လှုပ်ရှားခြင်း
Vol. 151 Ch. 2140
ရီဖူရှင်းက တည်းခိုဆောင်၌ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။
နောက်တစ်ရက်တွင် သွမ့်ရိနှင့် သွမ့်ရှန်းက ကတိအတိုင်း ရီဖူရှင်းနှင့် တွေ့ဆုံရန် ကတိအတိုင်း တည်းခိုဆောင်သို့ လာရောက်ခဲ့သည်။
ရီဖူရှင်းသည် သူတို့၏ ရောက်ရှိလာမှုကို သတိထားမိပြီး ချက်ချင်း သတင်းပို့လိုက်သည်။ ထို့နောက် သူက သွမ့်ရိနှင့် သွမ့်ရှန်းအား တွေ့ဆုံရန် အခန်းထဲမှ လျှောက်ထွက်လာခဲ့သည်။ သူက အပြုံးနှင့် သူတို့ကို နှုတ်ဆက်လိုက်၏။ "ညီလေးသွမ့်။ မင်းသမီးရှန်း။"
"အစ်ကိုချီ။" သွမ့်ရိနှင့် သူ့လူများက ခြံဝန်းထဲ ဆင်းသက်လိုက်ကာ သူက ရီဖူရှင်းအား အပြုံးနှင့် ပြောလိုက်သည်။ "မနေ့က ပြန်သွားပြီးတော့ စုံစမ်းမှုတချို့ လုပ်ခဲ့သေးတယ်။ အခု အစ်ကိုချီဆီကို သတင်းကောင်းတချို့ လာမျှဝေပေးတာ။"
"အိုး..."
ရီဖူရှင်းက သွမ့်ရိအား ကြည့်ကာ စကားထောက်ပေးလိုက်သည်။ "ရတနာကို နန်းတော်ထဲမှာ တွေ့ခဲ့လို့လား။"
"အင်း..."
သွမ့်ရိက အပြုံးနှင့် ပြောကာ ခေါင်းညိတ်လိုက်သည်။ ရှေးဟောင်းတော်ဝင် မိသားစု၌ အရင်းအမြစ် ပေါကြွယ်လှသည်။ နှစ်တစ်သောင်းဖီးနစ်ခြင်ဆီကဲ့သို့ အဖိုးတန်ပစ္စည်းကိုပင် ထိုနေရာ၌ ရှာတွေ့နိုင်သည်။
သူ ထိုအရာကို လက်ခံသင့်သလား။ လက်မခံဘဲနေသင့်သည်လား။
ရီဖူရှင်းက တည်ငြိမ်သောအမူအရာဖြင့် သွမ့်ရိအား ပြုံးလျှက်ကြည့်သည် "ညီလေးသွမ့်... ကျုပ်ကိုယ်စား အလုပ်ကြိုးစားပေးထားတာ။ တစ်ခုခု လိုအပ်တာရှိရင် ဝမ်းမြောက်စွာနဲ့ ဝန်ဆောင်မှုပေးပါ့မယ်။"
"မလိုပါဘူး။" သွမ့်ရိက ချက်ချင်းပင် လက်ကိုယမ်းကာ လှိုက်လှိုက်လှဲလှဲ ပြောလိုက်သည်။ "ကျုပ် အရင်က ပြောဖူးသားပဲ။ အစ်ကိုချီ ကျုပ်ကို ဘာမှပြန်ပေးစရာမလိုဘူးလို့။"
ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။ သွမ့်ရိက ဤအစပျိုးဆက်သွယ်မှုအပေါ် အတော်လေး အလေးထားနေပုံရသည်။ သူ့တွင် မကောင်းသည့် ရည်ရွယ်ချက်မျိုး တစ်ခုခုရှိသည့်ပုံ မပေါ်သေးပေ။
"ဒါပေမယ့်..." ထိုအခိုက်တွင် သွမ့်ရိက ဤစကားကို မည်သို့ ပြောရမည်အား စဥ်းစားနေသလို ရပ်တန့်သွား၏။ ရီဖူရှင်းသည် တစ်ဖက်လူက စကားရပ်သွားသည်ကို မြင်လိုက်ရသောကြောင့် မေးလိုက်သည်။ "ပြဿနာတစ်ခုခုများ ရှိလို့လား။"
"မရှိပါဘူး။" သွမ့်ရိက ခေါင်းကို ယမ်းလိုက်သည်။ "ကျုပ်တို့ နန်းတော်မှာ အာခီမီဆရာသခင်တစ်ယောက် ရှိတယ်။ အစ်ကိုချီ ကြားဖူးလားမသိဘူး။"
"ကျုပ် ကြားဖူးပါတယ်။" ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။
"နှစ်တစ်သောင်းဖီးနစ်ခြင်ဆီက အဲဒီဆရာသခင် ပိုင်တာလေ။ ကျုပ် အခြေအနေကို ရှင်းပြလိုက်တော့ အဲဒီဆရာသခင်က အစ်ကိုချီကို ပေးဖို့ဆန္ဒရှိတယ်။ အစ်ကိုချီက အမတဆေးလုံးကို သန့်စင်ဖို့ အကူလိုအပ်ရင် ကူညီဖို့လည်း ဆန္ဒရှိပါတယ်တဲ့။ အဲဒါကြောင့် ဒီဆရာသခင်က အစ်ကိုချီကို နန်းတော်ဆီ ဖိတ်ခေါ်ပြီး ဖီးနစ်ခြင်ဆီ ပေးရင်းနဲ့ ဆေးဖော်စပ်ဖို့ အကူအညီလိုခဲ့ရင် ကူညီပေးဖို့ အကြောင်း ဆွေးနွေးချင်တယ်တဲ့။"
သွမ့်ရိက ပြောလိုက်သည်။ "အစ်ကိုချီ ဘယ်လိုထင်လဲ။"
သွမ့်ရိ၏တောင်းဆိုမှုကိုကြားကာ ရီဖူရှင်းက အံ့အားသင့်သွားသည်။
မျက်နှာဖုံးအောက်မှ မျက်လုံးများက သွမ့်ရိကို ကြည့်လိုက်သည်။ ဤအခိုက်အတန့်တွင် သူသည် သွမ့်ရိက မြင်နေရသလောက် မရိုးရှင်းဟု ခံစားမိပေသည်။ တည်းခိုဆောင်၌ ရှိနေစဥ် သူတို့၏ ကိုယ်ပိုင်လှုပ်ရှားမှုများနှင့် ပတ်သတ်ပြီး ကန့်သတ်ချက်အချို့ ရှိနေပေသည်။ သူက နန်းတော်သို့ သွားလျှင် အပြည့်အဝ ခက်ခဲသော အခြေအနေသို့ ရောက်ရှိသွားလိမ့်မည် ဖြစ်ကာ သူ၏ သေခြင်းရှင်ခြင်းက သွမ့်ရိလက်ထဲ ရောက်သွားနိုင်သည်။
သူ တောင်းဆိုသည့်် အရာကို ရယူရန် နန်းတော်သို့ ဖိတ်ခေါ်ခံရခြင်းမှာ စိတ်ဝင်စားဖွယ်ကောင်းသော ဗျူဟာဖြစ်ပြီး အကြောင်းပြချက်က အပြစ်အနာအဆာ မရှိပေ။ သူတို့က သူ့ကို ကူညီပြီး သူ၏ ဆေးဖော်စပ်မှု၌ပင် အကူအညီပေးလိုသည့် ဆန္ဒ ရှိကြပေသည်။
ထိုအခိုက်တွင် ရီဖူရှင်းသည် သဘောတူသင့်လား ငြင်းဆန်သင့်လား မည်သို့ တုံ့ပြန်ရမည်လဲ မသိပေ။
ယခု သူက အချိန်အချို့ လိုအပ်ပေသည်။
သူက သေချာပေါက် သွားရန် မဖြစ်နိုင်သော်လည်း ငြင်းပယ်လိုက်လျှင် သူ ယခင်က ပြောထားသမျှ အရာအားလုံးက ဟာကွက်များ အဖြစ်ဖြင့် သံသယဝင်စရာ ဖြစ်လာပေလိမ့်မည်။
"အစ်ကိုချီက ဘာလို့ အမတဆေးလုံးဖော်စပ်ချင်နေလဲဆိုတဲ့ အကြောင်းရင်းကို သိတာမို့ ကျုပ်တို့ ဆရာသခင်ရဲ့ အကူအညီ ကမ်းလှမ်းမှုကို အစ်ကိုချီ ကိုယ်စား သဘောတူလိုက်တုန်းက ဘာမှမတွေးလိုက်မိဘူး။ အမတဆေးလုံးကို ပြုလုပ်ပြီးတဲ့အခါ အစ်ကိုချီရဲ့ အပိုင်ပဲဖြစ်ပြီး တခြား ဘယ်သူမှ ယူမသွားစေရဘူးလို့ ကျုပ် ကတိတယ်။ ရှေးဟောင်းတော်ဝင် မိသားစုဝင်တစ်ယောက်အနေနဲ့ ကျုပ် သွမ့်ရိ ဒါကို အာမခံပေးနိုင်တယ်။" သွမ့်ရိက ပွင့်လင်းစွာပြောလိုက်သည်။ "တည်းခိုဆောင်က လူတိုင်းလည်း ဒီအကြောင်းကို ကြားကြမှာပါ။ အစ်ကိုချီ တခြား ကြိုမမြင်နိုင်တဲ့ ဖြစ်ရပ်တွေကို တွေးပူစရာမလိုဘူး။"
"ညီလေးသွမ့် အတွေးလွန်နေပါပြီ။ ဒီနေရာက မဟာနတ်ဘုရားများမြို့ပါ။ ညီလေးသွမ့် တစ်ခုခုလုပ်ချင်ရင် ဒီလောက် အားထုတ်နေစရာ မလိုပါဘူး။" ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။ "ကိစ္စမရှိပါဘူး။ ကျုပ် အရှင်မင်းသားနဲ့အတူ လိုက်မှာပါ။"
သွမ့်ရိက စကားအနည်းငယ်နှင့်ပင် သူ့ထံမှ ဖြစ်နိုင်ချေရှိသော ဆင်ခြေ မှန်သမျှကို တားဆီးလိုက်သည်။သူသည် အချိန်တစ်ခုထိ မျက်စိမှိတ်ခေါင်းညိတ်ကာ လိုက်လျောရုံသာ တတ်နိုင်ပေသည်။
ဤလူက သူ ယခင် ခန့်မှန်းထားသည်နှင့် အတော်လေး ဆန့်ကျင်ဘက် ဖြစ်နေကြောင်း စတင် သတိပြုမိလာသည်။ ကြည့်ရသည်မှာ သူက သွမ့်ရိကို မှားယွင်းအကဲခတ်မိခဲ့ပုံရသည်။ ရှေးဟောင်းတော်ဝင် မိသားစုမှ မင်းသားက ငထုံငန မဖြစ်နိုင်ပေ။
"အဲဒါဆိုရင် အမတဆေးလုံး ဖော်စပ်တာကို မျက်မြင်တွေ့ဖို့ အခွင့်အရေး ပေးတဲ့အတွက် အစ်ကိုချီ နဲ့ ကျုပ်တို့ ဆရာသခင်ကို ကျေးဇူးတင်ရမှာပဲ။" သွမ့်ရိက ပြုံးကာ ဆက်ပြောလိုက်သည်။
"ဒီဒဏ္ဍာရီဆေးလုံးက အရိုးကနေ အသွေးအသားသစ် ပြန်ကြီးထွားနိုင်ပြီး သေတဲ့သူကိုတောင် ပြန်ရှင်နိုင်လာအောင် လုပ်နိုင်စွမ်းရှိတယ်လို့ ပြောကြပေမယ့် အရင်တုန်းက တစ်ခါမှ မမြင်ဖူးခဲ့ဘူး။ အဲဒါက ဘယ်လောက် အံ့သြစရာကောင်းမလဲ သိချင်မိတယ်။"
"အစ်ကိုချီ ကျေးဇူးပြုပြီး ဒီလမ်းကို ကြွပါ။" သွမ့်ရိက အပြုံးနှင့် ပြောလိုက်သည်။ ရီဖူရှင်းက နန်းတော်သို့ လိုက်လာသရွေ့ သူ့ကို ထိုနေရာ၌ ထိန်းသိမ်းထားရန် နည်းလမ်း ရှာဖွေရလိမ့်မည် ဖြစ်သည်။ ထို့နောက်တွင် ရီဖူရှင်းနှင့် ပတ်သတ်သော အရာအားလုံးကို စုံစမ်းစစ်ဆေးပြီး ဖော်ထုတ်ရပေလိမ့်မည်။
"ခဏနေပါဦး။ ကျုပ် တစ်ယောက်ယောက်ကို စောင့်လိုက်ဦးမယ်။" ရီဖူရှင်းက ပြောလိုက်သည်။ "ညီလေးသွမ့် ဒီမှာ ခဏလောက် ထိုင်စောင့်ကြတာပေါ့။"
"တစ်ယောက်ယောက်ကို စောင့်မလို့လား။" သွမ့်ရိက ရီဖူရှင်းအား သံသယအချို့နှင့် ကြည့်လိုက်သည်။ "အစ်ကိုချီက ဒီကို တစ်ယောက်တည်း လာတာ မဟုတ်ဘူးလား။ ဘယ်သူ့ကို စောင့်မလို့လဲ။"
"ကျုပ်ကို ဒီနေရာမှာ လာတွေ့ဖို့ ချိန်းထားတဲ့ မိတ်ဆွေဟောင်းတစ်ယောက်ပါ။ သူ ရောက်လာပြီးရငိ ဘယ်သူလဲဆိုတာ ညီလေးသွမ့် သိရမှာပါ။" ရီဖူရှင်းက အပြုံးနှင့် တုန့်ပြန်လိုက်သည်။
"ကောင်းပြီ။" သွမ့်ရိက ခေါင်းညိတ်လိုက်သည်။ ရီဖူရှင်းက နန်းတော်သို့ သွားရန် သဘောတူလိုက်ပြီဖြစ်ရာ သူက ရီဖူရှင်း၏ တောင်းဆိုချက်ကို ထပ်မံငြင်းပယ်ဖို့ရာ သိပ်မကောင်းလှပေ။ အချိန်အနည်းငယ်လောက် စောင့်ဆိုင်းပေးလိုက်ခြင်းက မည်သည့် ထိခိုက်မှုမှ ရှိလိမ့်မည် မဟုတ်ချေ။ ရီဖူရှင်းက နန်းတော်၌ ရှိနေသရွေ့ သူသည် ထိုပါရမီရှိသော အာခီမီဆရာသခင်က သူ့ထံမှ ထွက်ပြေးနိုင်လိမ့်မည်ဟု မယုံကြည်ပေ။
ဤအာခီမီဆရာသခင်ကို သူ့အတွက် ကျိန်းသေ အသုံးချရပေလိမ့်မည်။ သို့မဟုတ်ပါက အဓိပ္ပါယ်မဲ့သွားပေလိမ့်မည်။
သူတို့က ခြံဝန်းအတွင်း စကားပြောဆိုနေကြသည်။ သွမ့်ရိနှင့် သွမ့်ရှန်း နှစ်ယောက်လုံးက ရီဖူရှင်း စောင့်နေသော လူအကြောင်း အလွန် သိချင်နေကြသည်။ သို့သော် ရီဖူရှင်းက ထိုလူ၏ သရုပ်ကို ထုတ်ဖော်ပြရန် ဆန္ဒမရှိသည့်အတွက် သွမ့်ရိသည်လည်း ထို့ထက်ပို၍ စုံစမ်းစစ်ဆေးရန် ခက်ခဲနေပေသည်။ ထိုအချိန်တွင် သွမ့်ရှန်းက မေးလိုက်၏။ "ကျွန်မတို့ စောင့်နေတဲ့ လူကရော အာခီမီဆရာသခင်တစ်ယောက်ပဲလား။"
"မဟုတ်ဘူး။" ရီဖူရှင်းက ခေါင်းယမ်းရင်း ပြောလိုက်သည်။ "ဒီစီနီယာက ဆေးပညာမှာ မကျွမ်းကျင်ပါဘူး။"
"အစ်ကိုချီရဲ့ စီနီယာလား။" သွမ့်ရှန်းက မေးလိုက်သည်။
"အင်း။" ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။
"ရှင့်ရဲ့ ကလန်က တစ်ယောက်ယောက်များလား။" သွမ့်ရှန်းက ဆက်လက်၍ မေးမြန်းလိုက်၏။
ရီဖူရှင်းက သူမကို အပြုံးနှင့် ကြည့်ကာ ပြန်ဖြေလိုက်သည်။ "အရှင်မင်းသမီးက ကျုပ်နဲ့ ပတ်သတ်တဲ့အကြောင်းကို တကယ်သိချင်နေတာပဲ။"
သွမ့်ရှန်းက မျက်နှာဖုံးအောက်မှ ထိုမျက်လုံးများကို ကြည့်လိုက်ပြီးနောက် သူမမျက်လုံးများက အဝေးသို့ အနည်းငယ် ရွှေ့သွားရင်း ပြောလိုက်သည်။ "ကျွန်မက ဆရာသခင်ကိုတောင် ဒီမှာ စောင့်ဆိုင်းရအောင် ဘယ်သူကများ ထိုက်တန်လဲလို့ သိချင်ရုံပါ။ ဒါကြောင့် အဲဒီလူက ဘယ်သူလဲ သိချင်မိတာ။"
"စိတ်ရှည်ပါ မင်းသမီး။ သူ ရောက်လာတဲ့အခါ အရှင်မင်းသမီး သိရပါလိမ့်မယ်။" ရီဖူရှင်းက တုံ့ပြန်လိုက်သည်။
သူတို့ဝန်းကျင်မှ လူများက ရောက်တတ်ရာရာ စကားပြောနေကြသော်လည်း ရီဖူရှင်းသည် လူအများက သူတို့၏ အာရုံကို တည်းခိုဆောင်သို့ စူးစိုက်ထားကြကြောင်း ခံစားမိပေသည်။ မနေ့က သူသည် ကိုးလမ်းတွင် အတော်လေး ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့သည့်အတွက်ကြောင့် သူတို့၏ အာရုံကို ဆွဲဆောင်မိသည်မှာ ပုံမှန်သာ ဖြစ်သည်။ သို့သော် ဤတစ်ကြိမ်၌ အနည်းငယ် ကွဲပြားပေသည်။ တစ်စုံတစ်ယောက်က သူတို့၏ လှုပ်ရှားမှုများကို ထောက်လှမ်းနေသကဲ့သို့ပင် ဖြစ်သည်။
ထိုသည်မှာ သွမ့်ရိ ဤနေရာ၌ ရှိနေသည့်အတွက်လား။
သို့သော် မည်သို့သော အကြောင်းရင်းကြောင့်ဖြစ်စေ အရေးမကြီးပါချေ။ ကြိုတင်ကာကွယ်သည့်အနေနှင့် အဘိုးမာက မြို့အပြင်ဘက်၌ နေထိုင်နေခဲ့သည်။ သွမ့်ရိနှင့် အခြားလူများ ရောက်လာသောအခါ သူက သတင်းပေးပို့ခဲ့သည့်အတွက် အဘိုးမာက သူလာနေသော လမ်း၌ ရောက်နေသင့်ပေသည်။
အဘိုးမာ၏ ကျင့်ကြံခြင်းသည် ရီဖူရှင်းထံသို့ အလျင်အမြန် ရောက်ရှိလာရန် လုံလောက်သည်ထက် ပိုမိုနေသော်လည်း သူတို့၏ အစီအစဥ်ကို အကောင်အထည် မဖော်နိုင်ခင် သူသည် အခြား မလိုအပ်သော မည်သည့် အာရုံစိုက်မှုကိုမှ မဆွဲဆောင်ချင်ပေ။
ဤတစ်ကြိမ်၌ မဟာနတ်ဘုရားများမြို့အတွင်း၌ အဘိုးမာသည် သူ၏ အရှိန်အဝါကို ထိန်းချုပ်ထားပြီး ရီဖူရှင်းက သူ့အား ပထမဆုံးမြင်သည့်အခါကကဲ့သို့ သူ့ထံမှ မည်သည့် စွမ်းအင်ကိုမှ ခံစား၍ မရပေ။ သူ့ခန္ဓာကိုယ်အနီးတွင် သူ့ခွန်အားအစစ်အမှန်နှင့် ပတ်သတ်သော မည်သည့် အငွေ့အသက် အနည်းငယ်မှ ရှိမနေပေ။
သို့သော် သူက သာမန်အတိုင်း လျှောက်သွားခဲ့လျှင်ပင် လေဟာနယ်အား ခရီးဆက်သွားနိုင်စွမ်း ရှိသည်။ အဘိုးမာ ဖြတ်သွားရာ မဟာနတ်ဘုရားများမြို့အတွင်းမှ လူအများသည် အံ့အားသင့်သော အကြည့်များ ဖော်ပြလာကြသည်။ သူတို့က ခေါင်းကို လှည့်ကာ တစ်ချက်ကြည့်လိုက်ကြ၏။ သူတို့သည် တစ်စုံတစ်ယောက် ဖြတ်သွားသည်ကို ခံစားမိကြပေသည်။ ထိုသည်က အလွန် သာမန်ဆန်သော တစ်စုံတစ်ယောက် ဖြစ်သော်လည်း သူတို့အားလုံးက အရိပ်တစ်ခုကိုသာ မြင်လိုက်ကြရပေသည်။
၎င်းက အလွန် ထူးဆန်းလှသော ခံစားချက် ဖြစ်သည်။ အနည်းငယ် ပုံရိပ်ယောင် ဆန်သော်လည်း အမှန်တကယ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပေသည်။
အဘိုးမာက ခရီးဆက်ရာ၌ အားသွန်ခွန်စိုက် သွားနေခြင်း မဟုတ်သော်လည်း သူက အလွန် လျင်မြန်နေဆဲပင် ဖြစ်၏။ သူ ကိုးလမ်းအပြင်သို့ ရောက်လာရန် သိပ်မကြာမြင့်လိုက်ပေ။ သူ၏ နတ်အာရုံတစ်စက ရီဖူရှင်း၏ တည်နေရာကို ကျဆင်းလာသည်။ သူက ပြောလိုက်၏။ "သူတို့ကို ဖမ်းလိုက်တော့။"
အဘိုးမာ၏ အသံကို ရီဖူရှင်း စိတ်ထဲမှ ကြားလိုက်ရသောအချိန်၌ သူက သွမ့်ရိ၊ သွမ့်ရှန်းတို့နှင့် စကားပြောနေခြင်း ဖြစ်သည်။ သူ၏ မျက်လုံးများက အနည်းငယ် လှုပ်ခတ်သွားပြီး သွမ့်ရိအား ကြည့်လာသည်ကို မြင်သည့်အခါ သွမ့်ရိ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားလေသည်။
"အစ်ကိုချီ တစ်ခုခုများ ဖြစ်လို့လား။" သွမ့်ရိက ရီဖူရှင်း မျက်လုံးထဲမှ အမူအရာကို မြင်သောအခါ မေးလိုက်သည်။ ရုတ်တရက် သူက အန္တရာယ်တစ်ခုခု ဖြစ်တော့မလို ရှင်းမပြနိုင်သော ခံစားချက်ကို ခံစားလိုက်ရသည်။ သို့သော် ထိုအန္တရာယ်က မည်သည့်နေရာမှ လာခြင်းဖြစ်သည်ကို သူ မပြောနိုင်ပေ။
သူတို့ ဤနေရာ၌ စောင့်ဆိုင်းနေခြင်းနှင့် တစ်ခုခု ပတ်သတ်နေသည်လား။
သို့သော် မဟာနတ်ဘုရားများမြို့မှ ကိုးလမ်းတွင် သူတို့အတွက် မည်သည်အရာ ဖြစ်ပွားနိုင်မည်နည်း။
သို့မဟုတ်လျှင်...
သွမ့်ရိက ရီဖူရှင်းကို ကြည့်လိုက်ပြီး သူ့မျက်လုံးများက ရုတ်တရက် သတိထားရမည့် အသိတချို့နှင့် တည်ငြိမ်လာသည်။ သူက မေးလိုက်၏။ "အစ်ကိုချီ စောင့်နေတဲ့လူ ဒီကို ရောက်နေပြီလား။"
"သူ ရောက်နေပြီ။" ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ "ကျုပ်က အရှင်မင်းသားကို ကျုပ်နဲ့အတူ လိုက်ခဲ့ဖို့ ဒုက္ခပေးရတော့မှာပဲ။"
သူ ပြောပြီးသွားသည်နှင့် မဟာလမ်းစဥ် စွမ်းအားအရှိန်အဝါက ထိုနေရာကို ချက်ချင်း လွှမ်းခြုံသွားကာ လွှမ်းမိုးနိုင်စွမ်းရှိလှသော လေဟာနယ်စွမ်းအားဖြင့် ချိပ်ပိတ်ခံလိုက်ရပေသည်။
***