← Chapters

အခန်း (၁၂၂၁-၁၂၂၄)

Vol. 62 Ch. 1221-1224

အခန်း (၁၂၂၁-၁၂၂၄)

Vol. 62 Ch. 1221-1224

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၂၁ )

သူမက ဒီလောက်ကြည့်ကောင်းတာကို ဘာလို့ ဒီလောက် ရက်စက်ရတာလဲ

ယဲ့ဖန်သည် ပဋိပက္ခဖြစ်သည်ကို ကြည့်ရန် အနောက်မှ လိုက်သွားစရာမလိုပေ။

သူ၏ ကြားနိုင်စွမ်းမှာ အတိုင်းထက်အလွန်ကောင်းလေသည်။

အဝေးမှ ဖြစ်သော်လည်း စကားဝိုင်းကို ကောင်းမွန်စွာ ကြားနိုင်နေသေးသည်။

သိသာစွာပင် မာစုယုမား ရှိုဂျီသည် ထိုထောင့်မှ လူများကို မြင်သောအခါ အနည်းငယ်တွန့်ဆုတ်သွားသည်။

သို့သော် သူ ဘာမှမလုပ်နိုင်ခင်မှာပင် ထိုနေရာမှ လူနှစ်ယောက်သည် ထလာပြီး မာစုယုမား ရှိုဂျီ၏ သွားရာလမ်းကို ပိတ်လိုက်သည်။

မာစုယုမား ရှိုဂျီသည် ရွေးစရာမရှိဘဲ ဖြစ်လာသမျှကို ခေါင်းခံမည့်သဘောဖြင့် ရှေ့သို့ ဆက်လျှောက်သွားသည်။

ထိုထောင့်၌ ထိုင်နေသူများထဲမှ ထိပ်ပြောင်ဖြင့်လူကြီးသည် လက်မောင်းကြား၌ အပျော်မယ် မိန်းကလေးတစ်ယောက်ကို ပွေ့ဖက်ထားသည်။

ထိုမိန်းကလေးသည် လီဆာဖြစ်နိုင်သည်။

ထိုထိပ်ပြောင်ဖြင့်လူသည် ခေါင်းကိုမော့ကာ သူ့ကို ကြည့်လိုက်သည်။

" မင်းက ငါ့မိန်းကလေးကို လုချင်နေတဲ့ကောင်လား "

မာစုယုမား ရှိုဂျီ၏ မျက်နှာသည် မူလက အကြောက်တရားများဖြင့် ပြည့်နှက်နေခဲ့သည်။

သို့သော် လီဆာဟုခေါ်သော မိန်းကလေး၏ မျက်လုံးများကို တွေ့လိုက်သောအခါ သူသည် ရုတ်တရက် သတ္တိများနှင့် ပြည့်နှက်သွားပုံရသည်။

" ဟုတ်တယ် ငါပဲ ...... "

ယဲ့ဖန်သည် ထိုမြင်ကွင်းကို မြင်သောအခါ မတတ်နိုင်ဘဲ ဖန်းကျန်းဝူကို ကြည့်လိုက်မိသည်။

" မိန်းမတွေက ယောက်ျားတွေရဲ့ ခွန်အားလို့ ပြောကြတယ်။ အဲ့တာက မှန်သလိုပဲ "

ဖန်းကျန်းဝူ၏ မျက်နှာလေးသည် ချက်ချင်းပင် နီရဲသွားကာ ပြိုးပြက်ပြက် အလင်းရောင်အောက်တွင် ထူးခြားသည့် ဆွဲဆောင်မှုဖြင့် ဖြားယောင်းပုံဆောင်နေသည်။

ယဲ့ဖန်သည် သူမကိုကြည့်ရင်း အပူလှိုင်းတစ်ခုကို ခံစားလိုက်ရသည်။

ချက်ချင်းပင် သူမကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

သို့သော် မာစုယုမား ရှိုဂျီမှာတော့ ကောင်မလေးကို ရင်ခွင်ထဲ မထည့်လိုက်နိုင်ချေ။

သူ့စကားမဆုံးခင်မှာပင် သူ့ခေါင်းသည် ဘီယာပုလင်းဖြင့် နှုတ်ဆက်လိုက်ရ

သည်။

ခွမ်း

ဘီယာပုလင်းက သူ့ခေါင်းကို ထိမှန်ပြီး ချက်ချင်းပင် ကွဲသွားကာ ဖန်ကွဲစများ နေရာအနှံ့ လွင့်ပျံသွားခဲ့သည်။

" အား ...... "

မာစုယုမား ရှိုဂျီ အော်ဟစ်ပြီး ဒူးထောက်လိုက်မိသည်။

ဘား၏ ကျယ်လောင်သော ဂီတသံကြောင့် အကကြမ်းပြင်ပေါ်ရှိ လူများသည် ထိုပြဿနာများကို သတိမထားမိဘဲ အရူးအမူး ကနေကြဆဲ ဖြစ်သည်။

ဖန်းကျန်းဝူသည် ထိုမြင်ကွင်းကို မြင်သောအခါ သူမသည် ချက်ချင်းပင် ထိတ်လန့်စွာ အော်လိုက်သည်။

" ဝိုး၊ သူက ရိုက်လိုက်တာလား "

သူမသည် မာစုယုမား ရှိုဂျီဘက်မှ ရပ်တည်ပေးမည်ဟု ထင်ခဲ့သည်။

သူမသည် ဤမျှ အားကောင်းစွာ အော်ဟစ်လိုက်မည်ဟု မထင်ထားပေ။

" ယောက်ျားဆို ထပြီး ပြန်ချလေ။ ပြန်ချ၊ ပြန်ချ "

ယဲ့ဖန်သည် ချက်ချင်းပင် ဆွံ့အသွားရသည်။

ဒီမိန်းကလေးက လောကကြီး ပရမ်းပတာဖြစ်နေတာကို တော်တော်လေး ကြိုက်တဲ့ပုံပဲ။

မာစုယုမား ရှိုဂျီသည် သူ့နဖူးကို ထိကြည့်လိုက်သည်။

ထိုအခါ သူ့လက်၌ သွေးများ ပေကျံနေသည်ကို တွေ့လိုက်ရသည်။

သူသည် ထိုလူအုပ်စုကို ချက်ချင်းပင် ဒေါသတကြီး ကြည့်လိုက်သည်။

" မင်းက ငါ့ကို ရိုက်ရဲတာလား။ ငါက အီဒိုမြို့ ခုံရုံးကပဲ။ မင်းကများ ငါ့ကို ရိုက်ရဲတယ်လား ..... "

သူသည် စကားကို ဆုံးအောင်ပင် မပြောလိုက်ရဘဲ နောက်တစ်ကြိမ် အကန်ခံလိုက်ရကာ မျက်နှာဖြင့် မြေကြီးပေါ်သို့ ကျသွားသည်။

ပြီးသည်နှင့် ထိုလူများက သူ့ကို ချက်ချင်း ဝိုင်းပြီး ထိုးကြိတ် ကန်ကျောက်ကြသည်။

ထိုနေရာ၌ ရုန်းရင်းဆန်ခတ် ဖြစ်နေမှုသည် နောက်ဆုံးတွင် ဘားထဲရှိ လူအချို့၏ အာရုံကို ဆွဲဆောင်ခဲ့သည်။

သို့သော် ဘားထဲရှိလူများမှ အနည်းငယ်မှ ကူညီပေးခြင်း မရှိပေ။

သူတို့အားလုံးသည် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။

ယဲ့ဖန် ထိုင်မနေနိုင်တော့ချေ။

မာစုယုမား ရှိုဂျီအား စိတ်ပူနေခြင်းမရှိဘဲ နဂါးကိုးခွက်တစ်ခွက် ကွဲသွားမည်ကို စိတ်ပူနေမိသည်။

သူ ပိုစိုးရိမ်လေလေ တကယ်ဖြစ်လာရန် အခြေအနေပေးလာလေဖြစ်သည်။

ယဲ့ဖန် စိုးရိမ်နေချိန်မှာပင် လူတစ်ယောက်သည် မြေပြင်ပေါ်၌ ပြုတ်ကျနေသည့် လက်ဆွဲအိတ်ပေါ်သို့ တက်နင်းမိမလို ဖြစ်နေသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။

ယဲ့ဖန်၏ အမူအရာ ပြောင်းသွားသည်။

သူ့ကို တားရန် သူ့မှာ အလျင်စလိုဖြစ်နေကာ အချိန်မရှိချေ။

ထို့ကြောင့် ယဲ့ဖန်သည် ကောင်တာပေါ်ရှိ ဝိုင်ခွက်ကို ဆွဲကိုင်လိုက်ပြီး ပစ်ပေါက်လိုက်သည်။

ခွမ်း

ဝိုင်ဖန်ခွက်သည် လေထဲတွင် လှပစွာ လည်ပတ်ပြီး ထိုလူ၏ဦးခေါင်းကို တိကျစွာ ထိမှန်သွားသည်။

ထိုလူသည် တုန်ယင်စွာနှင့် မြေပြင်ပေါ်သို့ ဦးစွာ လဲကျသွားသည်။

မာစုယုမား ရှိုဂျီကို ရိုက်နှက်နေကြသူများသည် ထိုမြင်ကွင်းကို မြင်လိုက်ပြီး အားလုံးက သူ့ကို လှည့်ကြည့်ကြသည်။

ယဲ့ဖန်သည် မယုံနိုင်လောက်သော အကြည့်ဖြင့် ဖန်းကျန်းဝူကို ချက်ချင်းလှည့်ကြည့်လိုက်သည်။

ဖန်းကျန်းဝူသည် စကားမပြောနိုင် ဖြစ်သွားရသည်။

ဤအပြစ်ပုံချမှုသည် ထင်ရှားလွန်းသည် မဟုတ်လား။

သို့သော် သူမသည် သူမအပေါ် ကျရောက်လာသည့်သံသယများကို ဖယ်ရှားရန် ရည်ရွယ်ချက်မရှိပေ။

သူမသည် ထိုလူများကို မကြောက်မရွံ့ ကြည့်လိုက်လေသည်။

ထိုယောက်ျားများသည် ချက်ချင်းပင် မာစုယုမား ရှိုဂျီကို ထားခဲ့ပြီး ယဲ့ဖန်တို့နှစ်ယောက်ကို ဝိုင်းထားသည်။

ထိပ်ပြောင်နှင့်လူသည် ဖန်းကျန်းဝူကို ပြင်းထန်သောအကြည့်ဖြင့် စိုက်ကြည့်နေသည်။

" ခုနက ဝိုင်ခွက်ကို ပစ်လိုက်တာ မင်းလား "

ဖန်းကျန်းဝူသည် သူ့ကို အထင်သေးစွာဖြင့် ကြည့်နေသည်။

" ကျွန်မပဲ။ ဘာဖြစ်လဲ "

ထိပ်ပြောင်ဖြင့်လူသည် ချက်ချင်းပင် ညစ်ထေးစွာ ပြုံးလိုက်သည်။

" ခွေးမ၊ မင်းက တခြားသူတွေရဲ့ ကိစ္စမှာ ဝင်စွက်ဖက်နေတာလား။ ဒါဆို မင်းဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ် "

ထိုသို့ဖြင့် သူမကို ပါးရိုက်ရန်ပြင်လိုက်သည်။

ဖန်းကျန်းဝူ၏ နှုတ်ခမ်းများသည် အေးစက်သော အပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။

သူမ၏ ညာလက်သည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ ဆန့်ထုတ်ကာ ထိုလူ့လက်ကို ဆုပ်ကိုင်လိုက်သည်။

ထို့နောက် သူ့ကို ပါးရိုက်သည်။

ဖြောင်း

ပါးရိုက်မှုမှာ မြန်ဆန်ပြီး ရက်စက်လွန်းလှသည်။

အရပ် ၁.၈မီတာနီးပါးရှိသည့် ထိပ်ပြောင်ဖြင့် အမျိုးသားသည် တုန်လှုပ်ပြီး လဲကျလုနီးပါးဖြစ်သွားရသည်။

" ခွေးမ၊ မင်းက ပြန်တိုက်ရဲသေးတာလား။ သူမကို ရိုက်ကြ "

ထိပ်ပြောင်ဖြင့် အမျိုးသားသည် အမျိုးသမီးတစ်ဦး၏ ရိုက်နှက်ခြင်းကို ခံခဲ့ရပြီး အလွန်အရှက်ကွဲသွားခဲ့သည်။

သူသည် ချက်ချင်း လက်ကို ဝှေ့ယမ်းလိုက်သည်။

ယောက်ျားများမှ မိန်းကလေးတစ်ယောက်အား အုပ်စုဖွဲ့ အနိုင်ကျင့်ရိုက်နှက်သည်ကို ရှက်စရာဟု မမြင်ဘဲ ရှေ့သို့ ပြေးသွားကြသည်။

ထိုသည်ကို မြင်ပြီး ယဲ့ဖန်သည် သူ့အား ထိခိုက်ငြိစွန်းမည်ကို ကြောက်သလိုဖြင့် ချက်ချင်း အဝေးကို ထွက်သွားသည်။

လူအုပ်ကြီးသည် သူ့ကို အထင်သေးစွာ ကြည့်နေသည်။

" ဒီလူက တကယ် ထူးဆန်းတာပဲ။ သူ ဝိုင်ခွက်ကို ပစ်လိုက်တာကို ငါ ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်။ ဒါပေမယ့် သူက မိန်းကလေးတစ်ယောက်ကို အပြစ်တင်ဖို့ လုပ်လိုက်တာပဲ "

" အဲ့တာကို မေ့ထားလိုက်ဦး။ အခု သူမ ဝိုင်းခံနေရတာကို မြင်တော့ သူက မကူညီဘဲ ရှောင်ပြေးသွားသေးတယ် "

" သူက ယောက်ျားမှ ဟုတ်သေးရဲ့လား ယောက်ျားထုအတွက် အရမ်းရှက်စရာကောင်းတယ် "

" ဒီမိန်းကလေးက တကယ်ကို မိုက်မဲတာပဲ။ ဘာလို့ သူ့အစား အပြစ်ခံရတာလဲ "

" ဒီကောင်မလေးကတော့ သွားပြီ။ အားနည်းတဲ့ မိန်းကလေးကို ယောက်ျားတစ်စုက ရိုက်နှက်တာ ခံရမှာ သေချာတယ်။ အရမ်းသနားစရာကောင်းတာပဲ ...... "

ဤလူများသည် 'ပျော့ညံ့ပုံရသောမိန်းကလေး'ဖြစ်သူ ဖန်းကျန်းဝူ၏ လုံခြုံရေးအတွက် စိုးရိမ်နေချိန် ယဲ့ဖန်အား အထင်အမြင်သေးစွာဖြင့် ကြည့်နေကြသည်။

သို့သော် နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့သည့်အရာသည် သူတို့၏ မေးရိုးများကို ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။

ထိုအခိုက်အတန့်တွင် ထွားကျိုင်းသော လူအနည်းငယ်သည် အားနည်းသော ဆိတ်ကို ကိုက်ချင်နေသော ဆာလောင်နေသည့် ဝံပုလွေများကဲ့သို့ ဖန်းကျန်းဝူရှေ့သို့ ပြေးသွားကြသည်။

သို့သော် ထိုအချိန်တွင် 'ပျော့ညံ့လှသောအမျိုးသမီးလေး'သည် သူ့ရှေ့မှ ယောက်ျား၏ လည်ပင်းကို ဖမ်းကိုင်ကာ ဘားကောင်တာသို့ တွန်းထုတ်လိုက်သည်။

ထိုလူမှ မခုခံမီတွင် ဖန်းကျန်းဝူသည် ဝိုင်ပုလင်းကို ကိုင်လိုက်ပြီး ထိုယောက်ျား၏ ခေါင်းကို ရိုက်ခွဲလိုက်သည်။

ထိုလူ၏ခေါင်းသည် ချက်ချင်း ကွဲသွားပြီး သူ၏နဖူးတွင် သွေးများ စီးကျလာသည်။

သူသည် မြေပြင်ပေါ် လဲကျသွားပြီး အသံပင် မထွက်နိုင်တော့ချေ။

ဖန်းကျန်းဝူသည် လျှပ်စီးကြောင်းလက်နေသလို လူတစ်ယောက်ကို လက်စသတ်လိုက်သည်။

ဖန်းကျန်းဝူသည် ရပ်မသွားပေ။

သူမသည် ကွဲနေသော ဖန်ပုလင်းစများကို ကောက်ယူကာ အနောက်မှ တက်လာသော လူ၏ မျက်လုံးထဲသို့ တိုက်ရိုက် ထိုးထည့်လိုက်သည်။

" အား .... "

ထိုလူသည် အော်ဟစ်ပြီး သွေးထွက်နေသော မျက်လုံးများကို ချက်ချင်း ဖုံးအုပ်ကာ ပြန်ဆုတ်သွားသည်။

ဖန်းကျန်းဝူ၏ လှုပ်ရှားမှုများသည် လေကဲ့သို့ လျင်မြန်ကာ အခြားလူများဆီသို့ ချီတက်သွားသည်။

သူမ၏ လှုပ်ရှားမှုများသည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်ရုံသာမက အလွန်လည်း ရက်စက်ကြမ်းကြုတ်လွန်းလှသည်။

ကြည့်နေသူများသည် သူတို့၏ ဦးရေပြား ထုံကျင်သွားသလို ခံစားလိုက်ရသည်။

" သူမက ပျော့ညံ့တဲ့မိန်းမလို့ ဘယ်သူပြောလဲ။ ဒါက ရက်စက်တဲ့ မိန်းမနတ်ဆိုးပဲ မဟုတ်လား "

" သူမက ဒီလောက် ကြည့်လို့ကောင်းတာကို ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ "

" ဟိုလူက အဝေးကို ပုန်းသွားတာ အံ့သြစရာတော့ မဟုတ်တော့ဘူး။ သူက သွေးစင်မှာကို ကြောက်တာ ဖြစ်နိုင်တယ် "

" ဒီလိုမိန်းမမျိုးကို ဘယ်သူက လက်ထပ်ရဲမှာလဲ။ လက်ထပ်ပြီး ပထမနေ့ပြီးတာနဲ့ ဒုတိယနေ့မှာ အသုဘဖြစ်မှာကိုတောင် စိုးရိမ်ရတယ် ...... "

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၂၂ )

ဆိုးသွမ်းလှသည့် အရုပ်မလေး

တစ်မိနစ်ပင် မကြာလိုက်ဘဲ ဖန်းကျန်းဝူသည် လူတိုင်းကို အပြတ်ရှင်းလိုက်သည်။

" အသုံးမကျလိုက်တာ။ အမှိုက်တွေချည်းပဲ "

သူမသည် မြေပြင်ပေါ်၌ ဝပ်တွားကာ ငိုကြွေးနေသောသူများကို အထင်သေးရွံရှာသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

သူတို့သည် ဆက်၍ မတိုက်ရဲကြတော့ပေ။

ဖန်းကျန်းဝူသည် သူတို့ကို အပီအပြင်မချရသေးသော်လည်း ထိုလူများမှာ မခံနိုင်ကြတော့၍ သေချင်ယောင်ဆောင်နေလိုက်ကြသည်။

ယဲ့ဖန် မတတ်နိုင်ဘဲ ခေါင်းကို ခါလိုက်သည်။

သူမက တကယ်ကို ဆိုးသွမ်းလှသည့် အရုပ်မလေးဖြစ်သည်။

သို့သော် ယဲ့ဖန်သည် အချိန်ဖြုန်းမနေဘဲ ချက်ချင်း မာစုယုမား ရှိုဂျီစီသို့ လမ်းလျှောက်သွားသည်။

ထိုအချိန် မာစုယုမား ရှိုဂျီသည် မြေပြင်ပေါ်မှ တွားသွားကာ ထလာနေသည်။

တစ်စုံတစ်ယောက်မှ သူ့စီ လာနေသည်ကို မြင်သည့်အခါ ခေါင်းကို အမြန်ကွယ်လိုက်သည်။

" မရိုက်ပါနဲ့၊ မရိုက်ပါနဲ့ ....... "

ယဲ့ဖန် သူ့ကို ထူပေးပြီး ခါးသက်စွာ ပြုံးလိုက်သည်။

" အခု အဆင်ပြေပါပြီ။ မကြောက်ပါနဲ့ "

မာစုယုမား ရှိုဂျီသည် သူ့ခေါင်းကို မော့ပြီး ယဲ့ဖန်ကို ကြည့်လိုက်သည်။

သူ ကြောင်အသွားလေသည်။

သူ့ကို ရိုက်နှက်ခဲ့သော လူအုပ်စုမှာ မြေကြီးပေါ်၌ နာကျင်စွာ အော်ဟစ်နေသည်ကို မြင်ပြီးနောက် ပို၍ပင် ထိတ်လန့်သွားသည်။

" သူတို့ ....... သူတို့အားလုံးကို မင်း ချလိုက်တာလား "

သူသည် ယဲ့ဖန်ကို လန့်ဖြတ်စွာ ကြည့်နေသည်။

" ထင်တာပဲ .... "

ယဲ့ဖန်သည် သာမန်ကာလျှံကာ ဖြေလိုက်သည်။

" မင်း ..... မင်း ငါ့ကို ဘာလို့ ကယ်တာလဲ "

မာစုယုမား ရှိုဂျီကို ကြည့်ရသည်မှာ အတော်လေး သတိထားနေပုံရသည်။

ယဲ့ဖန်သည် ထိုလူ၏ တွေးခေါ်ပုံကို စိတ်ထဲ၌ ကြိတ်နှာမှုတ်လိုက်သည်။

ဘယ်သူက ခင်ဗျားကို ကယ်ချင်နေလို့လဲ။

ကျွန်တော်က နဂါးကိုးခွက်တစ်ခွက်ကို ကယ်တာ။

စိတ်ထဲ၌သာ ထိုသို့တွေးပြီး အပြင်၌ တစ်မျိုးပြောလိုက်သည်။

" အာဏာသုံးပြီး တခြားသူတွေကို အနိုင်ကျင့်တာ ရပ်မကြည့်နိုင်လို့ပါ။ တခြားသူဖြစ်ရင်လည်း ဒီလိုပဲ လုပ်မှာ "

မာစုယုမား ရှိုဂျီ ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိလေသည်။

သူ့လက်ဆွဲအိတ်ထဲမှ နဂါးကိုးခွက်ကို အမြန်ထုတ်ကာ ကြည့်လိုက်သည်။

ကျောက်စိမ်းခွက်သည် အကောင်းအတိုင်းရှိနေသည်ကို မြင်သောအခါမှ သက်ပြင်းတစ်ချက်ချလိုက်သည်။

" တော်သေးတယ် "

ယဲ့ဖန်သည် နဂါးကိုးခွက်ကို မသိမသာ ကြည့်လိုက်သည်။

" ဒီခွက်က မဆိုးဘူး။ ကျောက်စိမ်းလား "

မာစုယုမား ရှိုဂျီသည် နဂါးကိုးခွက်ကို သူ့လက်ဆွဲအိတ်ထဲသို့ အမြန်ပြန်ထည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

" ဟုတ်တယ် "

ယဲ့ဖန်သည် ထိုလူ သတိကပ်နေသည်ကို တွေ့လိုက်ရသည်။

ထိုသို့ဖြင့် ယဲ့ဖန် ပြုံးလိုက်ပြီး ဝိုင်နှစ်ခွက် ယူလာပေးရန် စားပွဲထိုးကို တောင်းဆိုကာ တစ်ခွက်အား သူ့ကို ပေးလိုက်သည်။

" ဒါက ကျွန်တော် ဝယ်ပေးတာပါ "

မာစုယုမား ရှိုဂျီသည် သတိထားနေဆဲဖြစ်သော်လည်း ဝိုင်ကို တစ်ငုံသောက်လေသည်။

ယဲ့ဖန် ပေါ့ပါးစွာ ပြုံးလိုက်သည်။

" နားလည်မှုမလွဲပါနဲ့။ ကျွန်တော်တို့မိသားစုက ကျောက်စိမ်းလုပ်ငန်း လုပ်ကြတာပါ။ ဒါပေမယ့် အခုခေတ်က စိန်နဲ့ ကျောက်မျက်ရတနာတွေကိုပဲ ကြိုက်တဲ့သူတွေများလာပြီး ကျောက်စိမ်းနဲ့ လုပ်ကိုင်တဲ့သူတွေ အရမ်းနည်းလာတယ်။ အဲ့တာကြောင့် ကျောက်စိမ်းကိုင်တဲ့လူတွေကို မြင်ရင် ရင်းနှီးသလို ခံစားရလို့ပါ "

မာစုယုမား ရှိုဂျီ သက်ပြင်းတစ်ချက်ချလိုက်သည်။

ဝိုင် နောက်တစ်ငုံသောက်ပြီး မေးလိုက်သည်။

" မင်းတို့မိသားစုက ကျောက်စိမ်းလုပ်တာလား။ လုပ်ငန်းက ကြီးလား "

ယဲ့ဖန် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

" အဲ့တာက သိပ်မကြီးပါဘူး။ ကျွန်တော် ဆိုင်နည်းနည်းလောက်ပဲ ဖွင့်ထားတာ။ ကျွန်တော့်ရဲ့ပိုင်ဆိုင်မှုစုစုပေါင်းက ၁၀၀ဘီလီယံလောက်ပဲ ရှိပါတယ်။ ဒါက အသေးစားလုပ်ငန်းတစ်ခုပါပဲ "

မာစုယုမား ရှိုဂျီ၏ မျက်လုံးများ တောက်ပလာပြီး ချက်ချင်းပင် စိတ်ဝင်စားသော အမူအရာ ပေါ်လာသည်။

" မင်္ဂလာပါ၊ ငါ့နာမည်က မာစုယုမား ရှိုဂျီ။ အီဒိုမြို့ ခုံရုံးမှာ အလုပ်လုပ်တယ် "

ယဲ့ဖန် စိတ်လှုပ်ရှားသွားသည်။

သူ သိရသလောက် ဂျပန်တရားရုံးများသည် တရုတ်တရားရုံးများနှင့် ဆင်တူသည်။

သူတို့သည် အရပ်ဘက်နှင့် ရာဇ၀တ်မှုများအတွက် တာဝန်ရှိသည်။

ဤနေရာမျိုးမှ ဝန်ထမ်းများ၏ လစာမှာ အတော်လေးနည်းသည်။

နဂါးကိုးခွက်လို အဖိုးမဖြတ်နိုင်တဲ့ ရတနာက သူ့လက်ထဲမှာ ဘယ်လိုလုပ် ရှိနေတာလဲ။

" လူကြီးမင်း၊ ဒီကျောက်စိမ်းခွက်ကို ဘယ်က ရခဲ့တာလဲ "

ယဲ့ဖန် မသိမသာဖြင့် မေးသည်။

မာစုယုမား ရှိုဂျီသည် သူ့မေးခွန်းကို ကြားသောအခါ သတိပြန်ကပ်လာသည်။

" ဒီဟာ ...... "

ယဲ့ဖန် ပြုံးပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

" ကျွန်တော်က ပေါ့ပေါ့ပါးပါးပဲ မေးတာပါ။ ခင်ဗျားမှာ ပစ္စည်းတွေရှိသေးရင် ကျွန်တော်တို့ အတူတူ တွဲလုပ်လို့ရတယ်။ လူကြီးမင်းမာစုယုမားက မပြောနိုင်ရင်လည်း မေ့ထားလိုက်ပါ။ သောက်ကြရအောင် "

ယဲ့ဖန်၏ တမင်တကာ မြှောက်ပင့်ပေးမှုအောက်တွင် သူတို့သည် ဖန်ခွက်ထဲမှ ဝိုင်များအား လျင်မြန်စွာ ကုန်သွားစေခဲ့သည်။

ယဲ့ဖန်သည် စားပွဲထိုးကို နောက်ထပ် နှစ်ခွက် ယူလာခိုင်းသည်။

မာစုယုမား ရှိုဂျီသည် ဝိုင်ကိုယူကာ ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။

" မင်း ခုနက ငါနဲ့ အလုပ်တွဲလုပ်ချင်တယ်လို့ ပြောခဲ့တာလား။ မင်းက ငါနဲ့ ဘယ်လို အလုပ်လုပ်ချင်လို့လဲ "

ယဲ့ဖန်သည် ထိုလူမှ သူ့ငါးစာလာဟပ်သည်ကို မြင်လိုက်ရသည်။

ထို့ကြောင့် ချက်ချင်း တည်ငြိမ်စွာ ပြောလေသည်။

" ဒီကျောက်စိမ်းမျိုးက ဂျပန်မှာ သိပ်နာမည်မကြီးပေမယ့် တရုတ်ပြည်က လူတော်တော်များများက ဒီလိုကျောက်စိမ်းကို ကြိုက်ကြတယ်။ ၀ယ်လိုအားရှိရင် တတ်နိုင်သလောက် ယူမယ်။ နောက်ပြီး ဝယ်ဈေးက အပေါင်ဆိုင်တွေက ရောင်းဈေးထက် ပိုများမှာပါ "

မာစုယုမား ရှိုဂျီ မျက်လုံးပြူးသွားသည်။

" အပေါင်ဆိုင်ထက် ဘယ်လောက်မြင့်လဲ "

ယဲ့ဖန်သည် ဝိုင်တစ်ငုံသောက်လိုက်ပြီး သူ့ခွက်ကို ဖြည်းညှင်းစွာ ပြန်ချလိုက်သည်။

" ဘယ်လောက်လိုချင်လဲ "

မာစုယုမား ရှိုဂျီ ခဏ တုံ့ဆိုင်းသွားသည်။

" ငါ အခုပဲ အပေါင်ဆိုင်သွားပြီး မေးထားတာ။ ဒီခွက်က အနည်းဆုံး ၅သန်းလောက် တန်တယ်လို့ ပြောတယ် "

ယဲ့ဖန် သူ့စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။

ဒီလူက တကယ့်လူပဲ။

သူ့ကို အခုလေးတင် ကယ်ပေးထားတာကို လှည့်စားမယ်လို့ မမျှော်လင့်ထားဘူး။

ဂျပန်ယန်း ၅သန်းသည် တရုတ်ယွမ်ငွေ ၂သိန်း၇သောင်းခန့်လောက်သာ ဖြစ်၍ နဂါးကိုးခွက်၏ တန်ဖိုးအစစ်အမှန်နှင့် ဝေးကွာနေသော်လည်း ထိုသည်က ယဲ့ဖန်အား မကျေမနပ်ဖြစ်စေသည်။

" ၅သန်းလား။ နည်းနည်း များလွန်းမှာကို စိုးရိမ်ရတယ်။ ဒီခွက်က သာမန်ကျောက်စိမ်းတစ်ခွက်ပဲ။ ပိုက်ဆံ အများကြီးမတန်ဘူး "

ယဲ့ဖန် တုံ့ဆိုင်းနေသည်ကို မြင်ပြီး မာစုယုမား ရှိုဂျီမှ အမြန် မေးလိုက်သည်။

" ဘယ်လောက်ပေးနိုင်လဲ "

ယဲ့ဖန် တွေးနေသလို လုပ်လိုက်သည်။

ခဏကြာပြီးနောက် ဆက်ပြောသည်။

" အများဆုံး ၁.၂သန်းပဲ ပေးနိုင်တယ် "

မာစုယုမား ရှိုဂျီ ဝမ်းသာသွားသည်။

အပေါင်ဆိုင်သည် သူ့ကို ဂျပန်ယန်း ၁ သန်းသာ ပေးခဲ့သည်။

၁.၂ သန်းသည် သူ မျှော်လင့်ထားသည်ထက် ကျော်လွန်နေပြီ ဖြစ်သည်။

သို့သော် သူသည် ယဲ့ဖန်ကို တွန့်ဆုတ်သော အကြည့်ဖြင့် ကြည့်နေသေးသည်။

" အပေါင်ဆိုင်က ငါ့ကို ၅သန်းပေးတာတောင် မင်းက ငါ့ကို ၁.၂သန်းပဲ ပေးတာလား။ ဒါက နည်းလွန်းတာ မဟုတ်လား "

ယဲ့ဖန် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။

" ကျွန်တော် ခင်ဗျားကို ၅သန်း တကယ် မပေးနိုင်ဘူး။ ဒီခွက်က ဒီလောက်မတန်ဘူး "

မာစုယုမား ရှိုဂျီသည် သူ့ဖန်ခွက်ကို မြှောက်လိုက်ပြီး တစ်ငုံသောက်လိုက်ကာ ယဲ့ဖန်ကို နောက်တစ်ကြိမ် မော့ကြည့်လိုက်သည်။

" တခြားသူဆို ၅သန်း ပေးရင်တောင် မရောင်းဘူး။ ဒါပေမယ့် မင်းက အခု ငါ့ကို ကယ်ထားတာဆိုတော့ ငါ့ကို ၃ သန်း ပေး။ ဘယ်လိုလဲ။ ဒါဆို ဒီခွက်ကို မင်းပိုင်လိမ့်မယ် "

ယဲ့ဖန်သည် သူ့နှလုံးသားထဲ၌ အေးစက်စွာ ရယ်နေသော်လည်း သူ့မျက်နှာ၌ ဘာအမူအရာမှ မပြချေ။

" ဒါဆိုရင်ရော ဘယ်လိုလဲ။ ကျွန်တော်တို့ ကံစပ်တယ်လို့ထင်တယ်။ ခင်ဗျားကို လိုက်လျောပေးမယ်။ ၂ သန်းပေးမယ်။ သဘောတူရင် ပိုက်ဆံကို အခုလွှဲပေးမယ်။"

မာစုယုမား ရှိုဂျီသည် သူ၏ပျော်ရွှင်မှုကို မဖုံးကွယ်နိုင်တော့ပေ။

ဂျပန်ယန်း ၂ သန်းသည် အပေါင်ဆိုင်မှ ပေးသည့် ဈေးထက် နှစ်ဆမြင့်သည်။

" ကောင်းပြီ ဒါဆို မင်းပိုက်ဆံလွှဲလို့ရပြီ။ ပိုက်ဆံလွှဲတာနဲ့ ငါမင်းကို ခွက်ချက်ချင်းပေးမယ် "

ယဲ့ဖန်မှ စကားကို ပြန်ပြောင်းမည်ကို စိုးရိမ်သည့်အတွက် အမြန်တိုက်တွန်းလိုက်သည်။

ယဲ့ဖန်သည် ရယ်ချင်စိတ်ကို ထိန်းထားလိုက်သည်။

ထိုလူ၏ ဘဏ်အကောင့်နံပါတ်ကို တောင်းပြီး ၂ သန်းကို ချက်ချင်း လွှဲပေးလိုက်သည်။

ဘဏ်မှ ငွေရောက်ကြောင်း စာမက်ဆေ့ချ်ကို မြင်သောအခါ မာစုယုမား ရှိုဂျီသည် အလွန်ဝမ်းသာသွားသည်။

ယန်း ၂သန်းသည် သူ၏ တစ်နှစ်တာလစာနီးပါး ညီမျှသည်။

" အခု ခွက်ပေးလို့ ရပြီလား "

ယဲ့ဖန်သည် ထိုလူမှဖုန်းကို စိုက်ကြည့်ကာ အရူးတစ်ယောက်လို ရယ်နေသည်ကို မြင်ပြီး သတိပေးလိုက်သည်။

မာစုယုမား ရှိုဂျီသည် နောက်ဆုံး၌ တုံ့ပြန်ခဲ့ပြီး နဂါးကိုးခွက်ကို အမြန်ထုတ်ယူလိုက်သည်။

" ရှေးဟောင်းပစ္စည်းတွေရဲ့ စည်းမျဥ်းစည်းကမ်းတွေကို သိတယ် မဟုတ်လား။ ပစ္စည်းရောင်းပြီးတာနဲ့ ပြန်အမ်းငွေ မရှိဘူး "

ယဲ့ဖန်သည် စကားပြောင်းပြီး ပိုက်ဆံပြန်တောင်းမည်ကို သူ စိုးရိမ်နေသည်။

ထို့ကြောင့် ယဲ့ဖန်ကို သတိပေးလိုက်သည်။

" ကျွန်တော်နားလည်ပါတယ် "

ယဲ့ဖန် ပြုံးပြီး ခေါင်းညိတ်သည်။

ထို့နောက် နဂါးကိုးခွက်ကို ယူလိုက်သည်။

" လူကြီးမင်း၊ ဒီကျောက်စိမ်းခွက်ကို ဘယ်လိုရခဲ့တာလဲ မေးလို့ရမလား "

မာစုယုမား ရှိုဂျီ၏ အမူအရာ မည်းမှောင်သွားသည်။

" စည်းမျဥ်းစည်းကမ်းတွေကို သိရဲ့လား။ ငါဘယ်လိုရတယ်ဆိုတာ ပြောပြရမှာလား "

ယဲ့ဖန် ပြုံးကာ တောင်းပန်လိုက်သည်။

" တောင်းပန်ပါတယ်။ ကျွန်တော် ရိုင်းမိသွားတာပါ။ လူကြီးမင်း မာစုယုမားမှာ ဒီလို ကျောက်စိမ်းမျိုး ရှိသေးရင် ရှိသလောက် လိုချင်လို့ပါ "

မာစုယုမား ရှိုဂျီသည် သူ့လက်ကို စိတ်မရှည်စွာ ဝှေ့ယမ်းလိုက်သည်။

" သိပြီ။ ရှိသေးရင် မင်းကို အကြောင်းကြားလိုက်မယ် "

ယဲ့ဖန်သည် ထိုလူ ဘာမှမပြောချင်သည်ကို မြင်ပြီး ဆက်မမေးဘဲ ဖန်းကျန်းဝူကို ခေါ်ကာ ထွက်သွားရန် ပြင်လိုက်သည်။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၂၃ )

တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာလား။ ဘယ်လောက်တောင် တန်တာလဲ

လီဆာသည် ထိုစကားများကို ကြားကာ ကြောက်နေပြီဖြစ်သည်။

ယဲ့ဖန်မှ နှုတ်ဆက်သွားသံကို ကြားပြီးနောက် သူမ အမြန်လျှောက်လာခဲ့သည်။

မာစုယုမား ရှိုဂျီသည် သူ၏ အိတ်ကပ်ထဲမှ ငွေလက်တစ်ဆုပ်စာ ထုတ်ယူပြီး သူမ၏ လက်ထဲသို့ ထည့်လိုက်သည်။

" ဒီနေ့ မင်းသာ ငါ့ကို ကောင်းကောင်း ဝန်ဆောင်မှုပေးရင် မင်းကို အပိုကြေးပေးဖို့ မေ့မှာ မဟုတ်ဘူး "

ထိုအပျော်မယ်မိန်းကလေးသည် ချက်ချင်းပင် ဖြူစင်သောအပြုံးကို ပြုံးကာ သူ့ရင်ခွင်ထဲသို့ တိုးဝင်လာသည်။

မာစုယုမား ရှိုဂျီသည် သူမ၏ နွေးထွေးနူးညံ့သော ရနံ့ကို ခံစားနေပြီး သူ့ကိုယ်သူ အလွန်နှစ်သက်နေသည်။

သူသည် ဘားသို့ မကြာခဏလာတတ်သော်လည်း လစာနည်းသူတစ်ယောက်အတွက် ဤသို့ဈေးကြီးသည့် အပျော်မယ်ကို ခေါ်ရန်မပြောနှင့် အရက်ကိုပင် ဈေးကြီးသည့်အရက် မမှာရဲပေ။

သို့သော် ယနေ့ သူသည် ကြီးမားသော ငွေတွင်းကြီးတစ်ခု ကြုံတွေ့ခဲ့ရပြီး နောက်ဆုံး၌ ပျော်ရွှင်မှုကို ခံစားနိုင်ခဲ့သည်။

သူ့ဘဏ်အကောင့်ထဲမှ အပိုငွေ၂သန်းကို တွေးမိပြီး စိတ်လှုပ်ရှားသွားသည်။

အဲ့ဒီကလေးက တကယ် အရူးပဲ။

သူသည် ထိုကောင်လေးကို လှည့်စားပြီး ၂သန်း တောင်းခဲ့သည်။

ထိုဈေးသည် အပေါင်ဆိုင်ထက် နှစ်ဆပိုများလေသည်။

ဟူး၊ ပိုက်ဆံအများကြီးနဲ့ ဒီလိုလူမိုက်တစ်ယောက်ကို တွေ့ဖို့က မလွယ်ဘူး။

သူ့လက်ထဲမှာ ခွက်တစ်ခုပဲရှိတာ နှမြောစရာပဲ။

နောက်ထပ် ခွက်တစ်ချို့ ရှိသေးရင် ......

သူ ဝမ်းနည်းနေချိန်၌ သူ့ဖုန်းမှ ရုတ်တရက်မြည်လာသည်။

ဖုန်းကို ထုတ်ကြည့်လိုက်သည့်အခါ သူ၏ တက္ကသိုလ်မှ အတန်းဖော် ချွမ်းမူဖြစ်သည်ကို တွေ့လိုက်ရသည်။

ချွမ်းမူသည် အီဒိုမြို့ရှိ ပြတိုက်တစ်ခုတွင် အလုပ်လုပ်နေပြီး ရှေးဟောင်းကျောက်စိမ်းများအကြောင်း အလွန်ဗဟုသုတရှိသည်။

ကျောက်စိမ်းခွက်ကို ရပြီးနောက် ချွမ်းမူကို ချက်ချင်း ဆက်သွယ်ပြီး အကဲဖြတ်ပေးရန် တောင်းဆိုခဲ့သည်။

သို့သော် ချွမ်းမူသည် ထိုအချိန် တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့နှင့် အလုပ်လုပ်နေ၍ သူ့ကို အကဲဖြတ်ပေးရန် အချိန်မပေးနိုင်ခဲ့ပေ။

ထို့ကြောင့် ကျောက်စိမ်းပုံကိုသာ အီးမေးလ်မှတစ်ဆင့် ပို့ပေးခဲ့သည်။

ထို့ကြောင့် အပေါင်ဆိုင် အများကြီးကို သွားကာ ဈေးနှုန်းကို မေးကြည့်ခဲ့ရသည်။

ဒါပေမယ့် နောက်ဆုံး၌ မရောင်းခဲ့ပေ။

ချွမ်းမူထံမှ သတင်းကို စောင့်ချင်သည်။

သို့သော် ဈေးမြင့်ပေးသော ငတုံးတစ်ဦးနှင့် တွေ့လိုက်ရသောကြောင့် ရောင်းနိုင်ဘဲ မနေနိုင်လိုက်ပေ။

သူ ဖုန်းချိတ်သွားပြီးနောက် မေးသည်။

" ဟေ့ ချွမ်းမူ ပြီးပြီလား "

" မာစုယုမား၊ မင်း ကျောက်စိမ်းခွက်ကို မရောင်းလိုက်ဘူးမလား "

ချွမ်းမူသည် အလွန်စိတ်မရှည်ဟန် ဖြစ်နေသည်။

" ငါ ရောင်းလိုက်ပြီ၊ ဘာဖြစ်လို့လဲ "

မာစုယုမား ရှိုဂျီသည် အပျော်မယ်၏ ပေါင်ကို ပွတ်ရင်း ပေါ့ပါးစွာ မေးသည်။

" ရောင်း …ရောင်းလိုက်ပြီလား။ ဘယ်လောက်နဲ့ ရောင်းလိုက်တာလဲ "

ချွမ်းမူ၏ အသံသည် တုန်လှုပ်နေသည်။

" ငါ ၂သန်းနဲ့ ရောင်းလိုက်တယ်၊ ဟားဟားဟား။ မင်းမသိလို့ ခုနက ငတုံးတစ်ယောက်ကို ငါ လှည့်စားလိုက်တာ ဟိုဘက်ကလည်း လိုလိုလားလားနဲ့ ၂ သန်းပေးဝယ်သွားတယ် ..... "

မာစုယုမား ရှိုဂျီသည် သူ့အတန်းဖော်ဟောင်းအား ကြွားတော့မည်ဖြစ်သော်လည်း သူ့စကားမဆုံးမီတွင် တစ်ဖက်မှ ဒေါသတကြီးအော်သံကို ကြားလိုက်ရသည်။

" မင်း လူမိုက်ကောင်။ မင်း ဒီအဆင့်ရှိတဲ့ ရှေးဟောင်းပစ္စည်းကို တကယ် ၂ သန်းနဲ့ ရောင်းခဲ့တာလား။ ငါ .... မင်းကို လည်ပင်းညှစ်ချင်တယ် ... "

မာစုယုမား ရှိုဂျီ အံ့အားသင့်သွားသည်။

သူ့အတန်းဖော်ဟောင်းသည် အမြဲပင် စိတ်ကောင်းရှိသည်။

မည်မျှပင် ဒေါသထွက်သည်ဖြစ်စေ ဘယ်တော့မှ ကျိန်ဆဲမည် မဟုတ်ချေ။

ဒီနေ့ သူ ဘာဖြစ်နေတာလဲ။

" ချွမ်းမူ၊ စိတ်အေးအေးထား။ အဲ့တာက ကျောက်စိမ်းခွက်ပဲ မဟုတ်လား။ ငါ အပေါင်ဆိုင်တချို့ကို သွားမေးသေးတယ်။ သူတို့ ကမ်းလှမ်းတာ အများဆုံးက ၁ သန်းပဲ။ ဟိုလူမိုက်က ၂ သန်း ပေးတယ်။ သူက အရူးပဲမလား "

" အရူးဟုတ်လား။ မင်းကမှ အရူးလို့ ငါ ထင်တယ်။ မင်းက ကမ္ဘာပေါ်မှာ အရူးဆုံး ငတုံးအရူးပဲ ...... "

" ချွမ်းမူ၊ မင်းငါ့ကို ဘာလို့ ဆဲနေတာလဲ "

" မင်းကို ဆဲပြီး လည်ပင်းပါ ညှစ်သတ်ချင်တယ်။ အဲ့ဒီကျောက်စိမ်းခွက်ရဲ့ မူလအစကို မင်း သိလား "

" မူလလား၊ နောက်ခံက ဘာမလို့လဲ "

" ဒီကျောက်စိမ်းခွက်ကို နဂါးကိုးခွက်လို့ ခေါ်တယ်။ လက်ကျန်အပိုင်းအစတွေနဲ့ တရုတ်ပြည်ရဲ့ စစ်ဖြစ်စဥ်ကာလက တော်ဝင်ကျောက်စိမ်းတုံး ဧကရာဇ်တံဆိပ်ရဲ့ လက်ကျန်အပိုင်းတွေနဲ့ လုပ်ထားတာ "

" ငါ နားလည်နိုင်တာကို ပြော။ စစ်ဖြစ်ကာလက ဘာလဲ။ ဧကရာဇ်ကျောက်စိမ်းတံဆိပ်ကရော ဘာလဲ "

" ကောင်းပြီ၊ ဒါဆို မင်း နားလည်နိုင်တဲ့အရာတစ်ခုကို ငါ ပြောမယ်။ ဒီအတိုင်းထားလိုက်ရအောင်။ ဒီနဂါးကိုးခွက်က အခု အဖိုးမဖြတ်နိုင်၊ အဖိုးမဖြတ်နိုင်ဘူးကွ "

မာစုယုမား ရှိုဂျီသည် သူ့အတန်းဖော်ဟောင်း၏ အော်သံကို ကြားသောအခါ သူ အံ့အားသင့်သွားသည်။

" တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုလား။ အဲ့တာ ဘယ်လောက်ဖြစ်မလဲ "

ချွမ်းမူသည် သူ့ဒေါသကို ဖြေဖျောက်ရန် ကြိုးစားနေသည်။

" ငါမင်းကို တိကျတဲ့စျေးနှုန်း မပေးနိုင်ပေမယ့် အနည်းဆုံးတော့ ၁ဘီလီယံထက် မနည်းဘူး။ ငါတို့ကံကောင်းရင် ၂ ဘီလီယံတောင် ဖြစ်နိုင်တယ် "

မာစုယုမား ရှိုဂျီ မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရသည်။

ဂျပန်ယန်း ၂ ဘီလီယံတဲ့လား။

ဤကိန်းဂဏန်းသည် အလွန်အံ့သြစရာကောင်း၍ သူ အချိန်အတော်ကြာ မတုံ့ပြန်နိုင်ခဲ့ချေ။

၂ ဘီလီယံ၊ ၂ ဘီလီယံ...

၂ ဘီလီယံပဲ။

သူသည် ၂သန်းဖြင့်ရောင်းပြီး အလွန်ကောင်းသည်ဟု ခံစားခဲ့ရသည်။

အခုအခါ ၂ဘီလီယံဟု ဆိုလာသည်။

" ချွမ်း ..... ချွမ်းမူ၊ မင်း ...... ငါ့ကို နောက်နေတာလား .... ၂ဘီလီယံဆိုတာ သေချာလား "

တစ်ဖက်မှ နံပါတ်မှားပြောမည်ကို ကြောက်သလိုဖြင့် ထပ်အတည်ပြုလိုက်သည်။

" မင်း ကြားတာ မမှားဘူး။ အဲ့တာ ၂ ဘီလီယံပဲ "

ချွမ်းမူ အော်လိုက်သည်။

မာစုယုမား ရှိုဂျီသည် မူးဝေပြီး ပါးစပ်မှ သွေးများပင် အန်ထွက်ချင်လာသည်။

" ဒီကလေးက လှည့်စားသွားတာပဲ။ ဒေါသထွက်လိုက်တာ ..... "

သူ့မျက်လုံးများမှာ သွေးများကဲ့သို့ နီရဲနေပြီး သူ့ဘေးနားရှိ အပျော်မယ်မှာ ကြောက်လန့်လာကာ ကျယ်လောင်စွာပင် အသက်မရှုရဲတော့ပေ။

ထိုအချိန် ချွမ်းမူ၏အသံသည် ဖုန်း၏ အခြားတစ်ဖက်မှ ထွက်ပေါ်လာပြန်သည်။

" မင်းရဲ့ နဂါးကိုးခွက် ဝယ်သွားတဲ့သူကို မင်းရှာနိုင်သေးလား "

သူ့စကားကြောင့် မာစုယုမား ရှိုဂျီသည် ဝယ်သူမှ ခွက်၏ တန်ဖိုးအစစ်အမှန်ကို မသိပါက ခွက်အား ပြန်ဝယ်နိုင်လိမ့်မည်ကို သူသတိရသွားသည်။

" ငါ မင်းကို လောလောဆယ် စကားမပြောတော့ဘူး "

ထို့နောက် ဖုန်းကို အမြန်ချလိုက်ပြီး ယဲ့ဖန်နောက်ကို လိုက်ရန် ပြင်တော့သည်။

ထိုအချိန် ဘားမှ စားပွဲထိုးသည် သူ့ကို တားရန် အလျင်အမြန် ရောက်လာသည်။

" လူကြီးမင်း၊ အရက်နဲ့ လီဆာကို ငှားကြေးအတွက် ပိုက်ဆံ ..... "

စားပွဲထိုး၏ စကားမဆုံးမှာခင် မာစုယုမား ရှိုဂျီသည် သူ့အိတ်ကပ်ထဲမှ ပိုက်ဆံလက်တစ်ဆုပ်ကို ထုတ်ပြီး လွှင့်ပစ်ပေးလိုက်ကာ အမြန်ထွက်သွားသည်။

ဘားမှ အမြန်ထွက်လာသောအခါ ယဲ့ဖန်သည် ကားဖြင့် စတင်ထွက်ခွာတော့မည်ဖြစ်သည်။

မာစုယုမား ရှိုဂျီသည် ဂရုမစိုက်ဘဲ ကားရှေ့သို့ ပြေးသွားခဲ့သည်။

အုန်း

ယဲ့ဖန်၏ ကားသည် အချိန်မီ မရပ်နိုင်ခဲ့ချေ။

ထို့ကြောင့် သူသည် အတိုက်ခံရပြီး လွင့်ထွက်သွားသည်။

မာစုယုမား ရှိုဂျီသည် မြေပြင်ပေါ်တွင် အကြိမ်အနည်းငယ် လှိမ့်သွားသည်။

သူ့ခန္ဓာကိုယ် သေလုနီးပါးဖြစ်နေပြီဟု ခံစားလိုက်ရသော်လည်း မြေပြင်မှထရန် ရုန်းကန်ကာ ယဲ့ဖန်၏ကားဆီသို့ အလျင်အမြန် ပြေးသွားခဲ့သည်။

" ကားပေါ်ကဆင်း "

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၂၄ )

၁ ဘီလီယံဟုတ်လား

ထိုအချိန်တွင် သူသည် ကားအရှေ့တွင် လှဲနေပြီး အော်လိုက်သည်။

သူ့မျက်နှာသည် ရက်စက်ပုံပေါ်နေပြီး အလွန်ကြောက်ဖို့ကောင်းသည်။

" သခင်ကြီး၊ ကျန်းဝူ ဆင်းပြီး မောင်းထုတ်ပေးရမလား "

ဖန်းကျန်းဝူ လှည့်ပြီး ယဲ့ဖန်ကို ကြည့်လိုက်သည်။

သူ ခေါင်းညိတ်လိုက်ပါက သူမ ချက်ချင်း သွား၍ ဖြေရှင်းပေးမည် ဖြစ်သည်။

သို့သော် ယဲ့ဖန်မှ ခေါင်းခါလိုက်သည်။

" ကိုယ် ဆင်းပြီး ကြည့်လိုက်မယ် "

ထိုသို့ဖြင့် ကားတံခါးကို တွန်းဖွင့်ကာ ထွက်သွားသည်။

မာစုယုမား ရှိုဂျီသည် ကားထဲမှ ယဲ့ဖန်ဆင်းလာသည်ကို မြင်သောအခါ ချက်ချင်း အမြန်ထကာ သူ့လက်ကို လှမ်းဆွဲလိုက်သည်။

" ငါ့ကို ကျောက်စိမ်းခွက် ပြန်ပေး "

ယဲ့ဖန်သည် သူ့လက်ကို ခါထုတ်လိုက်ပြီး သူ့မျက်နှာမှာလည်း မကျေနပ်မှုဖြင့် ပြည့်နှက်နေသည်။

" ကျွန်တော်က ကျောက်စိမ်းခွက်ကို ပိုက်ဆံနဲ့လက်ငင်းချေပြီး ဝယ်ခဲ့တာ။ ဘာလို့ပြန်ပေးရမှာလဲ "

မာစုယုမား ရှိုဂျီသည် သူ့စိတ်ထဲမှ ဒေါသကို မြိုသိပ်ထားလိုက်သည်။

" ပိုက်ဆံကို ငါ ပြန်ပေးမယ်။ ကျေးဇူးပြုပြီး ကျောက်စိမ်းခွက်ကို ငါ့ဆီ ပြန်ပေး "

ယဲ့ဖန်သည် ပြတ်သားစွာ ပြန်ပြောလေသည်။

" ပစ္စည်းရောင်းပြီးတာနဲ့ ပြန်အမ်းမှာမဟုတ်ဘူးလို့ ပြောခဲ့တဲ့သူက ခင်ဗျားပဲ "

မာစုယုမား ရှိုဂျီသည် သွေးစွန်းသော မျက်လုံးများဖြင့် ယဲ့ဖန်ကို စိုက်ကြည့်နေသည်။

" ငါ ဂရုမစိုက်ဘူး။ ငါ့ကျောက်စိမ်းခွက်ကို လိုချင်တယ်။ ဘယ်မှာလဲ၊ ငါ့ဆီ ချက်ချင်းပြန်ပေး ...... "

သူသည် စကားပြောနေစဉ်တွင် ယဲ့ဖန်၏ ခန္ဓာကိုယ်ကို အရူးတစ်ယောက်လို ရှာဖွေနေခဲ့သည်။

ယဲ့ဖန် သူ့ကို တွန်းထုတ်လိုက်သည်။

" ခင်ဗျား ရူးနေလား။ ကျွန်တော့်ကို ဆက်ပြီး နှောင့်ယှက်နေရင် ယဉ်ကျေးနေမှာ မဟုတ်ဘူး "

မာစုယုမား ရှိုဂျီသည် ခွေးရူးတစ်ကောင်လို ထပ်ပြီး ခုန်နေလေသည်။

" ဒီနေ့ ကျောက်စိမ်းခွက်ကို ငါ့စီ ပြန်မပေးရင် ဒီနေရာကနေ ထွက်သွားဖို့တောင် မစဉ်းစားနဲ့ "

ယဲ့ဖန် ချက်ချင်း ရယ်မောလိုက်သည်။

" ခင်ဗျား အရူးတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတာလား။ ကောင်းပြီလေ၊ သတ္တိရှိရင် လုပ်လိုက် "

မာစုယုမား ရှိုဂျီသည် ထိုကောင်လေးမှ ရိုက်နှက်ခဲ့သည့်လူများ ဖြစ်သွားပုံကို တွေးပြီး အနည်းငယ် ကြောက်ရွံ့သွားခဲ့သည်။

သူ့အမူအရာမှာ ချက်ချင်း ပျော့ပြောင်းသွားသည်။

" ငါ ..... ဒီကျောက်စိမ်းခွက်က ငါ့အတွက် အရမ်းအရေးကြီးတယ်။ မင်းငါ့ဆီ ပြန်ပေးနိုင်မယ်လို့ မျှော်လင့်တယ်။ ငါ နဂိုဈေးထက် ပိုပေးနိုင်တယ် "

ယဲ့ဖန်သည် ကားဆီသို့ ဖြည်းညှင်းစွာ မှီလိုက်ပြီး သူ့မျက်နှာပေါ်၌ အပြုံးဖျော့ဖျော့ ပေါ်လာသည်။

" ပိုက်ဆံ ပိုပေးမှာလား။ ဘယ်လောက် ပေးမှာလဲ "

မာစုယုမား ရှိုဂျီ ခဏ တုံ့ဆိုင်းသွားသည်။

" ၅ ..… ၅ သန်း "

ယဲ့ဖန် အံ့သြသွားသည်။

" ၅ သန်းလား။ ကျွန်တော် ဝယ်ဖို့ ၂သန်းသုံးခဲ့တာ ဆယ်မိနစ်တောင် မပြည့်သေးဘူး။ အဲ့တော့ ၃ သန်းဝင်ငွေရမှာပေါ့ "

မာစုယုမား ရှိုဂျီ အမြန် ခေါင်းညိတ်သည်။

" ဟုတ်တယ်၊ ဟုတ်တယ်။ ဆယ်မိနစ်တောင် မရှိလိုက်ဘဲ ဝင်ငွေ ၃သန်း ရမှာ။ မင်း အချီကြီးရတာပဲ "

ယဲ့ဖန် လှောင်ရယ်မောလိုက်သည်။

" ဒါပေမယ့် ဒီကျောက်စိမ်းခွက်ကို ကျွန်တော် အရမ်းကြိုက်တယ်။ အဲ့တော့ သိပ်မရောင်းချင်ဘူး "

မာစုယုမား ရှိုဂျီ စိုးရိမ်နေမိသည်။

" ဈေးကို မကျေနပ်ရင် ထပ်တိုးလို့ ရတယ်။ ငါ ၈ ... ၈ သန်းလောက် ပေးရမလား "

ယဲ့ဖန် ပိုလို့ပင် အံ့သြသွားသည်။

" နောက်ထပ် ၃ သန်းလား။ ခင်ဗျားက သိပ်ရက်ရောလွန်းနေတာ မဟုတ်ဘူးလား "

" ဒီခွက်က ငါ့အတွက် တကယ်ကို အရေးကြီးတယ်။ ဘာပဲဖြစ်ဖြစ် မင်းငါ့ဆီ ပြန်ပေးရမယ် "

မာစုယုမား ရှိုဂျီသည် စိုးရိမ်စိတ်ဖြင့် ပူလောင်နေသည်။

ယဲ့ဖန် သူ့နှာခေါင်းကို ထိလိုက်သည်။

" တကယ်တော့ ခွက်ကို ခင်ဗျားဆီ ပြန်ပေးဖို့ မဖြစ်နိုင်ဘူး ...... "

မာစုယုမား ရှိုဂျီ၏ မျက်လုံးများ လန့်ဖြတ်လာပြီး စကားပြောတော့မည် ဖြစ်သည်။

ထိုအချိန်တွင် ယဲ့ဖန်က ဆက်ပြောသည်။

" ဒါပေမယ့် ကျွန်တော့်ကို အရင်ပြောရမယ်။ ခင်ဗျား ဘာလို့ ခွက်ကို ပြန်ယူချင်တာလဲ။ အကြောင်းပြချက် လုံလောက်ရင် စဉ်းစားပေးနိုင်တယ် "

မာစုယုမား ရှိုဂျီ၏ မျက်လုံးများမှာ တစ်ခုခုအား တွေးတောနေသလို လှည့်ပတ်နေသည်။

အမှန်တကယ်တွင် အကြောင်းပြချက် အစစ်အမှန်ကို မပြောပြနိုင်သောကြောင့် အကြောင်းပြချက်တစ်ခုသာ လုပ်ကြံပြောနိုင်တော့သည်။

" ဒီကျောက်စိမ်းခွက်က ဘိုးဘွားပိုင်မလို့ ..... ဒါပေမဲ့ အဖေက ကင်ဆာရောဂါဖြစ်နေတော့ သူ့ဆေးဖိုးအတွက် ပြန်ရောင်းဖို့ကလွဲပြီး ရွေးချယ်စရာ မရှိခဲ့ဘူး "

ယဲ့ဖန်သည် သနားကြင်နာသည့် အမူအရာ ပေါ်လာသည်။

" ဒါဆို ခင်ဗျားက တကယ်ကို သိတတ်တာပဲ "

မာစုယုမား ရှိုဂျီသည် မျက်ရည်စက်အနည်းငယ်ကို ညှစ်ထုတ်လိုက်သည်။

" ဟူး၊ ငါ နောက်ကျသွားတာ စိတ်မကောင်းစရာပဲ။ ခုနကပဲ အဖေ ဆုံးသွားပြီလို့ အကြောင်းကြားလာတယ်။ သူ့ကို မကယ်လိုက်နိုင်ဘဲ ဆုံးသွားပြီ။ ပိုက်ဆံတွေ စုထားရတာ အသုံးမဝင်တော့ဘူး။ အဲ့တာကြောင့် ဒီကျောက်စိမ်းခွက်ကို ပြန်ရွေးပြီး အမှတ်တရအဖြစ် သိမ်းထားချင်လို့ "

ယဲ့ဖန် ခေါင်းကုတ်လိုက်သည်။

" ဒါဆိုရင် ကျွန်တော်က ဒီကျောက်စိမ်းခွက်ကို ခင်ဗျားစီ ပြန်ပေးပြီး ခင်ဗျားရဲ့ သားသမီးဝတ္တရားကျေရေးကို ဖြည့်ဆည်းပေးသင့်တယ် မဟုတ်လား "

မာစုယုမား ရှိုဂျီ ခေါင်းညိတ်ပြီး ပြုံးလိုက်သည်။

" ဟုတ်တယ်၊ ဟုတ်တယ် "

ယဲ့ဖန် ခေါင်းညိတ်ပြပြီး ခဏ စဉ်းစားလိုက်သည်။

" ကိစ္စမရှိဘူး၊ ကျွန်တော် ခင်ဗျားကို ပြန်ပေးလို့ ရတယ်။ ဒါပေမယ့် ၈သန်းတော့ မဟုတ်ဘူး။ ခင်ဗျား ထပ်ပေးရမယ် "

မာစုယုမား ရှိုဂျီ မဆိုင်းမတွ သဘောတူလိုက်သည်။

" ကိစ္စမရှိဘူး။ မင်း စျေးပြောလိုက်။ ငါ လက်ခံပေးမယ်လို့ ကတိပေးတယ် "

သူသည် စိတ်ထဲ၌ အတော်လေး ရွှင်မြူးနေပြီ ဖြစ်သည်။

ထိုကောင်လေးသည် ဤကျောက်စိမ်းခွက်၏ တန်ဖိုးအစစ်ကို သိနိုင်မည်မဟုတ်ပေ။

မတန်တဆ ဈေးတောင်းရင်တောင် ဘယ်လောက် တောင်းနိုင်မှာမလို့လဲ။

ဟားဟားဟား၊ ငါ အကြောင်းပြချက်တစ်ခုထုတ်လိုက်တာနဲ့ ယုံသွားတာတဲ့လား။

တုံးလိုက်တာ။

သူသည် ပိုက်ဆံရှိပြီးနောက် ဖြစ်လာမည့် သူ့ဘဝကိုပင် စိတ်ကူးယဉ်လိုက်သေးသည်။

သူသည် ပထမဆုံးအနေဖြင့် အိမ်ကြီးတစ်လုံးကို ဝယ်ပြီး စူပါကား အနည်းငယ်ဝယ်မည်ဖြစ်ကာ နာမည်ကြီးသူအချို့ကိုလည်း စပွန်ဆာပေးမည် ဖြစ်သည်။

ထိုဘဝမှာ ရိုးရှင်းလှပလွန်းလေသည်။

သူ၏ လှပသော စိတ်ကူးယဉ်မှုများထဲတွင် နစ်မြုပ်နေစဉ် ယဲ့ဖန်မှ ဖြည်းညှင်းစွာပြောသံကို သူ ကြားလိုက်ရသည်။

" တစ်ခွန်းဈေးပြောရမယ်ဆို ၁ ဘီလီယံပဲ။ ခင်ဗျား ထုတ်နိုင်တာနဲ့ ကျောက်စိမ်းခွက်ကို ချက်ချင်း ပြန်ပေးမယ် "

မာစုယုမား ရှိုဂျီ၏ မျက်နှာပေါ်မှ အမူအရာမှာ အေးခဲသွားသည်။

" ဘယ်လောက် ..... ဘယ်လောက်လဲ။ ၁ ဘီလီယံတဲ့လား။ မင်း နောက်နေတာ မဟုတ်လား "

ယဲ့ဖန်သည် သူ့ကို လေးနက်စွာ စိုက်ကြည့်လိုက်လေသည်။

" ကျွန်တော့်ကို နောက်နေတယ်လို့ ခင်ဗျား ထင်လို့လား "

မာစုယုမား ရှိုဂျီ၏ အမူအရာသည် အမျိုးမျိုး ပြောင်းလဲနေသည်။

" ဒါက ရိုးရိုးကျောက်စိမ်းခွက်ပဲ။ ဘယ်လောက် တန်မှာမလို့လဲ "

ယဲ့ဖန် နှာမှုတ်လိုက်သည်။

" ဒါက သာမန်ကျောက်စိမ်းခွက်လို့ ဘယ်သူပြောလဲ။ ဒီကျောက်စိမ်းခွက်ကို နဂါးကိုးခွက်လို့ ခေါ်တယ်။ ဒါဟာ အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခု။ ခင်ဗျား မသိဘူးလို့ မပြောနဲ့ "

မာစုယုမား ရှိုဂျီ ဆက်ပြီး သရုပ်ဆောင်ချင်ခဲ့သည်။

သို့သော် ကျောက်စိမ်းခွက်၏ နာမည်ကို ကြားပြီးနောက် သူ၏အမူအရာမှာ ချက်ချင်း အေးစက်သွားသည်။

" ဒါဆို ဒီကျောက်စိမ်းခွက်ရဲ့ မူလဇစ်မြစ်ကို မင်းက သိတာလား။ ဒါဆို ခုနက ငါ့ကို ကစားနေတာလား "

ယဲ့ဖန် လှောင်ကာ ဟက်ခနဲ အသံပြုလိုက်သည်။

" ခင်ဗျားရော ခုနက လာကစားနေတာ မဟုတ်ဘူးလား။ ခင်ဗျားအဖေက ကင်ဆာနဲ့ ဆုံးသွားပြီ ဘာညာနဲ့။ တကယ်ကို ဝတ္တရားကျေတဲ့ သားတစ်ယောက်ပဲ။ ကျောက်စိမ်းခွက် ပြန်ရဖို့အတွက် အဖေကို ကျိန်စာတိုက်နေတာလား "

မာစုယုမား ရှိုဂျီ၏ အကြည့်သည် အေးစက်သွားသည်။

" မင်းက ဒီလိုပြောမှတော့ ကွေ့ဝိုက်နေစရာ မလိုဘူး။ မင်းအတွက် ဘာကောင်းတယ်ဆိုတာ သိရင် ကျောက်စိမ်းခွက်ကို ငါ့စီ ချက်ချင်း ပြန်ပေးလိုက်။ မဟုတ်ရင် ဒီနေ့ ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားရဖို့ မစဉ်းစားနဲ့ "

ယဲ့ဖန်သည် သူ့ခြိမ်းခြောက်မှုကို မကြားသလိုဖြင့် တစ်ဖက်သို့ လှည့်လိုက်သည်။

ထို့နောက် ထိုလူကို အထင်သေးသည့်ပုံစံဖြင့် ကြည့်နေသည်။

" ကျစ်၊ ကျစ်၊ ကျစ်။ ခင်ဗျားက လေတော့ အတော်ကျယ်တာပဲ။ ခင်ဗျားမှာ လှည့်ကွက်တွေရှိရင် ထုတ်သုံးလိုက်။ ကျွန်တော်က ကြောက်ရတယ်ဆို ကျောက်စိမ်းခွက်ကို ချက်ချင်း ပြန်ပေးလိုက်မယ် "

မာစုယုမား ရှိုဂျီသည် ယဲ့ဖန်ကို လက်ညှိုးငေါက်အောင် ထိုးလေသည်။

" ကောင်းပြီ၊ မင်းကိုယ်တိုင် ပြောတာ။ နောက်မှ နောင်တမရနဲ့ "

ထိုစကားကို ပြောပြီးသည်နှင့် ချက်ချင်းပင် ဖုန်းကို ထုတ်ကာ ဖုန်းဆက်လိုက်သည်။

All Chapters