အခန်း (၁၁၇၃-၁၁၇၆)
Vol. 59 Ch. 1173-1176
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၇၃ )
ဒီကလေးရဲ့ နောက်ခံကို သေချာစုံစမ်း
တစ်ဖက်၌
" ဒုဥက္ကဌ ယာမာမိုတို၊ ကျွန်တော်တို့ရဲ့ အစီအစဉ် ပျက်သွားပြီ "
ရာမာဂူချီ-ဂူမီဂိုဏ်း အီဒိုမြို့ဌာနခွဲ၌ လက်အောက်ငယ်သားတစ်ဦးသည် အခြေအနေကို ဒုဥက္ကဌ ယာမာမိုတို တာခဲရှိထံသို့ အစီရင်ခံ တင်ပြနေသည်။
" အမှိုက်တွေ။ မင်းတို့ ဒီလောက် ကိစ္စ သေးသေးလေးကိုတောင် ကောင်းကောင်း မလုပ်နိုင်ကြဘူးလား။ အားလုံး ချီးစားနေကြတယလား "
ယာမာမိုတို တာခဲရှိသည် ဒေါသတကြီး ဖြစ်နေသော ခြင်္သေ့နှင့် တူလေသည်။
သူသည် ယခုနှစ်တွင် အသက်ငါးဆယ်ကျော်နေပြီ ဖြစ်သော်လည်း ယခုအသက်အရွယ်အထိ သူ့ကို ရာမာဂူချီ-ဂူမီဂိုဏ်း၏ ကျောထောက်နောက်ခံရိုးအဖြစ် သတ်မှတ်နိုင်သေးသည်။
ရာမာဂူချီ-ဂူမီဂိုဏ်းသည် ဤနှစ်များအတွင်း၌ အလွန်အရေးကြီးသော ပြဿနာတစ်ရပ်ကို ရင်ဆိုင်နေရပြီး ထိုသည်မှာ ဂိုဏ်းအတွင်း ဆက်ခံသူမရှိခြင်းပင် ဖြစ်သည်။
သူတို့ဂိုဏ်း၏ မျိုးဆက်သစ်လူငယ်များနှင့် အကြီးပိုင်းတို့ကြား ကွာဟချက် ကြီးမားနေ၍ အောင်မြင်လာနိုင်သည့်သူ အများအပြား မရှိသေးပေ။
ဤအကြောင်းအရာသည် ရာမာဂူချီ-ဂူမီဂိုဏ်း၏ အထက်ပိုင်းအကြီးအကဲများကို လွန်စွာ စိုးရိမ်စေခဲ့သည်။
အဖွဲ့အစည်းတစ်ခုလုံး အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ သူတို့သည် အခြားဂိုဏ်းအသင်းများနှင့် ပြိုင်ဆိုင်ရာတွင် သေချာပေါက် အားနည်းချက်ဖြစ်လာမည်ဖြစ်သည်။
ထို့ကြောင့် သူတို့သည် အခြားဂိုဏ်းအင်အားစုများကို ဖယ်ရှားရင်းဖြင့် မျိုးဆက်သစ်လူငယ်များအား တက်ကြွစွာ သင်ကြားပျိုးထောင်ပေးမည့် မဟာဗျူဟာအစီအစဉ်တစ်ရပ်ကို ရေးဆွဲ ဆုံးဖြတ်ခဲ့ကြသည်။
အီနာဂါဝါ ခါအီဂိုဏ်းနှင့် စူမီရိုးရှိကိုင်ဂိုဏ်းတို့သည် သူတို့နှင့် တန်းတူရှိနေသောဂိုဏ်းများဖြစ်၍ လက်ရှိအချိန်တွင် သူတို့ကို နှိမ်နင်းနိုင်မည်မဟုတ်ပေ။
သို့သော် အထူးသဖြင့် ကံနဂါးအဖွဲ့အစည်းကဲ့သို့သော နိုင်ငံခြားဂိုဏ်းများနှင့် အခြားဂိုဏ်းများကို စိုးရိမ်ပူပန်နေစရာ မလိုပေ။
ကံနဂါးအဖွဲ့အစည်းသည် သူတို့ ချေမှုန်းပစ်ရန် သတ်မှတ်ထားသည့် ပစ်မှတ်များထဲမှ တစ်ခုဖြစ်သည်။
ထို့ကြောင့် သူတို့သည် လွန်ခဲ့သည့် နှစ်နှစ်အတွင်း ကံနဂါးအဖွဲ့အစည်းအား နှိုးဆွရန် အခွင့်အလမ်းများကို ရှာဖွေခဲ့ကြသည်။
တစ်ဖက်မှ ဒေါသူပုန်ထ၍ စတင်တိုက်ခိုက်ပါက ပြဿနာတက်သည်နှင့် သိမ်းပိုက်နိုင်မည့် အခွင့်အရေးယူနိုင်မည်ဟု မျှော်လင့်ခဲ့ကြသည်။
သို့သော် ကံနဂါးအဖွဲ့အစည်း၏ ဥက္ကဌ လုသောင်းချွမ်သည် ဉာဏ်ပြေးသည့် မြေခွေးအိုကြီးဖြစ်သည်။
မည်ကဲ့သို့ နှိုးဆော်သည်ဖြစ်စေ သူသည် ဘာမှလုပ်မည် မဟုတ်ပေ။
ပြင်ပကမ္ဘာမှ သူ့ကို 'သူရဲဘောကြောင်'သည်ဟု ခေါ်သော်လည်း ဂရုမစိုက်ဘဲ ထွက်မလာချေ။
ဤအခွင့်အရေးကို သူတို့ စီစဉ်နေသည်မှာ အတော်ကြာပြီ ဖြစ်သည်။
သူသည် လုသောင်းချွမ်၏ အသုံးမကျသောသားကို ကျန်းလုဓားအတုအား အလွန်မြင့်သော စျေးနှုန်းဖြင့် ရောင်းချရန် ဆန္ဒရှိခဲ့သည်။
လုသောင်းချွမ်သည် ဤဓားကို အတုဟု မသိသေးသရွေ့ အခြားသူများကို ကြွားဝါပေလိမ့်မည်။
ထိုအချိန် သူတို့မှ ထွက်လာပြီး ထိုဓားမှာ အတုဖြစ်သည်ကို ဖော်ထုတ်လိုက်ပေမည်။
လုသောင်းချွမ်သည် မျက်နှာပျက်ကာ သေချာပေါက် ကလဲ့စားချေရန် ကြိုးပမ်းလိမ့်မည်။
ဤသည်မှာ ရာမာဂူချီ-ဂူမီဂိုဏ်း လိုချင်သည့်အတိုင်းဖြစ်ပြီး ထိုအခွင့်အရေးကို အသုံးချကာ ကံနဂါးအဖွဲ့အစည်းအား ရှင်းလင်းပစ်မည် ဖြစ်သည်။
သို့သော် ဤကဲ့သို့ ဟာကွက်မရှိသော စီအစဥ်သည် အမှန်တကယ်ပင် မတော်တဆ ဖြစ်လာခဲ့သည်။
လုသောင်းချွမ်သည် ချက်ချင်း ဓားကို အတုမှန်း အမှန်တကယ် မြင်နိုင်ခဲ့ပြီး ရာမာဂူချီ-ဂူမီဂိုဏ်း၏ အကြံအစည်ကို သိမြင်သွားတော့သည်။
ထိုအချိန်မှစ၍ လုသောင်းချွမ်သည် သူ၏ လက်အောက်ငယ်သားများကို ပို၍ပင် သတိထားစေကာ ရန်ပွဲများကို ပေါ့ပေါ့တန်တန် မစခဲ့ပေ။
ဤထောင်ချောက်အား အချိန်အကြာကြီး ပြင်ဆင်ပြီးခါမှ ပျက်စီးသွားသည့်အတွက် ယာမာမိုတို တာခဲရှိ မည်မျှ ဒေါသထွက်နေသည်ကို စိတ်ကူးကြည့်နိုင်သည်။
လက်အောက်ငယ်သားမှ သူ့ချွေးများကို သုတ်လိုက်သည်။
" ဥက္ကဌ ယာမာမိုတို၊ ဒါ ကျွန်တော်တို့ဘက်က အသုံးမကျတာ မဟုတ်ဘူး။ ရန်သူက ကောက်ကျစ်လွန်းတယ်။ ကျွန်တော်တို့ရဲ့ ဓားအတုက အစစ်နဲ့ အရမ်းတူလွန်းတယ်။ နောက်ပြီး ကျန်းလုဓားအစစ်ကို လူ တော်တော်များများက မြင်ဖူးကြမှာ မဟုတ်ဘူး "
ယာမာမိုတို တာခဲရှိ သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
" 'အစစ်နဲ့တူတယ်'ဆိုတာက ဘာကိုဆိုလိုသလဲ။ မင်းရဲ့ အစစ်ကြီးကို ဟိုဘက်က ချက်ချင်း မြင်သွားတာကို မင်း ဘယ်လိုရှင်းပြမှာလဲ "
လက်အောက်ငယ်သားမှ အံကြိတ်လိုက်သည်။
" လုသောင်းချွမ်နဲ့ သူ့သားက လှည့်ဖြားခံလိုက်ရတာကို ကျွန်တော်ကြားခဲ့တယ်။ ဒါပေမယ့် လူငယ်တစ်ယောက်က ဓားက အတုမှန်းသိပြီး သူတို့ကို လွတ်မြောက်အောင် လုပ်ပေးခဲ့တာ "
ယာမာမိုတို တာခဲရှိ အနည်းငယ် ငြိမ်သက်သွားသည်။
" လူငယ်၊ ဘာလူငယ်လဲ။ သူက ကံနဂါးအဖွဲ့အစည်းကလား "
လက်အောက်ငယ်သားမှ ခေါင်းယမ်းလိုက်သည်။
" မဟုတ်ပါဘူး၊ သူက တရုတ်နိုင်ငံက ဖြစ်ပြီးတော့ သူ့နာမည်က ယဲ့ဖန်ပါတဲ့ "
ယာမာမိုတို တာခဲရှိ၏ မျက်လုံးများသည် သတ်ဖြတ်လိုရိပ်များဖြင့် ပြည့်နှက်နေသည်။
" ဒီကလေးရဲ့ နောက်ခံကို သွားစုံစမ်း။ ငါတို့ဂိုဏ်းရဲ့ အစီအစဉ်ကို ဖျက်ဆီးတဲ့ သူ့ကို လွယ်လွယ်နဲ့ လွှတ်မထားသင့်ဘူး "
" ဟုတ်ကဲ့ပါ ဥက္ကဌ "
................................
နောက်နေ့မှစပြီး ယဲ့ဖန်သည် ဂျပန်မှ စီးပွားရေးလုပ်ဖော်ကိုင်ဖက်များ ရှာနေကြောင်း သူ၏ အမည်ခံလက်ထောက် ချန်းဖေးအယ်ကို သတင်းဖြန့်ခိုင်းပြီး တစ်ချိန်တည်းမှာပင် ဂျပန်မှ အချက်အလက်တချို့ကို လျှို့ဝှက်စုဆောင်းနေခဲ့သည်။
သူသည် ဤတစ်ကြိမ် ဂျပန်ကို လာသည်မှာ စီးပွားရေးလုပ်ရန်ဖြစ်၍ စုံစမ်းစစ်ဆေးခံရမည်ကို မကြောက်ပေ။
ဤအသေးအဖွဲကိစ္စများကို သူ၏ 'လက်ထောက်'သို့ လွှဲပြောင်းပေးပြီးနောက် သူသည် အလုပ်လက်မဲ့ ဖြစ်လာပြန်သည်။
ဟိုတယ်အခန်းထဲ၌ သူ တကယ်ပင် ပျင်းရိနေစဉ် ရှုမန်စီသို့ စာတစ်စောင်ပို့ပြီး သူမ အခုဘာလုပ်နေသည်ကို မေးလိုက်သည်။
ရှုမန်သည် [ ဖောက်သည်တစ်ယောက်နဲ့ တွေ့နေတယ် ]ဟူသော စာဖြင့် ကော်ဖီဆိုင်၏ ဓာတ်ပုံနှစ်ပုံကို အမြန်ပို့လာသည်။
ယဲ့ဖန်သည် ထိုပုံကိုဖွင့်၍ ပြန်ပိတ်ခါနီးတွင် ဓါတ်ပုံတစ်ပုံမှ ယောက်ျားတစ်ဦး၏ လက်ကို ရုတ်တရက် သတိပြုမိလိုက်သည်။
သူ ချက်ချင်း မေးလိုက်သည်။
" ဖောက်သည်က ယောက်ျားလား၊ မိန်းမလား "
ရှုမန်သည် ဤတစ်ကြိမ်တွင် အကြောင်းပြန်လာခြင်း မရှိပေ။
သူမဘာလုပ်နေသည်ကို မသိချေ။
သူ ခဏ စောင့်လိုက်သညထ။
သို့သော် အကြောင်းပြန်စည မရောက်လာပေ။
သူသည် ချက်ချင်း ဓာတ်ပုံကို စူချီယွမ်ထံသို့ ပို့လိုက်သည်။
" ဒီကော်ဖီဆိုင်က ဘယ်ဆိုင်လဲ။ ကူညီရှာပေးပါဦး "
စူချီယွမ်သည် အလွန်ထိရောက်လေသည်။
သူသည် အလွန်လျင်မြန်စွာ ပြန်ဖြေလာသည်။
[ ဟန်ရှန်းတောင် ကော်ဖီဆိုင် ]
ယဲ့ဖန်သည် စာကိုလက်ခံရရှိသောအခါ ချက်ချင်းပင် သူ့အဝတ်အစားကို ဝတ်ပြီး အပြင်သို့ ထွက်လာခဲ့သည်။
ကော်ဖီဆိုင်သို့ တက္ကစီစီးပြီး ရောက်လာသည့်အခါ ပြတင်းပေါက်ဘေး၌ ထိုင်နေသည့် ရှုမန်တို့ကို မြင်လိုက်ရတယ်။
ယဲ့ဖန် ချက်ချင်း ဝင်လာလေသည်။
ထိုအခါ စားပွဲထိုးမှ ချက်ချင်း ရှေ့ရောက်လာပြီး ကြိုဆိုလေသည်။
" မင်္ဂလာပါ၊ လူကြီးမင်း ..... "
ယဲ့ဖန် ငွေစက္ကူအနည်းငယ်ကို ထုတ်ပြီး သူ့လက်ထဲ ထည့်လိုက်သည်။
" ကော်ဖီတစ်ခွက်၊ သကြားမပါတာ "
ထို့နောက် သူသည် လှည့်၍ ရှုမန်စီသို့ လျှောက်သွားသည်။
ရှုမန်သည် မျက်နှာချင်းဆိုင်မှလူနှင့် စကားပြောနေစဉ် သူမဘေးနား၌ တစ်စုံတစ်ယောက် ရုတ်တရက် ရောက်လာပြီး ထိုင်ချလိုက်ကာ သူမ၏ပုခုံးပေါ် လက်တစ်ဖက်တင်လိုက်သည်။
ပထမ၌ သူမ အလွန်အံ့သြသွားပြီး ချက်ချင်း ထရပ်ချင်လိုက်သည်။
သို့သော် ယဲ့ဖန်ဖြစ်သည်ကို သူမ တွေ့လိုက်ရသည့်အခါ အံ့သြပြီး ဝမ်းသာသွားသည်။
" ရှောင်ဖန် ဒီနေရာကို ဘယ်လိုလုပ် ရှာတွေ့တာလဲ "
ယဲ့ဖန်သည် သူမကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
" ကျွန်တော် အစ်မကို စာပို့လိုက်တယ်။ ဘာလို့ စာမပြန်တာလဲ "
ရှုမန် သူမဖုန်းကို အမြန်ကောက်လိုက်ပြီး ကြည့်လိုက်သည်။
ထို့နောက် တောင်းပန်စွာဖြင့် စကားဆိုလာသည်။
" တောင်းပန်ပါတယ်၊ ဖုန်းဘက်ထရီကုန်သွားတာ။ သတိတောင် မထားမိဘူး "
ထိုမှသာ ယဲ့ဖန်၏ အမူအရာ သက်သာသွားသည်။
"အစ်မက တခြားတစ်ယောက်နဲ့ စကားပြောရတာ အရမ်းပျော်ပြီး ကျွန်တော့်ကို အဖတ်မလုပ်တော့ဘူး ထင်သွားတာ "
ရှုမန် သူမကို စိုက်ကြည့်နေလိုက်သည်။
" ဘာတွေပြောနေတာလဲ။ နင့်ကို မိတ်ဆက်ပေးရဦးမယ်။ ဒါက လူကြီးမင်း မီယာမိုတိုပါ။ သူ့မှာ ပိုက်ဆံတွေအများကြီးရှိတော့ ငါတို့ရဲ့ ဒုန်းအန်းငွေကြေးလုံခြုံရေးကုမ္ပဏီကို ကိုင်တွယ်ခိုင်းဖို့ ပြင်ဆင်နေတာ "
ယဲ့ဖန် ထိုလူ့ဘက်ခြမ်းကို လှည့်ကြည့်လိုက်သည်။
ထိုလူသည် အသက်လေးဆယ်အရွယ်လောက်ရှိပြီး အလွန်ချောမောသည်။
အထူးသဖြင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ ရင့်ကျက်သော ကိုယ်ရောင်ဝါကြောင့် သူသည် ဒရမ်မာဇာတ်လမ်းတွဲများထဲမှ ချောမောသော ဦးလေးနှင့် တူလေသည်။
ထိုသို့ ယောက်ျားမျိုးသည် ချောမောလှပသည့် မိန်းကလေးများကို စွဲဆောင်နိုင်သည်။
" မင်္ဂလာပါ၊ ကျွန်တော်က ယဲ့ဖန်ပါ "
ယဲ့ဖန်သည် ထိုလူအား မိတ်ဆက်ရန် အစပြုခဲ့သည်။
" မင်္ဂလာပါ ယဲ့လူကြီးမင်း "
ထိုလူသည် သူ့လက်ကို ကျက်သရေရှိစွာ ဆွဲလိုက်သည်။
သို့သော် ယဲ့ဖန်သည် သူ၏အပြုံးအောက်မှ အေးစက်မှု အရိပ်အယောင်များ ရှိနေသည်ကို သိသာစွာ ခံစားနိုင်သည်။
သူသည် ယဲ့ဖန်အပေါ် ရန်စောင်နေသည်ဆိုတာ ထင်ရှားလေသည်။
" ခုနက ဘာတွေပြောနေကြတာလဲ "
ယဲ့ဖန်သည် ကုလားထိုင်ပေါ် ဖြည်းညှင်းစွာ ထိုင်လိုက်ပြီး လက်တစ်ဖက်ကို ရှုမန်၏ ပုခုံးပေါ် ချိတ်လိုက်သည်။
ရှုမန်သည်လည်း ငြင်းဆိုခြင်းမရှိသလို ဘာမှမဖြစ်သလိုသာ နေနေသည်။
ထိုအခါ မီယာမိုတိုဆဲ၏ အမူအရာမှာ ပိုလို့ပင် မည်းနက်လာခဲ့သည်။
" လူကြီးမင်း မီယာမိုတိုက သူ့ရဲ့ ရင်းနှီးမြုပ်နှံရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတချို့ကို ပြောနေတာ။ အရမ်းပျော်စရာကောင်းတယ် "
ရှုမန်သည် ယဲ့ဖန် နားလည်မှုလွဲမည်ကို စိုးရိမ်၍ အမြန်ရှင်းပြလိုက်သည်။
" အို၊ လူကြီးမင်း မီယာမိုတိုက ဘယ်လိုစီးပွားရေးမျိုး လုပ်တာလဲ "
ယဲ့ဖန်သည် ခြေထောက်ကို ချိတ်ထိုင်ပြီး မီယာမိုတိုဆဲကို အကဲခတ်ကြည့်လိုက်သည်။
မီယာမိုတိုဆဲသည် အလွန်စိတ်ဆိုးနေသော်လည်း သူသည် အလွန်ယဉ်ကျေးသည့်ပုံစံ ဟန်ဆောင်နေသေးသည်။
" ငါ ဘားတစ်ခု ဖွင့်ထားတာပါ "
ယဲ့ဖန် စိတ်ဝင်စားသည့် အမူအရာပြလေသည်။
" အာ ကောင်းတာပဲ။ အရက်ဆိုင်ဖွင့်တဲ့သူတွေက ကျယ်ပြန့်တဲ့ အချိတ်အဆက်တွေရှိတယ်။ အလွှာပေါင်းစုံက လူတွေကို သိတယ်လို့ ကြားဖူးတယ် "
မီယာမိုတိုဆဲသည် သူ့ကော်ဖီကို ငုံ့သောက်ပြီး စိတ်မရှည်စွာ ပြောလိုက်သည်
" အဆင်ပြေပါတယ် "
ယဲ့ဖန်သည် သူ၏ စိတ်အနှောင့်အယှက်ဖြစ်နေမှုကို သတိမထားမိပုံပေါ်သည်။
သူ ဆက်မေးလေသည်။
" ဒါဆို ခင်ဗျား ရာမာဂူချီ-ဂူမီဂိုဏ်းထဲက တစ်ယောက်ယောက်ကို သိလား "
မီယာမိုတိုဆဲသည် သူ့ကော်ဖီခွက်ကို ဖြည်းညှင်းစွာ ပြန်ချလိုက်သည်။
" အီဒိုမြို့ဌာနခွဲရဲ့ ဒုတိယဥက္ကဌ ယာမာမိုတို တာခဲရှိကို သိပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတောင် ဘားကို ရောက်လာလို့ ငါတို့ အတူတူ သောက်ခဲ့ကြသေးတယ် "
ယဲ့ဖန်၏ မျက်နှာသည် သဘောကျမှု အပြည့်ရှိနေသည်။
" ခင်ဗျားက ဒုဥက္ကဌ ယာမာမိုတိုနဲ့တောင် တကယ် အတူတူသောက်နိုင်လား။ ဒါဆို ခင်ဗျားလည်း အကောင်ကြီးပဲ "
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၇၄ )
ငါ့ဇာတ်ကွက်ကို ခိုးချင်နေတာလား
ယဲ့ဖန် ဘာလုပ်ချင်နေသည်ဆိုတာကို ရှုမန် မသိသော်လည်း သူ လုပ်ချင်သည်ကို လုပ်ခွင့်ပေးထားလိုက်ရသည်။
မီယာမိုတိုဆဲသည် ယဲ့ဖန်၏ အထင်ကြီးပြသည့်ပုံစံကို အထင်သေးလေသည်။
" သူတို့က သတ်ဖြတ်နေကြတဲ့သူတွေ တစ်သိုက်ပဲ။ မင်းပဲ သူတို့ကို သူရဲကောင်းလို ဆက်ဆံနေတာ "
" ငါ့မျက်လုံးထဲမှာတော့ သူတို့က လုံးဝ မယုံကြည်ထိုက်ဘူး "
ယဲ့ဖန် သူ့ကို ချက်ချင်း လက်မထောင်ပြလိုက်သည်။
" လူကြီးမင်း မီယာမိုတိုက တကယ့်ကို သူဌေးကြီးတစ်ယောက်ရဲ့ အရည်အချင်းနဲ့ ပြည့်ဝပါပေတယ်။ ရာမာဂူချီ-ဂူမီဂိုဏ်းကိုတောင် ဂရုမစိုက်ဘူးဆိုတော့ "
မီယာမိုတိုဆဲ နှာမှုတ်လိုက်သည်။
" ငါက အီဒိုမှာ အကောင်ကြီးတော့ မဟုတ်ပေမဲ့ ငါ့ရဲ့စကားက အနည်းနဲ့အများ သက်ရောက်မှုရှိတယ် "
" မိန်းကလေးရှု ဒီမှာ အခက်အခဲကြုံတာများရှိရင် ကျွန်တော့်စီကို လာလို့ရပါတယ် "
" ကျေးဇူးတင်ပါတယ် လူကြီးမင်းမီယာမိုတို "
ရှုမန်သည် ချက်ချင်းပင် ယဉ်ကျေးစွာ ပြောလိုက်သည်။
မီယာမိုတိုဆဲသည် သူ့မျက်လုံးထဲမှ မြတ်နိုးမှုကို ဖုံးကွယ်မထားပေ။
" မိန်းကလေးရှုကို ပထမဆုံး မြင်ဖူးပြီးကတည်းက မင်းနဲ့ပတ်သက်တဲ့ ထူးခြားတဲ့ အသွင်အပြင်ကို ခံစားရတယ်။ မင်းက အရမ်းချစ်စရာကောင်းတယ် "
ရှုမန်သည် စကားပြန်မနိုင်ပြောမီ ယဲ့ဖန်သည် သူမဘက်ကို လှည့်ကာ အနံ့ခံလိုက်သည်။
" အစ်မ အနံ့ထွက်နေတာလား။ မနေ့က ရေမချိုးဘူးလား "
ရှုမန်၏ လှပသော မျက်နှာလေးသည် နီရဲလာပြီး သူမသည် ယဲ့ဖန်၏ လက်မောင်းကို အလျင်အမြန် ထိုးလိုက်သည်။
" စနောက်နေတာကို ရပ်လိုက်ပါလား "
မီယာမိုတိုဆဲသည် သူတို့နှစ်ယောက်မှာ သူ့အရှေ့တွင်ပင် ပရောပရည်လုပ်နေသည်ကို မြင်လိုက်ရသောအခါ အနည်းငယ် မပျော်မရွှင်ဖြစ်သွားသည်။
" မိန်းကလေးရှု၊ ယဲ့လူကြီးမင်းနဲ့ မင်းရဲ့ ဆက်ဆံရေးက ဘယ်လိုလဲဆိုတာ မေးလို့ရမလား "
ထိုတစ်ခါ ယဲ့ဖန်မှ အလျင်စလို ပြန်ဖြေလိုက်သည်။
" ခင်ဗျားရဲ့မေးခွန်းက တကယ်ကို အဆင့်ကျော်နေတာပဲ။ ကျွန်တော်တို့ရဲ့ဆက်ဆံရေးက ခင်ဗျားနဲ့ ဘာဆိုင်လဲ "
မီယာမိုတိုဆဲသည် ရှုမန်ကို ချစ်ခင်ကြင်နာစွာ ကြည့်လိုက်သည်။
" ရိုးရိုးသားသား ပြောရရင်တော့ မိန်းကလေးရှုကို တွေ့လိုက်ကတည်းက သဘောကျသွားတာပါ။ မင်းကို လိုက်ချင်တယ် "
ရှုမန်၏ အမူအရာ ပြောင်းသွားသည်။
" လူကြီးမင်း မီယာမိုတို၊ ရှင် ဘာတွေ ပြောနေတာလဲ။ ရှင်က ကျွန်မတို့ကုမ္ပဏီရဲ့ ဝယ်ယူသူဧည့်သည်ပါ "
ထိုသို့ပြောရင်း သူမသည် ယဲ့ဖန်ကို လျင်မြန်စွာကြည့်လိုက်ကာ သူ နားလည်မှုလွဲမည်ကို စိုးရိမ်နေသည်။
သို့သော် မီယာမိုတိုဆဲသည် မိမိကိုယ်ကိုယ် ထိန်းချုပ်ရန် အနည်းငယ်မျှ သတိမထားခဲ့ပေ။
"ဖောက်သည်တွေက ချစ်သူတွေအဖြစ် မတိုးတက်နိုင်ဘူးလို့ ဘယ်သူပြောလဲ "
" ကျွန်တော်နဲ့ မိန်းကလေးရှုမှာ တူညီတာတွေ အများကြီးရှိတယ် ထင်တယ်။ ခုနက ကျွန်တော်တို့ ကိုက်ညီမှုရှိတယ်လို့ မိန်းကလေးပဲ ပြောတယ်မလား ..... "
" လူကြီးမင်း မီယာမိုတို "
ရှုမန်သည် ချက်ချင်း စကားဖြတ်ပြောလ်ုက်ပြီး သူမ၏ အမူအရာမှာ အနည်းငယ် ရုပ်ဆိုးသွားသည်။
" အခုနက ကျွန်မစကားက ရှင့်ကို နားလည်မှုလွဲသွားစေတယ်ဆိုရင် ကျွန်မ တကယ်ပဲ တောင်းပန်ပါတယ် "
" ဒါပေမယ့် ကျွန်မတို့ကြားမှာ အလုပ်လုပ်တဲ့ ဆက်ဆံရေးပဲရှိတယ်။ တခြားဆက်ဆံရေးမရှိဘူး "
သူမသည် ဖောက်သည်နှင့် ပိုမိုနီးစပ်ကာရန် ညှိနှိုင်းမှုအောင်မြင်ရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။
ထိုလူကြီးမင်းသည် ဤမျှ အလေးအနက်ဖြင့် အဓိပ္ပာယ်ကောက် လွဲသွားမည်ဟု သူမမျှော်လင့်ထားချေ။
မီယာမိုတိုဆဲသည် သူ၏ စိတ်တည်ငြိမ်သော ပုံစံကို ထိန်းသိမ်းထားဆဲဖြစ်သည်။
" မိန်းကလေးရှု၊ မင်း ဘာလို့ အရမ်းစိတ်လှုပ်ရှားနေတာလဲ "
" ကျွန်တော် ဘာမှ မပြောပါဘူး။ ကျွန်တော် မင်းကို လိုက်ချင်တယ်လို့ပဲ ပြောခဲ့တာ။ သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ၊ ဒါက မင်းရဲ့ကိစ္စပါ။ ကြိုက်တာ မကြိုက်တာက ကျွန်တော့်ရဲ့သဘောထား "
" နောက်ပြီး ကျွန်တော်တို့ အလုပ်လုပ်ရင်း အတူတူ အချိန်ပိုကြာလာတဲ့အခါ မင်း ကိုယ့်ရဲ့ အားသာချက်တွေကို ပိုတွေ့လာလိမ့်မယ်ဆိုတာ ယုံကြည်တယ်။ အနည်းဆုံးတော့ ကိုယ်က တစ်ချို့လူငယ်တွေထက် မင်းနဲ့ ပိုသင့်တော်တယ် "
သူ၏ နောက်ဆုံးစကားသည် ယဲ့ဖန်ကို ဦးတည်နေသည်မှာ ထင်ရှားသည်။
ရှုမန် သည်းမခံနိုင်တော့ချေ။
သူမ ချက်ချင်း ထရပ်လိုက်ပြီး သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။
" လူကြီးမင်း မီယာမိုတို၊ ကျွန်မတို့ ဆက်ပြီး အပြန်အလှန် ဆက်ဆံဖို့ မလိုအပ်တော့ဘူးလို့ ကျွန်မ ထင်တယ် "
" ရှင် ကျွန်မတို့ ဒုန်းအန်းငွေကြေးလုံခြုံရေးကုမ္ပဏီနဲ့ ဆက်ပြီး အလုပ်လုပ်ချင်သေးတာ သေချာရင် ကျွန်မ တစ်ယောက်ယောက်ကို လွှတ်လိုက်ပါ့မယ် "
ထိုသို့ပြောပြီးနောက် သူမသည် ယဲ့ဖန်ကို ဆွဲကာ ထွက်သွားရန် ပြင်လိုက်သည်။
မီယာမိုတိုဆဲသည် သူမကို တားရန် ခြေလှမ်းပြင်လိုက်သည်။
" မိန်းကလေးရှု၊ ကျွန်တော် ရှင်းပြပါရစေ။ ကျွန်တော် ပြောချင်တာ ဒီလိုမဟုတ်ဘူး ..... "
ထိုအသံမှာ ကျယ်လွန်း၍ ကော်ဖီဆိုင်ထဲမှ လူအတော်အများက လှမ်းကြည့်ကြသည်။
သူတို့နှစ်ယောက် ငြင်းခုံနေကြစဉ် တစ်စုံတစ်ယောက်သည် စားပွဲကို ရုတ်တရက် ရိုက်ချလိုက်သည်။
" ဘာတွေ ရှုပ်နေတာလဲ။ ကော်ဖီကိုတောင် အေးအေးဆေးဆေး သောက်ခွင့်မပေးနိုင်ဘူးလား "
လူတိုင်း လှည့်ကြည့်လိုက်သည့်အခါ လူဆိုးနှစ်ယောက် စားပွဲကို ဆောင့်ကန်ပြီး မတ်တပ်ရပ်လိုက်သည်ကို တွေ့လိုက်ရသည်။
ထိုနှစ်ယောက်သည် ဝတ်ပုံစားပုံချင်း မတူကြချေ။
တစ်ယောက်သည် ထိပ်ပြောင်ဖြစ်ပြီး နောက်တစ်ယောက်မှာ ဆံပင်ရွှေရောင်နှင့် ဖြစ်သည်။
သူတို့နှစ်ယောက်လုံး၌ ရက်စက်သည့် အရိပ်အယောင်ရှိလေသည်။
ထိုပုံစံကို ကြည့်ခြင်းအားဖြင့် သူတို့သည် ကော်ဖီဆိုင်လို နေရာမျိုးတွင် မဟုတ်ဘဲ နိုက်ကလပ်များ သို့မဟုတ် လမ်းများပေါ်တွင်သာ ရှိနေသင့်သည်။
ရှုမန်နှင့် မီယာမိုတိုဆဲတို့သည် ငြင်းခုံနေခြင်းကို ရပ်လိုက်သည်။
မီယာမိုတိုဆဲသည် သူတို့ နှစ်ယောက်ကို တောင်းပန်စွာ ပြုံးလိုက်သည်။
" တောင်းပန်ပါတယ်။ ကျွန်တော်တို့ အသံလျှော့လိုက်ပါ့မယ် "
သို့သော် ထိုနှစ်ဦးသည် ဤမျှလောက် အေးချမ်းစွာ မပြီးချင်ခဲ့ကြသည်မှာ ထင်ရှားလေသည်။
သူတို့သည် ချက်ချင်း လျှောက်လာကြသည်။
" မင်းတို့က ငါတို့ရဲ့ စိတ်အခြေအနေကို နှောင့်ယှက်လိုက်တာကို မင်းတို့က တောင်းပန်လိုက်ရုံနဲ့ ပြီးချင်နေတာလား "
သူတို့နှစ်ယောက်သည် မီယာမိုတိုဆဲနှင့် စကားပြောနေသော်လည်း သူတို့မျက်လုံးတွေက ယဲ့ဖန်ကို ကြည့်နေသည်။
အမှန်တကယ်တွင် ယဲ့ဖန်သည် ထိုလူနှစ်ယောက်ကို သတိထားမိပြီးသားဖြစ်သည်။
ယဲ့ဖန် ဟိုတယ်မှ ထွက်လာပြီးကတည်းက သူတို့သည် ကားဖြင့် အနောက်မှ လိုက်လာကြသည်။
ကော်ဖီဆိုင်ထဲသို့ ဝင်ပြီးနောက်လည်း သူတို့နှစ်ယောက်သည် သူ့နောက်သို့ ဆက်၍လိုက်လာသည်။
ယခုအခါ သူတို့သည် နောက်ဆုံး၌ မထိန်းနိုင်တော့ဘဲ သူတို့၏ ရည်ရွယ်ချက်အမှန်ကို ထုတ်ဖော်လာကြသည်။
မီယာမိုတိုသည် သူတို့နှစ်ဦးသည် မကောင်းသော ရည်ရွယ်ချက်ဖြင့် ရောက်လာသည်ကို မြင်လိုက်ရပြီး ချက်ချင်း တောင်းပန်ကာ ပြုံးလိုက်သည်။
" စိတ်အနှောင့်အယှက်ဖြစ်စေတာ တကယ်ကို တောင်းပန်ပါတယ် "
" ဒါဆို ဘယ်လိုလဲ။ တောင်းပန်တဲ့အနေနဲ့ ခင်ဗျားတို့ရဲ့ ကော်ဖီကို ရှင်းပေးပါ့မယ် "
ဆံပင်အဝါဖြင့်လူက လှောင်ရယ်လိုက်သည်။
" ငါတို့ကို သူတောင်းစားလို့ မင်းက ထင်နေတာလား။ မင်းက ငါတို့ကို ကော်ဖီတစ်ခွက်နဲ့ ကျေအေးပေးစေချင်နေတာလား "
မီယာမိုတိုဆဲ မျက်မှောင်ကြုတ်လိုက်သည်။
"နောက်ထပ် ဘာလိုချင်သေးလဲ"
ဆံပင်ရွှေရောင်ဖြင့်လူသည် ယဲ့ဖန်ကို ပထမဦးစွာ စိုက်ကြည့်ပြီးနောက် ရှုမန်ကို ကြည့်ကာ ရက်စက်သည့် အမူအရာကို ထုတ်ဖော်လိုက်သည်။
" ဒီအလှတရားက ငါတို့နဲ့ စကားပြောရအောင်။ ငါတို့ ပျော်ရရင် အရာအားလုံးအဆင်ပြေသွားမှာ "
သူသည် စကားပြောနေစဉ်တွင် ရှုမန်၏ ပါးကိုထိရန် လက်လှမ်းလိုက်သည်။
သူတို့သည် ယဲ့ဖန်ကို ရည်ရွယ်ချက်ရှိရှိ နှိုးဆော်နေသည်ဖြစ်ကြောင်း သူသိသည်။
ထို့ကြောင့် သူ့စိတ်ထဲ၌ လှောင်ရယ်နေလိုက်သည်။
ဒီလိုဆိုရင် မင်းအောင်မြင်မှုအတွက် ဂုဏ်ယူပါတယ်။
ယဲ့ဖန် လှုပ်ရှားရန် လုပ်နေချိန်မှာပင် တစ်စုံတစ်ယောက်မှ သူ့ရှေ့၌ လာပိတ်ရပ်သည်။
ထို့နောက် ရွှေရောင်ဆံပင်ဖြင့်လူ၏ မျက်နှာပေါ်သို့ လက်သီးတစ်ချက် ကျရောက်သွားသည်။
ထိုသည်မှာ မီယာမိုတိုဆဲ ဖြစ်သည်။
ယဲ့ဖန်သည် သူ့နှလုံးသားထဲ၌ ကျိန်ဆဲလိုက်သည်။
ဟ၊ ငါ့ရဲ့ ဇာတ်ကွက်ကို ခိုးနေတာလား။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၇၅ )
သူ ... သူက အရိုက်ခံနိုင်လောက်တယ်
မီယာမိုတိုဆဲသည် အမှန်တကယ်ပင် တိတ်တဆိတ် ပျော်ရွှင်နေခဲ့သည်။
သူသည် ရှုမန် ရှေ့၌ မည်သို့ ခွန်အားပြသရမည်လဲဆိုတာ စဉ်းစားနေသည်။
သို့သော် ထိုလူဆိုးနှစ်ဦးသည် ချက်ချင်း ပြန်တုံ့ပြန်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ထိုသို့လုပ်သည်က သူဘအိပ်ငိုက်နေချိန် ခေါင်းအုံးတစ်လုံး ထိုးပေးသည်နှင့် တူလေသည်။
သူသည် ထိုနှစ်ယောက်ကို နမ်းပစ်လိုက်ချင်သည်။
သူသည် တိတ်တဆိတ် ပျော်ရွှင်နေခဲ့သော်လည်း လိုအပ်ချိန် လှုပ်ရှားရန်မှာ လိုအပ်နေသေးသည်။
သူသည် ဘာမှလုပ်စရာမရှိသည့်အခါ အားကစားရုံသို့ မကြာခဏ သွားလေ့ရှိသည်။
သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ သာမန်လူများထက် အနည်းငယ် ပိုသန်မာသည်။
ဆံဝါဖြင့် အမျိုးသား၏ မျက်လုံးများသည် ချက်ချင်း ရောင်ရမ်းသွားခဲ့သည်။
" ဘာကာ၊ မင်းက သေချင်နေတာပဲ "
ဆံဝါဖြင့်လူသည် ချက်ချင်း အော်ပြီး ပြေးထိုးတော့သည်။
မီယာမိုတိုဆဲသည် သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး လက်တုံ့ပြန်ရန် ပြင်လိုက်သော်လည်း ကတုံးဖြင့်လူမှ သူ၏ ခါးကို ကန်လိုက်သည်။
ကော်ဖီဆိုင်ထဲရှိ ဧည့်သည်များသည် ရန်ဖြစ်နေသည်ကို တွေ့သောအခါ ကြောက်လန့်တကြား ချက်ချင်း ထွက်ပြေးသွားကြသည်။
မီယာမိုတိုဆဲ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု ကောင်းမွန်သော်လည်း ထိုအင်အားသည် သာမန်လူများနှင့်သာ သက်ဆိုင်သည်။
ဤလူနှစ်ယောက်သည် မကြာခဏ ရန်ဖြစ်ကြသူများဖြစ်ပြီး မီယာမိုတိုထက် လက်တွေ့၌ အတွေ့အကြုံများစွာ ရှိကြသူများဖြစ်သည်မှာ ထင်ရှားလေသည်။
အနည်းငယ် လှုပ်ရှားပြီးနောက် သူသည် အကြိမ်အနည်းငယ် ထိုးခံရ၊ ကန်ခံရသည်။
သူသည် ရှောင်တိမ်းနေရတော့သည်။
ယဲ့ဖန်သည် သူတို့ သုံးယောက် ရန်ဖြစ်နေသည်ကို ကြည့်ပြီး အကျယ်ကြီး အော်ရယ်မောလိုက်သည်။
ရှုမန်သည် ယဲ့ဖန်၏အဝတ်အစားကို အမြန်ဆွဲလိုက်သည်။
" ရယ်နေသေးတာလား၊ မြန်မြန်ကူညီလိုက်ဦးလေ "
ယဲ့ဖန် လှည့်ပြီး သူမကို ကြည့်လိုက်သည်။
" ဘယ်ဘက်က ကူညီရမှာလဲ "
ရှုမန်သည် ချက်ချင်းပင် မျက်လုံးပြူးသွားသည်။
" ဘယ်လိုထင်လို့လဲ။ ဒီမီယာမိုတိုက နည်းနည်း စိတ်အနှောင့်အယှက်ဖြစ်ရပေမဲ့ သူက ငါ့ရဲ့ဖောက်သည်ဖြစ်နေတုန်းပဲ။ နောက်ပြီးတော့ သူက ငါ့ကို ကာကွယ်ဖို့ ကြိုးစားခဲ့တာလေ ..... "
ယဲ့ဖန်သည် သူမကို ချက်ချင်း နှောင့်ယှက်လိုက်သည်။
" ဒါဆို အစ်မက သူ့ကို ကြွေမိသွားပြီလား "
ရှုမန်သည် ချက်ချင်းပင် စကားမပြောနိုင် ဖြစ်သွားရသည်။
" နင် ဘာတွေတွေးနေတာလဲ။ ဒီအတိုင်း စိတ်မကောင်းလို့ပါ။ နင်ထင်သလောက် မရှုပ်ထွေးပါဘူး။ မြန်မြန်သွားပြီး ကူညီလိုက်ပါ "
ယဲ့ဖန် သူမကို စိုက်ကြည့်လိုက်သည်။
" ကျွန်တော် သူ့ကိုကူညီရင် ကျွန်တော် အရိုက်ခံရမှာကို အစ်မ မစိုးရိမ်ဘူးလား "
ရှုမန်၏ မျက်နှာလေးသည် ချက်ချင်းပင် အံ့အားသင့်သွားသည်။
" ဟုတ်တယ်၊ ဒါဆို မသွားနဲ့တော့။ သူ .... သူက ရိုက်တာကို တော်တော်လေး ခံနိုင်ရည်ရှိလောက်ပါတယ် "
သေမတတ် အရိုက်ခံနေရသော မီယာမိုတိုသည် သွေးအန်ထွက်မတတ် ဖြစ်သွားသည်။
အရိုက်ခံရခြင်းကြောင့် မဟုတ်ဘဲ ဒေါသထွက်လာသောကြောင့် ဖြစ်သည်။
သူသည် သူမကြောင့် အရိုက်ခံနေရခြင်း ဖြစ်သည်။
သူမသည် သူ့ကို နှစ်သိမ့်မပေးလျှင်ပင် သူ ခံနိုင်ရည်ရှိသေးသည်။
ဒါကို ဒီလိုစကားမျိုးထိ ပြောစရာ လိုလို့လား
သို့သော် ယဲ့ဖန်သည် ထိုသည်ကို ဒီအတိုင်းထားလို့မရပေ။
မည်သို့ပင်ဖြစ်စေ ထိုလူသည် ဒုန်းအန်းငွေကြေးလုံခြုံရေးကုမ္ပဏီ၏ ဖောက်သည်ကြီးတစ်ဦး ဖြစ်သည်။
သူသည် စာချုပ်ကို ချိုးဖျက်လိုက်ပါက ဒုန်းအန်းငွေကြေးလုံခြုံရေးကုမ္ပဏီသည် ငွေများစွာ ဆုံးရှုံးသွားပေလိမ့်မည်။
ဒုန်းအန်းငွေကြေးလုံခြုံရေးကုမ္ပဏီသည် သူ၏ကုမ္ပဏီဖြစ်သည်။
ကုမ္ပဏီမှ ပိုက်ဆံအရနည်းသည်က သူ ပိုက်ဆံအရနည်းသည်နှင့် ညီမျှသည်။
ယဲ့ဖန်သည် ထိုကိစ္စကို သေချာနားလည်သည်။
ထို့အပြင် ထိုလူနှစ်ယောက်သည် သူ့စီသို့ လာနေသည်မှာ ထင်ရှားလေသည်။
မီယာမိုတိုဆဲသည် မျက်နှာကောင်းယူချင်၍ အရှေ့ထွက်လိုက်သောကြောင့် ဤသို့ဖြစ်သွားခြင်း ဖြစ်သည်။
ထိုအချိန်တွင် ထိုလူဆိုးနှစ်ယောက်သည် မီယာမိုတိုဆဲကို အပေါ်စီးမှ အလှည့်ကျထိုးကြိတ်နေကြသည်။
ယဲ့ဖန်သည် လမ်းလျှောက်လာပြီး သူတို့၏ ကော်လာများကို လက်တစ်ဖက်တည်ဖြင့် ဆွဲကာ လွှင့်ပစ်လိုက်သည်။
ထိုသည်မှာ လွယ်လွန်းလှသည်။
ထိုလူနှစ်ဦးသည် နှစ်မီတာကျော်အကွာထိ လွင့်ကျသွားကာ စားပွဲအများအပြားကို ထိသွားပြီး မထနိုင်တော့ဘဲ မြေပြင်ပေါ်တွင် အချိန်အတော်ကြာ လဲလျောင်းနေရသည်။
ကော်ဖီဆိုင်ထဲရှိ လူတိုင်းသည် ယဲ့ဖန်ကို ထိတ်လန့်စွာ ကြည့်နေကြသည်။
ထိုခွန်အားသည် အနည်းငယ် ကြောက်စရာကောင်းလှသည်။
ထိုလူနှစ်ယောက်သည် သန်မာသည်ဟု မယူဆနိုင်သော်လည်း အနည်းဆုံး ၁၄၅ပေါင်လောက် ရှိကြသည်။
ဒီလိုလူတွေကို ဘယ်လိုလုပ်ပြီး နှစ်မီတာကျော်ထိ လွယ်လွယ်နဲ့ ပစ်နိုင်တာလဲ။
ရှုမန်သည်လည်း ထိတ်လန့်သွားသည်။
ယဲ့ဖန်သည် သူမရှေ့၌ သူ၏ စစ်မှန်သော ခွန်အားကို တစ်ခါမျှ မပြသဖူးသဖြင့် သူမ အလွန်အံ့သြနေခဲ့သည်။
ရှောင်ဖန်ရဲ့ ခွန်အားက ဘယ်တုန်းက အရမ်းကြီးလာတာလဲ။
ယဲ့ဖန်သည် မီယာမိုတိုဆဲကို မြေပြင်မှ ဆွဲထူလိုက်သည်။
မီယာမိုတိုဆဲသည် သဘောထားကွဲလွဲနေသည့် အမူအရာရှိနေသည်။
ကျေးဇူးတင်ရမည်လား၊ သို့မဟုတ် ဒေါသဖြစ်ရမည်လား မသိချေ။
မူလက သူသည် အလှလေးကို ကယ်တင်သည့် သူရဲကောင်းဖြစ်ချင်ခဲ့သည်။
သို့ပေမဲ့ အလှလေးကို မကယ်တင်နိုင်ခဲ့ပေ။
ထိုအစား သူ့ကိုယ်သူသာ အရူးလုပ်မိသွားသည်။
ယခုအခါ တစ်ဖက်လူမှ သူ့ကို တစ်ဖန်ပြန်လည် ကယ်တင်နေရသည်။
" ကျေးဇူးတင်ပါတယ် "
သူသည် မလိုလားသော်လည်း ယဲ့ဖန်အား ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။
လူဆိုးနှစ်ယောက်သည် နောက်ဆုံးတွင် မြေပြင်ပေါ်မှထရန် အချိန်အတော်ကြာ ရုန်းကန်ခဲ့ကြပြီးနောက် ယဲ့ဖန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
" ဘာကာ၊ မင်းက ငါတို့ကို ရိုက်ရဲတာလား။ မင်း ဒီနေ့ သေပြီပဲ "
ဆံဝါသည် ယဲ့ဖန်ကို ဒေါသတကြီး စိုက်ကြည့်နေသည်။
" မင်းတို့နဲ့ တန်လို့ ရိုက်လိုက်တာ။ ငါ့နာမည်ကို မှတ်ထား။ ငါက မီယာမိုတိုဆဲပဲ။ မင်း လက်စားချေချင်ရင် ငါ့ကို လာရှာလိုက် "
မီယာမိုတိုဆဲသည် ရှုမန်ရှေ့၌ မျက်နှာပျက်ရသည်ဟု ခံစားမိပြီး ချက်ချင်း အဖတ်ဆယ်လေသည်။
" မီယာမိုတိုဆဲ ဟုတ်လား။ ငါ မင်းကိုမှတ်ထားမယ်။ မင်းက ငါတို့ ရာမာဂူချီ-ဂူမီဂိုဏ်းကိုတောင် သတ္တိရှိရှိနဲ့ ရိုက်ရဲမှတော့ ဒီနေ့ မင်းသေပြီ "
ဆံဝါသည် လှောင်ရယ်လိုက်ပြီး ဖုန်းခေါ်ရန် ဘေးသို့ ချက်ချင်း လျှောက်သွားလိုက်သည်။
တစ်ဖက်လူသည် သူ့ကိုယ်သူ မိတ်ဆက်သည်ကို ကြားပြီးနောက် မီယာမိုတို သည် မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။
" ရာမာဂူချီ-ဂူမီဂိုဏ်းလား "
ကော်ဖီဆိုင်ရှိ ဖောက်သည်များပင် ထိုနာမည်ကြောင့် အံ့သြသွားကြသည်။
" ဒီလူနှစ်ယောက်က တကယ်ပဲ ရာမာဂူချီ-ဂူမီဂိုဏ်းကလား။ ဒီလောက်မောက်မာဝံ့ကြွားနေတာ မဆန်းတော့ပါဘူး "
" ဒီသုံးယောက်တော့ သွားပြီ။ သူတို့က ရာမာဂူချီ-ဂူမီဂိုဏ်းကို စော်ကားမိလိုက်တာ။ ဒီနေ့တော့ သူတို့ သေတော့မှာပဲ "
" ရာမာဂူချီ-ဂူမီဂိုဏ်းကို စော်ကားတဲ့သူတိုင်း ကောင်းမွန်တဲ့ အဆုံးသတ်ကို ဘယ်တော့မှ မရဘူး။ မြန်မြန် သူတို့နားက ဝေးဝေး ရှောင်ကြရအောင် "
" နောက်ထပ်ကြည့်စရာ ပွဲကြီးပွဲကောင်းပဲ ...... "
အချို့သော ဖောက်သည်များသည် ပွဲကောင်းကို ကြည့်ရှုရန် မစောင့်နိုင်ဖြစ်နေပြီး ပြဿနာရှာခံရမည်ကို ကြောက်သောဖောက်သည်အချို့သည် ပိုက်ဆံရှင်းပြီး အမြန် ထွက်ခွာသွားကြသည်။
လူအုပ်ကြီး၏ တီးတိုးပြောသံကို မီယာမိုတိုဆဲ ကြားလိုက်သောအခါ သူ၏အမူအရာသည် ပို၍ပင် ရုပ်ဆိုးလာသည်။
သူ ရိုက်လိုက်သည့် လူနှစ်ယောက်သည် အမှန်တကယ်ပင် ရာမာဂူချီ-ဂူမီဂိုဏ်းမှ ဖြစ်မည်ဟု သူ မထင်ထားခဲ့ချေ။
ထို့ကြောင့်ချက်ချင်းပင် ထိတ်လန့်သွားပြီး သူ့ခန္ဓာကိုယ်မှာ တုန်ရီနေတော့သည်။
သူ့ဘေးနားရှိ ရှုမန်ပင် ထိတ်လန့်တကြားဖြစ်သွားကာ ယဲ့ဖန်ကို ကြည့်လိုက်သည်။
" ရှောင်ဖန်၊ ငါတို့ ရာမာဂူချီ-ဂူမီဂိုဏ်းကို စော်ကားမိလိုက်ပြီ "
ယဲ့ဖန်သည် မီယာမိုတိုဆဲကို ပြုံးပြီး ကြည့်လိုက်သည်။
" လူကြီးမင်း မီယာမိုတို၊ ရာမာဂူချီ-ဂူမီဂိုဏ်း အီဒိုမြို့ဌာနခွဲရဲ့ ဒုဥက္ကဌ ယာမာမိုတိုကို သိတယ်မဟုတ်ဘူးလား။ ဒီကိစ္စကို အလွယ်တကူ ဖြေရှင်းနိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ် "
ရှုမန်သည် မီယာမိုတိုဆဲ ပြောခဲ့သည့်စကားကို သတိရပြီး အမြန်ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
"ဟုတ်တယ်၊ လူကြီးမင်း မီယာမိုတို။ သူတို့ရဲ့ ဒုဥက္ကဋ္ဌကို သိတယ်မဟုတ်ဘူးလား။ မြန်မြန် သူတို့ရဲ့ ဒုဥက္ကဌကို ခေါ်လိုက်ပါ "
မီယာမိုတိုဆဲ၏ အမူအရာသည် အလွန်ကြောင်အနေသည်။
အမှန်တကယ်၌ သူသည် ရာမာဂူချီ-ဂူမီဂိုဏ်း၏ ဒုဥက္ကဌကို မသိချေ။
ထိုသည်မှာ ကြွားလုံးသပ်သပ်သာ ဖြစ်သည်။
" ဟားဟား၊ ငါ ထင်တာတော့ ...... ဒီလိုအသေးအမွှားကိစ္စလေးအတွက် ဒုဥက္ကဌ ယာမာမိုတိုကို သတိပေးစရာ မလိုဘူး မဟုတ်လား "
ယဲ့ဖန်သည် ရယ်ချင်သည်ကို ထိန်းလိုက်သည်။
" ဒါဆို လူကြီးမင်း မီယာမိုတို၊ ခင်ဗျားမှာ တခြား အကြံဥာဏ် ရှိသေးလား "
မီယာမိုတိုဆဲသည် ဆက်၍ ဟိတ်ဟန်ထိန်းထားရန် ကြိုးစားနေဆဲဖြစ်သည်။
" စိတ်မပူနဲ့၊ ဒီကိစ္စကို ငါနဲ့ ထားခဲ့လိုက်ပါ။ သူတို့ ဘာလုပ်နိုင်မှာလဲ။ ဂျပန်က ဥပဒေနဲ့ အုပ်ချုပ်တဲ့ လူ့အဖွဲ့အစည်းပဲ "
သူ စကားပြောပြီး မကြာခင်မှာပင် ကော်ဖီဆိုင်ထဲသို့ အနက်ရောင် ၀တ်စုံများနှင့် လူတစ်စု လာနေသည်ကို တွေ့လိုက်ရသည်။
ထိုလူများမှာ အယောက်၂၀ထက်မနည်း ရှိနေသည်။
သူတို့ တစ်ယောက်ချင်းစီတိုင်းသည် လက်ထဲ၌ ခုတ်ဓားတစ်ချောင်းစီနှင့် သံတုတ်တစ်ချောင်းစီကို ကိုင်ဆောင်ကာ အနီးနားတွင် လူမရှိသလို လမ်းမများပေါ်၌ ပြေးလွှားလာနကြသည်။
မီယာမိုတိုဆဲ၏ မျက်နှာသည် စက္ကူကဲ့သို့ ဖျော့တော့သွားတော့သည်။
သူ့မျက်လုံးများသည် ပုန်းရန် တစ်ခုခုကို ရှာဖွေနေသကဲ့သို့ ပတ်လည်ကို စူးစမ်းကြည့်နေသည်။
" လူကြီးမင်း မီယာမိုတို ဘာကို ရှာနေတာလဲ "
ယဲ့ဖန်သည် အဖြေကို သိသော်လည်း တမင်တကာ မေးလိုက်သည်။
" ငါ .... ငါ ဗိုက်မကောင်းဘူး။ အိမ်သာ အရင်သွားလိုက်ဦးမယ် "
မီယာမိုတိုဆဲသည် ထိုသို့ ပြောပြီးနောက် ချက်ချင်း ထွက်ပြေးသွားသည်။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၇၆ )
ကျွန်တော့်ကို စော်ကားတာရဲ့ အကျိုးဆက်တွေကိုရော သိလား။
မီယာမိုတိုဆဲ ပြေးသွားသည်ကို ရှုမန် မြင်လိုက်သည့်အခါ သူမ ပိုလို့ပင် တုန်လှုပ်သွားသည်။
သူမသည် ယဲ့ဖန်၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။
" ရှောင်ဖန်၊ ငါတို့ ဘာလုပ်သင့်လဲ "
ယဲ့ဖန်သည် ထိတ်လန့်နေသည့် အရိပ်အယောင် မပြခဲ့ပေ။
" စိတ်မပူပါနဲ့၊ ကျွန်တော် ဒီမှာရှိပါတယ် "
ရှုမန်သည် အလွန်စိုးရိမ်နေပြီး ငိုတော့မလို ဖြစ်နေသည်။
" ရှောင်ဖန်၊ ငါ တောင်းပန်ပါတယ်။ နင့်ကို ခုနက ဝင်မပါခိုင်းလိုက်သင့်ဘူး "
ရှုမန်သည် အခုချိန်ထိ ဤကိစ္စမှာ သူမကြောင့်လို့ ထင်နေသည်။
ယဲ့ဖန်အား ကူညီပေးရန် သူမ မတောင်းဆိုခဲ့ပါက သူသည်လည်း ထိုကဲ့သို့ အန္တရာယ်မျိုးနှင့် ရင်ဆိုင်ရမည် မဟုတ်ပေ။
ထို့ကြောင့် သူမကိုယ်သူမ အပြစ်တင်နေမိသည်။
ယဲ့ဖန် ခေါင်းညိတ်ကာ ပြုံးပြလိုက်သည်။
" သူတို့တွေက ကျွန်တော့်ကြောင့် ဒီကို ရောက်နေကြတာ။ အစ်မ မရှိရင်တောင်မှ ကျွန်တော့်ကို ပြဿနာရှာဖို့ တခြားအကြောင်းပြချက် ရှာကြလိမ့်မယ် "
ယဲ့ဖန်မှ အမှန်ပြောနေသော်လည်း ရှုမန်သည် သူမကို နှစ်သိမ့်ပေးနေသည်ဟု ထင်ပြီး ပိုလို့ပင် ရင်ထဲထိမိသွားသလို ခံစားလိုက်ရသည်။
သူတို့နှစ်ယောက် စကားပြောနေကြစဉ်တွင် ဆံဝါသည် ရုတ်တရက် လမ်းလျှောက်လာပြီး ယဲ့ဖန်ကို လှမ်းခေါ်လိုက်သည်။
" ခွေးသား၊ သူရဲဘောကြောင်မနေနဲ့။ သတ္တိရှိရင် ထွက်လာပြီး စကားလာပြောလိုက် "
ထို့သို့ ပြောပြီးသည့်နောက် ကော်ဖီဆိုင်ထဲမှ ထွက်သွားသည်။
" ဒီမှာနေခဲ့။ ကျွန်တော်ပြောမှ ထွက်လာခဲ့ "
ယဲ့ဖန်သည် ရှုမန်၏ မျက်နှာလေးကို ညှစ်လိုက်သည်။
ထို့နောက် သူလှည့်ပြီး ထွက်သွားလေသည်။
ရှုမန်သည် အလွန်ကြောက်နေသော်လည်း ရှိသမျှ သတ္တိများကို စုဆောင်းပြီး ယဲ့ဖန်နောက်သို့ လိုက်ခဲ့လေသည်။
သူမ သေသွားလျှင်ပင် ယဲ့ဖန်နှင့်ဖြစ်ပါက ရင်ဆိုင်ရဲသေးသည်။
ယဲ့ဖန်သည် သူမ အလွန်စိတ်ပိုင်းဖြတ်ထားသည်ကို မြင်လိုက်ရပြီး ဘာမှ ထပ်မပြောဘဲ သူမလက်လေးကိုသာ လှမ်းကိုင်လိုက်သည်။
ရှုမန်သည် မူလက အနည်းငယ် စိတ်လှုပ်ရှားနေသေးသော်လည်း ယခုအချိန်၌ သူမသည် အမှန်တကယ်ပင် ငြိမ်သက်သွားခဲ့သည်။
" မင်းက ငါတို့ ရာမာဂူချီ-ဂူမီဂိုဏ်းကို ရိုက်တဲ့သူလား "
ပါးစပ်ထဲ၌ ဆေးပြင်းလိပ်တစ်လိပ် ကိုင်ထားသည့် လူတစ်ယောက်သည် ရှေ့ဆုံးသို့ ထွက်လာပြီး ယဲ့ဖန်အား မဖော်ရွေသော အကြည့်များနှင့် ကြည့်နေသည်။
ထိုလူသည် အသက်ငါးဆယ်ခန့်ရှိပြီး ရွှေသွားနှစ်ချောင်း ရှိသည်။
သူ့ကို ကြည့်ရသည်မှာ အနည်းငယ် ရယ်ချင်နေပုံရသည်။
" ဟုတ်တယ် "
ယဲ့ဖန် မရှင်းပြတော့ချေ။
တစ်ဖက်မှလူသည် သူ့ကို ဒုက္ခပေးရန် လာသည်ကို သူသိသည့်အတွက် ရှင်းပြသည်က အသုံးမဝင်ချေ။
" ဟမ်း၊ မင်းက ဘယ်လိုတောင် သတ္တိရှိတာလဲ။ ငါတို့ ရာမာဂူချီ-ဂူမီဂိုဏ်းကို စော်ကားတာရဲ့ အကျိုးဆက်ကို မင်း သိလား "
ထိုလူ၏ အကြည့်များသည် တစ်ဖက်သူအား အကြည့်ဖြင့်ပင် သေစေချင်သကဲ့သို့ ပို၍ ဆိုးလာသည်။
" ဒါဆို ကျွန်တော့်ကို စော်ကားတာရဲ့ အကျိုးဆက်ကိုရော ခင်ဗျားသိလား "
ယဲ့ဖန် ချက်ချင်း မေးလိုက်သည်။
မျက်နှာချင်းဆိုင် ဆန့်ကျင်ဘက်မှ လူအုပ်စုသည် အံ့အားသင့်သွားပြီးနောက် တစ်ပြိုင်နက် ရယ်မောလိုက်ကြသည်။
" ဟားဟားဟား၊ ဒီကလေးက တကယ် မာနကြီးတာပဲ။ သူက ငါတို့ရှေ့မှာ ကြွားလုံးထုတ်ရဲသေးတယ် "
" တရုတ်လူမျိုးတွေအားလုံးက ဒီလိုပဲ မာနကြီးကြတာလား။ ဒါဆိုလည်း ငါက အဲ့တာကို တကယ်ပဲ တွေ့ချင်ပါသေးတယ် "
" ဒီကလေးက ငါတို့ ရာမာဂူချီ-ဂူမီဂိုဏ်း ဘယ်လောက်တောင် အစွမ်းထက်တယ်ဆိုတာ မသိသေးဘူးထင်တယ် ဟုတ်တယ်မလား။ ငါတို့ ဘယ်လောက်အစွမ်းထက်လဲဆိုတာ ပြချင်ပါသေးတယ် ".
" ဒါငါတို့ကို ခြိမ်းခြောက်ရဲတဲ့လူနဲ့ ပထမဆုံးတွေ့ဖူးတာပဲ။ ငါတို့ ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ သိအောင် ပြောပြရမယ် ...... "
ယဲ့ဖန်၏ စကားလုံးများသည် လူတိုင်းကို ဒေါသထွက်စေခဲ့ပြီး သူတို့မ အော်ဟစ်စပြုလာတော့သည်။
ရွှေသွားဖြင့်လူသည် ရယ်မောလိုက်သည်။
" ခွေးသားလေး၊ မင်းက ငါတို့ရဲ့ ရာမာဂူချီ-ဂူမီဂိုဏ်းနယ်မြေကိုလာပြီး မာနကြီးဖို့ ဘယ်ကနေ ဒီသတ္တိကို ရလာခဲ့တာလဲ "
ယဲ့ဖန်၏ မျက်နှာထက်၌ အပြုံးတစ်ခုရှိနေသည်။
" ကျွန်တော်က ဒီမှာ လူသစ်ပါ။ အဲ့တော့ ခင်ဗျားတို့ရဲ့ ရာမာဂူချီ-ဂူမီဂိုဏ်းနဲ့ ရန်သူတွေ မဖြစ်ချင်ဘူး။ ခင်ဗျားတို့ ကျွန်တော့်ကို ပြဿနာမရှာတာ ပိုကောင်းမယ်။ မဟုတ်ရင် ဒါက လုပ်ဖူးသမျှထဲ အမိုက်မဲဆုံး ဆုံးဖြတ်ချက် ဖြစ်သွားလိမ့်မယ် "
ရွှေသွားနှင့် လူသည် ဒေါသထွက်လွန်း၍ ရယ်လိုက်သည်။
" မာနကြီးတဲ့လူတွေကို ငါ တွေ့ဖူးပေမယ့် မင်းလောက် မာနကြီးတဲ့သူကို ငါ မမြင်ဖူးဘူး "
" အစကတော့ မင်း တောင်းပန်ရင် မေ့ပစ်လိုက်ဖို့ လိုချင်တာ။ ဒီလိုဆိုတော့လည်း မင်း မာနကြီးဖို့ ဘယ်လောက် အရင်းအနှီးရှိလဲဆိုတာ ငါ ကြည့်ချင်ပါသေးတယ် "
ထိုသို့ဖြင့် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
" ဒီကလေးကို သင်ခန်းစာပေးလိုက်ကြ "
သူ ပြောပြီးသည်နှင့် လူ ၂၀ကျော် ဝိုင်းအုံလာကြသည်။
ကော်ဖီဆိုင်နှင့် မဝေးသော လမ်းပေါ်တွင် အနက်ရောင် Toyota Wilferကား ရပ်ထားသည်။
ရာမာဂူချီ-ဂူမီဂိုဏ်း အီဒိုမြို့ဌာနခွဲ၏ ဒုတိယဥက္ကဌဖြစ်သူ ယာမာမိုတို တာခဲရှိသည် မျက်စိမှိတ်ထားပြီး နောက်ထိုင်ခုံတွင် ထိုင်နေသည်။
သူ့ဘေးနားရှိ လူငယ်လေးသည် သူ့ကို သတိရှိစွာ ကြည့်လိုက်သည်။
" ဒုဥက္ကဌ ယာမာမိုတို၊ တရုတ်ပြည်က ကလေးတစ်ယောက်နဲ့ ရှင်းဖို့ ဒီလောက်လူအများအပြားကို တကယ်လိုလို့လား "
လူတစ်ဦးနှင့် တိုက်ခိုက်ရန် အထက်တန်းစားအဆင့် အယောက် ၂၀ကျော်ကို စေလွှတ်ခြင်းသည် ကြက်တစ်ကောင်ကို သတ်ရန် သေနတ်ကို အသုံးပြုခြင်းနှင့် တူသည်ဟု သူခံစားရသည်။
ယာမာမိုတို တာခဲရှိသည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီး သူ့ကို စိုက်ကြည့်လိုက်သည်။
" ငါတို့ ရရှိထားတဲ့ အချက်အလက်တွေအရ ဒီကလေးက ကျွမ်းကျင်အဆင့်မှာရှိတယ်။ တစ်ချိန်က သူ့ကို ယန်းချန်မြို့က ဒေသခံဂိုဏ်းသား ၂၀၀ကျော်က ဝိုင်းခဲ့တာတောင် သူက အန္တရာယ်မရှိဘဲ ထွက်နိုင်ခဲ့တဲ့အတွက် သတိထားရမယ် "
လူငယ်လေးသည် ချက်ချင်းပင် ရယ်မောလိုက်သည်။
" တရုတ်ဂိုဏ်းတွေရဲ့ အင်အား လူ ၂၀၀နဲ့တောင် အသုံးမကျဘူးလား။ ဒီလိုမှတ်တမ်းမျိုးက ပြောဖို့တောင် မထိုက်တန်ပါဘူး "
ယာမာမိုတို တာခဲရှိ သူ့ကို စိုက်ကြည့်လိုက်သည်။
" သူက တစ်ခါတုန်းက ဂျပန်ကိုယ်ခံသိုင်းပညာရှင် သွမ့်ကျန်းလုကို အနိုင်ယူခဲ့ဖူးတယ် "
ထိုအခါ လူငယ်သည် နောက်ဆုံးတွင် လေးနက်လာသည်။
" အဲ့ဒီ သွမ့်ကျန်းလုကို ကျွန်တော် ကြားဖူးတယ်။ သူက ထိပ်တန်းပညာရှင်တော့ မဟုတ်ပေမယ့် သူ့အစွမ်းက အတော်ကို သန်မာနေတုန်းပဲ။ ဒီကလေးက သွမ့်ကျန်းလုကို တကယ် အနိုင်ယူခဲ့တာလား။ ဒါဆို တကယ်ကို အန္တရာယ်များတာပဲ "
ယာမာမိုတို တာခဲရှိသည် မျက်လုံးများကို အနည်းငယ် မှေးမှိတ်ထားလိုက်သည်။
" ဒါတင်မကသေးဘူး။ ဒီကလေးက တောင်ပိုင်းကွမ်တုန်းပြည်နယ်မှာလည်း အရမ်းအစွမ်းထက်တယ်။ ငယ်ငယ်လေးနဲ့ ဘီလီယံပေါင်းများစွာတန်တဲ့ စီးပွားရေးအင်ပါယာကြီးကို အောက်ခြေကနေ တည်ဆောက်ထားတာ "
ထိုလူငယ်သည် ထိတ်လန့်စွာ မျက်လုံးပြူးသွားရသည်။
" ဒီကောင်လေးက အရမ်းသန်မာတယ်ဆို ကျွန်တော်တို့က ဘာလို့ သူနဲ့ ရန်သူဖြစ်ချင်ရတာလဲ "
" ဟမ်း "
ယာမာမိုတို တာခဲရှိ အေးစက်စွာ နှာမှုတ်လိုက်သည်။
" ငါတို့က သူနဲ့ ရန်သူဖြစ်ချင်နေတာ မဟုတ်ဘူး။ ငါတို့နဲ့ ရန်သူဖြစ်အောင် သူကပဲ အစပြုခဲ့တာ။ သူက ကံနဂါးအဖွဲ့အစည်းကို ကူညီဖို့ ရွေးချယ်ခဲ့တာဆိုတော့ သူ့ကို တတ်နိုင်သမျှ အမြန်ဆုံး ဖယ်ရှားပစ်ရမယ် "
ထိုသို့ပြုရန် မသင့်လျော်ဟု လူငယ်က ယူဆခဲ့သည်။
" ကျွန်တော်တို့ သူ့ကို ကျွန်တော်တို့ဘက်ပါအောင် အရင်ဆွဲထားသင့်တယ်။ ဆွဲထားနိုင်ရင် အကွက်ရွှေ့ဖို့က သိပ်နောက်ကျမှာမဟုတ်လောက်ဘူး "
" အခု ငါတို့က အချင်းချင်း ကွဲသွားပြီဆိုတော့ ညှိနှိုင်းဖို့ နေရာမရှိဘူး "
ယာမာမိုတို တာခဲရှိ အေးစက်စွာ နှာမှုတ်လိုက်သည်။
" ဒီကလေးက တရုတ်လူမျိုးပဲ။ တရုတ်ဂိုဏ်းနဲ့ ပြဿနာဖြစ်ဖို့ သူက ငါတို့နဲ့ ပူးပေါင်းမယ်လို့ ထင်လား "
လူငယ်လေးသည် စကားမပြောနိုင် ဖြစ်သွားရသည်။
" ဒါပေမဲ့ သူ့ကို အရမ်းစော်ကားနေစရာ မလိုဘူး မဟုတ်လား "
" ဒီလူလေးက ငယ်ငယ်ရွယ်ရွယ်နဲ့ စီးပွားရေးအင်ပါယာကြီးကို တည်ဆောက်နိုင်တယ်ဆိုမှတော့ သူက သာမန်မဟုတ်ဘူးဆိုတာ မြင်နိုင်တယ်။ ဒီလို အင်အားကြီးတဲ့ ရန်သူကို ကိုယ်တိုင် ရှာဖို့ မလိုဘူးမလား "
ယာမာမိုတို မထီမဲ့မြင် ရယ်မောလိုက်သည်။
" တရုတ်မှာ ရှေးစကားတစ်ခုရှိတယ်။ သန်မာတဲ့နဂါးက ဒေသခံမြွေကို မနှိမ်နင်းနိုင်ဘူးတဲ့ "
" ဒီကလေးက အစွမ်းထက်ပေမယ့် သူ့ရဲ့ အင်အားက တောင်ပိုင်းကွမ်တုန်းပြည်နယ်မှာပဲ အဓိက ရှိတာ။ သူ ဂျပန်ကို ရောက်လာတဲ့အခါ သွားမရှိနေတဲ့ ကျားတစ်ကောင်လိုပဲ။ သူက ငါတို့ကိုတောင် အသနားခံရမှာ "
လူငယ်လေးသည် အခြားအရာများကို ဆက်၍ ပြောချင်နေသည်။
သို့သော် ယာမာမိုတိုသည် သူ့ကိုတားရန် လက်ကို မြှောက်လိုက်သည်။
" ခါဝါဆာကီ၊ မင်းက ငါအရမ်းကို အထင်ကြီးတဲ့ လူငယ်တစ်ယောက်ပဲ။ မင်း အနာဂတ်မှာ ငါ့ရာထူးကို မင်းတာဝန်ယူရလိမ့်မယ် "
" ဒါပေမယ့် မင်း သတ္တိနည်းနည်းရှိဖို့ ငါမျှော်လင့်တယ်။ မင်း တစ်ခုခုကြုံလာတဲ့အခါ သတ္တိမကြောင်နဲ့ နားလည်လား "
ခါဝါဆာကီ အမည်ရှိ လူငယ်လေးသည် သူ၏ အကြံဉာဏ်ကို မြိုသိပ်လိုက်ရန်မှလွဲပြီး ရွေးချယ်စရာ မရှိပေ။
" ဟုတ်ကဲ့ပါ ဒုဥက္ကဌ "
ယာမာမိုတို တာခဲရှိသည် သူ့ပုခုံးကို ကျေနပ်စွာ ပုတ်လိုက်သည်။
" စိတ်မပူပါနဲ့၊ ဒါက တရုတ်ဝက်တစ်ကောင်ပဲ။ အတောင်တွေ ပေါက်နေရင်တောင်မှ ဝက်ဖြစ်နေတုန်းပဲ "
" ငါတို့ ဒီမှာ စောင့်မယ်။ မကြာခင် သတင်းကောင်းရှိလာမယ်လို့ ယုံကြည်တယ် "
ခါဝါဆာကီသည် သူ့အထက်လူကြီး၏ အံ့သြဖွယ်ကောင်းသော နိမိတ်ကြောင့် ချက်ချင်းပင် ရယ်မောလိုက်သည်။
သူတို့နှစ်ယောက် ကြိုပြီး အောင်ပွဲခံနေချိန်မှာပင် လက်အောက်ငယ်သားတစ်ဦး အလျင်အမြန်ပြေးလာသည်ကို တွေ့လိုက်ရသည်။
" ဒုဥက္ကဌ ယာမာမိုတို၊ သတင်းဆိုးပါ။ ကျွန်တော်တို့ ညီအစ်ကိုတွေ သုတ်သင်ခံလိုက်ရပြီ ...... "