← Chapters

အခန်း (၁၁၅၇-၁၁၆၀)

Vol. 58 Ch. 1157-1160

အခန်း (၁၁၅၇-၁၁၆၀)

Vol. 58 Ch. 1157-1160

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၁၅၇ )

ငါက ဘာလို့ အနံ့မရတာလဲ

လေယာဉ်မှာ စတင် ပျံသန်းထွက်ခွာတော့သည်။

ထိုမိန်းကလေးနှစ်ယောက် စကားပြောနေသည်မှာ ရပ်သွားသည်။

ထိုမှသာ ယဲ့ဖန် နောက်ဆုံး၌ နားအေးသွားရတော့သည်။

ယဲ့ဖန် အနားယူရန် မျက်လုံးမှိတ်ပြီး သူ၏ နောက်ထပ် လှုပ်ရှားမည့် အစီအစဉ်များကို တွေးရန် ပြင်လိုက်သည်။

ထိုအချိန် အနံ့ဆိုးတစ်ခုသည် သူ့နှာခေါင်းထဲသို့ ရုတ်ချည်း ဝင်ရောက်လာသည်။

ထိုအနံ့မှာ ကြာရှည်စွာ ပုပ်ပွနေပြီး တို့ဟူးအိုးထဲ၌ နစ်မြုပ်ထားသည့် ငါးသေနှင့် တူလေသည်။

သည်းခံနိုင်စရာ လုံးဝ မရှိပေ။

ယဲ့ဖန် မျက်လုံးဖွင့်ပြီး ပြန်ကြည့်လိုက်သည်။

အလယ်တန်း၏ ဘေးထိုင်ခုံမှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် သူ့ဖုန်းကိုကိုင်ကာ မရပ်မနား ရယ်မောနေသည်။

ထိုလူ၏ ခြေထောက်သည် သူ့ရှေ့ရှိ ကုလားထိုင်နောက်ကျောပေါ်သို့ တင်ထားသည်။

ထိုနေရာမှ အနံ့အသက်များ ထွက်နေသည်။

ရှုမန်နှင့် ချန်းဖေးအယ်တို့သည် နှာခေါင်းကို အလျင်အမြန် ဖိလိုက်ကြပြီး ရွံရှာမှုများ ပြည့်နှက်နေသော မျက်နှာများ ဖြစ်သွားကြသည်။

သူတို့သာတင်မကဘဲ အနီးနားရှိ ဧည့်သည်များမှာလည်း သည်းမခံနိုင်တော့ချေ။

သို့သော် လူအများစုသည် ဒုက္ခကို ရှောင်ပြီး အခြားသူမှ ရပ်တည်ပေးခြင်းကို စောင့်ဆိုင်းသည်က ပိုကောင်းသည်ဟု ယူဆထားကြသည်။

အဆုံး၌ လူတစ်ယောက်မှ သည်းမခံနိုင်တော့ဘဲ ထရပ်ကာ အရှေ့မြောက်ပိုင်း လေယူလေသိမ်းဖြင့် ပြောနေလာသည်။

" ဟေ့ လူ၊ မင်း ဖိနပ်စီးလို့ ရမလား "

အနံ့ထွက်နေသူ လူလတ်ပိုင်းအမျိုးသားသည် သူပြောသည်ကို မကြားသည်လား၊ သို့မဟုတ် တမင်တကာ လျစ်လျူရှုနေသည်လား မသိချေ။

သူသည် ဖုန်းထဲမှ ဗီဒီယိုကိုသာ ကြည့်နေပြီး ရယ်နေခဲ့သည်။

ထိုသည်ကို မြင်ပြီး ထရပ်ပြောသူ ယောက်ျားကြီးက အသံကို ကျယ်ကာ ပြောလိုက်သည်။

" ဟေ့၊ မင်း ဖိနပ်စီးလို့ရလား။ အနံ့အသက်က ဆိုးလွန်းတယ် "

အနံ့ထွက်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် နားကြပ်ကို ချွတ်ကာ သူ့ကို မော့ကြည့်လိုက်သည်။

" နာနီ ( ဘာလဲ ) "

" မင်း တရုတ်စကား နားမလည်ဘူးလား "

အရှေ့မြောက်ပိုင်းလေသံဖြင့်လူက အံ့သြသွားသည်။

လူလတ်ပိုင်းအရွယ်ဖြင့် လူသည် ထပ်ပြီး စကားများ ပြောနေသော်လည်း ဘယ်သူမှ နားမလည်ကြချေ။

အရှေ့မြောက်လူသည် လေယာဉ်မယ်ကို ခေါ်သည့်ခလုတ်အား နှိပ်ရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။

သိပ်မကြာခင်မှာပင် လေယာဉ်မယ်တစ်ယောက် လမ်းလျှောက်လာသည်။

ထိုမိန်းကလေးမှ မမေးနိုင်ခင်မှာပင် နံနေ၍ ပါးစပ်နှင့် နှာခေါင်းကို အမြန် ဖုံးအုပ်လိုက်သည်။

အရှေ့မြောက်လေသံနှင့် လူထွားကြီးသည် ချက်ချင်း ထရပ်ပြီး ဖြစ်ပျက်ခဲ့သမျှကို ပြောပြလေသည်။

လေယာဉ်မယ်သည် ခြေနံ့ထွက်နေသောလူကို ချက်ချင်း လှည့်၍ ဂျပန်ဘာသာစကားဖြင့် ပြောလိုက်သည်။

" လူကြီးမင်း၊ ကျေးဇူးပြုပြီး ဖိနပ်စီးလို့ ရမလား။ တခြားခရီးသည်တွေရဲ့ စီးနင်းမှု ခရီးစဉ်ကို ထိခိုက်နေပါပြီ "

လူလတ်ပိုင်းအရွယ် အမျိုးသားသည် အံသြသွားသည်။

ရုတ်တရက် သွက်လက်စွာဖြင့် မေးလိုက်သည်။

ထိုအခါ တရုတ်ဘာသာစကားဖြင့် ပြောသည်။

" ဘာတွေပြောနေတာလဲ။ နားမလည်ဘူး "

ပတ်ဝန်းကျင်မှ ခရီးသည်များသည် ချက်ချင်းပင် ဒေါသဖြစ်သွားကြသည်။

ဒီကောင်က တရုတ်စကားကို ပြောတတ်နေတာလား။

သူ ခုနက ဟန်ဆောင်နေတာလား။

လေယာဉ်မယ်သည်လည်း တရုတ်ဘာသာစကားဖြင့် ပြောင်းပြောရန်ကလွဲ၍ ရွေးစရာမရှိတော့ချေ။

" ကျေးဇူးပြုပြီး၊ လူကြီးမင်းရဲ့ ဖိနပ်ကို စီးလို့ရမလား။ တခြားခရီးသည်တွေရဲ့ စီးနင်းမှုအတွေ့အကြုံကို ထိခိုက်နေပါပြီ "

လူလတ်ပိုင်းအရွယ်လူသည် ထိုစကားကိုကြားသောအခါ ဂျပန်ဘာသာစကားသို့ ပြောင်းလဲကာ ပြောပြန်သည်။

" နာနီ ( ဘာလဲ ) "

ထိုတစ်ခါ ခရီးသည်များမှာ အမှန်တကယ် ဒေါသထွက်သွားတော့သည်။

အရူးတစ်ယောက်ပင် ထိုလူမှ သူတို့ကို လှည့်စားနေသည်အား မြင်နိုင်သည်။

" သူက သူ့ကို တရုတ်စကား ပြောတဲ့အခါ ဂျပန်စကားနဲ့ ပြန်ပြောတယ်။ တခြားသူတွေက သူ့ကို ဂျပန်ဘာသာစကားနဲ့ ပြောတဲ့အခါကျ သူက တရုတ်လို ပြောပြန်ရော။ ဒါက ရယ်စရာ မကောင်းဘူးလား "

" ဒါက ရွံစရာကောင်းလွန်းတယ်။ ဖိနပ်ကို ချွတ်ထားပြီး သူများခေါင်းပေါ် တင်ထားသေးတယ်။ အများသူငှာကြားမှာ အကျင့်စာရိတ္တရော ရှိသေးရဲ့လား "

" နံစော်နေတာပဲ။ ငါတို့အိမ်သာထက်တောင် ပိုနံစော်နေသေးတယ်။ ငါ ဒီမှာ ဆက်မနေနိုင်တော့ဘူး "

" မြန်မြန်၊ ဖိနပ်စီးလိုက်။ ငါ အသက်တောင် မရှူနိုင်တော့ဘူး ...... "

လူတိုင်း၏ ညည်းညူသံကို ကြားပြီးနောက် လေယာဉ်မယ်က အကြံပြုလိုက်ပြန်သည်။

" လူကြီးမင်း၊ တခြားခရီးသည်တွေအတွက် ဖိနပ်စီးပေးပါ "

လူလတ်ပိုင်းအရွယ် အမျိုးသားသည် မကြားဟန်ဆောင်ကာ သူ၏ဖုန်းမှ ဂျပန်ရသရှိုးကို ဆက်လက် ကြည့်ရှုနေခဲ့သည်။

လေယာဉ်မယ်သည် သူ့ကို နားချရန် ကြိုးစားပြန်သည်။

သို့သော် ထိုလူသည် သူမကို လျစ်လျူရှုလိုက်သောကြောင့် အထက်လူကြီးအား အကြောင်းကြားရန်မှလွဲပြီး ရွေးချယ်စရာ မရှိတော့ချေ။

မကြာခင်မှာပင် ယူနီဖောင်းဝတ်ထားသည့် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး အမြန်လျှောက်လာခဲ့သည်။

အခြေအနေကို နားလည်သွားပြီးနောက် သူမသည် ထိုလူကို ဆက်လက် ဆွဲဆောင်ခဲ့သည်။

နောက်ဆုံး၌ ထိုယောက်ျားသည် သူမကို အော်ဟစ်လိုက်တော့သည်။

" ဘာကာ ( အရူးတွေ )၊ မိုက်မဲတဲ့ တရုတ်ဝက်ကောင်တွေ။ မင်းတို့ ငါ့ကို ထပ်ပြီး နှောင့်ယှက်ရင် ယုံချင် မယုံချင်နေ တိုင်လိုက်မယ် "

ထိုလေယာဉ်မယ်ချုပ်သည် ထိုသို့သော ကျိုးကြောင်းဆီလျော်မှုမရှိသော ခရီးသည်ကို ကြုံတွေ့ရသည်မှာ ရှားလှပေသည်။

ထို့ကြောင့် သူမသည် ချက်ချင်းပင် ပြေားရာစကား ပျောက်သွားသည်။

ချန်းဖေးအယ် သည်းမခံနိုင်တော့ဘဲ ချက်ချင်း ကြိမ်းမောင်းလိုက်သည်။

" ရှင်က ဘယ်လိုဖြစ်နေတာလဲ။ ရှင်က ခရီးသည်အားလုံးကို ထိခိုက်စေတဲ့အပြင် ရှင်က ယုတ္တိမတန်တာတွေ ပြောနေသေးတာလား "

ထိုလူသည် ချက်ချင်းပင် သူမကို ညွှန်ပြလိုက်သည်။

" ငါ မင်းတို့ကို ဘယ်လို ထိခိုက်စေခဲ့လို့လဲ။ ဖိနပ်ချွတ်တာက မင်းတို့နဲ့ ဘယ်လိုဆိုင်လို့လဲ "

ချန်းဖေးအယ်သည် နှာခေါင်းကို ဖိလိုက်သည်။

" ရှင့်ခြေထောက် ဘယ်လောက်တောင် အနံ့နံနေလဲ မသိဘူးလား။ အနံ့မခံနိုင်ဘူးလား "

ထိုယောက်ျားက ခြေထောက်ကို သူ့နှာခေါင်းအောက်နားကပ်ပြီး ရှူလိုက်သည်။

" အနံ့ရှိလား။ ငါ ဘာလို့ အနံ့မရတာလဲ။ အနံ့က အရမ်းကောင်းတယ် ထင်တယ်။ မယုံရင် ထပ်နမ်းကြည့်မလား "

သူသည် ပြောသည့်အတိုင်း ခြေထောက်ကို ဆန့်လိုက်ပြန်သည်။

တခဏချင်းမှာပင် အပုပ်နံ့များ ပျံ့သွားပြန်သည်။

လိုက်ပါလာသည့် ခရီးသည်များမှာ ဒေါသတကြီး ဖြစ်နေကြသော်လည်း တစ်ဖက်သူမှာ ဂျပန်လူမျိုးဖြစ်သည်ကို သိပြီးနောက် စကားမပြောရဲကြတော့ပေ။

သူတို့၏ လေယာဉ်သည် ဂျပန်သို့ သွားနေခြင်းဖြစ်သည်။

စော်ကားမိသည့်သူမှာ ဒေသခံ အာဏာရှင်ဖြစ်နေပါက ဒုက္ခရောက်လိမ့်ပေမည်။

သို့သော်လည်း ချန်းဖေးအယ်သည် များစွာသော စိုးရိမ်ပူပန်မှု မရှိဘဲ ခြေထောက်ကို တွန်းလိုက်ရန် လုပ်တော့မည်ဖြစ်သည်။

ထိုအချိန်၌ ဘေးတွင် ထိုင်နေသော ယဲ့ဖန်သည် ရုတ်တရက် သူ့လက်ကို ဆန့်တန်းကာ ထိုလူ၏ ခြေကျင်းဝတ်ကို ဆုပ်ကိုင်လိုက်သည်။

ယဲ့ဖန်မျက်နှာ၌ ဆိုးသွမ်းသော အပြုံးတစ်ခုရှိနေသည်။

" ခင်ဗျား အနံ့ခံလို့ မရဘူးလား။ ခင်ဗျားရဲ့အနံ့ခံအာရုံမှာ တစ်ခုခု မှားနေပြီထင်တယ်။ ကံကောင်းတော့ ကျွန်တော်က ဆရာဝန်ဖြစ်နေလို့ ခင်ဗျားကို ကူညီပေးနိုင်ပါတယ် "

ယဲ့ဖန်သည် ထိုလူအား ဒုက္ခပေးလိုက်မည်ကို လေယာဉ်မယ်မှူးက စိုးရိမ်နေသည်။

ထို့ကြောင့် သူမသည် သူ့ကို တားရန် အလျင်အမြန် သွားခဲ့သည်။

" လူကြီးမင်းလေး၊ ပြောစရာရှိရင် စကားနဲ့ပဲ ပြောပေးပါ ဘာမှမလုပ်နဲ့ "

ယဲ့ဖန်သည် သူမကို ပြုံးပြပြီးနောက် ပြန်ပြောလိုက်သည်။

" စိတ်မပူပါနဲ့၊ ကျွန်တော်တို့ တရုတ်လူမျိုးတွေက လူတွေကို အကြောင်းပြချက်ပြီး လက်ခံအောင် လုပ်တာမှာ အကောင်းဆုံးပါပဲ။ ကျွန်တော်က သူ့ရောဂါကိုပဲ ကုသပေးမှာပါ "

ယဲ့ဖန်သည် စကားပြောနေစဉ်တွင် သူ့အိတ်ကပ်ထဲမှ ငွေရောင် အပ်အနည်းငယ်ကိုထုတ်ကာ လူလတ်ပိုင်းလူရွယ်ကို ပြုံးလျက် ကြည့်နေသည်။

" အား၊ လူတစ်ယောက်က ငါ့ကို သတ်ချင်နေတာ။ မင်းတို့ ဘာတွေ လုပ်နေတာလဲ။ သူ့ကို မြန်မြန် တားလိုက် ...... "

လူလတ်ပိုင်းအရွယ် အမျိုးသားသည် လွတ်မြောက်ရန် ကြိုးပမ်းရင်း အော်ဟစ်ကာ လက်ကို ဝှေ့ယမ်းနေတော့သည်။

ယဲ့ဖန်သည် သူ့လက်ထဲ၌ ငွေအပ်တစ်ချောင်းကို ကိုင်ထားပြီး ထိုလူ၏ ပုခုံးပေါ်မှ အပ်စိုက်ရမည့်နေရာ ၂နေရာအား ထိုးလိုက်သည်။

လူလတ်ပိုင်းအရွယ်လူသည် ရုတ်တရက် သူ၏လက်များ လျော့ရဲလာပြီး အင်အားမဲ့သွားသလို ခံစားလိုက်ရသည်။

သူ တုန်လှုပ်သွားလေသည်။

" ဘာကာ ( အရူး )၊ ငါဘယ်သူလဲဆိုတာ မင်းသိလား။ ငါက ရှန်းချွမ်ကော်ပိုရေးရှင်းရဲ့ အကြီးတန်း အမှုဆောင်တစ်ယောက်ပဲ။ မင်းငါ့ကို ပြဿနာရှာရဲတဲ့ သတ္တိရှိရင် ယုံချင်ယုံ၊ မယုံချင်နေ ငါက ... "

သူစကားမဆုံးခင်မှာပင် ယဲ့ဖန်သည် သူ့လည်ချောင်းကို ငွေအပ်တစ်ချောင်းဖြင့် ထိုးလိုက်ရာ ထိုလူသည် စကားမပြောနိုင်တော့ပေ။

လေယာဉ်ပေါ်ရှိ ခရီးသည်များမှာ အံ့သြသွားကြသည်။

ဤလူငယ်လေးသည် လူတစ်ဦးအား စကားမပြောနိုင်စေရန် မည်သည့်နည်းလမ်း အသုံးပြုခဲ့သည်ကို သူတို့ မသိကြပေ။

သို့သော် သူတို့သည် သူတို့၏ စိတ်ထဲ၌ ကောင်းသည်ဟု ခံစားကြရသည်။

လူဆိုးတွေကို လူဆိုးတွေက နှိပ်စက်ကြလိမ့်မယ်။

ထိုလူအား ကိုင်တွယ်ဖြေရှင်းရန် သူ့ထက် ပို၍ စက်ဆုပ်ဖွယ်ကောင်းသော နည်းလမ်းကို အသုံးပြုခဲ့သည်။

ယဲ့ဖန်သည် ထိုသက်လတ်ပိုင်းလူကို စိုက်ကြည့်ရင်း ပြုံးလိုက်သည်။

" ခင်ဗျားရဲ့ အနံ့ခံအာရုံက မကောင်းဘူးမလား။ ခင်ဗျားရဲ့ အနံ့ခံအာရုံကို ဆယ်ဆတိုးအောင် လုပ်နိုင်တဲ့ နည်းလမ်းရှိတယ်။ ခင်ဗျား ကျွန်တော့်ကို ကျေးဇူးတင်သင့်တယ်ထင်တယ် "

ယဲ့ဖန်သည် စကားပြောနေစဉ်တွင် ငွေအပ်နှစ်ချောင်းကို သူ၏ နှာခေါင်းထဲသို့ ထိုးထည့်လိုက်သည်။

အပ်နှစ်ချောင်း ထိုးခံရပြီးနောက် လူလတ်ပိုင်းအမျိုးသားသည် သူ၏ အနံ့အာရုံမှာ ပုံမှန်မဟုတ်သည့် အာရုံခံစားနိုင်မှုကို ချက်ချင်း ခံစားလိုက်ရသည်။

သူသည် အလွန်သိမ်မွေ့သော အနံ့ကိုပင် အနံ့ခံနိုင်နေသည်။

ထိုအခိုက်အတန့်၌ ယဲ့ဖန်သည် နတ်ဆိုးဆန်စွာ ပြုံးနေသည်ကို သူ မြင်လိုက်ရသည်။

သူ့ရင်ထဲမှ ခံစားချက်များ တုန်ယင်နေတော့သည်။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၁၅၈ )

သူဘာလို့ ငါ့ကို မစနောက်တာလဲ။

" ခင်ဗျားရဲ့လက်အိတ် ငှားလို့ရမလား "

ယဲ့ဖန်သည် လှည့်ပြီး လေယာဉ်မယ်မှူးကို မေးလိုက်သည်။

လေယာဉ်မယ်မှူးသည် သူ ဘာဆက်လုပ်မည်ကို မသိသော်လည်း လက်အိတ်အဖြူများကို ချွတ်ပြီး ယဲ့ဖန်စီ ပေးလိုက်သည်။

ယဲ့ဖန်သည် လက်အိတ်ကို ယူသွားပြီးနောက် သူ့လက်ပေါ် အေးဆေးစွာ ဝတ်လိုက်ကာ လူလတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်လိုက်သည်။

" ခင်ဗျားခြေထောက်က အနံ့ကို မရဘူးလို့ ပြောတယ် မဟုတ်လား။ အခု ထပ်စမ်းကြည့်ရအောင် "

စကားပြောနေရင်းဖြင့် ယဲ့ဖန်သည် ရုတ်တရက် ထိုလူ၏ ခြေအိတ်ကို ချွတ်လိုက်သည်။

" အူး .... အွတ် "

လူလတ်ပိုင်းအရွယ် အမျိုးသားသည် ချက်ချင်းပင် ရုန်းကန်နေသော်လည်း သူ့ခြေထောက်များကို တစ်ဖက်လူက ဆုပ်ကိုင်ထားသည်။

သူ့လက်နှစ်ဖက်မှာလည်း လှုပ်ရန် အားမရှိသလို အစွမ်းကုန်လည်း မအော်နိုင်ချေ။

သူသည် လုံးဝ မခုခံနိုင်ပေ။

ယဲ့ဖန်သည် သူ့နှာခေါင်းကို ပိတ်လိုက်ပြီး ခြေအိတ်ကို ထိုလူ၏ နှာခေါင်းအောက်နားသို့ ယူပေးလိုက်သည်။

" အခု အနံ့ခံနိုင်ပြီလား "

" ဝေါ့ ... အော့ အော့ "

ခြေအိတ်ကို နှာခေါင်းအောက်တွင် ထားလိုက်သည်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် အန်ချင်သလို ခံစားလိုက်ရသည်။

သူ့ခြေအိတ်မှ အနံ့သည် ဆိုးနေသည့်အပြင်သူ၏ သူ့အနံ့ခံအာရုံမှာ ဆယ်ဆတိုးလာသောကြောင့် အနံ့မှာ ပို၍ပင် ဆိုးရွားနေသည်။

မနေ့ညက စားခဲ့သည့် အစာဟောင်းများကိုပင် ပြန်အန်ထုတ်ချင်လာသည်။

ယဲ့ဖန် ထိုသည်ကိုမြင်ပြီး ချက်ချင်း ပြုံးလိုက်သည်။

" ခင်ဗျား၊ ဘယ်လောက်တောင် လောဘကြီးလဲ။ မင်း ကြိုက်လွန်းလို့ ရှူနေသေးတာလား။ တခြားဟာ စမ်းကြည့်မလား "

ထိုသို့ဖြင့် ခြေအိတ်ကို ထိုလူ့ပါးစပ်ထဲသို့ ထည့်လိုက်သည်။

ခြေအိတ်သည် သူ့ပါးစပ်ထဲသို့ ဝင်သွားသည်နှင့် ထိုလူလတ်ပိုင်းအရွယ်လူသည် မီးခိုးငွေ့များ နားထွက်ထဲမှ ထွက်လာသလိုဖြစ်ကာ သူ့မျက်လုံးများလည်ပြီး မူးလဲသွားသည်။

လိုက်ပါလာသည့် ခရီးသည်များ အံသြသွားကြသည်။

ဒါ ... ဒါက သိပ်ရက်စက်လွန်းတယ် မဟုတ်လား။

သို့သော် ဤသနားသောခံစားချက်သည် ခဏမျှသာ ဖြစ်တည်ခဲ့သည်။

ထိုလူသည် မည်မျှ စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်ကို တွေးမိသောအခါတွင် လူတိုင်းသည် ပျော်ရွှင်မှု လှိုင်းလုံးကြီး တက်လာသည်ကို ခံစားလိုက်ရသည်။

" ဟားဟားဟား၊ ဒါ တကယ်ရယ်စရာကောင်းတယ်။ ဒီညီလေးက တကယ် တော်တာပဲ "

" ငါတော့ အန်ချင်သလိုတောင် ခံစားရတယ်။ ရွံစရာကြီး "

" ဒီလို ရွံစရာကောင်းတဲ့ သူနဲ့ ဆက်ဆံဖို့ ဒီလို စက်ဆုပ်တဲ့ နည်းလမ်းကို သုံးရမယ် "

" ငါတို့အတွက် အနံ့အသက်က ဆိုးပေမဲ့ အဲ့လူအတွက်တော့ အနံ့က ဆယ်ဆတောင် ပိုဆိုးလာပြီ။ ဘယ်လောက်တောင် နံစော်နေလိုက်မလဲ "

" ဟားဟား၊ ဒီညီငယ်လေးက လူတွေကို ကိုင်တွယ်တာ အရမ်းမိုက်တာပဲ "

ချန်းဖေးအယ်နှင့် ရှုမန်တို့လည်း အံသြသွားကြသည်။

သို့သော် သူတို့သည်လည်း တခြားခရီးသည်များနှင့်ထပ်တူ ဝမ်းသာလေသည်။

ရွံရှာကြသော်လည်း ယဲ့ဖန် မှန်ကန်သည်ဟု ခံစားမိကြသည်။

မတရားသောသူသည် မတရားသောသူ၏ ညှဉ်းဆဲခြင်းကို ခံရပေလိမ့်မည်။

ထိုသို့သော ကျိုးကြောင်းဆီလျော်မှု မရှိသောလူနှင့် ငြင်းခုံလျှင် အသုံးမဝင်ပေ။

ထိုအခါ ယဲ့ဖန်၏ ယုတ္တိမဲ့သောနည်းလမ်းများကို အားကိုးရပေမည်။

ယဲ့ဖန်သည် ထိုယောက်ျား၏ အခြားခြေအိတ်ကိုလည်း ချွတ်ကာ သူ့ပါးစပ်ထဲသို့ ထပ်၍ ထိုးသွပ်ပေးထားလိုက်သည်။

" အစားအသောက်ကို လောဘမကြီးနဲ့ ဖြည်းဖြည်းစား။ ကျွန်တော်တို့က ခင်ဗျားစီက လုမှာ မဟုတ်ပါဘူး "

ထိုစကားကို ပြောပြီးနောက် ထိုယောက်ျားကို ထားခဲ့ကာ လက်ဆေးရန် ရေချိုးခန်းသို့ သွားခဲ့သည်။

သူ ပြန်ထွက်လာသည့်အခါ ခရီးသည်များမှ ချက်ချင်း အားပါးတရ လက်ခုပ်တီးကြသည်။

" ညီလေး၊ မင်းအရမ်းတော်တာပဲ။ သူ့လိုလူတွေကို မင်းလို ဆက်ဆံသင့်တယ် "

" ဟားဟား၊ ငါတို့က တရုတ်တွေက အရမ်း ဉာဏ်ကောင်းတယ်။ တီထွင်ဖန်တီးမှု ရှိတယ် "

" ကောင်းပေမယ့် .... ဒါက နည်းနည်းတော့ လူမဆန်ဘူး မဟုတ်လား "

" ဘာကို လူမဆန်တာလဲ။ လူသားဆန်တာက လူသားတွေအတွက်ပဲ။ လူစကားကို နားမလည်တဲ့ တိရစ္ဆာန်တွေအတွက် ငါတို့က သူတို့ကို တိရစ္ဆာန်တွေလို ဆက်ဆံရမယ် "

" ကောင်းပြီ၊ ငါတို့ သူ့ကို အဲ့လို ဆက်ဆံရမယ် ..... "

ယဲ့ဖန်၏ လုပ်ရပ်ကို လူတိုင်းက ချီးကျူးနေကြသည်။

'လူတတ်ကြီးလုပ်ကာ' ထိုလူ့ဘက်မှ လိုက်သူအချို့ရှိသော်လည်း ချီးမွမ်းသံကြောင့် လျင်မြန်စွာ တိမ်မြုပ်သွားကြသည်။

ယဲ့ဖန်သည် သူ့ထိုင်ခုံသို့ ပြန်မလာမီ လူတိုင်းအား လက်ပြနှုတ်ဆက်လိုက်သည်။

လေယာဉ်မယ်သည် လေယာဉ်မယ်မှူးကို စိုးရိမ်တကြီး ကြည့်လိုက်သည်။

" အစ်မ၊ အခု ကျွန်မတို့ ဘာလုပ်သင့်လဲ "

ထိုအကြီးအကဲသည် သူမကို မှတ်ဉာဏ်ပျောက်ဆုံးသွားသလို ကြောင်အစွာ ကြည့်နေသည်။

" ဘာတွေပြောနေတာလဲ။ နင် ဘာကိုဆိုလိုတာလဲ "

လေယာဉ်မယ်လေးက အံ့သြသွားသည်။

" ကျွန်မ ဆိုလိုတာက ..... "

ထိုအကြီးအကဲသည် သူမကို စိုက်ကြည့်နေသည်။

" နင် တစ်ခုခု တွေ့လိုက်လို့လား။ ငါတော့ မတွေ့ဘူး "

ထိုသို့ဖြင့် သူမသည် လှည့်ပြီး နားနေခန်းဆီသို့ လျှောက်သွားတော့သည်။

လေယာဉ်မယ်သည်လည်း ချက်ချင်း နားလည်ပြီး အနောက်မှ အမြန်လိုက်သွားခဲ့သည်။

" ကျွန်မလည်း ဘာမှ မတွေ့လိုက်ဘူး .... "

" ရှောင်ဖန်၊ နင် သူ့ကို အဲ့လိုလုပ်ထားတော့ သူ သေသွားမှာလား "

ရှုမန်သည် သက်လတ်ပိုင်း အမျိုးသားကို စိုးရိမ်တကြီး စိုက်ကြည့်နေသည်။

" စိတ်မပူပါနဲ့၊ ဒီလိုလူတွေက အရမ်းအသက်ပြင်းတယ်။ လွယ်လွယ်နဲ့ မသေဘူး "

ယဲ့ဖန် ပြုံးပြီး ပြန်ဖြေလိုက်သည်။

" နင် တကယ် ..... အရမ်းဆိုးလာတာပဲ။ နင် ငယ်ငယ်က အရမ်းနာခံတတ်တဲ့ ကလေးလေးဖြစ်ခဲ့တာကို မှတ်မိသေးတယ်။ ဘာလို့ ဒီလိုဖြစ်လာတာလဲ ..... "

ရှုမန်သည် သူ့ကိုဖော်ပြရန် မည်သည့်စကားလုံး သုံးရမည်ကို မသိပေ။

" ကျွန်တော့်မှာ ပိုဆိုးတာတစ်ခု ရှိတယ်။ အစ်မ စမ်းကြည့်ချင်လား "

ယဲ့ဖန်သည် ဆိုးသွမ်းသော အပြုံးဖြင့် သူမကို စိုက်ကြည့်နေသည်။

ရှုမန်သည် ယနေ့ အနက်ရောင်၀တ်စုံကို ၀တ်ဆင်ထားသည်။

အင်္ကျီလည်ပင်းသည် ကျယ်နေပြီး သူမ၏ ဖြူစင်သော ရင်ဘတ်အသားအရေကို ပေါ်လွင်နေစေသဖြင့် လူအများမှ နောက်ထပ် အနည်းငယ် လှမ်းကြည့်ချင်လာစေသည်။

ယဲ့ဖန်သည် သူ့နှလုံးသားထဲမှ ယားယံလာကာ ချက်ချင်းပင် သူမရင်ဘတ်နားကို မှီလိုက်သည်။

" ဒါကို လူရမ်းကားလို့ ဘယ်လိုလုပ် ခေါ်နိုင်မှာလဲ။ ဒါကို မောင်နှမတွေကြားက နက်နဲတဲ့ ဆက်ဆံရေးလို့ ခေါ်တယ် "

သူသည် ယခုအခါ သူမနှင့် အလွန်နီးကပ်နေပြီ ဖြစ်သည်။

သူ၏ အသက်ရှုသံပြင်းများက သူမလက်မောင်းကို ထိရှပ်သွားကာ သူမနှလုံးသားကို ယားယံစေသည်။

သူမသည် လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး သူ့နဖူးပေါ်တင်ကာ ခပ်ဝေးဝေးနေရန် ပြောလိုက်သည်။

ရှုမန်၏ လှပသော မျက်နှာလေးသည် နီမြန်းလာပြီး ဒေါသသံလေးဖြင့် ပြောလိုက်သည်။

" ကောင်စုတ်လေး၊ အစ်မကို မဟုတ်တာတွေ ဆက်လုပ်နေရင် သင်ခန်းစာပေးလိုက်မယ် "

" ဟီးဟီး "

ယဲ့ဖန်သည် ပြုံးရုံသာပြုံးပြီး သူမကို ထပ်၍ မနှိုးဆော်ခဲ့ပေ။

ရှုမန်သည် ပရောပရည်လုပ်ဟန်တူသော်လည်း သူမသည် စိတ်အတွင်းပိုင်း၌ အလွန်ရှေးရိုးဆန်သည်။

သူမကို လိုသည်ထက် ပိုစလိုက်ပါက တကယ် စိတ်ဆိုးသွားပေလိမ့်မည်။

ချန်းဖေးအယ်သည် ဘေးတွင်ထိုင်ကာ အနီးနားတွင် ဘယ်သူမှမရှိသလို လုပ်နေသည့် သူတို့နှစ်ယောက်ကို ကြည့်နေသည်။

သူမ နှလုံးသားထဲမှ စိတ်ပျက်ခြင်းများကို ခံစားလိုက်ရသည်။

ဒီတစ်ယောက်က အရမ်းအရှက်မရှိတာပဲ။

လှတဲ့ မိန်းကလေးကို မြင်တိုင်း စနောက်ချင်နေတာလား။

အာ

တစ်ခုခု မှားနေလေသည်။

ဘာလို့ ယဲ့ဖန်က သူမကို ဘယ်တုန်းကမှ မစနောက်တာလဲ ။

မလှဘူးလို့ သူက ထင်နေတာလား။

ဒါမှမဟုတ် သူမက မိန်းမ မဆန်လို့လား။

ထိုသည်ကို တွေးမိသည့်အခါ သူမ သူတို့ကို ဆက်ကြည့်မနေနိုင်တော့ပေ။

ယဲ့ဖန်သည် သူမ ဘာဖြစ်နေသည်ကို မသိချေ။

မေးရန်လည်း အလွန်ပျင်းလှသည်။

ထို့ကြောင့် မျက်လုံးမှိတ်ပြီး ငြိမ်နေလိုက်သည်။

လေယာဉ်သည် လေးနာရီခန့် ပျံသန်းပြီးနောက် အီဒိုလေဆိပ်သို့ ဆင်းသက်ခဲ့သည်။

သူတို့ လေယာဉ်ပေါ်က ဆင်းခါနီးမှ ယဲ့ဖန် သည် သက်လတ်ပိုင်းလူကို လွှတ်ပေးလိုက်သည်။

" အား .... "

ထိုလူသည် သူ၏ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ကို ယခုမှ ပြန်လည်ရရှိခဲ့သည်။

သူ့ပါးစပ်မှ အနံ့ဆိုးထွက်နေသော ခြေအိတ်များကို အမြန်ထုတ်ပြီး အမှိုက်ပုံးဘေးတွင် ထားကာ အန်တော့သည်။

သူ့အူများပင် အန်ထွက်တော့မည်ဖြစ်သည်။

လေယာဉ်ခန်းအတွင်းရှိ ခရီးသည်များသည် ထိန်းနေကြသော်လည်း နှလုံးသားထဲ၌ ရွှင်မြူးနေကြသည်။

ထိုယာမာမိုတို ခါဇူအိုသည် ယဲ့ဖန်အား အရိုးထဲမှပင် မုန်းတီးသည်။

ယဲ့ဖန်အား ဒေါသတကြီး ညွှန်ပြလေသည်။

" တရုတ်လူမိုက်၊ မင်း ပြန်ပေးဆပ်ရမယ် "

ထိုသို့ဖြင့် လေယာဉ်ပေါ်မှ အရင်ဆင်းသွားသည်။

ရှုမန်သည် ယဲ့ဖန်အား စိုးရိမ်တကြီးကြည့်လိုက်သည်။

" ရှောင်ဖန်၊ အဆင်ပြေပါ့မလား "

ယဲ့ဖန် မသိမသာ ပြုံးလိုက်သည်။

" စိတ်မပူပါနဲ့၊ လောက်တစ်ကောင်က လှိုင်းထစေနိုင်ပါ့မလား "

သူတို့သုံးယောက်သည် စကားစမြည်ပြောရင်းဖြင့် လေယာဉ်ပေါ်မှ ဆင်းကာ လူအုပ်နောက်ကို လိုက်သွားကြသည်။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၁၅၉ )

သူ့ကို ပြဿနာရှာတုန်းက သူက အကောင်ကြီးမှန်း မသိခဲ့ဘူး

ယာမာမိုတို ခါဇူအိုသည် သူ့ညီကို ဖုန်းခေါ်ရန် လေဆိပ်ထွက်ပေါက်ဆီသို့ ပြေးသွားခဲ့သည်။

သူသည် လွန်ခဲ့သော နှစ်အနည်းငယ်များအတွင်း တရုတ်နိုင်ငံ၌ အလုပ်လုပ်ခဲ့သော်လည်း တရုတ်လူမျိုးများအား အထင်သေး နှိမ့်ချကာ သူတို့သည် ယုတ်ညံ့သော လူတစ်စုဖြစ်သည်ဟု ခံစားရသည်။

သို့သော် ယနေ့တွင် လေယာဉ်ပေါ်၌ နိမ့်ကျသော တရုတ်အမျိုးသားတစ်ဦးထံမှ အရှက်ခွဲခြင်းကို ခံခဲ့ရသည်။

ထိုအကြောင်း တွေးမိသည့်အခါ အန်ချင်စိတ်ပင် ပေါ်လာသည်။

သူ၏ ညီဖြစ်သူ ယာမာမိုတို ခီဟာရာသည် အီဒိုမြို့ရှိ ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်ဖြစ်သည်။

သူ့အောက်၌ လူတစ်ဒါဇင်ကျော် ရှိသည်။

သူသည် တိုက်ခိုက်သည်ကိုသာ သိသော သူ့ညီအား အထင်သေးသော်လည်း ယခုအချိန်၌ အကူအညီတောင်းရုံမှလွဲ၍ ရွေးချယ်စရာမရှိပေ။

" ခီဟာရာ၊ မင်းအစ်ကို လေယာဉ်ပေါ်မှာ အရှက်ကွဲလာတယ်။ တစ်ယောက်ယောက်ကို လေဆိပ် ချက်ချင်း လွှတ်လိုက် "

" အစ်ကို၊ ကျွန်တော် အခု မအားသေးဘူး။ ကျွန်တော့် လက်အောက်ငယ်သားထဲက တစ်ယောက်ရဲ့ မိန်းမမှာ ကိုယ်ဝန်ရှိနေပြီ။ သူ့ကို ဆေးရုံလိုက်ပို့ရမယ် "

" မင်းလက်အောက်ငယ်သားရဲ့မိန်းမ ကိုယ်ဝန်ရှိတာ မင်းက ဘာလို့ ဆေးရုံလိုက်သွားရမှာလဲ "

" ဘာလို့လဲဆိုတော့ အဲ့ကလေးက ကျွန်တော့်ကြောင့် ဖြစ်နိုင်တယ် "

" ဖြစ်နိုင်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ "

" ဘာလို့လဲဆိုတော့ အဲ့ဒီညက ကျွန်တော်တို့ငါးယောက် အတူတူကစားကြတာ "

" ကလေးက ကျွန်တော့်ကလေး ဖြစ်နိုင်ခြေ လေးပုံတစ်ပုံ ရှိတယ် "

" အာ .... ဘာပဲဖြစ်ဖြစ် လာရမယ်။ ငါက မင်းရဲ့အစ်ကိုအရင်း။ နိမ့်ကျတဲ့ တရုတ်ဝက်တစ်ကောင်ကြောင့် ငါ အရှက်ကွဲတာကို မင်းက ကြည့်နေမှာလား "

" အစ်ကို၊ ကျွန်တော့်မှာ အချိန်မရှိဘူး ..... "

" ၂သိန်း၊ ၂သိန်း ပေးမယ် "

" ၅သိန်း "

" ၃သိန်း "

" ၄သိန်း "

" သဘောတူတယ် "

ယာမာမိုတို ခါဇူအိုသည် ညီဖြစ်သူထံမှ ငွေညစ်ခံရသော်လည်း ယဲ့ဖန်ကိုသာ ဒေါသထွက်နေ၍ ဂရုမစိုက်နိုင်တော့ပေ။

လေဆိပ်ထွက်ပေါက်၌ ရပ်ပြီး ယဲ့ဖန် ထွက်လာသည်ကို စောင့်နေလိုက်သည်။

"ဟမ်း၊ မိုက်မဲတဲ့ တရုတ်ဝက်။ မင်း ငါ့ရှေ့မှာ ဒူးထောက်ပြီး နောင်တရစေမယ်။

ဒီနေ့ပဲ ဟားဟားဟား "

သူ ကျိန်ဆဲနေစဉ် ရုတ်တရက် တွန်းထုတ်ခံလိုက်ရသည်။

သူသည် တုန်ယင်ပြီး လဲကျမတတ် ဖြစ်သွားသည်။

သူ ဒေါသထွက်ကာ ကျိန်ဆဲတော့မည် ဖြစ်သည်။

သို့သော် အခြေအနေအား ရှင်းလင်းစွာ မြင်လိုက်ရပြီး သူ၏ မည်းမှောင်နေသော အမူအရာကို ချက်ချင်း ပြောင်းလိုက်သည်။

သူ့ရှေ့၌ အနက်ရောင် ၀တ်စုံဝတ်ကာ နေကာမျက်မှန်တပ်ထားသော လူတစ်ဒါဇင် ရပ်နေသည်။

သူတို့တစ်ဦးစီသည် ပြင်းထန်ပြီး သွေးစွန်းနေသော ကိုယ်ရောင်ဝါကို သယ်ဆောင်ထားကြသည်။

သူတို့အား ပြဿနာရှာ၍ မဖြစ်သည်မှာ ထင်ရှားလေသည်။

အသက်သုံးဆယ်ကျော် အမျိုးသားတစ်ဦးသည် အုပ်စုအလယ်တွင် ရပ်နေသည်။

ထိုအမျိုးသားသည် လေဆိပ်ထဲသို့ လှမ်းကြည့်လိုက်ပြီး ပုခုံးထိရှည်သောဆံပင်နှင့် စီးကရက်တစ်လိပ်ပါ ဖွာနေသည်။

လေဆိပ်ရှိ လုံခြုံရေးဝန်ထမ်းများသည် ထိုလူများ၏ လုပ်ငန်းတွင် ဝင်ရောက်စွက်ဖက်ဝံ့ခြင်းမရှိဘဲ အဝေးသို့ ပုန်းရှောင်နေကြသည်။

လေဆိပ်မှ ထွက်လာသည့် ခရီးသည်များသည် ထိုလူများ ဘာလုပ်နေသည်ကို မသိ၍ စူးစမ်းစွာ ကြည့်နေကြသည်။

" ဒီလူတွေ ဘာလုပ်နေကြတာလဲ။ အရမ်းကြောက်ဖို့ကောင်းတာပဲ "

" သူတို့ကို မသိဘူးလား။ ဒီလူတွေအားလုံးက ကံနဂါးအဖွဲ့အစည်းကပဲ "

" ကံနဂါးအဖွဲ့အစည်းက ဘာလုပ်တာလဲ "

" ကံနဂါးအဖွဲ့အစည်းက ဂျပန်နိုင်ငံရဲ့ အကြီးဆုံးသော တရုတ်ဂိုဏ်းပဲ။ အဖွဲ့ဝင် သောင်းဂဏန်း ရှိတယ် "

" ငါတော့ ရာမာဂူချီ-ဂူမီဂိုဏ်း၊ အီနာဂါဝါ ခါအီဂိုဏ်း နဲ့ စူမီရိုးရှိကိုင်ဂိုဏ်းတို့ အကြောင်းပဲ ကြားဖူးတယ် "

" ဒီ ကံနဂါးအဖွဲ့အစည်းက အရမ်း အစွမ်းထက်တာလား "

" ကံနဂါးအဖွဲ့အစည်းက မင်းပြောခဲ့တဲ့ သုံးခုနဲ့ မယှဉ်နိုင်ပေမယ့် သိပ်တော့ မကွာပါဘူး "

" အလယ်က လူကိုတွေ့လား။ အဲ့ဒီလူက ကံနဂါးအဖွဲ့အစည်းရဲ့ ဒုတိယဥက္ကဋ္ဌ စူချီယွမ်"

" ဒါဆို သူတို့နဲ့ ဝေးဝေးနေကြရအောင်။ ဒီလူတွေက အန္တရာယ်များလွန်းတယ် "

ခရီးသည်များသည် ဒုက္ခရောက်မည်ကို ကြောက်သဖြင့် အမြန်ထွက်သွားကြသည်။

ယာမာမိုတို ခါဇူအိုသည် ကံနဂါးအဖွဲ့အစည်း၏ စွမ်းအားကို သိလေသည်။

ကံနဂါးအဖွဲ့အစည်း၏ ဒုတိယဥက္ကဌပင် ရောက်လာ၍ ဘာဖြစ်မည်ကို သိချင်နေမိသည်။

သူတို့က အရေးကြီးပုဂ္ဂိုလ်ကို လာကြိုတာများ ဖြစ်နေမလား။

သူ စိတ်ရှုပ်ထွေးနေချိန်မှာပင် ယဲ့ဖန်၊ ရှုမန်နှင့် ချန်းဖေးအယ်တို့ စကားပြောလျက် လမ်းလျှောက်လာသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။

သူသည် ချက်ချင်းပင် မာန်တက်လျက် နတ်ဆိုးဆန်သည့်အပြုံးကို ပြုံးလိုက်သည်။

ဒီခွေးသားလေးက နောက်ဆုံးတော့ ထွက်လာပြီပဲ။

ဘယ်လို ကိုင်တွယ်မလဲဆိုတာ ကြည့်ထားလိုက်။

သူ အကွက်မရွှေ့နိုင်ခင်မှာပင် ကံနဂါးအဖွဲ့အစည်းမှ လူများသည် အလျင်အမြန် ရှေ့တက်လာပြီး ထိုတရုတ်ကောင်ကို ကြိုဆိုကြသည်။

" မင်္ဂလာပါ၊ ယဲ့လူကြီးမင်း။ ကျွန်တော်က စူချီယွမ်ပါ။ ဂျပန်ကနေ ကြိုဆိုပါတယ် "

ဆံပင်ရှည်ဖြင့်လူသည် သူ့ဘက်မှ အစပြု၍ လက်ကို ရှေ့ထုတ်ကာ ယဲ့ဖန်ကို ကြိုဆိုလေသည်။

ထိုမြင်ကွင်းအား ယာမာမိုတို ခါဇူအို မြင်ပြီးနောက် မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရသည်။

ထိုသည်မှာ အမှန်ဖြစ်ပါက ကိစ္စသည် ထင်သလောက် ရိုးရှင်းလွယ်ကူမည် မဟုတ်တော့ချေ။

ယဲ့ဖန်သည် စူချီယွမ်နှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။

" မင်္ဂလာပါ၊ စူလူကြီးမင်း။ တွေ့ရတာ ဝမ်းသာပါတယ် "

စူချီယွမ်သည် ချန်းဖေးအယ်နှင့် ရှုမန်တို့ကိုပါ လက်ဆွဲနှုတ်ဆက်ပြီးနောက် ယဲ့ဖန်စီသို့ အကြည့်ပြန်ပို့လိုက်သည်။

" ယဲ့လူကြီးမင်း၊ ကျွန်တော်တို့ရဲ့ ဥက္ကဌက တွေ့ချင်နေပါတယ်။ ကျွန်တော်တို့ကို မျက်နှာသာပေးဖို့ ဆန္ဒရှိမလား သိပါရစေ "

ထိုသို့ပြောပြီးနောက် သူသည် ချက်ချင်း ယဲ့ဖန်အနားသို့ စောင်းကာ နားနားကပ်ပြောလေသည်။

" စိတ်မပူပါနဲ့၊ အန္တရာယ်မရှိပါဘူး "

ယဲ့ဖန် ချက်ချင်း ခေါင်းညိတ်လိုက်သည်။

" ကိစ္စမရှိပါဘူး။ စူလူကြီးမင်း၊ ကျေးဇူးပြုပြီး လမ်းပြပေးပါ "

စူချီယွမ်သည် ချက်ချင်းပင် စိတ်လိုလက်ရ ရယ်လိုက်သည်။

" ဟားဟား၊ ယဲ့လူကြီးမင်း ကြွပါ "

ယဲ့ဖန် ထွက်သွားစဉ် ယာမာမိုတို ခါဇူအိုကို ကြည့်လိုက်သည်။

ယာမာမိုတို ခါဇူအို တုန်ရီသွားပြီး သူ့ဘဝအတွက် ပြေးတော့သည်။

ပြေးနေစဉ် စိတ်ထဲမှ ကျိန်ဆဲနေမိသည်။

ဒီကလေးက ဘယ်လိုလုပ် ကံနဂါးအဖွဲ့အစည်းနဲ့ ပတ်သက်နေတာလဲ။

ပြီးတော့ စူချီယွမ်ရဲ့ သဘောထားကို ကြည့်ရတာ သူ့ကို အရမ်းလေးစားပုံပဲ။

သူ ဘယ်လိုအကောင်ကြီးကို သွားပြဿနာရှာမိတာလဲ။

သူသည် သူ့အသက်အတွက် ပြေးလွှားနေစဉ် သူ့ညီဖြစ်သူ ယာမာမိုတို ခီဟာရာနှင့် ဝင်တိုက်မိသည်။

" အစ်ကို၊ ဘာလို့ ပြေးနေတာလဲ "

ယာမာမိုတို ခီဟာရာသည် သူ့ကို တားလိုက်လေသည်။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၁၆၀ )

ဉာဏ်ပညာရှိတဲ့သူက ပိုက်ဆံကို အညစ်အကြေးလို သဘောထားတယ်

" ညီလေး၊ ပြေး "

ယာမာမိုတို ခါဇူအိုသည် သေမတတ် ကြောက်နေပြီဖြစ်ရာ ယဲ့ဖန်အား လက်စားချေမည့်အတွေးကို စွန့်လွှတ်လိုက်ရတော့သည်။

" ဘာလို့ ပြေးနေတာလဲ။ တရုတ်တစ်ယောက်က အစ်ကို့ကို အရှက်ခွဲလို့ လက်စားချေချင်တယ် ပြောတယ်မလား "

ယာမာမိုတို ခီဟာရာ သူ့ကို ဆွဲလိုက်ပြန်သည်။

" ငါတို့ လက်စားမချေတော့ဘူး။ အဲ့လိုလူကို ပြဿနာရှာဖို့ မဖြစ်နိုင်ဘူး "

ယာမာမိုတို ခါဇူအိုသည် သူ့လက်ကို အမြန်ခါယမ်းလိုက်သည်။

" ဟား၊ သူက တရုတ်ဝက်ကောင်ပဲ မဟုတ်လား။ ဂျပန်မှာ ဘယ်လိုလုပ် မောက်မာနိုင်မှာလဲ "

ယာမာမိုတို ခီဟာရာသည် မထီမဲ့မြင်ပြုလေသည်။

" ဒီကလေးရဲ့ နောက်ခံက မရိုးရှင်းဘူး။ ကံနဂါးအဖွဲ့အစည်းရဲ့ ဒုဥက္ကဌက သူ့ကို ကြိုဖို့ ကိုယ်တိုင်လာနေတယ်။ အခု သူက ကံနဂါးအဖွဲ့အစည်းဥက္ကဌနဲ့ သွားတွေ့တော့မှာ "

ယာမာမိုတို ခါဇူအို အမြန် ရှင်းပြလိုက်သည်။

ထို့နောက် ယာမာမိုတို ခီဟာရာနှင့် သူ ခေါ်လာသော လူအနည်းစုမှာလည်း သူတို့၏ အသက်အတွက် ထွက်ပြေးကြတော့သည်။

" အစ်ကို၊ ဘာလို့ ဒီလို အကောင်ကြီးကို ပြဿနာရှာတာလဲ "

" ငါ .... ငါ သူ့ကို ပြဿနာရှာတုန်းကတော့ သူက ဒီလိုမှန်း ငါမသိဘူး "

" ပြေးလို့ရပေမယ့် ၄သိန်းညှိထားတဲ့ စကားကို ပြန်ပြောင်းလို့မရဘူး "

" စိတ်မပူပါနဲ့၊ ငါ မင်းကို တစ်ပြားမှ မပေးဘူး "

" ကောင်းပြီ၊ အစ်ကို။ ဒါနဲ့ မင်းစကားပြောတဲ့အခါ ဘာလို့ ခြေအိတ်အနံ့ ရနေတာလဲ "

" ခြေအိတ်အကြောင်း မပြောလို့ မရဘူးလား "

" ဘာလို့လဲဆိုတော့ … အား၊ ငါ့ကို ဆေးရုံ အရင်လိုက်ပို့။ ငါ့ဗိုက်ကို ထုတ်ပစ်ချင်တယ် "

တစ်ဖက်၌။

ရှုမန်သည် ဖောက်သည်တစ်ဦးနှင့် တွေ့ဆုံရမည်ဖြစ်သဖြင့် သူမသည် ထိုဂိုဏ်းများနှင့် မပတ်သက်လိုသောကြောင့် သူမက အရင်ထွက်သွားခဲ့သည်။

ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည် စူချီယွမ်၏ ကံနဂါးအဖွဲ့အစည်း ရုံးချုပ်ရှိရာသို့ လိုက်သွားခဲ့သည်။

လမ်းတစ်လျှောက်၌ စူချီယွမ်ထံမှ ကံနဂါးအဖွဲ့အစည်းအကြောင်း ရှင်းပြချက်ကို နားထောင်ခဲ့သည်။

သူ့အဆိုအရ ကံနဂါးအဖွဲ့အစည်းသည် ဤနှစ်များအတွင်း အတော်ဒုက္ခရောက်ခဲ့သည်။

မူလ၌ ဂျပန်နိုင်ငံရှိ ဒေသခံဂိုဏ်းများသည် အလွန်ကြောက်မက်ဖွယ်ကောင်းပြီး လူမျ်ုးရေး အင်မတန်ခွဲခြားကာ ကံနဂါးအဖွဲ့အစည်းသည် ရှင်သန်ရန်အတွက်ပင် ရုန်းကန်နေရသည်ဟု ယူဆနိုင်သည်။

လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း၌ ဂျပန်နိုင်ငံရှိ ဒေသခံဂိုဏ်းများသည် ကံနဂါးအဖွဲ့အစည်းအား နှိမ်နင်းရန် အတူတကွပူးပေါင်းလုပ်ဆောင်ကြကာ အခြေအနေမှာ ပိုမိုပြင်းထန်လာသည်။

ထို့ကြောင့် အသွင်အပြင်အား ထိန်းသိမ်းထားနိုင်ရန် အစွမ်းကုန် ကြိုးစားခဲ့ရသည်။

ယခင်ကဆိုလျှင် သူသည် ယဲ့ဖန်အား ကြိုဆိုရန် အနည်းဆုံး လူတစ်ရာကို ခေါ်ဆောင်လာနိုင်မည် ဖြစ်သည်။

ယဲ့ဖန်သည် သူ ယဉ်ကျေးနေသည်ကို သိသော်လည်း စိတ်ဓာတ်ကျနေကြောင်း ပြောနိုင်သည်။

ကံနဂါးအဖွဲ့အစည်းသည် အချိန်ကောင်းမရှိပုံ ရသည်။

သူတို့ သုံးယောက်သည် နောက်ပိုင်း အစီအစဉ်များအကြောင်း ခဏတာ စကားစမြည် ပြောဖြစ်ကြသည်။

ကားသည် ကံနဂါးအဖွဲ့အစည်း၏ ဌာနချုပ်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

ကံနဂါးအဖွဲ့အစည်း၏ ဌာနချုပ်သည် ခမ်းနားသည့်နေရာတစ်ခုတော့ မဟုတ်ပေ။

ထိုနေရာသည် သုံးထပ်တိုက်တစ်ခုမျှသာဖြစ်ပြီး ၁၉၇၀၊ ၁၉၈၀ ခုနှစ်များ၏ ပုံစံအတိုင်းဖြစ်သည်။

အထပ်မြင့် အဆောက်အဦးများနှင့် ပြည့်နေသည့် အီဒိုမြို့မြို့၌ ထိုနေရာသည် အထူးတလည် မျက်စိဖမ်းစားစရာ မကောင်းချေ။

စူချီယွမ်သည် သူ့စိတ်ရှုပ်ထွေးမှုကို သတိပြုမိပုံရပြီး ချက်ချင်းပင် ပြုံးရွှင်စွာနှင့် ရှင်းပြလေသည်။

" ကျွန်တော်တို့ ဥက္ကဌက တခြားသူတွေ မြင်နိုင်တဲ့ နေရာတွေမှာ တတ်နိုင်သမျှ ရိုးရိုးရှင်းရှင်းပဲ ဖြစ်သင့်တယ်။ အဲ့တာမှ တာရှည်ခံနိုင်တယ်လို့ ပြောတယ်။ အဲ့တာက ဘာခေါ်တာပါလိမ့် "

ယဲ့ဖန်မှ ဆိုသည်။

" ရန်သူကို အနိုင်ယူပါ၊ ပဋိပက္ခကို ဖြေရှင်းပြီးမှ ရန်သူထက် တောက်ပပါ "

စူချီယွမ်ချက်ချင်း လက်မထောင်ပြလိုက်သည်။

" ဟုတ်တယ်။ သူ ပြောတာ အဲ့တာပဲ "

" ယဲ့လူကြီးမင်းက တကယ် ကျွန်တော်နဲ့ မတူဘဲ ဗဟုသုတရှိပြီး ထက်မြက်တယ် "

ယဲ့ဖန်သည် သူ၏ မြှောက်ပင့်ပေးမှုအပေါ် စိတ်မပျက်ခဲ့ပေ။

" ခင်ဗျားရဲ့ ဥက္ကဌက အကြီးအကဲဟွမ်းရဲ့ နည်းလမ်းတွေနဲ့ ရင်းနှီးပုံရတယ် "

စူချီယွမ်ခေါင်းညိတ်သည်။

" ကျွန်တော်တို့ရဲ့ ဥက္ကဌက နေ့တိုင်း ထူးခြားတာတွေ လုပ်တယ်။ သူ ဘာတွေလုပ်နေလဲတော့ နားမလည်နိုင်ဘူး ...... "

သူတို့ သုံးယောက်သည် ကံနဂါးအဖွဲ့အစည်း၏ ရုံးချုပ်ထဲသို့ ဝင်လာလျက် စကားစမြည်ပြောကြသည်။

ဧည့်ကြိုသည် ချက်ချင်း ထရပ်ပြီး နှုတ်ဆက်လိုက်သည်။

" မင်္ဂလာပါ၊ ဒုဥက္ကဌ "

စူချီယွမ်သည် လျှောက်လာပြီး သူမမျက်နှာကို ညှစ်လိုက်သည်။

" ဒီည မင်းကို ညစာလိုက်ကျွေးမယ်။ အဲ့ကျ တွေ့မယ် "

ထိုအမျိုးသမီးသည် ရှက်ရွံ့စွာ ခေါင်းငုံ့ထားလိုက်သည်။

စူချီယွမ်သည် သူမကို ဘာမှထပ်မပြောတော့ချေ။

သူသည် ယဲ့ဖန်နှင့် ချန်းဖေးအယ်ကို အပေါ်ထပ်သို့ ဆက်လက် ခေါ်ဆောင်သွားခဲ့သည်။

" ကျွန်တော်က မျက်နှာများတဲ့လူတော့ မဟုတ်ပါဘူး။ ကျွန်တော် ဒီလိုလုပ်ရခြင်းရဲ့ အကြောင်းရင်းက ဟန်ဆောင်ဖို့ သက်သက်ပါ။ ရန်သူကို စိတ်ရှုပ်ထွေးစေဖို့အတွက် အားနည်းချက်လို့ခေါ်တဲ့ သဲလွန်စတွေကို ချန်ထားရမှာပေါ့ "

သူသည် သူ့လုပ်ရပ်များကို ကာကွယ်လိုက်သည်။

" ဒုဥက္ကဌစူက စစ်အနုပညာနဲ့ ပတ်သက်ပြီး သုတေသနတွေ အများကြီး လုပ်ထားပုံရတယ် "

ယဲ့ဖန် ပြုံးပြီး ပြောလေသည်။

" ကျန်းဟူမှာရှိတဲ့ လူတွေက နေ့တိုင်း ရန်ဖြစ်ကြတယ်။ စစ်ပညာကို မလေ့လာရင် အကြိမ်ပေါင်း ၈၀၀ကျော် သေသွားလိမ့်မယ် "

စူချီယွမ်သဘောတကျ ရယ်လိုက်သည်။

ချန်းဖေးအယ်သည် သူတို့နှစ်ယောက် အချင်းချင်း မြှောက်ပင့်နေကြသည်ကို ကြည့်ပြီး တိုးတိုးလေး ကျိန်ဆဲလေသည်။

" သူတို့အားလုံးက မျိုးနွယ်တူ မြေခွေးတွေပဲ "

မကြာမီ သူတို့သုံးဦးသည် 'ဥက္ကဌ'ဟု ဆိုင်းဘုတ်ချိတ်ထားသော ရုံးခန်းတစ်ခုသို့ ရောက်လာသည်။

စူချီယွမ်တံခါးခေါက်လေသည်။

အထဲမှ အသံတစ်သံ ချက်ချင်း ထွက်လာသည်။

" ကျေးဇူးပြုပြီး ဝင်လာပါ။ တာအိုအဖော် "

စူချီယွမ်တံခါးကို ချက်ချင်း တွန်းဖွင့်လိုက်သည်။

" ဥက္ကဌ၊ ယဲ့လူကြီးမင်းနဲ့ မိန်းကလေးချန်းတို့ လာပါပြီ "

ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့၏ မျက်နှာတွင် ထူးဆန်းသော အပြုံးများ ရှိနေသည်။

ထိုနေရာသည် ရုံးလို့ ခေါ်သည်ထက် မသေဆေးစိုက်သည့် နေရာနှင့် ပိုတူလေသည်။

အတွင်းဘက်ရှိ ပရိဘောကများသည် ရှေးဟောင်းပုံစံဖြစ်ပြီး လုံးဝ ခေတ်မမီပေ။

နံ့သာဖြူနံ့ လွှင့်နေသည့် စားပွဲပေါ်၌ အမွှေးတိုင်တစ်ခုလည်း ရှိသည်။

ကြမ်းပြင်ပေါ်တွင် ဆုတောင်းဖျာ အနည်းငယ်ရှိပြီး အဘိုးအိုတစ်ဦးသည် ဖျာတစ်ခုပေါ်တွင် ထိုင်နေသည်။

ထိုအဘိုးကြီးမှာ အသက်ခြောက်ဆယ်လောက်ရှိပြီ ဖြစ်သည်။

သူသည် တာအိုဝတ်ရုံကို ၀တ်ထားပြီး မုတ်ဆိတ်ရှည်လည်း ရှိသည်။

သူသည် တာအိုဘုန်းကြီးနှင့် တူလေသည်။

ယဲ့ဖန်နှင့် ချန်းဖေးအယ်သည် ပတ်၀န်းကျင်ကို ကြည့်လိုက်ရာ ရုံးခန်းထဲ၌ လူတစ်ယောက်သာ ရှိနေသည်။

သူက ကံနဂါးအဖွဲ့အစည်းရဲ့ ဥက္ကဌများလား။

" ယဲ့လူကြီးမင်း၊ မိန်းကလေးချန်း၊ ကျေးဇူးပြုပြီး ထိုင်ပါ "

အဘိုးအိုသည် ဆုတောင်းဖျာနှစ်ခုကို ညွှန်ပြပြီး သူတို့နှစ်ယောက်ကို စကားပြောလိုက်သည်။

ယဲ့ဖန်တို့သည် ထူးဆန်းသည်ဟု ခံစားမိသော်လည်း သူတို့ ထိုင်လိုက်ကြသည်၊

" မင်္ဂလာပါ၊ ငါ့နာမည်က လုသောင်းချွမ်ပါ။ ကိုယ့်ကိုယ်ကိုယ် အီဒိုမြို့တောင်လူကြီးလို့ခေါ်ကြပြီး အခု ကံနဂါးအဖွဲ့အစည်းရဲ့ ဥက္ကဌ ဖြစ်တယ်။ မင်းတို့ကို ကိုယ်တိုင် လာမကြိုဆိုနိုင်တဲ့အတွက် ခွင့်လွှတ်ပါ "

အဘိုးအိုသည် နားမလည်နိုင်သော စကားများနှင့် ပြည့်နှက်နေပြီး ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့ကို စိတ်ရှုပ်ထွေးစေခဲ့သည်။

ဒီတာအိုဘုန်းကြီးက တကယ်ပဲ ဂျပန်နိုင်ငံရဲ့ အကြီးဆုံး တရုတ်ဂိုဏ်းဖြစ်တဲ့ ကံနဂါးအဖွဲ့အစည်းရဲ့ ဥက္ကဌလား။

မသိသူများမှာ တာအိုဘုရားကျောင်းထဲသို့ ဝင်သွားသည်ဟု ထင်ကြလိမ့်မည်။

" အဟမ်း၊ လုဥက္ကဌက ဘုန်းကြီးလား "

ယဲ့ဖန် စိတ်ဝင်တစား မေးလိုက်သည်။

" တကယ်တော့ မဟုတ်ပါဘူး။ တာအိုဘာသာရဲ့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အလုပ်လုပ်ပုံကို သဘောကျတာပါ။ အဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ် နိမ့်ကျတဲ့ တာအိုဝါဒီတစ်ယောက်လို့ မှတ်ယူပါတယ် "

လုသောင်းချွမ်သည် သူ၏ မုတ်ဆိတ်မွေးကို ပွတ်သပ်ကာ ကျွမ်းကျင်သူတစ်ဦး၏ ပုံစံကို ခံယူထားသည်။

ယဲ့ဖန်နှင့် ချန်းဖေးအယ် အံ့ဩသွားသည်။

ဂိုဏ်းခေါင်းဆောင်တစ်ဦး၏ ပါးစပ်မှ 'တိတ်ဆိတ်သည်'ဟူသော စကားလုံးအား ကြားလိုက်ရခြင်းသည် ရယ်စရာကောင်းလှသည်။

ကံနဂါးအဖွဲ့အစည်းသည် ပိုဆိုးလာသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

သူတို့သည် ရှင်သန်ရန်ပင် ခက်ခဲလေသည်။

သူဌေးက ငြိမ်ပြီး အလုပ်မလုပ်မှတော့ တခြား ဘာလုပ်နိုင်မှာလဲ။

" ယဲ့လူကြီးမင်းက တောင်ပိုင်းကွမ်တုန်းပြည်နယ်မှာ ဂုဏ်သိက္ခာ အရမ်းမြင့်တယ်လို့ ဒုဥက္ကဌစူဆီက ကြားထားပါတယ်။ ငယ်ငယ်လေးနဲ့ ပိုင်ဆိုင်မှု ၁၀ဘီလီယံကျော်တောင် ရှိတယ်ဆိုတော့ တကယ့်ကို ကြောက်စရာကောင်းတဲ့ လူငယ်တစ်ယောက်ပဲ "

လုသောင်းချွမ်သည် ယဲ့ဖန်ကို သဘောကျစွာ ကြည့်နေသည်။

" ဒါဟာ သေးငယ်တဲ့ ကံကြမ္မာကောင်းတစ်ခုပါ။ ကျွန်တော့်အတွက် ငွေဆိုတာ ကိန်းဂဏန်းတွေပဲ "

ယဲ့ဖန်သည် ချက်ချင်းပင် သူ့လက်ကို နှိမ့်ချစွာ ဝှေ့ယမ်းလိုက်သည်။

ချန်းဖေးအယ် ချက်ချင်း မျက်လုံးပြူးသွားသည်။

ဒီတစ်ယောက်က ကြွားလုံးထုတ်တာ ထိန်းတောင် မထိန်းဘူး။

သို့သော် လုသောင်းချွမ်သည် ယဲ့ဖန်၏ စကားကို ကြားသောအခါ သူသည် ယဲ့ဖန်ကို ပို၍ပင် သဘောကျသွားသည်။

" ယဲ့လူကြီးမင်း၊ မင်းက အရမ်းငယ်ပေမယ့် မင်းမှာ နားလည်မှု ရှိပြီးသားပဲ။ ဒီလိုမျိုးက ရှားတယ်။ အမှန်ပဲ၊ မင်းမှာ ပိုက်ဆံ ဘယ်လောက်ပဲ ရှိပါစေ အဲ့တာက ကိန်းဂဏန်းတွေပဲ။ တကယ့် ပညာရှိတစ်ယောက်က ပိုက်ဆံကို အညစ်အကြေးလို သဘောထားတယ် "

ချန်းဖေးအယ်သည် ချက်ချင်း ကြားဖြတ်ပြောလိုက်သည်။

" ဥက္ကဌလုက ငွေတွေကို အညစ်အကြေးလိုဆက်ဆံတဲ့သူလို့ ထင်တယ် "

လုသောင်းချွမ်သည် သူ့လက်ကို ကျိုးနွံစွာ ဝှေ့ယမ်းလိုက်သည်။

" ပိုက်ဆံက အညစ်အကြေးနဲ့တူတယ်လို့ မပြောဝံ့ပေမယ့် ဒီအရာတွေကို ငါ တကယ် ဂရုမစိုက်တော့ဘူး။ သန်း၁၀၀ ဆိုရင်တောင် အဲ့တာက တိမ်တစ်ခုလိုပဲ "

သူတို့သုံးယောက် စကားစမြည် ပြောနေကြစဉ် ရုံးခန်းတံခါးကို ရုတ်တရက် တွန်းဖွင့်ခံလိုက်ရသည်။

ထို့နောက် အသက်နှစ်ဆယ်ကျော် လူငယ်တစ်ဦး ဝင်လာသည်။

" အဖေ၊ ကျွန်တော်ဝယ်ထားတဲ့ ရတနာတွေကို ကြည့်ပါဦး "

လုသောင်းချွမ် ချက်ချင်း ဆိုလေသည်။

" မင်း ဘာလို့ ဒီလောက်တောင် အလောကြီးနေတာလဲ။ ငါ့မှာ ဧည့်သည်ရှိနေတာကို မင်း မမြင်ဘူးလား "

ထိုလူငယ်သည် ယဲ့ဖန်နှင့် ချန်းဖေးအယ် ကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်း ပြုံးလိုက်သည်။

" ဒါဆို အဖေရဲ့ မိတ်ဆွေတွေကိုလည်း ကျွန်တော်ဝယ်ထားတဲ့ ရတနာတွေ မြင်အောင် ပြလိုက်မယ် "

သူသည် ပြောသည့်အတိုင်း တစ်စုံတစ်ဦးကို သယ်ခိုင်းလိုက်သည်။

ထိုအရာသည် နှစ်မီတာခန့်ရှည်သော သစ်သားသေတ္တာတစ်ခု ဖြစ်သည်။

အထဲမှာ ဘာပါသည်ကို မသိသော်လည်း ထိုသေတ္တာအား လူနှစ်ယောက်ပင် သယ်ရန် ခက်လေသည်။

" ညင်ညင်သာသာချ။ ဖြည်းဖြည်းသယ် "

ထိုလူငယ်သည် အတွင်း၌ရှိသော အရာများကို ထိခိုက်မည်ကို စိုးရိမ်ဖြင့် အမြန် သတိပေးသည်။

သစ်သားသေတ္တာအား မြေကြီးပေါ်တွင် ချလိုက်ပြီးနောက် ဂရုတစိုက် ဖွင့်လိုက်သည်။

ယဲ့ဖန်နှင့် ချန်းဖေးအယ်သည် ချက်ချင်းပင် လှည့်ကြည့်လိုက်သည်။

သေတ္တာကို ဖွင့်လိုက်သောအခါတွင် ယဲ့ဖန်သည် သူ့မျက်နှာပေါ်၌ ထူးဆန်းသောအပြုံးတစ်ခု ပေါ်လာသည်။

ဓားရှည်ကိုမှ အကြည်လား။

All Chapters