အခန်း (၁၂၈၅-၁၂၈၈)
Vol. 65 Ch. 1285-1288
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၈၅ )
၁၀ဆ အတိုးပေးရမယ်
သူတို့နှစ်ယောက် စကားပြောရင်းဖြင့် ငွေချေရန် ဌာနသို့ ရောက်သွားသည်။
" ကျွန်တော်တို့ ငွေချေဖို့ ကူညီပေးပါ "
ယဲ့ဖန်သည် သူ၏ လေလံစာရင်းကို ငွေချေရေးတာဝန်ခံ ဝန်ထမ်းကို ပေးလိုက်သည်။
" လူကြီးမင်း၊ ဒီနေ့ ငွေသားပဲ လက်ခံပါတယ် ...... "
ဝန်ထမ်းက တွန့်ဆုတ်စွာ ပြောလိုက်သည်။
" သိတယ် "
ယဲ့ဖန် သူမကို ဖြတ်ပြောလိုက်သည်။
သူ့မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။
ဝန်ထမ်းမှ ပဟေဠိဖြစ်နေစဉ် ဆာကာမိုတို မီယာဇာကီသည် လူအနည်းငယ်နှင့် အပြေးအလွှား ရောက်လာသည်ကို သူ တွေ့လိုက်ရသည်။
သူတို့တစ်ဦးချင်းစီသည် လျှို့ဝှက်သေတ္တာများကို လက်ထဲတွင် ကိုင်ဆောင်ထားကြသည်။
" ယဲ့လူကြီးမင်း ကျွန်တော် ရောက်ပါပြီ။ လူကြီးမင်းရဲ့လုပ်ငန်းအတွက် နောက်မကျဘူးမလား "
ဆာကာမိုတို မီယာဇာကီသည် အလွန်အလျင်လိုနေသောကြောင့် ချွေးများပင် ထွက်နေသည်။
" အချိန်ကိုက်ပဲ။ ပိုက်ဆံပေးလိုက်ပါ "
ယဲ့ဖန်သည် သူ့ကို အားပေးရန် သူ့ပုခုံးကို ပုတ်လိုက်သည်။
ဆာကာမိုတို မီယာဇာကီသည် သူ့နောက်မှ လူများကို ချက်ချင်း လက်ပြလေသည်။
သူထဲမှ အချို့သည် သေတ္တာများကို စားပွဲပေါ်တင်ကာ တစ်လုံးပြီးတစ်လုံး ဖွင့်လိုက်ကြသည်။
သေတ္တာထဲ၌ ငွေသားများ အပြည့်ရှိနေခဲ့သည်။
မီကီချောင်ယန်း၊ ဆာကီခါဝါ တာရိုနှင့် ငွေရှင်းရန် ရောက်လာသော အခြားသူများသည် ထိုမြင်ကွင်းကို မြင်ပြီး အထိတ်တလန့်ဖြစ်ကာ မျက်လုံးများ ပြူးကျယ်သွားကြသည်။
ဒါက အဆင်ပြေသွားတာလား။
မီကီချောင်ယန်းတို့သည် သူတို့၏အစီအစဥ် အောင်မြင်ရန်အတွက် တတ်နိုင်သမျှ လုပ်ဆောင်ခဲ့သည်။
အကယ်၍ ပထမအဆင့်အား တစ်စုံတစ်ယောက်မှ ကျော်ဖြတ်နိုင်လျှင်ပင် ဒုတိယအဆင့်အား မကျော်နိုင်လောက်ဘူးဟု သူတို့ထင်ခဲ့သည်။
ယခုအခါ ထိုကဲ့သို့ ထူးဆန်းသော လူတစ်ယောက် ပေါ်လာပြီး သူတို့ ချမှတ်ထားသည့် အတားအဆီးအားလုံးကို အမှန်တကယ် ကျော်ဖြတ်နိုင်ခဲ့သည်။
ယခုအခါ ငွေပင် အဆင်သင့်ဖြစ်နေလေသည်။
မီကီချောင်ယန်းသည် ဆာကီခါဝါ တာရိုကို တစ်ချက်ကြည့်လိုက်ပြီး ယဲ့ဖန် ငွေချေသည်ကို တားရန် နည်းလမ်းကို စဉ်းစားခိုင်းသည်။
ဆာကီခါဝါ တာရို၏ အမူအရာသည် အထပ်ထပ်အခါခါ ပြောင်းလဲသွားသည်။
အဆုံးတွင် သူသည် လျင်မြန်စွာ လျှောက်သွားသည်။
" ယဲ့လူကြီးမင်း၊ ဒီတစ်ခါ ဂျပန်ယန်း သန်း ၁၀၀ နီးပါး ပေးရမှာပါ။ လူကြီးမင်းမှာ ငွေအလုံအလောက်ရှိနေတာ သေချာလား "
စကားဝှက်ဖြင့် ကွယ်ထားသော သေတ္တာအနည်းငယ်ကို ကြည့်လိုက်ပြီး စုစုပေါင်း ဂျပန်ယန်း ၁၀ သန်းခန့်သာ ရှိလောက်မည်ဟု ခန့်မှန်းလိုက်သည်။
ယဲ့ဖန်၏ ပစ္စည်းများအတွက် ပေးချေရန် မလုံလောက်ပေ။
ဤတစ်ခါ ယဲ့ဖန် စကားမပြောခင် ဆာကာမိုတို မီယာဇာကီမှ သူ့အတွက် ဖြေလိုက်သည်။
" လူကြီးမင်း ဆာကီခါဝါ၊ စိတ်မပူပါနဲ့။ ဒီတစ်ခေါက် ကျွန်တော်တို့ ဂျပန်ယန်း ၅ဘီလီယံကို ငွေသားနဲ့ ယူလာခဲ့တယ်။ ဒါက ပမဏနည်းနည်းပဲ ရှိပါသေးတယ်။ အပြင်မှာ ဗင်ကားတစ်စင်း စောင့်နေတယ်။ ခင်ဗျား ကြည့်ချင်သေးလား "
ထိုစကားကို ပြောပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်း ဆူညံသွားသည်။
" တကယ်လား၊ ယဲ့လူကြီးမင်းက ငွေသား ၅ ဘီလီယံတောင် ကြိုပြီး ပြင်ထားတာလား "
" ဒါက ချဲ့ကားလွန်းတယ် မဟုတ်ဘူးလား။ တစ်နေ့တည်းနဲ့ ဒီလောက် ငွေသားအများကြီး ဘယ်လိုလုပ် ရှာနိုင်မှာလဲ "
" ဆာကာမိုတိုလူကြီးမင်းရဲ့ စကားဆိုတော့ ယုံဖို့ကောင်းပါတယ်။ အဲ့တာက အတုမဟုတ်လောက်ဘူးမလား "
" အတူတူ အပြင်ထွက်ကြည့်ရအောင် .... "
လူအုပ်ကြီးသည် ဆွေးနွေးပြီးနောက် လေလံအိမ်မှ ထွက်လာကြသည်။
တံခါးအပြင်သို့ လှမ်းကြည့်လိုက်သည့်အခါ ကားတစ်စီးက အပြင်၌ ရပ်နေသည်ကို တွေ့လိုက်ရသည်။
ဗင်ကားကို စောင့်ကြပ်နေသော အနက်ရောင် ကိုယ်ရံတော် အများအပြားရှိသည်။
ဆာကာမိုတို မီယာဇာကီ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
" တံခါးဖွင့်လိုက် "
သက်တော်စောင့်နှစ်ယောက်သည် ချက်ချင်း ရှေ့သို့ တိုးသွားပြီး ကားနောက်ခန်းတံခါးကို ဖွင့်လိုက်သည်။
အထဲ၌ ပိုက်ဆံများ အစုလိုက်အပုံလိုက် ရှိနေသည်ကို လူတိုင်း တွေ့လိုက်ရသည်။
ဤမြင်ကွင်းသည် အလွန်ထိတ်လန့်စရာကောင်းကာ လူတိုင်း၏ မျက်လုံးများမှာ တပြိုင်နက် ပြူးကျယ်သွားသည်။
" အို ဘုရားရေ၊ သူ တကယ် ဒီလောက် ပိုက်ဆံအများကြီးကို ယူလာတာလား "
" ဒီယဲ့လူကြီးမင်းက တကယ်ကို ရက်စက်တဲ့လူပဲ။ ဒီလောက် ပိုက်ဆံအများကြီး တစ်ခါမှ မတွေ့ဖူးဘူး "
" ဒီအကွက်ရွှေ့ပုံက အရမ်းမိုက်လွန်းတယ်။ ဆာကီခါဝါ တာရို ဘာပြောစရာရှိသေးလဲ ကြည့်ရအောင် "
လူတိုင်းသည် သူတို့၏ ထိတ်လန့်တုန်လှုပ်သော အမူအရာများကို ဖယ်ထုတ်လိုက်ပြီး ဆာကီခါဝါ တာရိုနှင့် မီကီချောင်ယန်းတို့ မျက်နှာကို ကြည့်လိုက်သည်။
သူတို့နှစ်ဦးသည် အလွန်အကျည်းတန်သော အမူအရာများ ရှိနေခဲ့သည်။
အရာအားလုံးကို ကြံစည်ခဲ့ကြသော်လည်း အဆုံးတွင် သူတို့အားလုံးကို ယဲ့ဖန်မှ မျက်နှာကို ပါးရိုက်လိုက်သလို ဖြစ်သွားသည်။
ဆာကီခါဝါ တာရို နည်းလမ်းတစ်ခုကို အမြန်တွေးနေလိုက်သည်။
သူသည် ယဲ့ဖန်အတွက် ခက်ခဲစေမည့် အခြားအကြောင်းပြချက်တစ်ခုခုကို ရှာချင်နေသည်။
ထိုအချိန်မှ ယဲ့ဖန်မှ ရုတ်တရက် ပြောလိုက်သည်။
" ကျွန်တော် ဆာကီခါဝါဆန်ကို ကျေးဇူးတင်ရမှာဘဲ။ ခင်ဗျားရဲ့အကူအညီကြောင့်သာ မဟုတ်ရင် ဒီပစ္စည်းတွေ အများကြီးကို ဒီလို အောင်အောင်မြင်မြင်နဲ့ လေလံဆွဲနိုင်မှာ မဟုတ်ဘူး "
ဆာကီခါဝါ တာရိုသည် ထိတ်လန့်ပြီး မျက်နှာမှာ ဖျော့တော့သွားသည်။
သူသည် မီကီချောင်ယန်းကို လျင်မြန်စွာ ကြည့်လိုက်သည့်အခါ မီကီချောင်ယန်းသည် သူ့မျက်နှာတွင် သံသယနေသောအကြည့် ရှိနေသည်ကို တွေ့လိုက်ရသည်။
" ယဲ့ဖန်၊ မင်း မဟုတ်တဲ့စကားတွေ မပြောနဲ့။ ငါမင်းကို မကူညီခဲ့ဘူး "
သူသည် မီကီချောင်ယန်းနှင့် အတူလက်တွဲရန် ရွေးချယ်ထားပြီး ဖြစ်သည်။
တစ်ဖက်မှ သူ့ကို သံသယဖြစ်ပါက တကယ်ပင် ဒုက္ခရောက်ပေလိမ့်မည်။
ယဲ့ဖန် ပြုံးပြီး သူ့ပုခုံးကို ပုတ်လိုက်သည်။
" ခင်ဗျား ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး။ မနေ့က ကျွန်တော့်အတွက် ၁ ဘီလီယံ ပေးခဲ့တယ်လေ။ ပြီးတော့ ပြောပါသေးတယ် ....... ဟားဟား ဘာပဲဖြစ်ဖြစ် ခင်ဗျားမရှိရင် ဒီနေ့ ဒီလောက်များတဲ့ ပစ္စည်းတွေရဖို့က မဖြစ်နိုင်ဘူး "
" ယဲ့ဆိုတဲ့နာမည်နဲ့ကောင်။ မင်းစကားကို ရှင်းရှင်းလင်းလင်းပြော။ ငါမင်းကို ဘာပြောခဲ့လို့လဲ။ စကားကို တစ်ဝက်တစ်ပျက် မပြောနဲ့ "
ဆာကီခါဝါ တာရို စိုးရိမ်နေခဲ့သည်။
သူသည် ယဲ့ဖန်မှ ရှင်းပြပေးရန် ဆွဲထုတ်ချင်သည်။
မဟုတ်ပါက သူ မြစ်ထဲသို့ ခုန်ဆင်းသွားလျှင်ပင် သူ့နာမည်ကို ရှင်းနိုင်မည် မဟုတ်ပေ။
သို့သော် ယဲ့ဖန်သည် သူ့ကို လျစ်လျူရှုခဲ့သည်။
ယဲ့ဖန်သည် အခြားသူများစီသို့ လျှောက်သွားသည်။
" ဒီနေ့ လူတိုင်းက ငွေမသွင်းနိုင် ဖြစ်နေတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော်တို့အားလုံးက အသိမိတ်ဆွေတွေပဲ။ ငွေချေလို့ရအောင် ကျွန်တော် ချေးပေးနိုင်ပါတယ် "
အားလုံးသည် မူလက ထိုပြပွဲကို ကြည့်နေကြသော်လည်း သူ့စကားကို ကြားပြီးနောက် ချက်ချင်း ဝမ်းသာသွားကြသည်။
သူတို့အားလုံးသည် ငွေသားကိစ္စအတွက် ခေါင်းကိုက်နေကျချိန် တစ်စုံတစ်ယောက်မှ ရက်ရောစွာ ချေးပေးရန် ဆန္ဒရှိမည်ဟု မမျှော်လင့်ထားပေ။
" တကယ်လား၊ ယဲ့လူကြီးမင်း။ စိတ်မပူပါနဲ့၊ ကျွန်တော်တို့ ငွေလွှဲဖို့ လုပ်နေပါတယ်။ ကျွန်တော်တို့ လူကြီးမင်းကို မကြာခင် ပိုက်ဆံပြန်ပေးနိုင်မှာပါ "
" ငွေသားအတွက် ခေါင်းကိုက်နေရတုန်းပဲ။ ကုမ္ပဏီက ငွေရဖို့ အနည်းဆုံး တစ်ရက်ခွဲလောက် အချိန်ယူရမယ်လို့ ပြောတယ်။ အရမ်းနောက်ကျသွားပြီ "
" ဟုတ်တယ်။ ဆာကီခါဝါ လေလံအိမ်က ရက်စက်လွန်းတယ်။ သူတို့က ငါတို့ကို နှစ်နာရီအတွင်း ငွေရှင်းပေးစေချင်တာ။ အဲ့တာကို ဘယ်လိုလုပ် အချိန်မီအောင်နိုင်မှာလဲ "
" ယဲ့လူကြီးမင်းကို ကျွန်တော်တို့ ဘယ်လို ကျေးဇူးတင်ရမယ်မှန်း မသိတော့ဘူးပါဘူး ...... "
ယဲ့ဖန် သူ့ကို ကျေးဇူးမတင်ရန် လူတိုင်းကို တားဖို့ သူ့လက်ကို မြှောက်လိုက်သည်။
" ကျွန်တော်က ဒီလောက် ရက်ရောတာ မဟုတ်ဘူး။ ခင်ဗျားတို့ကို ပိုက်ဆံချေးပေးတာက အတိုးပေးရမယ်။ နေ့တစ်ဝက်၊ ဆယ်ယန်းတိုး "
ဤသည်ကို အားလုံးကြားသောအခါ ချက်ချင်းပင် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
အမှန်ပြောရလျှင် နေ့တစ်ဝက်စာ အတိုးအား ဆယ်ယန်း ကောက်ခံခြင်းသည် အနည်းငယ် လွန်လွန်းသည်။
ယန်း သန်း ၁၀၀ ချေးပါက အတိုးမှာ ယန်း ၁၀ သန်း ဖြစ်ပေမည်။
သို့သော် လေလံပစ္စည်းများမှ ပြန်၍ အမြတ်ရနိုင်သည့် ရလဒ်ကို တွေးကြည့်သောအခါ လူအများမှာ အံကြိတ်လျက် သဘောတူခဲ့ကြသည်။
မီကီချောင်ယန်းနှင့် ဆာကီခါဝါ တာရိုတို့သည် ဤမြင်ကွင်းကို မြင်သောအခါ အမုန်းတရားအပြည့်ဖြင့် အံကြိတ်လိုက်ကြသည်။
ယဲ့ဖန်သည် နှစ်ဖက်စလုံးမှ အခွင့်ကောင်းယူနေခဲ့သည်။
သူသည် အဖိုးမဖြတ်နိုင်သော ရတနာများစွာကို ပထမဆုံးစွာ ရရှိခဲ့ပြီးနောက် ယခုတွင်လည်း သူသည် လူတိုင်းအား ငွေချေးပေးနေပါသည်။
သူတို့မှာ ဒေါသသာ ထွက်နေရပြီး အားလုံးသော အကျိုးအမြတ်တို့ကို ယဲ့ဖန်က ယူသွားလေသည်။
ယဲ့ဖန်သည် ဆာကာမိုတို မီယာဇာကီကို လူတိုင်းအတွက် ငွေထုတ်ချေးပေးရန် တာဝန်ပေးခဲ့ပြီး လေလံပစ္စည်းများကို စာရင်းရှင်းရန် လင်းကျွင်းကျွင်းကို ခေါ်လာခဲ့သည်။
ဝန်ထမ်းသည် ငွေသေတ္တာကို ကြည့်လျက် ဆာကီခါဝါ တာရို၏ ထင်မြင်ချက်ကို မေးရန် အမြန်လှည့်လိုက်သည်။
ဆာကီခါဝါ တာရိုသည် မီကီချောင်ယန်းကိုကြည့်ပြီး ဘာလုပ်ရမည်မှန်း မသိပေ။
မီကီချောင်ယန်းသည် ယဲ့ဖန်အရှေ့သို့ လမ်းလျှောက်လာပြီး သူ၏ မျက်နှာမှာ မည်းမှောင်နေသည်။
" ငါ ဝန်ခံတယ် ဒီတစ်ကြိမ် မင်းအနိုင်ရခဲ့တာကို။ ဒါဆိုရင်ရော ဘယ်လိုလဲ။ ငါတို့ ခြေတစ်လှမ်း ဆုတ်ကြရအောင်။ မင်း ရထားတဲ့ ပစ္စည်းတွေကို တစ်ဝက်စီ ငါတို့ ခွဲလိုက်မယ် "
ယဲ့ဖန် ချက်ချင်း ရယ်လိုက်သည်။
" ဒီလိုစကားမျိုး ပြောရအောင် ဘယ်လောက်တောင် အရှက်မရှိလိုက်လဲ။ ခင်ဗျားသာ ဒီအဖိုးမဖြတ်နိုင်တဲ့ ရတနာတွေကို အခု ဈေးပေါပေါနဲ့ ရရင် ကျုပ်ကို ခင်ဗျား တစ်ဝက်လောက်ပေးဖို့ ဆန္ဒရှိလား "
မီကီချောင်ယန်း အံကြိတ်ကာ သူတို့ နှစ်ယောက်သာ ကြားနိုင်သော အသံနှင့် ပြောလေသည်။
" ဒီပစ္စည်းတွေအတွက် ငါ ဘယ်လောက်ကြိုးစားထားလဲ မင်းသိလား။ မင်းအတွက် ဘာကောင်းလဲဆိုတာ သိရင် တစ်ဝက်ပေးလိုက်။ မဟုတ်ရင် ငါမင်းကို ညှာမှာ မဟုတ်ဘူး "
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၈၆ )
ဒီကလေးက ခေါင်းအုံးသာသာပါပဲ
ယဲ့ဖန်သည် သူ့ခြိမ်းခြောက်စကားကို ကြားပြီးနောက် ကျယ်လောင်စွာ ရယ်လိုက်သည်။
" ခင်ဗျား တခြားသူတွေကို ဒီနည်းလမ်းသုံးပြီး ခြိမ်းခြောက်လို့ ရနိုင်ပေမဲ့ ကျုပ်အပေါ်တော့ လာသုံးလို့မရဘူး။ ခင်ဗျားရှိသမျှ လှည့်ကွက်တွေ အကုန်ထုတ်လိုက်။ ဘာတွေ သုံးမလဲ မြင်ချင်ပါသေးတယ် "
မီကီချောင်ယန်းသည် ယဲ့ဖန်ကို အညှာအတာမဲ့သည့်ပုံစံဖြင့် လက်ညှိုးထိုးကာ သတိပေးသည်။
" မင်းပြောတာကို မှတ်ထားလိုက်။ တွေ့လိမ့်မယ် "
ထိုသို့ပြောပြီးနောက် ချက်ချင်းလှည့်ကာ ထွက်သွားလေသည်။
ယဲ့ဖန် သူ၏နောက်ကျောကို ကြည့်ပြီး နှာမှုတ်ကာ ဆာကီခါဝါ တာရိုကို လှည့်ကြည့်လိုက်သည်။
" ခင်ဗျားရဲ့ သခင်က ထွက်သွားပြီ။ အခု ပိုက်ဆံရှင်းလို့ ရပြီလား "
ဆာကီခါဝါ တာရိုသည် ချက်ချင်းပင် ငိုနေသည်ထက် ပိုရုပ်ဆိုးသော အပြုံးမျက်နှာထားကို ဖော်ပြလေသည်။
" ရပါတယ်၊ရပါတယ်။ ကျွန်တော် ယဲ့လူကြီးမင်းအတွက် ကိုယ်တိုင် စီစဉ်ပေးပါ့မယ် "
သူသည် ဤတစ်ကြိမ်တွင် မီကီချောင်ယန်းအတွက် အလုပ်လုပ်ပေးရင်းဖြင့် နှစ်ဖက်ညပ်ကာ နှစ်ဆဆုံးရှုံးခဲ့ရသည်။
လေလံအိမ်၏ ဂုဏ်သိက္ခာကို ထိခိုက်စေရုံသာမက ယဲ့လူကြီးမင်းကိုလည်း စော်ကားခဲ့သည်။
အနာဂတ်တွင် ရှေးဟောင်းပစ္စည်းလောက၌ နေရာမရှိတော့မည်ကို သူ စိုးရိမ်မိသည်။
" ဆာကာမိုတိုဆန်၊ ကျွန်တော် ဒါကို ခင်ဗျားနဲ့ ထားခဲ့လိုက်ပြီး အရင်ပြန်လိုက်မယ် "
ဆာကာမိုတို မီယာဇာကီကို ညွှန်ကြားပြီးနောက် ယဲ့ဖန် ရုတ်တရက် လှည့်ကြည့်ပြီး လင်းကျွင်းကျွင်း ကို ဆွဲခေါ်လိုက်သည်။
" ကျွန်မတို့ ဘာလုပ်မှာလဲ "
လင်းကျွင်းကျွင်းသည် သူမကို ဆွဲခေါ်သွားသောကြောင့် အနည်းငယ် စိတ်ရှုပ်သွားသည်။
" လက်စားချေမယ် "
ယဲ့ဖန်သည် ထိုစကားသာ ပြောခဲ့ပြီး မရပ်သွားခဲ့ပေ။
မကြာခင်မှာပင် သူတို့နှစ်ယောက် မြေအောက်ကားပါကင်သို့ ရောက်သွားသည်။
ထိုအချိန် ယဲ့ဖန်သည် မီကီချောင်ယန်းကို သက်တော်စောင့်အနည်းငယ်က ဝန်းရံထားပြီး Rolls-Royce ကားထဲသို့ ဝင်နေသည်ကို သူ တွေ့လိုက်ရသည်။
" ဒီအတိုင်း ထွက်သွားဖို့ စီစဉ်နေတာလား "
ယဲ့ဖန် ရုတ်တရက် ပြောလိုက်သည်။
ယဲ့ဖန်အသံကို ကြားပြီးနောက် မီကီချောင်ယန်း၏ လှုပ်ရှားမှုများ အေးခဲသွားသည်။
သူသည် ချက်ချင်းပင် မည်းမှောင်သော အမူအရာဖြင့် လှည့်ကြည့်လိုက်သည်။
" ဘာကိစ္စရှိသေးလို့လဲ "
ယဲ့ဖန် ဖြည်းညှင်းစွာ လျှောက်လာသည်။
" ခင်ဗျား ကျုပ်ကို လုပ်ကြံဖို့ လူလွှတ်ထားတာပဲ။ ဒီကိစ္စကို မဖြေရှင်းရသေးဘူး "
" အဲ့ဒီလူကို ငါ လွှတ်တယ်လို့ ပြောရအောင် မင်းမှာ အထောက်အထားရှိလား။ မင်းမှာ အထောက်အထားမရှိရင် အသရေဖျက်မှုနဲ့ မင်းကို တရားစွဲလို့ရတယ် "
ယခုအချိန်အထိ မီကီချောင်ယန်းသည် ကားမောင်းသမားအား သူက စေလွှတ်ထားကြောင်း ဝန်ခံရန် ငြင်းဆိုနေဆဲ ဖြစ်သည်။
အဓိက အကြောင်းအရင်းမှာ ယာဉ်မောင်းက သေနေပြီဖြစ်သောကြောင့် ဖြစ်သည်။
ရဲဌာနမှလူများ လာစုံစမ်းလျှင်ပင် အမှားရှာတွေ့မည် မဟုတ်ပေ။
ယဲ့ဖန်သည် သူ့ငြင်းဆိုချက်ကို ကြားပြီး ချက်ချင်းပင် ရယ်လိုက်သည်။
" ခင်ဗျားလိုလူက သက်သေလိုလို့လား။ ဒါက ဒီနှစ်တွေထဲမှာ ကြားခဲ့ရတဲ့ ရယ်စရာအကောင်းဆုံးဟာသ ဖြစ်လိမ့်မယ်။ တစ်ချို့အရာတွေက ဥပဒေနဲ့ မဖြေရှင်းလို့ မရမှတော့ လက်သီးသုံးပြီး ရှင်းကြရမယ် "
မီကီချောင်ယန်း သူ့ဘေးနားမှ သက်တော်စောင့်များကို ညွှန်ပြလိုက်သည်။
" မင်း ဒီပြဿနာကို လက်သီးနဲ့ ဖြေရှင်းချင်တာ သေချာလား "
ယဲ့ဖန်သည် လင်းကျွင်းကျွင်းကို ဘေးသို့တွန်းလိုက်ပြီး ရှေ့ကိုနှစ်လှမ်း တိုးလိုက်သည်။
" ခင်ဗျား ကျွန်တော့်အကြောင်း အချက်အလက်တွေ အများကြီး စုဆောင်းထားမှာပါ။ ကျွန်တော့်ခွန်အားကို မသိဘူးလား "
မီကီ သူ့ကို အေးစက်စွာ ကြည့်နေသည်။
" မင်း အရမ်းသန်မာတာ ငါသိတယ်။ ဒါပေမယ့် ငါ့ရဲ့ ကိုယ်ရံတော်တွေက အသေးအမွှား မဟုတ်ဘူး။ မင်း ကိုယ့်သေတွင်းကိုယ် မတူးဖို့ ငါ အကြံပေးတယ် "
ယဲ့ဖန်သည် ခေါင်းယမ်းရင်း သူ့ဆီသို့ လျှောက်သွားသည်။
" ခင်ဗျား စကားအရမ်းများတယ် "
မီကီချောင်ယန်းသည် ချက်ချင်း အေးစက်စွာ နှာမှုတ်လိုက်သည်။
" မင်း သေချင်နေမှတော့ မင်းဆန္ဒကို ငါဖြည့်ဆည်းပေးမယ် "
ထိုသို့ဖြင့် သူသည် သက်တော်စောင့်များကို လက်ဝှေ့ယမ်းပြသည်။
" သွား "
ထိုသက်တော်စောင့်များသည် အမိန့်ကိုလက်ခံရရှိပြီးနောက် ယဲ့ဖန်ဆီသို့ ချက်ချင်း ပြေးသွားကြသည်။
စုစုပေါင်း ခြောက်ယောက်ရှိပြီး တစ်ဦးချင်းစီမှာ သွက်လက် မြန်ဆန်လှသည်။
ထိုလူခြောက်ယောက်သည် အနည်းဆုံး မင်ကျင်းအဆင့်၏ နောက်ပိုင်းအဆင့်တွင် ရှိကြောင်း ယဲ့ဖန် ချက်ချင်း သိခဲ့သည်။
သူတို့ကို ကျွမ်းကျင်သူများအဖြစ် သတ်မှတ်နိုင်သည်။
သို့သော် ထိုအဆင့်သည် သာမန်သိုင်းပညာရှင်များနှင့်သာ သက်ဆိုင်သည်။
လက်ရှိ သူ့အတွက် ထိုလူများမှာ သူ၏ ထိုးနှက်ချက်ကို တစ်ချက်ပင် ခံနိုင်ရည်မရှိလောက်ပေ။
ဝှစ် ၊ ဝှစ်
သက်တော်စောင့်ခြောက်ဦးသည် တစ်ချိန်တည်းနီးပါးတွင် သူ့ကို တိုက်ခိုက်ခဲ့ပြီး လှုပ်ရှားမှုတိုင်းသည် သူ၏ အရေးကြီးသောနေရာများဆီသို့သာ ဦးတည်နေခဲ့သည်။
ယဲ့ဖန်ကို သတ်ချင်နေသည်မှာ ထင်ရှားလှသည်။
" ယဲ့ဖန် သတိထား ...... "
လင်းကျွင်းကျွင်းသည် ချက်ချင်းပင် အော်ဟစ်လိုက်ပြီး သူမ၏ မျက်နှာတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။
ယဲ့ဖန်သည် ကျွမ်းကျင်သူ ခြောက်ဦးဖြင့် ဝန်းရံခံထားရသည်။
သို့သော် သူမကို လှည့်ကြည့်ပြီး စနောက်ရန် မမေ့ခဲ့ပေ။
" အက်ရှင်ဇာတ်ကားကို တိုက်ရိုက် ကြည့်နေလိုက် "
ယဲ့ဖန် စကားပြောနေစဉ်ပင် သူသည် လက်ဖဝါးဖြင့် ညင်သာစွာ လှမ်းလိုက်ပြီး သူ့ရင်ဘတ်ကို ချိန်ရွယ်ထားသည့် လက်သီးကို လွယ်ကူစွာ ဖြေရှင်းလိုက်သည်။
တစ်ချိန်တည်းမှာပင် သူသည် လက်ဖဝါးဖြင့် တစ်ဖက်လူကို ဖြည်းညှင်းစွာ ပုတ်ထုတ်လိုက်သည်။
ဒိုင်း
သူ၏ လက်ဖဝါးရိုက်ချက်သည် နှေးကွေးနေပုံရသော်လည်း အမှန်တကယ်မှာ အလွန်မြန်ဆန်လှသည်။
သက်တော်စောင့် သူ့ကိုယ်သူ မခုခံနိုင်ခင်မှာခင် ရင်ဘတ်ကို ရိုက်ချခံရသည်။
အသံမှာ အလွန်သေးငယ်သည်။
ဂရုတစိုက်နားမထောင်လျှင် မကြားနိုင်ပေ။
ထိုသက်တော်စောင့်သည် လှောင်ပြောင်နှာမှုတ်ပြီး တခြားသူများကို ချက်ချင်း ပြောသည်။
" ဒီကလေးက ချည်ထိုးထားတဲ့ ခေါင်းအုံးတစ်လုံးသာသာပဲ။ သူချတာ ကလိထိုးနေတာလို့တောင် ထင်ရတယ်။ လူတိုင်း၊ စိတ်မပူဘဲ တိုက်ကြ "
ရန်သူကို စောင့်ကြည့်နေသော သက်တော်စောင့်များသည် ထိုစကားကို ကြားပြီး ချက်ချင်း စိတ်သက်သာရာရသွားသည်။
သို့သော် ထိုအချိန်တွင် အရိုက်ခံရပြီးနောက် စကားပြောနေသေးသော သက်တော်စောင့်၏ မျက်နှာမှာ ရုတ်တရက် အရောင်ဖျော့သွားသည်။
" ဖူး ..... "
သူ့ပါးစပ်ထဲမှ သွေးများကို ထွေးထုတ်လိုက်ပြီး မြေပြင်ပေါ် ဒူးထောက်နေရကာ အလွန်နာကျင်သည့် အမူအရာကို ထုတ်ဖော်လိုက်သည်။
ကျန်သည့်ငါးယောက်မှာ အံ့သြသွားသည်။
ဒီကလေးက ချည်ထိုးခေါင်းအုံးလို့ ပြောခဲ့တယ် မဟုတ်ဘူးလား။
ခေါင်းအုံးရိုက်တာခံရပြီး ဘယ်လိုလုပ် ဒီလိုဖြစ်နေတာလဲ။
သူတို့ အံ့သြနေချိန် ယဲ့ဖန်သည် ထိုအခွင့်အရေးကို လက်မလွှတ်ခဲ့ချေ။
ယဲ့ဖန်သည် သူတို့ကို ချက်ချင်း တိုက်ခိုက်သည်။
ဘန်း ဘန်း ဘန်း ဘန်း
ရိုက်သံ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် ကျန်သည့် ငါးဦးလုံး ရင်ဘတ်ကို ထိမှန်သွားကြသည်။
သို့သော်လည်း အစောပိုင်းက သက်တော်စောင့်ကဲ့သို့ပင် သူတို့သည် နာကျင်မှုကြောင့် တစ်စုံတစ်ရာ အဆင်မပြေမှုကို မခံစားရပေ။
" ဟားဟားဟား၊ ဒီကလေးက တကယ့်ကို ခေါင်းအုံးလိုကောင်ပဲ။ ငါ ဒဏ်ရာ လုံးဝ မရှိဘူး "
" မင်းတို့အားလုံး ဘေးကနေ ကြည့်လိုက်။ ငါတစ်ယောက်တည်း ဒီလို အားနည်းတဲ့ကြက်မျိုးကို ကိုင်တွယ်ဖြေရှင်းနိုင်တယ် "
" ငါ့ကိုလုပ်ခွင့်ပေး။ ဒီကလေးနဲ့ ဘယ်လိုရှင်းမလဲဆိုတာ စောင့်ကြည့်လိုက် "
" မင်း ဘာလို့ နာမည်ကောင်း ရအောင် လုပ်ချင်နေတာလဲ။ အရင်ရတဲ့သူက ရလိမ့်မယ် "
သူတို့သည် ယဲ့ဖန်အား ထိုးနှက်ရာ၌ပင် အားမရှိသော ကြက်တစ်ကောင်အဖြစ် မှတ်ယူထားပြီးဖြစ်သည်။
သူတို့အားလုံးသည် မီကီချောင်ယန်း ရှေ့၌ နာမည်ကောင်းရရန် တိုက်ပွဲဝင်ချင်ကြသည်။
သို့သော် သူတို့ ဘာမှမလုပ်နိုင်ခင်မှာပင် သူတို့၏ ရင်ဘတ်ထဲမှ စူးရှသည့် နာကျင်မှုကို ခံစားခဲ့ရသည်။
ဖူး ဖူး ဖူး ဖူး ဖူး
သူတို့သည် တစ်ချိန်တည်းမှာပင် ပါးစပ်ထဲမှ သွေးများ ထွက်လာသည်။
သူတို့ရှေ့က လူလိုပင် သူတို့အားလုံး မြေပြင်ပေါ် လဲကျသွားသည်။
ထိုအခိုက်အတန့်တွင် သူတို့ရှေ့မှ ဤလူငယ်လေးသည် ပျော့ညံ့သူမဟုတ်ဘဲ စစ်မှန်သော ကျွမ်းကျင်သူဖြစ်ကြောင်း နောက်ဆုံးတွင် သူတို့ နားလည်ခဲ့ကြသည်။
ထို့အပြင် သူ၏ ခွန်အားသည် အလွန်ကြောက်စရာကောင်းသော နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
အတွင်းအားကျင့်စဉ်ကို ဝါဂွမ်းအပ်များဟုလည်း ခေါ်နိုင်သည်။
ထိုသိုင်းကျင့်စဉ်အဆင့်သည် အန္တရာယ်ကင်းပုံပေါက်သော်လည်း အမှန်တကယ်၌ အပြင်းထန်ဆုံး သတ်ဖြတ်ခြင်းလှုပ်ရှားမှုဖြစ်သည်။
ထိုအချက်များကို တွေးမိပြီးနောက် သူတို့ ယဲ့ဖန်ကို ကြောက်လန့်တကြား ကြည့်နေလိုက်သည်။
သို့သော် ယဲ့ဖန်မှာတော့ သူတို့ကို မကြည့်ပေ။
ယဲ့ဖန်သည် သူတို့ကို ဖြတ်ကျော်ကာ မီကီချောင်ယန်းစီသို့ ဦးတည်သွားခဲ့သည်။
မီကီချောင်ယန်း၏ အမူအရာ သိသာစွာ ပြောင်းလဲသွားသည်။
သူ အမြန်ပင် ခြေနှစ်လှမ်းဆုတ်လိုက်သည် ။
" ယဲ့ဖန်၊ မင်းက ငါ့လူတွေကို ဒဏ်ရာရအောင် လုပ်ရဲတယ်လား။ ငါ ရဲကို ခေါ်ပြီး မင်းကို ရုံးကို ခေါ်သွားနိုင်တယ်ဆိုတာ မင်းယုံလား "
ထိုလူ တကယ်တွင် ထိတ်လန့်နေမှန်း ယဲ့ဖန် သိသည်။
သူ့ဘက်မှ ယဲ့ဖန်အား ခြိမ်းခြောက်ရန် ရဲစခန်းကိုပင် ထည့်သုံးလာသည်။
ယဲ့ဖန် မတတ်နိုင်ဘဲ ရယ်မောလိုက်သည်။
" တကယ်လား၊ ကျုပ်တော့ မယုံဘူး "
ယဲ့ဖန်သည် ပြောပြီးနောက် ဗိုက်ကို ထိုးလိုက်သည်။
လုံခြုံရေးအစောင့်များကို ဒဏ်ရာရစေခဲ့သော လက်ဖဝါးရိုက်ချက်ကဲ့သို့ပင် ဤလက်သီးချက်သည် ပေါ့ပါးပြီး မည်သည့်ခွန်အားကိုမျှ အသုံးမပြုထားချေ။
သို့သော် မီကီချောင်ယန်းသည် စူးရှသော နာကျင်မှုကို ခံစားလိုက်ရ၍ ကြောင်အသွားရသည်။
" အား ...... "
နာကျင်စွာနှင့် မြေပြင်ပေါ် ဒူးထောက်ထိုင်ချလိုက်ပြီး သူ မျက်နှာပျက်သွားသည်။
" မင်းက ငါ့ကို လုပ်ကြံရဲတာလား။ ဒါဆို မင်းရဲ့မိုက်မဲမှုအတွက် တန်ဖိုးကို ပေးရလိမ့်မယ် "
ယဲ့ဖန် သူ့ရင်ဘတ်ကို ထပ်ပြီး ထိုးလိုက်သည် ဒ။
" ဖူး ..... "
မီကီချောင်ယန်းသည် ပါးစပ်မှ သွေးများ ထွက်လာပြီး ပဲသီးတောင့်အရွယ် ချွေးစေ့များ သူ့နဖူးမှ လိမ့်ဆင်းလာသည်။
" ခွေးသား၊ မင်း သေပြီပဲ။ ငါမင်းကို တရားရုံးကို သေချာပို့ပေးမယ် "
ယဲ့ဖန် သူ့ရှေ့၌ ဖြည်းညှင်းစွာ ထိုင်ချလိုက်သည်။
သူ မတတ်နိုင်ဘဲ ရယ်နေမိသည်။
" ခင်ဗျားတို့အားလုံး အတွင်းဒဏ်ရာ ခံစားနေရတာ။ မင်း ဆေးရုံသွားရင်တောင် ဘာရောဂါမှ ရှာရမှာ မဟုတ်ဘူး ....... အဲ့တော့ ကျုပ်ကို ဘယ်လိုဖမ်းမှာလဲ "
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၈၇ )
ယန်းချန်ကို ပြန်ရောက်ရင် ကိုယ့်မိန်းကလေး ဖြစ်ပေးမလား
မီကီချောင်ယန်း သူ့ကို စိုက်ကြည့်လိုက်သည်။
" တရားရုံးတွေ မပါဘဲနဲ့ ငါ့မှာ မင်းကို သတ်နိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိသေးတယ် "
မီကီချောင်ယန်းသည် သူ့ကို ဆက်၍ ခြိမ်းခြောက်ရဲသေးသည်ကို ယဲ့ဖန် မြင်လိုက်ရသည်။
ထို့ကြောင့် သူ့မျက်နှာကို မြေကြီးပေါ် ဆောင့်ကန်ချလိုက်သည်။
" ခင်ဗျား ကွပ်မျက်ဓားအောက်မှာ ဘယ်လို ခေါင်းငုံ့ရမယ်ဆိုတာ ဘာကို ဆိုလိုမှန်း မီကီဆန် မသိပုံရတယ်။ ဒါဆို ဒီနေ့ သင်ခန်းစာတစ်ခု သင်ပေးမယ် "
ယဲ့ဖန် ပြောနေရင်းဖြင့် မျက်နှာကို ဖိထားသော ခြေထောက်အား အားထည့်လိုက်သည်။
မီကီချောင်ယန်း သူ့ခေါင်းကို နင်းခံရ၍ ပေါက်ကွဲတော့မလို ခံစားနေရသည်။
သူသည် အလျင်အမြန် အသနားခံရတော့လေသည်။
" လူကြီးမင်း၊ ကျွန်တော့်အသက်ကို သနားပေးပါ ....... "
" အရင်က မေးခွန်းကို ထပ်မေးမယ်။ ယာဉ်တိုက်မှုဖြစ်ခဲ့တဲ့ ကားမောင်းသမားကို ခင်ဗျား ပို့ပေးခဲ့တာလား "
ယဲ့ဖန်သည် သူ့တောင်းဆိုသံကို ကြားပြီးနောက် သူ့ခြေထောက်မှ ခွန်အားကို အနည်းငယ် လျော့လိုက်သည်။
" ဒါက ကားသမားက ........ "
မီကီချောင်ယန်းသည် ချက်ချင်းပင် တုံ့ဆိုင်းသွားပြီး ဝန်ခံလိုခြင်းမရှိသည်မှာ မြင်သာနေသည်။
" ခင်ဗျားက အခေါင်းကို မတွေ့မချင်း ငိုမှာ မဟုတ်ဘူးဘဲ "
ယဲ့ဖန် အေးစက်စွာ နှာမှုတ်လိုက်သည်။
ထို့နောက် သူ့ခြေထောက်၌ ပို၍အားထည့်လိုက်လေသည်။
" အား ..... "
မီကီချောင်ယန်း ထပ်ပြီး အော်ဟစ်လိုက်ရကာ အမြန် ဝန်ခံခဲ့သည်။
" ဟုတ်တယ်၊ ငါ လွှတ်လိုက်တာ "
ယဲ့ဖန် သူ့ကို အပေါ်ကနေ ငုံ့ကြည့်သည်။
" ဘာလို့ ကျုပ်ကို သတ်ချင်နေတာလဲ။ လေလံပွဲကို မတက်ဖို့ တားချင်တာလား "
မီကီချောင်ယန်း မျက်လုံးများ လည်နေကာ အမြန်ခေါင်းညိတ်လိုက်သည်။
" ဟုတ်တယ်၊ မင်းက ရှေးဟောင်းပစ္စည်းတွေကို အကဲဖြတ်တဲ့နေရာမှာ အားကောင်းတယ်ဆိုတာ ငါ သိထားတယ်။ မင်းက ငါ့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုပဲ။ အဲ့တာကြောင့် ..... "
ယဲ့ဖန် သူ့ကို တားကာ ဖြတ်ပြောလိုက်သည်။
" ခင်ဗျား ကျုပ်အကြောင်း အချက်အလက်တွေ ဘယ်လို စုဆောင်းခဲ့တာလဲ "
မီကီချောင်ယန်း လျင်မြန်စွာ ပြုံးပြကာ မျက်နှာသာလုပ်လိုက်သည်။
" ယဲ့လူကြီးမင်းက တောင်ပိုင်းကွမ်တုန်းမှာ အရမ်းနာမည်ကြီးတာပါ။ လူကြီးမင်းအကြောင်းသိဖို့ မခက်ပါဘူး "
ယဲ့ဖန် အေးစက်စွာ ပြုံးလိုက်သည်။
" ကျုပ်အကြောင်း အချက်အလက်တွေရဖို့က လွယ်ပါတယ်။ ဒါပေမယ့် လူတိုင်းက ဒီလို အသေးစိတ်အချက်အလက်တွေကိုတော့ မရနိုင်ဘူး။ ခင်ဗျားက မရိုးသားသေးပုံရတယ် "
ယဲ့ဖန်သည် ပြောသည့်အတိုင်းပင် သူ့၏ ခွန်အားကို တိုးကာ ဖိပြန်သည်။
" အား ...... "
မီကီချောင်ယန်း နာကျင်စွာ ထပ်ပြီး အော်နေသော်လည်း ဤတစ်ကြိမ် သူ ဘာမှ ထပ်မပြောတော့ပေ။
ယဲ့ဖန် ရယ်လိုက်သည်။
ထို့နောက် သူ့ခြေထောက်ကို ဖြည်းညှင်းစွာ ရွှေ့လိုက်သည်။
" ခင်ဗျားရဲ့နောက်ကွယ်မှာ ဘယ်သူရှိနေလဲဆိုတာ ဂရုမစိုက်ဘူး။ ဒါပေမယ့် သူတို့ကိုပြောလိုက်။ ယဲ့ဖန်ဆိုတဲ့ ကျုပ်နဲ့ ရန်သူတွေဖြစ်ချင်ရင် သင်္ချိုင်းကောင်းကောင်းကို အရင်ရွေးထားတာ ပိုကောင်းမယ် "
ထိုစကားကို ပြောပြီးနောက် သူ လှည့်၍ လင်းကျွင်းကျွင်းနှင့်အတူ ထွက်ခွာသွားခဲ့သည်။
ယဲ့ဖန် သူ့ကို အမှန်တကယ် စစ်ဆေးမေးမြန်းချင်ပါက စကားပြောထွက်လာစေရန် တွန်းအားပေးနိုင်သည့် နည်းလမ်းများစွာ ရှိလေသည်။
သို့သော် မီကီချောင်ယန်း၏ နောက်ကွယ်မှလူကို ယဲ့ဖန် ခန့်မှန်းထားပြီး ဖြစ်သောကြောင့် ယခုအချိန်တွင် ထိုသို့လုပ်ရန် မလိုအပ်တော့ပေ။
မကြာခင် ဆုံတွေ့ကြမည်ကို သူ ယုံကြည်သည်။
မွန်းတည့်ချိန် နီးနေပြီဖြစ်၍ လေလံပွဲသို့ မပြန်တော့ပေ။
ထိုအစား သူသည် နေ့လယ်စာစားရန်အတွက် လင်းကျွင်းကျွင်းကို စားသောက်ဆိုင်တစ်ခုသို့ ခေါ်သွားခဲ့သည်။
" ယဲ့ဖန်၊ ရှင် ဒီနေ့ တကယ်ကို မိုက်တာပဲ "
သူတို့ ထမင်းစားနေစဉ် လင်းကျွင်းကျွင်း မတတ်နိုင်ဘဲ ချီးကျူးလိုက်သည်။
" ကိုယ်က ဘယ်နေ့က မမိုက်လို့လဲ "
ယဲ့ဖန် ချက်ချင်း မေးလေသည်။
လင်းကျွင်းကျွင်း စကားမပြောနိုင်ပင် ဖြစ်သွားသည်။
တခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမ စကားပြန်ပြောသည်။
" ကျွန်မက စိတ်ရင်းအမှန်နဲ့ ပြောနေတာ။ ရှင့်ကြောင့်သာ မဟုတ်ရင် ဘာလုပ်ရမယ်ဆိုတာ တကယ်မသိတော့ဘူး "
ယဲ့ဖန် ဆိုးသွမ်းသော အပြုံးကို ထုတ်ဖော်လိုက်သည်။
" နောက်ဆုံးတော့ မင်း ကိုယ်မရှိဘဲ မနေနိုင်ဘူးဆိုတာ သဘောပေါက်သွားပြီ မဟုတ်လား "
လင်းကျွင်းကျွင်း၏ လှပသော မျက်နှာလေးသည် နီရဲနေပြီး သူမ သူ့ကိုသာ စိုက်ကြည့်နေမိသည်။
" ရှင် ဘာလို့ ဒီလောက် ညစ်ပတ်ရတာလဲ။ ကျွန်မ ရှင့်ကို အလေးအနက်ထား ပြောနေတာ။ ဘာလို့ အဲ့ဒီအကြောင်းကိုပဲ ဆက်ပြောနေတာလဲ "
ယဲ့ဖန် သူမလက်လေးကို လှမ်းကိုင်လိုက်သည်။
" အလုပ်ရှုပ်နေတဲ့အချိန်မှာတော့ အလေးအနက်ထားရမယ်။ မင်း အလုပ်တွေ ပြီးသွားပြီဆိုတော့ ဘာကို အလေးအနက် ထားနေသေးတာလဲ။ မင်း ဘာလို့ ဒီလောက် ပျင်းစရာကောင်းနေတာလဲ "
လင်းကျွင်းကျွင်း သူမလက်ကို ပြန်ဆွဲထုတ်ရန် ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပေ။
သူ့လက်ကို ဆက်ကိုင်ထားရုံသာ တတ်နိုင်သည်။
" ဒါဆို ရှင်က အလေးအနက်မထားဘူးဆိုတာ ဝန်ခံနေတာလား "
ယဲ့ဖန် လက်ညိုးကို ဆန့်ထုတ်လိုက်ပြီး သူမ၏ လက်ဖဝါးနုနုကို ကုတ်လိုက်သည်။
" တကယ်တော့ ကိုယ် အရမ်းအလေးအနက်ထားပါတယ်။ အရမ်းလေးနက်လို့ ဒီလို စောင့်နေတာပေါ့။ မင်းကို အလေးအနက်မထားရင် အရင်ကတည်းက လုပ်ပြီးပြီ "
လင်းကျွင်းကျွင်း၏ လှပသော မျက်နှာလေးသည် ထိုစကားကို ကြားလိုက်သောအခါ နားအထိ နီရဲနေပြီ ဖြစ်သည်။
" ရှင် ....... မဟုတ်တဲ့စကားတွေ ထပ်မပြောနဲ့။ ရှင် ထပ်ပြီးပြောရင် ကျွန်မ ..... "
သူမသည် 'ကျွန်မ'ဟု အချိန်အတော်ကြာ ပြောနေခဲ့သော်လည်း နောက်ဆုံး၌ သူ့ကို ဘယ်လို အပြစ်ပေးရမည်အား မစဉ်းစားနိုင်ပေ။
သူမ၏ နုံအသောပုံစံက ယဲ့ဖန်ကို စိတ်လှုပ်ရှားစေသည်။
" ကျွင်းကျွင်း "
" ဟင်မ် ...... "
" ကိုယ် မင်းနဲ့ ဆွေးနွေးစရာရှိတယ် "
" ဘာလဲ "
" ဒီည ကိုယ် မင်းကို လာရှာမယ် "
လင်းကျွင်းကျွင်း၏ လှပသော မျက်လုံးလေးများသည် ချက်ချင်းပင် သူ့ကို ကြောင်အလျက် စိုက်ကြည့်လာခဲ့သည်။
" ဘာလဲ၊ မင်း သဘောတူလား "
ယဲ့ဖန်သည် သူမ အံ့အားသင့်သွားသည်ကို မြင်လိုက်ရသောကြောင့် သူမကို တိုက်တွန်းရုံသာ တတ်နိုင်ခဲ့သည်။
" မဟုတ်ဘူး၊ ကျွန်မ ... ဒီညအတွက် လေယာဉ်လက်မှတ် ကြိုဖြတ်ပြီးသွားပြီ။ မကြာခင် ယန်းချန်မြို့ကို ပြန်တော့မှာ "
လင်းကျွင်းကျွင်း ရှက်ရွံ့စွာ ခေါင်းယမ်းပြသည်။
" ယန်းချန်မြို့ကို ဒီလောက်မြန်မြန် ပြန်တော့မှာလား "
ယဲ့ဖန် အံ့သြသွားသည်။
" ဟုတိတယ်။ ဒီလေလံပွဲအတွက်ပဲ ကျွန်မ ဂျပန်ကို လာခဲ့တာ။ အခု လေလံပွဲပြီးသွားပြီဆိုတော့ ပြန်သွားရမယ် "
လင်းကျွင်းကျွင်းက ရှင်းပြသည်။
" နောက်တစ်ရက်မှ ထွက်သွားလို့ မရဘူးလား "
ယဲ့ဖန် သူမကို နှိုးဆွနေပြီဖြစ်သည်။
သူမကို ဒီအတိုင်း လွှတ်ထားချင်တာတော့ အမှန်ဘဲ။
"မတတ်နိုင်ဘူးလေ လေယာဉ်လက်မှတ်တွေ ကြိုပြီးပြီ"
လင်းကျွင်းကျွင်း သည် ချက်ချင်းပင် ခေါင်းယမ်းကာ ငြင်းလိုက်သည်။
ယဲ့ဖန်သည် သူမ၏လက်ကို ဖြည်းညှင်းစွာ လွှတ်လိုက်ပြီး စိတ်ပျက်သော အမူအရာဖြင့် သူ့ကုလားထိုင်ကို နောက်သို့ မှီလိုက်သည်။
" ဒါဆို မေ့လိုက်တော့ "
လင်းကျွင်းကျွင်းသည် သူ၏ စိတ်ပျက်လက်ပျက် အမူအရာကို မြင်လိုက်ရသောအခါ သူမ၏ နှလုံးသားသည် အကြောင်းပြချက်မရှိဘဲ နာကျင်လာသည်။
သူမသည် သူ့လက်ကို အမြန်ကိုင်လိုက်သည်။
" ရှင် ... ရှင် ကျွန်မကို တကယ်နေစေချင်တာလား "
ယဲ့ဖန်သည် သူမ၏ ကြောက်ရွံ့နေသော အမူအရာကို မြင်ပြီး ချက်ချင်း ပြုံးလိုက်သည်။
" ကိုယ်မင်းကို နောက်နေတာပါ။ ကိုယ်လည်း မကြာခင် ပြန်လာမှာပဲ။ ရက်နည်းနည်းပဲ လိုတော့တယ် "
" ဟုတ်ကဲ့ပါ "
လင်းကျွင်းကျွင်း ချက်ချင်း ခေါင်းညိတ်လိုက်သည်။
" အချိန်တွေ အများကြီး ရှိပါသေးတယ်။ ဘာလို့ အလောကြီးနေတာလဲ "
ယဲ့ဖန် သူမကို ချက်ချင်း ကြည့်လိုက်သည်။
" အိုး၊ မန်နေဂျာလင်းက ဘာကို အရိပ်အမြွက်ပြောနေတာလဲ "
လင်းကျွင်းကျွင်း ရှက်ရွံ့ပြီး ခေါင်းငုံ့လိုက်သည်။
" ရှင် အတွေးလွန်တာလား။ ကျွန်မ ဘာမှ အရိပ်အမြွက် မပေးပါဘူး "
ယဲ့ဖန် ရုတ်တရက် ထရပ်ပြီး သူမနားထဲသို့ တိုးတိုးလေး ပြောသည်။
" ကိုယိတို့ Yang Chengကို ပြန်ရောက်ရင် မင်း ကိုယ့်မိန်းမလေး ဖြစ်ပေးမလား "
လင်းကျွင်းကျွင်း၏ လှပသော မျက်နှာလေး နီရဲသွားသည်။
သို့သော် အဆုံး၌ ခေါင်းညိတ်ပြပြီး တိုးတိုးလေး ပြန်ဖြေသည်။
" အင်း "
ယဲ့ဖန်သည် သူ့မျက်နှာပေါ်တွင် ဆိုးညစ်သော အပြုံးတစ်ခု ရှိနေသည်။
" မင်း သဘောတူပြီးသားဆိုတော့ အခု စမ်းကြည့်လို့ ရပြီလား "
သူ စကားပြောနေစဉ် သူ့လက်ကို ဖြည်းညှင်းစွာဆန့်ကာ သူမ၏ရင်ဘတ်ကို လှမ်းကိုင်လိုက်သည်။
" အား ..... "
လင်းကျွင်းကျွင်း ချက်ချင်း အော်ပြီး အမြန်ထလိုက်သည်။
" နှာဘူး "
ထို့နောက် အေးစက်ဆူပုတ်သော မျက်နှာထားဖြင့် ပြေးထွက်သွားသည်။
ယဲ့ဖန်သည် ထိုနေရာတွင် ရပ်ကျန်ခဲ့ပြီး သူ့မျက်နှာ၌ ထိတ်လန့်နေပုံရသည်။
မိန်းကလေးတိုင်းက ဒီလိုစိတ်နှစ်ခွပဲလား။
သူမသည် သဘောတူထားသော်လည်း လက်တွေ့ဖြစ်လာသည့်အခါ အထိမခံဖြစ်နေခဲ့သည်။
ထိုအချိန်တွင် စားသောက်ဆိုင်ရှိ လူအများအပြားက သူ့ကို ထင်မြင်သေးစွာ ကြည့်နေကြသည်ကို သတိပြုမိသည်။
သူတို့သည် သူ့ကို မကောင်းသည့်လူတစ်ယောက်လို သဘောထားနေကြသည်မှာ သိသာသည်။
" ဟားဟား၊ အဲ့တာ ကျွန်တော့်ရည်းစားပါ။ သူက စကားနည်းနည်း များနေလို့ "
သူ အမြန်ရှင်းပြပြီး ငွေရှင်းရန် ချက်ချင်းထရပ်ကာ ထွက်သွားသည်။
ထို့နောက် လူအုပ်ကြီး၏ ဆွေးနွေးမှုများကို ကြားလိုက်ရသည်။
" အဲ့ဒီလူက အဲ့မိန်းကလေးကို တကယ် အနိုင်ကျင့်နေတာပဲ "
" ဟုတ်တယ်။ သူက သူ့ရည်းစားလို့တောင် ပြောရဲသေးတယ်။ သူ့ရဲ့ သနားစရာကောင်းတဲ့ ရုပ်ရည်က ငါ့လောက်တောင် မချောဘူး။ ဟိုမိန်းမလှလေးက သူ့ကို ကြိုက်မှာတဲ့လား "
" အမလေး … ညီအစ်ကို၊ ကိုယ့်ကိုယ်ကိုယ် သတိတော့ရှိပါလား။ ဒီကလေးက မင်းထက်တော့ ပိုချောတယ် "
" အဟမ်း၊ ရုပ်ချောတာ ဘာသုံးရမှာလဲ။ ငါက သူ့ထက် ပိုချမ်းသာတယ် "
" ဒါဆို မနှစ်က ချေးထားတဲ့ ဂျပန်ယန်း ၃၀၀၀ကို ပြန်ပေးနိုင်မလား "
" အာ ..... နိုင်ငံတကာက အခြေအနေတွေကို ဆက်ပြောကြရအောင် "
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၂၈၈ )
ယဲ့ဖန် မင်းသေနေ့က နီးပြီ
" အဲ့တာပါပဲ။ ကျွန်တော်တို့ ပစ္စည်းတွေ အားလုံးကို အဲ့ဒီကလေးက လုယူသွားတာပါ "
အနည်းငယ် ကျဉ်းမြောင်းသော အခန်းတစ်ခုထဲတွင် မီကီချောင်ယန်းသည် ယနေ့ဖြစ်ပျက်ခဲ့သည်များကို အသေးစိတ် တင်ပြခဲ့သည်။
ထိုလူသည် အသက်လေးဆယ်အရွယ်လောက်ရှိကာ သူ့မျက်နှာမှာ အလွန်ချောမောကာ လူအများက သူ့ကို ကြည့်လိုက်ရုံဖြင့် သိမ်ငယ်စိတ်ကြောင့် ချက်ချင်း ရှက်သွားစေနိုင်သည်။
မီကီချောင်ယန်းသည် ထိုလူ၏ အမည်ကို မသိပေ။
သူ၏ လျှို့ဝှက်နာမည်ကို ညှင်း၆ပွင့် (♣️6)လို့သာ သိထားသည်။
ဤလျှို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်းတွင် သူသည် သူ၏ အထက်လူကြီးအဖြစ် သတ်မှတ်နိုင်သည်။
ညှင်း၆ပွင့်သည် သူပြောသည်ကို နားထောင်ပြီး အကြာကြီး စကားမပြောဘဲ အခြားအရာများကို တွေးနေပုံရသည်။
မီကီချောင်ယန်းသည် သူ့ကို အကြိမ်ပေါင်းများစွာ အကဲခတ်နေခဲ့သည်။
အဆုံး၌ သူ မထိန်းနိုင်တော့ဘဲ ဆက်မေးခဲ့သည်။
" ညှင်း၆ပွင့်၊ ဘာတွေများ တွေးနေတာပါလဲ။ ဒီကလေးက ပစ္စည်းတွေကို ယူသွားတာ ခွင့်ပြုလိုက်ဖို့ တကယ် စီစဉ်နေတာလား။ ဒါဆို ဒီတစ်ခါ ကျွန်တော်တို့ရဲ့ ဆုံးရှုံးမှုက ဒီတစ်ခါပဲ ကြီးမားပါလိမ့်မယ် "
ထိုအခါမှသာ ညှင်း၆ပွင့်သည် စိတ်လွတ်နေရာမှာ အသိပြန်ကပ်လာသည်။
သူသည် မီကီကို ဘာသိဘာသာ စိုက်ကြည့်နေသည်။
" အလျင်မလိုဘူး "
မီကီချောင်ယန်းသည် သူ့ထိုင်ခုံမှ အမြန်ထလိုက်သည်။
" လူကြီးမင်းက အလျင်မလိုပေမယ့် ကျွန်တော်ကတော့ အလျင်လိုတယ်။ ဒါ အဖွဲ့အစည်းက ကျွန်တော့်ကို ပေးထားတဲ့ တာဝန်တစ်ခုပဲ။ ဒါပေမယ့် ကျွန်တော် ရှုပ်ခဲ့မိတယ်။ ကျွန်တော်တို့ရဲ့ ဆုံးရှုံးမှုတွေကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်မရနိုင်ဘူးဆိုရင် ဘယ်လို ပြစ်ဒဏ်မျိုး ခံရမယ်ဆိုတာ မသိနိုင်ဘူး။ ဒီကလေးကို ကြောက်နေရင် သူ့ကို သတ်ဖို့ နည်းလမ်းကို ကိုယ်တိုင် စဉ်းစားလိုက်မယ် "
" မလိုဘူး "
ညှင်း၆ပွင့်သည် ချက်ချင်း ငြင်းလိုက်ကာ သူ့လေသံမှာ အနည်းငယ် ပို၍ပြင်းထန်လာသည်။
Chaoyang မီကီ နောက်ဆုံး၌ မခံနိုင်တော့ချေ။
" ဒါ မလိုဘူး၊ ဒါ မဖြစ်ဘူးနဲ့။ ခင်ဗျား ဘာတွေတွေးနေတာလဲ။ ကျွန်တော့်ကို အမှန်တိုင်း ပြောပေးနိုင်မလား "
ညှင်း၆ပွင့်သည် သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
" ငါတို့ရဲ့ အရေးကြီးဆုံးအလုပ်က ယုကျိုးအိုးကို ရအောင်ယူဖို့ပဲ။ တခြားကိစ္စတွေ အားလုံးကို ဘေးဖယ်ထားနိုင်တယ်။ ယဲ့ဖန်က ယုကျိုးအိုးနဲ့ ယှဉ်ရင် ပြောဖို့တောင် မထိုက်တန်ဘူး "
ယုကျိုးအိုးအကြောင်းကို မီကီချောင်ယန်း ကြားသောအခါ ချက်ချင်းရပ်သွားသည်။
" ယုကျိုးအိုးကို ရှာတွေ့ပြီလား "
ညှင်း၆ပွင့်က ခေါင်းညိတ်လိုက်သည်။
" ရတော့မယ် "
သူသည် အချက်အလက်များကို အသေးစိတ် မပြောချင်သည်ကို မြင်ပြီး မီကီချောင်ယန်း ဆက်မမေးတော့ဘဲ ယခင်အကြောင်းအရာကို ပြန်သွားခဲ့သည်။
" ဒါတရုတ်ဝက်တစ်ကောင်ပဲ မဟုတ်လား။ ကျွန်တော်တို့လက်ထဲကို ယုကျိုးအိုး ရောက်တဲ့အထိ စောင့်စရာ မလိုပါဘူး။ သူ့ကို အခုပဲ ရှင်းထုတ်နိုင်တယ် "
ညှင်း၆ပွင့်သည် သူ့ကို သုန်မှုန်စွာ ကြည့်လိုက်သည်။
" ဒီလူကို မင်း သေချာအာရုံစိုက်ဖို့ လိုမယ်ထင်တယ်။ သူက ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလို အောင်မြင်မှုတွေ ရထားတော့ သူက မရိုးရှင်းလောက်ဘူး။ သူ့ကို လျှော့တွက်လိုက်ရင် ငါတို့ရဲ့ အစီအစဥ်တွေ ပျက်စီးသွားမှာ စိုးရိမ်ရတယ် "
မီကီချောင်ယန်း၏ မျက်နှာပေါ်တွင် လှောင်ပြောင်ရိပ်တစ်ခု ပေါ်လာသည်။
သူ့ကို ဆက်ပြီး လှောင်ပြောင်ချင်လေသည်။
သို့သော် ညှင်း၆ပွင့်၏ အေးစက်သော အကြည့်ကို တွေ့လိုက်ရပြီးနောက် သူပြောချင်သည့် စကားများကို အဆုံး၌ မျိုချလိုက်သည်။
" နားလည်ပါပြီ "
ထိုမှ ညှင်း၆ပွင့်၏ အမူအရာသည် အနည်းငယ် တိုးတက်လာခဲ့သည်။
" အဲ့တာ အကောင်းဆုံးပဲ။ ကောင်းပြီ၊ မင်းအရင်ပြန်သွားလို့ရတယ် "
မီကီချောင်ယန်း ထခါနီး ရုတ်တရက် ချောင်းခြောက်ဆိုးပြီး ပါးစပ်ထဲမှ သွေးများ ထွက်ကျလာလေသည်။
ထိုမြင်ကွင်းကို ညှင်း၆ပွင့်သည် မြင်ပြီး ကြွေပုလင်းအဖြူကို ချက်ချင်းထုတ်ပြီး ပေးလိုက်သည်။
" မင်း ဒဏ်ရာ ရထားတာပဲ။ ခဏလောက် ပြန်ပြီးအနားယူလိုက် "
မီကီချောင်ယန်းသည် ကြွေပုလင်းကို တွေ့သောအခါ ချက်ချင်း မယူသွားပေ။
ထိုအစား သူက ညှင်း၆ပွင့်ကို စူးရဲစွာ စိုက်ကြည့်နေသည်။
" ဟားဟား၊ စိတ်မပူပါနဲ့။ ဒါက အဆိပ်မဟုတ်ဘူး။ မင်း တာဝန်မကျေတာနဲ့ မင်းအသက်ကို သတ်မှာမဟုတ်ဘူး။ မင်းငါ့ကို မယုံရင် ငါ အရင်စားပြနိုင်တယ် "
ညှင်း၆ပွင့်သည် ထိုသို့ပြောပြီး ချက်ချင်း သူ့ပါးစပ်ထဲသို့ ဆေးလုံးကို လောင်းထည့်လိုက်သည်။
မီကီချောင်ယန်း ရယ်မောပြီး ဆေးကို ယူလိုက်သည်။
" ဘာလို့ ခင်ဗျားကို သံသယရှိရမှာလဲ။ တခြားဘာမှ မရှိဘူး ဆိုရင် သွားလိုက်ပါဦးမယ် "
ထိုသို့ဖြင့် သူ လှည့်ထွက်သွားသည်။
ညှင်း၆ပွင့်သည် ကုလားထိုင်ပေါ်ပြန်ထိုင်ကာ လက်ဖက်ရည်သောက်ရင်း ရယ်မောလိုက်သည်။
ဒီလိုအမှိုက်မျိုးက ဘယ်တော့မှ ကြီးကြီးမားမား ဖြစ်လာမှာ မဟုတ်ဘူး။
ထို့နောက် သူ အလွန်မုန်းတီးနေသော လူငယ်လေးအကြောင်းကို တွေးကာ သူ့အမူအရာသည် ချက်ချင်း အေးစက်သွားသည်။
" ယဲ့ဖန်၊ မင်း သေခါနီးပြီ "
ယဲ့ဖန်သည် လင်းကျွင်းကျွင်းကို လေဆိပ်သို့ လိုက်ပို့ပြီး လေယာဉ်ထွက်ပြီးနောက် ဟိုတယ်သို့ ပြန်လာခဲ့သည်။
မနက် ၁ နာရီလောက် ရှိပြီဖြစ်ကာ လမ်း၌ ကားအနည်းငယ်သာ ရှိသည်။
ထို့ကြောင့် အတားအဆီးမရှိဘဲ ဟိုတယ်သို့ ပြန်လာခဲ့သည်။
ကားပါကင်တွင် ကားကို ရပ်ထားပြီး တံခါးကိုမဖွင့်မီ သူ့ကားရှေ့၌ သွေးထွက်သံယို ဖြစ်နေသော ပုံရိပ်ကို တွေ့လိုက်ရသည်။
ထို့နောက် စကားမပြောနိုင်ခင်မှာပင် မြေပြင်ပေါ်သို့ လဲကျသွားသည်။
ယဲ့ဖန်၏ အမူအရာ ပြောင်းသွားသည်။
တံခါးကို အမြန်တွန်းဖွင့်ပြီး ကားပေါ်မှ ဆင်းလိုက်သည်။
ကားရှေ့မီး၏ အကူအညီဖြင့် သူ့ရှေ့မှလူသည် သူ မတွေ့တာ ကြာပြီဖြစ်သော အားကန်ဖြစ်သည်ကို ရှင်းလင်းစွာ မြင်လိုက်ရလေသည်။
လက်ရှိတွင် အားကန်၏တစ်ကိုယ်လုံးတွင် သွေးများစွန်းနေကာ သူ့အဝတ်အစားများသည်လည်း သွေးများဖြင့် နီရဲရွှဲစိုနေသည်။
သူ့လက်ထဲ၌ ဘတ်စကတ်ဘော အရွယ်လောက်ရှိသည့် အဝတ်အိတ်တစ်ခု ရှိနေသည်။
အထဲ၌ ဘာရှိနေသည်ကို သူ မသိပေ။
ယဲ့ဖန် မေးရန် အချိန်မရှိ၌ အားကန်ကို ကူညီဖို့ အလျင်စလို လျှောက်သွားခဲ့သည်။
" အားကန်၊ ခင်ဗျား အဆင်ပြေလား "
အားကန်၏ မျက်လုံးများ အနည်းငယ် ပွင့်လာသည်။
" ယဲ့ ..... ယဲ့လူကြီးမင်း ..... ကျ .... ကျွန်တော့်ကို အနောက်က လူလိုက်နေတယ် ... "
ထိုသို့ပြောပြီးနောက် ခေါင်းငုံ့ကာ မေ့လဲသွားတော့သည်။
ယဲ့ဖန်၏ အမူအရာ ပြောင်းသွားသည်။
သူသည် ကားအင်ဂျင်ကို ပိတ်ပြီးနောက် အားကန်ကို သယ်ကာ အမှောင်ထဲသို့ အမြန်ပုန်းနေလိုက်သည်။
သူတို့နှစ်ယောက် ထွက်သွားပြီး သိပ်မကြာခင်မှာပင် အနက်ရောင် ၀တ်စုံနှင့် လူတစ်စုသည် မြေအောက် ကားပါကင်ထဲသို့ အလျင်အမြန် ပြေးလာကြသည်။
" သူဘယ်မှာလဲ။ သူ ဒီဘက်ကို ပြေးသွားတာ ငါ သေချာမြင်လိုက်တယ် "
လူအုပ်ထဲမှ တစ်စုံတစ်ယောက်က အရင်စကားပြောသည်။
အဖွဲ့ခေါင်းဆောင်သည် အရပ်ပုပုဖြင့် စူးရှသော အကြည့်မျိုး ရှိသည်။
ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်နေပြီး သူ့မျက်လုံးများမှာ သိမ်းငှက်တစ်ကောင်လို ဖြစ်လေသည်။
" ငါတို့ မင်းကို တွေ့ပြီးပြီ။ မင်းကိုယ်တိုင် ထွက်လာလိုက်။ အဲ့တာဆို သက်သာလိမ့်မယ် "
ထိုသို့ပြောပြီးနောက် အချိန်အတော်ကြာအောင် စောင့်ဆိုင်းခဲ့သော်လည်း တုံ့ပြန်မှုတစ်စုံတစ်ရာ မရခဲ့ပေ။
သူ့နောက်မှ လူများကို လက်ဝှေ့ယမ်းပြလိုက်ပြီး ထိုလူ၏ မျက်နှာထားမှာ မည်းမှောင်နေသည်။
" သူ အသက်ရှင်နေသေးတယ်ဆိုရင် ငါတို့တွေ့ရမယ်။ သူ သေရင်လည်း သူ့အလောင်းကို ငါတို့ တွေ့ရမယ်။ ဒီနေ့ မြေကြီးထဲကို သုံးပေတူးရရင်တောင် ယုကျိုးအိုးကို ရှာရမယ်။ မဟုတ်ရင် ငါတို့ထဲက တစ်ယောက်မှ အသက်ရှင်မှာ မဟုတ်ဘူး "
" ဟုတ်ကဲ့ပါ "
လူအုပ်စုသည် မြေအောက်ကားပါကင်ကို ချက်ချင်း ရှာဖွေခဲ့ပြီး ထောင့်တိုင်းကို အလွှတ်မပေးသော်လည်း နောက်ဆုံးတွင် ဘာကိုမှ မတွေ့ခဲ့ပေ။
" ဒီခွေးသားက ငါတို့ကြောင့် ဒဏ်ရာအပြင်းအထန်ရထားတာကို မတွေ့တာဆိုတော့ သူတောင်ပံတွေပေါက်ပြီး ပျံသွားတာ မလို့လား "
" သူ ဒီနေရာကို ပြေးလာတာ သေချာပေါက် မြင်လိုက်ရတယ်။ သူ ဘယ်လိုလုပ်ပြီး သဲလွန်စမှ မရှိဘဲ ပျောက်သွားရတာလဲ "
" တစ်ယောက်ယောက်က သူ့ကို လာခေါ်သွားတာ ဖြစ်နိုင်မလား "
" ဖြစ်နိုင်မယ် ထင်တယ်။ လာခေါ်တဲ့လူက အနီးနားမှာပဲ ရှိလောက်တယ်။ ငါတို့ သူ့ကို ရှာရင် တွေ့နိုင်လိမ့်မယ် ...... "
ထိုလူအုပ်စုသည် ရှာဖွေနေလျက် အထင်အမြင်ချင်း ဖလှယ်နေကြသည်။
ထိုအချိန်တွင် ဦးဆောင်သူသည် ယဲ့ဖန်၏ ကားဆီသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။
သူသည် ကားခေါင်းကို ထိလိုက်ရာ သူ့မျက်လုံးများမှာ ချက်ချင်း မှေးမှိတ်သွားသည်။
" ဒီကားက ရပ်ထားတာ မကြာသေးဘူး။ ပိုင်ရှင်ကို ချက်ချင်း စစ်ဆေးဖို့ တစ်ယောက်ယောက်ကို ပို့လိုက် *
" ဟုတ်ကဲ့ပါ "
လက်အောက်ငယ်သားတစ်ဦးသည် အမိန့်ကို လက်ခံရရှိပြီး ချက်ချင်း ထွက်ခွာသွားခဲ့သည်။
ထိုလူများသည် မြေအောက်ကားပါကင်ကို ရှာဖွေနေချိန်တွင် ယဲ့ဖန်သည် အားကန်ကို ဟိုတယ်ခန်းထဲသို့ ခေါ်ဆောင်သွားခဲ့ပြီးဖြစ်သည်။
ဒုက္ခမဖြစ်စေရန်အတွက် ပင်မဝင်ပေါက်မှ မဝင်ဘဲ အနောက်တံခါးမှ ဝင်ခဲ့သည်။
ချန်းဖေးအယ်သည် သွေးများဖြင့် ပြည့်နေသော လူအား ခေါ်လာသည်ကို မြင်သောအခါ သူမ အမြန်ထပြီး လမ်းလျှောက်လာခဲ့သည်။
" ဒီလူက ဘယ်သူလဲ "
" အားကန် "
ယဲ့ဖန်သည် ထိုသို့ပြောပြီး အားကန်ကို ရေချိုးခန်းထဲသို့ ခေါ်လာခဲ့သည်။
သူ၏ ခန္ဓာကိုယ်အခြေအနေကို စစ်ဆေးကြည့်ရာ အားကန်သည် မျှော်လင့်ထားသည်ထက် အခြေအနေ ပိုကောင်းကြောင်း တွေ့ရှိခဲ့သည်။
လူသည် ကြောက်စရာကောင်းသော်လည်း အများစုမှာ ပြင်ပဒဏ်ရာများသာ ဖြစ်သည်။
အဆိုးဆုံးမှာ ညာဘက်ခြေထောက် ကျိုးသွားခြင်းဖြစ်သော်လည်း အသက်မသေနိုင်ပေ။
သူ့ခန္ဓာကိုယ်မှ သွေးများကို ချက်ချင်းဆေးကြောပြီးသည့်နောက်လရေချိုးကန်တစ်ခုလုံး အနီရောင်ဖြစ်လာသည်။
ထို့နောက် အားကန်၏ ဒဏ်ရာများကို ကုသရန် ကူညီပေးခဲ့သည်။
ဤအလုပ်များသော လုပ်ငန်းစဉ်သည် နာရီဝက်ကျော် ကြာမြင့်သည်။
အားကန်လည်း ဖြည်းညှင်းစွာ နိုးလာသည်။
ဤလူ၏ အန္တရာယ် အာရုံခံနိုင်စွမ်းမှာ အတော်ပင် အားကောင်းလေသည်။
နိုးလာသည်နှင့် ချက်ချင်း လှည့်ထွက်ပြေးရန် လုပ်သည်။