အခန်း (၁၃၂၁-၁၃၂၄)
Vol. 67 Ch. 1321-1324
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၃၂၁ )
ဘာတွေ ပြောနေတာလဲ
ထိုလူအုပ်စုနှစ်စုအား အပျော့စားရန်တိုက်ပေးပြီးနောက် ယဲ့ဖန် ဆက်မနေတော့ဘဲ ရှချူးနှင့်အတူ ပင်လယ်စာဈေးမှ ပြန်ထွက်လာသည်။
အစ်ကိုကောသည် သူ့လူများကိုခေါ်ကာ ကားရှိရာသို့ လိုက်ပို့ပေးသည်။
ကားသည် ဝေးရာသို့ မောင်းထွက်သွားသည်ကို မြင်ပြီးမှ အစ်ကိုကော သူ့ခါးကို ဖြည်းညင်းစွာ ပြန်မတ်ရဲတော့သည်။
ထိုအချိန် သူ့နောက်လိုက်အချို့က မေးလေသည်။
" အစ်ကိုကော၊ ဒီကလေးက ဘယ်သူလဲ။ သူ့ကို ဘာလို့လေးစားနေတာလဲ "
အစ်ကိုကောသည် ထိုလက်ပါးစေကို လက်ပြခေါ်လိုက်သည်။
" ဒီကိုလာ "
ထိုလက်ပါးစေက ချက်ချင်း ရောက်လာသည်။
" ဘာဖြစ်လို့လဲ၊ အစ်ကိုကော "
သူ၏စကား မပြီးခင်မှာပင် အစ်ကိုကောက သူ့ကို ရိုက်လိုက်သည်။
ဖြောင်း
ထိုလက်ပါးစေသည် အထိနာပြီး ယိုင်သွားကာ ထိတ်လန့်သွားသည်။
" အစ်ကိုကော ...... ကျွန် .... ကျွန်တော် တစ်ခုခု မှားပြောမိလို့လား "
အစ်ကိုကောက သူ့ကို စူးစိုက်ကြည့်လိုက်သည်။
" မင်း ယဲ့လူကြီးမင်းကို ဘယ်လိုခေါ်လိုက်တာလဲ "
" အဲ့ .... အဲ့ကလေး .... "
ဖြောင်း
ထိုလက်ပါးစေမှ ပြောလိုက်သည်နှင့် အစ်ကိုကောဆိုသူက ထပ်ရိုက်လိုက်ပြန်သည်။
" သေချင်ရင်တောင် ငါ့ကို ဆွဲမထည့်နဲ့ "
လက်ပါးစေသည် သူ့ကို နာကျင်ကာ မကျေနပ်နေသော အမူအရာဖြင့် ကြည့်လိုက်သည်။
" အခုက သီးသန့်ပြောနေတာပဲ မဟုတ်လား။ သူက မကြားနိုင်လောက်ပါဘူး "
အစ်ကိုကောက သူ့ကို ပြင်းထန်စွာ စိုက်ကြည့်လိုက်သည်။
" မင်းကိုယ်တိုင် အသေဆိုးနဲ့သေပြီး မင်းမိသားစု အလဲလဲအပြိုပြိုဖြစ်တာကို မမြင်ချင်ရင် အဲ့အတွေးမျိုး ရှိတောင်မရှိစေနဲ့။ ငါ မင်းကောင်းဖို့ ပြောနေတာ "
ထိုလက်အောက်ငယ်သားများမှာ ထိတ်လန့်သွားကြသည်။
ဒါကြီးက ချဲ့ကားရာမရောက်ဘူးလား။
အစ်ကိုကောသည် လှည့်ပြီး ယဲ့ဖန်ထွက်သွားရာဘက်သို့ လှည့်လိုက်သည်။
" ငါ ဒီလိုပြောမယ်။ ယဲ့လူကြီးမင်းက ငါတို့ဥက္ကဌရဲ့ ကျေးဇူးရှင်အကျိုးပြုသူပဲ။ ဥက္ကဌရော၊ ဒုဥက္ကဌရော သူ့ကို နတ်ဘုရားလို ကိုးကွယ်တာ "
လက်အောက်ငယ်သားများမှာ ချက်ချင်း ကြောင်အသွားကြသည်။
ဥက္ကဌရဲ့ ကျေးဇူးရှင် အကျိုးပြုသူတဲ့လား။
ဒါက တကယ်ကြောက်စရာပဲ။
ထို့နောက် အစ်ကိုကောက ဆက်၍ ပြောသည်။
" အခု ရာမာဂူချီ-ဂူမီဂိုဏ်းမှာ အခြေအနေတွေ ပြောင်းကုန်တာ သိတယ်မလား။ နောက်ကွယ်က ကြိုးကိုင်သူက ယဲ့လူကြီးမင်းဆိုတာ မင်းတို့ သိသင့်တယ် "
ထိုသတင်းမှာ ပို၍ထိတ်လန့်စရာကောင်းလှသည်။
ဘယ်ကမှန်းမသိသော အေးစက်မှုသည် ခြေထောက်မှ စတက်လာကာ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားစေပြီး မြေကြီးပေါ်လဲမတတ် ဖြစ်သွားသည်။
ရာမာဂူချီ-ဂူမီဂိုဏ်း၏ တည်ရှိမှုသည် သူတို့ကံနရါးအဖွဲ့အစည်းထက် ပိုကြောက်စရာကောင်းလေသည်။
ဒီလူငယ်လေးက တကယ်ပဲ ရာမာဂူချီ-ဂူမီဂိုဏ်းရဲ့ နောက်ကွယ်က ကြိုးကိုင်နေတဲ့သူလား။
ဒီလို ကံနဂါးအဖွဲ့အစည်းရော ရာမာဂူချီဂိုဏ်းရောကိုပါ ထိန်းချုပ်နိုင်တဲ့သူဆို ဂျပန်က ခေါင်းဆောင်ပိုင်းတွေတောင် သူ့ကို ထိဖို့ဆို နှစ်ခါပြန်စဉ်းစားရလောက်တယ် မဟုတ်လား။
အစ်ကိုကော ရိုက်သည်ကို ခံလိုက်ရသော လက်အောက်ငယ်သားမှာ အလွန်ပင်ကြောက်ရွံ့သွားသည်။
အစ်ကိုကော သူ့ကိုရိုက်သည်မှာ အံ့ဩစရာမရှိပေ။
သူအား ကောင်းစေချင်၍ လုပ်ပေးနေခြင်းသာဖြစ်သည်။
မဟုတ်ပါက သူသည် သူ၏ပါးစပ်ကို မပိတ်နိုင်ဘဲ တစ်နေ့ သေမှန်းမသိသေသွားနိုင်ပေသည်။
..............................
" ဟားဟားဟား၊ ရှင် အဲ့လိုအပြစ်ပေးနည်းကို ဘယ်လိုလုပ် စဉ်းစားမိတာလဲ။ အဲ့တာ မဆိုးလွန်းဘူးလား "
ရှချူး ထိုလူများ၏ မျက်နှာအမူအရာကို တွေးမိပြီး ရယ်လိုက်မိသည်။
ယဲ့ဖန် ကားမောင်းလျက် သူမကို ကြည့်လိုက်သည်။
" ကိုယ်က ဆိုးလို့လား။ ကိုယ် သူတို့ကို ရိုက်လဲမရိုက်ဘူး။ ဆဲလည်းမဆဲဘူးကို ကိုယ်က ဘယ်လိုလုပ်ဆိုးသွားရတာလဲ။ ကိုယ်က ကြင်နာတတ်တဲ့သူပါ "
ယဲ့ဖန်မှ သူ့ကိုယ်သူ 'ကြင်နာသူ'ဟု ပြောလာသည့်အခါ ရှချူး မတတ်နိုင်ဘဲ နှုတ်ခမ်းတွန့်မိသည်။
" ရှင့်ရဲ့ ရူးကြောင်ကြောင်အကြံတွေက ရိုက်တာ၊ ဆဲတာတွေထက် ပိုဆိုးတယ်လေ။ သူတို့ရဲ့ မျက်နှာတွေကို မမြင်လိုက်ဘူးလား။ ငိုတော့ မတတ်ဘဲ "
" သူတို့နဲ့တန်တယ်လေ "
ယဲ့ဖန် အေးစက်စွာ ပြုံးလိုက်သည်။
ရှချူး သူ၏ ချောမောလှသောမျက်နှာကို ကြည့်လိုက်သည်။
" ကျွန်မရှင့်ကို အထင်မှားသွားတာပဲ။ ရှင်က ဒေါသကို မြိုသိပ်ထားနိုင်တဲ့သူလို့ ထင်ခဲ့တာ "
ယဲ့ဖန် ခေါင်းခါပြီး ပြုံးလိုက်သည်။
" တစ်စုံတစ်ယောက်က အရှက်ခွဲတာကို ပြန်တုံ့ပြန်ဖို့ဆို ပါးစပ်ပြောနဲ့ လုပ်လို့မရဘူး။ ပါးစပ်နဲ့တိုက်ခိုက်တာထက် ပိုပြင်းတဲ့ နည်းလမ်းတွေ အများကြီးရှိတယ် "
ရှချူး ခေါင်းညိတ်သဘောတူလိုက်သည်။
" အဲ့လင်မယားက ဒီလိုအချီကြီးကို လက်လွှတ်လိုက်ရတော့ သူတို့တစ်ဘဝလုံး စားမဝင် အိပ်မပျော်လောက်တော့ဘူး။ ရှင်ရဲ့ နှိပ်စက်တဲ့နည်းလမ်းတွေက ရက်စက်လွန်းတယ် "
ယဲ့ဖန် လှည့်ပြီး သူမကို ကြည်လိုက်ကာ မျက်နှာပေါ်၌ ဉာဏ်များသောအပြုံးတစ်ခု ပေါ်လာသည်။
" တကယ်တော့ ကိုယ့်မှာ လူတွေကို ညှဉ်းပန်းတဲ့နည်းတချို့ ရှိသေးတယ်။ ဒီထက်တောင် ပိုကြောက်စရာကောင်းတဲ့ဟာမျိုး မင်း စမ်းကြည့်ချင်လား "
ရှချူးသည် သိချင်စိတ်ကြောင့် မေးတော့မည်ဖြစ်သည်။
သို့သော် ယဲ့ဖန်၏ မျက်နှာပေါ်မှ ကျေနပ်နေသောအပြုံးကြီးကိုမြင်ကာ သာမန်မဟုတ်သည်ကို ခံစားမိတော့သည်။
" မကြုံချင်ပါဘူး "
ယဲ့ဖန် လက်လှမ်းပြီး သူမနှာခေါင်းလေးကို ဆွဲညှစ်လိုက်သည်။
" မဆိုးဘူးပဲ။ အခု ဉာဏ်ကောင်းလာပြီဆိုတော့ အလိမ်မခံရတော့ဘူး "
ရှချူး သူ့လက်ကို တွန်းဖယ်ပြီး နှာခေါင်းကို ပွတ်လိုက်သည်။
" ကျွန်မက ရှင့်လိုလူနဲ့ အကြာကြီးသိလာတာပဲလေ။ ဉာဏ်ပိုကောင်းလာမှ ရမယ်။ မဟုတ်ရင် ရှင်က ကျွန်မကို ရောင်းစားရင်တောင် ကျွန်မက ရှင့်အတွက် ငွေရေတွက်ပေးနေဦးမှာ "
ယဲ့ဖန် ပြန်ပြောသည်။
" ဒါဆို ကိုယ်က လူတိုင်းကို ဉာဏ်ကောင်းလာစေတဲ့ ဦးနှောက်ရွှေချထားသင့်တဲ့ လူစားမျိုးလို့ ဆိုလိုတာလား။ ဒါဆို နောက်နှစ် မင်းမိဘတွေသွားတွေ့ရင် လက်ဆောင်တွေ ဝယ်မသွားဘဲ ကိုယ့်ကိုသာ ခေါ်သွားလိုက် "
ရှချူး၏ မျက်နှာလှလှလေးမှာ ချက်ချင်း နီရဲပြီး ပြန်ပြောသည်။
" ဘာတွေလျှောက်ပြောနေတာလဲ။ ဘာမိဘလဲ "
ယဲ့ဖန် ပြုံးလျက် သူမကို ကြည့်လိုက်သည်။
" မင်း ကိုယ့်ကို ယောက်ျားလို့ခေါ်ရင် မိဘက အတူတူပဲဖြစ်မှာလေ "
" ရှင် ..... မဟုတ်တာတွေ ထပ်ပြောနေသေးရင် စကားဆက်မပြောတော့ဘူး "
မမလေးရှ၏ မျက်နှာမှာ နီရဲကာ ပူနေပြီဖြစ်သည်။
သူမ၏ ရင်ခုန်သံမှာလည်း ခုန်ပေါက်နေလေတော့သည်။
သူမ ရှက်နေသည်ကို ယဲ့ဖန်သိသည်။
ထို့ကြောင့် ဆက်၍ မစနောက်တော့ပေ။
အတော်ကြာမောင်းပြီးနောက် အနီးနားရှိ ရွာတစ်ခုသို့ ရောက်လာကာ ယဲ့ဖန်၏မျက်လုံးများ တောက်ပလာသည်။
" သွားရအောင်။ ရတနာတွေ ဆက်ရှာဖို့ခေါ်သွားမယ် "
ယဲ့ဖန် ရွာထဲသို့ မောင်းဝင်လျက် ရှချူးဘက်လှည့်ကာ ပြောလိုက်သည်။
ရှချူး သူ့ကို ကြောင်အစွာ ကြည့်နေသော်လည်း ဤတစ်ကြိမ်၌ သူ့ကို မေးခွန်းမထုတ်ခဲ့ပေ။
ယဲ့ဖန်သည် ထိုသို့ပြောကာ တစ်ကြိမ်ပြီးတစ်ကြိမ် မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့လေသည်။
ထိုသို့ အကြိမ်တိုင်း မှန်ကန်အောင် မည်သို့ ယဲ့ဖန် ခန့်မှန်းသည်ကို ရှချူး မသိသော်လည်း သူ၏ စကားလုံးများကို သူမ ယုံကြည်နေပြီဖြစ်သည်။
ယဲ့ဖန်သည် ကားကို ခြံဝင်းလေးတစ်ခုရှေ့၌ ရပ်လိုက်ပြီး လှည့်ပတ်ကြည့်လိုက်လေသည်။
ထိုခြံဝင်းမှာ သေးငယ်ပြီး အလွန်ချောင်ကျကာ လူသတိမထားမိသည့်နေရာ၌ ရှိသည်။
ဒီလိုနေရာမျိုးမှာ 'ငါးအကြီးကြီး' ဖမ်းနိုင်မယ်ဆိုတာ ဘယ်သူ ထင်ထားမှာလဲ။
တံခါးပေါ်၌ စာရွက်တစ်ရွက်ဖြင့် 'ခြံရောင်းရန်ရှိသည်'ဟု ကပ်ထားသည်ကို ယဲ့ဖန် သတိထားလိုက်မိသည်။
ထို့ကြောင့် သူ ယုံကြည်ချက်ပိုရှိသွားသည်။
ရှေ့ကို ဆက်လျှောက်သွားပြီး ခြံတံခါးခေါက်လိုက်သည်။
မိနစ်အနည်းငယ် စောင့်ပြီးနောက် တံခါးမှာ ဖြည်းညင်းစွာ ပွင့်လာပြီး အထဲမှ ဘီးတပ်ကုလားထိုင်ဖြင့် အဘိုးအိုတစ်ဦးထွက်လာသည်။
ထိုလူငယ် အသက်တစ်ရာနီးပါးလောက် ရှိနေသော်လည်း သူ၏ မျက်လုံးများ၌ ရက်စက်ကြမ်းကြုတ်မှုအပြင် လူသတ်ရိပ်များဖြင့်ပင် ပြည့်နှက်နေသည်။
ယဲ့ဖန် ချက်ချင်း ရှေ့တက်လာပြီး ရိုသေစွာ မေးလိုက်သည်။
" မင်္ဂလာပါ၊ လူကြီးမင်း။ ဒီခြံကို ရောင်းနေတာပါလား "
" ဟုတ်တယ်၊ ငါ့မိန်းမက အရင်နှစ်ကပဲ ဆုံးသွားတော့ ဒီခြံထဲမှာနေရတာ အရမ်းဝမ်းနည်းဖို့ကောင်းတယ်။ ရောင်းပြီး ပြောင်းသွားချင်ပြီ "
ထိုအဘိုးအိုက ချက်ချင်း ရှင်းပြသည်။
" ဒါဆို အထဲလာပြီး တစ်ချက်လောက် အရင်ကြည့်လို့ရမလား "
ယဲ့ဖန် ခွင့်တောင်းလိုက်သည်။
" ဝင်ခဲ့ပါ "
ယဲ့ဖန်၏ ခွင့်တောင်းချက်သည် အကျိုးအကြောင်း သင့်လျော်လေသည်။
အဘိုးအိုသည်လည်း ငြင်းစရာအကြောင်းမရှိသောကြောင့် သူတို့နှစ်ယောက်ကို အထဲသို့ ဖိတ်ခေါ်လိုက်သည်။
ဤခြံလေးမှာ အမှန်ပင် ထူးခြားလှသည်ကို ယဲ့ဖန် ဝန်ခံရပေမည်။
အပြင်အဆင်များသည် အသေးစိတ်များကအစ သေချာဂရုတစိုက် စီစဉ်ဖန်တီးထားသည်မှာ သိသာလှသည်။
သူသည် ဂျပန်တွင် အချိန်အတော်ကြာနေဖို့ စီစဉ်ထားပါက ဤနေရာများကို ဝယ်ချင်လေသည်။
သို့သော် သူ ဤနေရာသို့လာခြင်းမှာ ရတနာကြောင့်ဖြစ်သည်။
" အထဲဝင်ပြီး ကြည့်လို့ရမလား "
ယဲ့ဖန်သည် ခြံဝင်းထဲ နှစ်ခါမျှပတ်ကြည့်ပြီးနောက် အဘိုးအိုကို ထပ်မံတောင်းဆိုလိုက်သည်။
အဘိုးအိုသည် တခဏမျှ တုံ့ဆိုင်းနေပြီးနောက် ခေါင်းညိတ်သဘောတူလိုက်သည်။
" ရတယ် "
ထိုသို့ပြောပြီးနောက် ယဲ့ဖန်တို့နှစ်ဦးကို အဓိကအခန်းထဲသို့ ခေါ်သွားခဲ့သည်။
ပရိဘောဂအပြင်အဆင်များမှာ ဂျပန်စတိုင်ဖြစ်သည်။
သေးငယ်သော်လည်း လှပသေသပ်ကာ ထူးခြားလှသည်။
ယဲ့ဖန်သည် အစ၌ လှည့်ပတ်ကြည့်ချင်ယောင်ဆောင်ပြီး နောက်ဆုံးတွင် နံရံပေါ်ရှိ ချိတ်ဆွဲထားသော လက်ရေးလှစာကို ကြည့်လိုက်သည်။
ထိုစာတမ်းပေါ်၌ စာလုံးများစွာ ရှိနေသည် ........
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၃၂၂ )
ငယ်ငယ်တုန်းက လုပ်ခဲ့တာတွေအတွက် နောင်တရဖူးလား
ယဲ့ဖန်သည် ထိုစကားလုံးများကို မဖတ်ပေ။
ဝူချန်းရှို့ဟူသော နာမည်ကိုသာ မြင်လေသည်။
ဤအချိန်အတောအတွင်း သူသည် ရှေးဟောင်းပစ္စည်းလောကနှင့် ပတ်သက်၍ လေ့လာခဲ့သည်။
ဝူချန်းရှို့သည် ခေတ်သစ်လက်ရေးလှရေးသူဖြစ်သည်ကို ယဲ့ဖန် သိသည်။
သူ၏ လက်ရေးလှစာများမှာ ရှေးဟောင်းဈေးကွက်၌ အလွန်ကျော်ကြားသည်ဟု ဆိုနိုင်သည်။
သူ၏ လက်ရာတစ်ခုကို အမြင့်ဆုံးဈေး ယွမ် ၄သန်းမှ ၅သန်းအထိ ရောင်းချနိုင်လေသည်။
" ဆရာကြီး၊ ဒီလက်ရေးလှစာကို တရုတ်လက်ရေးလှပညာရှင်က ရေးထားတာ ဟုတ်တယ်မလား။ တရုတ်ပြည်ကို ရောက်ဖူးတာလား "
ယဲ့ဖန် ထိုအဘိုးအိုကို မျက်တောင်မခတ်ကြည့်လိုက်သည်။
ထိုအဘိုးအိုသည် တရုတ်ပြည်ဟူသော စကားလုံးကို ကြားသောအခါ သူ၏မျက်လုံးများ တောက်ပလာသည်။
" ငါ ငယ်ငယ်တုန်းက အဲ့ကိုရောက်တော့ ဒီဟာကို ပြန်ယူလာခဲ့တာ "
ယဲ့ဖန် သူ့ကို စိုက်ကြည့်လိုက်သည်။
" ငယ်ငယ်တုန်းကလား။ တရုတ်ပြည်ကို စီးပွားရေးသွားလုပ်တာလား "
" စီးပွားရေးတဲ့လား၊ ဟားဟားဟား ..... "
ထိုအဘိုးအိုသည် ယဲ့ဖန်ကို ကြည့်လိုက်ကာ သူ၏ အကြည့်မှာ ရုတ်တရက် စူးရှသွားသည်။
" ငါ လူသွားသတ်တာ "
သူ၏ အကြည့်မှာ အနည်းငယ် ကြောက်စရာကောင်းသည်။
ယဲ့ဖန်သည် အဆင်ပြေသော်လည်း သူ့ဘေးရှိ ရှချူးမှာ ကြောက်၍ အနောက်သို့ခြေတစ်လှမ်းဆုတ်ကာ ယိုင်သွားသည်။
ယဲ့ဖန် သူမကို အမြန်ကူပေးပြီး ထိုအဘိုးအိုကို ကြည့်လိုက်သည်။
" တရုတ်ပြည်ကို ဘယ်တုန်းက သွားတာလဲ "
ထိုအဘိုးအိုသည် သူ၏ ရွှေရောင်နေ့ရက်များကို ပြန်လည်တမ်းတနေသကဲ့သို့ မျက်နှာပေါ်၌ အနည်းငယ် ဆိုးသွမ်းသော အပြုံးတစ်ခုပေါ်လာသည်။
" လွန်ခဲ့တဲ့ ၈၅နှစ်က စစ်တပ်နဲ့လိုက်ပြီး တရုတ်မြေကို ပထမဆုံးခြေချဖူးတာပဲ ...... "
ယဲ့ဖန်နှင့် ရှချူးတို့၏ အမူအရာများမှာ တစ်ချိန်တည်း ပြောင်းသွားတော့သည်။
တရုတ်ပြည်မှလူတိုင်း ဘာဆက်ဖြစ်သည်ကို သိကြလေသည်။
ထိုအရာသည် တရုတ်ပြည်ရှိလူတိုင်း၏ နှလုံးသားထဲကို နာကျင်စေနိုင်သော ထာဝရဒဏ်ရာကြီးတစ်ခုဖြစ်သည်။
ရှချူးသည် သူမမျက်လုံးထဲမှ အမုန်းတရားကို မထိန်းနိုင်ဘဲ တစ်ခုခုပြောတော့မည် ဖြစ်သည်။
သို့သော် ယဲ့ဖန် သူမကို မသိမသာ သတိပေးကာ တားလိုက်ပြီး ဆက်မေးလိုက်သည်။
" ဒါဆို ငယ်ငယ်တုန်းက လုပ်ခဲ့တာတွေအတွက် နောင်တရဖူးလား "
" နောင်တတဲ့လား။ ဘာလို့ နောင်တရရမှာလဲ "
ထိုအဘိုးအိုက ယဲ့ဖန်ကို လှည့်ကြည့်လိုက်ကာ သူ့အမူအရာက အနည်းငယ် မနှစ်မြို့ပုံပေါ်သွားသည်။
" ငါတို့လုပ်သမျှက တိုင်းပြည်အတွက်ပဲ "
" ငါတို့ကြောင့် မင်းတို့ ဒီနေ့ဒီလို ဂျပန်မှာ ကြွယ်ကြွယ်ဝဝ နေနိုင်တာပဲ။ ငါတို့က ဘာလို့ နောင်တရရမှာလဲ "
ယဲ့ဖန် နှာမှုတ်လိုက်သည်။
" နိုင်ငံ့ကောင်းကျိုးလုပ်ဖို့နဲ့ ဘာလို့ သူများနိုင်ငံကို ပြဿနာရှာရတာလဲ။ ဒါနဲ့ သားရဲတိရစ္ဆာန်က ဘာကွာတော့မှာမလို့လဲ "
" လူတွေက သားရဲတိရစ္ဆာန်ပဲ "
ထိုအဘိုးအိုက ပြောလေသည်။
" လူတွေက သားရဲတိရစ္ဆာန်ထက်တောင် ပိုဆိုးသေးတယ် "
" ဒီလောကကြီးထဲမှာ အားကြီးတဲ့သူကပဲ ရှင်ကျန်နေခဲ့တာ။ အားနည်းတဲ့သူတွေ ကျန်ခဲ့တာတောင် ကံကောင်းတယ်ပဲ ပြောရမှာ "
ယဲ့ဖန် သူ့ရင်ထဲမှ သံမှိုကို ဖိနှိပ်ပြီး လေပူမှုတ်ထုတ်လိုက်သည်။
" ကောင်းပြီ၊ အဲ့တာ မပြောတော့ဘူး။ စီးပွားရေးကိစ္စပဲ ပြောကြရအောင်ပါ "
" ဒီခြံကို တော်တော်လေး ကြိုက်တာမလို့ ဘယ်လောက်နဲ့ ရောင်းမလဲ "
အဘိုးအိုသည် ယဲ့ဖန်ကို အတော်ကြာ ကြည့်ပြီးနောက် ရုတ်တရက် ခေါင်းခါလိုက်သည်။
" ငါ မရောင်းတော့ဘူး "
ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်သည်။
" ဘာလို့လဲ "
" ငါ မင်းကို မကြိုက်ဘူး။ မင်းကိုလည်း ငါ့ခြံထဲမှာ မနေစေချင်ဘူး။ အကြောင်းပြချက်က လုံလောက်လား "
အဘိုးအိုက သူ့ကို မပျော်မရွှင်ဖြင့် ကြည့်လိုက်သည်။
" ရတယ်။ ဒီခြံက ခင်ဗျားအပိုင်ပဲ။ မရောင်းချင်ရင် ဘယ်သူကမှ အတင်းမလုပ်နိုင်ဘူး "
ယဲ့ဖန် ပြောပြီးနောက် လက်ရေးလှစာရှေ့၌ ရုတ်တရက် ရပ်လိုက်သည်။
" ခြံကို မရောင်းချင်ဘူးဆိုရင်တောင် ဒီလက်ရေးလှစာကိုရော ရောင်းမလား။ ဒီဟာကို ကြိုက်တော့ ဈေးပြောလိုက်ပါ "
" ဒီနေ့ခေတ်ဂျပန်လူငယ်တွေက ဒီလိုဟာတွေကို ကြိုက်ကြသေးတာလား "
အဘိုးအိုက အံ့ဩသွားသည်။
" လူတိုင်းက ကိုယ့်အကြိုက်နဲ့ကိုယ်ပါပဲ။ ဒီလို လက်ရေးလှစာတွေနဲ့ ပန်းချီတွေ စုရတာကြိုက်လို့ပါ။ ဒီဟာကို ရောင်းချင်မလားလို့ပါ "
ယဲ့ဖန် အဘိုးအိုကို ကြည့်လိုက်သည်။
" ငါသိသလောက်ဆို ဒီလက်ရေးလှစာတွေက ဈေးမပေါဘူး။ လိုချင်ရင် ဂျပန်ယန်း၁၀သန်းနဲ့ ရောင်းမယ် "
အဘိုးအိုမှ ချက်ချင်း ဈေးပြောလိုက်သည်။
ယဲ့ဖန် တွက်ချက်ကြည့်လိုက်ရာ ဂျပန် ယန်း၁၀သန်းသည် တရုတ်ယွမ်၅သိန်းနှင့် ညီမျှသည်။
" ကောင်းပြီ၊ ဝယ်မယ် "
ယဲ့ဖန် သဘောတူ ခေါင်းညိတ်လိုက်သည်။
ရှချူး၏ မျက်လုံးများ ပြူးကျယ်သွားရသည်။
ယဲ့ဖန်သည် အခြားပစ္စည်းများ ဝယ်ရန် ပိုက်ဆံများစွာ မသုံးခဲ့ပေ။
သူ ယနေ့ သုံးသမျှထဲတွင် ဤသည်မှာ ပမာဏအများဆုံးဖြစ်လေသည်။
အဘိုးအိုပင် အနည်းငယ် အံ့ဩသွားလေသည်။
သူသည် ဈေးကို ခေါ်ချင်သလို ခေါ်လိုက်ခြင်းဖြစ်ပြီး တစ်ဖက်မှ ဈေးဆစ်မည်ကို စောင့်နေခြင်းဖြစ်သည်။
ထိုလူငယ်လေးမှ ဤမျှလွယ်ကူစွာ လက်ခံလိုက်မည်ဟု ထင်မထားပေ။
" ဒီလက်ရေးလှစာအတွက် ၁၀သန်းသုံးချင်တာလား "
တစ်ဖက်သူမှ သူ့စကားကို ရှင်းလင်းစွာ မကြားလိုက်ဘူးဟု ထင်သောကြောင့် အဘိုးအိုမှ နောက်တစ်ကြိမ် ထပ်၍ ပြောလိုက်သည်။
" ဝယ်မယ် "
ယဲ့ဖန်မှ ခိုင်မာသော အဖြေကို ပေးလိုက်သည်။
" ဘာလို့လဲ "
အဘိုးအိုမှာ ကြောင်အနေဆဲဖြစ်သည်။
" အကြောင်းပြချက်ကို အရောင်းအဝယ်ပြီးမှပဲ ပြောနိုင်တယ် "
ယဲ့ဖန်သည် တမင်တကာ ဆိုင်းငံ့ထားလိုက်သည်။
အဘိုးအိုသည် မျက်မှောင်ကြုတ်ကာ တခဏ စဉ်းစားလိုက်သည်။
အဆုံး၌ ခေါင်းညိတ်လိုက်လေသည်။
" ရတယ် "
နှစ်ဦးနှစ်ဖက် ရောင်းဝယ်စာချုပ်ကို ချက်ချင်း ချုပ်လိုက်ပြီး လက်ဗွေနှိပ်လိုက်ကြသည်။
ယဲ့ဖန်သည် အဘိုးအိုအား နေရာမှာတင် ဂျပန်ယန်း၁၀သန်းကို လွှဲပြောင်းပေးလိုက်သည်။
ထိုအရောင်းအဝယ်မှာ ပြီးစီးသွားပြီဟု ဆိုနိုင်သည်။
" အကြောင်းပြချက်ကို အခုပြောလို့ ရပြီလား "
အဘိုးအိုသည် ထိုကိစ္စကို မမေ့သေးပေ။
ယဲ့ဖန် ပေါ့ပါးစွာသာ ပြုံးလိုက်ပြီး လှည့်ကာ နံရံပေါ်မှာ လက်ရေးလှစာကို ဖြုတ်ယူလိုက်သည်။
" အိမ်မှာ ကတ်ကြေးရှိလား "
အဘိုးအိုသည် ဘီးတပ်ကုလားထိုင်ကို တွန်းပြီး အံဆွဲတစ်ခုကို ဖွင့်ကာ ကတ်ကြေးတစ်စုံကို ထုတ်လိုက်သည်။
" ဒီကတ်ကြေးက ဘာလုပ်ဖို့အတွက်လဲ "
ယဲ့ဖန် သူ့ကို ချက်ချင်း ပြန်မဖြေပေ။
ကတ်ကြေးကို ထုတ်ပြီးနောက် စာလုံးများကိုဖြတ်၍ လက်ရေးလှစာကို ဂရုတစိုက်ဖြဲလိုက်သည်။
ဂျပန်ယန်း ၁၀သန်းတန်သော လက်ရေးလှစာမှာ တစ်ချက်တည်းဖြင့် ဖျက်ဆီးခံလိုက်ရသည်။
" မင်း ...... မင်း ဘာလုပ်နေတာလဲ "
အဘိုးအိုမှာ ထိတ်လန့်သွားပုံရသည်။
ရှချူးပင် ထိတ်လန့်သွားသည်။
ဘယ်လိုလုပ် ဒီလို လုပ်နိုင်ရတာလဲ။
တရုတ်ယွမ် ၅သိန်းနဲ့ ဝယ်ထားတဲ့ပစ္စည်းက ဒီလိုပဲ ပျက်စီးသွားတော့တာလား
ယဲ့ဖန်ကတော့ ပြန်မဖြေပေ။
ဆက်၍ ဖြဲနေသည်။
အဘိုးအို သေချာကြည့်လိုက်သည့်အခါ စာလုံးများ၏အလယ် အပြဲနေသည့်နေရာမှ ပန်းချီပုံကို လှမ်းတွေ့လိုက်ရသည်။
ထိုသည်မှာ ရှုခင်းပုံပန်းချီဖြစ်သည်။
မည်သို့သော ပန်းချီဖြစ်သည်ကို မပြောနိုင်သော်လည်း ပန်းချီ၏ ဘေးမှ ထန်ရန်းဟူသော လက်မှတ်ကို သတိထားမ်လိုက်သည်။
ရှချူးမှ အရင် တုံ့ပြန်လာသည်။
" ထန်ရန်း ..... ထန်ရန်းဆိုတော့ ..... သူက ..... "
သူမသည် တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သွားသကဲ့သို့ နှစ်ကြိမ်ရေရွတ်လိုက်သည်။
သူမ ကြောင်အသွားလေသည်။
ထူပေါရန်၊ ဒါက တကယ်ပဲ ထူပေါရန်ရဲ့ ပန်းချီလား။
" ထန်ရန်းဆိုတာ ဘယ်သူလဲ။ သူက နာမည်ကြီးလို့လား "
ထိုအဘိုးအိုသည် တရုတ်ပြည်မှ ပညာရှင်များအကြောင်း မသိသည်ဖြစ်ရာ ချက်ချင်း မေးမြန်းလိုက်သည်။
ယဲ့ဖန်သည် ဒုတိယအလွှာကို ထုတ်ပြီး ကျေနပ်စွာဖြင့် ကြည့်လိုက်သည်။
" ထန်ရန်းက တရုတ်ပြည်ရဲ့ နာမည်ကြီးပညာရှင်ပဲ။ သူ့ရဲ့ ပညာရပ်တွေက ဒီနှစ်တွေအတွင်း ရှေးဟောင်းပစ္စည်းလောကမှာ အရမ်းနာမည်ကြီး ထင်ရှားတယ်။ 'လုရှန်းတောင်မှရေတံခွန်အလှ'ဆိုတဲ့ ပန်းချီတစ်ချပ်ရှိဖူးတယ်။ အဲ့ပန်းချီကို တရုတ်ယွမ် ၃.၆ဘီလီယံနဲ့ ရောင်းထွက်သွားတာ "
အဘိုးအိုသည် ထိုမျှ အံ့ဩစရာကောင်းသော သတင်းကြောင့် စကားမပြောနိုင်ဖြစ်သွားသည်။
အတော်ကြာမှ အသိစိတ်ပြန်ကပ်လာသည်။
" ယွမ်၃.၆ဘ်ိလီယံတဲ့လား။ ဒါက မယုံနိုင်စရာပဲ။ ဒါဆို ဒီပန်းချီကလည်း အရမ်းကို အဖိုးတန်မှာပေါ့။ ဟုတ်တယ်မလား "
ယဲ့ဖန် တုန်လှုပ်ခြင်းမရှိ ခေါင်းညိတ်လိုက်သည်။
" ဒီပန်းချီက 'လုရှန်းတောင်မှရေတံခွန်အလှ'ပန်းချီလောက်တော့ မယှဉ်နိုင်ပေမဲ့ အတော်လေးရှားပါးတဲ့ လက်ရာတွေထဲကတစ်ခုပဲဆိုတော့ အနည်းဆုံး ...... ယွမ်သန်း၃၀၀လောက်တန်တယ်။ ဂျပမ်ယန်း ၅ဘီလီယံ ၆ဘီလီယံလောက် ရှိမှာပေါ့ "
အဘိုးအိုသည် ထိုစကားကို ကြားသောအခါ နာကျင်သွားသော အမူအရာဖြင့် ရင်ဘတ်ကို ဖိလိုက်သည်။
" ၅ဘီလီယံ ၆ဘီလီယံလောက်တဲ့လား။ မင်း ..... မင်း ငါ့ကို လှည့်စားခဲ့တာလား "
သူသည် အသက်တစ်ရာနီးပါးရှိပြီ ဖြစ်သော်လည်း ပိုက်ဆံကို အလွန်တန်ဖိုးထားလေသည်။
သူသည် ထိုလက်ရေးလှစာကို ၁၀သန်းဖြင့် ရောင်းနိုင်ခဲ့စဉ်က အချီကြီးရလိုက်ပြီဟု ထင်ခဲ့မိသည်။
သူ့စီမှ ဝယ်ယူသွားသော လူငယ်လေးမှာ တစ်ခါတည်းဖြင့် အဆ ၅၀-၆၀ကျော် အမြတ်ရသွားမည်ဟု ထင်မထားပေ။
သူ လက်ခံရန် ခက်ခဲနေမိသည်။
သူ လက်မခံချင်ရင်တောင် ဘာလုပ်လို့ရမှာလဲ။
အရောင်းအဝယ်စာချုပ်မှာ ချုပ်ဆိုပြီးဖြစ်သည့်အပြင် ငွေချေပြီးပြီလည်း ဖြစ်သည်။
အကယ်၍ သူ တရားရုံးသို့ သွားလျှင်ပင် အကျုံးဝင်တော့မည် မဟုတ်ပေ။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၃၂၃ )
သေဖို့ထိုက်တန်ပေမဲ့ အခုတော့ မဟုတ်သေးဘူး
ယဲ့ဖန်သည် ထူပေါရန်၏ ပန်းချီအစစ်ကို ဂရုတစိုက် သိမ်းပြီး အဘိုးအိုစီသို့ လျှောက်သွားသည်။
" အို၊ ပြောဖို့မေ့နေတာ။ တကယ်တော့ ကျွန်တော်က ဂျပန်မဟုတ်ဘူး။ တရုတ်လူမျိုးပဲ။ ဒီပန်းချီက ပိုင်ရှင်အစစ်စီ ပြန်ရောက်သွားတယ်လို့ သတ်မှတ်နိုင်တယ်။ တရုတ်ပြည်ကို ပြန်ယူသွားမှာ "
" မင်း ......... "
ထိုအဘိုးအို၏ အမူအရာမှာ အတော်ပင် ပြောင်းသွားပြန်သည်။
သူ့လက်ကို မြှောက်ပြီး ယဲ့ဖန်ကို လက်ညှိုးထိုးကာ သူ့တစ်ကိုယ်လုံး တုန်လှုပ်နေသည်။
ယဲ့ဖန်၏ သင်ယူရေးစွမ်းရည်မှာ အတော်ပင် အားကောင်းလှသည်။
ထို့အပြင် သူသည် ဂျပန်သို့ရောက်သည်မှာ အနည်းငယ် ကြာမြင့်ပြီဖြစ်သည်။
ထို့ကြောင့် ပတ်ဝန်းကျင်ဖြင့် နေသားကျလာကာ သူ၏ အသံနေအသံထားကို မည်သူမျှ သတိမထားမိနိုင်တော့ပေ။
ယဲ့ဖန် ဘာမှမပြောလျှင် တစ်ဖက်လူမှာ သူ့ကို ဒေသခံဂျပန်လူမျိုးဟုသာ ထင်နေမည်ဖြစ်သည်။
ထို့ကြောင့်လည်း အဘိုးအိုမှ ယဲ့ဖန်ကို လက်ရေးလှစာ ရောင်းလိုက်ခြင်းဖြစ်သည်။
ယဲ့ဖန်သည် တရုတ်ဖြစ်သည်ကို ထိုအဘိုးအို သိနေခဲ့ပါက ယဲ့ဖန် ပိုက်ဆံမည်မျှပေးသည်ဖြစ်စေ မရောင်းလောက်ပေ။
အဘိုးအိုသည် လိမ်လည်ခံလိုက်ရသည်ဟူသော ခံစားချက်ကြောင့် ရုတ်တရက် တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ရီလာတော့သည်။
ထိုအဘိုးအို အသက်ရှူကြပ်ပြီး သေသွားမည်ကို ရှချူး စိုးရိမ်မိသည်။
အကယ်၍ ထိုသို့ဖြစ်သွားသည်ဆိုပါက သူမတို့နှစ်ဦးသည် ဤကိစ္စ၌ သေချာပေါက် ပါဝင်ပတ်သက်ပေးရလိမ့်မည်။
ယဲ့ဖန် သည် ငွေအပ်တစ်ချောင်းကို ထုတ်လိုက်ပြီး အဘိုးအို၏ ရင်ဘတ်နှစ်နေရာကို ဇတ်ခနဲ စိုက်လိုက်သည်။
" ခင်ဗျားက သေရတော့မှာဆိုပေမဲ့ အခုတော့ မဟုတ်သေးဘူး။ ကျွန်တော်တို့ပါ ပတ်သက်နေရလိမ့်မယ်။ နောက်နှစ်ရက်လောက် နေလိုက်ဦး "
ထိုသို့ဖြင့် ရှချူးနှင့်အတူ ချက်ချင်း ထွက်သွားခဲ့သည်။
" သူ့ကို ဒီအတိုင်း လွယ်လွယ်နဲ့ ထားခဲ့မလို့လား "
သူတို့နှစ်ဦးသည် ခြံထဲမှ ထွက်လာပြီဖြစ်သော်လည်း ရှချူးသည် အနည်းငယ် စိတ်မချဖြစ်နေသေးသည်။
ထိုအဘိုးအိုသည် လူမဆန်သောကိစ္စများ လုပ်ရာ၌ ပါဝင်ခဲ့သူဖြစ်သည်။
သူ့ကို အလွယ်တကူ လွှတ်ပေးလိုက်ခြင်းက ညှာတာလွန်းရာရောက်လေသည်။
ယဲ့ဖန် သူမခေါင်းလေးကို ပုတ်လိုက်သည်။
" မပူနဲ့၊ ဒီအဘိုးကြီးက ရက်အများကြီး ထပ်မနေရဘူး။ သူ အသေဆိုးနဲ့ သေရမယ်ဆိုတာ အာမခံတယ် "
ရှချူး သူ့ကို ကြောင်အစွာ ကြည့်နေမိသည်။
ယဲ့ဖန် ဘာလုပ်မည်ကို သူမ မသိသော်လည်း သူ့ကို မသိစိတ်က ယုံကြည်လေသည်။
နောက်ဆုံး၌ ယဲ့ဖန်၏ စကားများမှာ အမှန်ဖြစ်လာပုံရသည်။
သူတို့နှစ်ယောက် ပြန်သွားပြီး နှစ်လကြာပြီးနောက် ရပ်ကွက်ထဲမှ လူတစ်ဦးသည် ထိုအဘိုးအို၏ အိမ်သို့အလည်လာစဉ် သူ၏ ခန္ဓာကိုယ်ကို ရှာတွေ့ခဲ့ကြသည်။
ရုံးဌာနမှလူများ ရောက်လာပြီး သူ့ကို တွေ့သောအခါ အားလုံးမှာ ကြောက်ရွံ့တုန်လှုပ်သွားရသည်။
စစ်ဆေးပြီးနောက် ထိုအဘိုးအို သေဆုံးနေသည်မှာ ဆယ်ရက်ကျော်ရှိပြီဖြစ်ပြီး သူ၏ အလောင်းမှာ လုံးဝပျက်စီးယိုယွင်းနေပြီ ဖြစ်သည်။
သူသည် အလွန်ဆိုးရွားကြမ်းတမ်းသော ဖြစ်ရပ်ဆိုးတစ်ခုဖြင့် သေဆုံးသွားသည်ကို မြင်သူတိုင်း ပြောနိုင်သည်။
သူ၏ အလောင်းခန္ဓာမှာ သွေးများဖြင့် ဖုံးလွှမ်းနေပြီး အသားစများမှာ ဆွဲဖြဲခံထားရ၍ အထဲမှ အရိုးများကိုပင် မြင်နိုင်လေသည်။
အလောင်းကို စစ်ဆေးပြီးနောက် အဘိုးအိုကိုယ်တိုင် ကုတ်ခြစ်ထားသည်ဟု တွေ့ရှိရသည်။
ထို့အပြင် သူ၏ အမူအရာမှာ အလွန်ကို ကြောက်ရွံ့ထိတ်လန့်နေပုံရသည်။
သေချာလေသည်။
မြေပြင်ပေါ်တွင် မစင်နှင့် ဆီးများပင် ရှိနေခဲ့သည်။
သေချာ စုံစမ်းစစ်ဆေးပြီးနောက် အထွေထွေ တရားရေးရာရုံးမှ လူသတ်မှု ဖြစ်နိုင်ချေကို ပယ်ချခဲ့သည်။
စီရင်ချက်အရ အဘိုးအိုသည် ရုတ်တရက် စိတ်ပျောက်ပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခြင်း ဖြစ်သည်။
နောက်ဆုံး၌ သူသည် သွေးထွက်လွန်ပြီး သေဆုံးသွားခြင်းဖြစ်သည်။
ထိုအကြောင်းကို အိမ်နီးနားချင်းများမှ ကြားသောအခါ အဘိုးအိုသည် ငယ်စဉ်အခါက လုပ်ခဲ့သော အရာအချို့ကို တွေးပြီး အမျိုးမျိုးသော သီအိုရီအချို့ကို စတင်ပြောကြတော့သည်။
အဘိုးအိုသည် ငယ်စဉ်က အပြစ်များစွာကို ကျူးလွန်ခဲ့၍ ယခုအခါ သူသတ်ခဲ့သည့် အဆိုပါ ရက်စက်ကြမ်းကြုတ်သော ဝိညာဉ်များက သူ့အသက်ကို ပြန်လာယူကြသည်ဟု ဆိုကြသည်။
ထို့အပြင် သူတို့ကိုယ်တိုင် မျက်စိနှင့် မြင်လိုက်သလို ပြောကြလေသည်။
ထိုကောလဟာလကို ယုံကြည်သူ အများအပြားရှိနေသည်မှာ ပိုလို့ပင် ထူးဆန်းသည်။
.........................................................
ယဲ့ဖန်နှင့် ရှချူးတို့သည် ခြံထဲမှ ထွက်လာကြပြီးနောက် ကောင်းကင်သည် မှောင်စပြုနေပြီဖြစ်သည်။
သူတို့ နှစ်ယောက် နေ့ခင်းမှစ၍ တရစပ်ပြေးလွှားခဲ့ကြသည်။
ယဲ့ဖန်သည် သူမအား အနီးနားရှိ ပလာဇာတစ်ခုသို့ ခေါ်ဆောင်သွားပြီး ဂျပန်စားသောက်ဆိုင်တစ်ဆိုင်မှ အရသာကို ခံစားလိုက်သည်။
ယခင်က ဖက်တီးချူးသည် သူ့ကို ဂျပန်ကား အတော်အများကို ပြသခဲ့ပြီး ထိုဂျပန်ကားများသည် ဤသို့ စားသောက်ဆိုင်မျိုး၌လည်း ပါဝင်လေသည်။
ထို့အပြင် လက်ရှိအချိန်၌ သူ့အရှေ့တွင် အလွန်လှပသည့် မိန်းမချောလေးတစ်ယောက် ရှိနေသည်။
ထို့ကြောင့် သူ့စိတ်ကူးများသည် မထိန်းချုပ်နိုင်စွာ အရိုင်းဆန်လာသည်။
" ရှချူး "
" ဟင် "
" ဇာတ်ကားရိုက်ချင်လား "
" ဟိုတလောကမှ ဇာတ်ကားတစ်ကား ရိုက်ပြီးထားတာ။ အခု နောက်တစ်ကားရိုက်ဖို့ ညှိနှိုင်းနေတာ "
" ကိုယ်က အဲ့လိုဇာတ်ကားမျိုးကို ပြောတာ မဟုတ်ဘူး "
" အဲ့လို မဟုတ်ဘူးလား။ ဒါဆို ဘယ်လိုမျိုးလဲ။ အွန်လိုင်းဇာတ်ကားမျိုးလား "
" ဒါက အွန်လိုင်းဇာတ်ကားလိုမျိုး မဟုတ်ဘူး။ ရိုးရှင်းတဲ့ ဇာတ်ဝင်ခန်းနဲ့ လူနှစ်ယောက်တည်းပဲ သရုပ်ဆောင်ရတဲ့ ရုပ်ရှင်မျိုး "
" ဒီလိုဇာတ်ကားပုံစံ ရှိတာလား။ ဇာတ်ညွှန်းကို အရင်ကြည့်လို့ရမလား "
" အာ ...… ဒီလို ဇာတ်ကားမျိုးက လက်တန်းပြောရဖို့ လိုတယ် "
" အာ၊ အဲ့တာဆို စိတ်ဝင်စားစရာပဲ။ ဘယ်တော့ ရိုက်ကူးရမှာလဲ "
" ဆန္ဒရှိတာနဲ့ အချိန်မရွေး လုပ်နိုင်တယ် "
ယဲ့ဖန်သည် သူ့မျက်နှာတွင် နတ်ဆိုးဆန်သော အပြုံးတစ်ခု ရှိနေသည်။
ရှချူး မတတ်နိုင်ဘဲ တုန်ယင်လာသည်။
" ရှင် ကျွန်မကို နောက်တစ်ခါ လှည့်စားနေတာဖြစ်မယ်။ ကျွန်မ ရှင်နဲ့ ရုပ်ရှင်ရိုက်မှာ မဟုတ်ဘူး "
အလှလေးသည် ရုတ်တရက် ဥာဏ်ကောင်းလာပြန်သည်။
" မင်း ကိုယ့်ကို လာကစားနေတာလား။ ကိုယ် ဘာပြောနေတာလဲ မင်း တကယ် မသိဘူးလား "
ယဲ့ဖန်သည် သူ့အနေဖြင့် ရှင်းလင်းစွာ ပြောထားပြီးဖြစ်သည်ဟု ခံစားရသော်လည်း ထိုမိန်းကလေးမှာ ကြောင်အနေသေးသည်။
" ကျွန်မ တကယ်နားမလည်ဘူး။ ရှင်းပြပါလား "
ရှချူးသည် ယဲ့ဖန်၏ စူးဝါးသော အကြည့်ကို မြင်ပြီးနောက် သူမကပင် မှားသွားသလို ခံစားလိုက်ရသည်။
" အိုဟာရှီမိကုကို ကြားဖူးလား "
" သူမကလည်း မင်းသမီးတစ်ယောက်လား "
" ဒါဆို ယူကီ မီကာမီကိုရော သိလား "
" ကြားဖူးသလိုလိုပဲ။ ဒါပေမယ့် သိပ်မသိဘူး "
" ထားပါတော့။ ကိုယ်တို့ကြားမှာ ကွာဟချက် ရှိနေတာပဲ "
ယဲ့ဖန်နှင့် ရှချူးတို့သည် ထမင်းစားပြီးနောက် လမ်းလျှောက်ထွက်လာကြသည်။
ထိုအချိန်တွင် လမ်းမီးများလည်း ပွင့်နေပြီဖြစ်သည်။
လမ်းပေါ်၌ လက်ဆွဲနှုတ်ဆက်ပြီး ရယ်မောနေကြသည့် စုံတွဲများစွာ ရှိလေသည်။
ယဲ့ဖန်သည် သူ့ဘေးနားရှိ ရှချူးကို ငုံ့ကြည့်ကာ သူမ၏ လက်ကို ဆုပ်ကိုင်ရန် ချက်ချင်း လက်ဆန့်လိုက်သည်။
ရှချူးသည် ခဏမျှသာ ရုန်းကန်ပြီးနောက် မျက်နှာကို လှည့်ကာ တိတ်တိတ်လေး ပြုံးနေသည်။
" ဂျပန်ကို ရောက်နေတာ ရက်အတော်ကြာနေပြီ။ ဒါပေမယ့် ကောင်းကောင်းလည်ဖို့ မထွက်ဖြစ်ဘူး "
ရှချူးသည် လေထု အဆင်မပြေဖြစ်နေသည်ကို ဖြေလျှော့ရန် နည်းလမ်းရှာခဲ့သည်။
" ဒါဆို နှစ်ရက်လောက် လမ်းလျှောက်ထွက်ကြမယ်လေ "
ယဲ့ဖန် လိမ္မာပါးနပ်စွာ ဖြေလေသည်။
" ထားလိုက်ပါ၊ ကျွန်မ နောက်ထပ်နှစ်ရက် အနားယူလိုက်ဦးမယ်။ ပြီးရင် တရုတ်ပြည်ကို ပြန်ဖို့ အချိန်တန်ပြီ "
ရှချူးသည် ခေါင်းငုံ့ကာ ခြေချောင်းလေးများကို ကြည့်နေပြီး သူမ၏ အသံမှာ တွန့်ဆုတ်နေသည်။
" ဂျပန်မှာ ကိုယ့်ကိစ္စတွေ ပြီးခါနီးပြီ။ ဒီရက်ပိုင်းအတွင်း ပြန်နိုင်လောက်တယ် "
ယဲ့ဖန် ချက်ချင်းပြောလိုက်သည်။
" တကယ်လား။ အဲ့တာဆို အရမ်းကောင်းတယ် "
ရှချူး၏ မျက်နှာသည် ရွှင်လန်းမှု အပြည့်ရှိနေတော့သည်။
" ဘာကကောင်းတာလဲ "
ယဲ့ဖန် ချက်ချင်း သူမကို စိုက်ကြည့်နေလိုက်သည်။
ရှချူး ရှက်သွားသည်။
သူမ စိတ်ထဲရှိသည်ကို အမှန်အတိုင်းပြောမိလိုက်၍ အလွန်လန့်သွားသည်။
ယဲ့ဖန်သည် သူမ၏ ရှက်ရွံ့နေသော အမူအရာကို ကြည့်ကာ သူမ၏ နှုတ်ခမ်းနှင့် နီးကပ်လာပြီး သူ့နှလုံးသားမှာလည်း ယားယံလာရသည်။
ရှချူး၏ လှပသော မျက်လုံးလေးများ ပြူးကျယ်သွားကာ သူမအား ယဲ့ဖန်မှ ချဉ်းကပ်လာသည်ကို ကြည့်နေသည်။
သူမ နှလုံးခုန်သံမှာ ပိုမြန်လာသည်။
သူမသည် ဇာတ်ကားအချို့တွင် ပါဝင်သရုပ်ဆောင်ဖူးသား ဖြစ်သော်လည်း နမ်းသည့် ဇာတ်ကွက်များမပြောနှင့် အချစ်ဇာတ်ကွက်ပြင်းသည့် ပြကွက်များ ပါဝင်ခွင့်ကိုပင် မလိုလားကြောင်း ကုမ္ပဏီမှ ထုတ်လုပ်ရေးအဖွဲ့ထံ ကြိုတင်တောင်းဆိုထားသည်။
ယခုအခါ သူမသည် ထိုကဲ့သို့ အခြေအနေမျိုး ရုတ်တရက် ကြုံလာရသဖြင့် သူမ အလွန် တုန်လှုပ်သွားသည်။
ဘာလုပ်သင့်လဲ။
ဘာလုပ်သင့်လဲ။
အစ်မဟုန်သာ ရှိနေပါက ပိုကောင်းပေလိမ့်မည်။
သူမ ကြောက်နေသည်လား၊ စိတ်လှုပ်ရှားနေသည်လား မသဲကွဲတော့ပေ။
အလွန်ပင် စိတ်ရှုပ်ထွေးနေတော့သည်။
သူတို့နှစ်ဦး နမ်းတော့မည့်အချိန်တွင် ရှချူးကို တစ်စုံတစ်ဦးမှ ဝင်တိုက်ကာ သူမ လဲကျမလို ဖြစ်သွားသည်။
ယဲ့ဖန်၏ မျက်လုံးများနှင့် လက်များသည် လျင်မြန်စွာ ရွေ့လျားသွားပြီး သူမကို အမြန်ထိန်းကာ မော့ကြည့်လိုက်သည်။
" မျက်လုံးမပါဘူးလား "
သူတို့ ဘာမှပြန်မပြောခင်မှာပင် တစ်ဖက်လူက ကျိန်ဆဲနေလေသည်။
စကားပြောလိုက်သူမှာ အသက်နှစ်ဆယ်ကျော် လူငယ်တစ်ဦး ဖြစ်သည်။
သူသည် အနက်ရောင် ဂျပန်ကီမိုနိုကို ၀တ်ဆင်ထားသည်။
သူ့မျက်နှာ၌ တင်းမာသည့် အမူအရာရှိနေသည်။
စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီ
အပိုင်း ( ၁၃၂၄ )
လက်ထဲက ရတနာကို ကြည့်လို့ရမလား
ယဲ့ဖန်၏ အကြည့်မှာ မည်းမှောင်သွားသည်။
သူသည် ပြန်ပြောရန် ပြင်လိုက်သည်။
သို့သော် ရှချူးသည် ယဲ့ဖန် ပြဿနာဖြစ်မည်ကို စိုးရိမ်လေသည်။
ထို့ကြောင့် ယဲ့ဖန်လက်ကို အမြန်ဆွဲပြီး ခေါင်းခါလိုက်သည်။
ထိုလူသည် ယဲ့ဖန်ကို ပြန်မကြည့်ဘဲ ထိုအစား သူ့ဘေးမှ အဘိုးအိုကို ကြည့်လိုက်သည်။
" ဒီမှာစောင့်နေ။ ပိုက်ဆံ ထုတ်ခဲ့မယ်။ ချက်ချင်းပြန်လာမှာမလို့ ဘယ်မှ မသွားနဲ့ "
အဘိုးအိုမှ အလျင်အမြန် ခေါင်းညိတ်ပြသည်။
" ကောင်းပါပြီ၊ ငါ မသွားပါဘူး "
ထိုလူသည် လှည့်ကြည့်ပြီး ယဲ့ဖန်တို့ကို စိုက်ကြည့်ပြီးနောက် ATMမှ ပိုက်ဆံထုတ်ရန် ဘဏ်ဘက်သို့ လျှောက်သွားသည်။
ယဲ့ဖန် ထိုလူကြီးကို လှည့်ကြည့်လိုက်သည်။
သူ့လက်ထဲ၌ အနက်ရောင် အ၀တ်အိတ်တစ်အိတ်ကို ကိုင်ထားသည်။
အထဲ၌ ဘာရှိသည်ကို မသိသော်လည်း အဘိုးအိုသည် သူ့အသက်ကို ပွေ့ဖက်ထားသကဲ့သို့ တင်းကြပ်စွာ ဖက်လို့ထားသည်။
ယဲ့ဖန် နှလုံးခုန်သံမှာ ရုတ်တရက် မြင့်တက်သွားပြီး နက်နဲသော စကန်ဖတ်စစ်ဆေးခြင်း လုပ်ဆောင်ချက်ကို ချက်ချင်း အသက်သွင်းလိုက်သည်။
[ မင်ခေတ်မှ ရွှေဘုရားရုပ်တုဖြစ်ပြီး အစစ်အမှန်ဖြစ်ကြောင်း သတ်မှတ် တွေ့ရှိရပါသည် ...... စနစ်မှ ခန့်မှန်းတန်ဖိုးငွေ သန်း ၁၂၀ခန့် ရှိပါသည် ]
ယဲ့ဖန်သည် ထိုစာကို မြင်သောအခါ အံ့အားသင့်သွားသည်။
'ဂျပန်မှာ ရတနာတွေ အပြည့်ရှိတယ်'ဟု သူ ရှချူးကို ပြောခဲ့စဉ်က စနောက်နေခဲ့ခြင်းသာ ဖြစ်သည်။
သို့သော် ဤကဲ့သို့ လမ်းပေါ်မှာပင် ရတနာများ တွေ့ရမည်ဟု သူ မမျှော်လင့်ထားချေ။
သူ ပေါ့ပါးစွာ ပြောလိုက်သော စကားတစ်ခွန်းမှာ အမှန်ဖြစ်လာပုံရသည်။
သူတို့ကို တိုက်သွားသောလူငယ်လေး၏ ထိတ်လန့်တုန်လှုပ်နေပုံမှ တွက်ချက်ကြည့်လျှင် ဤဗုဒ္ဓရုပ်ပွားတော်၏ တန်ဖိုးကို သိထားပြီး ငွေပေးရန် အပြေးအလွှား ဝင်တိုက်သွားခြင်း ဖြစ်နိုင်သည်။
ထို့ကြောင့် ယဲ့ဖန် ချက်ချင်း ရှေ့သို့ လျှောက်သွားသည်။
" အဘိုး၊ ခင်ဗျားလက်ထဲမှာရှိတဲ့ ရတနာကို ကြည့်လို့ရနိုင်မလား "
အဘိုးအိုသည် ထိုစကားကို ကြားသောအခါ သူ့မျက်နှာသည် ချက်ချင်းပင် ဖြူဖျော့သွားလေသည်။
" မင်း ..... ဘယ်လိုလုပ် သိတာလဲ ..... "
" ခင်ဗျားရဲ့လက်ထဲမှာ ရှိတဲ့ဟာက ရတနာတစ်ခုဆိုတဲ့အပြင် အဲ့တာက ဗုဒ္ဓရုပ်ပွားတော်ဆိုတာလည်း သိတယ်။ မှန်တယ် မဟုတ်လား "
ယဲ့ဖန် သူ့ကို ယုံကြည်ချက်ခိုင်မာစွာ စိုက်ကြည့်နေသည်။
အဘိုးအိုသည် ပိုလို့ပင် အံ့သြသွားသည်။
သူ့အဝတ်အိတ်ထဲမှ အရာအား ပြေးသွားသည့် လူငယ်ကလွဲ၍ တခြားဘယ်သူမှ မမြင်ဖူးချေ။
ဒီလူငယ်လေးက ဘယ်လိုလုပ် သိတာလဲ။
ယဲ့ဖန်၏ အကြည့်မှာ ပို၍ သေချာပြတ်သားလာသည်။
" ကျွန်တော်က ဆဌမအာရုံ ကောင်းကင်မျက်လုံးကို ဖွင့်ထားတာမလို့ တခြားသူတွေမမြင်နိုင်တဲ့ အရာတွေကို မြင်နိုင်တယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ဗုဒ္ဓရုပ်ပွားတော်ကို ရောင်းစားပြီး အမြတ်ထုတ်တာက ဗုဒ္ဓကို မရိုသေတာပဲ "
ထိုအဘိုးအိုသည် အလွန်ကြောက်လန့်ကာ ခြေထောက်များ အားနည်းသွားပြီး လဲကျမတတ်ဖြစ်ခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် ယဲ့ဖန်သည် သူ့ကို ထိန်းပေးထားနိုင်ခဲ့သည်။
" ငါ့မှာ ရွေးချယ်စရာ မရှိတော့လို့ပါ။ ငါ့သားက ကားတိုက်ခံရပြီး ဆေးကုဖို့ ငွေအတော်လေး လိုနေတယ်။ ဒီဘုရားရုပ်ပွားတော်က အိမ်မှာရှိပြီး ငွေရနိုင်တဲ့ တစ်ခုတည်းသော အရာမလို့ပါ "
အဘိုးအိုသည် ဖြစ်စဉ်တစ်ခုကို ပြန်ပြောပြလျက် စိတ်မကောင်းဖြစ်နေသော မျက်နှာရှိနေသည်။
" ဒီဗုဒ္ဓရုပ်ပွားတော်ကို ဘယ်ကရလာတာလဲ "
ယဲ့ဖန် ဆက်မေးလေသည်။
" ငါ့ဘိုးဘေးတွေက စီးပွားရေးသမားတွေ။ သူတို့က အရင်က ချမ်းသာတဲ့မိသားစု ဖြစ်ခဲ့ဖူးပေမယ့် ငါ့အဖေမျိုးဆက် ရောက်လာတော့ မိသားစုရဲ့ကံဇာတာ ကျဆင်းသွားတာပဲ။ အရင်က ပစ္စည်းတွေလည်း အကုန်ရောင်းကုန်နေပြီမလို့ ဒီဘုရားရုပ်ပွားတော်ပဲ ကျန်တော့တယ် "
အဘိုးအို၏ မျက်နှာသည် ဝမ်းနည်းပူဆွေးမှုများနှင့် ပြည့်နှက်နေ၍ သူ့ဘေးတွင် ရှိနေသော ရှချူးသည် ဒီအတိုင်း မကြည့်ရက်တော့ပေ။
" ယဲ့ဖန်၊ သူ့ကို ကူညီရအောင် "
ယဲ့ဖန် ဘဏ်ဘက်ကို လှမ်းကြည့်လိုက်သည်။
" အဲ့ဒီလူက ဘယ်လောက်နဲ့ စျေးပေးတာလဲ "
အဘိုးအိုသည် ခဏမျှ တုံ့ဆိုင်းသွားသော်လည်း ယဲ့ဖန်၏ အကြည့်ကို မြင်သောအခါ ရိုးသားစွာ ပြန်ဖြေသည်။
" ဂျပန်ယန်း ၅သိန်း "
ထိုငွေပမာဏသည် ယွမ် ၂၆,၀၀၀ကျော်နှင့် ညီမျှသည်။
ဤဗုဒ္ဓရုပ်ပွားတော်၏ တန်ဖိုးအစစ်နှင့် နှိုင်းယှဉ်ပါက ကမ္ဘာတစ်ခုနီးပါး ခြားနားသည်။
တိုက်သွားသောလူငယ် စိတ်လောနေသည်မှာ အံ့သြစရာမရှိချေ။
အချီကြီးတစ်ခုကို ကောက်ယူလိုက်မိသည်ဖြစ်ကြောင်း ထွက်ပေါ်လာခဲ့သည်။
" အဘိုးသားရဲ့ခြေထောက်ကို ကုဖို့ ဘယ်လောက်ကုန်လဲ "
ယဲ့ဖန် ဆက်မေးလေသည်။
" ဂျပန်ယန်း ၁ သန်းလောက်တော့ အနည်းဆုံးကုန်မယ်လို့ ဆရာဝန်က ပြောတယ် "
အဘိုးအိုက ပြန်ဖြေလေသည်။
" ဒါဆို အဲ့လူငယ်စီက ဘာလို့ ၁သန်း မတောင်းတာလဲ "
ယဲ့ဖန် စိတ်ဝင်တစား မေးသည်။
" ငါ့ရဲ့ ဗုဒ္ဓဆင်းတုက ကြေးနီနဲ့ လုပ်ထားတာလို့ ပြောတယ်။ သူက ငါ့ကို ကူညီချင်တဲ့အတွက် ယန်း ၅သိန်း ပေးတာတဲ့ "
အဘိုးအိုသည် စကားပြောလျက် သူ့မျက်နှာ၌ ကျေးဇူးတင်မှုများနှင့် ပြည့်နေသည်။
ယဲ့ဖန်သည် သူ့စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။
ထိုလူငယ်သည် သူ့ထက်ပင် ပို၍ စိတ်ထား မည်းနက်လေသည်။
" အဘိုးရဲ့ ဒီဘုရားရုပ်ပွားတော်အတွက် ၁ သန်း ပေးမယ် "
ယဲ့ဖန် အဘိုးအိုကို ပြောလိုက်သည်။
အဘိုးအိုသည် ယဲ့ဖန်၏ အပြောကို ကြားသောအခါ အံ့အားသင့်သွားသည်။
" ၁ သန်းလား ...... လူငယ်လေး မင်း ငါ့ကို နောက်နေတာလား "
ယဲ့ဖန်သည် အန္တရာယ်ကင်းသော အပြုံးကို ထုတ်ဖော်လိုက်သည်။
" ခင်ဗျားသာ သဘောတူရင် အခုပဲ ငွေလွှဲလို့ရပြီ "
အဘိုးအိုသည် ချက်ချင်းပင် ခေါင်းယမ်းလိုက်သည်။
" ငွေသားပဲ လိုချင်တယ် "
ယဲ့ဖန် ဘဏ်ဘက်ကို လှည့်ကြည့်လိုက်သည်။
ထိုလူငယ်သည် ငွေထုတ်ယူပြီး ထွက်လာတော့မည်ကို မြင်လိုက်သည်။
" ကောင်းပြီ၊ ပိုက်ဆံ ပေးမယ်။ ကျွန်တော့်နောက်လိုက်ခဲ့ "
ထိုသို့ဖြင့် ယဲ့ဖန်သည် အဘိုးအိုကိုခေါ်ကာ ဆန့်ကျင်ဘက်သို့ ဦးတည်သွားသည်။
ကာမီတာနီ ခါဇူရာသည် သူ့လက်ထဲတွင် ငွေသားကို ကိုင်လျက် ဘဏ်မှ အမြန်ထွက်လာပြီး သူသည် အလွန်စိတ်လှုပ်ရှားနေပြီဖြစ်သည်။
ယနေ့ လမ်းပေါ်တွင် လမ်းလျှောက်နေစဉ် အနက်ရောင် အဝတ်အိတ်ကို ကိုင်ထားသည့် အဘိုးကြီးတစ်ယောက်ကို ဝင်တိုက်မိသွားသည်။
သူသည် ဒေါသတကြီးဖြင့် ပြဿနာရှာတော့မည် ဖြစ်သည်။
သို့သော် အဘိုးအို၏လက်ထဲမှ အနက်ရောင်အ၀တ်အိတ်ထဲရှိ ရွှေရောင်အလင်းတန်းတစ်ခုကို ရုတ်တရက် တွေ့လိုက်ရသည်။
သူသည် အဘိုးအိုအား ကျေနပ်သောအမူအရာဖြင့် ချက်ချင်း တောင်းပန်ပြီး သူ့ထံမှ သတင်းနှိုက်ယူရန် ကြိုးစားခဲ့သည်။
အဘိုးအိုသည် သားဖြစ်သူကို ကယ်တင်ရန် ငွေအမြောက်အမြား လိုနေပြီး မိသားစုတွင် တစ်ခုတည်းကျန်ရှိသော အဖိုးတန် ဗုဒ္ဓရုပ်ပွားတော်ကို ရောင်းချလိုကြောင်း သူ သိလိုက်ရသည်။
ဘုရားဆင်းတုတော်ကို မြင်သောအခါ ရင်ဘတ်ထဲက နှလုံးခုန်ထွက်မတတ် ဖြစ်သွားသည်။
အမှန်တွင် ထိုဆင်းတုသည် အဖိုးမဖြတ်နိုင်သည့် ရွှေဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ဖြစ်သည်။
တန်ဖိုးကို အတိအကျ မဆုံးဖြတ်နိုင်သော်လည်း အဖိုးမဖြတ်နိုင်သည်မှာ သေချာသည်။
ထို့နောက် သူ၏ လှည့်စားမှုအောက်တွင် အဘိုးအိုသည် ထိုဆင်းတုအား ဂျပန်ယန်း ၅သိန်းဖြင့် ရောင်းချရန် သဘောတူခဲ့သည်။
ထိုသည်က သူ့ကို အလွန်စိတ်လှုပ်ရှားစေသည်။
ထို့နောက် အဘိုးအိုကို ဘဏ်သို့ အလျင်အမြန် ခေါ်ကာ ငွေထုတ်ရန် ပြင်ဆင်သည်။
သို့သော် ဘဏ်ထဲမှ ထွက်လာပြီးနောက် အဘိုးအို ပျောက်သွားသည်ကို တွေ့လိုက်ရသည်။
ထိုအရာသည် သူ့ကို ထိတ်လန့်သွားစေပြီး ပတ်ဝန်းကျင်ကို အလျင်စလို ကြည့်လိုက်သည်။
" ဘယ်မှာလဲ၊ ဘယ်ရောက်သွားတာလဲ "
သူသည် လမ်းသွားလမ်းလာများကို ဆွဲမေးကာ ရူးမတတ် ဖြစ်နေသည်။
မကြာခင်မှာပင် အဘိုးအိုအား လူငယ်လေးတစ်ယောက်နှင့် မိန်းကလေးတစ်ယောက်က ခေါ်ဆောင်သွားသည်ကို တစ်ယောက်ယောက်က မြင်လိုက်ကာ ပြောလေသည်။
သူသည် ချက်ချင်းပင် တိုက်မိသွားသော မိန်းမလှလေးကို တွေးလိုက်မိသည်။
သူတို့ပဲဖြစ်ရမယ်။
'ခွေးသားလေးတွေ၊ မင်းတို့ကို မတွေ့စေနဲ့။ မဟုတ်ရင် ခွင့်မလွှတ်ဘူး'
ယဲ့ဖန်သည် နက်နဲသောစကန်ဖတ်စစ်ဆေးခြင်းကို အသက်သွင်းပြီးနောက် အနီးဆုံးရှိဘဏ်ကို အမြန်ရှာတွေ့ခဲ့သည်။
ဘဏ်က ပိတ်နေသေည်လည်း ATMသည် ဘေးနား၌ ရှိနေသည်။
ထိုလူငယ်ကဲ့သို့ အမှားမျိုး မလုပ်မိစေရန် အဘိုးအိုကို တန်း၍ ခေါ်ဆောင်လာခဲ့သည်။
ထို့နောက် သူ့ရှေ့ရှိ ATMစက်မှ ဂျပန်ယန်း ၁ သန်းကို ထုတ်ယူလိုက်သည်။
စဉ်းစားပြီးနောက် ယဲ့ဖန် ထပ်၍ ယန်း ၂သိန်းကို ထုတ်ယူလိုက်သေးသည်။
ထို့နောက် လှည့်၍ အဘိုးအိုအား ပေးလိုက်သည်။
" အဘိုးရဲ့သားက ခွဲစိတ်ပြီးရင်တောင် ပြန်ကောင်းလာဖို့ အချိန်တစ်ခုလိုလိမ့်မယ်။ ကျန်တဲ့ ၂သိန်းကို လိုတာတွေဝယ်ဖို့ သုံးလိုက်ပါ "
အဘိုးအိုသည် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် သူ့ကို ကျေးဇူးတင်ရန် ဒူးထောက်လိုက်သည်။
သို့သော် ယဲ့ဖန်က သူ့ကို အမြန်တွဲပေးထားသည်။
" ရပါတယ်၊ ပိုက်ဆံယူပြီး ဆေးရုံသွားလိုက်ပါ။ အဘိုးရဲ့သား မကြာခင် ပြန်ကောင်းလာမယ်လို့ မျှော်လင့်ပါတယ် "
ထို့နောက် အဘိုးအိုသည် ရွှေဗုဒ္ဓဆင်းတုတော်ကို ထုတ်ပြီး ယဲ့ဖန်ကို ပေးလိုက်သည်။
ထို့နောက် ငွေကို အနက်ရောင်အိတ်ထဲသို့ ထည့်ပြီး ယဲ့ဖန်တို့ဘက် ပြန်လှည့်ကာ ကျေးဇူးတင်စကား ပြောပြီးနောက် ထွက်သွားခဲ့သည်။
ရှချူးသည် ယဲ့ဖန်လက်ထဲမှ ဗုဒ္ဓဆင်းတုတော်ကို စိုက်ကြည့်လျက် သိချင်စွာဖြင့် မေးလေသည်။
" ဒီဘုရားဆင်းတုတော်ကို ဘာလို့ ဝယ်တာလဲ "
ယဲ့ဖန်သည် ဘုရားဆင်းတုတော်အား စိုက်ကြည့်ပြီး ပြိုင်ဘက်မရှိသော ရတနာကို ကြည့်နေသကဲ့သို့ ကြည့်နေသည်။
" ဒါက သာမန် ဘုရားဆင်းတုတော် မဟုတ်ဘူး။ ဒါက ယွမ်သန်း ၁၂၀တန်တဲ့ ဘုရားဆင်းတုတော်ပဲ"