← Chapters

အခန်း (၁၂၄၅-၁၂၄၈)

Vol. 63 Ch. 1245-1248

အခန်း (၁၂၄၅-၁၂၄၈)

Vol. 63 Ch. 1245-1248

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၄၅ )

မင်းပြောတဲ့ ယဲ့ဖန်ဆိုတာ ငါဖြစ်မယ်

လူအုပ်ကြီးမှာ ချက်ချင်း ရယ်မောလိုက်ကြသည်။

" ဖုမာမိသားစုက ဘာလုပ်လို့လဲ။ အခုလေးတင် ကြွားနေပြီးတော့ သန်း၅၀လေးတောင် မထုတ်နိုင်ဘူးလား "

" အဲ့တာ အထည်ကြီးပျက်ထားတဲ့ မိသားစုလေးနေမှာပေါ့။ ဒီကလေးက မိုက်ချင်ယောင်ဆောင်ပြီးကာမှ တကယ့်ကောင်နဲ့ တွေ့နေပြီ။ ဘယ်လိုအဆုံးသတ်မလဲ ကြည့်ကြတာပေါ့ "

" ကြွားလုံးထုတ်တာရဲ့ အဆိုးဆုံးအရာက နေရာမှာတင် ဘူးပေါ်သလို ပေါ်တာပဲ။ ငါသာဆို ပုန်းနေဖို့ နေရာရှာနေတော့မှာ ....... "

" ဝမရှိဘဲ ဝိမလုပ်သင့်ဘူး "

လူတိုင်း၏ လှောင်ရယ်စကားများ ကြားရသောအခါ ထိုလူငယ်လေး၏ အမူအရာသည် ပို၍ပင် မြင်မကောင်းဖွယ် ဖြစ်လာတော့သည်။

ထိုအချိန် သခင်ကြီးဖုမာက မီးထဲသို့ လောင်စာထည့်ပြန်သည်။

" ဝယ်ပေး၊ ဝယ်ပေး၊ ကားဝယ်ပေး၊ ကားလိုချင်တယ် ..... "

လူငယ်လေးသည် လက်သီးကို ကျစ်ကျစ်ဆုပ်လျက် ထိုအဘိုးအိုကို ထိုးပစ်ချင်နေသည်။

အဘိုးအို၏ တွယ်ကပ်မှုကြောင့် သူ မျက်နှာပျက်နေရပြီဖြစ်သည်။

သို့သော် အဘိုးအို၏ ဂုဏ်ထူးကို တွေးမိပြီးနောက် အဆုံးတွင် ဒေါသကို မြိုသိပါလိုက်ရတော့သည်။

" မတတ်နိုင်ရင် မြန်မြန်လစ်လိုက်တော့။ ဒီမှာ ကိုယ့်အရှက်ကိုယ် ခွဲမနေနဲ့ "

မုတ်ဆိတ်ဖြင့်လူသည် အထင်သေးသည့်အကြည့်ဖြင့် ကြည့်ပြီးနောက် လှည့်ကာ ကားထဲဝင်ရန် လုပ်လိုက်သည်။

ရုတ်တရက် လူအုပ်ထဲမှ အသံတစ်သံထွက်လာသည်။

" ဒါ ပြိုင်ကားလေးတင်မဟုတ်လား။ ဘယ်သူက မတတ်နိုင်ဘူး ပြောနေလို့လဲ "

လူတိုင်းမှ အသံလာရာသို့ လှည့်ကြည့်လိုက်သည့်အခါ ချောမောပြီး ကျက်သရေအပြည့်ရှိသည့် လူငယ်လေးတစ်ဦး ဖြည်းညှင်းစွာ လျှောက်လာသည်ကို တွေ့လိုက်ကြသည်။

တပ်ကူများလား။

လူတိုင်း၏ အကြည့်အောက်တွင် ယဲ့ဖန်သည် အဘိုးအိုစီသို့ ဦးတည်ပြီး အနည်းငယ် ဦးညွတ်လိုက်သည်။

" မင်္ဂလာပါ၊ အဘိုး။ ကျွန်တော်က ယဲ့ဖန်ပါ။ ရှောင်ဝူရဲ့ သူငယ်ချင်းပါ "

ထိုအဘိုးအိုသည် သူ၏ မိတ်ဆက်မှုကို မကြားချင်ယောင်ဆောင်ကာ ဆက်၍ ရေရွတ်နေသည်။

" ကားဝယ်ပေး၊ ကားဝယ်ပေး ..... "

သို့သော် ဘေးမှ လှပသောအမျိုးသမီး၏ မျက်လုံးများမှာ တောက်ပသွားတော့သည်။

" မင်းက ယဲ့ဖန်လား။ ရှောင်ဝူက မင်းအကြောင်းပြောတာ မကြာခဏကြားဖူးတယ်။ ဒီမှာ တွေ့ရမယ်လို့ မထင်ထားဘူး "

ယဲ့ဖန် မတ်မတ်ရပ်ပြီး သူမကို ကြည့်လိုက်သည်။

" ဒီက ဘယ်သူများလဲ "

ထိုလှပသောအမျိုးသမီးသည် အနည်းငယ် ရှက်ရွံ့နေပုံရသည်။

" ငါက ...... ရှောင်ဝူရဲ့ မိထွေး ချီဇူရာ စူဂါဝါရာ "

ယဲ့ဖန်သည် ဖန်းကျန်းဝူမှ သူမအကြောင်း ပြောသည်ကို မှတ်မိလိုက်သည်။

သူမ၏ အဖေသည် သူမ၏ အမေကို စွန့်ပစ်သွားပုံရပြီး ထိုသည်ကြောင့် သူမ၏အဖေကို နှစ်ပေါင်းများစွာ မုန်းတီးနေလေသည်။

သူ့အရှေ့ရှိ အမျိုးသမီးသည် သူမ၏မိထွေး ဖြစ်လေသည်။

ကျန်းဝူရဲ့အဖေက ဒီအမျိုးသမီးကြောင့် သူမအမေကို ပစ်သွားတာလား။

ထိုအမျိုးသမီးသည် အသက်၄၀အရွယ် ရောက်နေပြီဖြစ်သော်လည်း သူမသည် သူမကိုယ်သူမ ကောင်းမွန်စွာ ထိန်းသိမ်းထားလေသည်။

ဆေးပညာနှင့် ခန္ဓာဗေဒကို ကျွမ်းကျင်ပြီး လူတစ်ယောက်၏ အသက်နှင့် ရုပ်ရည်အသွင်အပြင်ကို ခွဲခြားနိုင်ခြင်းမရှိပါက ယဲ့ဖန် သူမကို အသက်၃၀အစောပိုင်းလောက်ဟု ထင်မိလောက်သည်။

သူမသည် အသက်ကြီးနေပြီဖြစ်သော်လည်း မိန်းမတစ်ဦး၏ အသွင်အပြင်မှာ အခုထက်ထိတိုင် သာလွန်နေဆဲဖြစ်သည်။

သူမသည် ငယ်ရွယ်စဉ်က တစ်ရာမှာ တစ်ယောက်သာရှိသည့် အလှမျိုးဖြစ်နိုင်သည်။

ဖန်းကျန်းဝူ၏အဖေသည် သူမအတွက် ဖောက်ပြန်ခဲ့သည်ဆိုပါက အံ့ဩစရာရှိမည် မဟုတ်တော့ပေ။

ထိုအတွေးသည် တခဏတာသာ ဖြတ်သွားသည်။

သို့သော် မျက်နှာပြင်၌ သူ၏ ရိုသေယဉ်ကျေးမှုကို ထိန်းသိမ်းထားဆဲဖြစ်သည်။

" မင်္ဂလာပါ၊ ဖုမာအမျိုးသမီး "

" မင်းက ယဲ့ဖန်လား။ ကြည့်ရတာ သာမန်ပဲ "

ထိုအချိန် ဘေးမှ လူငယ်လေးသည် စကားဝင်ပြောလာပြီး သူ၏လေသံမှ အထင်သေးမှုကို ခံစားမိနိုင်သည်။

သူ၏ ရွံရှာနေမှုကိုပင် ကြားမိလေသည်။

" မင်းပြောတဲ့ ယဲ့ဖန်က ငါပဲဖြစ်မယ်။ မင်းကရော ဘယ်သူလဲ မေးလို့ရမလား "

ယဲ့ဖန် သူ့ကို လှည့်ကြည့်လိုက်ပြီး သူ၏ လေသံမှာ အေးစက်နေသည်။

" ငါ့နာမည်က ဖုမာ ခါဇူဟီကို။ ငါက ဖုမာမိသားစုရဲ့ ...... မျိုးဆက် "

ထိုလူငယ်လေးမှ ချက်ချင်း သူ့နာမည်ကို ပြောလာသည်။

" ဖုမာမိသားရဲ့ မျိုးဆက်လား။ ဒါဆို မျိုးဆက်အစစ်လား၊ မိသားစုခွဲ မျိုးဆက်လား "

ယဲ့ဖန်သည် ထိုလူငယ်လေး၏ စကားလုံးများမှ ဖုံးကွယ်ထားသောအဓိပ္ပာယ်ကို ချက်ချင်း နားလည်လိုက်သည်။

တစ်ဖက်လူသည် မျိုးဆက်အစစ်ဖြစ်ပါက 'ငါက ရှောင်ဝူရဲ့ မောင်' သို့မဟုတ် 'ငါက ဖုမာခေါင်းဆောင်ကြီးရဲ့သား' စသည်ဖြင့် ပြောလာမည်ဖြစ်သည်။

သို့သော် တစ်ဖက်လူသည် ဖုမာမိသားစု၏ မျိုးဆက်ဟုသာ ပြောလာ၍ သူသည် မိသားစုအခွဲမှ ဖြစ်နိုင်ကာ ဖန်းကျန်းဝူဖြင့် ဘာမှမတော်ဆက်လောက်ချေ။

မျှော်လင့်ထားသည့်အတိုင်း ဖုမာ ခါဇူဟီကိုသည် သူ့မေးခွန်းကို ကြားသောအခါ တုန်လှုပ်သွားသည်။

" ဟမ်း၊ ဖုမာမိသားစုက မျိုးဆက်အစစ် ဒါမှမဟုတ် မျိုးဆက်အခွဲတွေကို မကြည့်ဘူး။ အရည်အချင်းကိုပဲ ကြည့်တာ "

သူ၏ စကားများသည် သူ၏နေရာအား ဝန်ခံခြင်းအဖြစ် ယူဆနိုင်သည်။

ယဲ့ဖန်သည် သူ၏ဒဏ်ရာကို ဆက်၍ မတူးဆွတော့ချေ။

" တကယ်ပဲ သခင်လေးခါဇူဟီကိုက အရည်အချင်းရှိတော့ ဒီကိစ္စကို ကောင်းကောင်း ကိုင်တွယ်နိုင်တာပဲ ..... အရာအားလုံးက စနစ်တကျဖြစ်နေတာပဲ ကြည့်လေ "

ယဲ့ဖန်သည် ပြောနေရင်း 'ဖော်ရွေသော'ဟန်ဖြင့် သူ့လက်ကို ဆန့်လိုက်သည်။

ဖုမာ ခါဇူဟီကိုသည် ချက်ချင်းပင် ဒေါသတကြီး ကြည့်လာသည်။

သူ၏ စွမ်းဆောင်မှုသည် 'ရှက်စရာ'ဟူ၍သာ ဖော်ပြနိုင်သည်။

မုတ်ဆိတ်ဖြင့်ယောက်ျား၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရသော်လည်း ချေပနိုင်စွမ်း မရှိပေ။

ယခုအခါ သူ့အား တစ်ဖက်လူမှ သန်မာသည်ဟု ပြောလိုက်သောအခါ အားနည်းသော လူနာကို ညွှန်ပြပြီး "မင်း အရမ်းအစွမ်းထက်တယ်"ဟု ပြောနေသလိုပင် ဖြစ်သည်။

အရှက်တကွဲဖြစ်နေသည်မှာ လူကို သေချင်စိတ်ပါပေါ်စေနိုင်သည်။

ယဲ့ဖန်မှလက်ကို ဆန့်တန်းထားသည်ကို ကြည့်ရင်း သူ၏ စိတ်ထဲတွင် လှောင်ရယ်နေသည်။

ယဲ့ဖန်ကို မမေ့နိုင်သော သင်ခန်းစာတစ်ခု ပေးရန် သူ ပြင်ဆင်နေခဲ့သည်။

ထို့ကြောင့် သူ ချက်ချင်း လက်ပြန်ဆွဲလိုက်သည်။

" ဒါပေါ့ ...... "

ဖုမာ ခါဇူဟီကိုသည် ယဲ့ဖန် ကို အရှက်ရစေချင်ခဲ့သည်။

သို့သော် ယဲ့ဖန်လက်ကို ဆုပ်ကိုင်လိုက်သည့်အခါ သူ့ဘက်မှ ခွန်အားတစ်စုံတစ်ရာ မထုတ်နိုင်ခင်မှာပင် သူ့လက်ဖဝါးမှ ပြင်းယထန်စွာ ထွက်ပေါ်လာသည့် စွမ်းအားတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။

လက်တုံ့ပြန်ရန် ကြိုးပမ်းကာ သူ၏ ခွန်အားကို အကြိမ်ကြိမ် တိုးမြှင့်ခဲ့သော်လည်း တစ်ဖက်လူမှ လွယ်ကူစွာ ချေမှုန်းခြင်းကို ခံခဲ့ရသည်။

သိပ်မကြာမီမှာပင် သူ၏မျက်နှာသည် ဝက်အသည်းကဲ့သို့ နီရဲလာသည်။

သူ့လက်ထဲမှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။

သူ လက်ကို ဆက်မကိုင်နိုင်တော့ဘဲ အော်ပစ်လိုက်ချိန်မှာပင် ယဲ့ဖန်မှ ရုတ်တရက် သူ့လက်ကို လွှတ်လိုက်သည်။

ဤကြောက်စရာကောင်းသော စွမ်းအားသည် သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။

ယဲ့ဖန်မျက်နှာပေါ်မှ အန္တရာယ်ကင်းသော အပြုံးကို ကြည့်လျက် ဖုမာ ခါဇူဟီကို ကြောက်ရွံ့မှုတစ်ခုကို ခံစားခဲ့ရသည်။

ဤကလေးသည် ဖန်းကျန်းဝူကို လုံးလုံးလျားလျား အနိုင်ယူနိုင်ခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

ကိုင်တွယ်ရတာ မလွယ်လောက်ဘူး။

ဘေး၌ရပ်နေသည့် ချီဇူရူ စူဂါဝါရာသည် ထိုမြင်ကွင်းကို သတိပြုမိပြီး သူမ၏ မျက်လုံးတွေထဲ၌ ထိတ်လန့်မှုများ ပေါ်လာသည်။

ဖုမာ ခါဇူဟီကိုသည် ဖုမာမိသားစု၏ မျိုးဆက်သစ်လူငယ်များကြားတွင် ထိပ်တန်းပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး ဖြစ်သည်။

သူသည် ငယ်ရွယ်စဉ်ကတည်းကပင် မင်ကျင်းကျင့်စဉ်၏ နောက်ဆုံးပိုင်းအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။

မျိုးဆက်သစ်များထဲတွင် ဖုမာ ကျန်းဝူကသာ သူ့ကို နှိမ်နင်းနိုင်သည်။

မဟုတ်ပါက သူသည် မိသားစုအခွဲမှ မွေးဖွားလာသူဖြစ်၍ သခင်ကြီးဖုမာနှင့် ဆက်ဆံရန် အခွင့်အရေးရှိမည် မဟုတ်ပေ။

သို့သော် မိသားစုထဲမှ အထူးချွန်ဆုံးတပည့်သည် ယဲ့ဖန်နှင့် ပထမတိုက်ပွဲတွင် ကြီးမားသောဆုံးရှုံးမှုကို ခံလိုက်ရကြောင်း သူမ ရှင်းလင်းစွာ မြင်လိုက်သည်။

အသက်အရွယ်ကို ကြည့်ပါက ယဲ့ဖန်သည် ဖုမာ ခါဇူဟီကိုထက် နှစ်နှစ်လောက် ငယ်ပုံရသည်။

ဒီကောင်လေးက ဒီအရွယ်နဲ့ ဒီလို ခွန်အားတွေ တကယ် ရှိတာလား။

ရှောင်ဝူက သူ့ကို မမေ့နိုင်တာ မဆန်းပါဘူး။

သူက တကယ်ကို ထူးခြားတာပဲ။

ထိုချိန်ဆချက် ရေလှိုင်းများ ပြင်းထန်းနေချိန် မုတ်ဆိတ်ဖြင့်လူက ရုတ်တရက် စကားပြောလာသည်။

" ကောင်လေး၊ မင်းအခု ဘာပြောလိုက်တာလဲ။ မင်းက ငါ့ရဲ့ပြိုင်ကားကို ဝယ်ချင်တယ်လို့ ပြောလိုက်တာလား "

သူ့စကားများသည် ယဲ့ဖန်ကို ဦးတည်နေသည်မှာ ထင်ရှားလေသည်။

လူတိုင်းမှ တစ်ချက် ကြည့်လိုက်ကြသည်။

ယဲ့ဖန်ကတော့ သူ့ကို လျစ်လျူရှုပြီး ချီဇူရူ စူဂါဝါရာဘက် လှည့်လိုက်သည်။

" ဖုမာအမျိုးသမီး၊ သခင်ကြီးက ဘယ်လိုအခြေအနေဖြစ်တာလဲ "

ချီဇူရူ စူဂါဝါရာ သက်ပြင်းချလိုက်သည်။

" အဲ့ဒီတုန်းက အဖေ့ရဲ့ ကိုယ်ခံပညာ လေ့ကျင့်မှုမှာ တစ်ခုခု မှားယွင်းသွားပြီး သူ့ဦးနှောက်ကို အတော်လေး ပျက်စီးသွားစေခဲ့တာ။ အဲ့တော့ သူ့ရဲ့ ဉာဏ်ရည်က အခု ခြောက်နှစ်အရွယ် ကလေးတစ်ယောက်နဲ့ ညီတယ် "

" ခါဇူဟီကိုက ဒီနေ့ အပန်းဖြေဖို့ အပြင်ကို ထွက်လာချင်တာနဲ့ အဘိုးကိုခေါ်လာတာ။ အဘိုးကြီးက အဲ့ဒီ ပြိုင်ကားကို မြင်ပြီးတော့ ဘာပဲဖြစ်နေနေ ထွက်မသွားဘဲ သူ့အတွက် ဝယ်ပေးဖို့ တောင်းဆိုနေတာလေ "

ယဲ့ဖန် လှည့်ကြည့်လိုက်ပြီး နှာရည်ယိုနေသော ဖုမာ တာကာနိုဆူကဲကို ကြည့်လိုက်သည်။

" အဘိုး ကြိုက်ရင် ဝယ်လိုက်ကြတာပေါ့။ အများကြီး မကုန်ပါဘူး။ အဘိုးကို ပျော်အောင် လုပ်ပေးတာ ကောင်းမယ် "

ချီဇူရူ စူဂါဝါရာ ခါးသီးစွာ ပြုံးလိုက်သည်။

" ငါက စျေးဝယ်ထွက်တာ ရှားတယ်။ အဲ့တာကြောင့် ငါ့ဘဏ်ကတ်ထဲမှာ ပိုက်ဆံအများကြီး မရှိဘူး။ ခါဇူဟီကိုကတော့ ....... "

သူမ၏စကား မဆုံးသေးသော်လည်း အဓိပ္ပါယ်မှာ ရှင်းလေသည်။

ဖုမာ ခါဇူဟီကိုသည် မိသားစုအခွဲမှ ဆင်းသက်လာသူဖြစ်သောကြောင့် ဤမျှများပြားသော ငွေကြေးပမာဏကို မထုတ်နိုင်ပေ။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၄၆ )

မင်းမှာရှိတာ ဒါပဲလား

ဖုမာ ခါဇူဟီကို အနည်းငယ် ရှက်ရွံ့သွားသည်။

" သခင်မ၊ ဒါတွေ သူ့ကိုပြောတော့ ဘာဖြစ်မှာမလို့လဲ။ မသိရင် သူက တတ်နိုင်မှာလား "

ယဲ့ဖန် သူ့ကို ကြည့်လိုက်သည်။

" မင်းမထုတ်နိုင်တာနဲ့။ ငါ မထုတ်နိုင်ဘူးလို့ မဆိုလိုဘူး "

ဖုမာ ခါဇူဟီကို အရှက်ကွဲခြင်းကြောင့် ချက်ချင်း ဒေါသတကြီးဖြစ်သွားသည်။

" မင်းက အဲ့လောက်ပိုက်ဆံ ထုတ်နိုင်တယ်ဆို မဟုတ်တာတွေ ပြောမနေဘဲ ထုတ်လိုက် "

ယဲ့ဖန် သူ၏ အထင်သေးမှုအား လုံးဝ ဖုံးကွယ်မထားပေ။

" မင်းက သူ့မြေးမကို လိုက်ချင်ပြီးတော့ တန်ရာတန်ကြေးကျ မပေးချင်ဘူးလား။ မင်းလုပ်နိုင်တာ ဒါအကုန်ပဲပေါ့ "

ယဲ့ဖန်သည် ပြောနေလျက် လက်မနှင့်လက်ညှိုးကို ဆန့်ထုတ်ကာ တစ်စင်တီမီတာလောက်ခြားကာ အမူအရာလုပ်ပြလိုက်သည်။

ဖုမာ ခါဇူဟီကို တုန်လှုပ်လျက် ဒေါသတဟုန်းဟုန်း ထွက်လာသည်။

" ငါက ရှောင်ဝူကို လိုက်နေတယ်ဆိုတာ မင်း ဘယ်လို ...... "

သူ၏ စကားတစ်ဝက်၌ စကားချော်သွားသည်ကို ရုတ်တရက် နားလည်လိုက်သည်။

ကိုယ့်ပေါင်ကိုယ် လှန်ထောင်းသည့်အဖြစ် ဖြစ်သွားရသည်။

သူ ပါးစပ်ကို အမြန်ကာလိုက်ပြီး သခင်ကြီးဖုမာနှင့် ချီဇူရူ စူဂါဝါရာ၏ အမူအရာကို တိတ်တဆိတ် အကဲခတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူ လျှို့ဝှက်စွာ အံ့ဩသွားသည်။

သူ ဖုမာ ကျန်းဝူကို လိုက်ချင်ကြောင်း ဘယ်သူ့ကိုမှ မပြောပြဖူးချေ။

အခုမှတွေ့ဖူးတဲ့ ဒီတရုတ်ကောင်က ဘယ်လိုသိတာလဲ။

ဖုမာ ကျန်းဝူက သူ့အတွေးတွေကို သတိထားမိပြီး ဒီကောင်ကို ပြောပြခဲ့တာ ဖြစ်နေမလား။

ယဲ့ဖန်သည် သူ့အမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိပြီး သူ့စိတ်ထဲမှ လှောင်ရယ်နေခဲ့သည်။

တစ်ဖက်သူသည် ကိုယ်ခံပညာအရာ၌ ကျွမ်းကျင်နိုင်သော်လည်း အတွေ့အကြုံနှင့် လူများကို အကဲခတ်နိုင်စွမ်းအရ သူနှင့် ဘယ်လိုမှ နှိုင်းယှဉ်နိုင်မည် မဟုတ်ပေ။

ယဲ့ဖန် ပေါ်လာသည့်အခိုက်တွင် ဖုမာ ခါဇူဟီကို၏ နက်ရှိုင်းသော ရန်လိုမှုကို သူခံစားမိခဲ့သည်။

အကယ်၍ သူသည် ဖုမာမိသားစု၏ သာမာန် မျိုးဆက်တစ်ဦးသာ ဖြစ်မည်ဆိုပါက ယဲ့ဖန်ကို မုန်းတီးနေသည်မှာ ဖြစ်နိုင်သည်။

သို့သော် ဤသို့ ရန်ဆောင်နေခြင်းမျိုးမှာ လိုချင်သော အရာကို လုယူခံရမည့် အန္တရာယ်ကျရောက်သောအခါမှသာ ထိုကဲ့သို့ ပြင်းထန်သောရန်လိုမှုကို ဖြစ်စေနိုင်သည်။

ဖုမာ ကျန်းဝူသည် ဖုမာမိသားစု မျိုးနွယ်ခေါင်းဆောင်၏ တစ်ဦးတည်းသောသမီးဖြစ်သည့်အတွက် ဖုမာမိသားစုခွဲမှ သားမြေးများသည် သူမကို ကြံရွယ်နေသူများ ရှိကောင်းရှိပေမည်။

နှစ်ရာနှင့်ချီ၍ ဆင်းသက်လာခဲ့သည့် ဖုမာမိသားစုကဲ့သို့ ရှေးဟောင်းမိသားစုကြီးအတွက် သူတို့သည် တူညီသော ဘိုးဘေးများ ရှိကောင်းရှိနိုင်သော်လည်း ဆယ်ဆက်ကျော်မက ကြာပြီးနောက် အမျိုးအနွယ်များသည် သွေးသားတော်ဆက်မှု အလွန်ပါးလွှာလာပြီး မျိုးပွားခြင်းနှင့်ပတ်သက်၍ စိုးရိမ်စရာ မရှိပေ။

ထို့ကြောင့် ရှေးဟောင်းမိသားစုများစွာတွင် မျိုးဆက်ငါးဆက်ကျော်ပါက မိသားစုတွင်း လက်ထပ်ထိမ်းမြားခြင်းကို တားမြစ်ထားမည် မဟုတ်ပေ။

ဖုမာ ခါဇူဟီကိုသည်လည်း အလားတူ အတွေးမျိုး ရှိကောင်းရှိနိုင်သည်။

သူသည် ဖုမာ ကျန်းဝူ၏ ဂုဏ်ကိုအသုံးပြု၍ တစ်ခါတည်းဖြင့် ထိပ်ဆုံးသို့ရောက်ချင်သည် ဖြစ်မည်။

သို့သော် ယဲ့ဖန်၏ မျက်လုံးထဲ၌ ဤသည်မှာ စိတ်ကူးယဉ်ဆန်သော အတွေးတစ်ခုသာ ဖြစ်သည်။

ယဲ့ဖန်သည် ဖန်းကျန်းဝူဖြင့် မဆိုင်ပါက တစ်ဖက်လူသည် အခွင့်အရေးရှိနိုင်သေးသည်။

သို့သော် ဖုမာ ကျန်းဝူသည် ယခုလက်ရှိအချိန်တွင် သူ၏ အမျိုးသမီးလေးဖြစ်သည်။

ယဲ့ဖန်ထက် ဆယ်ဆ ပိုကောင်းနေလျှင်ပင် သူမကို မပေးနိုင်ချေ။

ထို့ကြောင့် ဖုမာ ခါဇူဟီကိုကို မကြည့်တော့ပေ။

ထိုအစား သခင်ကြီး ဖုမာကို ကြည့်ရန် ခေါင်းကို လှည့်လိုက်သည်။

" သခင်ကြီး ဖုမာ၊ ဒီကားကို တကယ်ကြိုက်တာလား "

သခင်ကြီး ဖုမာ၏ မျက်လုံးများသည် Lamborghiniပေါ်၌သာ ရှိနေပြီး ခေါင်းကို ထပ်ခါတလဲလဲ ညိတ်နေခဲ့သည်။

" ကြိုက်တယ်။ ဒီကားဝယ်၊ ကားဝယ်ပေး ...... "

ယဲ့ဖန် ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး သူသည် လှည့်ပြီး ချီဇူရူ စူဂါဝါရာကို ပြုံးပြလိုက်သည်။

" သခင်ကြီးက ကြိုက်တယ်ဆိုမှတော့ အပျော်ဝယ်ပေးလိုက်ပြီး ကစားကြတာပေါ့ "

ချီဇူရူ စူဂါဝါရာသည် ထိုစကားကို ကြားသောအခါ သူမ၏ ပါးစပ်ထောင့်များ တုန်လှုပ်သွားခဲ့သည်။

ဤကားသည် ဂျပန်ယန်း သန်းဆယ်ဂဏန်းတန်သည့် စူပါပြိုင်ကားတစ်စီး ဖြစ်သည်။

အပျော်ဝယ်ပေးတယ်ဆိုတာက ဘာကို ဆိုလိုတာလဲ။

ဖုမာမိသားစုသည် နှစ်ရာနှင့်ချီသည့် သမိုင်းကြောင်းရှိသော ရှေးဟောင်းမျိုးနွယ်စုဖြစ်သော်လည်း ၎င်းတို့သည် ထိုမျှချမ်းသာခြင်း မရှိပေ။

ယဲ့ဖန် သူမကို စိတ်ထဲမထားတော့ချေ။

မုတ်ဆိတ်နှင့် ယောက်ျားဆီသို့ တည့်တည့် လျှောက်သွားလေသည်။

" ကျွန်တော်တို့ သန်း၅၀ ထုတ်နိုင်သရွေ့ ဒီကားကို ရမယ်လို့ အစောက ပြောခဲ့တယ်မလား "

မုတ်ဆိတ်ဖြင့် အမျိုးသားသည် ချက်ချင်းပင် ထိတ်လန့်သွားသည်။

တစ်ဖက်သူ၏ လေသံအရ သူသည် လေးနက်စွာ ပြောနေသည်မှာ သိသာလေသည်။

" ဟုတ် ..... ဟုတ်တယ်။ မင်း သန်း ၅၀ ထုတ်နိုင်သရွေ့ ဒီကားကို မင်းတို့ပိုင်တယ် "

လူတိုင်း၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် မုတ်ဆိတ်ဖြင့် ယောက်ျားသည် သူ့စကားကို မပြောင်းလဲနိုင်ဘဲ ဟုတ်ကြောင်း ပြောလိုက်ရသည်။

ထိုကောင်လေးသည် သူ့ကို ခြောက်ရန် ကြိုးစားနေတာ ဖြစ်နိုင်သည်ဟု သူ ခံစားရသည်။

ဂျပန်ယန်း သန်း ၅၀ကို သူက ဘယ်လိုလုပ် ဒီလောက် လွယ်လွယ်ကူကူနဲ့ ထုတ်နိုင်မှာလဲ။

သို့သော် ယဲ့ဖန်မှ ပေါ့ပါးစွာ ပြန်ပြုံးပြလာမည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

" ကိစ္စမရှိဘူး။ ခင်ဗျားရဲ့ ဘဏ်အကောင့်နံပါတ်ကို ပေးလိုက်။ အခုချက်ချင်း ငွေလွှဲပေးမယ် "

" အာ ..... "

မုတ်ဆိတ်ဖြင့်လူမှာ တုန်လှုပ်သွားသည်။

ဒီကောင်က ယန်းသန်း၅၀ကို တကယ်ကြီး ထုတ်နိုင်တာလား။

သူသည် ဤကားကို ဝယ်ထားသည်မှာ တစ်လပင် မပြည့်သေးချေ။

အနည်းငယ် လိုချင်သလို ပုံသွင်းပြီးနောက် ယန်း သန်း၈၀ကျော်လောက် ကုန်လေသည်။

သန်း ၅၀ဖြင့် ရောင်းပါက သေချာပေါက် အကြီးကြီး အရှုံးပေါ်ပေမည်။

ယဲ့ဖန်သည် ထိုလူ အချိန်ဆွဲနေသည်ကို မြင်လိုက်ရပြီး အနည်းငယ် စိတ်မချမ်းမသာ ဖြစ်သွားသာ်။

" ဘာလုပ်နေတာလဲ။ ခင်ဗျားရဲ့ ဘဏ်အကောင့်နံပါတ်ပေးလေ "

ကြည့်ရှုနေသော လူအုပ်ကြီးသည် ရုန်းရင်းဆန်ခတ် ဖြစ်နေမှုကို စိတ်မ၀င်စားဘဲ မနေနိုင်ပေ။

မုတ်ဆိတ်ဖြင့်လူမှ သူ့စကား ပြန်ပြောင်းချင်နေသည်ကို မြင်ပြီး အားလုံးက ရယ်မောကြသည်။

" မြန်မြန် မင်းရဲ့ဘဏ်အကောင့်နံပါတ်ကို ပေးလိုက်လေ။ သူက မင်းစီကို ချက်ချင်း လွှဲပေးလိမ့်မယ် "

" ဟုတ်တယ်၊ အခုနပဲ ပြောထားတာ မဟုတ်လား။ သူတို့ဘက်က သန်း၅၀ ပေးနိုင်သရွေ့ ဒီကားက သူတို့အပိုင် ဖြစ်သွားလိမ့်မယ်လို့ ပြောခဲ့တာမလား။ စကားပြန်မပြောင်းနဲ့လေ "

" မင်းပြောထားတာကို ငါတို့အားလုံး သက်သေလုပ်ပေးနိုင်တယ်။ မြန်မြန်ပေးလိုက်လေ "

" ဟားဟား၊ သူ့ထက် ပိုရက်စက်တဲ့လူနဲ့ ကြုံနေတာပဲ။ ဒါက စိတ်ဝင်စားဖို့ ကောင်းလွန်းတယ် ..... "

မုတ်ဆိတ်ဖြင့်လူသည် လူတိုင်း၏ တိုက်တွန်းမှုကို ကြားပြီးနောက် သူ၏အမူအရာမှာ ပြောင်းလဲသွားသည်။

သူသည် ဖုမာ ခါဇူဟီကိုကို ရုတ်တရက် လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

" ငါ သန်း၅၀နဲ့ ရောင်းမယ်ဆိုတာ မင်းကိုပြောတာ မဟုတ်ဘူး။ မင်းဝယ်ချင်ရင် သန်း ၈၀ ပေးရမယ် "

" အိုး ..... သူက ရှုံးတာကို ဝန်ခံလိုက်တာပဲ။ သူက တကယ် ယောက်ျားမှ ဟုတ်ရဲ့လား "

" ဟားဟားဟား၊ အခုနကထိ အရမ်းကို မာနကြီးနေတာ။ အခု သူ့ထက် ပိုရက်စက်တဲ့ သူတစ်ယောက် ပေါ်လာတော့ တကယ်ကြီး သူရဲဘောကြောင်သွားတာပဲ "

" သူက ယောက်ျားမှ ဟုတ်ရဲ့လား။ တကယ်ကြီး ပြောပြီးသားစကားကို ပြန်ပြောင်းနေတာပဲ ....... "

ကြည့်ရှုသူများသည် သရော်လှောင်ပြောင်မှုကို မတွန့်တိုခဲ့ကြပေ။

မုတ်ဆိတ်ဖြင့်လူသည် မကြားချင်ယောင်ဆောင်နေ၍ပင် မရချေ၊

သူသည် ယဲ့ဖန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

" သန်း ၈၀ပဲ။ အခုထုတ်နိုင်ရင် ကားကို ချက်ချင်း ပေးမယ် "

သူ၏ အမြင်အရ တစ်ဖက်လူမှ သန်း ၅၀ထုတ်ကာ ဝယ်ချင်နေသည်မှာ ကားကို အချောင်လိုချင်သောကြောင့် ဖြစ်နိုင်သည်။

ကားအသစ်တစ်စီး ဝယ်လိုပါက သန်း၈၀နှင့် လုံလောက်လေသည်။

ထိုအခါ တစ်ဖက်လူမှ ငြင်းလျှင် သူ အခွင့်ကောင်းယူကာ လှောင်မည်ဖြစ်သည်။

သို့သော် ယဲ့ဖန်မှ ချက်ချင်း သဘောတူလိုက်မည်ဟု သူ မမျှော်လင့်ထားချေ။

" ကောင်းပြီ အကောင့်နံပါတ်ပေး "

မုတ်ဆိတ်ဖြင့်လူ၏ မျက်လုံးများသည် ချက်ချင်းပင် မှေးမှိန်သွားခဲ့သည်။

" မင်း ..... မင်း ငါပြောတာကို ရှင်းရှင်းလင်းလင်း ကြားရဲ့လား။ ငါပြောတာ သန်း၈၀ ပေးရမယ်လို့ "

ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။

" ရှင်းရှင်းလင်းလင်း ကြားရတယ်။ သန်း၈၀ပဲ မဟုတ်လား၊ ဝယ်မယ် "

မုတ်ဆိတ်ဖြင့်လူသည် အရှက်ကွဲသောကြောင့် ချက်ချင်းပင် ဒေါသထွက်သွားသည်။

" မင်း ရူးနေလား။ ကားအသစ်ဝယ်ဖို့ သန်း၈၀ဆို လုံလောက်နေပြီ။ ဘာလို့ တစ်ပတ်ရစ်ကားကို ဒီဈေးနဲ့ ဝယ်ချင်နေတာလဲ "

ယဲ့ဖန် သူ့ကို ပြုံးလျက် ကြည့်လိုက်သည်။

" ငါ့သခင်ကြီးက ခင်ဗျားရဲ့ကားကို ကြိုက်နေတာလေ။ ဘာမှလုပ်လို့မရဘူး "

ယဲ့ဖန်သည် 'ငါ့ရဲ့သခင်ကြီး'ဟူသောစကားကို အလွန်သဘာဝကျစွာ ပြောခဲ့ရာ ဖုမာ ခါဇူဟီကို၏ အမူအရာမှာ ပို၍ပင် ရုပ်ဆိုးသွားခဲ့သည်။

ဘာကို မင်းရဲ့ သခင်ကြီးလဲ။

ဘယ်လောက်တောင် အရှက်မဲ့လိုက်လဲ။

လူအုပ်ကြီး၏ လှောင်ပြောင်သံသည် ပို၍ကျယ်လောင်လာသည်။

" အခု ဘာပြောစရာရှိသေးလဲ။ မင်းပြောတော့ သန်း၈၀နဲ့ ရောင်းမှာဆို။ ဟိုက သန်း၈၀ပေးနေပြီလေ "

" ဟုတ်တယ်၊ ဟုတ်တယ်။ အခုနောက်တစ်ခေါက် စကားပြန်ပြောင်းချင်နေပြီလား။ ဒီတစ်ခါ စကားပြန်ပြောင်းရင် နည်းနည်း အရှက်မရှိရာ မရောက်ဘူးလား "

" ဟားဟား၊ သူ ဒီလို ရက်စက်တဲ့လူနဲ့ တွေ့ဖို့ မမျှော်လင့်ထားဘူး ထင်တယ်။ အခု သူ ဘာလုပ်မလဲဆိုတာ ကြည့်ရအောင် "

" ဟိုကောင်လေးလို ချမ်းသာတဲ့သူအတွက်ကတော့ ဒီလောက် ငွေနည်းနည်းလေးကို ဂရုမစိုက်လောက်ဘူး "

" သခင်ကြီးကို ပျော်အောင် လုပ်ဖို့ပဲ ကြိုးစားနေတာဖြစ်မယ် ...... "

မုတ်ဆိတ်ဖြင့် အမျိုးသားသည် လူတိုင်း၏ရှေ့၌ ပါးရိုက်ခံရသလို ဖြစ်နေသည်။

သူ အလွန်ပင် ဒေါသထွက်သွားသည်။

" ငါ ...... "

သူ စကားကို ပြန်ပြောင်းချင်နေသည်။

သို့သော် ထိုအချိန် ယဲ့ဖန်၏ အကြည့်များမှာ အေးစက်သွားသည်။

" ငါ့ရဲ့ စိတ်ရှည်သည်းခံမှုက ကန့်သတ်ချက်ရှိတယ်။ ခင်ဗျား ထပ်ပြီး အပိုစကားတွေ ထပ်ပြောရဲရင် ငါ့ကို အပြစ်မတင်နဲ့ "

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၄၇ )

သခင်ကြီး ဒေါသမထွက်ပါနဲ့

မုတ်ဆိတ်ဖြင့်လူသည် ယဲ့ဖန်ထက် အရပ်ရှည်သည်။

သို့သော် ယဲ့ဖန်၏ အကြည့်ကို မြင်ပြီးနောက် မသိစိတ်မှ တုန်လှုပ်ကြောက်ရွံ့သွားသည်။

သူ ထပ်ပြီး အကြောင်းပြချက်ဆက်ပေူပါက အကျိုးဆက်မှာ ဆိုးရွားလွန်းလိမ့်မည်ဟူသည့် ခံစားချက်မျိုးရနေသည်။

" ငါ .... ငါ သဘောတူတယ် "

သူ တခဏ တွန့်ဆုတ်နေပြီးနောက် အရှုံးကို ဝန်ခံလိုက်တော့သည်။

ယဲ့ဖန် ထိုလူ၏ ဘဏ်ကတ်နံပါတ်ကို တောင်းပြီးနောက် ဂျပန်ယန်း သန်း၈၀ကို လူတိုင်းအရှေ့၌ လွှဲပေးလိုက်သည်။

မုတ်ဆိတ်ဖြင့်လူသည် မျက်နှာညှိုးငယ်စွာဖြင့် သူ၏ ချစ်လှစွာသောကားကို ယဲ့ဖန်စီသို့ ရောင်းကာ ကားသော့ပေးလိုက်သည်။

ယဲ့ဖန် ထိုလူကို ထပ်လှည့်မကြည့်တော့ပေ။

သူသည် တစ်ဖက်ကိုလှည့်ပြီး ဖုမာ တာကာနိုဆူကဲစီသို့ လမ်းလျှောက်သွားသည်။

" သခင်ကြီးအတွက် အဲ့ကားကို ဝယ်ပေးလိုက်ပြီ ........ "

ယဲ့ဖန်စကား မဆုံးခင်မှာပင် သူ့လက်ထဲမှ သော့ကို သခင်ကြီး ဖုမာက လုယူသွားခဲ့သည်။

" ဟားဟား၊ မင်းက ရှောင်ဝူရဲ့ သူငယ်ချင်း ဟုတ်လား။ ကောင်းတယ်၊ မင်းက အရမ်းကောင်းတယ်။ ငါ မင်းကို သဘောကျတယ် ..... "

ဤအဘိုးအိုသည် မကြာသေးမီကပင် သူ့ကို လျစ်လျူရှုခဲ့သည်။

သို့သော် ကားဝယ်ပြီးနောက် ချက်ချင်း သဘောကျသွားသည်။

ငွေသည် ကမ္ဘာကြီးကို လှည်ပတ်နေစေသည်ကို ယဲ့ဖန် နားလည်လိုက်မိသည်။

ဖုမာ ခါဇူဟီကိုသည် ထိုသည်ကို မြင်ပြီးနောက် သူ့မျက်လုံးထဲမှ အမုန်းတရားများ ပေါ်ပေါက်လာသည်။

သူသည် ဖုမာ တာကာနိုဆူကဲကို ခေါ်ထုတ်လာကာ ရင်းနှီးမှုယူပြီး ဖုမာ ကျန်းဝူနှင့် သဘောတူအောင် ကြိုးစားရန် ဖြစ်သည်။

သို့သော် မထင်မှတ်ဘဲ ဤတရုတ်ကောင်ကြောင့် အားလုံး ပျက်စီးသွားရသည်။

ဤအဖြစ်အပျက်များအတွင်း ချီဇူရူ စူဂါဝါရာသည် ယဲ့ဖန်ကို အဓိပ္ပါယ်ရှိစွာ ကြည့်နေသည်။

ဒီလူငယ်လေးက တကယ် သဘောကျစရာကောင်းတာပဲ။

ရှောင်ဝူ သူ့ကို ခံစားချက် ရှိနေတာ အံ့သြစရာ မဟုတ်တော့ပါဘူး။

သော့ကို ရပြီးနောက် သခင်ကြီး ဖုမာသည် ပြိုင်ကားဆီသို့ ချက်ချင်း ပြေးသွားခဲ့သည်။

" ကား မောင်းမယ်။ ရှောင်ဝူကို သွားရှာကြမယ်။ ဝူး ဝူး ....... "

ယဲ့ဖန်သည် အနောက်ကမလိုက်ဘဲ ချီဇူရူ စူဂါဝါရာစီကို လျှောက်သွားသည်။

" ဖုမာအမျိုးသမီး၊ မနက်ဖြန် ကျွန်တော် ခင်ဗျားတို့ရဲ့အိမ်ကို လာမှာပါ။ ရှောင်ဝူကို အခက်တွေ့အောင် မလုပ်ချင်ဘူး။ အဲ့တာကြောင့် ကျွန်တော့်ကို ဂရုစိုက်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် "

ချီဇူရူ စူဂါဝါရာသည် ထက်မြက်သူတစ်ဦးဖြစ်သောကြောင့် ယဲ့ဖန် ဆိုလိုသည်များကို သဘာဝကျစွာ နားလည်လေသည်။

ထိုကောင်လေးသည် ရှောင်ဝူအတွက် ခက်ခဲသည့်အရာများကို မလုပ်ချင်ကြောင်း၊ ဖုမာမိသားစုကို မကြောက်ကြောင်းအား ပထမဦးဆုံးစွာ ရှင်းလင်းစွာ ပြောခဲ့သည်။

ဒုတိယအနေဖြင့် သူ့ကို ဂရုစိုက်စေချင်ကြောင်း ပြောခဲ့လေသည်။

သို့သော် ပြောရမည်ဆိုလျှင် ရှောင်ဝူ၏အဖေ ကျေနပ်လောက်သည်ထိသာဖြစ်ပြီး အလွန်အကျွံမဖြစ်စေချင်ပေ။

" ငါ အကောင်းဆုံးလုပ်ကြည့်မယ် "

သူမသည် မည်သည့်အာမခံချက်မှမပေးဘဲ ဝိုးတဝါးသာ တုံ့ပြန်ခဲ့သည်။

" ဒီမှာ ကိစ္စပြီးသွားပြီဆိုတော့ ကျွန်တော် သွားလိုက်ပါ့မယ် "

ယဲ့ဖန်သည် သူ၏ ပြိုင်ကားထဲတွင် လှည့်ပတ်ဆော့နေသော သခင်ကြီး ဖုမာကို ကြည့်လိုက်ပြီး ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

သို့သော် သူခြေလှမ်းနှစ်လှမ်း လှမ်းလိုက်စဉ် ဖုမာ တာကာနိုဆူကဲ၏ အော်သံကို ရုတ်တရက်ကြားလိုက်ရသည်။

" ကားအစုတ်ကြီး၊ ပျော်စရာမကောင်းဘူး ...... "

သူတို့သုံးယောက် လှည့်ကြည့်လိုက်သည့်အခါ စတီယာရင်ဘီးကို ကိုင်ထားသည့် အဘိုးအိုမှ ဒေါသတကြီး အော်နေသည်ကို တွေ့လိုက်ရသည်။

ကားစက်မနှိုးထား၍ ဒေါသထွက်သွားခြင်း ဖြစ်နိုင်သည်။

ချီဇူရူ စူဂါဝါရာနှင့် ဖုမာ ခါဇူဟီကိုတို့၏ အမူအရာများ တစ်ချိန်တည်းတွင် ပြောင်းလဲသွားကာ အရှိန်ဖြင့် ရှေ့သို့ ပြေးသွားကြသည်။

သို့သော် သူတို့နှစ်ဦးသည် အဘိုး၏အနားသို့ တစ်မီတာအကွာအဝေး မရောက်မီတွင် မမြင်နိုင်သော စွမ်းအားတစ်ခုက သူတို့နှစ်ဦးကို လွင့်ထွက်သွားစေသည်။

ယဲ့ဖန် အမြန်တုံ့ပြန်လိုက်သည်။

သူတို့ နှစ်ယောက် လွင့်သွားစေသလိုပင် ယဲ့ဖန်လည်း အနည်းငယ်ယိုင်သွားရသည်။

သို့သော် အရေးကြီးသောအခိုက်အတန့်တွင် သူသည် ချီဇူရူ စူဂါဝါရာ၏ လက်ကောက်ဝတ်ကိုဆွဲကိုင်လိုက်နိုင်သည်။

ချီဇူရူ စူဂါဝါရာသည် သူ့ရင်ခွင်ထဲသို့ ဝင်သွားပြီး အော်လိုက်မိသည်။

ဖုမာ ခါဇူဟီကိုအတွက်မှာတော့ သူသည် ကံမကောင်းလိုက်ချေ။

သူသည် နှစ်မီတာကျော်ထိ လွင့်ကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

ထိုသည်က အဆိုးဆုံးမဟုတ်သေးချေ။

သူ မရပ်နိုင်ခင် နှစ်ကြိမ်လောက် ကျွမ်းထိုးသွားရသည်။

ယဲ့ဖန်သည် ထိုမြင်ကွင်းကို မြင်သောအခါ စကားမပြောနိုင်ပင် ဖြစ်နေသည်။

ဖုမာ ခါဇူဟီကိုသည် ကိုယ်ခံပညာနယ်ပယ်၏ နောက်ပိုင်းအဆင့်ရှိသည့် ကိုယ်ခံပညာရှင်တစ်ဦး ဖြစ်သော်လည်း သခင်ကြီး ဖုမာ၏ အရှေ့တွင် အလွန်ပင် အားနည်းနေခဲ့သည်။

သူ အမြန်လှည့်ကြည့်လိုက်ရာ ဖုမာ တာကာနိုဆူကဲ၏ မျက်လုံးများ နီရဲနေသည်ကို တွေ့လိုက်ရသည်။

သူ့ဝတ်ရုံမှာလည်း လေတိုက်သလို လွင့်နေသည်။

ကံကောင်းစွာဖြင့် ဘေးမှလူအုပ်ကြီးသည် လူစုခွဲပြီး ဖြစ်သည်။

ထိုသို့မဟုတ်ပါက ဤမြင်ကွင်းကို မြင်လိုက်သူတိုင်း ထိတ်လန့်မှုကြောင့် မျက်လုံးများပင် ကျွတ်ကျလာနိုင်သည်။

ထိုအချိန်တွင် ချီဇူရူ စူဂါဝါရာသည် ယဲ့ဖန်၏ ရင်ခွင်ထဲမှ ထလာနေပြီဖြစ်သည်။

သူမ အဘိုးအိုကို စိုးရိမ်တကြီး ကြည့်မိသည်။

" မကောင်းတော့ဘူး။ သခင်ကြီး ဒေါသ ဖြစ်နေတယ်။ သူ စိတ်လွတ်တော့မယ်။ ငါတို့ သူ့ကို အမြန်တားရမယ်။ မဟုတ်ရင် သူ အန္တရာယ်ဖြစ်လိမ့်မယ် "

ထိုအချိန်တွင် ဖုမာ ခါဇူဟီကိုသည် မြေပြင်မှထကာ လမ်းလျှောက်လာနေပြီဖြစ်သည်။

" သခင်ကြီးက ဖုမာမိသားစုမှာ နံပါတ်တစ် ကျွမ်းကျင်သူပဲ။ သူက အတွင်းအားကျင့်ကြံစဉ်ရဲ့ နောက်ပိုင်းအဆင့်ကို ရောက်နေပြီ။ ကျွန်တော်တို့ လုံးဝ မထိန်းနိုင်လောက်ဘူး "

ချီဇူရူ စူဂါဝါရာ သူ့ကိုယ်သူ ချက်ချင်း အပြစ်တင်လိုက်သည်။

" သခင်ကြီးကို ဒီနေ့ ခေါ်မလာသင့်ဘူး။ မဟုတ်ရင် ဒီလိုတွေ ဖြစ်လာမှာ မဟုတ်ဘူး။ သခင်ကြီး တစ်ခုခု ဖြစ်သွားရင် မိသားစုကို ဘယ်လို ရှင်းပြရမလဲ "

ဖုမာ ခါဇူဟီကို၏ အမူအရာမှာ အနည်းငယ် ရုပ်ဆိုးသွားသည်။

သူက သခင်ကြီးကို ဒီနေ့ခေါ်ထုတ်လာဖို့ ဆုံးဖြတ်ခဲ့တာလေ။

သူမက သူ့ကို အပြစ်မတင်သင့်ဘူးလား။

ယဲ့ဖန်သည် ဖုမာ တာကာနိုဆူကဲကို တခဏကြည့်လိုက်သည်။

" စမ်းကြည့်လိုက်မယ် "

ထိုသို့ဖြင့် သူ လမ်းလျှောက်သွားလေသည်။

" မသွားနဲ့ ........ "

ချီဇူရူ စူဂါဝါရာသည် ယဲ့ဖန်ကို နားချချင်သော်လည်း အတော်လေးပင် နောက်ကျသွားပြီဖြစ်သည်။

ခါဇူဟီကို ဖုမာ နှာမှုတ်လိုက်သည်။

ဒီကောင်က သေချင်နေတာပဲ။

အဘိုးအိုသည် အတွင်းအားအကျွမ်းကျင်ဆုံးအဆင့် နောက်ဆုံးပိုင်းသို့ ရောက်နေပြီဖြစ်သည်။

သူ စိတ်လွတ်သွားတာနဲ့ ဘယ်လောက်တောင် အန္တရာယ်များလိုက်မလဲ။

သူသည် အင်အားပြင်းသည့် ယဲ့ဖန်ကဲ့သို့ ပြိုင်ဘက်မျိုးအား မည်သို့ရင်ဆိုင်ရမည်ကို တွေးနေခဲ့သည်။

သို့သော် တစ်ဖက်ပြိုင်ဘက်သည် ဤမျှလွယ်ကူစွာဖြင့် အဆုံးသတ်ရတော့မည်ဟု သူ မထင်ထားချေ။

သူသည် ထိုဖြစ်စဉ်ကိုပင် မျှော်လင့်နေတော့သည်။

အဘိုးအိုသည် အဆုံးစွန်အထိ စိတ်ရူးပေါက်ကာ ထိုကောင်လေးအား အမဲဖြတ်ပစ်ရန် ဆုတောင်းလေသည်။

ထိုအချိန်တွင် ယဲ့ဖန်သည် ဖုမာ တာကာနိုဆူကဲဖြင့် တစ်မီတာလောက်သာ ဝေးတော့သည်။

ယဲ့ဖန်သည် ချက်ချင်းပင် အတွင်းအားများ အရှိန်ဖြင့်လာသည်ကို ခံစားလိုက်ရသည်။

အကယ်၍ သူသည် လုံလောက်သော ကြံ့ခိုင်မှုမျိုး မရှိပါက အခြားနှစ်ယောက်ကဲ့သို့ လွင့်ထွက်သွားပေလိမ့်မည်။

" သခင်ကြီး၊ လှည့်စားနေတာကို ရပ်လိုက်ပါ "

ထိုသို့ဖြင့် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အဘိုးအိုအနားသို့ ရောက်သွားသည်။

ဖုမာ တာကာနိုဆူကဲ ရုတ်တရက် လှည့်ကြည့်လိုက်သည်။

သူ၏ မျက်လုံးများသည် နီရဲနေပြီဖြစ်ပြီး မျက်လုံးများထဲတွင် ခံစားချက် အရိပ်အယောင်တစ်စိုးတစ်စိမျှ မရှိပေ။

သူသည် စိတ်ပျောက်နေသော ဘီလူးတစ်ကောင်နှင့်တူသည်။

ဝူး ဝှစ်

အဘိုးအိုသည် စကားတစ်ခွန်းမှ မပြောဘဲ လက်သီးနှင့် လှမ်းထိုးလိုက်သည်။

သူ၏ လက်သီးချက်မှာ ပုံမှန်မဟုတ်ဘဲ လျင်မြန်ပြီး ပြင်းထန်လေသည်။

ထို့အပြင် သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး အလွန်နီးနေသောကြောင့် မျက်စိတစ်မှိတ်အတွင်း ထိုးခံရလုနီးပါး ဖြစ်ခဲ့သည်။

ထို့အပြင် ဤလက်သီးတွင်ပါရှိသော ခွန်အားသည် အလွန်ကြီးမားလှသည်။

ယဲ့ဖန် အထိုးမခံရမီမှာပင် ပြင်းထန်သော လက်သီးချက်ကြောင့် လေရှိန်ကို ခံစားလိုက်ရသည်။

" သတိထား "

ချီဇူရူ စူဂါဝါရာ၏ အမူအရာသည် သိသာစွာ ပြောင်းလဲသွားပြီး သူမ ယဲ့ဖန်ကို အမြန်သတိပေးလိုက်သည်။

သို့သော် ခါဇူဟီကို ဖုမာကတော့ ယဲ့ဖန်အရိုက်ခံရမည့်မြင်ကွင်းကို စောင့်မျှော်နေလျက် ရွှင်မြူးနေတော့သည်။

သို့သော် ထိုအခိုက်အတန့်တွင် သူတို့နှစ်ဦးကို အံ့သြသွားဆစသော မြင်ကွင်းတစ်ခု ပေါ်လာသည်။

ဖုမာ တာကာနိုဆူကဲ၏ လက်သီးသည် ယဲ့ဖန်၏ ရင်ဘတ်ကို ထိလုနီးပါး ဖြစ်နေချိန်တွင် ယဲ့ဖန်သည် ရုတ်တရက် သူ့ညာဖက်လက်ကို ဆန့်ထုတ်လိုက်သည်။

သူ၏ လှုပ်ရှားမှုမှာ နှေးကွေးနေပုံရသော်လည်း သူ့ရင်ဘတ်အား အရင်ဆုံး ကာကွယ်နိုင်ခဲ့သည်။

ဖုမာ တာကာနိုဆူကဲ၏ လက်သီးချက်သည် ယဲ့ဖန်လက်ပေါ်သို့ ရောက်သွားချိန် ပင်လယ်ထဲသို့ကျသွားသည့် ရွှံ့နွားတစ်ကောင်လို ပျော့ပြယ်သွားသည်။

ယဲ့ဖန်၏ လက်ဖဝါးကို ပိတ်လိုက်ပြီး ဖုမာသခင်ကြီး၏လက်ကို ဆုပ်ကိုင်လိုက်သည်။

" သခင်ကြီး၊ ဒေါသမထွက်ပါနဲ့ "

ယဲ့ဖန် စကားပြောနေစဉ်တွင် သူ၏အခြားလက်တစ်ဖက်၌ ငွေအပ်တစ်ချောင်းပေါ်လာပြီး ဖုမာသခင်အိုကြီး၏ နားရွက်အောက်ရှိ အမည်မသိအပ်စိုက်နေရာတစ်ခုသို့ ထိုးထည့်လေသည်။

ထူးဆန်းသည်မှာ စိတ်ရူးပေါက်နေသည့် ဖုမာ တာကာနိုဆူကဲသည် ချက်ချင်း ငြိမ်သက်သွားပြီး ကလေးတစ်ယောက်လို အပြစ်ကင်းစင်သည့် ပုံစံ ပြန်လည်ရရှိလာခဲ့သည်။

" မပျော်တော့ဘူး။ ငါ ကားမမောင်းတတ်ဘူး ....... "

ချီဇူရူ စူဂါဝါရာနှင့် ဖုမာ ခါဇူဟီကိုတို့သည် ထိုမြင်ကွင်းကြောင့် အံ့သြသွားကြသည်။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၄၈ )

မဝယ်နိုင်ပေမဲ့ ရနိုင်တယ်

" သခင်ကြီး ..... အ ... အဆင်ပြေရဲ့လား "

ချီဇူရူ စူဂါဝါရာ သူမကိုယ်သူမ မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

" ထင် ... ထင်တာပဲ "

ဖုမာ ခါဇူဟီကိုသည်လည်း မသေချာမရေရာသော လေသံဖြင့် ပြောသည်။

ပုံမှန်အားဖြင့် သခင်ကြီး ဖုမာသည် စိတ်လွတ်သောအခါများတွင် အလွန်ရန်လိုတတ်သည်။

သူ၏ ပြင်းထန်သော ခွန်အားကြောင့် မည်သူမျှ သူ့အနားသို့ မကပ်နိုင်ပေ။

ဖုမာ ကျန်းဝူတစ်ယောက်သာ သခင်ကြီးဖုမာ သောင်းကျန်းသည့်အချိန် အနီးနားနေနိုင်လေသည်။

ထိုသည်ကလည်း သူမအဖေ သူမကို တရုတ်ပြည်မှ ပြန်ခေါ်လာရသည့် အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။

ဖုမာ ကျန်းဝူ အနားတွင် မရှိများအတွင်း သခင်ကြီးဖုမာ စိတ်ဖောက်တိုင်း သူတို့ အကြီးအကျယ် ဒုက္ခများစွာ ကြုံတွေ့ရသည်။

သို့သော် ယဲ့ဖန်၏ တုံ့ပြန်မှုသည် 'ပေါ့ပါး'သည်ဟု ဖော်ပြနိုင်သည်။

သူသည် စိတ်လွတ်လုနီးပါးဖြစ်နေသော သခင်ကြီးအား အလွယ်တကူ ငြိမ်သက်စေခဲ့သည်။

သူတို့ ဘယ်လိုလုပ် မလန့်ဘဲနေမှာလဲ။

ချီဇူရူ စူဂါဝါရာသည် ဖုမာမိသားစုတွင် ထူးခြားသော တည်ရှိမှုဖြစ်သည်။

သူမသည် နင်ဂျစ်ဆုကို ကျွမ်းကျင်ရုံသာမက ဆေးပညာကိုလည်း တတ်မြောက်သည်။

မျိုးနွယ်စုတွင် သူမ၏ အဆင့်အတန်းသည် အလွန်မြင့်မားသည်ဟု ဆိုနိုင်သည်။

ထို့အတွက်ကြောင့် မိသားစုကြီးမှ သူမအား သခင်ကြီးနှင့် အနီးကပ်လိုက်ရန် စေလွှတ်လိုက်ခြင်းဖြစ်သည်။

ယဲ့ဖန်သည် သခင်ကြီးအား ပြန်လည်အသိစိတ်ကပ်လာစေရန် ငွေအပ်တစ်ချောင်းကိုသာ အသုံးပြုခဲ့သည်။

ထိုနည်းလမ်းသည် သူမအတွက် အံ့ဩစရာဖြစ်သည်။

အပ်တစ်ချောင်းရဲ့ ထူးခြားချက်က ဘာမလို့လဲ။

သူမသည် ယဲ့ဖန်ကို ချက်ချင်း အကြံဉာဏ်တောင်းချင်သည်။

သို့သော် ယဲ့ဖန်သည် အဘိုးအိုအား ကားမောင်းနည်းကို စိတ်ရှည်စွာနှင့် သင်ပေးနေသောကြောင့် သူမ သိချင်စိတ်ကို ထိန်းထားခဲ့ရသည်။

" သခင်ကြီး၊ ဒီမှာ သော့အရင်ထည့်လိုက် ....... ပြီးရင် ဘရိတ်ကို လှမ်းနင်း။ ဟုတ်တယ်၊ စက်ဘီးနင်းသလိုပဲ .... ပြီးရင် ဒီခလုတ်ကို နှိပ် ...... "

ယဲ့ဖန်သည် သခင်ကြီး ဖုမာကို စိတ်ရှည်စွာ သင်ပေးခဲ့သည်။

အဘိုးအို၏ မျက်လုံးများသည် ယဲ့ဖန်၏လုပ်ရပ်များကို စိုက်ကြည့်နေပြီး သူ့မျက်လုံးထဲ၌ ကလေးနှင့်တူသော စူးစမ်းလိုစိတ်တစ်ခု ရှိနေသည်။

" သင်ပြီးပြီလား "

ယဲ့ဖန် သူ့ကို နှစ်ကြိမ်သင်ပေးပြီးနောက် လှည့်ကြည့်လိုက်သည်။

" အင်း "

ဖုမာ တာကာနိုဆူကဲသည် မူလတန်းကျောင်းသားတစ်ယောက်လို ခေါင်းညိတ်ပြသည်။

" ဒါဆို ကျွန်တော်ပြောသလို လုပ်လိုက်ပါ။ စိတ်မပူပါနဲ့ ...... "

ယဲ့ဖန်သည် ရှေ့ခရီးသည် ထိုင်ခုံဆီသို့ ရွှေ့လိုက်ပြီး တံခါးကို နှိမ့်လိုက်သည်။

ဖုမာ တာကာနိုဆူကဲသည် ယဲ့ဖန် သင်ပေးခဲ့သည့်အတိုင်း ကားကို အဆင့်ဆင့် စတင်ခဲ့သည်။

ထို့နောက် ဘရိတ်ကို ဖြည်းဖြည်းချင်း လွှတ်လိုက်သည်။

ပြိုင်ကားတစ်စီးသည် အမှန်တကယ်ပင် ဖြည်းညှင်းစွာ မောင်းနှင်လာခဲ့သည်။

ထိုသည်ကို မြင်ပြီးနောက် ချီဇူရူ စူဂါဝါရာ၏ မျက်နှာမှာ ကြောက်ရွံ့ထိတ်လန့်စွာ ဖြူဖျော့သွားသည်။

" မဖြစ်ဘူး၊ ရပ်၊ ရပ်လိုက် "

ချီဇူရူ စူဂါဝါရာ၏ နှလုံးခုန်သံ မြန်ဆန်သွားသည်။

သခင်ကြီး၏ လက်ရှိစိတ်အခြေအနေသည် ခြောက်နှစ်သားကလေးနှင့် ညီမျှသည်။

ကားမတော်တဆမှု တစ်ခုခုဖြစ်ခဲ့ရင် မိသားစုကို ဘယ်လိုရှင်းပြရမလဲ။

Lamborghiniသည် တဖြည်းဖြည်း အရှိန်မြှင့်လာသည်ကို မြင်သည့်အခါ သူမရင်ထဲမှ နှလုံးလည်ချောင်းထဲ ရောက်လာသလို ခံစားရသည်။

ဘေးမှာရပ်နေတဲ့ ဖုမာ ခါဇူဟီကိုသည် ကားမတော်တဆဖြစ်ရန် လျှို့ဝှက်စွာ မျှော်လင့်နေသည်။

သခင်ကြီး ဒဏ်ရာရသွားပါက ဤကလေးသည် ဖုမာမိသားစု၏ ထာဝရရန်သူ ဖြစ်လာမှာဖြစ်သည်။

ထိုအခါ ယဲ့ဖန်နှင့် ဖုမာ ကျန်းဝူတို့ အတူရှိရန် မဖြစ်နိုင်တော့ချေ။

သို့သော် နောက်ဆုံးတွင် သူ၏ မျှော်လင့်ချက်များမှာ ပျက်ပြားသွားခဲ့ရသည်။

နာရီဝက်ကျော်ကြာ ကစားပြီးနောက် သခင်ကြီးဖုမာသည် နောက်ဆုံး၌ ကားကို ရပ်လိုက်သည်။

" ဟားဟားဟား၊ ပျော်စရာကောင်းလိုက်တာ။ တကယ် ပျော်စရာကောင်းတယ် ....... "

Lamborghini၏ အတောင်ပံတံခါးပွင့်လာပြီး ဖုမာ တာကာနိုဆူကဲ ကားထဲမှ ခုန်ဆင်းလာသည်။

ချီဇူရူ စူဂါဝါရာနှင့် ဖုမာ ခါဇူဟီကိုတို့ အမြန် ရှေ့သို့ တက်သွားပြီး စိုးရိမ်တကြီး မေးကြသည်။

သို့သော် သခင်ကြီးဖုမာသည် သူတို့နှစ်ဦးကို လျစ်လျူရှုခဲ့သည်။

သူသည် လှည့်ပြီး ယဲ့ဖန်စီ ပြေးသွားသည်။

" ယဲ့ကျီလေး၊ ယဲ့ကျီလေး၊ ကားစီးရတာက ပျော်စရာကောင်းတယ်။ ခဏလောက် ထပ်ကစားရအောင်၊ ဟုတ်ပြီလား "

ယဲ့ဖန် ခေါင်းယမ်းလိုက်သည်။

" မရဘူး။ ကျွန်တော် ဒီကားနဲ့ အကြာကြီး မကစားနိုင်ဘူး "

ဖုမာ တာကာနိုဆူကဲ စိတ်ရှုပ်သွားသည်။

" ဘာလို့လဲ "

ယဲ့ဖန် ဆင်ခြေပေးလိုက်သည်။

" ဘာလို့လဲဆိုတော့ ကားက ပင်ပန်းနေပြီလေ။ အဘိုးရော နာရီဝက်ကျော်လောက်ပြေးရင် မမောဘူးလား "

ဖုမာ တာကာနိုဆူကဲသည် ခေါင်းကို ငုံ့ထားပြီး ခဏအကြာတွင် ခေါင်းညိတ်လာသည်။

" ဟုတ်တယ် ဟုတ်တယ်။ ငါလည်း ပြေးရရင် ပင်ပန်းမှာပဲ။ ကားကို ခဏလောက် အနားယူခိုင်းလိုက်ပါ။ တခြားတစ်ခုခု သွားကစားရအောင် "

ယဲ့ဖန် အချိန်ကိုကြည့်ရန် ခေါင်းငုံ့လိုက်သည်။

သူသည် ခက်ခဲသော အနေအထားတွင် ရှိနေသည်။

" ဒါပေမယ့်............. "

သူ ငြင်းလို့မရခင်မှာပင် ဖုမာ တာကာနိုဆူကဲသည် သူ့လက်ကိုဆွဲပြီး ပြောလိုက်သည်။

" လင်းပိုင်လေးတွေကို သွားကြည့်ရအောင်။ အရမ်းချစ်ဖို့ကောင်းတယ် "

ယဲ့ဖန် ခေါင်းကုတ်လိုက်သည်။

ဒီမှာ လင်းပိုင်တွေ ရှိလို့လား။

ခဏအကြာတွင် သူ့အား ဖုမာ တာကာနိုဆူကဲသည် ရင်ပြင်အလယ်ရှိ ရေပန်းဆီသို့ ဆွဲခေါ်သွားခဲ့သည်။

နောက်ဆုံး၌ လင်းပိုင်က ဘာလဲဆိုသည်ကို သူ နားလည်သွားသည်။

ရေပန်း၏ အလယ်ဗဟိုတွင် အမြင့်သုံးမီတာရှိသော လင်းပိုင်ရုပ်တုတစ်ခု ရှိနေသည်။

ဤရုပ်တုအား နာမည်ကြီး ပန်းပုဆရာက ထုလုပ်ထားသည်မှာ ထင်ရှားလေသည်။

အလွန်အသက်ဝင်တူပြီး ချစ်စရာကောင်းလေသည်။

ဖုမာ တာကာနိုဆူကဲ သဘောကျသည်မှာ အံ့သြစရာမရှိတော့ချေ။

" ကြည့် ကြည့်။ လင်းပိုင်လေးက ရေတွေတောင် ဖြန်းပေးနိုင်တာ အရမ်းကောင်းတာပဲ ....... "

ဖုမာ တာကာနိုဆူကဲသည် ရေပန်းရှိ လင်းပိုင်ကို ကြည့်ကာ ကလေးကဲ့သို့ လက်ခုပ်တီးနေသည်။

သူ အလွန်ပျော်ရွှင်နေခဲ့သည်။

ယဲ့ဖန် ပြုံးပြီး မေးလိုက်သည်။

" လင်းပိုင်ကို တကယ်ကြိုက်တာလား "

ဖုမာ တာကာနိုဆူကဲ အမြန်ခေါင်းညိတ်လိုက်သည်။

" ဟုတ်တယ် ငါ ကြိုက်တယ်။ ငါ အရမ်းကြိုက်တယ် "

ယဲ့ဖန် မျက်ခုံးပင့်လိုက်သည်။

" အိမ်ပြန်ယူသွားချင်လား "

ဖုမာ တာကာနိုဆူကဲ ပို၍ပင် စိတ်လှုပ်ရှားလာသည်။

" အင်း "

ချီဇူရူ စူဂါဝါရာ၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။

သူမ အမြန်လျှောက်လာပြီး ယဲ့ဖန် ကို ဒေါသအကြည့်ဖြင့် ကြည့်လိုက်သည်။

" ယဲ့လူကြီးမင်း၊ ကျေးဇူးပြုပြီး အဘိုးအိုကို သွေးမဆောင်ပါနဲ့။ သူ တကယ် ပြဿနာရှာရင် ငါတို့ ခေါင်းကိုက်ရလိမ့်မယ် "

ထိုသို့ပြောပြီးနောက် သူမသည် ဖုမာ တာကာနိုဆူကဲကို လှည့်ကြည့်လိုက်သည်။

" အဖေ၊ ကျွန်မတို့ ထွက်လာတာကြာပြီ။ ပြန်ဖို့ အချိန်ရောက်ပြီ "

ဖုမာ တာကာနိုဆူကဲသည် ပလုတ်တုတ်ကဲ့သို့ ခေါင်းကို ခါယမ်းနေသည်။

" မရဘူး၊ ငါ လင်းပိုင် လိုချင်တယ် "

ချီဇူရူ စူဂါဝါရာ ချက်ချင်းပင် မျက်နှာညှိုးသွားသည်။

" အဖေ၊ ဒီလင်းပိုင်ကို မရောင်းဘူး။ ပိုက်ဆံရှိရင်တောင် ဝယ်လို့မရဘူး "

ဖုမာ တာကာနိုဆူကဲသည် ထိုသည်ကို ဂရုမစိုက်ချေ။

သူက မြေပြင်ပေါ်ထိုင်ပြီး ပြဿနာရှာပြန်ပါတော့သည်။

" ဂရုမစိုက်ဘူး၊ ဂရုမစိုက်ဘူး။ လင်းပိုင်လေးကိုပဲ လိုချင်တယ် ...... "

ချီဇူရူ စူဂါဝါရာသည် ယဲ့ဖန် ကို ဒေါသတကြီး ကြည့်လိုက်သည်။

" အခု သူက ကားကို မလိုချင်တော့ဘူး။ လင်းပိုင်ကို လိုချင်နေပြီ။ ငါတို့ ဘာလုပ်သင့်တယ် ထင်လဲ "

ယဲ့ဖန် မတတ်နိုင်ဘဲ ရယ်မိသည်။

" အဘိုး ကြိုက်တာ ယူပေးတာပေါ့ "

ချီဇူရူ စူဂါဝါရာ ဒေါသအရမ်းထွက်ပြီး ရယ်လိုက်သည်။

" ဒါ ဒီအဆောက်အဦးက ရုပ်တုလေ။ သူတို့က ရောင်းမှာတဲ့လား "

ယဲ့ဖန် သူ့နှုတ်ခမ်းကို ပွတ်သပ်လိုက်သည်။

" ဝယ်နိုင်မယ်တော့ မထင်ဘူး။ ဒါပေမယ့် ရတော့ရနိုင်တယ် "

ချီဇူရူ စူဂါဝါရာ ချက်ချင်း မျက်လုံးပြူးသွားသည်။

ယဲ့လူကြီးမင်းသည် သူမအဖိုးထက် တစ်ခါတစ်ရံ ပို၍ ကလေးဆန်သည်ဟု သူမ ခံစားမိသည်။

ပိုက်ဆံနဲ့တောင် မဝယ်နိုင်တာကို လိုချင်နေသေးတာလား။

သူ့မိသားစုက ဒီအဆောက်အဦးကို ပိုင်တယ်လို့များ ထင်နေလား။

ဖုမာ ခါဇူဟီကိုသည် ယဲ့ဖန်ကိုလှောင်ပြောင်ရန် ထိုအခွင့်အရေးကို လက်မလွှတ်ခဲ့ချေ။

" တချို့လူတွေက ကိုယ့်ကိုယ်ကိုယ် မျက်နှာရအောင် ဟန်ဆောင်ရတာကို ကြိုက်ကြတယ်။ ပိုက်ဆံလေးရှိတာနဲ့ သူတို့လုပ်ချင်တာမှန်သမျှ လုပ်နိုင်တယ်လို့ ထင်နေတာလား "

ယဲ့ဖန် သူ့ကို အထင်သေးစွာ ကြည့်လိုက်သည်။

" ငါ ထပ်ပြောမယ်။ မင်းမလုပ်နိုင်တာက တခြားသူ မလုပ်နိုင်ဘူးလို့ မဆိုလိုဘူး "

ဖုမာ ခါဇူဟီကို ချက်ချင်း လန့်သွားသည်။

" ဟား၊ ဒါပဲလား။ ကောင်းပြီ၊ မင်းက အရမ်းတော်တယ်ဆို သခင်ကြီးအတွက် ဒီလင်းပိုင်ရုပ်တုကို ဘာလို့ မယူပေးတာလဲ "

ယဲ့ဖန် သူ့ကို ပြုံးပြလိုက်သည်။

" မင်းက ငါ့ကို စိတ်ဆွနေတာလား။ ငါ ဒီလင်းပိုင်ရုပ်ကို တကယ်ရရင် ဘာလုပ်ပေးမလဲ "

ဖုမာ ခါဇူဟီကို၏ ဒေါသလည်း တိုးလာသည်။

" ဒီရုပ်ထုကို မင်း တကယ်ရအောင် ယူပေးနိုင်ရင် ငါ ဒူးထောက်ပြီး မင်းကို အရိုအသေပေးမယ် "

ယဲ့ဖန် သူ့ကို လှောင်ပြောင်သော အမူအရာဖြင့် ကြည့်လိုက်သည်။

" အရိုအသေပေးတာအပြင် မင်း ငါနဲ့တွေ့တိုင်း ဒူးထောက်ပြီး စကားပြောရမယ် "

ဖုမာ ခါဇူဟီကို၏ အမူအရာ ပြောင်းလဲသွားသည်။

" မင်း နည်းနည်း တရားလွန်နေပြီ မဟုတ်လား "

ယဲ့ဖန် စိတ်လှုပ်ရှားစွာ နှုတ်ခမ်းကို ကွေးလိုက်သည်။

" ဘာဖြစ်လို့လဲ။ ကြောက်ရင်လည်း ငါ ဘာမှပြန်မပြောသလိုပဲ ထားလိုက် ........ "

All Chapters