အခန်း (၁၂၁၃-၁၂၁၆)
Vol. 61 Ch. 1213-1216
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၁၃ )
မဝယ်ပေးရင် အိမ်ကို ပြောလိုက်မယ်
လင်းကျွင်းကျွင်းသည်လည်း အံ့ဩသွားရသည်။
သူမမောင်က သူမကို ယဲ့ဖန်နဲ့ ဝေးဝေးနေဖို့ ပြောနေတာ မဟုတ်ဘူးလား။
လင်းရှောင်ပေ့သည် လုံးဝ ရှက်နေပုံမရပေ။
သူသည် ယဲ့ဖန်ကို စိုက်ကြည့်လိုက်သည်။
" မင်း ငါ့အစ်မကို အနာဂတ်မှာ ကောင်းကောင်းဂရုစိုက်မယ်လို့ မျှော်လင့်တယ်။ မဟုတ်ရင် ငါမင်းကို အလွှတ်ပေးမှာ မဟုတ်ဘူး "
ယဲ့ဖန် သူ့နှာခေါင်းကို ထိလိုက်သည်။
" ငါ့မှာ ကောင်မလေးရှိပြီးသားဆို မင်း ဘာပြောမလဲ "
လင်းရှောင်ပေ့၏ မျက်နှာသည် တုန်လှုပ်သွားသည်။
" မင်းမှာ ရည်းစားရှိပြီးသားလား "
သူ သူ့အစ်မကို ထိတ်လန့်တကြားကြည့်လိုက်သည်။
သူ့အစ်မက အငယ်အနှောင်း ဖြစ်နေတာလား။
လင်းကျွင်းကျွင်းသည် သူမမောင်၏ အကြည့်ကြောင့် ရှက်သွားသည်။
သူမသည် ယဲ့ဖန်ကို တိတ်တဆိတ် ဆွဲဆိတ်လိုက်သည်။
အနာဂတ်ကျ သူမမောင်ကို ဘယ်လို ရင်ဆိုင်ရမှာလဲ။
လင်းရှောင်ပေ့သည် ခဏတာ အံ့အားသင့်သွားသော်လည်း အမြန် ပြန်တည်ငြိမ်သွားသည်။
" အစ်မက အရွယ်ရောက်ပြီးသားပါ။ မင်းမှာ ရည်းစားရှိမှန်း သိတာတောင် မင်းနဲ့ အတူနေချင်သေးတော့ သူမရွေးချယ်မှုကို လေးစားရမယ် "
လင်းကျွင်းကျွင်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။
သူမမောင်က သူ့ကို ဒေါသမထွက်သင့်ဘူးလား။
သူမကို မငေါက်သင့်ဘူးလား။
သူ ... သူက တကယ်ကြီး လက်ခံလိုက်တာလား။
ယဲ့ဖန်သည် သူ့မျက်နှာပေါ်မှ အပြုံးကို ထိန်းလိုက်သည်။
" ဒါဆို ပြောရဦးမယ်။ ငါ့မှာ မိန်းကလေးတွေ အများကြီးရှိတယ်။ အနည်းဆုံး ခုနစ်ယောက်လောက် "
လင်းရှောင်ပေ့ ပေါက်ကွဲလုမတတ် ဖြစ်သွားသည်။
" ဘာ၊ မိန်းကလေးတွေ အများကြီးပဲလား။ ငါ့အစ်မကို အငယ်အနှောင်းလို့တောင် သတ်မှတ်လို့ မရဘူးထင်တယ်။ မင်း ရက်စက်လွန်းတာပဲ မဟုတ်လား "
ယဲ့ဖန် ကူကယ်ရာမဲ့စွာ ပုခုံးတွန့်လိုက်သည်။
" မင်း သဘောမတူရင် မင်းအစ်မနဲ့ လမ်းခွဲလို့ရတယ် .... "
လင်းရှောင်ပေ့သည် ယဲ့ဖန်စကားကို နှောက်ယှက်ရန် သူ့လက်ကို မြှောက်လိုက်သည်။
" အစ်မရဲ့ ရွေးချယ်မှုကို လေးစားပါတယ်လို့ ပြောထားပြီးသားပဲ။ မင်းမှာ မိန်းမဘယ်လောက်ပဲရှိရှိ သူမကို မနှိပ်စက်နဲ့ "
လင်းကျွင်းကျွင်း ဆဲမိမတတ် ဖြစ်သွားသည်။
သူမမှာ ဒီလိုမောင်လေး ဘယ်လိုလုပ်ရှိရတာလဲ။
သူ့အစ်မနဲ့ တွဲတဲ့သူက မိန်းကလေးတွေ အများကြီးရှိတယ်ဆိုတာ သူ သိတာတောင် ဒေါသမထွက်ဘူးလား။
အဲ့ဒီအစား သူမရွေးချယ်မှုကို သူက လေးစားတယ်တဲ့လား။
" ဒါပေမယ့် ..... "
လင်းရှောင်ပေ့သည် အကြောင်းအရာကို ပြောင်းလဲလိုက်သည်။
" ငါ လက်ခံနိုင်ပေမယ့် ငါ့မိဘတွေက လက်မခံလောက်ဘူး။ မင်း ငါ့ကို လျှို့ဝှက်ထားစေချင်ရင် ..... "
သူသည် စကားပြောနေစဉ်တွင် ကောင်တာရှိ နာရီကို စိုက်ကြည့်ကာ သိသာထင်ရှားလွန်းသည့် အရာတစ်ခုကို အရိပ်အမြွက်ပြနေသည်။
လင်းကျွင်းကျွင်း အံ့အားသင့်သွားသည်။
ဒါအတွက်နဲ့ သူက ဒီမှာစောင့်နေတာလား။
ယဲ့ဖန် နှာမှုတ်လိုက်သည်။
" အိုး၊ မင်းက ငါ့ကို နာရီဝယ်ခိုင်းချင်တာလား။ ဘာလို့ စောစောက မပြောတာလဲ "
လင်းရှောင်ပေ့၏ မျက်နှာသည် နီရဲသွားသော်လည်း မာန်တင်းကာ ပြောလိုက်သည်။
" မင်း ပြောလိုက်။ ဝယ်ပေးမလား၊ မဝယ်ပေးရင် ငါ့မိဘတွေကို အခု ဖုန်းဆက်လိုက်မယ် "
" နင်ကများ "
လင်းကျွင်းကျွင်းသည် ချက်ချင်း ပြေးလာပြီး သူ့နားရွက်ကို လှမ်းဆွဲလိုက်သည်။
" အားးးးးးးးးးးးးးးး "
လင်းရှောင်ပေ့သည် ဝက်သတ်ခံရသကဲ့သို့ ချက်ချင်း အော်ဟစ်လိုက်သည်။
ယဲ့ဖန်သည် လမ်းလျှောက်လာပြီး လင်းကျွင်းကျွင်းကို ဆွဲလိုက်ကာ လင်းရှောင်ပေ့ကို ကြည့်ရင်း ပြုံးလိုက်သည်။
" လူတစ်ယောက်က မာနရှိရမယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ အမှီအခိုကင်းအောင် သန်မာပြီး ငွေကို အရေးမပါသလိုလို ဆက်ဆံရမယ်လို့ ပြောတဲ့သူက ဘယ်သူလဲ "
လင်းရှောင်ပေ့သည် မျက်နှာပျက်မည်ကို ဂရုစိုက်သူတစ်ယောက် ဖြစ်သည်။
သူသည် ရှက်ပြီး ဒေါသထွက်သွားသည်။
သို့သော် သူသည် ယဲ့ဖန်ကို ဒေါသမထွက်ရဲချေ။
ထို့ကြောင့် သူသည် ချက်ချင်းပင် လင်းကျွင်းကျွင်းထံသို့ လှည့်လိုက်သည်။
" အစ်မ၊ ငါ့ကို နာရီဝယ်ခိုင်းပေး။ မဟုတ်ရင် အဖေနဲ့အမေကို ဒီအကြောင်း ပြောပြလိုက်မယ် "
လင်းကျွင်းကျွင်းသည် ဒေါသကြောင့် တုန်လှုပ်သွားသည်။
" ငါ နင့်ကို ကိုယ့်မောင်လေးဆိုပြီး ချစ်လို့ ငါ့လစာတွေတောင် အကုန်ပေးခဲ့တာကို နင်က ငါ့ကို ဘယ်လိုတောင် ခြိမ်းခြောက်ရဲတာလဲ "
လင်းရှောင်ပေ့ အေးစက်စွာ နှာမှုတ်လိုက်သည်။
" အစ်မရဲ့လစာနဲ့ ဘာတတ်နိုင်လို့လဲ။ အတန်းဖော်တွေအားလုံး ဇိမ်ခံကားတွေမောင်းပြီး အိမ်အကြီးကြီးတွေမှာ နေနေကြတာ။ ကျွန်တော်ကတော့ ကျောင်းအိပ်ဆောင်မှာ နေနေရတယ် "
" ဟုတ်တယ်၊ အစ်မ ကျွန်တော့်အတွက် အဲဒါတွေဝယ်ပေးဖို့ မမျှော်လင့်ပါဘူး။ ဒါပေမယ့် နာရီလေးဝယ်ပေးရတာကတော့ ပြဿနာမဖြစ်သင့်ဘူး မဟုတ်လား "
လင်းကျွင်းကျွင်း၏ မျက်လုံးများသည် စိတ်ပျက်ခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။
" ဒါဆို နင် ခုနက ပြောခဲ့တာတွေက အတုတွေချည်းပဲလား "
" လူတွေက ရုပ်ဝတ္ထုပစ္စည်းကို မလိုက်စားသင့်ဘဲ စိတ်ဓာတ်ရေးရာအဆင့်ကို လိုက်သင့်တယ်လို့ နင်ပဲပြောတာ မဟုတ်ဘူးလား "
လင်းရှောင်ပေ့ မျက်လုံးပြူးသွားသည်။
" မှန်တယ်၊ ဒါပေမယ့် နာမ်တရားကို လိုက်စားတာနဲ့ ရုပ်ဝတ္ထုကို လိုက်စားတာ နှစ်ခုလုံး မလုပ်ရဘူးလို့ မဆိုလိုဘူး "
" လူတွေမှာ အစားအစာနဲ့ အဝတ်အထည် လုံလုံလောက်လောက်ရှိရင် ဂုဏ်ကျက်သရေကို သိလာလိမ့်မယ်။ စားစရာနဲ့ အဝတ်အစား လုံလုံလောက်လောက်ရှိရင် ကျင့်ဝတ်သိက္ခာကို သိလာလိမ့်မယ်။ နာမ်အဆင့်ကို မမှီနိုင်ခင် ရုပ်ဝတ္ထုအဆင့်ကို အရင်ကျေနပ်အောင် လုပ်ရမယ် "
လင်းကျွင်းကျွင်းသည် အဓိပ္ပါယ်မဲ့သော စကားများကြောင့် စကားပင် ပြန်မပြောနိုင်ဘဲ သူမ၏ နှလုံးသားထဲ၌ ဝမ်းနည်းခြင်းများဖြင့် ပြည့်နှက်နေသည်။
သူမ၏ မောင်လေးသည် တစ်ခုခု အောင်မြင်နိုင်မည်ဟု မျှော်လင့်ကာ သူ့အား ပညာသင်ပေးရန် ငွေစုကာ ပို့ပေးနေခဲ့သည်။
သို့သော် သူသည် ဤသို့ ဖြစ်လာမည်ဟု သူမမျှော်လင့်ထားချေ။
ယဲ့ဖန်သည် ဘေးမှ ကြည့်နေသည်။
သူသည် ပါဝင်ရန် ရည်ရွယ်ချက် မရှိချေ။
ဒါက သူမမောင်ကို အလိုလိုက်တာရဲ့ အကျိုးဆက်ပဲ။
သူတို့နှစ်ယောက် စကားဆက်မပြောသည်ကို မြင်ပြီး လင်းရှောင်ပေ့ အနည်းငယ် စိတ်မရှည်ဖြစ်လာသည်။
" မင်းတို့နှစ်ယောက် သေချာပြော။ ဝယ်မှာလား၊ မဝယ်ဘူးလား။ ဘာမှမပြောရင် ဖုန်းဆက်လိုက်မယ် "
သူသည် စကားပြောနေရင်းဖြင့် ဖုန်းကိုထုတ်ကာ ဆက်ဟန်ဆောင်လိုက်သည်။
လင်းကျွင်းကျွင်း ထိတ်လန့်သွားသည်။
ဤအကြောင်းကို သူမမိဘများကို ပြောလိုက်ပါက သူတို့ အလွန်ဒေါသဖြစ်ပေလိမ့်မည်။
လင်းရှောင်ပေ့ နာရီတစ်လုံးအတွက် ဒီလိုလုပ်မှာလား။
ဒါ သူမသိတဲ့ မောင်လေးမှ ဟုတ်သေးရဲ့လား။
ထိုအချိန် ယဲ့ဖန် သူမပုခုံးကို လှမ်းကိုင်လိုက်သည်။
ထိုလက်သည် မှော်ဆန်ပုံရသည်။
ချက်ချင်းပင် သူမကို ငြိမ်သက်သွားစေခဲ့သည်။
" မင်း ငါ့ကို ခြိမ်းခြောက်နေတာလား "
ယဲ့ဖန်သည် လင်းရှောင်ပေ့ကို အေးစက်စွာ ကြည့်လိုက်သည်။
သူ၏ ကိုယ်ရောင်ဩဘာသည် အလွန်အားကောင်းသဖြင့် စီးပွားရေးလောကနှင့် ဂိုဏ်းများ၏ အကြီးအကဲများပင် ကြောက်လန့်ကာ နှုတ်ဆိတ်နေခဲ့ရသည်။
လူ့အဖွဲ့အစည်း၏ ရိုက်နှက်ခြင်းကို တစ်ခါမှ မကြုံဖူးသော လင်းရှောင်ပေ့ကဲ့သို့ ကျောင်းသားလေးသည် ထိုသို့ကိုယ်ရောင်ဝါအား မည်သို့ ခံနိုင်ရည်ရှိမည်နည်း။
လင်းရှောင်ပေ့သည် အလွန်ထိတ်လန့်သွားပြီး နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်သည်။
" မင်း ... ဘာလုပ်တာလဲ "
ယဲ့ဖန်သည် သူ့ကိုယ်ရောင်ဝါကို ပြန်ရုတ်သိမ်းလိုက်သော်လည်း သူ့ကို အေးစက်စွာ ကြည့်နေသေးသည်။
" ခြိမ်းခြောက်တာကို ငါ မကြောက်ဘူး "
" ခုနက ငါပြောခဲ့တာတွေက ဟာသသက်သက်ပဲ။ မင်း ပြောရဲရင် ငါ ခွင့်လွှတ်မှာမဟုတ်ဘူး "
လင်းရှောင်ပေ့သည် သူ၏ ထိတ်လန့်တုန်လှုပ်မှုမှ ပြန်လည်ကောင်းမွန်လာနေပြီ ဖြစ်သည်။
အစောက သူ သူရဲဘောကြောင်မိသည့်အကြည့်ကို တွေးမိပြီး အရှက်ကွဲကာ ဒေါသထွက်သွားခဲ့သည်။
" ဟားဟား၊ မင်းငါ့ကို ခြောက်ဖို့ ကြိုးစားနေတာလား။ ငါ မင်းခြိမ်းခြောက်တာကို မကြောက်ဘူး။ မင်းငါ့ကို ဘာလုပ်နိုင်မလဲ ကြည့်ကြတာပေါ့"
မည်မျှချမ်းသာသည်ဖြစ်စေ တစ်ဖက်သူ၏ အင်အားကြီးသည် တရုတ်တွင်သာ ရှိသည်။
ဤနေရာမှာ ဂျပန်ဖြစ်သည်။
ဘယ်လောက် ချမ်းသာနေပါစေ သူ ဘာလုပ်နိုင်မှာလဲ။
ထိုအချိန် ယဲ့ဖန်၏ ဖုန်းမှာ ရုတ်တရက် မြည်လာသည်။
" မင်္ဂလာပါ Mr. Ye။ ကျွန်တော်က နီရှီကျို ဂင်ဇာ ဈေးဝယ်အဆောက်အဦးရဲ့ ဥပဒေရေးရာဌာနကပါ။ အခု ရောက်နေပါပြီလား"
ဖုန်းကိုင်ပြီးသည်နှင့် အမျိုးသမီးတစ်ဦး၏ အသံသည် ဖုန်းထဲမှ ထွက်ပေါ်လာသည်။
ယဲ့ဖန်သည် လင်းရှောင်ပေ့ကို ကြည့်ပြီးနောက် သူ့ဖုန်းကို ပြောလိုက်သည်။
" ကျွန်တော်က အဆောက်အဦးရဲ့ ခြောက်ထပ်က Rolexဆိုင်မှာ ရောက်နေတယ် "
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၁၄ )
ဒီလူငယ်လေးက အရမ်းချမ်းသာလို့လား
လင်းရှောင်ပေ့သည် ယဲ့ဖန်မှ ဖုန်းပြောနေသည်ကို မြင်ပြီး အကြောက်အရွံ့ကင်းစွာ ပြောလိုက်သည်။
" လူခေါ်နေတာလား။ ငါ့ကို ခြောက်ဖို့ ကြိုးစားနေတာဆို မင်း ဘာလုပ်နိုင်မလဲ ကြည့်ကြသေးတာပေါ့ "
တစ်ဖက်သူသည် မည်မျှပင် ချမ်းသာသည်ဖြစ်စေ ဂျပန်၌ အခြေခံအုတ်မြစ်မရှိပေ။
သူသည် သွားမပါသည့် ကျားတစ်ကောင်သာ ဖြစ်သည်။
သူက ကြွားနေတာပဲ ဟုတ်တယ်မလား။
လင်းကျွင်းကျွင်းသည် အလွန်စိုးရိမ်နေလေသည်။
တစ်ဖက်မှာ သူမမောင်လေးဖြစ်ပြီး တစ်ဖက်မှာ သူမ သဘောကျသည့်လူဖြစ်သည်။
ယခုအခါ ဤလူနှစ်ယောက်သည် ထိပ်တိုက်တွေ့နေ၍ သူမကို စိတ်မသက်မသာဖြစ်စေသည်။
သူတို့နှစ်ယောက်ကြားမှ ဆက်ဆံရေးအား မည်သို့ ဖြေလျှော့ရမည်လဲဆိုသည်ကို သူမတွေးနေချိန်မှာပင် အဝေးမှ ပြေးလာသည့် လူတစ်စုကို ရုတ်တရက် တွေ့လိုက်ရသည်။
ဤလူအုပ်စု အားလုံးသည် အနောက်တိုင်းရုံးဝတ်စုံများနှင့် သားရေဖိနပ်များ ဝတ်ဆင်ထားကြသည်။
သူတို့ကို ကြည့်ရသည်မှာ ဤအဆောက်အဦး၏ စီမံခန့်ခွဲမှုဌာနမှလူများ ဖြစ်ပုံရသည်။
ဘာဖြစ်တာလဲ။
ထိုသို့ ထင်သည်မှာ သူမတစ်ဦးတည်း မဟုတ်ခဲ့ပေ။
အဆောက်အဦးထဲရှိ ဖောက်သည်အများအပြားသည်လည်း ထိုလူများကို မြင်ပြီး ပဟေဠိဖြစ်ကုန်ကြသည်။
" ဒါက ဒီဈေးဝယ်အဆောက်အဦးက စီမံခန့်ခွဲကလူတွေ ဖြစ်လောက်တယ် မဟုတ်လား။ သူတို့က အလျင်စလို ရောက်လာကြတာပဲ။ ကြီးကြီးမားမား တစ်ခုခု ဖြစ်တော့မှာလား "
" ရှေ့ဆုံးကလူက နီရှီကျို ဂင်ဇာ ဈေးဝယ်အဆောက်အဦးရဲ့ ပိုင်ရှင်မဟုတ်လား၊ လူကြီးမင်း Sakataလေ "
" ဘာလဲ၊ သူဌေး ကိုယ်တိုင်လာတာလား။ ခေါင်းဆောင်က လာစစ်ဆေးတာလား "
" သူတို့က ဒီဘက်ကို လာနေပုံရတယ်။ ဟိုကောင်လေးတို့ နှစ်ယောက်ကြားက ပဋိပက္ခကို ဖြေရှင်းဖို့ ဒီကိုရောက်လာတာလား "
" မင်း ငါ့ကို နောက်နေတာလား။ တရုတ်နှစ်ယောက် ရန်ဖြစ်တာနဲ့ ဒီပိုင်ရှင်နဲ့ အဆင့်မြင့် အရာရှိ တော်တော်များများက ရောက်လာပေးရမှာလား "
" ဒါက တော်တော်လေး ထူးဆန်းတာပဲ .... "
အားလုံးမှ အံ့သြစွာ ဆွေးနွေးကြသည်။
လူအုပ်ကြားမှ အရှေ့ဆုံးတွင် လျှောက်လာသူမှာ အသက်လေးဆယ်ကျော် အမျိုးသားတစ်ဦးဖြစ်သည်။
သူသည် ၁.၆မီတာခန့် အရပ်ရှည်ပြီး သူ၏ လှုပ်ရှားမှုတိုင်းသည် ခံ့ညားသော ရောင်ဝါကို ပေးစွမ်းသည်။
သူသည် Rolex စတိုးဆိုင်ကို အမြန်လျှောက်လာကာ စတိုးဆိုင်တစ်ဝိုက်ကို ကြည့်လိုက်ပြီး နောက်ဆုံးတွင် သူ၏အကြည့်များသည် ယဲ့ဖန်ဆီသို့ ရောက်သွားသော်လည်း သူ့မျက်နှာ၌ တုံ့ဆိုင်းသည့်အမူအရာ ပေါ်လာခဲ့သည်။
သူသည် မသေချာနေပေ။
ယခုအချိန်တွင် အရောင်းဝန်ထမ်းမှလွဲ၍ ဆိုင်ထဲတွင် ယဲ့ဖန်နှင့် အခြားနှစ်ယောက်သာ ရှိသည်။
လင်းကျွင်းကျွင်းသည် မိန်းကလေးဖြစ်နေ၍ ပထမဦးစွာ ဖယ်ထုတ်လိုက်ပြီး လင်းရှောင်ပေ့ကို ကြည့်လိုက်ရာ သူသည် ငယ်လွန်းပြီး သူ၏ ကိုယ်ရောင်ဝါမှာ ထိုကဲ့သို့ မဟုတ်ပေ။
ယဲ့ဖန်သည် ငယ်ရွယ်သော်လည်း သူ့အသက်အရွယ်နှင့် မလိုက်ဖက်သော အေးဆေးသော အသွင်အပြင်ရှိသည်။
သို့သော် ထိုကောင်လေးသည်လည်း ငယ်လွန်းသောကြောင့် အနည်းငယ် မသေချာချေ။
ထို့ကြောင့် မေးရန်သာ ကြိုးစားလိုက်သည်။
" ဒီက ... ယဲ့ဖန်လူကြီးမင်းလား "
ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။
" ကျွန်တော်ပါ "
လူလတ်ပိုင်းအရွယ် အမျိုးသားသည် သက်ပြင်းတစ်ချက်ချလိုက်သည်။
ထို့နောက် လျင်မြန်စွာ လျှောက်လာကာ သူ့လက်ကို တင်းကြပ်စွာ ဆုပ်လိုက်သည်။
" မင်္ဂလာပါ ယဲ့လူကြီးမင်း။ ကျွန်တော်က နီရှီကျို ဂင်ဇာ ဈေးဝယ်အဆောက်အဦးရဲ့ ဥက္ကဌဖြစ်သူ ဆာကာမိုတို မီယာဇာကီပါ။ လူကြီးမင်းကို မကြိုဆိုနိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ် "
ထိုလူမှ သူ့ကိုယ်သူ မိတ်ဆက်သည်ကို ကြားပြီးနောက် လင်းကျွင်းကျွင်းနှင့် လင်းရှောင်ပေ့ အံ့သြသွားသည်။
ဒီလူက တကယ် နီရှီကျို ဂင်ဇာ ဈေးဝယ်အဆောက်အဦးရဲ့ ဥက္ကဌလား။
နီရှီကျို ဂင်ဇာ ဈေးဝယ်အဆောက်အဦးသည် အီဒိုမြို့တွင် အလွန်ကျော်ကြားသော ဈေးဝယ်စီးပွားရေး အဆောက်အဦးကြီးတစ်ခု ဖြစ်သည်။
တစ်ချိန်က အီဒိုမြို့၏ ထိပ်တန်း အဆောက်အဦးဆယ်ခုထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရသည်။
ဤစီးပွားရေးအဆောက်အဦး ပိုင်ရှင်သည် စီးပွားရေးလောကမှ လူအများစုပင် မော်မကြည့်နိုင်လောက်သည့် အကောင်ကြီးဖြစ်သည်။
လက်ရှိအချိန်တွင် စီးပွားရေးလောက၏ ဤသို့သောလူသည် ယဲ့ဖန်ကို ကြိုဆိုရန် အမြန်ပင် ရောက်ရှိလာခဲ့သည်။
လင်းကျွင်းကျွင်းသည် ယဲ့ဖန်၏ ချမ်းသာမှုအစစ်အမှန်ကို သိသော်လည်း သူမသည် စကားမပြောနိုင်အောင် တုန်လှုပ်နေဆဲ ဖြစ်သည်။
ယဲ့ဖန်သည် ချမ်းသာလျှင်ပင် သူ၏ ပိုင်ဆိုင်မှုများမှာ တရုတ်၌သာ ရှိသည်။
ဤနေရာမှာ ဂျပန်ဖြစ်သည်။
နီရှီကျို ဂင်ဇာ ဈေးဝယ်အဆောက်အဦးပိုင်ရှင်က ယဲ့ဖန်ကို ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုဖို့ ဘာလို့ ထွက်လာရတာလဲ။
လင်းရှောင်ပေ့ မပြောနှင့် သူမပင် အလွန် ထိတ်လန့်နေပြီ ဖြစ်သည်။
လင်းရှောင်ပေ့သည်လည်း ယဲ့ဖန်ကို ကြောင်အစွာ ကြည့်နေသည်။
အချိန်အတော်ကြာသည်အထိ သူ့အာရုံ ပြန်မကပ်ချေ။
ဒီကောင့်မှာ ယွမ်ဘီလီယံ အနည်းငယ်ပဲချမ်းသာတယ်လို့ သူ့အစ်မက ပြောထားတယ် မဟုတ်ဘူးလား။
ဒါပေမယ့် နီရှီကျို ဂင်ဇာ ဈေးဝယ်အဆောက်အဦးရဲ့ သူဌေးကိုယ်တိုင်က သူ့ကို ကြိုဖို့ ဘာလို့ ရောက်လာတာလဲ။
ထို့အပြင် ဆာကာမိုတို၏ စိတ်နေသဘောထားအရ သူသည် ယဲ့ဖန်ကို အတော်လေးစားပုံရသည်။
ယွမ် ၁ ဘီလီယံလောက် ချမ်းသာတာနဲ့ ဒီလောက် အထင်ကြီးခံရတာလား။
အနီးနားရှိ လူအုပ်ကြီးသည်လည်း ယဲ့ဖန်အပေါ် ဆာကာမိုတို မီယာဇာကီ၏ သဘောထားကို မြင်ပြီးနောက် သူတို့အားလုံး မယုံနိုင်ဖြစ်သွားကြသည်။
" လူကြီးမင်း ဆာကာမိုတိုက ဂျပန်မှာ ဘီလီယံရာနှင့်ချီပြီး ချမ်းသာတဲ့ သန်းကြွယ်သူဌေးကြီးလေ။ သူက တရုတ်နိုင်ငံက လူငယ်လေူကို ဘာလို့ ဒီလောက် လေးစားနေတာလဲ "
" ဒီလူငယ်လေးက အရမ်းချမ်းသာလို့လား "
" သူ ဘယ်လောက် ချမ်းသာနေပါစေ လူကြီးမင်း ဆာကာမိုတိုက သူ့ကို ဒီလောက်လေးစားနေဖို့ မသင့်တော်ပါဘူး။ လူကြီးမင်း ဆာကာမိုတိုရဲ့ အပြုအမူကို ကြည့်လိုက်။ သူက အဲ့ကောင်လေးကို ဖားဖို့ ကြိုးစားနေတဲ့ပုံပဲ "
" အမှန်ပဲ။ ဒီလူငယ်လေးက ဘယ်သူလဲ "
ယဲ့ဖန်သည် ထိုလူများ၏ အပြုအမူများကို ဂရုမစိုက်ချေ။
သူသည် ဆာကာမိုတို မီယာဇာကီနှင့်သာ လက်ဆွဲ နှုတ်ဆက်လိုက်သည်။
ဆာကာမိုတို မီယာဇာကီသည် ဘာမှမဖြစ်ခဲ့သလို လင်းရှောင်ပေ့ကို တစ်ချက်ကြည့်လိုက်ပြီး ဂရုတစိုက် မေးလိုက်သည်။
" ယဲ့လူကြီးမင်း၊ ပြဿနာတစ်ခုခု ကြုံနေလို့လား။ ဖြေရှင်းဖို့ ကျွန်တော့်အကူအညီ လိုသေးလား "
လင်းရှောင်ပေ့သည် ထိုစကားကို ကြားသောအခါ သူ့လည်ချောင်းထဲသို့ နှလုံးခုန်ထွက်လာသလို ခံစားရသည်။
ယဲ့ဖန်ကို သူ မကြောက်ချေ။
ယဲ့ဖန်သည် ဂျပန်၌ အစွမ်းအစ မရှိဘူးချေ။
ထို့အပြင် သူ့အစ်မသည် ဘေးမှာရှိနေ၍ သူ့ကို ဘာမှမလုပ်ရဲမည်မှာ သေချာသည်။
သို့သော် ဆာကာမိုတို မီယာဇာကီမှာတော့ မတူချေ။
သူသည် ဂျပန်နိုင်ငံ စီးပွားရေးလောကတွင် အကောင်ကြီးတစ်ယောက် ဖြစ်သည်။
နိုင်ငံတကာ ကျောင်းသားတစ်ယောက်အား ကိုင်တွယ်ရသည်မှာ လွယ်ကူလှသည်။
ကံကောင်းစွာနှင့် ယဲ့ဖန် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
" ဘာမှမဟုတ်ပါဘူး။ ကျွန်တော်တို့ နောက်နေတာပါ "
ထိုမှ လင်းရှောင်ပေ့ သက်ပြင်းတစ်ချက်ချလိုက်သည်။
လင်းရှောင်ပေ့ အမြန်ပြုံးပြလိုက်သည်။
" ယောက်ဖက ပညာရှိပါတယ်၊ ယောက်ဖက ပညာရှိပါတယ် "
ယဲ့ဖန် ထိုစကားကို ကြားပြီး မူးဝေသလိုပင် ခံစားလိုက်ရသည်။
ယဲ့ဖန် ထိုကောင်လေးကို စိတ်ထဲမထားတော့ချေ။
ဆာကာမိုတို မီယာဇာကီသည်လည်း တခြားဘာမှ မပြောပေ။
ယဲ့ဖန်သည် ဆာကာမိုတို မီယာဇာကီနှင့် နှုတ်ဆက်စကားအချို့ ဖလှယ်ပြီးနောက် လင်းကျွင်းကျွင်းကို လှည့်ကြည့်လိုက်သည်။
" ကိုယ် ဆာကာမိုတိုလူကြီးမင်းနဲ့ ဆွေးနွေးစရာလေး ရှိတယ်။ မင်းမှာ ဘာမှ မရှိဘူး ဆိုရင် ခဏလောက် စောင့်လို့ ရမလား။ ကိုယ်တို့ နေ့လယ်စာ အတူတူ စားရအောင် "
လင်းကျွင်းကျွင်း ချက်ချင်း ခေါင်းညိတ် သဘောတူလိုက်သည်။
" ကောင်းပါပြီ "
ယဲ့ဖန် တခြားဘာမှ မပြောတော့ပေ။
သူသည် လင်းရှောင်ပေ့ကိုပင် မကြည့်ချေ။
ယဲ့ဖန်သည် ဆာကာမိုတို မီယာဇာကီတို့ အဆင့်မြင့်အရာရှိအဖွဲ့နှင့်အတူ ထွက်ခွာသွားခဲ့သည်။
ထိုအချိန်မှသာ လင်းရှောင်ပေ့ရင်ထဲမှ အစိုင်အခဲ နောက်ဆုံးတွင် ပြေလျော့သွားခဲ့သည်။
သူသည် ယဲ့ဖန်၏ နောက်ကျောကို ကြည့်ရင်း နှုတ်ခမ်းကို တွန့်လိုက်သည်။
" ဘာတွေ လာကြွားပြနေတာလဲ။ ပိုက်ဆံနည်းနည်းပဲ ရှိတာ မဟုတ်လား "
လင်းကျွင်းကျွင်းသည် သူမမောင်၏ စကားကိုကြားသောအခါ ချက်ချင်းပင် မျက်နှာပျင်သွားသည်။
" နင် ဘယ်လိုဖြစ်နေတာလဲ။ ယဲ့ဖန်က နင့်ကို ပြဿနာမရှာတာတောင် နင်က ဘယ်လိုကျေးဇူးတင်ရမှန်း မသိဘဲ အရွဲ့တိုက်နေတုန်းလား "
လင်းရှောင်ပေ့သည် အနည်းငယ် စိတ်မချမ်းမသာ ဖြစ်သွားသည်။
" မိန်းကလေးတွေက အပြင်လူတွေနဲ့ ပြဿနာဖြစ်ရင် အိမ်သားဘက်က အမြဲရှိတယ်လို့ လူတိုင်းက ပြောကြတယ်။ ဘာလို့ အစ်မကကျ အပြင်လူဘက်က ပါနေတာလဲ။ ကျွန်တော်က အစ်မရဲ့ မောင်အရင်းပါ "
လင်းကျွင်းကျွင်း သူ့ခေါင်းကို ပုတ်လိုက်သည်။
" ငါက နင့်အစ်မမှန်း သိသေးတာလား။ ဒီနေ့ နင့်ကြောင့် ငါ့မှာ အရှက်ကွဲရသေးတယ်။ ငါ့မှာ ဘယ်လိုလုပ် နင့်လိုမောင်မျိုး ရှိနေရတာလဲ။ မြန်မြန်ပျောက်သွားစမ်း "
လင်းရှောင်ပေ့ မျက်မှောင်ကြုတ်လိုက်ပြီး ပြုံးလိုက်သည်။
" ကျွန်တော့်ကို အသစ်ဝယ်မပေးရင်လည်း ရတယ်။ ဒါပေမဲ့ ယောက်ဖကို ပြောလိုက်။ သူ့မှာ ဖယ်ထားတဲ့ နာရီအဟောင်းတွေရှိရင် ကျွန်တော့်ကို ပေးလို့။ ကျွန်တော် စိတ်မဆိုးပါဘူး ...... "
သူ့စကား မပြီးခင်မှာပင် လင်းကျွင်းကျွင်း သူ့ကို လှမ်းကန်လိုက်သည်။
လင်းရှောင်ပေ့သည် ချက်ချင်း ထွက်ပြေးသွားသည်။
လင်းကျွင်းကျွင်းသည် သူမ၏နဖူးကို ကိုင်ကာ သက်ပြင်းချလိုက်သည်။
ယနေ့ သူမသည် ယဲ့ဖန်ရှေ့၌ မျက်နှာပျက်သွားရသည်။
ယဲ့ဖန် သူမအား မည်သို့ ထင်သွားမည်ကို သူမ တကယ်ပင် မသိတော့ချေ။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၁၅ )
မင်း ကိုယ့်ရဲ့အင်အားကို ကောင်းကောင်းကြီး သိသင့်ပါတယ်
နီရှီကျို ဂင်ဇာ ဈေးဝယ်အဆောက်အဦး၏ ဝန်ထမ်းများမှာ အလွန်ပင် ပညာရှင်ဆန်လှသည်။
လက်လွှဲပြောင်းယူမှု လုပ်ငန်းစဉ်မှာ မိနစ်၂၀လောက်သာ ကြာလိုက်သည်။
အစည်းအဝေးခန်းကြီး တစ်ခုလုံးမှာ နွေးထွေးသော ဩဘာပေးသံများဖြင့် ချက်ချင်း ပြည့်နှက်သွားသည်။
ယခုအချိန်မှစ၍ ယဲ့ဖန်သည် နီရှီကျို ဂင်ဇာ ဈေးဝယ်အဆောက်အဦး၏ သူဌေးအသစ် ဖြစ်လာသည်။
ဤနေရာရှိ အဆင့်မြင့်အရာရှိများ အားလုံးသည် အတော်လေး အဆင်မပြေ ဖြစ်နေကြသည်။
သူဌေးများသည် ကုမ္ပဏီကို လွှဲပြောင်းယူပြီးနောက် ဝန်ထမ်းများ၌ ကြီးမားသော အပြောင်းအလဲများ ဖြစ်လာတတ်သည်မှာ သေချာသည်။
သူတို့၏ တရုတ်မှ သူဌေးအသစ်သည် ဘာဆက်လုပ်မည်ဆိုတာကို သူတို့ မသိကြချေ။
ယဲ့ဖန်သည် သူတို့၏အတွေးများကို မြင်ပုံရသည်။
သူ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။
" ကျွန်တော်က သီးသန့်ကိစ္စတွေမှာ ဝင်စွက်ဖက်ရတာ မကြိုက်ဖူး။ ဒါကြောင့် ရေတိုမှာတော့ ဝန်ထမ်းအပြောင်းအလဲ ရှိလာမှာ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော့်မျက်လုံးထဲမှာ ကန့်လန့်ဖြစ်လာတာကို သည်းမခံနိုင်ဘူး။ လုံ့လရှိတဲ့ ဝန်ထမ်းတွေကို ဘာမှမလုပ်ပေမယ့် လှည့်စားရဲတဲ့ ဘယ်သူ့ကိုမှ သည်းခံနေမှာ မဟုတ်ဘူး "
ယဲ့ဖန်မျက်နှာသည် အမူအရာ ထုတ်ဖော်မပြထားကာ သူ့လေသံမှာလည်း အလွန်ငြိမ်သက်နေသော်လည်း ရှိနေသမျှလူတိုင်း ရင်ထဲ တင်းမာသွားပြီး ကျယ်လောင်စွာပင် အသက်မရှုဝံ့ရဲကြတော့ပေ။
" ကောင်းပြီ၊ အလုပ်ဆက်လုပ်ကြပါ။ ကျွန်တော် လုပ်စရာလေး ရှိသေးတယ်။ အဲ့တော့ အရင်သွားဦးမယ် "
ထို့နောက် အချိန်ဆွဲမနေပေ။
ပြောပြီးသည်နှင့် လှည့်ထွက်သွားသည်။
နီရှီကျို ဂင်ဇာ ဈေးဝယ်အဆောက်အဦးမှ အရာရှိများ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ဤသူဌေးအသစ်သည် ခန့်မှန်းရခက်သည်ဟု သူတို့အားလုံး ခံစားရသည်။
အစည်းအဝေးခန်းထဲဝင်ပြီး ထွက်သွားရန် နာရီဝက်ပင် မကြာလိုက်ချေ။
ယခုအခါ သူသည် ဒီကို တစ်ခါမှမရောက်ဖူးသလို ပျောက်သွားသည်။
သို့သော် သူချန်ခဲ့သည် ဩဇာမှာ ကြောက်ဖို့ကောင်းသည်။
" ကောင်းပြီ၊ အားလုံး အလုပ်ပြန်လုပ်ကြ။ အားလုံး ပုံမှန်အတိုင်းပဲ ဆက်သွားမှာ "
ဆာကာမိုတို မီယာဇာကီသည် ခါးသက်စွာ ပြုံးပြီး လူတိုင်းကို လက်ဝှေ့ယမ်းပြသော်လည်း သူကိုယ်တိုင်လည်း စိတ်သက်သာရာရသွားသည်။
သူဌေးအသစ်သည် ရောက်လာပြီးသည်နှင့် မျက်စိစုံမှိတ် အမိန့်ပေးကာ ယန္တရားလည်ပတ်ပုံအား ပြောင်းပစ်မှာကို သူစိုးရိမ်နေခဲ့သည်။
ယခုအခါ သူဌေးအသစ်သည် လက်လွှဲထားခဲ့လေသည်။
ယဲ့ဖန် ထွက်လာသောအခါ လင်းကျွင်းကျွင်းသည် အပြင်တွင် စောင့်နေဆဲဖြစ်သည်။
" ဒီမှာ "
သူမသည် အိတ်အနည်းငယ်ကို ကိုင်ထားကာ လက်ဝှေ့ယမ်းပြလိုက်သည်။
" ပစ္စည်းတွေ အများကြီးသယ်ရတာ မပျင်းဘူးလား။ ကိုင်ပေးဖို့ တစ်ယောက်ယောက်ကို ကိုယ် ငှားလိုက်ရမလား "
ယဲ့ဖန် သူမလက်ထဲက အိတ်များကို ညွှန်ပြလိုက်သည်။
" ခုနက ပစ္စည်းတွေ ပြန်အမ်းဖို့ သူတို့ဆီ သွားခဲ့သေးတယ်။ ဒါပေမယ့် သူတို့က ပြန်အမ်းငွေ မပေးဘူးလို့ ပြောတယ် "
လင်းကျွင်းကျွင်းသည် အနည်းငယ် မပျော်မရွှင် ဖြစ်နေကာ သူမ၏ နှုတ်ခမ်းလေးကို စူလိုက်သည်။
" ဘာလို့ ပြန်အမ်းမှာလဲ။ ကိုယ်မင်းအတွက် ဝယ်ပေးထားမှတော့ နာခံမှုရှိရှိ လက်ခံလိုက် "
ယဲ့ဖန်သည် ဘာမှမဟုတ်သလိုဖြင့် သူ့ပိုက်ဆံ မည်မျှသုံးခဲ့သည် ဆိုတာကို ဂရုမစိုက်ချေ။
အရေးမပါသည့်အရာတစ်ခု လုပ်လိုက်သလိုပင် နေနေသည်။
" အားစိုက်ထုတ်မှုမရှိဘဲ ဆုကြေးရတာတွေကို လက်မခံချင်ဘူး။ ပြီးတော့ ဒီလောက်စျေးကြီးတာတွေကို လက်မခံဝံ့ဘူး "
လင်းကျွင်းကျွင်းသည် ငြင်းဆန်ချင်သေးသည်။
" ဒါကို မင်းအတွက် ဆုကြေးတစ်ခုအနေနဲ့ သတ်မှတ်လိုက်။ မင်း မေပယ်ရွက်ရှေးဟောင်းပစ္စည်းဆိုင်ကို စနစ်တကျ စီမံခန့်ခွဲတယ်ဆိုတာ လူအိုကြီးစွန်းစီက ကိုယ်ကြားတယ် "
" ဒါပေမယ့် ..... "
" ဘာမှ ဒါပေမမယ့်နဲ့။ မင်း ထပ်ငြင်းရင် ကိုယ် ဒေါသထွက်လိမ့်မယ် "
ယဲ့ဖန်သည် သူမကို မကျေမနပ် စိုက်ကြည့်လိုက်သည်။
လင်းကျွင်းကျွင်းသည် ပါးစပ်ပိတ်ပြီး သူ့နောက်လိုက်ရန်က လွဲ၍ ရွေးချယ်စရာ မရှိတော့ချေ။
" ဘာဖြစ်လို့လဲ၊ ခုနက ဘာကိစ္စလဲဟင် "
ယဲ့ဖန် အေးဆေးပေါ့ပါးစွာ ပြန်ဖြေသည်။
" ဘာမှမဟုတ်ပါဘူး။ ကိုယ် လက်လွှဲတဲ့ကိစ္စ လုပ်နေတာ "
လင်းကျွင်းကျွင်း စိတ်ရှုပ်သွားသည်။
" ဘာလက်လွှဲတာလဲ "
" ကိုယ် နီရှီကျို ဂင်ဇာ ဈေးဝယ်အဆောက်အဦးကို ၀ယ်လိုက်တာ "
ယဲ့ဖန်သည် ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်သည်။
သူ့အမူအရာမှာ ငြိမ်သက်နေသည်။
" ဘာရယ်။ ရှင် ဝယ်ခဲ့တာလား။ ရှင်က နီရှီကျို ဂင်ဇာ ဈေးဝယ်အဆောက်အဦးကို ဝယ်ခဲ့တာလား "
လင်းကျွင်းကျွင်း၏ လှပသော မျက်လုံးလေးများက မယုံနိုင်စွာ ပြူးကျယ်သွားသည်။
" ဒီလောက် အံ့သြဖို့ လိုလို့လား။ မင်း ကိုယ့်ခွန်အားကို ကောင်းကောင်းကြီး သိသင့်ပါတယ် "
ယဲ့ဖန် သူမကို ကျေနပ်သလို ကြည့်လိုက်သည်။
" ဒါပေမယ့် အဲ့တာက တရုတ်မှာလေ။ ဒါက ဂျပန်မှာကို "
လင်းကျွင်းကျွင်းသည် သူမ၏ အံ့အားသင့်သော အမူအရာကို အနည်းငယ် ထိန်းထားလိုက်နိုင်သော်လည်း သူမ၏ နှလုံးသားသည် လက်မခံ ဖြစ်နေဆဲဖြစ်သည်။
" ဂျပန်မှာ ဘာဖြစ်လဲ။ ဂျပန်မှာက ခေါင်းသုံးလုံးနဲ့ လက်ခြောက်ချောင်းရှိတဲ့သူတွေ ရှိလို့လား "
ယဲ့ဖန် မျက်လုံးပြူးပြီး ဓာတ်လှေကားထဲ လျှောက်သွားသည်။
လင်းကျွင်းကျွင်း အမြန်အနောက်မှ လိုက်သွားသည်။
" အဲ့လို မဆိုလိုပါဘူး။ ရှင် ... ဂျပန်မှာ ရောက်လာတာ ဘယ်နှစ်ရက်ပဲ ရှိသေးလို့လဲ။ ဒါပေမဲ့ ရှင်က တကယ်ကို ကြီးကျယ်ခမ်းနားတဲ့ လုပ်ရပ်တစ်ခု လုပ်နိုင်ခဲ့တာ တကယ်ပဲ ...... "
" တကယ် ဘာဖြစ်လဲ "
" တကယ်ကို အင်အားကြီးလွန်းတယ် "
လင်းကျွင်းကျွင်းသည် အခြားစကားလုံးများကို ရှာမတွေ့သောကြောင့် သူ့ကို မြှောက်ပင့်သည့်စကားသာ ပြောရတော့သည်။
တကယ်ပင် မြှောက်ပင့်ခြင်း မဟုတ်ပေ။
ယဲ့ဖန်သည် အစွမ်းထက်လွန်းသည်ဟု သူမတကယ်ခံစားမိသည်။
ဤနီရှီကျို ဂင်ဇာ ဈေးဝယ်အဆောက်အဦးသည် အီဒိုမြို့၌ အလွန်နာမည်ကြီးလေသည်။
လူတိုင်းနီးပါး သိကြသည်။
သို့သော် အခုအခါ ယဲ့ဖန်မှ တိတ်တဆိတ် ဝယ်ယူလိုက်ပြီ ဖြစ်သည်။
ထိုသတင်းမှာ အံ့သြစရာ ကောင်းလွန်းလှသည်။
" ကိုယ် တော်တဲ့အရာတွေ အများကြီး ရှိတယ်။ နောက်ကျ မင်း အဲ့တာတွေကို ဖြည်းဖြည်းချင်း သိလာလိမ့်မယ် "
ယဲ့ဖန်သည် ဆိုးသွမ်းသော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။
လင်းကျွင်းကျွင်း၏ အကြည့်များသည် မသိစိတ်ကြောင့် အောက်သို့ ကျဆင်းသွားသည်။
တစ်စုံတစ်ခုကို တွေးလိုက်မိလိုက်ပြီး သူမ၏ လှပသည့် မျက်နှာလေးမှာ ချက်ချင်း နီရဲသွားသည်။
ယဲ့ဖန် သူမနဖူးကို လှန်လိုက်သည်။
" မင်း ဘာတွေတွေးနေတာလဲ။ ကိုယ်က အဲဒီရှုထောင့်ကို ရည်ညွှန်းတာမဟုတ်ဘူး။ အဲဒီရှုထောင့်က အရမ်းအားကောင်းပေမယ့် မင်းအဲ့တာကို တွေ့ကြုံခံစားဖို့ အခွင့်အရေးရှိမှာမဟုတ်ဘူး "
လင်းကျွင်းကျွင်းသည် နာကျင်နေသော နဖူးကို ပွတ်သပ်ကာ သူ့ကို စိုက်ကြည့်နေသည်။
" ဘာလို့မဖြစ်ရမှာလဲ "
သူမသည် ထိုမေးခွန်းကို စူးစမ်းလိုစိတ်ကြောင့် မသိစိတ်ဖြင့် မေးလိုက်သော်လည်း ချက်ချင်း နောင်တရသွားသည်။
သူမသည် ထိုကိစ္စကို တွေ့ကြုံခံစားရန် စိတ်အားထက်သန်နေပုံပေါ်သွားသည်။
ယဲ့ဖန်သည် ထိုအခွင့်အရေးကို ဆုပ်ကိုင်ထားသည်။
ထို့နောက် ဆိုးသွမ်းစွာ ပြုံးပြီး မေးသည်။
" ဘာပြောတာလဲ။ မင်းက အဲ့တာကို တွေ့ကြုံခံစားချင်တာလား "
လင်းကျွင်းကျွင်း သူ့ခေါင်းကို ဘေးသို့ အမြန်လှည့်လိုက်သည်။
" ဘယ်သူက အဲ့တာကို ကြုံချင်နေလို့လဲ။ မဟုတ်ပါဘူး "
ယဲ့ဖန်သည် သူမအရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာသည်။
သူက ခေါင်းငုံ့ပြီး မျက်လုံးများကို စိုက်ကြည့်နေသည်။
" မိန်းမတွေက တစ်မျိုးပြောတတ်ပေမယ့် နောက်တစ်မျိုးကို ဆိုလိုတတ်တယ်။ အဲ့တာကို တွေ့ကြုံချင်ရင် မင်း ပြောလိုက်ရုံပဲ "
လင်းကျွင်းကျွင်းသည် သူ့အကြည့်ကို ရှောင်လိုက်သည်။
" မ ... မကြုံချင်ဘူး ..... "
သူမသည် ယဲ့ဖန်ကို ငြင်းဆန်လိုက်သော်လည်း သူမအသံမှာ ပျော့ညံ့သွားသည်။
ယဲ့ဖန် သူ့ခေါင်းကို လင်းကျွင်းကျွင်း၏ နားရွက်နားသို့ ဖြည်းညှင်းစွာ ရွှေ့လိုက်သည်။
" မင်းရဲ့ မောင်လေးအရှေ့မှာ မင်းက ကိုယ့်ကောင်မလေးလို့ ပြောလိုက်တာကို မင်းဘာလို့ မရှင်းပြတာလဲ "
" ကျွန်မ ...… "
လင်းကျွင်းကျွင်းသည် စကားပျောက်ဆုံးနေသည်။
သူမ ဘယ်လိုဖြေရမည်မှန်း မသိချေ။
" သြော်၊ ကိုယ်နားလည်ပြီ။ ကိုယ့်မိန်းကလေးဖြစ်ရတဲ့ ခံစားချက်ကို မင်း ကြိုက်တာလား။ အဲ့တာ အတုမှန်းသိရင်တောင် မဖော်ထုတ်ချင်ဘူးလား "
ယဲ့ဖန်သည် ဆွဲဆောင်မှုရှိသည့် လေသံဖြင့် မေးသည်။
လင်းကျွင်းကျွင်း၏ နှလုံးသားမှာ ဖော်ထုတ်ခံလိုက်ရ၍ သူမ၏ လှပသော မျက်နှာလေးသည် နီရဲလာခဲ့သည်။
သူမ၏ နားသည် သွေးများ စီးကျလာမတတ် နီနေသည်။
ယဲ့ဖန်၏ မျက်နှာပေါ်ရှိ အပြုံးသည် ပိုကျယ်လာသည်။
သူသည် သူမ၏ ချယ်ရီနှုတ်ခမ်းဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။
လင်းကျွင်းကျွင်း၏ နှလုံးခုန်သံသည် ပြင်းထန်စွာ ခုန်နေပြီး သူမ လွန်စွာတုန်လှုပ်သွားသည်။
ခုခံမည့်အစား မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်သည်။
ထိုသည်က တိတ်တဆိတ် သဘောတူညီချက်တစ်ခု ဖြစ်သည်။
ဒီလိုစမ်းသပ်မှုကို ဘယ်ယောက်ျားက ခံနိုင်ရည်ရှိမှာလဲ။
သူတို့နှုတ်ခမ်းချင်း ထိတော့မည်ဖြစ်သည်။
ဒင်
ဓာတ်လှေကားတံခါး ရုတ်တရက် ပွင့်လာသည်။
အပြင်၌ ဓာတ်လှေကားစီးရန် စောင့်နေသည့် လူအုပ်ကြီးသည် အတွင်းထဲမှ မြင်ကွင်းကြောင့် အံ့ဩသွားကြသည်။
သူတို့က ဒီလောက်တောင် ကစားနေကြတာလား။
လင်းကျွင်းကျွင်း၏ လှပသော မျက်နှာလေးသည် အနည်းငယ် နီနေသေးသည်။
အခု ဓာတ်လှေကားထဲ၌ လူများစွာ မြင်သွားသည့်အကြောင်း သူမ တွေးမိသည့်အခါ မြေကြီးထဲပင် ပြေးပုန်းချင်လာသည်။
သို့သော် သူမ ရှက်ရွံ့နေသော်လည်း သူမ၏ နှလုံးသားထဲတွင် ချိုမြိန်မှုအရိပ်အမြွက် ရှိနေသေးသည်။
သူတို့နှစ်ဦးသည် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု မရှိကြသော်လည်း ထိုအချိန်က စိတ်လှုပ်ရှားမှုအား မေ့မရနိုင်သေးပေ။
" ခုနက ခံစားချက်ကို သတိရနေတာလား "
သူမ၏ ဆန့်ကျင်ဘက်၌ ထိုင်နေသော ယဲ့ဖန်သည် သူမ ပြုံးနေသည်ကို မြင်လိုက်ပြီး သူမကို စနောက်လိုက်သည်။
" ဘယ်သူလဲ .... ဘယ်သူက သတိရနေလို့လဲ "
လင်းကျွင်းကျွင်းသည် စာမေးပွဲ၌ စာခိုးချနေသည်ကို မိသွားသော ကျောင်းသူနှင့်တူသည်။
သူမ ထိတ်လန့်သွားရသည်။
ယဲ့ဖန် သူမရှက်နေမှန်း သိသည်။
ထို့ကြောင့် သူမကို ဆက်လက် မစနောက်တော့ဘဲ အကြောင်းအရာကို ချက်ချင်းပြောင်းပြောလိုက်သည်။
" ဒီမှာ အလုပ်လုပ်တာ ဘယ်လိုနေလဲ။ ကိုယ့်အကူအညီ လိုသေးလား "
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၁၆ )
အဲ့တာက စီးပွားရေး ဉာဏ်ကြီးရှင်တဲ့လား
လင်းကျွင်းကျွင်းသည် အလုပ်အကြောင်းပြောသောအခါ သူမသည် ချက်ချင်းပင် လေးနက်လာသည်။
" ဒီတစ်ခေါက် ဝယ်ယူမှုရဲ့ခက်ခဲပုံကို ကျွန်မတို့ လျှော့တွက်ထားမိပုံရတယ်။ ဒီစုဆောင်းသူက တစ်ကမ္ဘာလုံးရဲ့ စုဆောင်းရေးလောကမှာ အတော်လေး နာမည်ကြီးတယ်။ သူ့စုထားတာတွေကို ရောင်းတော့မယ်ဆိုတဲ့ သတင်းထွက်လာတာနဲ့ လေလံအိမ်တွေရော ကမ္ဘာတစ်ဝှမ်းက တစ်ဦးချင်းစုဆောင်းသူတွေရော ပြေးလာကြတာ။ ကျန်တာတွေကို ယူဖို့ကတောင် ကျွန်မတို့ အတော်လေး ခက်ခက်ခဲခဲ ကြိုးစားရလိမ့်မယ် "
ယဲ့ဖန် နားထောင်ရင်း ခေါင်းညိတ်လိုက်သည်။
ထိုရလဒ်ကို သူ မျှော်လင့်ထားပြီးသား ဖြစ်သည်။
ရှေးဟောင်းပစ္စည်းနှင့်ကစားများထဲ၌ အနည်းငယ်ကသာ လူမိုက်များ ဖြစ်ကြသည်။
ကိုယ်ကိုယ်တိုင် မြင်နိုင်ပါက တစ်ဖက်သူလည်း မြင်နိုင်သည်။
မည်သူမျှ မသိနိုင်သော အောင်မြင်မှုကြီးတစ်ခုကို ဖြစ်ရန် ကြီးမားသော အခွင့်အလမ်းတစ်ခု လိုအပ်မည်ဖြစ်သည်။
ယဲ့ဖန်သည်ပင် စနစ်၏ လမ်းကြောင်းပြမှုကြောင့် ရနိုင်ခြင်း ဖြစ်သည်။
" မင်း ကိုယ်အကူအညီလိုရင် ကိုယ့်ကို အချိန်မရွေး အကြောင်းကြား။ ကိုယ့်ကို အားနာမနေနဲ့ "
" ဒါဆို ကျွန်မ မယဉ်ကျေးတော့ဘူး။ နောက်ဆုံးကျ ကျွန်မက ရှင့်အတွက် အလုပ်လုပ်နေရတာ မဟုတ်လား။ အချီကြီး ကောက်ရရင်တောင် ရှင့်အတွက် ငွေရှာပေးသလိုပဲ ဖြစ်နေမှာလေ "
လင်းကျွင်းကျွင်းသည် ယဲ့ဖန်၏ ဂုဏ်ယူသောစကားကြောင့် အလွန်စိတ်ပျက်သွားပြီး ချက်ချင်း လက်တုံ့ပြန်လိုက်သည်။
ယဲ့ဖန် ထမင်းတစ်လုတ်စားပြီး ပြုံးလိုက်သည်။
" မင်းသာ ကိုယ့်မိန်းမဖြစ်လာရင် မင်းက မေပယ်ရွက်ရှေးဟောင်းပစ္စည်းဆိုင်ရဲ့ သူဌေးမကြီး ဖြစ်လာမှာ မဟုတ်လား။ အဲ့ဒီအချိန်မှာ မင်းကိုယ်တိုင် လုပ်သမျှ မင်းအိတ်ထဲ ဝင်လာလိမ့်မယ် "
လင်းကျွင်းကျွင်း နှုတ်ခမ်းကို စူပုတ်လိုက်သည်။
" ကျွန်မ ဂရုမစိုက်ပါဘူး။ မိန်းကလေးတွေက သူတို့ကိုယ်သူတို့ ချစ်ရမယ်။ အမှီအခိုကင်းပြီး ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် ကြိုးစားရမယ်။ ယောက်ျားတွေကို အားကိုးလို့မရဘူး။ မဟုတ်ရင် ငွေကြေးနဲ့ စိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှုကို ချုပ်နှောင်ခံရလိမ့်မယ် "
" ရပ်လိုက်၊ ရပ်လိုက်၊ ရပ်လိုက်၊ မင်းကို မင်းမောင်လေးက ဦးနှောက်ဆေးသွားတာတော့ မဟုတ်ဘူးမလား "
ယဲ့ဖန် မတတ်နိုင်ဘဲ နှောင့်ယှက်လိုက်သည်။
လင်းကျွင်းကျွင်း ပါးစပ်ကို အုပ်ပြီး ရယ်သည်။
" ကျွန်မမောင်လေးက သိပ်ပြီး အားကိုးစရာမရှိပေမယ့် သူ့စကားတွေက ကျိုးကြောင်းဆီလျော်နေတုန်းပဲ "
" အခု ကျွန်မ အဆင်ပြေနေတယ်။ ကိုယ်ပိုင်ငွေနဲ့ ကိုယ်သုံးနိုင်တယ်။ ဘယ်သူ့ကိုမှ အားကိုးနေစရာ မလိုဘူး "
ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။
" မင်းစဉ်းစားပြီးရင် ကိုယ့်ကို ပြောနိုင်တယ်။ ကိုယ့်အိပ်ရာက အရမ်းကြီးတော့ လူအများကြီးဆံ့တယ် "
လင်းကျွင်းကျွင်း နှာမှုတ်ပြီး တခြားဘာမှ ပြန်မပြောတော့ပေ။
ထမင်းစားပြီးနောက် ယဲ့ဖန် သူမကို ဟိုတယ်သို့ ပြန်ပို့လိုက်သည်။
ဤအမျိုးသမီးသည် အမှန်တကယ် တွန့်တိုတတ်ပြီး ဈေးပေါသည့် ဟိုတယ်တစ်ခု၌သာ တည်းခိုလေသည်။
သူမအား အဆင့်မြင့်ဟိုတယ်တစ်ခုသို့ ပြောင်းရန် ကူညီပေးလိုသော်လည်း သူမသည် သူ့ကို ငြင်းပယ်ခဲ့ပြီး သူများပိုက်ဆံကို အသုံးမပြုနိုင်ဘူးဟု ပြောခဲ့သည်။
နောက်ဆုံး၌ ယဲ့ဖန် လင်းကျွင်းကျွင်းကို မစည်းရုံးနိုင်ဘဲ လက်လျှော့လိုက်ရသည်။
လင်းကျွင်းကျွင်းသည် ဟိုတယ်ထဲသို့ ဝင်သွားသည်ကို ကြည့်ပြီးနောက် ဖန်းကျန်းဝူစီမှ ရုတ်တရက် ဖုန်းခေါ်ဝင်လာသည်။
" သခင်ကြီး၊ ကျန်းဝူကို စုံစမ်းခိုင်းတဲ့လူကို စုံစမ်းပြီးပါပြီ "
ဖုန်းချိတ်ပြီးသည်နှင့် ဖန်းကျန်းဝူသည် အဓိကကိစ္စသို့ တန်းပြောခဲ့သည်။
" ဟုတ်လား၊ သူ့နောက်ခံက ဘာတဲ့လဲ "
ယဲ့ဖန်သည် ချက်ချင်းပင် စိတ်ဓာတ် တက်ကြွလာသည်။
" ခါဝါမိုတို ဟီဒဲကိက စီးပွားရေး ဉာဏ်ကြီးရှင်ပါ။ သူက အသက်၃၀မှာ ခါဝါမိုတို ကုန်သွယ်ရေး ကုမ္ပဏီကုမ္ပဏီကို စတင် တည်ထောင်ခဲ့တယ်။ အချိန်တို ဆယ်စုနှစ်တစ်ခုအတွင်းမှာ အီဒိုမြို့ရဲ့ ထိပ်တန်း ကုန်သွယ်ရေးကုမ္ပဏီ ငါးခုထဲက တစ်ခု ဖြစ်ခဲ့ပါတယ် "
" ဒါက စီးပွားရေး ဉာဏ်ကြီးရှင်လို့ ယူဆလား "
ယဲ့ဖန်သည် မတတ်နိုင်ဘဲ ဖြတ်ပြောပြီး မေးလိုက်သည်။
" အဟမ်း၊ ဒါပေါ့။ သခင်ကြီးနဲ့ ယှဉ်လောက်တဲ့ အနေအထားကို မရှိတဲ့အပြင် သခင်ကြီးလောက် ဒီကမ္ဘာမှာ ပါရမီရှိတဲ့သူ မရှိဘူး "
ဖန်းကျန်းဝူသည် ချက်ချင်း သူ့ကို မြှောက်ပင့်လိုက်သည်။
" မင်းသိတာ ကောင်းတယ်။ ဆက်ပြော "
" သူ့မှာက ခါဝါမိုတို ကုန်သွယ်ရေး ကုမ္ပဏီကုမ္ပဏီအပြင် သူ့လက်အောက်မှာ တခြား ကုမ္ပဏီတွေလည်း အများကြီးရှိသေးတယ်။ အိမ်ခြံမြေ၊ အင်တာနက်၊ ကားထုတ်လုပ်ရေးနဲ့ အခြားစက်မှုလုပ်ငန်းတွေရော။ သူ့ရဲ့ ပိုင်ဆိုင်မှုက တရုတ်ယွမ် ၁၀ ဘီလီယံကျော်လောက် ရှိလောက်တယ် "
ဖန်းကျန်းဝူသည် ခါဝါမိုတို ဟီဒဲကိ၏ အချက်အလက်များကို အသေးစိတ် ရှင်းပြလေသည်။
ယဲ့ဖန်သည် ခဏတာ နားထောင်ပြီး ထပ်မနှောင့်ယှက်နိုင်တော့ပေ။
" မင်းပြောခဲ့တာက အွန်လိုင်းမှာ ရှာလို့ရတဲ့ အချက်အလက်တွေပဲ။ တခြား ဘာမှ ရှာတွေ့ခဲ့သေးလဲ "
" ဟုတ်တယ် "
ဖန်းကျန်းဝူ အမြန် ပြန်ဖြေလိုက်သည်။
" ခါဝါမိုတို ဟီဒဲကိ လုပ်ခဲ့တဲ့ ပထမဆုံးရင်းနှီးမြှုပ်နှံမှုက တရုတ်နိုင်ငံက လာတာ "
ထိုအချက်အလက်ကို ယဲ့ဖန် ကြားလိုက်သည့်အခါ သူ့မျက်လုံးများ တောက်ပလာသည်။
" ဟုတ်လား၊ ဘယ်ကုမ္ပဏီကလဲ "
" ဖုလီကော်ပိုရေးရှင်း။ နျုံစစ်သွမ်းရဲ့ ဖုလီ ကော်ပိုရေးရှင်းက သူ့ကို ရင်းနှီးမြှုပ်နှံမှု သန်း၃၀ ပံ့ပိုးပေးခဲ့တယ်။ အတိအကျပြောရရင် ဒီအရင်းအနှီးကြောင့် အချိန်တိုအတွင်း သူ တက်နိုင်ခဲ့တာ "
ဖန်းကျန်းဝူသည် အရေးကြီးသော အချက်အလက်တစ်ခုကို ယူဆောင်လာသည်။
လက်ကိုင်ဘီးပေါ်မှ ယဲ့ဖန်၏ ဆုပ်ကိုင်ထားမှုမှာ တင်းကျပ်လာသည်။
ဒီလူက နျုံစစ်သွမ်းနဲ့ တကယ် ဆက်စပ်နေတာပဲ။
" တခြားရှိသေးလား "
" ပြီးတော့ သခင်ကြီး၊ ဒီလူကို သတိထားရမယ်။ ခါဝါမိုတို ဟီဒဲကိက အရမ်းအစွမ်းထက်တယ် "
" မဖြစ်နိုင်ဘူး "
ယဲ့ဖန်သည် ထိုသတင်းကို ကြားပြီးနောက် ချက်ချင်း ငြင်းလိုက်သည်။
" အရင်က သူနဲ့ကိုယ် တွေ့ဖူးတယ်။ သူ့တကယ် ခွန်အားရှိရင် ကိုယ် သတိထားမိမှာပေါ့ "
ယဲ့ဖန်သည် သူ၏ လက်ရှိပညာဖြင့် တစ်ဖက်မှ ကိုယ်ခံပညာသမားဖြစ်ပါက သူ့ခန္ဓာကိုယ်ပေါ်မှ ကိုယ်ခံအားသည် မြင်သာနေမည် ဖြစ်သည်။
သို့သော် ထိုနေ့က ယဲ့ဖန် ခါဝါမိုတို ဟီဒဲကိနှင့် တွေ့သောအခါ သူ့ထံမှ ကိုယ်ခံပညာရှင်၏ အရိပ်အယောင်ကို မတွေ့ခဲ့ရပေ။
အကယ်၍ တစ်ဖက်လူမှ သူ့ထက် ပို၍ အားကောင်းခြင်း သို့မဟုတ် သူ၌ ကိုယ်ရောင်ဝါ ဖုံးကွယ်သည့် နည်းလမ်းတစ်ခုနေခြင်း မဟုတ်ပါက ယဲ့ဖန် မသိနိုင်ရန် မဖြစ်နိုင်ချေ။
" ဒါ လုံးဝမှန်တယ်။ တစ်ယောက်ယောက်က သူနဲ့ ရန်ဖြစ်ဖူးတယ်။ သူက တကယ်ကို သန်မာတယ် "
ဖန်းကျန်းဝူ ချက်ချင်းပင် အလေးအနက် ပြောလိုက်သည်။
ယဲ့ဖန်သည် ထိုစကားကို ကြားပြီးနောက် တိတ်ဆိတ်သွားသည်။
ခါဝါမိုတို ဟီဒဲကိက သူ့ရဲ့ ခွန်အားကို အမှန်တကယ် ဖုံးကွယ်ထားခဲ့တာလား။
ပြီးတော့ ငါ အဲ့တာကိုတောင် မတွေ့ခဲ့ဘူးလား။
ဒီလိုသာဆို အဲ့ဒီနေ့က ငါ တကယ် အန္တရာယ်တွင်းထဲမှာ ရှိနေခဲ့တာပဲ။
အကယ်၍ ယဲ့ဖန်သည် သတိမထားမိဘဲ တစ်ဖက်မှ ရုတ်တရက် တိုက်ခိုက်ခဲ့ပါက သူ မသေလျှင်ပင် ဒဏ်ရာ ရမည်မှာ သေချာသည်။
ထိုသည်က သူ့ကို ချွေးအေးထွက်လာစေသည်။
ကံကောင်းထောက်မစွာဖြင့် ဖန်းကျန်းဝူမှ သူ့ကို အချိန်မီ သတိပေးခဲ့သည်။
မဟုတ်ရင် သူ အမှားကြီး လုပ်မိသွားနိုင်သည်။
သူသည် အခု နိုင်ငံခြား၌ ရှိနေသည်ကို ရုတ်တရက် သိလိုက်ရသည်။
ခြေလှမ်းတိုင်းကို သတိထားရမည်ဖြစ်ပြီး ဘယ်သူ့ကိုမှ လျှော့မတွက်သင့်ချေ။
မဟုတ်ပါက သူ သတိမထားမိခင်မှာပင် တစ်ပွဲလုံး ရှုံးသွားနိုင်သည်။