← Chapters

အခန်း (၁၂၅၇-၁၂၆၀)

Vol. 63 Ch. 1257-1260

အခန်း (၁၂၅၇-၁၂၆၀)

Vol. 63 Ch. 1257-1260

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၅၇ )

လူနာကို သေဆေးကျွေးခြင်း

သို့သော် သူမ၏ အခြေအနေနှင့် မတူညီစွာ ယဲ့ဖန်သည် လုံးဝ အလျင်လိုခြင်း မရှိပေ။

" ယဲ့လူကြီးမင်း၊ ဘာလုပ်သင့်လဲ "

လက်ထောက်မှ သာယာစွာ မေးလိုက်သည်။

" အလျင်မလိုနဲ့။ ခဏစောင့်လိုက် "

ယဲ့ဖန်သည် လက်ထောက်ကို ပြောလျက် ဗိုက်ကို ပွတ်လိုက်သည်။

လက်ထောက်သည် ယဲ့ဖန် နေလို့မကောင်းသည်ဟု ထင်ကာ ဘေး၌ တိတ်ဆိတ်လျက်သာ ရပ်နေတော့သည်။

ထိုအချိန် ယဲ့ဖန်သည် လူအုပ်ထဲမှ ဖုမာကျန်းဝူကို ရုတ်တရက် လက်ယမ်းပြလိုက်သည်။

ဖုမာ ကျန်းဝူ ခဏတာ အံ့အားသင့်သွားသည်။

သို့သော် သူမသည် ချက်ချင်း ပြေးသွားလေသည်။

" သခင်ကြီး တစ်ခုခု လိုလို့လား "

ယဲ့ဖန်သည် ပတ်လည်ကို ကြည့်လိုက်ပြီးနောက် သူမ၏နားနားသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။

" ကိုယ့်ကို တစ်ခုလောက် လုပ်ပေးနိုင်မလား "

ဖုမာ ကျန်းဝူသည် ယဲ့ဖန်မှ သူမအား ဤသို့ တီးတိုးပြောသည်ကို မြင်သည့်အခါ သူမ၏မိသားစုအား ဆန့်ကျင်သည့် ဆုံးဖြတ်ချက် ချစေချင်သည်ဟု တွေးခဲ့သည်။

သူမအတွက် အနည်းငယ် ခက်ခဲနိုင်သော်လည်း သူမ ခေါင်းညိတ်လိုက်သေးသည်။

" ပြောပါ၊ သခင်ကြီး လုပ်စေချင်သမျှကို ကျန်းဝူ သဘောတူမှာပါ "

ယဲ့ဖန် သူမမျက်နှာလေးကို ကျေနပ်စွာ ကိုင်လိုက်သည်။

" ရှောင်ဝူက အရမ်းလိမ္မာတာပဲ "

ထို့နောက် ဖုမာ ကျန်းဝူ၏ လှပသော မျက်နှာလေးသည် အနည်းငယ်နီလာပြီး လက်ထောက်ကို ရှက်ရွံစွာ လှမ်းကြည့်လိုက်မိသည်။

" သခင်ကြီး၊ ကျန်းဝူကို ဘာလုပ်စေချင်တာလဲ "

ယဲ့ဖန် သူမကို လေးနက်စွာ ကြည့်နေသည်။

" ကိုယ် ဒီမနက် ဒီကို အမြန်လာရတော့ စားဖို့ အချိန်မရှိလိုက်ဘူး။ အခု နည်းနည်း ဗိုက်ဆာနေလို့ ကြက်ဥကြော် ထမင်းတစ်ပန်းကန်လောက် လုပ်ပေးနိုင်မလား "

ဖုမာ ကျန်းဝူ အံသြသွားသည်။

ယဲ့ဖန် ၏ တောင်းဆိုချက်သည် အနည်းငယ်ထူးဆန်းသည်ဟု သူမခံစားမိသော်လည်း ခဏအကြာတွင် ဖုမာ ကျန်းဝူသည် ကြက်ဥကြော်ထမင်း ပြင်ဆင်ပေးရန် တစ်စုံတစ်ဦးအား အမြန်အမိန့်ပေးလိုက်သည်။

ထို့နောက် ယဲ့ဖန်သည် လူနာအမျိုးသား၏ အရှေ့တွင် ထိုင်ချလိုက်ပြီး ကြက်ဥထမင်းကြော်ကို ပါးစပ်အပြည့်ဖြင့် စားနေလေသည်။

ထမင်းကြော်ကို ပျော်ရွှင်စွာ စားနေသည်မှာ အဆင်ပြေသေးသည်။

သို့သော် ယဲ့ဖန် သူ့နှုတ်ခမ်းကို ဆက်တိုက် သပ်နေသည်။

အမျိုးသားလူနာသည် သူ့ကို အားကိုးရာမဲ့စွာ စိုက်ကြည့်နေသည်။

ဝေဒနာကို ခံနိုင်ရည်ရှိသော်လည်း ဤကဲ့သို့သော နှိပ်စက်မှုကို ခံနိုင်ရည်ရှိရမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ထိုရယ်စရာမြင်ကွင်းကို မြင်လိုက်ရပြီးနောက် ကြည့်နေကြသည့် ပရိသတ်များက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

" ဒီကလေး ဘာလုပ်နေတာလဲ။ သူက လူနာကို ကုပေးရမယ့်အစား ကြက်ဥထမင်းကြော်ကို စားနေသေးတယ်။ ဒါက ပြိုင်ပွဲလေ "

" မိသားစုခေါင်းဆောင်ရဲ့ မိန်းမကို မအနိုင်ယူနိုင်ဘူးဆိုတာ သူ့ကိုယ်သူ သိလောက်တယ်။ အဲ့တာကြောင့် သူ ရှုံးတာကို ဝန်ခံလိုက်တာပဲ မဟုတ်လား "

" အဲ့လောက် မဆိုးသင့်ဘူး ဟုတ်တယ်မလား။ ဒီကလေး အပ်စိုက်တာ အရမ်းကောင်းတယ်လို့ ငါ ကြားထားတယ် "

" သူက ဖုမာ ခါဇူဟီကိုရဲ့ အဆိပ်ကို အပ်နှစ်ချောင်းတည်းနဲ့ ကုသပေးခဲ့တာတဲ့ "

" အပ်စိုက်ကုတာကိုပဲ သိတာထင်တယ်။ အခုက အပ်စိုက်ကုတာကို တားမြစ်ထားတော့ သူ့မှာ တခြားနည်းလမ်း မရှိလောက်တော့ဘူး ဟုတ်တယ်မလား "

" ဆက်ပြီးပြိုင်နေစရာ မလိုဘူးထင်တယ်။ ရလဒ်က အရမ်းသိသာနေပြီ ....... "

ထိုအချိန်တွင် ချီဇူရူ စူဂါဝါရာသည် ရောဂါရှာဖွေမှု ပြီးသွားကာ ဆေးချက်ရန်ပြင်ဆင်နေသော်လည်း ယဲ့ဖန်မှာတော့ တိုးတက်မှု လုံးဝမရှိပေ။

ဖုမာ ကျန်းဝူ အနည်းငယ် စိတ်မရှည်ဖြစ်လာသည်။

သူမသခင် ဘာလုပ်နေသည်လဲ သူမ မသိချေ။

အောင်ပွဲက လက်ထဲရှိနေလို့လား။

ဒါမှမဟုတ် သူ လက်လျှော့လိုက်ပြီလား။

ဖုမာ ဟာရာဘူဆာ လှည့်ကြည့်လိုက်သည့်အခါ သူ့သမီး၏ စိုးရိမ်သောကရောက်နေသော အမူအရာကို မြင်လိုက်ရသည်။

သူ မပြုံးနိုင်ဘဲ မနေနိုင်ပေ။

" စိတ်မရှည် မဖြစ်ပါနဲ့။ စိတ်အေးအေးထားရမယ် "

ဖုမာ ကျန်းဝူ သူ့ကို မကျေမနပ် ကြည့်လိုက်သည်။

" အဖေ သူ စမ်းသပ်ပွဲရှုံးမှာကို မစောင့်နိုင်တော့ဘူးလား "

ဖုမာ ဟာရာဘူဆာ မငြင်းခဲ့ချေ။

သူက ခပ်ဖျော့ဖျော့ ပြုံးရုံသာ ပြုံးလိုက်သည်။

" မင်းအမေ ..... မင်းရဲ့အန်တီ စူဂါဝါရာရဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုက မိသားစုထဲမှာ အကောင်းဆုံးလို့ လူသိရှင်ကြား အသိအမှတ်ပြုခံထားရတာ။ ငါတို့ ဖုမာမိသားစုရဲ့ နှစ်ရာနဲ့ချီတဲ့ သမိုင်းကြောင်းက ဒီကောင်စုတ်လေးနဲ့ ယှဉ်လို့မရဘူးလို့ ငါ မထင်ဘူး "

ဖုမာ ကျန်းဝူ ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။

" ကောင်စုတ်လေးဆိုတာ ဘာကိုဆိုလိုတာလဲ။ အဲ့တာ မလေးစားနေတာ မဟုတ်ဘူးလား "

ဖန်းကျန်းဆွန်း အေးစက်စွာ နှာမှုတ်လိုက်သည်။

" သူက ငါ့သမီးကို တရုတ်ပြည်ထိ လှည့်စားပြီး ခေါ်သွားတာ။ ငါ သူနဲ့ အဲ့တာတောင် စာရင်းမရှင်းရသေးဘူး။ သူ့ကို ကောင်စုတ်လို့ ခေါ်တာ ဘာဖြစ်လဲ "

ဖုမာ ကျန်းဝူသည် သူမအဖေ စိတ်ဆိုးသွားပါက ယဲ့ဖန်ကို အန္တရာယ်ပြုမည်အား စိုးရိမ်လေသည်။

သူမ ပါးစပ်ကိုသာ ပိတ်ထားရတော့သည်။

ထိုအချိန်တွင် ယဲ့ဖန်သည် သူ၏ ကြက်ဥထမင်းကြော်ကို အပြီးစားခဲ့သည်။

သူ့ဗိုက်ကို ပွတ်လိုက်သည်။

" စားလို့ကောင်းလိုက်တာ "

ထိုအခါ လက်ထောက်မှ လမ်းလျှောက်လာပြန်သည်။

" ကျွန်တော်တို့ ကုတာကို အခုစလို့ရပြီလား "

ယဲ့ဖန် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြန်သည်။

" အလျင်မလိုနဲ့။ အိမ်သာအရင်သွားလိုက်ဦးမယ် "

ထိုသို့ ပြောပြီးနောက် ရာနှင့်ချီသောလူများကို ထားကာ လှည့်ထွက်သွားခဲ့သည်။

ရှိနေသူတိုင်း ယဲ့ဖန်၏ လုပ်ရပ်ကြောင့် အံသြသွားကြသည်။

ခဏအကြာတွင် သူတို့အားလုံး ကျိန်ဆဲကြတော့သည်။

" ဒီကလေးက ငါတို့နဲ့ ဆော့နေတာလား။ အခု သူက ကြက်ဥထမင်းကြော် စားပြီးတော့ အခုကျ အိမ်သာသွားနေပြန်ပြီ "

" ငါ မခံနိုင်တော့ဘူး။ ငါ သူ့ကို ရိုက်ချင်တယ်။ မင်းတို့ ငါ့ကို တားခွင့်မရှိဘူး "

" ဒါဆို မြန်မြန်သွား။ မင်းကို စိတ်ရောကိုယ်ပါ အားပေးမယ်။ သူက လက်ဖဝါး တစ်ချက်တည်းနဲ့ အိမ်တော်ထိန်းရှီရှန်းကို လွင့်သွားအောင် လုပ်လိုက်တယ်လို့ ငါကြားထားတယ်။ မင်း သူ့အတွက် လက်စားချေနိုင်မယ်လို့ မျှော်လင့်တယ် "

" အိုး .... အဲ့တာ တကယ်လား။ ရှီရှန်းက အတွင်းအားကျင့်စဉ် ကျွမ်းကျင်တဲ့သူလေ။ အဲ့တာတောင် သူ့ကို လက်ဖဝါးတစ်ချက်တည်းနဲ့ လွင့်သွားအောင် လုပ်လိုက်တာလား "

" အခုနက အပြင်မှာရှိတဲ့ လူတွေဆီက ကြားလာတာ။ အဲ့တာ အမှန်ပဲ "

" ဒါဆို .... မေ့လိုက်တော့။ အိမ်တော်ထိန်း ရှီရှန်းကတောင် ဒီကလေးကို မနိုင်ဘူးဆို ငါက သူ့ရဲ့ ပြိုင်ဘက်တောင် မဟုတ်ဘူး။ မဟုတ်ရင် ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲမိလိမ့်မယ် "

မိနစ်အနည်းငယ်ကြာပြီးနောက် ယဲ့ဖန် သည် အိမ်သာမှ ပြန်လာခဲ့သည်။

ဤတစ်ကြိမ် သူ အချိန်မဆွဲပေ။

သူသည် အမျိုးသားလူနာဆီသို့ တည့်တည့်လျှောက်သွားပြီး သူ၏ သွေးခုန်နှုန်းကို စမ်းသည်။

ထို့နောက် လှည့်ကြည့်ကာ ဘေးနားရှိ စားပွဲဆီသို့ လျှောက်သွားသည်။

ဘောပင်တစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး ဆေးညွှန်းကို စတင်ရေးသားတော့သည်။

ထိုသည်ကို မြင်ပြီးနောက် လက်ထောက်မှ မထိန်းနိုင်ဘဲ ပြောလိုက်သည်။

" ဆေး ..... ဆေးသွားယူရမှာလား "

တရုတ်တိုင်းရင်းဆေးပညာတွင် ရောဂါစမ်းသပ်ပုံ လက္ခဏာလေးမျိုးမှာ အမြင်အာရုံ၊ အနံ့၊ မေးခွန်းနှင့် သွေးခုန်နှုန်းတို့ဖြစ်သည်။

ထိုလက္ခဏာတို့သည် ရောဂါရှာဖွေခြင်း၏ အခြေခံအကျဆုံး နည်းလမ်းများ ဖြစ်သည်။

ယဲ့ဖန်သည် ပထမစမ်းသပ်မှု သုံးခုကို ကျော်သွားခဲ့ပြီး စတုတ္ထစမ်းသပ်မှုဆီသို့ တန်းသွားခဲ့သည်။

သူသည် လူနာ၏ သွေးခုန်နှုန်းကို ပေါ့ပါးစွာသာ ကိုင်စမ်းလိုက်သည်။

ဆယ်စက္ကန့်လောက်သာ ကြာလိုက်သည်။

လက်မှ သွေးခုန်နှုန်းကို ထိမိပြီးသည်နှင့် ဖယ်လိုက်သည်ဟု မြင်မိသည်၊

ဒါကို ဘယ်လိုလုပ်ပြီး သွေးခုန်နှုန်းတိုင်းတာလို့ ခေါ်နိုင်မှာလဲ။

ထို့အပြင် တခြားနေရာများကိုလည်း မစစ်ဆေးချေ။

လူနာ၏ အခြေအနေကိုလည်း မမေးပေ။

အဲ့တာကို သူက ဘယ်လိုသတ္တိနဲ့ ဆေးအညွှန်း ရေးပေးမှာလဲ။

ယဲ့ဖန် သူ့ကို ပြန်မဖြေပေ။

သူသည် ဆေးစာကိုသာ အမြန်ရေးနေသည်။

မိနစ်ဝက် မပြည့်ခင်မှာပင် ယဲ့ဖန် ဆေးစာတစ်စောင်ရေးပြီး လက်ထောက်ကို ပေးလိုက်သည်။

" ဆေးညွှန်းအတိုင်း လုပ်ခဲ့ "

လက်ထောက်သည် ဆေးစာမှ တရားမဝင်သော တရုတ်ဆေးအမည်များကို ကြည့်ပြီးနောက် ပရိသတ်ထဲရှိ မျိုးနွယ်စုခေါင်းဆောင်ကို တုန်လှုပ်သောအမူအရာဖြင့် ချက်ချင်း လှမ်းကြည့်သည်။

အကယ်၍ သူသည် ဤလူ၏ ဆေးညွှန်းကို အမှန်တကယ် လိုက်နာပြီး လူနာကို ပေးလိုက်ပါက လူနာ သေသွားလျှင် သူ တာဝန် မခံနိုင်ပေ။

ဖုမာ ဟာရာဘူဆာသည် ယဲ့ဖန်၏ လှုပ်ရှားမှုတိုင်းကို မြင်လိုက်သည်။

သူ့နှုတ်ခမ်းများ တွန့်လိမ်သွားသည်။

သူသည် လက်ထောက်ကို ခေါင်းညိတ်ပြပြီး ယဲ့ဖန်၏ အစီအစဉ်များကို နားထောင်ရန် ပြောလိုက်သည်။

မည်သို့ပင်စေ သူ ရွေးချယ်ထားသည့် လူနာနှစ်ယောက်မှာ အတော်ပင် နာမကျန်းသူများ ဖြစ်သည်။

သူတို့ အသက်ရှင်ရန် ရက်အများကြီး မကျန်တော့ပေ။

အခုလည်း သူတို့ အစွမ်းကုန် ကြိုးစားကြခြင်းသာ ဖြစ်သည်။

ကုသနိုင်လျှင် အကောင်းဆုံးဖြစ်သည်။

သို့သော် နေရာမှာတင် သေသွားလျှင်လည်း အရေးမကြီးချေ။

ဂိုဏ်းခေါင်းဆောင်မှ ခေါင်းညိတ်ပြသည်ကို လက်ထောက်က မြင်လိုက်ရပြီးနောက် သူသည် ယဲ့ဖန်၏ ဆေးညွှန်းကို ပြင်ဆင်ရတော့သည်။

ကံကောင်းစွာဖြင့် ယဲ့ဖန် ညွှန်ကြားသော ဆေးဖက်ဝင်အပင်များသည် ရှားပါးသောဆေးဖက်ဝင်အပင်များအဖြစ် မသတ်မှတ်နိုင်ပေ။

ထိုအပင်တို့ကို ဖုမာမိသားစု၏ ဆေးဆိုင်တွင် ရနိုင်သည်။

နာရီဝက်ခန့်အကြာတွင် သူသည် ယဲ့ဖန်၏ ဆေးညွှန်းအတိုင်း ဆေးဖက်ဝင်အပင်များအားလုံးကိုယူကာ အချိုးအစားအလိုက် ခွဲသည်။

ထို့နောက် သူသည် ဆေးကို ဖြတ်ကာ ထုထောင်းချေ၍ အခြားအလုပ်များကို စတင်ခဲ့သည်။

နောက်ဆုံးအဆင့်မှာတော့ ပြုတ်ရန် ဖြစ်သည်။

ဤလုပ်ငန်းစဉ်များသည် အချိန်ကုန်သည်။

ယဲ့ဖန်သည် ထိုကိစ္စများ ပြီးစီးရန် တကူးတက စောင့်မနေပေ။

အေးမြမှုကို ခံစားရန်အတွက် အရိပ်ရသည့်နေရာကို ရှာခဲ့သည်။

အစာစားခြင်းနှင့် အိမ်သာသွားခြင်း အချိန်များစွာကို ဖြုန်းတီးခဲ့သော်လည်း ရောဂါရှာဖွေရာ၌ မြန်ဆန်သောကြောင့် အချိန်များစွာ ပိုစေခဲ့သည်။

ရလဒ်အနေဖြင့် နှစ်ဖက်စလုံးသည် ဆေးဝါးကျိုချက်သည့် လုပ်ငန်းကို တစ်ချိန်တည်းနီးပါး ပြီးမြောက်ခဲ့သည်။

သင်းပျံ့သော ဆေးရနံ့ကို မွှေးကြည့်ကြရင်း ပရိသတ်က ပြန်လည် ဆွေးနွေးကြပြန်သည်။

" ဒီပြိုင်ပွဲမှာ ဘယ်သူအနိုင်ရမလဲဆိုတာ ခန့်မှန်းကြည့်ရအောင် "

" အဲ့တာကို ပြောဖို့ လိုသေးလို့လား။ ခေါင်းဆောင်ရဲ့ ဇနီးက သေချာပေါက် နိုင်လိမ့်မယ်။ သူမရဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုက အားလုံး သိပြီးသားပဲ။ သူမက အပြင်က နာမည်ကြီး ဆရာဝန်တွေထက်တောင် ပိုကောင်းသေးတယ် "

" ဟုတ်တယ်၊ ဒီကလေးက ရောဂါလက္ခဏာကိုတောင် သေချာမစစ်ဘဲ ဆေးပေးနေတာ မတွေ့ဘူးလား။ အဲ့ဆေးကိုသောက်ပြီး မသေရင်တောင် လုံလောက်နေပြီ "

" ငါတို့ရဲ့ ဖုမာမိသားစု စမ်းသပ်မှုကို မြင်ရဖို့က မလွယ်ကူဘူး။ ဒီလို အဆုံးသတ်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ နှမြောစရာပဲ "

" မိသားစုက ဒီလိုလူအတွက် စမ်းသပ်မှုကို တကယ် ကျင်းပပေးခဲ့တာလား။ သူတို့က အခွင့်အရေးကောင်းတစ်ခုကို ဖြုန်းတီးပစ်လိုက်တာပဲ "

" ဘယ်လောက် စိတ်ကုန်စရာကောင်းလိုက်လဲ "

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၅၈ )

သူ ဒီပွဲကို သေချာပေါက်နိုင်လိမ့်မယ်လို့ ယုံတယ်

လက်ထောက်နှစ်ယောက်သည် ကြိုချက်ပြီးသော ဆေးခွက်များကို သယ်လာပြီး ခေါင်းဆောင်၏ အမိန့်ကိုစောင့်ရန် လှည့်လိုက်သည်။

ဖုမာ ဟာရာဘူဆာ သူတို့နှစ်ယောက်ကို ခေါင်းညိတ်ပြလိုက်သည်။

" ဆေး စတိုက်လိုက်တော့ "

လက်ထောက်နှစ်ယောက်မှာ အမိန့်ကို ရသည်နှင့် လူနာနှစ်ဦးကို ဆေးတိုက်တော့သည်။

ဖုမာမိသားစု၏ ဂိုဏ်းသားများအားလုံးသည် စိတ်လှုပ်ရှားစွာဖြင့် မျက်လုံးများ ပြူးကျယ်စွာ ကြည့်နေကြသည်။

အနိုင်နှင့် အရှုံးသည် ဤရလဒ်အပေါ် မူတည်နေသည် ဖြစ်သည်။

လူတိုင်း စိတ်လှုပ်ရှားနေကြသည်။

ဖုမာ ကျန်းဝူ၏ လက်ကလေးများမှာ တင်းကြပ်စွာ ဆုပ်ထားပြီး သူမ၏ နှလုံးသားမှာ လည်ချောင်းထဲရောက်နေသလိုပင် ခံစားရသည်။

သူမသည် ချီဇူရူ စူဂါဝါရာကို မုန်းသော်လည်း သူ့အဖေ၏ မိန်းမဖြစ်သူ တတ်ကျွမ်းသော ဆေးပညာမှာ အမှန်တကယ်ပင် ထူးခြားပြောင်မြောက်လှသည်။

သူမသည် ဂိုဏ်းထဲ၌ ရာထူးဂုဏ်ပုဒ်ကြီးသည်မှာ ခေါင်းဆောင်၏ မိန်းမဖြစ်ခြင်းကြောင့်သာမကဘဲ သူမ၏ ကိုယ်ပိုင် ဆေးပညာအရည်အချင်းကြောင့် ဖြစ်သည်။

ယဲ့ဖန်မှာတော့ သူမ သိသလောက် သူ၏ ဆေးပညာမှာ အင်မတန်ကောင်းသော်လည်း သူမကိုယ်တိုင် သိပ်မမြင်ဖူးပေ။

ထို့အပြင် သူမ၏ဖခင်သည် အပ်စိုက်ကုထုံးကို တားမြစ်ထားသောကြောင့် ရလဒ်ကို မခန့်မှန်းနိုင်ပေ။

'သခင်ကြီး၊ ရှင် လုပ်နိုင်ပါတယ်'

ဖန်းကျန်းဝူ အပြောင်းအလဲများကို စိတ်လှုပ်ရှားစွာ သတိထားကြည့်နေရင်း စိတ်ထဲတွင် ရေရွတ်နေမိသည်။

ထိုအချိန်တွင် ဆေးဖက်ဝင်ဟင်းချို ပန်းကန်လုံး နှစ်ပန်းကန်လုံး ကုန်သွားပြီ ဖြစ်သည်။

လူနာနှစ်ဦးသည် ကွပ်ပျစ်တစ်ခုတည်းပေါ်တွင် လဲလျောင်းနေပြီး သူတို့နှင့် ပတ်သက်၍ ထူးခြားမှု မရှိသေးပေ။

နေမင်းကြီးသည် ကောင်းကင်အလယ်သို့ တက်နေပြီ ဖြစ်သည်။

ထို့အပြင် အပူချိန်မှာလည်း အတော်ပင် အရမ်းမြင့်လေသည်။

ထို့ကြောင့် လူအများက မကျေမနပ်ဖြစ်နေသည်။

သို့သော် ဤသို့သော မြင်ကွင်းသည် ရှားပါးသောကြောင့် မည်သူမှ ထွက်သွားရန် ဆန္ဒမရှိပေ။

လူအများစုသည် စိတ်မရှည်တော့ဘဲ တစ်ယောက်နှင့်တစ်ယောက် တီးတိုး ပြောနေကြချိန် ချီဇူရူ စူဂါဝါရာ၏ လူနာအမျိုးသမီးမှ အရင်ဆုံး တုံ့ပြန်လာခဲ့သည်။

သူမသည် ပထမဆုံး တစ်ကြိမ် နှစ်ကြိမ် ပေါ့ပါးစွာ ချောင်းဆိုးလိုက်ပြီးနောက် ချောင်းဆိုးခြင်းသည် ပို၍ပြင်းထန်လာသည်။

ရုတ်တရက် လှဲနေရာမှ ခုန်ဆင်းလာပြီး ချွဲအထွေးလိုက်ကို ပါးစပ်ထဲမှ ထွေးထုတ်လိုက်သည်။

သူမသည် ရေထဲမှ ဆွဲထုတ်ခံလိုက်ရသော ရေနစ်သူကဲ့သို့ ပြင်းထန်စွာ အသက်ရှူနေလေသည်။

ယခင်က အလွန်ဖြူဖျော့‌နေခဲ့သော သူမ၏မျက်နှာသည် အမှန်ပင် နီမြန်းလာခဲ့သည်။

ချီဇူရူ စူဂါဝါရာ လျင်မြန်စွာ လျှောက်လာပြီး သူမ၏ သွေးခုန်နှုန်းကို စမ်းလိုက်သည်။

" အခု ဘယ်လိုခံစားရလဲ "

လူနာအမျိုးသမီးသည် ခဏတာ အသက်ရှူလိုက်ပြီး ရွှင်လန်းသောမျက်နှာဖြင့် သူမကို ကြည့်လိုက်သည်။

" ကျွန်မ အရမ်းကို သက်သာပါတယ်။ အရင်က အသက်ရှူချင်ရင်တောင် ခွန်အားမရှိတော့ဘူး။ အခု ရုတ်တရက် အသက်ရှူရတာ ပိုပြီး ချောမွေ့လာတယ်လို့ ခံစားရတယ်။ ကျေးဇူးတင်ပါတယ် သခင်မ။ ကျေးဇူးတင်ပါတယ် သခင်မ ........ "

ချီဇူရူ စူဂါဝါရာအား စိတ်လှုပ်ရှားစွာဖြင့် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။

သူမ၏ နှလုံးသားအောက်ခြေမှ ကျေးဇူးတင်ကြောင်း ဖော်ပြနေသည်မှာ ထင်ရှားသည်။

အမှန်တကယ်တွင် သူမကိုယ်တိုင် ပြောဖို့ပင် မလိုချေ။

ရှိနေသူတိုင်း ရလဒ်ကို မြင်နိုင်သည်။

အမျိုးသမီးလူနာကို ချီပိုးပြီး ရောက်လာချိန် သူမ၏ မျက်နှာသည် ပြာနေပြီး အသက်ရှင်နေသည့် လက္ခဏာပင် မပြချေ။

ထို့အပြင် သူမသည် ထိုနေရာတွင် တစ်ချိန်လုံး လဲလျောင်းနေခဲ့ပြီး လက်တစ်ချောင်းကိုပင် ရွှေ့ရန် ခွန်အားပင်မရှိခဲ့ပေ။

ယခုအခါ ဆေးတစ်ပန်းကန်သောက်ပြီးနောက် သူမသည် ထပြီး ချောင်းဆိုးလိုက်ရုံဖြင့် ချွေးသလိပ်ကင်းစင်သွားသည့်အပြင် သူမ၏ အသားအရေမှာလည်း ယခင်ကထက် ပိုကောင်းလာသည်။

ဤသည်က လူတိုင်း မျက်စိနှင့် မြင်နိုင်သည့် အရာဖြစ်သည်။

ဟန်ဆောင်ရန် မဖြစ်နိုင်ပေ။

" မိသားစုခေါင်းဆောင်ရဲ့ဇနီးသည်က ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုမှာ တကယ်ကို မှော်ဆန်တာပဲ။ သူမက သေမလို ဖျားနာနေတဲ့ လူတစ်ယောက်ကိုတောင် ကယ်တင်နိုင်တယ် "

" ဒီလူနာမိန်းမကြီးကို ငါသိတယ်။ ငါ နေတဲ့နေရာနဲ့ မဝေးဘူး။ သူမရဲ့မိသားစုက ဆေးသုတ်စက်ရုံမှာ အလုပ်လုပ်တာ။ အပြင်က ဆေးရုံကြီးတွေကတောင် သူမကို သေတော့မယ် ပြောထားပြီးသား။ ဒီနေ့ သူမကို သခင်မက ကုသပေးနိုင်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး "

" အပြင်က ဆေးရုံတွေနဲ့ သခင်မရဲ့ ဆေးပညာအရည်အချင်းနဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်နိုင်မှာလဲ။ သူမသာ အစောကတည်းက သခင်မကို တွေ့ခဲ့မယ်ဆိုရင် သူမက ပြန်ကောင်းတာ တော်တော်ကြာလောက်ပြိ် "

" မင်း ဘာတွေတွေးနေတာလဲ။ သခင်မက မိသားစု အိမ်မကြီးရဲ့ သားစဉ်မြေးဆက်တွေရဲ့ ဖျားနာမှုအတွက်ပဲ တာဝန်ရှိတယ်။ မိသားစုခွဲရဲ့ သားစဉ်မြေးဆက်တွေက အကုခံဖို့ အဲ့လိုအရည်အချင်း ဘယ်လိုလုပ် ရှိမှာလဲ။ ဒီနေ့ စမ်းသပ်မှုမှာ ပါဝင်ဖို့ ရွေးချယ်ခံရတာတင် ကံကောင်းတယ်လို့ပဲ ဆိုရမှာ။ မဟုတ်ရင် သူမက သေတာကို ထိုင်စောင့်နေရမှာလေ "

" ခေါင်းဆောင်ရဲ့မိန်းမက သေခါနီး လူနာကိုတောင် ကုသပေးနိုင်တယ်။ သူမရဲ့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုက အသာကြီးပဲ။ ဒီကလေးက သခင်မနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ "

ရှိနေသူတိုင်းသည် ချီဇူရူ စူဂါဝါရာ ၏ ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုကို လေးစားနေကြပြီး သူတို့၏ မျက်လုံးများထဲတွင် သဘောကျမှုမှာ ပိုမိုအားကောင်းလာခဲ့သည်။

တရားမျှတမှု ရှိစေရန် စစ်ဆေးရေး တာဝန်ခံ ဝန်ထမ်းများကလည်း ချက်ချင်း လမ်းလျှောက်လာပြီး အမျိုးသမီးလူနာ၏ အခြေအနေကို စတင် စစ်ဆေးခဲ့သည်။

နောက်ဆုံးရလဒ်မှာ အမျိုးသမီးလူနာ၏ အခြေအနေသည် အနည်းဆုံး ၂၀% ပြန်လည်ကောင်းမွန်လာပြီး ဆေးဆက်သောက်ပါက ၆၀ မှ ၇၀%အထိ ပြန်လည်ကောင်းမွန်လာနိုင်ဖွယ်ရှိသည်။

၆၀-၇၀%သာ ပြန်လည်ကောင်းမွန်နိုင်သော်လည်း ရလဒ်သည် လူတိုင်းအတွက် မယုံနိုင်စရာ ဖြစ်လေသည်။

မည်သို့ပင်ဖြစ်စေ ထိုအမျိုးသမီးလူနာသည် အဆုတ်ရောင်ရောဂါဖြင့် တစ်ကမ္ဘာလုံးတွင် ကုသဆေးမရှိသော ရောဂါဖြစ်သည်။

သူမသည် သေခြင်းတရားကိုသာ စောင့်ဆိုင်းနေခဲ့ရသော်လည်း ယခုအခါ သူမသည် အနည်းဆုံး အသက်ရှင်နေနိုင်ပြီ ဖြစ်သည်။

ဖုမာ ဟာရာဘူဆာ သူ့မိန်းမကို ကြည့်ပြီး ဂုဏ်ယူသည့် အပြုံးကို ပြုံးလိုက်သည်။

သူ့ဇနီးသည်သည် သူ မျိုးနွယ်စုခေါင်းဆောင်ရာထူး ထိန်းသိမ်းနိုင်ခြင်း၌ ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

ယနေ့တွင် သူမသည် သူတို့၏ မျိုးနွယ်စုများအတွက် ထိုက်တန်ကြောင်း ထပ်မံသက်သေပြခဲ့သည်။

ထိုကဲ့သို့သော ဆေးပညာကျွမ်းကျင်မှုသည် တစ်ကမ္ဘာလုံးအတွက် ဂုဏ်ယူစရာပင် ဖြစ်သည်။

ချီဇူရူ စူဂါဝါရာ၏ ရလဒ်များကို သိပြီးနောက် လူတိုင်း ယဲ့ဖန်ကို သနားစိတ်ဖြင့်ကြည့်ကြသည်။

" သခင်မက ဒီလို ကောင်းမွန်တဲ့ ရလဒ်တွေကို ပြထားပြီးသားလေ။ ဒီပြိုင်ပွဲကို ဆက်လုပ်ဖို့တောင် လိုသေးလို့လား "

" ဒါကို ငါတို့ အဆုံးသတ်လို့ရမယ် ထင်တယ်။ ဒီကလေးက သခင်မထက် ပိုကောင်းတဲ့ရလဒ်တွေ ရနိုင်မယ်လို့ ငါမယုံဘူး "

" အနှစ်တစ်ရာအတွင်း ငါတို့မျိုးနွယ်စုရဲ့ ပထမဆုံးစမ်းသပ်မှုက ဒီလို အဆုံးသတ်မယ်လို့ မမျှော်လင့်ထားဘူး။ သနားစရာကောင်းလိုက်တာ၊ သနားစရာပဲ "

" ဘာသနားစရာရှိလို့လဲ။ဒီကောင်က သခင်မကို စိန်ခေါ်ရဲသေးတာပဲ။ သူ့ကိုယ်သူ သိထားသင့်တယ် ...... "

ဖုမာ ကျန်းဝူသည် ထိုလူများ ယဲ့ဖန်ကို လှောင်ပြောင်သည်အား ကြားသဖြင့် သူမ မထိန်းနိုင်ဘဲ ဒေါသတကြီး လှည့်လိုက်သည်။

" ယဲ့ဖန်ရဲ့ ရလဒ်က ထွက်မလာသေးဘူး။ သူ ရှုံးမယ်လို့ ရှင်တို့မှာ ဘာပြောပိုင်ခွင့်ရှိလို့လဲ။ ဒီပြိုင်ပွဲမှာ သူ သေချာပေါက် အနိုင်ရမယ်လို့ ကျွန်မ ယုံကြည်တယ် "

ယဲ့ဖန်ကို လှောင်ပြောင်နေကြသော သူများသည် သူမကြောင့် ထိတ်လန့်သွားကြသည်။

အကယ်၍ ယခုအချိန်တွင် အပြင်လူအတွက် ပြောဆိုနေသောသူသည် အခြားသော မျိုးနွယ်စုဝင်သာ ဖြစ်ပါက သူတို့သည် လူအများ၏ ဒေါသကို နှိုးဆွမိမည်မှာ သေချာသည်။

သို့သော် ဖုမာ ကျန်းဝူသည် မျိုးနွယ်စုခေါင်းဆောင်၏သမီး ဖြစ်နေသည်။

ထို့ကြောင့် မကျေနပ်လျှင်ပင် အကျယ်ကြီး မပြောရဲကြပေ။

ပါးစပ်ပိတ်ထားရုံသာ ရှိတော့သည်။

ဖုမာ ဟာရာဘူဆာ မျက်မှောင်ကြုတ်လိုက်သည်။

" ရှောင်ဝူ၊ မင်းရဲ့အပြောအဆိုနဲ့ အပြုအမူတွေကို သတိထား။ မင်းက ဖုမာမိသားစုထဲက အဖွဲ့ဝင်တစ်ယောက်ဆိုတာကို မမေ့နဲ့ "

ဖုမာ ကျန်းဝူ တုံ့ပြန်ချင်သော်လည်း တစ်ဖက်သူမှာ သူမ၏ဖခင် ဖြစ်သည်။

သူမ ပါးစပ်ကို ဖွင့်ထားသော်လည်း နောက်ဆုံးတွင် တိတ်ဆိတ်နေရန်သာ ရွေးချယ်ခဲ့သည်။

သူမ၏ သခင်သည် အောင်မြင်နိုင်ကြောင်း သက်သေပြကာ ဤလူများ၏မျက်နှာကို ရိုက်နိုင်လိမ့်မည်ဟု သူမ ယုံကြည်သည်။

ဤအချိန်တွင် ယဲ့ဖန်၏ အမျိုးသားလူနာမှာ နောက်ဆုံးတွင် တုံ့ပြန်လာခဲ့သည်။

" ဖူး .......... "

ထိုအမျိုးသားလူနာသည် နေရာတွင် ငြိမ်သက်စွာ လဲလျောင်းနေခဲ့သည်။

ထို့နောက် ရုတ်တရက် လှဲနေရာမှ ခုန်ဆင်းကာ သွေးနီညိုရောင်များ ပါးစပ်ထဲကို ထွေးထုတ်လိုက်သည်။

သူသည် တစ်စုံတစ်ခုကို ဖမ်းချင်သလိုဖြင့် သူ့လက်ချောင်းများကို ဖွင့်လိုက်သည်။

သို့သော် နောက်ဆုံးတွင် လက်သည် ပျော့ခွေကျသွားပြီး လှုပ်ရှားမှုမရှိဘဲ မြေပေါ်သို့ ပြန်ကျသွားသည်။

ကြီးမားသော ခြံဝင်းကြီးသည် ငြိမ်သက်တိတ်ဆိတ်သွားလေသည်။

" သေ ..... သေသွားပြီလား "

အချိန်အတော်ကြာပြီးနောက် တစ်စုံတစ်ယောက်မှ အရင်ပြောလာသည်။

ငြိမ်သက်နေသော ရေကန်ထဲသို့ ကျောက်တုံးကို ပစ်ချလိုက်သလိုဖြင့် တိတ်ဆိတ်နေသော ခြံဝင်းကြီးသည် ချက်ချင်း ဆူညံသွားသည်။

" မဖြစ်နိုင်ဘူး မဟုတ်လား။ သူ တကယ် သေသွားတာလား "

" ဒီလိုဖြစ်လာမယ်ဆိုတာ ငါသိတယ်။ ဒီကလေးက အခုနက ရောဂါကို သေချာမရှာဘဲ ဆေးတွေ အများကြီးကို တွေ့ကရာပေးလိုက်တာလေ။ အဲ့တာတွေကို စားပြီး မသေဘဲနေရင်မှ ထူးဆန်းလိမ့်မယ် "

" ဒါ ...... လူသတ်တာနဲ့ ဘာကွာလို့လဲ။ သူက ငတုံးပဲ "

" ဘာကိုငတုံးလဲ။ သူက လူနာကို ကောင်းကောင်းမကုဘူးလေ။ လူ့အသက်ကို အလေးအနက်မထားတာပဲ။ လူ့ဘဝကို မြက်ပင်လို ဆက်ဆံတယ်။"

" ဒီလူနာက ငါတို့ ဖုမာမိသားစုရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ။ ဒါပေမယ့် သူ့ကို တရုတ်လူမျိုးတစ်ယောက်ကြောင့် သေသွားပြီ။ ဒီနေ့ ငါတို့ကို ရှင်းပြချက်ပေးရမယ် "

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၅၉ )

သေပြီးသား လူနာက တကယ် အသက်ပြန်ရှင်လာတာလား။

" ဟုတ်တယ်။ သူက ငါတို့ ဖုမာမိသားစုရဲ့ အဖွဲ့ဝင်တစ်ယောက်ကို သတ်ပစ်လိုက်တာပဲ။ ငါတို့ သူ့ကို အသက်နဲ့ ပြန်ပေးဆပ်ခိုင်းရမယ် ...... "

ရုန်းရင်းဆန်ခတ်ဖြစ်နေသည်မှာ ပိုမို ကျယ်လောင်လာသည်။

အဆုံး၌ အားလုံးသည် ဒေါသထွက်နေပြီး ယဲ့ဖန်ကို သေသည်အထိ တိုက်ခိုက်ချင်နေကြသည်။

ထိုအချိန်တွင် ဖုမာ ဟာရာဘူဆာ၏ မျက်နှာပေါ်မှ အမူအရာသည် အလွန်အကျည်းတန်နေသည်။

ယနေ့ ခေါ်ထားသော လူနာနှစ်ဦးမှာ သေခါနီးထိ ဖျားနာနေသူများ ဖြစ်၍ သူတို့သေဆုံးသွားပါက အံ့သြစရာမဟုတ်ပေ။

သို့သော် မျိုးနွယ်စုမိသားစုများ ပြောသည့်အတိုင်း ဤကလေးသည် ထိုလူနာကို ကောင်းစွာ မကုသပေးချေ။

ထမင်းစားလိုက် အိမ်သာသွားလိုက် လုပ်နေခဲ့သည်။

နောက်ဆုံး၌ ယဲ့ဖန်သည် မှန်ကန်သော ရောဂါလက္ခဏာစစ်ဆေးခြင်းမရှိဘဲ ဆေးကို ညွှန်းပေးခဲ့သည်။

ဤသည်မှာ လူ့ဘဝကို ဟာသတစ်ခုလို ဆက်ဆံခြင်း ဖြစ်သည်။

ယနေ့တွင် သူသည် သူ၏ မျိုးနွယ်စုများအား ကျေနပ်လောက်သော ရှင်းပြချက်ကို မပေးပါက မျိုးနွယ်စုခေါင်းဆောင်အဖြစ် ဆက်ရှိနေရန် ခက်ခဲပေလိမ့်မည်။

" လာကြစမ်း ....... "

သူသည် ယဲ့ဖန်ကို ဖမ်းရန် လူများကို ခေါ်ခါနီးတွင် ဖုမာ ကျန်းဝူ ရုတ်တရက် ထရပ်လိုက်သည်။

" ခဏစောင့်ရအောင်ပါ။ အံ့သြစရာတစ်ခုခု ရှိလောက်မယ် "

သူမ၏ အသံမှာ အနည်းငယ် အားနည်းနေပြီး သူမသည် မသေချာမှုများနှင့် ပြည့်နေပေသည်။

ဤတစ်ကြိမ်၌ သူမသည် လူတိုင်းကို ဒေါသထွက်စေခဲ့သည်။

မျိုးနွယ်စု အဖွဲ့ဝင်အများအပြားသည် သူမမှာ မျိုးနွယ်စုခေါင်းဆောင်၏ သမီးဖြစ်သည်ကိုပင် ဂရုမစိုက်တော့ဘဲ တုံ့ပြန်စပြုလာသည်။

" ဖုမာ ကျန်းဝူ၊ မင်း ဒီကလေးအတွက် အခုချိန်ထိ ကာပြောနေတုန်းပဲလား။ မင်းက ဖုမာ မိသားစုရဲ့ အဖွဲ့ဝင်မှ ဟုတ်သေးရဲ့လား "

" ဒါတွေအားလုံးက မင်းကြောင့်ပဲ။ မင်းနဲ့ ဒီကလေးက ဆက်ဆံရေးရှိလို့ မဟုတ်ရင် မျိုးနွယ်စုခေါင်းဆောင်က သူ့ကို ဒီစမ်းသပ်မှုမှာ ပါဝင်ဖို့ ဘယ်လိုလုပ် အခွင့်အရေး ပေးမှာလဲ "

" ငါတို့ ဖုမာမိသားစုရဲ့ အဖွဲ့ဝင်ကို အဲ့ဒီကလေးက သတ်လိုက်တာတောင် မင်းက သူ့ကို ကာကွယ်နေတုန်းပဲလား။ မင်းက ငါတို့မိသားစုကို သစ္စာဖောက်နေတာပဲကွ "

" မင်း သူ့အတွက် ထပ်ပြီးပြောရင် မင်း ငါတို့မိသားစုကို သစ္စာဖောက်တာပဲလို့ သတ်မှတ်မယ်။ လူတိုင်း မင်းကို သတ်ပစ်နိုင်တယ် "

" ဂိုဏ်းသစ္စာဖောက် ...... "

ထိုလူများ၏ စကားများသည် မျိုးနွယ်စုခေါင်းဆောင်၏ မျက်နှာကို လုံးဝ ဂရုမစိုက်ဘဲ ပို၍ မငြိမ်မသက် ဖြစ်လာသည်။

ဖုမာ ကျန်းဝူသည် သူမ၏ နှုတ်ခမ်းများကို စေ့ကာ ထိုလူများကို စိုက်ကြည့်နေသည်။

သူမ မတတ်နိုင်ဘဲ ပြောလိုက်သည်။

" ယဲ့ဖန် တစ်ယောက်ယောက်ကို တကယ်သတ်ခဲ့ရင် အဲ့လူရဲ့သေဆုံးမှုအတွက် ကျွန်မ ပေးဆပ်မယ်။ ကျေနပ်ပြီလား "

သူမကို ဝေဖန်နေကြသူများ ပါးစပ်ပိတ်သွားကြသည်။

တခြားဘာပြောနိုင်မည်နည်း။

ဖုမာ ဟာရာဘူဆာ သူမကို တားချင်သော်လည်း အလွန်နောက်ကျသွားပြီ ဖြစ်သည်။

သူ ဖုမာကျန်းဝူကို ဒေါသတကြီး စိုက်ကြည့်နေသည်။

" ခုနက ဘာပြောလိုက်တာလဲ မင်းဘာသာသိလား "

ဖုမာ ကျန်းဝူ သူ့ကို လှည့်ကြည့်လိုက်ပြီး သူမမျက်လုံးများ၌ ဆုံးဖြတ်ချက်များနှင့် ပြည့်နေသည်။

" အဖေကြားတာ မမှားဘူး။ ယဲ့ဖန် တစ်ယောက်ယောက်ကို တကယ် သတ်မိခဲ့ရင် အဲ့ဒီလူရဲ့အသက်အတွက် ပေးဆပ်မယ်။ ဒါပေမယ့် အခုတော့ အဖေ့သူ့ကို လွှတ်ထားပေးနိုင်မယ်လို့ မျှော်လင့်တယ် "

ဖုမာ ဟာရာဘူဆာသည် သူမကို ရိုက်ရန် ညာလက်ကို မြှောက်လိုက်သည်။

သို့သော်လည်း သူမ၏ ခေါင်းမာနေသော မျက်နှာလေးကို မြင်လိုက်ရသောအခါ သူ့နှလုံးသားမှာ ပျော့ပျောင်းလာပြီး လက်ကို ဖြည်းညှင်းစွာ ပြန်ချလိုက်လေသည်။

" ကုတာရဲ့ ရလဒ်ကို သွားကြည့်လိုက် "

ရလဒ်များကို စစ်ဆေးရန် တာဝန်ရှိပုဂ္ဂိုလ်အား အမိန့်ပေးခဲ့သည်။

ဝန်ထမ်းသည် တိတ်ဆိတ်နေခဲ့သော အမျိုးသားလူနာဆီသို့ ချက်ချင်း လှမ်းကြည့်လိုက်သည်။

ဖုမာ ဟာရာဘူဆာသည် အမျိုးသားလူနာအား စိုက်ကြည့်ကာ ကြောက်ရွံ့စပြုလာသည်။

တစ်ဖက်တွင် ယဲ့ဖန်၏ ကုသခြင်း မအောင်မြင်မည်ဟု သူ မျှော်လင့်ခဲ့သည်။

ထိုသို့ဖြစ်ပါကက ယဲ့ဖန်သည် စမ်းသပ်မှုကို အဆုံးသတ်ရှုံးနိမ့်ပြီး ဖုမာမိသားစု၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်မည် ဖြစ်သည်။

သို့သော် သူ့သမီးသည် ထိုကြမ်းတမ်းသော စကားများကို ပြောထားသောကြောင့် လူနာ ပြန်၍နေကောင်းလာမည်ဟု တိတ်တဆိတ် မျှော်လင့်မိသည်။

သူ့နှလုံးသားမှာ စိတ်နှစ်ခွ ဖြစ်နေတော့သည်။

ထိုအချိန်တွင် စစ်ဆေးရေးတာဝန်ခံသည် အမျိုးသားလူနာထံသို့ လျှောက်လှမ်းနေပြီဖြစ်သည်။

သူသည် မျက်ခွံများကို ပထမဆုံးဖွင့်ကြည့်ပြီးနောက် လူနာ၏သွေးခုန်နှုန်းကို စမ်းရသည်။

ချက်ချင်းပင် ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။

လက္ခဏာအားလုံးသည် ထိုအမျိုးသားလူနာမှာ အသက်မရှိဘူးဟု ဖော်ပြနေသည်။

ဤဆေးပညာပြိုင်ပွဲ၏ ရလဒ်များကို ထုတ်ပြန်ကြေညာနိုင်နေပြီ ဖြစ်သည်။

" လူနာက သေပါပြီ ....... "

လူနာသေဆုံးကြောင်း ကြေညာရန် ဝန်ထမ်းမှ လှည့်ကြည့်လိုက်စဉ် ချောင်းဆိုးသံ ရုတ်တရက် ထွက်လာသည်။

အသံမှာ မကျယ်သော်လည်း သူ့ကို ထိတ်လန့်သွားစေသည်။

သူ အမြန် လှည့်ကြည့်လိုက်သည့်အခါ 'အလောင်းကောင်'သည် မြေပြင်မှ ရုတ်တရက် ထလာပြီး ပြင်းထန်စွာ ချောင်းဆိုးနေသည်ကို တွေ့လိုက်ရသည်။

ဝန်ထမ်းသည် သူ့ဆံပင်များ အဆုံးထိ ထောင်ပြီး သေးထွက်ကျမတတ် ခံစားလိုက်ရသည်။

ထိုလူနာသည် သေဆုံးသွားသည်မှာ သေချာလေသည်။

ရုတ်တရက်ကြီး ဘယ်လိုလုပ် ပြန်အသက်ရှင်လာတာလဲ။

ဖုတ်ကောင် ဖြစ်သွားတာလား။

သူတင်သာမက ရှိနေသူတိုင်း အံ့ဩသွားကြသည်။

သေပြီးသားလူနာက တကယ် အသက်ပြန်ရှင်လာတလား။

" ဒါ ... ဘာဖြစ်တာလဲ "

" သေသွားပြီ မဟုတ်ဘူးလား "

" သူက ဘယ်လိုလုပ် အသက်ပြန်ရှင်လာတာလဲ "

" ဟုတ်တယ်၊ အဲ့လူနာ သေသွားသလိုမျိုး မြေပေါ်မှာ လဲနေတာကို ရှင်းရှင်းလင်းလင်း မြင်လိုက်တယ်လေ။ အခု ဘာလို့ နေကောင်းလာတာလဲ "

" ခုနက သူ ချောင်းဆိုးတာ ကြားလိုက်လား"

" ချောင်းဆိုးတာက ချောင်းဆိုးတာပဲ။ ဘာကွာခြားလို့လဲ။ အရင်က ချောင်းမဆိုးဖူးဘူးလား "

" မတူဘူး။ သေချာနားထောင်။ သူ့ချောင်းဆိုးသံက အခု အားအင်တွေ ပြည့်နေတယ်။ အရင်ကထက် အများကြီး ပိုပြင်းလာပြီ "

" ဟုတ်လား။ ငါဘာလို့ မပြောနိုင်တာလဲ "

" ဒီကလေးက ...... တကယ် အရည်အချင်းရှိနေတာ ဖြစ်နေမလား "

စမ်းသပ်ပွဲကို ကြည့်နေသူအားလုံး အံ့အားသင့်သွားကြသည်။

မယုံချင်ကြသော်လည်း လူနာ၏ အခြေအနေသည် များစွာတိုးတက်ကောင်းမွန်လာပုံပေါ်ကြောင်း သက်သေပြနေခဲ့သည်။

ထိုအမျိုးသားလူနာ နိုးလာချိန်တွင် ဖုမာ ကျန်းဝူသည် စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေတော့သည်။

" သူ မသေသေးဘူး မြင်လား .... သူ မသေဘူး "

" ထိုင်စမ်း။ ဒီကောင်မလေး ဘာဖြစ်နေတာလဲ "

ဘေးမှာရပ်နေသည့် ဖုမာ ဟာရာဘူဆာသည် သူမကို ချက်ချင်း ဒေါသတကြီး အော်ဟစ်လိုက်သော်ငြား သူလည်း သက်ပြင်းချလိုက်သည်။

လူနာမသေသရွေ့ သူ့သမီး၏ စကားကို အလေးအနက်ထားလို့ မရတော့ပေ။

သို့သော် သူ မသေလျှင်ပင် ဤကလေး နိုင်သည်ဟု မဆိုလိုပေ။

လူနာ၏ ကျန်းမာရေး ပြန်လည်ကောင်းမွန်မှုအပေါ်တွင် မူတည်နေဆဲ ဖြစ်သည်။

ဖုမာ ဟာရာဘူဆာသည် ယဲ့ဖန်ကို တစ်ချက်ကြည့်လိုက်သည်။

အစမှ အဆုံးထိ ထိုကောင်လေးသည် သစ်ပင်ကြီးတစ်ပင်အောက်ရှိ လှုပ်နေသော ကုလားထိုင်ပေါ်တွင်သာ ထိုင်နေခဲ့သည်။

ပြိုင်ပွဲ၏ ရလဒ်မှာ သူနှင့် ဘာမှမဆိုင်သလို သူ၏အမူအရာမှာ အလွန်အေးဆေးနေခဲ့သည်။

သူ့စိတ်ထဲ၏ အေးစက်စွာ နှာမှုတ်လိုက်သည်။

သေခြင်းတရားနဲ့ ပြိုင်ဆိုင်နေရတာကို သူက ဘယ်လိုလုပ် ဒီလို ဂရုမစိုက်ဘဲ နေနိုင်တာလဲ။

သူ ဖုံးကွယ်နေတာလား။

ဒါမှမဟုတ် သူ့လက်ထဲမှာ တကယ်ပဲ အောင်ပွဲရှိနေတာလား။

" လူနာ ပြန်လည်ကောင်းမွန်လာမှုကို စစ်ဆေးလိုက် "

တာဝန်ခံဝန်ထမ်းကို ချက်ချင်း အမိန့်ပေးလိုက်သည်။

ဝန်ထမ်းသည် အမျိုးသားလူနာဆီ လှမ်းလာပြီး စစ်ဆေးလေသည်။

သူတို့တွင် ဤလူနာနှစ်ဦး၏ ယခင် ဆေးအခြေအနေများကို မှတ်တမ်းတင်ထားသောကြောင့် သူတို့၏ လက်ရှိပြန်လည်ကောင်းမွန်လာမှုအခြေအနေကိုလည်း သုံးသပ်နိုင်သည်။

သူသည် လူနာယောက်ျား၏ သွေးခုန်နှုန်းကို လက်ညှိုးတင်ကာ ဖိစမ်းလိုက်သည်။

" ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ..... မဖြစ်နိုင်ဘူး ...... "

သူ့ကိုယ်သူ ရေရွတ်ရင်း သူ့အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။

သူ၏ သုံးသပ်ချက်အပေါ် အနည်းငယ် မသေမချာဖြစ်နေသည်။

သူသည် လူနာယောက်ျား၏ အဆုတ်ကို ဖိလိုက်ပြန်သည်။

" ဒီမှာ နာနေသေးလား "

ယခင်ဆေးမှတ်တမ်းများအရ ဤအမျိုးသားလူနာသည် သူ၏အဆုတ်အတွင်းပိုင်း၌ ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။

ဆယ်နှစ်ကျော်ကြာခဲ့ပြီး ကုသနိုင်သည့်ဆေး မရှိခဲ့ချေ။

" မနာတော့ဘူး "

အမျိုးသားလူနာသည် ခေါင်းယမ်းပြပြီး သူ့မျက်နှာ၌ မယုံနိုင်စရာ ပျော်ရွှင်မှုတစ်ခု ပေါ်လာသည်။

ဝန်ထမ်းသည် ထိုလူနာမှာ အားအင်အပြည့်ဖြစ်နေပြီး အရင်ကလောက် မပျော့ဖတ်တော့ကြောင်း သူ့အသံမှ ပြောပြနိုင်သည်။

သို့သော် သူ သေချာမသိသေးသောကြောင့် အခြားစစ်ဆေးမှုများ ပြုလုပ်ရန် အမြန်စမ်းပေးခဲ့သည်။

ထိုသည်မှာ အမျိုးသမီးလူနာအား စစ်ဆေးသည့်အချိန်ထက် များစွာ ပိုကြာခဲ့သည်။

ရလဒ်ကို စောင့်မျှော်နေကြသော ပရိသတ်များသည် မတတ်နိုင်ဘဲ အချင်းချင်း တီးတိုးပြောကြသည်။

" ဘာတွေဖြစ်နေတာလဲ။ ဒီစစ်ဆေးမှုက ဘာလို့ ကြာနေတာလဲ "

" အဲ့တာကို ပြောစရာလိုသေးလို့လား။ ဒီကလေးက သူ့ကို မကုနိုင်လို့ ဖြစ်မယ်။ ဖြစ်တာတစ်ခု ကုတာတစ်ခု ဖြစ်သွားလား မသိဘူး "

" ငါလည်း အဲ့လိုထင်တယ်။ သူ မသေပေဘဲ အခြေအနေ ပိုဆိုးလာတာလား ..... "

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၂၆၀ )

ဂုဏ်ယူစရာ ဘာမှ မရှိဘူး။ လုပ်နေကြပဲ

" ဒီလူနာရဲ့ ရောဂါအခြေအနေက အမျိုးသမီးလူနာထက် ပိုကောင်းပါတယ်လေ။ ဒီတော့ အဲ့ကောင်လေးမှာ အားသာချက် ရှိတယ် "

" ဒါကိုမှ မကုနိုင်ရင် ရှက်စရာ ကောင်းလိမ့်မယ် "

" ဒီပြိုင်ပွဲက အံ့ဩစရာမရှိဘူးလို့ ခံစားရတယ်။ ခေါင်းဆောင်ရဲ့မိန်းမကပဲ သေချာပေါက် နိုင်လိမ့်မယ် ...... "

လူတိုင်း မှန်းဆနေကြချိန် စစ်ဆေးရေး ဝန်ထမ်းအဖွဲ့ဝင်မှ ဖြည်းညှင်းစွာ ထရပ်ပြီး ဖုမာ ဟာရာဘူဆာကို စိတ်ပူပန်သည့်အမူအရာနှင့် ကြည့်လိုက်သည်။

ဖုမာ ဟာရာဘူဆာ မျက်မှောင်ကြုတ်လိုက်သည်။

" ဘာလို့ မကြေငြာတာလဲ "

ဝန်ထမ်းမှ ခေါင်းကုတ်ရတော့သည်။

" အဲ့တာက .... နည်းနည်း မသေချာလို့ ..... "

သူ့စကားသည် ရှိနေသူအားလုံးကို ပိုလို့ပင် စိတ်ရှုပ်သွားစေသည်။

သူ့အခြေအနေက ပိုကောင်းလာရင်လည်း ပိုကောင်းလာတာပေါ့။

ပိုဆိုးလာရင်လည်း ပိုဆိုးလာတယ်လို့ ပြောလေ။

မသေချာဘူးဆိုတာ ဘာကိုဆိုလိုတာလဲ။

ဖန်းကျန်းဆွန်း၏ အမူအရာသည် ပို၍ပင် ရုပ်ဆိုးသွားခဲ့သည်။

" မင်းရဲ့ စစ်ဆေးချက်ရလဒ်ကို ပြော "

ဝန်ထမ်းသည် ချောင်းခြောက်ဆိုးပြီး အသက်ပြင်းပြင်းရှူလိုက်သည်။

" ကျွန်တော့်ရဲ့ စစ်ဆေးချက် ရလဒ်အရ ကတော့ ဒီအမျိုးသားလူနာက လုံးဝ သက်သာသွားပါပြီ "

သူ ထိုသို့ ပြောပြီးသည်နှင့် ဆူညံနေသော လူအုပ်ကြီးမှာ တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။

လူတိုင်း သူ့ကို ကြောင်အစွာ ကြည့်နေကြပြီး အချိန်အတော်ကြာ စကားမပြောနိုင်ကြပေ။

အချိန်အတော်ကြာပြီးမှ နောက်ဆုံးတွင် တစ်စုံတစ်ယောက်က ထပြောသည်။

" ငါ နားကြား မှားသွားတာလား။ သူ ဘာကိုဆိုလိုတာလဲ ..... သက်သာသွားပြီလား "

" ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ လူနာတစ်ယောက်က ဆေးလေးသောက်ပြီးတာနဲ့ ဘယ်လိုလုပ် ပြန်ကောင်းလာမှာလဲ။ ဒါက ရယ်စရာကောင်းလွန်းတယ် မဟုတ်ဘူးလား "

" သူ့ရဲ့ စစ်ဆေးချက်ရလဒ် မှားနေပြီ ထင်တယ်။ ဒီကမ္ဘာမှာ ဒီလို အံ့ဖွယ်ဆေး ဘယ်လိုလုပ် ရှိနိုင်မှာလဲ။ ဆေးတစ်ခွက်စားပြီးတာနဲ့ ပြန်ကောင်းလာနိုင်မှာလား "

" ဒီကောင်ကို တရုတ်ကောင်က လာဘ်ထိုးထားတာမလား။ ဟမ်း၊ မိသားစုထဲမှာ နောက်ထပ်သစ္စာဖောက်တစ်ယောက် ပေါ်လာပြီ "

" ယုံချင်တဲ့သူပဲ ယုံကြ ..... "

လူတိုင်းသည် ရလဒ်ကို မေးခွန်းထုတ်ကြသည်။

လူတိုင်း မယုံနိုင်လောက်အောင် ဖြစ်နေခဲ့သည်။

အမျိုးသားလူနာ၏ အခြေအနေသည် အမျိုးသမီးလူနာလောက် မပြင်းထန်ဘူးဆိုလျှင်ပင် ဆေးသောက်ပြီး ချက်ချင်း ပြန်ကောင်းလာရန်မှာ မဖြစ်နိုင်ချေ။

ဖုမာ ကျန်းဝူပင်လျှင် ဤရလဒ်ကို သံသယဖြစ်မိသည်။

ကွင်းထဲတွင် ယဲ့ဖန်အား အနိုင်ရစေရန် သူမထက် ပိုမျှော်လင့်ထားသူ မရှိလောက်ပေ။

သို့သော် ထိုရလဒ်မှာ တကယ်ပင် မယုံနိုင်စရာဖြစ်သည်။

သူမ ခဏတာ မသေချာ ဖြစ်သွားသည်။

ဖုမာ ဟာရာဘူဆာသည် မသိစိတ်မှ ယဲ့ဖန်ကို ကြည့်လိုက်သည်။

ဤနေရာမှ အခြေအနေကို သူ ဂရုမစိုက်သေးသည်ကို မြင်လိုက်ရသဖြင့် မျက်မှောင်ကြုတ်ကာ ပို၍ပင် မျက်နှာထားနက်လာသည်။

" လူနာ ပြန်ကောင်းလာတာ သေချာလား "

သူသည် တိကျသေချာသော အဖြေတစ်ခုရလိုသော ဝန်ထမ်းကို ထပ်ကြည့်နေလိုက်သည်။

" အာ ...... ဘာလို့ တခြားလူကို မစစ်ဆေးခိုင်းတာလဲ။ ဒါက နည်းနည်း မယုံနိုင်စရာကောင်းတယ်လို့ ထင်တယ် "

ဝန်ထမ်းမှ မဝံ့မရဲ ပြောလိုက်သည်။

သူသည် သူ၏ ဆေးပညာ ကျွမ်းကျင်မှုကို အလွန်ယုံကြည်သော်လည်း ရလဒ်သည် အမှန်တကယ်ပင် လက်မခံနိုင်ပေ။

သူ့ကိုယ်သူပင် သံသယဝင်လာမိသည်။

" ကျွန်မကို စစ်ဆေးခွင့်ပေးပါ "

ထိုအချိန် ချီဇူရူ စူဂါဝါရာမှ ရုတ်တရက် စကားပြောလာသည်။

လူတိုင်းသည် သူမကို မြင်သောအခါ ဆန့်ကျင်မှု မရှိပေ။

ပထမအချက်မှာ သူမ၏ ဆေးပညာဆိုင်ရာ ကျွမ်းကျင်မှုသည် အမှန်တကယ်ပင် ယုံကြည်ထိုက်သည်။

ဒုတိယအနေနှင့် သူမသည် ယဲ့ဖန်ဖြင့် အပြိုင်အဆိုင် ဆက်ဆံရေး ရှိလေသည်။

သူမသည် ရန်သူကို ကာကွယ်မည် မဟုတ်ပေ။

မည်သူမျှ ကန့်ကွက်ခြင်းမရှိသည်ကို တွေ့လိုက်ရသဖြင့် ချီဇူရူ စူဂါဝါရာ ယသည် အမျိုးသားလူနာထံ ချက်ချင်းသွားရောက်စစ်ဆေးခဲ့သည်။

ခဏအကြာတွင် သူမသည် ဖြည်းညှင်းစွာ ထပြီး လူတိုင်းကို လှည့်ကြည့်လိုက်သည်။

" ဒီလူနာက တကယ်ပဲ ပြန်ကောင်းသွားပြီ "

သူမ ပြောလိုက်သည့် အခိုက်အတန့်တွင် ဗုံးပေါက်သွားသလို ဖြစ်သွားသည်။

ခြံတစ်ခုလုံး အုတ်အုတ်ကျွက်ကျွက် ဖြစ်သွားသည်။

" အမလေး ဘုရားရေ၊ တကယ်ပြန်ကောင်းလာတာလား။ အိပ်မက်မက်နေတာလား "

" ခေါင်းဆောင်ရဲ့မိန်းမက ဒီလိုပြောမှတော့ သူ တကယ် ပြန်ကောင်းလာတာ ဖြစ်လိမ့်မယ် "

" သခင်မကိုက ယုံလို့ရပါတယ် "

" ဖုမာမိသားစုတစ်ခုလုံးမှာ သခင်မထက် ဘယ်သူမှ ပိုမပြောနိုင်ဘူးလို့ ငါ ယုံကြည်တယ်။ သူမက ဒီလိုပြောတဲ့အတွက် အဲ့တာနဲ့ပတ်သက်ပြီး သံသယဖြစ်စရာ မရှိဘူး "

" ငါတော့ လက်မခံနိုင်သေးဘူး။ သူက ဘယ်လိုလုပ် ပြန်ကောင်းလာနိုင်မှာလဲ။ လူတစ်ယောက်က ဆေးတစ်ခွက်တည်းနဲ့ ပြန်ကောင်းလာနိုင်တာလား။ ဒါက နည်းနည်းချဲ့ကားတာ မဟုတ်ဘူးလား "

" ဟုတ်တယ်။ ငါလည်း နည်းနည်း မယုံနိုင်ဘူး။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ..... "

ဆင်ခြင်တုံတရားဖြင့် လူတိုင်းသည် ချီဇူရူ စူဂါဝါရာ၏ စကားကို ယုံကြည်ကြသည်။

သို့သော် စိတ်ကူးယဉ်ဆန်သော ရှုထောင့်မှကြည့်လျှင် ယဲ့ဖန်သည် ဆေးတစ်ခွက်တည်းဖြင့် လူတစ်ဦးကို ကုသပေးနိုင်သည်ဟူသော အချက်ကို လက်မခံချင်ကြပေ။

အမှန်တကယ်၌ သူတို့မပြောနှင့် ချီဇူရူ စူဂါဝါရာပင် ဤရလဒ်ကြောင့် တုန်လှုပ်သွားခဲ့ကြသည်။

အမျိုးသားလူနာ၏ အခြေအနေသည် အမျိုးသမီးလူနာထက် များစွာ ပိုမိုရှုပ်ထွေးကြောင်း သူမ ကောင်းစွာသိထားပြီး ကုသရန် ခက်ခဲသည့်အဆင့်မှာလည်း အတူတူ မဟုတ်ပေ။

ဤသည်ကိုမှ သူမသည် အမျိုးသမီးလူနာအား ကုသသောအခါတွင် ၂၀%သာ ပြန်လည်သက်သာလာခဲ့သည်။

သို့သော် ယဲ့ဖန်သည် ဤအမျိုးသားလူနာကို ချက်ချင်း ပြန်လည်ကောင်းမွန်စေခဲ့သည်။

သူတို့နှစ်ယောက်ကြားမှ ခြားနားချက်သည် ကောင်းကင်နှင့် မြေကြီးကြား ခြားနားချက်လိုဖြစ်သည်။

ထိုသည်က ချက်ချင်းပင် သူမ၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ဆိုးရွားစွာ ထိခိုက်သွားစေသည်။

သူက လူသားဟုတ်ရဲ့လား။

ဒါက နတ်ဘုရားအဆင့် မဟုတ်ဘူးလား။

" စစ်ဆေးပြီးပြီလား "

ထိုအခိုက်အတန့်တွင် ယဲ့ဖန်သည် လှုပ်နေသော ကုလားထိုင်မှ ထရပ်ကာ အေးဆေးစွာ လမ်းလျှောက်လာခဲ့သည်။

ရှိနေသူအားလုံးသည် သူ့ကို ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်နေကြသည်။

အချို့က သံသယရှိနေပြီး အချို့က အံ့သြနေကြသည်။

တစ်ဖက်မှ ပြသခဲ့သော ဆေးပညာကျွမ်းကျင်မှုမှာ ရိုးရှင်းစွာပင် ထိတ်လန့်စရာကောင်းလှသည်။

ကိုယ့်မျက်စိနှင့် မမြင်ပါက ဘယ်တော့မှ ယုံနိုင်မည် မဟုတ်ပေ။

သို့သော် သူတို့သည် ကုသမှု လုပ်ငန်းစဉ်တစ်ခုလုံးကို သူတို့၏မျက်လုံးများဖြင့် မြင်တွေ့ခဲ့ရသည်။

ထို့အပြင် သူတို့သည် ဂိုဏ်းခေါင်းဆောင်၏ ဇနီး အတည်ပြုချက်ကိုပင် ရရှိခဲ့သည်။

မည်မျှပင် မယုံချင်စရာကောင်းနေသည်ဖြစ်စေ အမှန်တရားကို မပြောင်းလဲနိုင်ချေ။

" သခင်ကြီး "

ဖုမာ ကျန်းဝူသည် သူမ၏ စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။

သူမသည် ချက်ချင်းထကာ လက်နှစ်ဖက်ကို ဖွင့်လျက် ပြေးလိုက်သည်။

ယခင်က သူမသည် ယဲ့ဖန်နှင့် ခပ်ခွာခွာနေခဲ့ရသည်။

သူ့ကို လူသိရှင်ကြား 'သခင်'လို့ပင် မခေါ်ရဲခဲ့ပေ။

သူ့အဖေသည် ယဲ့ဖန်ကို မကြိုက်မှာ စိုးရိမ်ခဲ့သည်။

သို့သော် ယခုအခါ သူမ ဂရုမစိုက်နိုင်တော့ပေ။

သူမသည် ဤလူသားမှာ ဖုမာ ကျန်းဝူ၏ အပိုင်ဖြစ်ကြောင်း လူတိုင်းကို ပြောပြချင်ခဲ့သည်။

ဤနေရာ၌ ရှိနေသမျှလူများအားလုံး ပေါင်းလျှင်ပင် သူ့ဖိနပ်ကို ထမ်းဖို့ပင် မထိုက်တန်ပေ။

ယဲ့ဖန်သည် မဆိုင်းမတွပင် ကျန်းဝူလေး၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်ကို ပွေ့ဖက်ထားလိုက်သည်။

" ကိုယ်က အခု အရမ်းမိုက်လို့လား "

ဖုမာ ကျန်းဝူ၏ ခေါင်းလေးသည် မရပ်မနား ခေါင်းညိတ်လိုက်သည်။

" မိုက်တယ်၊ အရမ်းမိုက်တယ် "

ဖုမာ ဟာရာဘူဆာနှင့် ဖုမာမိသားစုမှ အခြားအဖွဲ့ဝင်များသည် သူတို့နှစ်ဦး လူရှေ့သူရှေ့တွင် အလွန်ရင်းနှီးစွာ ပြုမူနေကြသည်ကို မြင်သောအခါ ဒေါသဖြစ်လာခဲ့ကြသည်။

ဖုမာမိသားစုသည် နှစ်ရာနှင့်ချီ၍ ဆင်းသက်လာခဲ့သည့် မျိုးနွယ်စုဟောင်းတစ်ခုဖြစ်သည်။

သူတို့၏ အတွေးအမြင်များမှာ ရှေးရိုးဆန်လွန်းလှသည်။

မိန်းကလေးတစ်ဦးသည် ဆန့်ကျင်ဘက်လိင်နှင့် လူရှေ့သူရှေ့တွင် ထိုသို့ ပြုမူနေသည်မှာ အကျင့်ပျက်မှုတစ်ခု ဖြစ်လေသည်။

" ဟမ်း "

ဖုမာ ဟာရာဘူဆာသည် ရည်ရွယ်ချက်ရှိရှိ ကျယ်လောင်စွာ အသံပြုလိုက်ပြီး သူ့သမီးကို သတိထားစေချင်သည်။

သို့သော် ဖုမာ ကျန်းဝူသည် လက်ရှိတွင် သူမချစ်ရသူ၏ ရင်ခွင်ထဲတွင် နစ်မြှုပ်နေပြီး မည်သည့်တုံ့ပြန်မှုမှ မရှိပေ။

ချီဇူရူ စူဂါဝါရာသည် သူမ၏ခင်ပွန်း ထပ်မံဒေါသပေါက်ကွဲတော့မည်ကို မြင်ပြီး ပြောလိုက်သည်။

" ယဲ့လူကြီးမင်းရဲ့ ဆေးပညာအရည်အချင်းက မယုံနိုင်စရာပါပဲ။ ဒီပြိုင်ပွဲကို ကျွန်မရှုံးပါတယ် "

သူမ ရှုံးနိမ့်ကြောင်းကို လူတိုင်း ကြားသိရသောအခါ ခံစားချက်များ ရောထွေးသွားကြသည်။

ချီဇူရူ စူဂါဝါရာသည် ဖုမာ မိသားစု၏ အကောင်းဆုံးဆရာဝန် ဖြစ်သော်လည်း သူမသည် အသက်နှစ်ဆယ်ကျော်လူငယ်တစ်ဦးကို ရှုံးခဲ့ရသည်။

ထို့အပြင် သူမသည် နှိုင်းယှဥ်ရန် နည်းလမ်းမရှိလောက်အောင် ရှုံးခဲ့သည်။

ဤသည်က ဖုမာအဖွဲ့ဝင် လူတိုင်းကို အရှက်ကွဲစေသည်။

သို့သော် မည်မျှပင် မကျေမနပ်ဖြစ်နေသော်ငြား ဤရက်စက်ကြမ်းကြုတ်သော အဖြစ်မှန်ကို လက်ခံရုံသာ တတ်နိုင်ကြသည်။

ဖုမာ ဟာရာဘူဆာသည် ယဲ့ဖန်ကို လှမ်းပြောလေသည်။

" ပထမပွဲကို ကျော်ဖြတ်နိုင်တဲ့အတွက် ဂုဏ်ပြုပါတယ် "

" ဂုဏ်ယူစရာ ဘာမှမရှိပါဘူး။ ပုံမှန်အတိုင်းပဲ လုပ်ထားတာပါ "

ယဲ့ဖန်သည် သူ့မျက်နှာထက်၌ အပြုံးမပျက်ပေ။

ဖုမာ ဟာရာဘူဆာ ဒေါသအလွန်ထွက်ပြီး သွေးအန်လုနီးပါး ဖြစ်သွားသည်။

" အခု ခဏ အနားယူလိုက်။ ခဏမှ ဒုတိယအကျော့ကို စမယ် "

ထို့နောက် လှည့်ထွက်သွားသည်။

" ယဲ့ဖန် ဂုဏ်ပြုပါတယ် "

ခင်ပွန်းဖြစ်သူ ထွက်သွားပြီးနောက် ချီဇူရူ စူဂါဝါရာသည် လှည့်၍ ယဲ့ဖန်ကို ဂုဏ်ပြုလိုက်သည်။

သူမနှင့် တွေ့သောအခါ ယဲ့ဖန်၏ သဘောထားသည် အနည်းငယ် ပိုကောင်းလာသည်။

" ကျေးဇူးတင်ပါတယ် ...... "

All Chapters