← Chapters

အခန်း (၁၁၈၁-၁၁၈၄)

Vol. 60 Ch. 1181-1184

အခန်း (၁၁၈၁-၁၁၈၄)

Vol. 60 Ch. 1181-1184

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၁၈၁ )

ငါဆိုတဲ့ ယဲ့ဖန်ကို သတ်ချင်ရင် နောက်တစ်ခါ ဒီထက်ပိုပြီး အားထုတ်ရမယ်။

ယဲ့ဖန်သည် သူ့ဓားကို ကိုင်ရင်းဖြင့် လူအုပ်ထဲသို့ တစ်ဟုန်ထိုး ချီတက်သွားလေသည်။

သူ၏ ခြေလှမ်းများမှာ ကြယ်တစ်စင်း ကြွေကျလာသကဲ့သို့ သရဲတစ်ကောင်လိုဖြင့် ဂျပန်စစ်သားများကြား၌ ခေါက်တုံ့ခေါက်ပြန် သွားနေလေသည်။

တစ်ချိန်ထဲမှာပင် နိမ့်ချည်မြင့်ချည်ဖြစ်နေသော တောင်တန်းများ၊ မြစ်ချောင်းများကဲ့သို့ ရှည်လျားသော ကဗျာတစ်ပုဒ်ကို နှုတ်တိုက် အာဂုံဆောင်နေလေသည်။

“ယောကျာ်းတစ်ယောက်ရဲ့သွေးက ရဲရင့်တယ်၊ သူ့ရဲ့နှလုံးသားကတော့ သံလိုပဲ မာကျောရတယ်။ လက်ထဲမှာတော့ တစ်ဖက်သွားဓားချွန်ကို ကိုင်ဆောင်ထားရင်း ခန္ဓာထက်မှာ အဖြူရောင်ကျောက်စိမ်းဆွဲပြားကို ဝတ်ဆင်ထားလေတယ်။ သူဟာ မျိုးနွယ်စုအကြီးအကဲ အလှလေးရဲ့ ဦးခေါင်းကိုဆာလောင်နေပြီး လနတ်သားရဲ့‌ သွေးကိုငတ်မွတ်နေတယ်”

ယဲ့ဖန်သည် စာသားကို အသံနေအသံထား တိကျစွာဖြင့် ရွတ်နေရင်း စကားလုံး အဖြတ်အတောက်များတွင်လည်း ပီသစွာ ရပ်တန့်သေးသည်။

သူ့လက်ထဲရှိ ဂျပန်ဓားရှည်မှာ စည်းချက်အလိုက် အထက်အောက် ကခုန်နေလေသည်။

အေးစက်သည့် အလင်းရောင်တစ်ချက် လင်းလက်သွားတိုင်း သွေးများပန်းထွက်လာသည်။

အနုပညာနှင့် သတ်ဖြတ်မှုမှာ တစ်ခုထဲအဖြစ် ပေါင်းစည်းသွားလေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသူတိုင်းသည် အထူးတလည် ထိတ်လန့်သွားကြရသည်။

လူတိုင်းသည် သူတို့မျက်စိရှေ့ရှိ မြင်ကွင်းကို ကြည့်ရင်း ကြက်သေသေနေကြသည်။

ဒါက အိပ်မက်တစ်ခုလိုပဲ ဟုတ်တယ်မလား။

“ကလေးတွေကြားကလို ချစ်ခြင်းမေတ္တာကို ဘေးကိုဖယ်။ ယောကျာ်းတစ်ယောက်က ဓားရှည်တစ်လက်ကိုကိုင်ဆောင်ရင်း လမ်းတစ်လျှောက်မှာ စစ်သူကြီးကို သတ်ဖြတ်လို့ မိုင်ထောင်ချီ ခရီးနှင်နိုင်တယ်”

ကော်ဖီဆိုင်အတွင်းရှိ ရှုမန်သည် လူအုပ်ထဲသို့ တစ်ဟုန်ထိုးချီတက်သွားသည့် ယဲ့ဖန်ကို ကြည့်နေခဲ့သည်။

သူမ၏ လှပသော မျက်လုံးများထဲ၌ အေးစက်သော အလင်းရိပ်နှင့် ပြည့်နေသည်။

သူမသည် ယဲ့ဖန်နှင့်အတူ ထိုစာသားများကို အမှုမဲ့အမှတ်မဲ့ လိုက်ရွတ်နေမိရင်း သူမခန္ဓာကိုယ်ထဲရှိသွေးများ ဆူပွက်လာသလို ခံစားလာရသည်။

“ပင်လယ်ရဲ့ တိုက်ပွဲသံစဉ်။ မြို့တော်မှာ စတီးဓားတွေ ကခုန်နေကြတယ်။ ဒီဓားတွေမှာ ဂျပန်ကျွန်တွေရဲ့သွေးတွေ စွန်းထင်နေတယ်”

ထိုကဗျာမှာ ‘ဗိုလ်ချုပ်၏အမိန့်တော်: ယောကျာ်းတစ်ဦး၏ခရီးစဉ်’ဟု အမည်တွင်ပြီး အင်တာနက်မှ နာမည်ကြီးကဗျာဆရာတစ်ဦး ရေးသားထားခြင်းဖြစ်သည်။

ကဗျာတစ်ပိုဒ်လုံးဟာ တရစပ်ဖြစ်နေကာ ကာရန်မကိုက်သည့်အပြင် စာအထားအသိုများ အတော်လေး လွဲမှားနေပါသော်လည်း ထိုကဗျာအား လူအများမှ သူတို့၏အတွေးများကို လွတ်လပ်စွာဖော်ပြခွင့်ပြုနေသည်ဟု ခံစားရစေသည်။

ကော်ဖီဆိုင်ထဲရှိ ဂျပန်လူမျိုးများမှာ သူတို့ဘာပြောနေသည်ကို နားမလည်ပါသော်လည်း ယဲ့ဖန်နှင့် ရှုမန်၏ သံယောင်လိုက်ခြင်းမှ ရဲရင့်သော အရှိန်အဝါကို ခံစားမိနေသည်။

“ကောင်းကင်နဲ့ မြေကြီးကြားတိုက်ပွဲက အလွန်ပြင်းထန်တာကြောင့် ရုံးတော်ကိုပါ ထိတ်လန့်စေတယ်။ ခြေလှမ်းသုံးလှမ်းနဲ့ လူတစ်ယောက်ကိုသတ်ဖြတ်၊ နှလုံးသားဟာ ရပ်တန့်။ သွေးများ လှိုင်းလိုစီးဆင်းပြီး ခန္ဓာဟာတော့ ချင်းရှုတောင်မှာ မြှုပ်နှံခံရ။ တိုက်ပွဲပြီးနောက် ကိုသန်မာဟာ ပင်ပန်းကာ ရန်သူ့အလောင်းထက်မှာ အိပ်မောကျလေတယ်.......”

ထိုကဗျာနေရာ၌ ယဲ့ဖန်၏ အသံဟာ အတိအကျပင် ရပ်သွားလေသည်။

ထိုသည်မှာ သူစာသားမေ့သွား၍ မဟုတ်ဘဲ ဘယ်သူမှ မရှိတော့သောကြောင့် ဖြစ်သည်။

ယာမတအုပ်စု ရာမာဂူချီ-ဂူမီဂိုဏ်း အဖွဲ့ဝင် ရာကျောသည် မြေပြင်ပေါ်၌ လဲလျောင်းကာ နာကျင်မှုအပြည့်ဖြင့် ငိုကြွေးနေရသည်။

အခြားလူတစ်ရာကျော်မှာ တောင်တစ်လုံးကဲ့သို့ အထပ်လိုက်ဖြစ်နေပြီး မြင်ရသည်မှာ သက်ရှိငရဲတစ်ခုအလားပင် ဖြစ်သည်။

ယဲ့ဖန်သည် သူ၏ဓားကို ကိုင်ထားရင် လူအုပ်ထဲ၌ မတ်တပ်ရပ်လိုက်ကာ ပတ်ဝန်းကျင်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

ရန်သူတွေ ဘယ်မှာလဲ။

သူအခုထိ သတ်လို့မဝသေးဘူးလေ။

သူတောင် ကဗျာရွတ်လို့ မပြီးသေးဘူး၊ ရန်သူက ကုန်ပြီလား။

ထိုမြင်ကွင်းကို မြင်လိုက်ရသည့်လူတိုင်းမှာ ကြောင်အနေပြီး အချိန်အတော်ကြာအောင် အသိပြန်မဝင်နိုင်ခဲ့ပေ။

ကြောက်တတ်သည့်လူများဆိုလျှင် ဘောင်းဘီထဲ၌ပင် သေးပေါက်ချမိကုန်သည်။

သူတို့သည် လူသတ်သည်များကို များစွာမြင်ဖူးကြသော်လည်း ဤကဲ့သို့သတ်သည်ကိုတော့ တစ်ခါမှမမြင်ဖူးချေ။

လူတစ်ယောက်၊ ဓားတစ်ချောင်း၊ ကဗျာတစ်ပုဒ်လေးနဲ့ ယာမတအုပ်စု ရာမာဂူချီ-ဂူမီဂိုဏ်းတစ်ခုလုံးကို သတ်ပစ်တာ ဖြစ်သည်။

ဒီလို ကိုယ်ခံပညာမျိုး၊ ဒီလို ရဲရင့်တဲ့စိတ်ဓာတ်မျိုးက တကယ် ပြောမပြတတ်လောက်အောင် ထိတ်လန့်စရာကောင်းတာပဲ။

“ဟူး၊ ပျင်းဖို့ကောင်းလိုက်တာ”

ယဲ့ဖန် ခေါင်းယမ်းလိုက်ကာ သူ၏ ဂျပန်ဓားရှည်ကို လွှင့်ပစ်လိုက်သည်။

ဂျပန်ဓားရှည်သည် လေထဲ၌ လှပစွာဝေ့ဝိုက်ပြီးကာမှ ပြုတ်ကျသွားသည်။

ခွမ်း

ဓားသည် လမ်းပေါ်၌ ပါကင်ထိုးထားသည့် Toyata Wilferကား၏ မှန်ကို ထိုးစိုက်သွားသည်။

ကားထဲ၌ရှိနေသည့် ယာမာမိုတို တာခဲရှိနှင့် ခါဝါဆာကီတို့မှာ ချက်ချင်း လန့်ကာ ထခုန်မိသွားသည်။

သူတို့နှစ်ဦးသားမှာ ကားမှန်ကို တစ်ဝက်ဖောက်ဝင်လာသည့် ဓားသွားကို ကြည့်ကာ ကျောရိုးတစ်လျှောက် အေးစိမ့်သွားရသည်။

ထိုအချိန်တွင် ယဲ့ဖန်၏အသံဟာ အဝေးတစ်နေရာမှ ကြားလိုက်ရသည်။

“ငါ‌ဆိုတဲ့ ယဲ့ဖန်ကိုသတ်ချင်ရင် နောက်တစ်ခါ ဒီထက် ပိုအားထုတ်လိုက်ကြဦး။ ခင်ဗျားတို့ကို အချိန်မရွေးစောင့်ကြိုနေမယ်”

ယာမာမိုတိုသည် သူ့နှလုံးသားထဲရှိ အကြောက်တရားကို ဖိနှိပ်လိုက်သည်။

“မောင်းတော့”

ခါဝါဆာကီလည်း ပျာယာခတ်သွားရသည်။

“ဘယ်တစ်ခုက လီဗာလဲ”

သူတို့နှစ်ဦးသားမှာ ယဲ့ဖန်၏ ကြောက်ခမန်းလိလိဖြစ်သော ခွန်အားကြောင့် ထိတ်လန့်နေသည်ဖြစ်ရာ စိတ်ထဲ၌ ညည်းတွားနေမိကြသည်။

သူတို့နှစ်ယောက်သည် ဤကဲ့သို့ အင်အားကြီးသော ရန်သူအား ရန်သွားစမိသည်ကို ဂိုဏ်းချုပ်သာသိသွားပါက သူတို့ကို အလွယ်လွှတ်ပေးမည် မဟုတ်ပေ။

ထို့အပြင် ယနေ့ ယဲ့ဖန်အပေါ် လုပ်ကြံမှုအား ကျရှုံးခဲ့သည်။

ရာမာဂူချီ-ဂူမီဂိုဏ်းမှာ အဟားခံရပေတော့မည်။

အနာဂတ်၌ အချိန်အတော်ကြာသည်အထိ ထိုအရှက်ရမှုကြီးကို ဖယ်ရှားနိုင်မည် မဟုတ်ပေ။

Toyota ကားသည် အခက်အခဲပေါင်းများစွာနှင့် နောက်ဆုံး စက်နှိုးလိုက်နိုင်ကာ ဖြည်းညင်းစွာ လွတ်မြောက်သွားတော့သည်။

ယဲ့ဖန် ထိုကားထွက်ခွာသွားသည်ကို ကြည့်နေလိုက်သည်။

ကြောက်တတ်သူအချို့မှာ မြေ‌ပြင်ပေါ်၌ လဲကျနေကာ တဖွဖွ ရေရွတ်နေကြလေ၏။

“ကျွန်တော့်ကိုမသတ်ပါနဲ့၊ ကျွန်တော့်ကို မသတ်ပါနဲ့…”

သို့သော် ရှုမန်ကတော့ အများကြီး မတွေးပေ။

သူမသည် သူမ၏ဦးခေါင်းကို ယဲ့ဖန်၏လက်မောင်းတွေကြား ပစ်ဝင်လိုက်သည်။

“ရှောင်ဖန်၊ နင် အဆင်ပြေလို့ တော်သေးတာပေါ့။ အစောက ငါ နင့်ကို အရမ်းစိတ်ပူနေတာ”

“နင်သာတစ်ခုခုဖြစ်သွားရင် ငါ ဘယ်သူ့ကိုမှ အသက်ရှင်ခွင့်မပေးဘူး…”

ဤဖြစ်ရပ်ဆိုးကြီး ပြီးသည့်နောက် သူမသည် နှလုံးသားထဲရှိ သံသယများကို အပြည့်အဝလွှ တ်ချလိုက်နိုင်ပြီ ဖြစ်သောကြောင့် ချစ်ရသူအား သူမ၏အတွေးများကို ပြောပြရင်း မျက်လုံးထဲမှ ပုလဲမျက်ရည်များ စီးကျလာလေသည်။

ယဲ့ဖန် သူမနောက်ကျောအား ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။

“ဘာလို့ ငိုနေရတာလဲ။ ကိုယ် အဆင်ပြေနေတာပဲ မဟုတ်ဘူးလား။ ဆံပင်တစ်မွှေးတောင် ကျွတ်မသွားဘူး။ နှမြောစရာပဲ…”

ရှုမန် ယဲ့ဖန်အား မျက်ရည်အပြည့်ဖြင့် မော့ကြည့်လာသည်။

“ဘာက နှမြောစရာကောင်းတာလဲ”

ယဲ့ဖန် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။

“ကိုယ်ကဗျာကိုတောင် ဆုံးအောင် မရွတ်လိုက်ရဘူးလေ။ ကျန်နေတဲ့အပိုင်းက ကိုယ့်ခေါင်းထဲမှာ စွဲနေတုန်းပဲ။ အဲ့တာက အရမ်းစိတ်မသက်မသာဖြစ်ရတာပဲ…”

“ဖူး......”

ရှုမန် ချက်ချင်း ရယ်မိသွားကာ ယဲ့ဖန်၏ ရင်ဘတ်အား ခပ်ဖွဖွထုလိုက်မိသည်။

မီယာမိုတိုဆဲမှာ ယဲ့ဖန်အား ရှုပ်ထွေးစွာကြည့်နေမိသည်။

အချိန်အတော်ကြာပြီးနောက် သူ ဦးညွှတ်လိုက်လေ၏။

“ယဲ့လူကြီးမင်းရဲ့ ခွန်အားက တကယ်ကို မယုံနိုင်စရာကောင်းလောက်အောင်ပါပဲ”

“ကျွန်တော်ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမိသွားပါတယ်။ မိန်းကလေးအကြောင်းကို ထပ်မတွေးရဲတော့ပါဘူး”

ယဲ့ဖန် သူ့အား စိုက်ကြည့်လိုက်သည်။

“အခက်အခဲတွေနဲ့ ကြုံလာရင် နောက်ကြောင်းပြန်ဆုတ်တတ်တာလည်း ဉာဏ်ပညာရှိတာပဲ”

မီယာမိုတိုဆဲ ခါးသက်စွာ ပြုံးလိုက်ကာ ရှုမန်အား လှည့်ကြည့်လာသည်။

“မိန်းကလေးရှု၊ ကျွန်တော့်ရဲ့ ပိုနေတဲ့ ရန်ပုံငွေအကုန်လုံးကို ဒုန်းအန်းငွေကြေးလုံခြုံရေးကုမ္ပဏီဘက်က စီမံနိုင်အောင် လွှဲပေးလိုက်ပါမယ်။ အဲ့တာအပြင် အမြတ်အနည်းဆုံးနှုန်းထားနဲ့ပဲ ကောက်ခံပါတော့မယ်။ မိန်းကလေးအနေနဲ့ အချိန်မရွေး စာချုပ်မှာ လက်မှတ်လာထိုးလို့ ရပါတယ်”

ရှုမန် အလွန်ပျော်သွားရသည်။

“တကယ်လား၊ ကောင်းလိုက်တာ”

အစကတော့ သူမသည် တစ်ဖက်လူကို ရက်ရောစွာ ကမ်းလှမ်းခဲ့ပေမယ့် တစ်ဖက်လူက သူ့ရန်ပုံငွေထဲက ပမာဏအနည်းငယ်ကိုသာ ရင်းနှီးမြှုပ်နှံချင်ခဲ့သည်။

ယခုကျမှ ထိုသို့လိုက်လျောလာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

မီယာမိုတိုဆဲ ယဲ့ဖန်အား နက်ရှိုင်းစွာကြည့်လိုက်သည်။

သူသည် ဘာကြောင့် ထိုမျှလောက်အထိ လိုက်လျောပေးရသသည်မှာ ယဲ့လူကြီးမင်းနှင့် ဆက်ဆံရေးကောင်းတစ်ခုကို တည်ဆောက်ချင်သောကြောင့် ဖြစ်သည်။

ယဲ့ဖန်၏ ထိတ်လန့်စရာကောင်းသည့် ခွန်အားနှင့်ဆိုလျှင် ရာမာဂူချီ-ဂူမီဂိုဏ်းသည် သူ့အတွက် ပြိုင်ဘက် မဟုတ်တော့ပေ။

တစ်နေ့ကျလျှင် ထိုလူများက သူ့ကိုတောင် တောင်းပန်ခယလာရနိုင်သည်။

ယဲ့ဖန် ထိုလူ၏ပုခုံးအား ပုတ်လိုက်သည်။

“မီယာမိုတို လူကြီးမင်း၊ ဒုန်းအန်းငွေကြေးလုံခြုံရေးကုမ္ပဏီ ကို ရွေးချယ်လိုက်တာက တကယ်အမြော်အမြင်ရှိခဲ့တာပါ။ အစ်မမန်က ခင်ဗျားကို စိတ်ပျက်အောင်မလုပ်ပါဘူး”

မီယာမိုတိုဆဲ မျက်မှောင်ကြုတ်လျက် ခေါင်းညိတ်ပြလိုက်သည်။

“မိန်းကလေးရှုရဲ့ စွမ်းဆောင်ရည်ကို ယုံသလို ယဲ့လူကြီးမင်းရဲ့ စွမ်းဆောင်ရည်ကိုလည်း ကျွန်တော် ယုံပါတယ်”

“လူကြီးမင်းတို့ နှစ်ယောက်က ကောင်းကင်ဘုံက တွဲဖက်ပေးလိုက်တဲ့စုံတွဲလိုပါပဲ။ နှစ်ဦးသား ပျော်ရွှင်တဲ့ဘဝလေးကို ဖြတ်သန်းနိုင်ပါစေလို့ အခုထဲက ကြိုဆုတောင်းပေးလိုက်ပါတယ်”

ရှုမန် အစတွင် အသေအချာအာရုံစိုက်ကာ နားထောင်နေခဲ့သော်လည်း နောက်ဆုံးစကားကို ကြားပြီးနောက် သူမ၏ လှပသောမျက်နှာလေးမှာ ရှက်ရွံ့မှုကြောင့် ချက်ချင်းနီရဲလာလေသည်။

သို့သော် သူမနှင့်ဆန့်ကျင်စွာပင် ယဲ့ဖန်မှာတော့ အလွန်ဖော်ရွေနေ၏။

“ဆုတောင်းပေးတဲ့အတွက် ကျေးဇူးပါ။ ကျွန်တော်တို့ သေချာပေါက် ကြိုးစားမှာပါ”

ယဲ့ဖန်သည် ထိုစကားကို မငြင်းဆန်သည့်အပြင် ရေလိုက်ငါးလိုက်ပင် ပြန်ပြောနေသည်ကို ကြားတော့ ရှုမန် တစ်ယောက် ချက်ချင်းပင်ရှက်ကာ ဒေါသထွက်သွားရသည်။

ထို့ကြောင့် ယဲ့ဖန်၏နားရွက်အား လှမ်းဆိတ်လိုက်သည်။

“ကလေးစုတ်လေး၊ နင် အရိုက်ခံချင်နေတာလား”

ယဲ့ဖန် နာကျင်စွာဖြင့် ဦးခေါင်းကို ကုတ်လိုက်မိသည်။

“ကျွန်တော်ပြောတာဘာမှားလို့လဲ။ လွှတ်ဦး၊ နာတယ်”

ရှုမန် ဒေါသတကြီး နှာမှုတ်ကာ သူ့ကိုလွှတ်မပေးချေ။

“ဘာမှားလဲဟုတ်လား။ နင်ဘယ်တုန်းက ကိုယ်ခံပညာသွားသင်လိုက်တာတုန်း။ ငါဘာလို့မသိရတာလဲ။ ပြောစမ်း၊ နင်ငါ့ဆီက လျှိုထားတာ ဘာတွေကျန်သေးလဲ”

“မဟုတ်ပါဘူး”

“မဟုတ်ဘူးလို့ ပြောရဲသေးတယ်ပေါ့လေ။ ကြည့်ရတာ ဒီနေ့ ငါနင့်ကို သင်ခန်းစာမပေးရင် နင်အမှန်တိုင်း ပြောမယ့်ပုံမပေါ်ဘူး”

“ကယ်ကြပါဦး…”

ထိုမြင်ကွင်းကြောင့် ကော်ဖီဆိုင်ထဲရှိလူတိုင်း ကြက်သေသေသွားရသည်။

ရာမာဂူချီ-ဂူမီဂိုဏ်း အဖွဲ့ဝင်ရာကျော်ကို တစ်ယောက်တည်းသတ်ခဲ့တဲ့ နတ်ဘုရားမှာ ဒီလိုကလေးဆန်တဲ့ဘက်ခြမ်း ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။

ယခုအချိန်၌ သူ့ထံတွင်သတ်ဖြတ်လိုသည့် အရှိန်အဝါ တစ်စက်လေးမှ မရှိတော့ပေ။

သာမန် ဘေးအိမ်က ကောင်ကလေးလို ပုံစံမျိုး ဖြစ်နေလေသည်။

တကယ့်ယဲ့ဖန်အစစ်က ဘယ်သူလဲ။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၁၈၂ )

မင်းကို သရဲဝင်ပူးသွားတာလား။

ယဲ့ဖန်၏ အင်္ကျီ၌ သွေးများ ပေနေသောကြောင့် ရှုမန်နှင့်အတူ နေ့လည်စာမစားမှီ အင်္ကျီအသစ်တစ်စုံ သွားလဲလိုက်သည်။

ရှုမန်မှာ ယခုမှ စတင်၍ ချစ်ကျွမ်းဝင်နေမိသည့် မိန်းကလေးတစ်ဦးလို ယဲ့ဖန်အား တစ်ချိန်လုံး စိုက်ကြည့်နေလေသည်။

ယဲ့ဖန်လည်း သူမ၏ပြောင်းလဲမှုကို သတိပြုမိသည်။

ယခု သူမ၏ လက်ရှိအခြေအနေနဲ့ဆို သူမကို ပိုင်ဖို့က အလွယ်လေး မဟုတ်ပေဘူးလား။

ထိုအတွေးဝင်လာသည်နှင့်တစ်ပြိုင်နက် မထိန်းနိုင်ပဲ သူမအား အကဲခတ်နေမိတော့သည်။

ရှုမန်သည် ယနေ့၌ အလုပ်အပ်သူတစ်ဦးနှင့် တွေ့ဆုံရမည် ဖြစ်တာကြောင့် သေသပ်စွာ ဝတ်စားထားလေသည်။

သူမသည် ခန္ဓာကိုယ်ကို သွယ်လျစေသည့် သနပ်ခါးရောင် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသောကြောင့် သူမခန္ဓာကိုယ်၏ အစိတ်အပိုင်းတချို့မှာ ထင်ရှားနေပြီး သူမ၏အလှကို ပိုမိုပေါ်လွင်စေသည်။

သူမသည် ဘောင်းဘီရှည်နှင့် လိုက်ဖက်သော တစ်ချောင်းဒေါက်ကိုပါ စီးထားသည်ဖြစ်ရာ သူမ၏ ကျောက်စိမ်းတမျှ ပြေပြစ်သော ခြေကျင်းဝတ်လေးကိုသာ မြင်နေရသည်။

ယခု သူမ၏ ပုံစံမှာ လွန်စွာညှို့ငင်အား ပြင်းနေလေ၏။

ရှုမန်လည်း ယဲ့ဖန်မှ သူမ၏ ခြေကျင်းဝတ်အား စိုက်ကြည့်နေသည်ကို သတိထားမိသွားပြီး သူမ ချက်ချင်း ရှက်ရွံ့သွားကာ ခြေထောက်ကို ခုံအောက်သို့ ပြန်ရုတ်လိုက်သည်။

သူမစိတ်ထဲတွင်တော့ ရှောင်ဖန်၌ ထူးခြားသော စွဲလမ်းမှုတစ်မျိုး ရှိနေသည်လားဟု တွေးနေမိသည်။

သူမ ပိုရှက်လေ ယဲ့ဖန်မှာ ပိုအသဲယားလာလေဖြစ်ရာ သူမကို အမြတ်ထုတ်မိလုနီးပါး ဖြစ်နေသည်။

ထိုအချိန်တွင် ရုတ်ခြည်းဆိုသလို ယဲ့ဖန်၏ ဖုန်းမြည်လာ၏။

သူ ဂျပန်သို့ ရောက်ပြီး ဖုန်းနံပါတ် ပြောင်းလိုက်သောကြောင့် ချန်းရွှမ်နှင့် လူတစ်ချို့မှလွဲ၍ သူ့ဖုန်းနံပါတ်ကို သိသည့်လူ မရှိချေ။

ခေါ်ဆိုသူမှာ အမည်မသိဟု ဖော်ပြနေသည်။

ထို့ကြောင့် ယဲ့ဖန်လည်း ရှုပ်ထွေးစွာပင် ဖုန်းကိုင်လိုက်သည်။

“ဘယ်သူလဲ”

တစ်ဖက်လူမှာ ချက်ချင်း စကားပြောမလာပေ။

ထို့ကြောင့် ယဲ့ဖန်သည်လည်း ဖုန်းမှားခေါ်မိသည်ဟုထင်ကာ ဖုန်းချရန် ပြင်နေဆဲမှာပင် တစ်ဖက်မှ အမျိုးသမီးတစ်ဦး၏အသံ ထွက်ပေါ်လာသည်။

“ငါပါ”

ရှန်းပိုင်ထျန်းလား။

ယဲ့ဖန် အလွန်ပျော်သွားရသည်။

သူသည် ဂျပန်သို့ ရောက်ကတည်းက သူမနှင့်ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ယခင်က သူမ၏ဖုန်းမှာ ခေါ်မရတော့ပေ။

သူမသည် ဂျပန်သို့ ရောက်ပြီးနောက် ဖုန်းနံပါတ်ပြောင်းလိုက်တာ ဖြစ်နိုင်သည်။

အစတွင် ယဲ့ဖန်သည် ကံနဂါးအဖွဲ့အစည်းရှိ လူများမှတစ်ဆင့် သူမကို ရှာခိုင်းချင်ခဲ့သော်လည်း သူမကိုယ်တိုင် ဖုန်းဆက်လာလိမ့်မည်ဟု မထင်ထားပေ။

“ပိုင်ထျန်း၊ မင်း အခုဘယ်မှာလဲ။ နေရောကောင်းလား။ ဒီရက်တွေထဲ ကိုယ်မင်းကို လိုက်ရှာနေတာ…”

တစ်ဖက်လူ ပြန်ပျောက်သွားမည်ကို စိုးရိမ်သောကြောင့် ယဲ့ဖန် အသက်ပင်မရှူဘဲ တရစပ် ပြောလိုက်မိသည်။

ရှန်းပိုင်ထျန်းသည် ယဲ့ဖန်ပြောလို့ ပြီးသည်အထိ တိတ်တဆိတ်သာ နေနေလိုက်သည်။

ထို့နောက် ဖြည်းညင်းစွာ ပြန်ပြောလာ၏။

“နင် ငါ့ကို လိုက်ရှာနေတာလား။ ဘာလို့ လိုက်ရှာနေတာလဲ”

ယဲ့ဖန်မှာ ဆွံ့အသွားရသည်။

“ကိုယ်…ကိုယ်က မင်းနဲ့တွေ့ချင်လို့”

ရှန်းပိုင်ထျန်း ဆက်ပြောလာ၏။

“ဘာလို့ ငါနဲ့ တွေ့ချင်တာလဲ။”

ယဲ့ဖန် ခြောက်ကပ်စွာ ချောင်းဟန့်လိုက်မိသည်။

“မင်းဘယ်လိုနေနေလဲဆိုတာ သိချင်လို့ပါ”

ရှန်းပိုင်ထျန်း၏အသံမှာ အနည်းငယ် အေးစက်သွားသည်။

“ငါ ကောင်းကောင်းနေနေတော့ရော နင်နဲ့ဘာဆိုင်လို့လဲ”

ယဲ့ဖန်မှာ မည်သို့ ပြန်ဖြေရမည်မှန်း မသိတော့ချေ။

သို့သော် ထိုအချိန်မှာပင် တစ်ဖက်မှ အော်ရယ်သံတစ်ခုကို ကြားလိုက်ရသည်။

“ငါက နင့်ကို စနေတာပါ။ အရင်က ဘာတွေဖြစ်ခဲ့မှန်း မေ့သွားတာကြာပြီ။ အခု နင်အ‌ဆင်ပြေရင် ငါတို့တွေ့ကြမလား”

ထိုအခါမှသာ ယဲ့ဖန်စိတ်သက်သာရာ ရသွားတော့သည်။

“ကောင်းပြီလေ၊ နေရာပို့လိုက်။ ကိုယ်အခုလာခဲ့မယ်”

ဖုန်းချပြီးနောက် သူ ရှုမန်အား အားနာစွာ ကြည့်လိုက်သည်။

“အစ်မမန်၊ တောင်းပန်ပါတယ်။ ကျွန်တော်သူငယ်ချင်းတစ်ယောက်နဲ့ တွေ့စရာရှိလို့”

ရှုမန် သူ့အား စနောက်လိုဟန်ဖြင့် ကြည့်လိုက်သည်။

“မင်းရဲ့ကောင်မလေးလား”

ယဲ့ဖန် ငြင်းဆန်လိုက်သည်။

“မဟုတ်ဘူး၊ သာမန်မိန်းကလေး သူငယ်ချင်းပါ”

ရှုမန် သူ့အား ကြည့်လိုက်သည်။

“လှလား”

“အာ… အင်း”

ယဲ့ဖန်၏ အမူအရာမှာ အနည်းငယ် ကသိကအောက် ဖြစ်နေလေသည်။

“ဘယ်အဆင့်ထိ ရောက်သွားကြပြီလဲ”

ရှုမန်သည် ရုတ်တရက်ပင် မြေကော်စက်ကြီးကို ပိုင်ဆိုင်ထားသကဲ့သို့ အောက်ခြေအထိ တူးဆွချင်နေသည်။

“ဘာတွေ တွေးနေတာလဲ။ သာမန်သူငယ်ချင်းပါ။ အစ်မ ဘယ်ဟိုတယ်မှာ တည်းနေတာလဲ။ ကျွန်တော် ပြန်လိုက်ပို့ခဲ့ပေးမယ်”

ယဲ့ဖန် သူမနှင့်ထိုခေါင်းစဉ်ကို ဆက်မငြင်းခုန်လိုတော့သောကြောင့် ချက်ချင်း ခေါင်းစဉ်ပြောင်းလိုက်သည်။

“မလိုပါဘူး၊ ငါ ပြီးရင် ဈေးဝယ်ထွက်ဦးမှာ။ ဈေးဝယ်ပြီးမှ ကိုယ့်ဘာသာ ပြန်လိုက်မယ်။ မင်းသာ ကောင်မလေးကို မြန်မြန်သွားတွေ့လိုက်”

ရှုမန်၏ မျက်နှာထက်၌ မည်သို့သော မူမမှန်တာမျိုးမှ ရှိမနေပေ။

“ကောင်းပြီလေ၊ ဒါဆိုလည်း ဂရုစိုက်ပြန်ပါ”

ယဲ့ဖန်သည် သူမအား ထပ်မံသတိပေးလိုက်သည်။

ထို့နောက် စားသောက်ဆိုင်ထဲမှ လှည့်ထွက်လာလိုက်သည်။

ယဲ့ဖန် ထွက်သွားပြီးနောက် ရှုမန်၏ မျက်နှာထက်ရှိအပြုံးမှာ တဖြည်းဖြည်း အေးခဲသွားတော့သည်။

ယဲ့ဖန်၏ ပတ်ဝန်းကျင်၌ သူမ၏ ယခင်လက်ထောင်ဟောင်း ဖုန်းကျင်းရီကဲ့သို့ မိန်းကလေးများစွာ ရှိသည်ကို သူမသိသည်။

ထို့ကြောင့် ထိုကိစ္စတွေကို ခေါင်းထဲမထည့်ရန် သူမကိုယ်သူမ ဖြောင်းဖြနေမိသည်။

ယဲ့ဖန်၏ နှလုံးသားထဲ၌ သူမအတွက် နေရာတစ်နေရာ ရှိလျှင်ပင် အဆင်ပြေသည်။

သို့သော် အကြောင်းတစ်ချို့ကြောင့် ယဲ့ဖန်မှ အခြားမိန်းကလေးတစ်ဦးကို သွားရှာမည်ဆိုသည့်အခါ သူမ ဝမ်းနည်းမိသည်။

ကလေးစုတ်လေး၊ နင် ဘာလို့ အဲ့လောက်တောင် ပြီးပြည့်စုံနေရတာလဲ။

နင့်မှာ ပြစ်ချက်တစ်ခုလောက်ရှိရင် တော်တော် ကောင်းမှာပဲ။

အဲ့လိုဆိုရင် ငါနင့်ကို မုန်းဖို့ အကြောင်းပြချက် တစ်ခုရပြီ။

ရှန်းပိုင်ထျန်းနှင့် ယဲ့ဖန်တို့ တွေ့ရန် ချိန်းဆိုထားသည့်နေရာမှာ ပန်းခြံတစ်ခုဖြစ်သည်။

ထိုနေရာ၌ လူငယ်စုံတွဲများစွာ ရှိသည်။

ယဲ့ဖန်ရောက်သည့်အခါ သိပ်မဝေးသည့်တစ်နေရာမှ ခုံတန်းလေးပေါ်၌ ထိုင်နေသည့် ရှန်းပိုင်ထျန်းကို တွေ့လိုက်ရသည်။

ထိုအချိန်၌ ရှန်းပိုင်ထျန်းအား ယောကျာ်းတစ်ယောက်က နှောင့်ယှက်နေလေ၏။

ရှန်းပိုင်ထျန်း၏ပုံစံမှာ စိတ်မရှည်ဖြစ်နေမှန်း သိသာလှသည်။

သူမ ခေါင်းယမ်းကာ ငြင်းဆိုနေသော်လည်း ထိုလူမှာတော့ ဆက်နှောင့်ယှက်နေဆဲ ဖြစ်သည်။

ယဲ့ဖန် ထိုနေရာသို့ လျှောက်သွားကာ ရှန်းပိုင်ထျန်းဘေး၌ ထိုင်ချလိုက်သည်။

ထို့နောက် သူမပုခုံးပေါ် လက်တင်လိုက်ကာ ထိုလူအား ကြည့်လိုက်သည်။

“ဒီလိုက ဘာကိုဆိုလိုလဲဆိုတာ ခင်ဗျား နားလည်တယ်မလား”

ထိုလူမှာ ရှန်းပိုင်ထျန်းဘက်မှ မခုခံသည်ကိုမြင်ပြီး ဆန္ဒမရှိပါသော်လည်း မကျေမနပ်နှင့် ထွက်သွားလိုက်ရသည်။

“ဘယ်အချိန် ဘယ်နေရာမှာမဆို မင်းကို လိုက်နှောင့်ယှက်နေတဲ့ကောင်တွေ အမြဲရှိနေတာပဲလား”

ယဲ့ဖန် ပြန်လှည့်လာကာ ရှန်းပိုင်ထျန်းကို ကြည့်လိုက်သည်။

ယနေ့ သူမသည် မိတ်ကပ်ပါးပါးကိုသာ လိမ်းခြယ်ထားသော်လည်း သူမ၏ အလှတရားကို မပျက်စီးသွားစေချေ။

ထိုအစားပိုလို့ပင် အပြစ်ကင်းစင်ဟန်ပေါ်နေစေသည်။

ရှန်းပိုင်ထျန်း၏ မျက်နှာထက်၌ ဘဝင်လေဟပ်နေသော အပြုံးတစ်ပွင့် ရှိနေသည်။

“ဟုတ်တယ်၊ ဘယ်သွားသွား ငါ့ကို လိုက်နေတဲ့ကောင်လေးတွေ တန်းစီနေတာပဲ”

ယဲ့ဖန်နှုတ်ခမ်းများ တင်းသွားရသည်။

“မင်းရဲ့ ‘ရည်းစား’ဆိုတဲ့ကောင်ရော။ သူမင်းနဲ့ အတူလိုက်မလာဘူးလား”

ရှန်းပိုင်ထျန်း ယဲ့ဖန်အား ကြည့်လိုက်သည်။

“အဲ့တာ တမင်သက်သက် နင်စိတ်ဆိုးအောင် လုပ်တာမှန်းသိရဲ့သားနဲ့ မေးနေသေးတာလား”

ယဲ့ဖန် ရယ်ချင်စိတ်ကို ထိန်းလိုက်ရသည်။

“ဒါဆို မင်းအခုရော စိတ်ဆိုးနေသေးလား”

ရှန်းပိုင်ထျန်း နှာမှုတ်လိုက်ကာ တစ်ဖက်သို့ ခေါင်းလှည့်လိုက်သည်။

“ဒါပေါ့၊ နင့်ဘာသာ လေဆိပ်မှာကတည်းက လိုက်မချော့ပဲနဲ့”

ယဲ့ဖန် ချက်ချင်း အော်ငိုချင်မိသွားရသည်။

“ကိုယ် တကယ်လိုက်လာခဲ့တယ်။ ဒါပေမယ့် လမ်းမှာ လာပိတ်နေတဲ့ လူတစ်ယောက်ကြောင့် ကိုယ်နောက်ကျသွားတာ။ ကိုယ်လေဆိပ်ကို ရောက်တော့ လေယာဉ်က ထွက်သွားပြီ”

ရှန်းပိုင်ထျန်း၏ မျက်နှာမှာ မာကျောနေဆဲ ဖြစ်သည်။

“သရဲပဲသွားပြော”

သူမ ထိုသို့ပြောနေပါသော်လည်း စိတ်မဆိုးတော့သည်မှာ သိသာသည်။

“အာ၊ မတွေ့တာကြာတော့ မင်းနည်းနည်း ပြောင်းလဲသွားသလိုပဲ”

ရှန်းပိုင်ထျန်း ယဲ့ဖန်အား ပြန်လှည့်ကြည့်လာသည်။

“ဘာပြောင်းတာလဲ”

ယဲ့ဖန် စိတ်ရှုပ်ထွေးနေဟန်ဖြင့် ခေါင်းယမ်းပြလိုက်သည်။

“မသိဘူး။ ဒါပေမယ့် အရင်နဲ့မတူတော့ဘူး။ မင်း သရဲဝင်ပူးခံထားရတာလား”

ယဲ့ဖန် စနောက်နေခြင်းသာ ဖြစ်သော်လည်း ရှန်းပိုင်ထျန်းမှာ ယခင်ကနှင့် တကယ်ပင် မတူတော့ဘူးဟု သူခံစားနေရတာ ဖြစ်သည်။

ဂျပန်နိုင်ငံက လူတစ်ယောက်ကို အချိန်တိုလေးအတွင်း ဒီလောက်ထိ ပြောင်းလဲသွားစေနိုင်တဲ့ မှော်အစွမ်းတွေများ ပိုင်ဆိုင်ထားတာလား။

“ဟုတ်လား၊ နင့်နားမှာ မိန်းမတွေ များလွန်းနေတော့ ထူးဆန်းတာတွေ မြင်နေရတာနေမယ်”

ရှန်းပိုင်ထျန်း ပြုံးရယ်ရင်း ပြန်လည် စနောက်လိုက်သည်။

ယဲ့ဖန်မှာ ဆွံ့အသွားရသည်။

သူမ တစ်ခုခု ပြောင်းလဲသွားသည်ဆိုတာကို သူ ခံစားမိနေသော်လည်း သူမဘက်မှ မပြောပြချင်သောကြောင့် ခေါင်းစဉ်လွှဲလိုက်သည်။

“ဂျပန်မှာ ဘယ်လိုလဲ။ နေသားကျနေပြီလား”

ရှန်းပိုင်ထျန်း ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပါတယ်။ အများကြီးလည်း သင်ယူခဲ့ရတယ်။ သူငယ်ချင်းတွေလည်း အများကြီးရတယ်။ တကယ်စိတ်ချမ်းသာတယ်”

“အိုး”

ယဲ့ဖန် ထိုသို့တုံ့ပြန်ကာ တိတ်ဆိတ်သွားတော့သည်။

ဒီနေရာသို့ လာနေစဉ်က သူ့ထံ၌ ပြောစရာစကား အများကြီးရှိနေခဲ့သော်လည်း ရုတ်တရက်ကြီး ဘာပြောရမည်လဲ မသိတော့ပေ။

သူတို့နှစ်ဦးသား ခုံတန်းထက်၌ တိတ်တဆိတ် ထိုင်နေခဲ့ကြပြီး ပန်းခြံထဲ၌ လူများသွားလာနေသည်ကိုသာ ထိုင်ကြည့်နေခဲ့ကြသည်။

အချိန်အတော်ကြာပြီးနောက် ရှန်းပိုင်ထျန်းမှ စကားစလာ၏။

“နင် ငါ့ကို ဘာမှမရှင်းပြတော့ဘူးလား”

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၁၈၃ )

သူက မင်းထက်တောင် ရုပ်ဆိုးသေးတယ်။

ကိုယ်က ဘာလို့ သူ့ကိုကြိုက်ရမှာလဲ။

ယဲ့ဖန်အနည်းငယ်ခေါင်းရှုပ်သွားရသည်။

“ဘာကိုရှင်းပြရမှာလဲ”

ရှန်းပိုင်ထျန်းမှာတော့ သူ့အား မျက်လုံးလှလှလေးများနှင့် စိုက်ကြည့်နေဆဲဖြစ်သည်။

“အဲ့နေ့က နင် ဘာလို့ ငါ့နောက်ကို မလိုက်ခဲ့တာလဲ။ နင် ငါ့ကို လုံးဝဂရုမစိုက်တာလား”

ယဲ့ဖန် ကသိကအောက် ဖြစ်သွားရသည်။

“ကိုယ်အခုပဲ ပြောပြီးပြီလေ”

“တကယ်တော့ အဲ့နေ့က ကိုယ်မင်းနောက်က လိုက်လာခဲ့တယ်။ ဒါပေမယ့် လမ်းမှာ မတော်တဆတစ်ခု ဖြစ်သွားတာကြောင့် နောက်ကျသွားတာ”

“ကိုယ်လေဆိပ်ကို ရောက်တော့ မင်းရဲ့လေယာဉ်က ထွက်သွားပြီ”

ရှန်းပိုင်ထျန်း အနည်းငယ် စိတ်ဓာတ်ကျသွားသည်။

“ကြည့်ရတာတော့ ကံကြမ္မာပဲ ထင်ပါတယ်။ ငါက နင်ငါ့ကို ဂရုမစိုက်ဘူးလို့ ထင်နေတာ”

ယဲ့ဖန် ရှက်ရွံ့စွာ ပြုံးလိုက်ရင်း တခြားအကြောင်းအရာတစ်ခုကို ထပ်မံ ပြောင်းလဲလိုက်သည်။

“အာဟုတ်သား၊ မင်း ကိုယ့်ဖုန်းနံပါတ်ကို ဘယ်လိုလုပ် သိတာလဲ။ ကိုယ် ဂျပန်ကိုလာတော့ ဖုန်းနံပါတ်ပြောင်းလိုက်တာ။ အဲ့တာကြောင့် လူနည်းစုပဲ သိကြတာကို”

ရှန်းပိုင်ထျန်း ပဟေဠိဆန်သော အပြုံးတစ်ခု ပြုံးပြလာသည်။

“ငါ့မှာလည်း နည်းလမ်းတွေရှိပါတယ်။ နင့်ကို စောင့်ကြည့်နေတာလေ”

သူမ၏ ဟာသကို ကြားပြီးနောက် ယဲ့ဖန်လည်း အနည်းငယ် စိတ်ပြေလျော့သွားကာ စနောက်လာသည်။

“ဟုတ်လား၊ ဒါဆို အနာဂတ်မှာ မဟုတ်တာ လုပ်မယ်ဆို ဂရုစိုက်ရတော့မှာပဲ”

ရှန်းပိုင်ထျန်း ယဲ့ဖန်နှင့် ခဏတာ စနောက်ပြီးသည့်နောက် ပြန်လည်၍ အတည်ပေါက် ပြန်ဖြစ်သွားသည်။

“ဒီနေ့ နင်နဲ့ တွေ့ဖို့ခေါ်လိုက်ရတာက နင့်ကို ပြောစရာကိစ္စတစ်ချို့ ရှိနေလို့…”

“ခဏလေး”

ယဲ့ဖန် သူမအား ဖြတ်ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ထိုအချိန်၌ စနစ်မှ အချက်ပေးသံမြည်လာသောကြောင့် ဖြစ်သည်။

[ရတနာရှာဖွေခြင်းလမ်းညွှန်ချက်အား ရှာတွေ့ထားပါသည်။ မီတာနှစ်ဆယ်သို့ တန်းတန်းသွားပြီး ညာဘက်သို့ ကွေ့ပါ…]

စနစ်၏ သတိပေးချက်ကိုနားထောင်ပြီးနောက် ယဲ့ဖန်ဆွံ့အသွားရသည်။

ဒီစနစ်က အချိန်ကောင်းကို တော်တော် သိတာပဲ။

ရှန်းပိုင်ထျန်းနဲ့ စကားပြောလို့ ပြီးတဲ့အထိတောင် မစောင့်နိုင်ဘူးလား။

သူ့နှလုံးသားထဲ၌ ကျိန်ဆဲနေပါသော်လည်း ဂရုမစိုက်ဘဲ မနေရဲပေ။

စနစ်၏လမ်းညွှန်ချက်များမှာ တစ်ခဏတာသာ ဖြစ်ပြီး အချိန်ဆွဲ၍ မရပေ။

“ပိုင်ထျန်း၊ ကိုယ် ရုတ်တရက် လုပ်စရာရှိတာ တစ်ခုကို သတိရသွားလို့။ အဲ့တာအခုသွားလုပ်မှဖြစ်မှာ။ မင်းကိုယ့်ကို ဒီမှာ ခဏလောက် စောင့်ပေးလို့ရမလား။”

သူ အမြန်ပင် မတ်တပ်ရပ်ကာ ရှန်းပိုင်ထျန်းကို တောင်းပန်လိုက်သည်။

“ဘာကိစ္စလဲ”

ရှန်းပိုင်ထျန်း သူ့အား ရှုပ်ထွေးစွာ ကြည့်လိုက်မိသည်။

အစောကထိ အဆင်ပြေနေသေးတာကို အခုမှ ရုတ်တရက်ကြီး ဘာဖြစ်တာလဲ။

“အဲ့တာက…”

ယဲ့ဖန် ခေါင်းကုတ်မိသွားရသည်။

သူ ဘယ်လိုရှင်းပြရမလဲ မသိပေ။

ကံကောင်းစွာနှင့် ရှန်းပိုင်ထျန်းကလည်း ဆက်ပြီးစူးစမ်းမနေပေ။

“ငါလည်း နင်နဲ့ လိုက်ခဲ့လို့ရမလား”

ယဲ့ဖန်လည်း ခဏစဉ်းစားကြည့်ပြီးနောက် မိန်းကလေးတစ်ယောက်တည်း ထားခဲ့ရမည်မှာ မကောင်းသောကြောင့် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

“ဒါဆိုတူတူသွားကြမယ်”

ထိုသို့ပြောပြီးနောက် ရှန်းပိုင်ထျန်းကိုပါ ပန်းခြံမှခေါ်လာခဲ့လိုက်သည်။

စနစ်၏ လမ်းညွှန်ချက်နှင့်အတူ သူတို့နှစ်ဦးသား လမ်းကြားနှစ်ခုကို တစ်ဆက်တည်း ဖြတ်ခဲ့ကြသည်။

မီးပွိုင့်စောင့်နေရင်း ယဲ့ဖန် မရည်ရွယ်ပါဘဲနှင့် တခြားမီးပွိုင့်စောင့်နေသော အမျိုးသမီးကို သတိပြုမိသွားသည်။

ထိုအမျိုးသမီးမှာ အတော်လေးကြည့်ကောင်း၏။

သူမသည် အဖြူရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး သန့်စင်ကာ မွန်မြတ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

သို့သော် သူမမျက်နှာမှာ အနည်းငယ် ဖျော့တော့နေကာ မျက်လုံးများမှာလည်း အသက်မဲ့နေပုံပေါ်၏။

ထိုနေမကောင်းနေဟန် အသွင်အပြင်က သူမကို အနည်းငယ် ဆွဲဆောင်မှု လျော့ကျသွားစေသည်။

ယဲ့ဖန်သည် ထိုအမျိုးသမီးထံမှ ဆွဲဆောင်မခံရပေ။

သူမ၏အလှသည် ရှန်းပိုင်ထျန်းနှင့် ယှဉ်လျှင်တော့ နိမ့်နေသေးသည်။

သူ၏ အာရုံကို ဆွဲဆောင်သွားသည့် အဓိကအရာမှာ သူမလက်ထဲရှိ အဝတ်အိတ်ပင် ဖြစ်သည်။

ထိုအဝတ်အိတ်သည် ဟောင်းနွမ်းကာ အရောင်ဖျော့နေပြီ ဖြစ်သောကြောင့် သိပ်မပေါ်လွင်ပေ။

သို့သော် ထိုအမျိုးသမီးသည် ထိုအိတ်ကို ရတနာတစ်ပါးကဲ့သို့ တင်းကြပ်စွာ ပိုက်ထားလေသည်။

ထိုထူးဆန်းသည့် အချက်ကြောင့် သတိမထားမိဖို့ ဆိုသည်မှာ မဖြစ်နိုင်တော့ပေ။

ထိုအမျိုးသမီးသည်လည်း ယဲ့ဖန်၏ အကြည့်ကို အာရုံခံမိပုံရကာ ယဲ့ဖန်အား ရန်လိုစွာ ပြန်ကြည့်လာသည်။

တစ်ချိန်ထဲမှာပင် ရှန်းပိုင်ထျန်းသည် ယဲ့ဖန်ကို တို့ကာ စနောက်လိုက်သည်။

“နှာဘူးကျလိုက်တာ၊ မိန်းမလှလေး မြင်တာနဲ့ မလှုပ်နိုင်တော့ဘူး”

ယဲ့ဖန် သူမအား ဒေါသတကြီး ပြန်ကြည့်လိုက်မိသည်။

“ဘာတွေ လျှောက်ပြောနေတာလဲ။ သူက မင်းထက်တောင် ရုပ်ဆိုးသေးတယ်။ ကိုယ်က ဘာလို့ သူ့ကိုကြိုက်ရမှာလဲ”

“နင် ဘယ်သူ့ကို ရုပ်ဆိုးတယ်လို့ ပြောလိုက်တာလဲ”

ရှန်းပိုင်ထျန်း ယဲ့ဖန်အား လက်သီးဆုပ်ပြကာ ခြိမ်းခြောက်လိုက်သည်။

ယဲ့ဖန်မှာတော့ အပြစ်ကင်းစင်သည့် အမူအရာဖြင့် ရှိနေသည်။

“ကိုယ်က မင်းကသူ့လောက် ရုပ်မဆိုးဘူးလို့ ပြောတာပါ။ အဲ့တာ ဘာမှားလို့လဲ”

ရှန်းပိုင်ထျန်း ဒေါသတကြီး အံကြိတ်လိုက်သော်လည်း ယဲ့ဖန်၏ စကားထဲမှလည်း အမှားရှာမတွေ့ချေ။

သူပြောသည်မှာ မှန်နေပုံပေါ်နေသည်။

သူမက အဲ့အမျိုးသမီးထက် ရုပ်ဆိုးနေတာရော မဖြစ်နိုင်ဘူးလား။

ထိုအချိန်၌ နောက်ဆုံးတော့ မီးစိမ်းသွားပြီ ဖြစ်သည်။

အဝတ်အိတ်ကို ကိုင်ထားသည့် အမျိုးသမီးသည်လည်း ခပ်သွက်သွက် လျှောက်သွားလေသည်။

ယဲ့ဖန်သည် ရှန်းပိုင်ထျန်းကိုခေါ်ကာ သူမနောက်လိုက်သွားလိုက်သည်။

နောက်ဆုံး၌ ရှန်းပိုင်ထျန်း ဘယ်နေရာ စကားမှားနေလဲဆိုတာကို သတိပြုမိသွားသည်။

ဘယ်သူက ဘယ်သူ့ထက် ပိုရုပ်ဆိုးသည်ဆိုတာကို သူမ ငြင်းမနေသင့်ပေ။

ဘယ်သူက ပိုကြည့်ကောင်းလဲကို မပြိုင်ဘဲ ဘာလို့ ဘယ်သူက ပိုရုပ်ဆိုးလဲဆိုတာကို ပြိုင်နေရမှာလဲ။

ထိုသို့တွေးမိပြီးနောက် သူမ ယဲ့ဖန်၏ လက်မောင်းကို ဆွဲဆိတ်လိုက်သည်။

“မကောင်းတဲ့လူကြီး”

ယဲ့ဖန် ခပ်ဖွဖွသာ ပြုံးလိုက်ကာ သူမနှင့် ပြိုင်မငြင်းတော့ပေ။

တိုက်ဆိုင်စွာပင် စနစ်ကပြောသည့် လမ်းကြောင်းမှာ ထိုအမျိုးသမီးနှင့် တစ်လမ်းတည်း ဖြစ်နေသည်။

ရလဒ်အနေနှင့် ထိုအမျိုးသမီး မီးစိမ်းသည်ကို စောင့်နေချိန်၌ သူတို့လည်းပဲ ရပ်စောင့်ရသည်။

သူမ ထွက်ခွာလျှင် သူတို့လည်းပဲ ထွက်ခွာကြသည်။

ထိုအမျိုးသမီးမှာ တစ်စုံတစ်ရာကို အထင်လွဲသွား‌ပုံပေါ်သည်။

သူမ မျက်လုံးမှာလည်း ယဲ့ဖန်အား သတိရှိစွာ ကြည့်လာသည်။

သူမ၏ ခြေလှမ်းများမှာလည်း မြန်သထက် မြန်လာပြီး အဆုံး၌ ခပ်ဖြည်းဖြည်း ပြေးတော့သည်။

ယဲ့ဖန်မှာ ဆွံ့အသွားရသည်။

သူ အခု နောက်ယောင်ခံလိုက်တဲ့သူလို ဆက်ဆံခံလိုက်ရတာမလား။

အစတွင် ယဲ့ဖန်သည်လည်း တစ်ဖက်သူကို စနောက်ပြီး အနောက်ကလိုက်ကာ ခြောက်လှန့်မလို့ပင် ဖြစ်သည်။

သို့သော် သူ့ထံတွင် စနစ်မှ ပေးအပ်ထားသည့် တာဝန်ရှိနေသောကြောင့် ပြဿနာမဖြစ်ချင်ပေ။

ထို့ကြောင့် ခပ်ဖြည်းဖြည်းသာသွားနေရင်း မကြာမီပင် ထိုအမျိုးသမီးအား မျက်ခြေပြတ်သွားတော့သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် သူတို့နှစ်ဦး အပေါင်ဆိုင်တစ်ခုထံသို့ ရောက်သွားကြကာ ထိုအမျိုးသမီးနှင့် ထပ်တွေ့ပြန်သည်။

ထိုအမျိုးသမီးမှာ မန်နေဂျာဖြစ်သူနှင့် စကားပြောနေရင်း ယဲ့ဖန်တို့ ဝင်လာသည်ကို မြင်သွားကာ သူမ၏ အမူအရာမှာလည်း ဆိုးရွားသွားတော့သည်။

ယဲ့ဖန်ရယ်လိုက်မိသည်။

တိုက်ဆိုင်လိုက်တာ

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၁၈၄ )

ဒီတံဆိပ်ခေါင်းကို အရမ်းကြိုက်တယ်၊ ပြန်ရောင်းနိုင်မလား။

အပေါင်ဆိုင်၏ မန်နေဂျာဖြစ်သူမှာ ယဲ့ဖန်တို့ ဝင်လာသည်ကိုမြင်တော့ ထိုအမျိုးသမီးကို ပစ်ခဲ့ကာ သူတို့ထံ ရောက်လာသည်။

“ပေါင်ချင်တာလား၊ ပြန်ရွေးချင်တာလား”

ထိုမန်နေဂျာဖြစ်သူ၏ မျက်လုံးများမှာ ယဲ့ဖန်တို့အား အကဲဖြတ်နေသလို ဝေ့ဝိုက်နေလေသည်။

ဤကဲ့သို့သော အပေါင်ဆိုင်မျိုးသည် ပစ္စည်းများကို အပေါင်ခံရုံတင်သာမက ဘယ်သူမှ ပြန်လာမရွေးသည့် ပစ္စည်းများကိုလည်း ထုတ်ရောင်းလေ့ရှိသည်။

ထို့ကြောင့် ဤဆိုင်ကို ရှေးဟောင်းပစ္စည်းဆိုင်အဖြစ်လည်း သတ်မှတ်၍ရသည်။

ယဲ့ဖန် လက်ယမ်းပြလိုက်သည်။

“ကျွန်တော်တို့က ဒီတိုင်း လာကြည့်တာ”

ထိုသို့ပြောပြီးနောက် စင်ပေါ်ရှိပစ္စည်းတစ်ခုကိုကောက်ယူကာ ကြည့်နေလိုက်သည်။

ထိုအချင်းအရာကို မြင်ပြီးနောက် မန်နေဂျာလည်း အစောက အမျိုးသမီးထံ ပြန်ရောက်သွားသည်။

“အိုသာ့မိန်းကလေး ဒီတစ်ခါရော ဘာပေါင်ဦးမလို့လဲ”

ယဲ့ဖန်မှာ ထိုနေရာရှိ အခြေအနေကို အာရုံစိုက်နားထောင်နေသောကြောင့် မန်နေဂျာ၏ စကားများအရ ထိုအမျိုးသမီး ပစ္စည်းလာပေါင်သည်မှာ ပထမဆုံးအကြိမ် မဟုတ်မှန်းသိလိုက်ရသည်။

ထိုအိုသာ့ဆန်ဆိုသည့် မိန်းကလေးသည် ယဲ့ဖန်အား သတိဖြင့် ကြည့်လာသည်။

သူမသည် ခဏတာ တုံ့ဆိုင်းနေပြီးနောက် လက်ထဲရှိ အိတ်ကို ထုတ်ပြလာသည်။

“ဒီတစ်ခါက တံဆိပ်တုံးပါ”

မန်နေဂျာလည်း အိတ်ကို ယူလိုက်ကာ တစ်လွှာချင်း ဖွင့်ကြည့်လိုက်သည်။

ထိုအမျိုးသမီးသည် တံဆိပ်တုံးကို သေချာ အထပ်ထပ် ထုပ်လာသည့်ပုံရသည်။

ခုနစ်ထပ်၊ ရှစ်ထပ်လောက် ထုပ်ထားသည်။

သူ နောက်ဆုံးအလွှာကို ဖွင့်ပြီးနောက် အထဲမှ အတော် လက်ရာမြောက်လှသည့် သစ်သားသေတ္တာငယ်လေးကို မြင်လိုက်ရသည်။

ထိုသစ်သားသေတ္တာမှာ ရွှေသစ်ခေါက်နှင့် ပြုလုပ်ထားပြီး သေတ္တာပေါ်၌ ထွင်းထုထားသည့် လက်ရာမှာ လွန်စွာ လက်ရာမြောက်လှသည်။

ထိပ်တန်း လက်မှုပညာရှင်တစ်ယောက် ထွင်းထုထားသည်မှာ သိသာလှသည်။

သို့သော် သေတ္တာပေါ်ရှိ ပန်းပုလက်ရာများမှာ ဂျပန်မှ ပန်းပုပညာရှင်များ၏ လက်ရာမဟုတ်ပေ။

တရုတ်မှ ပန်းပုပညာရှင်များလက်ရာနှင့် ပိုတူလေသည်။

မန်နေဂျာလည်း ထိုသေတ္တာလေးကို တည်ငြိမ်စွာ ဖွင့်လိုက်ရာ အထဲ၌ တံဆိပ်ခေါင်းတစ်ခုကို တွေ့လိုက်ရသည်။

ထိုတံဆိပ်‌ခေါင်းမှာ အနီရောင်နောက်ခံနှင့် ဖြစ်ပြီး တရုတ်စာလုံးဖြင့်‌ ရေးသားထားသည်။

မန်နေဂျာဖြစ်သူ သေတ္တာကို ဖွင့်လိုက်ချိန်၌ ယဲ့ဖန်သည်လည်း စနစ်၏စစ်ဆေးခြင်းအား အသက်သွင်းပြီး ဖြစ်လေရာ သူ့ဦးနှောက်ထဲ၌ အချက်အလက်များစွာ ပေါ်လာလေသည်။

[ပထမ ချင်မင်းဆက်ခေတ်မှ ယွမ်တံဆိပ်ခေါင်း၊ စစ်မှန်ပါသည်။ အနီရောင်တံဆိပ်ခေါင်းတွင် မူရင်းလက်မှတ်ပေါ် တံဆိပ်မနှိပ်ထားပါ။ သိမ်းငှက်နိုင်ငံ၏ ဝူသူ့ဟူသဲလမ်းကုမ္ပဏီမှ ၁၈၉၆ခုနှစ် ချင်မင်းဆက်ခေတ်တွင် ရိုက်နှိပ်ခဲ့ခြင်း ဖြစ်ပါသည်။ အခု ၅၀သာ ရိုက်နှိပ်ပြီး ကမ္ဘာပေါ်၌ ဤတစ်ခုသာ ကျန်ရှိပါတော့သည်။

စနစ်မှတန်ဖိုးဖြတ်ခြင်း - ယွမ်ငါးသန်း]

ထိုအချက်အလက်ကို မြင်ပြီးနောက် ယဲ့ဖန် အံ့အားသင့်သွားရသည်။

ထိုတံဆိပ်တုံး၏ တန်ဖိုးကြောင့် မဟုတ်ပေ။

သူ၏ လက်ရှိအမြင်အရဆိုလျှင် သန်းငါးဆယ်တန်သည်ဟု ဆိုလျှင်တောင် အံ့ဩမည် မဟုတ်သောကြောင့် ငါးသန်းလောက်မှာတော့ မပြောပလောက်ချေ။

ထိုကဲ့သို့သော တန်ဖိုးကြီးပစ္စည်းသည် သူမကဲ့သို့ လူ၌ ရောက်နေခြင်းကို အံ့ဩသွားရခြင်း ဖြစ်သည်။

သူကသာ အံ့ဩနေပါသော်လည်း မန်နေဂျာဖြစ်သူမှာတော့ တံဆိပ်ခေါင်းကို မြင်ချိန်၌ စိတ်ပျက်လက်ပျက်ဖြင့် ဆိုလာသည်။

“အိုသာ့မိန်းကလေး၊ ဒီတစ်ခါမင်းယူလာတဲ့ပစ္စည်းက အရင်တစ်ခေါက်ကထက် တန်ကြေးနည်းတယ်”

အိုသာ့မိန်းကလေးမှာ ထိုစကားကို‌ကြားပြီး ရှက်ရွံ့မှုကြောင့် ချက်ချင်း မျက်နှာနီရဲသွားရသည်။

“အိမ်မှာရှိတဲ့ တန်ဖိုးကြီးပစ္စည်းတော်တော်များများကို ပေါင်ပြီးသွားပြီဆိုတော့ ဒါလေးပဲ ကျန်တော့လို့ပါ။ ဘယ်လောက်ရမလဲဟင်”

မန်နေဂျာမှာ တံဆိပ်ခေါင်းကို စိတ်မဝင်စားဟန်ဖြင့် ပြန်ချလိုက်သည်။

“ကျုပ်တို့ ဂျပန်လူမျိုးတွေက ဒီလိုရှေးဟောင်းပစ္စည်းတွေကို စိတ်မဝင်စားဘူး။ အဲ့တာအပြင် ဒီလိုမျိုး တရုတ်တံဆိပ်ခေါင်းမျိုးအတွက်က ဈေးကွက်တောင်မရှိဘူး။ ကျွန်တော်တော့ ဈေးမသတ်မှတ်ပေးနိုင်ဘူး။ တခြားနေရာမှာ သွားမေးကြည့်ပါလား”

တစ်ဖက်လူ ငြင်းဆန်လိုက်သည်ကို မြင်ပြီး အိုသာ့ဆန်လည်း ချက်ချင်း သနားကမားဟန် ဖြစ်သွားသည်။

“ဈေးလေးတော့ပြောပေးပါ၊=၊ အခုကျွန်မမှာ ယုံရတဲ့သူဆိုလို့ ရှင်ပဲရှိတာ”

မန်နေဂျာအီရှီဂါကီသည် ထိုင်ခုံကို မှီပြီးနောက် လက်ဖက်ရည်တစ်ငုံသောက်လိုက်သည်။

တစ်ခဏကြာပြီးမှ ခွက်ကိုပြန်ချလိုက်၏။

“တခြားသူသာဆိုရင်တော့ လက်မခံပေးဘူး။ ဒါပေမယ့် မင်းနဲ့ကျုပ်က မိတ်ဆွေဟောင်းတွေဆိုတော့ ကူညီတယ်လို့ပဲ သဘောထားလိုက်ပါမယ်”

မိန်းကလေးအိုသာ့မှာ အလွန်ပျော်ရွှင်သွားကာ မန်နေဂျာအား ထပ်ခါထပ်ခါ ကျေးဇူးတင်တော့သည်။

ယဲ့ဖန်မှာတော့ ဘေး၌ မျက်လုံးလှိမ့်နေမိသည်။

ဒီမန်နေဂျာဆိုတဲ့လူက စီးပွားရေး ဘယ်လိုလုပ်ရမလဲဆိုတာကို တော်တော်သိတာပဲ။

သူက ပိုက်ဆံ‌နည်းနည်းလောက် ပေးလိုက်တာ ဆိုပေမယ့် စကားတစ်ခွန်း၊နှစ်ခွန်း ပြောလိုက်တာနဲ့ သူမက သူ့အပေါ်မှာ တကယ် ကျေးဇူးကြွေးတင်သလို ဖြစ်သွားပြီ။

အီရှီဂါကီတံဆိပ်ခေါင်းကို ယူကာ တစ်ဖန်ပြန်ကြည့်လိုက်သည်။

ထို့နောက် ခဏလောက်စဉ်းစားပြီး ပြောလာ၏။

“ဒီတံဆိပ်ခေါင်းအတွက် ယန်းငါးသန်းပဲ ပေးနိုင်မယ်။ ပြန်ရွေးရမယ့်အချိန်ကတော့ တစ်လအတွင်းပဲ။ တကယ်လို့ တစ်လနေလို့မှ ပြန်မရွေးနိုင်ရင်တော့ ကျုပ် ရောင်းစားလိုက်တော့မယ်”

ယန်းငါးသန်းမှာ တရုတ်ငွေနှင့်ဆိုလျှင် ယွမ်၂သိန်း၇သောာင်းနှင့် ညီမျှလေသည်။

ယဲ့ဖန်သာ ဒီတံဆိပ်ခေါင်း၏ တန်ဖိုး အစစ်အမှန်ကိုသိမနေပါလျှင် အံ့ဩမိမှာပင် ဖြစ်သည်။

ယွမ်နှစ်သိန်းတန် တံဆိပ်ခေါင်းဆိုတာ အလွန်ရှားပါး‌သည်လေ။

သို့သော် ထိုတံဆိပ်ခေါင်း၏တန်ဖိုးကို သိနေသောကြောင့် မတူတော့ပေ။

အီရှီဂါကီပင်လျှင် ဤတံဆိပ်ခေါင်း၏ တန်ဖိုးကိုမသိသည်လား။

သို့မှမဟုတ် တမင်သက်သက် လုပ်သည်လားဆိုတာကိုတော့ သူလည်း မပြောတတ်တော့ချေ။

မိန်းကလေးအိုသာ့မှာ ဈေးနှုန်းကို ကြားပြီးနောက် အနည်းငယ်စိတ်ပျက်သွားပုံရသည်။

“မ‌န်နေဂျာ၊ နည်းနည်းလောက် ပိုမပေးနိုင်တော့ဘူးလား။ ဒီဈေးက…”

မန်နေဂျာမှာတော့ ပုခုံးတွန့်ပြလိုက်၏။

“တောင်းပန်ပါတယ် အိုသာ့ဆန်။ ဒီဈေးနဲ့ ပေးလိုက်တာတောင် တော်တော်စွန့်စားရာကျနေပြီ။ တရုတ်တွေကတော့ ဒီလိုဟာမျိုးကို စိတ်ဝင်စားကြလိမ့်မယ်။ ခင်ဗျား ရှာကြည့်ပါလား”

သူ၏ ခိုင်မြဲသော သဘောတရားကိုမြင်တော့ အိုသာ့ဆန်လည်း တိတ်သွားရသည်။

အချိန်အတော်ကြာမှ သူမ စကားပြောလာ၏။

“ကျွန်မ တရုတ်တွေကို မယုံဘူး။ ရှင့်ကိုပဲ ယုံတာ”

“ရှင်က ဒီလောက်တန်တယ်ဆိုမှတော့ အဲ့လောက်ပဲ တန်လို့နေမှာပါ”

ထိုအခါမှသာ အီရှီဂါကီလည်း ပြုံးသွားတော့သည်။

“ဒါဆို မင်းကို ပြေစာပေးလိုက်မယ်။ အရင်စည်းမျဉ်းတွေလိုပဲ တစ်လအတွင်း ပြန်လာရွေးနိုင်ရင် ပစ္စည်းပြန်ရမယ်”

အိုသာ့ဆန် ခါးသက်စွာ ပြုံးလိုက်မိသည်။

“ကျွန်မအခြေအနေကို ရှင်လည်း သိတာပဲ။ ဘယ်လိုလုပ်ပြန်ရွေးနိုင်ပါ့မလဲ”

မန်နေဂျာကတော့ ပြုံးရုံသာပြုံးကာ ခွန်းတုံ့မပြန်တော့ပေ။

သူပြေစာပေးရန် ပြင်နေချိန်မှာပဲ ယဲ့ဖန်ရုတ်တရက် ဖြတ်ပြောလိုက်သည်။

“ခဏလေး၊ ကျွန်တော် အဲ့တံဆိပ်ခေါင်းကို ကြည့်လို့ရနိုင်မလား”

မ‌န်နေဂျာ အီရှီဂါကီနှင့် မိန်းကလေးအိုသာ့တို့မှာ ယဲ့ဖန်အား သံသယဖြစ်စွာ ကြည့်လာကြသည်။

ရှန်းပိုင်ထျန်းပင် ခေါင်းရှုပ်သွားရ၏။

ယဲ့ဖန် ဘာလုပ်ဖို့ ပြင်နေသည်လဲ သူမလည်း မသိပေ။

ယဲ့ဖန်မှာတော့ သူတို့၏ ရှုပ်ထွေးနေသည့် အကြည့်အောက်မှာပင် လျှောက်သွားလိုက်သည်။

“ကျွန်တော်ကတရုတ်လူမျိုးပါ။ တံဆိပ်ခေါင်းတွေစုရတာကြိုက်လို့ ကျွန်တော့်ကိုခဏလောက်ပြပေးနိုင်မလား”

မိန်းကလေးအိုသာ့မှာ အနည်းငယ်ရှက်ရွံ့သွားရသည်။

သူမ အစောကပင် တရုတ်တွေကိုမယုံဘူးဟု ပြောခဲ့တာဖြစ်သော်လည်း တရုတ်လူမျိုးတစ်ယောက် သူမဘေး၌ ရပ်နေလိမ်မည်ဟု မထင်ထားခဲ့ချေ။

ဘုန်းကြီးခေါင်းခေါက်ပြီးမှ တောင်းပန်နေတာနှင့် မတူချေဘူးလား။

မန်နေဂျာမှာလည်း ရုတ်တရက်ကြီး ဘယ်ကမှန်းမသိသည့် တရုတ်လူမျိုးတစ်ယောက်ထွက်လာပြီး သူ့လမ်းကို လာပိတ်သည်အား မကျေနပ်ပါသော်လည်း မိန်းကလေးအိုသာ့ရှိနေသောကြောင့် သူ ဘာမှမပြောနိုင်ပဲ တံဆိပ်ခေါင်းကိုသာ အင်တင်တင်နှင့် ပြလိုက်ရသည်။

“ကြည့်ကြည့်ပါ”

ယဲ့ဖန် ထိုအရာကို ကောက်ယူလိုက်ကာ ကြည့်ဟန်ဆောင်ပြီး ခေါင်းညိတ်လိုက်သည်။

“ကျွန်တော် ဒီတံဆိပ်ခေါင်းကို အရမ်းကြိုက်တယ်။ ကျွန်တော့်ကို ပြန်ရောင်းနိုင်မလား”

အိုသာ့ဆန်၏ မျက်လုံးများ တောက်ပသွားရသည်။

“ရှင်… ဘယ်လောက်ပေးနိုင်မလဲ”

All Chapters