အခန်း (၁၁၈၅-၁၁၈၈)
Vol. 60 Ch. 1185-1188
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၈၅ )
ဒီတံဆိပ်ခေါင်းက တကယ်ကြီးအဲ့လောက်တောင် တန်တာလား?
“အစောက မန်နေဂျာက ယန်းငါးသန်းပေးမယ်ဆိုတော့ ကျွန်တော် ခြောက်သန်းပေးမယ်”
ယဲ့ဖန် ခဏလောက်တွေးကာ ဈေးပြောလိုက်သည်။
သူသည်လည်း လူအတစ်ယောက် မဟုတ်သောကြောင့် ယွမ်ငါးသောင်းသာ ထပ်ပေါင်းပေးလိုက်သည်။
သို့သော် မိန်းကလေးအိုသာ့မှာတော့ အလွန်ပျော်နေဆဲ ဖြစ်သည်။
“ခြောက်သန်းလား။ တကယ်လား”
မန်နေဂျာ အီရှီဂါကီ၏ မျက်နှာထား ပြောင်းလဲသွားရသည်။
သူသည် ယဲ့ဖန်အား မကျေမနပ် ကြည့်လိုက်၏။
“ကောင်လေး၊ မင်းငါ့စီးပွာရေးကို လာရှုပ်နေတာလား။”
ယဲ့ဖန် ထိုလူ၏ ခြိမ်းခြောက်စကားကို လျစ်လျူရှုလိုက်သည်။
“ဘယ်မှာ ရှုပ်လို့လဲ။ ဒါကမျှတတဲ့ အလဲအလှယ်ပဲ။ ကြေးများများပေးတဲ့သူက ပစ္စည်းကို ပိုင်ဆိုင်ရမှာပဲ”
အီရှီဂါကီ အံကြိတ်ကာ အိုသာ့ကို ပြန်ကြည့်လိုက်သည်။
“၆.၅သန်းပေးမယ်”
အိုသာ့ ဘာမှမတုံ့ပြန်နိုင်ခင်မှာပဲ ယဲ့ဖန် ချက်ချင်း ကြေးမြှင့်လိုက်သည်။
“၈သန်းပေးမယ်”
မန်နေဂျာ၏ မျက်နှာထားမှာ ပိုလို့ပင် အရုပ်ဆိုးလာသည်။
“၈.၅သန်း…”
“၁၀သန်း”
ယဲ့ဖန်၏ ဆုံးဖြတ်ထားသော အမူအရာမှာ မန်နေဂျာအား ပိုလို့ပင် ဒေါသတကြီး အံကြိတ်မိသွားစေသည်။
အမှန်တော့ သူကိုယ်တိုင်လည်း ဤတံဆိပ်ခေါင်း၏ တန်ကြေးကို မသိပေ။
အဓိက အကြောင်းအရင်းမှာ ယခင်က မိန်းကလေးအိုသာ့ ယူလာဖူးသည့် ပစ္စည်းများအားလုံးမှာ ရှားပါးကာ အလွန်လက်ရာမြောက်လှသည်။
ထို့ကြောင့် ဤတံဆိပ်ခေါင်းလည်း ဈေးမနည်းလောက်ဟု ယူဆမိသောကြောင့် သူ ထိုဈေးပေးရန် ဆန္ဒရှိခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ယဲ့ဖန်ကြောင့် သူ့အစီအစဉ်များ ပျက်ကုန်ရလေသည်။
ယဲ့ဖန်၏ မျက်နှာထက်တွင် အပြုံးခပ်ဖျော့ဖျော့ ရှိနေသည်။
“ဘာလို့လဲ။ ထပ်တိုးဦးမလား။ ခင်ဗျား မတိုးတော့ရင်တော့ ကျွန်တော့်အပိုင် ဖြစ်ပြီ”
အီရှီဂါကီ အေးစက်စွာ နှာမှုတ်ကာ ဘာမှ ထပ်မပြောတော့ပေ။
ထိုအခါ မိန်းကလေးအိုသာ့လည်း ယဲ့ဖန်ထံ လျှောက်လာကာ သူ၏လက်ကို ဆုပ်ကိုင်လိုက်သည်။
“လူကြီးမင်း၊ တကယ် ယန်းဆယ်သန်း ပေးမှာလား”
ယဲ့ဖန်စကား ပြန်ပြောင်းပြောမည်ကို စိုးရိမ်သောကြောင့် သူမသည် ယဲ့ဖန်၏လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားမိသည်။
ယဲ့ဖန် ဘာမှမပြောနိုင်ခင်မှာပင် ရှန်းပိုင်ထျန်း ရောက်လာကာ သူမလက်ကို ဆွဲယူသွားပြီး ယဲ့ဖန်အား လှည့်ကြည့်လာသည်။
“အဲ့တံဆိပ်ခေါင်းကို ဘာလုပ်ဖို့ ဝယ်မှာလဲ”
ယန်းဆယ်သန်းဆိုသည်မှာ တရုတ်ငွေနှင့်ဆို ယွမ်ငါးသိန်းနီးပါးရှိသည်။
ထိုသည်မှာ ပမာဏအများကြီးမဟုတ်ပါသော်လည်း ဤကဲ့သို့ တံဆိပ်ခေါင်းမျိုးကို ဝယ်ရန် ထိုက်တန်မည်လား မသိရချေ။
ဒီကောင်ကတော့ အဲ့အမျိုးသမီး လှတာကိုကြည့်ပြီး သူမကို မြှူဆွယ်ဖို့ ကြိုးစားနေတာမလား။
ယဲ့ဖန်မှာတော့ သူမ ဘာတွေးနေလဲဆိုတာကို မသိသောကြောင့် သူ ပြုံးသာပြလိုက်သည်။
“ကိုယ်မင်းကို နောက်မှရှင်းပြမယ်။ အရင် ခဏလောက် ပိုက်ဆံချေးပါဦး”
ရှန်းပိုင်ထျန်းမှာ မလိုမလားနှင့် ပိုက်ဆံလွှဲပေးလိုက်ရသည်။
ထိုအမျိုးသမီးမှာလည်း ပိုက်ဆံဆယ်သန်းကို လက်ခံရရှိလိုက်သောကြောင့် အလွန်ပျော်ပြီး ထပ်ခါထပ်ခါကျေးဇူးတင်နေတော့သည်။
ထိုဈေးမှာ သူမ မျှော်လင့်ထားသည်ထက် အများကြီးပိုနေလေသည်။
အီရှီဂါကီမှာတော့ ဝိုးတဝါးရေရွတ်နေမိသည်။
“တရုတ်လူမျိုးတွေက တုံးသလောက် တကယ်ပိုက်ဆံချမ်းသာကြတာပဲ”
သူ့အနေနှင့် ထိုတံဆိပ်ခေါင်းမှာ သန်းအနည်းငယ်သာတန်ပြီး ဆယ်သန်း ပေးဝယ်သည်မှာ တမင်သက်သက် ဖြုန်းတီးနေခြင်းသာ ဖြစ်သည်။
ရှန်းပိုင်ထျန်းလည်း အပေးအယူပြီးသွားသည်ကိုမြင်တော့ မေးလာ၏။
“အခုပြောပြလို့ရပြီလား။ ဒီတံဆိပ်ခေါင်းရဲ့ မူလဇာစ်မြစ်ကဘာလဲ။ ဘာမလို့ နင် အဲ့လောက်တောင် ပေးလိုက်ရတာလဲ”
ယဲ့ဖန်မှာတော့ ဘာမှဖုံးကွယ်မနေပဲ တံဆိပ်ခေါင်းကို ထုတ်ကာ ရှင်းပြလိုက်သည်။
“ဒီတံဆိပ်ခေါင်းကို အနီရောင်တံဆိပ်ခေါင်းလို့လည်း သိကြတယ်။ တစ်ချိန်တုန်းက တရုတ်မှာ ဈေးအကြီးဆုံးတံဆိပ်ခေါင်းလို့ ပြောလို့ရတယ်…”
ရှန်းပိုင်ထျန်းကြောင်သွားကာ ဖြတ်ပြောလာ၏။
“နားမလည်ဘူး။ ရှင်းအောင်ပြောပြ။ အဲ့တာဘယ်လောက်တန်တာလဲ”
ယဲ့ဖန်လည်း ရွေးချယ်စရာမရှိတော့ဘဲ ပြောနေသည်ကို ရပ်လိုက်ကာ ပြန်ဖြေပေးလိုက်ရသည်။
“အနည်းဆုံးယွမ်ငါးသန်းတန်တယ်”
ရှန်းပိုင်ထျန်း ခေါင်းရှုပ်သွားရသည်။
“ဂျပန်ယန်းနဲ့လား”
ယဲ့ဖန်ခေါင်းယမ်းပြလိုက်သည်။
“တရုတ်ယွမ်နဲ့”
ရှန်းပိုင်ထျန်း၏ မျက်လုံးလှလှလေးများ ပြူးကျယ်သွားရသည်။
“ငါးသန်း တရုတ်ငွေနဲ့”
ယဲ့ဖန် ဤတံဆိပ်ခေါင်းကို ယွမ်ငါးသိန်း ပေးဝယ်ခဲ့သည်ဖြစ်ရာ ထိုအရာ၏ တန်ကြေးမှာ ဆယ်ဆဖြစ်နေလိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။
ဒါကြီးက အသိအသာကို ဓားပြတိုက်နေတာပဲ။
မဟုတ်ဘူး၊ ဓားပြတိုက်တာထက်တောင်မြန်သေးတယ်။
သူတို့နှစ်ဦးသားမှာ တရုတ်လိုပြောနေခဲ့တာကြောင့် ဘေးရှိလူများ နားမလည်လောက်ဘူးဟု ထင်နေခဲ့တာဖြစ်သည်။
သို့သော် ယဲ့ဖန်ပြောလိုက်သည့် တန်ကြေးကို ကြားပြီးနောက် မန်နေဂျာပင် ပါးစပ်အဟောင်းသားဖြစ်သွားရကာ တရုတ်စကားမပီမသဖြင့် ပြန်မေးလိုက်မိသည်။
“ဒီတံဆိပ်ခေါင်းက တကယ်ကြီး အဲ့လောက်တောင် တန်တာလား”
သူတင်မက သူ့ဘေးရှိ အိုသာ့ပင်လျှင် အံ့ဩသွားရသည်။
သူမလည်းပဲ နားလည်သည့်ပုံရသည်။
ယဲ့ဖန် ရှန်းပိုင်ထျန်းအား ကူကယ်ရာမဲ့စွာ ကြည့်လိုက်မိသည်။
“ဂျပန်လူမျိုးတွေက တရုတ်စကားလည်း တတ်တာလား”
ရှန်းပိုင်ထျန်းလည်း အနည်းငယ် ရှက်ရွံ့သွားရသည်။
“ဟုတ်မယ်ထင်တယ်… အရမ်းတော့မဟုတ်လောက်ပါဘူး”
ယဲ့ဖန်မှာတော့ သိပ်၍ များများစားစား ဂရုစိုက်မနေပေ။
သူတို့ကြားသွားလျှင်ပင် အဆင်ပြေသည်။
အပေးအယူကိစ္စမှာ ပြီးသွားပြီဖြစ်ရာ ထိုလူများ စကားပြန်ပြောင်းမည်ကို ကြောက်နေစရာမလိုပေ။
“တရုတ်ပြည်ရဲ့ ပထမဆုံး တံဆိပ်ခေါင်းဖြစ်တာကြောင့် ဒီတံဆိပ်ခေါင်းက နိုင်ငံတကာတရုတ်စာတိုက်ခေါင်းလေလံပွဲတွေမှာ ထပ်ခါထပ်ခါ စံချိန်အသစ်တွေတင်ခဲ့တာ။ ဒီဟာကို ‘တရုတ်စာတိုက်ရုံးတွေရဲ့ဘုရင်’လို့တောင် တင်စားလို့ရတယ်။ အမြင့်ဆုံးအနေနဲ့ တရုတ်ငွေ ယွမ်ငါးသန်းအထိ တန်ကြေးရှိတယ်…”
အီရှီဂါကီ အလွန်စိတ်ဝင်စားနေသည်ကို မြင်သောကြောင့် ယဲ့ဖန်ရှင်းပြလိုက်သည်။
သူပြောသည်ကိုကြားပြီးနောက် အီရှီဂါကီမှာ ယဲ့ဖန်အား အလွန်လေးစားသွားတော့သည်။
“ရှင်းပြပေးတာ ကျေးဇူးပါ လူကြီးမင်း။ ကျွန်တော် အသစ်တစ်ခုကို သင်ယူလိုက်ရပါတယ်”
ဤကဲ့သို့ တန်ဖိုးကြီးတံဆိပ်ခေါင်းနှင့် လွဲချော်သွားသောကြောင့် သူ စိတ်မကောင်းဖြစ်မနေပေ။
ထိုပစ္စည်း၏ တန်ဖိုးကိုမဖြတ်နိုင်ခဲ့သည့် သူ့ကိုယ်သူသာ အပြစ်တင်မိသည်။
ယဲ့ဖန်လည်း တံဆိပ်ခေါင်းကိုသိမ်းကာ ရှန်းပိုင်ထျန်းနှင့်အတူ ထွက်ခွာရန် ပြင်လိုက်သည်။
ထိုအချိန်မှာ မိန်းကလေးအိုသာ့သူတို့လမ်းကိုပိတ်ဆို့လာ၏။
“ခဏလေးပါ”
ယဲ့ဖန် သူမအားပြန်လှည့်ကြည့်လိုက်သည်။
“ဘာကိစ္စရှိသေးလို့လဲ”
အိုသာ့မှာသူမကိုယ်သူမ သတ္တိမွေးနေပုံရသည်။
“ကျွန်မ ရှင့်ကို ပိုက်ဆံပြန်ပေးပါမယ်။ အဲ့တံဆိပ်ခေါင်းကို ကျွန်မကို ပြန်ပေးလို့ ရမလား”
ယဲ့ဖန်၏မျက်နှာ မည်းသွားရသည်။
“ခင်ဗျားက အခုမှ စကားပြန်ပြောင်းချင်နေတာလား”
အိုသာ့ အလောတကြီးခေါင်းယမ်းပြလိုက်ရသည်။
“မဟုတ်ပါဘူး… ကျွန်မ… ဒီတံဆိပ်ခေါင်းက ကျွန်မအဘိုးချန်ခဲ့တဲ့ နောက်ဆုံးပစ္စည်းမလို့ပါ”
“ကျွန်မ အရမ်းနေမကောင်းဖြစ်နေတာကြောင့် ထုတ်ရောင်းဖို့ လုပ်ခဲ့တာပါ။ ဒါပေမယ့် ရုတ်တရက်ကြီး ကျွန်မ မရောင်းချင်တော့လို့။ ကျေးဇူးပြုပြီး ပြန်ပေးလို့ရမလား”
ယဲ့ဖန်မှာတော့ မတုန်လှုပ်ချေ။
“ဒါက စည်းမျဉ်းတွေနဲ့ မကိုက်ညီဘူးလားလို့”
“ခင်ဗျားဘက်က ငွေတောင်လက်ခံပြီးနေပြီ။ ဒီတံဆိပ်ခေါင်းက ခင်ဗျားနဲ့ဘာမှမဆိုင်တော့ဘူး။ ဘယ်လို ပြန်ယူမှာလဲ”
အိုသာ့မှာ ငိုချတော့မတတ် ဖြစ်နေလေသည်။
“ကျွန်မမိဘတွေက ငယ်ငယ်ကတည်းက ကားအက်စီးဒင့်ကြောင့် ဆုံးသွားခဲ့တာပါ။ အဘိုးကပဲ ကျွန်မကို ကျွေးမွေးလာခဲ့တာ။ အဲ့တာကြောင့် သူက ကျွန်မရဲ့ တစ်ဦးတည်းသော မိသားစုဝင်မလို့”
“ကျွန်မမိသားစုက အရမ်းဆင်းရဲတယ်ဆိုပေမယ့် အရသာရှိတဲ့ အစားအသောက်မှန်သမျှ အဘိုးက ကျွန်မကိုပဲကျွေးခဲ့တာ။ ကျွန်မ ဆယ်နှစ်အရွယ်မှာပဲ အဘိုးလည်းဆုံးသွားခဲ့တယ်။ ဒီကမ္ဘာပေါ်မှာ ကျွန်မကိုချစ်တာ ဘယ်သူမှမရှိတော့ဘူး..”
သူမ ပြောရင်းနှင့် ပိုဝမ်းနည်းလာသောကြောင့် အဆုံး၌ ရှိုက်ပင်ရှိုက်နေလေပြီ ဖြစ်သည်။
“အဘိုးရဲ့ ကျန်ရစ်ပစ္စည်းဆိုလို့ ဒီတံဆိပ်ခေါင်းပဲရှိတော့တာ။ ကျွန်မ မျှော်လင့်ချက်မဲ့နေချိန်တိုင်း အဲ့တာကိုပဲ ကြည့်ပြီးအားတင်းထားရတာပါ။ ဒီတစ်ကြိမ် အရမ်းနေမကောင်းဖြစ်နေတာကြောင့်သာ မဟုတ်ရင် ကျွန်မ ထုတ်မရောင်းပါဘူး…”
သူမမျက်နှာမှာ ဖြူဖျော့နေသည်ဖြစ်ရာ ယခုငိုနေတာကြောင့် ပိုလို့ပင် သနားစရာကောင်းနေသည်။
ရှန်းပိုင်ထျန်း၏ နှလုံးသားမှာ နူးညံ့သွားရသည်။
သူမထပ်မတောင့်ခံနိုင်တော့ပဲ ယဲ့ဖန်၏ လက်မောင်းအားတို့လိုက်သည်။
“သူကတော်တော်သနားဖို့ကောင်းတာပဲ။ ပြန်ပေးလိုက်ပါလား…”
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၈၆ )
ဒါက ကြင်နာမှုကို ကျေးဇူးကန်းပြီး ပြန်ပေးဆပ်လိုက်တာပဲ
ထိုအမျိုးသမီး ပြောပြနေသည့် ပုံပြင်ကို ယဲ့ဖန် မယုံပါသော်လည်း ရှန်းပိုင်ထျန်းက တောင်းဆိုနေတာကြောင့် ထိုငါးသန်းတန် တံဆိပ်ခေါင်းလောက်ကို သူ ဂရုမစိုက်တော့ပေ။
ထို့ကြောင့် ချက်ချင်းပင် သစ်သားသေတ္တာကို လက်လွှဲပေးလိုက်သည်။
အမျိုးသမီးဖြစ်သူလည်း အငိုတိတ်သွားကာ ပစ္စည်းကို လက်ခံနေသည်။
ထိုအချိန်မှာပဲ မန်နေဂျာ အီရှီဂါကီမှ ရုတ်တရက် အလျင်စလိုပြောလာ၏။
“ခဏလေး”
ယဲ့ဖန်လည်း သူ့အော်သံကို ကြားပြီး အမြန်လက်ပြန်ရုတ်လိုက်သည်။
ထိုအမျိုးသမီးမှာ လေကိုသာ ဖမ်းဆုပ်လိုက်မိသည်။
သူမသည် ပိုလို့ပင် စိတ်လှုပ်ရှားဟန် ဖြစ်လာ၏။
မန်နေဂျာ အီရှီဂါကီသည် အရှေ့တက်လာကာ သူမကို ပြောတော့သည်။
“အိုသာ့ဆန် မင်းဘာလို့ ဒီလူငယ်လေးကို လိမ်နေရတာလဲ”
ထိုအမျိုးသမီး၏ အမူအရာလည်း ပြောင်းလဲသွား၏။
“မန်နေဂျာအီရှီဂါကီ… ကျွန်မ… ကျွန်မ ဘယ်တုန်းက လိမ်လို့လဲ။ မဟုတ်တာတွေ မပြောပါနဲ့ရှင်”
ထိုသို့ပြောကာ အီရှီဂါကီအား တစ်ချက်ကြည့်လိုက်သည်။
သို့သော် အီရှီဂါကီဟာတော့ မတုန်လှုပ်ပေ။
“ဒီလူငယ်လေး မင်းကို သနားလာအောင် ပုံပြင်တစ်ပုဒ် ဖန်တီးလိုက်တာမလား။ အဲ့တာတောင်မှ မဟုတ်ဘူးလို့ ငြင်းနေသေးတယ်”
ရှန်းပိုင်ထျန်း သူ့အားအလန့်တကြား ကြည့်လိုက်မိသည်။
“အဲ့တာက သူမ အခုမှ ဖန်တီးလိုက်တဲ့ ပုံပြင်တစ်ပုဒ်လား”
အီရှီဂါကီ ခေါင်းညိတ်ပြလိုက်၏။
“မင်းတို့နှစ်ယောက် သူ့ဆီကလှည့်စားခံလိုက်ရတာ။ သူက မိဘမဲ့တောင် မဟုတ်ဘူး။ သူက အိုသာ့မိသားစုရဲ့ အကြီးဆုံးသမီးတစ်ယောက်”
ထိုအမျိုးသမီး၏ အမူအရာလည်း ရုတ်ချည်းပြောင်းလဲသွားကာ အော်လာ၏။
“ပိတ်ထားစမ်း”
ဤအချိန်၌ သူမထံတွင် ယခင်ကရှိခဲ့သော ဖြူစင်မှုနှင့် အားနည်းသည့် အရှိန်အဝါကို မခံစားရတော့ပေ။
ကြမ်းတမ်းသည့်အသွင် ပြောင်းလဲသွားသည်။
သို့သော် အီရှီဂါကီမှာတော့ မကြောက်ရွံ့ပေ။
သူသည် မိန်းကလေးအိုသာ့ကိုသာ အေးစက်စွာ ပြန်ကြည့်လိုက်သည်။
အီရှီဂါကီမှ ဆက်ပြောလာ၏။
“တစ်ချိန်တုန်းက အိုသာ့မိသားစုမှာ စက်ရုံတွေအများကြီးရှိခဲ့ဖူးတယ်။ ဒါပေမယ့် နောက်မျိုးဆက်တွေကတော့ အဲ့တာကို ဆက်လုပ်ဖို့မစဉ်းစားပဲ မြို့ဟောင်းကနေ ထွက်သွားခဲ့ကြတယ်လေ”
“အိုသာ့ဆန်ရဲ့ အလှည့်ရောက်တော့ သူမက အရမ်းအသုံးအဖြုန်းကြီးတယ်။ အခုဆို အိုသာ့မိသားစုရဲ့ ပိုင်ဆိုင်မှုဆိုလို့ ဘာမှတောင် မကျန်တော့ဘူး”
အိုသာ့မှာ ယခင်နေရာ၌သာ ရပ်နေဆဲဖြစ်ပြီး မန်နေဂျာအား တားရန်ပြင်နေသည်။
“ဒီအမျိုးသမီးက သူဌေးမလိုနေရုံတင် မဟုတ်ဘူး၊ ဆေးပါစွဲနေသေးတယ်။ မိသားစုပိုင်ဆိုင်မှုတွေကို ရောင်းပစ်တာတောင် သူ့မှာ မလောက်နိုင်သေးဘဲ ခန္ဓာကိုယ်ကိုပါ ရောင်းစားတယ်လေ…”
“ကျွန်တော် မင်းတို့ကို ဒါတွေ ပြောပြနေရတာက မင်းတို့တွေ သူမရဲ့ ပန်းလိုချိုတဲ့ စကားတွေမှာ နစ်မျောသွားပြီး သူမရဲ့ တကယ့်ပုံစံအစစ်ကို မသိကြမှာစိုးလို့။ သူမ အစောက ဒီတံဆိပ်ခေါင်းရဲ့ တကယ့်တန်ဖိုးအစစ်ကို ကြားလိုက်ရတာကြောင့် မင်းတို့ဆီက ပြန်ယူဖို့လုပ်နေတာ”
အသက်တစ်ရှိုက်စာအတွင်းမှာပင် အီရှီဂါကီသည် အကုန်လုံးကို ရှင်းပြသွားကာ အိုသာ့ဆန်အား စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်သည်။
ရှန်းပိုင်ထျန်းမှာ ကြက်သေသေသွားရသည်။
သူမကိုယ်တိုင်ပင် ထိုအမျိုးသမီး၏ စကားများကြောင့် လှည့်စားခံရလုနီးပါးဖြစ်သွားခဲ့သည်။
သူမသည် ထိုသို့သောလူမျိုး ဖြစ်နေလိမ့်မည်ဟု ရှန်းပိုင်ထျန်း မထင်ထားခဲ့ပေ။
သို့သော် ယဲ့ဖန်မှာတော့ သိပ်မအံ့ဩပေ။
ဤအမျိုးသမီးဆေးစွဲနေသည်ဆိုတာကို သူ သိပြီးသားဖြစ်ကာ ထိုနောက်ကွယ်၌ ဤမျှညစ်ပတ်သောအရာများ ရှိနေလိမ့်မည်ဟုတော့ သူ မထင်ထားခဲ့ပေ။
အိုသာ့သည် မန်နေဂျာဖြစ်သူအားကြည့်ကာ သရော်လိုက်သည်။
“ရှင်ပြောလို့ပြီးပြီလား။ ဟုတ်တယ်၊ ကျွန်မက အသုံးအဖြုန်းကြီးတယ်။ ဆေးကလည်းစွဲနေသေးပြီး ပြည့်တန်ဆာလည်းလုပ်တယ်”
“ရှင် ကျွန်မရဲ့သရုပ်မှန်ကို သိနေပြီဆိုမှတော့ ရှင်ကျွန်မကို တွန်းအားပေးရင် ကျွန်မ ဘာမဆိုလုပ်လိမ့်မယ်ဆိုတာကို သိထားသင့်တယ်”
ထိုသို့ပြောပြီးနောက် သူမ ယဲ့ဖန်အား အေးစက်စွာလှည့်ကြည့်လိုက်သည်။
“ငါ့တံဆိပ်ခေါင်းပြန်ပေး၊ မပေးချင်ရင် သူ့ရဲ့တန်ကြေးအတိုင်း ပိုက်ဆံပေး မဟုတ်လို့ကတော့…”
ယဲ့ဖန် သူမအား အေးစက်စက်ပြုံးပြလိုက်သည်။
“မဟုတ်ရင်ရော…”
အိုသာ့၏ အကြည့်များမှာ ပိုလို့ပင်စူးရှလာ၏။
“မဟုတ်ရင် ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားဖို့မစဉ်းစားနဲ့”
ယဲ့ဖန် ချက်ချင်း အော်ရယ်မိသွားသည်။
“အစောကတော့ ဝယ်ပါဆိုပြီး တောင်းပန်နေတာ ဘယ်သူပါလိမ့်။ ကျုပ်ကြောင့်သာ မဟုတ်ရင် ခင်ဗျားကို အဲ့တာကို ယန်းငါးသန်းလောက်နဲ့ ရောင်းနေရလောက်ပြီ။ ဒါက ကြင်နာမှုကို ကျေးဇူးကန်းပြီးတော့ အသိအမှတ်ပြုပေးလိုက်တာလား”
အိုသာ့၏ အမူအရာမှာ ပိုပြီးအေးစက်လာ၏။
“လေမရှည်နဲ့။ ပြန်ပေးမှာလား မပေးဘူးလားပဲပြော”
ယဲ့ဖန်၏အမူအရာမှာ နက်မှောင်သွားရသည်။
“အမှန်တိုင်းပြောရရင် ကျုပ်က ဒီတံဆိပ်ခေါင်းကို အဲ့လောက် ဂရုစိုက်မနေဘူး။ ခင်ဗျားကို ပြန်ပေးလိုက်ရရင်တောင် ဘာမှမဖြစ်ဘူး”
“ဒါပေမယ့် ခင်ဗျားဘက်က ဒီလိုတွေ ပြောလာတော့ ခင်ဗျား ဘာများလုပ်နိုင်မလဲ ဆိုတာကို ကြည့်ချင်သေးတယ်”
အိုသာ့ ယဲ့ဖန်အား ပြင်းထန်စွာ စူးစိုက်ကြည့်လာသည်။
“ကောင်းပြီလေ၊ ဒါဆိုလည်း နောက်မှနောင်တမရနဲ့”
ထိုသို့ပြောပြီးနောက် သူမဖုန်းထုတ်ကာ ဖုန်းဆက်လိုက်သည်။
ရှန်းပိုင်ထျန်း ယဲ့ဖန်အား တောင်းပန်တိုးလျှိုးစွာကြည့်လာ၏။
“တောင်းပန်ပါတယ်၊ ငါ နင့်ကို ဒီတံဆိပ်ခေါင်းရဲ့တန်ဖိုးမမေးခဲ့သင့်ဘူး”
ယဲ့ဖန် သူမအား ပုခုံးပုတ်ပေးလိုက်သည်။
“ရပါတယ်၊ သူမ ကိုယ်တို့ကို ဘာများလုပ်မလဲဆိုတာ ကြည့်ချင်သေးတယ်”
ထိုအမျိုးသမီးလည်း အမြန်ဖုန်းချလိုက်ကာ ယဲ့ဖန်အား ပြန်ကြည့်လာသည်။
“နင် အခုနောင်တရပြီဆိုရင် နောက်မကျသေးဘူး။ ငါ့ကို တံဆိပ်ခေါင်းပြန်ပေး၊ ငါနင့်ကို လွှတ်ပေးမယ်”
“ငါ့လူတွေရောက်လာရင် နင်ပြေးချင်ရင်တောင် ပြေးလို့မရတော့ဘူး”
ယဲ့ဖန်လှောင်ရယ်လိုက်သည်။
“ကျုပ်က ဒါကို ပိုက်ဆံပေးဝယ်ထားတာ။ ဘာကိစ္စနဲ့ ခင်ဗျားကို ပြန်ပေးရမှာလဲ”
ထိုအမျိုးသမီးလည်း သရော်ဟန်ပြုလာ၏။
“နင်စောင့်နေလိုက်၊ နောင်တရစေရမယ်”
ထိုသို့ပြောပြီးနောက် သူမ အပေါင်ဆိုင်၏ ဝင်ပေါက်ကို ပိတ်ထားလိုက်သည်။
အပေါင်ဆိုင်သို့ လာကြသည့် ဝယ်သူများမှာ ထိုမြင်ကွင်းကို မြင်ကာ အလန့်တကြား ပြန်လှည့်ထွက်သွားကြသည်။
အီရှီဂါကီမှာ သူလေရှည်မိသည့်အပေါ် တိတ်တဆိတ် အပြစ်တင်နေမိသည်။
အခုအခါ အဆုံးသတ်ကောင်းတော့မည် မထင်ပေ။
သို့သော် ကိစ္စများမှာ ဤသို့ဖြစ်လာ၍ သူ ဖြည်းဖြည်းချင်း ဖြေရှင်းရုံသာရှိတော့သည်။
သူသည် ယဲ့ဖန်ကို တိတ်တဆိတ် စူးစမ်းကြည့်မိရာ ထိုတရုတ်လူမျိုးဧည့်သည်မှာ ယခုထိ တည်ငြိမ်နေဆဲဖြစ်သည်ကို တွေ့လိုက်ရသောကြောင့် လေးစားသွားရသည်။
ထို့ကြောင့် ချက်ချင်းပင် ယဲ့ဖန်ကို ထိုင်ခုံတစ်လုံး၌ ထိုင်စေလိုက်ကာ နောက်လိုက်တစ်ယောက်အား လက်ဖက်ရည်ငှဲ့ခိုင်းလိုက်ပြီး တံဆိပ်ခေါင်း အကြောင်း ဆက်လက်မေးမြန်းနေလိုက်သည်။
မိနစ်နှစ်ဆယ်ခန့်ကြာပြီးနောက် ထိုအမျိုးသမီးခေါ်ထားသည့် စစ်ကူများ ရောက်လာလေသည်။
အပေါင်ဆိုင်ရှေ့၌ အနက်ရောင်ဗန်ကားတစ်စီး ထိုးရပ်သွားကာ ထိုကားပေါ်မှ လူတစ်အုပ် ခုန်ဆင်းလာ၏။
အိုသာ့ဆန်၏မျက်နှာ တောက်ပသွားကာ ချက်ချင်း ထိုလူ့ထံ ရောက်သွားသည်။
အီရှီဂါကီမှာ ငြိမ်ငြိမ်လေး ထိုင်မနေနိုင်တော့ပေ။
သူသည် မတ်တပ်ရပ်ကာ အပြင်သို့ ကြည့်လိုက်သည်။
ထို့နောက် မျက်နှာထားမှာ ဆိုးရွားစွာ ပြောင်းလဲသွားပြီး ယဲ့ဖန်အား ကြည့်လာသည်။
“မဖြစ်တော့ဘူး၊ လူကြီးမင်း ပြတင်းပေါက်က ခုန်ချပြီးထွက်ပြေးပါတော့”
ယဲ့ဖန်မှာတော့ လက်ဖက်ရည်ခွက်ကို အသာမြှောက်လိုက်သည်။
“ဘာဖြစ်လို့လဲ”
အီရှီဂါကီ၏မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေလေပြီ ဖြစ်သည်။
“အိုသာ့ဆန်က အီဂါဝါ အီချီအိုကိုခေါ်လိုက်တာ”
ယဲ့ဖန်လက်ဖက်ရည်ခွက်ကို ပြန်ချလိုက်သည်။
“အဲ့ဒီ အီဂါဝါ အီချီအိုကအရမ်းအားကြီးလို့လား”
အီရှီဂါကီခေါင်းညိတ်ပြလိုက်သည်။
“အီဂါဝါ အီချီအိုက ရာမာဂူချီ-ဂူမီဂိုဏ်းရဲ့ အီဒိုဂိုဏ်းအခွဲကပါ။ သူက မူးယစ်ဆေး အရောင်းအဝယ်လုပ်တာ။ အရမ်းရက်စက်ပြီး ဘာမဆိုလုပ်ရဲတဲ့လူ”
“အမြန်သွားပါတော့။ အခု မသွားရင် နောက်ကျကုန်တော့မယ်”
ယဲ့ဖန်မှာတော့ စိတ်ဝင်တစား ကြည့်လိုက်မိသည်။
“ကျွန်တော် အခုထွက်သွားရင် ခင်ဗျားကို ပြဿနာရှာမှာ မကြောက်ဘူးလား”
အီရှီဂါကီမှာတော့ ခါးသက်စွာပြုံးလိုက်၏။
“ဒါက ကျွန်တော် စကားများမိတဲ့ အပြစ်ပဲလေ။ ကိုယ်လုပ်မိတဲ့အကျိုးဆက်ကို ကိုယ်ပြန်ခံရမှာပေါ့။ သူတို့ ကျုပ်ကိုတော့ ဘာမှလုပ်မယ် မထင်ပါဘူး။ အလွန်ဆုံးမှ ရိုက်ရုံပေါ့”
ယဲ့ဖန်မှာ ဤလူက စိတ်ဝင်စားဖို့ကောင်းသည်ဟု ခံစားမိသွားရသည်။
ဤလူနှင့်သူ ဆက်ဆံရေးကောင်းနိုင်သည်။
သို့သော် ယဲ့ဖန်ကို ပိုလို့အံ့ဩသွားစေသည်မှာ ရှန်းပိုင်ထျန်းဖြစ်သည်။
သူမ ယဲ့ဖန်ဘေး၌ တည်ငြိမ်စွာထိုင်နေသည်မှာ အပြင်မှလူများကို လုံးဝဂရုမစိုက်ချေ။
ထိုသည်က အနည်းငယ် ပုံမှန်မဟုတ်ပေ။
ရှန်းပိုင်ထျန်း အလွန်ကြောက်တတ်သည်ကို သူမှတ်မိသည်။
ဂျပန်မှာ ခဏလောက် နေလိုက်တာနဲ့ ဘယ်လိုလုပ် ဒီလိုပြောင်းလဲသွားရတာလဲ။
သူ အံ့ဩနေချိန်မှာပင် အပြင်မှလူတစ်အုပ် အထဲသို့ ဝင်လာ၏။
ခေါင်းဆောင်ဖြစ်သူမှာ အသားညိုညို ထိပ်ပြောင်ပြောင်နှင့် ဖြစ်သည်။
သူ့နောက်တွင် ကြမ်းတမ်းသည့်အသွင်ရှိသောလူ ခြောက်ယောက်၊ ခုနစ်ယောက်လောက် ပါလာသည်။
သူတို့ဆိုင်ထဲသို့ ဝင်လာပြီး အီရှီဂါကီသူတို့ထံ လျှောက်သွားလိုက်သည်။
“အီဂါဝါလူကြီးမင်း၊ ကျွန်တော်တို့ဆိုင်ကနေ ကြိုဆိုပါတယ်…”
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၈၇ )
မင်းငါ့ကိုပြောနေတာလား?
အီဂါဝါ ထိုလူအား စိုက်ကြည့်လိုက်သည်။
“မင်းငါ့ကို သိလို့လား”
အီရှီဂါကီ ချက်ချင်း တောင်းပန်စွာ ပြုံးပြလိုက်သည်။
“ကျိုတိုမြို့ရဲ့ မြို့တော်ဝန်ကို မသိရင်တောင် အီဂါဝါလူကြီးမင်းကိုတော့ သိပါတယ်”
သူ၏ မြှောက်ပင့်ပြောမှုအား အီဂါဝါ အီချီအိုသဘောကျသွားကာ မျက်နှာထားဟာလည်း နူးညံ့သွားတော့သည်။
“မင်း မိန်းကလေးအိုသာ့ဆီကနေ ပိုက်ဆံလိမ်ထားတယ်ဆို။ အိုသာ့က ငါ့သူငယ်ချင်းပဲ။ သူ့ကိုပိုက်ဆံပြန်ပေးပြီး ဒီကိစ္စကို ဒီလောက်နဲ့ပြီးလိုက်”
ထိုသို့ပြောကာ အိုသာ့အား သူ့လက်မောင်းတွေကြား၌ ပွေ့ဖက်လိုက်သည်။
အိုသာ့လည်း နှုတ်ခမ်းစူကာ သူ့ရင်ဘတ်အား ပူးကပ်နေအောင် တိုးဝှေ့နေလေသည်။
အီရှီဂါကီလည်း တောင်းပန်စွာ ပြုံးပြရပြန်သည်။
“အီဂါဝါ လူကြီးမင်းကတော့ နောက်နေပြန်ပါပြီ။ ကျွန်တော်က ဘယ်လိုလုပ် အိုသာ့ဆန်ကို လိမ်ရဲပါ့မလဲ။ သူ့တံဆိပ်ခေါင်းက သာမန်အရောင်းအဝယ်လေးပါပဲ။ ပြီးတော့ မိန်းကလေးအိုသာ့လည်း သဘောတူခဲ့တယ်လေ”
အီဂါဝါလည်း အိုသာ့အား ငုံ့ကြည့်လိုက်သည်။
“အဲ့လိုလား”
အိုသာ့၏အမူအရာမှာ ပြောင်းလဲသွားတော့၏။
“သူတို့နှစ်ယောက်ပေါင်းပြီး ကျွန်မကို လှည့်စားကြတာ။ ဒီတံဆိပ်ခေါင်းက ဂျပန်ယန်း သန်းတစ်ရာတန်တာကို သိသိကြီးနဲ့ ကျွန်မကို ဆယ်သန်းပဲပေးတယ်”
အီဂါဝါ အီချီအို ထိုစကားကို ကြားပြီးနောက် သူ့အသက်ရှူနှုန်း မြန်ဆန်လာလေသည်။
သူသည် အီဒို ရာမာဂူချီ-ဂူမီဂိုဏ်း၏ မူးယစ်ဆေး ကုန်သွယ်မှုအပိုင်းကို ကိုင်တာဖြစ်သော်လည်း သာမန်ခေါင်းဆောင် သေးသေးလေးသာ ဖြစ်သည်။
သူရသည့် ပိုက်ဆံ အတော်အများကို အထက်သို့ ပြန်လွှဲပေးရတာဖြစ်၏။
သန်းတစ်ရာဆိုသည်မှာ သူ့အတွက် အတော်များသည့်ပမာဏ ဖြစ်သည်။
အိုသာ့လည်း သူ့အတွေးတွေကို နားလည်နေပုံရသည်။
“ရှင်ကျွန်မကို ပိုက်ဆံပြန်ရအောင် ကူပေးရင် ကျွန်မရှင့်ကို တစ်ဝက်ပေးမယ်”
အီချီအိုမှာ ပိုလို့ပင် စိတ်လှုပ်ရှားလာ၏။
သူသည် ချက်ချင်းပင် အီရှီဂါကီကို စိုက်ကြည့်လိုက်သည်။
“မင်းတို့ ဘယ်လိုသဘောတူအောင် လုပ်ခဲ့လဲ ငါ ဂရုမစိုက်ဘူး။ အခုချက်ချင်း ပိုက်ဆံပြန်ပေး၊ မဟုတ်လို့ကတော့ ငါရိုင်းစိုင်းတာကို အပြစ်မဆိုနဲ့”
အီရှီဂါကီမှာ သူ့အကြည့်ကြောင့် ကြောက်ရွံ့သွားသော်လည်း တောင့်ခံကာ ပြန်ပြောလိုက်သည်။
“အီဂါဝါ လူကြီးမင်း၊ အဲ့တံဆိပ်ခေါင်းကို တရုတ်က လူငယ်လေးတစ်ယောက် ဝယ်သွားပါပြီ။ ကျွန်တော့်ဘက်က ဘာမှဆုံးဖြတ်ပေးလို့ မရပါဘူး”
အီဂါဝါ သူ့ကိုကျော်ကာကြည့်လိုက်တော့ ယောကျာ်းတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ထိုင်ခုံ၌ထိုင်ကာ လက်ဖက်ရည်သောက်နေသည်ကို မြင်လိုက်ရသည်။
သူ့နေရာမှ ကြည့်လျှင် သူတို့နှစ်ဦး၏ မျက်နှာကို သေချာမမြင်ရပေ။
သို့သော် ထိုအရာကပင် သူ့ကို ပိုလို့ ဒေါသထွက်သွားစေသည်။
ဒီတရုတ်နှစ်ယောက်က သူ့ကိုမျက်လုံးထဲတောင် မထည့်ဘူးပဲ။
ဒီလူတွေကတော့ သေချင်နေပြီထင်တယ်။
“မင်းနဲ့ ဘာမှမဆိုင်ဘူးဆိုရင်လည်း ဘေးဖယ်နေလိုက်တော့”
ထိုသို့ပြောပြီးနောက် အီရှီဂါကီအား တွန်းထုတ်လိုက်လေသည်။
သို့သော် အီရှီဂါကီမှာတော့ သူ့ရှေ့၌ ရပ်နေဆဲဖြစ်သည်။
“အီဂါဝါ လူကြီးမင်း၊ ကျွန်တော် ရာမာဂူချီ-ဂူမီဂိုဏ်းက ဟာမားဒါ့လူကြီးမင်းနဲ့လည်း ရင်းနှီးပါသေးတယ်။ ကျွန်တော့်ကို မျက်နှာသာလေးပေး…”
ဘုန်း
သူ ပြောလို့မပြီးခင်မှာပင် အီဂါဝါ အီချီအိုသည် သူ့မျက်နှာအား ဖြတ်ရိုက်လိုက်တော့သည်။
ထိုရိုက်ချက်မှာ အလွန်အားပြင်း၏။
သူ့အား နေရာမှာပင် နှစ်ပတ်လောက်လည်သွားစေကာ အမြင်အာရုံများ မှောင်မိုက်သွားစေသည်။
“သူဘယ်သူလဲ ငါဂရုမစိုက်ဘူး၊ ဒီနေ့ တန်ရာတန်ကြေး ပြန်ပေးဆပ်စေရမယ်။ မင်း မသေချင်သေးရင် ခုချက်ချင်းဖယ်လိုက်စမ်း”
အီဂါဝါ မန်နေဂျာအား တွန်းထုတ်လိုက်ကာ ယဲ့ဖန်တို့ထံ လျှောက်သွားလေသည်။
အိုသာ့မှာတော့ သူ့လက်မောင်းအား မှီလျက် ကျေနပ်ပီတိဖြစ်နေသည်။
“ငါတရုတ်တွေကိုအမုန်းဆုံးပဲ။ မင်းတို့ကများ ငါ့ပိုင်နက်ကိုကျူးကျော်ရဲတယ်ပေါ့လေ။ အသက်ရှင်ရတာ ပင်ပန်းနေပြီထင်တယ်”
အီဂါဝါ ယဲ့ဖန်အား စိုက်ကြည့်ရင်း လျှောက်လာလေသည်။
ထိုတရုတ်ကောင်မှာ ဘယ်လိုပုံစံမျိုးလဲဆိုတာ သူသိချင်သည်။
ယဲ့ဖန်လည်း လက်ဖက်ရည်ခွက်ကို ဖြည်းညင်းစွာချလိုက်ကာ လှည့်ကြည့်လိုက်သည်။
“မင်း ငါ့ကို ပြောနေတာလား”
အီဂါဝါ အီချီအိုမှာ ထိုငယ်ရွယ်ကာ ကြည့်ကောင်းသည့် မျက်နှာကို မြင်သည့်အခါ ခြေလှမ်းများ ချက်ချင်း ရပ်တန့်သွားကာ သူ့အမူအရာမှာလည်း ကြောက်လန့်တကြားဖြစ်သွားလေသည်။
“မင်း….
“မင်း….”
ယဲ့ဖန် သူ့အား အန္တရာယ်ကင်းစင်ဟန်ဖြင့် ပြုံးပြလိုက်သည်။
“ငါ ဘာဖြစ်လဲ”
“သရဲ… နတ်ဆိုး…”
အီဂါဝါ မြေပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားသည်။
သူ့ခန္ဓာကိုယ်မှာလည်း ပြင်းထန်စွာတုန်ယင်နေသည်။
အလွန်ကြောက်လန့်လွန်းသဖြင့် ဘောင်းဘီထဲ၌ပင် သေးပေါက်ချမိသွားသည်။
အိုသာ့နှင့် သူ့လူများမှာ ထိုအချင်းအရာကို မြင်ကာ ကြက်သေသေသွားကြသည်။
“အစ်ကိုကြီး၊ ဘာဖြစ်လို့လဲ”
နောက်လိုက်တစ်ယောက်မှာ သူ့ကို ကူညီလိုဟန်ဖြင့် ရှေ့တက်လာလေသည်။
အီဂါဝါမှာ ရုတ်ချည်းပင် ထိုလူကို တွန်းထုတ်ကာ အလူးအလဲထလာသည်။
“သရဲ…”
ပြောင်းလဲမှုမှာ အလွန်ရုတ်ချည်းဆန်သောကြောင့် ဆိုင်ထဲရှိလူတိုင်း ရှုပ်ထွေးသွားရသည်။
အီဒို ရာမာဂူချီ-ဂူမီဂိုဏ်း ရဲ့ သတင်းဆိုးနဲ့ ကျော်ကြားတဲ့ အီဂါဝါက ဘာလို့ ရုတ်တရက်ကြီး အဲ့လောက်ကြောက်နေရတာလဲ။
“ရပ်လိုက်”
အီဂါဝါ အီချီအို အပေါင်ဆိုင်ထဲမှ ထွက်ပြေးတော့မည့်အချိန်မှာပင် ရုတ်တရက်ဆိုသလို အသံတစ်သံ ထွက်ပေါ်လာသည်။
အီဂါဝါသည် ခြေထောက်တစ်ဖက်ပင် ဆိုင်အပြင်ကို ခြေချပြီးနေပြီ ဖြစ်သော်လည်း သူ ချက်ချင်းရပ်သွားကာ တစ်လက်မပင် မလှုပ်ရဲတော့ပေ။
“ပြန်လာခဲ့”
ယဲ့ဖန်၏အသံ တစ်ဖန် ထွက်ပေါ်လာပြန်သည်။
ပို၍ အံ့ဩဖို့ကောင်းသည်မှာ အီဂါဝါမှာ ကျိန်စာတိုက်ခံထားရသလို ထွက်မပြေးရဲတော့ခြင်း ဖြစ်သည်။
သူသည် နာခံစွာနှင့် ပြန်လျှောက်လာ၏။
“မင်း ငါ့ကိုသိလား”
ယဲ့ဖန်သည် ထိုင်ခုံ၌ ထိုင်နေဆဲဖြစ်ကာ အီဂါဝါအား ကြည့်နေလေသည်။
အီဂါဝါမှာ ရုတ်ချည်းပင် လူပြောင်းသွားသလို အမြန်မျက်နှာလိုမျက်နှာရလုပ်ကာ ပြုံးလာသည်။
“သိ…သိပါတယ်”
“ဒီမနက် ကော်ဖီဆိုင်အပြင်ဘက်မှာ ဒုဥက္ကဌ မီယာမိုတိုနဲ့ ကျွန်တော် မြင်ခဲ့တယ်…”
ဤမနက်တွင် ယဲ့ဖန်မှ ယာမတအုပ်စုတစ်ခုလုံးအား သတ်ဖြတ်ခဲ့သည်ကို ပြန်လည်မြင်ယောင်လာပြီး လက်မွှေးများပင် ထောင်လာသည်။
ဒါက တကယ်ကို နတ်ဆိုးလို တည်ရှိမှုမျိုးပဲ။
ယဲ့ဖန် သူ့အား စိုက်ကြည့်နေရင်း နှုတ်ခမ်း တွန့်ကွေးသွားကာ အပြုံးတစ်ပွင့် ထွက်ပေါ်လာသည်။
“အစောကတော့ တရုတ်လူမျိုးတွေကို အမုန်းဆုံးပဲ၊ တန်ရာတန်ကြေး ပြန်ပေးဆပ်ရမယ်ဆို”
အီဂါဝါမှာ တဖိမ့်ဖိမ့်တုန်ကာ ဘေးရှိ အိုသာ့အား လှမ်းဆွဲလိုက်သည်။
“ယဲ့လူကြီးမင်း၊ ကျွန်တော် ဒီမိန်းမရဲ့သွေးထိုးတာကို နားထောင်လိုက်မိလို့ပါ”
ထိုသို့ပြောရင်း အိုသာ့၏မျက်နှာအား ရိုက်လိုက်သည်။
“ခွေးမ၊ နင်ကများ ယဲ့လူကြီးမင်းကို စွပ်စွဲရဲတယ်ပေါ့။ နင် အသက်မရှင်ချင်တော့ဘူးဆိုရင်တောင် ငါ့ကိုတော့ဆွဲမချနဲ့”
အိုသာ့မှာ ကြောင်အနေခဲ့သည်ဖြစ်ရာ အရိုက်ခံလိုက်ရသော်လည်း ထိတ်လန့်မှုမှ သတိပြန်လည်မလာသေးပေ။
ဒီတရုတ်အမျိုးသားက ဘယ်သူလဲ။
အီဒို ရာမာဂူချီ-ဂူမီဂိုဏ်းရဲ့ ခေါင်းဆောင်တွေထဲကဖြစ်တဲ့ အီဂါဝါတောင် ဘာလို့ အဲ့လောက်ထိ ကြောက်နေရတာလဲ။
သူမ တကယ်ပြဿနာကြီး ရှာမိပြီ ထင်သည်။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၈၈ )
ကိုယ် သူတို့ကို နည်းနည်းပြင်းပြင်းလေး ရိုက်လိုက်ရုံပါ
ရှန်းပိုင်ထျန်းမှာ အလွန်ထိတ်လန့်သွားရသည်။
သူမ ဂျပန်သို့ ရောက်နေသည်မှာ အချိန်တစ်ခုရှိပြီ ဖြစ်သောကြောင့် ဂျပန်၌ ရာမာဂူချီ-ဂူမီဂိုဏ်းမှာ မည်မျှအင်အားကြီးကြောင်း သူမသိသည်။
သူတို့သည် အမြဲတစ္ဆေ အခြားသူများတွေအား အနိုင်ကျင့်လာပြီး သူများမှ သူတို့အား အနိုင်ကျင့်သည်ကို မမြင်ဖူးပေ။
ယဲ့ဖန် ဂျပန်သို့ ရောက်သည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း ရာမာဂူချီ-ဂူမီဂိုဏ်းကို ကြောက်လန့်နေအောင် လုပ်နိုင်သည်။
သူ ဘယ်လိုများ လုပ်လိုက်တာပါလိမ့်။
ထိုအချိန်တွင် အီဂါဝါ အီချီအို ရှေ့သို့တက်လာကာ အိုသာ့အား ထိုးနှက်ကန်ကျောက်တော့သည်။
ထို့နောက် သူမဆံပင်အား ဆွဲကာ ယဲ့ဖန်ရှေ့၌ ဒူးထောက်ခိုင်းလိုက်သည်။
“ခွေးမ၊ ယဲ့လူကြီးမင်းကို အမြန်တောင်းပန်လိုက်စမ်း။ ယဲ့လူကြီးမင်းသာ နင့်ကိုမခွင့်လွှတ်ရင် ဘယ်သူမှ နင့်ကို မကယ်နိုင်တော့ဘူး”
အိုသာ့နောက်ဆုံး၌ တုံ့ပြန်နိုင်သွားသည်။
သူမ အမြန်ပင် ယဲ့ဖန်အားဦးညွှတ်ကာ တောင်းပန်တော့သည်။
“ယဲ့…ယဲ့လူကြီးမင်း၊ ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ၊ ကျွန်မ ခဏတာ စိတ်ရူးပေါက်သွားမိတာပါ”
ယဲ့ဖန် သူမအား မျက်တောင်မခတ် ကြည့်နေလိုက်သည်။
အစောပိုင်းတွင် အီဂါဝါသည် သူမ၏ မျက်နှာလှလှလေးအား မမှတ်မိနိုင်အောင် ရိုက်နှက်ခဲ့သောကြောင့် ယခု သူမပုံစံမှာ သနားစရာကောင်းနေသည်။
“လောဘကြီးတယ်ဆိုတာ ဘာလဲသိလား။ မင်းရဲ့ ဒီတံဆိပ်ခေါင်းက ငါးသန်းနဲ့ပဲ ရောင်းရမှာကို ငါက မင်းကို ဆယ်သန်းပေးခဲ့တာ။ အဲ့တာတောင် မင်းက ရောင့်ရဲရကောင်းမှန်းမသိပဲ ကိုယ့်ကံကောင်းမှုကို တွန်းထုတ်ပစ်တယ်။ အခုဖြစ်သွားတဲ့ကိစ္စအတွက် မင်းကိုယ်မင်းသာ အပြစ်တင်နေလိုက်”
“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ ကျွန်မဘာသာ ဒီလိုဖြစ်အောင် လုပ်မိတာပါ။ ဘာမှမလိုချင်တော့ပါဘူး၊ အသက်ကိုပဲ ချမ်းသာပေးပါ”
အဆုံး၌ အိုသာ့မှာ သူမ၏ ဂုဏ်သိက္ခာကို စွန့်လွှတ်ကာ သနားညှာတာပေးရန် တောင်းဆိုနေရတော့သည်။
ယဲ့ဖန်မှာ ထိုမိန်းကလေးနှင့် ဉာဏ်ရည်ချင်း လိုက်ညှိမနေပေ။
သူမဘေးရှိ အီဂါဝါကိုသာ ကြည့်လိုက်သည်။
ယဲ့ဖန် သူ့ကို ကြည့်နေသည်အား မြင်သည့်အခါ အီဂါဝါတစ်ယောက် ချက်ချင်းတုန်ယင်လာပြီး မြေပေါ်၌ ဒူးထောက်ချလိုက်သည်။
“ယဲ့လူကြီးမင်း၊ ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ”
သူတို့၏ ရာမာဂူချီ-ဂူမီဂိုဏ်းသည် ယနေ့မနက်မှာပင် ယဲ့လူကြီးမင်းကို အပြစ်ပြုခဲ့မိသည်ဖြစ်ရာ သူသည် သေချာပေါက် လွှတ်ပေးမှာမဟုတ်ချေ။
အီဂါဝါ တောင်းပန်လာသည်ကို မြင်ပြီး ယဲ့ဖန်ဘာမှမပြောတော့ဘဲ ထိုင်ခုံ၌ ထိုင်ကာ လက်ဖက်ရည် ပြန်သောက်နေလေသည်။
အပေါင်ဆိုင်တွင် ခဏတာတိတ်ဆိတ်သွား၏။
ဤခြောက်ခြားစရာကောင်းသော တိတ်ဆိတ်မှုကြောင့် တစ်စက္ကန့်ကိုပင် တစ်နှစ်ဟု ထင်မှတ်မှားစေသည်။
သူသည် တစ်ဖက်လူကို ယနေ့ ရှင်းပြချက်ကောင်း မပေးနိုင်လျှင် ဤနေရာမှ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်ရန် မသေချာပေ။
ဤနတ်ဘုရား၏ သတ်ဖြတ်နှုန်းကို သူကိုယ်တိုင် မျက်မြင်တွေ့ခဲ့သည်ဖြစ်ရာ သူ မပြောနှင့် သူတို့၏ ဒုဥက္ကဌယာမာမိုတိုပင်လျှင် ကြောက်လန့်တကြား ထွက်ပြေးခဲ့ရတာဖြစ်သည်။
ထိုသို့အတွေးဝင်လာကာ သူ့နောက်ကျောမှ ဓားမြှောင်ကို တိတ်တဆိတ် ဆွဲထုတ်လိုက်သည်။
ရှန်းပိုင်ထျန်းမှာ ထိုလူသည် ယဲ့ဖန်အား ထိခိုက်အောင်လုပ်မည်ကို စိုးရိမ်၍ ယဲ့ဖန်ရှေ့၌ ပိတ်ရပ်လိုက်သည်။
သို့သော် မကြာခင်မှာပင် သူမအတွေးလွန်နေတာဖြစ်ကြောင်း သိလိုက်ရသည်။
အီဂါဝါ အီချီအိုမှာ ဓားမြှောင်ကိုကိုင်ထားရင်း ယဲ့ဖန်ကို ကြည့်လာသည်။
“ယဲ့လူကြီးမင်း၊ လူကြီးမင်းကို ကျွန်တော် ဒီနေ့ အထင်လွဲခဲ့မိပါတယ်။ လူကြီးမင်းစိတ်ကျေနပ်စေလောက်မယ့် ရှင်းပြချက်မျိုး ကျွန်တော်ပြန်ပေးပါမယ်”
ထိုသို့ပြောပြီးနောက် သူ၏ ဘယ်လက်ကို ဓားမြှောင်ဖြင့် ထိုးစိုက်လိုက်တာကြောင့် သွေးများပန်းထွက်လာလေသည်။
အီဂါဝါ၏ မျက်နှာမှာ နာကျင်မှုကြောင့် ဖြူဖျော့သွားပါသော်လည်း သူ အသံမထွက်ရဲပေ။
ထိုနေရာရှိ လူတိုင်းထိတ်လန့်သွားရသည်။
ထိုလူသည် ကြမ်းတမ်းရက်စက်တတ်သည့်လူ ဖြစ်ခဲ့သည်။
လူတိုင်းသည် ယဲ့ဖန်အား ကြည့်လိုက်ကာ သူ ဘာပြောမလဲဆိုသည်ကို သိချင်နေကြသည်။
ယဲ့ဖန်မှာတော့ လက်ဖက်ရည်ခွက်ကို အသာပြန်ချလိုက်ပြီး ခေါင်းမော့ကာ အီဂါဝါအား ကြည့်လိုက်သည်။
“ထွက်သွား”
“ကျေးဇူးတင်ပါတယ်၊ ယဲ့လူကြီးမင်း”
အီဂါဝါ၏ ပြင်းထန်စွာ နာကျင်နေခဲ့သော သွေးကြောများမှာ ယခုမှသာ ပြေလျော့သွားတော့သည်။
သူ ကျေးဇူးတင်စွာ ပြောလိုက်သည်။
“အသက်ချမ်းသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ထိုသို့ပြောပြီးနောက် နောက်လိုက်တစ်အုပ်ကိုခေါ်ကာ အမြန်ထွက်ပြေးသွားတော့သည်။
သူ ထွက်သွားသည့်အခါ အိုသာ့တစ်ယောက် နောက်မှ လိုက်ပြေးသွားတော့သည်။
ယဲ့ဖန် သူမကို မတားသည်ကို မြင်ပြီး သူမလည်း အရှိန်တင်လိုက်ကာ ထွက်ပြေးတော့သည်။
ထိုအခါမှသာ ရှန်းပိုင်ထျန်း စကားစပြောနိုင်တော့သည်။
“ယဲ့ဖန်၊ နင်ဘာလုပ်လိုက်တာလဲ။ ရာမာဂူချီ-ဂူမီဂိုဏ်းတွေ ဘာလို့ နင့်ကို အဲ့လောက်တောင် ကြောက်နေရတာလဲ။”
ယဲ့ဖန် ပြုံးလိုက်သည်။
“မင်းပဲပြောတော့ ကိုယ်ဂျပန်မှာ ဘာပဲလုပ်လုပ် မင်းမျက်စိအောက်က မလွတ်ပါဘူးဆို”
ရှန်းပိုင်ထျန်း မျက်လုံးဝေ့လှိမ့်လိုက်မိသည်။
“ငါက စနေတာလေ။ ငါ့မှာသာ တကယ် အဲ့လိုအစွမ်းအစရှိရင် နင့်ကိုမေးနေတော့မလား။ အမြန်ပြောပြစမ်းပါ၊ နင် ဘာလုပ်လိုက်တာလဲ”
ယဲ့ဖန်မှာတော့ ဘာမှမဖြစ်ခဲ့သလို လက်ဖက်ရည်တစ်ငုံသောက်လိုက်သည်။
“ဘာမှမဟုတ်ပါဘူး၊ သူတို့ထဲက အယောက်တစ်ရာလောက်ကို သတ်လိုက်ရုံပါ။ ကိုယ့်အထင် သူတို့က ယာမတအုပ်စုက ဖြစ်မယ်ထင်တယ်”
သူ ထိုစကားပြောပြီးသည်နှင့် ရှန်းပိုင်ထျန်း မျက်လုံးအပြူးသားနှင့် ကြောင်ကြည့်နေမိသည်။
“ယာမတအုပ်စုလား။ အဲ့တာက အီဒို ရာမာဂူချီ-ဂူမီဂိုဏ်း က အထူးချွန်ဆုံးဌာနလို့ ကြားဖူးတယ်။ အဲ့ကအကုန်လုံးက ဆရာကြီးတွေချည်းပဲ။ နင်… သူတို့ အကုန်လုံးကို သတ်လိုက်တာလား”
“သူတို့ကအရင် ကိုယ့်ကိုသတ်ဖို့ ကြိုးစားကြတာလေ။ ကိုယ့်မှာ မတတ်သာပဲ ပြန်တိုက်လိုက်ရပေမယ့် နည်းနည်းလေး ပြင်းသွားတယ်”
ယဲ့ဖန်၏မျက်နှာမှာတော့ အပြစ်ကင်းစင်နေလေသည်။
“နည်းနည်းပြင်းရုံပဲလား”
ရှန်းပိုင်ထျန်းမှာ ရူးမတတ်ဖြစ်နေရသည်။
ရာမာဂူချီ-ဂူမီဂိုဏ်း ယာမတအုပ်စုက အဖွဲ့ဝင်တွေ အကုန်လုံးကို သတ်ပစ်တာက တော်တော်ကြီးပြင်းသွားပြီမဟုတ်ဘူးလား။
ရာမာဂူချီ-ဂူမီဂိုဏ်းတွေ သူ့ကို သရဲမြင်သလို ဖြစ်သွားတာ အံ့ဩစရာ မရှိတော့ပါဘူး။
ယခုတော့ အဓိပ္ပာယ်ရှိသွားလေပြီ ဖြစ်သည်။
“ယဲ့ဖန်၊ နင် တိတိကျကျဆို ဘယ်လောက်တောင် သန်မာတာလဲ”
ရှန်းပိုင်ထျန်းမှာ ဤမေးခွန်းနှင့် ပက်သက်၍ အလွန်သိလိုစိတ် ပြင်းပြနေသည်။
ရာမာဂူချီ-ဂူမီဂိုဏ်း ယာမတအုပ်စုကို သူကိုယ်တိုင် ရှင်းပစ်ခဲ့တာဆိုရင် သူ့ခွန်အားက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတာလဲ။
“မင်းက ဘယ်လိုမျိုးကို ပြောချင်တာလဲ”
ယဲ့ဖန်၏မျက်နှာထက်၌ ကျီစယ်လိုသော အပြုံးတစ်ပွင့်ရှိနေသည်။
ရှန်းပိုင်ထျန်း အချိန်အတော်ကြာမှ တုံ့ပြန်လိုက်နိုင်သည်။
သူမ၏ မျက်နှာလှလှလေးမှာ ချက်ချင်း နီရဲသွားပြီး ယဲ့ဖန်၏ ပုခုံးအား ထုလာသည်။
“နင် တည်တည်တံ့တံ့နေလို့ မရဘူးလား”
ယဲ့ဖန် သူမ၏လက်ကလေးကို လှမ်းဖမ်းလိုက်သည်။
“ကိုယ်အတည်ပြောနေတာလေ။ ကိုယ်ရဲ့ အိပ်ရာပေါ်က အင်အားက အပြင်ကထက် အများကြီးပိုကောင်းတယ်”
“သေလိုက်”
ရှန်းပိုင်ထျန်း သူမလက်ကို ပြန်ဆွဲယူကာ ရှက်ကိုးရှက်ကန်းနှင့် ပြေးထွက်သွားတော့သည်။
ယဲ့ဖန်လည်း ပြုံးကာထရပ်လိုက်သည်။
ထိုအချိန်မှာပင် မန်နေဂျာ အီရှီဂါကီသည် ကျေးဇူးတင်နေဟန်ဖြင့် အထဲဝင်လာလေသည်။
“ယဲ့လူကြီးမင်း၊ အစောက ကယ်လိုက်တာ ကျေးဇူးပါ။ မဟုတ်ရင် အကျိုးဆက်တွေကတော့ တကယ် မတွေးရဲစရာပဲ”
ယဲ့ဖန် ပြန်ပြုံးပြလိုက်သည်။
“တကယ်တော့ ခင်ဗျားဒီကိစ္စကနေ ဖယ်နေလိုက်သင့်တာ။ ဘာလို့အစောကလို ပြဿနာရှာလိုက်ရတာလဲ”
အီရှီဂါကီ၏ မျက်နှာထက်၌ ခက်ထန်သည့် အရိပ်အယောင်ကို မြင်နေရသည်။
“ကျွန်တော်က စီးပွားရေးလုပ်ရင် ‘ရိုးသားမှု’ ဆိုတဲ့ စကားလုံးကို အမြဲယုံကြည်တယ်။ ဒီတစ်ကြိမ်မှာ အိုသာ့ဆန်က မဆီလျော်တာ သိသာနေတာပဲ။ ဒါကြောင့် လူကြီးမင်းအတွက် တရားမျှတမှုကို တောင်းဆိုပေးရမှာပဲ”
ယဲ့ဖန် ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
“အဲ့လိုလူက ရှားတယ်။ ခင်ဗျားဆက်ပြီး ဒီလိုပဲဖြစ်နေပါစေလို့ ဆုတောင်းပေးပါတယ်”
ထိုသို့ပြောကာ သူ လှည့်ထွက်လာလိုက်သည်။
တံခါးနားရောက်မှ ယဲ့ဖန် ရုတ်တရက် ရပ်လိုက်၏။
ထို့နောက် ပြန်လှည့်ကာ အီရှီဂါကီအား ပြောလိုက်သည်။
“ခင်ဗျားရဲ့ စင်ပေါ်က အမွှေးတိုင်ခွက်က သိပ်မဆိုးဘူး။ တစ်ယောက်ယောက်ကို အကဲဖြတ်ခိုင်းလိုက်ပါ”
ထိုဦးနှောက်ခြောက်စရာစကားကို ချန်ထားခဲ့ပြီး သူကတော့ ပြန်လှည့်မကြည့်တော့ဘဲ ထွက်လာခဲ့သည်။
အီရှီဂါကီမှာ ခေါင်းရှုပ်သွားရသည်။
ဤအမွှေးတိုင်ခွက်မှာ ယခင်က လူတစ်ယောက် လာပေါင်သွားတာ ဖြစ်သည်။
သတ်မှတ်ထားသည့်ရက် ရောက်လာသော်လည်း ဘယ်သူမှ လာမရွေးပေ။
ထို့ကြောင့် ရောင်းမည်ဟုစာကပ်ကာ ငါးသန်းဟု ဈေးထားခဲ့တာ ဖြစ်သည်။
သို့သော် ဂျပန်လူမျိုးများမှာ တရုတ်လူမျိုးများလောက် ရှေးဟောင်းပစ္စည်းများအား စိတ်မဝင်စားကြပေ။
ရောင်းထားသည်မှာ နှစ်ဝက်ရှိပြီ ဖြစ်သော်လည်း ဘယ်သူမှ စိတ်မဝင်စားပေ။
ဒီအမွှေးတိုင်ခွက်နဲ့ ပက်သက်ပြီး ထူးခြားတာတစ်ခုခုရှိနေတာလား။