက်လေသည်။

ထိုလူဟာ ယဲ့ဖန်နှင့်အရပ်တူတူလောက်ဖြစ်ပေမယ့် ယဲ့ဖန်ထက်ပိုသန်မာပုံပေါ်သည်။ သူ၏အသားရည်မှာနက်မှောင်ပြီး မကြာခဏ လေ့ကျင့်ခန်းလုပ်တတ်သူမှန်း ထင်ရှားလေသည်။

လက်ကိုင်ပုဝါပစ်ပြီးနောက် ထိုလူဟာ ချက်ချင်းအရှိန်တင်ပြီးပြေးတော့သည်။ တစ်ခဏအတွင်းမှာပဲ ဆယ်မီတာလောက် ပြေးပြီးနေပြီဖြစ်သည်။

ထိုအခါမှသာ ယဲ့ဖန် သူ့နောက်၌ လက်ကိုင်ပုဝါရှိနေသည်ကို သတိထားမိတော့သည်။ သူမတ်တပ်ရပ်ကာ လက်ကိုင်ပုဝါကိုကောက်လိုက်သည်။

သို့သော် ထိုလူအားချက်ချင်းလိုက်မဖမ်းပေ။ ထိုအစား အလျင်မလိုစွာငုတ်တုတ်ထိုင်ကာ ဖိနပ်ကြိုးချည်လိုက်သေးသည်။

ကျူးရှောင်ကျောင်းမှာ ထိုအရာက်ိုမြင်‌ေတာ့ မျက်နှာကိုလက်ဖြင့် အုပ်လိုက်မိသည်။

ဒီလူကတော့ထပ်သရုပ်ဆောင်နေပြန်ပြီ။

ထိုနှောင့်နှေးနေမှုကြောင့် အနှီကစားသမားမှာ ကွင်းတစ်ပတ်စာလောက် ပတ်ပြေးပြီးနေပြီ ဖြစ်သည်။

လူတိုင်းယဲ့ဖန်အား လှောင်ရယ်ကြတော့သည်။

“ဟားဟားဟား၊ သူ့ကိုကြည့်ပါဦး။ ငတုံးကျနေတာပဲ”

“ဟိုကကွင်းတစ်ပတ်လောက်ပြေးပြီးနေပြီ။ သူကအချိန်ဆွဲနေတုန်း။ သူမှမရှုံးရင် ဘယ်သူရှုံးမတုန်း”

“ဟင်း၊ နှစ်ယောက်က မီတာငါးဆယ်လောက်တောင်ကွာနေပြီ။ သူလိုက်မမီနိုင်တော့မှာစိုးတယ်”

“ဟိုအလှလေးဘာတွေတွေးနေလဲတော့ မသိဘူး။ သူက Jiang ShaoYang ကို ငြင်းပြီး အဲ့ကလေးနဲ့အဖွဲ့ဖွဲ့လိုက်တာလေ”

“ဒီကလေးပုံက ပန်းထိုးထားတဲ့ ခေါင်းအုံးလိုပါပဲကွာ။ ကြည့်ကောင်းတာကလွဲရင် ဘာရှိလို့တုန်း”

“သူ့လိုလူမျိုးက ဒီလိုပြိုင်ပွဲမှာပါတာ ကိုယ့်ကိုယ်ကိုအရှက်ခွဲနေသလိုပဲ…”

လူတိုင်းယဲ့ဖန်အား စိတ်ပျက်နေကြပေမယ့် ဖြစ်သွားသည့်ကိစ္စဟာတော့ လူတိုင်း၏ အမြင်ကိုပြောင်းပြန်လှန်ပစ်လိုက်လေသည်။

ထိုအချိန်တွင် ယောကျာ်းလေးကစားသမားမှာ ကွင်းတစ်ပတ်ပြေးပြီးလို့ ပန်းတိုင်ကိုပင် ရောက်တော့မှာဖြစ်သည်။

ရလဒ်မှာ အလွန်သိသာနေလေပြီ ဖြစ်သည်။

သို့သော် ယဲ့ဖန် လှုပ်ရှားလိုက်သည့်အချိန်၌ အခြေအနေဟာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားတော့သည်။

All Chapters