အခန်း (၁၂၀၉-၁၂၁၂)
Vol. 61 Ch. 1209-1212
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၀၉ )
ဒီနေရာကို ဆင်းရဲတဲ့သူတွေ မဝင်ရဘူးလို့ စည်းကမ်းရှိလို့လား
ချန်းဖေးအယ်၏ မျက်လုံးလှလှလေးများသည် ယဲ့ဖန်အား ဝါးစားတော့မတတ် ပြူးကျယ်နေသည်။
ယဲ့ဖန် မူလ၌ အနည်းငယ် အပြစ်စိတ်ဝင်မိသည်။
သို့သော် တွေးမိသည့်အခါ သူ ဘာအပြစ်မှ မလုပ်ထားပေ။
ဘာကို ကြောက်နေစရာလိုလို့လဲ။
ထိုသည်ကို တွေးကြည့်ပြီးနောက် ယဲ့ဖန် သူမကို ပို၍ အပြစ်ကင်းမှန်ကန်စွာ ကြည့်လိုက်သည်။
သူ၏ အကြည့်ကြောင့် ချန်းဖေးအယ် ဘာဆက်လုပ်ရမည်ကို မသိတော့ပေ။
သူမ သူ့ကို တကယ်ပဲ မှားပြီး စွပ်စွဲမိတာလား။
အဝတ်တွေကို ကိုယ့်ဟာကိုယ် ချွတ်မိတာလား။
သူမ မနက်နိုးလာသည့်အခါ သေချာစစ်ဆေးခဲ့သည်။
သူမ၏ အပေါ်ဝတ်အား အချွတ်ခံရသည်မှလွဲ၍ အတွင်းခံများအား အထိခံရသည့် အစအနမရှိပေ။
ထို့အပြင် မိန်းမပျိုအဖြစ်အား ကိုယ်စားပြုသည့်နေရာမှာလည်း တင်းမာနေသေး၍ တစ်ဖက်လူမှ အခွင့်ကောင်းယူပြီး အရှက်မဲ့သည့်ကိစ္စ မလုပ်ခဲ့ကြောင်း သက်သေပြနေလေသည်။
ယဲ့ဖန်သည် သူမ ပြန်လည်ဆင်ခြင်နေသည်ကို တွေ့ပြီး ချက်ချင်း ပြန်ပြောလိုက်သည်။
" မင်း ကိုယ့်အခန်းထဲကို ပြေးဝင်လာပြီး အသရေဖျက်နေတာလား။ လူငယ်လေးတစ်ယောက်ရဲ့ ရိုးသားဖြူစင်မှုက အရေးမပါတော့ဘူးလား "
ချန်းဖေးအယ် တစ်စုံတစ်ခုအား ပြန်ပြောချင်သော်လည်း မည်သည့်နေရာက စရမည်ကို မသိပေ။
ထိုအချိန် ယဲ့ဖန် မြေပြင်ပေါ်သို့ ပစ်ချထားသော် ပေကျံနေသည့် အတွင်းခံကို သူမ မြင်လိုက်ရသည်။
အဲ့တာက ......
" အရှက်မရှိတဲ့ကောင် "
သူမ၏ မျက်နှာလှလှလေးမှာ နားရွက်များအထိ နီရဲနေသည်။
တံခါးကို ဆောင့်ပိတ်ပြီး ထွက်ပြေးသွားတော့သည်။
ယဲ့ဖန် မြေကြီးပေါ်မှ အောက်ခံကို ကြည့်လိုက်သည်။
သူ အလွန်ပင် ရှက်ရွံ့သွားရသည်။
သွားပြီ။
သူ ကျိန်ဆိုပြလျှင်ပင် သူ့နာမည်ပျက်ကို ရှင်းနိုင်လိမ့်မည် မဟုတ်တော့ပေ။
ဒီမိန်းကလေး သူ့ကို နှာဘူးလို့ ထင်သွားလောက်ပြီ။
သူ အင်္ကျီဝတ်ပြီးနောက် အိပ်ခန်းထဲမှ ပြန်ထွက်လာသောအခါ ချန်းဖေးအယ်သည် ဧည့်ခန်းထဲ၌သာမက အိပ်ခန်းထဲမှာပင် ရှိမနေပေ။
သူမ ပုန်းရှောင်နေခြင်း ဖြစ်နိုင်သည်။
" ဟူး၊ သူမက တကယ် အတွေ့အကြုံမရှိတာပဲ။ ဒါက အောက်ခံလေးတင်ပဲ မဟုတ်ဘူးလား။ ဘာတွေ ရေးကြီးခွင်ကျယ် လုပ်နေတာလဲ "
ယဲ့ဖန် သူ့ကိုယ်သူ ရေရွတ်လိုက်ပြီးနောက် ရေချိုးဆေးကြောကာ ထွက်လာသည်။
နီရှီကျို ဂင်ဇာ ဈေးဝယ်အဆောက်အဦးသည် သူနေသည့်ဟိုတယ်နှင့် သိပ်မဝေးပေ။
လမ်းပိတ်နိုင်ခြေများကို ထည့်တွက်လျှင်မူ နာရီဝက်လောက်သာ ကြာနိုင်သည်။
ထိုအဆောက်အဦးအား ကမ္ဘာကျော်ဒီဇိုင်းပညာရှင်မှ ရေးဆွဲထားသည်။
ကြည့်ရသည်မှာ ခမ်းနားသော်လည်း ခေတ်မှီပြီး စတိုင်ကျသည်။
ယဲ့ဖန်သည် အချက်အလက်များကို စစ်ဆေးပြီး ဖြစ်သည်။
ဤအဆောက်အဦးမှာ ၁၂ထပ်ရှိသည်။
မြေပြင်ပေါ်၌ ၁၀ထပ်ရှိကာ မြေအောက် ၂ထပ်ရှိသည်။
ဤနေရာကြီးအောက်၌ ရပ်နေရသည်က သူ့ကို ဂုဏ်ယူစေသည့် ခံစားချက်တစ်မျိုး ပေးစွမ်းသည်။
သူသည် စီးပွားရေးလုပ်ငန်းများစွာ လက်ဝယ်ယူဖူးသော်လည်း ဤတစ်ကြိမ်အား အထူးတလည် စိတ်လှုပ်ရှားနေသည်။
သူ၏ ယခင်စီးပွားရေးလုပ်ငန်းများသည် ပြည်တွင်း၌သာ အခြေစိုက်ပြီး ဤသည်က ပထမဆုံး နိုင်ငံခြားခြေလှမ်း ဖြစ်သည်။
ထို့ကြောင့် အထူးတလည် အရေးပါလှသည်။
သို့သော် ယဲ့ဖန်သည် လွှဲပြောင်းခြင်းကို ချက်ချင်း မလုပ်ချင်ပေ။
ထိုကိစ္စမတိုင်မီ ဤအဆောက်အဦးထဲ၌ လှည့်ပတ် ခံစားကြည့်ချင်သေးသည်။
သူသည် ရုပ်ဖျက်ပြီး လေ့လာသည်ဟု ဆိုနိုင်သည်။
သံသယမရှိစွာပင် ဤသို့ အဆင့်မြင့်ကုန်တိုက်အဆောက်အဦးထဲသို့ ဝင်နိုင်သူများသည် အလွန်မဆင်းရဲကြပေ။
ပိုက်ဆံအိတ်သည် လုံလောက်စွာ မကြီးပါက တံခါးပေါက်ကို ဖြတ်နိုင်သည့်သတ္တိပင် မရှိလောက်ချေ။
အဆောက်အဦးအတွင်းထဲမှ အသုံးအဆောင်များဖြစ်သော ဓာတ်လှေကားမှစ ဆိုင်များ၊ ဆိုင်းဘုတ်များ အဆုံးထိ အလွန်ဖက်ရှင်ကျ ခမ်းနားဝင့်ထည်လေသည်။
ယဲ့ဖန်သည် စက်လှေကားမှ တစ်လျှောက် ကြည့်နေသည်။
စားသောက်ဆိုင်များ၊ ဈေးဝယ်ဆိုင်များ၊ ဖျော်ဖြေရေးနှင့် အခြားဆိုင်များရှိသည်။
ထို့အပြင် လူအဝင်အထွက်နှုန်းမှာလည်း အတော်များသည်။
နာမည်ကြီးကုန်အမှတ်တံဆိပ်ဆိုင်များ၌ လူများ ပြည့်ကြပ်နေသည်။
ထိုလူများမှာ အလွန်ချမ်းသာသည်ဟု တွေးမိသည့်အပြင် သူ၏ စီးပွားရေးအပေါ် အလွန်ကျေနပ်နေမိသည်။
ယဲ့ဖန်၏ ပုံစံမှာ မြို့တက်လာသော တောသားနှင့် တူနေလေသည်။
ထို့ကြောင့် လူအတော်များ၏ အထင်သေးသည့်ပုံကို ရှောင်လွှဲလို့မရချေ။
သို့သော် ယဲ့ဖန်သည် ဂရုမစိုက်ဘဲ ဘေးပတ်လည်ကို ပျော်ရွှင်စွာ ပတ်ကြည့်နေသည်။
သူသည် ၆လွှာမြောက် ဈေးဝယ်ဧရိယာသို့ ရောက်သည့်အခါ ဈေးကိုသာ အလွန်အာရုံစိုက်ထားမိ၍ ထောင့်မှ ထွက်လာသော လူတစ်ယောက်နှင့် တိုက်မိသွားသည်။
" အား ....... "
ထိုလူသည် ချက်ချင်း နောက်သို့ လဲကျသွားပြီး သူ့လက်ထဲရှိ အချိုရည်နှစ်ဘူး လွင့်ထွက်သွားသည်။
ယဲ့ဖန် လျင်မြန်စွာ တုံ့ပြန်လိုက်သည်။
သူသည် လက်နှစ်ဖက်ကို အလျင်အမြန် ဆန့်ထုတ်လိုက်ပြီး မြေပြင်ပေါ်သို့ ကျတော့မည့် အချိုရည်နှစ်ဘူးကို ဖမ်းဆုပ်လိုက်သည်။
ထို့နောက် သူ့လက်တစ်ဖက်ကို အသုံးပြု၍ ထိုလူကို ဆွဲလိုက်သည်။
ယဲ့ဖန်သည် ထိုလူထဲသို့ ပြေးသွားပြီး သောက်စရာများကို ဆွဲယူကာ လူကို တစ်ချက်တည်းဖြင့် ဆွဲလိုက်နိုင်သည်။
တစ်စက္ကန့်နီးပါးအတွင်း လုပ်သွားသည်မှာ အလွန်ပြေပြစ်သည်ဟု ဆိုနိုင်သည်။
ထို့ကြောင့် ဖြတ်သွားဖြတ်လာ အနည်းငယ်သည် ထိုမြင်ကွင်းကို အံ့အားသင့်နေကာ သူ့ကို မယုံကြည်နိုင်စွာ လှမ်းကြည့်ကြသည်။
သို့သော် ယဲ့ဖန် ဆွဲခံရသော အမျိုးသားသည် ထိုသည်ကို မမြင်လိုက်ပေ။
သူသည် ယဲ့ဖန်ကို ချက်ချင်းပင် ဒေါသတကြီး စိုက်ကြည့်သည်။
" မင်းမှာ မျက်လုံးမရှိဘူးလား။ ဒီလို လူတစ်ယောက်လုံးရှိနေတာကို မမြင်ဘူးလား "
ထိုလူသည် အသက်မကြီးသေးချေ။
ပို၍တိကျစွာ ပြောရလျှင် သူသည် ကောင်ငယ်လေးတစ်ယောက်သာ ဖြစ်သည်။
သူ့ကို ကြည့်ရသည်မှာ အသက် ဆယ့်ရှစ်နှစ် သို့မဟုတ် ဆယ့်ကိုးနှစ်ဝန်းကျင်ဖြစ်ကာ ယဲ့ဖန်ထက် နှစ်နှစ်သုံးနှစ် ပိုငယ်နိုင်သည်။
သူသည် အလွန်ချောမောပြီး ခေါင်းမှ ခြေဖျားထိ နာမည်ကြီးတံဆိပ်များသာ ၀တ်ဆင်ထားသည်။
သို့သော် လိုက်ဖက်စွာ ဝတ်ဆင်ထားသည်။
ဤသို့ကောင်လေးများသည် မိန်းကလေးများကြား၌ ရေပန်းစားသည်။
သို့သော် သူပြောလာသည့် စကားများမှာ အနည်းငယ် ပြင်းထန်သည်။
အမှန်တကယ်တွင် သူတို့နှစ်ဦး တိုက်မိသည်မှာ ယဲ့ဖန်မှ လမ်းကို သတိမထားမိသည့်အပြင် ထိုလူသည် ထောင့်မှ ပြေးထွက်လာကာ သူ့အရှိန်မှာ အလွန်ပြင်းသောကြောင့် ဖြစ်သည်။
ထိုသည်မှာ အကြောင်းပြချက်များဖြစ်သည်။
ယဲ့ဖန် စကားမများချင်ပေ။
ထို့ကြောင့် ရက်ရောစွာ တောင်းပန်လိုက်သည်။
" ခုနက သတိမထားမိလိုက်လို့ပါ။ တောင်းပန်ပါတယ် "
ထိုသို့ပြောပြီး အအေးနှစ်ဘူးကို ကမ်းပေးလိုက်သည်။
လူငယ်လေးသည် ထိုသောက်စရာများကို ဆွဲယူလိုက်သည်။
သို့သော် သူ၏ အမူအရာမှာ မကောင်းသေးချေ။
ယဲ့ဖန်သည် ဤကိစ္စ ပြောပြီးသည့်နောက် ဒီအတိုင်း လှည့်ပြန်သွားချင်သည်။
သို့သော် ထိုအချိန်၌ ထိုလူငယ်လေးမှ ရုတ်တရက် ရွဲ့စောင်းပြီး ပြောလာသည်။
" ကမ္ဘာကြီးကို မမြင်ဖူးတဲ့ တောသားပဲ။ ဘာလို့ ဒီလိုနေရာမျိုးကို လာတာလဲ။ ဒီက တစ်ခုခု ကျိုးပျက်သွားရင် တစ်ဘဝလုံးတောင် ဆပ်ကုန်မှာ မဟုတ်ဘူး "
ထိုစကားကို ယဲ့ဖန် ကြားသောအခါ သူ့မျက်နှာပေါ်မှအပြုံးသည် ရုတ်တရက် အေးခဲသွားတော့သည်။
လှည့်လာပြီး ထိုကောင်လေးကို စိုက်ကြည့်လိုက်သည်။
" ဒီနေရာကို ဆင်းရဲတဲ့လူတွေ မလာရဘူးဆိုတဲ့ စည်းမျဉ်းရှိလို့လား "
ထိုလူငယ်လေးသည် ဒေါသထွက်နေဆဲဖြစ်သည်။
ယဲ့ဖန်မှ ပြန်ပြောလာသည်ကို မြင်သည့်အခါ ခွန်းတုံ့ပြန်တော့သည်။
" အဲ့လိုတော့ မဟုတ်ပေမဲ့ တချို့လူတွေက ကိုယ့်အခြေအနေကိုယ် သိသင့်တယ်။ မင်းနဖူးမှာ ဆင်းရဲသားလို့ စာမကပ်ထားရုံပဲ "
ယဲ့ဖန် အေးစက်စွာ ရယ်လိုက်သည်။
" ဒီက သူဌေးကတောင် ဆင်းရဲသားတွေ မဝင်ရဘူးလို့ မပြောထားတာ မင်းက မင်းကိုယ်မင်း ဘာထင်နေလို့လဲ "
ငြင်းဆန်နေမှုကြောင့် လူအချို့မှာ ရပ်ပြီး ကြည့်နေကြသည်။
ထိုလူငယ်လေးသည် မှားနေမှန်းသိသော်လည်း လူအများကြီးရှေ့၌ အရှုံးမခံချင်ပေ။
" မင်းကိုပဲ မကြိုက်တာ။ ငါက မင်းလိုလူနဲ့ တစ်နေရာတည်း မနေနိုင်ဘူး။ ဘာဖြစ်လဲ၊ မင်း မျက်နှာမပျက်ချင်ရင် ထွက်သွားလိုက်တော့ "
ယဲ့ဖန်၏ မျက်နှာ၌ အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်လာတော့သည်။
" မကြိုက်တာနဲ့ ကျန်တဲ့သူတွေက မင်းသဘော လိုက်လုပ်ပေးရမှာလား။ ကမ္ဘာကြီးကို မင်းအဖေပိုင်တယ် ထင်နေလား "
ယဲ့ဖန်၏ ထိုစကားကို ကြားသောအခါ ထိုလူငယ်လေး၏ အမူအရာမှာ ပြောင်းသွားသည်။
ထို့ကြောင့် ယဲ့ဖန်မျက်နှာကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
" မင်းမှာ သတ္တိရှိရင် ထပ်ပြောလိုက်စမ်း "
ယဲ့ဖန် ပြန်ပြောတော့မည့်အချိန် အနောက်မှ မိန်းကလေးတစ်ယောက်၏အသံကို ရုတ်တရက် ကြားလိုက်ရသည်။
" ရှောင်ပေ့၊ ဘယ်သူနဲ့ ငြင်းခုန်နေတာလဲ "
ဟမ်
တရုတ်စကားသံလား။
ပြီးတော့ သူမအသံက ရင်းနှီးလိုက်တာ။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၁၀ )
သူက ငါ့ယောက်ဖ ဖြစ်ချင်လို့လား
" ကျွင်းကျွင်းလား "
" အစ်မ ..... "
ယဲ့ဖန်နှင့် ထိုလူငယ်လေးမှာ တစ်ချိန်တည်း ပြောလိုက်ကြသည်။
ပြေးလာသူမှာ လင်းကျွင်းကျွင်း ဖြစ်သည်။
လင်းကျွင်းကျွင်းသည် ဤကာလအတွင်း ဂျပန်သို့ လာမည်ဖြစ်ကြောင်း သူ့ကို ပြောပြဖူးသည်။
ထို့အပြင် သူမသည် ကိုယ်တိုင်ဂျပန်စာပင် လေ့လာနေကြောင်း ပြောခဲ့သည်။
ယဲ့ဖန် သူမကို ဤနေရာ၌ တွေ့ရမည်ဟု မထင်ထားပေ။
သူ့အား ပို၍ အံ့ဩစေသည်မှာ ထိုကောင်လေးမှ သူမကို 'အစ်မ'ဟု ခေါ်လိုက်ခြင်း ဖြစ်သည်။
လင်းကျွင်းကျွင်းသည်လည်း ယဲ့ဖန်ကို မြင်သည့်အခါ ရပ်လိုက်သည်။
" ယဲ့ဖန်လား။ ရှင် ဒီမှာ ဘာလုပ်နေတာလဲ "
ဤတစ်ကြိမ်သည် ထိုလူငယ်လေး အံ့အားသင့်ရသည့် အလှည့်ဖြစ်သည်။
" အစ်မ၊ သူ့ကို သိတာလား "
လင်းကျွင်းကျွင်း မဖြေပေ။
ထိုအစား သူမက မေးလိုက်သည်။
" ရှင်တို့နှစ်ယောက် ငြင်းခုံနေကြတာ ကြားလိုက်တယ်။ ဘာဖြစ်ကြတာလဲ "
အစောပိုင်းက မောက်မာသည့် မျက်နှာထားနှင့် လူငယ်လေးသည် ယခုအခါ အတော်ပင် သနားချင့်စဖွယ် မျက်နှာထား ဖြစ်သွားသည်။
" အစ်မ၊ အဲ့တာ ကျွန်တော့အပြစ် မဟုတ်ဘူး "
" သူက ကျွန်တော့်ကို အရင်ဝင်တိုက်ခဲ့တာ။ ကျွန်တော်လည်း နည်းနည်းလေး ညည်းညူလိုက်မိတာကို သူက ခွင့်မလွှတ်ဘဲ ကျွန်တော့်ကိုတောင် လာရိုက်သေးတယ် ..... "
သူသည် သူ့အစ်မ၏ စိတ်ဓာတ်ကို ကောင်းမွန်စွာ သိလေသည်။
သူမသည် အပြင်လူများနှင့် ရင်ဆိုင်ရသောအခါတွင် သူမအသိများကို အလွန်ကာကွယ်ပေးတတ်သည်။
ယခင်အခါများက သူမသည် သူ တစ်စုံတစ်ယောက်နှင့် ရန်ဖြစ်တိုင်း မဆိုင်းမတွ သူ့ဘက်က ရပ်တည်ပေးသည်။
ဤတစ်ခါလည်း ရပ်တည်ပေးပေလိမ့်မည်။
သို့သော် သူ မမျှော်လင့်ထားသည့်အရာမှာ သူ့စကားကို ကြားသောအခါ လင်းကျွင်းကျွင်း၏ မျက်နှာသည် မည်းမှောင်သွားသည်။
" ဒီတစ်ခါ နင်မှားတာ သေချာတယ်။ ယဲ့လူကြီးမင်းကို အခု တောင်းပန်လိုက် "
ထိုလူငယ်လေးသည် ထိတ်လန့်သွားသည်။
" အစ်မ၊ သူက ကျွန်တော့်ကို ရိုက်တဲ့သူလေ။ ဘာလို့ တောင်းပန်ရမှာလဲ။ အစ်မက ဘာလို့ အပြင်လူတွေဘက်က ပါနေတာလဲ "
လင်းကျွင်းကျွင်းသည် သူ့အား စိတ်မ၀င်စားနိုင်တော့ဘဲ ယဲ့ဖန်ဘက်ကို လှည့်ကာ တောင်းပန်သည့် အပြုံးပြုံးလိုက်သည်။
" ဒါ ကျွန်မမောင်လေး လင်းရှောင်ပေ့ပါ။ သူက ဂျပန်မှာ ကျောင်းတက်နေတာ။ သူ့ကို အရမ်းအလိုလိုက်မိထားလို့ သူ့ကိုယ်စား ရှင့်ကို တောင်းပန်ပါတယ် "
ယဲ့ဖန်၏ အဆင့်အတန်းဖြင့် သူသည် ဤသို့ အလိုလိုက်ခံထားရသော ကလေးနှင့် ငြင်းခုံရန် စိတ်မ၀င်စားနိုင်ပေ။
ထို့အပြင် လင်းကျွင်းကျွင်းမှ သူ့အတွက် အသနားခံနေ၍ ယဲ့ဖန်သည် သဘာဝကျစွာ လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။
" ဘာမှမဖြစ်ပါဘူး။ ဒါက နားလည်မှုလွဲတာလေးတစ်ခုပါပဲ "
ယဲ့ဖန်သည် ငြိမ်းချမ်းရေးကို လိုလားသော်လည်း လင်းရှောင်ပေ့သည် ထိုသည်ကို လက်မလွှတ်ချင်ပေ။
သူသည် လင်းကျွင်းကျွင်းကို ဆွဲလိုက်ပြီး ပြောလိုက်သည်။
" အစ်မ၊ ဘယ်သူက သူ့ကို တောင်းပန်ခိုင်းနေလို့လဲ "
" ကျွန်တော် ဘာအမှားမှ မလုပ်ခဲ့ဘူး။ သူကမှ ကျွန်တော့်ကို ရိုက်တဲ့သူပဲ ...... "
လင်းကျွင်းကျွင်း သူ့ကို စိုက်ကြည့်နေလိုက်သည်။
" ငါ့ရှေ့မှာ ပုံပြင်တွေ လာပြောဖို့ ကြိုးစားမနေနဲ့။ ယဲ့ဖန်က နင့်ကို လာတိုက်ရင်တောင် သူက နင့်ကို တောင်းပန်မယ့်လူ "
" နင် သူ့ကို စိတ်ဆိုးအောင် တစ်ခုခုပြောခဲ့တာ မဟုတ်လား "
ဤလူနှစ်ယောက်ကို သူမ ကောင်းမွန်စွာ သိလေသည်။
ယဲ့ဖန်၏ ပင်ကိုယ်စရိုက်နှင့် စိတ်ထားကြောင့် သူသည် သူ့မောင်ဆိုးအတွက် ခက်ခဲသည့်အရာများအား တမင်တကာ ဖန်တီးနေမည် မဟုတ်ပေ။
သူမ၏ မောင်လေးအား သူမ ပို၍ နားလည်လေသည်။
သူမသည် မောင်ဖြစ်၍ ကာကွယ်ပေးသောကြောင့် သူ့စရိုက်အား နားမလည်ဘူးဟု မဆိုလိုချေ။
" မဟုတ်ဘူး၊ ကျွန်တော် ဘာမှမပြောဘူး "
လင်းရှောင်ပေ့ ဆက်လက် ငြင်းဆန်နေသည်။
" သူ့ကို လောကကြီးကို မမြင်ဖူးတဲ့ တောသားလို့ ပြောတာဘဲ မဟုတ်ဘူးလား။ ကျွန်တော် ဘာမှ မမှားဘူး "
" သူက လှည့်ပတ်ကြည့်နေမှတော့ တောသား မဟုတ်လို့လား "
လင်းကျွင်းကျွင်းသည် သူမမောင်၏ စကားများကြောင့် ချက်ချင်း ဒေါသထွက်သွားသည်။
" တောသားတဲ့လား။ ဟားဟား၊ သူ ဘယ်သူလဲဆိုတာ နင် သိလို့လား "
လင်းရှောင်ပေ့သည် ယဲ့ဖန်အား အထင်သေးစွာ လှမ်းကြည့်လိုက်သည်။
" ဘယ်သူမလို့လဲ "
" သူက ငါ့သူဌေး "
လင်းကျွင်းကျွင်း သူ့နှဖူးကို ရိုက်လိုက်သည်။
" သူက မေပယ်ရွက်ဆိုင်က သူဌေးကြီးပဲ "
သူမသည် ယဲ့ဖန်၏ အခြားဂုဏ်ပုဒ်များကို လင်းရှောင်ပေ့အား မပြောပြခဲ့ပေ။
အားလုံးကို ပြောပြလိုက်ပါက သူမမောင်လေး ထိတ်လန့်သွားမည်ကို စိုးရိမ်လေသည်။
ထိုသည်က လူတိုင်းကို အံ့သြစေနိုင်သည်။
လင်းရှောင်ပေ့သည် လင်းကျွင်းကျွင်း၏ ပြောကြားချက်များအရ မေပယ်ရွက်ရှေးဟောင်းပစ္စည်းဆိုင်သည် ၁ဘီလီယံကျော် တန်ဖိုးရှိသည့် ရှေးဟောင်းဆိုင်တစ်ခုဖြစ်ကြောင်း သိထားသည်။
တစ်နည်းအားဖြင့် ဆိုရသော် သူ့ရှေ့မှ လူသည် အနည်းဆုံး ယွမ် ၁ ဘီလီယံတန်ကြေးရှိသည်။
သူသည် ယဲ့ဖန်အား ဆင်းရဲသားဟု လှောင်ပြောင်ခဲ့ဖူးသော်လည်း ယခုအခါ သူကသာ လူရွှင်တော်တစ်ယောက်လို ဖြစ်နေသည်။
သူတို့၏ မိသားစုနောက်ခံမှာ မဆိုးလှသော်လည်း သာမန်လူအသိုင်းအဝိုင်းနှင့်သာ သက်ဆိုင်လေသည်။
အသားတင်ဝင်ငွေ သန်းရာနှင့်ချီသော ဤကဲ့သို့ သူဌေးကြီးများ၏အရှေ့တွင် သူ့လိုလူကသာ တကယ့်ဆင်းရဲသား ဖြစ်သည်။
" အစ်မ၊ ဒါ ... ဒါက ဟာသတစ်ခုလား။ သူက အသက် ဘယ်လောက်ရှိပြီမလို့လဲ "
လင်းရှောင်ပေ့သည် သူ၏အစ်မကို အမြန်ကြည့်ကာ သူမ နောက်နေသည်လားဆိုတာ သိရန် ကြိုးစားလိုက်သည်။
ယဲ့ဖန်၏ အသက်အရွယ်သည် သူနှင့် သိပ်မကွာလှကေ။
ထိုလူသည် သူ့ထက် အလွန်ဆုံး နှစ်နှစ် သို့မဟုတ် သုံးနှစ်ခန့်လောက်သာ ကြီးနိုင်သည်။
ဒီလောက် ငယ်ငယ်လေးနဲ့ သူ့မှာ အသားတင် ကြွယ်ဝချမ်းသာမှု ၁ ဘီလီယံ ဘယ်လိုလုပ် ရှိနိုင်မှာလဲ။
လင်းကျွင်းကျွင်းသည် သူ၏ တုံ့ပြန်မှုကို မြင်ပြီး ယဲ့ဖန်၏ ပိုင်ဆိုင်မှုများ အားလုံး သူမမောင်အား မပြောရန် ထိန်ချန်ထားလိုက်သည်မှာ မှန်ကန်ကြောင်း သိလိုက်ရသည်။
သူ့အသက်အရွယ်လောက်ပဲရှိတဲ့ ဒီလူငယ်လေးက အနည်းဆုံး ပိုင်ဆိုင်မှု ဘီလီယံ ၁၀၀ကျော်လောက် ရှိတယ်ဆိုတာ သူ သိရင် ကြောက်သွားမှာ မဟုတ်ဘူးလား။
ပို၍ ကြောက်စရာကောင်းသည်မှာ ယဲ့ဖန်သည် ဤလုပ်ငန်းများကို အောက်ခြေမှနေစပြီး တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ဤကဲ့သို့လူမျိုးကို သာမန်အသိနှင့် တိုင်းတာ၍ မရနိုင်ချေ။
" ငါက နင့်ကို ဒီလို ဟာသလုပ်နေပါ့မလား။ ငါက အိမ်ခြံမြေမန်နေဂျာအဖြစ် အလုပ်လုပ်တုန်းက ကျုံးထျန်းကန်သာယာရဲ့ အမှတ်(၁)စံအိမ်မှာ သူက နေတာ။ အဲ့မှာ ငါတို့ စတွေ့တာပဲ "
ယဲ့ဖန်၏ အောင်မြင်မှုများအားလုံးကို သူမ ပြောပြရန် အစီအစဉ်မရှိသော်လည်း သူ့မောင်လေးကို သတိပေးရန် လိုအပ်လေသည်။
သူ့ထက်သာလွန်သူ အမြဲရှိနေကြောင်း အစ်မတစ်ယောက်အနေဖြင့် အသိပညာပေးရန် လိုသောကြောင့် ပြောပြလိုက်ရသည်။
လင်းရှောင်ပေ့ ချက်ချင်း ထိတ်လန့်သွားသည်။
ကျုံးထျန်းကန်သာယာအိမ်ရာသည် မည်မျှစျေးကြီးသည်ကို သူ သိသည်။
ပျမ်းမျှစျေးနှုန်းမှာ အနည်းဆုံး ၁၀ သိန်းနီးပါးရှိပြီး စံအိမ်နံပါတ်(၁)၏ စျေးနှုန်းသည် ပို၍ပင် မြင့်မားနိုင်သည်။
ထိုနေရာတွင် နေနိုင်ရန် ချမ်းသာသူများထဲမှ အချမ်းသာဆုံးဖြစ်ရမည်။
လင်းရှောင်ပေ့သည် သူ့အစ်မ၏စကားကို ၁၀၀% ယုံကြည်ပါသော်လည်း ဝန်ခံလိုစိတ်မရှိချေ။
" ဟမ့် ဒါဆို မင်းမှာ ပိုက်ဆံရှိရင်ရော ဘာလုပ်ရမှာလဲ။ ချမ်းသာတဲ့သူတွေ အများကြီး တွေ့ဖူးတယ်။ ဘယ်လောက်ပဲ ချမ်းသာနေပါစေ သူတို့က မကောင်းတဲ့သူတွေ အများကြီးပဲ "
လင်းကျွင်းကျွင်း သူ့ကို စိုက်ကြည့်လိုက်သည်။
သူမသည် ယဲ့ဖန်ကို လျင်မြန်စွာ ကြည့်လိုက်ကာ စကားပြောင်းလိုက်သည်။
" အာ၊ ဒါနဲ့ ရှင် ဘာလို့ဒီကို ရောက်နေတာလဲ။ ရှင် ဈေးဝယ်ရတာ မကြိုက်ဘူးဆိုတာ ကျွန်မ မှတ်မိတယ် "
ယဲ့ဖန် လှည့်ပတ်ကြည့်လိုက်သည်။
" ကိုယ် ကိစ္စတစ်ခုခုလုပ်ဖို့ ဒီကို လာခဲ့တာ။ မင်းရော တစ်ခုခုဝယ်ဖို့ လာတာလား "
လင်းကျွင်းကျွင်း ခေါင်းညိတ်လိုက်သည်။
" မနေ့ကပဲ လေယာဉ်ဆင်းတော့ ဒီနေ့မှ မောင်လေးစီ လာပြီး အဝတ်အစားတွေ ဝယ်ပေးဖို့လုပ်နေတာ။ သူဌေး စိတ်မပူပါနဲ့။ အလုပ်တွေ မနှောင့်နှေးစေရပါဘူး "
လင်းကျွင်းကျွင်းသည် လေထုကို သက်တောင့်သက်သာဖြစ်စေရန်အတွက် သူမ ဟာသတစ်ခု ပြောခဲ့သည်။
ယဲ့ဖန် သူမကို အကဲခတ်ကြည့်လိုက်သည်။
သူမသည် ယနေ့ အပြာရောင် အစင်းကြောင်းဂါဝန်နှင့် အဖြူရောင် ဒေါက်မြင့်ဖိနပ်တစ်ရံကို ဝတ်ဆင်ထားပြီး သူမ၏ ပုံစံမှာ ဥာဏ်ရည်ထက်မြက်သော ဆွဲဆောင်မှုတစ်ခု ရှိနေသည်။
" မင်းမှာ ဒီအဝတ်တစ်ထည်ပဲရှိတာလို့ မပြောနဲ့။ ကိုယ် မင်းကိုတွေ့တိုင်း ဘာလို့ ဒီဟာပဲ ဝတ်နေရတာလဲ "
" မဟုတ်တာ။ ကျွန်မ ..... ကျွန်မမှာ တခြားအဝတ်တွေ ရှိပါတယ်။ ဒါပေမယ့် ဒီဟာကို ကြိုက်လို့ပါ "
လင်းကျွင်းကျွင်း ရှက်သွားသည်။
သူမသည် အဝတ်အစားများစွာ မရှိချေ။
သူမ၌ အဝတ်အစား အနည်းငယ်သာရှိသည်။
ယဲ့ဖန်သည် သူမ၏ ရှက်ရွံ့မှုကို မြင်ပြီး ချက်ချင်းပင် သူမ၏လက်ကို ဆုပ်ကိုင်လိုက်သည်။
" သွားရအောင်၊ အဝတ်နည်းနည်း ဝယ်ပေးမယ်။ ဆိုင်က ပေးတဲ့ ယူနီဖောင်းလို့ သတ်မှတ်လိုက် "
လင်းရှောင်ပေ့ မျက်လုံးများ ပြူးကျယ်သွားသည်။
ဒီသူဌေးကြီးက သူ့အစ်မရဲ့လက်ကို တကယ်ကြီး ကိုင်လိုက်တာလား။
သူ့ယောက်ဖဖြစ်ဖို့ ကြိုးစားနေတာလား။
ယဲ့ဖန်သည် လူတိုင်းရှေ့၌ သူမ၏လက်ကို ဆုပ်ကိုင်လိုက်သောအခါ လင်းကျွင်းကျွင်း၏ မျက်နှာလေးမှာ နီရဲသွားသည်။
သူမ ချက်ချင်း လွတ်မြောက်ဖို့ ကြိုးစားလိုက်သည်။
" မလိုပါဘူး။ ကျွန်မ အဝတ်တွေ အများကြီး ယူလာခဲ့ပါတယ် "
သို့သော် ယဲ့ဖန်သည် သူမပြောသည်ကို မကြားသလိုဖြင့် တစ်ဖက်လှည့်လိုက်သည်။
သူသည် သူမလက်ကို တင်းကြပ်စွာဆုပ်ကိုင်ထားဆဲ ဖြစ်သည်။
" မင်းယူလာတာက မင်းယူလာတာ။ ကိုယ်ဝယ်ပေးတာက ကိုယ်ဝယ်ပေးတာ။ ငြင်းစရာ မရှိဘူး "
ထို့နောက် သူမကို နာမည်ကြီးဆိုင်တစ်ခုဆီသို့ ဆွဲခေါ်သွားသည်။
" ရပ် "
လင်းရှောင်ပေ့ ရုတ်တရက် တားလိုက်သည်။
ယဲ့ဖန် သူ့ခြေလှမ်းကို ရပ်လိုက်ပြီး သူ့ကို လှည့်ကြည့်လိုက်သည်။
" ဘာမှားလို့လဲ "
လင်းရှောင်ပေ့ သူ့လက်ကို ညွှန်ပြလေသည်။
" အစ်မကို လွှတ်လိုက် "
ယဲ့ဖန်သည် လင်းကျွင်းကျွင်း၏ လက်အား ကိုင်ထားသည်ကို မြှောက်ပြဟန်ပြုလိုက်သည်။
" ပြဿနာရှိလား ယောက်ဖ "
လင်းကျွင်းကျွင်းသည် ထိုနာမ်စားကို ကြားသောအခါ ရှက်သွားသော်လည်း သူမ မငြင်းဆန်ခဲ့ပေ။
သို့သော် လင်းရှောင်ပေ့မှာတော့ ဒေါသထွက်သွားသည်။
" ဘယ်သူက မင်းရဲ့ ယောက်ဖလဲ။ ငါ့ကို အဲ့လိုမခေါ်နဲ့ "
ယဲ့ဖန်သည် လင်းကျွင်းကျွင်း၏လက်ကို လွှတ်လိုက်သော်လည်း သူ့လက်ကို သူမ၏ပုခုံးပေါ် တင်လိုက်သည်။
" ခေါ်လို့ မရဘူးလား "
လင်းကျွင်းကျွင်းသည် ခဏမျှသာ ရုန်းကန်ခဲ့ရသော်လည်း သူမ မလွတ်မြောက်နိုင်ချေ။
လင်းရှောင်ပေ့သည် ထိုမြင်ကွင်းကို ကြောင်အစွာ ကြည့်နေလေသည်။
" အစ်မ ... သူနဲ့က ... "
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၁၁ )
အစ်မ ဘာလို့ ဒီလိုလူကို ကြိုက်ရတာလဲ
လင်းကျွင်းကျွင်းသည် သူ့မောင်လေးကို ရှင်းပြချင်သည်။
သို့သော် ဆက်ပြောပါက ယဲ့ဖန် မျက်နှာပျက်မည်ကို စိုးရိမ်လေသည်။
ထိုသို့ဖြစ်ပါက ယဲ့ဖန် စိတ်မပျော် ဖြစ်ပေလိမ့်မည်။
ထို့အပြင် ဤသို့ နားလည်မှုလွဲမှားမှုကြောင့် သူမနှင့် ယဲ့ဖန်အား အခြားသူများမှ ချစ်သူစုံတွဲဟု ထင်သည်ကို သူမ စိတ်ထဲ၌ ကျေနပ်နေခဲ့သည်။
ယဲ့ဖန်သည် လင်းရှောင်ပေ့ကို စိတ်မ၀င်စားပေ။
သူသည် လင်းကျွင်းကျွင်းကို ပွေ့ဖက်ပြီး နာမည်ကြီးဆိုင်ထဲသို့ ဝင်လိုက်သည်။
လင်းရှောင်ပေ့သည် အနောက်မှ ကြည့်နေရင်း အံကြိတ်နေသည်။
သူတို့ကြား၌ ပဋိပက္ခ မရှိပါက ဤမျှချမ်းသာသည့် ယောက်ဖရှိခြင်းသည် မကောင်းသည့်ကိစ္စ မဟုတ်ပေ။
သို့သော် ယခု ယဲ့ဖန်အား ယောက်ဖအဖြစ် လက်ခံလိုက်ခြင်းသည် သူခိုးကို အဖေအဖြစ် အသိအမှတ်ပြုလိုက်သလို ခံစားရသည်။
ထိုသည်က သူ့ကို အလွန် စိတ်မသက်မသာ ဖြစ်စေသည်။
လင်းရှောင်ပေ့သည် သူတို့နောက်အား လိုက်ရန် မစီစဉ်ထားချေ။
သူ့အစ်မကို တစ်ယောက်တည်း ချန်မထားနိုင်သောကြောင့် အံကြိတ်ပြီး အနောက်၌ လိုက်ရတော့သည်။
ယဲ့ဖန်နှင့် လင်းကျွင်းကျွင်းတို့ ဆိုင်ထဲ ဝင်သွားပြီး သိပ်မကြာခင်မှာပင် လက်ထဲမှာ အိတ်နှစ်လုံးပါလာသည်။
" ကျွန်မ တကယ်မလိုချင်ဘူး။ ဒီမှာအဝတ်အစားတွေက အရမ်းဈေးကြီးတယ် "
လင်းကျွင်းကျွင်း၏ မျက်နှာသည် အားနာမှုများဖြင့် ပြည့်နှက်နေသေးသည်။
" ဒါက အဝတ်အစားနည်းနည်းပဲ။ ကိုယ်ဝယ်ပေးလိုက်ရင် လက်ခံလိုက် "
ယဲ့ဖန် မပျော်မရွှင်ဖြစ်နေပြီ ဖြစ်သည်။
လင်းကျွင်းကျွင်းသည် ယဲ့ဖန် အနည်းငယ် ဒေါသထွက်သွားသည်ကို မြင်လိုက်ရပြီး အလွန်ကြောက်သွားသဖြင့် သူမ ဘာမှ မပြောရဲတော့ပေ။
ထုံးစံအတိုင်း လင်းရှောင်ပေ့သည် ယဲ့ဖန်ကို လှောင်ပြောင်ရန် ဤအခွင့်အရေးကို လက်လွှတ်မခံပေ။
" ခင်ဗျားက ကပ်စေးနည်းတာပဲ။ အစ်မကို အဝတ်အစားလေး နည်းနည်းလောက် ဝယ်ပေးရုံနဲ့ လိုက်ချင်နေတာလား "
လင်းကျွင်းကျွင်း သူမမောင်ကို စိုက်ကြည့်လိုက်သည်။
" ဒီအဝတ်အစားတွေက ၂၀၀,၀၀၀ကျော်တယ် "
" ဖူး .... "
လင်းရှောင်ပေ့သည် သူ့လက်ထဲတွင်ရှိသော ဖျော်ရည်ကို သောက်နေသည်။
ထိုစကားကို ကြားသောအခါ ထွေးထုတ်မိသွားသည်။
" ဂျပန်ငွေ ယန်းလား "
လင်းကျွင်းကျွင်း ခေါင်းခါလိုက်သည်။
" တရုတ်ငွေ ယွမ် "
လင်းရှောင်ပေ့၏ မျက်နှာသည် အေးခဲသွားသည်။
အဝတ်အစားများသည် ယွမ် ၁၀,၀၀၀မှ ၂၀,၀၀၀ခန့်သာ ကျသင့်မည်ဟု သူ ထင်ခဲ့သည်။
တစ်ကြိမ်တည်းဖြင့် ယွမ် ၂၀၀,၀၀၀ အကုန်အကျခံပြီး အခြားသူအတွက် ဤမျှဝယ်နေသည်အထိ ချမ်းသာကာ ရက်ရောသူဖြစ်မည်ဟု မထင်ထားပေ။
" ကျွင်းကျွင်း ကြိုက်သရွေ့ ယွမ် ၂သိန်းက ဘာမှမဟုတ်ပါဘူး "
ယဲ့ဖန်သည် သူ့ကို တိုက်ခိုက်ရန် ကြိုးစားနေပုံရပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
လင်းရှောင်ပေ့၏ မျက်နှာသည် တုန်လှုပ်သွားပြီး အေးစက်စွာ ရယ်မောလိုက်သည်။
" ပိုက်ဆံနည်းနည်းပဲ မဟုတ်လား။ ဘာတွေ ကြွားပြနေတာလဲ။ မြင့်မြတ်တဲ့သူဆိုတာ ဘာလဲ မင်းသိလား။ စစ်မှန်တဲ့ ကြီးမြတ်သူတွေက ရုပ်ပစ္စည်းကို ဘယ်တော့မှ ဂရုမစိုက်ဘူး။ နာမ်ပိုင်းဆိုင်ရာတွေကိုပဲ ဂရုစိုက်ကြတယ်။ မင်းလို တစ်ခါဖြစ်သူဌေးတွေ နားမလည်ဘူး "
ယဲ့ဖန် ပြုံးပြီး သူ့ကိုကြည့်လိုက်သည်။
" ဒါဆို မင်းက နားလည်တာလား "
လင်းရှောင်ပေ့ ဂုဏ်ယူဝင့်ကြွားစွာ ပြောလာသည်။
" ဒါပေါ့၊ ငါက မင်းလောက် မချမ်းသာဘူး။ ဒါပေမယ့် မင်းထက်ငါက အဆတစ်ရာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပိုသာတယ် "
" လူတစ်ယောက်ရဲ့တန်ဖိုးက သူ့မှာငွေဘယ်လောက်ရှိတယ်ဆိုတာနဲ့ လုံးဝ သက်ဆိုင်တာ မဟုတ်ဘူး။ လူ့အဖွဲ့အစည်းအတွက် သူ ဘယ်လောက်အကျိုးပြုလဲ၊ ကမ္ဘာကြီးအတွက် သူ ဖန်တီးထားတဲ့ တန်ဖိုးဘယ်လောက်ရှိလဲဆိုတာအပေါ် မူတည်တယ် "
ယဲ့ဖန် ခေါင်းညိတ်ကာ သဘောတူလေသည်။
" ဒါတော့ ငါ သဘောတူတယ်၊ လုံးဝသဘောတူတယ်။ မင်းပြောသလို မင်းက လူ့အဖွဲ့အစည်းနဲ့ ကမ္ဘာကြီးအတွက် အဖိုးတန်တာ ဘာတွေ ပေးဖူးလဲ "
လင်းရှောင်ပေ့၏ ကိုယ်ရောင်သည် ချက်ချင်း မှေးမှိန်သွားသည်။
" ငါ … အတန်းဖော်တွေနဲ့ ငါက ဆင်းရဲနွမ်းပါးတဲ့ ဒေသတွေမှာ သူတို့ရဲ့ ဘဝအရည်အသွေး တိုးတက်ကောင်းမွန်အောင် ကူညီပေးဖို့ ဆင်းရဲနွမ်းပါးတိုက်ဖျက်ရေး ဝက်ဘ်ဆိုဒ်ကို ဖန်တီးနေတယ်။ ဒါက တကယ့်ကို အဖိုးတန်တဲ့အရာပါ "
" ဒါဆို ဘယ်လောက်လှူဖူးလဲ "
ယဲ့ဖန် စိတ်ဝင်တစား မေးလိုက်သည်။
" အိုး ..... "
လင်းရှောင်ပေ့သည် ပြောနေစဉ်က ရွှင်မြူးနေသော်လည်း ယဲ့ဖန်စကားကြောင့် ရင်ထိတ်သွာယသည်။
" ငါ စုဆောင်းထားတဲ့ ပိုက်ဆံတွေအားလုံးကို လှူဖူးတယ် "
သူ့စကားမှာ ရှင်းလင်းသော်လည်း အဓိကအချက်ကို တမင်တကာ လျစ်လျူရှုထားသည်မှာ ထင်ရှားလေသည်။
သို့သော် ယဲ့ဖန်သည် သူ့အတွက် တမင်မကာ အခက်အခဲဖြစ်အောင် ဖန်တီးနေသည်။
" ဘယ်လောက် လှူဖူးတာလို့ ပြောလိုက်တာလဲ "
" ယွမ် ၃သောင်း "
လင်းရှောင်ပေ့သည် နံပါတ်တစ်ခုကို ပြောလိုက်သည့်အခါ ယဲ့ဖန်၏ မျက်နှာပေါ်မှ အပြုံးတစ်ခုကို တွေ့လိုက်ရသည်။
သူက ဆက်ပြောလေသည်။
" လူတိုင်းမှာ မတူညီတဲ့ အရည်အချင်းတွေ ရှိတယ်။ ကိုယ့်အစွမ်းအစနဲ့ကိုယ် ကြိုးစားထားတာပဲ "
" အနည်းဆုံးတော့ တတ်နိုင်သလောက် လုပ်ခဲ့တယ်။ အဲ့အတွက် ငါ့မှာ လိပ်ပြာလုံတယ် "
ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။
" ဒါဆို မင်းရဲ့ နေထိုင်စရိတ်ကို ဘယ်သူက ပေးခဲ့တာလဲ "
လင်းရှောင်ပေ့ လင်းကျွင်းကျွင်းကို ညွှန်ပြသည်။
" ငါ့အစ်မ က ငါ့ကို ပေးတာ ဘာဖြစ်လဲ "
ယဲ့ဖန် ရယ်ခြင်းစိတ်ကို ထိန်းလိုက်သည်။
" ချမ်းသာတဲ့သူစီက ပိုက်ဆံယူပြီး ဆင်းရဲသားတွေကို ပေးတာက ကူညီတာလား။ တခြားသူတွေကို လှူဖို့ မင်းက မင်းမိသားစုဆီက ပိုက်ဆံတောင်းနေတာလေ။ မင်းကိုယ်တိုင် ငွေရှာထားတာ မဟုတ်ဘူး။ မင်းက ပိုက်ဆံကို ဟိုကနေ ဒီပို့နေသလိုပဲ "
လင်းရှောင်ပေ့၏ မျက်နှာသည် ချက်ချင်း နီရဲသွားကာ ဒေါသတကြီး ပြောလိုက်သည်။
" ငါက ကျောင်းသားဖြစ်နေတုန်းပဲ။ သေချာပေါက် ငါ့ရဲ့လေ့လာမှုက ပိုအရေးကြီးတာပေါ့။ အနာဂတ်ကျ အလုပ်လုပ်နိုင်တဲ့အခါ မိသားစုဆီကနေ ပိုက်ဆံမတောင်းတော့ဘူး "
ယဲ့ဖန် သူ့နှာခေါင်းကို ထိလိုက်သည်။
" ကောင်းပြီ၊ မင်းပိုက်ဆံ ဘယ်ကရလဲဆိုတာကို မပြောတော့ဘူး။ မင်းရဲ့ဝဘ်ဆိုဒ်က ပိုက်ဆံ ဘယ်လောက် ကောက်လို့ရတယ်ဆိုတာ ငါ သိချင်တယ် "
လင်းရှောင်ပေ့ ဂုဏ်ယူစွာဖြင့် လက်ငါးချောင်းကို မြှောက်လိုက်သည်။
" တရုတ်ယွမ် ၅သိန်း "
ဤစကားကို ယဲ့ဖန် ကြားသောအခါ သူ ကျယ်လောင်စွာ ရယ်မောပြန်သည်။
လင်းကျွင်းကျွင်းသည် သူ့အမူအရာကို ထိန်းရန် ကြည့်လိုက်သည်။
ထိုအခါ ယဲ့ဖန် ပြုံးရုံသာပြုံးပြီး ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
" ၅သိန်းလား၊ မဆိုးပါဘူး "
" ယွမ် ၅သိန်းက မင်းလိုလူအတွက် ဘာမှမဟုတ်တာ ငါသိတယ်။ ဒါပေမယ့် အနည်းဆုံးတော့ ငါတို့က ဆင်းရဲသားတွေကို ကူညီပေးနေတာ။ အဲ့တာက ကြီးမြတ်တဲ့ အကြောင်းရင်းတစ်ခုပဲ။ မိန်းမတွေအတွက် အဝတ်အစားဝယ်ဖို့ ပိုက်ဆံအများကြီးသုံးတဲ့သူတစ်ယောက်ထက် ပိုသာတယ် "
ယဲ့ဖန် သူ့ကို စိုက်ကြည့်လိုက်သည်။
" ဒါဆို ပရဟိတတွေအတွက် တစ်နှစ်ကို အနည်းဆုံး သန်း၁၀၀ သုံးတယ်ဆိုရင်ရော ဘာဖြစ်မလဲ "
ယဲ့ဖန် အဓိပ္ပာယ်မရှိ ပြောနေခြင်း မဟုတ်ပေ။
သူ၏ စီးပွားရေးလုပ်ငန်းများမှ ပရဟိတလုပ်ငန်းများကို နှစ်စဉ်ပုံမှန်လှူဒါန်းမှုများ ရှိပြီး စုစုပေါင်း ပမာဏသည် သန်းရာဂဏန်းကျော်လေသည်။
ယဲ့ဖန်သည် ထိုလူငယ် ကြောက်မသွားရန် သန်း ၁၀၀ဟုသာ ထိန်း၍ ပြောလိုက်သည်။
မေပယ်ရွက်ရှေးဟောင်းပစ္စည်းဆိုင်သည်လည်း နှစ်စဉ် ယွမ်ငွေ သန်းပေါင်းများစွာ ပရဟိတလုပ်ငန်းသို့ နှစ်စဉ် လှူဒါန်းနေကြောင်း လင်းကျွင်းကျွင်း သိထားပြီး ဖြစ်သည်။
သို့သော် လင်းရှောင်ပေ့မှာတော့ ထိုစကားကိုကြားသောအခါ ချက်ချင်းပင် ရယ်မောလိုက်သည်။
" သန်း ၁၀၀တဲ့လား။ ကြွားလုံးထုတ်ချင်ရင်တောင် ဖြစ်နိုင်ခြေကို စဉ်းစားရတယ်။ အစ်မ ဘာလို့ဒီလိုလူကို ကြိုက်နေရတာလဲ "
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၁၂ )
ယောက်ဖ တစ်ခုခု ဆွေးနွေးချင်လို့ရမလား။
လင်းကျွင်းကျွင်းသည် သူမမောင်လေးကို ရှင်းပြချင်သည်။
သို့သော် ယဲ့ဖန်သည် သူ့ကို စိတ်ထဲမထားနိုင်ပေ။
သူမပုခုံးကိုသာ ဖက်ထားလိုက်သည်။
" သွားရအောင်၊ ကိုယ်တို့ တခြားဆိုင်ကို သွားမယ် "
လင်းကျွင်းကျွင်းသည် ယဲ့ဖန်ကို ငြင်းပယ်လိုက်ချင်သော်လည်း သူ ဒေါသဖြစ်မည်ကို စိုးရိမ်သည့်အတွက် အဆုံး၌ သူမ စိတ်လျှော့လိုက်ရသည်။
လင်းရှောင်ပေ့သည် အေးစက်စွာ နှာမှုတ်လိုက်ပြီး အနောက်မှ ဆက်လိုက်သွားခဲ့သည်။
သူသည် လင်းကျွင်းကျွင်း၏ နံဘေးသို့ လျှောက်လာပြီး ထူးဆန်းသည့် လေသံနှင့် ပြောလေသည်။
" အစ်မ၊ မောင်လေးအနေနဲ့ မပြောသင့်တဲ့အရာတွေရှိတယ်။ ဒါပေမယ့် အစ်မက ကျွန်တော့်အစ်မပဲဆိုတော့ အကြံပေးရမယ် "
" နင် ဘာပြောဖို့ ကြိုးစားနေတာလဲ "
လင်းကျွင်းကျွင်း လှည့်ကြည့်လိုက်ပြီး သူ့ကို မော့ကြည့်လိုက်သည်။
" အစ်မက ယောက်ျားတွေစီက တစ်ပြားတစ်ချပ်မှ မယူတဲ့ လွတ်လပ်တဲ့ မိန်းမတစ်ယောက် ဖြစ်ခဲ့ဖူးတာကို မှတ်မိပါသေးတယ်။ အခုက ဘယ်လိုဖြစ်လာတာလဲ "
လင်းရှောင်ပေ့သည် ယဲ့ဖန်မှ သူ့အစ်မလက်ကို ကိုင်ထားသည်အား စိုက်ကြည့်ရင်း ပိုကြည့်လေ မကြိုက်လေ ဖြစ်နေသည်။
" နင်က ကိုယ့်အစ်မကို ဒီလိုစကားတွေ လာပြောနေတာလား "
လင်းကျွင်းကျွင်း ချက်ချင်းပင် သူမမောင်ကို စိုက်ကြည့်လိုက်သည်။
လင်းရှောင်ပေ့က မကြောက်ချေ။
" အစ်မ စိတ်မဆိုးပါနဲ့။ အစ်မက လူတစ်ယောက်ကြောင့် လမ်းလွဲနေတာ မမြင်ချင်ဘူး"
" ယောက်ျားတွေအပေါ် ငွေရေးကြေးရေးဆိုင်ရာ အမှီအခိုကင်းမှ စိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှုကို ရနိုင်မှာ "
" လူတစ်ယောက်ကို ငွေအတွက်နဲ့ အားကိုးရင် တဖြည်းဖြည်းနဲ့ ကိုယ့်ကိုယ်ကိုယ် ဆုံးရှုံးရလိမ့်မယ် ...... "
လင်းကျွင်းကျွင်းသည် သူမအား လှောင်နေသည်ကို ကြားပြီးနောက် ပို၍ပင် ဒေါသထွက်လာသည်။
" နင် ဘာမဟုတ်တာတွေ လာပြောနေတာလဲ။ ငါက ဘယ်ယောက်ျားကို မှီခိုနေလို့လဲ "
လင်းရှောင်ပေ့သည် ယဲ့ဖန်၏ လက်ထဲမှ အိတ်များကို တစ်ချက်ကြည့်လိုက်သည်။
" ပြောစရာလိုလို့လား။ အခုနောက်ပိုင်း လူမှုအသိုက်အဝန်းက ပိုဆိုးလာနေပြီ။ ပိုက်ဆံကို ကိုးကွယ်ပြီး စည်းစိမ်ဥစ္စာတွေကို ပြတဲ့လူတွေက ပိုများလာတယ် "
" ကျွန်တော်က ဒီလို လူ့အဖွဲ့အစည်းကြီးကို ပြောင်းလဲဖို့ အစွမ်းအစမရှိပေမယ့် ကျွန်တော့်ရဲ့အနီးဆုံးလူကို ဒီလိုဖြစ်လာစေချင်တာ မဟုတ်ဘူး။ အစ်မ ကျွန်တော့်ရဲ့အကြံဉာဏ်ကို နားထောင် ...... "
သူမအား နားချဆွဲဆောင်ရန် ကြိုးစားနေချိန် ယဲ့ဖန်မှ ရုတ်တရက် ပြောလိုက်သည်။
" ရှေ့မှာ LVဆိုင် ရှိတယ်။ ဝင်ကြည့်ရအောင် "
လင်းကျွင်းကျွင်းသည် သူမ၏ မောင်လေးဖြစ်သူ၏ ပြစ်တင်ရှုတ်ချခြင်းကို ခံခဲ့ရပြီးနောက် ငြင်းဆန်တော့မည် ဖြစ်သည်။
သို့သော် ယဲ့ဖန်သည် သူမကို ငြင်းရန် အခွင့်အရေးမပေးခဲ့ချေ။
သူသည် သူမကို ဆွဲခေါ်သွားသည်။
" ဘယ်တစ်အိတ်ကို ကြိုက်လဲ။ ကိုယ့်ကို အားနာမနေနဲ့ "
ယဲ့ဖန်သည် အိတ်များကို လက်ဖြင့် ထိုးပြလိုက်သည်။
" တကယ် မလိုပါဘူး ..... "
လင်းကျွင်းကျွင်းသည် သူမလက်တစ်ဖက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။
" ငါးအိတ်လား။ ကိစ္စမရှိဘူး "
ယဲ့ဖန်သည် သူမ၏ ခါယမ်းနေသော လက်ငါးချောင်းကို ကြည့်ပြီး တမင် စကားကိုလှည့်ကာ ပြောလိုက်သည်။
" မဟုတ်ဘူး မဟုတ်ဘူး ..... "
လင်းကျွင်းကျွင်းသည် သူမ၏ လက်နှစ်ဖက်လူံးကို ဝှေ့ယမ်းလိုက်သည်။
" ဆယ်အိတ်လား။ ကောင်းတာပေါ့၊ ဆယ်အိတ်ဆို မင်းရဲ့အိတ်ကို နေ့တိုင်းလည်း ပြောင်းလို့ရတယ် "
ယဲ့ဖန်သည် သူမကို စကားပြောခွင့်မပေးချေ။
လင်းကျွင်းကျွင်းသည်လည်း တခြားဘာမှ မပြောရဲတော့ပေ။
အကယ်၍ သူမ ထပ်ပြီး 'အထင်လွဲစရာ' လုပ်ခဲ့ပါက သူမသည် တစ်ဆိုင်လုံးကို ဝယ်ရပေလိမ့်မည်။
ယဲ့ဖန်သည် ဆိုင်အရောင်းဝန်ထမ်းအကူကို လှည့်ကြည့်လိုက်သည်။
" ကြားလား။ ဒီရာသီအတွက် မင်းတို့ရဲ့ထုတ်ကုန်အသစ်ဆုံးဆယ်ခုကို ထုပ်ပိုးပြီး ပို့ပေးလိုက် ..... "
ယဲ့ဖန်သည် ထိုဝန်ထမ်းကို စကားပြောနေစဉ် လှည့်ကြည့်ကာ လင်းကျွင်းကျွင်း၏ လိပ်စာ မေးလိုက်သည်။
လင်းကျွင်းကျွင်းသည် ရွေးချယ်စရာမရှိဘဲ သူမလိပ်စာကို ပြောပြလိုက်ရသည်။
ဆိုင်အကူဝန်ထမ်းသည် သေမတတ် ကြောက်နေပြီ ဖြစ်သည်။
ချမ်းသာသည့်သူများကို မြင်ဖူးသော်လည်း ဤမျှလောက် ချမ်းသာသူကို တစ်ခါမှ မတွေ့ဖူးချေ။
ဒီဇိုင်းကိုပင် မကြည့်ဘဲ ဆယ်အိတ်ကို တိုက်ရိုက် ဝယ်ယူနေသည်။
" လူကြီးမင်း၊ ဒီဇိုင်းကို အရင်ရွေးချင်သေးလား "
ဆိုင်ဝန်ထမ်းက သေချာ မေးလေသည်။
" မလိုဘူး။ ငါ့ကောင်မလေးက အရမ်းလှတော့ ဘယ်ဒီဇိုင်းမဆို လိုက်တယ်။ မင်းကိုယ်တိုင် ရွေးလိုက်လို့ရတယ်။ ဒါပေမဲ့ နောက်ဆုံးပေါ်ဒီဇိုင်း ဖြစ်ရမယ်ဆိုတာ သတိရ "
ယဲ့ဖန်သည် သူ့မျက်နှာပေါ်၌ 'သူဌေးကြီး' ဟူသော စကားလုံးကို ရေးထားသည့်ပုံ ဖြစ်နေသည်။
ဆိုင်ဝန်ထမ်းမှာ စိတ်လှုပ်ရှား၍ ခုန်ပေါက်မိမတတ် ဖြစ်နေသည်။
ဆုံးဖြတ်ခိုင်းပါက ဈေးအကြီးဆုံးကိုသာ ရွေးပေးမည် ဖြစ်သည်။
ထိုနည်းအားဖြင့် သူမသည်လည်း အပိုဆုကြေးများ ရရှိနိုင်မည် ဖြစ်သည်။
စျေးနှုန်းတွက်ချက်ပြီးနောက် အိတ်ဆယ်လုံးသည် တရုတ်ယွမ် ၄သိန်းကျော်အထိ ကျသင့်သည်။
ယဲ့ဖန်သည် မျက်တောင်ပင် မခတ်ချေ။
ထို့နောက် သူ့ကတ်ကို ပွတ်ဆွဲလိုက်သည်။
အနောက်မှ လိုက်လာသော လင်းရှောင်ပေ့သည် မျက်လုံးများ ပြူးကျယ်နေသည်။
ဤသို့ ပိုက်ဆံအများကြီး သုံးစွဲသည်ကို တစ်ခါမှ မတွေ့ဖူးချေ။
သူသည် ပစ္စည်းများကိုပင် မကြည့်ဘဲ ယွမ် ၄သိန်းကျော်ကို ဝယ်ယူခဲ့သည်။
ယဲ့ဖန်သည် သူ့အမူအရာကို မကြည့်ချေ။
သူသည် ခေါင်းငုံ့ပြီး လင်းကျွင်းကျွင်းကို ပြုံးပြလိုက်သည်။
" အခု မင်းမှာ အိတ်တွေရှိပြီဆိုတော့ အဲ့အိတ်တွေနဲ့ လိုက်ဖက်အောင် အဝတ်အစားတွေ ထပ်ဝယ်ရမယ်။ နောက်ထပ် အဝတ်အစားတွေ သွားဝယ်ရအောင် "
လင်းကျွင်းကျွင်းသည် ရုပ်သေးရုပ် ဖြစ်လာသည်။
သူမသည် ဆုံးဖြတ်ချက်ချနိုင်သော အခွင့်အာဏာမရှိသဖြင့် ယဲ့ဖန်နောက်သို့သာ လိုက်ရသည်။
" အစ်မ၊ ဒီအတိုင်း မနေနိုင်သင့်ဘူး။ သူက အစ်မကို ဒုက္ခပေးနေတာ ..... "
" အစ်မ၊ ကျွန်တော့်အကြံဥာဏ်ကို နားထောင်။ မိန်းကလေးတွေက ကိုယ့်ကိုယ်ကိုယ် ချစ်ရမယ်။ လွတ်လပ်ပြီး သန်မာရမယ်။ ကပ်ပါးကောင်တွေ မဖြစ်သင့်ဘူး ..... "
" အစ်မ၊ မာနမရှိဘူးလား။ ဒီလိုဆက်သွားရင် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးမိလိမ့်မယ် ..... "
လင်းရှောင်ပေ့သည် သူမကို စိတ်ရှည်စွာနှင့် ဆက်ပြီး ဆွဲဆောင်နေခဲ့သည်။
သူ့နှုတ်ခမ်း ပြုလုမတတ် ဖြစ်နေသည်။
" ကောင်းပြီ ညီလေး။ ငါ မင်းပြောတာတွေကို အရမ်းသဘောတူတယ် "
ယဲ့ဖန်သည် သူ့ကို လက်မထောင်ပြပြီး လင်းကျွင်းကျွင်းကို Chanel ဆိုင်ထဲသို့ ဆွဲခေါ်လိုက်သည်။
ထို့နောက် ယဲ့ဖန်၏ ဦးဆောင်မှုအောက်တွင် သူတို့သုံးဦးသည် တံဆိပ်အကောင်းစား အဝတ်အထည်ဆိုင်များ၊ ရေမွှေးဆိုင်များ၊ လက်ဝတ်ရတနာဆိုင်များသို့ သွားကြသည်။
စျေးဝယ်ပြီးနောက် ယဲ့ဖန်သည် လင်းကျွင်းကျွင်းအတွက် တရုတ်ယွမ် ၁ သန်းကျော် သုံးစွဲခဲ့ပြီး ဖြစ်သည်။
ထိုအချိန်တွင် လင်းရှောင်ပေ့၏ အသံသည် သူ့အစ်မအား ဆက်၍ မပြောနိုင်ပင် ဖြစ်နေတော့သည်။
သူ့မျက်လုံးများမှာ အလွန်နီနေသည်။
မနာလိုခြင်းလား၊ ဒေါသလား မသိရပေ။
" အစ်မ၊ ဒီအတိုင်း ဆက်သွားလို့ မရဘူး။ မဟုတ်ရင် ကျွန်တော် အထင်သေးရလိမ့်မယ် ..... "
သူမကို နားချရန် ကြိုးစားနေချိန်မှာပင် လင်းကျွင်းကျွင်းအား ယဲ့ဖန်သည် Lalius နာရီဆိုင်ထဲကို ဆွဲခေါ်သွားခဲ့သည်။
ဆိုင်ထဲသို့ ဝင်ခါနီးမှာပင် ဆိုင်အတွင်းရှိ ပြိုးပြိုးပြက်ပြက် လက်နေသော နာရီများကို မြင်လိုက်သည်နှင့် လင်းရှောင်ပေ့သည် အသက်ရှုကျပ်သွားသလို ခံစားလိုက်ရသည်။
ခေါင်းငုံ့ပြီး လက်ထဲမှ ဒစ်ဂျစ်တယ်နာရီကို ကြည့်လိုက်သည်။
ချက်ချင်းပင် သူ့ကိုယ်သူ အရှက်ရသွားပြီး သူ့လက်ကို ကျောနောက်သို့ ဖွက်လိုက်သည်။
ယဲ့ဖန်သည် ကောင်တာပေါ်မှ အမျိုးသမီးဝတ်နာရီကို ညွှန်ပြပြီး အရောင်းဝန်ထမ်းကို ပြောလိုက်သည်။
" အဲ့ဒီနာရီကို ပြပေးပါ "
လင်းရှောင်ပေ့သည် ဈေးကို တစ်ချက်ကြည့်လိုက်ရာ မျက်လုံးများ ပြူးကျယ်သွားသည်။
" M279135rbr-0029 နာရီပါ။ စျေးနှုန်းက ဂျပန်ယန်း ၅.၅သန်း ဖြစ်ပါတယ် "
ဂျပန်ယန်း ၅.၅သန်းသည် တရုတ်ယွမ် ၃သိန်းကျော် ဖြစ်သည်။
ယဲ့ဖန်သည် ရေလိုငွေကို သုံးစွဲနေသော်လည်း အမျိုးသမီးထုတ်ကုန်များ ဝယ်ပေးနေသောကြောင့် လင်းရှောင်ပေ့ ထိုမျှလေးနက်စွာ မခံစားရပေ။
သို့သော်လည်း ဆိုင်ထဲ၌ အမျိုးသား Rolexများလည်း ရှိနေသည်။
ထို့အပြင် သူသည် နာရီကို အလွန်နှစ်သက်သည်။
ယွမ် ၅သောင်းလောက်သာရှိသော နာရီတစ်လုံးဝယ်ယူရန် သူ တစ်နှစ်ခွဲခန့် ငွေစုရပြီး တစ်ခါသာဝတ်ကာ ပြန်သိမ်းဆည်းခဲ့ရသည်။
ယဲ့ဖန်ကို ကြည့်လိုက်ပါက သူသည် ယွမ် ၃သိန်းကျော်တန် Rolex ကို အလွယ်တကူ ဝယ်နိုင်သည်။
သူ့ပါးစပ်များ ခြောက်ကပ်သွားသလို ခံစားလိုက်ရသည်။
ယဲ့ဖန်သည် လင်းကျွင်းကျွင်း၏ လက်ကောက်ဝတ်၌ ကိုယ်တိုင်ကိုယ်ကျ ဝတ်ပေးလိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
" အင်း၊ ကြည့်ကောင်းတယ်။ မင်းရော ဘယ်လိုထင်လဲ "
လင်းကျွင်းကျွင်းလည်း ထိုနာရီကို အလွန်ကြိုက်သော်ငြား စျေးနှုန်းကို တွေ့ပြီးနောက် သူမ လန့်သွားသည်။
" ဒါပေမယ့် ဒါက အရမ်းဈေးကြီးတာပဲ ..... "
ယဲ့ဖန်သည် သူမကို နှောင့်ယှက်ရန် သူ့လက်ကို မြှောက်လိုက်သည်။
" မင်းကြိုက်ရင် ဘယ်လောက်ဈေးကြီးကြီး ဝယ်ပေးမယ် "
" ဒီနာရီကို ထုပ်ပိုးစရာ မလိုဘူး။ တန်းဝတ်သွားမယ် "
ယဲ့ဖန်သည် အရောင်းဝန်ထမ်းကို ပြောလိုက်သည်။
" ဒီကတ်နဲ့ ငွေဖြတ်လိုက် "
အရောင်းဝန်ထမ်းသည် လင်းကျွင်းကျွင်းကို မနာလိုစိတ်ဖြင့် ကြည့်လိုက်သည်။
" မမလေးက ဒီလောက်ချမ်းသာပြီး ဂရုစိုက်ပေးတတ်တဲ့ ချစ်သူရှိတာ အရမ်းကံကောင်းတာပဲ "
လင်းကျွင်းကျွင်း ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်သည်။
ယဲ့ဖန် ငွေပေးချေတော့မည် ဖြစ်သည်။
ထိုအချိန် လင်းရှောင်ပေ့သည် ရုတ်တရက် ချောင်းခြောက်ဆိုးလာသည်။
" ဟိုဟာ ... ယောက်ဖ တစ်ခုလောက် ဆွေးနွေးလို့ ရမလား "
ယဲ့ဖန် လှည့်ကြည့်လိုက်ပြီး လင်းရှောင်ပေ့ကို ကြည့်လိုက်သည်။
" မင်းငါ့ကို ဘယ်လို ခေါ်လိုက်တာလဲ "
" ယောက်ဖလေ၊ ပြဿနာရှိလား "
လင်းရှောင်ပေ့ မေးလိုက်သည်။
ယဲ့ဖန် မတတ်နိုင်ဘဲ ခေါင်းကုတ်လိုက်သည်။
" အဲ့လိုခေါ်တာ မသင့်တော်ဘူး မဟုတ်လား "
လင်းရှောင်ပေ့သည် ယဲ့ဖန်မှ လင်းကျွင်းကျွင်းကို ကိုင်ထားသည့် သူ့လက်ကို ညွှန်ပြလိုက်သည်။
" မဝန်ခံချင်ပေမယ့် မင်းတို့က ဒီလိုဖြစ်နေပြီ။ ကန့်ကွက်ရင်တောင် အသုံးဝင်လို့လား "
ယဲ့ဖန် လုံးဝ အံ့သြသွားရသည်။
ဒီတစ်ယောက်ရဲ့ သဘောထား အပြောင်းအလဲက နည်းနည်း မြန်လွန်းတာပဲ။