အခန်း (၁၂၂၉-၁၂၃၂)
Vol. 62 Ch. 1229-1232
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၂၉ )
နင်နဲ့ မလုပ်ချင်ဘူး
ချန်းဖေးအယ် အနည်းငယ် ကြောင်အသွားသည်။
" ဒါပေမဲ့ .... ဒါကြီးက အရမ်းရှက်စရာမကောင်းဘူးလား "
ယဲ့ဖန် တည်ကြည်သောမျက်နှာထားဖြင့် ဆက်၍ လိမ်လေသည်။
" ဘာရှက်စရာရှိလို့လဲ။ အတော်ကြာကြာ ကျင့်ကြံပြီးတော့ ကိုယ်ဆို ကျင့်သားတောင်ရနေပြီ "
ချန်းဖေးအယ်သည် အတော်ပင် ရှက်နေသေးပုံရသည်။
" ဒါပေမဲ့ ...... "
" ဘာမှ ဒါပေမဲ့တွေ လုပ်မနေနဲ့။ မြန်မြန် စလိုက်ကြရအောင် “
“ အချိန်က ဘယ်သူ့ကိုမှ မစောင့်ဘူးလေ၊ ဟုတ်တယ်မလား "
ယဲ့ဖန် သူမ၏စကားကို ဖြတ်ပြောပြီးနောက် သူမမှ သူ့အား လာထိမည်ကို စောင့်နေသလို အထိခံချင်သည့်ပုံစံဖြင့် လက်ကို ဖြန့်ကာ ဆိုဖာပေါ် မှီလိုက်သည်။
ချန်းဖေးအယ် နောက်ဆုံး၌ မထိန်းနိုင်တော့ဘဲ ထရပ်လိုက်သည်။
" သွားသေလိုက်ပါလား။ နင်နဲ့သာဆို ..... အဲ့ ..... အဲ့လို နှစ်ကိုယ်ကျင့်စဉ် မကျင့်နိုင်ဘူး "
ထိုသို့ပြောပြီးနောက် သူမ၏အခန်းသို့ အမြန်ပြေးသွားသည်။
ဘန်း
အခန်းတံခါးပိတ်သွားသည်။
ယဲ့ဖန် ရယ်လျက် ထရပ်လိုက်သည်။
ဒီမိန်းကလေးက တကယ် မလွယ်ဘူး။
သူသည် စနောက်နေခြင်းသာ ဖြစ်သည်။
ဒီလောက်ထိလုပ်ဖို့ မလိုဘူးမဟုတ်လား။
ဧည့်ခန်းမှာ တစ်ဖန် ပြန်တိတ်ဆိတ်သွားသည်။
သူ မျက်လုံးကို ပိတ်လျက် ဂျပန်သို့လာရခြင်း၏ အကျိုးအပြစ်များကို တွေးနေသည်။
ရာမာဂူချီ-ဂူမီဂိုဏ်းနှင့် သွေးသံပြင်းတိုက်ပွဲ ပြီးသည့်နောက် သူတို့မှ ပြဿနာထပ်မရှာတော့သော်လည်း သူတို့ကြား၌ အမုန်းမီးပွားသည် စတင်တောက်လောင်သွားပြီ ဖြစ်သည်။
အနာဂတ်တွင် တစ်ဖက်မှ မသေသ၍ တစ်ဖက်လူမှာ နားနေနိုင်တော့မည် မဟုတ်ချေ။
သို့သော် ကံနဂါးအဖွဲ့အစည်းသည် လက်ရှိတွင် သူ့အပေါ်အနစ်နာခံပြီး သူစေခိုင်းသမျှ လုပ်ပေးလေသည်။
အမှန်တကယ်၌ သူတို့ ဘာလုပ်ချင်သည်ဆိုတာကို ယဲ့ဖန် သိလေသည်။
ကံနဂါးအဖွဲ့အစည်းသည် ရာမာဂူချီ-ဂူမီဂိုဏ်းနှင့် ထိပ်တိုက်ရှင်းရန် မတတ်နိုင်၍ ကံနဂါးအဖွဲ့အစည်းမှ ဖိအားကို လျှော့ချရန် သူ့ကို အသုံးပြုချင်ကြသည်။
တစ်ဖက်မှလည်း ထိုသို့အတွေး ရှိလေသည်။
နှစ်ဖက်လုံးသည် သူ့ကို ဗဟိုတည်ကာ အသုံးချနေကြသည်။
ယဲ့ဖန်သည် နျုံစစ်သွမ်းနှင့် ပတ်သက်၍ စီးရီးယပ်လုပ်ကြံရေးအဖွဲ့ဝင်များကို ဂျပန်နိုင်ငံသို့ လျှို့ဝှက်ဝင်ရောက်ရန် စီစဉ်ထားပြီးဖြစ်သည်။
သူတို့ကို ဝှက်ဖဲဟု ယူဆနိုင်သည်။
ထို့အပြင် သူကိုယ်တိုင်၊ ချန်းဖေးအယ်၊ ဖန်းကျန်းဝူနှင့် သွမ့်မူလက်ထင်းတို့သည် နျုံစစ်သွမ်းကို ဆန့်ကျင်နိုင်သည့် စွမ်းရည်အချို့ရှိသည်ဟု ယူဆနိုင်သည်။
လင်းကျွင်းကျွင်း တက်ရောက်မည့် လေလံပွဲသည် နှစ်ရက်အတွင်း စတင်မည်ဖြစ်သည်။
ထို့ကြောင့် ဤကြားကာလ၍ သူ ဘာမှလုပ်စရာမရှိကြောင်းကို ရုတ်တရက် သဘောပေါက်သွားသည်။
ငါ အနီရောင်နေရာကို သွားသင့်တယ် မဟုတ်လား။
သူသည် ဂျပန်သို့ ရောက်နေသည်မှာ ရက်အတော်ကြာနေပြီ ဖြစ်သော်လည်း မိန်းကလေးများကို တစ်စက်ကလေးမှ မထိတွေ့ရသေးချေ။
ဖန်းကျန်းဝူနှင့် ဆုံရသော်လည်း အကြောင်းအမျိုးမျိုးကြောင့် အဓိကကိစ္စကို မလုပ်ဆောင်နိုင်ခဲ့သည် ဖြစ်သည်။
ဂျပန်နိုင်ငံရှိ 'ကြက်လောက'နယ်ပယ်သည် အလွန်ဖွံ့ဖြိုးကြောင်း သူကြားသိထားသည်။
သူသည် ဂျပန်သို့ ရောက်နေပြီးခါမှ ထိုသည်ကို မကြုံတွေ့ရသည်ဆိုပါက အနည်းငယ် ယုတ္တိမရှိပေ။
သို့သော် ထိုအတွေးသည် သူ့စိတ်ထဲ၌ တောက်လောင်နေခဲ့သည်။
သူဆိုသည့် ယဲ့လူကြီးမင်းသည် ဤသို့ သာမညတွေအတွက် ကိုယ့်ကိုယ်ကိုယ် မနှိမ့်ချသင့်ပေ။
အဆုံးအစွန်ထိ မထိန်းနိုင်လျှင်ပင် သူ့ကိုယ်သူသာ အားကိုးလိုက်သည်က ထိုနေရာများသို့ သွားသည်ထက် ပို၍ ကောင်းလေသည်။
ထို့ကြောင့် အပြင်ထွက်ပြီး ကစားကာ အပန်းဖြေသည်က ပိုကောင်းလေသည်။
သူသည် ဂျပန်တွင် ရောက်သည်မှာ ရက်အတော်ကြာပြီ ဖြစ်သော်လည်း စျေးဝယ်မထွက်ခဲ့ပေ။
ထိုသည်ကို တွေးပြီးနောက် သူ ချက်ချင်းထကာ ချန်းဖေးအယ်၏ အခန်းတံခါးကို ခေါက်လိုက်သည်။
" ခဏလောက် ထွက်လာခဲ့။ ကိုယ် မင်းနဲ့ ဆွေးနွေးစရာရှိတယ် "
သို့သော်လည်း မမလေးချန်းသည် ပြန်မဖြေဘဲ သူ့ကို လျစ်လျူရှုနေခဲ့သည်။
" မင်း ထွက်မလာသေးရင် မင်းရဲ့အထက်အရာရှိတွေကို ဖုန်းခေါ်ပြီး နာခံတတ်တဲ့သူတစ်ယောက်ကို ပြောင်းဖို့ ပြောလိုက်မယ် "
ယဲ့ဖန် ချက်ချင်း ခြိမ်းခြောက်လိုက်သည်။
ဤလှုပ်ရှားမှုသည် အရှက်မရှိသော်လည်း ချန်းဖေးအယ်အပေါ် အလွန်ပင် ထိရောက်မှု ရှိလေသည်။
သူမ တံခါးကို အမြန်ဖွင့်လာသည်။
ချန်းဖေးအယ်သည် သူ့ကို လူသတ်တော့မည့် အကြည့်ဖြင့် စိုက်ကြည့်နေသည်။
" ရှင် ကျွန်မကိုခြိမ်းခြောက်ဖို့ ကျွန်မတို့ခေါင်းဆောင်ကိုပဲ အမြဲသုံးတယ်။ အဲ့တာကလွဲလို့ တခြားဘာသိသေးလဲ "
ယဲ့ဖန် အရှက်မဲ့စွာ ပြုံးလိုက်သည်။
" အဲ့အကြောင်းပြချက်က အလုပ်ဖြစ်နေသရွေ့တော့ ဒါက ကောင်းတဲ့ အကွက်ရွှေ့မှုတစ်ခုပဲ "
" ရှင် ဘာလုပ်ချင်တာလဲ "
ချန်းဖေးအယ်သည် ယဲ့ဖန်မှ အရေထူသူဖြစ်ပြီ့ သူ့အား ဘာမှပြန်မလုပ်နိုင်သည်ကို မြင်လိုက်ရသဖြင့် ဒေါသတကြီး မေးလိုက်သည်။
" အီဒိုမြို့မှာ ပျော်စရာနေရာတွေရှိလား။ အပြင်ထွက်ပြီး အပန်းဖြေကြရအောင် "
ယဲ့ဖန်သည် သူမအရှေ့မှာပင် အဝတ်အစားလဲပြီး ပြောလိုက်သည်။
ချန်းဖေးအယ်သည် ခေါင်းကို ဘေးသို့ အမြန်လှည့်လိုက်သည်။
" ရှင့်လို အမြဲအပြင်သွားနေတဲ့သူက ကျွန်မကို မေးနေမှတော့ ကျွန်မက ဘယ်သူ့ကို မေးရမှာလဲ "
ယဲ့ဖန်သည် သူမအား မကျေမနပ် စိုက်ကြည့်သည်။
" မင်းက ကိုယ့်ရဲ့ အတွင်းရေးမှုးပဲ။ မင်းကို မမေးရင် ကိုယ်က ဘယ်သူ့ကို မေးရမှာလဲ။ မင်းရဲ့ခေါင်းဆောင်ကို ခေါ်ပြီး အသုံးကျတဲ့သူ လဲခိုင်းတာပဲ ကောင်းမယ်ထင်တယ် "
ချန်းဖေးအယ်သည် သူမကို ထပ်မံခြိမ်းခြောက်ရန် ဤလှည့်ကွက်အား အသုံးပြုနေကြောင်း မြင်လိုက်ရပြီးနောက် သူမ၏မျက်နှာသည် ဒေါသကြောင့် ဖြူဖျော့သွားခဲ့သည်။
သို့သော် အဆုံးတွင် သူမသည် ဒေါသကို ထိန်းလိုက်သည်။
" ရှင် ဘယ်ကိုသွားချင်လဲဆိုတာ ကျွန်မက ဘယ်လိုသိမှာလဲ "
ယဲ့ဖန်သည် ခေါင်းမော့ပြီး 'ငါက ပညာတတ်တဲ့ လူကြီးလူကောင်းတစ်ယောက်။ အပန်းဖြေဥယျာဉ်လို ကလေးဆန်တဲ့ ကစားကွင်းနေရာမျိုးကို မသွားမှာ သေချာတယ်'ဆိုသည့် အမူအရာမျိုး လုပ်လိုက်သည်။
" ရှေးဟောင်းယဉ်ကျေးမှု ကျွန်းကျင်တတ်မြောက်သူတွေ သွားလည်ဖို့ သင့်တော်တယ်ဆိုတဲ့ နေရာတွေ ရှိတယ်လို့ မင်း ထင်လား "
" မျောက်က မျက်မှန်တပ်ပြီး စာဖတ်ချင်နေသေးတယ်။ ဘာလို့ အသိပညာများတဲ့ ပညာတတ်လူလို ဟန်ဆောင်နေတာလဲ "
ချန်းဖေးအယ် တိုးတိတ်စွာ ရေရွတ်လိုက်သည်။
" မင်း ဘာပြောလိုက်တာလဲ "
ယဲ့ဖန်၏ လေသံမှာ ခြိမ်းခြောက်သံ ဖြစ်နေသည်။
" အဟမ်း ကျွန်မ ကြားထားတာတော့ ...... အဲ့ဒီနေရာတစ်ခုမှာမှာ ရှေးဟောင်းပစ္စည်းဆိုင်တွေ၊ တစ်ပတ်ရစ်စာအုပ်ဆိုင်တွေ၊ စိတ်ဝင်စားစရာနေရာတွေ အများကြီးရှိတယ်တဲ့ "
ချန်းဖေးအယ် နေရာတစ်ခု အမြန်ပြောလိုက်သည်။
" ကောင်းပြီ ဒါဆို အဲ့ဒီနေရာကို သွားရအောင် ..... မြန်မြန် အဝတ်လဲ "
ယဲ့ဖန်သည် ယနေ့အတွက် အချိန်ဇယားကို ချက်ချင်း ဆုံးဖြတ်လိုက်သည်။
" ကျွန်မလည်း သွားရမှာလား "
ချန်းဖေးအယ် အနည်းငယ် အံ့သြသွားသည်။
" မမေ့နဲ့၊ မင်းက ကိုယ့်ရဲ့ အတွင်းရေးမှူးဆိုတာကို။ မင်း ကိုယ့်ကို ကာကွယ်ဖို့ သူဌေးအနားမှာ အမြဲရှိနေသင့်တယ် "
ယဲ့ဖန်သည် စိတ်ထဲရှိသည့် အမှန်အတိုင်း ပြောခဲ့သည်။
ချန်းဖေးအယ် ဒေါသထွက်သွားရသည်။
ဒီကောင်က သူ့ကို တကယ် အတွင်းရေးမှူးကြီးတစ်ယောက်လို ဆက်ဆံနေတာလား။
သူမသည် အလွန်ပင် ဆန္ဒမပါသော်လည်း ဤကောင်လေးသည် သူမ၏ခေါင်းဆောင်ဖြင့် ထပ်မံဖိအားပေးလာမည်ကို သူမစိုးရိမ်သောကြောင့် သူမ မနှစ်သက်စွာဖြင့် အဝတ်အစားလဲရန် သွားခဲ့သည်။
ဈေးဝယ်ထွက်ရန် သွားကြမည် ဖြစ်သောကြောင့် ဂါဝန်နှင့် ဖိနပ်အမြင့်များကို သူမ မစီးပေ။
ထိုအစား သူမသည် သာမန်ဖြစ်သည့် ၀တ်စုံကိုသာ ၀တ်ထားသည်။
သူမသည် အဖြူရောင်တီရှပ်တစ်ထည်၊ အနက်ရောင်ဂျာကင် အပေါ်ထပ်အင်္ကျီတစ်ထည်၊ ဂျင်းဘောင်းဘီနှင့် အနက်ရောင် ဘွတ်ဖိနပ်တစ်ရံကို ၀တ်ဆင်ထားသည်။
သူမ၏ တိုသော ဆံပင်နှင့် ပေါင်းစပ်လိုက်ပါက ချောမောလှသည့် ယောက်ျားလေးတစ်ယောက်နှင့် ပိုတူနေလေသည်။
ယဲ့ဖန်၏ စိတ်ထဲ၌ မေးခွန်းတစ်ခု ရုတ်တရက် ပေါ်လာသည်။
သူမက ယောက်ျားလေးလား မိန်းကလေးလား ဘယ်လိုလုပ် ပြောနိုင်တော့မှာလဲ။
" ဘာကြည့်နေတာလဲ။ မိန်းကလေးတစ်ယောက်ကို တစ်ခါမှ မတွေ့ဖူးဘူးလား "
ချန်းဖေးအယ်သည် သူမကို စိုက်ကြည့်နေသော မျက်လုံးများကို မြင်လိုက်ရပြီး အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။
" ကိုယ်က မိန်းကလေးတွေ အများကြီးတွေ့ဖူးပေမယ့် မင်းလို ပုံစံနဲ့မိန်းကလေးမျိုးက တွေ့ရခဲတယ် "
ယဲ့ဖန် ရိုးသားစွာ ချီးကျူးလိုက်သည်။
" ကျစ်၊ ရှင်က လျှာရိုးမရှိတိုင်း ပြောနေတယ် "
ချန်းဖေးအယ် ထိိုသို့ပြောလိုက်သော်လည်း သူမ တစ်ဖက်သို့ လှည့်ပြီးနောက် ပေါ်လာသည့် အပြုံးမှာ သူမ၏ အတွေးကို သစ္စာဖောက်နေပုံရသည်။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၃၀ )
ဒါ မင်းပြောတဲ့နေရာလား
ချန်းဖေးအယ်သည် အီဒိုမြို့နှင့် ပတ်သက်သည့် အချက်အလက်များ ရှာဖွေနေစဉ် ဤနေရာအကြောင်းကို မတော်တဆ သိခဲ့ရသည်။
သို့သော် သူမ သွားလိုသည့်နေရာသို့ ရောက်သောအခါ ချက်ချင်းပင် စိတ်ပျက်သွားရသည်။
သူမ၏ အထင်အရ နိုင်ငံတကာမြို့တော်ကြီးဖြစ်သည့် အီဒိုမြို့သည် အထပ်မြင့်အဆောက်အဦးများနှင့် အလွန်ခေတ်မီသော ပုံရ်ပ်များဖြင့် ပြည့်နေမည်ဟု ထင်ထားသည်။
သို့သော် ဤနေရာသည် အလွန်ဟောင်းနွမ်းနေပုံရပြီး အဆောက်အဦးများအားလုံးသည် ၁၉၆၀ နှင့် ၁၉၇၀ခုနှစ်များ၏ ပုံစံများအတိုင်းဖြစ်သည်။
လမ်းများမှာ အလွန်သန့်ရှင်းနေသော်လည်း နေရာရဲ့ ပျက်စီးယိုယွင်းနေတဲ့အခြေအနေကို မဖုံးကွယ်နိုင်သေးပါဘူး။
သူမသည် ယဲ့ဖန်၏ အမူအရာကို တိတ်တဆိတ်ကြည့်ကာ သူမ၏ ခေါင်းဆောင်အား ပြောမည်ကို စိုးရိမ်နေသည်။
သို့သော် သူမ မျှော်လင့်ထားသလိုမဟုတ်ဘဲ ယဲ့ဖန်၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှုတစ်စုံတစ်ရာ မရှိခဲ့ပေ။
ထိုအစား သူသည် စိတ်ဝင်တစားနှင့် လှည့်ပတ်ကြည့်နေသည်။
ယဲ့ဖန်သည် ပျက်စီးနေသော အဆောက်အဦးများကို ကြည့်ပြီး ပေါ့ပါးစွာ မေးလေသည်။
" ဒါက မင်းပြောခဲ့တဲ့ ယဉ်ကျေးမှုနယ်မြေလား "
ချန်းဖေးအယ်၏ လှပသော မျက်နှာသည် အနည်းငယ် နီရဲသွားသည်။
" ဒီနေရာက အရမ်းစုတ်ပြတ်နေတာ မသိလိုက်ဘူး။ ရှင် မကြိုက်ရင် နေရာပြောင်းလို့ရတယ် "
သို့သော် ယဲ့ဖန် ခေါင်းခါလိုက်သည်။
" မကြိုက်ဘူးလို့ ဘယ်သူပြောလဲ။ ဒီနေရာက အရမ်းကောင်းတယ်လို့ ထင်တယ်။ ရတနာရှာတွေ့ရင် မင်းကို ဆုထည့်တွက်ပေးမယ် "
ချန်းဖေးအယ်သည် ပထမစကားကို ကြားသည့်အခါ စိတ်သက်သာရာရသွားသော်လည်း နောက်ဆက်၍ ကြားလိုက်ရသည့် စကားကြောင့် အနည်းငယ်ကြောင်အကာ အံ့ဩသွားရသည်။
" ရတနာ ရှာမှာလား။ ဒီမှာ ရတနာတွေ ရှိလို့လား "
သူမ အံ့သြစွာဖြင့် သူ့ကိုကြည့်မိသည်။
" ဒီနေရာက အရမ်းဟောင်းနေပြီ။ အတွင်းထဲမှာ ကောင်းတာတွေ အများကြီးရှိနိုင်မယ် ထင်တယ် "
ယဲ့ဖန်သည် ပျက်စီးနေသော အဆောက်အဦးများဆီသို့ လျင်မြန်စွာ လျှောက်ရင်း ပြောလိုက်သည်။
" ကျစ်၊ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတယ် "
ချန်းဖေးအယ် သူ့နောက်ကျောကို လှမ်းကြည့်ကာ ရေရွတ်ပြောသည်။
ဒီလို ယိုယွင်းပျက်စီးနေတဲ့နေရာမှာ ရတနာရှိမယ်လို့ သူက တကယ်ကြီး ထင်နေတာလား။
ဒါက စိတ်ကူးယဉ်နေတာပဲ။
ယဲ့ဖန်သည် သာမန်ထက်သာလွန်ထူးကဲကြောင်းကို လုပ်ဆောင်ချက်များဖြင့် သက်သေပြပြီးဖြစ်သော်လည်း သူသည် ဤမျှ လွယ်ကူစွာဖြင့် ရတနာရှာနိုင်မည်ကို ချန်းဖေးအယ် မယုံကြည်နိုင်ပေ။
သူသာ လူသားအစစ်ဖြစ်ပါက ထိုသို့လုပ်ရန်မှာ လွယ်ကူခြင်းတစ်စိုးတစိမျှ မရှိချေ။
သို့သော် မကြာမီ၌ သူမ၏ အတွေးများမှာ ရိုက်ချခံလိုက်ရသည်။
ယဲ့ဖန်သည် လမ်းပျက်ထဲသို့ ဝင်လာပြီးကတည်းက နက်နဲသောစကန်ဖတ်စစ်ဆေးခြင်းစနစ်ကို စတင် ဖွင့်လိုက်သည်။
ထိုစနစ်သည် ရေဒါဖတ်သလိုဖြင့် ဘေးပတ်ဝန်းကျင်မှ ပစ္စည်းများ၏ အချက်အလက်များကို တစ်စုတစ်စည်းတည်း ပြသပေးလာသည်။
အပေါ်ယံမျက်နှာပြင်၌ ယဲ့ဖန်သည် ဘေးပတ်ဝန်းကျင်မှ အဆောက်အဦးဟောင်းများကို လှည့်ပတ်ကြည့်နေကာ ဘာကိုမှ မတွေ့ရသေးပေ။
ငါးမိနစ်မျှ လမ်းလျှောက်ပြီးနောက် ပျက်စီးယိုယွင်းနေသည့် ခြံကြီးတစ်ခုရှေ့၌ ခြေလှမ်းများကို ရပ်လိုက်သည်။
ထိုခြံဝင်းလေးသည် သေးငယ်ကာ အလွန်ကြီးလှသည် မဟုတ်ပေ။
ထို့အပြင် ပျက်စီးနေသည်မှာ အတော်ကြာလောက်ပြီဖြစ်ပြီး မည်သူမျှ ပြုပြင်ထားခြင်းမရှိကာ အဖြူရောင်နံရံမှာ ပြိုကျနေလေသည်။ ပြန်ဆောက်ထားမှုလည်း မရှိပေ။
ထိုအခြေအနေကို ကြည့်ခြင်းဖြင့် ဤခြံဝင်း၏ လူနေခြင်းမရှိကြောင်း သို့မဟုတ် ပိုင်ရှင်သည် အလွန်ဆင်းရဲလွန်း၍ ပြုပြင်နိုင်ခြင်းမရှိကြောင်းကို ပြသနေသည်။
" ဘာလို့ ဆက်မသွားသေးတာလဲ "
ချန်းဖေးအယ်သည် ယဲ့ဖန် ခြေလှမ်းရပ်လိုက်သည်ကို တွေ့ပြီးနောက် ချက်ချင်း ပဟေဠိဖြစ်သွားသည်။
" ကိုယ် နည်းနည်းရေဆာလာလို့။ အထဲဝင်ပြီး ရေတစ်ခွက်လောက်သောက်ရအောင် "
ယဲ့ဖန် ကြုံရာကျပန်း အကြောင်းပြချက်တစ်ခု ပေးလိုက်သည်။
" အရှေ့မှာ စူပါမားကတ်တစ်ခု ရှိတယ်နဲ့တူတယ်။ ဘာလို့ အဲ့မှာပဲ သွားမဝယ်တာလဲ။ တခြားသူတွေကို ဒုက္ခပေးဖို့ မလိုပါဘူး "
ချန်းဖေးအယ်သည် အရှေ့၁၀မီတာကျော်လောက်ရှိ စူပါမားကတ်တစ်ခုကို ညွှန်ပြလိုက်သည်။
" ရေအလကားရနိုင်တာကို ဘာလို့ပိုက်ဆံအကုန်ခံနေရမှာလဲ "
ယဲ့ဖန်သည် ချန်းဖေးအယ်ကို စိတ်ရှုပ်စေမည့် မေးခွန်းတစ်ခုမေးလိုက်သည်။
ဘီလီယံ ရာနဲ့ချီပြီး ချမ်းသာတဲ့ ကုဋေကြွယ် စီးပွားရေးပညာရှင် ယဲ့လူကြီးမင်းက ၂ယွမ်လောက်ကုန်မယ့် သောက်ရေအတွက် အကုန်မခံချင်လို့ အလကားတောင်းသောက်မှာတဲ့လား။
ထိုအကြောင်းအရာသာ ပေါက်ကြားသွားပါက လူတိုင်းသည် အံကိုကြိတ်လျက် ဗိုက်ကိုနှိပ်ကာ ရယ်မောကြပေလိမ့်မည်။
ယဲ့ဖန်သည် သူမ ဆက်၍ ပြောဆိုနေမည့်အခွင့်အရေးကို မပေးခဲ့ပေ။
သူသည် ချက်ချင်း တံခါးဆီသို့ လျှောက်သွားကာ တံခါးခေါက်လိုက်သည်။
" လူရှိပါသလား "
ယဲ့ဖန် ၂မိနစ်မှ ၃မိနစ်ကြာသည်အထိ တံခါးခေါက်နေသော်လည်း တုန့်ပြန်မှုမလာပေ။
" ဒီအိမ်မှာ ဘယ်သူမှ မနေဘူးထင်တယ်။ ထားလိုက်ပါတော့လား "
ချန်းဖေးအယ်သည် သူ့ကို နောက်တစ်ကြိမ် နားချရန် ကြိုးစားလေသည်။
" စိတ်မပူပါနဲ့။ မကြာခင် တစ်ယောက်ယောက် လာပြီး တံခါးဖွင့်ပေးလိမ့်မယ် "
ယဲ့ဖန် ပေါ့ပါးစွာ ပြန်ဖြေလိုက်သည်။
" ရှင် ဘယ်လိုလုပ်သိ ....... "
ချန်းဖေးအယ်သည် သူ့စကားကို ငြင်းဆန်တော့မည်ဖြစ်သည်။
သို့သော် သူမ၏စကား မပြီးဆုံးခင်မှာပင် အထဲမှ ခြေသံကို ကြားလိုက်ရသည်။
ခြံဝင်းတံခါးသည် အလျင်အမြန်ပင် ပွင့်လာတော့သည်။
ထို့နောက် တစ်ခေါင်းလုံး ဆံဖြူနေသည့် အဘွားအိုတစ်ဦး ခေါင်းပြူထွက်လာသည်။
" ဘယ်သူ့ကို ရှာနေတာလဲ "
ယဲ့ဖန် ရိုးသားဖြူစင်ကာ အပြစ်ကင်းသည့်အပြုံးမျိုး ပြုံးလိုက်သည်။
" မင်္ဂလာပါ၊ ကျွန်တော်တို့က ဒီမှာ လာလည်တာပါ။ အခု ရေလေးနည်းနည်းဆာလာလို့ ရေလေးများ သောက်လို့ရမလား "
အဘွားအိုဟန်သည် တစ်ခဏတာ ကြောင်အသွားပြီးနောက် လျင်မြန်စွာပင် အသိစိတ်ပြန်ကပ်လာသည်။
သူမသည် ယဲ့ဖန်တို့နှစ်ဦးကို အကဲခတ်ကြည့်ပြီးသည့်နောက် တံခါးကို တွန်းဖွင့်လိုက်သည်။
" ဝင်လာခဲ့ပါ "
ယဲ့ဖန်သည် ချန်းဖေးအယ်ကို ချက်ချင်းခေါ်ပြီး ခြံထဲသို့ အရင်ဝင်သွားသည်။
ချန်းဖေးအယ်သည် အဘွားအိုကို နှုတ်ဆက်ပြီးနောက် ယဲ့ဖန်အနောက်သို့လိုက်ကာ အထဲသို့ ဝင်လိုက်သည်။
ခြံဝင်းလေးသည် ကြီးမားနေသည်မဟုတ်သည့်အပြင် ပျက်စီးနေသည်မှာ အတော်ကြာသည့်ပုံပေါ်သော်လည်း ပစ္စည်းများကို စနစ်တကျ နေရာချထားသည်မှာ သပ်ရပ်လှသည်။
ဤအဘွားအိုသည် လှုပ်ရှားရန်ပင် ခက်ခဲနေသည်မှာ မြင်နိုင်သော်လည်း သူမသည် အလွန်ပင် နူးညံ့သိမ်မွေ့လှသည့် အမျိုးသမီးတစ်ဦး ဖြစ်လေသည်။
ယဲ့ဖန် ဧည့်ခန်းထဲသို့ ဝင်လာပြီးနောက် ဘာမှမဖြစ်သလို ဘေးပတ်လည်ကို ကြည့်နေသည်။
ထိူ့နောက် သူ၏ အကြည့်သည် စင်ပေါ်ရှိ ကြွေဘုရားဆင်းတုရုပ်တစ်ဆူဆီသို့ ရောက်သွားသည်။
စုတ်တံဆေးသည့် ခွက်တစ်ခု၌ အမွှေးတိုင်လောင်ရာလည်း တွေ့ရသည်။
ကြွေထည်သည် အဖြူပေါ်အပြာရောပြီး ပန်းဖြူများလည်းပါသည်။
အမွှေးတိုင်တစ်ချို့စိုက်ထားပြီး ထွန်းညှိထားကာ အငွေ့များထွက်နေလေသည်။
ယဲ့ဖန် တစ်ချက်သာကြည့်လိုက်ပြီး အကြည့်လွှဲလိုက်သည်။
ထိုအချိန်၌ အဘွားအိုသည် ရေနှစ်ခွက်သယ်ကာ ပြန်ရောက်လာသည်။
" ဒီကို ဧည့်သည်မလာတာ တော်တော်ကြာပြီဆိုတော့ ရိုးရိုးရေပဲရှိတယ်ကွယ်။ တကယ်ပဲ အားနာပါတယ် "
ယဲ့ဖန်တို့နှစ်ဦးသည် ရေယူပြီး အဘွားအိုကို ကျေးဇူးတင်လိုက်သည်။
ယဲ့ဖန်သည် စုတ်တံဆေးခွက်ကို ကြည့်လိုက်ပြီးနောက် ဘာမှမဖြစ်သလိုဖြင့် အဘွားအိုကိူ ပြန်ကြည့်လေသည်။
" ဗုဒ္ဓဘာသာ ကိုးကွယ်တာလား "
ထိုအဘွားအို၏ မျက်နှာမှာ နာကျင်သွားပုံရသည်။
" အရင်ကတော့ မယုံပေမဲ့ ငါ့ရဲ့ယောက်ျားနဲ့သား ဆုံးသွားပြီးကတည်းက ဗုဒ္ဓကို ကိုးကွယ်လာတာ။ သူတို့ နောက်ဘဝမှာ ကုသိုလ်ကောင်းမှုရဖို့ မျှော်လင့်ပါတယ် "
ချန်းဖေးအယ်သည် ထိုအဘွားအိုကိုကြည့်ကာ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
ထို့နောက် သူမကို အမြန်နှစ်သိမ့်ပေးလိုက်သည်။
ထိုအချိန် ယဲ့ဖန် ထရပ်ပြီး ဘိုးဘေးပူဇော်စင်ဆီသို့ လျှောက်သွားသည်။
သူသည် အမွှေးတိုင်နှစ်တိုင် ထွန်းညှိပြီး စုတ်တံဆေးခွက်ထဲ ထည့်လိုက်သည်။
ထို့နောက် မတော်တဆ တွေ့သွားပုံဖြင့် အံ့ဩဟန်ဆောင်လိုက်သည်။
" ဒီဟာက စုတ်တံဆေးခွက်လား။ ဘာလို့ အမွှေးတိုင်ထွန်းခွက်အဖြစ် သုံးနေတာလဲ "
ထိုအဘွားအိုမှ ခါးသီးစွာ ပြုံးလိုက်သည်။
" ဒီဟာကို ငါ့ယောက်ျား အသက်ရှင်တုန်းက လက်ရေးလှရေးရင် သုံးတာလေ။ အခုတော့ မိသားစုတစ်ခုရဲ့ စွန့်ကြဲစာအပေါ် မှီခိုပြီး ရှင်သန်နေရတယ်။ အဲ့တော့ အမွှေးတိုင်ခွက်လေး ဝယ်ဖို့တောင် မတတ်နိုင်လို့ ဒီလိုပဲ သုံးနေရတာပါ "
ယဲ့ဖန် လှည့်ပြီး သူမကို ကြည့်လိုက်သည်။
" အမှန်တိုင်း ပြောရမယ်ဆိုရင် ဒီစုတ်တံဆေးခွက်က ရှေးဟောင်းပစ္စည်းပါ။ ရောင်းချင်လားမသိဘူး "
ချန်းဖေးအယ်နှင့် ထိုအဘွားအိုတို့မှာ အံ့ဩလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်နေသည်။
ရှေးဟောင်းပစ္စည်းတဲ့လား။
" ရှေးဟောင်းပစ္စည်းလား "
အထူးသဖြင့် အဘွားအိုမှာ မယုံကြည်နိုင်ခြင်း အရိပ်အယောင်များ မျက်နှာတစ်ခုလုံး ပြည့်နှက်နေသည်။
သူမ၏ ဆုံးပါးသွားသော ယောက်ျားမှာ ဤသို့ ရှေးဟောင်းပစ္စည်း ချန်ထားခဲ့မည်ဟု လုံးဝ မမျှော်လင့်ထားချေ။
ယဲ့ဖန် စုတ်တံဆေးခွက်ကို ကောက်ယူကြည့်ပြီးနောက် လှည့်လာသည်။
" ကျွန်တော်က တရုတ်ပါ။ ဒီဆေးခွက်က တရုတ်ပြည်က အမွေအနှစ်ပါ။ ဟိုးတုန်းက ထျန်းပေါက်ဟုန်လို့ ခေါ်တဲ့ ပညာရှင်ကြီးတစ်ဦး ရှိပါတယ်။ ဒီခွက်ကို သူသုံးခဲ့တာပါ။ အခုဆို အဖိုးဖြတ်လို့တောင် မရဘူးလို့ ပြောနိုင်ပါတယ် "
အခြားသူဖြစ်ပါက ယဲ့ဖန် လိမ်လည်လှည့်စားပြီး ခွက်ကို အရယူမှာဖြစ်သည်။
သို့သော် အဘွားအို၏ ခက်ခဲသည့်ဘဝကို မြင်ပြီးနောက် အဘွားအိုကို မလှည့်စားရက်တော့ပေ။
ထို့ကြောင့် အမှန်တိုင်းသာ ပြောလိုက်သည်။
အဘွားအိုသည် ထိုပညာရှိအကြောင်းကို မသိသော်လည်း ချန်းဖေးအယ်မှာတော့ ကြောင်အနေရသည်။
သူမ မည်မျှပင် တုံးအသည်ဖြစ်စေ ထျန်းပေါက်ဟုန်ကိုတော့ သိလေသည်။
ထျန်းပေါက်ဟုန်သုံးခဲ့သော စုတ်တံဆေးခွက်ကို ဤနေရာ၌ တွေ့ရမည်ဟု သူမ လုံးဝ တွေးထင်ထားခြင်း မရှိသည်မှာ သေချာလေသည်။
ဘယ်လို ကံကောင်းတာမျိုးလဲ။
ထိုအဘွားအိုသည် ယဲ့ဖန်ကို တွန့်ဆုတ်စွာ ကြည့်လေသည်။
" အဖိုးဖြတ်မရဘူးလား။ ဘယ်လောက်တောင် ရှိတာတုန်းကွယ် "
ယဲ့ဖန် တခဏ စဉ်းစားပြီးနောက် အဘွားအိုအတွက် ထိတ်လန့်စရာဖြစ်စေမည့် ဈေးနှုန်းတစ်ခု ပြောလိုက်သည်။
" အနည်းဆုံး ဂျပန်ယန်း သန်း၁၅၀လောက် ရှိလောက်ပါတယ် "
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၃၁ )
ကိုယ့်ရဲ့ သူရဲကောင်းဆန်တဲ့ပုံကို သဘောကျနေတာလား
ဂျပန်ယန်း သန်း၁၅၀သည် တရုတ်ယွမ်ငွေ ၈သန်းလောက် ရှိလေသည်။
ဒီလောက်ဆို အရမ်းတန်ဖိုးရှိတယ် မဟုတ်ဘူးလား။
အဘွားအိုသည်လည်း အတော်ပင် အံ့ဩနေသည်။
အချိန်တစ်ခုကြာပြီးနောက်မှ သူမ ပြန်၍ စိတ်တည်ငြိမ်လာသည်။
" ငါ့ရဲ့ ယောက်ျားချန်ခဲ့တဲ့ပစ္စည်းတွေထဲမှာ ဒီပစ္စည်းလေးက ရှေးဟောင်းပစ္စည်း ဖြစ်နေပြီး ဒီလိုတန်ကြေးရှိမယ်မှန်း မထင်ထားခဲ့ဘူး "
ယဲ့ဖန် အဘွားအိုကို သဘောထားအမှန်ဖြင့် ကြည့်လိုက်သည်။
" ရောင်းဖို့ သဘောတူရင် ချက်ချင်း ပိုက်ဆံလွှဲပေးနိုင်ပါတယ်။ အဲ့တော့ စဉ်းစားကြည့်လိုက်ပါ "
အဘွားအိုသည် အများကြီးစဉ်းစားမနေဘဲ ချက်ချင်း ခေါင်းညိတ်ကာ ပြုံးပြသည်။
" ဒီပစ္စည်းက မင်းတို့နိုင်ငံ၏အပိုင်ဆိုတော့ မင်းတို့စီကိုပဲ ပြန်ပေးသင့်ပါတယ်။ ပိုက်ဆံလွှဲဖို့ကတော့ မလိုပါဘူးကွယ် "
" ငါက အိုနေပြီဖြစ်တဲ့အပြင် သားသမီးမြေးမြစ်တွေလည်း မရှိတော့ အဲ့လောက် ပိုက်ဆံအများကြီးရှိတောင် သုံးဖို့နေရာ မရှိပါဘူး "
ယဲ့ဖန် ချက်ချင်း ငြင်းဆိုလိုက်သည်။
" အဲ့လိုဆို မဖြစ်ပါဘူး။ အဘွားရဲ့ပစ္စည်းကို ကျွန်တော်တို့က ဘယ်လိုလုပ် အလကားယူရမှာလဲ "
" ငါတို့က မင်းတို့အပေါ် အပြစ်တွေ အများကြီးပြုထားမိတာပါကွယ် "
အဘွားအိုက ဆက်လက်တိုက်တွန်းလေသည်။
" ဒီပစ္စည်းတွေ ဂျပန်ကို ဘယ်လိုရောက်လာလဲဆိုတာ လွယ်လွယ်ပဲ ခန့်မှန်းနိုင်ပါတယ် "
" ပြီးတော့ လူလေးက အဘွားကို မလိမ်ဘဲ ဒီပစ္စည်းရဲ့ တန်ဖိုးအစစ်ကို ထုတ်ပြောလာတာဆိုတော့ တကယ်ပဲ ရိုးသားလိမ္မာတဲ့ကလေးဆိုတာ မြင်နေရတယ်လေ "
" အဲ့တာ မင်းတို့ကို ပေးလိုက်မယ်။ ဒီပစ္စည်းကို တရုတ်ပြည်ဆီ ပြန်ယူသွားပါကွယ်။ ဆုံးပါးသွားတဲ့ ယောက်ျားနဲ့ ကလေးတွေအတွက် ကုသိုလ်လုပ်တယ်လို့ သတ်မှတ်တာပေါ့ "
အဘွားအိုသည် ပြောနေရင်းဖြင့် စုတ်တံဆေးခွက်ထဲမှ အမွှေးတိုင်ပြာများကို ဖယ်ကာ ခွက်ကို ယဲ့ဖန်စီသို့ ကမ်းပေးလိုက်သည်။
ယဲ့ဖန် သူမကို နားချရန် ကြိုးစားသော်လည်း အဘွားမှ ပိုက်ဆံအား လက်ခံရန် ငြင်းဆန်နေခဲ့သည်။
သူသည်လည်း ရွေးချယ်စရာမရှိတော့ဘဲ ချန်းဖေးအယ်ကို အမွှေးတိုင်ထွန်းခွက်အသစ်ကို သွားဝယ်ခိုင်းလိုက်လေသည်။
အဘွားအိုသည် ဤတစ်ကြိမ်၌ ငြင်းဆန်ခြင်းမရှိဘဲ ခွက်အသစ်ကို စင်ပေါ်သို့ တင်လိုက်သည်။
အဘွားအိုနှင့် သူတို့ ခဏတာ စကားစမြည်ပြောပြီးနောက် နှစ်ယောက်အတူ နှုတ်ဆက်ပြီး ထွက်သွားကြတော့သည်။
" အဘွားကို ပိုက်ဆံမပေးတော့ဘူးလား "
ချန်းဖေးအယ်သည် ယဲ့ဖန်၏ လက်ထဲမှ အဖိုးမဖြတ်နိုင်သော စုတ်တံဆေးခွက်ကို စိုက်ကြည့်ရင်း အနည်းငယ် အဆင်မပြေသလို ခံစားလိုက်ရသည်။
" ခုနက မတွေ့ဘူးလား။ အဘွားက ပိုက်ဆံကို ဂရုမစိုက်လေ။ ဘာပဲဖြစ်နေနေ လက်ခံဖို့ ငြင်းဆန်တာ။ အဲ့တော့ ကိုယ်က ဘာလုပ်ရတော့မှာလဲ "
ယဲ့ဖန် ကူကယ်ရာမဲ့စွာ ပုခုံးတွန့်လိုက်သည်။
" ဒါဆို ရှင်က ဘာမှမပေးလိုက်ရဘဲ ယွမ်၈သန်းတောင် အလကားကောက်ရလိုက်တာပေါ့၊ ဟုတ်လား "
" ဒါက ကောက်ရတာ မဟုတ်ဘူး။ အခွင့်အရေးလို့ ခေါ်တယ် "
" အတူတူပဲမဟုတ်လား ......... "
ချန်းဖေးအယ် တကယ်ပင် ဘာပြောရမည်မှန်း မသိတော့ချေ။
အစောက ယဲ့ဖန်သည် ဤနေရာ၌ ရတနာရှာနိုင်သည်ဟု ပြောသည့်အခါ ထိုကောင်လေးသည် အိပ်မက်မက်နေသည်ဟု သူမ ခံစားခဲ့ရသည်။
ယဲ့ဖန်သည် အချိန်တိုလေးအတွင်း၌ အနည်းဆုံး တရုတ်ယွမ် ၈သန်း တန်ဖိုးရှိသည့် ရှေးဟောင်းပစ္စည်းတစ်ခုကို ကောက်ယူနိုင်မည်ဟု မည်သူမှ ထင်ထားလိမ့်မည် မဟုတ်ပေ။
ပိုက်ဆံကို ဤမျှ လွယ်ကူစွာနှင့် ရှာ၍ရနိုင်သည်လားဟုပင် သူမ တွေးမိသည်။
ယဲ့ဖန် ခေါင်းကိုမော့ပြီး ကောင်းကင်ပြာကြီးကို မော့ကြည့်လိုက်သည်။
သူ့မျက်နှာ၌ ဆုံးဖြတ်ချက်ပြည့်နေသည့် အမူအရာအပြည့်ရှိနေသည်။
" ကိုယ့်မှာ အိပ်မက်တစ်ခုရှိတယ်။ အဲ့တာက အပြင်တွေမှာ ပျောက်ဆုံးသွားတဲ့ တရုတ်ရှေးဟောင်းပစ္စည်းအားလုံးကို ပြန်ယူနိုင်ဖို့ပဲ။ ကိုယ်တို့ ဘိုးဘေးဘီဘင်တွေ ချန်ရစ်ခဲ့တဲ့ အမွေအနှစ်တွေကို နိုင်ငံခြားသားတွေရဲ့ လက်ထဲမှာ ဘယ်လိုလုပ် ချန်ရစ်ခဲ့မှာလဲ "
ချန်းဖေးအယ် သူ့နောက်ကျောကို စိုက်ကြည့်ရင်း နှလုံးခုန်သံ ပြင်းထန်လာသည်။
ဤကောင်လေးသည် အချိန်တိုင်း ပေါ့ပါးနေပြီး တည်ကြည်သည်က အတော်ရှားလေသည်။
သို့သော် ဤသို့အချိန်များ၌လည်း စစ်မှန်တည်ကြည်သည့်ပုံပေါ်နေပြန်သည်။
ဘယ်ဟာက သူ့ပုံစံအစစ်လဲ။
နှစ်ခုစလုံးလား။
ဒါမှမဟုတ် တစ်ခုမှမဟုတ်တာရော ဖြစ်နိုင်နေလား။
သူနှင့် အချိန်အတော်ကြာ ရင်းနှီးလာရသော်လည်း ဤလူကို ရှင်းလင်းစွာ မမြင်နိုင်လေဟု ခံစားလာရသည်။
" ဘာဖြစ်နေတာလဲ။ ကိုယ့်ရဲ့သူရဲကောင်းဆန်မှုကို အံ့သြနေတာလား "
ယဲ့ဖန်သည် စိတ်အားထက်သန်စွာ စကားပြောပြီးနောက် သူသည် ချက်ချင်းလှည့်ပြီး နောက်ပြောင်လိုက်သည်။
ချန်းဖေးအယ်သည် မျက်လုံးများကို မှိတ်လိုက်ပြီး သူမ ခံစားခဲ့ရသည့် လေးစားမှု အရိပ်အယောင်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။
ယဲ့ဖန်သည် သူမကို ဆက်လက်စနောက်တော့ပေ။
ထိုအစား ဆက်၍ 'လမ်းလျှောက်'နေခဲ့သည်။
ဤနီရှီဒီဝါဆိုသည့်နေရာသည် ရတနာမြေဟု ဆိုရပေမည်။
နက်နဲသောစကန်ဖတ် စစ်ဆေးခြင်း၏အကူအညီဖြင့် ယဲ့ဖန်၏ ရှာဖွေမှုသည် 'အတော်ပင် အထွက်များသော'ရိတ်သိမ်းမှုအဖြစ် ဖော်ပြနိုင်သည်။
သူ စုဆောင်းရရှိလိုက်သော ရှေးဟောင်းပစ္စည်းအနည်းငယ်သည် စုတ်တံဆေးခွက်ကဲ့သို့ တန်ဖိုးအလွန်မကြီးသော်လည်း အရေအတွက်အားဖြင့် များပြားသည်။
တစ်နာရီအတွင်း၌ ရှေးဟောင်းပစ္စည်း ရှစ်ခုမှ ကိုးခုထိ စုဆောင်းနိုင်ခဲ့သည်။
ဤရှေးဟောင်းပစ္စည်းများသည် အများအားဖြင့် အပေါစားလူများ၏ လက်ထဲ၌ အသုံးမဝင်ဖြစ်နေသည်။
ပစ္စည်းများကို ချောင်ထိုးထားကြသူများရှိသလို ဂိုဒေါင်ထဲ၌ အချိန်အတော်ကြာ ပစ်ချကြသူများလည်း ရှိလေသည်။
ထိုလူများနှင့် ဆက်ဆံပြောဆိုရသည့်အခါ ယဲ့ဖန်သည် ယခင်က တွေ့ခဲ့သော အဘွားအိုနှင့်တုန်းကကဲ့သို့ မရိုးသားတော့ချေ။
သူသည် 'အမြတ်ကြီးစားသူ'၏ မျက်နှာကိုပြသခဲ့သည်။
ရိုးရှင်းသော တွက်ချက်မှုအပြီးတွင် အဆိုပါ ရှစ်ခု သို့မဟုတ် ကိုးခုသော ရှေးဟောင်းပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးမှာ တရုတ်ယွမ်ငွေ ၁၀သန်းကျော် ဖြစ်လေသည်။
ထိုပစ္စည်းများကို ဝယ်ရန် ၁သန်းလောက်ပင် မသုံးလိုက်ရ၍ အမြတ်ငွေမှာ ဆယ်ဆထက်မကပေ။
ချန်းဖေးအယ်သည် သူ့နောက်မှ လိုက်ရင်းဖြင့် ပိုက်ဆံကောက်ရသည်ဆိုသည်မှာ ဘာကိုဆိုလိုသည်မှန်း နောက်ဆုံး၌ သိလိုက်ရသည်။
မဟုတ်ဘူး၊ ဒါက ပိုက်ဆံကောက်တာထက်တောင် ပိုလွယ်သေးတယ်။
ပိုက်ဆံလုနေတာလို့တောင် ပြောလို့ရတယ် မဟုတ်လား။
ယဲ့ဖန်အတွက် ငွေရှာခြင်းသည် ကိတ်မုန့်တစ်ခု စားခြင်းလောက် လွယ်ကူသည်ဖြစ်သောကြောင့် သူသည် ဤမျှ ငယ်ရွယ်စဉ်တွင်ပင် ဘီလီယံရာနှင့်ချီသော ပိုင်ဆိုင်မှုများ ရှာနိုင်သည့် အကြောင်းအရင်းကို သူမ နားလည်လာတော့သည်။
ဒီလိုယောက်ျားမျိုးနဲ့ လက်ထပ်လိုက်ရင် ပိုက်ဆံအတွက် စိတ်ပူစရာ မလိုတော့ဘူး။
ဟမ်။
ငါ ဘာလို့ ဒီလိုကြီး တွေးမိနေတာပါလိမ့်။
သူမ စိတ်ထဲ၌ ယောက်ယက်ခတ်နေသော အတွေးများကို လျင်မြန်စွာ စွန့်ပစ်လိုက်ပြီး ယဲ့ဖန်နောက်သို့ လိုက်သွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မွန်းတည့်နေပြီဖြစ်သည်။
ထို့ကြောင့် နှစ်ယောက်လုံး အနည်းငယ် ဗိုက်ဆာလာကြသည်။
ယဲ့ဖန်သည် ချင်မင်းဆက်မှ ရှူဆေးဘူးကို ရပြီးနောက် ချန်းဖေးအယ်နှင့်အတူ တစ်ခုခုစားရန် ထွက်ခွာတော့မည် ဖြစ်သည်။
သို့သော် ထိုအခိုက်အတန့်၌ သူသည် ခြေလှမ်းကို ရပ်တန့်ကာ သူတို့ဘေးရှိ ခြံဝင်းကို လှမ်းကြည့်လိုက်သည်။
ထိုခြံဝင်းသည် အလွန်ဟောင်းနွမ်းနေသော်လည်း အတော်ပင် ကျယ်လေသည်။
တံခါးမှာလည်း အခြားခြံဝင်းများထက် အများကြီး ပိုမြင့်လေသည်။
တစ်ချိန်က ချမ်းသာသည့်မိသားစု ဖြစ်ရပေမည်။
သို့သော် ယဲ့ဖန်သည် ထိုကိစ္စကို လုံးဝ ဂရုမစိုက်ပေ။
သူ့အာရုံကို အမှန်တကယ် ဖမ်းစားလိုက်နိုင်သည်မှာ ခြံဝင်းထဲရှိ ရှေးဟောင်းပစ္စည်းတစ်ခု ဖြစ်လေသည်။
ထိုပစ္စည်း၏ တန်ဖိုးသည် ယခင်က စုတ်တံဆေးခွက်ထက် များစွာ ကျော်လွန်နေသည်။
နှိုင်းယှဉ်၍ပင် မရနိုင်ပေ။
ယဲ့ဖန် ရပ်သွားသည်ကို မြင်ပြီးနောက် ချန်းဖေးအယ်မှ သိချင်စိတ်ကြောင့် မေးလိုက်သည်။
" အခုကရော ဘာလဲ "
" ကိုယ် နည်းနည်း ရေငတ်နေပြန်ပြီ "
ယဲ့ဖန် သူ့ရှေ့မှ ခြံဝင်းကို စိုက်ကြည့်နေသည်။
ထို့ကြောင့် သူ မတတ်နိုင်ဘဲ ရေငတ်သလို နှုတ်ခမ်းကို သပ်လိုက်မိသည်။
ချန်းဖေးအယ်သည် ထိုစကားကို ကြားသောအခါ သူမ လဲကျမတတ် ဖြစ်သွားခဲ့သည်။
ဒီတစ်ယောက် ဒီထက် ပိုကောင်းတဲ့အကြောင်းပြချက်ကို ရှာမတွေ့နိုင်ဘူးလား။
အစောကအိမ်များကို သွားစဉ်ကလည်း ဤအကြောင်းပြချက်ကိုသာ ထပ်တလဲလဲ သူသုံးခဲ့သည်။
ရေတစ်ခွက်တောင်းသောက်ပြီးတိုင်း ရှေးဟောင်းပစ္စည်းတစ်ခု ယူသွားမြဲဖြစ်သည်။
ဤသည်မှာ ပုံသေတစ်ခုပင် ဖြစ်လာနေသည်။
ရေထပ်တောင်းတော့မည်ကို သူမ ကြားလိုက်သည့်အခါ ရှေးဟောင်းပစ္စည်း ထပ်ရှိလာတော့မည်ဆိုတာ သိလိုက်လေသည်။
သို့သော် သူမ တကယ်ပင် နားမလည်နိုင်သည့် အရာတစ်ခုရှိနေသည်။
ဘာလို့ ယဲ့ဖန်သွားတဲ့ လူတိုင်းရဲ့ အိမ်တွေထဲမှာ ရှေးဟောင်းပစ္စည်းတွေ ရှိနေရတာလဲ။
သူ့မှာ ရှေးဟောင်းပစ္စည်းရှာတဲ့စက်ကို ခန္ဓာကိုယ်ထဲမှာ အထူးတလည် တပ်ဆင်ထားလို့လား။
သေနတ်ပစ်သည့်အတိုင်း ပစ်မှတ်တိုင်းကို ထိမှန်နေသည်။
သို့သော် ဤသို့စနစ်မျိုး အမှန်တကယ်ပင် ရှိနိုင်ရဲ့လား သူမ မသိပေ။
နီရှီဒီဝါအကြောင်း သူမမှ စတင် ပြောပြခဲ့သည်ဆိုတာ မဟုတ်ပါက ယဲ့ဖန်သည် ဤနေရာမှ လူများဖြင့် ပေါင်းကာ သူမကို တမင်တကာ လှည့်စားနေသည်ဟု သံသယဖြစ်မိလိမ့်မည်။
သူမ သက်ပြင်းချနေစဉ် ယဲ့ဖန်မှ တံခါးကို ခေါက်နေပြီးဖြစ်သည်။
သို့သော် ဤတစ်ခါ ပိုင်ရှင်၏ စိတ်ထားမှာ သိပ်ကောင်းပုံမရပေ။
တံခါးကို တွန်းဖွင့်လိုက်သည်နှင့် အထဲမှ စူးရှသော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်။
" ဘာတွေလာပြီး တံခါးကို ခေါက်နေတာလဲ။ တစ်ခုခု မှားနေတာလား "
သူမ ပြောပြီးသည်နှင့် တပြိုင်နက် မျက်နှာပေါ်၌ တင်းမာသောအမူအရာဖြင့် အမျိုးသမီးတစ်ဦး ထွက်လာသည်။
ထိုအမျိုးသမီးသည် အသက်လေးဆယ်ကျော်အရွယ်ရှိပြီး ဈေးပေါသော အိမ်နေရင်းအဝတ်အစားများကို ၀တ်ဆင်ထားသည်။
သူမအင်္ကျီ၏ တံတောင်ဆစ်နှင့် ဒူးများသည် အလွန်ဟောင်းနွမ်းနေကာ ပြဲနေခဲ့သည်။
" မင်္ဂလာပါ၊ ကျွန်တော်တို့က ဒီနေရာကို လာပြီး လည်ပတ်တာပါ။ ဒီလိုနဲ့ နည်းနည်း ရေဆာလာလို့ ဒီက ရေတစ်ခွက်ရနိုင်မလားလို့ပါ "
ယဲ့ဖန်သည် ယခင်က အကြိမ်များစွာ ပြောခဲ့ပြီးသာ ထပ်ပြောခဲ့သည်။
သူတို့၏ ယခင်အတွေ့အကြုံများအရ အိမ်ရှင်သည် သူတို့ကို ဝင်ခွင့်ပြုပြီး သောက်ရန် ရေတစ်ခွက် ပေးလေ့ရှိသည်။
သို့သော် ဤတစ်ကြိမ်၌ ခက်ထန်သည့် လူစားမျိုးနှင့် ကြုံတွေ့ရလေသည်။
ထိုအမျိုးသမီးက သူတို့ကို စိုက်ကြည့်နေသည်။
" ဘာရေလဲ။ ရေတစ်ပုလင်းလောက်တောင် မတတ်နိုင်လောက်အောင် ဆင်းရဲနေတာလား "
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၃၂ )
လူပြိန်းက ကိုယ့်နေရာကိုယ်သိ
ယဲ့ဖန် ကြောင်အစွာ ပြုံးလိုက်သည်။
" စူပါမားကတ်က ရေတွေက ...... မသန့်ဘူးမလို့ မသွားတာပါ။ မပူပါနဲ့ .. ပိုက်ဆံပေးမှာပါ "
ထိုအမျိုးသမီးသည် စကား၏ ပထမတစ်ဝက်ကို ကြားသောအခါ မျက်လုံးများပြူးသွားပြီး ထပ်ဆဲတော့မည် ဖြစ်သည်။
သို့သော် သူမသည် စကား၏ ဒုတိယတစ်ဝက်ကို ကြားပြီးနောက် ပြောချင်သည့်စကားများကိုပင် မြိုချလိုက်သည်။
" နင် ပိုက်ဆံပေးမှာ ဟုတ်တယ်မလား။ ဒါဆို တစ်ခါတည်းရှင်းအောင် ပြောထားလိုက်မယ်။ တစ်ခွက်ကို ယန်း ၁၀ ပဲ "
ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။
" ရပါတယ်။ ပြဿနာမရှိပါဘူး "
" ငါ့ကို ပိုက်ဆံအရင်ပေး "
ထိုအမျိုးသမီးသည် သူတို့ကို ချက်ချင်း ဝင်ခွင့်မပေးချေ။
ထိုအစား သူမ၏လက်ကို ဆန့်ထုတ်လိုက်သည်။
ယဲ့ဖန်သည် အကူအညီမဲ့သွားရတော့သည်။
သူ့အိတ်ကပ်ထဲမှ ယန်းတစ်ရာတန် ငွေစက္ကူကို ထုတ်လိုက်ခဲ့သည်။
" ကျွန်တော့်မှာ ငွေအကြွေမရှိဘူး။ ကျန်တာ အကုန်ယူလိုက်နိုင်ပါတယ် "
ထိုမိန်းမသည် နောက်ဆုံး၌ အတင်းပြုံးပြလိုက်သည်။
" အထဲဝင်ကြ "
သူတို့နှစ်ယောက်သား ချက်ချင်းပင် ထိုမိန်းမအနောက်ကို လိုက်သွားကြသည်။
တံခါးမှ အထဲသို့ ဝင်လိုက်သည်နှင့် ထိုအမျိုးသမီးသည် သူမ၏ အသံကုန်ဖြင့် ဆက်လက် ကျိန်ဆဲနေသည်ကို ကြားလိုက်ရသည်။
" တစ်ယောက်ယောက်က ရေတောင်းနေတာ မကြားဘူးလား။ ငါကိုယ်တိုင် ခပ်ပေးရမှာလား "
သူတို့နှစ်ယောက် အသံအော်ရာကို လှမ်းကြည့်လိုက်သည့်အခါ အိမ်ဝင်းထဲ၌ ဖင်ထောင်ပြီး အဝတ်လျှော်နေသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။
ထိုအမျိုးသမီး၏ ပြစ်တင်ရှုတ်ချသံကို ကြားပြီးနောက် ထိုအမျိုးသားသည် ရုတ်တရက် တုန်လှုပ်သွားပြီး ရေခပ်ရန် အခန်းထဲသို့ အမြန်ဝင်သွားခဲ့သည်။
သူ့ကြည့်ရသည်မှာ ဝံပုလွေတစ်ကောင်နှင့် တွေ့သွားသလိုဖြစ်နေသည်။
" အလကားပဲ၊ အသုံးဝင်တဲ့ သုတ်ပိုးတွေ ပေးတာကလွဲရင် ရှင့်ဘဝမှာ ဘာအသုံးကျတာတွေရှိလဲဆိုတာတောင် တကယ် မသိတော့ဘူး။ အဲ့ဒီတုန်းက ကျွန်မ တကယ် မျက်စိကန်းနေခဲ့တာ ဖြစ်ရမယ်။ ရှင့်လို အမှိုက်တစ်ကို ဘာလို့ လိုချင်ခဲ့ရတာလဲ .... "
ထိုမိန်းမမှ ပြောနေသည့် စကားများသည် လှောင်နေရုံသာမက အလွန်ပင် ကြမ်းတမ်းလှလေသည်။
ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
သူတို့သည် ပြောစရာစကားပင် မဲ့နေခဲ့ကြသည်။
ဂျပန်အမျိုးသမီးများသည် နူးညံ့သိမ်မွေ့ပြီး သီလရှိကာ ခင်ပွန်းသည်ကို နာခံတတ်သည်ဟု မည်သူက ပြောခဲ့သည်ကို မသိတော့ပေ။
ထိုယောက်ျားသည် ရေနှစ်ခွက်နှင့် အမြန်ထွက်လာပြီး ထိုမိန်းမကို ဂရုတစိုက် ပေးလိုက်သည်။
ထိုအမျိုးသမီးသည် သူ့ကို စိုက်ကြည့်လိုက်သည်။
" ဘာလို့ ကျွန်မကို ပေးနေတာလဲ။ သူတို့ကို ပေးလိုက် "
ထိုလူသည် ပြုံးရင်း ခေါင်းညိတ်ပြပြီး ဦးညွှတ်လိုက်သည်။
ထို့နောက် ရေနှစ်ခွက်ကို ယဲ့ဖန်တို့ နှစ်ယောက်ကို ပေးလိုက်သည်။
သူတို့နှစ်ယောက် ရေကိုယူလိုက်သည်။
ချန်းဖေးအယ် ကျေးဇူးတင်၍ မဆုံးခင်မှာ ထိုအမျိုးသမီးက ဆက်အော်နေသည်ကို ကြားလိုက်ရသည်။
" မြန်မြန်သောက်၊ သောက်ပြီးရင် သွား "
ယဲ့ဖန် ရှက်ရွံ့စွာ ပြုံးလိုက်သည်။
သို့သော် သူ့ကိုယ်သူ ထိုမိန်းမ အဆင့်အတန်းနှင့်ညှိကာ ပြန်ရန်မဖြစ်ပေ။
ရေသောက်ပြီး လှည့်ပတ်ကြည့်လိုက်သည်။
" ဘာကြည့်နေတာလဲ "
ထိုမိန်းမက သတိနှင့် မေးလိုက်သည်။
" သူခိုးခိုးဖို့ ဒီနေရာကို လိုက်ရှာနေတာလား "
" နင်တို့မျက်နှာကို ငါ မှတ်မိတယ်။ ငါ့အိမ်က တစ်ခုခု ပျောက်သွားရင် နင်တို့ကို ဖမ်းဖို့ ရဲကို ဖုန်းဆက်လိုက်မယ် "
ယဲ့ဖန်သည် နံစော်နေသော ခြေအိတ်တစ်ဖက်ကို ရှာပြီး ထိုအမျိုးသမီး၏ ပါးစပ်ထဲသို့ ထည့်လိုက်ချင်သည်။
သူမကို တစ်စုံတစ်ခု မလုပ်လိုက်ရပါက စိတ်မသက်မသာဖြစ်မိသလို ခံစားရသည်။
သို့သော် တန်ဖိုးမဖြတ်နိုင်သော ရတနာအတွက် ယဲ့ဖန် ခံနိုင်ရည်ရှိရန် လိုအပ်သည်။
" ဒီအနံ့က ဘာလဲ "
ယဲ့ဖန် အနံ့ရှူသလိုလုပ်ပြီး ထိုအမျိုးသမီးကို လှည့်ကြည့်လိုက်သည်။
" ဘာအနံ့လဲ "
ထိုအမျိုးသမီးသည် သူ့ကို မကျေမနပ် စိုက်ကြည့်နေသည်။
" အသီးအရွက်ကို အချဉ်ဖောက်ထားတဲ့အနံ့ သင်းသင်းလေးနဲ့ အနံ့က တော်တော်ကို မွှေးတာပဲ "
ယဲ့ဖန်သည် အမှိုက်များသိမ်းဆည်းထားသည့် အခန်းကို ဖျတ်ခနဲ ကြည့်လိုက်သည်။
" ဒါက ငါ့မိသားစုရဲ့နည်းနဲ့ အချဉ်ဖောက်ထားတဲ့ အသီးအရွက်တွေ။ မင်းတို့ ရက်အနည်းငယ်ကြာရင် စားလို့ရပြီ "
ထိုလူသည် ရုတ်တရက် သူ့မျက်နှာပေါ်၌ ဂုဏ်ယူသော အမူအရာဖြင့် အားမွေးကာ ကြားဖြတ်၍ ဝင်ပြောသည်။
ဤအချဉ်ဖောက်ထားသောဟင်းရွက်သည် သူ ယုံကြည်ချက်ရှိနိုင်သော အရာအနည်းငယ်ထဲမှတစ်ခု ဖြစ်နိုင်သည်။
သို့သော် သူ့ကို ကြိုဆိုနေသည့်အရာမှာ ထိုအမျိုးသမီး၏ ဒေါသအမျက် တောက်လောင်နေသည့် အကြည့်ဖြစ်သည်။
" ရှင် စကားအရမ်းပြောတာပဲ "
ထိုလူမှာ ခေါင်းငုံ့ပြီး စကားပြန်မပြောရဲတော့ပေ။
ယဲ့ဖန် စိတ်ဝင်စားဟန်ဆောင်လိုက်သည်။
" ခင်ဗျားရဲ့ အချဉ်ဖောက်ထားတဲ့ အသီးအရွက်တွေကို ကြည့်လို့ရမလား။ အနံ့က အရမ်းကောင်းတာပဲ "
ထိုအမျိုးသမီးမှ ယဲ့ဖန်ကို စိုက်ကြည့်နေသည်။
" နင် ဘာလို့ ဒီလောက်တောင် အများကြီးပြောနေတာလဲ။ ရေသောက်လို့ ပြီးပြီလား။ သောက်ပြီးရင် ထွက်သွား "
အိမ်ပိုင်ရှင်ယောက်ျားမှ ထပ်ပြီး နှောင့်ယှက်လိုက်သည်။
" သူတို့ကို ပေးကြည့်လိုက်ရအောင်ပါ။ သိပ်ကြာမှာ မဟုတ်ပါဘူး "
သူသည် ယဲ့ဖန်တို့အား ကြွားချင်နေပြီး ထိူမှတစ်ဆင့် ယောက်ျားတစ်ယောက်အနေဖြင့် ယုံကြည်မှုအချို့ ပြန်လည်ရရှိရန် လုပ်ချင်နေပုံရသည်။
ထိုအမျိုးသမီးသည် သူ့ကို အေးစက်စွာကြည့်လိုက်သည်။
" ရှင်ကများ ဒီမှာ ပြောပိုင်ခွင့်ရှိတယ်ထင်လို့လား။ အဝတ်က လျှော်ပြီးပြီမလို့လား "
ထိုလူသည်လည်း ရွေးချယ်စရာ မရှိတော့ဘဲ ဇလုံဆီသို့ လမ်းလျှောက်ပြီး အဝတ်ကို ဆက်လျှော်ရတော့သည်။
ယဲ့ဖန် မတတ်နိုင်ဘဲ ထိုအမျိုးသမီးကို အမှန်တကယ်ပင် လေးစားမိသည်။
ဒီလူကို ခွေးလို နာခံတတ်အောင် သူမ ဘယ်လို လေ့ကျင့်ပေးခဲ့တာလဲ။
" အထင်မလွဲပါနဲ့။ ကျွန်တော်က သိချင်တော့ ကြည့်ချင်လို့ပါ "
ယဲ့ဖန် စကားပြောနေစဉ်တွင် အိတ်ကပ်ထဲမှ ငွေစက္ကူ နှစ်ရွက်ကို ထုတ်ယူလိုက်သည်။
အမျိုးသမီး၏ မျက်လုံးများ တောက်ပလာသည်။
သူမသည် အပြေးပြိုင်ပွဲဝင်သည့် အရှိန်ဖြင့် ပြေးလာပြီး ငွေစက္ကူနှစ်ရွက်ကို သူ့လက်ထဲမှ လုယူလိုက်သည်။
" ဟားဟားဟား၊ သူဌေးတွေရဲ့ ဝါသနာက တကယ်ကို ထူးဆန်းတာပဲ။ ဟင်းသီး ဟင်းရွက် အချဉ်ဖောက်ထားတာက ဘာကောင်းလို့လဲ "
အမျိုးသမီးက ငွေအစစ် ဟုတ်မဟုတ်ကို စစ်ဆေးပြီးနောက် သိုလှောင်ခန်းတံခါးကို ဖွင့်လိုက်သည်။
သိုလှောင်ခန်းထဲ၌ အမှိုက်မျိုးစုံနှင့် ပြည့်နေသည်။
တံခါးကို ဖွင့်လိုက်ပြီးနောက် ဖုန်မှုန့်များ နေရာအနှံ့ ပျံ့သွားတော့သည်။
ယဲ့ဖန်နှင့် ချန်းဖေးအယ်သည် ဖုန်မှုန့်များကို အမြန်ခါထုတ်လိုက်သည်။
ထိုအခါမှ အတွင်းရှိမြင်ကွင်းကို ရှင်းလင်းစွာ မြင်သွားကြသည်။
သိုလှောင်ခန်း၏ ထောင့်တွင် ကြီးမားသော အိုးကြီးတစ်လုံး ရှိနေသည်။
ထိုအိုးကြီးသည် ၇၀စင်တီမီတာ (၂ပေကျော်)ခန့်မြင့်ပြီး အိုး၏ကိုယ်ထည်၌ တိမ်ပင်လယ်ပြင်မှ နဂါးအပြာနှင့်အဖြူရောင်ပုံစံ ခြယ်သထားသည်။
ချန်းဖေးအယ်၏ အမြင်အရ ဤအိုးသည် သိပ်၍မလှပါချေ။
ယဲ့ဖန် ယခင်က ရရှိခဲ့သော စုတ်တံဆေးခွက်ထက် များစွာ အရည်အသွေးနိမ့်ပုံရသည်။
သို့သော် နက်နဲသော စကန်ဖတ်စစ်ဆေးမှုမှ သူ့ကို အဖြေပေးပြီးသား ဖြစ်သောကြောင့် ယဲ့ဖန်မှာတော့ စိတ်လှုပ်ရှားနေသည်။
[ ချင်ကျားချင်းခေတ်မှ နဂါးပုံ အပြာနှင့် အဖြူထည် အိုး။ အစစ်အမှန်ဖြစ်သည်ဟု အကဲဖြတ်ပါသည်။ စနစ်မှ ခန့်မှန်းတန်ဖိုးငွေ - တရုတ်ယွမ် သန်း ၇၀ ]
ယွမ် သန်း၇၀တန် ရှေးဟောင်းပစ္စည်းကြီးကို ဟင်းသီးဟင်းရွက် အချဉ်ဖောက်ရန် သုံးနေသည့် ဤထူးဆန်းသောစုံတွဲသည် ကောင်းကင်ဘုံရတနာကို အမှန်တကယ် ဖြုန်းတီးနေခြင်းသာ ဖြစ်သည်။
သူ မတတ်နိုင်ဘဲ ဤတရုတ်နိုင်ငံရတနာများ၏ ကံကြမ္မာအတွက် သက်ပြင်းချမိသည်။
ထားလိုက်ပါ။ ငါလည်း ငါတတ်နိုင်သမျှ လုပ်ရမှာပေါ့။
" မြင်ပြီးပြီလား၊ လုံလောက်ပြီဆိုရင် မြန်မြန်ထပြီး ထွက်သွား"
ထိုအမျိုးသမီးသည် ယဲ့ဖန်မှ အိုးကို စိုက်ကြည့်နေသည်အား မြင်ပြီး ချက်ချင်းပင် သူ့ကို တိုက်တွန်းလိုက်သည်။
ယဲ့ဖန် အာရုံပြန်ကပ်လာပြီး သူမကို ပြုံးပြလိုက်သည်။
" ဒီအိုးကို ရောင်းမလားလို့ မေးလို့ရမလား "
အမျိုးသမီး၏ အမူအရာသည် ချက်ချင်းပင် သုန်မှုန်သွားသည်။
သူမ တုံ့ပြန်မှုမပြုမီ စက္ကန့်အနည်းငယ်ကြာ အံ့အားသင့်သွားခဲ့သည်။
" နင် ရူးနေလား။ တခြားသူရဲ့၏ ဟင်းရွက်ချဉ်အိုးကို ဘယ်သူက ဝယ်မှာလဲ "
ယဲ့ဖန်သည် ခြောက်ကပ်စွာ ချောင်းဆိုးလိုက်သည်။
" အဲ့တာ အိုးကိုတော့ မဝယ်ချင်ပါဘူး။ ဟင်းရွက်ချဉ်ကို ဝယ်ချင်တာ။ ဒါပေမဲ့ သယ်ရလွယ်အောင် အိုးလည်း တစ်ခါတည်း ဝယ်လိုက်လို့ရတယ် "
ယဲ့ဖန်သည် အကြောင်းပြချက်တစ်ခုကို ဖန်တီးခဲ့သည်။
အကယ်၍ သူသည် အိုးကို ဝယ်မည်ဆိုလျှင် အနည်းငယ် ရုတ်ခြည်းဖြစ်နေမည်မှာ အမှန်ပင် ဖြစ်လေသည်။
ထိုမိန်းမကလည်း သူ့ကို ချက်ချင်း သဘောမတူချေ။
ထိုအစား သူမသည် သူ့ကို အချိန်အတော်ကြာ စိုက်ကြည့်နေသည်။
" ဘယ်လောက်ပေးနိုင်လဲ "
ယဲ့ဖန် ပြုံးလိုက်သည်။
" ဒါဆို ခင်ဗျားကလည်း ဘယ်လောက်ရောင်းချင်တာလဲဆိုတာ မေးပါရစေ "
ထိုအမျိုးသမီးသည် မျက်လုံးပြူးသွားပြီး မတန်တဆ ဈေးတောင်းလိုက်သည်။
" ဂျပန်ယန်း ၁၀၀၀၀ "
ဂျပန်ယန်း ၁သောင်းသည် တရုတ်ယွမ်ငွေ ၅၀၀ကျော်နှင့် ညီမျှသည်။
ဤအမျိုးသမီးသည် ယန်း ၁၀,၀၀၀နှင့် ရောင်းလိုက်ခြင်းက ပိုက်ဆံအများကြီး ရလိုက်သည်ဟု ခံစားရခြင်း ဖြစ်နိုင်သည်။
သို့သော် ယဲ့ဖန် ကြားလိုက်သောအခါ သူ ကျယ်လောင်စွာ ရယ်လိုက်မိသည်။
ယွမ်သန်း၇၀ကျော် တန်ကြေးရှိသည့် ခမ်းနားလှသော ရှေးဟောင်းပစ္စည်းကြီးကို ယွမ် ၅၀၀နှင့် ဝယ်လို့ရမည့်အပြင် ဟင်းရွက်ချဉ်ပင် အပိုပါသေးသည်။
ယနေ့ သူသည် ရှေးဟောင်းပစ္စည်းများစွာကို ကောက်ယူခဲ့သော်လည်း ဤအရာသည် အကြီးမားဆုံးဖြစ်သည်မှာ သေချာသည်။
သူ သဘောမတူခင်၌ ဤကိစ္စကို စဉ်းစားရန်ပင် မလိုချေ။
သို့သော် ထိုအချိန်တွင် ကျောရိုးမရှိသော အိမ်ပိုင်ရှင်အမျိုးသားသည် ရုတ်တရက် ပြေးလာသည်။
" မရောင်းနိုင်ဘူး၊ မင်းတို့စီ ဒီအိုးကို မရောင်းနိုင်ဘူး "
အိမ်ရှင်အမျိုးသမီးမှ ချက်ချင်း သူ့ကို စိုက်ကြည့်သည်။
" ပါးစပ်ပိတ်ထား။ ရှင့်လိုလူက ဒီမှာ ပြောပိုင်ခွင့် မရှိဘူး "
ယခင်အခြေအနေသာဖြစ်ပါက ဤလူသည် ချက်ချင်းပင် ညှိုးငယ်သွားသင့်သည်။
သို့သော် ဤတစ်ခါ၌ မတူတော့ချေ။
သူသည် နောက်ဆုတ်မသွားဘဲ ထိုအစား သူ အိုးအရှေ့၌ ပိတ်ရပ်လိုက်သည်။
" ဒီအိုးကို မင်းတို့စီ တကယ် မရောင်းနိုင်ဘူး "