အခန်း (၁၁၄၉-၁၁၅၂)
Vol. 58 Ch. 1149-1152
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၄၉ )
ချန်ပီယံဆုက ငါ့ဟာပဲ
ခဏ ကြာပြီးနောက် ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းကို လူတိုင်းမှ မေ့သွားပုံရသည်။
မည်သူကမှ သူတို့ကို မတိုက်ခိုက်သလို၊ သူတို့သည်လည်း အခြားသူများကို တိုက်ခိုက်မည် မဟုတ်ချေ။
သူတို့သည် အစွန်အဖျားတွင်သာ မတ်တပ်ရပ်ပြီး ရှိုးပွဲကို ကြည့်နေကြသည်။
ထိုအချိန်တွင် ကျန်းရှောင်ယန်းအဖွဲ့သည် ရုတ်တရက် ဝိုင်းခံထားရသည်။
သူတို့ပတ်ဝန်းကျင်ရှိ အဖွဲ့အများအပြားမှာ သူတို့ကို ပစ်မှတ်ထားပြီး အရူးအမူး တိုက်ခိုက်ကြသည်။
ကျန်းရှောင်ယန်းအသင်းဖော်သည် အားနည်းပြီး အကြိမ်ကြိမ် မှောက်ကျလုနီးပါး ဖြစ်ခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ကျန်းရှောင်ယန်းသည် သူ့ကို ကာကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပြီး ဖယ်ထုတ်ခံရခြင်းမှ ကင်းဝေးခဲ့သည်။
သို့သော်လည်း သူသည် စူပါမန်း မဟုတ်ပေ။
အဖွဲ့ငါးဖွဲ့နှင့် လူဆယ်ယောက်၏ ဝိုင်းရံမှုကို ရင်ဆိုင်ရသည့်အခါ အခက်ကြုံရတော့သည်။
ကျူးရှောင်ကျောင်းသည် ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။
" ဒီလူတွေက အရမ်းဆိုးလွန်းတာပဲ။ သူတို့ နှစ်ယောက်ကို ရန်ရှာနေတဲ့သူတွေ အများကြီးပဲ။ သူတို့က အရှက်မရှိလွန်းတယ် "
ယဲ့ဖန်သည် လှောင်ပြုံး ပြုံးလိုက်သည်။
" ပွဲစီစဉ်သူတွေက ဒီလိုညစ်ပတ်တဲ့လှည့်ကွက်တွေကို ထပ်ပြီး ကစားနေကြပြန်ပြီ "
ကျူးရှောင်ကျောင်း အနည်းငယ် ဒေါသထွက်သွားသည်။
" ငါတို့ သွားပြီး သူတို့ကို ကူညီကြမလား "
ယဲ့ဖန် ခေါင်းယမ်းလိုက်သည်။
" နောက်ကျသွားပြီ "
ယဲ့ဖန် စကားပြောပြီးသည်နှင့် ပွဲစီစဉ်သူများသည် ကျန်းရှောင်ယန်းစီသို့ ရုတ်တရက် ရှေ့တက်သွားသည်ကို သူ တွေ့လိုက်ရသည်။
ကျန်းရှောင်ယန်းသည် တိုက်ပွဲဝင်ရန် ပြင်ဆင်နေစဉ် သူ့မျက်နှာပေါ်တွင် ပြင်းထန်သော အမူအရာ ရှိနေသည်။
ထိုလူများသည် ဟန်ဆောင်ကာ ကြံစည်နေမည်ဟု သူ ဘယ်သောအခါကမှ မမျှော်လင့်ထားပေ။
သူတို့၏ တကယ့်ပစ်မှတ်မှာ သူ၏ အသင်းဖော် ဖြစ်သည်။
ပြိုင်ပွဲစည်းမျဉ်းအရ အသင်းထဲမှ မည်သူမဆို ဖြုတ်ချခံရပါက တစ်သင်းလုံးကို ဖယ်ခံရမည်ဖြစ်သည်။
ကျန်းရှောင်ယန်း၏ တုံ့ပြန်မှုမှာ အလွန်မြန်လေသည်။
သူသည် အသင်းဖော်ကို ချက်ချင်း ကယ်တင်ချင်သည်။
သို့သော် သူသည် ခြေတစ်လှမ်း နောက်ကျနေသည်။
သူ့အသင်းဖော်သည် တစ်စုံတစ်ယောက်ကြောင့် ဟန်ချက်ပျက်သွားပြီ ဖြစ်သည်။
အကြိမ်အနည်းငယ်မျှ တုန်ယင်ပြီးနောက် ခြေနှစ်ဖက်စလုံး မြေပြင်ပေါ်သို့ ကျသွားသည်။
ဖယ်ထုတ်ခံရတော့သည်။
အငြိမ်းစား အထူးတပ်ဖွဲ့ စစ်သားတစ်ယောက်အနေနှင့် ကျန်းရှောင်ယန်း သည် ဤပြိုင်ပွဲ၌ ရေပန်းအစားဆုံး ကစားသမားဖြစ်သည်။
ယခုအခါ သူသည် ထိုသို့နည်းဖြင့် ဖယ်ထုတ်ခံလိုက်ရသဖြင့် ဒေါသအလွန်ထွက်ကာ နှစ်ခါလောက် အော်လိုက်ပြီး ဝန်းရံနေသော လူများကို ဒေါသတကြီး ကြည့်နေလေသည်။
သူတို့ထဲမှ အနည်းစုသည် ရယ်မောပြီး လှည့်ထွက်သွားကြသည်။
ထိုအခိုက်အတန့်၌ ဒိုင်လူကြီးမှ ပြေးလာပြီး သူတို့ နှစ်ယောက်ကို အနီကတ်ပြလိုက်သည်။
ကျန်းရှောင်ယန်း ဒေါသထွက်နေသော်လည်း အခင်းဖြစ်ပွားရာနေရာမှ မောင်းထုတ်နေဆဲ ဖြစ်သည်။
ပြိုင်ပွဲဝင်များသည် သူတို့ နုတ်ထွက်ခံရခြင်းအတွက် အံ့အားသင့်ခဲ့ကြသော်လည်း သူတို့သည် လျင်မြန်စွာ ပြင်ဆင်ပြီး ပြိုင်ပွဲတွင် ဆက်လက် ပါဝင်ခဲ့ကြသည်။
" အဆင်သင့်လုပ်တော့ "
ယဲ့ဖန်သည် ကျူးရှောင်ကျောင်းကို ရုတ်တရက် ညွှန်ကြားလိုက်သည်။
" အာ .... "
ကျူးရှောင်ကျောင်းသည် တုံ့ပြန်နိုင်ခြင်း မရှိသေးပေ။
သို့သော် မကြာခင်မှာပင် ယဲ့ဖန် ဘာကိုဆိုလိုမှန်း သူမ သိလိုက်သည်။
ကျန်းရှောင်ယန်းအား ဖယ်ထုတ်ခဲ့သော အဖွဲ့ငါးဖွဲ့သည် ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးများထဲမှ တစ်ဖွဲ့ကို အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့ပြီး ယဲ့ဖန်တို့ကို ပစ်မှတ်ထားလာတော့သည်။
ကျူးရှောင်ကျောင်းသည် လူဆယ်ယောက်သည် မျက်နှာပေါ်တွင် ရက်စက်သော အပြုံးများဖြင့် ပြေးလာသည်ကို သူမ မြင်လိုက်ရသောအခါ အလွန်ထိတ်လန့်သွားသည်။
" ယဲ့ဖန်၊ အခု ငါတို့ ဘာလုပ်သင့်လဲ "
သူမသည် ယဲ့ဖန်ကိုသာ အကူအညီတောင်းနိုင်တော့သည်။
" ကိုယ်တို့ ဘာလုပ်သင့်ရမှာလဲ။ ကိုယ်တို့လမ်းပေါ် လာသမျှကို ဖြေရှင်းရမှာပေါ့ "
ယဲ့ဖန်သည် သူမကို အနောက်၌ ပို့ထားပြီး ကျန်သူများဆီမှ ပိတ်ဆို့ထားကာ ရန်လိုနေသော အသင်းများနှင့် ရင်ဆိုင်ခဲ့သည်။
" ခွေးသားလေး၊ မင်းကိုယ်မင်း အနိုင်ယူနိုင်မယ် ထင်နေလား။ ငါတို့ကို အချိန်ကုန်အောင် လုပ်မနေနဲ့။ အရှုံးပေးလိုက် "
ရှေ့တွင်ရှိနေသည့် တြိဂံပြောင်းပြန် မျက်လုံးတစ်စုံနှင့် လူသည် ယဲ့ဖန်ကို ရက်စက်စွာ ပြုံးပြလိုက်သည်။
" ခင်ဗျားတို့တွေက သာမန်လို့ မကစားနိုင်ဘူး မဟုတ်လား။ ကျွန်တော်တို့ ချန်ပီယံဆုရဖို့ နီးနေပြီလို့ မြင်တာနဲ့ ဒီလို ညစ်ပတ်တဲ့ လှည့်ကွက်တွေကို စပြီး ကစားနေပြီလား "
ယဲ့ဖန် သူ့ကို အေးစက်စွာ ကြည့်နေသည်။
" ဟားဟား၊ သန်း၁၀၀ ဆုရဖို့ အရမ်းလွယ်တယ်လို့ မင်းထင်လား။ မင်းက အိပ်မက်မက်နေတာပဲ "
ပွဲစီစဉ်သူမှ စီစဉ်ပေးနေသည်ကို ထိုလူက မငြင်းဘဲ ချက်ချင်း လှောင်ပြောင်လိုက်သည်။
ယဲ့ဖန်၏ မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ပင် ကျယ်လာသည်။
" ဒါဆို ပြောလိုက်မယ်။ ဒီချန်ပီယံဆုက သေချာပေါက် ငါ့ဟာပဲ "
" ဟူး၊ မင်း ရူးမိုက်တာ ငါတို့ကို အပြစ်မတင်နဲ့ "
ထိုလူ၏မျက်နှာသည် မည်းမှောင်သွားပြီး အခြားလူများကို ချက်ချင်း လက်ပြလိုက်သည်။
" သူ့ကို မညှာနဲ့။ တိုက်ခိုက်ကြ "
ထိုလူ အနည်းငယ်သည် အမိန့်ကို လက်ခံရရှိပြီးသည်နှင့် ယဲ့ဖန်နှင့် အခြားနှစ်ယောက်ကို ချက်ချင်း တိုက်ခိုက်ကြတော့သည်။
ယဲ့ဖန်သည် သန်မာသည်ဟု ထိုလူများက သိထားသောကြောင့် သူတို့သည် သူ့ကို တမင်ရှောင်ပြီး အားနည်းပုံရသော ကျူးရှောင်ကျောင်းကို ပစ်မှတ်ထားကြသည်။
ဘုန်း
ကျူးရှောင်ကျောင်းသည် သူမအား ဦးတည်နေသော လူတစ်ယောက်ကို တိုက်မိသွားသည်။
သူမသည် နံရံကို ထိသွားသလို ဖြစ်သွားသည်။
သူမသည် ချက်ချင်းပင် ဟန်ချက်ပျက်သွားပြီး နောက်ပြန်လဲကျသွားတော့မည် ဖြစ်သည်။
ယဲ့ဖန်သည် လျင်မြန်စွာ တုံ့ပြန်လိုက်နိုင်သည်။
သူသည် သူမကို ဖမ်းဆွဲလိုက်ပြီး ဘေးနားသို့ ဆွဲတင်လိုက်သည်။
ကျူးရှောင်ကျောင်း လဲကျခြင်း မရှိသည်ကို ထိုလူက မြင်သောအခါ သူသည် သူမကိုသာ ဆက်လက်၌ တိုက်ခိုက်လိုသော်လည်း သူသည် ယဲ့ဖန်ကိုသာ တိုက်ရိုက် ရင်ဆိုင်လိုက်တော့သည်။
" သေလိုက်တော့ "
ထိုလူက ကျယ်လောင်စွာအော်ပြီး ညာခြေထောက်ကို ဖက်ထားသည်။
ထိုလူသည် အရပ် ၁.၈မီတာခန့် ရှိပြီး သူ၏ခန္ဓာကိုယ်သည် တင့်ကားကဲ့သို့ အလွန်သန်မာသည်။
တစ်ဖက်တွင် ယဲ့ဖန်၏ ပုံစံသည် အလွန်အားနည်းလေသည်။
သူသည် ကြည့်ရသည်အရ ဒဏ်မခံနိုင်သလို ဖြစ်နေသည်။
သို့သော် သူတို့နှစ်ဦး တိုက်မိသောအခါ အဆိုပါ အမျိုးသားသည် ရထားနှင့် တိုက်မိသကဲ့သို့ ခံစားခဲ့ရပြီး ခန္ဓာကိုယ်သည် နောက်သို့ ဆုတ်ခွာသွားရသည်။
ဒိုင်း
ထိုလူသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားပြီး နှစ်မီတာကျော် အကွာအဝေးသို့ ပျံသန်းသွားခဲ့သည်။
" ဟား ..... "
ထိုမြင်ကွင်းကို မြင်လိုက်ရသူများမှာ မတတ်နိုင်ဘဲ အေးစက်သည့်လေကို ရှုရှိုက်မိကြသည်။
၁.၈မီတာ အရပ်ရှည်တဲ့ လူတစ်ယောက်ကို နှစ်မီတာအကွာထိ ပျံသွားအောင်လုပ်ဖို့ သူဘယ်လောက်တောင် အင်အားသုံးခဲ့ရတာလဲ။
ဤသည်မှာ လူသားပုံသဏ္ဍာန် တင့်ကားကြီးသာ ဖြစ်နိုင်သည်။
အားလုံးသည် ယဲ့ဖန်ကို ထိတ်လန့်စွာ ကြည့်နေကြသည်။
ဤကဲ့သို့ အားနည်းသော ခန္ဓာကိုယ်သည် ဤမျှ ကြောက်စရာကောင်းသော စွမ်းအားဖြင့် အမှန်တကယ် တွန်းထုတ်နိုင်သည်မှာ တွေးကြည့်ရန်ပင် ခက်ခဲလှသည်။
ဒိုင်လူကြီးသည် ထိုမြင်ကွင်းကို မြင်သည့်အခါ မမြင်ချင်ယောင်ဆောင်ပြီး ထိုလူမှ သူ့ဘာသာသူ ထလာရန် စောင့်နေသည်။
သို့သော် အချိန်အတော်ကြာအောင် စောင့်ပြီးသည်အထိ ထိုလူသည် မြေပြင်ပေါ်၌သာ ညည်းညူနေပြီး မထနိုင်ပေ။
ဒိုင်လူကြီးမှာ ရွေးချယ်စရာ မရှိတော့ဘဲ အနီကတ်ပြလိုက်ရသည်။
စည်းမျဥ်းစည်းကမ်းအရ အသင်းတစ်သင်း၌ အဖွဲ့ဝင်တစ်ဦး ပြုတ်လျှင်ပင် တစ်သင်းလုံး ဖယ်ထုတ်ခံရမည် ဖြစ်သည်။
ထိုလူနှင့် တစ်အုပ်စုတည်းရှိ အခြားလူမှာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူသည် ယဲ့ဖန်ကို စိုက်ကြည့်နေသည်။
ထို့နောက် ကွင်းထဲ၌ သွေးအန်နေသော အမျိုးသားကို ကူညီပေးခဲ့သည်။
ယခုတစ်ကြိမ်တွင် ယဲ့ဖန်အား တိုက်ခိုက်သည့် အသင်းအရေအတွက်မှာ ငါးဖွဲ့မှ လေးဖွဲ့ ဖြစ်လာခဲ့သည်။
သူတို့ထဲမှ အနည်းစုသည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ပြီး သူတို့၏ ဗျူဟာကို ချက်ချင်း ပြောင်းလိုက်ကြသည်။
ဤတစ်ကြိမ်၌ သူတို့သည် ချက်ချင်း ရှေ့မတိုးဘဲ ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့ကို ဝိုင်းထားလိုက်သည်။
ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့သည် နောက်တစ်ကြိမ် တိုက်ခိုက်ခြင်းကို စောင့်မျှော်နေကြပြီး နောက်ပြန်ဆုတ်သွားကြသည်။
" သွားကြ "
ခေါင်းဆောင်သည် ရုတ်တရက် အော်လိုက်သည်နှင့် ထိုရှစ်ယောက်မှာ တပြိုင်နက် တိုက်ခိုက်ကြပြန်သည်။
သူတို့ထဲမှ နှစ်ဦးသည် ယဲ့ဖန်အား ချုပ်နှောင်ထားရန် တာဝန်ရှိပြီး ကျန်ခြောက်ဦးမှာ ကျူးရှောင်ကျောင်းကို တိုက်ခိုက်ကြသည်။
ထို့အပြင် ဤလူများ အားလုံးသည် သတ်ဖြတ်ရန် ကြံရွယ်ထားကြသည်။
ရှင်းနေသည်မှာ ယဲ့ဖန်တို့နှစ်ဦးအား ဖယ်ရှားပစ်ရန် ဖြစ်သည်
ယဲ့ဖန် ဒေါသတကြီးနှင့် ချက်ချင်း ရယ်လိုက်သည်။
" ခင်ဗျားတို့က သေချင်နေမှတော့ လိုက်ပို့ပေးမယ် "
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၅၀ )
ချန်ပီယံဆုကို ဒီအတိုင်း ရသွားတာလား
ယဲ့ဖန်သည် အမှန်တကယ် ဒေါသ ထွက်နေပြီ ဖြစ်သည်။
ထိုလူများ ဝိုင်းခံထားရလျှင်ပင် သူ ထိုမျှလောက်ထိ ဒေါသထွက်မည် မဟုတ်ချေ။
သို့သော် ယဲ့ဖန်၏ တန်ပြန်တိုက်ခိုက်မှုမှာ သူတို့ကို ဒေါသထွက်စေခဲ့ပြီး အထူးသဖြင့် ကျူးရှောင်ကျောင်းအား တိုက်ခိုက်နေသော လူခြောက်ယောက်မှာ ပို၍ ပြင်းထန်လာတော့သည်။
အရှိန်အဟုန်ဖြစ်စေ၊ အင်အားပဲဖြစ်စေ သူတို့အားလုံးသည် ကြောက်စရာကောင်းနေကြသည်။
ကျူးရှောင်ကျောင်း၏ ပျော့ပျောင်းသော ခန္ဓာကိုယ်ဖြင့် သူမသည် ထိုလူတို့ကို တိုက်မိလျှင် သူမသည် ပြင်းထန်စွာ ဒဏ်ရာရခြင်း သို့မဟုတ် အန္တရာယ်ပင် ဖြစ်နိုင်သည်။
အမှန်တကယ် အသက်အန္တရာယ်ရှိသည့် ကစားပွဲတစ်ခုဖြစ်သည်။
ထိုလူအုပ်စု၏ ရက်စက်ယုတ်မာမှုသည် ကမ်းကုန်လွန်းလှသည်။
ယဲ့ဖန်၏ မျက်လုံးများသည် သတ်ဖြတ်လိုစိတ်ဖြင့် တောက်ပလာသည်။
သူသည် ရုတ်တရက် ကျူးရှောင်ကျောင်းကို ဆွဲထုတ်ပြီး သူမအား တိုက်ခိုက်နေသည့် လူတစ်ယောက်အား ဝင်တိုက်လိုက်သည်။
ဒုန်း
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သူတို့နှစ်ဦး အချင်းချင်း တိုက်မိသွားသည်။
" အား ...... "
ထိုလူသည် အော်ဟစ်ပြီး လေးငါးမီတာအကွာသို့ ပျံကျသွားသည်။
မြေပြင်ပေါ်သို့ လဲကျသွားပြီးနောက် အော်ဟစ်ငိုကြွေးတော့သည်။
လူတိုင်း လှည့်ကြည့်လိုက်သည့်အခါ သူတို့မျက်လုံးများ ပေါက်ထွက်လာမတတ် ဖြစ်ကုန်သည်။
ထိုအမျိုးသား၏ ညာဘက်ပေါင်ခြေရင်းရှိ အရိုးများသည် အဆစ်လွဲသွားတော့သည်။
ကြီးမားသောအရိုးကြီးပင် ငေါထွက်သွားပြီး အရိုးအပိုင်းအစများပင် ထွက်လာခဲ့သည်။
ထိုမြင်ကွင်းအား အခြားပြိုင်ပွဲဝင်များ မြင်ပြီး အားလုံး ကြောက်လန့်သွားကြသည်။
" ဒါက… ဒါက ကစားနေတာရော ဟုတ်သေးရဲ့လား "
" ဒါက လူသတ်ဂိမ်းလား "
တချို့မှာ အလွန်ကြောက်ပြီး ခြေထောက်များ အားနည်းသွားကြသည်။
ဘယ်သူကမှ သူတို့ကို မထိခင်မှာပင် သူတို့ဘာသာ မြေပြင်ပေါ်သို့ လဲကျပြီး ပြန်ဆုတ်သွားကြသည်။
လူများစွာသည် လက်မြှောက်အရှုံးပေးလိုက်ကြသည်။
" အရှုံးကို ဝန်ခံပါတယ်၊ ရှုံးတာကို ဝန်ခံပါတယ် ...... "
ထိုသည်က အလွန်ကြောက်ဖို့ကောင်းနေသည်။
ကစားပွဲတစ်ခုအတွက် သူတို့၏ အသက်ကို စွန့်စားရသည်မှာ မထိုက်တန်ချေ။
တခဏအတွင်း ပါဝင်သူ ထက်ဝက်ကျော်မှာ ပျောက်ကွယ်သွားတော့သည်။
သူတို့အားလုံးသည် ယဲ့ဖန်တို့ကို အဝေးမှ ကြည့်နေကြသည်။
ယဲ့ဖန်နှင့် အနီးပတ်ဝန်းကျင်ရှိ အဖွဲ့အနည်းငယ်သည်လည်း အံ့အားသင့်သွားကြသည်။
သွားကြားထိုးတံကဲ့သို့ ကောင်လေးသည် ကြွက်သားတောင့်တင်းသော အမျိုးသားတစ်ဦး၏ ပေါင်ကို အမှန်တကယ်ပင် ချိုးနိုင်နေသည်။
ဒါက သားရဲကြီးပဲ။
သူတို့သည် ယဲ့ဖန်ကို ထိတ်လန့်စွာ ကြည့်နေကြပြီး သူတို့၏ မျက်လုံးများသည် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
သို့သော် ယဲ့ဖန်မှာတော့ သူတို့ကို ထိတ်လန့်တုန်လှုပ်စေရန် အချိန်အများကြီး မပေးခဲ့ချေ။
ထိုလူကို ပျံသန်းစေလိုက်ပြီးနောက် အခြား 'သားကောင်'ကို တိုက်ရိုက် ခုန်အုပ်လိုက်သည်။
ဘုန်း
ဘုန်း
ဘုန်း
နောက်ထပ် ပေါက်ကွဲမှု သုံးကြိမ်ဆက်တိုက် ထွက်ပေါ်လာသည်။
ထိုလူများသည် လေထဲသို့ ပျံတက်သွားကြသည်။
သူတို့သည် ရှေ့ကလူနှင့် တူညီသော အခြေအနေတွင် ရှိနေကြသည်။
ခြေထောက်အရိုးများ ကျိုးကုန်ကြပြီး သွေးများ အန်ထွက်ကုန်သည်။
ကွင်းတစ်ခုလုံး ညည်းတွားမြည်ကြွေးသံများမှာ လှိုင်းလုံးကြီးကဲ့သို့ မြည်လာပြီး လူတိုင်း၏ ဦးရေပြားကို ထုံကျင်သွားစေသည်။
ယဲ့ဖန်သည် ကျန်သည့်လေးယောက်ကို လှည့်ကြည့်လိုက်သည်။
သူတို့လေးယောက်မှာ ယဲ့ဖန်မှ ကြည့်နေသည်ကို မြင်ပြီး တစ်ချိန်တည်းမှာပင် တုန်လှုပ်သွားကြသည်။
" အရှုံးကို ဝန်ခံပါတယ်။ အရှုံးပေးပါတယ် .... "
" အရှုံးပေးပါတယ်။ လက်မြှောက်ပါပြီ "
" မပြိုင်ပါဘူး၊ မပြိုင်တော့ပါဘူး .... "
သူတို့ထဲမှ လူတစ်စုသည် အထက်မှ ပေးခဲ့သည့် တာဝန်ကိုပင် မေ့သွားကာ ခြေထောက်များချပြီး လှည့်ထွက်ပြေးကြသည်။
ယဲ့ဖန်သည် သူတို့နောက်ကို မလိုက်ချေ။
သူသည် အခြားပြိုင်ပွဲဝင်များကို လှည့်ကြည့်သည်။
ပြိုင်ပွဲဝင်များမှာ သူ၏အကြည့်ကို တွေ့လိုက်ပြီးနောက် သူတို့၏ နှလုံးသားများ ခုန်ပေါက်သွားကြသည်။
ယဲ့ဖန်နှင့် အကြည့်ဆုံသွားသော ကစားသမားများအားလုံးသည် ခြေထောက်များကို အလျင်စလိုချပြီး လက်ကို မြှောက်လိုက်ကြသည်။
" အရှုံးပေးပါတယ် ..... "
တခဏချင်းမှာပင် ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းမှလွဲ၍ တခြားအသင်းများအားလုံး အရှုံးပေးသွားကြသည်။
ထိုသည်ကြောင့် ယဲ့ဖန် စိတ်ရှုပ်သွားသည်။
ဒါက ပြိုင်ပွဲတစ်ခုလေ။
ခင်ဗျားတို့တွေ ဒီထက်ပိုပြီး သန်မာသင့်တယ်မလား။
တစ်ဖက်၌ ကျူးရှောင်ကျောင်းသည် အလွန်စိတ်လှုပ်ရှားနေသည်။
" ယဲ့ဖန်၊ ငါတို့ နိုင်သွားပုံပဲ "
ယဲ့ဖန် အစောပိုင်း၌ ပြသခဲ့သော ကြောက်မက်ဖွယ် စွမ်းအားကြောင့် သူမသည် ထိတ်လန့်တုန်လှုပ်သွားသော်လည်း သူမသည် ယဲ့ဖန်နှင့်အတူ ချောင်ရှင်းဂိုဏ်းမှ လူရာပေါင်းများစွာ၏ ဝိုင်းရံခြင်းကို ကြုံတွေ့ခဲ့ရသူတစ်ဦး ဖြစ်သည်။
သူမသည် ကမ္ဘာကြီးကို မြင်ဖူးသည်ဖြစ်၍ သူမသည် ဤမျှသေးငယ်သော တိုက်ပွဲကြောင့် ထိတ်လန့်နေမည် မဟုတ်ပေ။
ဆန့်ကျင်ဘက်အနေနှင့် ပြိုင်ဆိုင်မှုမရှိဘဲ အနိုင်ရခဲ့၍ ပိုပျော်လေသည်။
ယဲ့ဖန်သည်လည်း အားကိုးရာမဲ့သော အမူအရာ ရှိနေသည်။
" ဒီလိုပဲလား။ ကိုယ်တို့ ချန်ပီယံဆု ရသွားပြီလား။ စိန်ခေါ်ရတာတွေတောင် လုံးဝ မရှိလိုက်ဘူး "
ကျူးရှောင်ကျောင်း၏ မျက်နှာမှာ တုန်လှုပ်သွားသည်။
" နင် ဒီလောက်ထိ ကြီးကျယ်ခမ်းနားပြီး မနေလို့ မရဘူးလား။ တခြားသူတွေ ကြားရင် သူတို့ စိတ်ထိခိုက်မှာ မဟုတ်ဘူးလား "
သူတို့နှစ်ယောက်သည် မည်သို့ပင်တွေးနေပါစေ သူတို့သာ ကွင်းထဲ၌ တစ်သင်းတည်းအဖြစ် ကျန်နေခဲ့သည်။
ချန်ပီယံဆုသည် အငြင်းပွားဖွယ်ရာ မရှိခဲ့ပေ။
ဒိုင်လူကြီးသည် သူဌေးအား အမြန်ဆက်သွယ်ပြီး ဘာလုပ်ရမည်လဲဆိုတာ မေးလိုက်သည်။
ထိုအချိန်တွင် မဏ္ဍပ်ထဲ၌ ရှိနေသော ရှင်းကျီဖင်းသည် ရူးခါသွားတော့မည်။
" ချီး၊ ဒီနတ်ဆိုးက ဘယ်က ရောက်လာတာလဲ။ ငါ့ကို လာနောက်နေတာလား "
အတွင်းရေးမှူးသည် ချွေးများကို သုတ်ပြီး ယဲ့ဖန်ကို သေချာစွာ ကြည့်လိုက်သည်။
" အကြီးအကဲရှင်း၊ အခု ကျွန်တော်တို့ ဘာလုပ်သင့်လဲ "
ရှင်းကျီဖင်းသည် ဒေါသကြီးနေသော သားရဲတစ်ကောင်ကဲ့သို့ သူ့ကို စိုက်ကြည့်နေသည်။
" မင်းက ငါ့ကို မေးနေတာလား။ ချီး၊ ငါက
ဘယ်လိုလုပ် သိမှာလဲ "
အတွင်းရေးမှူးမှာ မျက်နှာပျက်သွားတော့သည်။
" သူတို့က ပြိုင်ပွဲထဲမှာ ကျန်တဲ့ တစ်ခုတည်းသော အသင်းပါ။ လက်စားချေချင်ရင်တောင် ကျွန်တော်တို့ ဘာမှ လုပ်လို့မရဘူး "
ရှင်းကျီဖင်းသည် သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် တွန်းအားပေးလိုက်သည်။
မှုန်မှိုင်းနေသော မျက်လုံးများမှာ ဆက်တိုက် လှည့်ပတ်နေပြီး နောက်ဆုံး၌ အံကြိတ်လိုက်သည်။
" ငါတို့ လက်စားချေလို့ မရမှတော့ သူတို့ကို ချန်ပီယံဆု ပေးလိုက် "
အတွင်းရေးမှူးမှာ ထိတ်လန့်သွားသည်။
" အကြီးအကဲရှင်း၊ ချန်ပီယံဆုက ယွမ် သန်း၁၀၀ ဖြစ်တဲ့အပြင် သူတို့ကို လျော်ကြေးငွေ ယွမ်သန်း၃၀၀ပေးရမှာဆိုတော့ စုစုပေါင်း ယွမ်သန်း၄၀၀ပါ "
ရှင်းကျီဖင်းသည် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် အံကြိတ်လိုက်သည်။
" ဒါဆို ငါတို့က ပိုက်ဆံမပေးရရင် ဘာလုပ်လို့ရမှာလဲ "
အတွင်းရေးမှူးသည် ထိုစကားကြောင့် စကားပျောက်သွားရသည်။
သူသည် အခြားရွေးချယ်စရာ မရှိတော့ချေ။
ရှင်းကျီဖင်းသည် သူ့အကြည့်ကို ကွင်းဆီသို့ ပြန်လှည့်လာပြီး သူ့မျက်လုံးများ၌ ရက်စက်မှု အရိပ်အယောင်များ ပေါ်လာသည်။
" သူတို့ကို အပိုဆုကြေးအနေနဲ့ လျော်ကြေးငွေ ပေးနိုင်ပေမယ့် ငွေတွေကို သိမ်းနိုင်မလားဆိုတာကတော့ သူတို့ရဲ့ အသက်ရှည်လား၊ မရှည်လားဆိုတဲ့အပေါ် မူတည်တယ် "
အတွင်းရေးမှုး၏ မျက်လုံးများမှာ တောက်ပလာပြီး သူ့မျက်နှာ၌ ကောက်ကျစ်သော အပြုံးတစ်ခု တောက်ပလာသည်။
" ကျွန်တော် အခုဆင်းပြီး စီစဉ်ပေးပါ့မယ် "
ဒိုင်လူကြီးများထံမှ အမှာစာ အမြန်လက်ခံရရှိပြီးနောက် ပွဲပြီးဆုံးကြောင်း ချက်ချင်းကြေငြာခဲ့သည်။
ပွဲစီစဉ်သူသည် ပြုံးရွှင်စွာဖြင့် ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းဆီသို့ လျှောက်သွားတော့သည်။
" ဟားဟားဟား၊ ဒီပြိုင်ပွဲမှာ အနိုင်ရတဲ့အတွက် မင်းတို့နှစ်ယောက်ကို ဂုဏ်ပြုပါတယ် "
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၅၁ )
နိုင်ထားတဲ့ပိုက်ဆံ ဘာလို့ ပြန်ပေးရမှာလဲ
ထိုစကားကို သူမ ကြားသောအခါ ကျူးရှောင်ကျောင်းသည် ယဲ့ဖန်ကို ပွေ့ဖက်လိုက်ပြီး ခုန်ပေါက်နေလိုက်သည်။
အမှန်တကယ်၌ သူမသည် ဆုငွေများကို သိပ်၍ ဂရုမစိုက်ချေ။
အဓိကမှာ ပါဝင်သူပေါင်း တစ်ထောင်ကျော်ရှိသည့် ကစားပွဲတစ်ခု၌ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့၍ အလွန်ဂုဏ်ယူမိခြင်းသာ ဖြစ်သည်။
ထို့အပြင် သူမသည် ဘာမှမလုပ်ဘဲ အနိုင်ရခဲ့သည်။
အပါးခို၍ နိုင်ခဲ့သော်လည်း နိုင်ပွဲမှာ နိုင်ပွဲသာဖြစ်သည်။
လောင်းကစားပရိသတ်များမှာ လက်ခုပ်သြဘာ ပေးနေကြသော်လည်း ရွှင်မြူးခြင်း မရှိကြပေ။
သူတို့ လောင်းခဲ့သည့် ပြိုင်ပွဲဝင် အားလုံးသည် ဖယ်ထုတ်ခံလိုက်ရသည်။
ဆန့်ကျင်ဘက်အနေဖြင့် ယဲ့ဖန် နှင့် ကျူးရှောင်ကျောင်းတို့သည် ချန်ပီယံဆုကို ဆွတ်ခူးခဲ့ကြသည်။
ထိုသည်က ပရိသတ်ကို စိတ်ညစ်စေခဲ့သည်။
သို့သော် သူတို့ ပျော်သည်ဖြစ်စေ၊ မပျော်သည်ဖြစ်စေ၊ ထိုသည်က အမှန်တရားသာ ဖြစ်သည်။
ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့သည် လူတိုင်း၏ အကြည့်များအောက်တွင် စင်မြင့်ပေါ်၌ ရပ်နေခဲ့ကြသည်။
ဆုပေးပွဲမှာ အလွန်ခမ်းနားလေသည်။
ဆုတံဆိပ်နှင့် အောင်လက်မှတ်များ ချီးမြှင့်ခြင်းသာမက သန်း၁၀၀ဆု ကိုယ်စားပြုသည့် ဘုတ်ပြားကြီးလည်း ပါဝင်သည်။
ယဲ့ဖန်သည် ထိုအသုံးမကျသော အရာများကို သိပ်ဂရုမစိုက်ချေ။
ဆုပေးပွဲ အခမ်းအနားသို့ တက်ရောက်ပြီးနောက် ဆုငွေများကို ထုတ်ယူရန် စီစဉ်သူထံသွားခဲ့သည်။
ပွဲစီစဉ်သူများမှာလည်း အလွန်ရိုးစင်းလှသည်။
ဆုကြေးငွေအဖြစ် ယွမ် သန်း၁၀၀နှင့် လျော်ကြေးအဖြစ် ယွမ် သန်း၃၀၀တို့အား တိုက်ရိုက် လွှဲပြောင်းပေးခဲ့သည်။
စုစုပေါင်း သန်း၄၀၀အား ယဲ့ဖန်အကောင့်ထဲသို့ လွှဲပြောင်းပေးခဲ့သည်။
ထိုသည်က ယဲ့ဖန်ကို အလွန်ပျော်သွားစေသည်။
ကျူးရှောင်ကျောင်းသည်လည်း မနာလိုဖြစ်မိသည်။
သူမသည် ချက်ချင်းပင် ယဲ့ဖန်ကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။
" ငါ့ဝေစုက ဘယ်မှာလဲ "
ယဲ့ဖန် နားမလည်ဟန်ဆောင်လေသည်။
" မင်းရဲ့ဝေစုဆိုတာ ဘာကိုဆိုလိုတာလဲ "
ကျူးရှောင်ကျောင်းမှ မကျေမနပ် ညည်းတွားလိုက်သည်။
" ဒီဆုကြေးတွေက ငါတို့နှစ်ယောက်လုံးအတွက်လေ။ နင်တစ်ယောက်တည်း အားလုံးကို ယူဖို့ စဉ်းစားထားတာတော့ မဟုတ်ဘူးမလား "
ယဲ့ဖန်သည် သူမအား အထင်သေးစွာဖြင့် ကြည့်လိုက်သည်။
" ဒီဆုက ပြိုင်ပွဲဝင်ရဲ့ ထောက်ပံ့ပေးမှု အမှတ်များအတိုင်း ခွဲဝေပေးရမှာ။ မင်းက ဘာကို အရင်ဦးဆောင်ပြီး ပံ့ပိုးပေးခဲ့လဲ ပြောကြည့်လိုက် "
" ငါ ...... "
မမလေးကျူးသည် စကားမပြောနိုင် ဖြစ်သွားရသည်။
သူမသည် ဝန်ထုပ်ဝန်ပိုး ဖြစ်ရုံမှလွဲ၍ အခြားဘာမှ ပံ့ပိုးပေးစရာ မရှိချေ။
" ဘာပဲဖြစ်ဖြစ် ငါတို့က အသင်းဖော်တွေပဲ။ အနည်းဆုံးတော့ ငါ့ကို နည်းနည်းလောက်ပေးသင့်တယ် "
ယဲ့ဖန်သည် ဆုနှင့် လက်မှတ်ကို သူမအား ပေးလိုက်သည်။
" ဒါတွေအားလုံး မင်းပိုင်တယ်။ သူတို့ကို ဂုဏ်ယူယူနဲ့ အိမ်ပြန်ယူသွားနိုင်တယ် "
ကျူးရှောင်ကျောင်းသည် ရွံရှာစွာဖြင့် ဘေးသို့ ပစ်ချလိုက်သည်။
" မလိုချင်ဘူး။ ပိုက်ဆံပဲ လိုချင်တယ်။ ယွမ်၁၀၀ပဲ ပေးရင်တောင် အဆင်ပြေတယ် "
ယဲ့ဖန် ခေါင်းယမ်းလိုက်သည်။
" တစ်ယွမ်တောင် မရဘူး "
ကျူးရှောင်ကျောင်း လွှတ်မပေးချေ။
" ကပ်စေးကုတ်လိုက်တဲ့ ယဲ့ဖန်၊ နင် အရမ်းလွန်တယ်။ နင် ငါ့ကို ယွမ်၁၀၀တောင် မသထာဘူး ..... "
သူတို့နှစ်ယောက်သည် လှည့်ပတ်ကြည့်ရင်းဖြင့် လူတစ်ယောက်သည် ရုတ်တရက် လမ်းလျှောက်လာပြီး သူတို့ရှေ့၌ ရပ်လိုက်သည်။
ယဲ့ဖန် ကြည့်လိုက်သည်။
" တစ်ခုခု ရှိလို့လား "
ထိုလူသည် ချက်ချင်းပင် သူတို့အား အပြုံးဖြင့် နှုတ်ဆက်လာသည်။
" ကျွန်တော်တို့ရဲ့အကြီးအကဲရှင်းက မင်းတို့နှစ်ယောက်နဲ့ ဆွေးနွေးစရာရှိပါတယ်။ အကြီးအကဲရှင်းက ဒီကစားပွဲကို စီစဉ်သူပါ "
ယဲ့ဖန် ရယ်မောလိုက်သည်။
" သူနဲ့ ဘာအကြောင်း ပြောစရာရှိလို့လဲ "
ထိုလူက သူ့ကို ပြုံးပြနေသေးသည်။
" ကျွန်တော်တို့ရဲ့ အကြီးအကဲရှင်းက မင်းရဲ့ အရည်အချင်းတွေကို သဘောကျပြီး မင်းတို့နှစ်ယောက်နဲ့ ခင်မင်ချင်တာပါ "
ကျူးရှောင်ကျောင်းသည် ပွဲစီစဉ်သူအား အထင်ကြီးခြင်းမရှိ၍ ချက်ချင်းပင် ငြင်းဆန် ပြောဆိုလိုက်သည်။
" တောင်းပန်ပါတယ်၊ ကျွန်မတို့က သူနဲ့ သူငယ်ချင်း မဖြစ်ချင်ဘူး "
ထိုသို့ပြောပြီးနောက် သူမသည် ယဲ့ဖန်ကို ဆွဲကာ ထွက်သွားရန် လုပ်သည်။
သို့သော် ထိုလူသည် သူတို့နှစ်ယောက်ရှေ့၌ ထပ်၍ ပိတ်ရပ်နေသေးသည်။
" ကျွန်တော်က အမိန့်အတိုင်း လုပ်နေတာပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို အခက်အခဲဖြစ်အောင် မလုပ်ပါနဲ့ "
ကျူးရှောင်ကျောင်း လှည့်ထွက်သွားတော့မည် ဖြစ်သည်။
သို့သော် ယဲ့ဖန် သူမကို တားလိုက်ပြီး ထိုလူကို အေးစက်စွာ ကြည့်နေခဲ့သည်။
" သူက ကျွန်တော်တို့ကို ပြောစရာရှိတယ်ဆိုရင် သူ့ဟာသူ လာခိုင်းလိုက် "
ထိုလူသည် မျက်မှောင်ကြုတ်ကာ ဘေးနားသို့ လျှောက်သွားသည်။
သူသည် နားကြပ်ထဲသို့ တိုးတိုးလေးပြောလိုက်သည်။
ခဏအကြာ၌ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး လျင်မြန်စွာ လျှောက်လာခဲ့သည်။
" ဟားဟားဟား၊ မင်းတို့နှစ်ယောက် အဆင်ပြေလား။ ငါက ဒီဂိမ်းကို စီစဉ်တဲ့သူ ရှင်းကျီဖင်းပါ။ မင်းတို့နှစ်ယောက်ကို တွေ့ရတာ ဝမ်းသာပါတယ် "
သူသည် ပြောနေရင်းဖြင့် သူ့လက်ကို ဆန့်ထုတ်ရန် အစပြုခဲ့သည်။
ယဲ့ဖန် တစ်ချက်ကြည့်လိုက်သည်။
သူသည် လက်ဆွဲနှုတ်ဆက်ရန် မရည်ရွယ်ထားချေ။
" အကြီးအကဲရှင်း၊ ခင်ဗျားက ဒီကစားပွဲကို ကောင်းကောင်း ဖန်တီးခဲ့တာပဲ။ ကစားပွဲတွေကိုယ်တိုင်က ခက်ခဲတဲ့အပြင် ခင်ဗျားကလည်း ကျွန်တော်တို့အတွက် အံ့အားသင့်စရာတွေ အများကြီး ဖန်တီးပေးခဲ့တယ် "
ယဲ့ဖန်၏ စကားများသည် ညစ်ညမ်းသောလှည့်ကွက်များ ကစားခြင်းအတွက် တစ်ဖက်သားကို လှောင်ပြောင်နေပုံရသည်။
သို့သော်လည်း ရှင်းကျီဖင်းသည် သူ၏ ပုတ်ခတ်ပြောဆိုမှုကို မကြားသလိုဖြစ်နေသည်။
" ဟားဟား၊ အတိအကျပြောရရင် မင်းတို့နှစ်ယောက်က ပိုထူးချွန်နေ ခက်နေတာပါ "
ယဲ့ဖန် ခေါင်းငုံ့ပြီး နာရီကို ကြည့်လိုက်သည်။
သူ အနည်းငယ် စိတ်မရှည်တော့ချေ။
" ခင်ဗျား ပြောစရာရှိရင် မြန်မြန်ပြော ကျွန်တော်တို့ သွားစားစရာ ရှိသေးတယ် "
ရှင်းကျီဖင်း ချက်ချင်း တောင်းပန်ပြီး ပြုံးလိုက်သညိ။
" ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ ပြိုင်ပွဲက တော်တော်လေးကို ကြာနေတော့ မင်းတို့နှစ်ယောက် ဗိုက်ဆာနေလောက်ပြီ။ ငါ မင်းတို့နှစ်ယောက်ကို ဂုဏ်ပြုပေးဖို့ ဟိုတယ်မှာ ဧည့်ခံပွဲ ပြင်ပြီးပါပြီ။ မင်းတို့နှစ်ယောက်က မျက်နှာပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် "
ယဲ့ဖန် ရယ်မောလိုက်သည်။
" အဲ့လိုလုပ်ဖို့ မလိုပါဘူး။ သန်း၄၀၀တောင် ရထားပြီးပြီ။ ပျော်ဖို့ ယန်းချန်မြို့ရဲ့ ဘယ်နေရာကိုမဆို သွားနိုင်တယ် "
ရှင်းကျီဖင်းသည် 'သန်း၄၀၀' ဟူသော စကားကို ကြားသောအခါ သူ့မျက်နှာမှာ ချက်ချင်းပင် တုန်လှုပ်သွားသည်။
ဤပြိုင်ပွဲအား ကျင်းပရန် သူသည် ငွေအများအပြား အကုန်ကျခံခဲ့ရသည်။
ဝန်ထမ်းများနှင့် နေရာအသီးသီးမှ ရင်းနှီးမြုပ်နှံမှုအပြင် ကုန်ကျစရိတ်မှာ အနည်းဆုံး သန်း၁၀၀ ဖြစ်သည်။
ဤတစ်ကြိမ်၌ ကစားပွဲမှ ရငွေ သန်း၃၀၀ကျော် ရှိခဲ့သည်။
သူ၏ မူလအစီအစဉ်အရ ဖြစ်ပါလျှင်မူ ယွမ်သန်း၂၀၀ အနည်းဆုံး ဝင်ငွေရနိုင်သည်။
သို့သော် ယဲ့ဖန်၏ ရုတ်ချည်း အသွင်အပြင်ကြောင့် သူ့အစီအစဉ်မှာ လုံးဝပျက်စီးသွားရသည်။
အခုအခါ သူသည် ပိုက်ဆံမရသည့်အပြင် နောက်ထပ် သန်း၂၀၀လည်း ဆုံးရှုံးခဲ့သည်။
ထိုသည်ကို တွေးမိရုံနှင့် သူ့နှလုံးသားမှာ နာကျင်လာသည်။
သို့သော်လည်း သူသည် တောင်းပန်စကားဆိုကာ ဆက်လက် ပြုံးနေခဲ့သည်။
" ဒါပေါ့ မင်းမှာ ပိုက်ဆံအများကြီးရှိနေပြီ။ အချိန်မရွေး၊ နေရာမရွေး စားလို့ရတယ်။ အလျင်စလို မရှိပါဘူး "
" မင်းတို့နှစ်ယောက်နဲ့ ဆွေးနွေးစရာရှိလို့ပါ။ မင်းနှစ်ယောက်လုံး ငြင်းမှာမဟုတ်ဘူးလို့ ငါမျှော်လင့်တယ် "
ယဲ့ဖန်သည် သူ့ထောင်ချောက်ထဲသို့ ကျမသွားပေ။
" ခင်ဗျား ပြောစရာရှိရင် ဒီမှာပြော "
ရှင်းကျီဖင်းသည် တစ်ဖက်သား၏ ခိုင်မာသော သဘောထားကို မြင်ပြီးနောက် ဒေါသထွက်ကာ ထိန်း၍ မနေနိုင်တော့ပေ။
" ဟူး၊ ယဲ့လူကြီးမင်းလည်း ဒီလို ပြိုင်ပွဲမျိုး ကျင်းပရတာ ဘယ်လောက် ခက်ခဲလဲ ဆိုတာ သိထားသင့်ပါတယ်။ ချိတ်ဆက်ရတာတွေ ဆောက်လုပ်ရေးတွေ၊ နေရာငှားတာတွေ၊ ဝန်ထမ်းတွေအတွက် သန်း၂၀၀ထက် မနည်း သုံးစွဲခဲ့ရတာပါ "
ယဲ့ဖန် စိတ်မရှည်စွာ ဖြတ်တားလိုက်သည်။
" အဲ့တာက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ "
ရှင်းကျီဖင်းသည် နှစ်ခါမျှ ချောင်းခြောက်ဟန့်လိုက်သည်။
" ဒီတစ်ကြိမ်မှာ ဆုံးရှုံးမှု ကြီးကြီးမားမားကို ခံစားခဲ့ရတယ်လို့ ပြောချင်တာပါ။ ကျွန်တော်သန်းတစ်ရာ မရခဲ့တဲ့အပြင် သန်းရာနဲ့ချီပြီး ဆုံးရှုံးခဲ့ရပါတယ် ..... "
ယဲ့ဖန်၌ အေးစက်သော အပြုံးတစ်ခုရှိနေသည်။
" အဲ့တာက ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး "
ရှင်းကျီဖင်း မျက်နှာပေါ်ရှိ အပြုံးသည် တဖြည်းဖြည်း မှေးမှိန်သွားသည် ။
" တကယ်တော့ အဲ့တာက မင်းနဲ့မဆိုင်ဘူး။ အဲ့တာက ...... "
ယဲ့ဖန် ဆက်၍ မထိန်းနိုင်တော့ချေ။
" ခင်ဗျား ပြောချင်တာကိုပဲ ပြောလို့ရမလား။ ခင်ဗျားနဲ့ အချိန်မဖြုန်းချင်တော့ဘူး "
ရှင်းကျီဖင်းsအပြုံးသည် လုံးဝ ပျောက်ကွယ်သွားတော့သည်။
" ငါပြောချင်တာက ယဲ့လူကြီးမင်း ပိုက်ဆံကို ငါ့ဆီ ပြန်ပေးနိုင်မလား "
" အကုန်ပြန်ပေးစရာ မလိုပါဘူး။ သန်း၃၀၀ပဲ ပေးရမှာပါ "
" မင်းက ကစားပွဲထဲ ဝင်လာပြီး သန်း၁၀၀ ဝင်ငွေရပြီးပြီ။ အဲ့ငွေက မင်းတစ်သက်လုံး သက်တောင့်သက်သာနေဖို့ လုံလောက်တယ် "
ယဲ့ဖန်သည် သူ့စကားကြောင့် အူမြူးသွားသည်။
" ဟားဟားဟား၊ ကြားလိုက်တာမှ ဟုတ်ရဲ့လား။ ခင်ဗျားက ပိုက်ဆံပြန်အမ်းပေးစေချင်တာလား။ ကိုယ်ပိုင်အစွမ်းအစနဲ့ ရထားတဲ့ ပိုက်ဆံကို ဘာလို့ ပြန်ပေးရမှာလဲ "
ရှင်းကျီဖင်း မျက်မှောင်ကြုတ်လိုက်သည်။
" သူငယ်ချင်း ဖြစ်ကြရအောင်။ ငါ့ဆီ ပိုက်ဆံကို ပြန်ပေးလိုက်။ နောက်ယန်းချန်မြို့မှာ တစ်ခုခုကြုံခဲ့ရင် ငါ့ကို လာရှာလိုက်။ မင်းကို သေချာဖြေရှင်းပေးမယ် "
ယဲ့ဖန် ရယ်မောလိုက်သည်။
" မလိုပါဘူး။ ကိုယ်တိုင်ဖြေရှင်းနိုင်တယ်။ ခင်ဗျားမှာ ပြောစရာမရှိတော့ရင် အရင်ပြန်လိုက်မယ် "
ထိုသို့ဖြင့် သူသည်ဘကျူးရှောင်ကျောင်းကို ဆွဲခေါ်လိုက်သည်။
" ပိုက်ဆံမထားခဲ့ရင် မင်း ထွက်မသွားနိုင်လောက်မှာကို ငါတော့ စိုးရိမ်မိတယ် "
ထိုအချိန်၌ ရှင်းကျီဖင်းမှ တစ်စုံတစ်ခု ပြောလိုက်သည်ကို သူ ကြားလိုက်ရသည်။
ဝူး
သူ စကားပြောပြီးသည်နှင့် အနက်ရောင်ဝတ်စုံ ဝတ်ထားသော လူဆယ်ကျော်ကျော်သည် ယဲ့ဖန်တို့ကို ဝိုင်းရံရန် နှစ်ဖက်စလုံးမှ ပြေးထွက်လာသည်။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၅၂ )
မမေ့နဲ့၊ ခင်ဗျားကမှ လူဆိုး
ယခုအချိန်၌ မပြန်ကြသေးသော ကစားသမားများနှင့် လောင်းကစားသမားများ အနည်းငယ်လည်း ရှိနေသေးသည်။
သူတို့သည် ဘာဖြစ်နေမှန်း မသိကြဘဲ တုန်လှုပ်ချောက်ချားစွာဖြင့် ရပ်ကြည့်နေခဲ့ကြသည်။
ယဲ့ဖန် လှည့်မကြည့်ပေ။
သူသည် အေးစက်စွာဖြင့်သာ မေးလိုက်သည်။
" အကြီးအကဲရှင်း၊ ခင်ဗျားက ဘာကို ဆိုလိုတာလဲ "
ရှင်းကျီဖင်းသည် သူ့အစွယ်တွေကို အပြည့်အ၀ ထုတ်ထားသလို ဖြစ်နေပြီး ယဲ့ဖန်ကို ပြင်းထန်စွာ ကြည့်နေလိုက်သည်။
" ခွေးသား၊ ငါက မင်းကို ယဉ်ကျေးပေးနေတာကို မင်းက မင်းအတွက် ဘာကောင်းလဲဆိုတာ မသိတဲ့သူပဲ "
" မသေချင်ရင် ပိုက်ဆံပြန်ပေး "
ကျူးရှောင်ကျောင်းသည် သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
" ရှင်ပြောတာ သိပ်တရားမလွန်ဘူးလား။ ကျွန်မတို့က ကိုယ့်အစွမ်းအစနဲ့ ဆုငွေတွေကို ရထားတာ။ ဘာလို့ ပြန်ပေးရမှာလဲ "
ရှင်းကျီဖင်းသည် ချက်ချင်းပင် ရက်စက်စွာ ရယ်မောလိုက်သည်။
" ဘာလို့လဲ၊ ဟုတ်လား။ ငါ့မှာ လူပိုများနေလို့။ မင်းထက်ငါက ပိုသန်မာလို့ပဲ။ မင်းကို စိတ်ရှိတာနဲ့ ငါက ချေမှုန်းနိုင်တယ် "
" ဒီအဖြေကို ကျေနပ်ရဲ့လား "
ကျူးရှောင်ကျောင်း ထူးဆန်းစွာ ပြုံးလိုက်သည်။
" အိုး၊ ကျွန်မ သိပြီ။ ဒါဆို ကျွန်မက ရှင့်ထက်ပိုပြီး သန်မာတယ်ဆိုရင် ကျွန်မက ရှင့်ကို စိတ်တိုင်းကျ အနိုင်ကျင့်လို့ရတယ် မဟုတ်လား "
ရှင်းကျီဖင်းသည် သူမကို ညွှန်ပြလိုက်သည်။
" မင်းက ထက်မြက်တာပဲ။ အားနည်းတဲ့သူဆိုတာ ဒီကမ္ဘာပေါ်မှာ သန်မာတဲ့သူတွေအတွက် သားကောင်ပဲ။ မင်းက ငါ့ထက် ပိုသန်မာတယ်ဆိုရင် ဒီတစ်ကြိမ် ငါ ရှုံးနိမ့်တယ်ဆိုတာ ဝန်ခံပေးမယ် "
ကျူးရှောင်ကျောင်း ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
ရုတ်တရတ် လက်နှစ်ဖက်ကို ပါးစပ်နားကပ်ကာ အော်လိုက်သည်။
" အစ်ကိုကျောက်၊ ကျွန်မကို ကယ်ပါဦး ...... "
ရှင်းကျီဖင်းနှင့် အခြားသူများမှာ ပဟေဠိဆန်သလို ဖြစ်သွားကြသည်။
ထိုအချိန် ရုတ်တရက် ကားအစီးရေ တစ်ဒါဇင်ကျော် ပေါ်လာသည်ကို မြင်လိုက်ရသည်။
ထိုကားများမှာ အလွန်လျင်မြန်ပြီး မျက်စိတစ်မှိတ်အတွင်း ရောက်လာသည်။
ဝူး ဝူး ကျွီ
ကားအစီးတစ်ဒါဇင်ကျော်သည် တညီတညွတ်တည်း ရပ်တန့်သွားကာ တံခါးများမှာလည်း တစ်ပြိုင်တည်း ပွင့်လာသည်။
ထို့နောက် စစ်စိမ်းရောင်လေ့ကျင့်ရေးယူနီဖောင်းနှင့် ဘွတ်ဖိနပ်စီးသည့် လူတစ်စု ကားပေါ်မှ ထွက်လာခဲ့သည်။
စုစုပေါင်း လူသုံးဆယ်မှ လေးဆယ်ခန့် ရှိပြီး တစ်ဦးချင်းစီသည် ရဲရင့်သော ကိုယ်ရောင်ဝါကို ထုတ်လွှတ်နေကြသည်။
စစ်မြေပြင်၌ နေဖူးသူများသာ ထိုကဲ့သို့ အရိပ်အယောင် ရှိကြသည်။
သူတို့သည် အရူးအနှမ်းသပ်သပ် မဟုတ်သည်မှာ သေချာလေသည်။
ထိုလူများသည် ရှင်းကျီဖင်း၏ လက်အောက်ငယ်သားများအား အရေအတွက်ဖြင့် ဖိနှိပ်နိုင်ရုံသာမက ဩဇာအရလည်း သူတို့ကို ဖိနှိပ်ထားနိုင်သည်။
ဦးဆောင်သူမှာ ကျူးရှောင်ကျောင်း၏ ကိုယ်ရံတော် ကျောက်ရှဝူဖြစ်သည်။
" မမလေးရဲ့ ဆံပင်တစ်ချောင်းကိုတောင် ထိရဲရင် သေခွင့်ပေးပါလို့ တောင်းပန်ခိုင်းမယ် "
ထိုလူတစ်စုသည် ရှင်းကျီဖင်းနှင့် သူ့အဖွဲ့ကို ဝိုင်းထားလိုက်တော့သည်။
ဧဝရတ်တောင်အောက်၌ အဖိခံလိုက်ရသလို ဖြစ်သွားသည့် ခံစားချက်ကြောင့် ထိုလူများမှာ ဘောင်းဘီထဲပင် ဆီးပါမတတ် ချက်ချင်း ကြောက်လန့်သွားကြသည်။
" မင်း ...... မင်း ဘာလုပ်နေတာလဲ။ မလာနဲ့နော် ရဲကို ဖုန်းဆက်လိုက်မယ် ..... "
ရှင်းကျီဖင်းသည် ကြောက်ရွံ့မှုကြောင့် သူ့ခြေထောက်နှစ်ချောင်းမှာ တုန်ယင်နေပြီဖြစ်သည်။
အစက သူသည် ဤလူငယ်လေးနှစ်ယောက်ကို အလွယ်တကူ ဖြေရှင်းနိုင်လိမ့်မည်ဟု သူ ထင်ခဲ့သည်။
သို့သော် သူတို့၏ နောက်ခံသည် ဤမျှထိတ်လန့်ဖွယ်ကောင်းလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ထို့အပြင် ထိုလူများ၏ နောက်ကျောများမှာ ဖောင်းကားနေသည်ကို သူ သတိပြုမိသည်။
ပုံသဏ္ဍာန်များအရ ထိုအရာများမှာ သေနတ်များ ဖြစ်နိုင်သည်။
သူ ဘယ်လိုလူကို စော်ကားမိတာလဲ။
သူသည် ပိုက်ဆံ အနည်းငယ် လိုချင်ရုံသာ ဖြစ်သည်။
ဒီလောက်ကြီးထိ တိုက်ခိုက်ဖို့ လိုလို့လား။
" ရဲခေါ်မလို့လား။ မမေ့နဲ့၊ ခင်ဗျားကမှ လူဆိုးပဲ "
ယဲ့ဖန် လှည့်ကြည့်ပြီး သူ့ကို လှောင်ပြောင်လိုက်ကာ Zhao ရှင်းwuဘက်ကို ပြန်လှည့်လိုက်သည်။
" သူတို့အတွက် အရမ်းခက်ခဲစေမယ့်အရာတွေ မလုပ်နဲ့။ ခြေထောက်တစ်ဖက်စီကို ချိုးလိုက် "
ထို့နောက် ကျူးရှောင်ကျောင်း၏ လက်ကို ဆွဲကာ ထွက်သွားရန်လုပ်သည်။
" အား .... "
ရှင်းကျီဖင်းနှင့် အခြားသူများ၏ အော်သံသည် အနောက်မှ ထွက်ပေါ်လာသည်။
ကျူးရှောင်ကျောင်း သည်းမခံနိုင်တော့ချေ။
" ငါတို့ မလွန်လွန်းဘူးလား။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ငါတို့ကို ဘာမှမလုပ်ဘူးလေ "
ယဲ့ဖန်သည် သူမ၏ ချောမွေ့သော နဖူးလေးကို တောက်လိုက်သည်။
" ဒါဆို မင်းရဲ့ထူးခြားတဲ့ နောက်ခံကြောင့်သာမဟုတ်ရင် မင်းကို ကာကွယ်ပေးတဲ့သူတွေ ရှိပါ့မလား။ တခြားသူသာဆိုရင် ဒီနေ့ ဘယ်လိုဖြစ်မှာလဲ "
ကျူးရှောင်ကျောင်းသည် ထိုအကြောင်းကို စဉ်းစားပြီးနောက် ချက်ချင်း ခေါင်းညိတ်လိုက်သည်။
" အဲ့တာက အဓိပ္ပါယ်ရှိတယ်။ ဒီလူတွေက အရမ်းဆိုးလွန်းတယ်။ အစ်ကိုZhaoက သူတို့ကို သင်ခန်းစာပေးလိမ့်မယ် "
" ဒီပြစ်ဒဏ်က လုံလောက်နေပြီ။ သူတို့က သန်း၄၀၀ ဆုံးရှုံးခဲ့ပြီးတော့ အခုလည်း ခြေထောက်ကျိုးရဦးမယ်။ ဒါကို သူတို့တစ်သက်လုံး မှတ်မိနေလိမ့်မယ် "
ကျူးရှောင်ကျောင်း သဘောပေါက်သွားသည်။
" အဲ့တာက အဓိပ္ပာယ်ရှိတယ် "
ယဲ့ဖန် ခေါင်းယမ်းကာ ပြုံးလိုက်သည်။
" ဒီမှာ ကိစ္စက ပြီးသွားပြီဆိုတော့ အခု ဘယ်မှာ စားမလဲဆိုတာ စဉ်းစားရအောင် "
" နေရာရွေးလို့ရတယ်။ ကိုယ် ကျွေးမယ် "
ကျူးရှောင်ကျောင်း၏ ဗိုက်သည် ဆာလောင်မှုကြောင့် တဟုန်ထိုး မြည်နေသည်။
သူ့စကားကို ကြားပြီးနောက် သူမမျက်လုံးများ တောက်ပလာသည်။
" နင်ကိုယ်တိုင် ပြောတာနော်။ ငါ ပွဲတော်ကြီး စားချင်တယ် "
မမလေးကျူး၏ ပွဲတော်ကြီးမှာ ဟော့ပေါ့ဖြစ်လေသည်။
" အား၊ အရသာရှိလိုက်တာ "
ကျူးရှောင်ကျောင်းသည် ပျော်ရွှင်စွာ စားသောက်နေစဉ် သူမ၏ပုံရိပ်ကို ဂရုမစိုက်ပေ။
သူမပါးစပ်သည် ဆီများဖုံးသွားပြီး ယဲ့ဖန်ကို ခေါ်ရန်လည်း မမေ့ချေ။
" ဘာလုပ်နေတာလဲ၊ အတူတူစားရအောင် "
ယဲ့ဖန်သည် ခြောက်ကပ်စွာ ရယ်လိုက်သည်။
" မင်းက ပွဲတော်တည်မယ်လို့ ထင်ခဲ့တာ။ မင်းက စားတာ ဒါပဲလား "
ကျူးရှောင်ကျောင်း အလုတ်ကြီးတစ်လုတ် စားလိုက်သည်။
" အဲ့လိုပွဲတော်မျိုးက ဘာကောင်းလို့လဲ။ ကျိကျိတက် ချမ်းသာတဲ့ သူဌေးတွေပဲ စားကြလိမ့်မယ် "
ယဲ့ဖန်သည် သူမစကားကြောင့် သီးမတတ် ဖြစ်နေသည်။
" ကောင်းပြီ၊ ကိုယ်က ကျိကျိတက် ချမ်းသာတဲ့သူဌေးပဲ ဟုတ်ပြီလား "
ကျူးရှောင်ကျောင်း သူ့ကို စိုက်ကြည့်လိုက်သည်။
" ဟုတ်တယ်၊ နင်က တရုတ်ပြည်ရဲ့ အကြီးဆုံး သူဌေးကြီးပဲ "
ယဲ့ဖန် ထိုစကားကို စဉ်းစားလိုက်သည်။
ထိုသည်မှာ မှန်ကန်ပုံရသည်။
တစ်နှစ်မပြည့်ခင်မှာပင် ဆင်းရဲလှသည့် ကလေးတစ်ယောက်အဖြစ်မှ သူသည် တောင်ပိုင်းကွမ်တုန်းပြည်နယ်ရှိ ထိပ်တန်းသူဌေးကြီးတစ်ယောက် ဖြစ်လာခဲ့သည်။
သူသည် အမှန်တကယ် ကျိကျိတက် ချမ်းသာသူ ဖြစ်သည်။
ထို့နောက် သူသည် အနည်းငယ် ဗိုက်ဆာလာသည်။
ကျူးရှောင်ကျောင်းမှ အလွန်ပျော်ရွှင်စွာ စားသောက်နေသည်ကို မြင်လိုက်ရသဖြင့် အလုတ်အနည်းငယ် စားလိုက်သည်။
" အင်း၊ ကိုယ် မင်းကို ပြောဖို့ မေ့နေတာ တစ်ခုရှိတယ်။ ကိုယ် ယန်းချန်မြို့ကနေ ခဏလောက် ထွက်ရမှာ။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်။ လျှောက်ပြီး မသွားနဲ့ "
ယဲ့ဖန် ထမင်းစားပြီးသည်နှင့် သူ့ပါးစပ်ကို စက္ကူဖြင့် သုတ်ကာ ကျူးရှောင်ကျောင်းကို သတိပေးလိုက်သည်။
" နင် ယန်းချန်မြို့ကနေ သွားမလို့လား။ ဘယ်သွားမလို့လဲ "
ကျူးရှောင်ကျောင်းသည် အလျင်အမြန် ဝါးနေသည်ကို ရပ်လိုက်ပြီး သူ့ကို ကြောင်အစွာ ကြည့်နေသည်။