အခန်း (၁၂၂၅-၁၂၂၈)
Vol. 62 Ch. 1225-1228
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၂၅ )
ကျုပ်အတွက်နဲ့ လူတွေ ဒီလောက်အများကြီး ခေါ်လာတာလား
ယဲ့ဖန် အချိန်ကို ကြည့်လိုက်သည်။
ည ၁၀နာရီ ထိုးခါနီးပြီဖြစ်သည်။
ထို့ကြောင့် ဖန်းကျန်းဝူသည် အိမ်သို့ တတ်နိုင်သမျှ အမြန်ဆုံးပြန်ရန် လိုအပ်လေသည်။
မဟုတ်ပါက ဖန်းကျန်းဝူ၏ ဖခင်သည် သူမ ယဲ့ဖန်နှင့်အတူ ရှိနေသည်ကို သိသွားပါက သူမ သေချာပေါက် ဒုက္ခများပေလိမ့်မည်။
" ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ကျွန်တော် ခြေတစ်လှမ်းဆုတ်ပြီး ခင်ဗျားကို ဂျပန်ယန်း သန်း၁၀၀ပေးလိုက်မယ်။ ဒါဆို ဒီကိစ္စကို ဒီမှာတင် ရပ်ကြမလား "
ယဲ့ဖန် ထိုလူကို နောက်ထပ် အကြံဉာဏ်တစ်ခု ပေးလိုက်သည်။
ဂျပန်ယန်း သန်း၁၀၀သည် တရုတ်ယွမ် ၅သန်းမျှသာ ရှိသည်။
နဂါးကိုးခွက်၏ ဈေးအစစ်အမှန်နှင့် အတော်ကွာခြားနေသည်မှာ အသေအချာဖြစ်သည်။
သို့သော်လည်း ထိုလူအတွက် ဤမျှပိုက်ဆံကို ကမ်းလှမ်းပေးလိုက်ခြင်းသည် ယဲ့ဖန်အတွက် အတော်ပင်ကြီးလှသည့် ရက်ရောမှုကြီးဖြစ်သည်။
နှစ်ဦးနှစ်ဖက် သဘောတူ ရောင်းဝယ်ထားပြီးသား ကိစ္စဖြစ်၍ယဲ့ဖန်အနေဖြင့် မည်သို့မျှ အားနာနေစရန် မလိုအပ်ချေ။
ထို့ကြောင့် ယဲ့ဖန် ထိုယန်း သန်း၁၀၀အား ထုတ်ပေးလာသည်မှာ အတိုင်းထက်အလွန်ဖြစ်လေသည်။
သူသည် ဤကဲ့သို့လူမျိုးနှင့် ဆက်၍ အချိန်မဖြုန်းချင်ခြင်းဖြစ်ရာ သူဖုန်းစားကို အကြွေစွန့်သလို သဘောထားလိုက်သည်။
တစ်ဖက်သူသည် လုံလောက်သည့် အသိဉာဏ်ရှိပါက သူ့တစ်ဘဝလုံးအတွက် လုံလောက်သည့် ဂျပန်ယန်း သန်း၁၀၀အား လက်ခံသင့်သည်။
သို့သော် လူ့လောဘသည် အကန့်အသတ်မရှိပေ။
မာစုယုမား ရှိုဂျီသည် ယဲ့ဖန်၏ အကြံပြုချက်ကို ကြားသောအခါ ချက်ချင်းပင် လှောင်ပြောင်ခဲ့သည်။
" ငါ့ကျောက်စိမ်းခွက်က ဂျပန်ယန်း ၁ ဘီလီယံ တန်တယ်။ ငါကံကောင်းရင် တစ်ယောက်ယောက်က ၂ ဘီလီယံနဲ့တောင် ဝယ်လိမ့်မယ်။ မင်းက ငါ့ကို သန်း၁၀၀ ပေးတာတဲ့လား။ ငါ့ကို သူတောင်းစားနှင်သလို နှင်လွှတ်နေတာလား "
ယဲ့ဖန်မှ ကမ်းလှမ်းချက် လုပ်လာသည်ကို မြင်ပြီးနောက် သူ လူခေါ်လိုက်၍ ယဲ့ဖန် ကြောက်သွားမှန်း ပိုသေချာသွားသည်။
ထို့ကြောင့် သူ အလွယ်တကူနှင့် သဘောမတူနိုင်ချေ။
ယဲ့ဖန်၏ အမူအရာသည် ချက်ချင်းပင် အေးစက်သွားသည်။
" ခင်ဗျားအတွက် ဘာကောင်းလဲဆိုတာကို သိပြီး သဘောတူရင် ချက်ချင်း သန်း၁၀၀ ရလိမ့်မယ်။ မသိတတ်ရင်တော့ တစ်ပြားမှရမှာ မဟုတ်ဘူး "
မာစုယုမား ရှိုဂျီသည် သူ၏ခြိမ်းခြောက်မှုကြောင့် ကြောက်ရွံ့သွားခြင်း မရှိပေ။
သူသည် ချက်ချင်း ဟက်ခနဲ အသံပြုလိုက်သည်။
" မင်းက သေခါနီးနေပြီကို ငါ့ကို ပြန်ခြိမ်းခြောက်ရဲနေသေးတာလား။ မင်းက နဂါးကိုးခွက်ကို ပြန်မပေးမှတော့ ငါ့ကို အပြစ်မတင်နဲ့။ နောက်မှ နောင်တရမယ်ဆို အရမ်းနောက်ကျသွားပြီ "
ယဲ့ဖန် နှာမှုတ်ခါသာ အသံပြုလိုက်သည်။
သူသည် ထိုလူအား နောက်ထပ်စကားတစ်ခွန်း ပြောရန်ပင် ပျင်းလွန်းလှသည်။
မာစုယုမား ရှိုဂျီသည် တခြားဘာမှ မပြောတော့ချေ။
အားလုံးသည် တစ်ဖက်မှလူများ ရောက်လာသည်အထိသာ စောင့်နေလိုက်ကြသည်။
ခဏကြာပြီးနောက် ခြေသံများ နီးကပ်လာသည်ကို ကြားလိုက်ရသည်။
လှမ်းကြည့်လိုက်သည့်အခါ လမ်းဖြတ်ကူးလာသည့် လူတစ်စုကို တွေ့နိုင်သည်။
မီးရောင်မှိန်ကြောင့် လူအရေအတွက်အတိအကျကို မမြင်နိုင်သော်လည်း အနည်းဆုံး လူ၁၀ယောက်ထက်မနည်း ရှိသည်။
မာစုယုမား၏ မျက်နှာသည် ချက်ချင်းပင် ပျော်ရွှင်သော အမူအရာ ပေါ်လာပြီး ယဲ့ဖန်အား မုန်းတီးစွာ စိုက်ကြည့်သည်။
" ခွေးသား၊ မင်းတော့ အခု သေချာပေါက် သေပြီပဲ "
ထိုစကားကို ပြောပြီးနောက် ထိုလူမိုက်အုပ်စုစီသို့ အမြန်လျှောက်သွားခဲ့သည်။
ခေါင်းဆောင်သည် အရပ် ၁.၉မီတာနီးပါး ရှိသော ထွားကျိုင်းသည့် အမျိုးသားတစ်ဦးဖြစ်သည်။
မျက်လုံးထောင့်မှ ပါးစပ်ထောင့်အထိ ဖြတ်သွားသော အမာရွတ်သည် သူ့ကို အလွန်ရက်စက်သည့်ပုံ ပေါက်စေသည်။
" လူကြီးမင်း ယိထိန်း၊ နောက်ဆုံးတော့ ရောက်ပြီလား။ ကျွန်တော့်ဒေါသတွေအတွက် ကူညီဖြေရှင်းပေးပါ "
မာစုယုမား ရှိုဂျီသည် ထိုလူစီသို့ လျှောက်လာပြီး ချက်ချင်းပင် တောင်းဆိုလိုက်သည်။
" ကိစ္စမရှိဘူး၊ အားလုံး လွှဲထားလိုက်။ ပိုက်ဆံပေးရင် အမေကိုတောင် ခုတ်ပေးလိုက်မယ် "
ယိထိန်းဟုခေါ်သော သန်မာသည့်လူကြီးသည် ယဲ့ဖန်ကို ကြည့်လိုက်သည်။
သူ့အမြင်အာရုံမှာ မှုန်ဝါးနေသည့်အပြင် မီးရောင်အားနည်းမှုကြောင့် မျက်နှာကို ရှင်းလင်းစွာ မမြင်ရချေ။
မှုန်ဝါးသော ရုပ်သဏ္ဍာန်ကိုသာ မြင်နေရသည်။
" စိတ်မပူပါနဲ့ လူကြီးမင်း ယိထိန်း။ ဒီကလေးကို ရှင်းနိုင်သရွေ့ ၁၀သန်းကို တစ်ယန်းမှ မကျန်စေရအောင် ပေးမယ်လို့ အာမခံပါတယ် "
မာစုယုမား ရှိုဂျီ ကတိပေးလိုက်သည်။
၁ ဘီလီယံကျော် တန်ကြေးရှိသည့် နဂါးကိုးခွက်အား ပြန်ရဖို့ ၁၀သန်းမျှ အကုန်အကျခံသည်မှာ အလွန်တွက်ခြေကိုက်လေသည်။
ယိထိန်း သူ့ကို ပုခုံးပုတ်လိုက်သည်။
" လူကြီးမင်း မာစုယုမား၊ စိတ်မပူပါနဲ့။ ငါတို့ ကံနဂါးအဖွဲ့အစည်းက စည်းမျဉ်းတွေကို အမြဲလိုက်နာတယ်။ မင်း ပိုက်ဆံပေးတာနဲ့ ငါလုပ်မယ်။ မင်း စိတ်ကျေနပ်မယ်လို့ ငါ အာမခံတယ်။ ဒီကလေးနဲ့ ဘယ်လိုရှင်းချင်လဲ ပြောလိုက်။ သူ့ခြေထောက်တစ်ဖက်ကို ချိုးပေစရမလား။ သူ့ကို တစ်ခါတည်း တန်းသတ်ပစ်သင့်လား "
မာစုယုမား ရှိုဂျီသည် ထိတ်လန့်တကြားဖြင့် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
" ဒီလောက် ရက်စက်ဖို့ မလိုပါဘူး။ ကိုယ့်ဟာကိုယ် ဒုက္ခရောက်အောင် မလုပ်ချင်ဘူး။ ဒီကလေးစီက ပစ္စည်းကို ပြန်ရဖို့ပဲ လုပ်ချင်တာ "
ယိထိန်း သူ့ကို သဘောကျစွာ စိုက်ကြည့်သည်။
" လူကြီးမင်းက ကြင်နာတတ်တာပဲ။ ကောင်းပြီ၊ ငါတို့နဲ့ အပ်ထားလိုက်။ ကျေနပ်စေရမယ်လို့ အာမခံတယ် "
ထိုစကားကို ပြောပြီးနောက် သူ့လက်ကိုဝှေ့ယမ်းလိုက်ကာ လူတစ်စုသည် ရေလှိုင်းကဲ့သို့ ယဲ့ဖန်စီသို့ ပြေးသွားကြသည်။
မာစုယုမား ရှိုဂျီသည် ယဲ့ဖန်အနားသို့ နီးကပ်သွားနေသော လူအုပ်ကြီးအနောက်သို့ လိုက်နေသည်။
သူသည် မာန်တက်နေသည့် အမူအရာ ရှိလေသည်။
ကောင်လေး၊ ငါ မင်းကို အခွင့်အရေးပေးခဲ့သားပဲ။
မင်းကိုယ်တိုင် မယူခဲ့တာ။
အခု မင်း ငါ့ရှေ့မှာ ဒူးထောက်ပြီး အသနားခံတာကို မြင်ချင်ပါသေးတယ်။
ထိုအကြောင်း တွေးမိလေ ပို၍ စိတ်လှုပ်ရှားလေ ဖြစ်သည်။
အဆုံးတွင် သူသည် ကျယ်လောင်စွာ ရယ်မောမိမတတ် ဖြစ်သွားသည်။
" ခွေးသား၊ မင်းက တကယ် မျက်စိကန်းနေတာပဲ။ လူကြီးမင်း မာစုယုမားရဲ့ ပစ္စည်းကို ယူဖို့တောင် သတ္တိရှိတယ်လား။ မင်း မသေချင်ရင် ဒီဟာကို နာခံမှုရှိရှိနဲ့ လွှဲပေးလိုက်။ မဟုတ်ရင်တော့ ဟား ဟား ဟား ....... "
ယိထိန်းသည် ယဲ့ဖန်အနားသို့ လျှောက်သွားပြီး ရက်စက်သော အသံဖြင့် ပြောလိုက်သည်။
ယဲ့ဖန်သည် လက်ရှိတွင် ကားကို မှီထားသည်။
ထို့နောက် သူ့ဘက်ကို မျက်နှာလှည့်လာသည်။
" မဟုတ်ရင် ဘာဖြစ်မှာလဲ "
ယဲ့ဖန်သည် ပြောသည့်အတိုင်း လှည့်ကြည့်လိုက်သည်။
ယိထိန်းသည် ထိုအသွင်အပြင်ကို မြင်သောအခါ သူ့မျက်နှာပေါ်မှ အပြုံးမှာအေးခဲသွားသည်။
သူသည် မှားမြင်သည်ဟု ထင်ကာ ခြေလှမ်းနှစ်လှမ်းကို အလျင်အမြန် ချဉ်းကပ်လိုက်သည်။
တစ်ဖက်သား၏အသွင်အပြင်အား ရှင်းလင်းစွာ မြင်လိုက်ရပြီးနောက် ချက်ချင်း တုန်လှုပ်သွားသည်။
" ယဲ့လူကြီးမင်း "
ထိုစကားမှာ အော်မိလုနီးပါးဖြစ်နေပြီး သူ၏အသံမှာ တုန်လှုပ်နေသည်။
သူ့စိတ်ထဲမှ ကြောက်ရွံ့မှုအား ပြသရန် လုံလောက်လေသည်။
မာစုယုမား ရှိုဂျီနှင့် ယိထိန်း၏ လက်အောက်ငယ်သားများ အားလုံး ထိတ်လန့်သွားကြသည်။
သူတို့သည် သူတို့ခေါင်းဆောင်မှ တစ္ဆေသရဲမြင်၍ အော်လိုက်သည်ဟု ထင်သွားကြသည်။
ယဲ့ဖန် ယိထိန်းကို စိုက်ကြည့်လိုက်သည်။
" ကျုပ်ကို သိတာလား "
ယိထိန်းသည် ထိုလူငယ်လေး၏ သရုပ်မှန်ကို အတည်ပြုပြီးနောက် သူ၏ခြေထောက်များ အားနည်းလာပြီး ဒူးထောက်မတတ် ဖြစ်သွားသည်။
သူ အလွန်ခက်ခဲစွာ ထိန်းထားရသည်။
" ယဲ့လူကြီးမင်း ... ကျွန်တော်က ကံနဂါးအဖွဲ့အစည်းကပါ။ မနေ့က ဒုဥက္ကဌစူနဲ့ တွေ့တုန်းက ကျွန်တော်ရှိပါတယ်။ အဲ့ဒီတုန်းက လူကြီးမင်းရဲ့ ပြောင်မြောက်တဲ့ ကိုယ်ရောင်ဝါကို ကျွန်တော် သဘောကျနေခဲ့တာ။ လူကြီးမင်းမင်းရဲ့ ကြီးကျယ်ခမ်းနားတဲ့ အသွင်အပြင်ကို ဒီနေ့ ဒီမှာ တွေ့ရဖို့ မမျှော်လင့်ထားဘူး ....... "
သူသည် ယဲ့ဖန်၏ အသက်ကို လုံးဝလျစ်လျူရှုထားပြီး အသက်ကြီးရင့်သူအား အမွှမ်းတင်သလို ယဲ့ဖန်အား ချီးမွမ်းနေခဲ့သည်။
မာစုယုမား ရှိုဂျီသည် ထိုစကားကို ကြားသောအခါ စိတ်ပူသွားသည်။
သူ့စိတ်ထဲ၌ ပထမဆုံးတွေးမိသည်မှာ အဆုံးသတ်ပြီဟူ၍ ဖြစ်သည်။
သူ ခေါ်ခဲ့သည် စစ်ကူမှာ တစ်ဖက်လူကို သိနေသည်။
ယိထိန်း၏ စိတ်နေသဘောထားနှင့် လေသံကို ကြည့်ပါက သူသည် ထိုကောင်လေးကို ဒူးထောက်ကာ သနားညှာတာရန် တောင်းပန်ရုံမတတ် ဖြစ်နေသည်။
သူသည် စော်ကားရန် မတတ်နိုင်သည့်သူကို စော်ကားမိမည်အား ကြောက်နေတော့သည်။
သူ့စိတ်ထဲ၌ စိတ်ပျက်အားငယ်မှုများနှင့် ပြည့်နှက်နေပြီး သူ့စိတ်ထဲ၌ ဗလာဖြစ်နေသည်။
သူ ဘာလုပ်ရမယ်မှန်း မသိတော့ပေ။
ယဲ့ဖန်သည် ယိထိန်းကို ကြည့်လိုက်သည်။
" အိုး၊ ဒါဆို ခင်ဗျားက စူချီယွမ်ရဲ့ လက်အောက်ခံလား။ ခင်ဗျား ကျုပ်အတွက် လူတွေ ဒီလောက်အများကြီးကို ခေါ်လာခဲ့တာလား "
ယိထိန်း မခံနိုင်တော့ချေ။
သူ့ခြေထောက်များ ပျော့ခွေသွားကာ မြေပြင်ပေါ် ဒူးအမြန်ထောက်လိုက်သည်။
" ယဲ့လူကြီးမင်း၊ ကျေးဇူးပြုပြီး ကျွန်တော့်အသက်ကို ချမ်းသာပေးပါ။ ကျွန်တော် .... ဒီကောင် ပြဿနာရှာချင်တဲ့သူက လူကြီးမင်းမှန်း တကယ်မသိခဲ့လို့ပါ။ မဟုတ်ရင် ကျွန်တော့်မှာ အသက်တစ်ရာရှိရင်တောင် လူကြီးမင်းကို ပြဿနာရှာရဲမှာ မဟုတ်ပါဘူး ..... "
သူ့နောက်မှ လက်အောက်ငယ်သားတစ်စုသည်လည်း သူတို့၏ သူဌေး ဒူးထောက်နေသည်ကို တွေ့လိုက်ရပြီး မတ်တပ်ရပ်မနေရဲတော့ဘဲ အမြန်လိုက်၍ ဒူးထောက်ကြသည်။
ဘားထဲသို့ ဝင်ထွက်သွားလာသူများသည် ထိုမြင်ကွင်းကို မြင်သောအခါ အားလုံး အံ့အားသင့်သွားကြသည်။
ဒီလူငယ်လေးက ဘယ်ဂိုဏ်းကလဲ။
အံ့သြစရာကောင်းတဲ့ တည်ရှိမှုပဲ။
ယိထိန်းသည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် သူ့လည်ချောင်းထဲသို့ နှလုံးခုန်ထွက်လာသလို ခံစားရသည်။
သူ့ဘဝ၏ သေခြင်းရှင်ခြင်းသည် ဤလူငယ်လေး၏ အတွေးတစ်ခုအပေါ်တွင် မူတည်ကြောင်း သူကောင်းကောင်းသိသည်။
ထိုလူကြီးမင်းသည် တခြားဂိုဏ်းနှင့် တိုက်ခိုက်နေသည်ကို မြင်ဖူးသည်။
သူသည် ဂိုဏ်းတွင် နှစ်အတော်ကြာ နေခဲ့ရပြီး သွေးထွက်သံယို မြင်ကွင်းမျိုးစုံကို မြင်တွေ့ခဲ့ရသော်လည်း ယဲ့လူကြီးမင်းကဲ့သို့ ရက်စက်ကြမ်းကြုတ်သူ တစ်ဦးကို တွေ့ရခဲသည်။
တစ်ဖက်မှ သူ့ကို မလွှတ်ဘူးဆိုပါက ဒီနေ့ သူ သေမည်မှာ သေချာလေသည်။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၂၆ )
ဒါက လိမ်စားနေတာ မဟုတ်ဘူးလား
" ထားလိုက်တော့ "
ယိထိန်းသည် ဘဝ၏ အသာယာဆုံးအသံကိုကြားလိုက်ရသလို ခံစားလိုက်ရသည်။
သူသည် အမြန်ခေါင်းငုံ့ပြီး ကျေးဇူးတင်လေသည်။
" အသက်ကို ချမ်းသာပေးလို့ ကျေးဇူးတင်ပါတယ်၊ ယဲ့လူကြီးမင်း "
သူသည် စကားပြောနေပြီးနောက် ထပြီး ထိတ်လန့်နေသည့် မာစုယုမား ရှိုဂျီကို ဆွဲခေါ်လိုက်သည်။
" လူကြီးမင်း၊ ဒီခွေးသားရဲ့ အမှားပါ။ သူက လူကြီးမင်းက သူ့ပစ္စည်းကို ခိုးသွားလို့ ပြန်ရအောင် ကူညီပေးဖို့ ပြောခဲ့လို့ ယဲ့လူကြီးမင်းကို အသရေဖျက်ရာရောက်ပါတယ်။ သူက သေသင့်တာမလို့ ဘယ်လိုရှင်းလိုက်ရမလဲ အမိန့်ပေးပါ "
ယဲ့ဖန်သည် မာစုယုမား ရှိုဂျီကို တစ်ချက်ကြည့်လိုက်သည်။
သူ့မျက်နှာ၌ အပြုံးတစ်ခု ပေါ်လာသည်။
" ခင်ဗျားကို ခုနက သန်း၁၀၀ယူပြီး ထွက်သွားဖို့ ပြောပါသေးတယ်။ ခင်ဗျားကိုယ်တိုင်က ဒီနည်းလမ်းအတိုင်း ရွေးခဲ့တော့ ဘယ်လို ဖြေရှင်းရမလဲ "
မာစုယုမား ရှိုဂျီသည် ကြောက်ရွံ့ထိတ်လန့်စွာဖြင့် သူ့ကိုကြည့်ရင်း မျက်နှာမှာဖြူဖျော့နေပြီဖြစ်သည်။
" ယဲ့ … ယဲ့လူကြီးမင်း၊ ကျွန်တော် ...… ကျွန်တော့်ကို ပြုစားခံရတာပါ။ ကျွန်တော် …. ဒါကို မလိုချင်တော့ပါဘူး။ ဘာမှ မလိုချင်တော့ပါဘူး။ အသက်ကို ချမ်းသာပေးဖို့ပဲ တောင်းဆိုပါတယ် ...... "
ယဲ့ဖန် လှောင်သလို ရယ်မောလိုက်သည်။
" ကျုပ် ခင်ဗျားကို လွှတ်ပေးနိုင်တယ်။ဂဒါပေမယ့် မေးခွန်းတချို့ကို အရင်ဖြေရမယ် "
ဤအချိန်မှ မာစုယုမား ရှိုဂျီ ဘယ်လိုမှ မပြောဘဲ မနေရဲတော့ချေ။
သူ အမြန် ခေါင်းညိတ်လိုက်သည်။
" မေးရင် သိသမျှ အကုန်ပြောပြပါ့မယ် "
ယဲ့ဖန်သည် နဂါးကိုးခွက်ကို ထုတ်ယူပြီး ပွတ်လိုက်သည်။
" ဒီနဂါးကိုးခွက်ကို ဘယ်ကရခဲ့တာလဲ "
မာစုယုမား ရှိုဂျီ၏ အမူအရာသည် နောက်တစ်ကြိမ် ပြောင်းသွားပြီး သူ တုံ့ဆိုင်းသွားသည်။
သူ့ဘေး၌ ရှိနေသည့် ယိထိန်းသည် ဘာမှ မပြောဘဲ သူ့ဗိုက်ကို ထိုးလေသည်။
" ရိုးရိုးသားသား ဖြေ။ ယဲ့သခင်ကြီး မေးသမျှကို ဖြေရမယ်။ နောက်တစ်ကြိမ်လှည့်စားရင် ငါမင်းကို လွှတ်မပေးဘူး "
မာစုယုမား ရှိုဂျီသည် သူ့ဗိုက်ကို ဆုပ်ကိုင်လိုက်ပြီး အံကြိတ်လိုက်သည်။
" ခိုး .... ခိုးလာတာပါ "
ယဲ့ဖန်၏ အမူအရာ ပြောင်းသွားသည်။
" ခိုးလာတာလား။ ဘယ်က ခိုးလာတာလဲ "
မာစုယုမား ရှိုဂျီသည် အားတင်းလျက်ပြောသည်
" အဲ့တာ ..... လူကြီးမင်းချန်းသောင်းရဲ့အိမ်ကပါ "
" ဘယ်က လူကြီးမင်းချန်းသောင်းလဲ "
ယဲ့ဖန် တစ်လှမ်းချင်း လှမ်းလာသည်။
မာစုယုမား ရှိုဂျီသည် ယဲ့ဖန်အား အရာအားလုံး ပြောပြရန်မှ လွဲ၍ ရွေးချယ်စရာ မရှိတော့ချေ။
" လူကြီးမင်း ချန်းသောင်းက အီဒိုမြို့မှာ နာမည်တဲ့ သူဌေးကြီးတစ်ယောက်ပါ။ သူ့ရဲ့လုပ်ငန်းတွေက နေရာအနှံ့၊ နယ်ပယ်အနှံ့မှာ ရှိပြီးတော့ သူ့ရဲ့မိသားစုပိုင်ဆိုင်မှုက ဂျပန်ယန်း ကုဋေရာချီမကပါဘူး။ ဒါပေမဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတော့ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး သူတို့ ငွေတွေ အများကြီး အရှုံးပေါ်လာပါတယ် "
" လိုရင်းရောက်အောင်ပြော "
ယဲ့ဖန်သည် ထိုလူ လိုသည်ထက် ပိုပြောနေသည်ကို ကြားပြီး ချက်ချင်း သူ့ကိုတိုက်တွန်းလိုက်သည်။
" ဟိုတလောက လူကြီးမင်း ချန်းသောင်းက ဒေဝါလီခံဖို့ လျှောက်ထားခဲ့ပြီးတော့ သူ့ရဲ့ ကိုယ်ပိုင်ပိုင်ဆိုင်မှုတွေကို အစိုးရက သိမ်းဆည်းခဲ့ပါတယ်။ ခုံရုံးဝန်ထမ်းတစ်ယောက်အနေနဲ့ သူ့ရဲ့ပိုင်ဆိုင်မှုတွေကို စစ်ဆေးဖို့ ကျွန်တော် တာဝန်ယူခဲ့ရတာပါ။ လူကြီးမင်း ချန်းသောင်းက ပစ္စည်းစုဆောင်းသူပါ။ သူ့အိမ်မှာ ရှေးဟောင်းပန်းချီကားတွေရော ရှေးပစ္စည်းတွေ အများကြီးရှိတာကြောင့် ကျွန်တော် ....... "
" အဲ့တာနဲ့ ခိုးလာတာလား "
ယဲ့ဖန်သည် အကြောင်းအရာများ နားလည်လိုက်ပြီးဖြစ်ရာ ကျန်သည်ကို သူက ဆက်ရှင်းပြခဲ့သည်။
" ဒီခွက်ကို ဂျပန်ယန်း တစ်သိန်းလောက်ပဲ တန်တယ်လို့ ထင်ခဲ့တာ။ အဲ့တာက ဒီလောက်ထိ အရမ်းတန်ဖိုးကြီးမယ်ဆိုတာ သိခဲ့ရင် အဲ့တာကို ခိုးရဲမှာ မဟုတ်ပါဘူး "
မာစုယုမား ရှိုဂျီ ဝမ်းနည်းသည့်မျက်နှာနှင့် ပြောလိုက်သည်။
ထိုစကားကို ယဲ့ဖန် ကြားပြီးနောက် စိတ်ဝင်စားသွားသည်။
" ဒီ လူကြီးမင်းချန်းသောင်းဆိုတဲ့သူရဲ့ နာမည်အပြည့်အစုံက ဘာလဲ "
" ချန်းသောင်းဆန်ပါ "
ရှိုဂျီ မာစုယုမား ချက်ချင်း ပြန်ဖြေလေသည်။
ယဲ့ဖန်သည် ချက်ချင်းပင် သူ့ဖုန်းကို ထုတ်လိုက်ပြီး လင်းကျွင်းကျွင်းစီသို့ စာတစ်စောင် ပို့လိုက်သည်။
[ ဒီတစ်ခါ ပစ္စည်းတွေ လေလံယူမယ့် အိမ်ပိုင်ရှင်ရဲ့ နာမည်က ဘာလဲ ]
လင်းကျွင်းကျွင်း၏ စာပြန်နှုန်းမှာ အလွန်မြန်လေသည်
[ ချန်းသောင်းဆန်တဲ့။ ဘာဖြစ်လို့လဲ ]
ယဲ့ဖန်၏ နှုတ်ခမ်း တွန့်ကွေးသွားသည်။
တိုက်ဆိုင်လိုက်တာ။
သူသည် လင်းကျွင်းကျွင်းကို ချက်ချင်း ပြန်မဖြေချေ။
ထိုအစား သူသည် မာစုယုမား ရှိုဂျီကို ပြန်ကြည့်လိုက်သည်။
" လူကြီးမင်း ချန်းသောင်းရဲ့ ပိုင်ဆိုင်မှုတွေကို မကြာခင် လေလံပစ်တော့မယ်လို့ ကြားထားတယ်။ ဒီခွက်ကို မတွေ့လို့ ခိုးထားတာ သိသွားမှာကို မကြောက်ဘူးလား "
မာစုယုမား ရှိုဂျီသည် ယဲ့ဖန်၏အမူအရာကို တစ်ချက် ခိုးကြည့်ကာ တိုးတိတ်စွာ ပြောသည်။
" တကယ်တော့ ဒီလေလံပွဲနဲ့ ပတ်သက်ပြီး ညှီနံ့ထွက်တဲ့ အရာတစ်ခု ရှိတယ်။ အဲ့တာကြောင့် ကျွန်တော် ဒါကို လုပ်ရဲတာပါ။ တစ်ခုခု ပျောက်နေမှန်း သူတို့ သိရင်တောင် ဘာမှ မပြောရဲဘူး "
ယဲ့ဖန် မျက်ခုံးပင့်လိုက်သည်။
" ဘာညှီနံ့လဲ။ ဘာလှည့်ကွက်တွေ ရှိလို့လဲ "
မာစုယုမား ရှိုဂျီသည် ယိထိန်းနှင့် အခြားသူများကို ကြည့်ပြီး တုံ့ဆိုင်းသွားသည်။
ယဲ့ဖန် ချက်ချင်း သဘောပေါက်သွားသည်။
သူသည် ယိထိန်းကို လက်ပြလိုက်သည်။
" ကောင်းပြီ၊ မင်း ဒီမှာ ဘာမှလုပ်စရာ မရှိတော့ဘူး။ မင်းရဲ့လူတွေနဲ့ အရင်ထွက်သွားလို့ ရပြီ"
ယိထိန်းသည် မာစုယုမား ရှိုဂျီကို သတိထားကြည့်နေသည်။
" ယဲ့လူကြီးမင်း၊ ကျွန်တော်တို့ထွက်သွားရင် ဒီကောင်က တစ်ခုခုလုပ်မှာ စိုးရိမ်ရပါတယ် ..... "
ယဲ့ဖန် ပေါ့ပါးစွာ ရယ်လိုက်သည်။
" ဘာလို့လဲ။ ငါ့ကို အထင်သေးနေတာလား။ ခင်ဗျားက တစ်ပွဲလောက် ရန်ဖြစ်ကြည့်ချင်တာလား "
ယိထိန်း သူ့လက်ကို အမြန်ဝှေ့ယမ်းပြီး ရယ်မောလိုက်သည်။
" ယဲ့လူကြီးမင်းမှ ဒီလိုပြောမှတော့ အရင်ထွက်သွားလိုက်ပါ့မယ် "
ထိုသို့ပြောပြီးနောက် သူသည် သူ၏လက်အောက်ငယ်သားများနှင့်အတူ ထွက်မသွားမီ ယဲ့ဖန်အား လက်သီးဆုပ်အရိုအသေပေးလိုက်သည်။
ယဲ့ဖန်သည် သူတို့ထွက်သွားသည်ကို ကြည့်ပြီးနောက် မာစုယုမား ရှိုဂျီကို လှည့်ကြည့်ခဲ့သည်။
" အခုပြောပြလို့ ရပြီလား "
မာစုယုမား ရှိုဂျီ သက်ပြင်းတစ်ချက်ချလိုက်သည်။
သူက ဆက်ပြောလေသည်။
" တကယ်တော့ ဒီလေလံပွဲက ဟန်ပြပွဲပါ။ လူကြီးမင်း ချန်းသောင်းရဲ့ တကယ့်တန်ဖိုးကြီး စုဆောင်းပစ္စည်းတွေကို အကောင်ကြီးတစ်ယောက်က ဆုံးဖြတ်ထားပြီးသားပါ "
ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်သည်။
" ဒါက အများလေလံပွဲ မဟုတ်ဘူးလား။ အဲ့တာကို အတွင်းကနေ ဘယ်လိုဆုံးဖြတ်တာလဲ "
မာစုယုမား ရှိုဂျီမှ အမြန်ရှင်းပြသည်။
" တစ်စုံတစ်ယောက်က စည်းမျဉ်းတွေကို လျှို့ဝှက်ပြီး ပြောင်းလဲခဲ့တာပါ။ ဒီလေလံက ကြုံရာရွေးရတဲ့ လေလံပွဲဖြစ်လာပြီးတော့ ပါဝင်သူတစ်ယောက်ချင်းစီက လက်ထောက်တစ်ယောက်တည်းကိုပဲ ခေါ်လာခွင့်ရှိပါတယ်။ ပြီးတော့ ပစ္စည်းတွေအားလုံးကို သီးသန့်မိတ်ဆက်ထားတာ မရှိပါဘူး။ လူတိုင်းက ကိုယ်ပိုင်ဆုံးဖြတ်မှုအပေါ် မူတည်ပြီး ရွေးချယ်ရမှာပါ။ ပြီးတော့ အဲ့ဒီတန်ဖိုးကြီးပစ္စည်းတွေကို လူသိပ်မသိသာတဲ့ထောင့်တွေမှာ တမင်တကာ ထားမှာဆိုတော့ ဂရုတစိုက်မကြည့်ရင် ရှာဖို့ မလွယ်လောက်ပါဘူး ...... "
ယဲ့ဖန်၏ အမူအရာသည် ပျက်သွားခဲ့သည်။
ဒါက လိမ်စားနေတာပဲ မဟုတ်ဘူးလား။
မာစုယုမား ရှိုဂျီသည် ယဲ့ဖန်၏ အမူအရာကို မြင်ပြီးနောက် ဆက်၍ရှင်းပြသည်။
" ဒီစည်းမျဉ်းကို မကြေညာရသေးပါဘူး။ လေလံမစမီ တစ်ရက်အလိုမှသာ ထုတ်ပြန်မှာပါ "
" တကယ်တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကို အကောင်ကြီးက လေလံဆွဲပြီးရင် သူတို့က သေချာပေါက် လျှို့ဝှက်ပြီး ဖြေရှင်းကြမှာပါ။ အဲ့အကြောင်းကို အတိအကျ သိထားတာကြောင့် ခိုးဖို့ သတ္တိရှိလိုက်တာပါ ...... "
ထိုမှသာ ယဲ့ဖန်သည် ဤလေလံပွဲ၏ အကြောင်းရင်းကို နားလည်ခဲ့သည်။
တကယ့်ကို အပုတ်အပွပဲ။
အတွင်းဇာတ်လမ်းကို ကြိုမသိခဲ့ဘဲ လင်းကျွင်းကျွင်းအား တစ်ယောက်တည်း ထိုပွဲကို တက်ရောက်ခွင့်ပြုလိုက်ပါက သူမသည် အချိန်သာကုန်ပြီး အဖိုးတန် ရှေးဟောင်းပစ္စည်းများကို မရနိုင်ပေ။
သို့သော် အခုအခါ ယဲ့ဖန်သည် သိပြီးသားဖြစ်၍ ထိန်းချုပ်ရန်မှာ သူတို့အပေါ်တွင် မမူတည်တော့ပေ။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၂၇ )
၁၀နှစ် ကျင့်ကြံအား
မာစုယုမား ရှိုဂျီသည် ပြောပြီးသည်နှင့် သူသည် ယဲ့ဖန်၏ အမူအရာကို ဂရုတစိုက် ကြည့်လာသည်။
" ထွက်သွား "
ယဲ့ဖန်သည် ထိုလူအတွက် အခက်အခဲဖြစ်အောင် လုပ်ရန် စိတ်မဝင်စားပေ။
သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
မာစုယုမား ရှိုဂျီသည် မျက်လုံးထဲမှ နောင်တအပြည့်ဖြင့် နဂါးကိုးခွက်ကို တစ်ချက်ကြည့်လိုက်သည်။
သူ့အရှေ့မှ ဤယဲ့လူကြီးမင်းဆိုသူသည် ကံနဂါးအဖွဲ့အစည်းမှ လူများပင် ကြောက်ရသည်အထိ အင်အားကြီးမှန်း သိပါက သူ့အား ယန်းသန်း၁၀၀ ကမ်းလှမ်းသည်ကို မဆိုင်းမတွ သဘောတူလိုက်မည် ဖြစ်သည်။
သို့သော် သူ၏ ဆုံးဖြတ်ချက်အမှားကြောင့် သူသည် တစ်ပြားတစ်ချပ်မှ မရသည့်အပြင် ကံနဂါးအဖွဲ့အစည်းမှ လူများ၏ အရိုက်ခံရခြင်းကို ခံရနီးပါး ဖြစ်ခဲ့သည်။
မကျေမနပ်ဖြစ်သော်လည်း တခြားဘာမှ မပြောရဲပေ။
မဟုတ်ပါက သူသည် ဤထက် ပိုကြီးလေးသည့် တန်ကြေးကို ပေးရပေလိမ့်မည်။
ယဲ့ဖန် သူသွားရာကို ကြည့်လိုက်သည်။
သူသည် အလွန်သနားစရာကောင်းသည့်ပုံပေါက်သော်လည်း ယဲ့ဖန်အတွက် ထိုလူသည် သနားစရာဟု မခံစားရပေ။
ထိုတစ်ဖက်လူကို သူ အခွင့်အရေးပေးခဲ့သည်။
သို့သော် ထိုလူသည် ဘယ်လို တန်ဖိုးထားရမည်မှန်း မသိချေ။
ထို့ကြောင့် သူ့ကို အပြစ်တင်လို့ မရပေ။
သူသည် လှည့်ပြီး ကားဆီသို့ ပြန်လာသောအခါ ဖန်းကျန်းဝူသည် သူ့ကို စူးစမ်းပြီး ကြည့်နေသည်ကို သိလိုက်ရသည်။
" ဘာလို့ ကိုယ့်ကို ဒီလိုကြည့်နေတာလဲ "
ယဲ့ဖန် ကားကို စဖွင့်ရင်း ပြုံးလျက် မေးသည်။
" သခင်ကြီးက တကယ်ကို အံ့သြစရာကောင်းတာပဲ "
ဖန်းကျန်းဝူ၏ လှပသော မျက်လုံးလေးများသည် ကြယ်များကဲ့သို့ တောက်ပနေသည်။
" အိုး ဟုတ်လား။ ဘယ်အပိုင်းကို ရည်ညွှန်းတာလဲ "
ယဲ့ဖန်သည် သူ့မျက်နှာတွင် နတ်ဆိုးဆန်သော အပြုံးတစ်ခု ရှိနေသည်။
" ဟွန်း၊ ဆိုးလိုက်တာ "
ဖန်းကျန်းဝူသည် ယဲ့ဖန်၏ စကားနောက်ကွယ်၌ ဖုံးကွယ်ထားသော အဓိပ္ပါယ်ရှိကြောင်းကို သိလိုက်ရပြီး သူမ၏ လှပသော မျက်နှာလေးသည် ချက်ချင်းပင် နီရဲလာသည်။
ယဲ့ဖန်သည် သူမကိုကြည့်လျက် သွေးများ ပွက်ပွက်ဆူလာသည်။
သူမ၏ လက်သေးသေးလေးကို ဆုပ်ကိုင်လိုက်သည်။
" ကျန်းဝူ ဒီည မပြန်နဲ့တော့ "
ဖန်းကျန်းဝူသည် သူလုပ်ချင်သည်ကို သိသော်လည်း သူမ စိတ်ထဲ၌ ထစ်နေသည်။
" ကျန်းဝူက သခင်ကြီးနဲ့ တကယ် နေချင်ပေမယ့် အဖေသိရင် ဒေါသထွက်မှာ သေချာတယ်။ သူစိတ်ဆိုးရင် သခင်ကြီးကို ဒုက္ခပေးလိမ့်မယ် "
ယဲ့ဖန်သည် ကူကယ်ရာမဲ့စွာ သက်ပြင်းချပြီး သူ့လက်ကို ဖြည်းညှင်းစွာ လွှတ်လိုက်သည်။
ယဲ့ဖန်သည် သူမအဖေ၏ ခြိမ်းခြောက်မှုကို စိတ်မ၀င်စားချေ။
သို့သော် သူမ အလယ်၌ ပိတ်၍ ပင်ပန်းနေမည်ကို မမြင်ချင်ပေ။
" မင်းကို ပြန်ပို့ပေးမယ် "
" ရပါတယ်။ ကျန်းဝူ တက္ကစီ စီးပြီးပြန်လိုက်မယ်။ အဖေမြင်ရင် ဘယ်လိုလုပ်မလဲ ..... "
" မင်းအဖေက ဘာလို့ ထပ်ပါပြန်တာလဲ။ ကိုယ်တို့အကြောင်း သူ့ကို သွားပြောစေချင်လား "
" မဟုတ်ဘူး။ ကျန်းဝူအဖေက အခု ဒေါသ ထွက်နေတာ။ သခင်ကြီး သူနဲ့တွေ့ရင် သိပ်အဆင်မပြေဖြစ်မှာ သေချာတယ် "
" ဒါဆို မေ့လိုက်တော့ "
ယဲ့ဖန်သည် ဆက်၍ မတိုက်တွန်းတော့ပေ။
နောင်မှ ဤကိစ္စကို ဖြည်းညှင်းစွာ ဖြေရှင်းနိုင်လေသည်။
" သခင်ကြီး တောင်းပန်ပါတယ် "
ဖန်းကျန်းဝူသည် ယဲ့ဖန်ကို အချိန်တစ်ခုကြာ စိုက်ကြည့်နေပြီးနောက် ရုတ်တရက် ငုံ့၍ ပါးပြင်ပေါ်သို့ နမ်းလိုက်သည်။
ထို့နောက် တံခါးကို တွန်းဖွင့်ကာ ကားပေါ်မှ ထွက်လာခဲ့သည်။
ယဲ့ဖန်သည် ညအမှောင်ထဲတွင် ပျောက်ကွယ်သွားသော သူမ၏ပုံရိပ်ကို ကြည့်ကာ အနည်းငယ် နှမြောလွမ်းဆွတ်သလို ခံစားလိုက်ရသည်။
ဒါက ဘာကြီးလဲ။
အပြန်အလှန် သဘောတူလိုချင်တယ်ဆိုတာ သိသာနေတာပဲကို။
ဘာလို့ ခိုးစားနေသလို ဖြစ်နေရတာလဲ။
သူ စိတ်ဓာတ်ကျနေချိန်မှာပင် လင်းကျွင်းကျွင်းမှ ရုတ်တရက် ဖုန်းဆက်လာသည်။
" ယဲ့ဖန်၊ အစောက လေလံပွဲအကြောင်း မေးတာ ဘာပြဿနာရှိလို့လဲ "
လင်းကျွင်းကျွင်းသည် အဓိက အကြောင်းအရာကိုသာ တည့်မေးသည်။
" ဘာမှမဟုတ်ပါဘူး ။ လေလံပွဲသွားရင် မင်းနဲ့ ကိုယ်အတူ လိုက်ခဲ့မယ်လို့ ပြောမလို့ "
ယဲ့ဖန်သည် စဉ်းစားလိုက်သော်လည်း အဆုံး၌ လေလံပွဲအကြောင်း အသေးစိတ်အား သူမကို မပြောခဲ့တော့ချေ။
" ဘာလို့ ကျွန်မနဲ့ လိုက်မှာလဲ။ စိတ်ပူလို့လား "
လင်းကျွင်းကျွင်း၏ ရုတ်တရက် အမေးကို ကြားလိုက်ရသောအခါ ယဲ့ဖန် အနည်းငယ် အံ့သြသွားသည်။
" ဟုတ်တယ်၊ ကိုယ်စိုးရိမ်တယ်။ လေလံပွဲမှာ ချမ်းသာတဲ့သူတွေ အများကြီးရှိတယ်လေ။ သူတို့က မင်းကို သွေးဆောင်ဖြားယောင်းသွားရင် ကိုယ် ငိုစရာနေရာတောင် ရှိမှာမဟုတ်ဘူး "
ယဲ့ဖန် နောက်ပြောင်လိုက်သည်။
" ရှင်၊ ကျွန်မကို ဘာလို့ သိုက်တူးသမားလို ပြောနေတာလဲ။ ပိုက်ဆံရှိတဲ့သူတိုင်းနောက်ကို ကျွန်မက လိုက်မယ်ထင်နေလား "
လင်းကျွင်းကျွင်းသည် သူ့စကားကို လွန်စွာမကျေမနပ်ဖြစ်ပြီး ချက်ချင်းပင် ကန့်ကွက်လိုက်သည်။
" တောင်းပန်ပါတယ်၊ ကိုယ် ပြောတာမှားသွားတာ။ မန်နေဂျာလင်းက ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့ အပူအပင်ကင်း မိန်းမကောင်းလေးပါ။ ထက်မြက်ပြီး အရမ်းလည်း တော်တာမလို့ မကောင်းတဲ့မိန်းမပျက်တွေနဲ့ နှိုင်းလို့ မရပါဘူး "
ယဲ့ဖန် ချက်ချင်း တောင်းပန်လိုက်သည်။
" အဲ့လိုမှပေါ့ "
လင်းကျွင်းကျွင်းသည် အလွန်ကျေနပ်ပြီး အကြောင်းအရာ ပြောင်းပြောလိုက်သည်။
" ဒါပေမဲ့လည်း တကယ်တော့ ရှင်လိုက်လာတာ အကောင်းဆုံးပါ။ ကျွန်မက ဒီလိုကိစ္စတွေမှာ အတွေ့အကြုံမရှိတော့ ရှင့်ကို တကယ်ပဲ လိုအပ်တယ်။ ရှင် အချိန်မရှိမှာ စိုးရိမ်လို့သာ ....... "
" ဟမ်၊ ဘာပြောလိုက်တာလဲ "
" ရှင် အချိန်မရှိမှာ စိုးရိမ်လို့ မပြောတာပါလို့ ....... "
" မဟုတ်ဘူး၊ အရှေ့က စာသား "
" အရှေ့ကလား။ ကျွန်မက အတွေ့အကြုံမရှိလို့ ရှင့်ကို တကယ်ပဲ လိုအပ်တယ်ဆိုတဲ့ဟာလား "
" အို၊ မင်းက ကိုယ့်ကို လိုအပ်တာလား။ ဘယ်လောက် လိုအပ်တာလဲ "
ယဲ့ဖန် ညစ်ပြုံး ပြုံးလေသည်။
" ယဲ့ဖန်၊ ရှင် ..... ရှင်က တကယ့်ကို မကောင်းတဲ့သူပဲ။ ကျွန်မ အဲ့လိုပြောတာမှ မဟုတ်တာ။ ပြောချင်တာက ရှင့်အကူအညီ လိုတယ်လို့ ..... ဘာလို့ ဒီလောက် ဆိုးနေရတာလဲ "
လင်းကျွင်းကျွင်း ချက်ချင်း နှုတ်ခမ်းဆူလိုက်သည်။
သူတို့ ဖုန်းပြောနေခြင်းသာ ဖြစ်သော်လည်း သူမ၏ မျက်နှာမှာ နီရဲနေလောက်သည်။
ယဲ့ဖန် ရယ်ချင်သည်ကို ထိန်းပြီး ဆက်၍ မေးလိုက်သည်။
" ကိုယ်နားလည်ပြီ။ မင်းက အဲ့ဒီနယ်ပယ်မှာ မကျွမ်းကျင်တော့ အတွေ့အကြုံရှိတဲ့ တစ်ယောက်ယောက်က ကူပေးစေချင်တာလို့ ပြောတာမဟုတ်လား "
ယဲ့ဖန်သည် အကြောင်းအရာကို တမင်လွှဲကာ အသားပေးပြောနေရ ကြားရသည်မှာ တစ်မျိုးဖြစ်နေသည်။
လင်းကျွင်းကျွင်း ရှက်လွန်းနေပြီး ဘာမှဆက်မလုပ်နိုင်တော့ပေ။
" ရှင် ..... ရှင်နဲ့ ဆက်ပြီး စကားမပြောတော့ဘူး။ ရှင်က တကယ်ဆိုးတဲ့သူပဲ "
" မင်း ကိုယ့်ရဲ့ အကူအညီလိုရင် အချိန်မရွေး အသိပေးလို့ရတယ် "
ယဲ့ဖန်သည် သူမ ဖုန်းမချမီ ဖြည့်ပြောလိုက်သည်။
သူသည် လင်းကျွင်းကျွင်း ဖြစ်နေမည့် ရှက်နေပုံကို တွေးကာ ဖန်းကျန်းဝူကြောင့် စိတ်ဓာတ်ကျနေသည်က အနည်းငယ် ပြန်တိုးတက်လာသည်။
ဖုန်းကို ချလိုက်ပြီးနောက် စနစ်ဆုရ အကြောင်းကြားစာသည် နားထဲ၌ ရုတ်တရက် ပေါ်လာသည်။
[ ဂုဏ်ယူပါတယ်။ လက်ခံသူမှ ရတနာရှာစနစ် ပြီးမြောက်သွားသည့်အတွက် စနစ်မှ '၁၀နှစ်တာ ကျင့်ကြံအား'ကို ဆုအဖြစ် ပေးအပ်ပါသည် ]
ဤတစ်ကြိမ်၏ ဆုကြေးသည် စကားလုံးစုလေးတစ်ခုသာ ဖြစ်သော်လည်း သူ့ကို ကြောင်အသွားစေသည်။
နောက်ထပ် ၁၀နှစ်စာ ကျင့်ကြံအားလား။
ဤကျင့်ကြံအားဆိုသည့်ဆုသည် သူ့ကို ထိုရုပ်ဝတ္ထုဆုများထက် ပို၍ စိတ်လှုပ်ရှားစေသည်။
မည်သို့ပင်ဖြစ်စေ ရုပ်ဝတ္ထုဆုများမှာ တန်ကြေးဖြတ်လို့ရနိုင်ပြီး ကျင့်ကြံအားမှာ အဖိုးမဖြတ်နိုင်သလို ငွေပေး၍လည်း ဝယ်မရချေ။
၁၀နှစ်တာ အချိန်တစ်ခုကို ရလိုက်သလိုဖြစ်သည်။
ဤဆုမှာ တကယ်ပင် ရက်ရောလွန်းလှသည်။
သူ စိတ်လှုပ်ရှားနေစဉ်မှာပင် အားကြီးသည့် တွန်းပို့မှုတစ်ခု ခန္ဓာကိုယ်အတွင်းထဲမှ လှိုက်ဖို၍ တက်လာသည်။
ထိုသည်မှာ နွေရာသီ၌ စမ်းချောင်းတစ်ခု ခန္ဓာကိုယ်တစ်ခုလုံးကို တမဟုတ်ချင်း လှည့်ပတ်စီးဆင်းသွားသည့် ခံစားချက်မျိုးဖြစ်သည်။
ထိုယားယံသည့် ခံစားချက်သည် သူ၏ အသွေးအသားများသာမက အရိုးများပါမကျန် ခြင်ဆီများအထိ ထပ်တလဲလဲ ဖြတ်သန်းနေသည်။
ဆယ်မိနစ်ကျော်မျှ ကြာပြီးနောက် ရေလှိုင်းတစ်ခုလုံး စီးဆင်းသွားသလို ခံစားရသည်။
ယဲ့ဖန် သူ့ခန္ဓာကိုယ်၌ ဖြစ်နေသည့် ပြောင်းလဲမှုများကို ခံစားနိုင်သည်။
အမြင်၊ အကြား၊ အာရုံခံစားချက်နှင့် ခွန်အားများမှာ ယခင်ကထက် ပို၍ တိုးပွားလာနေသည်။
ခန္ဓာကိုယ်မှ သန့်စင်ခြင်း ပြုလုပ်ပြီးသွား၍ အထဲမှ အညစ်အကြေးများ စိမ့်၍ ထွက်လာသည်။
ထိုအတွင်းမှ မသန့်စင်သော အညစ်အကြေးပုတ်များသည် ချဉ်စုတ်စုတ်အနံ့ထွက်နေသည်။
ထိုသည်က အတော်လေး မသက်မသာဖြစ်စေသည်။
ရေချိုးခန်းထဲသို့ ခုန်ကူးကာ ရေနွေးလေးထဲ ရေစိမ်လိုက်ချင်သည့်စိတ်ဖြင့် ကားကို ချက်ချင်း စက်နှိုးလိုက်သည်။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၂၈ )
အမှန်တိုင်းပြောရင် ပိုကောင်းမယ်
" မနေ့ညက ဘယ်အချိန် ပြန်လာတာလဲ "
သူမ အိပ်ငိုက်နေသော မျက်လုံးများကို ပွတ်သပ်လိုက်သည်။
သူမ၏ ဆံပင်များမှာ ကြက်သိုက်လို ရှုပ်ပွနေသည်။
" ပြန်လာတုန်းက ဆယ့်နှစ်နာရီလောက် ရှိပြီ။ မင်းအိပ်ပျော်နေပြီတာ မြင်တော့ ကိုယ် မနှိုးလိုက်တော့တာ "
ယဲ့ဖန်သည် သူ၏ လျှော်ဖွပ်ထားသော အဝတ်များကို လှမ်းလိုက်ပြီး ရေစိုနေသောလက်ကို သူ့ခန္ဓာကိုယ်ပေါ်ရှိ အဝတ်ဖြင့် သုတ်လိုက်သည်။
" မဆိုးပါဘူး။ ဒီနေ့ ရှင် ဘာလို့ ဒီလောက်တောင် အားစိုက်ထုတ်နေတာလဲ။ မသိရင် ရှင် တခြားလူတစ်ယောက်လိုပဲ "
ချန်းဖေးအယ် စနောက်လိုက်သည်။
ယဲ့ဖန်သည် သူ၏အဝတ်များကို သူမအား လျှော်ခိုင်းလေ့ရှိပြီး ဤသည်မှာ သူမလို အတွင်းရေးမှူးတစ်ယောက် လုပ်သင့်သည့်ကိစ္စဟုပင် ပြောခဲ့သေးသည်။
" မတတ်နိုင်ဘူး။ မင်းလို အပျင်းကြီးတဲ့ အတွင်းရေးမှုးတစ်ယောက် ရှိနေတော့လဲ။ ကိုယ်တိုင်ပဲ လုပ်ရတော့တာပေါ့ "
ယဲ့ဖန် ပြန်လည် နောက်ပြောင်လိုက်သည်။
အမှန်တကယ် အဓိက အကြောင်းအရင်းမှာ အဝတ်အစားများသည် အနည်းငယ် အနံ့အသက်ဆိုးနေသောကြောင့် ဖြစ်သည်။
ထို့ကြောင့် သူမကို ပေးရန်မှာ အဆင်မပြေလှပေ။
ချန်းဖေးအယ်သည် သူ့အား ဆက်၍ စနောက်ရန် ကြည့်လိုက်မိသည်။
" ဟမ်၊ ရှင် တကယ် တခြားလူတစ်ယောက် ပြောင်းသွားသလိုပဲ "
ယဲ့ဖန် သူမကို စိုက်ကြည့်သည်။
" မင်း အိပ်ရာက မနိုးသေးဘူးလား။ မင်း ဘာလို့ ခဏလောက် ပြန်မအိပ်တာလဲ "
သို့သော် ချန်းဖေးအယ်သည် သူ့ကို လေးနက်စွာ စိုက်ကြည့်နေသည်။
" တကယ်ပြောနေတာ။ ရှင့်ကို မတွေ့ရတာ တစ်ရက်ပဲကြာသေးတာကို ရှင့်ရဲ့အငွေ့အသက်က ဘာလို့ လုံးဝ ပြောင်းလဲသွားတယ်လို့ ခံစားနေရတာပါလိမ့် "
ယဲ့ဖန် သူမနှင့် မျက်နှာချင်းဆိုင် လှည့်လိုက်သည်။
" တကယ်လား။ ဘယ်လို ကွာခြားနေလို့လဲ "
ချန်းဖေးအယ် ခေါင်းခါလိုက်သည်။
" မပြောတတ်ဘူး။ ဒါပေမဲ့ အရင်ကနဲ့ ခံစားရတာ မတူတော့ဘူး။ ကြည့်ရတာ ..... အရမ်းကို အရှိန်အဝါကြီးပြီး ဘယ်သူမှ ချိုးဖျက်လို့ မရတဲ့ပုံစံပဲ "
သူမသည် ယောက်ျားတစ်ယောက်အား ဖော်ပြရမည့် စကားလုံးကို ရှာမတွေ့သော်လည်း အတော်နိုင်ဆုံး ထင်မြင်ချက်ကို ပြောပြလိုက်သည်။
ယဲ့ဖန်သည် နဂိုကတည်းက ထိုပုံစံမျိုးရှိသော်လည်း ယခုလောက် မပီပြင်ခဲ့ပေ။
ယဲ့ဖန် ခေါင်းကိုခါလျက် ပြုံးလိုက်သည်။
" တကယ်တော့ အဲ့တာ ဘာမှမဟုတ်ပါဘူး။ ကိုယ် မနေ့က မတော်တဆ စွမ်းအားတချို့ ရလာလို့ "
ချန်းဖေးအယ် ချက်ချင်းပင် ကြောင်အသွားရသည်။
" မတော်တဆလား။ နည်းနည်းလား "
ကိုယ်ခံပညာမျိုးသည့် တစ်ဆင့်ပြီးတစ်ဆင့် ကျင့်ရသည့်ပညာရပ် ဖြစ်သည်။
တစ်စုံတစ်ဦး၏ ခွန်အားကို မြှင့်တင်လိုပါက နေ့စဉ်ညဆက် ပုံမှန်တိုးတက်အောင့် ကျင့်စဉ်များဖြင့် လေ့ကျင့်ရမည်ဖြစ်သည်။
ယဲ့ဖန်ကဲ့သို့ တစ်ညတည်းဖြင့်ပင် သိသာစွာ ပြောင်းလဲစေရန် ခွန်အားသည် အလွန်များသည့်ပမာဏဖြင့် တိုးလာရပေမည်။
ဒါပေမဲ့ အဲ့တာကို ဘယ်လိုလုပ် မတော်တဆ ရနိုင်မှာလဲ။
" ခွန်အားတွေကို မြှင့်တင်လိုက်တာလား။ လျှို့ဝှက်ချက်ရှိလား။ သင်ပေး "
ချန်းဖေးအယ်သည် ချက်ချင်းပင် မျက်မှောင်ကြုတ်နေသည့် အမူအရာကို ဖယ်လိုက်ကာ သူ့အနောက်ကို အမြီးပေါက်နေသည့် ကြောင်လေးသဖွယ် လိုက်ကပ်တော့သည်။
ယဲ့ဖန် ဧည့်ခန်းထဲရှိ ဆိုဖာပေါ်၌ ထိုင်ချလိုက်ပြီး သူ့ပုခုံးကို ပွတ်လိုက်သည်။
" အိုက်ယား၊ တစ်မနက်ခင်းလုံး အဝတ်တွေ လျှော်ထားရတော့ နည်းနည်း နေရထိုင်ရ ခက်လိုက်တာ "
ချန်းဖေးအယ်၏ ပါးလေးများမှာ နှစ်ချက်လောက် တွန့်သွားရသည်။
ဒီအကြောင်းပြချက်ကြီးက မလွန်လွန်းဘူးလား။
သူ့ရဲ့ လက်ရှိခွန်အားနဲ့သာဆို တစ်ထည်နှစ်ထည် မပြောနဲ့ အထည်၁၀၀လောက် လျှော်ရင်တောင် ပင်ပန်းမှာ မဟုတ်ဘူးကို။
သူသည် သူမကို သိသာစွာ ချောင်ပိတ်နေတာဖြစ်သည်။
သို့သော် ချန်းဖေးအယ်သည်လည်း ယဲ့ဖန်စီမှ တောင်းဆိုချင်တာရှိသူဖြစ်နေ၍ သူ့အလိုကိုလ်ုက်ကာ အနောက်ကိုသွားပြီး နှိပ်နယ်ပေးရတော့သည်။
" ယဲ့လူကြီးမင်း၊ အဆင်ပြေရဲ့လား "
ယဲ့ဖန် သဘောကျလျက် မျက်စိမှိတ်လိုက်သည်။
" အင်း၊ အားပိုသုံးပါဦး ..... ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်။ အဲ့နားလေး ..... အောက်ကို နည်းနည်းဆင်းနှိပ် ..... အင်း ..... "
ချန်းဖေးအယ် စိတ်ရှည်စွာဖြင့် ယဲ့ဖန် အလိုရှိရာ ပြုစုပေးနေသည်။
" အခု ပြောပြလို့ရပြီလား "
သူ့ကို ၁၀မိနစ်ကြာ နှိပ်ပေးပြီးနောက် သူမ ပင်ပန်းလွန်း၍ ချွေးများပင် ထွက်လာသည်။
ထို့ကြောင့် သူမ ဆက်၍ မေးသည်။
ယဲ့ဖန် သူ့ဗိုက်ကို ပွတ်လိုက်သည်။
" အိုက်ယား၊ မနေ့ညက ဘာမှမစားရသေးတော့။ အခု တကယ်ကို ဗိုက်ဆာနေပြီ "
ချန်းဖေးအယ် အမြန်ခေါင်းညိတ်လိုက်သည်။
" အခုချက်ချင်း စားသောက်ဆိုင်ကို ခေါ်လိုက်မယ်။ ပြီးတော့ ချက်ချင်း ပို့ခိုင်းမယ် "
ယဲ့ဖန် ခေါင်းခါလိုက်သည်။
" စားသောက်ဆိုင်က အစားအစာတွေက မကောင်းဘူး။ မင်းချက်တာ စားချင်တာ "
" ရှင် ....... "
ယဲ့ဖန်သည် သူမအား တမင်တကာ ခက်ခဲအောင်လုပ်နေမှန်း ချန်းဖေးအယ် သိ၍ ချက်ချင်းပင် ဒေါသထွက်လာရသည်။
" ဘာလဲ၊ ချက်မပေးချင်ဘူးလား "
ယဲ့ဖန် ချက်ချင်း စိုက်ကြည့်လိုက်သည်။
" ကျွန်မ ... ကျွန်မ လုပ်ပေးချင်ပါတယ်။ ခဏစောင့်၊ ချက်ချင်း သွားချက်လိုက်မယ် "
ချန်းဖေးအယ် အံကြိတ်လိုက်သည်။
သူမ၏ ကျင့်ကြံအားကို မြှင့်နိုင်ရန် သူမ သည်းခံရပေမည်။
သူမ ချက်ချင်းထကာ မီးဖိုချောင်ထဲသွားပြီး အလုပ်ရှုပ်လေတော့သည်။
တစ်နာရီလောက်ကြာပြီးနောက် ပြင်ဆင်ထားသည့် အစားအစာနှင့်အတူ ပြန်ထွက်လာသည်။
ယဲ့ဖန် ပဲတစ်ခုကို ကောက်ကာ ပါးစပ်ထဲထည့်ဝါးလိုက်သည်။
ထို့နောက် ချက်ချင်း စားပွဲပေါ်သို့ ထွေးထုတ်လိုက်ကာ သူမကို မပျော်မရွှင်ဖြင့် ကြည့်လိုက်သည်။
" မင်းရဲ့ ပဲတွေက မကျက်သေးဘူး။ ဝက်စာကျွေးနေတာလား "
ချန်းဖေးအယ်သည် ခရမ်းချဉ်သီးထမင်းကြော်ပန်းကန်သို့ အရှေ့သို့ တွန်းပို့ပေးလိုက်သည်။
" ဒီဟာ စားကြည့် "
ယဲ့ဖန် နောက်တစ်လုတ်ထားပြီးနောက် ထွေးထုတ်လိုက်ပြန်သည်။
" ဆားသမားကို သေအောင်ရိုက်သတ်ထားတာလား။ ဆားတွေ ဘယ်လောက်တောင် ထည့်ထားတာလဲ "
ချန်းဖေးအယ် သူ့ကို သနားစရာကောင်းစွာ ကြည့်လာသည်။
" ကျွန်မ လူတွေကို ဘယ်လိုသတ်ရမလဲပဲ သိတာ။ ဟင်းတော့ မချက်တတ်ဘူး "
ယဲ့ဖန်သည် စိတ်ရှုပ်စွာဖြင့် တူများကို ချလိုက်သည်။
" မိန်းမတစ်ယောက်က ဟင်းချက်နည်းကို သင်မယ့်အစား တစ်နေ့လုံး ရန်ဖြစ်သတ်ဖြတ်ရမယ့်နည်းကို သင်ယူနေတာ မှန်ရဲ့လား "
ချန်းဖေးအယ် သဘောမတူချင်သော်လည်း သူမ မငြင်းဆန်နိုင်ချေ။
ထို့ကြောင့် သူမ အံကြိတ်ကာ ဘာမှ မပြောတော့ပေ။
ယဲ့ဖန် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
" မေ့လိုက်တော့၊ စားသောက်ဆိုင်က အော်ဒါမှာလိုက် "
ချန်းဖေးအယ်သည်လည်း ရွေးချယ်စရာမရှိတော့ဘဲ မုန့်မှာလိုက်သည်။
နှစ်ယောက်သား စားပြီးသည့်နောက် ချန်းဖေးအယ် နောက်တစ်ခါ ယဲ့ဖန်စီ ပြန်ကပ်သွားသည်။
" အခု ဘယ်လို လေ့ကျင့်ရတယ်ဆိုတာ ပြောလို့ရပြီမလား "
ယဲ့ဖန် သူမကို မော့ကြည့်လိုက်သည်။
" လေ့ကျင့်နည်းကို ပြောပြမယ် လို့ ပြောခဲ့လို့လား "
ချန်းဖေးအယ် အံ့အားသင့်သွားသည်။
သူမ ကျိန်ဆဲချင်သော်လည်း ယဲ့ဖန်မှ အမှန်တကယ် လေ့ကျင့်နည်းအား ပြောပြမည်ဟု တစ်ခါမှ မပြောခဲ့ဖူးပေ။
သူမသည်သာ ထိုလေ့ကျင့်စဉ်ကို ရရန် စိတ်အားထက်သန်နေသူ ဖြစ်သည်။
" ယဲ့ဖန်၊ ငါ တစ်မနက်လုံး အလုပ်ရှုပ်နေတာပဲလေ။ ငါ့ကိုပြောပြပေးပါ "
သူမသည် ချွဲနွဲ့စွာ ပြုမူရန်မှလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။
ယဲ့ဖန်သည် ချက်ချင်းပင် ထိတ်လန့်သွားပြီး လျှင်မြန်စွာ ရှောင်ထွက်သွားသည်။
" မင်း စကားကောင်းကောင်း ပြောစမ်းပါ။ ချွဲနေတာက မင်းနဲ့ မကိုက်ညီဘူး "
ချန်းဖေးအယ်သည် ထိုလှည့်ကွက်မှာ ထိရောက်ကြောင်း မြင်လိုက်ပြီး ပို၍ပင် ချွဲနွဲ့စွာ ပြောလာသည်။
" အစ်ကိုလေးဖန်၊ ရှင့်ကို တောင်းဆိုပါတယ်။ ပြောပြပါ၊ ပြောပြပါ၊ ပြောပြပါလို့ ..... "
ယဲ့ဖန်သည် သူ အစောက စားထားသည့် အစားအစာများမှာ ပြန်တက်လာသည်လို့ပင် ခံစားလိုက်ရသည်။
ချန်းဖေးအယ်ကို တားရန် သူ့လက်ကို အလျင်အမြန် မြှောက်လိုက်သည်။
" ကောင်းပြီ၊ ပုံမှန်အတိုင်း အရင်ပြန်နေလို့ ရမလား။ ပြီးမှ စကားအကောင်း ပြောရအောင် "
ချန်းဖေးအယ် ပါးစပ်ကို အုပ်ပြီး ရယ်မောရင်း နောက်ဆုံး၌ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
" စောစောကတည်းက ဒီလိုလုပ်ခဲ့မယ်ဆိုရင် ပြီးနေပြီ မဟုတ်ဘူးလား "
သူမသည် အစောက သူမလုပ်ခဲ့သည့် အပြုအမူကို တွေးပြီးနောက် ကြက်သီးများပင် ထလာရသည်။
သူမ၏ ခွန်အားကို မြှင့်တင်ရန် သူမ မျက်နှာပျက်မည်ကို ဂရုမစိုက်နိုင်တော့ချေ။
ယဲ့ဖန် ဆိုဖာပေါ် မှီထိုင်လိုက်ပြီး သူ့ဘေးမှနေရာကို ပုတ်ပြကာ သူမကို ထိုင်ခိုင်းလေသည်။
" ကိုယ့်ရဲ့ ကျင့်ကြံအားကို ဘယ်လိုမြှင့်လိုက်မှန်း မင်း တကယ်သိချင်တာလား "
ချန်းဖေးအယ် သူ့ဘေးတွင် ထိုင်လိုက်ပြီး အမြန်ခေါင်းညိတ်လိုက်သည်။
" ဟုတ်တယ်၊ ဟုတ်တယ် "
ယဲ့ဖန် သူမအနားသို့ ဖြည်းညှင်းစွာ ကပ်လိုက်ပြီး သူ့အသံကို တမင်တကာ တိုးပြောလိုက်သည်။
" တကယ်တော့ ကိုယ့်ရဲ့ကျင့်ကြံအားကို အဲ့လိုမြန်မြန် တင်နိုင်တဲ့ အဓိက အကြောင်းအရင်းက ...... "
ယဲ့ဖန်၏ အသံသည် ပို၍ တိုးလာသောကြောင့် ချန်းဖေးအယ် သူ့နားကို ကပ်လာတော့သည်။
" အဓိက အကြောင်းအရင်းက ဘာလဲ "
" နှစ်ကိုယ်ကျင့်ကြံစဉ်ကြောင့်ပဲ "
ယဲ့ဖန် ဖြည်းညှင်းစွာ ပြောလိုက်သည်။
ချန်းဖေးအယ်၏ မျက်နှာလှလှလေးမှာ နီရဲလာတော့သည်။
ယဲ့ဖန် ရယ်ချင်သည်ကို အောင့်ပြီး ချန်းဖေးအယ်ကို ကြည့်လိုက်သည်။
" ဘယ်လိုလဲ။ စမ်းကြည့်ချင်လား "
ချန်းဖေးအယ်၏ မျက်နှာလေးမှာ လှပစွာဖြင့် နားရွက်အထိ နီရဲလာတော့သည်။
သူမ သူ့ကို စိတ်ဆိုးစွာ စိုက်ကြည့်လာသည်။
" ရှင်က မပြောပြချင်တာနဲ့ မဟုတ်တာတွေ လျှောက်ပြောနေတာ "
ယဲ့ဖန် သူမကို တည်ကြည်စွာ ကြည့်သည်။
" အမှန်တိုင်းပြောနေတာ။ နှစ်ကိုယ်တူကျင့်ကြံစဉ်ကြောင့် ကိုယ့်ရဲ့ကျင့်ကြံအားက ဒီလောက်မြန်မြန်တိုးလာတာ။ မဟုတ်ရင် ကိုယ့်နားမှာ ဘယ်လိုလုပ် ဒီလောက် မိန်းကလေးတွေအများကြီးရှိနေမှာလဲ "
ချန်းဖေးအယ် ချက်ချင်းပင် တွေးတောမိသွားသည်။
အချို့ဂိုဏ်းများသည် ထူးခြားသည့် ကျင့်ကြံစဉ်များဖြင့် ခွန်အားမြှင့်တင်ပုံကို သူမ အမှန်တကယ်ပင် ကြားဖူးလေသည်။
အဲ့တာကြောင့်များ သူ့ရဲ့ ခွန်အားတွေက ဒီလောက်မြန်မြန် တိုးလာတာလား။
မဟုတ်ပါက ဤသို့ ကြီးမြင့်လာသည့် ကျင့်ကြံအားကို ငယ်ရွယ်သည့်အချိန်၌ ရနိုင်ရန်မှာ မလွယ်လှပေ။