အခန်း (၁၂၈၁-၁၂၈၄)
Vol. 65 Ch. 1281-1284
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၈၁ )
ကျွန်တော့်ရဲ့ ယုံကြည်ချက်က ခင်ဗျားထက် နည်းနည်းပိုများတယ်
မီကီချောင်ယန်းသည် သူ၏ ဂုဏ်ကျက်သရေအပြည့်ရှိသည့်ပုံစံကို ထိန်းထားခဲ့သည်။
သူသည် လူတိုင်းကို လက်ဝှေ့ယမ်းပြပြီးနောက် ယဲ့ဖန်စီသို့ လမ်းလျှောက်သွားသည်။
" မင်းက ယဲ့လူကြီးမင်း ဟုတ်တယ်မလား "
ရွှား ရွှား ရွှား .......
ယဲ့ဖန်သည် နောက်တစ်ကြိမ် လူတစ်ကာ၏ အာရုံစူးစိုက်မှု အလယ်ဗဟို ဖြစ်လာပြန်သည်။
ဂျပန်နိုင်ငံ၏ ထိပ်တန်း ရှေးဟောင်းပစ္စည်းကုန်သည်ဖြစ်သူ မီကီချောင်ယန်းသည် ယဲ့ဖန်ကို ဤမျှ အလေးပေးမည်ဟု လူတိုင်း ထင်မထားကြသည်မှာ သေချာသည်။
ယဲ့လူကြီးမင်း၏ လေလံဆွဲမည့်စာရင်းနောက် လိုက်ရန် ဆုံးဖြတ်လိုက်သည်မှာ မှန်ကန်သွားပုံရသည်။
" မင်္ဂလာပါ၊ ကျွန်တော်က ယဲ့ဖန်ပါ။ ဘယ်သူများလဲ "
ယဲ့ဖန် ယဉ်ကျေးစွာ ထရပ်လိုက်ပြီး မသိသလိုနေလိုက်သည်။
ထိုလူ၏ မျက်နှာပေါ်တွင် ဖျော့တော့သော အပြုံးတစ်ပွင့်ရှိနေသည်။
" မင်္ဂလာပါ၊ နာမည်က မီကီချောင်ယန်းပါ။ ရှေးဟောင်းပစ္စည်းလောကထဲကပါပဲ "
သူတို့နှစ်ယောက်သည် တစ်ချိန်တည်းမှာပင် လက်ဆွဲနှုတ်ဆက်လိုက်ကြပြီး လေထုသည် အလွန်ပင် သဟဇာတဖြစ်ပုံရသည်။
သို့သော်လည်း လင်းကျွင်းကျွင်းသည် သူမ၏ စိတ်ခံစားချက်များကို ဖုံးကွယ်ရာ၌ ကောင်းမွန်စွာ မလုပ်နိုင်ပေ။
တစ်ဖက်သူ၏ သရုပ်မှန်ကို သူမ သိလိုက်သည့်အခါ ဒေါသမျက်နှာအမူအရာကို ချက်ချင်း ထုတ်ဖော်လိုက်သည်။
" ရှင့်မှာ ပေါ်လာရဲတဲ့ မျက်နှာရှိသေးတာလား "
မီကီချောင်ယန်းသည် ချက်ချင်းပင် ဇဝေဇဝါဖြစ်သည့်ပုံစံ ဟန်ဆောင်သည်။
" မိန်းကလေး၊ ဒါ ငါတို့ ပထမဆုံးအကြိမ်တွေ့ဖူးတာ မဟုတ်လား။ မင်း ငါ့ကို ဘာတွေပြောနေတာလဲ "
လင်းကျွင်းကျွင်းသည် ဒေါသတကြီးဖြင့် လက်ညှိုးထိုးပြသည်။
" ဒီကိုလာတဲ့လမ်းမှာ ကားမတော်တဆမှုဖြစ်ခဲ့တယ်။ ကားမောင်းသမားက ရှင်က အမိန့်ပေးထားတာလို့ ပြောတာကို ငြင်းချင်သေးတာလား "
ဟား .......
ထိုသည်ကို ပြောပြီးသည်နှင့် လေလံပွဲခန်းမတစ်ခုလုံး ချက်ချင်း ဆူညံသွားသည်။
" ဘာတွေဖြစ်နေတာလဲ။ မီကီဆန်က ယဲ့လူကြီးမင်းကို လုပ်ကြံဖို့ လူလွှတ်လိုက်တာလား "
" ဒါက ....... ဘယ်လိုမှ မဖြစ်ပါဘူး။ မီကီဆန်က ယဲ့လူကြီးမင်းကို အရင်က သိပုံမရဘူး။ ဘာလို့ သူ့ကို ဒုက္ခပေးချင်ရမှာလဲ "
" ကျွန်တော်လည်း မယုံပေမယ့် ယဲ့လူကြီးမင်းအနားက အမျိုးသမီးက ဒီလိုပြောမှတော့ မမှန်တဲ့စကား မဟုတ်လောက်ဘူးမလား "
" ဘာတွေဖြစ်နေတာလဲ ....... "
လူတိုင်းသည် ထိုကိစ္စကို အလွန်သိချင်နေကြသည်။
မီကီချောင်ယန်း၏ မျက်နှာသည် လူသတ်ချင်သော အရိပ်အယောင်ဖြင့် တောက်ပသွားသည်။
သို့သော် ချက်ချင်းပင် သူ့အပြုံးကို ပြန်လည်ရရှိခဲ့သည်။
" မိန်းကလေး၊ မင်း နောက်နေတာပဲ ဖြစ်မယ်။ ငါ အရင်က ယဲ့လူကြီးမင်းနဲ့ ရန်ငြိုးမရှိဖူးဘူး။ အဲ့တော့ ငါက ဘာလို့ သူ့ကို ဒုက္ခပေးချင်ရမှာလဲ။ တစ်စုံတစ်ယောက်ကိုသာ တကယ်သတ်ချင်ရင် ငါ့မှာ ခွန်အားနဲ့ နည်းလမ်းတွေ အများကြီးရှိတယ်။ ဘာလို့ ဒီလိုမိုက်မဲတဲ့နည်းကို ရွေးရမှာလဲ "
လူတိုင်းသည် မူလက သူ့ကို သံသယဝင်ကြသည်။
သို့သော် သူ၏ ပြောကြားချက်ကို ကြားပြီးနောက် အဓိပ္ပာယ်ရှိသည်ဟု ခံစားမိသည်။
မီကီချောင်ယန်းသည် ဂျပန်နိုင်ငံ၏ အကြီးဆုံး ရှေးဟောင်းပစ္စည်း ရောင်းဝယ်သူဖြစ်သည်။
သူသည် ပိုက်ဆံများစွာရှိပြီး အဆက်အသွယ်များစွာလည်း ရှိလေသည်။
လူတစ်ယောက်ကို သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားအောင် လုပ်နိုင်သည့် နည်းလမ်းများစွာ ရှိလေသည်။
ယာဉ်တိုက်မှုသည် ရုန်းရင်းဆန်ခတ်မှုများကာ သေချာပေါက် မလိုအပ်ပေ။
လင်းကျွင်းကျွင်းသည် စိတ်တိုလွန်း၍ စကားမပြောနိုင် ဖြစ်နေသည်။
နောက်ဆုံး၌ သူမထပ်၍ ဖြည့်စွက်ကာပြောလေသည်။
" ဒါပေမဲ့ ယာဉ်မောင်းက ရှင်လုပ်ခိုင်းတာလို့ သက်သေခံပေးသွားတယ်။ သူက ရှင့်ကို မှားစွပ်စွဲတာတော့ မဖြစ်နိုင်ဘူး မဟုတ်လား "
မီကီချောင်ယန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသည်။
" အဲ့ဒီကားသမားက ဘယ်ရောက်နေလဲလို့ မေးလို့ရမလား။ သူနဲ့ မျက်နှာချင်းဆိုင် ဖြေရှင်းလို့ရတယ် "
လင်းကျွင်းကျွင်း ချက်ချင်း ဟွန်းခနဲ နှာမှုတ်လိုက်သည်။
" သူ သေပြီ "
မီကီချောင်ယန်းမှ ပြန်ဖြေသည်။
" အိုး၊ သေသွားတဲ့လူကတော့ သက်သေခံပေးလို့ မရဘူးမဟုတ်ဘူး။ အဲ့တာဆို ဒုက္ခပဲ။ ရိုးရိုးသားသားပြောရရင် ငါက စီးပွားရေးလုပ်လာတာ နှစ်အတော်ကြာပြီဆိုတော့ နေရာတိုင်းမှာ ရန်သူတွေရှိတယ်။ လူဘယ်နှစ်ယောက်လောက်က ငါ့ကို အငြိုးထားချင်နေလဲဆိုတာတော့ ငါကိုယ်တိုင်လည်း မသိနိုင်ဘူး။ ဒီလူက ငါနဲ့ ယဲ့လူကြီးမင်းကြား သဘောထားကွဲလွဲအောင် ငါ့အယောင်ဆောင်ပြီး တစ်ယောက်ယောက်ကို လွှတ်လိုက်တာ ဖြစ်နိုင်တယ်။ ယဲ့လူကြီးမင်းလို ထက်မြက်တဲ့လူက ဒီလိုကလေးဆန်တဲ့လှည့်ကွက်မှာ ဘယ်တော့မှ ကျရှုံးမှာမဟုတ်ဘူးလို့ ငါယုံကြည်တယ် "
သူ၏ နောက်ဆုံးစကားမှာ ယဲ့ဖန်ကို တိုက်ရိုက်ပြောနေခဲ့ခြင်း ဖြစ်ပြီး သူ၏ အမူအရာမှာ အလွန်ပင်ရိုးသားပုံရသည်။။
ယဲ့ဖန် သူ့ကို ခဏ စိုက်ကြည့်နေသည်။
သူသည် ရုတ်တရက် အဓိပ္ပါယ်ရှိသော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။
" ဟုတ်တယ်၊ မီကီဆန်က ဒီလို အပေါစားဆန်တဲ့နည်းလမ်းနဲ့ ကျွန်တော့်ကို ဖယ်ထုတ်ပစ်နိုင်မယ်လို့ တွေးတဲ့အထိ မမိုက်မဲဘူးလို့ ကျွန်တော် ယုံပါတယ် "
မီကီဆန်၏ ပါးစပ်ထောင့်သည် လှုပ်ယမ်းသွားသည်။
ဤကောင်လေးသည် ပိုးစာပင်ကို ညွှန်ပြပြီး ကုက္ကိုပင်ကို ကျိန်ဆဲပြနေသည်။
သူတို့နှစ်ယောက် အချင်းချင်း ပြုံးလျက်သာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
သို့သော် သူတို့နှစ်ဦး၏ ဘေးပတ်လည်တွင် ရပ်နေသော လူများသည် ဓားဖြင့် တိုက်ခိုက်နေသော မြင်ကွင်းကို မြင်လိုက်ရသည်ဟု ထင်ယောင်ထင်မှား ဖြစ်ကုန်သည်။
ဘေးပတ်ဝန်းကျင်လေထုသည် ကန့်သတ်ချက်တစ်ခုသို့ ရောက်ခါနီးတွင် ဆာကီခါဝါ တာရို၏ အသံသည် စင်မြင့်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
" လူတိုင်း စျေးခေါ်ပြီးသွားပါပြီ။ အခုနောက်ဆုံးရလဒ်တွေကို ကြေငြာတော့မှာပါ ....... "
လူတိုင်းသည် သူတို့၏ ထိုင်ခုံများ၌ ပြန်ထိုင်ကြပြီး ရလဒ်များ ကြေညာသည်ကို စောင့်ဆိုင်းနေကြသည်။
မီကီချောင်ယန်းသည် ယဲ့ဖန်၏ ဘေးတွင် ထိုင်လိုက်သည်။
" ယဲ့လူကြီးမင်း၊ ဒီလေလံပွဲရဲ့ ရလဒ်တွေကို ယုံချက်ကြည်ရှိလား "
ယဲ့ဖန်သည် လှည့်ကြည့်ကာ မျက်လွှာတစ်ချက်မခတ်ဘဲ သူ့ကို ပြန်ကြည့်လိုက်သည်။
" ခင်ဗျားရော ယုံကြည်ချက်ရှိလား၊ မီကီဆန် "
ယဲ့ဖန် မည်မျှ လိမ္မာပါးနပ်သည်ဆိုတာကို မြင်ပြီး မီကီဆန် ချက်ချင်း ကျယ်လောင်စွာ ရယ်လိုက်သည်။
" သေချာပေါက် ငါ ယုံတာပေါ့။ မဟုတ်ရင် ဒီနေရာမှာ ထိုင်နေမှာ မဟုတ်ဘူးလေ၊ ဟုတ်တယ်မလား "
ယဲ့ဖန် ခေါင်းညိတ်သဘောတူလိုက်သည်။
" ကျွန်တော့်ရဲ့ ယုံကြည်ချက်က ခင်ဗျားထက် နည်းနည်းပိုမြင့်တယ် "
မီကီချောင်ယန်း မျက်နှာပေါ်တွင် လှောင်ပြောင်ရိပ်ရှိသော အပြုံးတစ်ခု ပေါ်လာသည်။
" ဒါဆို စောင့်ကြည့်ရအောင် "
သူ ထိုသို့ ပြောလိုက်သော်လည်း သူ့ရင်ထဲ၌ လှောင်ရယ်နေခဲ့သည်။
ကောင်လေး၊ မင်းက ငါ့ကို ပြိုင်ချင်တာတဲ့လား။
မင်းအိပ်မက်ထဲမှာပဲ ဆက်မက်နေလိုက်။
သူတို့နှစ်ဦး အချင်းချင်း စိတ်ဓာတ်တိုက်ပွဲဖြစ်နေကြစဉ် ဆာကီခါဝါ တာရိုသည် နောက်ဆုံး၌ ပထမဆုံးလေလံရလဒ်အဖြေကို ထုတ်ဖော်ခဲ့သည်။
" ပစ္စည်း ၀၄၃၊ အမြင့်ဆုံးလေလံဈေး ဂျပန်ယန်း ၁၂သန်း ........ "
လေလံအိမ်တွင် မည်မျှ လှည့်ကွက်များ လုပ်ထားသည်ဖြစ်စေ ဤလေလံပွဲသည် တရားမျှတကြောင်း ပြသရန်အတွက် မျက်နှာပြင်ပေါ်တွင် လုံလောက်စွာ ပစ္စည်းများ ပြသထားပြီး လူတိုင်း လေလံဆွဲမည့်ပစ္စည်းများကို ခွဲခြမ်းစိတ်ဖြာပေးရန် အထူးဝန်ထမ်းအနည်းငယ်ကိုပင် ငှားရမ်းထားခဲ့သည်။
ပထမဦးဆုံးကြေညာခဲ့သည့် ပစ္စည်းအချို့မှာ ယဲ့ဖန် ဖယ်ထားသည့် ချို့ယွင်းချက်ရှိသော ပစ္စည်းများဖြစ်သည်။
ချို့ယွင်းချက်ရှိသည်ဟု ပြောသော်လည်း ထိုအရာများသည် အတုဟု ဆိုလိုသည်တော့ မဟုတ်ပေ။
ယခုအကြိမ် လေလံတင်ရောင်းချသည့် ပစ္စည်းများထဲတွင် အတုများ မပါရှိပေ။
တစ်ခုတည်းသော ခြားနားချက်မှာ တန်ဖိုးကွာခြားချက် ဖြစ်သည်။
ယဲ့ဖန်မှ 'ချို့ယွင်းချက်ရှိသည်'ဟု သတ်မှတ်ထားသော ထိုပစ္စည်းများသည် အခြေခံအားဖြင့် တန်ဖိုးနည်းသောပစ္စည်းများဖြစ်သည်။
နည်းလမ်းတကျ ပြောရလျှင် ထိုပစ္စည်းများသည် လေလံဆွဲသူများအား ကြီးမားသည့် အမြတ်အစွန်း မဖြစ်စေနိုင်သလို ပိုက်ဆံလည်း အများကြီး ဆုံးရှုံးစေမှာမဟုတ်ပေ။
သို့သော် ယဲ့ဖန်သည် ထိုလူများ၏ ရူးသွပ်မှုကို လျှော့တွက်ခဲ့မိသည်။
ထိုပစ္စည်းများကို 'တရုတ်နိုင်ငံ၏ နံပါတ်တစ်အကဲဖြတ်ဆရာကြီး' ယဲ့ဖန်မှ စစ်ဆေးအတည်ပြုထားသည်ဖြစ်ရာ အဆိုပါပစ္စည်းများအတွက် ယှဉ်ပြိုင်သူ အများအပြားရှိခဲ့ပြီး စျေးနှုန်းများမှာလည်း ရယ်စရာကောင်းလှသည်။
ထိုပစ္စည်းများ၏ တန်ဖိုးထက် အနည်းဆုံး နှစ်ဆမှ သုံးဆရှိသည်အထိ လေလံတင်ကာ ဆွဲထားကြသည်။
ယဲ့ဖန် သူတို့ကို ခဏ ကြည့်လိုက်သည်။
ထိုလူများအတွက် သူ့နှလုံးသားထဲမှ နာကျင်ပေးမိသည်။
ဒီလူတွေရဲ့ ပိုက်ဆံတွေက လေတိုက်ပြီး ရလာလို့လား။
ထို့နောက် ခေါင်းကိုလှည့်ကာ မီကီချောင်ယန်းကို တစ်ချက်ကြည့်လိုက်သည်။
ဒီကောင်ကမှ တကယ့်တရားခံပဲ။
သူနဲ့ ဘာမှမဆိုင်ဘူး။
သို့သော် မီကီချောင်ယန်းကတော့ ရှက်စိတ်မရှိခဲ့ပေ။
ထိုအစား သူကတော့ ဝယ်သူများကို မထီမဲ့မြင်အပြုံးနှင့် ကြည့်နေသည်။
သူ့မျက်လုံးထဲ၌ ထိုလူများမှာ သူ့လက်ဖဝါးထဲတွင် ကြိုက်သလိုကစားနိုင်သည့် အရူးများ ဖြစ်ကောင်းဖြစ်နိုင်သည်။
နောက်ဆုံး၌ ပစ္စည်းငါးခု၊ ခြောက်ခုလောက်ကို လေလံတင် ရောင်းချပြီးဖြစ်ရာ နောက်ဆုံးတွင် မီကီအလှည့်ဖြစ်လာခဲ့သည်။
ချောင်ယန်းသည် ပစ္စည်းတစ်ခုကို လေလံဆွဲရန် လှည့်လာသည်။
ယဲ့ဖန်သည်လည်း ထိုပစ္စည်းအတွက် လေလံဆွဲရာတွင် ပါဝင်ခဲ့သည်။
" မီကီဆန်က ဒီပစ္စည်းကို လေလံဆွဲထားတာလား "
ယဲ့ဖန်သည် မီကီချောင်ယန်းကို ကြည့်ရန် ခေါင်းကိုလှည့်ပြီး မေးလိုက်သည်။
ထိုအချိန် မီကီချောင်ယန်းသည်လည်း ဖုံးကွယ်ထားရန် မလိုအပ်တော့ချေ။
သူ ချက်ချင်း ခေါင်းညိတ်ပြီး ဝန်ခံလေသည်။
" အမှန်ပဲ၊ ငါ ဒီဟာကို လေလံဆွဲခဲ့တယ် "
ယဲ့ဖန် သူ့ကို ပြုံးလျက် ကြည့်သည်။
" မီကီဆန်ရဲ့ အမူအရာကို ကြည့်ရသလောက် ဒီပစ္စည်းကိုယူဖို့ စိတ်ပိုင်းဖြတ်ထားပုံပဲ "
မီကီချောင်ယန်းသည် သူ့လက်ကို ချက်ချင်း ဝှေ့ယမ်းလိုက်သည်။
" ငါက စိတ်ပိုင်းဖြတ်ထားတယ်လို့ မပြောရဲပေမယ့် ငါ့မှာ ယုံကြည်မှု အတိုင်းအတာတစ်ခုတော့ ရှိတယ် "
ယဲ့ဖန်၏ မျက်လုံးများသည် လှောင်ပြောင်သရော်မှုဖြင့် တောက်ပနေသည်။
" ဒါဆို ကျွန်တော် မီကီဆန်ကို ကြိုပြီး ဂုဏ်ပြုပေးပါ့မယ် "
ထို့နောက် စကားဝိုင်းကို ရပ်လိုက်ပြီး စင်ပေါ်ကို လှည့်ကြည့်လိုက်သည်။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၈၂ )
မေပယ်ရွက်၊ ထပ်ပြီး မေပယ်ရွက်ဆိုင်လား
စင်ပေါ်တွင် ဆာကီခါဝါ တာရိုသည် ဝန်ထမ်းများထံမှ စာရင်းဇယားများကို လက်ခံရရှိပြီး ရလဒ်ကို ကြေငြာတော့မည် ဖြစ်သည်။
ထိုအချိန် သူ့အကြည့်များ ရုတ်တရက် အေးခဲသွားသည်။
သူ ထင်ယောင်ထင်မှား မြင်နေသည်ဟု သူထင်လိုက်မိသည်။
ကိန်းဂဏန်းများမှာ မှန်ကန်ကြောင်း အတည်ပြုရန် သူသည် စာရင်းစာရွက်ကို အချိန်အတော်ကြာ ဂရုတစိုက် ကြည့်နေခဲ့သည်။
သူသည် ခေါင်းကိုမော့ပြီး ယဲ့ဖန်အား ဘာမှမဖြစ်ဘူးသလိုဖြင့် လှမ်းကြည့်လိုက်သည်။
သူ၏အမူအရာမှာ တရစပ် ပြောင်းလဲနေသည်။
သူ၏ ပုံမှန်မဟုတ်သော အပြုအမူသည် စင်အောက်ရှိ လူများ၏ သံသယကို ချက်ချင်း နိုးကြားလာစေသည်။
ယခင်ပွဲများအရ ဆာကီခါဝါ တာရိုသည် စာရင်းစာရွက်ကို လက်ခံရရှိပြီးနောက် ရလဒ်များကို ချက်ချင်း ကြေညာမည်ဖြစ်သည်။
သူက အခုကျ ဘာလို့ ဒီလောက်တောင် တုံ့ဆိုင်းနေတာလဲ။
" ဆာကီခါဝါဆန်၊ ဒီတစ်ခါ စာရင်းဇယားမှာ ပြဿနာတစ်ခုခုရှိလို့လား။ ဘာလို့ မကြေညာသေးတာလဲ "
စင်ပေါ်မှ ဝန်ထမ်းတစ်ယောက်သည် ချက်ချင်း မေးခွန်းထုတ်ကာ သတိပေးသည်။
ထိုမှသာ ဆာကီခါဝါ တာရို ချက်ချင်းပင် လန့်သွား တုံ့ပြန်လာတော့သည်။
" အဟမ်း၊ ဘာမှမဖြစ်ပါဘူး။ ငါလည်း အသက်ကြီးပြီဆိုတော့ မျက်လုံးကဝါးပြီး ရှင်းရှင်းလင်းလင်း မမြင်လိုက်ရလို့ပါ။ ပစ္စည်း ၀၆၃၊ အမြင့်ဆုံးလေလံကြေးမှာ ဂျပန်ယန်း ၂.၄၅သန်း ...... နဲ့ ၁ ယန်း။ လေလံဆွဲသူက ...... တရုတ်ပြည်က မေပယ်ရွက်ဆိုင် ဖြစ်ပါတယ် "
၂.၄၅သန်းဟု ပြောသောအခါ မီကီချောင်ယန်းသည် ဖြည်းညှင်းစွာထရပ်ပြီး လူတိုင်းကို လက်ဝှေ့ယမ်းကာ သူ့အား ဂုဏ်ပြုမှုကို လက်ခံရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
သို့သော် '၁ ယန်း'ဟူသော စကားလုံးကို ကြားလိုက်သောအခါ သူ့ခြေထောက်များ ပျော့ခွေသွားပြီး မြေပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။
ဒီ '၁ယန်း'က ဘာလဲ။
လေလံအိမ်က အမှားလုပ်မိတာလား။
သူ့စိတ်ထဲ၌ ထိုသံသယစကားများ ပေါ်လာချိန်တွင် ဆာကီခါဝါ တာရို၏ နောက်ဆုံးစာသားကို သူ ကြားလိုက်ရသည်။
မေပယ်ရွက်ဆိုင်။
အဲ့တာ ဘာကြီးလဲ။
သို့သော် သူ လျင်မြန်စွာပင် တုံ့ပြန်နိုင်ခဲ့သည်။
မေပယ်ရွက်ဆိုင်တဲ့လား။
ဒါ ယဲ့ဖန်ရဲ့ ရှေးဟောင်းပစ္စည်းဆိုင် မဟုတ်ဘူးလား။
ထိုသည်ကို တွေးမိပြီး ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။
" ဒါ မင်းရဲ့လေလံစျေးလား "
ယဲ့ဖန်သည် အန္တရာယ်ကင်းသော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။
" ကျွန်တော် အစောက ပြောခဲ့ပါတယ်။ ကျွန်တော်ရဲ့ ယုံကြည်ချက်က ခင်ဗျားထက်နည်းနည်းပိုတယ်ဆိုတာ။ အဲ့ဒီနည်းနည်းက ဒီဟာပဲ "
ယဲ့ဖန်သည် ထိုစကားကို ပြောပြီးနောက် မီကီချောင်ယန်း၏ အမူအရာမှာ မည်မျှရုပ်ဆိုးနေသည်လဲဆိုတာ ဂရုမစိုက်တော့ပေ။
သူသည် ပျော်ရွှင်နေသော လင်းကျွင်းကျွင်းကို ခေါ်ပြီး မတ်တပ်ထရပ်ကာ အခြားသူများကို လက်ပြနှုတ်ဆက်လိုက်သည်။
သူတို့နှစ်ဦးအား ချီးကျူးဂုဏ်ပြုရန် ခန်းမထဲ၌ လက်ခုပ်သံများ ချက်ချင်း ထွက်ပေါ်လာသည်။
မီကီချောင်ယန်းသည် ယဲ့ဖန်၏ မောက်မာသော အသွင်အပြင်ကို အေးစက်စွာ ကြည့်နေသည်။
သူ မထိန်းနိုင်ဘဲ သူ့နှလုံးသားထဲမှ ကြီးမားသော မုန်းတီးမှုကို ခံစားရသည်။
သူသည် ဤစုဆောင်းမှု လေလံတင်ပွဲတွင်အကောင်းဆုံးပစ္စည်းများကို ကြိုတင်ဆုံးဖြတ်ထားပြီး ဖြစ်သည်။
ဒီကောင်လေးက ဘယ်နေရာကနေမှန်းမသိ ထွက်လာပြီး လုမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။
ထို့အပြင် သူ၏လေလံဈေးထက် ၁ယန်းသာ ပိုလေသည်။
ဤအဖြစ်အပျက်သည် သူ့အား လွန်စွာ စိတ်ပျက်စေကာ သွေးအန်ချင်စိတ်ပင် ပေါက်လာသည်။
သူ့ဘေး၌ ထိုင်နေသော တာကာယာမာ ရှီတက အမြန်ပြောလိုက်သည်။
" မီကီဆန်၊ စိတ်အေးအေးထားပါ။ ဒီကလေးက ကြက်ကန်းဆန်အိုးတိုးတာတင်ပါပဲ။ သူ့မှာ ဒီပစ္စည်း ပေးလိုက်ပါ။ ဒါက သူတောင်းစားကို လှူလိုက်သလိုပဲ သဘောထားလိုက်။ ကျွန်တော်တို့မှာ ပစ္စည်းတွေ အများကြီးကျန်သေးတယ် "
မီကီချောင်ယန်းသည် အေးစက်စွာ နှာမှုတ်လိုက်ပြီး သူ့စိတ်ထဲမှ ဒေါသကို ခေတ္တမျှ ထိန်းချုပ်ထားခဲ့ရသည်။
ရလဒ်တွေကို ကြေညာပြီးသွားပြီလေ။
သူ ဘာဆက်လုပ်နိုင်မှာမလို့လဲ။
ထိုတရုတ်ကောင်လေးသည် ကြက်ကန်းဆန်အိုးတိုးသွားသည်သာ ဖြစ်ပါစေဟု သူမျှော်လင့်ရသည်။
သူ၏ ကမ်းလှမ်းချက်များသည် လျှို့ဝှက်ချက်များဖြစ်၍ ထိုကောင်လေး ကြိုမသိနိုင်ပေ။
သို့သော် သူ၏ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုသည် ကြာရှည်မခံခဲ့ပေ။
မကြာခင်မှာပင် ဒုတိယပစ္စည်းအား လေလံဆွဲရန် သူ့အလှည့် ရောက်လာပြန်သည်။
" ပစ္စည်းနံပါတ် ၀၁၂အတွက် အမြင့်ဆုံးလေလံဈေးက ...... "
ဆာကီခါဝါ တာရိုသည် စာရင်းဇယားစာရွက်ကို ကိုင်ကာ ဖတ်လျက် တစ်ဝက်တစ်ပျက်ဖြစ်သွားသည်။
သူ့အသံသည် ရုတ်တရက် ရပ်သွားပြီး သူ့မျက်နှာမှာ သရဲတစ်ကောင်အား မြင်လိုက်ရသည့် အသွင်အပြင် ပေါ်လာသည်။
စင်အောက်မှ လူများသည် ခဏ စောင့်နေကြသည်။
သို့သော် ဆက်လက်ကြေညာခြင်း မရှိသည်ကို တွေ့ရသဖြင့် ဆွေးနွေးမှု လှိုင်းလုံးကြီး ထွက်ပေါ်လာတော့သည်။
" ဆာကီခါဝါဆန် ဘာဖြစ်နေတာလဲ။ သူ ဘာလို့ ထပ်ပြီး ထစ်ငေါ့နေပြန်တာလဲ "
" မသိဘူး။ ဒါက ခုနကလိုပဲ။ သူ ဒီရလဒ်ကြောင့် အရမ်းအံ့သြနေပုံရတယ် "
" ဒါက နည်းနည်းတော့ ထူးဆန်းတယ်။ ရလဒ်ကို သူက ဘာလို့ အံ့သြနေရမှာလဲ "
" လူတစ်ယောက်ကို အံ့အားသင့်အောင် လုပ်နိုင်ဖို့ဆိုရင် အခု သူရထားတဲ့ ရလဒ်က သူ ကြိုတင်ရထားပြီးသား ရလဒ်နဲ့ မတူဘဲ မျှော်လင့်ထားတာထက် လွန်သွားလို့များလား ..... "
စင်အောက်မှ လူအုပ်ကြီး၏ ဆွေးနွေးမှုများသည် ဆာကီခါဝါ တာရို၏ နားထဲသို့ ဝင်ရောက်လာပြီး သူ ငေးငိုင်နေရာမှာ လန့်နိုးသွားသည်။
ရလဒ်များကို အမြန် ယဆက်လက်ကြေညာတော့သည်။
" ပစ္စည်း ၀၁၂အတွက် အမြင့်ဆုံးလေလံဈေးက ....... ဂျပန်ယန်း ၁သန်း ၇သိန်း ၂သောင်း နဲ့ ၁ ယန်း ( ၁,၇၂၀,၀၀၁ ) ဖြစ်ပါတယ်။ လေလံဆွဲတဲ့သူက ...... တရုတ်ပြည်ရဲ့ မေပယ်ရွက်ဆိုင်ပါ "
ဟား .....
စင်မြင့်အောက်မှ အာမေဋိတ်များ ထပ်၍ ထွက်လာသည်။
မေပယ်ရွက်ဆိုင်၊ ထပ်ပြီး မေပယ်ရွက်ဆိုင်ပဲလား။
ဤတစ်ကြိမ် မီကီချောင်ယန်းသည် အရင်ကလို စိတ်မြန်လက်မြန် မထတော့သော်လည်း ကျေနပ်စွာ ညည်းလိုက်သည်။
သို့သော် နောက်ဆုံးရလဒ်ကို ကြားလိုက်ရသောအခါ သူ့ကို အင်အားကြီး မိုးကြိုးတစ်ချက် ပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။
သူ့တစ်ကိုယ်လုံး အေးခဲသွားပြီး ရပ်ရမလား ထိုင်ရမလား မသိတော့ပေရ
မေပယ်ရွက်ဆိုင်လား။
ဘာလို့ ဒီမေပယ်ရွက်ဆိုင်ပဲ ထပ်ဖြစ်နေတာလဲ။
သူသည် တစ်စုံတစ်ယောက်ကို ကိုက်စားတော့မည့် ဝံပုလွေတစ်ကောင်လို သွေးသံနီရဲတောက်နေသော မျက်လုံးများနှင့် ယဲ့ဖန်ကို ကြည့်လိုက်သည်။
တစ်ကြိမ်တည်းဖြစ်ပါက တိုက်ဆိုင်မှု ဖြစ်နိုင်သော်လည်း ယခု နောက်တစ်ကြိမ် ထပ်ဖြစ်နေပြန်သည်။
ထို့အပြင် ယဲ့ဖန်၏ လေလံစျေးနှုန်းတိုင်းသည် သူ့ထက် အမြဲ ၁ ယန်း ပိုမြင့်သည်။
ဤသည်ကို တိုက်ဆိုင်မှုတစ်ခုဟု သူ ထင်နေသေးပါက သူနေထိုင်ခဲ့သော နှစ်များအားလုံးမှာ အချည်းနှီးနေထိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုလိုနေသည်။
ဒီကောင်လေးက သူ့လေလံကမ်းလှမ်းဈေးတွေကို ကြိုသိနေတာပဲ။
သူ ချက်ချင်းပင် ဖြစ်နိုင်ခြေတစ်ခုကို တွေးလိုက်ပြီး တာကာယာမာ ရှီတကို လှည့်ကြည့်လိုက်သည်။
ယနေ့ကိစ္စမတိုင်မီက ဤအချက်အလက်များကို သူကိုယ်တိုင်နှင့် သူ ယုံကြည်ရသော လက်ထောက်များသာသိခဲ့ပြီး ထိုလူများအပြင် တာကာယာမာ ရှီတသာ သိသည်။
သူ၏ ယုံကြည်ရသော လက်ထောက်များသည် သူ့နောက်ကို လိုက်လာရင်းဖြင့် သေခြင်းရှင်ခြင်းကို ဆယ်စုနှစ်များစွာ ဖြတ်သန်းခဲ့သူများ ဖြစ်သည်။။
သူ့ကို ဘယ်တော့မှ သစ္စာဖောက်မည် မဟုတ်ပေ။
ထို့ကြောင့် ဖြစ်နိုင်ခြေတစ်ခုသာ ရှိတော့သည်။
ဒီကောင်က ဈေးတွေအကြောင်း အဲ့ကောင်လေးကို ပြောထားတာပဲ ဖြစ်ရမယ်။
တာကာယာမာ ရှီတသည် သူ့အကြည့်ကို တွေ့ပြီး တုန်လှုပ်သွားသည်။
" မီကီဆန်၊ အဲ့တာက ကျွန်တော် မဟုတ်ဘူး။ လူကြီးမင်းရဲ့ လေလံကမ်းလှမ်းဈေးတွေကို ဒီကလေးကို တကယ် မပြောခဲ့ပါဘူး။ ကျွန်တော် ဘုရားသခင်ကို ကျိန်ဆို ကျိန်နိုင်ပါတယ် "
သူသည် မီကီချောင်ယန်း၏ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများကို ကောင်းစွာသိသောကြောင့် သူ၏ သစ္စာစောင့်သိမှုကို လျင်မြန်စွာ ကျိန်ဆိုလိုက်သည်။
မီကီချောင်ယန်းသည် သူ့ကို ပြင်းထန်စွာ စိုက်ကြည့်နေသည်။
" ဈေးကို မင်း မပြောပြရင် ဒီကောင်လေးက ဘယ်လိုလုပ်ပြီး ငါ့ထက် ၁ယန်းပဲ ပိုပေးနေရတာလဲ။ မင်း မဟုတ်ဘူးလို့ မင်းက ပြောရဲသေးတာလား "
တာကာယာမာ ရှီတသည် ပလုတ်တုတ်ကဲ့သို့ ခေါင်းကို ခါယမ်းသည်။
" မီကီဆန်၊ စဉ်းစားကြည့်ပါ။ ဒီလိုလုပ်ရတာ ကျွန်တော့်အတွက် ဘာအကျိုးရှိမှာလဲ။ ကျွန်တော့်မိန်းမနဲ့ သားသမီးတွေက လူကြီးမင်း လက်ထဲမှာပါ။ လူကြီးမင်းကို သစ္စာဖောက်လိုက်ရင် ကျွန်တော့်မိသားစုက ပျက်စီးသွားမှာပဲ "
သူ၏ ရှင်းပြချက်ကို ကြားပြီးနောက် အဓိပ္ပါယ်ရှိသည်ဟု မီကီချောင်ယန်း ခံစားမိသည်။
ဤတစ်ကြိမ် တာကာယာမာ ရှီတအား ပါဝင်ရန် သူကိုယ်တိုင်မှ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပြီး သူ့ကို ဆုလာဘ်ကြီးပေးရုံသာမက သူ့မိသားစုကို အာမခံနှင့် ထိန်းသိမ်းထားခဲ့သည်။
ထိုလူမှ သူ့ကို သစ္စာဖောက်ရန် အကြောင်းပြချက် မရှိချေ။
ဒါပေမယ့် သူ့ကို သစ္စာဖောက်တဲ့သူက တာကာယာမာ ရှီတ မဟုတ်ရင် ဘယ်သူဖြစ်နိုင်မလဲ။
ယဲ့ဖန်သည် တက်ရောက်လာသူအားလုံးကို ကျေးဇူးတင်ကြောင်း ထပ်မံဖော်ပြပြီး သူ့ထိုင်ခုံသို့ ပြန်ထိုင်ခဲ့သည်။
" ဘာဖြစ်နေတာလဲ မီကီဆန်။ ကြည့်ရတာ သိပ်နေကောင်းပုံ မရဘူး "
မီကီချောင်ယန်းသည် အေးစက်သော အပြုံးဖြင့် သူ့ကို စိုက်ကြည့်နေသည်။
" ယဲ့လူကြီးမင်း၊ မင်းက အရမ်းတော်တာပဲ။ ဒီပစ္စည်း နှစ်ခုလုံးက တကယ့်ရတနာတွေပဲ။ မင်းက အဲ့တာတွေကို စျေးသက်သက်သာသာနဲ့ ဝယ်လိုက်နိုင်တာ အံ့သြစရာပဲ "
ယဲ့ဖန် သူ့လက်ကို နှိမ့်ချစွာ ဝှေ့ယမ်းလိုက်သည်။
" ကံကောင်းတာပါ။ အားလုံးက ကံကောင်းတာ"
ထို့နောက် ယဲ့ဖန် ဆက်ပြောသည်။
" မီကီဆန်၊ ခင်ဗျား အကြိုက်ဆုံးပစ္စည်းကို မရသေးဘူးလား "
မီကီချောင်ယန်း၏ မျက်နှာသည် အကြိမ်အနည်းငယ် လှုပ်သွားပြီး အတုအယောင် အပြုံးဖြင့် ခေါင်းညိတ်သည်။
" အလျင်မလိုပါနဲ့။ ခဏလောက် စောင့်ကြည့်တာပေါ့ "
သူသည် အစပိုင်းတွင် အကျင့်စာရိတ္တကောင်းမွန်သူပုံစံ ပြသေးသော်လည်း နောက်ပစ္စည်းအနည်းငယ်သည်လည်း ထိုနည်းအတိုင်းအဆုံးသတ်သွားလိမ့်မည်ဟု မထင်ထားပေ။
ယဲ့ဖန်၏ လေလံဈေးတိုင်းသည် သူ့ထက် ၁ယန်း ပိုလေသည်။
မီကီချောင်ယန်း၏ အမူအရာသည် ပို၍ပို၍ ဆိုးရွားလာခဲ့သည်။
အဆုံး၌ ကြောက်စရာကောင်းလောက်အောင်ပင် သုန်မှုန်နေခဲ့သည်။
သူ့ဘေး၌ ထိုင်နေသည့် လေလံပွဲတက်ရောက်သူတချို့မှာလည်း သူ တစ်ခုခုမှားနေကြောင်း ပြောနိုင်လေသည်။
ထို့ကြောင့် အားလုံးသည် မတ်တပ်ထရပ်ပြီး အဝေးကို ပြောင်းထိုင်ကြသည်။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၈၃ )
ယဲ့လူကြီးမင်းကို ဘယ်လိုလုပ် အဲ့လို ပြောရဲတာလဲ
မီကီချောင်ယန်းသည် ယဲ့ဖန်မှ သူ့လေလံဈေးများအကြောင်းကို ကြိုပြီး ရရှိထားကြောင်း သေချာနေပြီ ဖြစ်သည်။
သံသယရှိသူများစာရင်းကို ဆက်တိုက် စဉ်းစားနေခဲ့သည်။
ဘယ်ခွေးသားက သူ့ကို သစ္စာဖောက်ရဲတာလဲ။
သေချာပေါက် သူတို့ကို အပိုင်းပိုင်း ဖြတ်ပစ်ရမယ်။
လေလံပွဲမပြီးဆုံးမီ တစ်နာရီနီးပါးကြာခဲ့သည်။
ထိုတစ်နာရီသည် မီကီချောင်ယန်းအတွက် အပ်များပေါ်မှာ ထိုင်နေသလို ဖြစ်သည်။
ယဲ့ဖန်သည် လေလံပစ္စည်းတိုင်းကို အနိုင်ရပြီး လူတိုင်း၏ ဂုဏ်ပြုမှုကို လက်ခံရန် မတ်တပ်ရပ်လိုက်တိုင်း ကြားရသည့် လူအုပ်၏ လက်ခုပ်သံများသည် သူ့မျက်နှာကို ရိုက်ချနေသည်ဟု ခံစားရသည်။
ဆာကီခါဝါ တာရိုသည် နောက်ဆုံးပစ္စည်း၏ ရလဒ်ကို ကြေညာပြီးမှ သူခံစားနေရသော နှိပ်စက်ညှဉ်းပန်းမှုမှာ ပြီးဆုံးသွားတော့သည်။
လင်းကျွင်းကျွင်းသည် စိတ်လှုပ်ရှားစွာ မတ်တပ်ထရပ်ပြီး ယဲ့ဖန်ကို ဖက်လိုက်သည်။
သူတို့သည် စုစုပေါင်း ပစ္စည်း၁၉ခု လေလံဆွဲခဲ့ပြီး တစ်ခုချင်းစီတိုင်းကို လေလံအောင်ခဲ့သည်။
ယဲ့ဖန်၏ ခန့်မှန်းချက်များအရ အဆိုပါပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးသည် အနည်းဆုံး တရုတ်ယွမ် သန်း ၈၀၀ခန့် ရှိသည်။
ဤလေလံပွဲ၌ ပစ္စည်းများကို လေလံဆွဲရာတွင် သူတို့သည် တရုတ်ယွမ် ၅သန်းလောက်သာ သုံးစွဲခဲ့သည်။
တစ်နည်းဆိုရသော် သူတို့သည် ဤလေလံပွဲမှ အမြတ် အဆတစ်ရာကျော် ရရှိခဲ့သည်။
ယဲ့ဖန်သည် ရေတစ်ငုံသာ တိုက်သူဖြစ်စေ ကျေးဇူးရှိသူကို ကျေးဇူးတင်ရန် မမေ့ပေ။
သူ ဤမျှကြီးမားသည့် အမြတ်ပမာဏ ပြန်ရသည့် အကြောင်းရင်းမှာ မီကီ၏ ကျေးဇူးကြောင့် ဖြစ်သည်။
အကယ်၍ မီကီချောင်ယန်းသည် ဤပစ္စည်းများကို ကြိုတင် မဆုံးဖြတ်ထားဘဲ လေလံပွဲကို ဟန်ပြလုပ်ပြီး တာကာယာမာ ရှီတနှင့်လည်း မပူးပေါင်းခဲ့ပါက ဤကဲ့သို့ ပစ္စည်းများကို ဤမျှချိုသာသော ဈေးနှုန်းဖြင့် ရရှိရန် မဖြစ်နိုင်ပေ။
" ခင်ဗျားရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်၊ မီကီဆန် "
ယဲ့ဖန်သည် ချက်ချင်းလှည့်ပြီး မီကီချောင်ယန်းကို ကျေးဇူးတင်ကြောင်း ဖော်ပြရန် သူ့လက်ကို ဖြန့်လိုက်သည်။
သို့သော် မီကီချောင်ယန်းမှာတော့ မပျော်နိုင်တော့ပေ။
သူ ပျော်ချင်ယောင်ဆောင်လို့ပင် မရချေ။
ယဲ့ဖန်၏ လက်ဆွဲနှုတ်ဆက်မှုကို လျစ်လျူရှုပြီး မှိုင်းညို့သော အမူအရာဖြင့် ထိုနေရာတွင်သာ ဆက်လက် ထိုင်နေခဲ့သည်။
" ယဲ့လူကြီးမင်း၊ ဘယ်လိုတောင် ကောင်းလိုက်တဲ့ အကွက်လဲ။ မင်း ငါ့ရဲ့ ကမ်းလှမ်းဈေးတွေကို ဘယ်က ရခဲ့တာလဲဆိုတာ ငါသိချင်မိတယ် "
ထိုအချိန်တွင် မီကီချောင်ယန်း၏ နှလုံးသားထဲမှ အမြစ်တွယ်နေသော အာဃအမုန်းတရားများမှာ ပွင့်ထွက်သွားသည်။
သူသည် ဤပစ္စည်းများကို ကြိုပြီးဆုံးဖြတ်ပြီးသားဖြစ်သည်ဆိုသော အချက်ကိုပင် သူ မဖုံးကွယ်ထားတော့ချေ။
ယဲ့ဖန် သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။
" မီကီဆန်၊ ခင်ဗျား နောက်နေတာပဲ ဖြစ်ရမယ်။ ခင်ဗျားရဲ့လေလံဈေးတွေက လျှို့ဝှက်ထားတာကို ကျွန်တော်က ဘယ်လိုလုပ် သိနိုင်မှာလဲ ဟားဟားဟား "
ယဲ့ဖန်သည် စကားပြောနေစဉ်တွင် တာကာယာမာ ရှီတကို မသိမသာ စိုက်ကြည့်လိုက်သည်။
မီကီချောင်ယန်းသည် ယဲ့ဖန်၏လုပ်ရပ်ကို လျင်မြန်စွာ သတိထားမိလိုက်ပြီး တာကာယာမာ ရှီတကို စူးရှသော မျက်လုံးတစ်စုံဖြင့် ချက်ချင်း ကြည့်လိုက်သည်။
တကယ် မင်း ဖြစ်နေတာပဲ။
တာကာယာမာ ရှီတ၏ အမူအရာသည် သိသာစွာ ပြောင်းလဲသွားသည်။
သူသည် ထိုင်ခုံမှထကာ ယဲ့ဖန်၏ မျက်နှာကို ဒေါသတကြီး ညွှန်ပြလိုက်သည်။
" ယဲ့ဆိုတဲ့ကောင် သေချာ ရှင်းအောင်ပြော။ မင်းကို ဘယ်သူက မီကီဆန်ရဲ့ လေလံဈေးအကြောင်း သတင်းပေးတာလဲ "
သူသည် စိုးရိမ်လွန်နေသဖြင့် သူ့အသံကို မထိန်းနိုင်ဘဲ ပတ်ဝန်းကျင်ရှိ လူများ၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်သည်။
ယဲ့ဖန် သူ့ကို အပြစ်ကင်းစွာ ကြည့်နေသည်။
" တာကာယာမာဆန်၊ ကျွန်တော်က ခင်ဗျား ကျွန်တော့်ကို ပြောပါတယ်လို့ မပြောဘူး။ ခင်ဗျားက ကျွန်တော့်ရဲ့ အမာခံပရိတ်သတ်တစ်ယောက်လို့ ပြောပြီး ကျွန်တော့်ကို ဘာလို့ ဒီလိုမျိုး ပြောရတာလဲ "
ဤတစ်ကြိမ်တွင် တာကာယာမာ ရှီတ သူ့စိတ်လွတ်မတတ် ဖြစ်သွားသည်။
သူ ချက်ချင်းပင် ကျိန်ဆဲလိုက်သည်။
" ဘယ်သူက မင်းရဲ့ပရိတ်သတ်လဲ။ နိမ့်ကျတဲ့ တရုတ်ဝက်ကောင်ကများ ငါ့ရဲ့ စံပြပုဂ္ဂိုလ်ဖြစ်ဖို့ ထိုက်တန်လို့လား။ အမှန်တိုင်းပြော၊ မီကီဆန်ရဲ့ လေလံကမ်းလှမ်းဈေးတွေကို မင်း ဘယ်လိုလုပ်သိတာလဲ။ မဟုတ်ရင် မင်းကို သတ်ပစ်မယ် ...... "
သူ စကားမဆုံးခင်မှာပင် မီကီချောင်ယန်းသည် ရုတ်တရက် ထရပ်ပြီး သူ့ကို ပါးရိုက်လိုက်သည်။
ဖြောင်း
ထိုပါးရိုက်ချက်မှာ အလွန်ရက်စက်လွန်းသောကြောင့် တာကာယာမာ ရှီတသည် နေရာမှာတင် နှစ်ပတ်လောက်လည်ကာ မြေကြီးပေါ် ဖင်ထိုင်လျက် ပြုတ်ကျသွားခဲ့သည်။
" ခွေးသား၊ မင်းက ယဲ့လူကြီးမင်းကို ဘယ်လိုလုပ် ဒီလိုပြောရဲတာလဲ "
မီကီချောင်ယန်းသည် သူ့ကို ပြင်းထန်စွာ စိုက်ကြည့်နေသည်။
သူ့အကြည့်များမှာ စူးရှလွန်း၍ သေပင် သေသွားစေနိုင်သည်။
" မီကီဆန်၊ လူကြီးမင်းရဲ့ လေလံဈေးတွေကို ကျွန်တော် တကယ် မပြောပြခဲ့ဘူး။ လူကြီးမင်း မနေ့ညက ကျွန်တော့်ဈေးတွေ ပေးခဲ့ပြီးတော့ ကျွန်တော့်နောက်ကို လိုက်ပြီးစောင့်ကြည့်ဖို့ လူတစ်ယောက် လွှတ်ခဲ့တာပဲ။ ကျွန်တော် ဒီယဲ့ဆိုတဲ့ကောင်ကို ဒီနေ့မှ သိတာပါ။ သူနဲ့ ကြိုပြီးဆက်သွယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ...... "
တာကာယာမာ ရှီတသည် သူ့မျက်နှာကို အုပ်ပြီး မြေပြင်ပေါ်တွင် လဲနေလျက် မီကီချောင်ယန်းကို အမြန်ရှင်းပြလိုက်သည်။
" ပါးစပ်ပိတ်ထား။ မင်း နောက်ထပ် စကားထပ်ပြောရဲရင် ငါ မင်းကို အခုသတ်ပစ်မယ် "
မီကီချောင်ယန်းသည် ယခုချိန်၌ အမှန်တကယ် စိုးရိမ်နေခဲ့သည်။
သူသည် အခြားသူများကို ကြည့်ရင်း ဒေါသတကြီး ကျိန်ဆဲလိုက်သည်။
မျှော်လင့်ထားသလိုပင် ရောက်လာသူအားလုံးက တီးတိုးပြောကြတော့သည်။
" ဒါက မဟုတ်သေးပါဘူး။ သူက ယဲ့လူကြီးမင်းရဲ့ အမာခံပရိတ်သတ်တစ်ယောက်လို့ တာကာယာမာ ရှီတ ပြောခဲ့တာ မဟုတ်ဘူးလား။ ဒါဆို အရင်က ယဲ့လူကြီးမင်းကို မသိဘူးလို့ ဘာလို့ ပြောတာလဲ "
" ပြီးတော့ မနေ့ညက မီကီဆန်က သူ့ကို လေလံကမ်းလှမ်းဈေး စာရင်းကို ပေးခဲ့တယ်လို့လည်း ပြောသေးတယ်။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
" ဟုတ်တယ်၊ လေလံပွဲကို ဒီနေ့မှ စတာလေ။ ဒါဆို မီကီဆန်က မနေ့ကတည်းက ဒီပစ္စည်းတွေနဲ့ ပစ္စည်းနံပါတ်တွေကို ဘယ်လိုသိပြီး လေလံပေးတာလဲ "
" လေလံအိမ်က စုဆောင်းမှု အချက်အလက်တွေကို သူ့စီ ကြိုတင်ပေးထားတယ်ဆိုတာက လွဲရင် တခြားရှင်းပြချက် မရှိတော့ဘူး "
" မီကီချောင်ယန်းက လေလံအိမ်နဲ့ သီးသန့်သဘောတူညီချက်တစ်ခု ယူထားတာ ဖြစ်နေမလား။ ဒါဆို သူတို့က ငါတို့ကို ရည်ရွယ်ချက်ရှိရှိနဲ့ လှည့်စားခဲ့တာလား "
ယနေ့ လေလံပွဲသို့ ရောက်ရှိလာသော လူများ အားလုံးသည် ဉာဏ်ကောင်းကြသူများ ဖြစ်သည်။
သူတို့သည် ရှေးဟောင်းပစ္စည်းအရောင်းဆိုင်များမှ ဤသို့သော အမှောင်ကိစ္စအချို့နှင့်လည်း အလွန်ရင်းနှီးကြသည်။
တာကာယာမာ ရှီတ၏ စကားများမှ အချက်အလက်များစွာကို ချက်ချင်း စဉ်းစားလိုက်ကြပြီး အားလုံးမှ မီကီချောင်ယန်းနှင့် ဆာကီခါဝါ တာရိုတို့ကို သံသယအကြည့်ဖြင့် အကဲခတ်ကြည့်ကြတော့သည်။
ဆာကီခါဝါ တာရိုသည် ချွေးအေးများဖြင့် ရွှဲနေပြီ ဖြစ်သည်။
ဤကိစ္စကို အမှန်တကယ် ဖော်ထုတ်ခံရပါက ဆာကီခါဝါ လေလံအိမ်သည် အနာဂတ်၌ ဆက်လက်ရပ်တည်ရှင်သန်ရန် မေ့လိုက်နိုင်သည်။
အားလုံး၏ သံသယအကြည့်များကို မြင်ပြီးနောက် သူ အမြန် ငြင်းလိုက်သည်။
" လူတိုင်းပဲ၊ သူ့စကားတွေကို နားမထောင်ကြပါနဲ့။ ကျွန်တော်တို့ရဲ့ ဆာကီခါဝါ လေလံအိမ်ကို နှစ်ပေါင်း ၃၀ကျော် တည်ထောင်လာပြီး လုပ်ငန်းစည်းမျဥ်းစည်းကမ်းတွေကို ချိုးဖောက်တာမျိုး ဘယ်တုန်းကမှ မလုပ်ဖူးပါဘူး "
လူတိုင်းသည် သံသယဖြစ်နေကြပြီဖြစ်၍ သူ၏ စကားချိုများဖြင့် လှည့်စားခံရမည် မဟုတ်ပေ။
" ဟားဟား၊ မင်းတို့ ဆာကီခါဝါလေလံအိမ်ရဲ့ နည်းလမ်းကို ငါတို့ မြင်ပြီးပြီ။ လေလံမစခင်နေ့မှာ စည်းမျဉ်းတွေကို ရုတ်တရက် ပြောင်းလိုက်တယ်။ ငါတို့မှာ လုံလောက်တဲ့ ရန်ပုံငွေမရှိရင် ဒီတစ်ကြိမ်လေလံပွဲကို ဝင်နိုင်မှာတောင် မဟုတ်ဘူး "
" ဟုတ်တယ်၊ ဟုတ်တယ်။ ဒါက ပိုပြီးတောင် သံသယဖြစ်စရာ ကောင်းသေးတယ်။ လေလံမစခင် တစ်ရက်အလိုမှာ ဝင်ခွင့်လိုအပ်ချက်တွေကို မြှင့်တင်ပြီးတော့ လေလံဆွဲမယ့်သူ တော်တော်များများကို ဖယ်ချပစ်တာ။ ဒါက ပြိုင်ဘက်တွေကို ပထုတ်ဖို့ အသွင်ဆောင်ထားတဲ့ နည်းလမ်းတစ်ခုပဲ "
" ဒီလေလံမှာ တကယ်ပဲ အပုတ်အပွတစ်ခုခု ရှိနေပုံရတယ်။ ဆာကီခါဝါဆန်၊ ကျေနပ်လောက်တဲ့ ရှင်းပြချက်တစ်ခု ပေးနိုင်မယ်လို့ မျှော်လင့်တယ်။ မဟုတ်ရင် မင်းရဲ့လုပ်ငန်းကို အနာဂတ်မှာ ဆက်လုပ်ဖို့ မစဉ်းစားနဲ့တော့ "
" ငါ့မှာ တခြားတောင်းဆိုမှုတွေ မရှိဘူး။ တစ်ခုတည်းသော တောင်းဆိုချက်က ဒီလေလံပွဲရလဒ်ကို ဖျက်လိုက်။ ငါတို့ နောက်ထပ်လေလံပွဲတစ်ခု ကျင်းပရမယ် ...... "
လူတိုင်း၏ ပြင်းထန်သော ပြစ်တင်ရှုတ်ချသံကို နားထောင်ရင်း ဆာကီခါဝါ တာရိုသည် ချွေးများကို သုတ်ကာ မီကီချောင်ယန်းကို အကူအညီတောင်းခဲ့သည်။
မီကီချောင်ယန်း၏ အမူအရာသည်လည်း အလွန်စိတ်ဝင်စားစရာကောင်းလှသည်။
ယနေ့တွင် သူသည် ပစ္စည်းတစ်ခုမှ မရရှိခဲ့ရုံသာမက မကောင်းမှုအား ဖော်ထုတ်ခံရမည့် အန္တရာယ်လည်း ကြုံနေရသည်။
ဤကိစ္စကို မကြာမီ အပြီးမသတ်နိုင်လျှင် သူသည် အနာဂတ်၌ ရှေးဟောင်းပစ္စည်းလောကထဲတွင် ရှင်သန်နိုင်တော့မည် မဟုတ်ပေ။
သို့သော် ယခုအချိန်တွင် ထိရောက်သောနည်းလမ်းကို သူ တကယ်ပင် စဉ်းစားနိုင်တော့ချေ။
သူတို့နှစ်ဦး အလွန်စိုးရိမ်နေချိန်တွင် ယဲ့ဖန်မှ ရုတ်တရက် ပြောလိုက်သည်။
" မီကီဆန်၊ ဒီ တာကာယာမာဆန် စိတ်က တစ်ခုခု မှားနေတာလား။ သူ့ကို ခင်ဗျားရဲ့ အတိုင်ပင်ခံလုပ်ဖို့ ဖိတ်တုန်းက ဒါကို သတိမထားမိဘူးလား "
ပထမ၌ မီကီချောင်ယန်းသည် ယဲ့ဖန် ဘာကိုဆိုလိုသည်ကို နားမလည်ဘဲ ပဟေဠိဆန်သောအမူအရာဖြင့် သူ့ကို ကြည့်နေသည်။
တစ်ဖက်လူမှ သူ့ကို တိတ်တဆိတ် ကြည့်နေသည်ကို တွေ့လိုက်ရပြီးနောက် ချက်ချင်း တုံ့ပြန်လိုက်သည်။
" ဟုတ်တယ်၊ ဟုတ်တယ်။ တာကာယာမာ ရှီတမှာ စိတ်ရောဂါရှိတယ်။ ဒါပေမယ့် သူ့အကဲဖြတ်နိုင်စွမ်းက မဆိုးဘူးထင်လို့ သူ့ကို စွန့်စားပြီး သုံးလိုက်တာ။ ဒီလူက နည်းနည်း စိတ်လွတ်နေပြီးတော့ သူ့ရောဂါဟောင်းက ပြန်ထလာမယ်လို့ မမျှော်လင့်ထားဘူး။ သူက အဓိပ္ပာယ်မရှိတာတွေ ပြောနေတော့တာပဲ "
သူသည် ထိုစကားပြောရင်းဖြင့် တာကာယာမာ ရှီတကို ခြိမ်းခြောက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၈၄ )
ဒီလူက တကယ် အရူးလား
အမှန်တကယ်တွင် သူသည် အစောက စကားပြောနေရင်းဖြင့် အချက်အလက်များ ပါသွားသည်ကို သဘောပေါက်ပြီးသား ဖြစ်သည်။
သူ ထိတ်လန့်နေပြီး မည်သို့ အဖတ်ဆယ်ရမည်ကို မသိပေ။
မီကီချောင်ယန်းထံမှ သတိပေးခံရပြီးနောက် သူ ချက်ချင်း နားလည်သွားသည်။
သူ စိတ်မနှံ့ကြောင်း ဝန်ခံလိုက်ပါက နောင်တွင် မည်သူကမှ သူ့အား အကဲဖြတ်ရန် တောင်းဆိုရဲတော့မည် မဟုတ်ပေ။
သူ၏ အနာဂတ်မှာ ပျက်စီးသွားလိမ့်မည်ဟု ပြောနိုင်သည်။
သို့သော် ထိုသည်က မီကီချောင်ယန်းကို စော်ကားမိပြီး သူ့မိသားစုအား ပျက်စီးစေသည်ထက် ပိုကောင်းလေသည်။
ထိုအကြောင်းကို တွေးပြီးသည်နှင့် သူ ချက်ချင်း ရူးသွပ်သည့် အမူအရာများလုပ်ပြီး မြေပြင်မှ ထရပ်လိုက်သည်။
" ဘယ်သူက ရူးနေတာလဲ။ မင်းကမှ အရူးပဲ။ မင်းကမှ အရူး။ ငါက ဂျပန်မှာ အကြီးဆုံး အကဲဖြတ်သူပဲ။ မြန်မြန် ဒူးထောက်ပြီး ငါ့ကို တောင်းပန်။ မဟုတ်ရင် ငါမင်းကို အကဲဖြတ်ပေးမှာ မဟုတ်ဘူး ....... "
လူတိုင်းက သူ ရူးနှမ်းစွာ စကားပြောနေသည်ကို မြင်ပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ဒီလူက တကယ် စိတ်ရူးပေါက်နေတာလား။
ဆာကီခါဝါ တာရိုသည် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ဝန်ထမ်းနှစ်ယောက်ကို ချက်ချင်း လက်ပြလိုက်သည်။
" မြန်မြန် သူ့ကို စိတ်ကျန်းမာရေးဆေးရုံဆီ ခေါ်သွား ချက်ချင်း ခေါ်သွားခိုင်းလိုက် "
ဝန်ထမ်းများသည် ချက်ချင်း တုံ့ပြန်ပြီး စိတ်ကျန်းမာရေးဆေးရုံကို ဆက်သွယ်ကြသည်။
ထိုအချိန်တွင် ဝန်ထမ်းနှစ်ဦးက တာကာယာမာ ရှီတကို အနားယူစေရန် အနောက်သို့ သယ်ဆောင်သွားခဲ့သည်။
ထိုရလဒ်အပေါ် သံသယရှိသူ အများကြီးရှိနေသေးကာ တာကာယာမာ ရှီတ ရူးနေသည်က တိုက်ဆိုင်လွန်းသည်ဟု သူတို့ ခံစားခဲ့ရသည်။
သို့သော် ယခုအခါ ဘာမှပြောလို့မကောင်းတော့ပေ။
အထူးသဖြင့် မီကီချောင်ယန်း၏ ခြိမ်းခြောက်သော အကြည့်များကို ရင်ဆိုင်တွေ့ရသည့်အခါ နှုတ်ဆိတ်နေရန်သာ ရွေးချယ်ခဲ့ကြသည်။
မည်သို့ပင်ဖြစ်စေ မီကီချောင်ယန်းသည် ဂျပန်နိုင်ငံ၏ အကြီးဆုံး ရှေးဟောင်းပစ္စည်းရောင်းဝယ်သူ ဖြစ်သည်။
စုဆောင်းပစ္စည်း အနည်းငယ်ကြောင့် ထိုကဲ့သို့သောလူကို စော်ကားရန် မလိုအပ်ချေ။
မီကီချောင်ယန်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
သူသည် လှည့်ပြီး ယဲ့ဖန်ကို ကြည့်သည်။
သူ အနည်းငယ် အံ့သြသွားသည်။
ဒီကလေးက သူ့ကို ဘာလို့ ကူညီပေးတာလဲ။
သူသည် အချိန်မကြာလိုက်ဘဲ မကြာခင်မှာပင် နားလည်သွားသည်။
ယဲ့ဖန်သည် ဤလေလံပွဲ၏ အကြီးဆုံး အနိုင်ရသူအဖြစ် ယူဆနိုင်သည်။
သူသည် မထင်မှတ်လောက်အောင် သက်သာသော ဈေးနှုန်းဖြင့် ကောင်းမွန်သော ပစ္စည်းများအားလုံးကို ဝယ်ယူနိုင်ခဲ့ပြီး ပစ္စည်းများစွာလည်း ရရှိခဲ့သည်။
ထို့ကြောင့် ဤလေလံပွဲကို ဖျက်သိမ်းပြီး အသစ်တစ်ပွဲ လေလံတင်မည်ဆိုပါက သူသည် ကြီးမားသော ဆုံးရှုံးမှုကို သေချာပေါက် ခံစားရမည် ဖြစ်သည်။
မီကီချောင်ယန်းနှင့် လေလံအိမ်အား လူအများမှ သံသယဝင်နေသည်ကို ဖယ်ရှားပေးခြင်းဖြင့်သာ လေလံပွဲကို ချောမွေ့စွာ ဆောင်ရွက်နိုင်မည် ဖြစ်သည်။
ထိုသည်ကို တွေးကြည့်မိပြီး သူ ကျေးဇူးမတင်ရုံသာမက နှာမှုတ်လိုက်သေးသည်။
ဒီလို စုဆောင်းမှုကို ဒီလောက်ချောချောမွေ့မွေ့နဲ့ ရဖို့ ဘယ်လိုလုပ် လွယ်နိုင်မှာလဲ။
ထိုအချိန် ဆာကီခါဝါ တာရို ထွက်လာပြီး လူတိုင်းကို ပြုံးပြသည်။
" အခုနက နားလည်မှုလွဲနေတာပါ။ လူတိုင်းပဲ၊ ဒါကို အလေးအနက်မထားပါနဲ့။ ဒီလေလံပွဲက ချောချောမွေ့မွေ့နဲ့ ပြီးဆုံးသွားပါပြီ။ အားလုံးပဲ ပိုက်ဆံရှင်းဖို့ လုပ်ကြပါ "
ထိုသို့ပြောပြီးနောက် သူ ရုတ်တရက် ထပ်ပြောသည်။
" သြော် ဟုတ်သားပဲ၊ အားလုံး သိလောက်တယ် မဟုတ်လား။ ဒီလေလံပွဲကို ငွေသားနဲ့ ပိုက်ဆံချေရမယ်။ လူတိုင်း လုံလောက်တဲ့ငွေတွေ ယူလာခဲ့ကြတယ် မဟုတ်လား "
ဆာကီခါဝါ တာရို ပြောပြီးသောအခါ နောက်ထပ် ရုန်းရင်းဆန်ခတ် ဖြစ်သွားပြန်သည်။
" ဘာလဲ၊ ငွေသားနဲ့ ပေးရတာလား။ ငါ နားကြား မှားတာလား။ ဒါက ဘယ်နေရာရဲ့ စည်းမျဉ်းလဲ "
" ဒါက ဂျပန်ယန်း သန်းရာနဲ့ချီတန်တဲ့ အရောင်းအ၀ယ်တစ်ခုပဲ။ ဒီလောက်များတဲ့ ငွေသားကို ဘယ်မှာရှာရမှာလဲ "
" ငွေသားနဲ့ ချေရတဲ့ လေလံပွဲအကြောင်း တစ်ခါမှ မကြားဖူးဘူး။ ဘယ်လောက်တောင် ခေတ်နောက်ကျကျန်နေခဲ့တာလဲ "
" မင်းတို့ ငါတို့ကို ဘယ်တုန်းက ကြိုပြီး အကြောင်းကြားခဲ့လို့လဲ။ ငါ ဘာလို့ ဘာအကြောင်းကြားစာမှ မရခဲ့တာလဲ "
နောက်ဆုံး၌ ရှိနေသူအားလုံး ပေါက်ကွဲသွားပြီး အားလုံးမှ ဆာကီခါဝါ တာရိုကို ရှင်းပြပေး
ရန် တောင်းဆိုကြသည်။
ဆာကီခါဝါ တာရိုမှာတော့ လူတိုင်းကို ပြုံးပြနေဆဲ ဖြစ်သည်။
" မနေ့က လူတိုင်းကို ပေးခဲ့တဲ့ ဝင်ခွင့်ကတ်ရဲ့ နောက်ကျောမှာ ညွှန်ကြားချက် ရှိပါတယ်။ အဲ့တာကို ဘယ်သူမှ သေသေချာချာ မဖတ်ကြဘူးလား "
သူ ပြောသည်ကို လူတိုင်း ကြားသည့်အခါ သူတို့၏ လက်မှတ်များကို ထုတ်ပြီး စစ်ဆေးကြသည်။
ထို့နောက် လက်မှတ်၏ နောက်ကျောတွင် စာလုံးသေးသေးလေးများ ရေးထားသည်ကို တွေ့လိုက်ရသည်။
ထိုစာသားအားလုံးသည် ဝင်ခွင့်လမ်းညွှန်ချက်များ ဖြစ်သည်။
လူနှစ်ဦးသာ ဝင်ခွင့်ပြုခြင်းအပါအဝင် အန္တရာယ်ရှိ ပစ္စည်းများကို ယူခွင့်မပြုကြောင်း၊ လေလံပွဲ၏ စတင်ချိန်နှင့် အဆုံးသတ်ချိန် စသည်တို့ဖြစ်သည်။
ထိုစာကြောင်းလေးများ အဆုံး၌ [ဤလေလံ၌ ငွေသားဖြင့် ပေးချန်ရန်သာ ခွင့်ပြုကန့်သတ်ထားသည်] ဟုဆိုသော စာပိုဒ်တစ်ပိုဒ် ရှိနေသည်။
[ အရောင်းအဝယ်နှောင့်နှေးမှု မဖြစ်စေရန် ငွေကြိုထုတ်ထားရန် တောင်းဆိုပါသည် ]
အားလုံးသည် ထိုစာသားကို မြင်ပြီးနောက် ပိုလို့ပင် ဒေါသဖြစ်ခဲ့ကြသည်။
" ဒါက ဘာလဲ၊ ဒါက အကြောင်းကြားချက်လား။ ဒီဟာတွေကို ဘယ်သူက ကြည့်လို့လဲ "
" ဟုတ်တယ်။ ငါတို့ လက်မှတ်ရတဲ့အခါ ဒါတွေကြည့်ဖို့ မင်း ငါတို့ကို သတိပေးသင့်တယ် မဟုတ်ဘူးလား "
" မင်းရဲ့ ဆာကီခါဝါလေလံအိမ်က နည်းနည်း မူမမှန်ဘူး။ မင်းတို့လိုလူတွေ ဘယ်လိုလုပ် ရှိနေတာလဲ "
" ဒါက မင်းတို့ရဲ့လေလံအိမ်ကတာဝန်ပဲ။ တာဝန်ယူသင့်တယ် ...... "
ထိတ်လန့်တုန်လှုပ်နေသော လူအုပ်ကြီးကို ရင်ဆိုင်နေရသော်လည်း ဆာကီခါဝါ တာရို၏ အမူအရာမှာ မပြောင်းလဲဘဲ ရှိနေသည်။
" စည်းကမ်းချက်တွေကို ရေးထားပြီးသား။ အဲ့တာကို မကြည့်တာက မင်းတို့ရဲ့ ကိစ္စပဲ။ ငါတို့ကို ဘယ်လိုလုပ် အပြစ်တင်နိုင်မှာလဲ။ ငွေသားပေးချိန်က နှစ်နာရီပဲလို့ ပြောထားတယ်။ နှစ်နာရီအတွင်း မဖြေရှင်းနိုင်ရင် လေလံရလဒ်က အကျုံးမဝင်ဘူး "
လူတိုင်းမှာ ဒေါသအလွန်ထွက်ပြီး ဘာမှပြန်မပြောနိုင်ကြပေ။
ဆာကီခါဝါလေလံအိမ်သည် ဒေါသထွက်နေသော လူမျကို မကြောက်တော့သည်မှာ ထင်ရှားသည်။
သူတို့ မည်မျှပင် ဒေါသထွက်နေပါစေ အသုံးမဝင်ချေ။
လူအုပ်ကြီးသည် သူတို့၏ ဖုန်းများကို ထုတ်ပြီး ငွေလဲရန်အတွက် သူတို့၏ ကုမ္ပဏီများနှင့် ဆက်သွယ်ကြရတော့သည်။
သို့သော် အချိန်တိုအတွင်း ယန်း သန်းရာနှင့်ချီသော ငွေသားကို မည်သို့ လဲလှယ်နိုင်မည်နည်း။
လင်းကျွင်းကျွင်းသည် ယခင်က ပျော်ရွှင်ခြင်း၌ နှစ်မြုပ်နေခဲ့သော်လည်း ယခုအခါ သူမ ထိတ်လန့်စပြုလာသည်။
သူမ ယဲ့ဖန်ကို ကြည့်လိုက်သည်။
" အခု ကျွန်မတို့ ဘာလုပ်သင့်လဲ "
သူတို့သည် မူလက လေလံပွဲ၏ အကြီးမားဆုံး ကံကောင်းသူများ ဖြစ်ခဲ့သော်လည်း ဤစည်းမျဉ်းထွက်လာသည်နှင့် သူတို့၏ ယခင်က ကြိုးပမ်းမှုအားလုံးသည် အချည်းနှီးဖြစ်သွားနိုင်ချေ ရှိသည်။
ယဲ့ဖန်သည် မီကီချောင်ယန်းကို မျက်တောင်မခတ်ဘဲ ကြည့်နေသည်။
" ဒီစုဆောင်းမှုကို ရဖို့အတွက် ခင်ဗျားက အကုန်လုပ်တော့တာပဲ။ ဒီလောက် ယုတ်မာတဲ့ စည်းမျဉ်းကိုတောင် တွေးကြည့်နိုင်တယ်ဆိုတော့ "
Chaoyang မီကီသည် ဘေးပတ်လည်ကို အရင်လှည့်ကြည့်လိုက်သည်။
သူတို့ကို မည်သူကမှ ဂရုမစိုက်ကြောင်း မြင်ပြီး သူက ဂုဏ်ယူစွာပြုံးလိုက်သည်။
" ဒီပစ္စည်းတွေက ငါ့ပစ္စည်းတွေပဲ။ ဘယ်သူမှ ယူလို့မရဘူး။ မင်းကို ဘာမှမဟုတ်တာအတွက် ပျော်အောင် လုပ်ပေးခဲ့တာအတွက် ငါ တကယ်ကို တောင်းပန်ပါတယ် "
ယဲ့ဖန်သည် သူ့မျက်နှာကို ကြည့်ပြီး ရယ်လိုက်သည်။
" ငွေမထုတ်နိုင်ဘူးဆိုတာ ခင်ဗျား ဘယ်လိုသိလဲ "
Chaoyang မီကီ ပို၍ ဂုဏ်ယူစွာ ပြုံးလိုက်သည်။
" ငါတို့ဂျပန်က မင်းတို့တရုတ်လို မဟုတ်ဘူး။ တကယ်လို့ မင်း ဂျပန်ယန်း ၁၀သန်းကျော် ထုတ်ချင်ရင် ၂၄နာရီကြိုတင်ချိန်းဆိုထားရတယ်။ အခုအချိန် မင်းဘဏ်ထဲမှာ ငွေဘယ်လောက် ရှိနေပါစေ ထုတ်ဖို့ မဖြစ်နိုင်ဘူး "
ယဲ့ဖန်သည် သူ့ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာပြီး မျက်လုံးချင်းဆုံကြည့်လိုက်သည်။
" အဲ့တာက ကိစ္စမရှိဘူး "
ထို့နောက် သူ လှည့်၍ လင်းကျွင်းကျွင်းကို လက်ဝှေ့ယမ်းလိုက်သည်။
" သွားပြီးတော့ ငွေရှင်းရအောင်
လင်းကျွင်းကျွင်း အံ့ဩသွားသော်လည်း သူမသည် ချက်ချင်းပင် သူ့နောက်သို့ လိုက်ခဲ့သည်။
မီကီချောင်ယန်း၏ အမူအရာသည် အထပ်ထပ်အခါခါ ပြောင်းလဲသွားသည်။
ယဲ့ဖန်သည် ငွေအမြောက်အမြား ကြိုတင်ပြင်ဆင်ထားသည်ကို သူ မယုံသော်လည်း တစ်ဖက်သား၏ အမူအရာမှာ ယုံကြည်မှုလွန်ကဲသောကြောင့် အနည်းငယ် စိုးရိမ်ပူပန်မိသည်။
ထိုသည်ကို တွေးမိပြီး သူ ချက်ချင်း အနောက်က လိုက်သွားသည်။
လင်းကျွင်းကျွင်းသည် ယဲ့ဖန်အနားသို့ လိုက်လာပြီး အပြစ်ရှိစွာ မေးလိုက်သည်။
" ယဲ့ဖန်၊ ကျွန်မတို့ ဘယ်က ဒီလောက်ငွေသားတွေ ရမှာလဲ "
သူမသည် လက်မှတ်ကို တစ်ချိန်လုံး ကိုင်ဆောင်ထားသော်လည်း နောက်ကျောရှိ အရိပ်အမြွက်များကို လုံးဝ သတိမထားမိပေ။
သူမ မတတ်နိုင်ဘဲ အနည်းငယ် အပြစ်ရှိသလို ခံစားရသည်။
" ကိုယ်က ကျောက်တုံးကို ရွှေအဖြစ်ပြောင်းနိုင်တယ်ဆိုတာ မင်း မသိဘူးလား "
ယဲ့ဖန် လှည့်ကြည့်လိုက်ပြီး လင်းကျွင်းကျွင်းကို နောက်ပြောင်လိုက်သည်။
" ဒီလိုအချိန်မျိုးမှာ မနောက်ပါနဲ့ "
လင်းကျွင်းကျွင်း စိုးရိမ်တကြီး ညည်းညူလိုက်သည်။
" မင်းကို ဘယ်သူက နောက်ပြောင်နေလို့လဲ။ မင်း ဘေးကနေ ကြည့်နေလိုက် "
ယဲ့ဖန် ပြုံး၍ပြောသည်။