အခန်း (၁၁၆၁-၁၁၆၄)
Vol. 59 Ch. 1161-1164
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၆၁ )
ပိုက်ဆံက အရေးမပါဘူးလို့ သူပြောလိုက်တယ် မဟုတ်ဘူးလား
ထိုလူငယ်လေးမှ သေတ္တာအား ဖွင့်လိုက်သည့်အခါ တစ်မီတာလောက်ရှည်သည့် ရှေးဟောင်းဓားတစ်ချောင်း ထွက်လာသည်။
ထိုရှေးဟောင်းဓားသည် အင်မတန်မှပင် ရိုးရှင်းပြီး အထူးတလည် အလှဆင်ထားခြင်းမျိုး မရှိပေ။
ထိုဓားသည် ဓားသွားထက်လှပြီး ဟိတ်ဟန်ကြီးသည့် ဆွဲဆောင်မှုတစ်ခု ရှိနေသည်။
ဓားပေါ်၌ ရှေးဟောင်းစာလုံး၂လုံး ထွင်းထားသည်။
ကျန်းလုဓား
ယဲ့ဖန်သည် ထိုဓားကို မြင်သောအခါ အံ့ဩသွားသည်။
သူ၏ အိမ်၌လည်း ကျန်းလုဓားတစ်ချောင်း ရှိသည်။
အဲ့ဓားတွေက အမြွှာတွေများ ဖြစ်နေမလား။
ထိုလူငယ်လေးသည် သူ့အဖေအား ရတနာကို ပြသနေသကဲ့သို့ ကြည့်လိုက်သည်။
" အဖေ၊ ဒါက ကျွန်တော် ဝယ်လာတဲ့ ကျန်းလုဓားပဲ။ ဟားဟားဟား၊ ဘယ်လိုထင်လဲ။ အဖေ့သားက မတော်ဘူးလား "
" အဲ့တာ ဘယ်လောက်ပေးခဲ့ရလဲ "
လုသောင်းချွမ် တိုက်ရိုက်ပင် မေးလိုက်သည်။
ထိုလူငယ်လေး၏ မျက်နှာအမူအရာမှာ အနည်းငယ် မူမမှန်ဖြစ်နေသည်။
" ဟားဟား၊ ဘာလို့ ပိုက်ဆံကိုပဲ ထည့်ပြောနေတာလဲ။ ဘယ်လောက်တောင် ကပ်စေးနည်းရာရောက်လိုက်လဲ "
လုသောင်းချွမ် သူ့သားကို စူးစိုက်ကြည့်လိုက်သည်။
" ဖြေစမ်း၊ ငါမေးနေတာကို။ မင်း ဘယ်လောာက် သုံးခဲ့တာလဲ "
ထိုလူငယ်လေးသည် ရွေးချယ်စရာ မရှိတော့ဘဲ လက်၅ချောင်းကို ဖြည်းညင်းစွာ ထောင်ပြလိုက်သည်။
လုသောင်းချွမ်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားရသည်။
" ဂျပန်ယန်း ၅သန်းလား "
ထိုလူငယ်လေးသည် သူ၏ ခေါင်းကို ခါယမ်းလိုက်သည်။
" ၅သန်းက ဘယ်လိုလုပ် လောက်မှာလဲ။ ထပ်မှန်းကြည့် "
လုသောင်းချွမ်၏ မျက်နှာသည် အကြိမ်အနည်းငယ် တွန့်သွားတော့သည်။
" ဒါ .... ဒါဆို သန်း၅၀များလား "
ထိုစကားလုံးများအား ပြောနေစဉ် သူ၏ အသံမှာ တုန်လှုပ်လာနေသည်။
ဂျပန်ယန်း သန်း၅၀သည် တရုတ်ယွမ်ငွေ ၃သန်းလောက်နှင့် ညီမျှသည်။
သို့သော် ထိုလူငယ်လေးမှာတော့ ခေါင်းကို ခါနေသေးသည်။
" ဒါက ကျန်းလုဓားလေ။ သန်း၅၀က ဘယ်လိုလုပ် လောက်မှာလဲ။ ကျွန်တော်ပဲ တန်းပြောလိုက်တော့မယ်။ ဒါ သန်း၅၀၀ ပေးရတယ် "
လုသောင်းချွမ်သည် မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရသည်။
သူ၏ မျက်လုံးများမှာ တခဏတာ ချာချာလည်သွားပြီးနောက် ရုတ်တရက် အနောက်သို့ လဲကျသွားတော့သည်။
ယဲ့ဖန်သည် မျက်လုံးလျင်ကာ လက်မြန်သူဖြစ်၍ သူ့ကို ချက်ချင်း အမြန်ထိန်းပေးထားလိုက်သည်။
" ဥက္ကဌလု၊ အဆင်ပြေရဲ့လား "
ထိုလူငယ်လေးသည် ကျန်းလုဓားကို ဘေးသို့ အမြန်ချလိုက်ပြီး ပြေးလာသည်။
" အဖေ၊ အဖေက မပျော်လို့ မေ့လဲသွားတာလား။ ဟုတ်လား "
လုသောင်းချွမ်သည် အံ့ဩနေရာမှ ပြန်လည်သတိလည်လာပြီး သူ့ကို စိုက်ကြည့်လိုက်သည်။
" သန်း ၅၀၀လား။ မင်း မျိုးမစစ်ကောင်၊ မင်းက တစ်ခါတည်းနဲ့ သန်း ၅၀၀ကို သုံးရဲသေးတာလား။ ငါ မင်းကို သတ်မယ် ..... "
သူသည် စကားပြောနေရင်းဖြင့် သူ့သားကို မြေပြင်ပေါ်သို့ ပစ်ချပြီး ထိုးနှက်တော့သည်။
" အား၊ ကယ်ကြပါဦး ..... "
လူငယ်လေးသည် ပို၍ သန်မာလေသည်။
ထို့ကြောင့် သူ့အဖေကို တွန်းထုတ်ပြီး ပြေးထွက်သွားသည်။
လုသောင်းချွမ်၏ မျက်လုံးများမှာ နီရဲနေပြီဖြစ်သည်။
သူသည် ချက်ချင်း ထရပ်ပြီး သူ့သားနောက်သို့ ပြေးလိုက်သည်။
ထိုအချိန် လူငယ်လေးသည် တံခါးပေါက်နားသို့ ရောက်နေပြီဖြစ်သည်။
လုသောင်းချွမ်သည် သေတ္တာထဲမှ ကျန်းလုဓားအား ဆွဲထုတ်ပြီး သူ့သားနောက် ပြေးလိုက်သည်။
ထိုသားအဖသည် ဌာနချုပ်အဆောက်အဦးထဲ၌ ပြေးတမ်းလိုက်တမ်းဆော့ကစားနေပုံပင်ရသည်။
ချန်းဖေးအယ်နှင့် ယဲ့ဖန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်မိလိုက်ကြသည်။
" ပိုက်ဆံက သူ့အတွက် ဘာမှမဟုတ်ဘူးလို့ မပြောခဲ့ဘူးလား "
ဘေး၌ ရပ်နေသော စူချီယွမ်သည် ရုတ်တရက် ဝင်ပြောလာသည်။
" ကျွန်တော်တို့ ဥက္ကဌက နွားချေးကျုံးရာကနေ ဒီလိုဖြစ်လာတာ။ အဲ့တော့ အညစ်အကြေးက သူ့ဘဝပဲလို့ အမြဲသတိပေးတယ် "
ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည် 'ပိုက်ဆံကို အညစ်အကြေးလို သဘောထားတယ်'ဟူသည့် စကားစုအား နားလည်သွားတော့သည်။
အညစ်အကြေးသည် သူ၏ဘဝဖြစ်၍ ပိုက်ဆံသည်လည်း သူ၏ဘဝဖြစ်သည်။
ထိုလူငယ်းလေသည် လုသောင်းချွမ်၏သား လုရှန်ကျုန်းဖြစ်ပြီး ၂၂နှစ်ဖြစ်ကြောင်း စူချီယွမ်စီမှ သိလိုက်ရသည်။
လုသောင်းချွမ်သည် အသက်လေးဆယ်ကျော်မှ သားတစ်ယောက်ဖြစ်ထွန်းလာ၍ သူ၏သားအား ငယ်စဉ်ကတည်းက အထူးတလည် ပစားပေးသည်။
လုရှန်ကျုန်းသည်လည်း သူ့အဖေ၏ မျှော်လင့်ချက်များအား ပြီးပြည့်စုံစွာ ဖြည့်ဆည်းပေးသည်။
သူသည် စားသည်၊ သောက်သည်၊ အပျော်အပါးမက်သည်၊ လောင်းကစားလုပ်သည် စသည့် အရေးမပါများသာ အထူးတလည် ကျွမ်းကျင်ခဲ့လေသည်။
သူတို့ အကြာကြီး မစောင့်လိုက်ရဘဲ လုရှန်ကျုန်းသည် နောက်ဆုံး၌ အဖမ်းခံလိုက်ရသည်။
ဤသည်မှာ လုသောင်းချွမ်၏ ပိုင်နက်ဖြစ်သည်။
ထို့ကြောင့် သူ အမိန့်ပေးလိုက်သည်နှင့် တစ်ဒါဇင်ရှိသော လူထွားကြီးများမှာ ဝတ်စုံအပြည့်ဖြင့် ချက်ချင်း ပြေးထွက်လာသည်။
လုရှန်ကျုန်းသည် လျင်မြန်စွာ ပြေးသော်လည်း လူ၁၀ယောက် အလိုက်ခံရသည့်အခါ အရှုံးပေးလိုက်ရတော့သည်။
လုသောင်းချွမ်သည် ရုံးခန်းသို့ ပြန်ရောက်လာသောအခါ ဟိတ်ကြီးဟန်ကြီး မလုပ်နိုင်တော့ပေ။
သူသည် တာအိုဘုန်းတော်ကြီးဝတ်ရုံကို ချွတ်လိုက်တော့သည်။
သူသည် အထဲ၌ ဘောင်းဘီသာဝတ်ထားပြီး အထက်ပိုင်းမှာ ကိုယ်ဗလာဖြစ်နေသည်။
သူ၏ ပုခုံးနှစ်ဖက်၌ နဂါးနှစ်ကောင်တက်တူးရှိလေသည်။
လက်ရှိအချိန်၌ သူသည် ပြေးလွှားထားသည်ဖြစ်ရာ ကိုယ်ပူငွေ့များထွက်နေ၍ နဂါးနှစ်ကောင်မှာ တိမ်ပေါ်ပျံနေသလို ဖြစ်နေသည်။
" အဲ့ကောင်ကို အထဲခေါ်လာခဲ့ "
သူသည် တံခါးဆီသို့ လှမ်းအော်လိုက်သည်။
မကြာခင်မှာပင် လုရှန်ကျုန်းသည် ခေါင်းငုံ့လျက် ဆွဲခေါ်လာခံရသည်။
" ဒူးထောက် "
လုသောင်းချွမ်သည် ချက်ချင်းပင် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ သူတော်ကောင်းပုံရိပ်မှာလည်း မရှိတော့ပေ။
ဒေါက်
လုရှန်ကျုန်းသည် အချိန်ဆွဲမနေရဲဘဲ မြေပေါ်သို့ ဒူးထောက်လိုက်တော့သည်။
သို့သော် သူ၏ အမူအရာမှာ အလွန်ပင် လက်မခံနိုင်ဖွယ်ဖြစ်နေသည်။
လုသောင်းချွမ်သည် ကျန်းလုဓားကို ထောက်ထားလျက် သူ့ကို စိုက်ကြည့်လိုက်သည်။
" ခွေးသားလေး၊ အိမ်ကို တစ်ရက်လောက် ပြဿနာသယ်မလာရင် နေရထိုင်ရခက်နေလို့လား။ ငါ မင်းလို ငမိုက်သားကို ဘယ်လိုများ မွေးခဲ့မိတာပါလိမ့် "
" မင်းရဲ့ ဘယ်နားက ငါနဲ့တူတာ ရှိလို့လဲ "
လုရှန်ကျုန်း လည်ကိုဆန့်ပြီး သူ့အဖေကို ပြန်ကြည့်လိုက်သည်။
" ဘာလို့ အဖေနဲ့မတူတာလဲဆိုတာ အမေ့ကို မေးရမှာ။ ကျွန်တော်က ဘယ်လိုလုပ် သိမှာလဲ "
လုသောင်းချွမ်သည် သူ့သားမှ ပြန်ခံပြောရဲသေးသည်ကို မြင်ပြီး ဓားကို မြှောက်လျက် သူ့သားကို သတ်ပစ်ရန် ကြံရွယ်တော့သည်။
စူချီယွမ်နှင့် ယဲ့ဖန်တို့ အမြန် ရှေ့သို့ပြေးလာပြီး သူ့ကို တားလိုက်ကြသည်။
လုသောင်းချွမ်သည် ဒေါသထွက်လွန်း၍ သက်ပြင်းချနေရသည်။
" ယဲ့လူကြီးမင်းအရှေ့မှာ ဒီလို မျက်နှာပျက်စရာတွေဖြစ်ရလို့ အားနာပါတယ် "
" ငါ့မိသားစုက တကယ် ကံမကောင်းတာပဲ။ ဒီလို မသိတတ်တဲ့သားကို မွေးမိတော့ ဘိုးဘေးတွေကို မျက်နှာပူနေရပြီ "
လုရှန်ကျုန်း ခစ်ခစ်ရယ်လိုက်သည်။
" ကျွန်တော် ဒီလိုမဆိုးသွမ်းရင် အဖေ့ရဲ့ ပိုက်ဆံရှာနိုင်စွမ်းကို ဖြုန်းတီးရာရောက်သွားမှာ မဟုတ်ဘူးလား "
" ပြီးတော့ ဒီဟာက ဖြုန်းတီးတာ မဟုတ်ဘူး။ ဒါက ကျန်းလုဓား "
" တရုတ်ပြည်ရဲ့ ပထမဆုံးခေတ်ကတည်းက လက်မှုပစ္စည်းကို ဂျပန်ယန်း သန်း၅၀၀နဲ့ ရလာတာ။ ဘယ်လောက်တောင် ဈေးပေါလိုက်လဲ "
လုသောင်းချွမ်သည် ပထမစာကြောင်းကို ကြားပြီးနောက် ထပ်၍ ပေါက်ကွဲတော့မည်ဖြစ်သည်။
သို့သော် ဒုတိယစကားကို ကြားပြီးသည့်အခါ သူ အနည်းငယ် ငြိမ်သက်လာသည်။
" အဲ့တာက အရမ်းနာမည်ကြီးလို့လား "
လူတိုင်း၏ မျက်နှာများ တွန့်သွားရသည်။
ဒီဥက္ကဌလုက ကျန်းလုဓား ဘာလဲဆိုတာ တကယ်ကြီး မသိတာလား။
လုရှန်ကျုန်း အမြန်ထရပ်ပြီး မိတ်ဆက်ပေးလိုက်သည်။
" ဒါပေါ့၊ ဒီကျန်းလုဓားကို ဆရာကြီး အောင် ..... အောင် ဘယ်သူပါလိမ့် "
ထိုအခါ ယဲ့ဖန်မှ ကြင်နာစွာ ဝင်၍ သတိပေးလိုက်သည်။
" အောင်ရဲကျီ "
လုရှန်ကျုန်းသည် သူ့ကို ကျေးဇူးတင်စွာ ကြည့်လိုက်သည်။
" ဟုတ်တယ်၊ ဟုတ်တယ်။ ဒီဓားကို ဆရာကြီးအောင်ရဲကျီက သွန်းထုထားတာ။ အကျော်ကြားဆုံး ဓား၅ချောင်းထဲမှာ ပထမအဆင့်ဝင်ပဲ ..... "
လုသောင်းချွမ်သည် မျက်မှောင်ကြုတ်ပြီး ခဏ စဉ်းစားလိုက်သည်။
" အောင်ရဲကျီဆိုတာ ဘယ်သူလဲ "
ဥက္ကဌလု၏ ဉာဏ်ရည်နှင့် အသိပညာမှာ သူ၏ မသိတတ်သောသားလောက် မကောင်းပေ။
လုရှန်ကျုန်းသည် သူ၏အဖေအား ဆရာကြီးအောင်ရဲကျီ၏ နာမည်နှင့် ကျန်းလုဓားအကြောင်းကို ချီးမွမ်းပြောဆိုလေသည်။
လုသောင်းချွမ် ကြောင်အသွားသည်။
" ဒီကျန်းလုဓားက တကယ်ပဲ အဲ့လောက်ခမ်းနားတာလား "
သူသည် သူ၏သားပါးစပ်မှ ထွက်လာသော စကားလုံးများကို အယုံအကြည်မရှိ၍ စူချီယွမ်ကို မေးလိုက်သည်။
စူချီယွမ် ခေါင်းကုတ်လိုက်မိသည်။
" ကျွန်တော့်ကို မကြည့်နဲ့။ ကျွန်တော်က မူလတန်းတောင် မအောင်ဘူး "
သူတို့သည် ယဲ့ဖန်ကို လှည့်ကြည့်ကြတော့သည်။
ယဲ့ဖန် ခြောက်ကပ်စွာ ချောင်းဟန့်လိုက်သည်။
" ကျန်းလုဓားက တကယ်ပဲ တရုတ်ပြည်ရဲ့ ပထမဆုံးခေတ်က လက်လုပ်ဓားပါ။ ထန်မင်းဆက်က ရွှယ်ရန်းကွေ့နဲ့ တောင်ပိုင်းဆုန်းမင်းဆက်က ယွဲ့ဖေးတို့က ကျန်းလုဓားရဲ့ ပိုင်ရှင်တွေ ဖြစ်ဖူးကြပါတယ် ..... "
လုသောင်းချွမ်နှင့် စူချီယွမ်တို့ အံ့ဩသွားကြသည်။
သူတို့သည် ကျန်းလုဓားအကြောင်း မကြားဖူးကြသော်လည်း ရွှယ်ရန်းကွေ့နှင့် ယွဲ့ဖေးတို့၏ ကြီးမြတ်သောနာမည်တို့ကို ကြားဖူးကြသည်။
ထိုကြီးမြတ်လှသည့်သူရဲကောင်းများသည် ကျန်းလုဓားကို ပိုင်ဆိုင်ဖူးသည်ဖြစ်၍ ကျန်းလုဓားသည် သေချာပေါက် အထင်ကြီးစရာကောင်းပေလိမ့်မည်။
လုရှန်ကျုန်း၏ ဗဟုသုတထဲ၌ ဤအချက်အလက် မပါဝင်၍ သူသည်လည်း အံ့ဩသွားရသည်။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၆၂ )
ရိုးရိုးသားသား ပြောရရင် နောက်ထပ် ကျန်းလုဓားတစ်ချောင်းက ကျွန်တော့်စီမှာ
ယဲ့ဖန်၏ ရှင်းပြချက်အား နားထောင်ပြီးနောက် လုသောင်းချွမ် သူ့လက်ထဲမှ ကျန်းလုဓားအား တအံ့တဩ ကြည့်လိုက်သည်။
" ကျစ်ကျစ်ကျစ်၊ ဒီဓားက ဒီလို အင်အားကြီးတဲ့နောက်ခံ ရှိတာလား။ ဒါဆို ဒါက အဖိုးဖြတ်မရတဲ့ ရတနာပဲ "
လုရှန်ကျုန်းသည် ချက်ချင်းထွက်လာကာ နာမည်ကောင်းဝင်ယူတော့သည်။
" အဖေ၊ ကျွန်တော် ဒီတစ်ခါတော့ ပိုက်ဆံသုံးတာ အလဟဿမဖြစ်ဘူး၊ ဟုတ်တယ်မလား "
လုသောင်းချွမ် သူ့ကို စူးစိုက်ကြည့်လိုက်သည်။
" ဘာတွေ လာပြီး ဂုဏ်ယူနေတာလဲ။ ဒါက ကြက်ကန်းဆန်အိုးတိုးတာပဲ မဟုတ်လား။ ဘာဂုဏ်ယူနေစရာ ရှိလို့လဲ "
လုရှန်ကျုန်းသည် ရယ်သာရယ်နေလိုက်ပြီး သူ့အဖေနှင့် ဆက်၍ မငြင်းတော့ချေ။
လုသောင်းချွမ် ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။
" ယဲ့လူကြီးမင်းက ဒီဓားအကြောင်းကို သိတယ်ဆိုမှတော့ ဒီဓားက ဂျပန်ယန်း သန်း၅၀၀ အကုန်ခံထားတာက တန်တယ်လို့ ထင်လား "
လုရှန်ကျုန်းသည် ယဲ့ဖန်အား စိတ်လှုပ်ရှားစွာ ကြည့်နေသည်။
အကယ်၍ ယဲ့ဖန်မှ ထိုမျှမတန်ဘူးဟု ဆိုလိုက်ပါက သူသည် နောက်တစ်ကြိမ် နာကျင်မှုကြောင့် မေ့လဲသွားနိုင်ခြေရှိသည်။
ယဲ့ဖန်သည် ကျန်းလုဓားကို ကြည့်လိုက်သည်။
" ကျန်းလုဓားလို ရှေးဟောင်းရတနာတစ်ခုက ပိုက်ဆံနဲ့ တိုင်းတာလို့မရဘူး "
" ဟိုတလောက ကျန်းလုဓားကို တောင်ပိုင်းကွမ်တုန်းပြည်နယ်မှာ ရောင်းနေတဲ့လူတစ်ယောက်ကို တွေ့လိုက်တယ်။ အဲ့တာနဲ့ လာဝယ်သူတစ်ယောက်က တရုတ်ယွမ်ငွေ ၁ဘီလီယံ ကမ်းလှမ်းပေမဲ့ အဲ့လူက ငြင်းလိုက်တယ် .... "
လုသောင်းချွမ်နှင့် သူ၏သားသည် ထိုစကားကို ကြားသောအခါ သူတို့သည် ချက်ချင်းပင် အပျော်လွန်သွားကြတော့သည်။
တရုတ်ယွမ် ၁ ဘီလီယံသည် ဂျပန်ယန်း ၂၀ ဘီလီယံနှင့် ညီမျှလေသည်။
ဒါဆိုရင် အမြတ်အများကြီးရမှာ မဟုတ်ဘူးလား။
" ဟားဟားဟား၊ ကျွန်တော် ဒီတစ်ခါတော့ ပိုက်ဆံကို အလဟဿ မဖြစ်စေခဲ့ဖူးဘဲ။ ဘယ်သူက လက်ဖွာတယ်လို့ ခေါ်ရဲသေးလဲ "
" သားကောင်းလေး၊ မင်း နောက်ဆုံးတော့ ငါ့ကို အထင်ကြီးစေနိုင်မယ့်ကိစ္စကို လုပ်နိုင်ခဲ့ပြီပေါ့။ အခု ငါ သေရင်တောင် ဘိုးဘေးတွေကို မျက်နှာပြနိုင်ပြီ "
" ဟားဟားဟား၊ ၂၀ ဘီလီယံလား။ အဲ့တာက ဘယ်လောက်တောင်လဲ။ ယဲ့လူကြီးမင်းက နောက်ပြောင်နေတာလား "
" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ယဲ့လူကြီးမင်းက တောင်ပိုင်းကွမ်တုန်းပြည်နယ်ရဲ့ ထိပ်ဆုံးအတန်းဝင်တွေထဲက တစ်ယောက်ပဲ။ သူက အသိဉာဏ်ပြည့်စုံတယ် "
" ကျန်းလုဓားကို ရောင်းနေတာ မြင်ဖူးတယ်လို့ ပြောမှတော့ တကယ်ပဲ ဖြစ်ရမယ်။ ဟားဟားဟား "
" တစ်ယောက်ယောက်က ရောင်းလိုက်တာလား။ နေဦး၊ အဲ့တာဆို အဖေ .... ကျန်းလုဓားက ဘယ်နှစ်ချောင်းရှိတာလဲ "
" အဓိပ္ပာယ်မရှိတာ။ ဒါဆို နတ်ဆန်တဲ့ပစ္စည်းမျိုးက တစ်ခုပဲ ရှိမှာပေါ့ "
" ဒါက တစ်ခုတည်းဆို နောက်ဆုံးမြင်လိုက်တုန်းက ဘယ်မှာလဲ "
" အာ ............ "
ထိုသားအဖသည် စိတ်ကျေနပ်လွန်း၍ ပါးစပ်နားရွက်ချိတ်မတက် ရယ်နေရာမှ သူတို့၏ အပြုံးများမှာ အေးခဲသွားတော့သည်။
" ဟုတ်တယ်။ ယဲ့လူကြီးမင်း၊ အခု ကျန်းလုဓားက ကျွန်တော့်လက်ထဲရောက်နေပြီ။ ဘယ်တုန်းက နောက်ဆုံးတွေ့ခဲ့တာလဲ "
လုသောင်းချွမ်သည် ယဲ့ဖန်ကို ချက်ချင်း ကြည့်လိုက်သည်။
ယဲ့ဖန် မတတ်နိုင်ဘဲ မျက်ခုံးပင့်လိုက်မိသည်။
ထိုသားအဖမှာ စိတ်ရှုပ်ထွေးလာတော့သည်။
" အဟွတ်၊ အဟွတ်၊ အမှန်တိုင်းပြောရရင် ကျန်းလုဓားက ကျွန်တော့်စီမှာ "
လုသောင်းချွမ် ကြောင်အသွားသည်။
" ယဲ့လူကြီးမင်း၊ ကျန်းလုဓားက ဘယ်နှစ်ချောင်းရှိတာလဲ "
" တစ်ချောင်းတည်းပါ "
ယဲ့ဖန် သေချာစွာ ဖြေလိုက်သည်။
" တစ်ချောင်းတည်းရှိတယ်ဆို လူကြီးမင်းစီမှာ ဘယ်လိုလုပ် ရှိနေတာလဲ "
လုရှန်ကျုန်းသည်လည်း အမြန်ဝင်မေးသည်။
ယဲ့ဖန်သည် ထိုသားအဖအား လှည့်ပတ်၍ မပြောတော့ပေ။
" အမှန်ပြောရရင် ခင်ဗျားရဲ့ ကျန်းလုဓားက အတုကြီး "
" မဖြစ်နိုင်ဘူး၊ အဲ့တာ လုံးဝ မဖြစ်နိုင်ဘူး "
လုရှန်ကျုန်း ခိုင်မာစွာ ပြန်ပြောလိုက်သည်။
လုသောင်းချွမ်သည် သူ၏သားလောက် စိတ်မလှုပ်ရှားနေသော်လည်း ယဲ့ဖန်အား သံသယဝင်စွာ ကြည့်လိုက်သည်။
" ဒါကို အတုလို့ပြောတော့ သက်သေရှိလို့လား "
ယဲ့ဖန် သူ့ကို ပြုံးပြလိုက်သည်။
" ဓားကို တစ်ချက်လောက် ကြည့်လို့ရမလား "
လုသောင်းချွမ် တခဏတွန့်ဆုတ်သွားသည်။
သို့သော် သူသည် ယဲ့ဖန်အား ဓားကို လှမ်းပေးလိုက်သည်။
ယဲ့ဖန်သည် ဓားကို ရပြီးသည့်အခါ လှန်လှောပြီးနောက် သေချာကြည့်နေသည်။
ထို့နောက် ဓားကို လက်ဖြင့် ၂ကြိမ်တောက်လိုက်သည်။
ထိုအခါ သူ၏အပြုံးမှာ ပို၍ကျယ်လာတော့သည်။
" ဓားကို သွန်းထားတဲ့ နည်းလမ်းက တကယ် မဆိုးဘူး။ တကယ့် ကျန်းလုဓားကိုသာ မမြင်ဖူးဘူးဆိုရင် လှည့်စားခံရမှာ "
လုသောင်းချွမ်သည် ထိုအဖြေကို မကျေနပ်ပေ။
" ဘာကို အခြေခံပြီး အတုလို့ပြောတာလဲ ပြောပြပေးလို့ရမလား "
ယဲ့ဖန်သည် သူ့ကို ရှင်းပြရတော့သည်။
" ဘာလို့လဲဆိုတော့ ကျန်းလုဓားက ကြေးဓားဖြစ်ပြီးတော့ ဒီဓားကို စတီးနဲ့ လုပ်ထားတာပါ "
လုရှန်ကျုန်း အမြန်ပြန်ပြောလိုက်သည်။
" ကျန်းလုဓားက ကြေးဓားဆိုတာ ဘယ်လိုလုပ်သိလဲ "
ချန်းဖေးအယ် ရယ်ချင်သည်ကို ထိန်းလိုက်ရသည်။
" နွေဦးဆောင်းဦးခေတ်တုန်းက လက်နက်တွေကို အခြေခံအားဖြင့် ကြေးတွေနဲ့ လုပ်ကြတာ။ စတီးတို့ သံမဏိတို့က ဟန်မင်းဆက်နောက်ပိုင်းမှ ခေတ်စားလာတာ။ ဒါတွေက မူလတန်းကျောင်းသင်ခန်းစာတွေမှာတောင် ပါတယ် "
လုရှန်ကျုန်းသည် အမှန်ကို လက်မခံနိုင်ဘဲ ဆက်၍ ငြင်းဆန်နေသည်။
" ဒီဓားကို ဆရာကြီး အောင်ရဲကျီက သွန်းလုပ်ခဲ့တာဆိုတော့ ဆရာကြီးက စတီးတွေ စပြီးသုံးခဲ့တာဆို ဘယ်လိုလုပ်မလဲ "
ယဲ့ဖန်သည် ထိုပညာမတတ်သောလူကြောင့် ပြောစရာစကားမဲ့သွားရသည်။
သို့သော် သူသည် စိတ်ရှည်စွာ ဆက်ရှင်းပြလိုက်သည်။
" ဆရာကြီးအောင်ရဲကျီက အရမ်းအင်အားကြီးတာ မှန်ပေမဲ့ နှစ်တစ်ထောင်လောက်တော့ ကြိုမသိနိုင်ဘူး "
" ဒီဓား သွန်းထားပုံကို ကြည့်နိုင်တယ်။ ဒီဓားကို ခေတ်သစ်စက်ပစ္စည်းတွေနဲ့ လုပ်ထားတာ။ လက်နဲ့ သွန်းထားတာ လုံးဝ မဖြစ်နိုင်ဘူး "
သူတို့သည် အစပိုင်း၌ သတိမထားမိကြပေ။
သို့သော် ယဲ့ဖန်မှ သတိပေးပြီးနောက် သူတို့သည် ဓားကို ထပ်ကြည့်လိုက်ကြသည်။
ဓားသည် လက်ဖြင့် သွန်းထားသည်ဟု မထင်ရပေ။
ဘေးအစွန်းနှင့် အနားသားများမှာ အလွန်သေသပ်နေသည်။
ဤသည်မှာ စက်ပစ္စည်းဖြင့် ဖြတ်ထားသည်မှာ သိသာလှသည်။
သို့သော် လုရှန်ကျုန်းသည် ကန့်ကွက်နေဆဲဖြစ်သည်။
" မင်းပြောခဲ့တာတွေက အများကြီးဆိုပေမဲ့ အဲ့တာတွေအားလုံးက အဓိပ္ပာယ်မရှိတာတွေချည်းပဲ။ ငါထင်တာတော့ မင်းက အဲ့ဓားကို စျေးသက်သက်သာသာနဲ့ ဝယ်ဖို့ ငါတို့ကို လှည့်စားနေတာလို့ ငါထင်တယ် ဟုတ်တယ်မလား "
ယဲ့ဖန်သည် သူ၏ မှော်ဆန်လှသော အတွေးကြောင့် လက်လန်သွားရသည်။
ယဲ့ဖန်သည် ဆက်၍ပင် စကားမပြောချင်တော့ပေ။
လုရှန်ကျုန်းသည် ယဲ့ဖန် မဖြေနိုင်သည်ကို မြင်သောအခါ သူ၏မှန်းဆချက်မှာ မှန်သည်ဟု ခံစားလိုက်ရသည်။
" ဟားဟားဟား၊ ငါ မှန်တယ် ဟုတ်တယ်မလား။ မင်းက လူကောင်းတစ်ယောက်လို့ မထင်ဘူး။ ငါတို့အိမ်ထဲကို လာပြီး မင်းက ဘယ်လိုလုပ် လှည့်စားရဲတာလဲ "
လုသောင်းချွမ်သည် သူ့သားလောက် မကြမ်းတမ်းသော်လည်း သူ့မျက်လုံးများ၌ သံသယများဖြင့် ပြည့်နှက်နေသည်။
သူသည် ယဲ့ဖန်၏ စကားများကို လုံးဝ မယုံချေ။
ချန်းဖေးအယ်သည် ယဲ့ဖန်၏ လက်မောင်းကို ဆွဲကိုင်လိုက်သည်။
" ယဲ့ဖန်၊ သူတို့ကို သက်သေပြလိုက် "
ယဲ့ဖန်သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် ရုံးခန်းနံရံ၌ ချိတ်ဆွဲထားသော ဆာမူရိုင်းဓားတစ်ချောင်းကို တွေ့လိုက်ရသည်။
သူသည် ထိုဓားဆီသို့ ချက်ချင်းလျှောက်သွားပြီး ဖြုတ်လိုက်သည်။
" ဥက္ကဌလုရဲ့ ဆာမူရိုင်းဓားက မဆိုးဘူး။ ဓားက အတော်လေး ထက်လောက်တယ် မဟုတ်လား "
လုသောင်းချွမ် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
" ဒါက အဆင်တန်ဆာတစ်ခုပဲ။ အဖိုးတန်ဓားတစ်လက် မဟုတ်ဘူး "
ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။
" ကောင်းပြီ၊ ဒီကျန်းလုဓားက ရှေးခေတ်လက်ရာဖြစ်လို့ အလွန်ထက်တယ် "
" ဒီအလှဆင်ဓားကိုသုံးပြီး ကျန်းလုဓားကို ဖြတ်ကြည့်မယ်။ ဖြတ်လို့ ဓားပြတ်ပြီး ကျိုးသွားရင် ဒီဓားက အတုဖြစ်တယ်ဆိုတာ သက်သေပြနိုင်ပြီ မဟုတ်လား "
လုရှန်ကျုန်းသည် ဓားကို အမြန်ကာကွယ်လိုက်သည်။
" မဖြတ်နိုင်ရင် ဘယ်လိုလုပ်မလဲ "
ယဲ့ဖန် မတတ်နိုင်ဘဲ ပြုံးမိသည်။
" မဖြတ်နိုင်ရင် ဒီဓားက အစစ်ဖြစ်ကြောင်း သက်သေပြနိုင်မှာ မဟုတ်ဘူးလား။ ဒါဆို ခင်ဗျားတို့က ပွပေါက်တိုးတဲ့အတွက် ကျွန်တော်က ဂုဏ်ပြုပေးပါ့မယ် "
လုရှန်ကျုန်း ခေါင်းယမ်းလိုက်သည်။
" မလုံလောက်ဘူး "
ယဲ့ဖန် သူ့ကို ကူကယ်ရာမဲ့စွာ ကြည့်နေသည်။
" ဒါဆို ဘာလိုချင်သေးတာလဲ "
လုရှန်ကျုန်းသည် ပါးနပ်သော အပြုံးကို ထုတ်ဖော်လိုက်သည်။
" မခုတ်နိုင်ရင် ဒီဓားဟာ အစစ်ဖြစ်ကြောင်း သက်သေပြနေတယ် "
" ပြီးတော့ ကျန်းလုဓားအစစ်က ၁ ဘီလီယံတန်တယ်လို့ မင်း ပြောဖူးတယ်မလား။ အဲ့တာကြောင့် ငါ မင်းကို ၁ ဘီလီယံနဲ့ ရောင်းမယ်။"
ထို့နောက် သူသည် ယဲ့ဖန်ကို စိုက်ကြည့်ကာ အဖြေကို စောင့်နေသည်။
ယဲ့ဖန် မတတ်နိုင်ဘဲ ရယ်မိသည်။
" ကောင်းပြီ၊ သဘောတူတယ် "
" ဒါဆို သဘောတူပြီးသွားပြီ။ မင်း စကားပြန်မပြောင်းဘူးမလား "
လုရှန်ကျုန်းသည် ယဲ့ဖန်၏သဘောတူသည်ကို ကြားသောအခါ စကားပြန်ပြောင်စမည်ကို စိုးရိမ်နေသည်။
ထို့ကြောင့် ချက်ချင်းပင် ယဲ့ဖန်ကို သတိပေးလိုက်သည်။
အမှန်တကယ်၌ သူသည် ယဲ့ဖန်၏ စကားများအား ၈၀% ယုံကြည်နေပြီဖြစ်သည်။
ဤဓား၌ တစ်စုံတစ်ခု မှားနေကြောင်း သူ ခံစားလိုက်ရသည်။
သို့သော် သူသည် ဤဓားအတွက် တရုတ်ယွမ် သန်း၃၀ နီးပါး အသုံးပြုခဲ့ရသည်။
အတုဖြစ်နေပါက သူ့အဖေသည် သူ့အား အရှင်လတ်လတ် အရေခွံခွာပေလိမ့်မည်။
ယခုအခါ ယဲ့ဖန်မှ တာဝန်ယူပေးမည်ဖြစ်၍ သူ အလွန်ပျော်သွားသည်။
သူ့အစီအစဥ်မှာ အမှန်တကယ် ရိုးရှင်းပြီး ထက်မြက်လှသည်။
ထိုဓားသည် အတုဖြစ်လျှင်ပင် စတီးနှင့် သွန်းထားသည်ဖြစ်၍ အလွယ်တကူကျိုးမည် မဟုတ်လောက်ပေ။
ယဲ့ဖန်သည် အလှဆင်ဓားတစ်ချောင်းဖြင့် ဓားကို ချိုးရန်မှာလည်း မဖြစ်နိုင်ပေ။
ဓားမကျိုးပါက ယဲ့ဖန်သည် သူ့ဓားကို ဝယ်ရန် ပိုက်ဆံပေးရလိမ့်မည်။
ထိုကျန်းလုဓားကို ဝယ်ရန် တရုတ်ငွေ သန်း ၃၀သာ သုံးစွဲခဲ့သော်လည်း ယခုအခါ ယွမ် ၁ ဘီလီယံဖြင့် ရောင်းချနိုင်တော့မည် ဖြစ်သည်။
သူသည် အဆ၃၀မြတ်မည်သာမက သူ့အဖေကလည်း သူ့အပေါ် အမြင်ပြောင်းသွားနိုင်သည်။
ဟားဟားဟား၊ ငါက ဉာဏ်ကြီးရှင်တစ်ယောက်ပဲ။
သူ့လက်ထဲ၌ ယွမ် ၁ ဘီလီယံ ကိုင်ရသည့် အရသာကို ရရှိရန် သူ မျှော်လင့်နေပြီဖြစ်သည်။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၆၃ )
ယဲ့လူကြီးမင်းအပေါ် ရိုင်းစိုင်းရဲတယ်လား
" လုသခင်လေး၊ ဓားကို သေချာကိုင်ထားပါ။ အခုခုတ်တော့မယ် "
ယဲ့ဖန်သည် လုရှန်ကျုန်းအား သူ၏ အိပ်မက်လှလှလေးထံမှ ချက်ချင်း လှုပ်နှိုးလိုက်သည်။
လုရှန်ကျုန်းသည် ကျန်းလုဓားကို ဓားသွားကို အပေါ်သို့ မျက်နှာမူလျက် လက်နှစ်ဖက်ဖြင့် ကိုင်ထားပြီး ပြောလိုက်သည်။
" ခုတ်လိုက်တော့ "
ချန်းဖေးအယ်နှင့် အခြားသူများကလည်း စိတ်ဝင်တစား ကြည့်နေကြသည်။
ယဲ့ဖန်သည် အလှဆင်ဓားကို ဓားအိမ်ထဲမှ ဖြည်းညှင်းစွာ ထုတ်ယူလိုက်ပြီး ကျန်းလုဓားအတုကို ခုတ်ဖြတ်လိုက်သည်။
ချွမ်
သတ္တုအပိုင်းအစသည် မြေပေါ်သို့ ကျသွားသံ ထွက်ပေါ်လာသည်။
လူတိုင်းသည် အောက်သို့ အမြန်ငုံ့ကြည့်လိုက်ကြသည်။
ယဲ့ဖန်၏ လက်ထဲ၌ အလှဆင်ဓားတစ်ဝက်သာ ရှိတော့သည်ကို တွေ့လိုက်ရသည်။
ဒါဆို ဒီကျန်းလုဓားက အစစ်လား။
ချန်းဖေးအယ်သည်လည်း ကြောင်အသွားသည်။
ယဲ့ဖန် အမှားလုပ်မိတာလား။
ဒါက တကယ် ရှက်စရာပဲ။
လုသောင်းချွမ်သည် ယဲ့ဖန်အပေါ် မူလ၌ အတော်ပင် အထင်ကြီးလေသည်။
သို့သော် ယခုအခါ စတင်၍ အထင်သေးလာမိသည်။
ထိုကလေး၏ ပန်းလိုစကားများမှာ သူ့ကို ခြောက်လုမတတ် ဖြစ်သွားသည်။
ထိုယဲ့လူကြီးမင်းသည် အပြောသာရှိမည့်သူဟု ထင်မထားပေ။
စူချီယွမ်၏ မျက်နှာမှာလည်း ရှက်ရွံ့မှုများ ပြည့်နှက်သွားသည်။
သူသည် ယဲ့ဖန်အား ဥက္ကဌအရှေ့၌ ချီးမြှောက်ထားခဲ့သည်။
သို့သော် ဤကဲ့သို့ မျက်နှာပျက်ရမည် မထင်ထားပေ။
သူတို့သည် ယဲ့ဖန်အား ကြည့်ကာ သူ မည်မျှ ရှက်သွားမည်ကို သိချင်နေကြသည်။
သို့သော် သူတို့ မထင်မှတ်ထားသည်မှာ တစ်ဖက်သူ၏ မျက်နှာထားသည် သာမန်အတိုင်း ရှိနေသည့်အပြင် ရလဒ်အပေါ် အံ့ဩသွားခြင်းလည်းမရှိပေ။
ဟမ်
ဒါက ဘာကိုဆိုလိုတာလဲ။
လုရှန်ကျုန်းသည် မူလ၌ အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။
သူသည် မျက်လုံးကို မှိတ်ထားခဲ့ကာ ဖွင့်မကြည့်ရဲပေ။
နောက်ဆုံးမှ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။
ထို့နောက် သူ့မျက်စိရှေ့မှ မြင်ကွင်းအား မြင်ပြီးသောအခါ သူ ချက်ချင်း ကျယ်လောင်စွာ ရယ်လိုက်မိသည်။
" ဟားဟား၊ ငါ့ဓားက အစစ်လို့ ပြောသားပဲ။ မင်းက လေကြီးလေကျယ်တွေ ပြောနေပေမဲ့ တကယ်တော့ ပေါက်ကရတွေ ဖြစ်နေတာပဲ။ ပိုက်ဆံကို ထုတ်လိုက်တော့ "
" စိတ်မလောပါနဲ့ "
ယဲ့ဖန် အသာအယာ ပြုံးလိုက်သည်။
ထို့နောက် ကျန်းလုဓားဆီသို့ လျှောက်လာပြီး ဓားပေါ်သို့ ဟူးခနဲ လေမှုတ်ထုတ်လိုက်သည်။
ထိုသည်က အံ့ဩတုန်လှုပ်စရာမြင်ကွင်းကို ဖြစ်ပေါ်လာစေသည်။
ကျန်းလုဓားသွားမှာ ရုတ်တရက် ကျိုးကျသွားပြီး ထိပ်ပိုင်းသည် ချွမ်ဟူသော အသံဖြင့် မြေပေါ်ကျသွားတော့သည်။
ရှိနေသည့်လူတိုင်းသည် ပါးစပ်အဟောင်းသားဖြစ်နေကာ လန့်လွန်း၍ စကားမပြောနိုင်တော့ပေ။
" ဒါ ..... ဘာတွေဖြစ်ကုန်တာလဲ။ လေတစ်ချက်မှုတ်ရုံနဲ့ ချိုးလိုက်နိုင်တာလား "
စူချီယွမ် မထိန်းနိုင်ဘဲ ပြောလိုက်မိသည်။
သို့သော် သူသည် ချက်ချင်း ကိုယ်ဟန်ဖို့လိုက်နိုင်သည်။
ယဲ့ဖန်သည် ဓားကို ပလတ်စတစ်ဖြင့် လုပ်ထားလျှင်ပင် လေတစ်ချက်မှုတ်ရုံဖြင့် မချိုးနိုင်သည်ကို သိလေသည်။
သူသည် နတ်ဘုရားမဟုတ်လျှင် မဖြစ်နိုင်ချေ။
ယဲ့ဖန်သည် ဓားဖြင့် ဖြတ်လိုက်သည်ကို မြင်ထား၍ သဘောတရားကို နားလည်သွားသည်။
ယဲ့ဖန်သည် အလှဆင်ဓားကို လွှဲလိုက်ပြီးနောက် ကျန်းလုဓားသည် ကျိုးသွားပြီ ဖြစ်လေသည်။
သို့သော် လုရှန်ကျုန်းသည် ဓားသွားကို အပေါ်လှည့်၍ ကိုင်ထားသည်ဖြစ်ရာ ဓားတုံးနေသည့်ဘက်က အောက်မှခံနေ၍ ဓားသည် ချက်ချင်း အောက်သို့ ကျမသွားခြင်းဖြစ်သည်။
သို့သော် ကိစ္စတစ်ခုက သူ့ကို စိတ်ရှုပ်ထွေးစေသည်။
ဓားတစ်ချောင်းအား ပြတ်ပြီးမှ အောက်မပြုတ်ကျစေရန်မှာ အလွန်ထက်သည့် ဓားတစ်ချောင်းလိုလေသည်။
ထို့အပြင် ယဲ့ဖန်သည် အလှဆင်ဓားကိုသာ ကိုင်ထားလေသည်။
အဲ့ဓားက ဘယ်လိုလုပ် ထက်မှာလဲ။
နှိုင်းယှဉ်ပါက သိုင်းပညာနှင့် ပတ်သက်လျှင် လုသောင်းချွမ်သည် အသိဉာဏ်ပိုရှိသည်။
ယဲ့ဖန်သည် ထိုဓားကို နှစ်ခြမ်းခွဲရန် အပြင်းအား မသုံးလိုက်သည်ကို ချက်ချင်း မြင်လိုက်သည်။
သူသည် အတွင်းအားကို သုံးခဲ့လေသည်။
အတွင်းအားကို အလှဆင်ဓားအတွင်းသို့ ပို့လိုက်ခြင်းသည် အလှဆင်ဓား၏ ထက်ရှမှုကို အချိန်ခဏတာ တိုးသွားစေသည်။
တိကျသော နည်းပညာပါ ထပ်ပေါင်းပါက ဤကဲ့သို့ အခြေအနေသည် ဖြစ်နိုင်ခြေမြင့်သည်။
ဤဖြစ်စဉ်၏ နက်နဲပုံကို နားလည်ပြီးနောက် သူ့ရင်ထဲမှ ထိတ်လန့်မှုမှာ စူချီယွမ်ထက် အဆတစ်ထောင် ပိုဆိုးလေသည်။
ထိုသို့ အတွင်းအားမျိုးထုတ်ရန် တစ်ဖက်သူ၏ ကိုယ်ခံပညာသည် တစ်ဖက်ကမ်းခတ်တော်ရမည် ဖြစ်သည်။
ထို့အပြင် သူသည် အတွင်းအားကို သတ္တုဓားသွားထဲသို့ပင် လွှဲပြောင်းနိုင်သည်။
ဤသို့သောစွမ်းအင်သည် ပို၍ပင် ထိတ်လန့်စရာကောင်းသည်။
ယဲ့ဖန်၏ အင်အားဖြင့်ဆိုပါမူ ဂိုဏ်းတစ်ခုပင် ထောင်လို့ရနိုင်လေသည်။
ထိုသို့ ပြောင်မြောက်လှသော ကျွမ်းကျင်သူဖြင့် ကြုံရသည့်အခါ ကျန်းလုဓား အစစ်ဖြစ်နေလျှင်ပင် အတုဟု ပြောရမည်ဖြစ်သည်။
" ယဲ့ .... ယဲ့လူကြီးမင်းက အမြင်ရော အင်အားရော အရမ်းကို အထင်ကြီးစရာကောင်းပါတယ်။ အရိုအသေပေးတာကို လက်ခံပေးပါ "
ထိုသို့ပြောပြီး ယဲ့ဖန်ကို ဒူးထောက်အရိုအသေပေးလိုက်သည်။
အစပိုင်း၌ သူသည် ထိုကောင်လေးအပေါ် အထင်သေးမှုအချို့ ရှိခဲ့သော်လည်း ယခုအခါ ထိုသို့ဆက်ပြီး မမောက်မာရဲတော့ချေ။
ချန်းဖေးအယ်သည် ထိုအပြုအမူကြောင့် များစွာ မခံစားရသော်လည်း စူချီယွမ်နှင့် လုရှန်ကျုန်းတို့သည် အလွန်ပင် ထိတ်လန့်သွားကြသည်။
ဂျပန်မှာရှိသည့် အကြီးဆုံးတရုတ်ဂိုဏ်းမှ ခေါင်းဆောင်ဖြစ်သည့်အလျောက် လုသောင်းချွမ်သည် ရာမာဂူချီ-ဂူမီဂိုဏ်း၊ အီနာဂါဝါ ခါအီဂိုဏ်းနှင့် စူမီရိုးရှိကိုင်ဂိုဏ်းတို့မှ ခေါင်းဆောင်များဖြင့် ရယ်မောကာ စကားပြောနိုင်လေသည်။
သို့သော် ယခုအခါ သူသည် သူ့သားအရွယ်လောက်သာရှိသော ကောင်လေးအား ဤကဲ့သို့ အရိုအသေပြုလိုက်မှုမှာ သတင်းသာ ပျံ့သွားပါက သူ၏ ဂိုဏ်းခေါင်းဆောင်ပုံရိပ်မှာ မှန်တစ်ချပ်လို ကွဲကြေပျက်စီးသွားနိုင်လေသည်။
လုရှန်ကျုန်းသည် ယဲ့ဖန်ကို မနှစ်မြို့၍ ချက်ချင်း ပြောဆိုတော့သည်။
" အဖေ၊ ဘာလို့ ဒီကလေးကို ..... "
" ခွေးသား၊ မင်းက ယဲ့လူကြီးမင်းအပေါ် ဘယ်လိုလုပ် ရိုင်းစိုင်းရဲတာလဲ။ အမြန် ဒူးထောက်စမ်း "
လုသောင်းချွမ်၏ နှလုံးတင်းကြပ်သွားရသည်။
ယဲ့ဖန်မှ အမျက်ထွက်မည်ကို စိုးရိမ်၍ သူ၏သားကို အလျင်အမြန်ဆုံးမလိုက်တော့သည်။
လုရှန်ကျုန်းသည် သူ၏ဖခင်ဖြစ်သူကို အလွန်ကြောက်လေသည်။
ထိုသို့ဆူပူခံရပြီးနောက် ချက်ချင်း စိတ်သဘောထားပြောင်းကာ မြေပြင်ပေါ်သို့ ချက်ချင်း ဒူးထောက်လိုက်တော့သည်။
" ယဲ့လူကြီးမင်း၊ ကျွန်တော့်သားက အလိုလိုက်ခံထားရတော့ ဆိုးသွမ်းနေတာပါ။ သူ့အတွက်ကြောင့်နဲ့ စိတ်မညစ်ပါနဲ့ "
ယဲ့ဖန် ယဉ်ကျေးစွာ ပြုံးလိုက်သည်။
" ဥက္ကဌလု၊ အဲ့လိုမပြောပါနဲ့။ ဥက္ကဌရဲ့သားက အပြစ်ကင်း လွတ်လပ်ပြီးတော့ ပျော်ပါးတတ်တဲ့သူပါ။ အတော်လေး ကောင်းပါတယ် "
လုရှန်ကျုန်းသည် သူ့သားဖြစ်သူကို ယဲ့ဖန်မှ မြှောက်ပင့်နေသည်အား ကြားလိုက်ရသောအခါ ချက်ချင်း ပြုံးလိုက်သည်။
သို့သော် စိတ်ထဲမှ ကျိန်ဆဲလိုက်တော့သည်။
ဒီတစ်ယောက်က လူစကား နားမလည်ဘူးလား။
အပြစ်ကင်းပြီး လွတ်လပ်တယ်ဆိုတာ အသိဉာဏ်မရှာတဲ့သူတွေပဲ အဲ့လိုနေနိုင်တာလေ။
ပျော်ပါးတတ်နေမှတော့ တက်လမ်းရှိပါတော့မလား။
အဲ့တော့ သူ့သားက ဒီအတိုင်း ရူးနှမ်းနေတဲ့ကလေးလို့ ဆိုလိုတာ မဟုတ်ဘူးလား။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၆၄ )
ကံနဂါးအဖွဲ့အစည်းက ယဲ့လူကြီးမင်းအပေါ် တာဝန်ထမ်းဆောင်ဖို့ ဆန္ဒရှိပါတယ်
လုရှန်ကျုန်းသည် ကြောက်လွန်း၍ တုန်လှုပ်နေကာ သူ့အဖေမှ ထပ်ပြီး ဒေါသပေါက်ကွဲလာမည်ကို စိုးရိမ်၍ အချိန်မရွေး ထွက်ပြေးရန် အဆင်သင့်ပြင်နေသည်။
သို့သော် အံ့အားသင့်စရာကောင်းစွာဖြင့် သူ၏အဖေသည် ပုံမှန်လို သူ့ကို အပြစ်မပေးချေ။
ထိုအစားမျက်မှောင်ကြုတ်ပြီး တွေးနေသည်။
ထိုသည်က သူ့ကို ပို၍ စိတ်ရှုပ်လာစေသည်။
လာရိုက်နှက်လိုက်သည်က သူ့အတွက် ပိုအဆင်ပြေပေဦးမည်။
" အဖေ၊ ကျွန်တော်မှားတာ သိပါပြီ။ ရိုက်မှာဆို ရိုက်လိုက်။ အသက်ရှင်ရင် ရ .. ရပါပြီ "
လုသောင်းချွမ် ခေါင်းကိုမော့ကာ သူ့သားကို တစ်ချက်ကြည့်လိုက်သည်။
" မင်း ဒီဓားကို ဘယ်ကနေ ဝယ်လာတာလဲ "
" အာဒို ဆူအီချီစီက ဝယ်လာတာ "
လုရှန်ကျုန်း၏မျက်နှာသည် ကြောက်ရွံ့နေလျက် ပြန်ဖြေသည်။
လုသောင်းချွမ် မျက်မှောင်ကြုတ်လိုက်သည်။
" အာဒို ဆူအီချီဆိုတာ ဘယ်သူလဲ "
လုရှန်ကျုန်း ပြန်မဖြေခင် စူချီယွမ်မှ ရုတ်တရက် ဝင်ပြောလိုက်သည်။
" ဝါဒါမြို့က အာဒို ဆူအီချီလား "
လုရှန်ကျုန်း ချက်ချင်း ခေါင်းညိတ်လိုက်သည်။
" ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်၊ သူပဲ။ သူက ဒီဓားကို ဂျပန် ရှေးဟောင်းမိသားစုစီက ဝယ်လာပြီးတော့ ကျွန်တော်က တရုတ်မလို့ ကျွန်တော့်ကို ဈေးလျှော့ပြီး ရောင်းပေးတာတဲ့ ..... "
လုသောင်းချွမ်သည် သူ့သားအား အတော်ပင် သတ်ပစ်ချင်သည်အထိ ဒေါသထွက်လာသည်။
သို့သော် အဆုံး၌ သူ၏ ဒေါသအား ဖိနှိပ်ထားပြီး စူချီယွမ်ကို ကြည့်လိုက်သည်။
" ဒီ အာဒို ဆူအီချီက ဘယ်သူလဲ "
စူချီယွမ် တခဏ တွန့်ဆုတ်သွားသည်။
" ဒီလူက ဝါဒါမြို့မှာ ရှေးဟောင်းပစ္စည်းဆိုင် ဖွင့်ထားတာပါ။ သူက အကောင်ကြီးတော့ မဟုတ်ပေမဲ့ သူက အဆက်အသွယ်တွေ အများကြီးရှိတယ်လို့ ကြားထားတယ်။ အထူးသဖြင့် .... သူက ရာမာဂူချီ-ဂူမီဂိုဏ်း အီဒိုအခွဲက ဥက္ကဌ ယာမာမိုတို Yutoနဲ့ မိတ်ဆွေတွေလို့ ကြားတယ် "
လုသောင်းချွမ်သည် ရာမာဂူချီ-ဂူမီဂိုဏ်းဟူသော အသံကို ကြားပြီးနောက် သူ၏ အမူအရာမှာ လုံးဝ ပြောင်းလဲသွားတော့သည်။
ထို့နောက် ကုလားထိုင်ပေါ်၌ ဖြည်းညှင်းစွာ ထိုင်ချလိုက်သည်။
" ဒါဆို ဒါက ရာမာဂူချီ-ဂူမီဂိုဏ်းရဲ့ လက်ချက်လား။ သူတို့က ဘာလုပ်ဖို့ ကြိုးစားနေတာလဲ "
ပြင်ပလူများအနေနှင့် ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည် ဝင်မနှောင့်ယှက်ပေ။
ဘေး၌သာထိုင်ပြီး စိတ်ရှည်စွာဖြင့် နားထောင်နေကြသည်။
စူချီယွမ်သည် ခဏလောက် စဉ်းစားနေသည်။
" သူတို့မှာ ရည်ရွယ်ချက် နှစ်ခုရှိမယ်ထင်တယ်။ ဒီကျန်းလုဓားအတုကို လိမ်ရောင်းလိုက်တဲ့အတွက် သူတို့ ပိုက်ဆံရတယ်။ ကျွန်တော်တို့ဘက်က အတုမှန်း သိပြီး မကေိနပ်လို့ ပြဿနာစရှာမိရင်
ရာမာဂူချီ-ဂူမီဂိုဏ်းက ကျွန်တော်တို့တွေကို တိုက်ခိုက်ဖို့ ဆင်ခြေရသွားပါလိမ့်မယ် ...... "
ဒိုင်း
စူချီယွမ်၏စကား မပြီးခင်မှာပင် လုသောင်းချွမ်သည် ရုတ်တရက် စားပွဲကို ရိုက်ချလိုက်ကာ ထရပ်လိုက်သည်။
" ရာမာဂူချီ-ဂူမီဂိုဏ်းက တကယ်ကို လွန်လွန်းနေပြီ။ ငါတို့ ကံနဂါးအဖွဲ့အစည်းက သူတို့ကို အမြဲသည်းခံခဲ့တာ။ ဒါပေမယ့် ဒီခွေးသားတွေက တစ်ပွဲတစ်လမ်းနွှဲချင်နေတာပဲ။ ငါတို့ရဲ့ ကံနဂါးအဖွဲ့အစည်းက အနိုင်ကျင့်ဖို့ လွယ်တယ်လို့ သူတို့ တကယ်ထင်နေတာလား "
စူချီယွမ်သည် သူ့ကို အလျင်အမြန် နားချရန် ကြိုးစားလေသည်။
" ဥက္ကဌ၊ ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ။ ရာမာဂူချီ-ဂူမီဂိုဏ်းက ဒါကို သတ္တိရှိရှိ လုပ်ရဲမှတော့ သူတို့က ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ ပြင်ဆင်ထားပြီးသား ဖြစ်လောက်မယ်။ ထောင်ချောက်ထဲကို ဆင်းမိသွားလို့ မဖြစ်ပါဘူး "
လုသောင်းချွမ်သည် 'တိတ်ဆိတ်ခြင်းနှင့် ငြိမ်သက်ခြင်း' အကြောင်းတရားကို လုံးဝ မေ့လျော့သွားပြီဖြစ်သည်။
" ဘာကို ကြောက်နေရမှာလဲ။ သူတို့ကတောင် ဒုက္ခကို တမင်လာရှာသေးတာ ငါတို့က သူရဲဘောကြောင်ပြီး သည်းခံနေရမှာလား။ ဒါကို ငါတို့ ဘယ်လောက်ကြာကြာ သည်းခံပေးနေရမှာလဲ "
စူချီယွမ်သည် သူ့ကို ဆက်ပြီး စည်းရုံးနားချလေသည်။
" ရာမာဂူချီ-ဂူမီဂိုဏ်းက ရှိလာတဲ့အချိန် ကြာလာတာနဲ့အမျှ ဆက်ပြီး ကြာကြာတောင့်ခံဖို့ နည်းလမ်းမရှိတော့ပါဘူး။ အဲ့တာကြောင့် သူတို့က နောင်ကြုံလာမယ့်ပြဿနာတွေကို ဖယ်ရှားဖို့ တခြားဂိုဏ်းတွေကို ရှင်းပစ်မယ့်အစီအစဉ်အတွက် စိတ်အားထက်သန်နေတာပါ။ ဒီလိုအချိန်မျိုးမှာ သူတို့ကို တကယ်ပဲ ထိပ်တိုက်မရင်ဆိုင်သင့်ပါဘူး "
လုသောင်းချွမ်သည် သူ့စိတ်ထဲမှ ခံပြင်းစိတ်အား တွန်းထုတ်နေခြင်းသာ ဖြစ်သည်။
သူသည် ရာမာဂူချီ-ဂူမီဂိုဏ်းနှင့် လူသိရှင်ကြား တိုက်ခိုက်ရန် သတ္တိမရှိပေ။
" ဒုဥက္ကဌစူ ပြောတာက အဓိပ္ပာယ်ရှိတယ်။ နည်းနည်းမှားသွားတာက ကြီးမားတဲ့ အစီအစဥ်ကို ပျက်စီးစေလိမ့်မယ်။ ကြည့်ရတာ ငါ့ရဲ့ စိတ်ကျင့်စဉ်က ထိပ်ဆုံးထိ မရောက်သေးပုံဘဲ "
သူသည် စကားပြောနေစဉ် ယဲ့ဖန်အား ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။
" ဒီနေ့တော့ ယဲ့လူကြီးမင်းကို ကျေးဇူးတင်ရမှာပဲ။ ယဲ့လူကြီးမင်းကြောင့်သာ မဟုတ်ရင် တခြားသူတွေစီက လှည့်စားခံရတော့မယ် "
ယဲ့ဖန် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
" ဥက္ကဌလု၊ ဒီလိုယဉ်ကျေးနေဖို့ မလိုပါဘူး။ ဒါက အသေးအဖွဲကိစ္စပါ "
လုသောင်းချွမ် ခေါင်းယမ်းပြီး ခါးသက်စွာ ပြုံးလိုက်သည်။
" ဒါက ယဲ့လူကြီးမင်းအတွက် ဘာမှမဟုတ်ပေမယ့် ကျွန်တော်တို့အတွက်တော့ ကြီးမားတဲ့ ကျေးဇူးပါ"
ကျန်းလုဓားသည် အတုဖြစ်သည်ကို ယဲ့ဖန်မှ မထောက်ပြခဲ့ပါက ဖြစ်လာမည်များကို စိတ်ကူးကြည့်နိုင်သည်။
ရာမာဂူချီ-ဂူမီဂိုဏ်းသည် ကံနဂါးအဖွဲ့အစည်းဥက္ကဌအား အရူးတစ်ယောက်လို ကစားပြီး လုသောင်းချွမ်မှ အမှိုက်တစ်စအား ဂျပန်ယွမ် သန်း၅၀၀ပေး၍ ဝယ်ခဲ့သည်ဟူသော သတင်းကို ရာမာဂူချီ-ဂူမီဂိုဏ်းမှ ချက်ချင်းပင် ထုတ်ပြန်လိုက်ပေလိမ့်မည်။
ထိုအချိန်ကျလာပါက ကံနဂါးအဖွဲ့အစည်းသည် အမှန်တကယ် ဒုက္ခရောက်ပေလိမ့်မည်။
လက်တုံ့ပြန်ခြင်းမပြုပါကဂသူသည် အီဒိုမြို့တော်တစ်ခုလုံး၏ ရယ်မောစရာ ဖြစ်လာမည်ဖြစ်သည်။
သို့သော် သူတို့မှ တန်ပြန်တိုက်ခိုက်လိုက်ပါက ရာမာဂူချီ-ဂူမီဂိုဏ်း၏ ထောင်ချောက်ထဲသို့ ကျရောက်သွားမည်ဖြစ်ပြီး ကံနဂါးအဖွဲ့အစည်း၏ အင်အားစုကို အားနည်းသွားစေမည့် အခွင့်အရေးအဖြစ် တစ်ဖက်နှ အသုံးချသွားမည်ဖြစ်သည်။
အလုံးစုံခြုံငုံပြောရလျှင် ယဲ့ဖန်မှ ထိုဓားအကြောင်း အချိန်မီထောက်ပြလိုက်၍ သူတို့ ဖြေရှင်းချိန်ရသွားသည်။
ထိုသည်မှာ ကြီးမားသည့် ကျေးဇူးဖြစ်သည်။
" ယဲ့လူကြီးမင်း ဒီနေ့ ပြသခဲ့တဲ့ ကြင်နာမှုကို အမှတ်ရနေမှာပါ။ နောင်အနာဂတ် လူကြီးမင်း ဂျပန်မှာရှိတဲ့အချိန် ကံနဂါးအဖွဲ့အစည်းကို လိုအပ်ရင် ယဉ်ကျေးမနေပါနဲ့။ ပြောလိုက်တာနဲါ ကံနဂါးအဖွဲ့အစည်းက ယဲ့လူကြီးမင်းအပေါ် တာဝန်ထမ်းဆောင်ဖို့ ဆန္ဒရှိပါတယ် "
လုသောင်းချွမ်သည် ချက်ချင်းပင် သူ့ရင်ဘတ်ကို ပွတ်သပ်ကာ ကတိပေးလေသည်။
ချန်းဖေးအယ် အလွန်ဝမ်းသာသွားသည်။
ဂျပန်၌ အာဏာမရှိခြင်းကြောင့် သူမသည် တာဝန်အတွက် လှုပ်ရှားမှုများအပေါ် ကန့်သတ်ချက်များ ရှိနေမည်ကို သူမ စိုးရိမ်နေခဲ့သည်။
သူတို့သည် စူချီယွမ်ထံမှ အကူအညီရနိုင်သော်လည်း သူသည် ကံနဂါးအဖွဲ့အစည်း၏ ဒုဥက္ကဌသာ ဖြစ်သည်။
သူ့အနေဖြင့် ဆုံးဖြတ်ချက်မချနိုင်သော အရာများစွာ ရှိလေသည်။
ယဲ့ဖန်သည် ကံနဂါးအဖွဲ့အစည်း၏ ဥက္ကဌအား ဤမျှ လွယ်ကူစွာ ကိုင်တွယ်သွားလိမ့်မည်ဟု မထင်ထားချေ။
ကံနဂါးအဖွဲ့အစည်း၏ အကူအညီဖြင့် ဤတစ်ကြိမ်တွင်လည်း သူတို့၏တာဝန်သည် လွယ်ကူစွာ ပြီးမြောက်နိုင်မည် ဖြစ်သည်။
ယဲ့ဖန်သည် သူမ၏ ကံကောင်းစေသော ကြယ်လေးဖြစ်သည်။
သူမသည် ယဲ့ဖန်နှင့်အတူ ရှိကတည်းက တာဝန်များ၏ ရလဒ်မှာ ၂ဆမြန်ဆန်ပြီး အားစိုက်ထုတ်ရမှုမှာ တစ်ဝက်လောက် လျော့ကျသွားသည်။
ထိုသည်ကို တွေးမိပြီး သူမ ယဲ့ဖန်အား ထူးဆန်းသောအကြည့်များနှင့် ကြည့်လိုက်မိသည်။
လုသောင်းချွမ်သည် သူမ၏ အကြည့်ကို မြင်လိုက်ပြီး တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။
သူ ချက်ချင်း ရယ်လိုက်လေသည်။
" မင်းတို့နှစ်ယောက် လေယာဉ်ပေါ်က ဆင်းပြီးတာနဲ့ ဒီနေရာကို ရောက်လာတာဆိုတော့ ကောင်းကောင်း နားပြီး မအိပ်ရလောက်သေးဘူး။ ဒီကိစ္စတွေကို မစဉ်းစားမိတာ ကျွန်တော့်အမှားပါ။ ဒုဥက္ကဌစူ၊ မြန်မြန်လေး ယဲ့လူကြီးမင်းနဲ့ မိန်းကလေးချန်းအတွက် အခန်းကို ကြိုတင်အမှာယူပေးပါဦး "
သူသည် စူချီယွမ်ကို စကားလှမ်းပြောသည့်အခါ သေချာအချက်ပြကြည့်ရန် မမေ့ချေ။
စူချီယွမ်သည် တစ်စုံတစ်ခုကို နားလည်သွားသကဲ့သို့ ယဲ့ဖန်နှင့် ချန်းဖေးအယ်ကို တစ်ချက်ကြည့်လိုက်သည်။
" ကျွန်တော် စီစဉ်ထားပြီးသားပါ။ ယဲ့လူကြီးမင်းနဲ့ မိန်းကလေးချန်း ကျေးဇူးပြုပြီး အနောက်ကို လိုက်ခဲ့ပါ "
ယဲ့ဖန်နှင့် ချန်းဖေးအယ်သည် တစ်စုံတစ်ရာကို သံသယမရှိဘဲ မတ်တပ်ရပ်ကာ ထွက်ခွာသွားကြသည်။
လုရှန်ကျုန်းသည် အခြေအနေနှင့် ရောကာ ခိုးထွက်ချင်သည်။
သို့သော် ထိုအချိန်၌ လုသောင်းချွမ်စီမှ အေးစက်သော အော်ဟစ်သံကို သူကြားလိုက်ရသည်။
" ခွေးကောင်လေး၊ မင်း အပြင်ထွက်ပြီး ဒုက္ခပေးချင်နေသေးတာ မဟုတ်လား။ ဒီနေ့ကစပြီး မင်းကိုအိမ်မှာ တစ်လ ချုပ်ထားမယ်။ ဘယ်ကိုမှ သွားခွင့်မပေးဘူး "
" ဗျာ၊ မဟုတ်တာ အဖေ။ သတ်ရင်လည်း သတ်လိုက်ပါ "
လုရှန်ကျုန်းသည် ချက်ချင်းပင် ညည်းညူလိုက်သည်။
" ဟမ်၊ ငါ့ရဲ့ ဟိုကိစ္စအရည်အချင်းက အဆင်ပြေနေရင် မင်းလို အသုံးမကျတဲ့သူကို ဒေါသထွက်မယ့်အစား ပိုအဆင့်မြင့်တဲ့ နောက်ထပ်တစ်ယောက်ကို ထပ်မွေးရလိမ့်မယ် "
" ဒါဆိုလည်း အဖေ သေသေချာချာ စစ်ကြည့်သင့်တယ်။ ကျွန်တော်က အဖေရဲ့သားအရင်း မဟုတ်လောက်ဘူး "
" ကောင်စုတ်လေး၊ ငါမင်းကို သတ်မယ် "
" အား၊ ကူညီကြပါဦး ...... "