← Chapters

အကွက်ဆင်ခြင်း

Vol. 150 Ch. 2139

အကွက်ဆင်ခြင်း

Vol. 150 Ch. 2139

နဝမတည်းခိုဆောင်တွင် လင်ရှန်းက ရီဖူရှင်းနှင့် ရှေးဟောင်းတော်ဝင် သွမ့်မိသားစုမှ ဧည့်သည်တော်များကို ကိုယ်တိုင် စားသောက်ပွဲ တည်ခင်းဧည့်ခံပေးလေသည်။

တည်းခိုဆောင်အတွင်းမှ တန်ခိုးရှင်များက ဤတွေ့ဆုံပွဲကို အာရုံစိုက်နေကြသည်။ သူတို့က မည်သည့်နေရာမှ လာခြင်းဖြစ်ကြောင်း ခန့်မှန်းနေကြပြီး ယခု ကိုးလမ်းမှ လူအားလုံးက သူတို့၏ တုံ့ပြန်မှုကို ​စောင့်ကြည့်နေကြသည်။

စားသောက်ပွဲတွင် လင်ရှန်းက အဓိကထိုင်ခုံတွင် ထိုင်နေကြသော လူငယ်လေးများအတွက် အရက်ကို ကိုယ်တိုင် လောင်းထည့်ပေးခဲ့သည်။ ရီဖူရှင်းက သူတို့ကို မည်သို့ ခေါ်ရမည်လဲ မသိသော်လည်း လူငယ်လေးက ပြုံးကာ စကားစလာသည်။ "ဆရာသခင်ချီအနေနဲ့ ခန့်မှန်းမိတာ တစ်ခုနှစ်ခု ရှိမယ်ထင်တယ်။ ဒါကြောင့် စီနီယာအနေနဲ့ ဒါကို ဖုံးကွယ်ထားဖို့ မလိုအပ်ပါဘူး။"

လင်ရှန်းက ပြုံးကာ ခေါင်းညိတ်လိုက်သည်။ သူက လက်ဟန်အမူအရာနှင့် ပြကာ ယဥ်ကျေးစွာ ပြောလိုက်သည်။ "အရှင်မင်းသား... ကျေးဇူးပြုပြီး..။"

လူငယ်လေးက အပြုံးနှင့် ခေါင်းညိတ်ကာ ရီဖူရှင်းအား ကြည့်လိုက်သည်။ ထင်ထားသလိုပင် ရီဖူရှင်း၏ အမူအရာက တည်ငြိမ်နေဆဲ ဖြစ်၏။ "ဆရာသခင်က ကျုပ်တို့ ဘယ်သူဆိုတာ ခန့်မှန်းပြီးသား ဖြစ်ရမယ်။"

"ထျန်းယိအိမ်တော်က ကိုးလမ်းမှာ နံပါတ်တစ်ကုန်သွယ်ရေးအိမ်တော် တစ်ခုပဲ။ ဒါပေမယ့် မင်းတို့က ထျန်းယိအိမ်တော်သခင်ကို အမိန့်ပေးနိုင်စွမ်း ရှိတယ်။ အဲဒီလိုဆိုမှ ရှေး​ဟောင်းတော်ဝင်မိသားစုရဲ့ တန်ခိုးရှင်တွေကလွဲပြီး ဘယ်သူဖြစ်နိုင်မှာလဲ။ ဒါပေမယ့် မင်းရဲ့တကယ့် အဆင့်အတန်းအမှန်ကိုတော့ မသိခဲ့ပါဘူး။" ရီဖူရှင်းက သူ၏ ဟိတ်ဟန်များသော ပုံပန်းသွင်ပြင်ဖြင့် ဆက်မနေတော့ပေ။ ရှေးဟောင်းတော်ဝင် မိသားစုမှလူများနှင့် ရင်ဆိုင်ရသည့်အခါ ဤသို့ ဆက်လက်ပြုမူနေခြင်းက အဓိပ္ပါယ်မဲ့ပေသည်။

မဟာနတ်ဘုရားများကုန်းမြေတွင် ရှေး​ဟောင်းတော်ဝင် သွမ့်မိသားစုက အထွတ်အထိပ်၌ တည်ရှိပေသည်။ အာခီမီဆရာသခင်တစ်​ယောက်က မည်မျှ အစွမ်းထက်နေပါစေ သူ့ရှေ့ရှိ ထိုလူထက် ပိုပြီး အဆင့်အတန်း မြင့်မားလိမ့်မည် မဟုတ်ပေ။

"ကျုပ်နာမည်က သွမ့်ရိပါ။ ဒါကတော့ ကျုပ်အစ်မ သွမ့်ရှန်း။ ကျုပ်တို့က ရှေးဟောင်းတော်ဝင် မိသားစုဝင်တွေပါ။" လူငယ်​လေးက ရီဖူရှင်းအား ကြည့်ကာ သွမ့်မိသားစု၏ မျိုးဆက်ဟူသော မာန်မာနမထားဘဲ အလွန် ယဥ်ကျေးစွာဖြင့် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ခဲ့သည်။

ရှေးဟောင်းတော်ဝင် သွမ့်မိသားစု၌ မျိုးဆက်များစွာ ရှိပြီး သူတို့ကြားတွင် ကြောက်မက်ဖွယ် ယှဥ်ပြိုင်မှုများ ရှိကြသည်။ သို့သော် သူတို့ အလိုချင်ဆုံးအရာက အာဏာမဟုတ်ဘဲ ကျင့်ကြံခြင်းပင် ဖြစ်သည်။ ကျင့်ကြံခြင်းလောကတွင် အာဏာကို ကျင့်ကြံဆင့်ဖြင့် ဆုံးဖြတ်ကြပြီး အစွမ်းထက် အာခီမီဆရာသခင်တစ်ယောက်က ကျင့်ကြံခြင်းတွင် အကျိုးအမြတ်များစွာကို ရယူပေးနိုင်ခြင်းကြောင့် သူတို့ဘက်သို့ ပါအောင် စည်းရုံးကြလိမ့်မည်သာ ဖြစ်သည်။

ထို့ကြောင့် သွမ့်ရိက မည်သည့် မောက်မာသော ရည်ရွယ်ချက်အနည်းငယ်မျှ မပြဘဲ ရီ​ဖူရှင်းအပေါ် လေးစားမှုကို လုံလောက်အောင် ပြသခဲ့ခြင်း ဖြစ်သည်။

"အရှင်မင်းသား။" ရီဖူရှင်းက လက်နှစ်ဖက်ကို ဆုပ်ကာ အနည်းငယ် အရိုအသေပေးလိုက်သည်။ သူတို့က ရှေးဟောင်းတော်ဝင် မိသားစုမှ ဖြစ်ကာ မျိုးနွယ်အမည်က သွမ့်ဖြစ်သည်။ သူတို့၏ အဆင့်အတန်းက သံသယဝင်ရန် မလိုပေ။ ယခု ရှေးဟောင်းတော်ဝင် မိသားစု၏ မင်းသားနှင့် မင်းသမီးက သူ့ကို လာရောက်ဆက်သွယ်ရာ သူ့အစီအစဥ်က လမ်းတစ်ဝက်ရောက်နေပြီဟု ဆိုနိုင်သည်။

သူက သူတို့အား ယခုပင် ဖမ်းဆီးနိုင်သော်လည်း ထိုသို့လုပ်ပါက ရှုပ်ထွေးသွားပေလိမ့်မည်။ ထို့အပြင် သူက အဘိုးမာထံမှ အကူအညီ လိုအပ်နေသေးသည့်အတွက် အလွယ်တကူ ထွက်သွားနိုင်လိမ့်မည် မဟုတ်ပေ။

ရှေး​ဟောင်းတော်ဝင်မိသားစုမှ အရေးကြီးပုဂ္ဂိုလ်များကို ဆွဲဆောင်ခြင်းက အစီအစဥ်၏ အရေးကြီးတစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ယခု သွမ့်ရိနှင့် သွမ့်ရှန်းက သူ့ရှေ့သို့ ရောက်နေပြီး မမျှော်လင့်ထားသည့် အဖြစ်အပျက်များ မဖြစ်ခဲ့လျှင် သူ၏ အစီအစဥ်က မှန်ကန်သည့် လမ်းကြောင်းပေါ် ရောက်နေပြီ ဖြစ်သည်။

"ဆရာသခင်က အရမ်း ယဥ်ကျေးလွန်းနေပါပြီ။" သွမ့်ရိက သူ့လက်ကို ယမ်းကာ ပြောလိုက်သည်။ "ဆရာသခင်ရဲ့ ဆေးဖော်စပ်ခြင်းနည်းစနစ်က အရမ်း ထူးချွန်တယ်။ ဒါပေမယ့် ဆရာသခင်ရဲ့ နာမည်ကို အရင်တုန်းက မကြားခဲ့ဖူးဘူး။ ဆရာသခင်က ဘယ်နေရာမှာ ကျင့်ကြံနေခဲ့တာလဲ။"

"ကျုပ်က မဟာနတ်ဘုရားများကုန်းမြေက တန်ခိုးရှင်တစ်ယောက် မဟုတ်ဘူး။ ဆေးဖော်စပ်ခြင်း လေ့ကျင့်ဖို့ ဆေးဖက်ဝင်ပစ္စည်းတွေ ရှာမလို့ ရှန်ချင်းနယ်မြေမှာ လျှောက်သွားနေခဲ့တာ။ အခု ကျုပ်ရဲ့ ဆေးဖော်စပ်ခြင်းစနစ်က ပိုပြီး အစွမ်းထက်လာတာကြောင့် တချို့ရှာရခက်တဲ့ ဆေးဝါးပစ္စည်းတချို့ကို မဟာနတ်ဘုရားများမြို့မှာ လာရှာတာ။" ရီဖူရှင်းက ပြန်ဖြေလိုက်သည်။

"အံ့သြစရာမရှိတော့ပါဘူး။" သွမ့်ရိက ခေါင်းညိတ်လိုက်သည်။ "နှစ်တစ်သောင်းဖီးနစ်ခြင်ဆီကို အဆင့်မြင့်ကောင်းကင်ကိုးလွှာရဲ့ အဓိကကုန်းမြေမှာသာ ရှာတွေ့ဖို့ ဖြစ်နိုင်ချေရှိတယ်ဆိုတာ အမှန်ပဲ။ ဆရာသခင်က အမတဆေးရည် ဖော်စပ်ဖို့ ရည်ရွယ်ထားတာလား။"

"အဲဒီတော့ အရှင်မင်းသားက သတိပြုမိတာလား။" ရီဖူရှင်းက တစ်ဖက်လူကို ကြည့်လိုက်သည်။

"ဒါကို အမတဆေးရည်လို့ ခေါ်ပြီး သေခြင်းရှင်ခြင်းကိုတောင် လွန်ဆန်ပြီး အသွေးအသားသစ်တွေ ပြန်ဖွဲ့စည်းစေနိုင်တဲ့ တကယ့် နတ်ဆေးရည်တစ်ခုပဲ။ နန်းတော်က စီနီယာတွေဆီကနေ ကျုပ် ကြားမိတာတော့ အဲဒီဆေးလုံးဖော်စပ်ဖို့အတွက် အဓိကပါဝင်ပစ္စည်းက နှစ်တစ်သောင်းဖီးနစ်ခြင်ဆီပဲ။ ဆရာသခင်က ဘာလို့ အမတဆေးလုံး ဖော်စပ်ဖို့ စိတ်အားထက်သန်နေတာလဲ။" သွမ့်ရိက တစ်ဖန်မေးလိုက်သည်။

"ကျုပ် အရင်တုန်းက ဆိုးဆိုးဝါးဝါး ဒဏ်ရာရခဲ့ပြီး ကျုပ်ရဲ့ မဟာလမ်းစဥ်ကလည်း ထိခိုက်မှု ရှိခဲ့တာကြောင့် အမတဆေးလုံးကို လိုအပ်တယ်။" ရီဖူရှင်းက သူ၏ မျက်လုံးများကို အခြားနေရာသို့ ရွှေ့လိုက်သည်။ သွမ့်ရိက ရီဖူရှင်း၏ မျက်နှာကို ကြည့်ရင်း နားလည်သဘောပေါက်စွာ ပြောလိုက်သည်။ "ကျုပ် အရမ်း စကားများမိသွားတယ်။ တောင်းပန်တဲ့အနေနဲ့ တစ်ခွက်သောက်ပါရစေ။" သူက စကားပြောပြီးသွားသည်နှင့် တစ်ခွက်လုံး မော့သောက်လိုက်သည်။

"မစိုးရိမ်ပါနဲ့ အရှင်မင်းသား။" ရီဖူရှင်းက ပြောလိုက်သည်။

"ဆရာသခင်က ဆေးဖော်စပ်ခြင်းရော ကျင့်ကြံခြင်းမှာပါ ထူးချွန်တယ်။ ဘယ်လိုသူမျိုးကများ ရှင့်ရဲ့ ဆရာအဖြစ် ဂုဏ်ယူခွင့်ရလဲ သိချင်မိပါတယ်။" သွမ့်ရှန်းက ရီဖူရှင်းအား လှပသော မျက်လုံးများနှင့် ကြည့်ကာ မေးလိုက်သည်။ သွမ့်ရိသည်လည်း သူ့မျက်ခုံးကို ပင့်လိုက်မိသည်။ ဤမေးခွန်းက သူ မေးချင်နေသော မေးခွန်းဖြစ်သော်လည်း သွမ့်ရှန်း မေးလိုက်သည်က ပို၍ ကောင်းမွန်ပေသည်။

ဤသို့သော အစွမ်းထက်လှသည့် သူမျိုးမှာ အမှီအခိုကင်းစွာ ကျင့်ကြံရန် ခက်ခဲလှသည်။ သူ့ကဲ့သို့သော လူမျိုးမှာ မဟာနတ်ဘုရားများ ကုန်းမြေ၌ အများကြီး မရှိပေ။ သူ၏ ထူးချွန်ထက်မြက်လှသော ဆေးဖော်စပ်ခြင်းစွမ်းရည်အပြင် သူ၏ မဟာလမ်းစဥ် ကျင့်ကြံခြင်းကလည်း ချို့ယွင်းချက်ကင်းပေသည်။

ရီဖူရှင်းတွင် ဆရာတစ်ယောက် ရှိလျှင် ထိုလူက အလွန် ကျော်ကြားထင်ရှားသူ ဖြစ်နိုင်ပေသည်။ သူတို့ ကြားဖူးသာပင် ဖြစ်နိုင်ပေသည်။

ရီဖူရှင်းက သွမ့်ရှန်းကို ကြည့်လိုက်သည်။ မျက်နှာဖုံးအောက်မှ ထိုမျက်လုံးများ၏ စိုက်ကြည့်မှုအောက်တွင် သွမ့်ရှန်းသည် မမြင်နိုင်သော ဖိအားကို ခံစားမိပေသည်။ ရီဖူရှင်း၏ မျက်လုံးများက အဆုံးမဲ့ ကျယ်ပြောသော ကြယ်ရောင်စုံကောင်းကင်ကြီးကဲ့သို့ ထင်မှတ်ရပေသည်။

သွမ့်ရှန်းသည် ဤဆရာသခင်က သိပ်အသက်မကြီးသေးဟု ခံစားမိပေသည်။

"ကျုပ် ဆရာက အနှောက်အယှက်ကင်းကင်းနဲ့ တိတ်ဆိတ်အေးချမ်းစွာ နေရတာကို နှစ်သက်တယ်။ ဒါကြောင့် သူက အရမ်းရင်းနှီးတဲ့ သူတွေကိုပဲ သူ့အကြောင်း ဖော်ပြပြီး တွေ့ဖို့ ခေါ်လာပေးဖို့ ညွှန်ကြားထားတယ်။" ရီဖူရှင်းက ဖော်ဖော်ရွေရွေသာ ပြန်ဖြေလိုက်သည်။ သွမ့်ရှန်းက အနည်းငယ် အံ့သြမှင်တက်သွားပြီးနောက် ရီဖူရှင်း၏ မျက်လုံးများကို ရှောင်ရှားလိုက်သည်။ သူ၏ ရှင်းပြချက်က ကျိုးကြောင်းဆီလျော်သော်လည်း မည်သည့်အတွက်ကြောင့် သူမက တစ်ခုခု လွဲချော်နေသလို ခံစားနေရသနည်း။

သို့သော် တိတ်ဆိတ်စွာ ကျင့်ကြံနေကြသူများစွာ ရှိသည်။ ရီဖူရှင်း၏ ဆရာက ထိုလူများထဲမှ တစ်ယောက်ဖြစ်နေလျှင်ပင် အံ့သြစရာလုံးဝမရှိပေ။

"ဒီလိုဆိုရင် ကျုပ်တို့ ထပ်မမေးတော့ပါဘူး။" သွမ့်ရိက ပြောလိုက်သည်။ "ဆရာသခင် ဒီမှာနေရတာ အဆင်ပြေရဲ့လား။ တကယ်လို့ နန်းတော်ကို ကျုပ်တို့ရဲ့ ဧည့်သည်အဖြစ် လာမယ်ဆိုရင် ကောင်းကောင်းမွန်မွန် ဧည့်ခံပါ့မယ်။"

"ဒီမှာက အဆင်ပြေပါတယ်။ ဒီတည်းခိုဆောင်က အတော်လေး ကောင်းပြီး အကြီးအကဲလင်ကလည်း ကျုပ်ကို ဂရုစိုက်တယ်လေ။" ရီဖူရှင်းက အပြုံးနှင့် တုံ့ပြန်လိုက်ပြီး နန်းတော်သို့ သွားရန် အကြောင်းမရှိဟု တွေးလိုက်သည်။ သူက သွားခဲ့လျှင် သူတို့၏ ထိန်းချုပ်မှုအောက် ရောက်ရှိသွားပေလိမ့်မည်။

"ဒါဆိုလည်း ကောင်းပါပြီ။ ကျုပ် ပြန်ရောက်ရင် ဆရာသခင်အတွက် နှစ်တစ်သောင်းဖီးနစ်ခြင်ဆီကို ရှာလိုက်ပါ့မယ်။" သွမ့်ရိက မျက်နှာတစ်ချက် ပျက်မသွားပေ။ ရီဖူရှင်းက ရန်လိုမှုကို စွန့်လွှတ်ထားသော်လည်း မောက်မာမှုက သူ့အရိုးထဲ၌ ရှိနေဆဲဖြစ်သည်။ သူတို့နှင့်ပင်လျှင် မျက်နှာလိုမျက်နှာရ လုပ်လိုသည့် အရိပ်အယောင် အနည်းငယ်မျှပင် မရှိပေ။ မင်းသားနှင့် မင်းသမီးဟူသည့် သူတို့၏ အဆင့်အတန်းနှင့်ပင် သူ့ကိုယ်သူ နှိမ့်ချရန်အတွက် မလုံလောက်ခဲ့ပါချေ။

သို့သော် ထို့အတွက်ကြောင့် သွမ့်ရိသည် ရီဖူရှင်းက မျက်လုံးနှင့် မြင်ရသည်ထက် ပိုကြောင်း ခံစားမိပေသည်။ သူ၏ ယုံကြည်ချက်မှနေ၍ သူ့ဆရာက အမှန်တကယ်ပင် သာမန်ထက် ပို၍ ဂုဏ်သိက္ခာကြီးမားသူဖြစ်နိုင်ပေသည်။

သူတို့က အချိန်တခဏကြာအောင် စကားပြောနေခဲ့ပြီးနောက် နှုတ်ဆက်ကာ ပြန်သွားခဲ့ကြသည်။ သူတို့ထွက်သွားပြီးသောအခါ ရီဖူရှင်းက ထပ်ပြောလိုက်၏။ "နှစ်တစ်သောင်းဖီးနစ်ခြင်ဆီကို ရှာမတွေ့နိုင်ရင်တောင် ပြန်ပြီးစကားပါးပေးပါ။ ဒါမှ ကျုပ် ထွက်မသွားခင် အရှင်မင်းသားကို နှုတ်ဆက်စကားပြောဖို့ အခွင့်အရေးရမှာ။"

သူတို့ နှစ်ယောက်က ခေါင်းညိတ်လိုက်ကြပြီး ရီဖူရှင်း၏ မျက်လုံးများက သွမ့်ရှန်းထံ ကျရောက်လာသောအခါ သူမက အနည်းငယ် မလွယ်ကူသလို ခံစားလိုက်ရသည်။

"ကိစ္စမရှိပါဘူး။ ကျုပ်တို့ ရှာမတွေ့ရင်တောင် မကြာခင် ဆရာသခင်ဆီ လာလည်ပါမယ်။" သွမ့်ရိက ပြန်ဖြေလိုက်သည်။

"ကျုပ်တို့က မိတ်ဆွေတွေ ဖြစ်သွားပြီဆိုမှတော့ အရမ်း ယဥ်ကျေးနေဖို့မလိုပါဘူး။ အရှင်မင်းသား ကျုပ်ကို အတင့်ရဲတယ်လို့ မတွေးရင် အစ်ကိုချီလို့ ခေါ်လို့ရပါတယ်။" ရီဖူရှင်းက ဆက်ပြောလိုက်သည်။

"အစ်ကိုချီ စိတ်မရှိရင်တော့ အကောင်းဆုံးပါပဲ။" သွမ့်ရိက ပြုံးရွှင်စွာ ပြောလိုက်သည်။ "ဒီလိုဆိုရင် ကျုပ်တို့ မနက်ဖြန်ကျမှ အစ်ကိုချီဆီ ထပ်လာလည်မယ်။"

"သိပ်ကောင်းတယ်။" ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ "နှုတ်ဆက်ပါတယ်.. ညီလေးသွမ့်နဲ့ မင်းသမီးရှန်း။"

နှစ်ယောက်က ထွက်သွားပြီး နန်းတော်သို့ ဦးတည်သွားသည်။ သွမ့်ရိက ပြုံးကာ ပြောလိုက်၏။ "ဆရာသခင်ချီက အတော်လေး စိတ်ဝင်စားစရာပဲ။ သူက ကျုပ်ကို ညီလေးသွမ့်လို့ ခေါ်ပေမယ့် အစ်မကိုတော့ မင်းသမီးရှန်းလို့ ခေါ်တယ်။ သူ စကားပြောတာ အတော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်။"

သွမ့်ရှန်း၏ အမူအရာက အေးစက်နေကာ ပြောလိုက်သည်။ "အဲဒီလူက သိပ်ပုံမှန်မဟုတ်ဘူးလို့ ခံစားမိတယ်။"

"ဟုတ်တယ်။" သွမ့်ရိက ခေါင်းညိတ်လိုက်သည်။ "ဒီလိုအစွမ်းထက်တဲ့ အာခီမီဆရာသခင်က အရမ်း လျှို့ဝှက်ဆန်းကြယ်မှာပဲ။ သူလိုချင်ရင် ဘယ်လို ထိပ်သီးအင်အားစုကိုမဆို သွားလို့ရတယ်။ သူက နှစ်တစ်သောင်းခြင်ဆီအပြင် တခြားအရာတွေကိုပါ လိုချင်မလား သိချင်မိတယ်။"

"အင်း" သွမ့်ရှန်းက အသိအမှတ်ပြုလိုက်သည်။

"အဆင်ပြေပါတယ်။ ကျွန်တော်တို့ သူ့ကို နည်းနည်းထပ်ပြီး စုံစမ်းကြည့်ကြတာပေါ့။" သွမ့်ရိက ပြောလိုက်သည်။ သူက သူ့နောက်မှ လူကို ပြုံးပြကာ ပြောလိုက်၏။ "ကျုပ်တို့ ပြန်ရောက်ပြီးရင် နန်းတော်က အဆင့်ကိုးတန်ခိုးရှင် နည်းနည်းလောက် ကိုးလမ်းကို တစ်ချက် လွှတ်လိုက်။ သူတို့ကို ဘာမှမလုပ်ဘဲ ပုံမှန်အတိုင်း ပြုမူနေဖို့ သေချာမှာလိုက်။ ကျုပ်တို့ရဲ့ အမိန့်ကို စောင့်ဖို့ အသင့်ပြင်ထားလို့လည်း မှာထားချေ။"

"ကောင်းပါပြီ အရှင်မင်းသား။" သူတို့နောက်မှ လူက ခေါင်းညိတ်လိုက်သည်။

"အဲဒီဆရာသခင် ဘယ်နေရာက လာတာလဲဆိုတာ သိချင်မိတယ်။" သွမ့်ရိက အပြုံးနှင့် ပြောလိုက်သည်။ သူက ရီဖူရှင်းနှင့် ရှိစဥ် ပြသခဲ့သော ခင်မင်ရင်းနှီး၍ ပေါ့ပါးသည့် အမူအရာက လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ သူက တွက်ချက်နေပုံရသည်။

နဝမတည်းခိုဆောင်တွင် ရီဖူရှင်းက အခြားလူများ ထွက်ခွာသွားပြီးနောက် အခန်းသို့ ပြန်သွားခဲ့သည်။ သူက အခန်းတံခါးကို ပိတ်ပြီး ဆက်သွယ်ရေးပစ္စည်းအတွင်း နတ်အာရုံထိုးသွင်းကာ သတင်းစကား ပေးပို့လိုက်သည်။

သူက သတင်းပို့လိုက်ပြီးနောက် ဆက်သွယ်ရေးပစ္စည်းမှ အလင်းတစ်ခု လင်းလက်လာ၍ တုံ့ပြန်စကားပြန်လာခဲ့သည်။ ရီဖူရှင်းက ဆက်သွယ်ရေးပစ္စည်းအား အဝေးသို့ ထားလိုက်ပြီးနောက် တရားထိုင်ရန် မျက်လုံးများ မှိတ်လိုက်သည်။

သူသည် ဤတစ်ကြိမ် လျင်မြန်စွာ လှုပ်ရှားရမည်ဖြစ်ပြီး တစ်ခုခု နှောင့်နှေးကြန့်ကြာနေခြင်းကြောင့် မမြင်နိုင်သည့် အ​ပြောင်းအလဲများ ဖြစ်လာမည်ကို ခွင့်မပြုနိုင်ပေ။ သူက ဂရုတစိုက် မပြုမူမ်လျှင် ကျရှုံးသွားမည်မှာ သေချာပေသည်။

ယနေ့တွင် ရှေးဟောင်းတော်ဝင် သွမ့်မိသားစုနှင့် ပတ်သတ်သော အဓိကဖြစ်ရပ်တစ်ခု မဟာနတ်ဘုရားများမြို့၌ ဖြစ်ပွားခဲ့သည်။ လေးမျက်နှာကျေးရွာ သံတမန်သည် ရှေးဟောင်းတော်ဝင် မိသားစုသို့ ရောက်ရှိလာပြီး သူတို့၏ လူများကို လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ လတ်တလောတွင် လေးမျက်နှာကျေးရွာမှ သတင်းက မဟာနတ်ဘုရားများမြို့မှ သတင်းများ ပျံ့နှံ့လာပြီး မဟာနတ်ဘုရားများမြို့မှ အစွမ်းထက်တန်ခိုးရှင်များသည်ပင် ထိုအကြောင်းကို ကြားကြရသည်။ လေးမျက်နှာကျေးရွာ၏ တည်ရှိမှုက အတော်လေး မုန်တိုင်းထန်စေခဲ့သည်။

နန်းတော်သို့ ကျန်းယဲ့ ရောက်လာပြီးနောက် သူ့ကို ရှေးဟောင်းတော်ဝင် မိသားစု၏ အရှင်သခင်က လက်ခံတွေ့ဆုံခြင်း မပြုခဲ့ပေ။ ထို့အစား မင်းသားတစ်ပါးကသာ သူနှင့် တွေ့ဆုံခဲ့ပြီး ထင်ထားသလိုပင် ဓားစာခံများကို လက်လွှဲပေးရန် သဘောမတူခဲ့ပေ။ သို့သော် ကျန်းယဲ့က ဖန်းကိုင့်နှင့် သူ့သားတို့ လုံခြုံနေသည်အား စိတ်ချရစေရန် တွေ့ခွင့်တောင်းခဲ့သည်။ သိသာစွာပင် သူတို့က နတ်ဘုရားနည်းစနစ်ကို လိုချင်ပြီး ဖန်းကိုင့်က လက်လျှော့ရန် ငြင်းဆန်ခဲ့ကြောင်း သိသာပေသည်။ သူတို့က နတ်ဘုရားနည်းစနစ်ကို ရရှိနိုင်သရွေ့ ဓားစာခံများကို လွှတ်ပေးလိမ့်မည် ဖြစ်သည်။

ကျန်းယဲ့က လေးမျက်နှာကျေးရွာနှင့် ဆက်သွယ်ရန် အဆိုပြုပြီး နန်းတော်၌ အခြေချနေထိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် သူက နောက်ဆုံးသတင်းများအား ရီဖူရှင်းထံ ပြန်ပေးပို့ခဲ့သည်။ သူသည် ဖန်းကိုင့်နှင့် သူ့သားတို့ အသက်ရှင်လျက် ရှိနေသေးသည့်အတွက် စိတ်သက်သာရာ ရသွားသော်လည်း ထိုသည်က မျှော်မှန်းထားသည့်အတိုင်းပင် ဖြစ်သည်။

ရီဖူရှင်းက တည်းခိုဆောင်၌ ဆေးဝါးဆက်လက်ဖော်စပ်နေသည်။ ကိုးလမ်းမှ လူများက ရီဖူရှင်းကို တွေ့ခွင့်တောင်းသော်လည်း တောင်းဆိုမှုအားလုံးက ငြင်းပယ်ခံလိုက်ရသည်။ ထိုလူများက သူ့ကို မြင်တွေ့ချင်သော်လည်း ရွေးချယ်စရာမရှိဘဲ ထွက်ခွာသွားရလေသည်။ ရီဖူရှင်းက သူတို့ကို တွေ့ရန်ငြင်းပယ်မှုမှာ နောက်ပိုင်း မည်သူ့ကိုမှ ပြဿနာမဖြစ်စေရန် ကြိုးစားနေခြင်းဟု သတိမပြုမိခဲ့ကြပေ။

***

All Chapters