← Chapters

အခန်း (၁၁၄၅-၁၁၄၈)

Vol. 58 Ch. 1145-1148

အခန်း (၁၁၄၅-၁၁၄၈)

Vol. 58 Ch. 1145-1148

စာစဉ်အမည် - ငါ့မှာ ရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၁၄၅ )

ဘယ်လိုနည်းလမ်းပဲ သုံးသုံး၊ သူ့ကို တားရမယ်

တစ်ကြိမ် နှစ်ကြိမ်သာ ဖြစ်ပါက တိုက်ဆိုင်မှုအဖြစ် သတ်မှတ်နိုင်သည်။

သို့သော် အချိန်တိုင်းဖြစ်နေပါက ခွန်အားတစ်ရပ်ဖြစ်ပေသည်။

သို့သော် ထိုကဲ့သို့သော ခွန်အားမျိုးမှာ အနည်းငယ် မယုံကြည်နိုင်ဖွယ် ဖြစ်နေသော်ငြား အမှန်တရားမှာ အမှန်သာဖြစ်သည်။

ရှင်းကျီဖင်းသည် နောက်ဆုံးတွင် ဆက်၍ ထိုင်မနေနိုင်တော့ပေ။

ဤနှုန်းဖြင့် ဆက်၍သွားပါက ထိုအဖွဲ့သည် နောက်ဆုံးအဆင့်သို့ဝင်တော့မည် ဖြစ်သည်။

သူသည် သူ၏ လက်အောက်ငယ်သားများထံမှ သတင်းရထားသည်အရ ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့၏ လောင်းကြေးမှာ သန်း ၂၀ ဖြစ်သည်။

ထို့အပြင် ဖြစ်နိုင်ချေများမှာလည်း အလွန်များလှသည်။

အကယ်၍ သူတို့သာ အမှန်တကယ် အနိုင်ရသွားပါက သူတို့အနေဖြင့် သန်း၃၀၀ လျော်ရမည် ဖြစ်သည်။

နိုင်ကြေးသန်း၁၀၀ပါ ထပ်ပေးရပါက သန်း၄၀၀ ပေးရမည်ဖြစ်သည်။

ရှင်းကျီဖင်းသည် ထိုကိစ္စမျိုး အဖြစ်ခံမည် မဟုတ်ပေ။

" သူတို့ကို တားလိုက်ကြစမ်း၊ မြန်မြန် "

သူသည် သူ၏ ဘေးတွင်ရှိနေသော အတွင်းရေးမှူးအား အော်လိုက်သည်။

အမှန်တွင် သူသည်ပင် ညွှန်ကြားချက်များ မပေးလိုက်ရချေ။

အတွင်းရေးမှူးသည် စကားပြောစက်မှတစ်ဆင့် အခြားသူများအား စီစဉ်ချက်ပေးနေတော့သည်။

ကျူးရှောင်ကျောင်းသည် အမှန်တကယ် တော်သည်ကို ဝန်ခံရပေမည်။

အစပိုင်း အစမ်းပစ်ကြည့်မှုများ ပြီးသည့်နောက် သူမသည် နည်းလမ်းကို ရှာတွေ့သွားသည်။

သူတို့နှစ်ဦးသည် အတွဲညီညီကစားနေကြပြီး ဂျင်ပေါက်သည်မှာ ပို၍ တည်ငြိမ်လာသည်။

အခြားအသင်းများမှာ တစ်သင်းပြီးတစ်သင်း အဖြုတ်ခံရသည်။

ယဲ့ဖန်တို့သည် ဤအရှိန်အတိုင်း ဆက်ပြီး ထိန်းထားနိုင်ပါက သေချာပေါက် အဆင့်တက်နိုင်မည် ဖြစ်သည်။

သို့သော် ထိုအချိန်၌ ဘေးအသင်းမှ ဂျင်သည် ရုတ်တရက် လွင့်၍ ပျံတက်လာသည်။

ထို့နောက် ယဲ့ဖန်တို့စီသို့ အထိန်းချုပ်မဲ့စွာ ဦးတည်ပျံလာနေသည်။

ယဲ့ဖန်သည် သူ၏ ဂျင်ကိုသာ အပြည့်အဝ အာရုံစိုက်ထားပါသော်လည်း သူသည် ဘေးပတ်ဝန်းကျင်ကိုပါ တစ်ဆက်တည်း လေ့လာနေသည်။

ထိုအသင်းမှလူ၏ စွမ်းဆောင်ရည်ကို အကဲဖြတ်ကြည့်ရာ သူသည် ဂျင်ပေါက်ရာ၌ ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။

သူသည် ထိုလောက် အဆင့်နိမ့်သည့် အမှားမျိုးကို လုပ်မိရန်မှာ မဖြစ်နိုင်ချေ။

ရည်ရွယ်ချက်ရှိစွာ လုပ်ခဲ့သည်မှာ ထင်ရှားလေသည်။

ယဲ့ဖန် နှာမှုတ်လိုက်မိသည်။

လူတချို့သည် သူတို့ကို ရှေ့ဆက်မတိုးစေ၍ ညစ်ပတ်သည့် လှည့်ကွက်များကို စတင်လုပ်လာကြသည်။

ကျူးရှောင်ကျောင်းသည် ရုတ်တရက် ပြောင်းလဲမှုကြောင့် တုန်လှုပ်သွားပြီး တုံ့ပြန်ရန် မေ့သွားခဲ့သည်။

ကံကောင်းစွာနှင့် ယဲ့ဖန်မှာတော့ မြန်ဆန်စွာပင် တုံ့ပြန်နိုင်ခဲ့သည်။

သူသည် ကြာပွတ်နှင့် ဂျင်ကို ပြန်ဆွဲလိုက်သည်။

ပြိုင်ဘက်အသင်းမှ ဂျင်သည် ပစ်မှတ်ကို လွတ်သွားကာ ယဲ့ဖန်တို့နှစ်ဦးကြားမှ ဖြတ်သွားပြီး သူတို့ဘေးနားရှိ အဖွဲ့တစ်ခုသို့ ရောက်သွားတော့သည်။

ထိုအဖွဲ့၏ တုံ့ပြန်မှုသည် ယဲ့ဖန်လောက် မမြန်ချေ။

သူတို့သည် ဂျင်အား ထိန်းချုပ်နိုင်ခြင်းမှ ချက်ချင်း ပြတ်တောက်သွားကာ ပြိုင်ပွဲမှ ဖယ်ရှားခံခဲ့ရသည်။

ယဲ့ဖန်သည် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုကို ရှောင်တိမ်းပြီးနောက် လှည့်ပတ်နေသော ဂျင်အပေါ်ပိုင်းကို ဆွဲပြီး နောက်တစ်ကြိမ် ထပ်ရိုက်လိုက်သည်။

လှည့်ပတ်နေသော ဂျင်သည် ဖြည်းဖြည်းချင်း ဆက်၍ တည်ငြိမ်စွာ လည်ပတ်နေတော့သည်။

" ဝါး၊ ယဲ့ဖန် နင်က အရမ်းအစွမ်းထက်တာပဲ "

ကျူးရှောင်ကျောင်းသည် သူ၏ လှုပ်ရှားမှုကြောင့် ထိတ်လန့်သွားပြီး ချက်ချင်း လက်ခုပ်တီးလိုက်သည်။

သူတို့အား ခြုံခိုတိုက်ခိုက်သည့် အဖွဲ့ထဲမှ လူသည်လည်း ယဲ့ဖန်တို့နှစ်ယောက်မှာ ခြုံခိုခြင်းကို ရှောင်နိုင်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

သူတို့သည် ချက်ချင်းပင် ထိတ်လန့်သွားကြသည်။

သို့သော် သူတို့သည် ဘာမှမဖြစ်သလို တုံ့ပြန်လိုက်နိုင်ကြသည်။

သူတို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ယဲ့ဖန်တို့စီ အရှိန်ဖြင့် ချီတက်လာကြသည်။

ဤမထင်မှတ်ထားသော အလှည့်အပြောင်းတစ်ခု ထပ်မံ ဖြစ်ပွားလာသောအခါ ကျူးရှောင်ကျောင်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။

သူမသည် တစ်ဖန် အံ့အားသင့်သွားရပြန်သည်။

ထိုအသင်းမှ နှစ်ယောက်သည် သူတို့၏ ဂျင်ဆီသို့ ဦးတည်သွားနေသည်အား ဘာလုပ်ရမှန်းမသိ ရပ်ကြည့်နေရသည်။

ယဲ့ဖန်သည် ထိုလူများသည် ဒုက္ခရှာရန် ဤမျှလောက် ရဲတင်းစွာ ပြေးလာမည်ဟု မမျှော်လင့်ခဲ့ပေ။

ဒေါသထွက်ပြီး ရယ်လိုက်မိသည်။

သူတို့နှစ်ဦး ရှေ့ဆက်မတိုးနိုင်အောင် တားဆီးရန်အတွက် ပွဲစီစဉ်သူသည် ထိုကဲ့သို့သော စက်ဆုပ်ဖွယ်နည်းလမ်းကို အမှန်တကယ် အသုံးပြုခဲ့လေသည်။

တကယ်ပင် သူတို့၌ အရှက်မရှိကြချေ။

သို့ဖြစ်၍ ယဲ့ဖန် သူတို့ကို သင်ခန်းစာပေးရမည်။

ထို့နောက် သူ့လက်ထဲမှ ကြိုးဖြင့် ရိုက်ချလိုက်သည်။

ဖြောင်း ဖြောင်း

ရိုက်သံနှစ်ခု ကြားရပြီးနောက် ထိုလူနှစ်ယောက်၏ မျက်နှာမှာ ရက်စက်စွာ ပါးရိုက်ခံလိုက်ရသည်။

ယဲ့ဖန်သည် အားများစွာသုံးခဲ့၍ ထိုလူနှစ်ယောက်၏ မျက်နှာသည် ချက်ချင်းပင် ယောင်ကိုင်းကာ သွေးစများ ထွက်သွားခဲ့သည်။

" အား .........."

ထိုနှစ်ယောက်သည် တစ်ချိန်တည်းမှာပင် အော်ဟစ်လိုက်ပြီး နောက်ပြန်ဆုတ်သွားချိန်ကာ မျက်နှာကို အလျင်အမြန် ဖုံးအုပ်လိုက်ကြသည်။

အနီးနားရှိ ဒိုင်လူကြီးမှာ ချက်ချင်း ပြေးလာသည်။

သူသည် ထိုနှစ်ယောက်၏ ဒဏ်ရာကို ဦးစွာစစ်ဆေးပြီးနောက် ယဲ့ဖန်အား ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

" မင်း ဘယ်လိုလုပ် လူတစ်ယောက်ကို နာကျင်အောင် လုပ်နိုင်တာလဲ "

ယဲ့ဖန်သည် ဒိုင်လူကြီးကို အေးစက်သော အပြုံးဖြင့် မကြည့်မီ ဂျင်ကို ပုံမှန်အတိုင်း လည်ပတ်နေတာ သေချာစေရန် ကြိုးဖြင့် ပွတ်တိုက်ပေးလိုက်သည်။

" တောင်းပန်ပါတယ်၊ ကျွန်တော်တို့ ပြိုင်ကွင်းနေရာကို တစ်ယောက်ယောက်က ပြေးလာတာသတိထားမိလိုက်တယ်။ ဒါပေမယ့် ခင်ဗျားက သူတို့ကို ဘာလို့ စည်းကမ်းဖောက်ဖျက်ပြီး ကျွန်တော်တို့စီ ရောက်လာတာလဲလို့ မေးသင့်တယ်ထင်တယ်။ ကျွန်တော်တို့ပြိုင်ပွဲ သူတို့ကြောင့် ပျက်သွားရင် ဘယ်သူက တာဝန်ယူပေးမှာလဲ "

ဒိုင်လူကြီးသည် သူ့ကို အပြစ်ရှာချင်သော်ငြား အကြောင်းပြချက် ရှာမတွေ့ခဲ့ချေ။

ယဲ့ဖန်သည် သူ့ကွင်းထဲ၌သာ ကြိုးကို သုံးနေခြင်းဖြစ်သည်။

ထိုသည်က ပြိုင်ပွဲ၏ စည်းမျဥ်းစည်းကမ်းနှင့် လုံးဝ ကိုက်ညီလေသည်။

ဒိုင်သည် ထိုနှစ်ယောက်ကို ကြည့်ကာ ဟန်ဆောင်ရတော့သည်။

" မင်းတို့ ဘာလို့ သေချာ မပြိုင်ကြတာလဲ။ တခြားသူတွေရဲ့ ပြိုင်ကွင်းမှာ ဘာလုပ်နေတာလဲ "

သူတို့နှစ်ယောက်သည် မျက်နှာများကို ဖုံးအုပ်ပြီး ပြောလာသည်။

" ကျွန်တော်တို့ရဲ့ ဂျင်က မတော်တဆ လွတ်သွားလို့ ပြန်လိုချင်တာပါ ..... "

ဒိုင်လူကြီးသည် 'အမှိုက်တွေ'ဟု စိတ်ထဲတွင် ကျိန်ဆဲနေခဲ့သော်လည်း ကစားသမားနှစ်ဦးကို အနီကတ်ပြလိုက်သည်။

" ဂျင်က ပြိုင်ပွဲကွင်းထဲကနေ ထွက်သွားပြီ။ မင်းတို့ ချက်ချင်း ဖယ်ရမယ် "

သူတို့နှစ်ဦးသည် ယဲ့ဖန်အား မကျေမနပ်ဖြင့် စိုက်ကြည့်နေကြပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားသည်။

ထိုဒိုင်လူကြီးသည် ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။

" သတိထားနေ၊ လှည့်ကွက်တွေ လာသုံးမနေနဲ့ "

ထိုသို့ဖြင့် သူ လှည့်ထွက်သွားသည်။

ယဲ့ဖန် နှာမှုတ်လိုက်သည်။

မူလ အင်အားစုကြီး၏ အရှေ့တွင် အစီအစဥ်များနှင့် လှည့်ကွက်များအားလုံးသည် စက္ကူကျားများသာဖြစ်သည်။

" ဆက်လုပ် '

ဒိုင်း

ရှင်းကျီဖင်းသည် စားပွဲကို ဆောင့်ရိုက်ကာ အတွင်းရေးမှူးကို စိုက်ကြည့်နေသည်။

" အမှိုက်တွေ၊ ဒီလိုအသေးအမွှားကိစ္စလေးတောင် မကိုင်တွယ်နိုင်ဘူးလား။ မင်းကို ဘာသုံးစားရမှာလဲ "

အတွင်းရေးမှူးလည်း အလွန်စိတ်ပျက်သွားသည်။

" အကြီးအကဲရှင်း၊ ဒီကလေးက သန်မာလွန်းတယ်။ ကျွန်တော်တို့ သူ့ကို တားလို့မရဘူး "

ရှင်းကျီဖင်းသည် ထိုစကားကို ကြားသောအခါ ဒေါသပိုထွက်လာသည်။

" အဲ့ကလေးက စူပါမန်းမလို့လား။ သူ့မှာလည်း မျက်လုံးနှစ်လုံးရှိသလို မင်းမှာလည်း မျက်လုံးတွေ ရှိတယ် "

အတွင်းရေးမှူးမှာ မျက်ရည် ဝဲလာတော့သည်။

" အကြီးအကဲလည်း အခုနက တွေ့တာပါတယ်။ ဒီကလေးက တကယ်ကို သန်မာလွန်းတာပါ။ ကျွန်တော်တို့လူတွေက ကြက်ခိုးစားရင်း ထမင်းတောင် ဆုံးရှုံးခဲ့ရပါသေးတယ် "

ရှင်းကျီဖင်း ထိုအတွင်းရေးမှူး၏ နှာခေါင်းကို ထောက်လိုက်သည်။

" မင်းရဲ့ မိုက်မဲတဲ့စကားတွေကို ငါ နားမထောင်ချင်ဘူး။ မင်း ဘယ်နည်းကို သုံးလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ မင်းသူ့ကို တားရမယ် "

" သူသာ နောက်ဆုံးပွံစဉ်ကို ဝင်ပြီး ချန်ပီယံဆုရသွားရင် မင်းကို အသက်ရှင်လျက် အရေနွှာမယ် "

အတွင်းရေးမှူးသည် နစ်နာသည်ဟု ခံစားမိသော်လည်း ဘာမှ ထပ်မပြောရဲတော့ချေ။

သူသည် စိတ်ထဲ၌ လျင်မြန်စွာ တွက်ချက်နေသည်။

ဒီကလေးကို သူဘယ်လို ရှင်းထုတ်နိုင်မလဲ။

သူ တကယ် မလုပ်နိုင်တော့ပါက အင်အားသုံးရန်သာ ကျန်ရှိတော့သည်။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၁၄၆ )

နင့်ကို ထပ်ပြီး ဆွဲချမိပြီ

ယဲ့ဖန်၏အသင်းသာ နှောင့်ယှက်ခံရခြင်း မဟုတ်ပေ။

လူကြိုက်များသည့် ကစားသမားအချို့ကိုလည်း ထိုနည်းအတိုင်း ဆက်ဆံခံရသည်။

ကျန်းရှောင်ယန်းသည် ပြင်းထန်သော တုံ့ပြန်မှုအရှိန်ဖြင့် တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့သည်။

အလွန်ထက်မြက်သော ကျားထိုးကစားသမားများအပါအဝင် ချန်ပီယံဆုအတွက် လူတော် အများအပြားကို ဖယ်ရှားခဲ့သည်။

သူတို့သည် မကျေနပ်ကြသော်လည်း ဒိုင်လူကြီးမှ သူတို့ကို မညှာမတာ ဖယ်ထုတ်လိုက်ကြသည်။

ထိုအသင်းများကို ဖယ်ရှားခံလိုက်ရသည်နှင့်အမျှ အဆိုပါအသင်းများကို လောင်းခဲ့သော လောင်းကစားသမားများမှာလည်း မကျေမနပ်ဖြစ်ကြတော့သည်။

ဆိုလိုသည်မှာ သူတို့၏ လောင်းကြေးငွေများ အားလုံးကုန်သွားလေသည်။

ပွဲစီစဉ်သူမှ လုပ်သည်ဟု လူတချို့မှာ သံသယရှိနေသော်လည်း အထောက်အထားမရှိ၍ ဘာမှ မပြောရဲကြချေ။

သူတို့သည် ကံမကောင်းကြောင်းသာ သတ်မှတ်နိုင်တော့သည်။

ထိုသို့ဖြင့် ပါ၀င်နေသည့် အဖွဲ့များအား တစ်သင်းပြီးတစ်သင်း ဖယ်ထုတ်ပစ်လိုက်သည်။

မိနစ်၂၀မျှ ကြာပြီးနောက် အသင်း၅၀သာ ကျန်တော့သည်။

" ပွဲပြီးပြီ "

ကြေညာသူ၏ အသံကို ကြားသောအခါ ပြိုင်ပွဲကျင်းပသည့်နေရာသည် ချက်ချင်းပင် ရွှင်မြူးသွားကြသည်။

ပြိုင်ပွဲမှ ကစားသမားတစ်ဝက်လောက်ကို ထုတ်ပယ်ခဲ့ပြီး သူတို့ထဲ၌ အားကောင်းပြီး ရေပန်းစားသော ကစားသမားများလည်း ပါသွားခဲ့သည်။

ထို့ကြောင့် ပြိုင်ပွဲအား အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သော အသင်းများမှာ တကယ်ပင် ဂုဏ်ပြုထိုက်လေသည်။

ကျူးရှောင်ကျောင်းပင်လျှင် အလွန်ပျော်ရွှင်နေသည်။

သူမသည် ကြာပွတ်ကို လွှင့်ပစ်ကာ ယဲ့ဖန်၏ ရင်ခွင်လက်နှစ်ဖက်ထဲသို့ ဝင်သွားပြီး သူ့ကို ဖက်လိုက်သည်။

" နိုင်ဖို့ ဒီလောက် နီးနေသရွေ့တော့ လုံလောက်ပါပြီ။ နင့်ကို အခွင့်ကောင်းယူနိုင်မယ့်သူ မရှိဘူး "

ယဲ့ဖန်သည် သူမကို ခဏလောက် ပွေ့ဖက်ခွင့်ပေးလိုက်သည်။

သူမသည် လွှတ်ပေးရန် ရည်ရွယ်ချက်မရှိသည်ကို မြင်လိုက်ရသဖြင့် သူမကို သတိပေးလိုက်သည်။

ထိုအခါမှ ကျူးရှောင်ကျောင်းသည် ရှက်ကာ မျက်မှောင်ကြုတ်ပြီး သူ့ကို စိုက်ကြည့်တော့သည်။

" ဘယ်လို ငတုံးကောင်လဲ "

သူမသည် သူ့ကို အပြစ်တင်နေသော်လည်း မျက်နှာပေါ်မှ စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်ထားလို့ မရချေ။

တတိယအဆင့်အား ကျော်ဖြတ်ရန်မှာ မလွယ်လှပေ။

မည်သို့ပင်ဖြစ်စေ ဤပြိုင်ပွဲ၌ လူပေါင်း ၁၀၀၀ကျော် ပါဝင်ခဲ့ပြီး အခုအခါ ကွင်းထဲ၌ လူ၁၀၀သာ ကျန်တော့သည်။

၁၀%ထက်မနည်း ကျန်နေရစ်သည်ဟု ဆိုနိုင်သည်။

နေ့လယ်စာ စားချိန်ရောက်နေပြီဖြစ်ရာ ကစားသမားအားလုံး ဆာလောင်နေကြသည်။

သူတို့သည် ပြိုင်ပွဲကို ခေတ္တရပ်ပြီး အရင်စားသောက်ကြမည်ဟု သူတို့ ထင်ခဲ့သည်။

သို့သော် ပွဲစီစဉ်သူများတွင် ထိုသို့သော အကြံအစည်မျိုး မရှိခဲ့ပေ။

ပြိုင်ပွဲ တတိယအကျော့ ပြီးဆုံးပြီးနောက် ကြေညာသူသည် ချက်ချင်း စင်ပေါ်သို့ တက်သွားသည်။

" တတိယအချီမှာ အောင်မြင်ခဲ့တဲ့ ပြိုင်ပွဲဝင် အယောက် (၁၀၀)ကို ဂုဏ်ပြုပါတယ်။ စတုတ္ထအကျော့ စည်းကမ်းချက်တွေကို ကြေငြာပေးပါ့မယ် "

ဤသည်ကို လူတိုင်းကြားသောအခါ ညည်းညူစပြုလာကြသည်။

" ဘာလဲ၊ မင်းတို့က ဆက်ပြိုင်စေချင်သေးတာလား။ ငါတို့ကို ခဏလောက် အနားယူခွင့်ပေးပါဦးလား။ ငါ့မှာ အင်အားတောင် မရှိဘူး "

" ဟုတ်တယ်၊ ထမင်းစားချိန်တောင် ရောက်နေပြီ။ ဆက်မစားခင် အရင်စားလို့ ရမလား "

" အရမ်းပူတဲ့နေ့ပဲ။ ငါတို့ ရေတောင်မသောက်နိုင်ဘူးလား။ ငါ ရေငတ်လို့ သေတော့မယ် "

" ခဏလောက် အနားယူရမယ်။ ငါ တကယ် မထိန်းနိုင်တော့ဘူး ..... "

လူတိုင်းသည် ပူပြင်းသော နေရောင်အောက်တွင် သုံးနာရီကျော်ကြာ ဆော့ကစားခဲ့ကြသည်။

သူတို့ ပူနေပြီး အိပ်ချင်ကာ ဗိုက်ဆာနေကြသည်။

သူတို့ ဆက်မထိန်းနိုင်တော့ချေ။

သို့သော် ဒိုင်လူကြီးမှ အေးစက်စွာ အော်ဟစ်လိုက်သည်။

" ဘယ်သူမဆို မထိန်းနိုင်ဘူးလို့ ခံစားရရင် ပြိုင်ပွဲကနေ နုတ်ထွက်နိုင်တယ်။ ပြိုင်ပွဲကနေ နုတ်ထွက်သွားတာနဲ့ ဆန္ဒရှိသလောက် အနားယူနိုင်တယ် "

လူတိုင်းသည် သူ့စကားကို ကြားပြီးနောက် တိတ်တဆိတ် ဝေဖန်လိုက်ကြသော်လည်း ဘယ်သူမှ ဆက်ပြီး မကျေနပ်ကြောင်း မပြောရဲကြတော့ပေ။

ဤနေရာသို့ ရောက်လာရန် သူတို့အတွက်လည်း မလွယ်ကူခဲ့ချေ။

အရုဏ်ဦးကို မြင်နိုင်ကြပြီ ဖြစ်သည်။

ထိုကဲ့သို့ဖြင့် ဘယ်သူကမှ စွန့်လွှတ်ရန် ဆန္ဒမရှိခဲ့ချေ။

ကြေညာသူသည် အချိန်မဖြုန်းဘဲ စည်းကမ်းချက်များကို ဆက်လက်ကြေညာခဲ့သည်။

" စတုတ္ထပွဲမှာ သဲအိတ်တွေ ပစ်မှာပါ "

" ဝန်ထမ်းတွေက သဲအိတ်တွေ ပစ်တာကို ရှောင်ဖို့ အဖွဲ့တစ်ခုစီက လူနှစ်ယောက်ကို လက်တစ်ဖက်နဲ့ ခြေတစ်ဖက် ချည်ထားမှာပါ။ အချိန်ကန့်သတ်ချက်မှာ ဆယ်မိနစ်ဖြစ်ပါတယ် "

ကစားသမားများသည် စည်းမျဥ်းစည်းကမ်းများကို ကြားပြီးနောက် ညည်းညူကြပြန်သည်။

လူအများစုသည် ငယ်စဉ်က သဲအိတ်ကစားနည်းကို ကစားဖူးခဲ့ကြသည်။

ထိုကစားနည်းသည် သူတို့၏ တုံ့ပြန်မှုနှင့် တက်ကြွမှုကို အဓိကအားဖြင့် စမ်းသပ်ရန် ဖြစ်သည်။

သို့သော် ယခုလက်ရှိကစားပွဲ၏ စည်းမျဉ်းများသည် ကစားသမားတို့နှစ်ဦး၏ လက်နှင့်ခြေတစ်ဖက်စီကို ချိတ်ထားရန် လိုအပ်နေပြီဖြစ်သည်။

ဤသည်က သူတို့၏ ရှောင်တိမ်းမှု အမြန်နှုန်းကို အလွန်ကန့်သတ်ထားလေသည်။

ကစားသမားများသည် သက်ရှိပစ်မှတ်များသာ ဖြစ်ကြသည်။

ကြေညာသူသည် လူတိုင်း၏ ညည်းညူသံကို ကြားပြီးနောက် ထပ်ပြီး ပြုံးပြသည်။

" စည်းမျဉ်းကတော့ ဒီအတိုင်းပါပဲ။ တစ်ယောက်ယောက်က မကစားချင်ဘူးဆိုရင် အချိန်မရွေး ထွက်သွားနိုင်တယ် "

လူတိုင်းသည် ညည်းညူကြသော်လည်း ယခုအချိန်တွင် မည်သူမှ နှုတ်ထွက်မည် မဟုတ်ပေ။

ကူကယ်ရာမဲ့သာ လက်ခံလိုက်ကြသည်။

ချက်ချင်းပင် ဝန်ထမ်းတစ်ဦးသည် ပတ်တီးများကို ကိုင်ဆောင်လာပြီး အသင်းကစားသမားနှစ်ဦး၏ လက်နှင့်ခြေ တစ်ဖက်စီကို ပတ်တီးဖြင့် ချည်နှောင်လိုက်သည်။

ထို့နောက် ကစားသမားများအားလုံး ကွင်းလယ်တွင် စုရုံးကြသည်။

ကွင်းပတ်လည်၌ သဲအိတ်များ ပစ်ပေါက်ရန် တာဝန်ရှိသော ဝန်ထမ်းများ ရှိနေသည်။

ထိုလူလေးယောက်လုံးမှာ ခန္ဓာကိုယ်လည်း ကြီးမားပြီး လှည့်ပတ်နေကြကာ သတ်ခံရရန် စောင့်ဆိုင်းနေသည့် သိုးငယ်တစ်စုကို ကြည့်ရှုနေသကဲ့သို့ မျက်နှာပေါ်တွင် ဆိုးသွမ်းသော အပြုံးများ ရှိနေကြသည်။

ကျူးရှောင်ကျောင်းသည် ယဲ့ဖန်ကို သနားစွာဖြင့် ကြည့်နေသည်။

" ယဲ့ဖန်၊ ငါ နင့်ကို နောက်တစ်ကြိမ် ဆွဲချမိလိမ့်မယ် "

သူမသည် မိမိကိုယ်ကို အလွန်နားလည်သည်။

ယဲ့ဖန် ကိုယ်တိုင်သာဆိုပါက ရှောင်တိမ်းရန် အလွန်လွယ်ကူလိမ့်မည်။

သို့သော် ယခုအခါ သူတို့၏ လက်နှင့် ခြေကို တွဲချည်ထားသောကြောင့် သူ၏ ခွန်အားသည် သိသာစွာ လျော့ကျသွားပေလိမ့်မည်။

ယဲ့ဖန် သူမကို နှစ်သိမ့်သော အပြုံးတစ်ခု ပေးလိုက်သည်။

" အင်းပါ၊ ကိုယ်က အဲ့တာကို နေသားကျနေပြီ "

ကျူးရှောင်ကျောင်း မကျေမနပ် ပြောလိုက်သည်။

" နင် ဘာလို့ အဲ့လိုပြောတာလဲ။ နင် ငါ့ကို အသုံးမကျတဲ့လူလို လုပ်နေတာလား "

ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်သည်။

" ဒါက အမှန်တရားပဲ မဟုတ်ဘူးလား။ ကိုယ် မသိတာတွေ ရှိသေးလို့လား "

" ဟွန့်၊ ငါ နင့်ကို မခေါ်တော့ဘူး "

မမလေးကျူး ဒေါသထွက်သွားပြန်သည်။

သူမ လှည့်ထွက်သွားချင်သော်လည်း လက်နှင့်ခြေများကို တွဲချည်ထားကြောင်း သတိရမိသည်။

သူတို့ တစ်ယောက်စီ မလှုပ်ရှားနိုင်ချေ။

သူတို့နှစ်ယောက် ရန်ဖြစ်နေကြစဉ် ကြေညာသူမှက ထပ်မံကြေညာလိုက်သည်။

" ပြိုင်ပွဲစပါပြီ "

သူ စကားပြောပြီးသည်နှင့် ဝန်ထမ်းတစ်ဦး၏ လက်ထဲမှ လက်ဖဝါးအရွယ်အစားရှိ သဲအိတ်တစ်ခု ရုတ်တရက် ပျံကျသွားသည်။

သူ၏ ခွန်အားသည် အလွန်ကြီးမားသောကြောင့် သဲအိတ်သည် အမြောက်နှင့် တူပြီး အချိန်မီမရှောင်နိုင်သော ကစားသမား၏ ခြေသလုံးဆီသို့ တိုက်ရိုက် ထိသွားသည်။

" အား ..... "

ပြိုင်ပွဲဝင်မှာ ချက်ချင်း ငိုပြီး မြေပြင်ပေါ် ဒူးထောက်လိုက်သည်။

သူသည် ပွဲစပြီးသည်နှင့် ဖယ်ထုတ်ခံရမည်ဟု တစ်ခါမှ မတွေးခဲ့ဖူးချေ။

သူ့ကို အပြစ်တင်နေသည့် အသင်းဖော်သည် ရင်ဘတ်ကို ရိုက်ပြီး ခြေထောက်နှင့်လည်း နင်းမိကာ အလွန်စိတ်ဓာတ်ကျနေခဲ့သည်။

မည်သို့ပင် ဆိုစေကာမူ ဖယ်ထုတ်ခြင်းသည် ဖယ်ခံရခြင်းပင် ဖြစ်သည်။

ညှိနှိုင်းရန် နေရာမရှိပေ။

သူတို့နှစ်ယောက်သည် တုန်လှုပ်ချောက်ချားစွာ ကွင်းထဲမှ ထွက်သွားကြသည်။

အခြားကစားသမားများသည် သူတို့၏ ကျောကိုကြည့်ပြီး စိတ်မကောင်းဖြစ်ကြသည်။

သူတို့သည်လည်း ထိုသို့ ဖြစ်နိုင်သည်။

ဝန်ထမ်းများသည် မည်သူ့ကိုမျှ အသက်ရှုရန် အချိန်မပေးဘဲ သဲအိတ်ကို ထပ်မံ ပစ်ချလိုက်သည်။

သို့သော် ယခုတစ်ကြိမ်၌ လူအုပ်ကို တိုက်ရိုက် ပစ်ခြင်း မပြုခဲ့ပေ။

ထိုအစား တစ်ဖက်က ဝန်ထမ်းများဆီ လွှင့်ပစ်လိုက်သည်။

ထိုဝန်ထမ်းမှ သဲအိတ်ကို ရှိသမျှ အင်အားသုံးပြီး ပစ်လိုက်ပြန်သည်။

ကစားသမားများသည် ဤလွှဲပြောင်းလှုပ်ရှားမှုကို အသုံးပြုရန် မမျှော်လင့်ထားသောကြောင့် ချက်ချင်းပင် သတိလွတ်သွားကြသည်။

ထိုသို့ဖြင့် နောက်ထပ် ပြိုင်ပွဲဝင်နှစ်ဦးကို ဖယ်ထုတ်ခံလိုက်ရသည်။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၁၄၇ )

မှားယွင်းနေသော ရူပဗေဒပညာရပ်

ထိုသို့ဖြင့် ပွဲအနည်းငယ် ပြီးသည့်နောက် အသင်းအတော်အများမှာ ဖယ်ထုတ်ခံခဲ့ရသည်။

ကွင်းထဲ၌ ရှိနေသည့် ကျန်နေသော အသင်းများအားလုံး၌ တုန်လှုပ်ချောက်ချားနေသော အမူအရာများ ရှိနေကြသည်။

ယခုအချိန်တွင် သဲအိတ်များပစ်ရန် ဝန်ထမ်းတစ်ဦး၏ အလှည့်ဖြစ်သည်။

ဝန်ထမ်းသည် သူ့လက်ထဲ၌ သဲအိတ်ကို ကိုင်ထားလိုက်သည်။

သို့သော် ချက်ချင်း မပစ်ခဲ့ချေ။

သူ့အကြည့်များသည် ကစားသမားများ၏ မျက်နှာများကို ဖြတ်ကြည့်ပြီးနောက် 'အမဲလိုက်သလို' ပစ်မှတ်ကို ရှာနေသည်။

ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်း၏ အဖွဲ့ဆီသို့ သူ့အကြည့်များ ရောက်သွားသောအခါ ထူးဆန်းသော အပြုံးတစ်ခု သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။

ကျူးရှောင်ကျောင်းသည် အလွန်စိတ်လှုပ်ရှားနေသည်။

သူမ၏ လှပသော မျက်လုံးများသည် ထိုဝန်ထမ်းတစ်ဦး မဝံ့မရဲ စိုက်ကြည့်နေခဲ့သည်။

ထိုအချိန်၌ ဝန်ထမ်းတစ်ယောက်သည် သူ့သဲအိတ်ကို အခြားဝန်ထမ်းဆီသို့ ရုတ်တရက် လွှင့်ပစ်လိုက်သည်။

ကွင်းအတွင်းမှ ကစားသမားတစ်စုသည် တစ်ယောက်ပြီး တစ်ယောက် ခုန်ရှောင်နေသော်လည်း သဲအိတ်သည် မည်သူကိုမျှ မထိမှန်ပေ။

ထိုအစား လူတိုင်း၏ခေါင်းကို ကျော်သွားသည်။

နောက်ထပ် လူဆီသို့ ရောက်သွားသည်။

လက်နှင့်ခြေတို့ကို အတွဲလိုက် တွဲချည်ခံရသောကြောင့် လူတိုင်းသည် အဆုံးမရှိ ညည်းညူနေကြသည်။

သူတို့သည် လှည့်ကြည့်ရန် အချိန်မရှိ၍ တိုက်ရိုက် ပစ်မှတ်များ ဖြစ်လာသည်။

ထိုအချိန်၌ သဲအိတ်သည် သူတို့နောက်မှ ဝန်ထမ်း၏ လက်ထဲသို့ ရောက်နေသည်။

ထိုဝန်ထမ်းသည် မဆိုင်းမတွ ပစ်လိုက်သည်။

ထို့အပြင် သူ့၌ ပစ်မှတ်တစ်ခုသာ ရှိသည်။

ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်း။

သူဌေးသည် သူတို့ကို အမိန့်ပေးထားပြီးသား ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ထိုကောင်လေးတို့ နှစ်ယောက်ကို ဖယ်ပစ်ရမည်။

ဤအခိုက်၌ ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့သည် ထိုဝန်ထမ်းအား ကျောခိုင်းထားသည်။

သူတို့သည် ရှောင်ရန် လမ်းမရှိခဲ့ချေ။

သဲအိတ်၏ လားရာကို ခံစားချက်ဖြင့် အခြေခံမိသည်အရ ကျူးရှောင်ကျောင်းနှင့် ထိမိမည်မှာ သေချာသည်။

လှပစွာ ဝီစီမှုတ်ထုတ်သံကို နားထောင်ရန် သူတို့ဝန်ထမ်းများ ပြင်ဆင်ထားပြီးသား ဖြစ်သည်။

သို့သော် နောက်ဆက်တွဲ ဖြစ်သွားသည်က သူတို့အပြုံးကို အေးခဲသွားစေသည်။

သဲအိတ်သည် ပစ်မှတ်ကို ထိရန် နီးနေပြီ ဖြစ်သည်။

သို့သော် ထိုသို့ အရေးကြီးသော အခိုက်အတန့်၌ ကျူးရှောင်ကျောင်းနှင့် ချိတ်ထားသည့် ယဲ့ဖန်၏ လက်သည် ရုတ်တရက် ဆွဲထွက်လာပြီး ကျူးရှောင်ကျောင်း၏ ခန္ဓာကိုယ်ကို ဆွဲယူလိုက်သည်။

ထိုအခါ သဲအိတ်သည် သူမကို ကျော်ဖြတ်သွားတော့သည်။

လွဲသွားပြီ။

ဝန်ထမ်းအားလုံးသည် ယဲ့ဖန်ကို မယုံကြည်နိုင်စွာ ကြည့်နေကြသည်။

ဒီကောင်က သူ့ခေါင်း အနောက်ဘက်မှာ မျက်လုံးတွေ ရှိနေတာလား။

ဝန်ထမ်းများအားလုံးသည် တစ်ချိန်တည်း၌ တူညီသည့် အတွေးအမြင်များ ရှိခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် ထိုမြင်ကွင်းသည် ထူးဆန်းလွန်းသောကြောင့် ဖြစ်သည်။

သဲအိတ်သည် ကျူးရှောင်ကျောင်းအား ဝင်တိုက်တော့မည် ဖြစ်သော်လည်း နောက်ဆုံးအခိုက်အတန့်တွင် သူမကို ဆွဲထုတ်ကာ အခွင့်အရေး ကျဉ်းမြောင်းစွာဖြင့် ရှောင်ထွက်သွားခဲ့သည်။

ဒါက တိုက်ဆိုင်မှုလား ဒါမှမဟုတ် ရည်ရွယ်ချက်ရှိရှိ ဖြစ်သွားလား။

အရှေ့မှ ပစ်သည်ကို ရှောင်ပါက ဖြစ်ကောင်းဖြစ်နိုင်ပေမည်။

သို့သော် အနောက်ဘက်မှ ပစ်ပါမူ ......

ထိုသည်က အနည်းငယ် ကြောက်စရာကောင်းလှသည်။

တစ်ချိန်တည်းမှာပင် မဏ္ဍပ်ရှိ ရှင်းကျီဖင်းမှာလည်း မျက်မှောင်ကြုတ်လျက် အံကြိတ်နေသည်။

" ချီး၊ ဒီကလေး လိမ်ကစားနေတာလား "

သူသည် လက်ရှိ၌ ထိုဖြစ်နိုင်ချေကိုသာ တွေးမိသည်။

လက်ကိုင်ပုဝါ ပစ်သည်မှစ၍ ဒုတိယအနေဖြင့် ပုံဆက်ခြင်းမှသည် ဂျင်ပေါက်သည့် တတိယပွဲအပြင် သဲအိတ်ပစ်သည်အထိ။

ယဲ့ဖန် ပြသခဲ့သော ခွန်အားမှာ မယုံကြည်နိုင်ဖွယ် ဖြစ်သည်။

လိမ်လည်ကစားနေသည်မှလွဲ၍ ရှင်းပြချက် မရှိတော့ပေ။

သူ့ဘေးနားမှ အတွင်းရေးမှူးကလည်း အမြန် ခေါင်းညိတ် သဘောတူလိုက်သည်။

" ဒီကလေးက နည်းနည်းတော့ ထူးဆန်းတယ်။ ကျွန်တော်တို့ တတ်နိုင်သမျှ ကြိုးစားခဲ့ပေမယ့် သူ့ကို မတားနိုင်သေးဘူး "

ရှင်းကျီဖင်းသည် ခေါင်းခါပြီး သူ့ကို ကြည့်လိုက်သည်။

" ဒီကလေးက နည်းနည်း ဒုက္ခပေးပေမယ့် မင်းရဲ့ အရည်အချင်း မပြည့်မီမှုအတွက် ဆင်ခြေ မဟုတ်ဘူး။ သူ့ကို ချက်ချင်းဖယ်ထုတ်လိုက်။ ငါသူ့ကို နောက်အချီမှာ မတွေ့ချင်ဘူး နားလည်လား "

အတွင်းရေးမှူးသည် အမြန် ခေါင်းညိတ်ပြီး နေရာမှ ဝန်ထမ်းများကို ထပ်ပြီး တိုက်တွန်းလိုက်သည်။

" ဒီကလေးကို ပိုရက်စက်တဲ့ဟာ တစ်ခုခု ပေးလိုက် ...... "

နောက်ပွဲစဉ်၌ အားကစားကွင်းအတွင်းရှိ ကစားသမားများသည် မေးရိုးပြုတ်ကျရသည့် မြင်ကွင်းကို မြင်တွေ့ခဲ့ရသည်။

ထိုဝန်ထမ်းများသည် ကျန်အဖွဲ့ဝင်များအား လျစ်လျူရှုလိုက်ကြပြီး ယဲ့ဖန်တို့အဖွဲ့ကို စတင်တိုက်ခိုက်ကြတော့သည်။

ရွှီး

သဲအိတ်သည် ကျူးရှောင်ကျောင်းဆီသို့ တည့်တည့် ဦးတည်သွားသော အမြောက်နှင့်တူသည်။

" အား "

ကျူးရှောင်ကျောင်းမှာ အော်လိုက်သည်။

သူမ ရှောင်တိမ်းချင်သော်လည်း ယဲ့ဖန်နှင့် ချိတ်ထားသောကြောင့် ရုန်းကန်မရပေ။

သူမ၏ လှုပ်ရှားမှုများကို ကန့်သတ်ချုပ်ချယ်ထားသဖြင့် လုံးဝ မရှောင်နိုင်ချေ။

သို့သော် အရေးကြီးသော ထိုအခိုက်အတန့်တွင် ယဲ့ဖန်သည် ရုတ်တရက် သူမ၏ ခါးကို ပွေ့ဖက်ကာ လှည့်လိုက်သည်။

ဝူး ......

သဲအိတ်သည် သူတို့နှစ်ယောက်ဘေးမှ ကပ်ဖြတ်သွားသည်။

သူတို့ သက်ပြင်း မချနိုင်ခင်မှာပင် သူတို့ ဆန့်ကျင်ဘက်ရှိ ဝန်ထမ်းမှ သဲအိတ်ကို ကောက်ကိုင်ပြီး ဆက်လက် ပစ်ချခဲ့သည်။

ရွှီး

ကွဲအက်နေသည့်လေသံ ထပ်ထွက်လာသည်။

ဤတစ်ခါ၌ သူတို့၏ ခန္ဓာကိုယ်အောက်ပိုင်းမှ ထွက်လာသည်။

ယဲ့ဖန်သည် ကျူးရှောင်ကျောင်းကို အောက်ပြန်ချပေးရန်ပင် အချိန်မရှိချေ။

ခုန်ရှောင်လိုက်ရသည်။

သဲအိတ်သည် သူ့ဖိနပ်ကြားမှ ဖြတ်ပြေးပြီး သူ့ရှေ့ရှိ ဝန်ထမ်း၏ လက်ထဲသို့ ရောက်သွားပြန်သည်။

ထိုဝန်ထမ်းသည် မရပ်ဘဲ သဲအိတ်ကို ဘယ်ဘက်မှာရှိသော ဝန်ထမ်းကို ပစ်လိုက်ပြန်သည်။

ထိုဝန်ထမ်းသည် သဲအိတ်ကို ယူပြီးနောက် ယဲ့ဖန်၏ ခန္ဓာကိုယ်အောက်ပိုင်းကို ဆက်လက်ပစ်ပြန်သည်။

သူ့အချိန်အဆသည် အလွန်တိကျသည်ဟု ဆိုရပေမည်။

ယဲ့ဖန်၏ ခန္ဓာကိုယ်သည် လက်ရှိတွင် ခုန်ရှောင်လိုက်ရာမှ ပြုတ်ကျသည်။

ထိုလမ်းစဉ်အရ သူ မြေသို့ ပြန်ဆင်းလာသည့်အခါ သဲအိတ်ကို ထိသွားမည်ဖြစ်သည်။

သို့သော် နောက်ထပ် အံ့ဖွယ်မြင်ကွင်းတစ်ခု ပေါ်လာပြန်သည်။

ခေတ္တရပ်ရန်ဆိုသည့် ခလုတ်ကို နှိပ်လိုက်သကဲ့သို့ ယဲ့ဖန်၏ ခန္ဓာကိုယ်သည် လေထဲမှ မြေပြင်ပေါ်သို့ ပြုတ်ကျရန်မှ ခန္ဓာကိုယ်သည် ခဏတာ ရပ်တန့်သွားသည်။

သူသည် လေထဲတွင် အေးခဲသွားသည်။

ခေတ္တခဏမျှသာ ဖြစ်သော်လည်း သဲအိတ်သည် ယဲ့ဖန်၏ ခြေအောက်မှ ဖြတ်သွားရန် လုံလောက်သည်။

ထိုမြင်ကွင်းကို ကြည့်ပြီးနောက် ရှိနေသူတိုင်း တုန်လှုပ်ချောက်ချားသွားရသည်။

သူ့ဘေးနားရှိ ဝန်ထမ်းများပင် အံ့ဩသွားပြီး သဲအိတ်ကို ယူရန် မေ့သွားသည်။

" ဘုရားရေ၊ သူ့ခန္ဓာကိုယ်က ပြုတ်ကျနေပြီကို သူက လေထဲမှာ ငြိမ်အောင် ဆက်ထိန်းနေနိုင်တာလား။ ဒါကြီးက ချဲ့ကားလွန်းနေတာ မဟုတ်ဘူးလား "

" မမေ့နဲ့ဦး၊ သူ့လက်ထဲမှာ တစ်ယောက်ယောက်ကို ချီထားသေးတယ်။ ပြုတ်ကျတာ ဘယ်လောက်လေးလိုက်မလဲ။ အဲ့တာကို သူက ဒီလိုလေထဲမှာ နေနိုင်တာလား "

" အရင်က လေ့လာခဲ့တဲ့ ရူပဗေဒပညာကတောင် အတုအယောင်လို့ သံသယ ဖြစ်လာပြီ။ အဲါဒါက သိပ္ပံနည်းကျ မဟုတ်တော့ဘူး "

" နယူတန်က မြေဆွဲအားက တရုတ်ပြည်မှာ မသက်ရောက်ဘူးလို့ ပြောရမလို ဖြစ်နေပြီ "

" အိုင်းစတိုင်းတောင် ရှင်းမပြနိုင်လောက်ဘူး "

ယဲ့ဖန် ယူဆောင်လာပေးသော အံ့ဩခြင်းမှ လူတိုင်းသည် ရုန်းမထွက်နိုင်ဖြစ်နေသည်။

ထိုအခါ ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်လာတော့သည်။

ကစားသမားများမှာ ရှောင်တိမ်းရန် မေ့နေပြီး ဝန်ထမ်းများမှာလည်း သဲအိတ်ကို မပစ်ကြတော့ပေ။

ကစားပွဲမှာ ရပ်တန့်နေတော့သည်။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၁၄၈ )

ထပ်ပြီး အခွင့်ကောင်းယူနေတာလား

မည်မျှကြာသွားသည် မသိသော်လည်း ပွဲခင်းထဲမှ ဝန်ထမ်းသည် သူဌေးအသံကို ရုတ်တရက် ကြားလိုက်ရသည်။

ရှင်းကျီဖင်းသည် ဒေါသကြီးစွာ အော်ဟစ်နေသည်။

" မင်းတို့အားလုံး ဘာကို ကြည့်နေတာလဲ။ မြန်မြန် ဆက်လုပ်ကြ။ အဲ့ကလေးကို ထုတ်ပစ်ရမယ် "

ထိုအခါမှ ဝန်ထမ်းများမှာ သဲအိတ်များကို ကောက်ကိုင်ပြီး တိုက်ခိုက်ကြတော့သည်။

သို့သော် ယဲ့ဖန်မှာတော့ လိမ်ကစားနေသယောင်ပင် ထင်ရသည်။

သူသည် အကြိမ်တိုင်း တိကျစွာ ရှောင်နိုင်နေသည်။

ဆန့်ကျင်ဘက်အနေဖြင့် ကစားသမားအတော်အများသည် မတော်တဆ ဒဏ်ရာရပြီး ဖယ်ထုတ်ခံခဲ့ရသည်။

ပွဲပြီးသွားသော်လည်း အချိန်အနည်းငယ်ကြာအောင် ဆက်သွားခဲ့သည်။

ဒိုင်လူကြီးသည် ဆယ်စက္ကန့်ကျော်နေပြီဖြစ်သော အချိန်ကို ကြည့်လိုက်သည်။

သူသည် အလွန်ပင် အကူအညီမဲ့နေသော်လည်း ကစားပွဲပြီးဆုံးကြောင်း အချက်ပြရန် ဝီစီမှုတ်ရန်မှတပါး ရွေးချယ်စရာမရှိပေ။

" စတုတ္ထပွဲ ပြီးသွားပါပြီ "

ဒိုင်လူကြီးမှ ဝီစီမှုတ်လိုက်သည်နှင့် ရှင်ကျန်ရစ်ခဲ့သော ကစားသမားများမှာ ပြင်းထန်စွာ အော်ဟစ်အားပေးကြတော့သည်။

ခန့်မှန်းချက်များအရ ဤပြိုင်ပွဲ၌ ကစားသမား တစ်ဝက်ကျော်ကို ဖယ်ထုတ်ခံရရန် အလားအလာများခဲ့သည်။

သို့သော် ပွဲ၏ ဒုတိယပိုင်း၌ ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းအား ထုတ်ရန် အာရုံစိုက်နေကြ၍ လူတော်တော်များများမှာ ဘေးမှလွတ်ခဲ့ကြသည်။

လက်ရှိ ကွင်းပြင်၌ လူ ၇၀ကျော်သာ ကျန်ရှိနေပြီး ထက်ဝက်ခန့်သာ ဖယ်ရှားခံခဲ့ရသည်။

ပြိုင်ပွဲရလဒ်ကို မြင်သောအခါ မဏ္ဍပ်အတွင်းရှိ ရှင်းကျီဖင်းသည် ရူးသွပ်သွားကာ သူ၏လက်ထဲမှ မှန်ဘီလူးကို မြေပြင်ပေါ်သို့ ကိုင်ပေါက်ချလိုက်သည်။

သူ့ဒေါသအား ထုတ်ဖော်ရန် မလုံလောက်ဘဲ အရှိန်ပြင်းပြင်းဖြင့် နှစ်ကြိမ်တိုင်တိုင် နင်းချေလိုက်သည်။

အတွင်းရေးမှူးသည် အမြန်ရှေ့ကို ပြေးသွားပြီး သူ့ကို တားလိုက်သည်။

" အကြီးအကဲရှင်း၊ အရင် စိတ်အေးအေးထားပါ "

ရှင်းကျီဖင်း သူ့ကို ဖယ်ထုတ်လိုက်သည်။

" စိတ်အေးအေးထားတဲ့လား။ ငါ့ကို စိတ်အေးအေးထားဖို့ ဘယ်လိုလုပ် မျှော်လင့်နေတာလဲ။ ဒီကလေးက ဖိုင်နယ်ကို ဝင်တော့မယ်။ ငါ စိတ်အေးအေးထားလို့ ရမလား "

အတွင်းရေးမှူးသည် အမြန် နှစ်သိမ့်ပေးသည်။

" နောက်တစ်နည်း စဉ်းစားကြည့်ပါ့မယ်။ ဒီကလေးတွေကို ချန်ပီယံဆု ပေးမှာ မဟုတ်ပါဘူး "

ရှင်းကျီဖင်း သူ့ကို စိုက်ကြည့်နေလိုက်သည်။

" မင်း ဘယ်လိုနည်းလမ်းတွေကို သုံးမလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ မင်း သူ့ကို တားရမယ်။ မဟုတ်ရင် မင်းကို ငါခုတ်ထစ်ပစ်မယ် "

အတွင်းရေးမှူးသည် သူ့နဖူးမှ အေးစက်စွာကျနေသော ချွေးများကို သုတ်လိုက်သည်။

" ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ လုပ်လိုက်ပါ့မယ်။

သေချာပေါက် သူ့ကို တားလိုက်ပါမယ် "

ဝီစီသံ မြည်လာသောအခါမှသာ ယဲ့ဖန်သည် ကျူးရှောင်ကျောင်းကို အောက်ချပေးလိုက်သည်။

" ယဲ့ဖန်၊ နင်က တကယ်ကို အံ့သြစရာပဲ "

ကျူးရှောင်ကျောင်းသည် အလွန်စိတ်လှုပ်ရှားသွားပြီး ယဲ့ဖန်ကို ရုတ်တရက် ပွေ့ဖက်ကာ ပါးပြင်ကို နမ်းလိုက်သည်။

ယဲ့ဖန် အံ့ဩသွားသည်။

" မင်း ကိုယ့်ကို ထပ်ပြီး အခွင့်ကောင်းယူနေတာလား "

ကျူးရှောင်ကျောင်းသည် သူမ၏ ပါးစပ်ကိုချက်ချင်း အုပ်ပြီး ပြောလိုက်သည်။

" ဒါက နင့်ရဲ့ဆုပဲ။ ကျေးဇူးတင်ပါတယ် "

ယဲ့ဖန်သည် သူမကို မကောင်းသော အပြုံးမျိုးဖြင့် ကြည့်လိုက်သည်။

" ဒါဆို ကိုယ်လည်း မင်းကို ဆုချရလိမ့်မယ် "

သူသည် ပြောသည့်အတိုင်း နှုတ်ခမ်းကို ဆူကာ လှည့်လိုက်သည်။

" အား၊ ညစ်ပတ်တယ် "

ကျူးရှောင်ကျောင်းသည် လျင်မြန်စွာ ရှောင်ရှားသော်လည်း သူမ၏ နှလုံးသည်ချိုမြိန်များနှင့် ပြည့်နှက်နေတော့သည်။

အစောပိုင်း၌ သူမသည် သဲအိတ်များကိုရှောင်ရှားရန် ယဲ့ဖန်၏ ရင်ခွင်ထဲ နေခဲ့စဉ်က သူမမှာ အလွန်အမင်း စိုးရိမ်နေခြင်းကြောင့် ဘာမှ မစဉ်းစားနိုင်ခဲ့ချေ။

အန္တရာယ်ကို ရှောင်ရှားရန် သဘောကျနေသောသူ၏ လက်ထဲ၌ အကာအကွယ်ခံရခြင်းသည် ရုပ်ရှင်များထဲတွင်သာ ရှိသည့်မြင်ကွင်းတစ်ခု ဖြစ်သည်။

ထိုသည်က အလွန်လှပသည့် မြင်ကွင်းတစ်ခုဖြစ်ရပေမည်။

ယဲ့ဖန်သည် သူမ ဘာတွေးနေသည်လဲဆိုတာ မသိချေ။

မဟုတ်ပါက ကိုရီးယားကားများကို လျှော့ကြည့်ရန် သူမကို အကြံပေးရလိမ့်မည်။

ထိုအချိန်တွင် ကစားသမားများစွာသည် ယဲ့ဖန်နှင့် နီးကပ်ရန် အနားသို့ ရောက်လာကြသည်။

သို့သော် ဤတစ်ကြိမ်တွင် ပထမတစ်ခေါက်ကဲ့သို့ မဟုတ်ပေ။

အရင်က သူတို့သည် ကျူးရှောင်ကျောင်းအတွက် ရောက်လာခဲ့က ယဲ့ဖန်ကို ဂရုစိုက်ခြင်း မရှိကြပေ။

ဤအကြိမ်၌ သူတို့သည် ယဲ့ဖန်အတွက် လာကြခြင်းဖြစ်သည်။

သူတို့သည် သူ၏ စွမ်းဆောင်ရည်ကြောင့်အလွန်အံ့အားသင့်ခဲ့ကြသည်။

သူတို့ထဲတွင် ကျန်းရှောင်ယန်းလည်း ပါဝင်ခဲ့သည်။

သူသည် ရှက်ရွံ့စွာဖြင့် ယဲ့ဖန်ကို ကြည့်လိုက်သည်။

" စိတ်မကောင်းပါဘူး၊ မင်းကို ငါ အထင်သေးခဲ့မိတယ် "

သူသည် ယဲ့ဖန်၏ နေရာကို ဝင်ခံစားမိသည်။

အကယ်၍ သူသည်သာ ပစ်မှတ်ထားခံရသူ ဖြစ်ခဲ့လျှင် သူသည် တစ်မိနစ်ပင် ခံလိုက်နိုင်မည် မဟုတ်ချေ။

သို့သော် ယဲ့ဖန်မှာတော့ မိနစ်အနည်းငယ်ကျော်ကြာ ကစားနိုင်ရုံသာမက သူ့ပုံစံမှာ ပေါ့ပါးလွတ်လပ်နေသည်။

ထိုသို့သော ခွန်အားမျိုးကို မကြားဖူးချေ။

သူသည် ယဲ့ဖန်ကို လေးစားနေချိန် ယဲ့ဖန်မှ ပုခုံးကို တွန့်ပြလိုက်သည်။

" ဒါက ပုံမှန်စစ်ဆင်ရေးပါပဲ "

သူ့စကားမှာ အနည်းငယ် ဟန်ဆောင်မှု ဖြစ်နေသော်လည်း ရှိနေသူတိုင်းမှာ သဘာဝ ကျသည်ဟု ခံစားမိသည်။

သူသည် ဟန်ဆောင်ရန်ပင် အရင်းအနှီး ရှိလေသည်။

ကျန်းရှောင်ယန်းသည် ဝန်ထမ်းများကို စိုက်ကြည့်လိုက်သည်။

" နောက်ပွဲတွေမှာ မင်း သတိထားရမယ်။ သူတို့က မင်းကို ပစ်မှတ်ထားနေတာ သိသာတယ် "

ယဲ့ဖန် မသိမသာ ရယ်သည်။

" သူတို့က အစကတည်းက ဘာမှ ကောင်းကျိုးမပေးတဲ့ သူတွေပဲ။ သူတို့က ဘာလှည့်ကွက်တွေ ထုတ်နိုင်မှာမလို့လဲ "

အခြားသော ပြိုင်ပွဲဝင်များသည်လည်း ဤကိစ္စရပ် ပေါ်ပေါက်လာသောအခါ ဖြောင့်မတ်မှုစိတ်ကြောင့် ဒေါသများနှင့် ပြည့်နှက်လာတော့သည်။

" ပွဲစီစဉ်သူတွေက ရက်စက်လွန်းတယ်။ သူ့စွမ်းဆောင်ရည်ကို မြင်ပြီးတာနဲ့ ဒီညီလေးကို ကြိုပြီး ရှင်းပစ်ချင်နေတာ ထင်ရှားတယ် "

" ချန်ပီယံဆုရဖို့ ရေပန်းအစားဆုံးအသင်းတွေကို သူတို့က ပစ်မှတ်ထားနေတယ်လို့ ကျွန်တော် သံသယဖြစ်မိတယ် "

" ကျေးဇူးပြုပြီး 'သံသယ'ဆိုတဲ့ စကားလုံးကို ဖယ်လိုက်။ ရူးနေတဲ့သူတောင်မှ သူတို့ ဘာတွေလုပ်နေလဲဆိုတာ ပြောပြနိုင်တယ် "

" သူတို့က ငါတို့ကို ဆုငွေတွေ လွယ်လွယ်နဲ့ ရအောင် ခွင့်မပြုဘူးဆိုမှတော့ ငါတို့ကို ဖယ်ရှားပစ်ဖို့ တတ်နိုင်သမျှ လုပ်မှာပဲ "

" ဆန္ဒပြသင့်တယ်လို့ ထင်တယ် "

" ငါ့မြည်းကို ဆန္ဒပြ။ သူတို့က စည်းကမ်းတွေကို သတ်မှတ်ထားတာ။ ငါတို့က လက်ခံရမှာပဲ "

" အင်း...ဒါက အရမ်းခံရခက်တာပဲ ..... "

ပွဲစီစဉ်သူ၏ အပြုအမူကို လူတိုင်းမှ မကျေမနပ်ဖြစ်နေကြသော်လည်း အဆုံးတွင် ခံနိုင်ရည်ရှိရန် ရွေးချယ်ခဲ့ကြသည်။

နောက်ဆုံး၌ သူတို့သည် ဘယ်သူ့ကိုမှ ပိုပြီး ဒုက္ခမပေးချင်ကြချေ။

ထိုအချိန်၌ ကြေညာသူသည် စင်ပေါ်ကို လျှောက်သွားပြန်သည်။

သူသည် လူအုပ်ကို ပြုံးပြပြီးနောက် ယဲ့ဖန်ကို လေးနက်စွာ ကြည့်လိုက်သည်။

" အဆင့်တက်ရောက်နိုင်ခဲ့တဲ့ သူတွေကို ဂုဏ်ပြုပါတယ်။ နောက်ဆုံးအဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားပါပြီ။ လူတိုင်းက ခွန်အားတွေကို သက်သေပြခဲ့ပြီးသားပါ။ အားလုံးကို ဂုဏ်ပြုပါတယ် "

ကစားသမားများအား သူတို့၏ နှလုံးသားထဲ၌ လှောင်ရယ်နေကြသော်လည်း ဝတ်ကျေတမ်းကျေ ချီးကျူးနေဆဲဖြစ်သည်။

ထိုလူက ဆက်ပြောလေသည်။

" နောက်တစ်ခုကတော့ ပြိုင်ပွဲရဲ့ ပဉ္စမအဆင့်နဲ့ နောက်ဆုံးအဆင့်ပါပဲ။ ပြန်ပေးဆွဲမှုပါ "

" ပြိုင်ပွဲဝင်တွေက အဖွဲ့ကို အတွဲလိုက် ဖွဲ့ပြီး တခြားအသင်းတွေရဲ့ တိုက်ခိုက်မှုကို ခုခံကာကွယ်ကြရပါလိမ့်မယ် "

" အဆုံးထိ ရှင်သန်နိုင်တဲ့အသင်းက ဒီပြိုင်ပွဲမှာ ချန်ပီယံဖြစ်လာမှာ ဖြစ်ပြီး ကြီးမားတဲ့ဆုကြေးငွေ ယွမ် သန်း၁၀၀ ရရှိမှာ ဖြစ်ပါတယ် ..... "

ဂိမ်း၏စည်းမျဉ်းများသည် အမှန်တကယ်ပင် အလွန်ရိုးရှင်းသည်။

ပြိုင်ပွဲဝင်များသည် ခြေတစ်ဖက်ကို ရပ်နေကာ ကျန်ခြေတစ်ဖက်မှာ တိုက်ခိုက်ရန် တြိဂံပုံသဏ္ဍာန် လုပ်ရသည်။

ခြေနှစ်ချောင်းလုံး မြေပြင်ပေါ် ပြုတ်ကျပါကရှုံးပေလိမ့်မည်။

ပွဲစီစဉ်သူများအပေါ် ရွံရှာမှုများဖြင့် ပြည့်နှက်နေသော်လည်း သန်း 100 ဆုကြေးကို ကြားလိုက်ရသည့်အခါ လူတိုင်းမှာ ရင်ခုန်လာပြန်သည်။

ယွမ်သန်း၁၀၀ဆုနှင့် ခြေတစ်လှမ်းသာ ဝေးပြီဖြစ်၍ သူတို့ ဘယ်လိုမှ စိတ်မလှုပ်ရှားဘဲ မနေချေ။

ကျူးရှောင်ကျောင်းသည် ယဲ့ဖန်ကို မော့ကြည့်ပြန်သည်။

သူမ ဘာမှပြန်မပြောခင် ယဲ့ဖန်သည် သူမဆိုလိုသည်ကို နားလည်ပြီးသား ဖြစ်သည်။

" နားလည်ပါတယ်၊ မင်း ကိုယ့်ကို ထပ်ဆွဲချတော့မှာလား "

ကျူးရှောင်ကျောင်း ရှက်ရှက်ဖြင့် ခေါင်းညိတ်လိုက်သည်။

" ငါ ကတိပေးပါတယ်။ ဒါနောက်ဆုံးအကြိမ်ပဲ "

" ဟားဟား "

ယဲ့ဖန် မတတ်နိုင်ဘဲ သူ့မျက်လုံးများကို မှိတ်ထားလိုက်သည်။

ကစားပွဲ အနည်းငယ်အပြီးတွင် ကျူးရှောင်ကျောင်းသည် တစ်ဦးတည်းသော အမျိုးသမီးကစားသမားအဖြစ် ကျန်ရှိခဲ့သည်။

နည်းစနစ်အပြင် ရိုက်နှက်ခြင်းကဲ့သို့သော ကစားပွဲများသည် ခွန်အားများစွာ လိုအပ်သည်။

အမျိုးသမီးကစားသမားများအတွက် အလွန်ပင် မတရားချေ။

ကျူးရှောင်ကျောင်းသည် သူမ၏ မျှော်လင့်ချက်အားလုံးကို ယဲ့ဖန်အပေါ်တွင် ပုံအပ်ထားခဲ့ပြီး သူသည် ထွက်လမ်းကို ဖန်တီးနိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။

အင်း၊ ဘာပဲဖြစ်ဖြစ် လှဲနေရင်း အနိုင်ရလာတာကိုပဲ ကျင့်သုံးနေတော့ နောက်တစ်ကြိမ် လှဲနေရဖို့ စိတ်ထဲမထားပါဘူး။

အဖွဲ့အားလုံးသည် တိုက်ပွဲတွင် ပါဝင်ရန် ကွင်းပြင်တစ်ခု၌ စုရုံးခဲ့ကြသည်။

ဤတိုက်ပွဲ၌ ခွန်အားအပြင် ကံကောင်းခြင်းလည်း ပါဝင်ပေလိမ့်မည်။

" ပြိုင်ပွဲ စလိုက်ရအောင် "

ဒိုင်လူကြီး၏ အမိန့်ဖြင့် ပြိုင်ပွဲဝင်များသည် လှုပ်ရှား ပြောင်းရွှေ့သွားကြသည်။

ဘုန်း၊ ဘုန်း၊ ဘုန်း

အချင်းချင်း တိုက်မိသံများ၊ လဲသံများ ဆက်လက် ထွက်ပေါ်လာသည်။

အချို့သော ပြိုင်ပွဲဝင်များသည် မြေပြင်ပေါ်သို့ လဲကျပြီး ဖယ်ထုတ်ခံခဲ့ရသည်။

ယဲ့ဖန်သည် ပထမပွဲအနည်းငယ်တွင် ထူးချွန်စွာ စွမ်းဆောင်နိုင်သောကြောင့် ပွဲအစ၌ မည်သူမျှ မတိုက်ခိုက်ခဲ့သဖြင့် ရှုံးနိမ့်သွားသလိုပင် ခံစားရစေသည်။

ဟ၊ ရန်သူတွေက ဘယ်မှာလဲ။

All Chapters