အခန်း (၁၂၆၉-၁၂၇၂)
Vol. 64 Ch. 1269-1272
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၆၉ )
မိသားစုတံဆိပ်ပြားက ဘာအရေးလဲ။ ရှောင်ဝူကိုပဲ လိုချင်တာ
ယဲ့ဖန်သည် ချက်ချင်းပင် သူ၏လက်များကို ဖွင့်ကာ ဖုမာ ကျန်းဝူ၏ နူးညံ့သိမ်မွေ့သောခန္ဓာကိုယ်လေးကို ပွေ့ဖက်လိုက်သည်။
" သခင်ကြီး၊ နမ်းပါဦး "
ဖုမာ ကျန်းဝူ၏ လှပသော မျက်လုံးလေးများက သူ့ကို စိုက်ကြည့်နေပြီး သူမ၏ အကြည့်များက ကျေးဇူးတင်ခြင်းများဖြင့် ပြည့်နှက်နေသည်။
ယဲ့ဖန်သည် တူညီသော လူငါးယောက်ထဲမှ သူမကို ရွေးချယ်နိုင်ခဲ့သည်။
သူမအတွက် မည်မျှ ကြိုးစားခဲ့ရသည်ဆိုတာကို ပြသနေခဲ့သည်။
ထို့အပြင် သူမအား အဆုံးတွင် ယဲ့ဖန် ပြောခဲ့သောစကားများက သူမရင်ကို ထိသွားစေခဲ့သည်။
ဇာမဏီစုံတွဲသည် အတောင်များ မရှိတော့လျှင်ပင် နှလုံးသားချင်း ချိတ်ဆက်နေသေးသည်။
အမှန်ပင်ဖြစ်သည်။
မည်မျှပင် အတားအဆီးများ ကြုံနေသည်ဖြစ်စေ သူတို့၏ ခံစားချက်များကို ဖြတ်တောက်လို့ မရချေ။
ဖုမာ ကျန်းဝူ၏ တောင်းဆိုမှုကို ကြားသောအခါ ယဲ့ဖန်သည် သဘာဝကျစွာဖြင့် မကျေနပ်စရာ အကြောင်းမရှိပေ။
ချက်ချင်းပင် သူမ၏ နှုတ်ခမ်းနီလေးကို နမ်းလိုက်သည်။
သူတို့နှစ်ဦးသည် ဖုမာမိသားစုရှိ လူတိုင်းအရှေ့တွင် ပြောင်တင်းစွာ နမ်းလိုက်ရာ ဖုမာ ဟာရာဘူဆာ၏ မျက်နှာမှာ ပြာနှမ်းသွားသည်။
တစ်မိနစ်ကျော်ကြာ နမ်းပြီးနောက် နှစ်ယောက်သား မကျေမနပ်ဖြင့် ဖယ်လိုက်ကြသည်။
ဖုမာ ကျန်းဝူ၏ မျက်နှာလေးသည် အနည်းငယ် နီနေသည်။
" သခင်ကြီးက ကျန်းဝူကို ဒီလောက်အရေးပေးဖို့ မမျှော်လင့်ထားဘူး။ သခင်ကြီးနဲ့ ယှဉ်ရင် ကျန်းဝူက အရမ်းအားနည်းပါတယ် "
သူမ အနည်းငယ် ရှက်သွားသည်။
သူမ ယနေ့ ယဲ့ဖန်နှင့် နေရာပြောင်းပြန်ဖြစ်ပါက ယဲ့ဖန်ကို ငါးယောက်ထဲမှ ရှာတွေ့နိုင်မည်ဟု အာမမခံနိုင်ချေ။
နှိုင်းယှဥ်ကြည့်ပါက သခင်ကြီးသည် သူမအတွက် ပိုမိုအားထုတ်ခဲ့သည်။
ယဲ့ဖန်သည် သူမစကားကို ကြားသောအခါ သူ့မျက်နှာ နီရဲသွားသည်။
အမှန်တွင် ဖုမာ ကျန်းဝူအား ငါးယောက်ထဲမှ အတိအကျရှာနိုငိသည့် အကြောင်းရင်းသည် သူမကို ဂရုစိုက်သောကြောင့် မဟုတ်ချေ။
သူ မည်မျှပင် ဂရုစိုက်ပါစေ ဆယ်မိနစ်နှင့် ငါးမီတာအကွာမှ အသေးစိတ်အချက်အလက်များကို ရှာရန်မှာ မဖြစ်နိုင်ချေ။
အမှန်မှာ ဤအရာအားလုံးသည် စနစ်၏ စကန်ဖတ်စစ်ဆေးခြင်း၏ ကျေးဇူးကြောင့်ဖြစ်သည်။
ဖုမာ ကျန်းဝူသည် ဖုမာမိသားစု၏ လည်ဆွဲကို ဝတ်ဆင်ထားကြောင်း သူ သိသည်။
ထို့ကြောင့် ယဲ့ဖန်သည် စနစ်၏ စကန်ဖတ်စစ်ဆေးခြင်းကို ချက်ချင်း ဖွင့်လိုက်ပြီးနောက် သူတို့ငါးဦးထဲမှ တကယ့် ဖုမာ ကျန်းဝူကို အမြန်တွေ့ရှိခဲ့သည်။
အခြားလေးယောက်နှင့် ဖုမာ ကျန်းဝူကြားမှ ခြားနားချက်ကို ခန့်မှန်းရန် ပိုမိုလွယ်ကူသည်။
ဤသည်မှာ စနစ်နှင့် ပတ်သက်သောကြောင့် အပြင်လူများကို ပြောနိုင်သည့် အရာမဟုတ်ပေ။
ထို့အပြင် ဖုမာ ကျန်းဝူ မည်မျှ ရင်ထဲထိသွားသည်ကို မြင်ပြီးနောက် ဤအရာသည် လှပသော နားလည်မှုအဖြစ် ထားလိုက်ရန်သာ ဆုံးဖြတ်ခဲ့သည်။
ထိုအချိန်တွင် ခန်းမတစ်ခုလုံး ဆူညံနေသေးသည်။
ယဲ့ဖန်သည် စမ်းသပ်မှု သုံးခုဆက်တိုက် အောင်မြင်ခဲ့သည်။
ဤသည်မှာ ဖုမာမိသားစု၌ လွန်ခဲ့သော နှစ်တစ်ရာအတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။
မိသားစု၏ ကံကြမ္မာကို လူတိုင်း စိတ်ပူနေကြသည်။
မည်သို့ပင်ဖြစ်စေ မိသားစုအမှတ်အသားတံဆိပ်ကို တိုင်းတစ်ပါး လူငယ်တစ်ဦးထံ ပေးပြီး မိသားစုလူတိုင်း၏ ကံကြမ္မာကို သူ့စီသို့ ပေးရသည်မှာ အန္တရာယ်များလွန်းလှသည်။
ဖုမာ ဟာရာဘူဆာလည်း ရှုပ်ထွေးသောအမူအရာဖြင့် ယဲ့ဖန်ကို ကြည့်နေသည်။
အမှန်တိုင်းပြောရလျှင် စမ်းသပ်ပွဲ မစစ်ဆေးခင် သူသည် ဤလူငယ်ကို မကြိုက်ပေ။
အထူးသဖြင့် တစ်ဖက်လူသည် တရုတ်လူမျိုး ဖြစ်သောကြောင့် သူ၏ စိတ်ထဲတွင် သဘောထားကွဲပြားနေသည်။
သို့သော် စမ်းသပ်မှုသုံးကြိမ် ပြီးသည့်နောက် ဤလူငယ်သည် သူ၏တန်ဖိုးရှိမှုကို သူ၏ ကိုယ်ပိုင်ခွန်အားဖြင့် အကြိမ်ကြိမ်သက်သေပြခဲ့သည်။
ဤသည်က သူ့ရဲ့ ယဲ့ဖန်အပေါ် ထင်မြင်ချက်ကို ပြောင်းလဲစေခဲ့သည်။
သူ့စိတ်ထဲ၌ မတတ်နိုင်ဘဲ ယဲ့ဖန်ကို ချီးမွမ်းမိသည်။
အကယ်၍ သူသာဖြစ်လျှင် ပထမစမ်းသပ်ပွဲကို အောင်နိုင်မည် မဟုတ်ပေ။
ဤလူငယ်သည် တကယ်ကို ထူးချွန်လှသည်။
သို့သော် ဖုမာမိသားစုက တစ်ယောက်ယောက်ဖြစ်ပါက ပိုကောင်းမည် ဖြစ်သည်။
ထိုအတွေးများ အားလုံးကို မျိုသိပ်ထားပြီး အေးစက်သည့်အမူအရာမှာ ပြန်ပေါ်လာသည်။
" မင်းက စမ်းသပ်ပွဲကို ၃ကြိမ်ဆက်တိုက် ကျော်ဖြတ်နိုင်ခဲ့တဲ့အတွက် တကယ်ကို ခွန်အားကြီးပါတယ် "
ယဲ့ဖန်သည် ဖုမာ ကျန်းဝူပုခုံးပေါ် သူ့လက်ကို တင်လိုက်သည်။
ထို့နောက် လှည့်ပြီး သူ့ကို ကြည့်လေသည်။
" စမ်းသပ်ချက် သုံးပွဲကို နိုင်ပြီးပြီဆိုတော့ ဖုမာမိသားစုရဲ့ အမိန့်ပြားကို ပေးနိုင်မလား "
ဖုမာ ဟာရာဘူဆာ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
" အလျင်မလိုပါနဲ့။ နောက်ဆုံးစမ်းသပ်မှုတစ်ခု ရှိသေးတယ်။ မင်း အောင်မြင်တာနဲ့ ဖုမာမိသားစုရဲ့ အမိန့်ပြားကို ငါပေးမယ် "
ယဲ့ဖန်၏ အမူအရာ မည်းမှောင်သွားသည်။
" စမ်းသပ်မှု သုံးခုပဲလို့ သဘောတူထားတာ မဟုတ်လား။ စကားပြန်ပြောင်းချင်နေတာလား "
သူ့စကားကြောင့် ဖုမာမိသားစုမှာ ချက်ချင်း ဒေါသထွက်လာသည်။
" ကောင်လေး၊ မင်းစကားကို ကြည့်ပြော။ စကားပြန်ပြောင်းတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ "
" မင်း ဘယ်ရောက်နေလဲ မမေ့နဲ့။ မဟုတ်တဲ့စကားတွေ ထပ်ပြောရဲရင် မင်း ပေးဆပ်ရမယ် "
" မင်းက စမ်းသပ်မှု သုံးခုကို ကျော်ဖြတ်ခဲ့ရုံနဲ့ ငါတို့ကို အမိန့်ပေးနိုင်တယ်လို့ မထင်လိုက်နဲ့။ အဲဒါအတွက် ငါတို့ ရှုံးမှာ မဟုတ်ဘူး။"
" ငါတို့ ဖုမာမိသားစုရဲ့ ထောက်ခံမှုကို ရဖို့ လွယ်တယ် ထင်နေလား "
လူတိုင်းသည် ရလဒ်ကို အစကတည်းက မကျေနပ်ကြသောကြောင့် သူတို့၏ အကြွေးကို လက်စားချေရန် ဆင်ခြေရှာချင်ကြသည်မှာ သဘာဝကျသည်။
ယဲ့ဖန် သူတို့ကို မကြောက်မရွံ့ ကြည့်နေသည်ဒ။
" ခင်ဗျားတို့ မိသားစုရဲ့ နာမည်ဂုဏ်သတင်းကို ယုံကြည်တယ်။ အဲ့တာကြောင့် ဒီစမ်းသပ်မှုလို့ခေါ်တဲ့ ပြိုင်ပွဲကို ပြီးအောင် ပြိုင်ခဲ့တာပဲ။ စကားပြန်ပြောင်းရင်တော့ နှစ်ရာနဲ့ချီပြီး အမွေဆက်ခံထားတဲ့ မိသားစုကြီးက အချည်းနှီးပဲဆိုတာ သက်သေပြရာရောက်လိမ့်မယ် "
ယဲ့ဖန်သည် ဆက်၍ နှိုးဆော်ရဲသေးသည်ကို လူတိုင်းကြားသောအခါ ချက်ချင်း တုန်လှုပ်သွားပြီး သေသည်အထိ တိုက်ခိုက်ချင်ကြသည်။
ဖုမာ ဟာရာဘူဆာသည် ဆူညံသံကို ရပ်တန့်ရန် သူ့လက်ကို မြှောက်လိုက်သည်။
" အားလုံးပဲ စိတ်အေးအေးထား "
ခေါင်းဆောင်ပြောပြီး၍ လူတိုင်းက ရပ်တန့်လိုက်ကြသော်လည်း ယဲ့ဖန်ကို စိုက်ကြည့်နေကြဆဲ ဖြစ်သည်။
ထို့နောက် ဖုမာ ဟာရာဘူဆာသည် ယဲ့ဖန်ကို ကြည့်လိုက်သည်။
" ဒီစည်းမျဉ်းကို ငါ သတ်မှတ်ထားတာ မဟုတ်ဘူး။ ဖုမာမိသားစုရဲ့ ဘိုးဘေးတွေက ချမှတ်ခဲ့တာ။ ပါဝင်သူတိုင်း စမ်းသပ်မှုပြီးတဲ့အခါ ရွေးချယ်မှုတစ်ခုကို ရင်ဆိုင်ရလိမ့်မယ် "
ယဲ့ဖန် စိတ်မရှည်တော့ပေ။
" ဘာရွေးချယ်မှုလဲ "
ဖုမာ ဟာရာဘူဆာသည် သူ၏မျိုးရိုးအမှတ်အသားကို ထုတ်လိုက်ပြီး ဖုမာ ကျန်းဝူကို ကြည့်လိုက်သည်။
" ငါတို့ဘိုးဘေးတွေရဲ့ စည်းမျဉ်းတွေအရ မင်း ဒီသင်္ကေတကို ရယူချင်တယ်ဆိုရင် မင်း ဖုမာမိသားစုနဲ့ စာချုပ်ချုပ်ထားတဲ့ ဆက်ဆံရေးပဲ ရှိရလိမ့်မယ်။ ကိုယ်ရေးကိုယ်တာခံစားချက်တွေ ရှိလို့ မရဘူး။ တစ်နည်းပြောရရင် ရှောင်ဝူနဲ့ ကိုယ်ရေးကိုယ်တာ အဆက်အသွယ်အားလုံးကို အခုကတည်းက ဖြတ်ပစ်ရမယ် "
ထိုသည်ကို ယဲ့ဖန် ကြားလိုက်သည်နှင့် သူ့မျက်လုံးထဲမှ စူးရှသည့် အလင်းရောင် ထွက်လာသည်။
" ကလေးတွေသာ ရွေးချယ်တာ။ ကျွန်တော် နှစ်ခုလုံးကို လိုချင်တယ် "
ဖုမာ ဟာရာဘူဆာ၏ မျက်နှာပေါ်တွင် အပြုံးတစ်ချက် ပေါ်လာသည်။
" ငါးနဲ့ ဝက်ခြေသည်း နှစ်မျိုးလုံး မရနိုင်ဘူးဆိုတဲ့ တရုတ်ရှေးစကားရှိတယ်။ စွမ်းအားနဲ့ အလှလေးကို ရွေးချယ်နိုင်တယ်။ ရှောင်ဝူ ဒါမှမဟုတ် တံဆိပ်ပြားလား။ လိုချင်တာကို မင်းရွေးမယ် "
သူသည် ပြောပြီးသည်နှင့် တခြားဘာမှ မပြောတော့ပေ။
သူသည် ယဲ့ဖန် ရွေးချယ်မှုလုပ်ရန် တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။
ရာနှင့်ချီသော အကြည့်များက ယဲ့ဖန်ကို စူးစိုက်ကြည့်နေသည်။
ယဲ့ဖန် စကားမပြောနိုင်မီတွင် သူ့ရင်ခွင်ထဲ၌ ရှိနေသော ဖုမာ ကျန်းဝူသည် ရုတ်တရက် ခေါင်းမော့လာကာ သူမ၏ လှပသောမျက်လုံးလေးများသည် မျက်ရည်များဖြင့် ပြည့်နှက်နေသည်။
" သခင်ကြီး၊ ကျန်းဝူက ခွဲဖို့ကို မလိုချင်ပေမယ့် သခင်ကြီးမှာ အရေးကြီးတဲ့ အလုပ်တစ်ခု ရှိသေးတယ်။ ဖုမာမိသားစုရဲ့ အကူအညီကို လိုအပ်တယ်ဆိုတာ သိတယ်။ အဲ့တာကြောင့် တံဆိပ်ပြားကို ရွေးရမယ်။ ကျန်းဝူ သခင်ကြီးကို အပြစ်မတင်ဘူး "
သူမ၏ စကားများသည် စိတ်ရင်းမှန်ဖြင့် ရှိနေသူတိုင်းကို စိတ်လှုပ်ရှားစေသည်။
သူမ ချစ်ရသူအား သူ၏ ကြီးမားသော အိပ်မက်များကို ပြီးမြောက်စေဖို့ ကူညီရန် သူမသည် စွန့်လွှတ်ပေးရန် ဆန္ဒရှိခဲ့သည်။
ဤလေးနက်သော ချစ်ခြင်းမေတ္တာသည် ရှားပါးလွန်းလှသည်။
ယဲ့ဖန်သည် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူမ၏ နူးညံ့သော မျက်နှာလေးကို ပွတ်သပ်လိုက်သည်။
" တရုတ်မှာ ရှေးစကားတစ်ခုရှိတယ်။ အလှလေးရဲ့ ကြင်နာမှုကို ဖယ်ချဖို့က အခက်ဆုံးပဲ။ မင်းကို ကိုယ် ဘယ်လိုလုပ် စိတ်ပျက်အောင် လုပ်နိုင်မှာလဲ။ ကိုယ် ယဲ့ဖန်က ကမ္ဘာကြီးကို စိတ်ပျက်စေခဲ့ရင်တောင် အလှလေးကို ဘယ်တော့မှ စိတ်ပျက်စေမှာ မဟုတ်ဘူး "
ထိုသို့ပြောပြီးနောက် သူသည် ဖုမာ ဟာရာဘူဆာကို စိတ်ပိုင်းဖြတ်ပြီး ကြည့်လိုက်သည်။
" ကျွန်တော် ရွေးပြီးပြီ။ တံဆိပ်ပြားက ဘာအရေးလဲ။ ကျွန်တော် ရှောင်ဝူကို လိုချင်တယ် "
ဖန်းကျန်းဆွန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
" လူငယ်လေး၊ မင်း သေချာစဉ်းစားရမယ်။ ဒါက ဖုမာမိသားစုကို အမိန့်ပေးနိုင်မယ့် အခွင့်အရေး သုံးမျိုးပဲ။ မင်း လုပ်ချင်တဲ့ အလုပ်တစ်ခုကို ပြီးမြောက်အောင် ကူညီပေးနိုင်တယ်။ လူတော်တော်များများက အဲ့တာကို အိပ်မက်မက်ရင်တောင် မရနိုင်ဘူး။ မင်းလက်လျှော့ချင်တာ သေချာလား "
ယဲ့ဖန်သည် သူ့မေးခွန်းကို ကြားသည့်အခါ ချက်ချင်းပင် လှောင်ရယ်လိုက်သည်။
" ခင်ဗျားရဲ့ ဖုမာမိသားစုမရှိရင် ကမ္ဘာကြီးက လည်ပတ်လို့ မရတော့သလို ပြောနေတာပဲ။ အရင်တုန်းကတောင် ခင်ဗျားရဲ့ ဖုမာမိသားစု မရှိဘဲ ယဲ့ဖန်ဆိုတဲ့ ကျွန်တော်က လုပ်နိုင်ခဲ့တာတွေ အများကြီးပဲ။ ဒီတံဆိပ်ပြား မရှိရင်တောင် ခင်ဗျားတို့အားလုံး ကျွန်တော့်ကို ဦးညွတ်အောင် လုပ်နိုင်တုန်းပဲ "
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၇၀ )
ဘိုးဘေးများ၏ စည်းမျဉ်းကို ပြောင်းလဲခြင်း
သူ့စကားကို ကြားသည့်အခါ အားလုံးက ရယ်လိုက်ကြသည်။
" ဒီကလေးက တကယ် ကြွားလုံးထုတ်ရဲတာပဲ။ သူက ဂျပန်ကလူတိုင်းကို ဦးညွတ်စေချင်နေတာလား။ အိပ်မက်မက်နေတာပဲ "
" ဖုမာမိသားစုရဲ့ အကူအညီမရှိရင် ဂျပန်မှာ အောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး "
" ငါသာဆိုရင် တံဆိပ်ပြားကိုရွေးရလိမ့်မယ်။ ယောက်ျားတစ်ယောက်မှာ အာဏာရှိသရွေ့ ဘယ်မိန်းမမှ မလိုဘူး "
" တကယ့် ယောက်ျားတစ်ယောက်ဟာ ခွန်အားမရှိဘဲ မနေနိုင်ဘူး။ ဒီကောင်လေးက တကယ် မိုက်မဲတဲ့ ရွေးချယ်မှုကို လုပ်ခဲ့တာပဲ ...... "
ဖုမာမိသားစု၏ အခွဲမိသားစုမှ ဆင်းသက်လာသူ အများအပြားရှိလေသည်။
သူတို့သည် ထူးချွန်သူများ ဖြစ်ရန် အိပ်မက်မက်ကြသည်။
ယခုအခါ ယဲ့ဖန်သည် ဖုမာမိသားစုတစ်ခုလုံးကို အမိန့်ပေးနိုင်သော်လည်း သူသည် လက်လျှော့ရန် ရွေးချယ်ခဲ့သည်။
ထိုသည်မှာ သူတို့ နားမလည်နိုင်သည့် အရာဖြစ်သည်။
သူတို့အမြင်၌ ဤလုပ်ရပ်မှာ မိုက်မဲလွန်းလှသည်။
ဖုမာ ဟာရာဘူဆာသည် ယဲ့ဖန်ကို လေးနက်စွာ ကြည့်ပြီးနောက် ကြေညာလိုက်သည်။
" ယဲ့ဖန်က အမိန့်ပြားကို စွန့်လွှတ်ဖို့ ရွေးချယ်ခဲ့တာကြောင့် ဒီစမ်းသပ်ပွဲရလဒ်တွေက အကြုံးမဝင်ကြောင်း ကြေညာပါတယ် "
" အဲ့တာကို တရားမ၀င်ဘူးလို့ ဘယ်သူက ကြေညာရဲတာလဲ "
ဖုမာ ဟာရာဘူဆာ ရလဒ်များကို ကြေညာပြီးသည့်အခါ ခန်းမထဲ၌ မိုးခြိမ်းသံလို ရုတ်တရက် အသံတစ်သံ ပေါက်ကွဲထွက်လာသည်။
ထိုရုတ်တရက် ထွက်ပေါ်လာသောအသံသည် အလွန်ကျယ်လောင်ပြီး ခန်းမအတွင်းရှိ လူတိုင်းကို ထိတ်လန့်သွားစေသည်။
အားလုံး လှည့်ကြည့်လိုက်ကြသည်။
ထို့နောက် ဖုမာ တာကာနိုစုကဲသည် တစ်စုံတစ်ဦးကို စားချင်နေသည့်ပုံဖြင့် ဒေါသတကြီး လျှောက်လာသည်ကို သူတို့တွေ့လိုက်ရသည်။
ဖုမာ ဟာရာဘူဆာသည် သူ့အဖေ ဝင်လာသည်ကို မြင်သောအခါ အမြန် သူ့စီသို့ ပြေးလာခဲ့သည်။
" အဖေ၊ ဘာလို့ဒီကို ရောက်နေတာလဲ "
ဖုမာ တာကာနိုစုကဲ သူ့ကို ဒေါသတကြီး ကြည့်နေသည်။
" ငါ ဘာလို့ ဒီကိုရောက်နေတာလဲ ဟုတ်လား။ ငါ မလာခဲ့ရင် မင်းက ယဲ့ကျီလေးကို သေတဲ့အထိ အနိုင်ကျင့်နေမှာလေ "
ယဲ့ဖန်သည် မတတ်နိုင်ဘဲ မျက်ခုံးပင့်မိသည်။
ဒီလူကြီးက တော်တော်သစ္စာရှိတာပဲ။
သူ့ကို အထူးတလည် ကာကွယ်ပေးလိမ့်မည်ဟု သူ မမျှော်လင့်ထားချေ။
ဖုမာ ဟာရာဘူဆာသည် ခေါင်းကိုက်လာသည်ကို ခံစားလိုက်ရသည်။
" အဖေ၊ ဘာကိုဆိုလိုတာလဲ။ ကျွန်တော်တို့ သူ့ကို အနိုင်ကျင့်တာ မဟုတ်ဘူး "
ဖုမာ တာကာနိုစုကဲ သူ့ကို ခေါင်းကို ပုတ်လိုက်သည်။
" မင်း ငြင်းနေတုန်းပဲလား။ သူက စမ်းသပ်ပွဲ သုံးခု အောင်ပြီးပြီလေ။ ဘာလို့ သူ့ကို ခက်ခဲအောင် လုပ်နေသေးတာလဲ "
ဖုမာ ဟာရာဘူဆာသည် သူ့မေးခွန်းကို ကြားသောအခါ ရယ်ရမလား ငိုရမလား မသိတော့ပေ။
" ဒါက ကျွန်တော်တို့ ဘိုးဘေးတွေ ချမှတ်ထားတဲ့ စည်းမျဉ်းတစ်ခုလေ။ ကျွန်တော်က မျိုးနွယ်စုခေါင်းဆောင် ဖြစ်တာနဲ့ ဖောက်ဖျက်လို့မရဘူး "
ဖုမာ တာကာနိုစုကဲ အေးစက်စွာ နှာမှုတ်လိုက်သည်။
" ငါတို့ရဲ့ ဘိုးဘေးတွေက သေတာဖြင့် နှစ်ရာနဲ့ချီနေပြီ။ သူတို့သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို ဘာလို့ မချိုးဖောက်နိုင်ရမှာလဲ "
ဤသည်ကို လူတိုင်း ကြားသောအခါ တိတ်တဆိတ် စကားမပြောနိုင် ဖြစ်သွားသည်။
သခင်အိုကြီးတစ်ဦးတည်းသာ ဤစကားကို ပြောနိုင်သည်။
အခြားသူသာဆို ဖြစ်ပါက ဂိုဏ်းစည်းမျဉ်းအရ ချက်ချင်း အပြစ်ပေးခံရပေမည်။
ဖုမာ ဟာရာဘူဆာ သူ့ခေါင်းကို ကုတ်လိုက်ပြီး စိတ်ပူပန်နေပုံရသည်။
" အဖေ၊ မရှုပ်ပါနဲ့။ မျိုးနွယ်စုခေါင်းဆောင်အနေနဲ့ ကျွန်တော်က မျိုးနွယ်စုရဲ့ စည်းမျဉ်းတွေကို လိုက်နာရမယ်။ ဘိုးဘေးတွေရဲ့ စည်းမျဉ်းတွေကို ဖျက်လို့မရဘူး။ မဟုတ်ရင် နောက်ကျ မျိုးနွယ်စုကို ဘယ်လို စီမံခန့်ခွဲနိုင်မှာလဲ "
ဖုမာ တာကာနိုစုကဲသည် သူ့သား ရှင်းပြသည်ကို လုံးဝ နားမထောင်ပေ။
သူ့လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။
" ငါက အခု ဖုမာမိသားစုရဲ့ ဘိုးဘေးပဲ။ ငါက ရတယ်လို့ပြောရင် လျစ်လျူရှုနိုင်တယ်။ အခုကစပြီး မျိုးနွယ်စု စစ်ဆေးခြင်းရဲ့ နောက်ဆုံးစည်းမျဉ်းတော့ မရှိဘူး။ အဲ့တာက ပြောင်းသွားပြီ။ တစ်ယောက်ယောက်က ထပ်ပြီး မဟုတ်တဲ့ စကားတွေ ပြောရဲရင် သူ့ကို ငါ ပါးရိုက်မယ် "
သခင်အိုကြီးသည် သူတို့ဘိုးဘေးများ၏ စည်းကမ်းများကို ပြောင်းလဲလိုက်သည်ဟု အဖွဲ့ဝင်များ ကြားသောအခါ ဆောင်းရာသီ၌ ပုစဉ်းရင်ကွဲများ မရှိကဲ့သို့ ငြိမ်သက်သွားကြသည်။
ဘယ်သူမှ ထွက်လာပြီး ကန့်ကွက်ခြင်း မရှိကြပေ။
သခင်အိုကြီး၏ ဉာဏ်ရည်သည် သိပ်မမြင့်သော်လည်း သူသည် ဖုမာမိသားစုထဲ၌ အင်အားအကြီးဆုံးဖြစ်သည်။
ကန့်ကွက်သူသည် အဘိုးအို၏ လက်ဖဝါးရိုက်ချက်ကို ခံနိုင်ရည်ရှိမရှိ ဦးစွာ စဉ်းစားရမည်ဖြစ်သည်။
ဖုမာ ဟာရာဘူဆာသည် တုံ့ဆိုင်းနေဆဲ ဖြစ်သော်လည်း သခင်အိုကြီးသည် မျိုးနွယ်စုတံဆိပ်ပြားကို သူ့လက်ထဲမှ လုယူနေပြီဖြစ်သည်။
သူ လှည့်ပြီး ယဲ့ဖန်စီသို့ လျှောက်သွားသည်။
" ယဲ့ကျီလေး၊ ငါ့ဘိုးဘေးတွေကို ဆန့်ကျင်ဖို့ ဆုံးဖြတ်ချက်ချပြီးပြီ။ တံဆိပ်ကို မင်းယူလိုက်။ ရှောင်ဝူကိုလည်း မင်းပိုင်တယ်။ မင်း သူတို့ကို စောင့်ရှောက်ဖို့ ကူညီရမယ် "
ထိုစကားကို ပြောပြီးနောက် သူသည် ထပ်ရှင်းပြခြင်းမရှိဘဲ ယဲ့ဖန်အား တံဆိပ်ပြားကို ပေးလိုက်သည်။
ယဲ့ဖန်သည်လည်း ဟန်ဆောင်မနေပေ။
ချက်ချင်းပင် အိတ်ကပ်ထဲသို့ တံဆိပ်ပြားကို သိမ်းဆည်းခဲ့သည်။
" သခင်ကြီး၊ မစိုးရိမ်ပါနဲ့။ လူပဲဖြစ်ဖြစ်၊ တံဆိပ်ပြားပဲ ဖြစ်ဖြစ်၊ သခင်ကြီးအတွက် ကာကွယ်ပေးမယ် "
ဖုမာ တာကာနိုစုကဲ ချက်ချင်း ပျော်ရွှင်စွာ လက်ခုပ်တီးလိုက်သည်။
" ဟုတ်ပြီ၊ ဟုတ်ပြီ ..... "
ဖုမာ ဟာရာဘူဆာသည် ယဲ့ဖန်၏ ကျေနပ်နေသော အမူအရာကို မြင်ပြီး အေးစက်စွာ နှာမှုတ်ကာ ခေါင်းကို လှည့်လိုက်သည်။
ဖုမာ တာကာနိုစုကဲ ချက်ချင်း လျှောက်လာပြီး သူ့နားကို လှမ်းဆွဲလိုက်သည်။
" မင်းက ဘာကို နှာမှုတ်နေတာလဲ။ မင်း လက်မခံဘူးလား "
ဖုမာ ဟာရာဘူဆာ သူ့အသံကို အမြန်တိုးလိုက်သည်။
" အဖေ၊ ကျွန်တော်က ခေါင်းဆောင်ဖြစ်နေပြီ။ ကျွန်တော့်ကို မျက်နှာသာလေး ပေးလို့ရမလား "
ဖုမာ တာကာနိုစုကဲသည်လည်း အေးစက်စွာ နှာမှုတ်လိုက်သည်။
" မင်းက ခေါင်းဆောင်ဖြစ်ရင်တောင် မင်းက ငါ့သားဖြစ်နေတုန်းပဲ။ ငါ့သားကို သင်ခန်းစာပေးနေတာ။ ငါ့ကို ဘယ်သူက ဝင်စွက်ဖက်ရဲလဲ "
သူ စကားပြောနေစဉ်တွင် ရှိနေသော မျိုးနွယ်စုအားလုံးကို ကြည့်လိုက်သည်။
လူတိုင်းသည် သခင်အိုကြီး၏ အကြည့်ကိုတွေ့ပြီးနောက် ခေါင်းငုံ့ထားသော်လည်း သူတို့၏မျက်နှာပေါ်ရှိ ရယ်ချင်နေမှုများကို ဖုံးကွယ်ထား၍ မရပေ။
သူတို့၏ အဆင့်အတန်းမြင့်မားပြီး တန်ခိုးအာဏာကြီးသည့် မျိုးနွယ်စုခေါင်းဆောင်သည် ထိုသို့ အရိုက်ခံနေရသည်ကို ဝမ်းသာနေကြသည်။
ဖုမာ တာကာနိုစုကဲ သူ့သားကို ယဲ့ဖန်ရှေ့သို့ ဆွဲခေါ်သွားသည်။
" အခု ငါ့ကိစ္စပြီးသွားပြီ။ အခုမင်းဦးလေးဆီ လာတောင်းပန် "
ဖုမာ ဟာရာဘူဆာသည် ချက်ချင်းပင် ရှက်သွားပြီး ဒေါသထွက်သွားသည်။
" အဖေ၊ နောက်နေတာကို ရပ်ပါတော့လား "
ဖုမာ တာကာနိုစုကဲ သူ့ကို ချက်ချင်း စိုက်ကြည့်သည်။
" မင်းက ဦးလေးကို နောက်နေတာလို့ ဘယ်လိုလုပ် ထင်တာလဲ "
" ရှောင်ယဲ့ကျီက ငါ့အစ်ကို။ ဝါစဉ်အရ သူက မင်းရဲ့ ဒုတိယဦးလေး၊ ရှောင်ဝူ ရဲ့ ဒုတိယအဘိုးပဲ။ ရှောင်ဝူ လာ၊ ဒုတိယအဘိုးကို ခေါ်လိုက် "
ဖုမာ ကျန်းဝူသည် သူ့အဖေကို အရှက်ရစေရန် မစောင့်နိုင်တော့ပေ။
သူမ ချက်ချင်းပင် ယဲ့ဖန်ကို နာခံစွာ နှုတ်ဆက်လိုက်သည်။
" မင်္ဂလာပါ ဒုတိယအဘိုး "
ဖုမာ ဟာရာဘူဆာ မပြောဘဲနှင့် ကျန်းဝူမှ 'ဒုတိယအဘိုး'လို့ အော်လိုက်သည့်အခါ ယဲ့ဖန် ကိုယ်တိုင်ပင် အတော်လေး အဆင်မပြေသလို ခံစားရသည်။
'သခင်ကြီး'က ဘယ်လိုလုပ် ဒုတိယအဘိုးဖြစ်လာတာလဲ။
အနာဂတ်တွင် သူမကို ထိကိုင်ရမည်ပင် အနည်းငယ် မှားယွင်းနေသည်ဟု ခံစားရပေမည်။
ဖုမာ တာကာနိုစုကဲသည် သူ့သားအား အလွှတ်ပေးရန် ရည်ရွယ်ချက်မရှိပေ။
သူ့နားကို ထပ်ဆွဲလိုက်သည်။
" ရှောင်ဝူကတောင် သူ့ကို ခေါ်ပြီးနေပြီ။ မင်းက ဘာကို စောင့်နေတာလဲ။ ငါ မင်းကို ပါးရိုက်မယ်ဆိုတာ ယုံလား "
ဖုမာ ဟာရာဘူဆာသည် သူမ၏ ပါးစပ်ကို ဖုံးကာ တိတ်တဆိတ် ရယ်မောနေသော သူ့သမီးကို စိုက်ကြည့်နေသည်။
အဆုံးတွင် သူသည် ယဲ့ဖနခကို 'ဒုတိယဦးလေး'ဟု တုံ့ဆိုင်းစွာ ခေါ်လိုက်ပြီး ပွဲချင်းပြီးပင် သေလိုက်ပစ်ရန် ဆန္ဒရှိခဲ့သည်။
မျိုးနွယ်စုများစွာ၏ အရှေ့တွင် သူသည် မျက်နှာတစ်ပြင်လုံး ပျက်သွားခဲ့ရသည်။
ယဲ့ဖန်သည် ချက်ချင်းပင် လူကြီးတစ်ယောက်လို ပြုမူကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
" မဆိုးဘူး၊ ဟာရာဘူဆာလေး"
ဖုမာ ဟာရာဘူဆာသည် ထိုစကားကို ကြားသောအခါ ဒေါသအလွန်ထွက်ပြီး သွေးအန်ထွက်မတတ် ဖြစ်ခဲ့သည်။
ချီးကို ဟာရာဘူဆာလေးပါလား။
မင်းက ရွဲ့နေတာပဲ။
မိသားစုတစ်ခုလုံးက ရွဲ့နေတာ။
ဖုမာ တာကာနိုစုကဲသည် သူ့လက်ကို ဝှေ့ယမ်းပြီး ရှိနေသည့် မိသားစုဝင်များကို ကြည့်လေသည်။
" ကောင်းပြီ၊ အားလုံးပဲ ပျော်စရာတွေ ပြီးသွားပြီ။ သွားကြတော့ သွားကြ ...... "
လူတိုင်းသည် ပြပွဲကို ဆက်ကြည့်ချင်နေကြသော်လည်း သခင်အိုကြီးက သူတို့ကို မောင်းထုတ်နေပြီဖြစ်၍ သူတို့ မနေရဲတော့ဘဲ တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြသည်။
သူတို့အားလုံး ထွက်သွားသောအခါ ဖုမာ တာကာနိုစုကဲသည် ယဲ့ဖန်ကို လင်းပိုင်ကြည့်ရန် ခေါ်ခဲ့သည်။
ယဲ့ဖန်သည် အဘိုးအိုကို ခဏစောင့်ရန် ပြောပြီး ဖုမာ ဟာရာဘူဆာကို လှည့်ကြည့်လိုက်သည်။
" ဟာရာဘူဆာလေး ...... "
သူ၏စကားဘတစ်ဝက်တစ်ပျက်၌ ဖုမာ ဟာရာဘူဆာသည် သူ့ကို လူသတ်အကြည့်များဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်သည်။
ထို့ကြောင့် ယဲ့ဖန် သူ့စကားလုံးများကို ပြောင်းလဲခဲ့ရသည်။
" ဖုမာဆန်၊ အခု တံဆိပ်ပြားကို သုံးလို့ရမလား "
ဖုမာ ဟာရာဘူဆာ ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။
" အခုသုံးချင်တာလား "
ဒီကောင်က တကယ် မယဉ်ကျေးတာပဲ။
တံဆိပ်ပြားတောင် မပူသေးဘူးကို သူက သုံးတော့မှာလား။
ယဲ့ဖန်သည် ထိုသည်ကို ဖုံးကွယ်မထားပေ။
သူ ကြုံတွေ့နေသည့် အခက်အခဲနှင့် သူ၏ အနာဂတ်အစီအစဉ်များကို ချက်ချင်းရှင်းပြခဲ့သည်။
" နောက်တစ်ခုက ဖုမာမိသားစုရဲ့ အချိတ်အဆက်နဲ့ ရန်သူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အတတ်နိုင်ဆုံးစုဆောင်းဖို့ လိုအပ်တယ်။ ပြီးတော့ ကျွန်တော်တို့ နောက်ထပ်တိုက်ခိုက်ဖို့ မိသားစုရဲ့ ကျွမ်းကျင်သူတွေကို ငှားဖို့ လိုကောင်းလိုလိမ့်မယ်။ ကြိုတင်ပြင်ဆင်ထားတာတွေ လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပ်တယ် "
ဖုမာ ဟာရာဘူဆာသည် တခဏမျှ တိတ်ဆိတ်သွားပြီး အေးစက်စွာသည်။
" မင်းမှာ သုံးစရာ နှစ်ခါကျန်သေးမယ် "
ထိုသို့ဖြင့် သူ လှည့်ထွက်သွားသည်။
ယဲ့ဖန် သူ့နောက်ကျောကို ကြည့်လိုက်သည်။
ဤတူလေးသည် အတော်စိတ်ဝင်စားဖို့ကောင်းသည်ဟု သူ ခံစားမိသည်။
တစ်ချိန်လုံး ဟိတ်ဟန်ထုတ်မနေရင်တော့ ပိုကောင်းမယ် .......
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၇၁ )
အကူအညီတောင်းဆိုခြင်း
ယဲ့ဖန်သည် သခင်အိုကြီးဖုမာ၊ ဖုမာ ကျန်းဝူတို့နှင့် ခဏတာ ကစားခဲ့သည်။
ဟိုတယ်ပြန်ရောက်သည့်အခါ ညနေ ၃ နာရီကျော်နေပြီ ဖြစ်သည်။
ချန်းဖေးအယ်သည် ယဲ့ဖန်ပြန်လာသည်ကို မြင်သောအခါ သူမ သက်ပြင်းချလိုက်သည်။
" ရှင် ဘာလို့ ပြန်လာတာ နောက်ကျနေတာလဲ။ ကျွန်မ ထင်တာ ........ "
သူမသည် ခါးတွင် ဖောင်းပွနေသည့် စစ်စိမ်းရောင် စစ်ဝတ်စုံကို ဝတ်ဆင်ထားသည်။
သူမကို ကြည့်ရသည်မှာ ပစ္စတိုနှင့် တူလေသည်။
" မင်းက ကိုယ့်အတွက် လက်စားချေမလို့လား "
ယဲ့ဖန် မတတ်နိုင်ဘဲ စနောက်လိုက်သည်။
ချန်းဖေးအယ်သည် သူမ၏ ဖိနပ်မှ စစ်ဓားကို ထုတ်ပြီး စားပွဲပေါ် ပစ်ချလိုက်သည်။
ထို့နောက် သူမ ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။
" ရှင့်အတွက်ကို ဘယ်သူက လက်စားချေချင်လို့လဲ။ ရှင် ဖုမာ မိသားစုမှာ သေသွားရင် ပိုတောင်ကောင်းလိမ့်ဦးမယ်။ သူတို့ရဲ့သမီးကို ဘယ်သူက သွေးဆောင်ခိုင်းလို့လဲ "
ယဲ့ဖန် သူမဘေး၌ ထိုင်ချလိုက်ပြီး သူ့ခြေထောက်များကို ချိတ်ထိုင်လိုက်သည်။
" မင်းကို စိတ်ပျက်အောင် လုပ်ရတာတော့ တောင်းပန်ပါတယ်။ ကိုယ် မသေရုံတင်မကဘူး အကျိုးအမြတ်တွေ အများကြီးရခဲ့သေးတယ် "
ထိုသို့ပြောပြီးနောက် ဖုမာမိသားစု၏ တံဆိပ်ပြားကို ကော်ဖီစားပွဲပေါ်သို့ ပစ်ချလိုက်သည်။
ချန်းဖေးအယ်သည် ထိုသည်ကိုယူပြီး စူးစမ်းကြည့်နေသည်။
" ဒါကဘာလဲ?"
ထို့နောက် ယဲ့ဖန်သည် ဖုမာမိသားစု၏ စမ်းသပ်မှုကို အတိုချုံး ရှင်းပြခဲ့သည်။
" ဒီဟာနဲ့ ဖုမာမိသားစုကို သုံးကြိမ်တိုင်တိုင် အမိန့်ပေးပိုင်ခွင့်ရှိတယ်။ ကိုယ့်မှာ နှစ်ကြိမ်ပဲ ကျန်တော့တယ် "
ချန်းဖေးအယ် အံ့သြသွားသည်။
ယနေ့ဖြစ်လာသော ယဲ့ဖန်၏ အတွေ့အကြုံသည် စိတ်ဝင်စားစရာကောင်းလွန်းလှသည်။
တခြားသူသာ ဖြစ်ခဲ့ပါက ဤဖြစ်ရပ်ကို သူတို့ ကြွားလုံးထုတ်ကြပေလိမ့်မည်။
သို့သော် ဤလူမှာသော ပေါ့ပေါ့ပါးပါးသာ ဖြစ်နေသည်။
အသေးအဖွဲကိစ္စတစ်ခုအား လုပ်ထားသကဲ့သို့ သူ့မျက်နှာ၌ ဂုဏ်ယူမှု မရှိနေပေ။
" ဖုမာမိသားစုရဲ့ အကူအညီနဲ့သာဆို ကျွန်မတို့ရဲ့ တာဝန်က ပိုလွယ်လိမ့်မယ် "
သူမ နှလုံးသားထဲမှ တုန်လှုပ်ခြောက်ခြားမှုကို ဖိနှိပ်ရင်း သူမ ချက်ချင်း ပျော်ရွှင်စွာ ပြောလိုက်သည်။
နောက်လာမည့် တာဝန်အတွက် သူမ စိုးရိမ်နေသေးသည်။
အမှောင်ထဲတွင် ရှိနေသော နျုံစစ်သွမ်းနှင့် နှိုင်းယှဉ်ပါက သူမတို့၏ ခွန်အားမှာ အမှန်တကယ်ပင် အားနည်းနေသေးသည်။
ဖုမာမိသားစုသည် ယခုအခါ သူတို့နှင့် ပူးပေါင်းလိုက်သည့်အတွက် နောက်ဆုံး၌ သူတို့ဘက်မှ ပို၍ အင်အားများလာသည်။
ယဲ့ဖန်သည် သူတို့၏ နောက်ထပ်အစီအစဥ်များအကြောင်း သူမနှင့် ဆွေးနွေးခါနီးတွင် သူ့ဖုန်းမှ ရုတ်တရက် မြည်လာသည်။
လင်းကျွင်းကျွင်းမှ ဖုန်းခေါ်သည်ကို တွေ့လိုက်ရသည်။
" ဟေး၊ ကျွင်းကျွင်း ဘာဖြစ်လို့လဲ "
" ယဲ့ဖန် ရှင် အခုဘယ်မှာလဲ "
ဖုန်းချိတ်ပြီးသည်နှင့် လင်း ကျွင်းကျွင်း၏ စိုးရိမ်နေသောအသံကို ကြားလိုက်ရသည်။
" ကိုယ် ဟိုတယ်မှာ။ ဘာကိစ္စရှိလို့လဲ "
ယဲ့ဖန် အံ့ဩသွားသည်။
" မနက်ဖြန် လေလံပွဲကျင်းပမှာ။ ဒါပေမယ့် လေလံပွဲအတွက် အရည်အချင်း ပြည့်မီကြောင်းပြဖို့ အရင်းအနှီးငွေကို ပြရတယ်။ ဒါပေမယ့် လေလံပွဲက ဝင်ခွင့်လိုအပ်ချက်တွေကို ရုတ်တရက် ပြောင်းလိုက်တာ။ ကျွန်မမှာ ရန်ပုံငွေ မလောက်တော့ဘူး။ အခုခဏ လာလို့ရမလား "
သူမသည် အလွန်စိုးရိမ်နေပြီး ငိုတော့မတတ်ဖြစ်နေသည်ကို သူပြောနိုင်သည်။
" စိတ်မပူနဲ့။ တစ်ဖက်ကို ငွေဘယ်လောက်ထည့်ရမှာလဲ "
ယဲ့ဖန် သူမကို နှစ်သိမ့်ပေးပြီးနောက် ပြန်မေးလိုက်သည်။
" သူတို့က အနည်းဆုံး ဂျပန်ယန်း ၁၀ဘီလီယံ လိုအပ်တယ်လို့ ပြောတယ်။ ဂျပန်ငွေပဲ လက်ခံတာ။ ကျွန်မက ၆ ဘီလီယံလောက်ပဲ ယူခဲ့တာ "
လင်း ကျွင်းကျွင်းသည် အခြေအနေကို အတိုချုံး ရှင်းပြသည်။
ထိုသည်ကို ကြားပြီးနောက် ယဲ့ဖန် စိတ်သက်သာရာရသွားသည်။
ဂျပန်ယန်း ၁၀ဘီလီယံသည် ကြောက်စရာကောင်းသည်ဟု ထင်ရသော်လည်း တကယ်၌ တရုတ်ယွမ် သန်း၅၀၀ခန့်သာ ရှိသည်။
သတ်မှတ်ချက်သည် အထူးတလည် မြင့်မားနေခြင်း မရှိပေ။
သို့သော် တစ်ဖက်သူသည် ဂျပန်ငွေကိုသာ လက်ခံသောကြောင့် အနည်းငယ် ထူးဆန်းသည်။
အကယ်၍ ယဲ့ဖန်သည် တရုတ်နိုင်ငံမှ ငွေများကို လွှဲပေးပြီး ဂျပန်ငွေ လဲလိုပါက အနည်းဆုံး ရက်အနည်းငယ် ကြာနိုင်သည်။
သေချာပေါက် အချိန်မလောက်ပေ။
သို့သော် ယခုအခါ အလျင်လိုနေသည်။
ကောင်မလေးတစ်ယောက်အား သူ့ရှေးဟောင်းဆိုင်ကိစ္စဖြင့် တစ်ယောက်တည်း ရင်ဆိုင်ခွင့် မပြုနိုင်ပေ။
" အဲ့မှာ အရင်စောင့်နေလိုက်။ ကိုယ် အဲ့ကို လာမယ် "
ထိုစကားကို ပြောပြီးနောက် သူသည် ဖုန်းကိုချကာ ချန်းဖေးအယ်ဖြင့် စကားအနည်းငယ်ပြောပြီးနောက် ထကာ ထွက်သွားခဲ့သည်။
ဆာကီခါဝါ လေလံအိမ်၏ ခန်းမသည် လူများဖြင့် စည်ကားနေပြီဖြစ်သည်။
သူတို့အားလုံးသည် ကမ္ဘာ့အထင်ကရ ပြတိုက်နှင့် ရှေးဟောင်းပစ္စည်းဆိုင်များမှသူများ ဖြစ်ကာ အထူးစုဆောင်းသူ အချို့လည်း ဖြစ်ကြသည်။
မနက်ဖြန်သည် ချန်းသောင်းဆန်၏ စုဆောင်းမှု လေလံပွဲနေ့ ဖြစ်သည်။
ထို့ကြောင့် ဒီနေ့တွင် အရင်းအနှီးငွေအား စိစစ်ရန် လိုအပ်လေသည်။
ရန်ပုံငွေ အလုံအလောက်ရှိကြောင်း သက်သေပြနိုင်သူများသာ ဝင်ရောက်ရန် အရည်အချင်းပြည့်မီမည် ဖြစ်သည်။
ယခင်က ဆာကီခါဝါ လေလံအိမ်သည် လေလံပွဲသို့ ဝင်ရောက်ခွင့်ရရန် ဂျပန်ယန်းငါးဘီလီယံသာ လိုအပ်ကြောင်း ပြောခဲ့သည်။
သို့သော် ယနေ့တွင် လူတိုင်းမှ လာရောက်စစ်ဆေးသောအခါ အရင်းအနှီးပမာဏသည် ၁၀ဘီလီယံအထိ တိုးလာကြောင်း လေလံအိမ်မှ ရုတ်တရက် ကြေညာခဲ့သည်။
ဤသည်မှာ လူများစွာအတွက် ရုတ်ချည်းဆန်သော ကျည်ဆန်တစ်ခုလိုဖြစ်သည်။
" မင်းတို့ရဲ့လေလံအိမ်က မယုံရဘူးလား။ အရင်က ၅ဘီလီယံလို့ ပြောခဲ့တာ။ အခုကျ ဘာလို့ ရုတ်တရက် ၁၀ဘီလီယံ ဖြစ်သွားရတာလဲ "
" ဟုတ်တယ်။ ငါတို့က ၅ဘီလီယံပဲ ပြင်ဆင်ထားတာ။ အခု မင်းတို့ တံခါးပေါက်ကိုရောက်မှ ဈေးကို ရုတ်တရက် မြှင့်လိုက်တော့ ကျန်တဲ့ ၅ဘီလီယံကို ငါတို့က ဘယ်မှာ ရှာရမှာလဲ "
" ဒီလိုလေလံအိမ်ကြီးက စည်းမျဉ်းတွေကို ဘယ်လိုလုပ် အလွယ်တကူ ပြောင်းရတာလဲ။ ဘာလို့ လူတိုင်းကို ကြိုအကြောင်းမကြားတာလဲ "
" မင်းတို့ရဲ့လေလံအိမ်က ဒီနေ့ လူတိုင်းကို ကျေနပ်လောက်တဲ့ ရှင်းပြချက်ပေးရမယ် ..... '
ကိုယ်စားလှယ်များနှင့် စုဆောင်းသူ အများအပြားသည် တံခါးဝမှ ဝန်ထမ်းများကို ဒေါသတကြီး ပိတ်ထားကြသည်။
လင်း ကျွင်းကျွင်းသည်လည်း သူတို့ကြားတွင် ရှိနေပြီး သူမ၏ မျက်နှာသည် ဒေါသနှင့် ပြည့်နေသည်။
ညနေ ၄နာရီကျော်နေပြီဖြစ်ရာ အရင်းအနှီး စစ်ဆေးရေးသည် ညနေ ၅ နာရီတွင် ပြီးဆုံးမည်ဖြစ်သည်။
ထိုသည်က လူတိုင်းကို စိုးရိမ်ရသည့် အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။
လေလံပွဲသို့ တက်ရောက်နိုင်သူများသည် အလွန်အစွမ်းထက်ကြသည်။
ယန်း ၁၀ဘီလီယံ ထုတ်ယူနိုင်မည်မှာ သေချာသည်။
သို့သော် လူတိုင်းသည် တစ်နာရီအတွင်း ကျန် ၅ဘီလီယံကို မရနိုင်ပေ။
" အားလုံးပဲ စိတ်အေးအေးထားပါ။ ရှင်းပြတာကို နားထောင်ပေးပါ "
ထိုအချိန်တွင် အသက်ငါးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦး ရုတ်တရက် စကားပြောလာသည်။
ထိုလူသည် အရပ် ၁.၆မီတာလောက်သာ ရှည်သည်။
သူသည် ရုပ်ဆိုးသည် မဟုတ်သော်လည်း အကြောင်းတစ်ခုခုကြောင့် ပြုံးလိုက်သည့်အခါတိုင်း ဝမ်းနည်းစရာကောင်းသည့် ခံစားချက်မျိုးကို ပေးစွမ်းလေသည်။
ထို့အပြင် သူသည် ဆိုးရွားသည့်ဆံပင်ပုံစံ ရှိသောကြောင့် သူ့ကို ပို၍ပင် စက်ဆုပ်ရွံရှာဖွယ် ဖြစ်စေသည်။
သို့သော် အားလုံးသည် ငြိမ်ပေးပြီး သူ့ရှင်းပြချက်ကို စောင့်မျှော်နေကြသည်။
" ကျွန်တော်က ဆာကီခါဝါ လေလံအိမ်ရဲ့ မန်နေဂျာ ရှီကဲရု အာကီတာ ပါ "
" ဝင်ခွင့်ကြေး တိုးပေးရမယ်လို့ အထက်လူကြီးတွေစီက အကြောင်းကြားစာ ရရှိထားပါတယ်။ အဲ့တာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ လုပ်နိုင်တာ ဘာမှမရှိပါဘူး "
လူတိုင်းကို ရှင်းပြလျက် သူ့မျက်နှာတွင် ပညာရှင်ဆန်သည့် အပြုံးအတုများ ရှိနေသည်။
သို့သော် သူ၏ စကားများသည် လူအများ၏ ဒေါသကို မဖြေဖျောက်နိုင်ပေ။
" အရင်းအနှီးငွေ သတ်မှတ်ချက်ကို မြှင့်လိုက်တာကို ငါတို့ မကန့်ကွက်ပေမဲ့ အဲ့တာက ရုတ်ချည်းဆန်လွန်းတယ် "
" ဟုတ်တယ်၊ ငါတို့ကို ကြိုတင်သတိပေးချက် တစ်ခုမှ မရခဲ့ဘူး။ အခု မင်းတို့က ရုတ်တရက် ငွေကိုတိုးလိုက်တော့ ငါတို့က ငွေကို ဘယ်မှာရှာရမှာလဲ "
" ဒါဆိုရင်ရော ဘယ်လိုလဲ။ မင်းတို့ အတွက် ခက်ခဲအောင် ငါတို့လုပ်မှာ မဟုတ်ဘူး။ မင်းတို့ အရင်းအနှီးငွေကို မြှင့်နိုင်တယ်။ ဒါပေမယ့် ငွေရှာဖို့ ငါတို့ကို နှစ်ရက်အချိန်ပေးရမယ် "
" ဟုတ်တယ်။ အရင်းအနှီးငွေ အတည်ပြုဖို့က တစ်နာရီပဲ ကျန်တော့တယ်။ ပိုက်ဆံအများကြီးကို ဒီလောက်ချက်ချင်းကြီး မစုနိုင်ဘူး "
" မင်း ငါတို့ကို ရက်နည်းနည်းလောက် အချိန်ပေးရမယ် ...... "
ရှီကဲရု အာကီတာဟုခေါ်သော မန်နေဂျာက လူတိုင်းကို ပြုံးပြနေသည်။
လူတိုင်း၏အသံ လျှော့သွားရန် စောင့်နေပြီးနောက် ဆက်ပြောသည်။
" တကယ်စိတ်မကောင်းပါဘူး။ အရင်းအနှီးငွေ စိစစ်ရေးက ဒီနေ့ညနေ ၅းဝဝ နာရီမှာ ပြီးဆုံးမှာပါ။ အဲ့အချိန်မှ မပြီးသေးရင်တော့ တောင်းပန်ပါတယ် "
အားလုံးသည် သူ့အဖြေကို ကြားပြီးနောက် ကန့်ကွက်ကြပြန်သည်။
" ဘယ်လိုလုပ် ဒီလိုလုပ်နိုင်တာလဲ။ ဒီလေလံပွဲမှာ ငါတို့ကို ပါဝင်ခွင့်မပေးဘူးဆိုတာ ရှင်းနေတာပဲ မဟုတ်ဘူးလား "
" မင်းတို့အတွင်းထဲမှာ သဘောတူထားတာ တစ်ခုခု ရှိမယ်ထင်တယ်၊ ဟုတ်တယ်မလား။ မင်းတို့ သီးသန့် သဘောတူထားတာတွေ လုပ်နိုင်အောင် ငါတို့ကို အပြင်မှာ ထားချင်နေတာ "
" ငါတို့ ဥရောပကနေ တစ်လမ်းလုံးလာခဲ့တာ။ ငါတို့ကို ဒီလို မတရားဆက်ဆံမှာလား "
" ဒါက လိမ်လည်မှုပဲ။ ဒီနေ့ ကျေနပ်လောက်တဲ့ ရှင်းပြချက်ကို မပေးရင် ငါတို့ သဘောတူမှာ မဟုတ်ဘူး ...... "
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၇၂ )
ပိုက်ဆံမလိုချင်ရင် ဘာလိုချင်တာလဲ
ရှီကဲရု အာကီတာသည် လူတိုင်း၏ စကားများကို ကြားပြီး စိတ်မသက်မသာ ဖြစ်လာသည်။
ထို့နောက် အေးစက်သည့်အပြုံးတစ်ခု သူ့မျက်နှာ၌ ရုတ်တရက် ပေါ်လာသည်။
" ကျွန်တော်က အမိန့်ကို လိုက်နာနေတာပါ။ ခင်ဗျားတို့ ကျွန်တော့်ကို ခက်ခဲအောင် လုပ်လည်း အသုံးမဝင်ဘူး။ အတိုချုပ်ပြောရရင် ညနေ ၅နာရီ မတိုင်ခင် စိစစ်မှု မပြီးဘူးဆိုရင် ဒီလေလံပွဲမှာ ပါဝင်ဖို့ အရည်အချင်း မပြည့်မီပါဘူး "
အားလုံးသည် ဆက်ပြီး ပြဿနာရှာချင်နေကြသည်ကို မြင်နိုင်သည်။
" တစ်ယောက်ယောက်က ထပ်ပြီး ပြဿနာရင် လေလံအိမ်ကနေ ချက်ချင်း ထုတ်ပယ်ခံရပါလိမ့်မယ် "
လောဘကြီးစွာ စိုက်ကြည့်နေကြသော လုံခြုံရေးအစောင့်အဖွဲ့ကို အားလုံးက ကြည့်လိုက်ကြသည်။
နောက်ဆုံး၌ သူတို့ ဘာမှမပြောတော့ဘဲ ရန်ပုံငွေရှာရန် ဖုန်းများကို ထုတ်လိုက်ကြသည်။
လင်းကျွင်းကျွင်းသည် ဂျပန်နိုင်ငံနှင့် မရင်းနှီးချေ။
ထို့ကြောင့် ယဲ့ဖန်ကို အကူအညီတောင်းရန်မှလွဲ၍ အခြားမည်သည့်နည်းလမ်းကိုမှ သူမ မစဉ်းစားနိုင်တော့ပေ။
" သူက ဘာလို့ ဒီကိုမလာသေးတာလဲ "
သူမ အပြင်ကို လှမ်းကြည့်ပြီး အလွန်စိုးရိမ်ပူပန်နေသည်။
ထိုအချိန် အနောက်မှ နူးညံ့သိမ်မွေ့သည့် အသံတစ်ခု ထွက်ပေါ်လာသည်။
" မိန်းကလေး၊ မင်းကို ကူညီပေးနိုင်တာ တစ်ခုခုရှိလား "
လင်းကျွင်းကျွင်း လှည့်ကြည့်လိုက်သည့်အခါ စကားပြောသူမှာ ရှီကဲရု အာကီတာ ဖြစ်သည်။
ထိုလူ၏ အပြုံးသည် သူမအား အနည်းငယ် စိတ်မသက်မသာ ဖြစ်စေသော်လည်း ယဉ်ကျေးသော အပြုံးကို ထိန်းထားဆဲ ဖြစ်သည်။
" မလိုပါဘူး ကျေးဇူးတင်ပါတယ် "
ရှီကဲရု အာကီတာ၏ မျက်နှာသည် အေးစက်နေသော်လည်း သူ့မျက်နှာတွင် မကျေနပ်မှု မရှိပေ။
သူမကို ပြုံးလျက်သာ ကြည့်နေသည်။
" ကျွန်တော်က မန်နေဂျာလေးတစ်ယောက်ဖြစ်ပေမယ့် ကျွန်တော့်မှာ လုပ်နိုင်တာတွေ အများကြီးရှိပါသေးတယ်။ အခက်အခဲ ကြုံလာရင် ပြောပါ။ ကူညီပေးပါ့မယ် "
လင်းကျွင်းကျွင်း ခဏတာ တုံ့ဆိုင်းပြီးနောက် သူ့ကို ကြည့်လိုက်သည်။
" မင်္ဂလာပါ၊ မန်နေဂျာ ရှီကဲရု။ ကျွန်မက တရုတ်နိုင်ငံရှိ မေပယ်ရွက်ဆိုင်က ဝန်ထမ်းပါ။ ဒီလေလံပွဲမှာ ကျွန်မတို့ တကယ် ပါဝင်ချင်ပေမဲ့ ကျွန်မတို့မှာ ရန်ပုံငွေ အလုံအလောက်မရှိလို့ ခြွင်းချက်လေး လုပ်ပေးနိုင်မလားလို့။ အရင် ဝင်ခွင့်ရပြီးမှ ပိုက်ဆံကို ပြင်ပေးပါ့မယ် "
ရှီကဲရု အာကီတာသည် ထိုစကားကို ကြားသောအခါတွင် သူသည် ချက်ချင်းပင် အခက်တွေ့သော အမူအရာကို ထုတ်ဖော်လိုက်သည်။
" ကျွန်တော်တို့မှာလည်း လုံလောက်တဲ့ ရန်ပုံငွေ မရှိဘူး။ အဲ့တာနဲ့ ပတ်သက်ပြီး ...... "
လင်းကျွင်းကျွင်း ချက်ချင်း ခေါင်းညိတ်လိုက်သည်။
" အဆင်ပြေပါတယ်။ ရှင် အခက်အခဲတွေ့နေရင် ထားလိုက်ပါ။ ကျွန်မသူငယ်ချင်း ဒီကို မကြာခင် ရောက်လောက်ပါတယ် "
ရှီကဲရု အာကီတာ ပြုံးလိုက်သည်။
" မခက်ပါဘူး။ မင်းလက်ထဲမှာ ပိုက်ဆံဘယ်လောက်ရှိလဲ "
မျှော်လင့်ချက် ရှိနေသေးကြောင်း လင်းကျွင်းကျွင်း ကြားလိုက်ရသည်။
သူမ အမြန်ပြောလိုက်သည်။
" အခု ကျွန်မမှာ ၆ ဘီလီယံ ရှိတယ်။ ကျွန်မသူငယ်ချင်းက ကျန်တဲ့ငွေကို နောက်ကျ ပို့ပေးပါလိမ့်မယ်။ ဒါပေမယ့် အခု အရင်းနှီးငွေစစ်တဲ့ အချိန်က ကုန်တော့မှာဆိုတော့ အချိန်မီ မလုပ်နိုင်မှာကို စိုးရိမ်လို့ပါ "
ရှီကဲရု အာကီတာသည် သူမပြောသည်ကို နားထောင်ရင်း ခေါင်းညိတ်လိုက်သည်။
အဆုံးတွင် သူသည် လက်ကိုဝှေ့ယမ်းပြီး ပြောလိုက်သည်။
" ကိစ္စမရှိပါဘူး။ မင်းကို အရင်ဝင်ခွင့်ရအောင် လုပ်ပေးနိုင်ပါတယ်။ မင်းသူငယ်ချင်း ရောက်လာတဲ့အခါ မင်း ကျန်တဲ့ငွေကို ပေးရုံပဲ "
လင်းကျွင်းကျွင်းသည် ဘေးပတ်လည်ကို အမြန်ကြည့်လိုက်သည်။
" ဒါက စည်းကမ်းဖောက်တယ်လို့ ယူဆလို့ရလား "
ရှီကဲရု အာကီတာ ပြုံးပြီး ခေါင်းယမ်းလိုက်သည်။
" စိတ်မပူပါနဲ့၊ ကိုယ့်မှာ ဒီလိုလအခွင့်အာဏာရှိပါတယ်။ မင်း မပြောသရွေ့ ဘယ်သူမှ သိမှာ မဟုတ်ဘူး "
လင်းကျွင်းကျွင်း အလွန်ဝမ်းသာသွားသည်။
" ကျေးဇူးတင်ပါတယ် လူကြီးမင်း အာကီတာ။ ဒါဆို ...... ကျွန်မတို့ ရင်းနှီးငွေကို အခု သွားစစ်ဆေးရမလား "
ရှီကဲရု အာကီတာ သူမကို အမြန်ရပ်လိုက်သည်။
" အလျင်လိုစရာ မလိုပါဘူး "
လင်းကျွင်းကျွင်း စိတ်ရှုပ်သွားသည်။
" တခြားတစ်ခုခု ရှိသေးလို့လား "
ရှီကဲရု အာကီတာ၏ မျက်လုံးများက သူမကို လှည့်ပတ်ကြည့်လာသည်။
" ငါ မင်းကို ဒီလောက် ကြီးကျယ်တာတွေ လုပ်ပေးထားတာ။ မင်းငါ့ကို ကျေးဇူးပြန်မဆပ်ဘူးလား "
ထိုလူသည် အကျိုးခံစားခွင့် တောင်းသည်ကို ကြားပြီးနောက် လင်းကျွင်းကျွင်း မျက်မှောင်ကြုတ်သွားသည်။
" ရှင်ပြောတာကို ကျွန်မ နားမလည်ဘူး "
ရှီကဲရု အာကီတာ၏ မျက်နှာ မည်းမှောင်သွားသည်။
" မင်းတို့ တရုတ်တွေက စည်းကမ်းတွေ မသိဘူးလား။ ငါ မင်းကို ကူညီပေးရင် မင်း ငါ့ကို ကျေးဇူးတင်ရမှာ မဟုတ်ဘူးလား "
လင်းကျွင်းကျွင်း ထိုလူ၏ တိုက်ရိုက်ပြောစကားကို ကြားပြီး မျက်မှောင်ကြုတ်သွားသည်။
" ဘယ်လောက်လိုချင်တာလဲ "
ရှီကဲရု အာကီတာ ပြုံးလိုက်သည်။
" ငွေအကြောင်းပြောရတာ ဘယ်လောက် အောက်တန်းကျလဲ။ မင်း နည်းနည်းလောက် ရိုမန်းတစ် မဖြစ်နိုင်ဘူးလား "
လင်းကျွင်းကျွင်းသည် နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ သူ့ကို မကျေမနပ်ဖြင့် ကြည့်လိုက်သည်။
" ပိုက်ဆံမလိုချင်ရင် ဘာလိုချင်တာလဲ "
ရှီကဲရု အာကီတာ ရယ်မောလိုက်သည်။
" တကယ်တော့ ငါ အများကြီးမလိုချင်ပါဘူး။ မင်းကို တစ်ညလောက် လိုက်ခဲ့စေချင်တယ် "
လင်းကျွင်းကျွင်းသည် ချက်ချင်းပင် ဒေါသထွက်သွားသည်။
" တဏှာရူး "
ထိုသို့ဖြင့် သူမ လှည့်ထွက်သွားသည်။
ရှီကဲရု အာကီတာ သူမကို အမြန်တားလိုက်ပြီး အသံကို လျှော့လိုက်သည်။
" ငါ မင်းကို စောင့်ကြည့်နေတာ ကြာပြီ။ မင်းကို အရမ်းကြိုက်တယ်။ ငါက အဲ့ဒီအပိုင်းမှာ အရမ်းစွမ်းဆောင်နိုင်မယ်လို့ ငါ အာမခံတယ် ...... "
သူ၏စကား မပြီးခင်မှာပင် လင်းကျွင်းကျွင်း မခံနိုင်တော့ဘဲ သူ့ကို ပါးရိုက်လိုက်သည်။
ဖြောင်း
ထိုပါးရိုက်သံမှာ အတော်အသံကျယ်သည်။
ဆူညံနေသော ခန်းမထဲတွင်ပင် ထူးထူးခြားခြား ကြည်လင်နေသည်။
မူလက ဆူညံနေသော ခန်းမကြီးသည် ချက်ချင်း တိတ်ဆိတ်သွားသည်။
အားလုံး လှည့်ကြည့်လိုက်ကြသည်။
ရှီကဲရု အာကီတာသည် လူအများရှေ့တွင် အရိုက်ခံခဲ့ရပြီး အရှက်ကွဲကာ ဒေါသဖြင့် ချက်ချင်း ပြေးသွားခဲ့သည်။
သို့သော် လူအများရှေ့တွင် အမျိုးသမီးတစ်ဦးကို မထိရဲပေ။
အံကြိတ်လျက် အသံကို လျှော့ပြောလိုက်သည်။
" အဆင့်နိမ့်တဲ့ တရုတ်ဝက်မ။ မင်း ငါ့ကိုအစေခံဖို့ အခွင့်အရေးပေးနေတာကို မင်းက အပြစ်ကင်းတဲ့ပုံစံ ဟန်ဆောင်နေတာလား။ အရမ်းကောင်းတယ်။ ဒီမှာ ဝင်ခွင့်ရဖို့ မေ့လိုက်တော့ "
ထိုစကားကို ပြောပြီးနောက် ဒေါသတကြီး ထွက်ခွာသွားခဲ့သည်။
လင်းကျွင်းကျွင်း ဒေါသအရမ်းထွက်ပြီး မျက်နှာပင် ဖြူဖျော့သွားသည် ။
ဤကဲ့သို့ တန်ဖိုးကြီးသော လေလံအိမ်တွင် ထိုသို့သော စိတ်ထားဖောက်ပြန်သူတစ်ဦးနှင့် တွေ့ဆုံရမည်ဟု သူမ မမျှော်လင့်ထားပေ။
သူမသည် ဒေါသနှင့်အတူ ကြောက်လန့်နေခဲ့သည်။
ယဲ့ဖန် ရောက်လာမည်ကို သူမ စောင့်မျှော်နေသည်။
သူမသည် တံခါးဝတွင် နောက်ထပ် ဆယ်မိနစ်ကြာအောင် စောင့်နေခဲ့ပြီး နောက်ဆုံးတွင် ရင်းနှီးသောပုံရိပ် ပြေးလာသည်ကို သူမ တွေ့လိုက်ရသည်။
သူမ ဆက်မထိန်းနိုင်တော့ပေ။
သူမသည် အရှေ့သို့ လျင်မြန်စွာ ပြေးသွားပြီး ယဲ့ဖန်၏ လက်နှစ်ဖက်ထဲသို့ ပြေးဝင်လိုက်သည်။
ယဲ့ဖန် အံ့သြသွားသည်။
သူ၏ မသိစိတ်က သူမကို တွန်းဖယ်ချင်သော်လည်း သူမခန္ဓာကိုယ် အနည်းငယ် တုန်ရီသွားသည်ကို ခံစားလိုက်ရသည်။
တစ်ခုခုမှားနေပြီဟု သူ ချက်ချင်း ခံစားမိသည်။
" မင်း ဘာဖြစ်တာလဲ။ မင်းကိုဘယ်သူကအနိုင်ကျင့်တာလဲ "
ယဲ့ဖန် အမေးကို လင်းကျွင်းကျွင်း ကြားသောအခါ သူမ ပို၍ပင် ဝမ်းနည်းလာသည်။
သူမ၏ အော်ငိုသံများလည်း ကျယ်လောင်လာသည်။
သူ ဘယ်လောက်ပင် မေးပါစေ ယဲ့ဖန်၏ ဒေါသကို သူမနားလည်သောကြောင့် အကြောင်းပြချက်ကို သူမ ပြောပြရန် ငြင်းဆန်ခဲ့သည်။
ဇာတ်လမ်းတစ်ခုလုံးကို သိသွားပါက ဝင်ခွင့်မလိုရလျှင်ပင် ယဲ့ဖန်သည် ရှီကဲရု အာကီတာနှင့် စာရင်းရှင်းလိမ့်မာ်။
သို့သော် သူတို့သည် ဤလေလံပွဲအတွက် အချိန်အတော်ကြာ ပြင်ဆင်ထားခဲ့ရသည်။
သူတို့၏ ယခင်ကြိုးစားမှုအားလုံး အလဟသဖြစ်ခဲ့ရင်ပါက သူမ အတော် စိတ်မကောင်း ဖြစ်ရပေမည်။
ယဲ့ဖန် သူမကို နှစ်သိမ့်ပေးခဲ့သည်။
" ကျွန်မ အဆင်ပြေပါတယ် ..... ရှင့်ကို လွမ်းနေတာ "
လင်းကျွင်းကျွင်းသည် ခေါင်းငုံ့ကာ မျက်နှာမှာလည်း နီရဲနေသည်။
ယဲ့ဖန် မတတ်နိုင်ဘဲ ခေါင်းယမ်းကာ ပြုံးလိုက်သည်။
သူမတွင် အခြားလျှို့ဝှက်ချက်များ ရှိနေကြောင်း သူ ပြောနိုင်သော်လည်း သူမက ပြောပြရန် ငြင်းဆိုနေသောကြောင့် ဆက်မမေးတော့ပေ။
" သွားကြစို့၊ ရင်းနှီးငွေကို စိစစ်ကြရအောင် "
ထိုသို့ဖြင့် သူမလက်ကိုဆွဲပြီး ကောင်တာဆီ လျှောက်သွားသည်။
ရှီကဲရု အာကီတာသည် ထိုမြင်ကွင်းကို အဝေးမှ ကြည့်နေသည်။
လင်းကျွင်းကျွင်းသည် လူတစ်ဦးအား ပွေ့ဖက်ထားသည်ကို မြင်သောအခါ သူ့မျက်လုံးများသည် ရက်စက်ကြမ်းကြုတ်မှုအရိပ်အမြွက် ပေါ်သွားသည် ။
သူတို့နှစ်ဦး လမ်းလျှောက်လာသောအခါ သူသည် ရန်ပုံငွေ စစ်ဆေးရေးတာဝန်ခံဝန်ထမ်းကို ချက်ချင်း တွန်းထုတ်လိုက်သည်။
" အရင်အနားယူလိုက်ပါ။ စစ်ဆေးတာကို ငါ ကူညီမယ် "
ဝန်ထမ်းသည် ခေါင်းဆောင်မှ သူ့ကို ထောက်ထားစာနာသည်ဟု ထင်ပြီး ချက်ချင်း ကျေးဇူးတင်လိုက်သည်။
ထိုအချိန်တွင် ယဲ့ဖန်နှင့် လင်းကျွင်းကျွင်းသည် လမ်းလျှောက်လာခဲ့သည်။
" မင်္ဂလာပါ၊ ငါတို့ ရန်ပုံငွေစစ်ဖို့ကို ကူညီနိုင်မလား "
ရှီကဲရု အာကီတာသည် လင်းကျွင်းကျွင်းကို ပြုံးပြလိုက်သည်။
လင်းကျွင်းကျွင်း၏ မျက်နှာသည် ချက်ချင်းအေးစက်သွားကာ ခေါင်းကို လှည့်လိုက်သည်။
ရှီကဲရု အာကီတာ စိတ်မ၀င်စားဘဲ ယဲ့ဖန်ကိုသာ လှည့်ကြည့်လိုက်သည်။
" ကိစ္စမရှိပါဘူး။ ကျေးဇူးပြုပြီး မင်းရဲ့ ရန်ပုံငွေအထောက်အထားကို ပြပါ "
ယဲ့ဖန်သည် လင်းကျွင်းကျွင်းထံမှ ရန်ပုံငွေလက်မှတ်ကို ယူ၍ လွှဲပေးလိုက်သည်။
" ဒီမှာ ဂျပန်ယန်း ၆ဘီလီယံ ရှိတယ် ..... "
ထိုအကြောင်းကို ရှီကဲရု အာကီတာ သိပြီးသား ဖြစ်သည်။
ယဲ့ဖန်၏စကား အဆုံးမသတ်ခင် သူသည် ဖြတ်ပြောရန် လက်ကို မြှောက်လိုက်သည်။
" စိတ်မကောင်းပါဘူး။ ဒါပေမယ့် ဒီလေလံပွဲရဲ့ စည်းမျဉ်းအရ အနည်းဆုံး ငွေသား ယန်း ၁၀ ဘီလီယံ လိုအပ်ပါတယ် "