လုပ်ကြံမှု
Vol. 27 Ch. 339
လျှို့ဝှက်အခန်းအတွင်း ယွမ်ရှောင်သည် တင်ပျဥ်ခွေထိုင်ကာ ရှေးဟောင်းဟင်းလင်းပြင် ကျင့်စဥ်ကို ကျင့်ကြံနေသောကြောင့် ဒန်တန်အတွင်း ထူးခြားသော မြင်ကွင်းတစ်ခု ဖြစ်တည်လာသည်။ နေကိုးစင်းသည် လောကတာအိုနှလုံးသားကို လှည့်ပတ်နေကာ ကြယ်သွေးကြောများမှတဆင့် မြင့်မြတ်ချီများ ဖြာထွက်နေသောကြောင့် အခန်းတစ်ခွင် ရွှေရောင် တောက်ပနေ၏။ သူက ကျင့်ကြံရာ၌ စိတ်နှစ်ထားသော်လည်း မသိစိတ်မှ အန္တရာယ်ဟူသော သတိပေးချက်အရ နိုးထလာခဲ့သည်။ သူ၏ မျက်လုံးများ ပွင့်လာသောအခါ ရွှေရောင်အလင်းများ ဖြာထွက်နေပြီး ဓားမြှောင်တစ်စင်းသည် အလင်းနန်းတော်၏ အခန်းနံရံများကို တဟုန်ထိုးကျော်ဖြတ်ကာ နဖူးထံ ဦးတည်ဝင်ရောက်လာနေ၏။
"လုပ်ကြံသူလား"
မျက်တောင်တစ်ခတ်အတွင်း သူက တုံ့ပြန်လိုက်ပြီး အသက်တံဆိပ်ကို ရုန်းထီးအသွင်ပြောင်းကာ ရုန်းပေါင်းသောင်းချီဖြင့် ကာကွယ်ရေးအစီအရင် ၁၈ခု ဖန်တီးလိုက်သည်။ ဓားမြှောင်က ကြမ်းတမ်းစွာ ရောက်ရှိလာပြီး ဘုန်းခနဲ ထိမှန်သွားသောအခါ တန်ပြန်အားကြောင့် သူကိုယ်တိုင် လွင့်ထွက်သွား၏။
"သခင်လေးယွမ်"
လျှို့ဝှက်အခန်းတစ်ခုလုံး ပြိုကျသွားသောကြောင့် တံခါးဝတွင် စောင့်ကြပ်နေသော မုတလုံ ရောက်ရှိလာကာ စိုးရိမ်တကြီး အော်ဟစ်နေသည်။
"ငါ အဆင်ပြေတယ်"
အပျက်အစီးပုံကြားမှ ယွမ်ရှောင်ထွက်ပေါ်လာပြီး အေးစက်စက် မျက်နှာထား ရှိနေကာ အထိအခိုက် မရှိချေ။
"ဒီဓားမြှောင်က ကုချင်ကန်ရဲ့ လက်ချက်ပဲ"
သူမ၏ မျက်လုံးများက ဒေါသမီးဝင်းဝင်းတောက်နေပြီး လူငယ်ဘဝတွင် တစ်ဖက်လူမှာ ပြိုင်ဘက်ဖြစ်ရန်ပင် မထိုက်တန်ခဲ့သော်လည်း အဆောင်ဧကရာဇ်နှင့် လက်ထပ်၍ ပိုမို သန်မာလာခဲ့သည်။
"ကုချင်ကန် တစ်ယောက်တည်း မဟုတ်ဘူး။ လူတိုင်းကို ဝေးဝေးနေခိုင်းလိုက်။ ဓားအစောင့်အရှောက်ကို ချက်ချင်း သွားရှာ"
ယွမ်ရှောင်သည် ပိုမို ကြီးမားသော အန္တရာယ်ကို အာရုံခံမိသဖြင့် လေးနက်စွာ မှာကြားလိုက်သည်။ ၎င်းတိုက်ခိုက်မှုသည် ဓားကျင့်ကြံသူများကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေကာ ယွမ်ရှောင် တိုက်ခိုက်ခံရလျှင် အဆင်အခြင်မဲ့ ဝင်ရောက်ကူညီကြပေလိမ့်မည်။ ထို့ကြောင့် သူ့အနေဖြင့် နောက်လိုက်နောက်ပါများကို အကြောင်းမဲ့ အသက်မဆုံးစေလိုပေ။
"သခင်လေးယွမ်ကရော ဘယ်လိုလုပ်မှာလဲ"
"ကိစ္စမရှိဘူး။ အခု သွားတော့"
ယွမ်ရှောင်က အေးစက်စက် ရယ်မော၍ အမိန့်ပေးလိုက်သောအခါ မုတလုံမှာ မျက်စိမှိတ် ယုံကြည်ရန် ဆုံးဖြတ်ပြီး အခြားဓားကျင့်ကြံသူများ၏ လုံခြုံရေးကို ဦးစားပေးရန် လျင်မြန်စွာ ထွက်ခွာသွားခဲ့၏။ လုပ်ကြံမှုသည် ဓားကျင့်ကြံသူများကို ဒေါသတကြီးဖြစ်သွားစေကာ နားခိုရာဂိုဏ်းအနေဖြင့် အပြစ်ပေးရန် တောင်းဆိုမည်ဟု အကြံထုတ်နေကြသော်လည်း လုပ်ကြံသူများမှာ ပစ်မှတ်ကို ဝန်းရံထားပြီးဖြစ်သည်။ ပြိုကျနေသော အခန်းပျက်ထံ ဧရာမစာလိပ်ကြီးတစ်ခု ကျဆင်းလာကာ ပတ်ဝန်းကျင်ကို ဝါးမျို၍ ယွမ်ရှောင်အား နယ်မြေတစ်ခုအတွင်း ပိတ်လှောင်ပစ်လိုက်၏။ ထိုစာလိပ်အတွင်း နယ်မြေသည် တောတောင်ရေမြေများ ပြည့်စုံသောကြောင့် ငရဲကိုးထပ်တွင် အသန်မာဆုံး အသက်တံဆိပ်ဟု ကျော်ကြားသော ဘုရင်တံဆိပ်ဖြစ်ကြောင်း ယွမ်ရှောင် နားလည်သွားခဲ့သည်။
၎င်း၏ ပိုင်ရှင်မှာ အဆောင်ဧကရာဇ် ဖြစ်ကာ သတ္တုအဆင့် အသက်တံဆိပ်ဖြစ်သောကြောင့် မုကျန်းတန်းပင် ယှဥ်နိုင်စွမ်း မရှိပေ။ သူက မုကျန်းတန်းအောက် အသက်ငယ်သော်လည်း လွန်ခဲ့သော ဆယ်နှစ်တွင် ငရဲကိုးထပ်တိုက်ပွဲကို အနိုင်ရခဲ့ပြီး လေးစားမှုများ ရရှိခဲ့သည်။ ဘုရင်တံဆိပ်အတွင်း ပိတ်မိနေသော ယွမ်ရှောင်ပင် ဘုရင်တံဆိပ်၏ အစွမ်းကို အသိအမှတ်ပြုလိုက်ပြီး တစ်ဖက်လူမှာ နယ်မြေတစ်ခု ဖန်တီးနိုင်လောက်အောင်ပင် အစွမ်းထက်နေခဲ့သည်။ ရုန်းအရေအတွက် တစ်သောင်းခွဲကျော် ပိုင်ဆိုင်ထားသော အသက်တံဆိပ်အတွင်း တောင်ပေါင်းများစွာ၏ ဖိအား ကျဆင်းလာကာ အဆောင်ဧကရာဇ်အနေဖြင့် သူ့ကို လေ့ကျင်ရန် အချိန်ဆယ်ရက်ပင် မပေးရဲကြောင်း နားလည်သွား၏။
ဘုရင်တံဆိပ်၏ ဖိအားကြောင့် ယွမ်ရှောင် ခန္ဓာကိုယ်အတွင်းမှ တဂျွတ်ဂျွတ်မြည်သံများ ထွက်ပေါ်လာကာ ကြီးကြပ်သူများကိုပင် ဖိချေနိုင်လောက်သော စွမ်းအားမျိုးနှင့် ရင်ဆိုင်နေရသည်။
"အဆောင်ဧကရာဇ်ကိုယ်တိုင် ငါ့ကို လုပ်ကြံတာ ဂုဏ်ယူစရာပဲ"
သူက ဖိအားအောက်တွင် မတ်မတ်ရပ်ကာ လှောင်ပြောင်နေစဥ် အပူချိန် မြင့်တက်လာပြီး အရပ်ဆယ်ပေကျော်၍ အနီရောင်မီးလျှံများ လွှမ်းခြုံထားသည့် နေမင်းငရဲ၏ ဘုရင် မီးမိစ္ဆာလည်း ထွက်ပေါ်လာခဲ့သည်။ ငရဲကိုးထပ်၏ ထိပ်တန်းဘုရင် လေးယောက် ဖြစ်သော အဆောင်ဧကရာဇ်၊ နတ်ဆိုးဖြူ၊ ဖီးနစ်ဧကရီ နှင့် မီးမိစ္ဆာအနက် နှစ်ယောက် ရောက်ရှိလာပြီဖြစ်၏။ မီးမိစ္ဆာ၏ ကြုံးဝါးသံက မိုးချုန်းသံပမာ ထွက်ပေါ်လာ၍ သွေးရောင်နဂါးသုံးကောင် ရစ်ပတ်နေသည့် နဂါးတံဆိပ်ဖြင့် ပစ်ခတ်လိုက်ပြီး ထိုရတနာမှာ ကပ်ဘေးဓားနှင့် ကောင်းကင်ကြေးမုံအောက် စွမ်းအား မနိမ့်ချေ။
"မိစ္ဆာနဂါးတံဆိပ်နဲ့ဆိုရင် မင်း သေပြီ ယွမ်ရှောင်"
မီးမိစ္ဆာက နှာခေါင်းရှုံ့လိုက်ပြီး ဓားမြှောင်ဖြင့် လုပ်ကြံခြင်း၊ ဘုရင်တံဆိပ်ဖြင့် ချုပ်နှောင်ခြင်းမှ မိစ္ဆာနဂါးတံဆိပ် ပစ်ခတ်လိုက်ခြင်းအထိ ခဏအတွင်း ဖြစ်ပျက်သွားခဲ့သည်။
"ဘုန်း"
ဘုရင်တံဆိပ်က ကြမ်းတမ်းစွာ ကျုံ့ဝင်လာကာ ဖိအားမှာ ဆယ်ဆမက တိုးလာသောကြောင့် ဓားနယ်မြေ၏ ကြီးကြပ်သူတစ်ယောက်ဆိုလျှင် အမှုန့်ကြေသွားပေလိမ့်မည်။ တံဆိပ်အတွင်း ရှိနေသော အဆောင်ဧကရာဇ်မှာ ယွမ်ရှောင်ကို မျက်ကွယ်ရာမှ စောင့်ကြည့်နေပြီး များပြားသော မြင့်မြတ်ချီများ ဆက်တိုက် ထုတ်ဖော်နေရာ ကြီးမားလှသော ဖိအားကြောင့် ယွမ်ရှောင်၏ ခြေထောက်အောက်တွင် အက်ကြောင်းများ ကွဲထွက်ကုန်၏။ ကျန်တစ်ဖက်တွင် မီးမိစ္ဆာသည်လည်း လေးလံသော နဂါးတံဆိပ်နှင့် ဝင်ရောက်လာပြီး ပစ်မှတ်ကို ရိုက်ချလိုက်သည်။
"ဒီလောက်ကြမ်းတမ်းနေရင် မုကျန်းတန်းတောင် ယှဥ်နိုင်မှာ မဟုတ်ဘူး"
ယွမ်ရှောင်က ကံပင်လယ်နယ်ပယ်အဆင့်သို့ ရောက်နေသော်လည်း အဆင့်ကြီးနှစ်ဆင့် ကျော်လွန်သည့် လုပ်ကြံသူနှစ်ယောက်နှင့် ရင်ဆိုင်ရသောအခါ အခက်တွေ့နေခဲ့သည်။ တစ်ဖက်လူ၏ လုပ်ကြံမှုက သူ့ကို လက်တစ်ဖက်ပင် မမြှောက်နိုင်လောက်အောင် ထောင့်စေ့လှပြီး ခန္ဓာကိုယ်တစ်ခုလုံး ချောက်နက်အတွင်း ရောက်သွားသည့်အလား ရင်ဘတ်ပင် ချိုင့်ဝင်သွားခဲ့၏။
"မင်းတို့က တော်တော်ကို လူသတ်ချင်နေတာပဲ"
သေခြင်းတရားနှင့် မျက်နှာချင်းဆိုင်နေရသော်လည်း သူက အေးစက်စက်ရှိနေပြီး တစ်ခုတည်းသော အတွေးမှာ ရန်သူများကို သတ်ဖြတ်ရန်ပင်။
"ပြန်လည်မွေးဖွားနိုင်မယ် ထင်နေသေးတာလား။ မင်းမှာ နောက်ဘဝတောင် မရှိစေရဘူး"
မီးမိစ္ဆာ၏ ကြုံးဝါးသံအောက်တွင် မိစ္ဆာနဂါးတံဆိပ်မှ အပူလှိုင်းများ ထွက်ပေါ်လာကာ ဘုရင်တံဆိပ်၏ စွမ်းအားနှင့် ပေါင်းစပ်ကာ ပစ်မှတ်အား ပြာချရန် ကြိုးစားလာသည်။
"ဘာတွေ အလျင်လိုနေတာလဲ။ အေးဆေးပေါ့"
မီးမိစ္ဆာနှင့် အဆောင်ဧကရာဇ်က အသေသတ်ရန် ကြိုးပမ်းနေသော်လည်း ယွမ်ရှောင်က အေးစက်စက် ပြုံးလိုက်သည်။ သားရဲလေးက အင်္ကျီရင်ဘတ်အတွင်းမှ ခုန်ထွက်လာကာ ကြေးခေါင်းတလားအဖြစ် အသွင်ပြောင်းသွားပြီး မျက်တောင်တစ်ခတ်အတွင်း သူ့ကို ဝါးမျို၍ ကာကွယ်ပေးခဲ့သည်။
"ဒီခေါင်းတလားက ဘာလုပ်နိုင်မှာလဲ"
အဆောင်ဧကရာဇ်နှင့် မီးမိစ္ဆာအတွက် ဤခေါင်းတလားသည် ထူးခြားသော အကာအကွယ်ရတနာ တစ်ခုဟု ယူဆထားပြီး ပိုင်ရှင်၏ ကျင့်ကြံဆင့် အလျောက် အကန့်အသတ်ရှိမည်ဟု ထင်မှတ်ထားကြသည်။ ထို့ကြောင့် မီးမိစ္ဆာက မိစ္ဆာနဂါးတံဆိပ်ကို မြှောက်ကာ ၎င်းအား ပြင်းထန်စွာ ရိုက်ချလိုက်ရာ အဝေးသို့ လွင့်ထွက်သွားစေသည်။
"မဆိုးဘူး။ မဆိုးဘူး"
ကြယ်ပြာက ခေါင်းတလားအတွင်းမှ ထိုရိုက်ချက်ကို ချီးကျူးနေသည်။
"ဒီရိုက်ချက်ကို ကာကွယ်ဖို့ ကုန်ကျသမျှကို နေမင်းငရဲကနေ ပြန်ယူရမယ်"
ယွမ်ရှောင်က မကျေမနပ် ရေရွတ်သည်။
"လခွမ်း ငါအရိုက်ခံနေရတာတောင် မင်းက ငွေညှစ်ဖို့ စဥ်းစားနေတုန်းလား"
"ဒါက လူ့သဘာဝပဲလေ"
ကြယ်ပြာ၏ စကားကို သူက တစ်ချက်ရယ်မော၍ တုံ့ပြန်သည်။
"သူတို့ကို လောလောဆယ် မယှဥ်နိုင်သေးဘူး။ လစ်ကြစိူ့"
သူက ခေါင်းတလားအတွင်းမှ အဆောင်ဧကရာဇ်နှင့် မီးမိစ္ဆာကို စိုက်ကြည့်ကာ ညွှန်ကြားလိုက်သည်။ ဤလုပ်ကြံမှုသည် သူ၏ အစီအစဥ်ကို နှောင့်ယှက်ခဲ့ပြီး ကြိုတွေးမထားသော အခြေအနေသို့ ရောက်ရှိသွားခဲ့လေသည်။