← Chapters

အခန်း (၁၃၀၁-၁၃၀၄)

Vol. 66 Ch. 1301-1304

အခန်း (၁၃၀၁-၁၃၀၄)

Vol. 66 Ch. 1301-1304

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၃၀၁ )

မြစ်ကူးပြီး ဖောင်မဖျက်သူ

ယဲ့ဖန် သူ၏လက်ကို နက်မှောင်နေသော အမူအရာဖြင့် လွှတ်လိုက်သည်။

သူ့စိတ်ထဲ၌ လွတ်ဟာသွားမှုကို ခံစားလိုက်ရသည်။

အချိန်အတော်ကြာသည်အထိ နျုံစစ်သွမ်း၏ တည်ရှိမှုသည် သူ၏ အဆက်မပြတ်တိုးတက်မှုများအတွက် တွန်းအားတစ်ခုဖြစ်ခဲ့လေသည်။

ယဲ့ဖန်သည် ပို၍ သန်မာလာမှသာ တစ်ဖက်သူအား လက်စားချေနိုင်မည် ဖြစ်သည်။

သို့သော် ယခုအခါ သူ၏ ပြိုင်ဘက်သည် ဤကဲ့သို့ရုတ်တရက် သေသွားရသည်။

ဤတစ်ကြိမ်တွင် နျုံစစ်သွမ်းသည် အမှန်တကယ် သေသွားခဲ့ပြီး သံသယဖြစ်စရာကောင်းသော အချက်များစွာကို ချန်ထားခဲ့သည်။

ထိုသည်က ယဲ့ဖန်ကို လမ်းပျောက်စေသည်။

" ရေး, ငါတို့ နိုင်ပြီ၊ နိုင်ပြီ၊ နိုင်ပြီ "

" ညှင်း၆ပွင့်က သေပြီ။ သူက သေပြီ။ ငါတို့နိုင်ပြီ "

" ယဲ့လူကြီးမင်းက တော်တာပဲ။ ယဲ့လူကြီးမင်း အသက်ရှည်ကျန်းမာပါစေ .... "

အနိုင်အရှုံးရလဒ်များကို တွက်ချက်နေသော ယဲ့ဖန်နှင့် မတူဘဲ အခြားသူများမှာ ရူးသွပ်စွာပင် ဂုဏ်ပြုနေကြသည်။

နျုံစစ်သွမ်း ပြသခဲ့သော ကြောက်စရာကောင်းသည့် ခွန်အားကို လူတိုင်း သိသာစွာ မြင်နိုင်လေသည်။

ထိုမြင်ကွင်းကြောင့် သူတို့သည် အဘက်ဘက်မှ မျှော်လင့်ချက်များ ပျက်သုဉ်းခဲ့ရကာ ယနေ့တွင် အကုန်သေကြေရမည်ဟု ထင်ခဲ့ကြသည်။

ယဲ့ဖန်သည် ထိုအခြေအနေကို တစ်ယောက်တည်း ပြောင်းပြန်လှန်ပြီး ထိုဗီဇပြောင်းလူဆိုးကို သတ်နိုင်လိမ့်မည်ဟု လုံးဝ မထင်ထားကြချေ။

ကပ်ဘေးဆိုးအာ ကျော်ဖြတ်ရှင်သန်နိုင်ခဲ့သည့် ခံစားချက်မှာ သူတို့ကို ဖော်မပြတတ်အောင် ပျော်ရွှင်စေသည်။

သို့သော် ယဲ့ဖန်သည် နျုံစစ်သွမ်း မသေခင်က ပြောခဲ့သောစကားဖြစ်သည့် ရာမာဂူချီ-ဂူမီဂိုဏ်း ရောက်လာတော့မည်ဆိုသည့်အကြောင်းကို လျင်မြန်စွာ သတိရလိုက်သည်။

" လူတိုင်းပဲ၊ အောင်ပွဲခံနေတာ ရပ်လိုက်။ တိုက်ခိုက်ဖို့ ပြင်ကြ "

ယဲ့ဖန်သည် အရူးအမူးအောင်ပွဲခံနေသော လူအုပ်ကြီးကို လျင်မြန်စွာ အမိန့်ပေးလိုက်သည်။

ထိုအခါ လူတိုင်းမှာ ကြောင်အကုန်ကြသည်။

တိုက်ပွဲက ပြီးသွားပြီ မဟုတ်ဘူးလား။

ဆက်ပြီး တိုက်ခိုက်စရာကိစ္စ ရှိသေးလို့လား။

သူတို့သည် အချိန်ဆွဲချိန်ပင် မရလိုက်ဘဲ ရာမာဂူချီ-ဂူမီဂိုဏ်းမှ လူများ လျင်မြန်စွာ ရောက်လာခဲ့သည်။

အနက်ရောင်လူအုပ်ကြီးတစ်စုသည် အဓိကဝင်ပေါက်မှ ပြေးဝင်လာသည်။

တမဟုတ်ချင်းပင် စွန့်ပစ်ဆေးရုံကြီးမှာ လူများပြည့်သိပ်ကြပ်သွားသော်လည်း လူများဆက်တိုက် ဝင်လာနေဆဲဖြစ်သည်။

ပတ်လည်ကို ကြည့်လိုက်ရာ အနည်းဆုံး လူ၂၀၀၀လောက် ရှိနိုင်သည်။

တစ်ဦးချင်းစီတိုင်းသည် လက်ထဲ၌ ဓားများကိုင်ထားကာ သူတို့သည် အလွန်ပင် ကြမ်းတမ်းတင်းမာသည့်ပုံပေါ်သည်။

ယဲ့ဖန်၏ ဘက်တော်သားများမှာ အလယ်၌ ဝိုင်းအုံညှပ်ခံလိုက်ရသည်။

" ယဲ့ဖန်၊ မင်း ဒါကို မမျှော်လင့်ထားဘူး မဟုတ်လား။ မင်းမှာလည်း ဒီလိုနေ့ဆိုတာ ရှိလာသေးတာပဲ "

ယာမာမိုတို တာခဲရှိသည် လူအုပ်ထဲမှ မတိုက်သေးခင် အောင်ပွဲခံနေသော မျက်နှာထားဖြင့် ထွက်လာလေသည်။

ယဲ့ဖန် ထိုပြည့်သိပ်နေသော လူအုပ်ကြီးကိုကြည့်ကာ ခေါင်းကိုက်လာရသည်။

" မင်းတို့ ရာမာဂူချီ-ဂူမီဂိုဏ်းက ငါ့ကို သတ်ဖို့အတွက် အတော်လေး စိတ်အားထက်သန်နေပုံပဲ။ ဒီလောက်လူတွေအများကြီးကို တကူးတက စုလာနိုင်သေးတာလား "

ယာမာမိုတို တာခဲရှိသည် ယဲ့ဖန်ကို အမုန်းတရားများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

" သေချာပေါက်ပဲ။ မင်းက ငါတို့ ရာမာဂူချီ-ဂူမီဂိုဏ်းကို တစ်ကြိမ်ပြီးတစ်ကြိမ် ပြဿနာရှာနေခဲ့တာ။ မင်းကို ဒီနေ့အထိ အသက်ရှင်ခွင့် ပေးထားတာနဲ့တင် အတော်လေး သည်းခံပေးရာရောက်နေပြီ။ ဒီနေ့က မင်းရဲ့ သေနေ့ပဲ "

ယဲ့ဖန် နှာမှုတ်လိုက်သည်။

" ခင်ဗျားက ပြောင်းပြန်ပြောတဲ့နေရာမှာတော့ အတော်လေးကျွမ်းတာပဲ။ ကျုပ်က ခင်ဗျားတို့ကို တစ်ခါပြီးတစ်ခါ ပြဿနာရှာတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ ခင်ဗျားတို့ကမှ ကျုပ်ကို ပြဿနာလာရှာတာ မဟုတ်ဘူးလား။ ပထမတစ်ခေါက်က ခင်ဗျားတို့နဲ့ ဘာရန်ငြှိုးမှ မရှိဘဲ ကျုပ်ကိုသတ်ဖို့ လူလွှတ်တယ်။ ခုခံတာက ပြဿနာရှိလို့လား "

ယာမာမိုတို တာခဲရှိ၏ အမူအရာမှာ အေးခဲသွားသည်။

ကော်ဖီဆိုင်၌ ဖြစ်ပွားခဲ့သည့် ရန်ပွဲပြဿနာမှာ အမှန်တကယ်ပင် သူတို့ဘက်မှ စ၍ အမှားလုပ်ခြင်းဖြစ်သည်။

ယဲ့ဖန်သည် ကံနဂါးအဖွဲ့အစည်းဖြင့် ရင်းနှီးသော ဆက်ဆံရေးရှိသည်ဟူသည့် အချက်ဖြင့် သူတို့ဘက်မှ ယဲ့ဖန်အား သတ်ရန် လူလွှတ်ခဲ့သည်။

တစ်ဖက်လူသည် ဘာမှမလုပ်နိုင်ဘဲ သူတို့ကြိုက်သလို ခြယ်လှယ်နိုင်သည့် ပျော့ညံ့သူဟု ထင်လိုက်သောကြောင့် ထိုသို့လုပ်ခဲ့ခြင်း ဖြစ်သည်။

အဆုံးတွင် သူတို့သည် ယဲ့ဖန်မှ တန်ပြန်သတ်ခြင်းကို ခံရကာ ယာမတဂိုဏ်းပင် ပျက်သွားခဲ့သည်။

ယဲ့ဖန်သည် သူ၏ အမူအရာကို ဂရုမစိုက်ပေ။

" ဒုတိယတစ်ခါကျ ကျုပ် ပိုက်ဆံယူပြီး အကူအညီတောင်းပေမဲ့ ခင်ဗျားလူတွေက လောဘကြီးပြီး ကျုပ်နဲ့အပြိုင် ကံစမ်းကြတာ။ အဲ့တော ပြန်ပြီး ခုခံတာပဲ။ ဘာမှားနေလို့လဲ "

ယာမာမိုတို တာခဲရှိ ဆွံ့အသွားရသည်။

သူသည် ဖြစ်စဉ်ကို အစအဆုံး စုံစမ်းစစ်ဆေးပြီး ဖြစ်သည်။

ထိုသည်မှာ အမှန်ပင် ရှီမာဒါ အာရှီတမှ လောဘကြီးကာ ယဲ့ဖန်ကို အရင်သတ်ရန် အစပြုခဲ့ခြင်းဖြစ်သည်။

တစ်ဖက်က ခုခံခြင်းသည် ပြဿနာမရှိပေ။

ဘယ်သူမှတော့ ကိုယ်သေမှာကို စောင့်မှာ မဟုတ်လောက်ဘူးမလား။

" ငါတို့ရဲ့ ဂိုဏ်းက ဒီကိစ္စနှစ်ခုအတွက် တာဝန်ရှိတာကို လက်ခံတယ်။ ဒါပေမဲ့ ဒီတစ်ခါ ယုကျိုးအိုးကို ခိုးဖို့ မင်း လူလွှတ်ခဲ့တာကိုတော့ ငြင်းလို့မရဘူး၊ မဟုတ်လား "

ယာမာမိုတို တာခဲရှိသည် အစွယ်ထုတ်ပြီး ယဲ့ဖန်အား အမဲဖြတ်တော့မလို ကြည့်နေသည်။

" ယုကျိုးအိုးကို ခိုးခိုင်းတာ ကျုပ်မဟုတ်ဘူးလို့ပြောရင် ခင်ဗျားတို့က ယုံမှာလား "

ယဲ့ဖန်သည် ယာမာမိုတို တာခဲရှိကို ပြောစရာစကားမဲ့စွာ ကြည့်လိုက်သည်။

" ငါက မင်းပြောတာကို ယုံမယ် ထင်နေလား "

ယာမာမိုတို တာခဲရှိ နှာမှုတ်လိုက်သည်။

ထိုအချိန် လက်အောက်ငယ်သားတစ်ဦးမှ ရှေ့ထွက်လာပြီး လူအုပ်ကြီးအနောက်၌ ပုန်းနေသည့် အားကန်ကို ညွှန်ပြလိုက်သည်။

" ဥက္ကဌ၊ ယုကျိုးအိုးကို ခိုးသွားတာ အဲ့ကောင်ပဲ "

ယာမာမိုတို တာခဲရှိသည် အားကန်ကို စူးရှသောအကြည့်ဖြင့် ကြည့်ပြီးနောက် ယဲ့ဖန်ဘက်ကို လှည့်ကြည့်လိုက်သည်။

" အိုးကိုခိုးဖို့ လူမလွှတ်ဘူးလို့ မင်းက ပြောရဲသေးတာလား။ ဒါဆို ဒီကောင်က ဘာလို့ မင်းနဲ့အတူရှိနေတာလဲ "

ယဲ့ဖန် ပုခုံးတွန့်လိုက်သည်။

" ကျုပ် သူ့ကို သိပေမဲ့ ခိုးခိုင်းတာတော့ မဟုတ်ဘူး။ တခြားသူက သူ့ကို ခိုးခိုင်းတာ။ ဒီကို လိုက်လာပေးတာ လွှဲပြောင်းရေးမှာ ကူညီပေးဖို့ပဲ ..... ခင်ဗျား ကျုပ်ပြောတာကို နားလည်နိုင်လားတော့ မသိဘူး "

" တခြားသူကလား။ အဲ့လူက ဘယ်မှာလဲ။ သူ့ကို ထွက်လာပြီး ကိုယ်တိုင် ပြောခိုင်းလိုက် "

ယာမာမိုတို တာခဲရှိသည် ယဲ့ဖန်ပြောသမျှကို ရှုပ်ထွေးနေပြီး ထိုတစ်ခုသာ နားလည်လိုက်သည်။

" သူက ဒီမှာရှိတယ်။ ဒါပေမဲ့ ခင်ဗျားတို့ကို ကိုယ်တိုင် ဝန်ခံမပေးနိုင်လောက်တော့ဘူး "

ယဲ့ဖန်သည် ထိုသို့ပြောပြီး သူ့အနောက်ကို ညွှန်ပြလိုက်သည်။

ယာမာမိုတို တာခဲရှိသည် ယဲ့ဖန် ညွှန်ပြရာကို ကြည့်လိုက်သည့်အခါ သေဆုံးနေပြီဖြစ်သော နျုံစစ်သွမ်း၏ အလောင်းကို မြင်လိုက်ရသည်။

" မင်းက ငါ့ကို သေပြီးသားလူနဲ့ လာလှည့်စားချင်နေတာလား။ ငါ့ကို ရူးနေတယ် ထင်နေလား "

သူသည် ယဲ့ဖန်စီမှ လှည့်စားခံရသည်ဟု တွေးကာ ဒေါသပေါက်ကွဲထွက်လာသည်။

" ဒါက အမှန်တရားပဲ။ ခင်ဗျား ကျုပ်ကိုမယုံလည်း ဘာမှလုပ်လို့မရဘူး "

ယဲ့ဖန် ကူကယ်ရာမဲ့စွာ ပုခုံးတွန့်လိုက်သည်။

" ငါ တခြားဘာမှ ဂရုမစိုက်ဘူး။ ဒီကောင်က ငါ့စီက ယုကျိုးအိုးကို ခိုးသွားတာပဲ ငါသိတယ်။ သူက မင်းနဲ့ သိနေတော့ မင်း ငါတို့ကို ရှင်းပြရမယ် "

ယာမာမိုတို တာခဲရှိ ပို၍ နားထောင်လေ စိတ်ရှုပ်လာလေဖြစ်သည်။

ထို့ကြောင့် အဓိကအချက်ကိုသာ ပြောရန် ဆုံးဖြတ်လိုက်သည်။

ယဲ့ဖန် အေးစက်စွာ ရယ်လိုက်သည်။

" ဒါဆို ခင်ဗျားက ဘာကို ရှင်းပြစေချင်တာလဲ "

ယာမာမိုတို တာခဲရှိ သူ့ကို စိုက်ကြည့်နေသည်။

" ငါ့မှာ အခြေအနေ သုံးခုရှိတယ်။ အားလုံးသဘောတူရင် ဒီကိစ္စကို လွှတ်ပေးမယ် "

ယဲ့ဖန် သူ့နားကို ကုတ်လိုက်သည်။

" ပြော "

ယာမာမိုတို တာခဲရှိသည် လက်ညှိုးကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။

" ပထမဆုံး အခြေအနေက ယုကျိုးအိုးကို ငါတို့စီ ပြန်ပေး။ ဒုတိယအခြေအနေက ငါတို့စီက ယုကျိုးအိုးကို ခိုးသွားတဲ့ ဒီကောင်ကို ငါတို့ အပြစ်ပေးရမယ်။ တတိယအချက်က ...... "

ထိုစကားကို ပြောလျက် ယဲ့ဖန်ကို ထပ်ကြည့်လိုက်သည်။

" မင်းက ငါတို့ရဲ့ ရာမာဂူချီ-ဂူမီဂိုဏ်း အဖွဲ့ဝင်တွေ အများကြီးကို သတ်ပစ်ခဲ့တယ်။ မင်းအသက်ကို ငါမလိုချင်ဘူး။ ဒါပေမဲ့ ငါ့ညီအစ်ကိုတွေကို ရှင်းပြနိုင်အောင် မင်းလက်တစ်ဖက်ကို ဖြတ်ပေးရမယ်။ သုံးခုလုံး သေချာပေါက် လုပ်ရမယ် "

အခြားသူများမှာ အဆင်ပြေသော်လည်း အားကန်သည် တစ်ဖက်လူ၏ အခြေအနေများကို ကြားလိုက်ရပြီး ချက်ချင်း စိတ်မသက်မသာဖြစ်သလို ခံစားလိုက်ရသည်။

သူသည် ယဲ့ဖန်အတွက် အသုံးမဝင်ချေ။

ထို့ကြောင့် ယဲ့ဖန်မှ ရာမာဂူချီ-ဂူမီဂိုဏ်း၏ ဒေါသကို ဖြေဖျောက်ရန် သူ့ကို အမှန်တကယ် စွန့်ပစ်လိုက်သည်မှာ ဖြစ်နိုင်သည်။

ယဲ့ဖန်မှာတော့ အားကန် ဘာတွေတွေးနေသည်ကို မသိပေ။

သူသည် ယာမာမိုတို၏ စကားများကြောင့်သာ ရယ်မောနေခဲ့သည်။

" ပထမဆုံးအနေနဲ့ ယုကျိုးအိုးက မင်းတို့ရဲ့ ရာမာဂူချီ-ဂူမီဂိုဏ်းနဲ့ မသက်ဆိုင်ဘူး။ ဒါကို တရုတ်နိုင်ငံတော်က ပိုင်တာ။ ဂျပန်မှာ ရှိနေတဲ့ ငါ့ရဲ့တာဝန်တွေထဲက တစ်ခုက ယုကျိုးအိုးကို တရုတ်နိုင်ငံတော်ဆီ ပြန်ပို့ဖို့ပဲ။ အဲ့တာကြောင့် ဒီအခြေအနေကို သဘောမတူနိုင်ဘူး "

" ဒုတိယအခြေအနေက ခင်ဗျား ပြောသလိုပဲ အားကန်က ငါ့မိတ်ဆွေ။ ငါဆိုတဲ့ ယဲ့ဖန်က ငါ့မိတ်ဆွေတွေကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး "

ထိုစကားကို ကြားပြီး အားကန် ငိုလုမတတ် ဖြစ်သွားသည်။

ယဲ့ဖန်သည် တံတားကူးပြီးနောက် မီးမရှို့ခဲ့ပေ။

ထို့အပြင် ကာကွယ်ရန်ပင် အစွမ်းကုန်ကြိုးစားလေသည်။

ထိုသည်က သူ့ကို အလွန်ရင်ထဲထိမိစေသည်။

" တတိယအချက်ကတော့ "

ယဲ့ဖန် သူ့ညာလက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည် ။

" ငါ့လက်ကို လိုချင်ရင် ကိုယ်တိုင် လာယူလိုက်။ ဒါပေမယ့် ယူနိုင်မလားဆိုတာ မင်းတို့မှာ အရည်အချင်း ရှိမရှိပေါ် မူတည်လိမ့်မယ် "

ယာမာမိုတို တာခဲရှိသည် ထိုစကားကို ကြားပြီးနောက် သူ၏အမူအရာမှာ ချက်ချင်းပင် မည်းမှောင်သွားသည်။

" မျက်နှာသာပေးတာကို ဘယ်လို တန်ဖိုးထားရမယ်မှန်း မသိတဲ့ မင်းအပေါ် အသက်ရှုပြီး ဖြုန်းတီးနေစရာတောင် မလိုဘူး။ ညီအစ်ကိုတို့ ....... "

သူသည် လက်အောက်ငယ်သားများကို ရှေ့တက်ရန် အမိန့်ပေးခါနီးတွင် ယဲ့ဖန်သည် ရုတ်တရက် သူ့လက်ကို မြှောက်လိုက်ပြီး နှောင့်ယှက်လိုက်သည်။

" ခဏနေဦး၊ ငါ့မှာ အဖြေရှိတယ် ....... ကြားချင်လား "

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၃၀၂ )

ရှင်းပြတာကို နားလည်လား

ယာမာမိုတို တာခဲရှိ လက်ကို အမြန်မြှောက်ကာ သူ့လက်အောက်ငယ်သားများကို တားလိုက်သည်။

" ပြော "

ယဲ့ဖန်သည် အားကန်၏ လက်ထဲမှ မီးခံသေတ္တာကို ညွှန်ပြလိုက်သည်။

" ဒီယုကျိုးအိုးကို ပေးလို့်မရပေမဲ့ ယွမ်သန်း၁၀၀ပေးနိုင်တယ်။ ဝယ်တယ်လို့ သဘောထားလိုက် "

" ပြီးတော့ အားကန်ကို လွှဲမပေးနိုင်ဘူး။ သူ့အစား တောင်းပန်ပေးနိုင်တယ်။ ခင်ဗျားတို့ ကျုပ်ကို ရန်ပွဲတွေပြဿနာရှာထားတာနဲ့ ကျေတယ်လို့ သတ်မှတ်နိုင်တယ်

" တတိယတစ်ခုအနေနဲ့ ခင်ဗျားတို့ ရာမာဂူချီ-ဂူမီဂိုဏ်းက အကူအညီလိုရင် ကျုပ် တတ်နိုင်သမျှ ကူညီပေး ....... "

" ဟားဟားဟား ....... "

ယဲ့ဖန်၏စကား အဆုံးမသတ်ခင်မှာပင် ယာမာမိုတို တာခဲရှိ၏ ရယ်သံမှ ကျယ်လောင်စွာ ထွက်လာသည်။

" ဒီယုကျိုးအိုးက ကြေးဖြတ်လို့တောင် မရတဲ့ တုနှိုင်းမဲ့ရတနာတစ်ခုပဲ။ မင်းက သန်း ၁၀၀လောက်နဲ့ ဝယ်ချင်နေတာလား။ အိပ်မက်မက်နေလိုက်။ ဒီကောင်က ရာမာဂူချီ-ဂူမီဂိုဏ်းထဲကို ခိုးဝင်ပြီး ဒီပစ္စည်းကို ခိုးသွားတာက ငါတို့ကို မျက်နှာပျက်စေတယ်။ ပြီးတော့ မင်း၊ မင်းက ငါတို့လူတွေအများကြီးကို သတ်ထားပြီးမှ အကူအညီလေးပေးမယ်ဆိုတာနဲ့ လျော်ချင်နေတယ်ဆို အိပ်မက်သာမက်နေလိုက် "

ယဲ့ဖန် သူ့နှုတ်ခမ်းကို စေ့လိုက်သည်။

" ဒါဆို ခင်ဗျားက သဘောမတူဘူးလား "

ယာမာမိုတို တာခဲရှိသည် သူ့မျက်နှာပေါ်မှ လှောင်ပြောင်ရိပ်ကို မဖုံးကွယ်ထားပေ။

" ငါ သဘောတူချင်ရင်တောင် ငါ့ညီအစ်ကိုတွေကို သဘောတူမတူ မေးရမယ် "

" သဘောမတူဘူး ...... "

" ငါ လုံးဝ သဘောမတူဘူး ....... "

" ဒီကောင်ကို သူ့အသက်နဲ့ ပေးဆပ်ရခိုင်းရမယ် ...... "

" သူနဲ့ စကားမပြောတော့ဘဲ တိုက်လိုက်ရအောင် ....... "

နေရာ၌ ရှိနေသည့် ထောင်ပေါင်းများစွာသော ရာမာဂူချီ-ဂူမီဂိုဏ်း အဖွဲ့ဝင်များသည် တစ်ယောက်ပြီးတစ်ယောက် ကန့်ကွက်နေကြပြီး သူတို့၏ အသံများဖြင့် ဆူညံသွားသည်။

ယာမာမိုတို တာခဲရှိသည် ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။

" ကြားလား။ ငါ့ညီအစ်ကိုတွေက မင်းရဲ့အကြံပေးချက်ကို မကျေနပ်ဘူး။ ငါ့ညီအစ်ကိုတွေ မကျေနပ်ရင် ငါလည်း မကျေနပ်ပေးနိုင်ဘူး "

ယဲ့ဖန် ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။

" ခင်ဗျားတို့ရဲ့ ရာမာဂူချီ-ဂူမီဂိုဏ်းနဲ့ အကြီးအကျယ် ပြဿနာမဖြစ်ချင်တာကို ခင်ဗျားက မပါးနပ်မှတော့ ကျုပ်ကို အပြစ်မတင်နဲ့ "

ယာမာမိုတို တာခဲရှိသည် ယဲ့ဖန်၏ ခြိမ်းခြောက်မှုကို ကြားသောအခါ ဟာသတစ်ခုကြားလိုက်ရသလိုပင် ရယ်လိုက်သည်။

" မင်း ငါ့ကို ခြောက်ဖို့ ကြိုးစားနေတာလား။ ငါ့မှာ ညီအစ်ကိုတွေ ထောင်ချီရှိတယ်။ မင်းကို ဘာလို့ ကြောက်ရမှာလဲ။ မင်းက ငါတို့ကို ဖောက်ထွက်နိုင်မှာတဲ့လား "

ယဲ့ဖန်သည် တခြားဘာမှ မပြောချေ။

အိတ်ကပ်ထဲမှ ဖုန်းကိုထုတ်ကာ နံပါတ်တစ်ခုကို နှိပ်လိုက်သည်။

" လုပ်လိုက်တော့ "

ယဲ့ဖန် ဖုန်းမချခင် ရိုးရှင်းသည့် စကားသုံးလုံးကိုသာ ပြောခဲ့သည်။

ယာမာမိုတို တာခဲရှိသည် သူ၏ ထူးဆန်းသော အပြုအမူကို မြင်လိုက်ရသည်။

" မင်းက သေခါနီးနေပြီကိုတောင် အေးအေးဆေးဆေး လုပ်ဖို့ ကြိုးစားတုန်းလား။ ဘယ်သူက မင်းကို ကူညီမှာလဲ။ တခြသူတွေက ဘာလာလုပ်မှာလဲ။ သူတို့က မင်းရဲ့ အုတ်ဂူကို တူးပေးမှာလား ဟားဟားဟား ........ "

ယာမာမိုတို တာခဲရှိ ရယ်မောနေလိုက်

သည်။

သူ့နောက်၌ ရပ်နေသည့် ရာမာဂူချီ-ဂူမီဂိုဏ်း အဖွဲ့ဝင်များကလည်း ရယ်မောလိုက်ကြသည်။

သို့သော် ထိုရယ်မောသံများကြားတွင် ယာမာမိုတို တာခဲရှိ၏ဖုန်း ရုတ်တရက်မြည်လာသည်။

သူ ဖုန်းထုတ်ပြီး ခေါ်ဆိုသူနာမည်ကို ကြည့်လေသည်။

ရုံးချုပ်မှာ ရှိသည့် သူ့လူယုံတစ်ယောက်မှ ဖုန်းခေါ်ခြင်း ဖြစ်သည်။

သူ ချက်ချင်းပင် မဆိုင်းမတွ ဖုန်းပြန်ဖြေလိုက်သည်။

" ဒုဥက္ကဌ၊ အခြေအနေတွေ ဆိုးကုန်ပြီ။ ကံနဂါးအဖွဲ့အစည်းက လူတွေ ရုံးချုပ်ကို ဝင်စီးနေပါတယ် ....... "

ယာမာမိုတို တာခဲရှိသည် သူ၏ လူယုံထံမှ တင်ပြချက်ကို ကြားသောအခါတွင် သူ့ဖုန်းကျတတ် ဖြစ်သွားခဲ့သည်။

" မင်း ဘာပြောလိုက်တယ်။ ကံနဂါးအဖွဲ့အစည်းက ဘာလုပ်တာလဲ ရှင်းအောင်ပြော "

လူယုံမှ သူ့စကားကို အလျင်အမြန် ပြင်ဆင်ပြောသည်။

" အခုပဲ ကံနဂါးအဖွဲ့အစည်းက လူတွေက ဌာနချုပ်ထဲကို ရုတ်တရက် ပြေးဝင်လာပြီး တွေ့တဲ့လူအားလုံးကို သတ်ပစ်နေပါတယ် "

လူယုံပြောနေသည်မှာ မပြီးခင်မှာပင် ဖုန်း၏ တစ်ဖက်မှ တိုက်ခိုက်နေသံများကို ကြားလိုက်ရသည်။

ထို့နောက် ဖုန်းကျသွားသည်။

ယာမာမိုတို တာခဲရှိ ထပ်ခေါ်နေသော်လည်း ဘယ်သူမှ မကိုင်ကြပေ။

သူ ရုတ်တရက် ခေါင်းမော့ပြီး ယဲ့ဖန်ကို ကြည့်လိုက်သည်။

သူ့မျက်လုံးများမှာ ပေါက်ထွက်လာတော့မတတ် ဖြစ်နေသည်။

" မင်းပဲလား။ ကံနဂါးအဖွဲ့အစည်းက လူတွေကို ရာမာဂူချီ-ဂူမီဂိုဏ်း ဌာနချုပ်ဆိထ တိုက်ဖို့ မင်းလွှတ်ခဲ့တာလား "

ယာမာမိုတိုသည် လက်အောက်ငယ်သားထံမှ တင်ပြချက်ကို ဖုန်းထဲမှ ကြားသိထားသည့် တစ်ဦးတည်းသောသူဖြစ်သည်။

အခြားသူများသည် ဖုန်းထဲမှ အကြောင်းအရာများကို မသိကြပေ။

သို့သော် သူသည် လူရှေ့တွင် ပြောလိုက်သောအခါ ချက်ချင်း အကြီးအကျယ် တုန်လှုပ်သွားစေခဲ့သည်။

" ဘာဖြစ်တာလဲ၊ ကံနဂါးအဖွဲ့အစည်းက လူတွေက ငါတို့ဌာနချုပ်ကို ကျူးကျော်လာတာလား။ ရူးနေကြတာလား "

" ကံနဂါးအဖွဲ့အစည်းက ငါတို့ ရာမာဂူချီ-ဂူမီဂိုဏ်းရှေ့မှာ အမြဲတမ်း ဖိနှိပ်ခံခဲ့ရတာကို အခု သူတို့က တကယ် ကျူးကျော်လာရဲတာလား။ ဘယ်သူက သူတို့ကို သတ္တိပေးလိုက်တာလဲ "

" ငါတို့ဂိုဏ်းရဲ့ အကြမ်းဆုံး ထိပ်တန်းအဖွဲ့ဝင်တွေက ဒီမှာရောက်နေတာ။ ဌာနချုပ်မှာ လူ သိပ်မကျန်တော့ဘူး။ ကံနဂါးအဖွဲ့အစည်း တိုက်တာကို တားနိုင်ပါ့မလား "

" ကံနဂါးအဖွဲ့အစည်းက တကယ် ရွံစရာပဲ။ ဒါကို လက်စားမချေ ရရင် ငါ လူသားမဟုတ်တော့ဘူး ....... "

ရာမာဂူချီ-ဂူမီဂိုဏ်းသည် ချက်ချင်းပင် ဒေါသထွက်လာသည်။

သူတို့သည် ဤနေရာတွင် လူအင်အားဖြင့် ချီတက်လာသော်လည်း သူတို့၏ အသိုက်အမြုံ ဖျက်ဆီးခံရမည်ဟု မမျှော်လင့်ခဲ့ကြပေ။

ယာမာမိုတို တာခဲရှိ၏ ဒေါသကို ရင်ဆိုင်ရသော်လည်း ယဲ့ဖန်၏ အမူအရာမှာ တည်ငြိမ်ဆဲဖြစ်သည်။

" ကျုပ် ခင်ဗျားကို အစောက အခွင့်အရေးပေးခဲ့ပါသေးတယ်။ ခင်ဗျားတို့ဘက်ကကိုယ်တိုင် ငြင်းခဲ့တာတော့ ကျုပ်ကို ဘယ်လိုလုပ် အပြစ်တင်လို့ ရမှာလဲ "

" အား ...... "

ယာမာမိုတို တာခဲရှိ၏ နှလုံးသားထဲ၌ အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။

ခေါင်းကို မော့ပြီး အော်လိုက်သည်။

" ယဲ့ဖန်၊ ဒီနေ့ ငါ မင်းကို အစိတ်စိတ်အမွှာမွှာမဖြဲနိုင်ရင် ငါက လူမဟုတ်ဘူးလို့ ငါ ယာမာမိုတို တာခဲရှိ သစ္စာဆိုတယ် "

ထိုစကားကို ပြောပြီးသည်နှင့် သူ့နောက်မှ လူရမ်းကားများကို ချက်ချင်း လက်ပြလိုက်သည်။

" သူတို့အားလုံးကို သတ်ပစ်။ ဘယ်သူ့ကိုမှအသက်မရှင်စေနဲ့ "

ရွှမ်း ရွှမ်း ရွှမ်း

ထောင်ပေါင်းများစွာသော ရာမာဂူချီ-ဂူမီဂိုဏ်းအဖွဲ့ဝင်များသည် သူတို့၏ ဓားများကို ဝှေ့ယမ်းကာ ယဲ့ဖန်စီသို့ ဦးတည်တက်လာကြသည်။

ယဲ့ဖန် ခေါင်းယမ်းကာ ပြုံးလိုက်သည်။

ထို့နောက် သူ့ဘေးနားမှ လူများကို လှည့်ကြည့်လိုက်သည်။

" ရပ်မနေကြနဲ့၊ ရှင်းဖို့အချိန်ရောက်ပြီ "

" ဟားဟားဟား၊ အချိန်ကောင်းပဲ။ ငါ ခုနက ဒေါသကို ချုပ်ထိန်းထားရတာ။ အခု ငါ့ဒေါသကို ဖြေဖို့ မင်းတို့ကို သတ်ပစ်ရမယ် "

" လူရမ်းကားတွေ မင်းတို့ သူများတွေအရှေ့မှာတော့ အင်အားကြီးပြနိုင်ပေမဲ့ ငါတို့ရှေ့မှာ အာဏာရဲနိုင်မှာတဲ့လား "

" ငါခြေထောက်တစ်ဖက် ဆုံးရှုံးထားပေမယ့် မင်းတို့ကို ရှင်းဖို့ လုံလောက်သေးတယ် "

" မင်းတို့အားလုံးကို သေတွင်းပို့မပေးနိုင်ရင် ငါ စိတ်မကောင်းဖြစ်ရလိမ့်မယ် ........ "

နေရာ၌ ရှိနေသော လူအများစုသည် နျုံစစ်သွမ်းထံမှ များစွာခံစားခဲ့ရပြီး သူတို့၏ဒေါသအား မည်သို့ ဖြေဖျောက်ရမည်ကို မသိခဲ့ကြပေ။

ရာမာဂူချီ-ဂူမီဂိုဏ်းသည် အမှန်တကယ်ပင် အစပြုကာ သေမင်းတံခါးဝသို့ လာခဲ့သည်။

ထိုအခါ ယဲ့ဖန်ဘက်တော်သားများမှာ အားပါးတရ ဝမ်းသာစွာ ကြိုဆိုကြသည်။

အာသာ၊ သွမ့်မူလက်ထင်းနှင့် အခြားဒဏ်ရာပြင်းထန်စွာ ရသူများမှလွဲ၍ အခြားသူများအားလုံး တိုက်ခိုက်ခဲ့ကြသည်။

ချွမ်း ရွှမ်း ဘုန်း

ယနေ့ ယာမာမိုတို တာခဲရှိ ခေါ်ဆောင်လာသော ဂိုဏ်းသားများသည် အမှန်ပင် အဆင့်မြင့် တိုက်ခိုက်သမားများ ဖြစ်သည်။

သာမာန်အချိန်ဖြစ်ပါက တစ်ယောက်ချင်းစီကပင် ဂိုဏ်းငယ်လေးအချို့ကို ချေမှုန်းပစ်နိုင်လောက်သည်။

သို့သော် ယခု သူတို့ရင်ဆိုင်နေရသော ရန်သူများအားလုံးသည် ဖုမာမျိုးနွယ်စုမှ ထိပ်တန်းပညာရှင်များဖြစ်ပြီး သူတို့တစ်ဦးချင်းစီသည် အတွင်းအား နောက်ပိုင်းအဆင့်ရှိသူများ ဖြစ်သည်။

နှစ်ဦးနှစ်ဖက် ထိပ်တိုက်တွေ့ပြီးသည်နှင့် အောင်ပွဲရလဒ်မှာ ဆုံးဖြတ်ပြီးသား ဖြစ်လေသည်။

ဖုမာမိသားစုဝင် အနည်းငယ်သည် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး သူတို့ထဲမှ ဆယ်ယောက်ကျော်ကသာ ကောင်းမွန်စွာ လှုပ်ရှားနိုင်သေးသည်။

သို့သော် ထိုမျှလောက်သာရှိသော လူများသည် ရာမာဂူချီ-ဂူမီဂိုဏ်းသား အဖွဲ့ဝင်ထောင်ပေါင်းများစွာကို အမှန်တကယ် နှိမ်နှင်းနိုင်ခဲ့သည်။

တိုက်ခိုက်ရာမြေပြင်သည် ရာမာဂူချီ-ဂူမီဂိုဏ်းသားများ ထွက်ပြေးရန် သေးငယ်လွန်းသောကြောင့်ဖြစ်သည်။

သို့သော် ခွန်အား ကွာခြားချက်မှာ အဆုံးအဖြတ်ပေးသည့် အဓိကအချက်ဖြစ်သည်။

စွန့်ပစ်ထားသော ဆေးရုံကြီးထဲတွင် အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာနေသည်။

လူသတ်ပွဲ။

တစ်ဖက်သတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု။

ယာမာမိုတို တာခဲရှိသည် အသတ်ခံရပြီး လှည့်ပတ်ပြေးနေရသော သူ၏ လက်အောက်ငယ်သားများကို ကြည့်ကာ လုံးဝပင် အံ့သြသွားသည်။

သူသည် လျှို့ဝှက်ဆန်းကြယ်သူထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။

ယဲ့ဖန်သည် ဒီနေ့ ဆေးရုံပျက်ကြီး၌ ရှိမည်ဟု ပြောကာ ဤကောင်လေးသည် ထိုသို့ကြောက်စရာကောင်းသည့် ကျွမ်းကျင်သူများ ခေါ်လာမည်ဟု မပြောခဲ့ချေ။

ခေါ်လာလျှင်ပင် ထိုလူအုပ်စုသည် ကံနဂါးအဖွဲ့အစည်းမှ လူများဖြစ်ပြီး အလွယ်တကူ ထိန်းချုပ်နိုင်မည်ဟု သူ ထင်ခဲ့သည်။

သို့သော် ယခုအခါ သူ အမှားလုပ်မိပုံရသည်။

ထို့အပြင်တော့ ဤအမှားက သေစေနိုင်သည်။

" ဒုဥက္ကဌ၊ ဒီလူတွေရဲ့ စွမ်းအားက ပုံမှန်မဟုတ်ဘူး။ မြန်မြန် ပြန်ဆုတ်ကြရအောင်။ ကျွန်တော်တို့ အခုမဆုတ်ရင် ကျွန်တော်တို့အားလုံး အမြစ်ပြတ်သွားလိမ့်မယ် "

ထိုအချိန် လက်အောက်ငယ်သားတစ်ယောက်က သူ့ကို အကြံဉာဏ်ပေးရန် ပြေးလာသည်။

ယာမာမိုတို တာခဲရှိသည် ထိုအခါမှ အာရုံပြန်ကပ်လာပြီး သူ့လက်အောက်ငယ်သားများကို အလျင်စလို အော်ပြောလိုက်သည်။

" ပြန်ဆုတ်ကြ၊ ပြန်ဆုတ် "

သို့သော် နောက်ကျသွားပြီ ဖြစ်သည်။

သူသည် အားလုံးကို နောက်ဆုတ်ရန် အမိန့်ပေးပြီး ထွက်ပြေးတော့ပေမည်။

ထိုအချိန် ရုတ်တရက် အပေါ်ထပ်မှ သေနတ်သံထွက်လာသည်။

ဒိုင်း

ကျည်ဆန်သည် ယာမာမိုတို တာခဲရှိ၏ ခေါင်းထဲသို့ တည့်တည့်ဝင်သွားသည်။

ခေါင်းကို မော့ပြီး အပေါ်ထပ်ကို မယုံနိုင်စွာ ကြည့်လိုက်သည်။

" ချုံခိုတိုက်နေ ..... "

သူ့စကား မဆုံးခင်မှာပင် မြေကြီးပေါ်သို့ ခေါင်းဖြင့်ကျကာ သေဆုံးသွားတော့သည်။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၃၀၃ )

ငလျင်

ယခုအခါ သူတို့၏ ခေါင်းဆောင်ဖြစ်သူ ယာမာမိုတိုသည် သေသွားပြီဖြစ်၍ ကျန်ရစ်ခဲ့သော လက်အောက်ငယ်သားတစ်အုပ်သည် တိုက်ခိုက်ချင်စိတ် ပျောက်သွားကြသည်။

အရိပ်အကဲနားလည်သူများသည် လက်ထဲတွင် ကိုင်ထားသော ဓားရှည်များကို ချက်ချင်း လွှင့်ပစ်ကာ ထိုင်ချလိုက်ကြသည်။

အသိဉာဏ်နည်းသူများမှတော့ ခေါင်းမဲ့နေသော ယင်ကောင်များကဲ့သို့ လှည့်ပတ်ပြေးနေကြဆဲဖြစ်ပြီး ဖုမာ မျိုးနွယ်စုဝင်များ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

ငါးမိနစ်ခန့်အကြာတွင် စွန့်ပစ်ထားသော ဆေးရုံကြီးထဲ၌ ပြန်လည်ငြိမ်သက်သွားခဲ့သည်။

အချိန်တိုအတွင်း ရာမာဂူချီ-ဂူမီဂိုဏ်းသားများ ၃၀၀ ထက်မနည်း သေဆုံး သို့မဟုတ် ဒဏ်ရာ ရရှိခဲ့သည်။

ပြဿနာများ ရှုပ်ထွေးနေချိန်အတွင်း ဂိုဏ်းသား အများအပြားကို အသတ်ခံခဲ့ရသည်။

ကျန်သည့်လူများမှာ မြေပြင်ပေါ်တွင် ငုတ်တုတ် ထိုင်လိုက်ကြပြီး ခေါင်းပေါ်၌ လက်တင်ပြီး ကွယ်နေကြသည်မှာ အံ့မခန်းပင် ဖြစ်သည်။

" ပျင်းလိုက်တာ၊ ပျင်းဖို့ကောင်းလိုက်တာ "

" ဟုတ်တယ်၊ ဒီလူတွေက အသုံးကိုမကျဘူး။ သူတို့ကို သတ်ဖို့ ငါ့မှာ အားတောင် မထည့်ရသေးဘူး။ သူတို့က တကယ်ကြီး လက်နက်ချသွားကြပြီ "

" မင်းကများ ကြွားလုံးထုတ်သေးတာလား။ ညှင်း၆ပွင့်နဲ့ ချရတုန်းကတော့ မင်းပြေးတာ ယုန်ထက်တောင် ပိုမြန်သေးတယ် "

" အဓိပ္ပာယ်မရှိတာ။ ညှင်း၆ပွင့်က ရူးနေတဲ့ကောင်ကြီး။ ယဲ့လူကြီးမင်းကလွဲရင် ဘယ်သူက သူ့ကို ထိပ်တိုက် တိုက်ခိုက်ရဲမှာလဲ။ အဲ့တာ ကိုယ့်ကိုယ်ကိုယ် သေတွင်းတူးတာပဲ မဟုတ်ဘူးလား "

" ဟား၊ အားနည်းတဲ့သူတွေကိုကျ အနိုင်ကျင့်ပြီး အားကြီးတဲ့သူတွေကျ ကြောက်တာလား "

" မင်းကများ ငါ့ကို ပြောရဲသေးတာလား။ ယဲ့လူကြီးမင်းနဲ့ ညှင်း၆ပွင့် ချတုန်းက သေးပေါက်ချမိမတတ် ဘယ်သူက ကြောက်နေတာပါလိမ့် "

" သွားစမ်းပါ၊ ဘယ်သူက သေးထွက်ကျနေလို့လဲ "

" မင်းလို့ ငါ မပြောဘူး။ မင်းကိုယ်တိုင် ဝန်ခံတာ ..... "

ဒုက္ခဆိုးကြီးမှာ ပြီးဆုံးသွားပြီဖြစ်၍ လူတိုင်းသည် စိတ်အေးလက်အေးဖြစ်လာကြပြီး နောက်ပြောင်ကြတော့သည်။

ထိုအချိန်တွင် ယဲ့ဖန်သည် တစ်စုံတစ်ခုကို တွေးလျက် နျုံစစ်သွမ်း၏ အလောင်းဆီသို့ လျှောက်သွားသည်။

ထိုအချိန်မှာ ဖုမာ ဟာရာဘူဆာမှ ယဲ့ဖန်စီသို့ ရုတ်တရက် လမ်းလျှောက်လာသည်။

" ယဲ့လူကြီးမင်း၊ နောက်အစီအစဉ်က ဘာများလဲ "

လူတိုင်းက စနောက်နေသည်ကို ရပ်လိုက်ပြီး လှည့်ကြည့်ကြသည်။

နောက်တစ်ဆင့်သည် အရေးအကြီးဆုံး ဖြစ်သည်ကို လူတိုင်း သိလေသည်။

ဂျပန်နိုင်ငံ၏ အနာဂတ်ကိုပင် ထိခိုက်စေနိုင်သည်။

" ကျွန်တော်တို့ဘက်က အသေအပျောက် ဘယ်လောက်ရှိလဲ "

ယဲ့ဖန်သည် နောက်ထပ်တာဝန်ကို ချက်ချင်း မစီစဉ်ခဲ့ပေ။

ထိုအစား အသေအပျောက်စာရင်းအကြောင်းကို အရင်မေးလေသည်။

" တိုက်ပွဲမှာ ဖုမာမျိုးနွယ်ဝင် သုံးယောက်သေပြီး ငါးယောက် အပြင်းအထန်ဒဏ်ရာရပါတယ်။ ကျန်တဲ့သူတွေတော့ ဒဏ်ရာအနည်းငယ်စီပဲ ရကြတာပါ ..... "

ဖုမာ ဟာရာဘူဆာ၏ အသံသည် အနည်းငယ် နာကျင်နေပုံရသည်။

သူ ယနေ့ ခေါ်ဆောင်လာသောလူများ အားလုံးသည် ဖုမာမျိုးနွယ်စုမှ ထိပ်တန်းအဆင့် ပညာရှင်သိုင်းသမားများ ဖြစ်ကြသည်။

တိုက်ပွဲအတွင်း သုံးယောက် သေခဲ့သည်မှာ ကြီးမားသည့် ထိုးနှက်ချက်တစ်ခု ဖြစ်လေသည်။

ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။

" ကျွန်တော် ယဲ့ဖန်က ကျေးဇူးတရားနဲ့ အမုန်းတရားတွေကို အမြဲ ရှင်းရှင်းလင်းလင်း ခွဲခြားသိတဲ့သူပါ။ ကူညီခဲ့တဲ့သူတိုင်းကို ကျေးဇူးမမေ့ပါဘူး။ ဒါပေမယ့် ရန်သူဖြစ်လို့ကတော့ ဘယ်သူ့ကိုမှ လက်မလွှတ်ဘူး "

ထို့နောက် ကာမီတာနီ မျိုးနွယ်စုမှ ကျန်ခဲ့သော အဖွဲ့ဝင်များကို လှည့်ကြည့်လိုက်သည်။

" ကာမီတာနီ မျိုးနွယ်စုကို အခုကစပြီး ဂျပန်ကနေ ဖယ်ရှားမယ်။ ဒီကိစ္စကို လူကြီးမင်းဖုမာနဲ့ အပ်ထားခဲ့လိုက်ပါ့မယ် "

ဖုမာ ဟာရာဘူဆာသည် ထိုစကားကို ကြားသောအခါ အလွန်ဝမ်းသာသွားသည်။

သူ ကိုင်တွယ်ရမည်ဟု ပြောသော်လည်း ရှင်းလင်းစွာပြောရလျှင် ဖုမာမိသားစုအတွက် လျော်ကြေးပေးသည့်ပုံစံ ဖြစ်သည်။

ယနေ့ ဤနေရာသို့ ကာမီတာနီမျိုးနွယ်စုမှ ထိပ်တန်းပညာရှင်များအားလုံးကို စေလွှတ်ခြင်း ခံရသည်။

ထို့ကြောင့် အသက်ကြီးရင့်သူများ၊ အားနည်းသူများနှင့် ဖျားနာသူများသာ မျိုးနွယ်စုထဲတွင် ကျန်ခဲ့သည်။

ထို့ကြောင့် ဖုမာမျိုးနွယ်စုသည် ကာမီတာနီမျိုးနွယ်စုအား အလွယ်တကူ ချေမှုန်းနိုင်လေသည်။

ကာမီတာနီ မျိုးနွယ်စုသည် နှစ်ပေါင်းရာနှင့်ချီ၍ အမွေအနှစ်များရှိသည့် မျိုးနွယ်စုတစ်ခု ဖြစ်သည်။

သူတို့၏ အခြေခံအုတ်မြစ်မှာ အလွန်ပင် ခိုင်မြဲနက်နဲလေသည်။

ဖုမာမျိုးနွယ်စုသည် ကာမီတာနီမျိုးနွယ်ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပါက သူတို့၏ အင်အားစုသည် နှစ်ဆဖြစ်လာမည်ဖြစ်သည်။

ထိုကဲ့သို့ ရက်ရောသောဆုလာဘ်နှင့် လဲလှယ်ရန် အသက်သုံးချောင်းသာ စတေးခဲ့ရသည်။

သူ ဘယ်လိုမှ စိတ်မလှုပ်ရှားဘဲ မနေတော့ပေ။

ကာမီတာနီ မျိုးနွယ်စုမှ ကျန်ခဲ့သောအဖွဲ့ဝင်များမှာတော့ ယဲ့ဖန်၏ အစီအစဉ်ကို ကြားလိုက်ရာ သူတို့၏ မျက်လုံးများသည် မုန်းတီးမှုများ ပြည့်နှက်နေခဲ့သည်။

ယဲ့ဖန် ခေါင်းကိုမော့ပြီး သူတို့ကို စိုက်ကြည့်နေသည်။

" သူတို့ကိုသတ်ပြီး ဆုံးသွားတဲ့ ဝိညာဉ်သုံးခုအတွက် ယဇ်ပူဇော်လိုက်ပါ "

ဖုမာ ဟာရာဘူဆာသည် ယဲ့ဖန်၏ စကားကို နားထောင်လေသည်။

သူသည် ချက်ချင်းပင် သူ၏ မျိုးနွယ်စုများကို ကြည့်လိုက်သည်။

ထိုအခါ ကာမီတာနီမျိုးနွယ်စုများက ကျိန်ဆဲကြတော့သည်။

" ယဲ့ဖန်ဆိုတဲ့ကောင် မင်း အသေဆိုးနဲ့ သေရလိမ့်မယ် "

" မင်းကို ငါကိုယ်တိုင် သတ်ခဲ့ရမှာ "

" ယဲ့ဖန်၊ ငါတို့ ကာမီတာနီ မျိုးနွယ်စုက သေလို့ သရဲတစ္ဆေဖြစ်သွားရင်တောင် မင်းကို အလွှတ်မပေးဘူး "

ကာမီတာနီမိသားစု၏ ကျိန်ဆဲသံများ ထွက်နေချိန်တွင် သူတို့၏ ဦးခေါင်းများမှာ တစ်ခုပြီးတစ်ခု ဖြတ်တောက်ခံရသည်။

ထိုမြင်ကွင်းသည် ရာမာဂူချီ-ဂူမီဂိုဏ်းမှ ဂိုဏ်းသားများ၏ နှလုံးသားကို တုန်ခါစေခဲ့သည်။

ဤသည်မှာ ကြီးမားလှသည့် ရိုက်ချက်တစ်ခုဖြစ်သည်။

ယဲ့ဖန်သည် ပေါ့ပါးသော အပြုံးဖြင့် အခြားသူများ၏ ရှင်ခြင်းနှင့် သေဆုံးခြင်းကို ထိန်းချုပ်နိုင်ကာ နှစ်ရာနှင့်ချီသော မိသားစုတစ်ခု၏ ပြိုလဲခြင်းအား အဆုံးအဖြတ်ပေးနိုင်သည်။

သူတို့နှင့် နှိုင်းယှဉ်ပါက သူတို့သည် သာမန် လူဆိုးရမ်းကားများသာဖြစ်သည်။

ဖုမာမျိုးနွယ်စုနှင့် ဖြေရှင်းပြီးနောက် ယဲ့ဖန် သူ့ဘက်တွင်ရှိသည့် ဒဏ်ရာပြင်းထန်စွာ ရခဲ့သူများကို ကြည့်လိုက်သည်။

" ဒီနေ့ ဒဏ်ရာရတဲ့သူတွေကို ဆုကြီးကြီး ချီးမြှင့်ပါ့မယ်။ ပြီးတော့ အားလုံးကို ကျွန်တော်ကိုယ်တိုင် ကုသပေးမယ်။ နောက်ဆက်တွဲတွေ ဖြစ်လာမှာ မဟုတ်ဘူးလို့ အာမခံတယ် "

စီးရီးယပ်လူသတ်အဖွဲ့အစည်းနှင့် ဖုမာမျိုးနွယ်ဝင် နှစ်ဖက်လုံးသည် ရွှင်မြူးကုန်ကြသည်။

ယဲ့ဖန်၏ ဆေးပညာစွမ်းရည် မည်မျှမြင့်မားသည်ကို သူတို့သိသည်။

အကယ်၍ သူ ကိုယ်တိုင် ကုသပေးမည်ဆိုပါက သူတို့သည် သူတို့၏ ထိပ်ဆုံးအခြေအနေ ရောက်သည်အထိ ပြန်လည်ကောင်းမွန်လာမည်ဟု အာမမခံနိုင်သော်လည်း အနည်းဆုံး သူတို့သည် ပြင်းထန်စွာ မသန်စွမ်းသူများ ဖြစ်ပေတော့မည်မဟုတ်ပေ။

သိုင်းပညာရှင်များအတွက် ထိုသည်က သူတို့အား ငွေပေးသည်ထက် ပိုမိုအသုံးဝင်သည်။

ထို့နောက် ယဲ့ဖန်သည် နျုံစစ်သွမ်းနှင့် နောက်ထပ်အလောင်းတစ်ခုကို ကြည့်လိုက်သည်။

" ဒီအလောင်းနှစ်လောင်းကို ဖယ်ထုတ်ပြီး သုတေသနလုပ်ရမယ်။ ဗီဇပြုပြင်ထားတဲ့ လူတွေရဲ့ ဖွဲ့စည်းပုံက ဘယ်လိုမျိုးလဲဆိုတာ ကြည့်ရအောင် "

ဖုမာမျိုးနွယ်စုတွင် အလောင်းခွဲစိတ်ခြင်းလုပ်ငန်းကို လွတ်လပ်စွာ လုပ်ဆောင်နိုင်သည့် အလွန်ကျွမ်းကျင်သော ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းတစ်ခု ရှိသည်။

ဖုမာ ဟာရာဘူဆာသည် သူ၏ မျိုးနွယ်စုဝင်များကို အလောင်းနှစ်လောင်းအား သယ်ဆောင်ရန် ချက်ချင်း အမိန့်ပေးခဲ့သည်။

အလောင်းများကို ရွှေ့ပြောင်းနေစဉ် နျုံစစ်သွမ်း၏ အိတ်ကပ်ထဲမှ ပြွန်တစ်ချောင်း ရုတ်တရက် ပြုတ်ကျလာသည်။

ယဲ့ဖန် ချက်ချင်း ကောက်ယူပြီး သေချာလေ့လာလိုက်သည်။

အစောက တိုက်ပွဲအတွင်း၌ နျုံစစ်သွမ်းသည် သူ၏ တိုက်ခိုက်ရေးစွမ်းရည် ပြင်းထန်စွာ လျော့ကျသွားသောအခါတိုင်း သူသည် ဤဆေးထိုးပြွန်ကို အသုံးပြုပြီး သူ၏ ခြေထောက်ကို ထိုးလေသည်။

ထို့သို့ပြုလုပ်ပြီးနောက် သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် အထွတ်အထိပ်သို့ ချက်ချင်း ပြန်လည်ရောက်ရှိသွားခဲ့သည်။

ဒါက အတိအကျဆို ဘာကြီးလဲ။

ယဲ့ဖန်သည် ပြန်ယူလာပြီး ဖြည်းဖြည်းချင်း လေ့လာရန် စီစဉ်လိုက်သည်။

ထိုအခိုက်အတန့်၌ ဖုမာ ဟာရာဘူဆာသည် နောက်တစ်ခေါက် ပြန်လျှောက်လာပြီး ရာမာဂူချီ-ဂူမီဂိုဏ်းသားများကို ညွှန်ပြသည်။

" ဒီလူတွေကို ဘယ်လို ဖြေရှင်းသင့်လဲ။ အားလုံးကို သတ်လိုက်မလား "

သူ၏ အကြံပြုချက်ကို ကြားပြီးနောက် ရာမာဂူချီ-ဂူမီဂိုဏ်းသားများ၏ မျက်နှာများမှာ ဖြူဖျော့သွားကြတော့သည်။

သူတို့သည် ယဲ့ဖန်အား ထိတ်လန့်စွာ ကြည့်နေကြသည်။

" သူတို့က သုံးစားမရတဲ့သူတွေဆိုတော့ လွှတ်ထားလိုက် "

ယဲ့ဖန်သည် သူတို့ကို လှည့်ပင် မကြည့်ချေ။

သူသည် ထိုမျှ ရက်စက်သူ မဟုတ်ချေ။

ယခုအခါ အဓိကခေါင်းဆောင် ယာမာမိုတို တာခဲရှိမှာ အသတ်ခံရပြီးဖြစ်သောကြောင့် ကျန်နေသည့် သာမညလေးများကို သတ်ရန် အကြောင်း မရှိချေ။

ထို့အပြင် သူသည် ရာမာဂူချီ-ဂူမီဂိုဏ်းကို ရှင်းပစ်ရန် ရည်ရွယ်ချက်မရှိပေ။

ရုပ်သေးရုပ်အနေနဲ့ အဲ့ဒီဂိုဏ်းကို ပံ့ပိုးပေးထားတာ မကောင်းဘူးလား။

ကံနဂါးအဖွဲ့အစည်းနှင့် သူသည် မိတ်ဖက်များသာဖြစ်သည်။

အခြေခံ အကျိုးစီးပွားများနှင့် အမှန်တကယ် ပါဝင်ပက်သတ်လာပါက ပဋိပက္ခများ ရှိနိုင်သည်။

အကောင်းဆုံးနည်းလမ်းမှာ ဂျပန်၌ သူ၏ ကိုယ်ပိုင်အင်အားကို တည်ထောင်ရန် ဖြစ်သည်။

ယခုလို ခေါင်းဆောင် ရှိမနေသော ရာမာဂူချီ-ဂူမီဂိုဏ်းသည် အကောင်းဆုံးရွေးချယ်မှု ဖြစ်သည်။

ရာမာဂူချီ-ဂူမီဂိုဏ်း အဖွဲ့ဝင်များသည် လွတ်ငြိမ်းချမ်းသာခွင့် ရသွားသလို ခံစားလိုက်ရပြီး ယဲ့ဖန်အား ကျေးဇူးတင်စကား ဆိုကာ အရှုံးပေးပြီး ပြေးသွားခဲ့ကြသည်။

ထိုကိစ္စမှာ ပြေလည်သွားသည်။

နောက်ကိစ္စမှာ အရာအားလုံးကို အဆုံးသတ်ရန်ဖြစ်သည်။

ယဲ့ဖန်သည် ထိုကိစ္စကြောင့် စိတ်မရှုပ်ပေ။

သူသည် ပြင်းထန်စွာ ဒဏ်ရာရသူများကို ဖုမာမျိုးနွယ်စုထံသို့ ကုသရန် ပို့ဆောင်ခဲ့သည်။

ထိုနေ့တွင် ဂျပန်နိုင်ငံတစ်ဝန်းလုံး တုန်လှုပ်ခြောက်ခြားဖွယ် သတင်းကြီး သုံးခု ဆက်တိုက် ဖြစ်ပွားခဲ့သည်။

ပထမသတင်းမှာ ခါဝါမိုတိုကုန်သွယ်ရေး၏ သူဌေးဖြစ်သူသည် ထူးခြားဆန်းကြယ်စွာ ပျောက်ကွယ်သွားခြင်း ဖြစ်သည် ။

သူ အသက်ရှင်နေသည်လား၊ သေသည်လားဆိုတာ မသိရချေ။

ခါဝါမိုတို ကုန်သွယ်ရေးသည် ဖရိုဖရဲ ဖြစ်နေတော့သည်။

ဤသတင်းသည် စီးပွားရေးလုပ်ငန်းအသိုင်းအဝိုင်းကိုသာ တုန်လှုပ်စေရုံဖြစ်ပြီး အာရုံစူးစိုက်မှု များစွာ မခံရပေ။

သို့သော် အခြားသတင်းနှစ်ပုဒ်မှာ အမှန်တကယ်ပင် ငလျင်ကဲ့သို့ လှုပ်ခတ်သွားစေ သည်။

ပထမအချက် ဂျပန်နိုင်ငံ၌ နှစ်ပေါင်းရာနှင့်ချီ၍ ခိုင်မာစွာ ရပ်တည်ခဲ့သော ကာမီတာနီမျိုးနွယ်စုသည် ရုတ်တရက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည်။

မျိုးနွယ်စု၏ အဓိကအဖွဲ့ဝင်များ ရာနှင့်ချီ သတ်ဖြတ်ခံခဲ့ရပြီး မည်သူမျှ အသက်ရှင်ခြင်းမရှိပေ။

တစ်ဖက်မှ တိုက်ခိုက်ခဲ့သူမှာ နှစ်ပေါင်းရာနှင့်ချီရှိခဲ့သည့် ဖုမာမျိုးနွယ်စု ဖြစ်သည်။

သတင်းများ ပြန့်နှံ့လာသည်နှင့်အမျှ ဤကိစ္စသည် ဂျပန်နိုင်ငံ၏ အထက်တန်းစားလောကအတွက် ဆူနာမီလှိုင်းလုံးကြီးကဲ့သို့ လှုပ်ခတ်သွားစေခဲ့သည်။

စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။

ဘာသာပြန် - လီလီ

အပိုင်း ( ၁၃၀၄ )

ယဲ့လူကြီးမင်း၊ ရာမာဂူချီ-ဂူမီဂိုဏ်းကို လွှတ်ပေးပါ

ဖုမာမျိုးနွယ်စုနှင့် ကာမီတာနီ မျိုးနွယ်စုတို့သည် အမြဲပင် နှိမ်ချနေတတ်ကျသောကြောင့် ပြင်ပကမ္ဘာရှိ လူအတော်အများသည် ဤအမည်နှစ်ခုကို မကြားဖူးကြပေ။

သို့သော် အထက်တန်းမျိုးနွယ်များသာလျှင် ဤနင်ဂျာမျိုးနွယ်စုနှစ်စုသည် မည်မျှ အစွမ်းထက်ပြီး ကြောက်မက်ဖွယ်ကောင်းသည်ကို သိကြလေသည်။

ကာမီတာနီမျိုးနွယ်နှင့် ဖုမာမျိုးနွယ်တို့သည် အထူးတလည် ပြောင်မြောက်ထူးချွန်ကြသည်။

မိသားစုနှစ်စုသည် နှစ်ရာနှင့်ချီ၍ ငြိမ်းချမ်းစွာ နေထိုင်ခဲ့ကြသည်။

သို့သော် ပျက်ဆီးခြင်းအဆင့်၏ ပေါက်ကွဲမှုသည် ဤမျှ ရုတ်တရက်ဆန်ကာ ကွဲထွက်လာမည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။

လူတိုင်းသည် ဖြစ်ပျက်ခဲ့သည်များကို မှန်းဆသိနိုင်ရန် သူတို့ယုံကြည်ရသည့် လက်ထောက်များကို ပို့လိုက်ကြသည်။

ထိုကိစ္စ၏ အသေးစိတ်အချက်အလက်များကို သူတို့ ပြန်မရနိုင်ခင်မှာပင် ပိုကြောက်စရာကောင်းသည့် နောက်ထပ်သတင်းတစ်ပုဒ် ထွက်လာပြန်သည်။

ဂျပန်နိုင်ငံရှိ အကြီးဆုံးသော တရုတ်လူ့အဖွဲ့အစည်းဖြစ်သည့် ကံနဂါးအဖွဲ့အစည်းသည် ရာမာဂူချီ-ဂူမီဂိုဏ်းကို ရုတ်တရက် တိုက်ခိုက်ခဲ့သည်။

ထို့အပြင် ဂျပန်မှ ဂိုဏ်းကြီးတစ်ခုလုံးကို တစ်ချိန်တည်းတွင် တိုက်ခိုက်ခံရသည်။

ထိုသတင်းသည် ကာမီတာနီနှင့် ဖုမာမိသားစုများမှ သတင်းထက်ပင် ပိုအံ့သြစရာကောင်းလေသည်။

မည်သို့ပင်ဖြစ်စေ ဤမိသားစုကြီးနှစ်ခု၏ ကျော်ကြားမှုသည် အထက်တန်းလွှာများသာသိသည့် ဖြစ်တည်မှုဖြစ်သည်။

သို့သော် ရာမာဂူချီ-ဂူမီဂိုဏ်းနှင့် ကံနဂါးအဖွဲ့အစည်းတို့သည် ဂျပန်မှ လူတိုင်းသိသော ဂိုဏ်းကြီးများ ဖြစ်ကြသည်။

ထို့ကြောင့် ဖြစ်ပေါ်လာသည့် တုန်လှုပ်ချောက်ချားမှုကို ပုံဖော်ကြည့်နိုင်သည်။

ကံနဂါးအဖွဲ့အစည်းနှင့် ရာမာဂူချီ-ဂူမီဂိုဏ်းတို့သည် ဤနှစ်များအတွင်း ရံဖန်ရံခါ ပဋိပက္ခများ ရှိခဲ့သော်လည်း နှစ်ဖက်စလုံးက အမြဲတမ်း ထိနချုပ်သတိထားခဲ့ကြသည်။

အထူးသဖြင့် ကံနဂါးအဖွဲ့အစည်းသည် ရာမာဂူချီ-ဂူမီဂိုဏ်းနှင့် ကြီးမားသော ပဋိပက္ခကို ဖြစ်မည့်အရေးကို အမြဲရှောင်ရှားခဲ့သည်။

ဒါပေမယ့် ယနေ့တွင် အခြေအနေမှာ ရုတ်တရက် ပြောင်းလဲသွားတော့သည်။

အမြဲတစ္ဆေ ချုပ်တည်းသည်းခံခဲ့ရသော ကံနဂါးအဖွဲ့အစည်းသည် ရာမာဂူချီ-ဂူမီဂိုဏ်းကို တိုက်ခိုက်ရန်ပင် အစပျိုးခဲ့သည်။

ထို့ထက် ပို၍ မယုံနိုင်စရာကောင်းသည်မှာ ရာမာဂူချီ-ဂူမီဂိုဏ်းသည် ကံနဂါးအဖွဲ့အစည်း၏ ထိုးနှက်ချက်ကို မခံနိုင်ဘဲ နေ့တစ်ဝက်မပြည့်မီတွင် လုံးဝ ရှုံးနိမ့်သွားခြင်း ဖြစ်သည်။

အာရုံခံကောင်းသည့် လူအတော်အများသည် ပုံမှန်မဟုတ်သည့် အရာတစ်ခုကို ချက်ချင်း ခံစားမိကြသည်။

ဂျပန်မြေအောက်လောကကြီးမှာ ပြောင်းလဲတော့မည် ဖြစ်သည်။

ဤသတင်းကြီးနှစ်ခုကြောင့် လူတိုင်း အံ့အားသင့်နေသည့်အပြင် သူတို့ လမ်းပျောက်နေကြသည်။

သတင်းအချက်အလက်များ ရှာဖွေစုံစမ်းရန် စေလွှတ်ခံရသူများ နောက်ဆုံးတွင် ပြန်လည်ရောက်ရှိလာသောအခါ လူတိုင်းသည် မမျှော်လင့်ထားသည့် သတင်းတစ်ပုဒ်ကို ပြန်လည်ရရှိခဲ့ပြန်သည်။

ဤထိတ်လန့်ဖွယ် ဖြစ်ရပ်နှစ်ခုသည် တူညီသော အရင်းအမြစ်ကို ညွှန်ပြနေသည်။

ယဲ့ဖန်

ဤ'ငလျင်ကြီး'၏ နောက်ကွယ်မှ တကယ့် ချုပ်ကိုင်သူသည် ဖုမာမျိုးနွယ် သို့မဟုတ် ကံနဂါးအဖွဲ့အစည်းမှ မဟုတ်ကြောင်း လူတိုင်း သဘောပေါက်ခဲ့ကြသည်။

တရုတ်ပြည်မှ လူငယ်လေးတစ်ယောက် ဖြစ်သည်။

ဤသတင်းသည် ယခင်သတင်းကြီးနှစ်ခုထက် မနည်းခဲ့ချေ။

ယဲ့ဖန်ဟူသောအမည်သည် ဂျပန်နိုင်ငံ၏ အထက်တန်းစားအလွှာ၏ အာရုံထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်လာခြင်းဖြစ်ပြီး ဝင်ရောက်လာသော နည်းလမ်းမှာလည်း တုန်လှုပ်ချောက်ခြားစရာ ကောင်းလှသည်။

သူ၏ မြင့်တက်လာသော အရှိန်အဟုန်မှာ မယုံနိုင်စရာဖြစ်လေသည်။

သူ့ကို လူတိုင်းသည် ယခင်က မသိခဲ့ကြသော်လည်း ယခုအခါ လူတိုင်းသည် သူ့ကို ညတွင်းချင်း မော့ကြည့်ရသည့်အနေအထား ဖြစ်သွားသည်။

.....................................

တစ်ချိန်တည်းမှာပင် အမည်မသိ ကျွန်းတစ်ကျွန်းပေါ်၌။

ဆံပင်ဖြူ၊ မုတ်ဆိတ်မွေးနှင့် အဘိုးအိုတစ်ယောက်သည် ရုပ်တုကို စိတ်ရှည်စွာဖြင့် ပန်းပုထုနေသည်။

ဤရုပ်တုသည် အမည်မသိ ဘုရားတစ်ခုဖြစ်နိုင်သည်။

ထွင်းထုမှုသည် အလွန်ပြောင်မြောက်ပြီး အသက်ဝင်လှသည်။

ထိုအချိန် မျက်လုံးထဲမှ အစိတ်အပိုင်းလေးတစ်ခုသာ ကျန်တော့သည်။

ဤသည်မှာ စေ့စပ်သေချာသည့် အလုပ်ဖြစ်ပြီး ရုပ်တု၏ ရုပ်လုံးကြွရန် နောက်ဆုံးအကျိုးသက်ရောက်မှုနှင့် သက်ဆိုင်သည်။

အဘိုးအိုသည် ဂရုတစိုက်မလုပ်ပါက ရုပ်တုကြီးတစ်ခုလုံး ပျက်စီးသွားမည်ကို ကြောက်သလိုကဲ့သို့ သေသပ်ဂရုစိုက်စွာ ထုလုပ်နေသည်။

ထိုအချိန် အနက်ရောင် ၀တ်ရုံ၀တ်ထားသော လူတစ်ယောက်သည် သူ့အနောက်တွင် ရုတ်တရက် ပေါ်လာသည်။

" ညှင်း၆နဲ့ ညှင်း၁၀တို့ရဲ့ နှလုံးခုန်နှုန်းရပ်သွားတာကို ကျွန်တော်တို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ် "

ချောက်

အဘိုးအို၏ လက်ထဲမှ ပန်းပုဓားသည် ချက်ချင်း ဘေးသို့စောင်းသွားကာ ရုပ်ထု၏မျက်လုံးကို ဖောက်ထုတ်ပစ်လိုက်သည်။

ရုပ်တုတစ်ခုလုံးအတွက် ပုံပျက်သွားသည်။

သူသည် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီးမှ ဆက်ပြောသည်။

" ဘယ်သူလုပ်တာလဲ လိုက်ရှာ "

အနက်ရောင် ဝတ်ရုံဝတ်ထားသူက ခဏ တုံ့ဆိုင်းသွားသည်။

" ညှင်း၆ပွင့်အတွက် လက်စားချေချင်တာလား "

အဘိုးအိုသည် ခဏမျှ စဉ်းစားပြီး နောက်ဆုံးတွင် ခေါင်းယမ်းလိုက်သည်။

" ညှင်း၆ပွင့်ကို သတ်နိုင်တဲ့သူကို လျှော့တွက်လို့ မရဘူး။ အလောတကြီး မလုပ်နဲ့။ အကြောင်းရင်းကို သိရင် ငါ ဖြေရှင်းမယ် "

" ဟုတ်ကဲ့ပါ၊ ဆရာ "

အနက်ရောင်ဝတ်ရုံ ဝတ်ထားသူသည် ချက်ချင်း ဦးညွှတ်ပြီး ထွက်သွားသည်။

အဘိုးအိုသည် ပျက်စီးသွားသော ရုပ်တုကို ကြည့်ပြီး မတတ်နိုင်ဘဲ သက်ပြင်းချမိသည်။

" အောင်မြင်ခါနီးကို နောက်ဆုံးကျ ပျက်စီးသွားပြီ။ အသက်ရှင်နေလည်း ဘာအသုံးကျမှာလဲ "

ထိုသို့ပြောပြီးနောက် ရုပ်တု၏ ပုခုံးကို နှစ်ခါပွတ်ကာ လှည့်ထွက်သွားသည်။

ခြေလှမ်းနှစ်လှမ်း လှမ်းပြီးနောက် စကျင်ကျောက်ရုပ်ထုကြီးသည် ရုတ်တရက် ပြိုကျပြီး ကျောက်စရစ်ပုံကြီး ဖြစ်သွားသည်။

ကိုယ်ခံပညာဖြင့် အလွန်ရင်းနှီးသူတစ်ယောက်သည် ဤမြင်ကွင်းကို မြင်ပါက အလွန်အံ့သြသွားပေလိမ့်မည်။

ဤသို့သော စွမ်းအားမျိုးသည် အနည်းဆုံး အတွင်းအား၏ ထိပ်ဆုံးအဆင့် ရှိနိုင်သည်။

သူ၏ ခွန်အားကို ထိန်းချုပ်နိုင်မှုသည် စိတ်ကူးပင် မယဉ်နိုင်သောအဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။

သူသည် လောကအပြင်ဘက်အစွန်းရှိ ဒဏ္ဍာရီလာနေရာမှ ခြေတစ်လှမ်းသာ ဝေးနေပေလိမ့်မည်။

...............................

နောက်တစ်နေ့ ယဲ့ဖန် အိပ်ရာမှ နိုးလာသည့်အခါ ၁၀ နာရီ ထိုးနေပြီ ဖြစ်သည်။

သူသည် မနေ့က နျုံစစ်သွမ်းနှင့် တိုက်ပွဲမှ ဒဏ်ရာအကြီးအကျယ်ရခဲ့ပြီး သူ့ဒဏ်ရာများမှာလည်း မသေးငယ်ပေ။

သူ ပြန်လာပြီးနောက်တွင်လည်း သူ့ဒဏ်ရာများကို ကုသရန် အချိန်မရှိခဲ့ပေ။

အခြားဒဏ်ရာအပြင်းအထန်ရသူများကို ချက်ချင်း ကုသပေးခဲ့သည်။

ညဉ့်နက်သည်အထိ အလုပ်များနေပြီး အတော်ပင် ပင်ပန်းခဲ့သည်။

ဒဏ်ရာအပြင်းအထန်ရခဲ့သူ နောက်ဆုံးတစ်ယောက်ကို ကုသပေးပြီးနောက် သူ မြေပြင်ပေါ်တွင် မေ့လဲသွားတော့သည်။

ဖုမာမျိုးနွယ်စုသည် သူ့ကို သူ့အခန်းထဲသို့ ပြန်ပို့ပေးခဲ့တာ ဖြစ်နိုင်သည်။

မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ ကုတင်ပေါ်၌ မိန်းကလေးတစ်ယောက် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။

သူမ၏ ဆံပင်များသည် ရေတံခွန်ကဲ့သို့ ပြန့်ကျဲကာ မျက်နှာတစ်ခုလုံးကို ဖုံးအုပ်ထားသည်။

သို့သော် ယဲ့ဖန် သူမကို တစ်ချက်ကြည့်ရုံနှင့် မှတ်မိနေဆဲဖြစ်ကာ သူမသည် ဖုမာ ကျန်းဝူပင် ဖြစ်သည်။

ချက်ချင်းပင် လက်လှမ်းပြီး သူမ၏ ခေါင်းလေးကို ပုတ်လိုက်သည်။

ဖန်းကျန်းဝူ ချက်ချင်း နိုးလာသည်။

ယဲ့ဖန် နိုးလာသည်ကို မြင်သောအခါ သူမ အလွန်ဝမ်းသာသွားသည်။

" သခင်ကြီး၊ နိုးပြီလား။ မနေ့ညက မူးလဲနေတာတွေ့တော့ ကျန်းဝူ သေမတတ် ကြောက်သွားတာ ........ "

သူမသည် စကားကို မရပ်နိုင်ပေ။

ယဲ့ဖန်မှာလည်း ပြုံးရုံဖြင့်သာ နားထောင်နေပြီး သူမကို မနှောင့်ယှက်ပေ။

ထိုအချိန်တွင် ရုတ်တရက် တံခါးခေါက်သံကြားရပြီး ဖုမာ ဟာရာဘူဆာ၏ အသံထွက်ပေါ်လာသည်။

" ယဲ့လူကြီးမင်း နိုးပြီလား "

ယဲ့ဖန်သည် ဖုမာ ကျန်းဝူကို တစ်ချက်ကြည့်လိုက်ပြီး တံခါးဖွင့်ခိုင်းလိုက်သည်။

ဖုမာ ကျန်းဝူသည် သူမ၏သခင်နှင့်အတူ နှစ်ယောက်တည်းနေရခြင်းကို နှစ်သက်သောကြောင့် သူမအဖေရောက်လာခြင်းကို အလွန်စိတ်မကျေမနပ်ဖြစ်သော်လည်း မတတ်နိုင်ဘဲ တံခါးကို ဖွင့်လိုက်သည်။

ချီဇူရူ စူဂါဝါရာသည်လည်း ဖုမာ ဟာရာဘူဆာနှင့်အတူ လိုက်ပါလာသည်။

" အဖေ ....... ဒေါ်လေး စူဂါဝါရာ "

ယခင်က ဖုမာ ကျန်းဝူနှင့် ချီဇူရူ စူဂါဝါရာတို့၏ ဆက်ဆံရေးမှာ မီးနှင့်ရေလို ဖြစ်သည်၊

သို့သော် မနေ့ညမှ အဖြစ်အပျက်ပြီးသည့်နောက် သူမသည် အနည်းငယ် ရင့်ကျက်လာခဲ့ပြီး ချီဇူရူ စူဂါဝါရာအပေါ် သူမ၏ သဘောထားမှာ အနည်းငယ် တိုးတက်လာခဲ့သည်။

ချီဇူရူ စူဂါဝါရာသည်လည်း အတိုင်းထက်အလွန် ပျော်ရွှင်နေခဲ့သည်။

သူမလက်ကို ဆုပ်ကိုင်ပြီးနောက် ဝင်သွားသည်။

" ဘယ်လိုနေသေးလဲ ယဲ့လူကြီးမင်း "

ယဲ့ဖန် နိုးလာသောအခါ သူ့ဒဏ်ရာများကို ကုသပြီးကြောင်း သိလိုက်ရကာ ဆေးဝါးများလည်း လိမ်းထားသေးသည်။

ချီဇူရူ စူဂါဝါရာမှ ကုသပေးခဲ့သည်မှာ ထင်ရှားလေသည်။

" ကျေးဇူးတင်ပါတယ် ..... ဒေါ်လေး စူဂါဝါရာရဲ့ စိုးရိမ်ပေးမှုအတွက် "

ယဲ့ဖန်သည် သူ့စကားတစ်ဝက်ကို ရပ်ပြီးနောက် ရုတ်တရက် ပြောင်းကာ ဖုမာ ကျန်းဝူခေါ်သလို ခေါ်လိုက်သည်။

ချီဇူရူ စူဂါဝါရာကတော့ ဘာမှ မပြောချေ။

သို့သော် ဖုမာ ကျန်းဝူမှာ ရှက်သွားခဲ့သည်။

" အာ ...... သခင်ကြီးအတွက် မနက်စာ သွားပြင်လိုက်ဦးမယ် "

ထိုသို့ဖြင့် မျက်နှာကို အုပ်ပြီး ပြေးထွက်သွားသည်။

သူတို့သုံးယောက်သည် သာကြောင်းမာကြောင်း ဖလှယ်ပြီးနောက် ဖုမာ ဟာရာဘူဆာမှ အဓိကအချက်ကို ဦးတည်လိုက်သည်။

" ယဲ့လူကြီးမင်း၊ ရာမာဂူချီ-ဂူမီဂိုဏ်းက လူတွေက ငြိမ်းချမ်းရေးယူဖို့ ရောက်နေပြီးတော့ သူတို့ အခု တံခါးအပြင်ဘက်မှာ ဒူးထောက်နေကြပါတယ်။ သူတို့ကို တွေ့ချင်မလားလို့ပါ "

ယဲ့ဖန် ဘာမှပြန်မပြောခင် ချီဇူရူ စူဂါဝါရာက မကျေမနပ်ဖြစ်နေလေသည်။

" ယဲ့လူကြီးမင်းက အခု ပြန်ကောင်းလာဖို့ လိုနေသေးတယ်။ ပိုကောင်းလာတဲ့အခါမှ ပြန်လာလို့ မရနိုင်ဘူးလား "

ဖုမာ ဟာရာဘူဆာ ခါးသက်စွာ ပြုံးလိုက်သည်။

ယဲ့ဖန် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

" ကျွန်တော် အဆင်ပြေပါတယ်။ သူတို့ကို ဝင်ခွင့်ပြုလိုက်ပါ "

ဖုမာ ဟာရာဘူဆာသည် ရာမာဂူချီ-ဂူမီဂိုဏ်းသားများကို ဖိတ်ခေါ်ရန် တစ်စုံတစ်ဦးကို ချက်ချင်း စေလွှတ်ခဲ့သည်။

ခဏအကြာတွင် လူဆယ်ဦးကျော် ပြေးဝင်လာသည်။

ယဲ့ဖန် ဘာမှပြန်မပြောနိုင်ခင်မှာပင် ထိုလူများသည် မြေပေါ်၌ ဒူးထောက်ထိုင်ချလိုက်ကြသည်။

" ယဲ့လူကြီးမင်း၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ ရာမာဂူချီ-ဂူမီဂိုဏ်းကို ညှာတာလွှတ်ပေးပါ ...... "

All Chapters