အခန်း (၁၂၆၅-၁၂၆၈)
Vol. 64 Ch. 1265-1268
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၆၅ )
ခင်ဗျား အခုထင်တာထက်လည်း ပိုတော်တာ ဖြစ်နိုင်တယ်
ဖုမာ ဟာရာဘူဆာပင်လျှင် အနည်းငယ် အံသြသွားသည်။
ထိုကျိုနင်းသုံးယောက်သည် မျက်လွှာများကို ချထားသည်။
" သူ ...... နိုင်သွားပြီလား "
ရှက်ရွံသည့် အမူအရာ ထိုလူသုံးယောက်၏ မျက်နှာတွင် ဖြတ်ပြေးသွားပြီးနောက် အဆုံးတွင် တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။
" ကျွန်တော်တို့ ရှုံးပြီး သူနိုင်သွားပါတယ် "
သူတို့၏ အသံမှာ တိုးညင်းသော်လည်း ရှိနေသည့်လူတိုင်းကို မိုးကြိုးပစ်လိုက်သလို ထိတ်လန့်သွားစေသည်။
ရှုံးသွားပြီ။
သူတို့ တကယ်ပင် ရှုံးခဲ့ကြသည်။
ကျိုနင်းသုံးဦးသည် တစ်ယောက်တည်းအား အုပ်စုဖွဲ့၍ တိုက်ခိုက်ခဲ့ကြသော်လည်း ရှုံးသွားခဲ့သည်။
လူတိုင်းသည် ကလေးဆန်ကာ ငယ်ရွယ်နုပျိုသော မျက်နှာဖြင့် ယဲ့ဖန်ကို ကြောင်အစွာ ကြည့်နေကြသည်။
ထိုလူငယ်လေးသည် သူကိုယ်တိုင် ဒုတိယအဆင့်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ပြီး ထိပ်တန်းအဆင့် ကျိုနင်းသုံးယောက်ကို အောင်မြင်စွာ အနိုင်ယူနိုင်ခဲ့သည်။
ဤကဲ့သို့သော ခွန်အားသည် ရိုးရှင်းစွာပင် တုန်လှုပ်ချောက်ချားစရာကောင်းလှသည်။
သူတို့သည် ယခင်က အတွင်းအားကျင့်စဉ် နောက်ဆုံးအဆင့်ရှိသော ကျွမ်းကျင်သူများကို မြင်ဖူးကြသည်။
သို့သော် သူတို့သည် ဤမျှ ငယ်ရွယ်သော အတွင်းအား ကျွမ်းကျင်သူကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။
ဤကဲ့သို့ ကြောက်စရာကောင်း ခွန်အားရှိသည့် အတွင်းအားနောက်ဆုံးအဆင့် ကျွမ်းကျင်သူ လူငယ်လေးဆိုသည်ကို တစ်ခါမှပင် မကြားဖူးချေ။
လူအတော်အများ၏ စိတ်ထဲ၌ တူညီသည့် အတွေးတစ်ခု ရှိနေခဲ့သည်။
ဤကလေး၏ အနာဂတ်အောင်မြင်မှုများသည် အကန့်အသတ်မရှိပေ။
ယဲ့ဖန်သည် ဖုမာ ကျန်းဝူကို ပွေ့ဖက်လိုက်ပြီး ဂူထဲမှ ထွက်လာခဲ့သည်။
လူတိုင်း သူ့ကို ထိုသိို့ အံ့ဩနေသော အကြည့်များနှင့် ကြည့်နေသည်ကို မြင်လိုက်ရသည်မှာ ရယ်စရာကောင်းလှသည်။
" ခင်ဗျားတို့အားလုံး ကျွန်တော့်ကို ဘာလို့ အဲ့လိုအကြည့်တွေနဲ့ ကြည့်နေတာလဲ။ အရင်က ကိုယ်ခံပညာရှင်တစ်ယောက်ကို မတွေ့ဖူးဘူးလား "
လူတိုင်း၏ ပါးစပ်ထောင့်များသည် အတော်ပင် လှုပ်ယမ်းသွားကြသည်။
ဒီကောင်က တကယ်ကို မနှိမ့်ချတတ်ဘူးဘဲ။
သူ့မှာ ကျွမ်းကျင်တဲ့ ပညာရှင်ရဲ့ အကျင့်စရိုက် မရှိဘူး။
အဲ့တာကို ဘာလို့လဲ။
ဒီကလေးက ကဏ္ဍတိုင်းမှာ သူတို့ထက် ဘာလို့ ပိုကောင်းနေရတာလဲ။
သူတို့သည်လည်း ကြိုးစားပြီး စိတ်အားထက်သန်ကြသည်။
သို့သော်လည်း ရွယ်တူချင်းများနှင့် နှိုင်းယှဉ်ပါက ကွာဟချက်မှာ သူတို့လက်လှမ်းမမီနိုင်လောက်အောင် အလွန်ကြီးမားသောကြောင့် စိတ်ပျက်သွားရသည်။
ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ကိုယ်ခံစွမ်းအားနှင့်အတူ ထက်မြက်သော ဆေးပညာကျွမ်းကျင်မှုသည် ကြီးကျယ်ခမ်းနားလှသည်ဟုသာ ဖော်ပြနိုင်သည်။
ဖုမာ ဟာရာဘူဆာသည် သူ၏ ထိတ်လန့်မှုမှ ပြန်လည် သက်သာလာခဲ့သည်။
သူသည် ရှုပ်ထွေးသောအမူအရာဖြင့် ယဲ့ဖန်စီသို့ လျှောက်သွားသည်။
" ငါ ဝန်မခံချင်ပေမယ့် မင်းက အရမ်းတော်တဲ့သူလို့ ပြောနိုင်တယ်။ ဖုမာမိသားစုကတောင် မင်းနဲ့မယှဉ်နိုင်ဘူး"
ယဲ့ဖန် သူ့နှာခေါင်းကို ထိလိုက်သည်။
" ဒါဆို ခင်ဗျားက ဘာလို့ လက်မခံချင်တာလဲ "
ဖုမာ ဟာရာဘူဆာ သွေးအန်ထွက်မတတ် ဖြစ်သွားသည်။
" ဂုဏ်ပြုပါတယ်၊ ဒုတိယ စမ်းသပ်ပွဲကို အောင်မြင်သွားပြီ။ ခဏလောက် အနားယူလိုက်။ ပြီးရင် တတိယစမ်းသပ်ပွဲကို စတင်မယ် "
သူသည် အေးစက်စွာပြောပြီး လှည့်ထွက်သွားသည်။
ချီဇူရူ စူဂါဝါရာသည် ထိုအချိန်တွင် လမ်းလျှောက်လာပြီး သူမ၏ လှပသော မျက်လုံးများသည် ထူးဆန်းသော အလင်းရောင်များဖြင့် လင်းလက်နေသည်။
" မင်းက ငါထင်တာထက် ပိုထူးချွန်တာပဲ "
ယဲ့ဖန်မျက်နှာတွင် ပေါ့ပါးသော အပြုံးတစ်ခုရှိသည်။
" ဖြစ်နိုင်တာ ကျွန်တော်က ခင်ဗျား အခုထင်ထားတာထက်တောင် ပိုထူးချွန်နေနိုင်တယ် "
ချီဇူရူ စူဂါဝါရာ၏ အမူအရာမှာ အေးခဲသွားသည်။
သူမသည် အရင်က အရှက်မဲ့သူများကို မြင်ဖူးသော်လည်း ဤသို့ အရှက်မဲ့သည့်လူကို တစ်ခါမှ မတွေ့ဖူးချေ။
သူများက ချီးမွမ်းတဲ့အခါ ကိုယ့်ကိုယ်ကိုယ် မနှိမ့်ချသင့်ဘူးလား။
" ဟုတ်တယ်၊ ဒါပေမဲ့ မင်း နည်းနည်း နှိမ့်ချတတ်ရင် ပိုပြီးပြည့်စုံလိမ့်မယ် "
သူမ ယဲ့ဖန်ကို စနောက်လိုက်သည်။
" တကယ်တော့ ကျွန်တော် ဒါအရမ်းနှိမ့်ချထားတာပါ "
ယဲ့ဖန် ပြုံးပြီး ပြန်ဖြေသည်။
ချီဇူရူ စူဂါဝါရာ သူနှင့် စကားဆက်မပြောသင့်တော့ချေ။
မဟုတ်ပါက သူမသာ မောသွားပေလိမ့်မည်။
" ကောင်းကောင်းအနားယူပါ "
ထိုစကားကို ပြောပြီးနောက် သူမ အနည်းငယ် ရှက်ရွံ့စွာဖြင့် လှည့်ထွက်သွားသည်။
" ဟီးဟီး ....... "
ဖုမာ ကျန်းဝူသည် သူ့သခင်၏ ရင်ခွင်ထဲတွင် ရယ်မောနေသည်။
သူမသခင်၏ ယုံကြည်မှုရှိပုံကို သူမနှစ်သက်သည်။
ယဲ့ဖန် ရုတ်တရက် သူမနှာခေါင်းလေးကို ကိုက်လိုက်သည်။
" မင်းက ရယ်ရဲသေးတာလား။ အခုနက ကိုယ့်ကို ဘာလို့ သတ်ဖို့လုပ်တာလဲ "
ဖုမာ ကျန်းဝူ အကိုက်ခံရ၍ နာကျင်နေသွားသော သူမနှာခေါင်းလေးကို ပွတ်လိုက်သည် ။
" ကျန်းဝူက သခင်သေပြီလို့ ထင်ခဲ့တာ
.... အဲ့တာကြောင့် သခင့်အတွက် လက်စားချေမလို့ "
ယဲ့ဖန် စကားမပြောနိုင် ဖြစ်သွာသည်။
" သူတို့တွေက မင်းရဲ့ ဖုမာမိသားစုက လူတွေပဲ။ မင်းရဲ့ ကိုယ်ပိုင်မိသားစုမျိုးရိုးက မင်းသတ်လိုက်ရင် အပြစ်ခံရမှာကို မကြောက်ဘူးလား "
ဖုမာ ကျန်းဝူ သူ့ကို ကြောင်အစွာ ကြည့်လိုက်သည်။
" သခင်ကြီး မရှိတော့ရင် အသက်ရှင်ဖို့က ဘာအဓိပ္ပာယ်ရှိမှာလဲ။ သူတို့ကို သတ်ပြီးမှတော့ ကျန်းဝူလည်း အသက်ရှင်မနေချင်တော့ဘူး "
ယဲ့ဖန်သည် သူမ၏ စကားများကို ကြားလိုက်သောအခါ အလွန်ရင်ထဲထိမိသွားသည်။
သူမကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။
" ကိုယ့်ကို ကတိပေး။ မင်း နောက်ကို ဒီလို မိုက်မဲတာတွေ ဘယ်တော့မှ လုပ်ခွင့်မပေးဘူး။ ဘာပဲဖြစ်ဖြစ် မင်းကိုယ်တိုင်အရင် အဆင်ပြေအောင် နေရမယ် "
သူ့အား အမြဲနာခံခဲ့သော ဖုမာ ကျန်းဝူသည် ဤတစ်ကြိမ်တွင် သူ၏ဆန္ဒကို ဆန့်ကျင်ခဲ့သည်။
" သခင်ကြီးလည်း ကောင်းကောင်းနေမယ်လို့ ကတိမပေးရင် မလုပ်ဘူး။ သခင်ကြီး အသက်ရှင်နေသရွေ့ ကျန်းဝူက အနားမှာ အမြဲရှိနေမှာ "
ယဲ့ဖန် ဘာပြောရမယ်မှန်း မသိတော့ပေ။
ခေါင်းခါပြီး ခါးသီးစွာ ပြုံးလိုက်တော့သည်။
ဖုမာ ကျန်းဝူနှင့် သီးသန့်အကြောင်းအရာအချို့ ပြောနေစဉ်တွင် တစ်စုံတစ်ယောက်သည် ရုတ်တရက် လမ်းလျှောက်လာပြီး သူမ၏ နားထဲသို့ တစ်စုံတစ်ခုကို တီးတိုးပြောလိုက်သည်။
ဖုမာ ကျန်းဝူ၏ အမူအရာသည် ချက်ချင်းပင် အလွန်ရုပ်ဆိုးသွားခဲ့သည်။
" ရှင်တို့တွေက သူ့အတွက် အရမ်းခက်ခဲအောင် လုပ်နေတာ မဟုတ်ဘူးလား။ မရဘူး၊ ကျွန်မ သဘောမတူနိုင်ဘူး "
ထိုယောက်ျားသည် သူမ ဤသို့ပြောမည်ဆိုတာကို သိပုံရသည်။
သူက ချက်ချင်းပြုံးပြီး ပြောလိုက်သည်။
" မမလေး ပူးပေါင်းဆောင်ရွက်မပေးဘူးဆိုရင် ယဲ့လူကြီးမင်းရဲ့ စမ်းသပ်ပွဲကို ခေါင်းဆောင်က ရပ်စဲမယ်လို့ ပြောပါတယခ "
ဖုမာ ကျန်းဝူသည် ချက်ချင်းပင် ဒေါသထွက်သွားသည်။
သူမ နှုတ်ခမ်းကို ဖွဖွကိုက်ကာ ယဲ့ဖန်ကို လှမ်းကြည့်သည်။
ယဲ့ဖန် စိတ်ရှုပ်သွားပြီး ချက်ချင်းမေးလိုက်သည်။
" ဘာဖြစ်တာလဲ "
ဖုမာ ကျန်းဝူ စကားပြောတော့မည် ဖြစ်သည်။
ထိုအခါ အဲ့ဒီလူက အရင်စကားပြောသည်။
" တကယ်လို့ မမလေးက ဒီပွဲမှာပါတဲ့ အကြောင်းအရာတွေကို ယဲ့လူကြီးမင်းကို ပြောပြလိုက်ရင် ယဲ့လူကြီးမင်းကို ပြိုင်ခွင့်ပိတ်မှာပါ "
ဖုမာ ကျန်းဝူ သူ့ကို မုန်းတီးစွာ စိုက်ကြည့်နေသော်လည်း ထိုလူက မကြောက်မရွံ့ ဖြစ်နေသည်။
ယဲ့ဖန်ကို တောင်းပန်စကားဆိုရုံမှလွဲပြီး သူမ၌ ရွေးချယ်စရာမရှိပေ။
" သခင်ကြီး၊ ကျန်းဝူ ခဏလောက်သွားရမယ်။ ကံကောင်းပါစေ "
ထိုစကားကို ပြောပြီးနောက် မတ်တပ်ထရပ်ကာ ထိုလူနှင့်အတူ ထွက်ခွာသွားခဲ့သည်။
ယဲ့ဖန် သူမကို ကြည့်ရင်း မျက်မှောင်ကြုတ်သွားသည်။
သူတို့၏ စကားဝိုင်းကို သုံးသပ်ကြည့်ပါက တတိယအဆင့်ပွဲ၏ အကြောင်းအရာသည် ဖုမာ ကျန်းဝူနှင့် ဆက်စပ်နေပေလိမ့်မည်။
အဲ့တာက ဘာဖြစ်နိုင်မလဲ။
နောက်ထပ် ဆယ်မိနစ်လောက်ကြာပြီးနောက် ယဲ့ဖန်ကြောင့် ဒဏ်ရာရသွားသည့် အိမ်တော်ထိန်းရှီရှန်းက လမ်းလျှောက်လာသည်။
" လူကြီးမင်း၊ တတိယအဆင့် စပါတော့မယ်။ ကျေးဇူးပြုပြီး လေ့ကျင့်ရေးကွင်းကို လိုက်ခဲ့ပါ "
ယဲ့ဖန် ဘာမှ မပြောပေ။
သူ ချက်ချင်း ထရပ်လိုက်သည်။
ဖုမာမိသားစုမှ အခြားအဖွဲ့ဝင်များသည်လည်း လိုက်လျှောက်ကြသည်။
ယဲ့ဖန်သည် ရှီရှန်းနောက်မှလိုက်ကာ ဖုမာမိသားစု၏ ခန်းမသို့ အမြန်ရောက်သွားခဲ့သည်။
ဤခန်းမသည် ဖုမာမိသားစုမှ အရေးကြီးသော အခမ်းအနားများနှင့် စုဝေးကျင်းပရာနေရာ ဖြစ်သည်။
လူတစ်ထောင်ပင် ဝင်ဆံ့နိုင်သည်။
ယခုအချိန်တွင် လူရာဂဏန်းခန့်သာ ရောက်နေသောကြောင့် စည်ကားနေပုံမပေါ်ပေ။
အားလုံး ဝင်သွားသောအခါ ဖုမာ ဟာရာဘူဆာနှင့် သူ၏ဇနီး ချီဇူရူ စူဂါဝါရာသည် အထဲ၌ စောင့်နေပြီဖြစ်သည်။
အားလုံးရောက်လာသည်ကို မြင်ပြီး ဖုမာ ဟာရာဘူဆာ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
" ဒီနေ့ ငါ့ရဲ့ မျိုးနွယ်စုတွေ အားလုံးရှေ့မှာ မျက်နှာပျက်ရမှာကို မကြောက်ဘူး။ ငါ့သမီး ဖုမာ ကျန်းဝူက တရုတ်ကို သွားပြီး ဒီယဲ့လူကြီးမင်းကို မြင်မြင်ချင်းပဲ ချစ်မိသွားတယ်။ သူမကိုယ်သူမ သူ့ရဲ့ကျွန်အဖြစ်တောင် ခံယူထားတယ် ...... "
ယဲ့ဖန်နှင့် ဖုမာ ကျန်းဝူအကြောင်းကို လူများစွာက ကြားသိထားသော်လည်း သူတို့သည် ဤအကြောင်းများထိ မသိကြပေ။
ဤရှင်းပြချက်ကို ကြားသောအခါ အားလုံး အံ့ဩသွားကြသည်။
" ဘာရယ်၊ ငါကြားတာ မှားသွားတာလား။ မိသားစုခေါင်းဆောင်ရဲ့ သမီးဖြစ်တဲ့ မမလေးကျန်းဝူက သူများကို သခင်သတ်မှတ်ထားတာလား "
" အို ဘုရားရေ၊ ဒါက ငါတို့ ဖုမာမိသားစုကို အကြီးအကျယ် စော်ကားလိုက်တာပဲ။ ဘယ်လောက်တောင် မုန်းစရာကောင်းလဲ "
" ဖုမာမိသားစု မျိုးနွယ်စုခေါင်းဆောင်ရဲ့ သမီးက ဘယ်လိုလုပ် ဒီလို ငုံ့ခံရမှာလဲ။ ငါတို့ဘိုးဘေးတွေနဲ့ မျက်နှာချင်းဆိုင်ရမှာတောင် ရှက်လိုက်တာ "
" ဒီကလေးက ဘာဆွဲဆောင်မှု ရှိလို့လဲ။ သူက မမလေးကျန်းဝူကို ဘယ်လိုလုပ် ခေါင်းငုံ့အောင် လုပ်နိုင်တာလဲ "
" သူက မမလေးကျန်းဝူကို မကောင်းတဲ့နည်းလမ်းတွေနဲ့ ခြိမ်းခြောက်ပြီး လုပ်ထားတာလို့ ငါတော့ထင်တယ် "
လူတိုင်းက ထိုအချက်ကို လက်မခံနိုင်ဘဲ ယဲ့ဖန်ကို ဝေဖန်လိုက်ကြသည်။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၆၆ )
ဘာပြောနိုင်မှာလဲ
ယဲ့ဖန်သည် ဖုမာ ဟာရာဘူဆာကို စူးစိုက်ကြည့်လိုက်သည်။
သူသည် လူတိုင်းအရှေ့၌ ဘာပြောချင်နေသည်ကို မသိပေ။
သူက ယဲ့ဖန်နဲ့ သူ့သမီးရဲ့ ဆက်ဆံရေးကို ပေါ်တင် ခွဲချင်နေတာလား။
ဖုမာ ဟာရာဘူဆာသည် လူတိုင်း ဒေါသထွက်သည်ကို စောင့်ပြီးနောက် ဆက်ပြောသည်။
" လူတိုင်းပဲ စိတ်လျှော့ကြပါ။ အဖေတစ်ယောက်အနေနဲ့ ငါ့သမီး ဒီလိုလုပ်တာကို ငါ့ထက်ပိုပြီး ရင်ကွဲမယ့်သူရှိမှာ မဟုတ်ဘူး။ ဒါပေမဲ့ တစ်ချိန်တည်းမှာ သူမရဲ့ စွဲလမ်းမှုက စစ်မှန်နေတယ် "
ဤတစ်ခါ လူအုပ်ကြီးသည် ကျယ်လောင်စွာ မဆွေးနွေးကြသော်လည်း အားလုံးက တိတ်တဆိတ် ခေါင်းညိတ်ကြသည်။
မြင့်မြတ်သောမျိုးနွယ်စုခေါင်းဆောင်၏ သမီးသည် ထိုကောင်လေးအား သခင်အဖြစ် သတ်မှတ်ရန် ဆန္ဒရှိနေသည့်အချက်အရ သူမသည် ဤယောက်ျားအပေါ် ခံစားချက် မည်မျှလေးနက်ကြောင်း သက်သေပြနေသည်။
ထိုမှသာ ဖန်းကျန်းဆွန်းသည် ယဲ့ဖန် ထံသို့ လှည့်သွားခဲ့သည်။
" ငါ့သမီးက မင်းကို အရမ်းစွဲလမ်းနေတာဆိုတော့ မင်းကရော သူမအပေါ် တူညီတဲ့ ခံစားချက်တွေ ရှိလားလို့ ငါ တွေးမိတယ် "
ယဲ့ဖန် ခေါင်းကိုမော့ပြီး သူ့ကိုကြည့်လိုက်သည်။
ထို့နောက် ပေါ့ပါးစွာသာ ဖြေလိုက်သည်။
" ကျွန်တော် သူမကို သဘောကျတယ် "
ဖန်းကျန်းဆွန်းသည် ထိုစကားကို ကြားပြီးနောက် ရယ်မောလိုက်သည်။
" အဲ့တာကို ပြောတာက အသုံးမဝင်ဘူး။ မင်းရဲ့ စွမ်းဆောင်ရည်ပေါ်မှာ မူတည်တယ်။ နောက်ထပ် တတိယစမ်းသပ်ပွဲက မင်း သူ့ကို လုံလုံလောက်လောက် ဂရုစိုက်ရဲ့လားဆိုတာ ကြည့်ဖို့ပဲ "
ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်သည်။
သူ ဘာကိုဆိုလိုသည်ကို ယဲ့ဖန် မသိပေ။
ထိုအချိန် ဖုမာ ဟာရာဘူဆာသည် သူ့နောက်သို့ လက်ကို ရုတ်တရက် ဝှေ့ယမ်းပြလိုက်သည်။
" ထွက်လာခဲ့ "
စကားပြောပြီးသည်နှင့် ဖုမာ ကျန်းဝူသည် သူ့နောက်မှ ဖြည်းညှင်းစွာ ထွက်လာသည်။
သူမအကြိုက်ဆုံး ပန်းရောင်၀တ်စုံလေးကို ပြောင်းလဲဝတ်ဆင်ထားပြီး အလွန်ချစ်စရာကောင်းနေသည်။
သို့သော် ယဲ့ဖန် သူမကို မြင်လိုက်သည့်အခါ တစ်စုံတစ်ခု မှားနေသည်ကို ခံစားလိုက်ရသည်။
မျှော်လင့်ထားသလိုပင် သူမအနောက်မှ အနီးကပ် ထပ်ထွက်လာခဲ့တဲ့သူမှာ နောက်ထပ် 'ဖုမာ ကျန်းဝူ' ဖြစ်နေသည်။
သူတို့နှစ်ယောက်၏ ဝတ်စားဆင်ယင်ပုံနှင့် အသွင်အပြင်မှာ တကယ်ပင် ဆင်တူလှသည်။
ယဲ့ဖန် အံ့သြသွားသည်။
ဖုမာ ကျန်းဝူမှာ အမြွှာညီအစ်မ ရှိတယ်လို့ သူ တစ်ခါမှ မကြားဖူးပါဘူး။
သူ အံသြသွားချိန်မှာပင် တတိယ၊ စတုတ္ထနှင့် ပဉ္စမ ဖုမာ ကျန်းဝူတို့သည် အနောက်မှ အနီးကပ်လိုက်ထွက်လာသည်။
ဖုမာ ကျန်းဝူ ငါးယောက်သည် သပ်ရပ်စွာ တန်းစီရပ်နေကြသည်။
သူတို့၏ ပုံပန်းသဏ္ဍာန်သာမက ၀တ်စားဆင်ယင်မှုတို့ အားလုံးသည် တူညီသော ပုံစံခွက်ထဲမှ ထွင်းထုထားသလို ဖြစ်နေသည်။
ကြည့်ရသည်မှာ အလွန်ထူးဆန်းနေသည်။
ယဲ့ဖန်သာမက ဖုမာမိသားစုဝင်များပင် ထိုမြင်ကွင်းကို ထိတ်လန့်တကြား ကြည့်နေကြသည်။
ဘယ်သူကမှ မမေးမီ ဖုမာ ဟာရာဘူဆာက ဖြေလိုက်သည်။
" ဒီလူငါးယောက်ထဲမှာ တစ်ယောက်ကပဲ ရှောင်ဝူ အစစ်။ ကျန်တဲ့ လေးယောက်က ရုပ်ဖျက်ထားတာ။ တတိယ စမ်းသပ်မှုရဲ့ အကြောင်းအရာက ဒီငါးယောက်ထဲက ရှောင်ဝူအစစ်ကို ဆယ်မိနစ်အတွင်း ရှာတွေ့ဖို့ပဲ။ အချိန်ကန့်သတ်ချက်ထက် ကျော်လွန်သွားတာ ဒါမှမဟုတ် မှားပြီး ရွေးမိရင် အစမ်းချက်ကို မအောင်မြင်ဘူး ........ "
လူတိုင်းသည် သူ့ရှင်းပြချက်ကို နားထောင်ပြီးနောက် ဤစမ်းသပ်မှုမှာ အလွန်ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။
ဤလူငါးယောက်သည် တစ်ပုံစံတည်း ဖြစ်သည်။
အခြားသူများ မပြောနှင့် ဖုမာ ကျန်းဝူ ကြီးပြင်းလာသည်ကို ကြည့်ရှုခဲ့သည့် ရှီရှန်းပင်လျှင် မည်သူက ရှောင်ဝူအစစ်ဖြစ်သည်ကို ပြောရန် ခက်နေသည်။
ဖုမာ ဟာရာဘူဆာသည် သူတို့၏ အတွေးများကို ဂရုမစိုက်ချေ။
သူသည် ယဲ့ဖန်ကို ဂုဏ်ယူစွာ ကြည့်လိုက်သည်။
" ဒီလေးယောက်လုံးကို ရုပ်ဖျက်ဆရာက အထူးတလည် ရုပ်ဖျက်ပေးထားတာ။ အသေးစိတ်အချက်အလတ်တိုင်းကို ပြီးပြည့်စုံအောင် ပုံတူကူးထားတယ်။ သူ့အဖေအနေနဲ့တောင် ရှာရခက်တယ်။ မင်းလုပ်နိုင်မယ် ထင်လား "
ယဲ့ဖန် ချက်ချင်း မျက်လုံးဝေ့သည်။
" ခင်ဗျားက သူ့အဖေလေ။ ခင်ဗျားတောင် မခွဲတတ်နိုင်ရင် ကျွန်တော့်ကို ဘာလို့ ခွဲခိုင်းရမှာလဲ။ ဆယ်မိနစ်အတွင်းက လွန်လွန်းတယ် မဟုတ်ဘူးလား "
ဖုမာ ဟာရာဘူဆာသည် ယဲ့ဖန်၏ ကြောက်နေကောင်းသော လေသံကို ကြားလိုက်ရပြီး ပို၍ပင် ဂုဏ်ယူလာသည်။
" ဘာလို့လဲဆိုတော့ မင်းက စမ်းသပ်မှုကိုလက်ခံတဲ့သူ။ ငါမဟုတ်ဘူး။ မင်းမလုပ်နိုင်ဘူး ထင်ရင် အခုထွက်လို့ရပြီ "
ယဲ့ဖန် ကူကယ်ရာမဲ့စွာ ပုခုံးတွန့်လိုက်သည်။
" ခင်ဗျားက ဒီလိုပြောမှတော့ ကျွန်တော်က ဘာပြောနိုင်မှာလဲ။ စိန်ခေါ်မှုကို လက်ခံတယ် "
ဖုမာ ဟာရာဘူဆာ ပြုံးလိုက်သည်။
" ဒါဆို မင်းကို စည်းကမ်းတွေ ထပ်ရှင်းပြရဦးမယ်။ သူတို့ငါးယောက်ကို အနီးကပ်ကြည့်ဖို့ ခွင့်မပြုဘူး။ ငါးမီတာအကွာမှာ ရပ်ပြီး ကြည့်နိုင်တယ်။ ကျန်တဲ့ လေးယောက်ကို တစ်ယောက်ပြီးတစ်ယောက် ဖယ်ထုတ်ပြီး လုံလောက်တဲ့ အကြောင်းပြချက် ပေးရမယ်။ နောက်ဆုံးလူက မင်းရဲ့ နောက်ဆုံးရွေးချယ်မှုပဲ ...... "
စည်းမျဥ်းစည်းကမ်းများ ရှင်းပြသည်ကို လူတိုင်းကြားပြီးနောက် ဤသည်မှာ ခက်ခဲလွန်းသည်ဟု အားလုံး ခံစားလိုက်ရသည်။
ဤ ဖုမာ ကျန်းဝူငါးယောက်သည် တစ်ပုံစံတည်း ဖြစ်နေသည်။
တစ်စုံတစ်ယောက်သည် သူတို့ကို ငါးမီတာအကွာမပြောနှင့် အနီးကပ် ကြည့်လျှင်ပင် ရှာတွေ့နိုင်မှာ မဟုတ်ချေ။
" ငါသာ ဒီကလေးဆိုရင် စမ်းသပ်ပွဲကို ထွက်လိုက်မယ်။ ဒါက ခက်ခဲလွန်းတယ် "
" ဟုတ်တယ်၊ မှန်တာရွေးမိရင် တော်ပါသေးတယ်။ ဒါပေမယ့် မှားရွေးမိရင် မမလေးကျန်းဝူက ဘယ်လောက်တောင် ဝမ်းနည်းနေလိုက်မလဲ "
" ခေါင်းဆောင်ပြောတာကို မင်း မကြားဘူးလား။ သူတို့ကို တစ်ယောက်ပြီးတစ်ယောက် ဖယ်ထုတ်ပြီး အကြောင်းပြချက်ပေးရမယ်။ ဒါက သူ ထင်ရာရွေးမယ့်အဖြစ်ကို အဆုံးသတ်လိုက်တာပဲ "
" လူလေးယောက်ကို တစ်ယောက်ပြီးတစ်ယောက် ဖယ်ထုတ်လိုက်တာနဲ့ လူမှားကို ရွေးဖို့ ဖြစ်နိုင်ခြေက အရမ်းများနေပြီ ...... "
ဖုမာ ဟာရာဘူဆာသည် သူ့မျက်နှာပေါ်တွင် အပြုံးကြီးဖြင့် လူတိုင်း၏ ဆွေးနွေးချက်ကို နားထောင်နေသည်။
" အဆင်သင့်ဖြစ်ရင် စတင်နိုင်ပြီ "
ယဲ့ဖန်၏ အကြည့်သည် 'ဖုမာ ကျန်းဝူ' ငါးယောက်ကို ဖြည်းညှင်းစွာ ဖြတ်ကျော်သွားပြီး သူ့နှုတ်ခမ်းသည် ပြုံးကာ တွန့်သွားသည်။
" ဒါဆို စလိုက်ရအောင် "
ထိုသို့ဖြင့် သူ လျှောက်သွားသည်။
" ဆယ်မိနစ် အချိန်စမှတ်ပြီ "
မိသားစုအဖွဲ့ဝင်တစ်ယောက်သည်
ပြောပြီးသည်နှင့် တတိယအဆင့် စမ်းသပ်ပွဲကို စတင်လေသည်။
ယဲ့ဖန်သည် အရှေ့မျဉ်းသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။
သူသည် 'ဖုမာ ကျန်းဝူ'ငါးယောက်နှင့် ငါးမီတာအကွာတွင် ရှိနေပြီး စမ်းသပ်မှု၏ စည်းမျဉ်းများအတိုင်း ရှေ့သို့ နောက်တစ်လှမ်း မလှမ်းနိုင်ချေ။
အကွာအဝေးနှင့် ခန်းမ၏ မှိန်ဖျော့သော အလင်းရောင်များကြောင့် သာမန်လူများသည် ပုံရိပ်ကိုသာ မြင်နိုင်သည်။
ယဲ့ဖန်၏ အမြင်အာရုံသည် သာမန်လူများထက် များစွာသာလွန်သော်လည်း အသေးစိတ်အချက်များစွာကို ရှင်းလင်းစွာ မမြင်နိုင်ပေ။
ထို့အပြင် ဤလူငါးဦးသည် စက်ရုပ်ငါးကောင်ကဲ့သို့ သူတို့၏မျက်နှာတွင် အမူအရာ ပြသခြင်းမျိုး မရှိပေ။
မည်သူမဆို အရိပ်အမြွတ်ပေးပါက စမ်းသပ်ပွဲကို ရပ်ရမည်ဟု ကြိုတင်သတိပေးခံထားရသည်။
ဤမြေခွေးအိုကြီး ဖုမာ ဟာရာဘူဆာသည် တကယ်ပင် လိမ္မာပါးနပ်သည်။
သူသည် ဤမျှ ထူးဆန်းသော စမ်းသပ်မှုကို အမှန်တကယ်ပင် တွေးမိသည်။
သူသည် ရွေးချယ်ရန် အလျင်မလိုခဲ့ပေ။
ကုလားထိုင်တစ်ခုံကို ဆွဲပြီး ထိုင်လိုက်သည်။
သူ့ခြေထောက်များကို ချိတ်ထိုင်ပြီး အရှေ့မျ ငါးယောက်ကို စိတ်ဝင်တစားနှင့် အကဲဖြတ်နေသည်။
ငါးမိနစ်ကျော်သွားသော်လည်း ဆုံးဖြတ်ချက် မချရသေးပေ။
ရှိနေသူအားလုံးသည် တစ်ယောက်ကို တစ်ယောက် တီးတိုးပြောနေကြတော့သည်။
" ငါးမိနစ်တောင်ရှိနေပြီ။ ဒီကလေးက ဘာလို့ မရွေးချယ်သေးတာလဲ "
" သူက အရှုံးပေးလိုက်တာ ဟုတ်တယ်မလား။ ဒါက ရွေးရခက်လွန်းတယ်။ ခေါင်းဆောင်ကိုယ်တိုင် ရွေးရင်တောင်မှ ရွေးရခက်လိမ့်မယ် ထင်တယ် "
" စုစုပေါင်း ၁၀မိနစ်ပဲ ရှိတာဆိုတော့ အနည်းဆုံး နှစ်မိနစ်ကို လူတစ်ယောက် ဖယ်ထုတ်ရမှာ။ သူက တစ်ယောက်နှ မဖယ်ထုတ်ရသေးဘူး။ ရွေးဖို့ အချိန်လုံလောက်ပါ့မလား "
" သူ အမြန် အရှုံးပေးသင့်တယ်လို့ ငါ ထင်တယ်။ မိသားစုတံဆိပ်ပြားကို မရရှိနိုင်ရင်တောင် သူ့အပေါ်ထားတဲ့ မမလေးကျန်းဝူရဲ့ ခံစားချက်တွေကို အနည်းဆုံး ကာကွယ်ပေးနိုင်မယ်လေ။ ဒါပေမယ့် မှားရွေးမိရင်တော့ ပျော်စရာကောင်းမှာပဲ "
" သူ့ရွေးချယ်မှု မှားယွင်းခဲ့မယ်ဆိုရင် စမ်းသပ်ပွဲကို ရှုံးမည့်အပြင် မမလေးကျန်းဝူ ကိုလည်း စိတ်ပျက်သွားစေမှာ။ နှစ်ဆ ရှုံးသွားတယ်လို့ ပြောလို့ရတယ် "
ဆွေးနွေးနေမှုသည် ပို၍ ကျယ်လောင်လာသည်။
ဖုမာ ဟာရာဘူဆာသည် ရုတ်တရက် အော်ဟစ်လိုက်သည်။
" ပါးစပ်ပိတ်ထား။ ခန်းမထဲမှာ ဘယ်သူမဆို ဝင်ပြောရင် ချက်ချင်း ထုတ်ခံရလိမ့်မယ် "
အဆူခံရပြီးနောက် လူတိုင်း ပါးစပ်ပိတ်သွားကြသည်။
ခဏလောက်ကြာပြီးနောက် ခန်းမက တိတ်ဆိတ်သွားပြန်သည်။
ဖုမာ ဟာရာဘူဆာသည် ယဲ့ဖန်ကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။
ယဲ့ဖန်သည် ထိုနေရာတွင် တည်ငြိမ်စွာဖြင့် ထိုင်နေသေးသည်။
သူသည် လုံးဝ စိုးရိမ်နေပုံမပေါ်ပေ။
သူ မတတ်နိုင်ဘဲ ယဲ့ဖန်ကို စိတ်ထဲမှ လှောင်ရယ်နေလိုက်သည်။
ဒီကောင်က အေးဆေးချင် ဟန်ဆောင်နေသေးတာလား။
ဘယ်လောက်ကြာကြာ အေးအေးဆေးဆေး နေနိုင်မလဲ ကြည့်ရအောင်။
အချိန်ကြာလာသည်နှင့်အမျှ ခန်းမဆောင်သည် အချိန်ယန္တရားပင် ရပ်သွားပုံရသည်။
အသံနှင့် လှုပ်ရှားမှုတို့သည် ရပ်တန့်သွားသည်။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၆၇ )
ဒါက အလျင်စလို လုပ်ဖို့ မလိုဘူးမလား။
နှစ်မိနစ်ပဲ ကျန်တော့သည်ကို မြင်လိုက်ရပြီး ယဲ့ဖန်မှ အရှုံးပေးလိုက်ပြီဟု အားလုံးက ထင်နေကြသည်။
သို့သော် ရုတ်တရက် ထရပ်ပြီး ဘယ်ဘက်စွန်းရှိ ပထမဆုံးမိန်းကလေးကို ညွှန်ပြလိုက်သည်။
" သူမက အတုပဲ "
ထို့နောက် ဒုတိယ၊ စတုတ္ထနှင့် ပဉ္စမမြောက် ရွေးချယ်မှုများကို ညွှန်ပြသည်။
" ဒီသုံးယောက်ကလည်း အတုတွေပဲ။ ရွေးချယ်မှုလုပ်ပြီးပြီ "
လူတိုင်း၏ မေးရိုးများ ပြုတ်ကျသွားကြသည်။
" ရွေးပြီးသွားပြီလား။ ဒါက အရမ်းမြန်တာမဟုတ်ဘူးလား "
" လေးယောက်ကို တစ်ခါတည်း ရွေးတာလား။ ရွေးချယ်မှုမှားမှာကို မကြောက်ဘူးလား "
" အချိန်ကုန်ခါနီးနေပြီဆိုတော့ သူ တွေ့ကရာ ရွေးလိုက်တာလို့ ငါထင်တယ်။ သူ ကျပန်းရွေးလိုက်တာ ဖြစ်မယ်။ ကံကောင်းရင် သူမှန်အောင် ခန့်မှန်းနိုင်မယ်လေ "
" ဟား၊ ရွေးစရာ ငါးယောက်တောင်ရှိတာ မှန်အောင် ရွေးနိုင်မယ်လို့ ထင်လား။ ဒါက သေချာပေါက် စိတ်ကူးယဉ်ဆန်တဲ့ အတွေးအခေါ်ပဲ "
" ကောင်းတာပဲ။ သူက စမ်းသပ်ပွဲ မအောင်မြင်တဲ့အပြင် မမလေးကျန်းဝူကလည်း သူ့ကို စိတ်ပျက်သွားမှာ မဟုတ်လား "
" ခဏစောင့်လိုက်၊ သူ့ကိုယ်သူ အရူးလုပ်မိတော့မှာ "
ထိုလူများသာမက ဖုမာ ဟာရာဘူဆာပင် ယဲ့ဖန်၏ ထိတ်လန့်တုန်လှုပ်ဖွယ် လုပ်ရပ်ကြောင့် တုန်လှုပ်သွားခဲ့သည်။
တကယ်ပင် ထိတ်လန့်အံ့ဩစရာဖြစ်သည်။
ပထမ ရှစ်မိနစ်တွင် ယဲ့ဖန် တစ်ယောက်ကိုမှ မရွေးချယ်ခဲ့ဘဲ နောက်ဆုံးအခိုက်အတန့်မှာမှ လေးယောက်ကို တစ်ပြိုင်နက်တည်း ရွေးချယ်ဖယ်ထုတ်ခဲ့သည်။
" ဒီလေးယောက်ကို ရှင်းချင်တာ သေချာလား "
ဖုမာ ဟာရာဘူဆာသည် ယဲ့ဖန်ကို တစ်ချက်ကြည့်လိုက်ပြီး စင်ပေါ်၌ ကျန်ခဲ့သည့် တစ်ဦးတည်းသော မိန်းကလေးကို လှည့်ကြည့်လိုက်သည်။
တကယ်တွင် စင်ပေါ်၌ ကျန်ခဲ့တဲ့သူမှာ သူ့သမီး ဟုတ်မဟုတ်ကို သူကိုယ်တိုင်ပင် သေချာမသိချေ။
" ကျွန်တော် အရမ်းသေချာတယ် "
ယဲ့ဖန်သည် စင်မြင့်ပေါ်ရှိ ဖုမာ ကျန်းဝူကို ပြုံးလျက်ဖြင့် ကြည့်နေသည်။
ဖုမာ ဟာရာဘူဆာသည် ယဲ့ဖန် မည်မျှ ယုံကြည်မှုရှိနေသည်ကို မြင်သောအခါ အခြားဘာမှ မပြောတော့ပေ။
ထိုအစား သူသည် ဖယ်ထုတ်ခံထားရသည့် 'ဖုမာကျန်းဝူ'လေးယောက်ကို ညွှန်ပြပြီး မေးသည်။
" ဒါဆို မင်း သူတို့လေးယောက်ကို ဖယ်ထုတ်ရတဲ့ အကြောင်းရင်းကို ပြော "
ယဲ့ဖန် သူ့လက်ကို မြှောက်လိုက်ပြီး ဖယ်ထုတ်ခံရတဲ့ ပထမဆုံး မိန်းကလေးကို ညွှန်ပြလိုက်သည်။
" ဒီတစ်ယောက်က ကျောပြင်ကုန်းတယ်။ သူမက အတုဆိုတာ သိသာတယ် "
အားလုံးသည် ထိုကောင်မလေးကို ကြည့်လိုက်ကြသည်။
မတူညီချက်ကို မတွေ့ပေ။
ထို့ကြောင့် ယဲ့ဖန်၏ စကားကို သံသယဝင်မိကြသည်။
" ဒီကလေးက ရူးနေတာလား။ ကျောကုန်းတယ်ဆိုတာ ဘယ်မှာရှိလို့ ပြောရတာလဲ။ ငါလည်း မမြင်ပါဘူး "
" ဟုတ်တယ်။ သူတို့တွေက အတူတူပဲ။ ရုပ်အသွင်အပြင်၊ အရပ်ရော ခန္ဓာကိုယ်ပုံသဏ္ဍာန်ကအစ မတူတာ မရှိဘူး "
" ဒီကလေးက တွေ့ကရာအကြောင်းပြချက်တွေ ပေးနေတာ။ တကယ်တော့ ခြားနားချက်ကို သူ မမြင်နိုင်ဘူး "
" သူက မျက်စိစုံမှိတ် ရွေးနေတာလေ။ ဘာအကြောင်းပြချက် ပေးနိုင်မှာလဲ "
သူတို့သာမက ဖုမာ ဟာရာဘူဆာပင် ယဲ့ဖန်ကို သံသယဖြင့် ကြည့်နေမိသည်။
" ဒီမိန်းကလေးတွေကို ငါကိုယ်တိုင် ရွေးချယ်ခဲ့တာပါ။ သူတို့ကိုယ်လုံးကိုယ်ပေါက်က ရှောင်ဝူနဲ့ ကွဲနေတာ မရှိဘူး။ သူတို့က ဘယ်လိုလုပ် ကျောကုန်းမှာလဲ။ မင်း လုပ်ကြံပြောနေတာမလား "
ယဲ့ဖန် နှုတ်ခမ်းသည် အနည်းငယ် ကော့တက်သွားသည်။
" သူမရဲ့ နောက်ကျောရဲ့ ကုန်းနေပုံက တကယ် မသိသာဘူး။ ဂရုတစိုက် မကြည့်ရင် အဲ့တာကို သတိထားမိမှာ မဟုတ်ဘူး။ မယုံရင် အနီးကပ်သွားပြီး သေချာ စစ်ဆေးကြည့်လို့ရတယ် "
ယဲ့ဖန် အလွန်သေချာနေသည်ကို တွေ့ပြီးနောက် ဖုမာ ဟာရာဘူဆာ သံသယအကြည့်နှင့် လမ်းလျှောက်သွားသည်။
သူသည် ကောင်မလေး၏ နောက်ကျောကို ခဏစိုက်ကြည့်ကာ အခြားမိန်းကလေး သုံးယောက်နှင့် နှိုင်းယှဉ်ကြည့်သည်။
အချိန်အတော်ကြာ ကြည့်ပြီးနောက် အနည်းငယ် ကွဲပြားမှုကို သတိပြုမိသည်။
မိန်းကလေး၏ နောက်ကျောတွင် အနည်းငယ်ကွေးရှိနေပြီး ဟန်ပန်မှာ အလွန်သေးငယ်လှသည်။
သူ၏ မျက်လုံးဖြင့် သေချာ မမြင်နိုင်ခင်အထိ အချိန်အတော်ကြာ အနီးကပ် ကြည့်ခဲ့ရသည်။
ယဲ့ဖန်သည် ငါးမီတာအကွာတွင် ထိုင်နေသည်။
ဤမျှသေးငယ်သော ခြားနားချက်ကို သူမည်သို့မြင်နိုင်သည်အား သူ မသိတော့ပေ။
သူသည် ယဲ့ဖန်ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။
" မင်း .... မင်း ဘယ်လိုလုပ် သိတာလဲ "
ယဲ့ဖန် ခြေချိတ်ပြီး ကုလားထိုင်ပေါ်၌ ထိုင်လိုက်သည်။
အပြုံးမပျက်ဖြင့် ဖုမာလူကြီးမင်းကို ကြည့်နေသည်။
" ဖုမာဆန်၊ စမ်းသပ်ချက်ရဲ့ စည်းမျဉ်းတွေအရ ကျွန်တော်က ခင်ဗျားကို ဖယ်ထုတ်ရတဲ့ အကြောင်းရင်းကိုပဲ ပြောပြရမယ်မလား။ ဘယ်လိုသိလဲဆိုတဲ့ နည်းလမ်းကို ပြောပြရမယ်ဆိုတဲ့ စည်းမျဉ်းမရှိဘူးလို့တော့ ထင်တယ် "
ဖုမာ ဟာရာဘူဆာ၏ နှလုံးသားထဲတွင် လေးစားမှု အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သော်လည်း ငြင်းဆန်မှုကို ကြုံလိုက်ရသည်။
သူသည် ချက်ချင်းပင် စိတ်မချမ်းမသာဖြစ်သွားပြီး ထိုလေးစားမှု အရိပ်အယောင်ပင် ပျောက်ကွယ်သွားသည်။
" ဟမ်၊ အဲ့တာက ကြက်ကန်း ဆန်အိုးတာပဲ။ အခုမှ တစ်ယောက်ပဲ ရွေးရသေးတာ။ ဘာမာနကြီးစရာရှိလို့လဲ "
ထိုစကားကို ပြောပြီးနောက် အေးစက်သော မျက်နှာဖြင့် ဘေးသို့ လျှောက်သွားခဲ့သည်။
" ဒီဖယ်ထုတ်ခံရတဲ့လူက ရှောင်ဝူ ဟုတ်မဟုတ် အတည်ပြုဖို့ သူမကိုယ်တိုင်ပြောဖို့ လိုသေးတယ် "
ချီဇူရူ စူဂါဝါရာသည် သူမ၏ခင်ပွန်းနှင့် ယဲ့ဖန်သည် ကောင်းမွန်သောဆက်ဆံရေးမရှိသည်ကို မြင်သောကြောင့် သူမသည် လေထုကို သက်တောင့်သက်သာဖြစ်စေရန်အတွက် အမြန်ထွက်လာခဲ့သည်။
သူမ၏ စကားများသည် ထိုကောင်မလေး၏ နောက်ကျောကို အနည်းငယ် ကွေးညွှတ်သွားစေသည်။
မှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ စစ်ဆေးရန် ထုတ်ပြောဖို့ လိုအပ်နေသေးသည်။
အားလုံးသည် ထိုကောင်မလေးကို လှည့်ကြည့်လိုက်ကာ သူတို့၏ မျက်လုံးများ၌ စူးစမ်းလိုစိတ်များ ပြည့်နေသည်။
ထိုကောင်မလေးသည် ရှေ့သို့ ဖြည်းညှင်းစွာ ခြေတစ်လှမ်းတိုးပြီး ဘေးကို မကြည့်ဘဲ ပြောသည်။
" ဟုတ်ပါတယ် ..... ကျွန်မက အတုပါ ... "
ဖုမာ ကျန်းဝူနှင့် ရင်းနှီးသောသူများသည် သူမ စကားစပြောလိုက်သည့်အခိုက်အတန့်တွင်ပင် ရလဒ်ကို သိပြီးသား ဖြစ်သည်။
အသွင်အပြင်ကို ရုပ်ဖျက်ခြင်းဖြင့် ပြောင်းလဲနိုင်သော်လည်း အသံကို အတုလုပ်ရန် ခက်ခဲသည်။
" ဒီကလေးက တကယ် မှန်းတာ မှန်သွားတာလား။ သူက တကယ်ကံကောင်းတာပဲ"
" တကယ်တော့ ..... သူ အဲ့တာကို မှန်းပြောတာ မဟုတ်ဘူးမလား။ သူ အကြောင်းပြချက် ပေးနိုင်တဲ့အပြင် ခေါင်းဆောင်ကလည်း ဒီမိန်းကလေးရဲ့ နောက်ကျောမှာ ကျောရိုးနည်းနည်းကုန်းနေတယ်ဆိုတာ စစ်ဆေးပြီးသားလေ "
" သူပြောသမျှကို ယုံလား။ သူက အဝေးကြီးမှာ ရှိနေတာ။ ဒီလောက်သေးတဲ့ ကျောကုန်းတာလေးကို ဘယ်လိုလုပ် မြင်နိုင်မှာလဲ "
" ဟုတ်တယ်။ ခေါင်းဆောင်တောင် စစ်ဆေးဖို့ အနားကို လမ်းလျှောက်ပြီး သွားရတာ။ သူက အဝေးကြီးမှာ အဲ့တာကို ဘယ်လိုလုပ် သိနိုင်မှာလဲ။ သူက မျက်စိစုံမှိတ် ပြောနေတာ "
" လူငါးယောက်မှာ လေးယောက်က အတုတွေပဲ။ ပြောရရင် တစ်ယောက်ကို ရွေးလိုက်တောင် အနည်းဆုံး ၃ယောက်ကျန်သေးတယ်။ ဒါက ကျွမ်းကျင်မှုတစ်ခုလို့ မယူဆနိုင်ဘူး "
လူတိုင်းသည် ယဲ့ဖန် အရူးလုပ်မိသည်ကို မြင်ချင်ကြသော်လည်း သူ မှန်ကန်စွာ ခန့်မှန်းနိုင်မည်ဟု မမျှော်လင့်ခဲ့ကြချေ။
ထိုရလဒ်အတွက် သူတို့အားလုံး စိတ်ပျက်သွားခဲ့ကြသည်။
သို့သော် ယဲ့ဖန်သည် သူ၏ ခွန်အားကို အခြေခံ၍ မှန်ကန်သောလူကို ရွေးချယ်ခဲ့ခြင်းသာဖြစ်သည်။
ဖုမာ ဟာရာဘူဆာသည် လူအုပ်ကြီးတိတ်ဆိတ်သွားအောင် စောင့်နေပြီးမှ ဆက်ပြောသည်။
" မင်းရဲ့ ပထမရွေးချယ်မှုက မှန်တယ်။ ဒုတိယတစ်ယောက်ကိုရော မင်းဘာလို့ သူ့ကို ဖယ်ထုတ်လိုက်တာလဲ "
ယဲ့ဖန်သည် ဒုတိယမိန်းကလေးကို ကြည့်လိုက်ပြီး လေးနက်စွာ ပြန်ဖြေသည်။
" ဘာလို့လဲဆိုတော့ သူမရဲ့ ဆံပင်အရည်အသွေးက မမှန်ဘူး "
ဖုမာ ဟာရာဘူဆာသည် သူ့ခန္ဓာကိုယ်အရွယ်အစားကို အခြေခံ၍ အကြောင်းပြချက်တစ်ခု ရှာမည်ဟု ထင်ခဲ့သော်လည်း ထိုကဲ့သို့သောအဖြေကိုတော့ မမျှော်လင့်ခဲ့ပေ။
" ဆံပင်အရည်အသွေးလား "
သူသည် ထိုမိန်းကလေး၏ ဆံပင်ကို ပြန်ကြည့်ကာ အခြားမိန်းကလေး သုံးယောက်နှင့် နှိုင်းယှဉ်သည်။
ဘာထူးခြားမှုမှ မတွေ့ရပေ။
သို့သော် ယဲ့ဖန်သည် အလွန်သေချာနေသည်။
" ဒီကောင်မလေးဆံပင်က တခြားသူတွေထက် ပိုကြမ်းတယ်။ သာမန်မျက်စိနဲ့ မမြင်ရဘူး။ မယုံရင် လက်နဲ့ စမ်းကြည့်လို့ရတယ် "
ဖုမာ ဟာရာဘူဆာ ယဲ့ဖန်အမှားကို ချက်ချင်း ဖမ်းလိုက်သည်။
" မင်းရဲ့ ပကတိမျက်စိနဲ့ မမြင်နိုင်တာကို လက်နဲ့ ထိရမယ်ဆိုတာ မင်း ဘယ်လိုသိလဲ "
ယဲ့ဖန် ပြုံးလိုက်သည်။
" ခင်ဗျား မေးပြန်ပြီ။ ပြန်ပြောပြမယ်။ နည်းလမ်းကို ပြောပြမှာ မဟုတ်ဘူး "
ဖုမာ ဟာရာဘူဆာသည် နှစ်ကြိမ်ဆက်တိုက် ငြင်းပယ်ခံခဲ့ရပြီး စိတ်ဓာတ်ကျသွားခဲ့သည်။
သို့သော် အစောကပြောခဲ့သော စည်းမျဉ်းများတွင် တစ်ဖက်လူသည် အကြောင်းပြချက်ကို ပေးရမည်ဟူ၍သာ ပြောခဲ့သည်။
မည်သို့ ခွဲခြားသတ်မှတ်သည်ဆိုသော နည်းလမ်းကို ပြောပြရမည်ဟု သူ မပြောခဲ့ချေ။
သူ အေးစက်စွာ နှာမှုတ်ပြီး ထိုမိန်းကလေးများ၏ ဆံပင်အရည်အသွေးကို လက်ဖြင့် စမ်းသပ်ကြည့်သည်။
ယဲ့ဖန် ပြောခဲ့သလိုပင် ထိုမိန်းကလေး၏ ဆံသားသည် တခြားမိန်းကလေးများထက် ပိုကြမ်းသည်။
သို့သော် ကွာခြားမှုမှာ အနည်းလေးသာ ရှိသည်။
သူ၏ ကျင့်ကြံမှုကြောင့်သာ ခြားနားချက်ကို သိသာစွာ ခံစားနိုင်ခဲ့ခြင်း ဖြစ်သည်။
သာမန်လူတစ်ယောက်ဖြစ်ပါက လက်ဖြင့်စမ်းလျှင်ပင် ကွာခြားချက်ကို ပြောပြနိုင်မှာ မဟုတ်ချေ။
ထိုသည်က သူ့ကို ပိုလို့ပင် မယုံနိုင်စရာကောင်းသည်ဟု ခံစားရစေသည်။
ယဲ့ဖန်သည် ငါးမီတာအကွာတွင် ရပ်နေသည်။
ကွာခြားချက်ကို သူ ဘယ်လိုလုပ် ပြောနိုင်တာလဲ။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၆၈ )
ဒီလိုစကားတွေကို သီးသန့်ပဲ ပြောသင့်တယ်
" ကိုယ်တိုင် ဟုတ်မဟုတ် ပြောတော့ "
ယဲ့ဖန်သည် အချိန်ထပ်မဖြုန်းချင်ပေ။
ထို့ကြောင့် ထိုမိန်းကလေးကို တိုက်ရိုက်သာ ပြောလိုက်သည်။
ထိုကောင်မလေးက ချက်ချင်း ရှေ့ကို လှမ်းပြီး ဖြည်းညှင်းစွာ ပြောသည်။
" ကျွန်မလည်း အတုပါ "
ဟား
ထိုသို့ ပြောလိုက်သည်နှင့် မြင်ကွင်းတစ်ခုလုံး ဆူညံသွားပြန်သည်။
" ဒီကလေး ထပ်မှန်ပြန်ပြီလား။ သူ တကယ်ကံကောင်းနေတာပဲ "
" ဒီတစ်ခါ သူပေးတဲ့ အကြောင်းပြချက်က ပိုလို့တောင် ရယ်စရာကောင်းသေးတယ်။ ဒီမိန်းကလေးတွေရဲ့ ဆံပင်အရည်အသွေး ကွာခြားချက်ကို ငါတို့က ဘာလို့ မမြင်နိုင်ရတာလဲ "
" သူက အကြောင်းပြချက်တွေကို တမင်တကာ လျှို့ဝှက်ဆန်းကြယ်အောင် ဖန်တီးနေတာပဲ "
" အံ့သြစရာတော့ မရှိပါဘူး။ ရွေးစရာ လေးယောက်တောင် ရှိနေတာလေ။ သုံးယောက်တည်းဆို မလွယ်တော့ဘူး "
" ဟုတ်တယ်။ သူ မျက်စိစုံမှိတ် မှန်းနေတာ မဟုတ်ရင် သူ့ရဲ့ ခန့်မှန်းချက်တွေ ဘယ်လိုလုပ်ရလာလဲဆိုတာ ဘာလို့ မပြောရဲတာလဲ။ သူက အပြစ်ရှိတယ်ဆိုတာ ရှင်းနေတာပဲ "
" မှန်တယ် ...... "
ယဲ့ဖန်အပေါ် သံသယစကားသံများမှာ ပိုမိုကျယ်လောင်လာသည်။
အဓိက အကြောင်းအရင်းမှာ ယဲ့ဖန် ဤတစ်ကြိမ်ပေးသော အကြောင်းပြချက်သည် ပိုလို့ပင် ရယ်စရာကောင်းသောကြောင့် ဖြစ်သည်။
ဖုမာ ဟာရာဘူဆာသည်ပင်လျှင် သူ့လက်ကို အသုံးပြု၍ ဆုံးဖြတ်ရသည်။
မိန်းကလေးများ၏ ဆံသား အရည်အသွေးသည် ကွာခြားနိုင်သော်လည်း ငါးမီတာအကွာမှ မြင်ရန် မဖြစ်နိုင်ပေ။
သူက ငါတို့ကို သုံးနှစ်သားလို လိမ်လို့ရမယ် တကယ် ထင်နေတာလား။
ယဲ့ဖန်သည် လူတိုင်း၏ သံသယများကို မကြားသလိုသာ နေလိုက်သည်။
သူသည် ထိုနေရာတွင် ငြိမ်သက်စွာ ထိုင်နေသေးသည်။
ဖုမာ ဟာရာဘူဆာသည် ယဲ့ဖန်ကို ဤကဲ့သို့ မြင်သောအခါ ပို၍ပင် ရွံရှာသွားသည်။
သို့သော် သူ အေးစက်စွာ ပြောလိုက်သည်။
" တတိယတစ်ယောက်ကို ဖယ်ထုတ်ရတဲ့ အကြောင်းရင်းက ဘာလဲ "
" အဲ့တာက ....... ကိုယ်ရောင်ဝါကြောင့် "
ယဲ့ဖန်သည် အကြောင်းပြချက်တစ်ခု ဖန်တီးနေသကဲ့သို့ လမ်းတစ်ဝက်တွင် ခေတ္တရပ်လိုက်သည်။
ထိုအကြောင်းကြောင့် ရှိတေသူအားလုံးသည် ထိုအကြောင်းအရာကို ကြားသောအခါတွင် ဖြစ်သွားကြသည်။
ဘာကို ကိုယ်ရောင်ဝါလဲ။
စင်မြင့်ပေါ်ရှိ မိန်းကလေးငါးဦးသည် စကားတစ်ခွန်းမှ မပြောဘဲ အစမှအဆုံးအထိ မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ခဲ့ပေ။
ဒါဆို မိန်းကလေးတွေရဲ့ ကိုယ်ရောင်ဝါက မတူတာကို သူဘယ်လိုလုပ် ပြောနိုင်မှာလဲ။
ဤတစ်ကြိမ်တွင် ဖုမာ ဟာရာဘူဆာသည်စစ်ဆေးရန်ပင် အလွန်ပျင်းနေခဲ့သည်။
သူသည် ယဲ့ဖန်ကို စိတ်အနှောင့်အယှက်ဖြစ်စွာသာ ကြည့်နေတော့သည်။
" သူ့ရဲ့ ကိုယ်ရောင်ဝါက ဘာဖြစ်နေလို့လဲ "
ယဲ့ဖန်သည် သူဌေးကြီးတစ်ယောက်လို ပြုမူကာ ကုလားထိုင်ပေါ် ပြန်လှဲထိုင်နေလိုက်သည်။
" သေချာ ကြည့်မယ်ဆိုရင် ရှောင်ဝူမှာ ဘယ်သူမှ အတုယူလို့မရတဲ့ ထူးခြားတဲ့ ကိုယ်ရောင်ဝါရှိတယ် ဆိုတာ သဘောပေါက်လာလိမ့်မယ်။ သူမ အဲ့ဒီမှာ ရပ်ပြီး စကားမပြောရင်တောင် သူမ ကြက်အုပ်ထဲက ကြိုးကြာလေးတစ်ကောင်လိုပဲ ..... "
" ရပ်၊ ရပ်၊ ရပ်။ ဒီလို မိုက်မဲတဲ့ စကားတွေကို သီးသန့်ပဲ ပြောသင့်တယ် "
ဘေးမှာရပ်နေသည့် ချီဇူရူ စူဂါဝါရာပင် သည်းမခံနိုင်တော့ဘဲ သူ့ကို အလျင်အမြန် တားလိုက်သည်။
ယဲ့ဖန် သူ့နှုတ်ခမ်းကိုသာ ပွတ်သပ်နေပြီး ဘာမှပြန်မပြောပေ။
ချီဇူရူ စူဂါဝါရာ ချက်ချင်းလှည့်ပြီး ကောင်မလေးကို ပြောလိုက်သည်။
" မင်းကိုယ်တိုင် ဖြေလို့ရတယ် "
ကောင်မလေးသည် ချက်ချင်း ထွက်လာသည်။
" တကယ်ပဲ ကျွန်မက အတု ဟုတ်ပါတယ် "
ထိုသို့ပြောပြီးနောက် သူမသည် ယဲ့ဖန်ကို စူးစိုက်ကြည့်ရန် မမေ့ပေ။
သူမကို 'ကြက်'နှင့် ခိုင်းနှိုင်းလိုက်သည်ကို သဘောကျပုံမရချေ။
ယဲ့ဖန်ကတော့ ထိုသည်ကို စိတ်မ၀င်စား။
ထိုင်နေရင်းဖြင့်သာ ပြုံးနေသည်။
တတိယရလဒ်ကို ကြေညာလိုက်သောအခါ
လေထုသည် ချက်ချင်းပင် တင်းမာလာသည်။
လက်ရှိအချိန်တွင် စင်ပေါ်၌ မိန်းကလေးနှစ်ယောက်သာ ကျန်တော့သည်။
သူတို့ထဲမှ တစ်ယောက်ကသာ ဖန်းကျန်းဝူအစစ် ဖြစ်သည်။
ယဲ့ဖန် ဖယ်ထုတ်လိုက်သူလား။ သို့မှမဟုတ် စင်ပေါ်၌ ရှိနေသည်လား။
ရလဒ်ကို လူတိုင်း သိချင်နေခဲ့သည်။
ဖုမာ ဟာရာဘူဆာပင်လျှင် အနည်းငယ် စိတ်လှုပ်ရှားနေသည်။
သူ ဖြည်းညှင်းစွာထရပ်ပြီး ယဲ့ဖန် ဖယ်ခဲ့သော မိန်းကလေးစီသို့ လျှောက်သွားသည်။
" ဒါဆို ဒီတစ်ယောက်ကို ဖယ်ထုတ်ရတဲ့ အကြောင်းရင်းကို ပြော "
အားလုံးက ယဲ့ဖန်ကို ကြည့်လိုက်ကြသည်။
သူ ပြောသည်ကို ကြားချင်နေသည်။
အောင်ပွဲနှင့် ရှုံးနိမ့်ခြင်းကို ဤနေရာတွင် အဆုံးအဖြတ်ပေးမည် ဖြစ်သည်။
သူ၏ ခန့်မှန်းချက် မှားယွင်းပါက ဤစမ်းသပ်ပွဲကို ချက်ချင်း ရပ်စဲမည်ဖြစ်သည်။
သို့သော် သူသည် မှန်ကန်သော ရွေးချယ်မှုအား ပြုလုပ်ခဲ့လျှင် ဖုမာမိသားစု၏ မျိုးနွယ်စုအမှတ်အသားတံဆိပ်ကို ရရှိမည်ဖြစ်ပြီး ဖုမာမိသားစုကို အမိန့်ပေးရန်အတွက် အခွင့်အရေး သုံးကြိမ်ရှိသည်။
စည်းမျဉ်းအရ ဖုမာမိသားစုသည် သေရမည်ဆိုလျှင်ပင် ထိုတံဆိပ်ပြားအမိန့်ကို ဖီဆန်လို့ မရပေ။
ထို့ကြောင့် ဖုမာမိသားစု၏ စမ်းသပ်ချက်အား အနှစ်တစ်ရာမှာပင် တစ်ခါ မဖွင့်ရသည့် အကြောင်းရင်းလည်း ဖြစ်သည်။
အကျိုးဆက်များသည် အလွန်ပြင်းထန်လေသည်။
ယဲ့ဖန်သည် ဖြည်းညှင်းစွာထရပ်ပြီး ကောင်မလေးစီသို့ လျှောက်သွားသည်။
" အဲ့တာ ... အဲ့တာ ခံစားချက်မမှန်ဘူးလို့ ခံစားရလို့ "
ဖုမာ ဟာရာဘူဆာသည် ထိုအကြောင်းပြချက်ကို ကြားသောအခါ တစ်ယောက်ယောက်ကို ထိုးချင်လာမိသည်။
ယဲ့ဖန်သည် ယခင်က အကြောင်းပြချက်ကို လုပ်ကြံသေးသော်လည်း ယခုအခါ အကြောင်းပြချက်ပင် မပေးတော့ပေ။
ခံစားချက် မမှန်ဘူးဟုသာ ပြောခဲ့သည်။
ဒါက အရမ်းလွန်တယ်မဟုတ်လား။
ယဲ့ဖန်သည် သူ့အမူအရာကို မကြည့်ချေ။
သူသည် ကောင်မလေးကို လှည့်ပတ်ပြီး စင်ပေါ်မှ 'ဖုမာ ကျန်းဝူ'ကို ကြည့်လိုက်သည်။
" ရှောင်ဝူနဲ့ တွဲနေတာ မကြာပြီသေးပေမဲ့ ကျွန်တော်တို့နှစ်ယောက်က တစ်သားတည်းဖြစ်နေပြီ။ မျက်လုံးတွေက မမြင်နိုင်သလို၊ နားက မကြားနိုင်ရင်တောင် တစ်ယောက်နဲ့တစ်ယောက် ရှိနေတာကို ခံစားနေရတုန်းပဲ။ ဒီခံစားချက်ကို ဘယ်လိုဖော်ပြရမှန်းမသိဘူး။ အခုလောလောဆယ်တော့ ဒါကို စိတ်စွမ်းအင်လို့ ခေါ်ရအောင်။ တရုတ်မှာ စကားပုံရှိတယ်။ 'ဇာမဏီတွေ အတောင်ပံကျိုးရင်တောင် နှလုံးသားက အရောင်စုံနေတုန်းပဲ'။ ရှောင်ဝူ၊ မင်းဆိုတာ ကိုယ်သိတယ် "
သူ ပြောပြီးသည့်နောက် ဖုမာ ဟာရာဘူဆာသည်သာမက ရှိနေသူအားလုံး သူ့ကို ရိုက်နှက်ချင်ကြသည်။
ပြိုင်ပွဲဝင်နေတယ်ဆို ဝင်လေ။
ဘာလို့ ချစ်ခြင်းမေတ္တာကို ရုတ်တရက် ပြနေတာလဲ။
ဖုမာ ဟာရာဘူဆာသည် ယဲ့ဖန်ကို စကားထပ်မပြောချင်တော့ဘဲ အေးစက်စွာ နှာမှုတ်လိုက်သည်။
ချီဇူရူ စူဂါဝါရာသည် အမြန် ထရပ်ပြီး ကောင်မလေးကို ပြောလိုက်သည်။
" မင်းကိုယ်တိုင် ပြောနိုင်ပြီ "
ထိုစကားကို ပြောပြီးသည်နှင့် ရှိနေသူအားလုံး အသက်ရှူရပ်သွားကြသည်။
စမ်းသပ်မှု၏ ရလဒ်ကို ထုတ်ပြန်တော့မည် ဖြစ်၍ မတတ်နိုင်ဘဲ စိတ်လှုပ်ရှားလာကြသည်။
" ဒီကလေးက ဒီတစ်ခါ မှန်းနိုင်မယ်လို့ မင်း ထင်လား "
" လူငါးယောက်မှာ လေးယောက်က အတုတွေပဲ။ သူတို့ထဲက ၃ယောက်ကို ခန့်မှန်းဖို့ မခက်ပေမယ့် စတုတ္ထလူကိုတော့ ခန့်မှန်းရခက်တယ် "
" ဒါပေမယ့် ဒီကလေးက မှန်တယ်ဆိုရင် ငါတို့ ဖုမာမိသားစုက သူ့အမိန့်ကို နားထောင်ရမှာ "
" ဟမ်း၊ ပထမသုံးကြိမ်က ကံကောင်းတာပဲ။ ဒီတစ်ကြိမ် သူ မှန်အောင် ခန့်မှန်းနိုင်ရင် ငါ့ကိုယ်ငါ သတ်သေလိုက်မယ် "
" အဲ့လောက်ထိ မလိုပါဘူး ...... "
ပတ်ဝန်းကျင်မှာ ပွက်လောရိုက်နေသည်။
အားလုံးသည် နောက်ဆုံးရလဒ်ကို မှန်းဆနေကြသည်။
ထိုအချိန်မှာ ကောင်မလေးက ဖြည်းညှင်းစွာပြောသည်။
" ကျွန်မ ... အဟွတ် အဟွတ် ...... "
ကောင်မလေး ချောင်းဆိုးသံကို ကြားပြီးနောက် လူတိုင်း အသက်ရှုကြပ်မတတ် နားထောင်နေကြသည်။
လူတိုင်း လဲကျမတတ် ဖြစ်ကုန်သည်။
ဒါ သူတို့ကို လှည့်စားနေတာ မဟုတ်လား။
ကံကောင်းစွာနှင့် ထိုမိန်းကလေးသည် ချောင်းဆိုးနေသည်ကို အမြန်ထိန်းပြီး ဆက်ပြောသည်။
" ကျွန်မက အတုပါ "
" ဟာ ..... "
ထိုစကားကို ပြောပြီးသောအခါ လူအုပ်ကြီးသည် ချက်ချင်းပင် မောဟိုက်သွားသည်။
" မဖြစ်နိုင်ဘူး မဟုတ်လား။ ဒီကလေးက ထပ်ပြီး ခန့်မှန်းခဲ့တာလား "
" ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မဖြစ်နိုင်ဘူး။ ဒီကလေးက လှည့်စားနေတာလား "
" မဖြစ်နိုင်ဘူး၊ ဒီလူတွေကို ခေါင်းဆောင်က ကိုယ်တိုင်ရွေးချယ်ခဲ့တာ။ ခေါင်းဆောင်ကို သံသယရှိနေတာလား "
" မဟုတ်ပါဘူး၊ ခေါင်းဆောင်ကို ဘယ်တုန်းက သံသယရှိလို့လဲ။ဂဒီရလဒ်ကို လက်ခံဖို့ ခက်နေရုံပါ "
" ငါရောပဲ။ ဒါဆို ဒီကလေးက စမ်းသပ်မှုကို အောင်မြင်ပြီး ဖုမာမိသားစုကို အမိန့်ပေးပိုင်ခွင့်ရှိမယ်လို့ ဆိုလိုတာလား "
" ပိုပြီး တိတိကျကျပြောရရင် ဖုမာ မိသားစုကို သုံးကြိမ်တိုင်တိုင် အမိန့်ပေးနိုင်တဲ့ စွမ်းအားပဲ "
" ဘာကွာလို့လဲ။ ဒီကလေးက ရူးသွားပြီး ငါတို့ သေခိုင်းရင် ဘယ်လိုလုပ်မလဲ။ ငါတို့လည်း သေပေးရမှာလား "
" အမိန့်ပြားကို မြင်ရတာက ခေါင်းဆောင်ကို တွေ့တာနဲ့ အတူတူပဲ။ အမိန့်ကို မနာခံရင် မိသားစုစည်းမျဉ်းအရ အပြစ်ပေးခံရလိမ့်မယ် "
" သွားပြီ။ ငါတို့ ဖုမာမိသားစု သွားပြီ ..... "
ဖုမာ ဟာရာဘူဆာသည် ယဲ့ဖန်ကို အေးစက်စွာ ကြည့်လိုက်သည်။
" ဂုဏ်ယူပါတယ်။ မင်း တတိယ စမ်းသပ်ပွဲကို အောင်မြင်သွားပြီ "
သူ ထိုစကားကို ပြောရင်း အံကြိတ်နေသည်။
ဤသည်ကို သူ လက်မခံချင်သည်မှာ ထင်ရှားလေသည်။
ရလဒ်ကို ကြေညာပြီးသည်နှင့် တကယ့်အစစ် ဖုမာ ကျန်းဝူသည် ထိုသည်ကို မထိန်းနိုင်တော့ပေ။
သူမသည် ယဲ့ဖန်စီသို့ ချက်ချင်း ပြေးသွားသည်။