အခန်း (၁၁၈၉-၁၁၉၂)
Vol. 60 Ch. 1189-1192
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၈၉ )
ဒါကဘယ်လို နတ်ဆိုးအတတ်မျိုးပါလိမ့်
အီရှီဂါကီတစ်ယောက် ယဲ့ဖန်စကားကို နားမလည်ပါသော်လည်း ထိနယ်ပယ်ရှိ တတ်ကျွမ်းသူတစ်ဦးကို ဆက်သွယ်လိုက်သည်။
အချိတ်အဆက်များနှင့် အဆင့်ဆင့် အကဲဖြတ်ပြီးသည့်အခါ နောက်ဆုံးရလဒ်သည် သူတို့ကို အံ့အားသင့်သွားစေခဲ့သည်။
ဤအမွှေးတိုင်ခွက်မှာ ဂျပန်ခေတ်၁၅ရာစုလောက်မှ လက်ရာတစ်ခုဖြစ်ပြီး ကောင်းမွန်စွာထိန်းသိမ်းထားတာကြောင့် အလွန်ရှားပါးသည်။
အဆုံး၌ အားလုံးတစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်လိုက်ကြသည်မှာ ဤအမွှေးတိုင်ခွက်သည် ဂျပန်ယန်း သန်းငါးရာကျော် တန်ကြေးရှိပြီး တရုတ်ငွေနှင့်ဆိုလျှင် ယွမ်သန်းသုံးဆယ်ခန့် တန်ကြေးရှိသည်။
အီရှီဂါကီမှာ ယဲ့ဖန်၏အမြင်ကြောင့် တစ်ဖန် အံ့အားသင့်ခဲ့ရပြန်သည်။
ယဲ့ဖန်သာ သတိမပေးခဲ့ပါက သူအချီကြီး ဆုံးရှုံးခဲ့ရမှာဖြစ်သည်။
ထိုအချိန်၌ သူသည် ယဲ့ဖန်ကို ကာကွယ်ခဲ့သောကြောင့် အီဂါဝါထံမှ ပါးရိုက်ခံခဲ့ရသော်လည်း ဤမျှကြီးမားသည့် ဆုလာဘ်ကို ပြန်လည် ရရှိခဲ့သည်။
ထိုရိုက်ချက်က တကယ်ထိုက်တန်ပေသည်။
ဤကိစ္စရပ်မှာ အနာဂတ်၌ အီရှီဂါကီ ကြွားလုံးထုတ်နိုင်မည့် ကိစ္စရပ်တစ်ခု ဖြစ်လာပေတော့မည်။
သူ၏ နောင်လာနောက်သားများအား မည်သည့်တရုတ်ကိုမှ အထင်မသေးမိရန် သင်ကြားပေးမိမည် ဖြစ်သည်။
တရုတ်တွေက ဖုံးကွယ်ထားတဲ့ အရည်အချင်းတွေ တကယ်များလွန်းတယ်။
ယဲ့ဖန် အပေါင်ဆိုင်မှ ထွက်လာပြီးနောက် စနစ်မှ အချက်ပေးသံကို ကြားလိုက်ရသည်။
[ ရတနာရှာဖွေခြင်း လမ်းညွှန်ချက် အောင်မြင်စွာ ပြီးမြောက်သွားသည့် လက်ခံသူအား ဂုဏ်ပြုပါသည်။ စနစ်မှ ဆု - အသွင်ပြောင်းစွမ်းရည် ]
ယဲ့ဖန် ဆုကို ကြားလိုက်ရချိန်၌ ရပ်တန့်သွားရသည်။
ဒီတစ်ခါ ဆုက တကယ်ကြီး စွမ်းရည်တစ်ခုလား။
အသွင်ပြောင်းတာတဲ့လား။
သူ စိတ်ရှုပ်ထွေးနေစဉ်မှာပဲ ရုပ်ပြောင်းရုပ်လွှဲနှင့် ပက်သက်သည့် သတင်းအချက်အလက်များ သူ့ခေါင်းထဲသို့ စုပြုံကာ ဝင်ရောက်လာသည်။
စနစ်မှပေးသည့် ရုပ်ဖျက်သည့်နည်းမှာ မိတ်ကပလိမ်းခြင်းနှင့်ဆင်တူသော်လည်း သာမန်မိတ်ကပ်လိမ်းခြယ်ခြင်းများထက် ပို၍ထူးခြားသည်။
ပထမဆုံးအနေဖြင့် သူကိုယ်တိုင် လိမ်းဆေးတစ်မျိုး ဖော်စပ်ရမည်။
ထိုလိမ်းဆေး၏ ထူးခြားချက်မှာ မျက်နှာပေါ် လိမ်းလိုက်သည်နှင့် အရေပြားနှင့်တစ်ထပ်ထဲ ဖြစ်သွားပြီး များစွာသောသိမ်မွေ့သည့် အမူအရာများကိုလုပ်နိုင်သည်။
စနစ်မှပေးသည့် ရုပ်ဖျက်သည့်စွမ်းရည်နှင့် ပေါင်းစည်းလိုက်လျှင် သူ၏ အသွင်ပြင်ကို အပြည့်အဝပြောင်းလဲနိုင်ပြီဖြစ်သည်။
ဤရုပ်ဖျက်နည်း အားနားလည်သွားသည့်နောက် ယဲ့ဖန်၏လက်များရုတ်တရက် ယားယံလာရတော့သည်။
သူသည် ထိုရုပ်ဖျက်နည်းကို ချက်ချင်း စမ်းသပ်ချင်လာသည်။
ယခုအချိန်၌ သူ့အနားတွင် ရှန်းပိုင်ထျန်း ရှိနေသေးသည်။
သူ မျက်လုံးလှိမ့်လိုက်ကာ တစ်ဖက်သို့လှည့်လိုက်ပြီး အနားရှိ အလှကုန်ပစ္စည်းဆိုင်သို့ ထွက်ခဲ့လိုက်သည်။
ယဲ့ဖန်ထွက်လာပြီး ဆယ်မိနစ်ကြာသည့်အခါ သူ့မျက်နှာမှာ ပြောင်းသွားတော့သည်။
ဆိုင်ရှိ အလှကုန်ပစ္စည်းများမှာ စနစ်၏ လိမ်းဆေးလောက် အစွမ်းမထက်သော်ငြား သူ့ကိုယ်သူ အတိုင်းအတာတစ်ခုအထိ ရုပ်ဖျက်နိုင်ခဲ့သည်။
ယဲ့ဖန်၏ မျက်နှာမှာ နူးညံ့ကာ ညင်သာသည့် အသွင်ရှိလာသည်။
သို့သော် အသွင်ပြောင်းလိုက်ပြီးနောက် သူ၏မျက်နှာကျမှာ ပိုလို့ပင် ထောင့်ကျသွားကာ ပြတ်သားသော ခံစားချက်မျိုးကို ပေးစွမ်းလေသည်။
သူ၏ နှုတ်ခမ်းထောင့်စွန်းများသည် ကျီစယ်လိုဟန် ကွေးတက်သွားပြီး ရှန်းပိုင်ထျန်းအနားသို့ လျှောက်သွားလိုက်သည်။
ရှန်းပိုင်ထျန်းမှာ စောင့်နေရသည်ကြောင့် စိတ်မရှည်ဖြစ်နေသည်။
ထိုအချိန်၌ သူမအနောက်မှ ယောကျာ်းတစ်ယောက်၏ အသံပေါ်ထွက်လာသည်။
“ကောင်မလေး၊ မင်းက တော်တော်လှတာပဲ။ ကိုယ်မင်းကို ထမင်းတစ်နပ်လောက် ဖိတ်ကျွေးချင်လို့ မင်းကိုယ့်ကို မျက်နှာသာပေးနိုင်မလား။”
ရှန်းပိုင်ထျန်း ချက်ချင်း မျက်မှောင်ကြုတ်သွားကာ ထိုလူကို လှည့်ကြည့်လိုက်သည်။
“တောင်းပန်ပါတယ်၊ ကျွန်မ သူငယ်ချင်းတစ်ယောက်ကို စောင့်နေတာ”
သူမ သူ့ကို ငြင်းလိုက်ပြီ ဖြစ်သောကြောင့် ထိုလူမှာ ထွက်သွားမည်ဟု ထင်ခဲ့သည်။
ကံမကောင်းစွာနှင့် ထိုလူမှာ ထွက်မသွားသည့်အပြင် အနားသို့ပင် နှစ်လှမ်းလောက် ပိုကပ်လာသည်။
“ဘယ်သူငယ်ချင်းကို စောင့်နေတာလဲ။ ကိုယ်က အရမ်းချမ်းသာတာနော်။ မိန်းကလေးဘယ်လောက်များများ ကိုယ်နဲ့ ဒိတ်ချင်နေလဲဆိုတာ မင်းသိရဲ့လား။ ဒီလိုအခွင့်ကောင်းမျိုးကို လက်မလွှတ်သင့်ဘူး”
ရှန်းပိုင်ထျန်း နောက်သို့တစ်လှမ်းဆုတ်လိုက်ကာ ခပ်ပြတ်ပြတ် ပြောလိုက်သည်။
“ရှင့်မှာပိုက်ဆံရှိတော့ ကျွန်မက ဘာလုပ်ရမှာလဲ။ အမြန်ထွက်သွားလိုက်တော့”
သူမလေသံမှာ သိပ်မကောင်းတော့သော်လည်း ထိုလူဟာ အတော်အရေထူလှသည်။
သူမပုခုံးပေါ်ပင် လက်တင်ကာ ထပ်ပြောလာသည်။
“အဲ့လောက်လည်း မရက်စက်ပါနဲ့။ ကိုယ်တို့က သူငယ်ချင်းတွေပဲကို…”
ရှန်းပိုင်ထျန်း၏ မျက်နှာလှလှလေးမှာ အေးစက်လာကာ သူမ၏ညာလက်ကို ဆန့်ထုတ်ပြီး ထိုလူ၏လက်ကောက်ဝတ်ကို လှမ်းကိုင်လိုက်သည်။
ထို့နောက် သေသပ်စွာ လိမ်ချိုးလိုက်ကာ ထိုလူ၏လက်မောင်းကို နောက်ကျော၌ကပ်လိုက်သည်။
“ဘာလို့အဲ့လောက်တောင် အားသန်ရတာလဲ”
ထိုလူ ရုတ်တရက်ပင် အော်ဟစ်လာသည်။
သို့သော် ဤတစ်ကြိမ်၌ သူ တရုတ်လိုပြောလိုက်တာကြောင့် အသံမှာ အလွန်ရင်းနှီးနေ၏။
“ယဲ့…ယဲ့ဖန်”
ရှန်းပိုင်ထျန်းမှာ ကြောင်သွားကာ ချက်ချင်း သူမ ချုပ်နှောင်ထားသည်ကို ဖြည်ပေးလိုက်သည်။
ထိုလူလည်း သူမ၏ ချုပ်နှောင်မှုမှ လွတ်သွားကာ လှည့်ကြည့်လာ၏။
“မင်း ဘယ်တုန်းက ကွန်ဖူးသင်လိုက်တာလဲ”
ရှန်းပိုင်ထျန်း ပြန်မဖြေပေ။
ထိုအစား ယဲ့ဖန်၏မျက်နှာကို ဆွဲဆိတ်လာ၏။
“နင် ယဲ့ဖန်လား။ နင်… ဘယ်လိုလုပ်ဒီလို ဖြစ်သွားတာလဲ”
ယဲ့ဖန် သူ့အိတ်ကပ်ထဲမှ မိတ်ကပ်ဖျက်ဆေးကိုထုတ်လိုက်ကာ မျက်နှာပေါ်ရှိမိတ်ကပ်များကို ဖျက်လိုက်သည့်အခါ သူ၏နဂိုအသွင် ပြန်ဖြစ်သွားသည်။
“လှည့်ကွက်အသေးစားလေးပါ”
ရှန်းပိုင်ထျန်းမှာ အံ့ဩလွန်းသဖြင့် ပါးစပ်ပင်မစိနိုင်ပေ။
သူမ အချိန်အတော်ကြာ စကားမပြောနိုင်တော့ချေ။
“ဒါကဘယ်လိုနတ်ဆိုးအတတ်မျိုးလဲ”
ယဲ့ဖန် မိတ်ကပ်တစ်ပုံကို အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ကာ သူမအားပြုံးပြလိုက်သည်။
“အဲ့တာကိုရုပ်ဖျက်တာလို့ ခေါ်တယ်”
ထိုအခါမှရှန်းပိုင်ထျန်း ပါးစပ်စိနိုင်တော့သည်။
“အံ့ဩဖို့ မကောင်းဘူးလား။ ငါတောင် မမှတ်မိဘူး။ နင် ငါ့ကိုလည်း သင်ပေးပါလား”
ယဲ့ဖန် လျှို့ဝှက်ချင် ဟန်ဆောင်လိုက်သည်။
“ဒါကကိုယ်တို့ ယဲ့မိသားစုရဲ့ လျှို့ဝှက်နည်း။ ယောကျာ်းလေးတွေပဲ လုပ်လို့ရတာ မိန်းမတွေမရဘူး”
ရှန်းပိုင်ထျန်း မျက်လုံးလှိမ့်လိုက်သည်။
“ကပ်စေးကုပ်လိုက်တာ”
“မင်းကိုယ့်ကို မဖြေရသေးဘူး၊ ဘယ်တုန်းက အဲ့လောက် အားကြီးသွားရတာလဲ”
ယဲ့ဖန် ဆက်မေးလိုက်သည်။
ရှန်းပိုင်ထျန်း၏ ချုပ်နှောင်မှုမှာ အလွန်သေသပ်ကာ သူ့ကိုပင် ထိတ်လန့်သွားစေသည်။
ရှန်းပိုင်ထျန်း အနည်းငယ်ဝေ့လည်ကြောင်ပတ် လုပ်နေလိုက်သည်။
“မဟုတ်ပါဘူး၊ ငါ … ဂျပန်ကို စာသင်ဖို့လာတာလေ။ လုံခြုံရေးအတွက် ရက်နည်းနည်းလောက် တိုက်ကွမ်ဒို သွားသင်ထားတာ”
ယဲ့ဖန် သူမအား သံသယဖြစ်စွာ ကြည့်လိုက်သည်။
“ရက်နည်းနည်းလောက်သင်ရုံနဲ့ ဒီလောက်တောင် တော်သွားတယ်ပေါ့။ ဘယ်ဆရာကများ သင်ပေးလိုက်တာလဲ”
ရှန်းပိုင်ထျန်းမှာ ထိုခေါင်းစဉ်ကို ဆက်မပြောတော့လိုဟန် ခေါင်းစဉ်ပြောင်းလိုက်သည်။
“အာဟုတ်သား၊ ငါ နင့်ကိုရှာတာ ပြောစရာရှိလို့။ ရှန်းဘုရင်ရဲ့ ရတနာမြေပုံအကြောင်း”
ယဲ့ဖန်မှာ သူမ၏စကားများထံမှ အပြည့်အဝ ဆွဲဆောင်ခံလိုက်ရသည်။
“ဘာတဲ့လဲ”
ရှန်းပိုင်ထျန်း ယဲ့ဖန်အား လေးနက်စွာကြည့်လိုက်သည်။
“ငါ လွန်ခဲ့တဲ့ရက်အနည်းငယ်က ကော့တေးပါတီတစ်ခုသွားရင်းနဲ့ အဲ့မှာ လူတစ်ယောက်ဖုန်းပြောနေတာကို ကြားခဲ့တာ။ သူတို့က ရှန်းဘုရင်ရဲ့ ရတနာမြေပုံအကြောင်းကို ပြောနေကြတာ”
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၉၀ )
ဒါကြီးက ခွဲခြားဆက်ဆံရာမကျဘူးလား။
ယဲ့ဖန်မျက်မှောက်ကြုတ်သွားရသည်။
တရုတ်မှာပင်လျှင် လူနည်းစုသာ ရှန်းဘုရင်၏ လျှို့ဝှက်ရတနာမြေပုံကို သိကြသည် ဖြစ်ရာ ဂျပန်၌ ပို၍ မသိနိုင်ကြပေ။
ရှန်းပိုင်ထျန်းပြောသည်သာ အမှန်ဆိုလျှင် ဤကိစ္စသည် အမှန်တကယ် အာရုံစိုက်သင့်သည်။
“နောက်တော့ရော”
ယဲ့ဖန် တည်ငြိမ်စွာ ပြောလိုက်သည်။
“နင် ရှန်းဘုရင်ရဲ့လျှို့ဝှက်ရတနာမြေပုံကို ရှာနေမှန်းသိလို့ ငါလည်း တမင်သက်သက် အဲ့လူကိုစကားပြောကြည့်ခဲ့တယ်”
ရှန်းပိုင်ထျန်းလည်း တည်ငြိမ်စွာရှင်းပြလာသည်။
“အဲ့လူက အီဒိုခါဝါမိုတို ကုန်သွယ်ရေးကုမ္ပဏီရဲ့ CEO ပဲ။ သူ့နာမည်က ခါဝါမိုတို ဟီဒဲကိတဲ့။ ပြီးတော့ အဲ့လူက တောင်ပိုင်းကွမ်တုန်းပြည်နယ်အကြောင်းကို အတော်လေး နှံ့နှံ့စပ်စပ်ကို သိတယ်။ သူက နင့်ကိုတောင် သိရင်သိနေလောက်တယ်…”
ယဲ့ဖန် ရှန်းပိုင်ထျန်းမှ ရှင်းပြသည်ကို နားထောင်ပြီးနောက် ပိုလို့ပင် မျက်မှောင်ကြုတ်သွားရသည်။
“သူက တောင်ပိုင်းကွမ်တုန်းပြည်နယ်အကြောင်း နှံ့နှံ့စပ်စပ် သိတယ်ဆိုရင်တောင်မှ ရှန်းဘုရင်ရဲ့ လျှို့ဝှက်ရတနာမြေပုံအကြောင်း သိနိုင်စရာမရှိဘူးလေ၊ ဟုတ်တယ်မလား။ မင်း သူ့ကို သူ ဘယ်ကနေ အဲ့အကြောင်း ဘယ်လိုသိတာလဲ မေးကြည့်ခဲ့သေးလား”
ရှန်းပိုင်ထျန်း ခေါင်းညိတ်ပြလိုက်သည်။
“သူ့ကို သွယ်ဝိုက်ပြီး မေးကြည့်ခဲ့သေးတယ်။ ဒါပေမယ့် အဲ့ရတနာမြေပုံအကြောင်း စကားစလိုက်တာနဲ့ သူက စကားလွှဲသွားရော။ ငါလည်း သူ သံသယဝင်မှာ စိုးတာနဲ့ ဆက်မမေးခဲ့တော့ဘူး”
ယဲ့ဖန် ရှန်းပိုင်ထျန်းအား အလေးအနက်ကြည့်လိုက်သည်။
“ဒီသတင်းက အရမ်းအရေးကြီးတယ်။ ကျန်တာကို ကိုယ်နဲ့လွှဲထားလိုက်တော့”
“မင်းက ဂျပန်မှာ တစ်ယောက်တည်း။ ကိုယ့်ကိုယ်ကိုဂရုစိုက်”
ရှန်းပိုင်ထျန်း ချက်ချင်းပျော်သွားရသည်။
“စိတ်မပူပါနဲ့။ အဘိုးက ငါ့အတွက် တိတ်တဆိတ် ကိုယ်ရံတော်တွေ လွှတ်ထားပေးတယ်။ အဲ့တော့ ငါ လုံခြုံပါတယ်”
အမှန်တော့ ယဲ့ဖန်သည်လည်း အမှောင်ထဲမှ ရှန်းပိုင်ထျန်းအား ကာကွယ်နေသူများ ရှိသည်ကို သတိထားမိသော်လည်း သူ့အမြင်အရ ထိုလူများမှာ အားနည်းလွန်းလှသည်။
ယဲ့ဖန်ကို မဆိုနှင့် ကိုယ်ခံပညာတတ်သည့် ဘယ်သူမဆို သူတို့ကို အလွယ်လေး အနိုင်ယူလိုက်နိုင်သည်။
ထို့ကြောင့် စီးရီးယပ်လုပ်ကြံရေးအဖွဲ့မှ လူများအား သူမကို ကာကွယ်ပေးရန် စီစဉ်ခိုင်းရမလားဟု တွေးတောနေမိသည်။
ရှန်းပိုင်ထျန်းသည်လည်း သူ့စိတ်ကို ဖတ်မိသည့်အလားပင် ပုခုံးကို လှမ်းပုတ်လာ၏။
“အာ၊ စိတ်မပူပါနဲ့”
“ခဏနေကျရင် ငါလည်း ကျောင်းပြန်တက်ရတော့မှာ။ နင်လည်း ကိုယ့်အလုပ်ကို ပြန်လုပ်တော့”
“ကိုယ်မင်းကို ပြန်လိုက်ပို့မယ်”
ယဲ့ဖန် ယဉ်ကျေးသမှုနှင့် ပြောလိုက်သော်လည်း ရှန်းပိုင်ထျန်းမှာတော့ သူ့ကို ငြင်းဆန်ကာ တက္ကစီနှင့် ထွက်သွားခဲ့သည်။
တက္ကစီ ထွက်ခွာသွားသည်ကို ကြည့်ရင်း ယဲ့ဖန် မထိန်းနိုင်ဘဲ နှုတ်ခမ်းစူမိသွားသည်။
ဤတစ်ကြိမ် ရှန်းပိုင်ထျန်းနှင့် တွေ့ရာ၌ သူမထံတွင် လျှို့ဝှက်ချက် များလာသည်ဟု သူ ထင်မိသည်။
သို့သော် သူမဘက်က မပြောပြချင်နေ၍ သူလည်း အဖြေရှာဖို့ ပျင်းရိလေသည်။
ဘယ်သူကရောလျှို့ဝှက်ချက်မရှိလို့လဲ။
သူ ဟိုတယ်သို့ ပြန်ရောက်ချိန်၌ ချန်းဖေးအယ်လည်း ပြန်ရောက်နေလေသည်။
သူမသည် နားနေဆောင်ရှိရာ အထပ်၌ ထိုင်နေကာ စာရွက်စာတမ်းများကို စစ်ဆေးနေသည်။
အိမ်ထဲ၌သာ ဖြစ်သောကြောင့် ပေါ့ပါးသည့် ဝတ်စုံကိုသာ ဝတ်ဆင်ထားသည်။
စစ်စိမ်းရောင် စွပ်ကျယ်ဆွယ်တာနှင့် ဘောင်းဘီတိုကို ဝတ်ဆင်ထားသည်။
သူမ၏ ရှည်သွယ်သည့် ခြေထောက်နှစ်ချောင်းကိုတော့ ချိတ်ထားလေသည်။
အနောက်မှကြည့်လျှင် သူမ၏ခါးမှာ သေးသွယ်ကာ သိမ်သိမ်လေး ဖြစ်နေသည်။
A4 ခါးလေးပါလား။
သူမနှင့် ယှဉ်လျှင် ခါးလေးမှာ အလွန်အားနည်းလွန်းသည့်ပုံရသည်။
ယဲ့ဖန်သူမကိုစနောက်ချင်လာတာကြောင့် ခြေဖျားထောက်ကာသွားရင်း သူမပုခုံးကို ဆုပ်ကိုင်လိုက်သည်။
ချန်းဖေးအယ် အတော်မြန်မြန် တုံ့ပြန်လာသည်။
ယဲ့ဖန်၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်ပြီး တံတောင်ဆစ်ဖြင့် ဘောင်းဘီခွကြားကို ထိုးနှက်ရန် ရွယ်လိုက်သည်။
ထိုနေရာသို့သာ အရိုက်ခံလိုက်ရပါက ယဲ့ဖန်မသေလျှင်တောင် မသန်စွမ်းဖြစ်သွားနိုင်သည်။
ယဲ့ဖန် သူမအား အမြန်လွှတ်ကာ ထခုန်လိုက်သည်။
“မင်းအရမ်းရက်စက်တာပဲ”
ချန်းဖေးအယ်မှာတော့ ခေါင်းပင် လှည့်မလာပဲ စာရွက်စာတမ်းများကိုသာ ဆက်လက် စီစဉ်နေလေသည်။
“ရှင် ပျင်းနေတာလား”
ယဲ့ဖန် ဆိုဖာပေါ်၌ ထိုင်ချလိုက်ကာ သူမလက်ထဲရှိ စာရွက်စာတမ်းများကို ကြည့်လိုက်သည်။
“ပူးပေါင်းတာ ဘယ်လိုနေလဲ”
ချန်းဖေးအယ်သည် သူမခွဲထုတ်ထားသော စာရွက်စာတမ်းများကို ယဲ့ဖန်အား ကမ်းပေးလိုက်သည်။
“ဂျပန်က ကုန်သွယ်ရေးကုမ္ပဏီတွေက အရမ်းတက်ကြွကြတာပဲ။ လာဆက်သွယ်တာ အခုနှစ်ဆယ်ကျော်ပြီ။”
“ကျွန်မ စစ်ဆေးကြည့်ပြီးပြီ။ အတော်လေး အဆင်ပြေပြီး သတင်းလည်းမွှေးတဲ့ ကုမ္ပဏီ ဆယ်ခုလောက် ရှိတယ်”
ယဲ့ဖန် ထိုစာရွက်များကို ယူကာ လှန်ကြည့်နေရင်း ရုတ်တရက် ရပ်လိုက်သည်။
“ခါဝါမိုတိုကုန်သွယ်ရေးကုမ္ပဏီကရော ဘယ်လိုလဲ”
ချန်းဖေးအယ်မှာတော့ စာရွက်ကိုပင် မကြည့်ဘဲ ချက်ချင်း ပြောပြလာတော့သည်။
“အဲ့ကုမ္ပဏီက အတော်လေး အင်အားကြီးတယ်။ အီဒိုမှာရှိတဲ့ ကုမ္ပဏီတွေထဲမှာ ထိပ်တန်းဆယ်ခုထဲ စာရင်းဝင်တယ်”
“ဥက္ကဌရဲ့နာမည်က ခါဝါမိုတို ဟီဒဲကိ တဲ့။ အသက်က ၄၅ နှစ်ရှိပြီ။ ဝါဆဲဒတက္ကသိုလ်ကနေ ကျောင်းပြီးထားတာ…”
ယဲ့ဖန်မှာ သူမ အတိအကျ မှတ်မိနေသည်ကို မြင်ပြီး အံ့အားသင့်သွားရသည်။
“မဆိုးပါဘူး၊ မင်းက တော်တော်လေး တာဝန်ကျေတဲ့ အတွင်းရေးမှူးပဲ”
ချန်းဖေးအယ်၏ မျက်လုံးများ ဂုဏ်ယူမှုကြောင့် လက်သွားရသည်။
“ကျွန်မက ဘာပဲလုပ်လုပ် အကောင်းဆုံးလုပ်တယ်”
ယဲ့ဖန် လေးစားဟန်ပြုံးလိုက်သည်။
“မင်းလုံခြုံရေးအသင်းကနေ နှုတ်ထွက်ပြီး ကိုယ့်ဆီမှာ အချိန်ပြည့်အတွင်းရေးမှူး လာလုပ်ပါလား။ အခုထက် ပိုလစာကောင်းစေရမယ်ဆိုတာ အာမခံတယ်”
ချန်းဖေးအယ် ယဲ့ဖန်အား စိုက်ကြည့်လိုက်သည်။
“ကျွန်မ ပုဂ္ဂလိကကုမ္ပဏီတွေမှာ မလုပ်ဘူး”
ယဲ့ဖန် ချက်ချင်း မိုးကြိုးပစ်ခံလိုက်ရသလို ဖြစ်သွားသည်။
သူ ဘယ်သူ့ကို အထင်သေးလိုက်မိတာပါလိမ့်။
“ခါဝါမိုတိုကုန်သွယ်ရေးကို ဆက်သွယ်ပြီး မနက်ဖြန်ကျရင် သူတို့ဥက္ကဌဆီ လာလည်မယ်လို့ ပြောလိုက်”
ယဲ့ဖန် စာရွက်စာတမ်း အထပ်လိုက်ကို ကော်ဖီစားပွဲပေါ်သို့ ပစ်ချလိုက်ကာ ချန်းဖေးအယ်အား အမိန့်ပေးလိုက်သည်။
ချန်းဖေးအယ် မျက်မှောင်ကြုတ်သွားရသည်။
“ကျန်တဲ့ဟာတွေကို မကြည့်တော့ဘူးလား။ ဒီ ခါဝါမိုတိုကုန်သွယ်ရေးက အကောင်းဆုံးရွေးချယ်မှုလို့တော့ မထင်ဘူး”
“မင်းက သူဌေးလား။ ကိုယ်က သူဌေးလား။ ပြောတဲ့အတိုင်းသာ လုပ်လိုက်ပါ။ ဘာလို့ အဲ့လောက်တောင် မေးခွန်းတွေ များနေရတာလဲ”
ယဲ့ဖန် ချက်ချင်း သူမအား ဖြတ်ပြောလိုက်သည်။
လေသံဟာလည်း သိပ်မကောင်းပေ။
ချန်းဖေးအယ်လည်း ထိုကျေးဇူးမသိတတ်သူအား စိုက်ကြည့်ကာ ခါဝါမိုတိုကုန်သွယ်ရေးအား ဆက်သွယ်ရန် လှည့်ထွက်ခဲ့လိုက်သည်။
ယဲ့ဖန် သူမနောက်ကျောကို ကြည့်ရင်း နှာမှုတ်လိုက်သည်။
ပုဂ္ဂလိကကုမ္ပဏီဆိုတော့ ဘာဖြစ်တုန်း။
အဲ့ပုဂ္ဂလိကကုမ္ပဏီက သူဌေးရဲ့လက်အောက်မှာပဲ မင်းလည်း ကြိုးဆွဲရာ ကနေရတာပဲမလား။
ခါဝါမိုတိုကုန်သွယ်ရေး၏ ရုံးချုပ်မှာ အီဒို၏ အီတာဘရှိမြို့နယ်တွင် ရှိသည်။
ဆယ့်နှစ်ထပ်မြင့်သည့် အဆောက်အဦးမှာ အတော်လေးကြီးကျယ်ခမ်းနားလေသည်။
ချန်းဖေးအယ် မနေ့ထဲက ခါဝါမိုတိုကုန်သွယ်ရေးကို ဆက်သွယ်ထားခဲ့ပြီး ဖြစ်သောကြောင့် သူ့နာမည်ကို ပြောလိုက်သည်နှင့် ဝင်လို့ရမည်ဟု ယဲ့ဖန်ထင်ခဲ့တာ ဖြစ်သည်။
သို့သော် သူတို့ မဝင်ရသေးခင်မှာပင် လုံခြုံရေးအစောင့်ထံမှ တားမြစ်ခံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“ဘာကိစ္စရှိလို့လဲ”
လုံခြုံရေးအစောင့်မှာ သူတို့နှစ်ယောက်အား တရားခံစစ်သလို ကြည့်လာသည်။
“ကျွန်မတို့က တရုတ်က ဖုန်းရှန်းကုန်သွယ်ရေးကုမ္ပဏီက လူတွေပါ။ ဥက္ကဌ ခါဝါမိုတိုနဲ့ ဆွေးနွေးစရာလေးရှိလို့ပါ။ မနေ့က ကြိုချိန်းထားပါတယ်”
အတွင်းရေးမှူးဖြစ်သည့်အလျောက် သဘာဝအလျောက်ပင် ထိုကဲ့သို့ ကိစ္စရပ်မျိုးကို ချန်းဖေးအယ် ကိုင်တွယ်ရသည်။
သူမ၏ လာရင်းအကြောင်းကို ကြားသိပြီးနောက် လုံခြုံရေးသည် ချက်ချင်း ဖြတ်မသွားခိုင်းသေးပေ။
ထိုအစား သူမကို တမင်သက်သက် ရန်မူနေသည်။
“မင်းက ငါတို့ဥက္ကဌကို စီးပွားရေးကိစ္စဆွေးနွေးဖို့ လာရှာတာလား။ ဘာစီးပွားရေးလဲ။”
ချန်းဖေးအယ် ချက်ချင်း မျက်မှောင်ကြုတ်သွားရသည်။
“ဘာစီးပွားရေးလဲ ဟုတ်လား။ အဲ့တာ လုံခြုံရေးက မေးရမယ့် စကားလား”
သူမသည် လုံခြုံရေးတစ်ယောက်အနေနှင့် ထိုသို့မေးသည်က စည်းမျဉ်းများနှင့် မကိုက်ညီဘူးဟု ပြောချင်ခဲ့တာ ဖြစ်သည်။
သို့သော်လုံခြုံရေးအစောင့်မှာ လွန်စွာအရှက်ရသွားကာ ခြေကန်လာသည်။
“မင်းက ငါတို့လို လုံခြုံရေးတွေကို ခွဲခြားဆက်ဆံနေတာလား”
သူ့အသံမှာ အနည်းငယ်ကျယ်သွားရာ အနားရှိလုံခြုံရေးများကို ဆင့်ခေါ်လိုက်သလို ဖြစ်သွားသည်။
လူတစ်ယောက်မှ ချက်ချင်း ရှေ့တက်ကာ မေးလာလေသည်။
“အိုနို ဘာဖြစ်တာလဲ”
“တရုတ်က ဒီမိန်းကလေးက ငါတို့လို လုံခြုံရေးတွေကို ခွဲခြားဆက်ဆံနေတယ်။ သူက ငါတို့ကို လူလိုတောင် မဆက်ဆံဘူး”
လုံခြုံရေးအစောင့်မှာ ချက်ချင်း မီးလောင်ရာ လေပင့်တော့သည်။
ထိုအခါ လုံခြုံရေးအစောင့်များမှာ ယဲ့ဖန်နှင့်သူမအား စိုက်ကြည့်လာကြသည်။
ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်မိသွားရသည်။
ခါဝါမိုတိုကုန်သွယ်ရေးက လုံခြုံရေးတွေက တော်တော်လေးကို အထိမခံတာပဲ။
ဒီလိုနဲ့ပဲ သူတို့ကို ခွဲခြားဆက်ဆံတယ်လို့ သတ်မှတ်လိုက်တယ်လား။
သူတို့ထဲရှိ ခေါင်းဆောင်ဖြစ်ဟန်တူသော အသက်လတ်ပိုင်းလူတစ်ယောက်မှာ ယဲ့ဖန်တို့အား အေးစက်စွာ စိုက်ကြည့်လာသည်။
“ငါတို့က လုံခြုံရေးအစောင့်တွေဆိုပေမယ့် ငါတို့မှာလည်း ပင်ကိုအရည်အသွေးတွေ ရှိပါတယ်။ မင်းတို့က ဘာလုပ်ပိုင်ခွင့်နဲ့ ငါတို့ကို ခွဲခြားဆက်ဆံနေရတာလဲ”
ချန်းဖေးအယ်မှာ ထိုလူများ သူမကို တမင်နှောင့်ယှက်နေသည်ကို သိလိုက်ရ၍ စိတ်တိုတိုဖြင့် ရယ်လိုက်မိသည်။
“ကျွန်မက လုံခြုံရေးတစ်ယောက်ကို စီးပွားရေးကိစ္စ ပြောပြတာက အဆင်မပြေဘူးလို့ ပြောတာလေ။ အဲ့တာ ခွဲခြားဆက်ဆံတယ် ဖြစ်ရောလား”
လုံခြုံရေးခေါင်းဆောင်မှာ ထိုစကားကို ကြားပြီး အလွန်ဒေါသထွက်သွားလေသည်။
“အဲ့တာ ခွဲခြားဆက်ဆံတာပဲလေ။ လုံခြုံရေးတွေက စီးပွားရေးအကြောင်း သိခွင့်မရှိဘူးလား”
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၉၁ )
မြှောက်ပြောတဲ့ စွမ်းရည်က တော်တော်တောင် မြင့်နေပြီပဲ
ချန်းဖေးအယ်မှာ တစ်ခါမှ ဒီလောက်ထိ ပြောစရာစကားမရှိအောင် မဖြစ်ဖူးပေ။
သူမ အနည်းငယ် ထပ်ငြင်းခုံချင်သေးသည်။
ယဲ့ဖန်သည်လည်း ထိုလူများ တမင်သက်သက် ပြဿနာရှာနေသည်ကို ရိပ်မိသည်။
ထို့ကြောင့် ချက်ချင်း သူမအား ဆွဲလိုက်ကာ လုံခြုံရေးခေါင်းဆောင်အား အေးစက်စွာ ပြောလိုက်သည်။
“ကျွန်တော်တို့ကို အရင်သွားခွင့်ပေး။ ဥက္ကဌ ခါဝါမိုတိုနဲ့ တွေ့ပြီးလို့ သူက ခင်ဗျားတို့ကို ဒီစီးပွားရေးကိစ္စ ပြောပြခွင့်ပေးတယ်ဆိုရင် ကျွန်တော်ကိုယ်တိုင် ပြောပြမယ်”
လုံခြုံရေးမှာ ယဲ့ဖန်အားကြည့်ပြီး လှောင်ရယ်လိုက်သည်။
“မင်းက ငါတို့ရဲ့ ဥက္ကဌနဲ့ တွေ့ချင်တယ်လား။ ကောင်းပြီလေ၊ ဒါပေမယ့် မင်းတို့ကို အရင်စစ်ဆေးရမယ်။ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်မျိုး ရှိနေရင် ဘယ်လိုလုပ်မလဲ”
လုံခြုံရေးတစ်ယောက်သည် ချက်ချင်း ရှေ့တက်လာတော့သည်။
“ခေါင်းဆောင်၊ ကျွန်တော် ဒီအမျိုးသမီးကို ရှာလိုက်ပါမယ်”
ခေါင်းဆောင်သည် ထိုလူ၏ ခေါင်းအား ရိုက်လိုက်သည်။
“ဒီလိုကောင်းမွန်တဲ့ ကိစ္စမျိုးကို မင်းလုပ်ရမယ် ထင်နေလား။ အလှလေးတွေကို စစ်တဲ့လူက သေချာပေါက် ငါပဲ ဖြစ်ရမှာပေါ့”
ထိုသို့ပြောကာ ချန်းဖေးအယ်၏ ရင်ဘတ်ကို စိုက်ကြည့်နေလိုက်သည်။
ထို့နောက် ချန်းဖေးအယ်ကို စစ်ရန် ပြင်သည်။
သို့သော် သူလေကိုသာနှစ်ကြိမ်တိုင်တိုင် ဖမ်းဆုပ်လိုက်မိ၏။
သူ၏မျက်နှာမှာ ရှုံ့တွသွားရသည်။
“မင်းသေချင်နေတာပဲ”
ချန်းဖေးအယ်၏ မျက်နှာထားလည်း မှောင်မဲသွားကာ တန်ပြန်တိုက်ခိုက်ရန် ပြင်လိုက်သည်။
သို့သော် ယဲ့ဖန်သည် သူမထက် လျင်လေသည်။
သူသည် ခေါင်းဆောင်ဖြစ်သူအား ကန်ထုတ်လိုက်သည်။
သူ့ကန်ချက်မှာ အလွန် ရုတ်တရက်ဆန်သောကြောင့် လုံခြုံရေးမှာ အချိန်အတော်ကြာ ကြောင်နေမိသည်။
ခေါင်းဆောင်ဖြစ်သူထံမှ အော်သံကြီး ထွက်လာမှသာ သူတို့အားလုံး တုံ့ပြန်လာကြပြီး ခေါင်းဆောင်ဖြစ်သူအား ထူလိုက်ကြသည်။
“ခွေးကောင်လေး၊ မင်းက တကယ် ချရဲတယ်လား”
ခေါင်းဆောင်မှာ သူ့ရင်ဘတ်ကို ဆုပ်ကိုင်ထားရင်း ယဲ့ဖန်အား ကြမ်းတမ်းစွာ စိုက်ကြည့်လာသည်။
“မင်းကအရိုက်ခံချင်နေတော့လည်း ငါက မင်းဆန္ဒကိုဖြည့်ဆည်းပေးရတာပေါ့”
ယဲ့ဖန်သရော်လိုက်သည်။
“ခင်ဗျားက သေချင်နေတာပဲ”
လုံခြုံရေးခေါင်းဆောင် ထိုသို့ပြောကာ သူ့လူများအား လက်ဝှေ့ယမ်းပြလိုက်သည်။
“သူတို့ကို ရိုက်ကြစမ်း”
လုံခြုံရေးများမှာလည်း ထိုအမိန့်ကို နာခံကာ ယဲ့ဖန်အား ဝန်းရံလိုက်ကြသည်။
ယဲ့ဖန်သည် လုံခြုံရေးများအား တည်ငြိမ်စွာ ကြည့်လိုက်ပြီး ဘယ်အချိန်မဆို တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်။
“ရပ်ကြစမ်း”
ထိုအချိန်တွင် ရုတ်တရက် ယောကျာ်းတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။
လုံခြုံရေးများလည်း လုပ်နေသည်ကို ချက်ချင်း ရပ်ကာ လှည့်ကြည့်လိုက်ကြသည်။
အသက်လေးဆယ်ဝန်းကျင်ရှိသည့် လူတစ်ယောက် သူတို့ထံ လျှောက်လာသည်ကို မြင်လိုက်ရသည်။
ထိုလူသည် အတော်အသင့် ကြည့်ကောင်းပြီး ကျနစွာ မီးပူတိုက်ထားသော အနက်ရောင် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားကာ ခန္ဓာကိုယ်တစ်ခုလုံးမှ သန့်စင်သည့် အရှိန်အဝါကို ထုတ်လွှတ်နေသည်။
သူ့နောက်တွင် အမှုဆောင်ဒါရိုက်တာ တစ်ဖွဲ့ရှိနေသည်။
လုံခြုံရေးများမှာ ထိုလူကို မြင်ပြီး အမြန်ပင် လေးစားစွာထရပ်လျက် တညီတညွတ်တည်း နှုတ်ဆက်လိုက်ကြသည်။
“ဥက္ကဌ ခါဝါမိုတို”
မိတ်ဆက်နေစရာ မလိုဘဲဖြင့် ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည်လည်း ထိုလူမှာ ခါဝါမိုတိုကုမ္ပဏီ၏ ဥက္ကဌဖြစ်သူ ခါဝါမိုတိုမှန်း သိလိုက်ကြသည်။
ခါဝါမိုတိုဟီဒဲကိမှာ လုံခြုံရေးများကို လျစ်လျှူရှုကာ ယဲ့ဖန်ထံ လျှောက်လာပြီး သူ့မျက်နှာထက်တွင် တောင်းပန်လိုဟန် အပြည့်နှင့်ဖြစ်နေသည်။
“ဒီဘက်က ယဲ့လူကြီးမင်းလား။ ကျွန်တော် တကယ် တောင်းပန်ပါတယ်။ အစောက ကိစ္စလေးရှိတာနဲ့ နည်းနည်းနောက်ကျသွားတယ်။ ဒီလို အထင်လွဲမှုမျိုး ဖြစ်သွားစေဖို့ မရည်ရွယ်ပါဘူး”
ယဲ့ဖန် ခပ်ဖွဖွသာ ပြုံးလိုက်သည်။
“အထင်လွဲတာဆိုမှတော့ သေချာ ပြန်ရှင်းလိုက်ရင် ရပါတယ်”
ခါဝါမိုတိုဟီဒဲကိလည်း ထပ်ခါထပ်ခါ တောင်းပန်လာကာ လုံခြုံရေးတွေအား ပြန်ကြည့်လိုက်သည်။
“ဘာဖြစ်တာလဲ။ မင်းတို့ကဘာလို့ ခါဝါမိုတိုကုမ္ပဏီကို လာတဲ့ဧည့်သည်ကို တိုက်ခိုက်နေရတာလဲ”
လုံခြုံရေးများမှာ ကြောက်လန့်ကာ တုန်ယင်သွားကြသည်။
အဆုံး၌ လုံခြုံရေးခေါင်းဆောင်မှ ရှင်းပြလာသည်။
“ဥက္ကဌ ခါဝါမိုတို၊ ကျွန်တော်တို့က ဒီလူက ဥက္ကဌရဲ့ဧည့်သည်မှန်းမသိလို့ပါ။ သူတို့ပုံစံက သံသယဝင်စရာကောင်းတာနဲ့ ကျွန်တော်လည်း စစ်ဆေးမလို့ လုပ်လိုက်တာပါ…”
သို့သော် သူ့စကားမဆုံးခင်မှာပင် ခါဝါမိုတိုဟီဒဲကိသည် ရုတ်တရက် ပါးရိုက်လိုက်သည်။
ဖြန်း
ကျယ်လောင်သော ရိုက်သံတစ်သံ ထွက်ပေါ်လာသည်။
လုံခြုံရေးခေါင်းဆောင်မှာ ကြယ်တွေလတွေ မြင်သည်အထိ အရိုက်ခံလိုက်ရသည်။
သို့သော် မကျေနပ်သည့်ဟန် မပြရဲပေ။
“သေချာကြည့်ထား၊ ယဲ့လူကြီးမင်းက ငါတို့ ခါဝါမိုတိုကုန်သွယ်ရေးကုမ္ပဏီရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ပဲ။ နောက်တစ်ခါ သူထပ်လာခဲ့ရင် ဘယ်သူမှ သူ့ကို မတားကြနဲ့”
ခါဝါမိုတိုဟီဒဲကိ၏ အကြည့်များမှာ ဝန်ထမ်းများအားလုံးထံ ဖြတ်ပြေးသွားသည်။
လူတိုင်း သဘောတူညီဟန် ခေါင်းညိတ်ပြလိုက်သည်။
ယဲ့ဖန် အတော် အံ့အားသင့်သွားသည်။
ထိုလူသည် သူ့ကို ဒီလောက်ထိ အရေးထားလိမ့်မည်ဟု မထင်ထားမိပေ။
“ယဲ့လူကြီးမင်း၊ ကျေးဇူးပြုပြီး အထဲကြွပါ”
ခါဝါမိုတိုဟီဒဲကိ တစ်ယောက်သည် သူ့လူများကို သင်ခန်းစာပေးပြီးနောက် ယဲ့ဖန်တို့နှစ်ယောက်ကို တရိုတသေ ဖိတ်ခေါ်လိုက်သည်။
သူ့သဘောထားမှာ အလွန်နွေးထွေးနေသည်။
ခါဝါမိုတိုကုန်သွယ်ရေးကုမ္ပဏီမှ ဝန်ထမ်းများမှာ စပ်စုစွာ ကြည့်နေမိကြသည်။
သူတို့သည် ယဲ့ဖန်၏ သရုပ်မှန်ကို အလွန်စိတ်ဝင်စားသွားရသည်။
အဲ့လူကို ဘာလို့ ဥက္ကဌက ဒီလောက် အရေးပေးနေရတာလဲ။
ခါဝါမိုတိုဟီဒဲကိ၏ ဦးဆောင်မှုဖြင့် သူတို့အဖွဲ့သည် ဥက္ကဌရုံးခန်းသို့ ရောက်လာခဲ့ကြသည်။
“ငါ ယဲ့လူကြီးမင်းနဲ့ ဆွေးနွေးစရာရှိလို့ နောက်က လိုက်မလာကြနဲ့”
ရုံးခန်းထဲ မဝင်ခင် ရာထူးကြီးသည့်သူများကို အပြင်၌သာ နေခဲ့စေပြီး ယဲ့ဖန်နှင့် ချန်းဖေးအယ်ကိုသာ အထဲခေါ်လိုက်သည်။
ထိုလူ၏ ရုံးခန်းမှာ အလွန်စတိုင်လ်ကျသည်။
စတုရန်းမီတာ ၁၀၀ကျော်လောက် ကျယ်ပေမည်။
ကြီးမားသည့် ပြင်သစ်ပုံစံ ပြတင်းပေါက်ရှည်မှာ ကျယ်ပြန့်သော မြင်ကွင်းကို ပေးစွမ်းသည်။
“ယဲ့လူကြီးမင်း၊ ကျေးဇူးပြုပြီးထိုင်ပါ”
ခါဝါမိုတိုဟီဒဲကိ ယဲ့ဖန်နှင့် ချန်းဖေးအယ်အား ဆိုဖာ၌ ထိုင်ခိုင်းလိုက်သည်။
ထို့နောက် သူတို့အတွက် လက်ဖက်ရည်နှစ်ခွက်ဖျော်ကာ ကမ်းပေးလာသည်။
ထိုစိတ်အားထက်သန်မှုက သူတို့နှစ်ဦးအား လေပေါ်မြောက်သွားစေသည်။
“ယဲ့လူကြီးမင်း၊ ကျွန်တော် ထပ်ပြီးတောင်းပန်ပါတယ်။ ကျွန်တော် လျစ်လျှူရှုလိုက်မိတာကြောင့် လူကြီးမင်းတို့ကို ခက်ခဲစေမိသွားရတယ်”
ခါဝါမိုတိုဟီဒဲကိမှာ ယဲ့ဖန်အား ဦးညွှတ်တောင်းပန်လေသည်။
သူ၏ သဘောထားမှာ အလွန်စစ်မှန်နေသည်။
သူ၏ ရိုးသားမှုကို မြင်ပြီးနောက် ယဲ့ဖန် အနည်းငယ်ဒေါသထွက်နေလျှင်ပင် ထိုဒေါသမှာ ပြေလုနီးပါး ဖြစ်သွားသည်။
“ဥက္ကဌ ခါဝါမိုတို၊ ခင်ဗျား တောင်းပန်နေစရာမလိုပါဘူး။ အဲ့တာက ဒီတိုင်း အထင်လွဲသွားတာလေးပါ”
ခါဝါမိုတိုဟီဒဲကိမှာ ယဲ့ဖန်အား လက်မထောင်ပြလာသည်။
“ယဲ့လူကြီးမင်းက သဘောထားကြီးတာပဲ။ အသက်ငယ်ငယ်လေးနဲ့ ဒီလောက်အောင်မြင်နေတာ အံ့ဩစရာမရှိတော့ပါဘူး။ တကယ်ကို လေးစားမိပါတယ်”
မြှောက်ပင့်တာသည် ပိုသည်မရှိဆိုသည့် ဆိုရိုးအတိုင်းပင် ဖြစ်သည်။
ယဲ့ဖန်အနေနှင့် ထိုလူမှ တမင်တကာ မြှောက်ပင့်နေသည်ကို သိပါသော်လည်း သူ သဘောကျမိနေဆဲဖြစ်သည်။
ဤလူအပေါ် သူ၏အမြင်မှာလည်း ပိုကောင်းလာသည်။
ခါဝါမိုတိုဟီဒဲကိ တစ်ယောက်သည် ယဲ့ဖန်နှင့် မျက်နှာချင်းဆိုင်ဆိုဖာတွင် ဝင်ထိုင်လိုက်ကာ သူ့မျက်လုံးထဲရှိ လေးစားမှုများမှာ ဖုံးကွယ်မရပေ။
“ကျွန်တော် တောင်ပိုင်းကွမ်တုန်းပြည်နယ်ကို အကြိမ်တော်တော်များများ ရောက်ဖူးပါတယ်။ အဲ့နေရာကို တော်တော်လေးလည်း သဘောကျမိတယ်။ အဓိကကတော့ အစားအသောက်တွေပေါ့။ အခုစဉ်းစားရင်းနဲ့တောင် သွားရည်ယိုလာတယ်”
ထိုလူမှာ အလွန်စကားများ၏။
ပြောဆိုနေသည်မှာ တောင်ပိုင်း ကွမ်တုန်းပြည်နယ်၏ အစားအသောက်များမှစကာ မြေမျက်နှာသွင်ပြင်နှင့် လူတို့၏ သမိုင်းကြောင်းများအထိပါ ရောက်သည်။
ယဲ့ဖန်ကဲ့သို့ နယ်ခံတစ်ဦးပင် မသိသည့် အရာများပါ ပါသေးသည်။
“ကျွန်တော်တော့ တောင်ပိုင်းကွမ်တုန်းလို လှပတဲ့နေရာမျိုးကသာ ယဲ့လူကြီးမင်းလို ထူးချွန်တဲ့လူမျိုးကို မွေးထုတ်ပေးနိုင်မှာကို သိထားတယ်”
ခါဝါမိုတိုဟီဒဲကိမှာ လူသားတွေအကြောင်း အချိန်အတော်ကြာ ပြောပြီးကာမှ ယဲ့ဖန်အား ချီးမြှောက်ရင်း အဆုံးသတ်လိုက်လေသည်။
သူ၏ မြှောက်ပင့်သည့်အရည်အချင်းမှာ အတော်မြင့်သည်။
ယဲ့ဖန်ကဲ့သို့ အရေထူသည့်လူပင် သူ့ကိုယ်သူ အပ်တွေပေါ်၌ ထိုင်နေရသလို ခံစားမိသွားစေသည်။
“ဥက္ကဌက အတော်လေး ဗဟုသုတနှံ့စပ်တာပဲ။ ကျွန်တော်က သူမနဲ့တော့ မယှဉ်နိုင်ပါဘူးဗျာ။ ကျွန်တော် သန့်စင်ခန်းခဏလောက် သွားလိုက်ဦးမယ်။ ပြန်လာမှပဲ ကျွန်တော်တို့ ဥက္ကဌရဲ့ မိန့်ခွန်းတွေကို ပြန်နားထောင်တော့မယ်”
ယဲ့ဖန် ထိုသို့ပြောပြီးနောက် ထွက်ပြေးလာလိုက်သည်။
ချန်းဖေးအယ်မှာ ယဲ့ဖန်သည် သနားစရာကောင်းစွာ ထွက်ပြေးသွားသည်ကို ကြည့်ရင်း မထိန်းနိုင်ပဲ ကြိတ်ရယ်မိသွားသည်။
ယဲ့ဖန်သည် ကျန်တာ ဘာမှမကြောက်သော်လည်း အမြှောက်ခံရသည်ကို တကယ်ပင် ကြောက်လေသည်။
ထိုအချိန်အတွင်းမှာပင် ယဲ့ဖန်အိမ်သာမှ ထွက်လာကာ ဥက္ကဌ၏ ရုံးခန်းထံ ပြန်ရန်ပြင်နေစဉ်မှာပင် ရုတ်တရက် ရုံးခန်းထဲ၌ လူနှစ်ယောက်မှ တီးတိုးပြောနေသံ ကြားလိုက်ရသည်။
“ဒုဥက္ကဌ ကူရိုကီ ခင်ဗျားဒီနေ့တော့ ကျွန်တော်တို့ကို ရှင်းပြချက်ပေးရမယ်။ ဥက္ကဌခါဝါမိုတိုက အရမ်းအညှာတာမဲ့တာပဲ။ သူ့ဆီက အရိုက်ခံလိုက်ရတာ ကျွန်တော့်နားတွေတောင် ခုထိ တဝီဝီ မြည်နေတုန်းပဲ။ သူက အရမ်းရက်စက်တာပဲ”
ထိုအသံမှာ အစောက ယဲ့ဖန်တို့ကိုရန်စခဲ့သည့် လုံခြုံရေးခေါင်းဆောင်၏အသံ ဖြစ်သည်။
သူ့အသံမှာ အလွန်ညင်သာနေသည်။
ယဲ့ဖန်၏ အထူးအကြားစွမ်းရည်ကြောင့်သာ မဟုတ်ပါက အပြင်ကနေ ရှင်းလင်းစွာ ကြားနိုင်မည် မဟုတ်ပေ။
ထိုသူသည် တိုင်တောပြီးသည့်နောက် တစ်ဖက်မှ အခြားအသံတစ်သံ ထွက်ပေါ်လာသည်။
“ခေါင်းဆောင် အိုနို ၊စိတ်အေးအေးထားပါ။ ဥက္ကဌက ဟိုတရုတ်ကောင်ပျော်အောင် လုပ်ပေးလိုက်တာ။ အစထဲက ကျုပ်တို့ သဘောတူထားပြီးသားပဲမလား”
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၁၉၂ )
သရုပ်ဆောင်ရတာ ကြိုက်တယ်မလား။ ဘယ်သူပိုတော်လဲ ယှဉ်ကြည့်ကြတာပေါ့။
လုံခြုံရေးခေါင်းဆောင်မှာ မခံမရပ်နိုင် ဖြစ်နေဆဲဖြစ်သည်။
“အဲ့တာကတော့ အရမ်းမပြင်းလွန်းဘူးလား။ အဲ့ကလေးကို ခက်ခဲအောင် လုပ်ပေးရမယ်ဆို။ အဲ့တာမှ ဥက္ကဌက သူ့ကိုအပြစ်ပေးနိုင်မှာလို့ ပြောခဲ့ပေမယ့် ရိုက်ဖို့တော့ မပြောခဲ့ဘူးလေ”
“စိတ်မပူပါနဲ့၊ ဥက္ကဌက မင်းတို့ကို မညှာမတာ မလုပ်ပါဘူး။ သူ ပြန်အလျော်ပေးပါလိမ့်မယ်”
“ဘယ်လိုပေးမှာလဲ”
“မင်းကို ဆုကြေးအနေနဲ့ ယန်းတစ်သန်းပေးဖို့ ပြောပေးမယ်။ အခုက သက်သက် ထပ်ပြီး တစ်သန်းပေးမယ်။ အဆင်ပြေလား”
“ဒီလိုမှပေါ့”
“ငါ မင်းကို ပိုက်ဆံပေးမယ်။ ဒါပေမယ့် ဒါကို လျှို့ဝှက်ချက်အနေနဲ့ပဲ ထားရမယ်။ အဲ့တရုတ်ကောင် သိသွားလို့မဖြစ်ဘူး။ မဟုတ်ရင်တော့ အကျိုးဆက်တွေကို မင်းသိပါတယ်”
“ကိစ္စမရှိဘူး”
ယဲ့ဖန်အခန်းထဲမှ ခြေသံများကို ကြားလိုက်ရသည်။
လုံခြုံရေးခေါင်းဆောင် ထွက်လာခြင်း ဖြစ်မည်။
ထို့ကြောင့် ချက်ချင်း တစ်ဖက်လှည့်ကာ ထွက်လာလိုက်သည်။
ခါဝါမိုတိုဟီဒဲကိသည် တကယ့်ပစ်မှတ်ကောင်းပဲဟု ယဲ့ဖန် ထင်ခဲ့သော်လည်း မျက်နှာနှစ်ဖက်နှင့် လူယုတ်မာဖြစ်နေသည်။
ဤကဲ့သို့ ညစ်ပတ်သည့် လှည့်ကွက်မျိုးကိုပင် သုံးရဲသည်။
သို့သော်သူ၏လူတွေရဲ့နှလုံးသားကိုဝယ်သည့်နည်းမှာ အလွန်သက်ရောက်မှုရှိသည်။
သူသည် ဤစကားများကို အမှတ်မထင် မကြားခဲ့ပါလျှင် ထိုလူ၏ ပန်းလိုချိုမြသည့် စကားများဖြင့် လှည့်စားခံနေရမှာ ဖြစ်သည်။
ခင်ဗျားက သရုပ်ဆောင်ရတာ ကြိုက်တယ်မလား။
ဒါဆိုလည်း ကျွန်တော်တို့ ပြိုင်ကြတာပေါ့။
သူ ရုံးခန်းသို့ ပြန်ရောက်ချိန်၌ ခါဝါမိုတိုဟီဒဲကိသည် ချန်းဖေးအယ်နှင့် စကားပြောနေလေသည်။
သို့သော် ချန်းဖေးအယ်က စကားပြောရာ၌ မတော်တာကြောင့် ခါဝါမိုတိုဟီဒဲကိမှသာ စကားစပြောနေရသည်။
ယဲ့ဖန်ပြန်လာသည်ကို မြင်ပြီးနောက် သူသည် တက်ကြွစွာမတ်တပ်ရပ်လာသည်။
“ဟားဟား၊ နောက်ဆုံးတော့ ယဲ့လူကြီးမင်း ပြန်လာပြီ။ ကျွန်တော်တို့အခုပဲ ခင်ဗျားအကြောင်း ပြောနေကြတာ”
ယဲ့ဖန် ထိုလူ၏ အပြုံးတုကို ကြည့်ကာ စိတ်ထဲ၌ လှောင်ရယ်နေသော်လး အပြင်၌ ယဉ်ကျေးဟန်ဆောင်နေလိုက်သည်။
“ဟုတ်လား၊ ကျွန်တော့်အကြောင်းလား”
ခါဝါမိုတိုဟီဒဲကိ ဆိုဖာ၌ ထိုင်လိုက်သည်။
“ယဲ့လူကြီးမင်း လေယာဉ်ပေါ်မှာ လူထူးဆန်းတစ်ယောက်နဲ့တွေ့ခဲ့သေးတယ်ဆို။ အဲ့လူယဉ်ကျေးသွားအောင် နည်းလမ်း နည်းနည်းထုတ်သုံးခဲ့တယ်လို့ မိန်းကလေးချန်းက ပြောပြတယ်။ တကယ်လေးစားစရာပဲဗျာ၊ ဟားဟား”
ယဲ့ဖန် မည်သို့ ပြန်တုံ့ပြန်ရမည်လဲဆိုတာကို တွေးနေလိုက်သည်။
ထိုလူသည် သူ့ကို လာကစားရဲသူဖြစ်၍ သူသည်လည်း ကျိန်းသေပေါက် အလွတ်မပေးနိုင်ချေ။
ထိုအချိန်၌ ရုတ်တရက်ပင် ခါဝါမိုတိုဟီဒဲကိ၏ စားပွဲအနောက်ရှိ လျှို့ဝှက်တံခါးကို တွေ့လိုက်သည်။
ထိုသည်မှာ မီးခံသေတ္တာ သို့မဟုတ် တစ်ခုခု ဖြစ်နိုင်သည်။
ယဲ့ဖန် သိချင်လာသောကြောင့် နက်ရှိုင်းသည့် စစ်ဆေးခြင်းကို အသက်သွင်းလိုက်သည်။
သိပ်မကြာခင်မှာပင် မီးခံသေတ္တာထဲရှိ ပစ္စည်းများ၏ အချက်အလက်များ သူ့ရှေ့၌ ပေါ်လာသည်။
[သုံးရောင်စပ် ကြိုးနှစ်ချောင်းဖြင့် အလှဆင်ထားသည့် ထန်မင်းဆက် လက်ဖက်ရည်အိုး၊ အစစ်ဟု သတ်မှတ်ရရှိပါသည် ..........]
[လျှို့ဝှက်ရေပူစမ်းအဆောင်တော်၏ အစောင့်အရှောက်သုံးပါး ပြုလုပ်ခဲ့သည့် ကြွေခွက်၊ အစစ်ဟု သတ်မှတ်ရပါသည်.....]
[မြောက်ပိုင်းစုန့်မင်းဆက်၌ ထွင်းထုခဲ့သည့် အဠဂံပုံပန်းကန်လုံး၊ အတုဟုတ်သတ်မှတ်ပါသည်....]
မီးခံသေတ္တာထဲ၌ တန်ဖိုးကြီးရှေးဟောင်းပစ္စည်းများစွာ ရှိနေသလို ကောင်းစွာ ပြုလုပ်ထားသည့် အတုများလည်း ရှိနေသည်။
သိလာရသည်များမှာ ယဲ့ဖန်အား ပိုလို့ပင် စိတ်ဝင်စားစေလေ ဖြစ်သည်။
ချန်းဖေးအယ်မှ ယဲ့ဖန်ကို ပြောပြခဲ့သည့်သတင်းများအရဆိုလျှင် ခါဝါမိုတိုကုန်သွယ်ရေးကုမ္ပဏီသည် ရှေးဟောင်းပစ္စည်းများကို မရောင်းဝယ်ပေ။
ဒါဆို ဘာလို့ သူ့ဆီမှာ ရှေးဟောင်းပစ္စည်းတွေ ဒီလောက် များနေရတာလဲ။
ထို့အပြင် သူသည် လူမြင်ကွင်း၌ ပြသမထားပဲ မီးခံသေတ္တာထဲသာ ထည့်သိမ်းထားသေးသည်။
ယဲ့ဖန် သံသယဝင်လာသောကြောင့် ချက်ချင်း မေးလိုက်သည်။
“ဥက္ကဌ ရှေးဟောင်းပစ္စည်းတွေ စုရတာ ဝါသနာပါတာလား”
ခါဝါမိုတိုဟီဒဲကိ ကြောင်သွားသည်။
“ရှေးဟောင်းပစ္စည်းလား။ ကျွန်တော် အဲ့အကြောင်းတွေ တစ်ခါမှ မလေ့လာဖူးတော့ မစုဖြစ်ဘူး။ ယဲ့လူကြီးမင်းက ဘာလို့ မေးတာလဲ”
သူ့အဖြေမှာ ယဲ့ဖန်အား ပိုလို့ပင် သံသယတိုးလာစေသည်။
သူသည် မီးခံသေတ္တာထဲ၌ ရှေးဟောင်းပစ္စည်းများစွာ ရှိနေပါသော်လည်း ငြင်းဆန်လာသည်။
ထိုထဲ၌ ပြောမပြနိုင်သည့် လျှို့ဝှက်ချက်တစ်ခုတော့ ရှိရပေမည်။
ထို့နောက် ရှန်းပိုင်ထျန်းပြောခဲ့ဖူးသည့် စကားများကို ပြန်အမှတ်ရသွားကာ ပိုလို့ပင် သံသယဖြစ်လာသည်။
သို့သော် တစ်ဖက်ရန်သူကို သတိပေးသလို ဖြစ်သွားမည်စိုး၍ သူသည် ဆက်မမေးတော့ဘဲ ရိုးရှင်းစွာပင် ဆင်ခြေတစ်ခုပေးလိုက်သည်။
“ဒီတိုင်းမေးကြည့်တာပါ။ ကျွန်တော့်ဆီမှာ ရှေးဟောင်းပစ္စည်းဆိုင်တစ်ချို့ ရှိတယ်။ ဥက္ကဌက အဲ့တာတွေ စုရတာ ကြိုက်တယ်ဆိုရင် လက်ဆောင်အဖြစ်ပေးမလို့။ မကြိုက်ဘူးဆိုတော့လည်း ထားလိုက်ပါတော့”
ခါဝါမိုတိုဟီဒဲကိလည်း ထိုအကြောင်း ထပ်မတွေးတော့ပေ။
သူတို့နှစ်ဦး အနည်းငယ် ထပ်၍ စကားပြောလိုက်ကြပြီးနောက် ပူးပေါင်းမည့်ကိစ္စကို ဆက်လက် ဆွေးနွေးကြသည်။
ခါဝါမိုတိုဟီဒဲကိသည် ရက်ရောပြီး စေတနာရှိသည့်ပုံဟန်ဆောင်ထားသည်ဖြစ်ရာ ကိစ္စအသေးလေးတွေကို လိုက်မပြောသောကြောင့် ဆွေးနွေးခြင်းမှ အဆင်ပြေစွာပင် ပြီးသွားလေသည်။
နာရီဝက်ကြာပြီးနောက် နှစ်ဖက်လုံးမှ ပူးပေါင်းရန်အတွက် အစောပိုင်း သဘောတူညီမှုများ ပြီးသွားပြီ ဖြစ်သည်။
နောက်ဆက်တွဲအနေနှင့် အောက်မှလူများ အသေးစိတ်ဆွေးနွေးရန်သာ ကျန်တော့သည်။
သူတို့နှစ်ဦးလုံးသည် ကုမ္ပဏီ၏ ခေါင်းဆောင်များဖြစ်သည့်အလျောက် ကိုယ်တိုင်ကိုယ်ကျ အသေးစိတ် အချက်အလက်များ မပြောပေ။
လက်တွဲလုပ်ရန် ဆွေးနွေးပြီးနောက် နှစ်ဖက်လုံးသည် တစ်ယောက်ကိုတစ်ယောက် ကိုယ်ရည်သွေးပြီးနောက် ယဲ့ဖန်မှအရင် ပြန်ရန် ပြင်လိုက်သည်။
ခါဝါမိုတိုဟီဒဲကိမှာ သူတို့နှစ်ဦးအား နေ့လည်စာ ဖိတ်ကျွေးချင်နေသည်။
သို့သော် တစ်ဖက်သူ၏ မပြောင်းသည့် သဘောထားကို မြင်ပြီးနောက် ရွေးချယ်စရာမရှိတော့ဘဲ သူတို့နှစ်ဦးအား လိုက်ပို့လိုက်ရသည်။
ထို့နောက် ပြန်ရန် ထွက်လာကြသည်။
ခါဝါမိုတိုကုန်သွယ်ရေးကုမ္ပဏီ၏ ဝန်ထမ်းများမှာ ပိုလို့ပင် အံ့ဩရသည်။
ဥက္ကဌသည် ထိုလူငယ်လေးကို အတော် အရေးပေးပုံရသည်။
သူသည် ကိုယ်တိုင်ထွက်၍ ကြိုဆိုရုံတင်သာမက ကိုယ်တိုင်လည်း ပြန်လိုက်ပို့ပေးသည်။
ဥက္ကဌမှ တစ်ယောက်ယောက်အား ဤသို့ ဆက်ဆံသည်မျိုး သူတို့တစ်ခါမှမမြင်ဖူးပေ။
ဝန်ထမ်းအားလုံး ယဲ့ဖန်အကြောင်း စပ်စုချင်လာကြသည်။
တစ်ဖက်လူမှ တကယ်ပင် တရုတ်လူမျိုးဖြစ်နေသည်ကို သိရှိပြီးနောက် သူတို့သည် ပိုလို့ပင်အံ့ဩသွားရသည်။
သူတို့အနေနှင့် တရုတ်များကို အမြဲအထင်သေးခဲ့သော်လည်း ထိုတရုတ်လူမျိုးမှာတော့ ဥက္ကဌထံမှ အထူးအရေးပေးခံရလေသည်။
ထိုအရာက သူတို့ကို အတော်လေး အံ့ဩစေသည်။
ခါဝါမိုတိုဟီဒဲကိသည် ယဲ့ဖန်တို့ကို ဝင်ပေါက်သို့ လိုက်ပို့ပြီးနောက် သူတို့ ထွက်ခွာသွားသည်ကို ကြည့်နေရင်း သူ့မျက်နှာထက်ရှိ အပြုံးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
အစောပိုင်း တွေ့ဆုံမှုအရ ထိုကလေးမှာ သိပ်မဆိုးပေ။
သူ လှည့်ကွက် အနည်းငယ် သုံးလိုက်ရုံနှင့် ထိုကလေးသည် ရင်ထဲထိသွားကာ သူ့ကိုပင် လူယုံဖြစ်စေချင်သွားသည်။
ဒီလိုအမှိုက်မျိုးက အထက်ကလူတွေရဲ့ အာရုံစိုက်မှုနဲ့တောင် တန်ရဲ့လား။
ဒါကြီးကသိပ်မများလွန်းဘူးလား။